DREAM ANGEL သို့ လာရောက်လည်ပတ်ကြသူအားလုံးကို DREAM ANGEL မှ ကျေးဇူးအထူးတင်ရှိပါတယ်.........

Tuesday, January 20, 2009

သံတမန်ရေးနှင့်စစ်ရေးပေါင်းစပ်ထားသည့် 'Smart Power' ဖြင့် အမေရိကန်နိုင်ငံခြားရေးမူဝါဒကို ပုံဖော်သွားမည်ဟု ဟီလာရီကလင်တန်ကတိပြု

သမ္မတသစ်အိုဘားမားလက်အောက်တွင် စစ်ရေးနှင့်သံတမန်ရေးပါဝါတို့ပေါင်းစပ်ထားသည့် Smart Power ဖြင့် အမေရိကန်နိုင်ငံခြားရေးမူဝါဒကို ပုံဖော်သွားမည်ဟု နိုင်ငံခြားရေးဝန်ကြီးလောင်းဟီလာရီကလင်တန်က ပြောကြားလိုက်သည်။

အမေရိကန်နိုင်ငံသည် အရှေ့အလယ်ပိုင်းငြိမ်းချမ်းရေးရည်မှန်းချက်ပန်းတိုင်ကို စွန့်လွှတ်မည်မဟုတ်ကြောင်း ဟီလာရီက ဆီးနိတ်နိုင်ငံခြားဆက်ဆံရေးကော်မတီသို့ ပြောကြားလိုက်သည်။

''အမေရိကန်ရဲ့ ခေါင်းဆောင်မှုကိုလိုလားခဲ့ကြပါတယ်။ အခုလည်း လိုလားနေဆဲလို့ ယုံကြည်ပါတယ်''ဟု အိုဘားမားအစိုးရ၏ နိုင်ငံခြားရေးမူဝါဒနှင့်ပတ်သက်၍ ပထမဆုံးအကြိမ် ထုတ်ဖော်ပြောကြားလိုက်သည်။


''သံတမန်ရေး၊ စီးပွားရေး၊ စစ်ရေး၊ နိုင်ငံရေး၊ တရားရေးနဲ့ ယဉ်ကျေးမှုဆိုင်ရာမဟာဗျူဟာတွေနဲ့ ရောမွှေထားတဲ့ ကျွန်မတို့မှာရှိတဲ့လက်နက်ကိရိယာတွေ အပြည့်အ၀ပါဝင်တဲ့ 'စမာ့တ်ပါဝါ'လို့ခေါ်တဲ့ပါဝါကိုသုံးသွားပါမယ်''ဟု ဟီလာရီက ဆိုသည်။

သမ္မတဘုရှ်လက်ထက်ကကျင့်သုံးခဲ့သော နိုင်ငံခြားရေးမူဝါဒနှင့်ပတ်သက်၍ပြောကြားရာ၌ မိမိနှင့် အိုဘားမားတို့သည် 'မူများနှင့် လက်တွေ့ပဓာန၀ါဒ'တို့ ပေါင်းစပ်ထားသည့် နိုင်ငံခြားရေးမူဝါဒကို ယုံကြည်ပြီး 'သဘောထားတင်းမာသည့် အိုင်ဒီအိုလိုဂျီ'ကို မယုံကြည်ဟု ပြောကြားခဲ့သည်။သို့သော် စစ်ရေးပါဝါသည် တစ်ခါတစ်ရံ၌ နောက်ဆုံးလက်နက်အဖြစ် လိုအပ်သည်ဟု ပြောကြားခဲ့သည်။

ထို့ပြင် သမ္မတဘုရှ်လက်ထက်က တင်းမာမှုများရှိခဲ့သည့် အမေရိကနှင့်မဟာမိတ်များနှင့် ဆက်ဆံရေးကို ပြန်လည်ပြင်ဆင်မှုများ ပြုလုပ်သွားမည်ဟုလည်း ဆိုသည်။''အရေးကြီးဆုံးပြဿနာရပ်တွေကို အမေရိကန်တစ်ဦးတည်း ဖြေရှင်းလို့မရနိုင်ပါဘူး။ ဒါတွေကို အမေရိကန်မပါဘဲလည်း ကမ္ဘာကြီးက မဖြေရှင်းနိုင်ပါဘူး''ဟု ဟီလာရီက ပြောသည်။


အာဖဂန်စစ်ပွဲကို စူးစိုက်မှုအသစ်ဖြင့် ချည်းကပ်သွားမည်၊ အီရတ်မှ တပ်များဆုတ်ခွာပေးမည်ဟူသော အိုဘားမား၏ ကတိပြုပြောကြားချက်ကိုလည်း ၎င်းက ထပ်မံအတည်ပြုပြောကြားခဲ့သည်။


အိုဘားမားအစိုးရအဖွဲ့သည် အီရန်အရေးကိုလည်း သံတမန်ရေးနည်းလမ်းကိုသုံးကာ ချည်းကပ်မှုအသစ်ဖြင့် ကြိုးပမ်းသွားမည်ဟုလည်း ဆိုပါသည်။လတ်တလောဖြစ်ပွားနေသည့် ဂါဇာအရေးအတွက်လည်း ငြိမ်းချမ်းလမ်းစဉ်ကို အမေရိကန်က စွန့်လွှတ်မည်မဟုတ်ဟု ပြောပါသည်။ ယင်းအပြင် ရာသီဥတုပြောင်းလဲလာမှုတိုက်ဖျက်ရေးတွင်လည်း ဘုရှ်လက်ထက်ကသို့ လျစ်လျူမရှုဘဲ အရေးတယူပြုသွားမည်ဖြစ်ကြောင်း ပြောကြားခဲ့သည်။

Ref:AFP

No comments: