DREAM ANGEL သို့ လာရောက်လည်ပတ်ကြသူအားလုံးကို DREAM ANGEL မှ ကျေးဇူးအထူးတင်ရှိပါတယ်.........

Saturday, March 21, 2009

၂၀၀၈ ခုနှစ်တွင် မတရားထောင်ဒဏ်ချမှတ်ခံထားရသောသရုပ်ဆောင်ကိုသူရ(ကိုဇာဂနာ) ၏မိခင်ဖြစ်သူ စာရေးဆရာမကြီး ဒေါ်ကြည်ဦးဇာပနနောက်ဆုံးနုတ်ဆက်ခရီး

၂၀၀၈ ခုနှစ်တွင် မတရားထောင်ဒဏ်ချမှတ်ခံထားရသောသရုပ်ဆောင်ကိုသူရ(ကိုဇာဂနာ)

၏မိခင်ဖြစ်သူ စာရေးဆရာမကြီး ဒေါ်ကြည်ဦး(၈၄)နှစ်သည် ၂၀.၃.၂၀၀၉ နေ့တွင်ကွယ်လွန်

သွားပြီဖြစ်ပါ၍ ယနေ့ ၂၁.၂.၂၀၀၉ တွင် ဈာပန ကို ရေဝေးသုဿန် တွင် မွန်းလွဲ ၁၂နာရီ ခွဲ ခန့်တွင်ပြုလုပ် ခဲ့ပါသည်။

ဆရာမကြီး အတွက် ၀မ်းနည်းခြင်း အထိမ်းအမှတ်အဖြစ် ပန်းခြင်းများပြုလုပ်ကြပြီး အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်အထွေထွေအတွင်းရေးမူးဒေါ်အောင်ဆန်းစုကြည် မှလဲ ပန်းခြင်းတခု အားပို့ဆောင်ပေး ခဲ့ ပါသည်။ထို ပန်းခြင်းအားသရုပ်ဆောင်ဒါရိုက်တာ

ကိုကျော်သူ(နာရေးကုညီမူအသင်း)မှ ကိုင်ဆောင်ပေးကာ ပိုဆောင့်ခဲ့သည်ဟုသိရှိရသည်။

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် မှ ဗဟိုအလုပ်အမူဆောင် အဖွဲ့ဝင် ဘဘဦးဝင်းတင် နှင့် ဦးဥာဏ်ဝင်း ၊ဦးစိုးဝင်းတို့နှင့်အတူအဖွဲ့ချုပ်အဖွဲ့ဝင်များ လဲ လိုက် ပါ ပိုဆောင့်ခဲ့ ကြပါသည်။အနုပညာ ရှင်များ

အသိုင်းအ၀ိုင်းမှ လဲ သရုပ်ဆောင် များ လိုက်ပါပို့ဆောင်ခဲ့ကြပါသည်။

ဆရာမကြီး၏ ကြွင်းကျန်ရစ်သော ရုပ်ကလာပ် အား မိသားစုနှင့် ဆရာမကြီးအားလေးစားသူ၊

ရင်းနှီးသူများ မှနောက်ဆုံးဂါရ၀ပြု ကန့်တော့ကြပြီး သားအရင်းဖြစ်သူ ကိုသူရ(ကိုဇာဂနာ)မှာ

တော့မိခင်ဖြစ်သူ ၏နောက်ဆုံးခရီး ကိုလိုက်ပါပို့ဆောင်ခွင့် ကန်တော့ခွင့်ကိုမရရှိ ခဲ့ပါ။

ဆရာမကြီး ၏ခင်ပွန်းဖြစ်သူ ကိုသူရ(ကိုဇာဂနာ)၏ဖခင် စာရေးဆရာကြီး (ဦး) နန်းညွန့် ဆွေ မှာ လဲ ကျန်းမာရေးကောင်းမွန်ခြင်းမရှိ

ဟုသိရှိရသည်။ကိုသူရ(ကိုဇာဂနာ)မှာ နာဂစ်လေဘေးသင့်သူများ ကို အကူအညီပေးသည့်

လုပ်ငန်းများ ကိုဦးဆောင်လုပ်ကိုင် နေချိန် တွင် န.အ.ဖ မှ မတရားဖမ်းဆီးခဲ့ပြီး မတရား

နှစ်ရှည်ထောင်ဒဏ်များကို ချမှတ်ကာ ယခု မြစ်ကြီးနားထောင်သို့ ပိုဆောင်ခံထားရပါသည်။
ဆရာမကြီးသည် သခင်မတစ်ဦးအနေဖြင့်၎င်း အလံနီကွန်မြူနစ်ပါတီမှ ရဲနီတစ်ဦးအဖြစ်၎င်း
၁၉၈၈ခုနစ်တွင် ပြည်သူ့ဘက်မှရပ်တည်လျက်ပြည်သူတို့ရှေ့မှရပ်တည်လျက်မတရားမှုများအာဏာရှင်စရိုက်များကိုတွန်းလှန်ပေးရင်
မကျန်းမာသည့်ကြားမှပင် နာဂစ်လေမုန်တိုင်းသင့်ဒေသများသို့ကိုယ်တိုင် ကိုယ်ကျိုးမငဲ့ပဲကျန်းမာရေး
ချို့တဲ့နေသည့်ကြားမှပင်သွားရောက်ကူညီခဲ့သူတစ်ဦးဖြစ်သည်။
ဆရာမကြီး၏ နောက်ဆံးခရီးကို
ခင်ပွန်းသည် ဆရာနနန်းညွန့်ဆွေနှင့်အတူ သားဖြစ်သူကိုတေဇ(ကိုညီဂျော်)တို့နှင့်ဆရာမကြီး၏နိုင်ငံရေး
အသိုင်းအ၀ိုင်းမှမိတ်ဆွေများနှင့်အနုပညာမိသားစုနှင့်အတူနာရေးကူညီမှုအသင်းမှဆရာမသန်းမြင့်အောင်။သူရဲလေးကောင်မှ ကိုကင်းကောင်၊ကိုအရိုင်း၊ကိုငှက်ပျောကျော်နှင့်ရုပ်ရှင်
သရုပ်ဆောင်ကိုကျော်သူနှင့်ဇနီးဒေါ်ရွှေဇီးကွက်တို့မှဆရာမကြီး၏နောက်ဆုံးခရီးကိုဝမ်းနည်းစွာပို့ဆောင်နုတ်ဆက်ခဲ့ကြသည်

.........

Read More...

Thursday, March 12, 2009

၁၉ နှစ်ကြာ ထောင်ကျခဲ့သူ ဦးဝင်းတင် အကျဉ်းထောင်ပြင်ပမှာ ၇၉ နှစ်ပြည့်

၁၉ နှစ်ကြာ ထောင်ကျခဲ့သူ ဦးဝင်းတင် အကျဉ်းထောင်ပြင်ပမှာ ၇၉ နှစ်ပြည့်

မိုးမခ အထောက်တော် (ရန်ကုန်)

မတ် ၁၂၊ ၂၀၀၉

မြန်မာနိုင်ငံ၏ အတိုက်အခံခေါင်းဆောင်၊ အင်န်အယ်ဒီပါတီ၏ ဦးဆောင်သူတဦးဖြစ်သူ သတင်းစာဆရာကြီး ဟံသာဝတီဦးဝင်းတင်၏ ၇၉ နှစ်ပြည့်မွေးနေ့ကို ဒီတနှစ်တွင် ဦးဦးဖြားဖြား အကျဉ်းထောင်ပြင်ပမှာ ကျင်းပဖြစ်ခဲ့သည်ဟု သိရသည်။

လွန်ခဲ့သည် ၁၉ နှစ် နီးပါး အင်းစိန်အကျဉ်းထောင်တွင်းမှာ စစ်အစိုးရ၏ မတရားဖမ်းဆီးထောင်ချခြင်း ခံထားရသူ၏ ပထမဦးဆုံး ထောင်ပြင်ပမွေးနေ့ မိတ်ဆုံပွဲကို ကြည့်မြင်တိုင်ရှိ စားသောက်ဆိုင်လေးတခုမှာ သူ့၏ရင်းနှီးသော စာနယ်ဇင်းမိတ်ဆွေ ၃၀ ခန့်နှင့် ပြုလုပ်ခဲ့သည်။

မွေးနေ့ရှင်က အမှတ်တရ စကားပြောကြားခြင်း မရှိပေ။ ရေဒီယိုတွေထဲမှာ သူပြောချင်တာတွေ ပြောလိုက်ပြီးပြီဟု ဆိုလိုက်ပြီး မိတ်ဆွေများနှင့် မမောနိုင် မပမ်းနိုင် ရှေးဟောင်းနှောင်းဖြစ်များ ပြောဆိုနေခဲ့ကြသည်ကို တွေ့ရသည်။ ညနေ ၄ နာရီခွဲက ဆုံကြပြီး ည ၇ နာရီ ခွဲတွင် လူစုခွဲကြကြောင်း၊ စစ်အစိုးရ၏ ထောက်လှမ်းရေးများက အနီးကပ်စောင့်ကြည့်နေကြောင်း မိတ်ဆွေတဦးက ပြောကြားသည်။


Read More...

အမေရိကန်တွေ စီးပွားပျက်နေကြပုံ ဘာလဲ ဘယ်လဲ

ဒေ၀ါလီ သာဂိ
မတ် ၁၂၊ ၂၀၀၉

ဆောင်းပါးတွေ အရှိန်နဲ့ရေးတတ်တဲ့ သန်းစိုးလှိုင်က မြန်မာပြည်စီးပွားရေးအခြေအနေတို့ ဘာတို့ကို ရေးတယ်။ ပြီးတော့ ခင်ဗျားတို့ အမေရိကားကလူတွေ လက်တွေ့မှာ စီးပွားပျက်ကပ်ထဲ ဘယ်လိုကူးခတ်နေလဲ ဆိုတာကို ရေးဦးလေ … တဲ့။ ပြည်တွင်းက စာဖတ်သူတွေက ခင်ဗျားတို့ ဘယ်လိုများ စီးပွားပျက်နေကြသလဲဆိုတာ သိချင်တယ်တဲ့။ တဆိတ်ရှိ ခင်ဗျားတို့ဘ၀တွေက ဘ၀ပျက်နေတာတောင် ပင်လယ်ကမ်း သောင်ခြေမှာ အုန်းရည်စုတ်ရင်း ဂီတာတီးပြီး ငိုကြတဲ့ ရုပ်ရှင်တွေလိုပဲများလား လို့ မေးကြလွန်းလို့ပါ တဲ့။

အမေရိကားက သေဌေးတွေက စီးပွားပျက်တော့ ကိုယ့်ကိုယ်ကို သတ်သေတယ်။ စိတ်ကယောက် ကယက် တွေက လမ်းပေါ်ထွက်ပြီး မြင်မြင်ရာ သေနတ်နဲ့ ပစ်တယ်။ အရင်းရှင်ကြီးတွေက အလုပ်သမားတွေကို အလုပ်ဖြုတ်တယ်။ အလုပ်ပြုတ်တဲ့လူတွေက အစိုးရဆီက အလုပ်လက်မဲ့ ခံစားခွင့်တောင်းကြတယ်။ အစိုးရက စီးပွားရေး အားတိုးဆေးဖော်ပြီး တိုင်းပြည်ကို ပြန်တိုက်တယ်။ ဒါကတော့ သတင်းစာတွေထဲက ထင်ရှားတာ တွေကို မြန်မြန် သရုပ်ဖော်ပြတာဖြစ်ပါတယ်။

အမေရိကန် စီးပွား ဘာလို့ ပျက်သလဲစစ်တိုက်လို့ လို့ တချို့ကပြောတယ်။ စစ်သုံးစာရိတ်က မနည်းဘူး။ စစ်ပစ္စည်းဖိုးအပြင် စစ်သား၊ အရန်စစ်သား၊ စစ်ပြန်၊ မိသားစု စတာတွေရဲ့ လစာတွေ၊ အထောက်အပံ့တွေက မနည်းဘူးပြီးတော့ အိမ်ဈေးတွေ မတရားဖောင်းပွလွန်းလို့ အိမ်ခြံမြေ ပူပေါင်းကြီး ပေါက်သွားလို့ တဲ့။ အိမ်တွေက ဈေးတွေတင်၊ ပြီးတော့ မတတ်နိုင်တဲ့ မိသားစုတွေကို အတင်း ထိုးရောင်း၊ အတိုးနှုန်း မတန်မဆနဲ့ ငွေချေးစာချုပ်တွေနဲ့ သူတို့ကို အတင်းညှစ်ထုတ်။ အဲဒီမှာ အိမ်ခြံမြေဈေးကွက် ပျက်တာပဲ။ ဘဏ်တွေ ငွေကြေးလုပ်ငန်းတွေ လုပ်စားလို့တဲ့။ ဟုတ်တယ်။ လူတွေကို ငွေချေးပြီးတော့ အဲဒီချေးငွေတွေကို စတော့တွေ၊ ရှယ်ယာတွေအဖြစ် ပုံပြောင်း၊ အချင်းချင်း ပြန်လှည့်ရောင်း၊ အဆိပ်အတောက်ရှိတဲ့ ချေးငွေအရင်းအနှီးပေါ့ဗျာ။ အတိုးများများရမယ် ဘာညာပေါ့။ ၀ယ်ရောင်းတွေနဲ့ ရှုပ်နေချိန်မှာ အိမ်ဝယ်ထားသူတွေက မတတ်နိုင်တော့ အိမ်တွေကို အရှုံးခံပြီး လက်လွှတ်တော့ သူတို့စတော့တွေ ရှယ်ယာတွေ ပြုတ်ကျ။ အာမခံလုပ်ငန်းတွေ ပြုတ်ကုန်လို့တဲ့။ ငွေကြေးနဲ့ အရင်းအနှီးဈေးကွက်မှာ အရှုံးကို ကာမိအောင် အာမခံထားကြတော့ အဲဒီအရှုံးတွေကို အာမခံကုမ္မဏီတွေက ၀င်ခံပေးကြရတော့ သူတို့တွေရှုံးတော့ မလျော်နိုင်၊ အာမခံကုမ္မဏီကို အာမခံထားတဲ့ ကုမ္မဏီတွေပါ ထိခိုက်ကုန်ကြတာပေါ့။ဒါတွေက မြင်သာတဲ့ အကြောင်းတွေကို တိုတိုတင်ပြတာပါ။ တချို့တွေက အမေရိကားမှာ ဘာမှ မထုတ်လုပ်တော့ဘူး။ အီးကုံးစက္ကူက အစ မိတ်အင်ချိုင်းနား ဖြစ်နေတော့ အဲဒါကလည်း ပြည်သူတွေကို အလုပ်အကိုင် အရင်းအနှီး ပြည်တွင်းမှာ ရှားပါးစေတယ်တဲ့။ အော် … အိမ်သာကမုတ်ကြီးတွေကတော့ မိတ်အင် ယူအက်အေတွေချည်းပဲ ရှိပါသေးတယ်။ လေးကလေးနဲ့။ ဒို့မြန်မာတွေ အိမ်ပြန်လက်ဆောင် မိတ်အင်ယူအက်စ်အေ ရှိသေးတဲ့အကြောင်း။ ပြီးတော့ စွမ်းအင်နဲ့ လောင်စာမှာ ပြည်ပကို အားကိုးလာရတာ။ ရေနံကို မှီခိုလွန်းတော့ ပတ်ဝန်းကျင်ထိန်းသိမ်းရေးကို အပြောပဲရှိပြီး အလုပ်နဲ့ စံမပြနိုင်တော့။ ကဲ တိုတိုပြောကြပါစို့။ သူတို့ အမေရိကန်တွေ စီးပွားပျက်ကုန်ကြတယ် ဆိုကြပါစို့။ အသုံးကကြီးတော့ အကြွေးပဲရှိတယ်။ စုဆောင်းထားတာလည်း မရှိဘူးတဲ့။ တရုတ်ပြည်ကြီးနဲ့ အာရှသားတွေဆီမှာ အရင်းအနှီးတွေ ပြောင်းရွှေ့ကုန်တယ်တဲ့။

တဦးချင်းဆီ စီးပွားပျက်ရင် ဘယ်လိုလုပ်ကြမှာလဲ
အလုပ်ပြုတ်တာက အဓိကပြသနာဖြစ်ပါတယ်။ အလုပ်ပြုတ်ရင် သူတို့မှာ လူမှုဖူလုံရေး ထောက်ပံ့ငွေကို အစိုးရဆီမှာ ၆ လကနေ ၁ နှစ် အထိ လျောက်ထားခံစားနိုင်ပါတယ်တဲ့။အမေရိကန်က အလုပ်သမားတဦးမှာ လစဉ်လစာထဲကနေ ပင်စင်၊ လူမှုဖူလုံရေး၊ ကျန်းမာရေး၊ ကျန်းမာရေးအာမခံ၊ အစိုးရအခွန်နဲ့ ပြည်နယ်အခွန်တွေကို ကောက်ယူ သိမ်းဆည်းထားလေ့ရှိပါတယ်။ အဲဒီက လူမှုဖူလုံရေး (Social Security) နှင့် ကျန်းမာရေး (Medicare) က ရှေ့ကသွားနှင့်တဲ့ အနားယူသွားကြတဲ့ လူအိုတွေ၊ လူနာတွေကို ထောက်ပံ့ကူညီပေးတာ ဖြစ်ပါတယ်။ ပင်စင်ကတော့ သင့်စုငွေဖြစ်ပြီး ပင်စင်သွားရင် အတိုးနဲ့တကွ ထုတ်ယူခံစားခွင့်ရမှာ ဖြစ်ပါတယ်။ အဲဒီပင်စင်စုငွေ (Retirement, 401 (K)) ကို သင့်ရွေးချယ်ရာ ဘဏ်၊ ငွေကြေးလုပ်ငန်းတွေက ထိန်းသိမ်းပြီး စတော့တွေ၊ ရှယ်ယာတွေမှာ မြုတ်နှံတိုးပွားအောင် စီမံပေးနေတယ် (လို့ ဆိုပါတယ်။)။ ကျန်းမာရေးအာမခံ (Medical Insurance) ကတော့ သင်နဲ့ သင့်မိသားစု ဆေးရုံ၊ ဆေးခန်းနဲ့ ဆေးစာရိတ်ဖြစ်ပါတယ်။ (Federal & State Tax) အခွန်တွေကတော့ နိုင်ငံတော်နဲ့ ပြည်နယ်က သိမ်းယူပြီး သူတို့ အစိုးရနဲ့ ပြည်နယ်လုပ်ငန်းတွေမှာ သုံးပါတယ်။သည်တော့ အခွန်ပုံမှန်ဆောင်တဲ့ လူတဦးက အစိုးရဆီက ပြည်နယ်ဆီက သူရဲ့ လူ့အခွင့်အရေးအဖြစ်အလုပ်လက်မဲ့ ခံစားခွင့်ကို ထုတ်ယူခံစားခွင့်ရှိမှာ ဖြစ်တယ်လို့ သိရပါတယ်။ ပထမ ၆ လကနေ ဒုတိယ ၆ လ အထိ ခံစားခွင့်ရှိတယ်ဆိုတော့ တနှစ်အတွင်း အလုပ်ပြန်ရှာခွင့်ရတယ် လို့ ဆိုရမှာလို့ ဆိုပါတယ်။ ပြည်နယ်တခုနှင့်တခုတော့ မတူဘူးပေါ့ခင်ဗျာ။ အဲဒီ အလုပ်သမားဖူလုံရေးဌာနက ညွန်ကြားတဲ့အတိုင်း အလုပ်ရှာတာ၊ သင်တန်းလေး ဘာလေး တက်တာတွေကို လုပ်ပြနေရမှ ထောက်ပံ့ကြေးက ၀င်တာဖြစ်ပါတယ်တဲ့။ချေးထားတဲ့ ငွေကြေးတွေ အားလုံးကို ဆိုင်ရာ အဖွဲ့အစည်းများနဲ့ တိုင်ပင်ပြီးတော့ ဆိုင်းသင့်တာ ဆိုင်း၊ လျော့ချသင့်တာ လျော့၊ လျော်သင့်တာ လျော်လို့ ရတယ်လို့လည်း ရတယ်လို့ပြောပါတယ်။ ထို့အတွက် အဲဒီ ကူညီတဲ့ အေဂျင်စီတွေကို အားမနာတမ်း ဆက်သွယ်မေးမြန်း အကူအညီတောင်းဖို့သာ လိုတာပါတဲ့။အမေရိကန်က လစာနဲ့ မြန်မာပြည်က လစာ မတူတာက အဲဒီနေရာ ဖြစ်ပါတယ်။ အမေရိကန်က ငွေ ၁ ထောင် ၀င်ရင် အိမ်ကို ငွေ ၇၀၀ လောက်နဲ့ ပြန်ပါတယ်။ ငွေ ၃၀၀ ကို အစိုးရ၊ အနာဂတ်နဲ့ အာမခံလုပ်ငန်းတို့က ဖြတ်ယူလိုက်တာ ဖြစ်ပါတယ်။ ငွေ ၃၀၀ လောက်က အိမ်စာရိတ် ဖြစ်သွားတတ်ပြီး ကျန်တဲ့ ၃၀၀ နဲ့ သွားလာ၊ စားသောက်၊ ပျော်ရွှင်တာ ဖြစ်ပါသတဲ့။ အကြွေးကဒ်တွေနဲ့ ကြိုသုံးတာကိုလည်း လစဉ် ဆပ်နေပါသေးသတဲ့။ အဲ မြန်မာပြည်ကတော့ လစာ ၁၀၀၀ ရရင် အလုပ်သွားတဲ့ ဘတ်စကားခက ၃၀၀ လောက် ဖြစ်ပြီး၊ စားသောက်စာရိတ်က ၅၀၀ ဖြစ်ပါတယ်။ ကျန်တဲ့ ၂၀၀ က ဖယောင်းတိုင်နဲ့ မီးစက်ဓာတ်ဆီဖိုး ဖြစ်ပြီး အိမ်ကတော့ အဖေ၊ အမေနဲ့ ယောက္ခမအိမ်မှာ ကပ်နေလို့ မကုန်ပါဘူးတဲ့။ အင်း အဲလိုမဟုတ်ရင်လည်း “အခြားဝင်ငွေ”နဲ့ ဖြေရှင်းရတယ်လို့ ပြောကြပါတယ်ခင်ဗျာ။အမေရိကန်တွေ တဦးချင်းစီ တမိသားစုချင်းစီ အလုပ်ပြုတ်ကြလို့၊ ကံဆိုးမိုးမှောင်ကျကြတဲ့ဆီမှာ သူတို့တွေ ဘ၀ပျက်ကြရတယ် ဆိုတာက ခုနင်က အထက်ကပြောသလို မလိုအပ်ပဲ အလွန်ဖောင်းပွထားတဲ့ အိမ်ကို အကြွေးနဲ့ ၀ယ်မိထားတာ၊ မော်တော်ကားအကြွေး ၂ စီး ၃ စီး လောက် ပိနေတာ။ သားသမီးတွေက တက္ကသိုလ်၊ ကျောင်းစာရိတ်တွေ ပိနေတာတွေကြောင့် ဖြစ်ပါတယ်လို့ တချို့က ဆိုကြပါတယ်။ အခြားအသုံးစာရိတ်တွေ ပိနေတာတွေလည်း ရှိတယ်လို့ ပြောကြပါတယ်။ ပြီးတော့ အိုစာမင်းစာအတွက် ၀ယ်ယူ စုဆောင်းထားတဲ့ အသက်အာမခံတို့၊ စတော့တို့ ရှယ်ယာတို့၊ ရင်းနှီးတာတွေ ဈေးပြုတ်ကျကုန်လို့၊ အဲဒီအေးဂျင့်တွေ ကုမ္မဏီတွေ စီးပွားပျက်ကုန်လို့ဆိုရင်တော့ တပူပေါ် နှစ်ပူ ဆင့်တာ ပေါ့ခင်ဗျာ။ စုထားသမျှတွေ အရေးပေါ်ထုတ်သုံးဖို့အတွက် မကျန်တော့ရင်တော့ ဒုက္ခပေါ့။ ပြန်စစ် ကြည့်ကြ ပါဦးဗျို့။

ဘယ်လို ဖြတ်သန်းကြမှာလဲ
အလုပ်ရှင်ကလည်း လုပ်ငန်းအရှုံးပြနေချိန်၊ သို့မဟုတ် မပြုတ်ခင်မှာ အလုပ်သမားတွေကို အလုပ်ဖြုတ် တော့တာပါပဲ။ (ဒီနေရာမှာ အမေရိကန်အစိုးရရဲ့ စီးပွားရေး အားတိုးဆေးမြီတိုကြီးကို မပြောသေးပါဘူး)။ အလုပ်သမားတွေ မိသားစုတွေကလည်း အလုပ်မပြုတ်ခင်နဲ့ အလုပ်ပြုတ်ချိန်မှာ အသုံးစာရိတ်တွေကို အကြီးအ ကျယ် လျော့ချလိုက်တော့တာပါပဲ။ စိစစ်ချွေတာလိုက်တော့တာပါပဲ။ အဲသည်မှာ လုပ်ငန်းတွေလည်း ၀င်ငွေတွေ ကျဆင်းကုန်ပြီး အရှုံးနဲ့ ရင်ဆိုင်ကြလို့ လုပ်ငန်းတွေ ပြုတ်ကုန်ကြတော့တာပဲ ဖြစ်ပါတယ်။ အစိုးရနဲ့ ပြည်နယ် ကလည်း အခွန်ဝင်ငွေတွေနဲ့ ရပ်တည်နေရတော့ အခွန်တိုးတာ၊ သူတို့ရဲ့ ပညာရေး၊ အစိုးရ အဆောက် အအုံစာရိတ်တွေကို လျော့ချတော့တာပါပဲ။ ဂျာအေးသူ့အမေရိုက်ပေါ့ခင်ဗျာ။ စီးပွားက ပျက်သထက်ပျက်၊ ညဥ့်နက်ထက် နက်ကုန်ပြီပေါ့။ တကယ်ကတော့ စီးပွားရေး ကျမ်းဂန်များအဆိုအရ စာရိတ်တွေ အသုံးတွေ ဈေးနှုန်းတွေ အကြီးအကျယ် ဖောင်းပွ မြင့်တက်နေလို့ စီးပွားရေးကျလာပြီဆိုရင်ဖြင့် အဲသည် ဈေးနှုန်းတွေလည်း ကျဆင်းဖို့ အချိန်ကို ရောက်လာရမယ်လို့ ဆိုပါတယ်။ ၄ သိန်းတန် လုပ်ငန်းက ၄ ထောင်တန် အလုပ်သမားကို ဖြုတ်လိုက်ပေမယ့် သူ့ရောင်းနေတဲ့ ပစ္စည်းကို တခု ၄၀၀ ကနေ မလျော့သေးပဲ ဆက်ရောင်းနေဦးမယ် ဆိုရင်တော့ ဒါက တရားတဲ့ အလုပ်မဟုတ်ပါဘူးတဲ့။ သူ့ ၄၀၀ တန် ပစ္စည်းကိုလည်း ၃၀၀ လောက်နဲ့ ချရောင်းဖို့ ဆက်လက် ဆောင်ရွက်ရမှာပါတဲ့။ ဒါမှသာ လုပ်ငန်းစာရိတ်လည်း ကျ၊ သူ့ပစ္စည်းဈေးလည်း ကျပြီး ကျဈေးနဲ့ ရောင်းတဲ့ ပစ္စည်းကို ပြန်ဝယ်လာနိုင်တဲ့ ဦးမော့မှု ဖော်ဆောင်နိုင်မှာ ဖြစ်ပါတယ်တဲ့။မြန်မာပြည်ကတော့ လွန်ခဲ့တဲ့ အနှစ် ၂၀ က လဘက်ရည် ၁ ခွက် ၁ ကျပ်က အခု ၂၀၀ လောက် အဖြစ် မြင့်တက်လာပါတယ်။ ဆက်လက်ပြီးလည်း မြင့်တက်လျက် ရှိပါတယ်။ လစာကတော့ တိုးလာတယ် မရှိ၊ တန့်နေတာများပါတယ်။ မတိုးရဲဘူးတဲ့ လစာတိုးသံကြားရင် စီးပွားရေးလုပ်ငန်းတွေက ဈေးတွေ တင်လွန်းလို့တဲ့။ ဖြစ်ပုံ။

ခုချိန်မှာတော့ စားသုံးသူတွေက သူတို့ရဲ့ ဖောင်းပွတဲ့ အသုံးစာရိတ်တွေကို စိစစ်လိုက်ပါပြီ။ ကော်ဖီတခွက် ၁ ဒေါ်လာ ၆၅ ပြားကနေ ၁ ဒေါ်လာတန် ကော်ဖီ ပြောင်းသောက်နေကြပါပြီ။ ရိပ်မိတဲ့ လုပ်ငန်းရှင်တွေကတော့ သူတို့ ပစ္စည်း၊ ၀န်ဆောင်မှုနဲ့ နည်းပညာကို ဈေးချပေးရတော့မှာကို သဘောပေါက်တော့မှာ ဖြစ်ပါတယ်။ စောင့်ကြည့်ကြဖို့သာ ရှိပါတယ်။

စီးပွားပျက်ကပ် ကူးစက်ရောဂါလား
ဟုတ်ပါတယ်တဲ့။ အခု သာဂိရှင်းပြတာက လြူပိန်းတွေအတွက် ရေးထားတဲ့ ဆောင်းပါးတွေကို ဖတ်ပြီးတော့ ရှိတဲ့ဉာဏ် ၂ ပြားဖိုးလောက်နဲ့ ရှင်းတာဖြစ်ပါတယ်။ သာဂိတို့က ဒေ၀ါလီသာဂိဆိုတော့ မာမာပဲလို့ ထင်ကြမယ်။ မာတော့ မမာဘူး။ လန့်လန့်ပဲဗျ။ စီးပွားပျက်ကပ်က ကူးစက်တတ်တယ်။ လန့်ပြီးတော့လည်း လူတွေ၊ လုပ်ငန်းတွေ နိုင်ငံတွေက ကျဆုံးတတ်တယ်။

လွန်ခဲ့တဲ့ ၁၀ နှစ်လောက်က ဆန်ဖရန်စစ္စကိုမှာ ကယ်လီဖိုးနီးယားဘာဆိုလား ဘဏ်တခုရှိဖူးတယ်။ အာရှသား တွေရဲ့ ဖောက်သည်ကြီး။ အဲသည်မှာ အဲဒီဘဏ်တွေ အရှုံးပြနေပြီ ဘာညာဆိုပြီး ကောလဟလ ထွက်လာ လိုက်တာ။ အာရှသားတွေက အထူးသဖြင့် ထိတ်လန့် ပြာယာခတ်ပြီး ငွေတွေ ပြန်ထုတ်ကြတော့ တာပဲတဲ့။ ဘဏ်ကော၊ ပြည်နယ်ကကော၊ အစိုးရ ကိုယ်တိုင်ကကော ၀င်ပြီး ဘယ်လိုရှင်းရှင်း မရဘူးတဲ့။ ဒီဘဏ်က အာမခံထားတဲ့ဘဏ်၊ ရှုံးရင်တောင်မှ အာမခံကုမ္မဏီက ၀င်ရှင်းမှာ၊ မရှင်းနိုင်ရင် အစိုးရက ရှင်းပေး မှာလို့ ဘယ်လိုပြောပြော အာရှသားတွေက လက်မခံဘဲနဲ့ အဲဒီဘဏ်တွေရှေ့မှာ နေ့နေ့ ညည တန်းစီးပြီး ငွေပြန် ထုတ်လိုက်ကြတာ လမ်းပေါ်မှာ လူတန်းရှည်ကြီးနဲ့ ရဲတောင် ခေါ်ရသတဲ့။ အဲဒါနဲ့ အဲဒီဘဏ်လည်း ပြုတ်သွား လေရော တဲ့။

အခုအချိန်မှာ စီးပွားပျက်ကပ်ဆိုတဲ့အသံဟာ တော်လဲသံလို တချို့လူတွေကို လိပ်ပြာလွင့်စေပါတယ်။ အဲဒီရဲ့ အဆိုးဂယက်ကို ကာကွယ်နိုင်ဖို့၊ ကာပြန်နိုင်ဖို့ အမေရိကန်နဲ့ မဟာမိတ်တွေက သတိကြီးစွာနဲ့ စီးပွားရေးအားတိုးဆေးကြီးကို ဖော်ပြီး တိုင်းပြည်ကို တိုက်ဖို့ လုပ်နေကြတာဖြစ်ပါတယ်။

ဒေ၀ါလီသာဂိဆိုတဲ့ ကလောင်နံမယ်ကတော့ မြန်မာပီပီ ယတြာချေတဲ့အနေနဲ့ ကျိန်းကျေအောင် အစီအမံလုပ်ပြီး အမြော်အမြင်နဲ့ ပေးတဲ့နံမယ်ဖြစ်ပါတယ်။ အမေရိကန်တွေနဲ့ သူတို့အစိုးရက သာဂိတို့လို ယတြာတွေ၊ ဗေဒင်တွေ၊ ဘိုးတော်တွေ၊ ဘာတွေ ညာတွေ အယုံအကြည်မရှိတာ သိပ်ဆိုးတာပဲ။ အခုလို စီးပွားပျက်နေချိန်မှာ သူတို့တတွေ ဒါမျိုးအစီအမံတွေ မလုပ်ကြတာကလေး တခုပဲ လိုနေတယ်လို့ ဟိုလူကြီး အိုဘားမားကို ပြောအုံးမှနဲ့ တူပါရဲ့။အော် … အမေရိကန်မှာ ကြက်ဆူပင် စိုက်ဖို့များ လိုနေသလားလို့ မေးကြည့်အုံးမှ …

Read More...

ဒီချုပ် ဒုဥက္ကဌ ဦးတင်ဦး အသက် ၈၂ နှစ်ပြည့်

ကိုဝိုင်း
ကြာသပတေးနေ့၊ မတ်လ 12 2009 18:07 - မြန်မာစံတော်ချိန်

ဘန်ကောက် (မဇ္ဈိမ)။ ။ နေအိမ် အကျယ်ချုပ် ကျခံနေရသော အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် ဒုဥက္ကဌ ဦးတင်ဦး၏ အသက် ၈၂ နှစ်မြောက်မွေးနေ့ကို ပါတီရုံးချုပ်တွင် ယနေ့ပြုလုပ်ခဲ့သည်။

အငြိမ်းစား ဗိုလ်ချုပ်ကြီး ဦးတင်ဦး၏ ဇနီးဖြစ်သူ ဒေါက်တာ တင်မိုးဝေက မွေးနေ့ပွဲ အမှတ်တရအဖြစ် ပုံမှန် ရုံးတက်နေကျ အန်အယ်ဒီအဖွဲ့ဝင်များအား အစားအသောက်များဖြင့် တည်ခင်း ဧည့်ခံခဲ့သည်။

ဦးတင်ဦးသည် ဒေါ်အောင်ဆန်းစုကြည်နှင့်အတူ ၂၀၀၃ ခုနှစ် မေလအတွင်းက မြန်မာပြည်အထက်ပိုင်း ဒီပဲယင်းဒေသတွင် နိုင်ငံရေး စည်းရုံးရေးခရီး လှည့်လည်စဉ် စစ်အစိုးရ ကျောထောက်နောက်ခံ ပေးထားသော လူဆိုး၊ လူမိုက်များက အကြမ်းဖက် တိုက်ခိုက်ခံရပြီး အဖမ်းခံခဲ့ရသည်။

သူ့ကို ဗွေဆော်ဦးတွင် စစ်ကိုင်းတိုင်း ကလေးမြို့ အကျဉ်းထောင်တွင် ချုပ်နှောင်ထားပြီးနောက် ၂၀၀၄ ခုနှစ်တွင် ရန်ကုန်နေအိမ်သို့ ခေါ်ဆောင်ပြီး အိမ်ချုပ် ချထားခြင်း ဖြစ်သည်။

အလားတူပင် ပါတီ အထွေထွေ အတွင်းရေးမှူး ဒေါ်အောင်ဆန်းစုကြည်မှာလည်း နေအိမ် အကျယ်ချုပ် ကျခံနေရဆဲဖြစ်သည်။

Read More...

ဒီချုပ် အမျိုးသမီး ၂ ဦး ထောင် ၂ နှစ်

မဇ္ဈိမသတင်းဌာန
ကြာသပတေးနေ့၊ မတ်လ 12 2009 18:05 - မြန်မာစံတော်ချိန်


အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် လူငယ်အဖွဲ့ဝင် မသိင်္ဂီနှင့် မချိုတို့ နှစ်ဦးအား အင်းစိန်ထောင်တွင်း အထူးတရားရုံးက ထောင်ဒဏ် (၂) နှစ်စီ ချလိုက်ကြောင်း နီးစပ်သူများက ပြောသည်။

သူတို့နှစ်ဦးကို တရားမဝင်အသင်း ဆက်သွယ်မှု ပုဒ်မ ၁၇ (၁) ဖြင့် ယခုလ (၉) ရက်နေ့က စီရင်ချမှတ်လိုက်ခြင်းဖြစ်သည်။

နာဂစ်မုန်တိုင်း လေဘေးသင့်သူများကို ကယ်ဆယ်ရေး လုပ်ငန်းများ လုပ်ကိုင်ခဲ့သော သူတို့နှစ်ဦးကို ၂၀၀၈ ခု မေလအတွင်း ဖမ်းဆီးခဲ့ခြင်းဖြစ်ပြီး အင်းစိန်ထောင်အတွင်း ဖမ်းဆီးထားခဲ့သည်။

Read More...

ဝန်ကြီးချုပ် ဗိုလ်ချုပ်ကြီးသိန်းစိန် အင်ဒိုနှင့် စင်္ကာပူတို့သို့ အလည်အပတ် သွားမည်

မုံပီး
ကြာသပတေးနေ့၊ မတ်လ 12 2009 16:10 - မြန်မာစံတော်ချိန်

နယူးဒေလီ (မဇ္ဈိမ)။ ။ ၀န်ကြီးချုပ် ဗိုလ်ချုပ်ကြီးသိန်းစိန်သည် အင်ဒိုနီးရှားနှင့် စင်္ကာပူတို့သို့ သွားရောက် လည်ပတ်မည် ဖြစ်သည်ဟု နေပြည်တော် သတင်းရပ်ကွက်များအရ သိရသည်။

အင်ဒိုနီးရှားနိုင်ငံ ဂျကာတာသို့ မတ်လ ၁၅ ရက်နေ့တွင် ဗိုလ်ချုပ်ကြီး သိန်းစိန် ဦးဆောင်သော မြန်မာ ကိုယ်စားလှယ်အဖွဲ့ ရောက်ရှိမှာဖြစ်ပြီး ခရီးစဉ်အတွင်း အင်ဒိုနီးရှားသမတ ဆူဆီလို ဘမ်ဘန်း ယူဒ်ဟိုရိုနိ Susilo Bambang Yudhoyono နှင့် တွေ့ဆုံမှာဖြစ်သည်။

အင်ဒိုနီးရှား နိုင်ငံခြားရေး ၀န်ကြီးဌာနက အရာထမ်းတဦးက မဇ္ဈိမသို့ ခရီးစဉ်နှင့် ပတ်သက်၍ အတည်ပြု ပြောကြားခဲ့သည်။

နေပြည်တော် သတင်းရပ်ကွက်အရ ၀န်ကြီးများ၊ ဒုဝန်ကြီးများပါ လိုက်ပါပြီး အဖွဲ့ဝင် ၅၀ ခန့်ရှိမည့် ကိုယ်စားလှယ်အဖွဲ့သည် စင်္ကာပူနိုင်ငံကိုပါ သွားရောက် လည်ပတ်မည်ဟု သိရသည်။

Read More...

တစ်နိုင်ငံလုံးရှိ မြန်မာနိုင်ငံ ရဲတပ်ဖွဲ့ စခန်းပိုင် မြေနေရာများတွင် ဖွင့်လှစ်ထားသည့် ဝန်ထမ်း သက်သာဆိုင်များ မတ်လ ၃၁ ရက် နေ့ နောက်ဆုံးထားကာ ပိတ်ပေးရမည

ပြည်နယ်တိုင်းအသီးသီးရှိ မြန်မာနိုင်ငံရဲတပ်ဖွဲ့ စခန်းပိုင် နယ်မြေနေရာများတွင် ဖွင့်လှစ်ထားသော ဝန်ထမ်း သက်သာဆိုင်များမှာ ၂၀၀၉ ခုနှစ် မတ်လ ၃၁ ရက်နေ့နောက်ဆုံးထားကာ ပိတ်ပေးရန် ဆိုင်ဖွင့်သူများသို့ သက်ဆိုင်ရာစခန်းတာဝန်ရှိသူများက အသိပေးအကြောင်းကြားထားပြီးဖြစ်ကြောင်း ဝန်ထမ်းသက်သာဆိုင် များမှ
သတင်းရရှိသည်။ ရန်ကုန်တိုင်းအတွင်းရှိ စခန်းအချို့မှ တရားဝင်အကြောင်းကြားစာပေးပို့ခြင်း၊ စခန်းအချို့မှာသိ
ရှိကြောင်းလက်မှတ် ရေးထိုးစေခြင်းဖြင့်အသီးသီး အသိပေးထားခဲ့သည်ဟုသိရသည်။ မန္တလေးမြို့ပေါ်တွင်လည်း
ထိုနည်းတူဝန်ထမ်း သက်သာဆိုင်များအား မတ်လ ၃၁ ရက်နေ့နောက်ဆုံးထားကာ ဆိုင်ပိတ်ပေးရန် အကြောင်း
ကြားထားပြီးဖြစ်ကြောင်းနှင့် ကရင်ပြည်နယ်ဘားအံမြို့တွင်မူ တရားဝင် စာထုတ်ပြန်ကာ အသိပေးထားခြင်းဖြစ်
ကြောင်း ရဲတပ်ဖွဲ့ပိုင် မြေများတွင် ဆိုင်ဖွင့်လှစ်သူများက ဆိုသည်။ ဝန်ထမ်းသက်သာဆိုင်များဟု ဆိုရာတွင် အချို့
မှာနှစ်ပေါင်း ၁၃နှစ်၊ ၁၄နှစ်အထိ သက်တမ်းရှိသည့် ဆိုင်များဖြစ်ကြောင်း ရေရှည်လုပ်ကိုင်ရန် စာချုပ်ချုပ်ဆိုကာ
အရင်းအနှီးထည့်နိုင်သမျှထည့်ထားသည့် ဆိုင်များပါဝင်ကြောင်းသိရသည်။ မြန်မာနိုင်ငံ ရဲတပ်ဖွဲ့စခန်းပိုင် မြေနေရာများတွင်ဖွင့်လှစ်ထားသည့် ဝန်ထမ်း သက်သာဆိုင်ခန်းများမှာ တစ်နိုင်ငံလုံး အတိုင်းအတာဖြင့် ဆိုပါကများစွာရှိကြောင်း ၂၀၀၉ခုနှစ်မတ်လ ၁၃ရက်နေ့ထုတ် Bi Weekly Eleven ဂျာနယ်တွင် ဖော်ပြထား ပါသည်။

Read More...

ပြင်သစ်ဝန်ကြီး မြန်မာ ဒုက္ခသည်စခန်းသို့ သွားမည်

မဇ္ဈိမသတင်းဌာန
ကြာသပတေးနေ့၊ မတ်လ 12 2009 18:13 - မြန်မာစံတော်ချိန်


နယူးဒေလီ။ ။ ပြင်သစ် နိုင်ငံခြားရေးနှင့် လူ့အခွင့်အရေးဝန်ကြီး ရာမာရာဒီသည် ၃ ရက်ကြာ အလည်အပတ် ခရီးစဉ်အဖြစ် ထိုင်းနိုင်ငံသို့ ယနေ့ ရောက်လာပြီး၊ မြန်မာ့အရေး အပါအဝင် အခြားရပ်များ ဆွေးနွေးမည် ဖြစ်သည်။

မစ္စစ် ရာမာရာဒီ (Rama Yade) သည် ထိုင်းနိုင်ငံတွင် ၁၄ ရက်နေ့အထိ နေထိုင်ကာ ထိုင်းနိုင်ငံခြားရေးဝန်ကြီး ကဆစ် ဖိရူမ်း (Kasit Piromya) နှင့် တွေ့ဆုံ၍ ‘စီးပွားရေး၊ နိုင်ငံရေး၊ ယဉ်ကျေးမှုနှင့် မြန်မာနိုင်ငံတွင်း အခြေအနေများ အပါအဝင် ဒေသတွင်း ပြဿနာများကို ဆွေးနွေးမည်ဟု နိုင်ငံခြားရေးဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူ၏ ကြေညာချက်တွင် ဖော်ပြထားခြင်း ဖြစ်သည်။

ပြင်သစ်ဝန်ကြီးသည် ထိုင်းနိုင်ငံမြောက်ပိုင်းရှိ မြန်မာဒုက္ခသည်များ ခိုလှုံရာ ဘန့်မိုင်နားဆွိုင် (Ban Mai Nai Soi) ဒုက္ခသည်စခန်းသို့ သွားရောက်ကာ ဆက်လက်၍ ကူညီနိုင်ရေးအတွက် အဓိက အလှူရှင်များနှင့် ထိုင်းနိုင်ငံအကြား ပူးပေါင်း ဆောင်ရွက်နိုင်ရေး ဆွေးနွေးသွားမည် ဖြစ်သည်။
ထိုင်းအစိုးရ တာဝန်ရှိသူများနှင့် လူသာချင်းစာနာမှု အကူအညီပေးသည့် ကိစ္စရပ်များကို ဆွေးနွေးမည့်အပြင် အဓမ္မလုပ်အားပေး စေခိုင်းခံရသူများ၊ လိင်ပိုင်းဆိုင်ရာ အမြတ်ထုတ် စော်ကားခံရသူများနှင့် အတင်းအကျပ် တောင်းရမ်းစေခိုင်း ခံရသူများဖြစ်သော ကလေးများနှင့် အမျိုးသမီးများ ထားရှိရာ ဘန်ကောက်မြို့ရှိ ဂေဟာတခုသို့လည်း သွားရောက်ကြည့်ရှုမည်။

ထို့ပြင် သူမသည် ထိုင်းနိုင်ငံမြောက်ပိုင်း ချင်းမိုင်မြို့ရှိ အေ့စ် (AIDS) ဝေဒနာသည်များအား အဓိက ပြုစုစောင့်ရှောက်နေသော ဆေးရုံသို့လည်း သွားရောက်ဦးမည်။ ထိုဆေးရုံသည် ပြင်သစ် သုတေသနနှင့် ဖွံ့ဖြိုးရေး ဌာနမှ HIV ဗိုင်းရပ်စ်ပိုး မိခင်မှ ကလေးသို့ ကူးစက်ခြင်းဆိုင်ရာ တားဆီးကာကွယ်ရေး သုတေသနစီမံကိန်း ပြုလုပ်နေရာ ဆေးရုံဖြစ်သည်။

ရာမာရာဒီသည် ထိုင်းနိုင်ငံ လူ့အခွင့်အရေး ကာကွယ်သူများနှင့် တွေ့ဆုံရန်လည်း စီစဉ်ထားသေးသည်။


.........

Read More...

လက်ဖက်နှင့် ပတ်သက်၍ အများပြည်သူများ သိရှိရန် အသိပေး ကြေညာချက်

ကျန်းမာရေးဝန်ကြီးဌာနသည် အရည်အသွေးစစ်မှန်ကောင်းမွန်ပြီး ဘေးအန္တရာယ်ကင်းရှင်းသော အစားအ သောက်များကို အများပြည်သူတို့စားသုံးနိုင်ရန် ဈေးကွက်များတွင် ရောင်းချလျက်ရှိသော လက်ဖက်များကို ဓါတ်ခွဲစစ်ဆေးရာ အောက်ဖော်ပြပါ လက်ဖက်အမှတ်တံဆိပ်များ၌အစားအသောက်တွင်သုံးစွဲရန်ခွင့်မပြုသော
အဝါရောင် ဆိုးဆေး (Aura mine O) ပါဝင်ကြောင်း တွေ့ရှိရသည်။ Aura mine Oသည် ချည်၊ သိုးမွေး၊ ပိုးထည်၊
စက္ကူသားရေများကိုအရောင်ဆိုးသောဓါတုပစ္စည်းဖြစ်သည်။ စားသုံးသူများကို လတ်တလော အဆိပ်အတောက်
မဖြစ်စေသော်လည်း ရေရှည်တွင် အသည်းနှင့် ကျောက်ကပ်ရောဂါဖြစ်စေခြင်း၊ ခန္တကိုယ်ကြီးထွားမှုကို ထိခိုက်စေခြင်း၊ ကင်ဆာရောဂါဖြစ်စေခြင်းတို့ကြောင့် Aura mine Oပါဝင်သော လက်ဖက်များသည် စားသုံး ရန်မသင့်ကြောင်းအသိပေးအပ်ပါသည်။

အစားအသောက်တွင်သုံးစွဲရန် သုံးစွဲရန် ခွင့်မပြုသော အဝါရောင်ဆိုးဆေး (Aura mine O) တွေ့ရှိရသည့် လက်ဖက်အသား၊ ချဉ်စပ်လက်ဖက်၊ ကြက်ခြေနီနှပ်၊ လက်ဖက်ဆီနှပ်နှင့်အကြော်စုံများ၊ထုတ်လုပ်လျက်ရှိသော အမှတ်တံဆိပ်/ လုပ်ငန်းများမှာ- ရွှေခြင်္သေ့တံဆိပ်၊ ပဒေသာလုပ်ငန်း၊မျိုးတံဆိပ်၊ မတင်ပိုင်တံဆိပ်၊ အောင်ပွင့်ဖူး လုပ်ငန်း၊ ရွှေပြည်စံတံဆိပ်၊ ရွှေပြည်တန်တံဆိပ်၊ လမင်းတံဆိပ်၊ ဝင်းလုပ်ငန်း၊ ငွေတောင်တန်းတံဆိပ်၊ ပင်ပျို ရွက်နုလုပ်ငန်း၊ ချစ်မမတံဆိပ်၊ ရွှေညီနောင်လုပ်ငန်း၊ အောင်ဆင်မင်းတံဆိပ်၊ ပလောင်ပျိုမေတံဆိပ်၊ အောင်သ ပြေတံဆိပ်၊ ထိပ်တန်းအောင်လုပ်ငန်း၊ နေလတံဆိပ်၊ မရွှေယုတံဆိပ်၊ စိန်ဝေလျှံ တံဆိပ်၊ မြင့်မိုရ်လုပ်ငန်း၊ စမ်းမင်းတံဆိပ်၊ သုခိတာလုပ်ငန်း၊ ရွှေနတ်သားလုပ်ငန်း၊ ငြိမ်းငြိမ်းတံဆိပ်၊ ရွှေတုတ်တံဆိပ်၊မြသီဒါတံဆိပ်၊ သီဟစိုးလုပ်ငန်း၊ကျော်ကျော်မှီတံဆိပ်၊ သိန်းတရာလုပ်ငန်း၊ ရည်မွန်တံဆိပ်၊ ဖိုးလမင်းလုပ်ငန်း၊ ဗေဒရွှေကြာ တံဆိပ်၊ရွှေရီမွန်တံဆိပ်၊ဓနဝေလုပ်ငန်း၊ ရွှေကြိုးကြာငွေကြိုးကြာလုပ်ငန်း၊ ရွှေအိုးကြီးတံဆိပ်၊ ဝင့်ဝါဦးတံဆိပ်၊ အရီးတောင်းတံဆိပ်၊ သိန်းသန်းတံဆိပ်၊ ပလောင်လေးတံဆိပ်၊ ပုလဲရတနာတံဆိပ်နှင့် မွမွလေးတံဆိပ် တို့ဖြစ် ကြောင်း ကျန်းမာရေး ဝန်ကြီးဌာနမှ ထုတ်ပြန်ထားကြောင်း ၂၀၀၉ခုနှစ်မတ်လ ၁၂ရက်နေ့ထုတ် ကြေးမုံ သတင်းစာတွင်ဖော်ပြထားပါသည် ။

Read More...

နိုင်ငံရေးအကျဉ်းသားများ လွှတ်ရန် အတိုက်အခံများ ပြောဆို

နန်းဒေ၀ီ
ကြာသပတေးနေ့၊ မတ်လ 12 2009 17:56 - မြန်မာစံတော်ချိန်


နယူးဒေလီ။ ။ လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်နှင့် နိုင်ငံရေးအကျဉ်းသားများ ပြန်လွှတ်ရေးသည် အမျိုးသား ပြန်လည် သင့်မြတ်ရေးအတွက် အဓိကဖြစ်သည်ဟု ထိုင်းအခြေစိုက် မြန်မာအတိုက်အခံများက ယနေ့ ပြောဆိုသည်။

မြန်မာ စစ်အစိုးရအနေဖြင့် ဒီမိုကရေစီနှင့် အမျိုးသား ပြန်လည်သင့်မြတ်ရေး လမ်းကြောင်းကို ဖော်ဆောင်ရာတွင် အဓိကနှင့် အရေးကြီးဆုံးအဖြစ် နိုင်ငံရေးအကျဉ်းသားများ လွှတ်ပေးရေးသည် ပထမဦးဆုံး ခြေလှမ်းဖြစ်ကြောင်း သူတို့က ပြောဆိုကြသည်။

“၂၀၁၀ ရွေးကောက်ပွဲ မတိုင်ခင် စစ်အစိုးရအနေနဲ့ အမျိုးသား ပြန်လည်သင့်မြတ်ရေး၊ ဒီမိုကရေစီနိုင်ငံ ဖြစ်ထွန်းရေး ခြေလှမ်းလှမ်းနေတယ်လို့ ပြောနေချိန်မှာ စစ်အစိုးရက နိုင်ငံရေးအကျဉ်းသားတွေ လွှတ်ပေးရမှာက ပထမဦးဆုံးနဲ့ အရေးကြီးဆုံး အကြောင်းအရာပါ” ဟု နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း (မြန်မာနိုင်ငံ) - အေအေပီပီ မှ အထွေထွေ အတွင်းရေးမှူး ဦးတိတ်နိုင်က မဇ္ဈိမကို ပြောသည်။

နိုင်ငံရေးအကျဉ်းသား ၂၀၀၀ ကျော် ထိန်းသိမ်းခံရဆဲဖြစ်ကြောင်း အေအေပီပီ စာရင်းအရ သိရသည်။

မနက်ဖြန်မှ စတင်ကာ အေအေပီပီနှင့်အတူ ထိုင်းနိုင်ငံအခြေစိုက် မြန်မာနိုင်ငံ ဒီမိုကရက်တစ် အင်အားစု - အက်ဒီဘီက ဒေါ်အောင်ဆန်းစုကြည် အပါအ၀င် နိုင်ငံရေး အကျဉ်းသားများ လွှတ်ပေးရန် လက်မှတ်ရေးထိုး လှုံ့ဆော်မည့် နိုင်ငံတကာဆိုင်ရာ ကင်ပိန်းကို ပြုလုပ်ကြမည်။

အက်ဒီဘီ အတွင်းရေးမှူးချုပ် ဒေါက်တာနိုင်အောင်က ''တွေ့ဆုံဆွေးနွေးရေးကို ထောင်ထဲမှာ ဓားစာခံလုပ်ပြီး ဆွေးနွေးတယ်ဆိုတာ မဖြစ်သင့်ဘူး။ ဒေါ်အောင်ဆန်းစုကြည် အပါအ၀င် ၈၈ မျိုးဆက်ကျောင်းသားတွေဟာ အာဏာကို မက်မောတာမျိုး လုံးဝ မရှိဘဲနဲ့ တိုင်းပြည်ရဲ့ ပြဿနာတွေကို ငြိမ်းငြိမ်းချမ်းချမ်း ဖြေရှင်းချင်တဲ့ သူတွေပါ။ တိုင်းပြည်မှာ ရေရှည်ဖြစ်လာမယ့် အရေးတွေကို မျှော်ကိုးပြီး နိုင်ငံရေးပြဿနာတွေကို နိုင်ငံရေးအရ ဖြေရှင်းမယ်ဆိုရင် ဒီလိုလူမျိုးတွေကို ထောင်ထဲမှာ မထားဘဲနဲ့ လွှတ်ပေးမယ်ဆိုရင် ပိုထိရောက်ပါတယ်'' ဟု ပြောသည်။

အက်ဒီဘီသည် မြန်မာ့ဒီမိုကရေစီအရေး လှုပ်ရှားနေသည့် အတိုက်အခံအဖွဲ့ ၇ ဖွဲ့ဖြင့် စုပေါင်းထားသည့် အင်အားစုဖြစ်သည်။

ကင်ပိန်ကို မေလ ၂၄ ရက်နေ့တွင် အဆုံးသတ်ကာ၊ လက်မှတ်ပေါင်း ၈၈၈၈၈၈ ရရှိရန် ပြုလုပ်မည်ဟု ဦးဆောင်သူများက ဆိုသည်။

ကင်ပိန်းနှင့် ပတ်သက်၍ ထိုင်းနိုင်ငံ ဘန်ကောက်ရှိ နိုင်ငံခြားသတင်းထောက်ရုံးတွင် ဒေသခံ မီဒီယာများ၊ နိုင်ငံခြားသား သတင်းထောက်များ ပါဝင်သည့် သတင်းစာ ရှင်းလင်းပွဲ လုပ်မည်ဖြစ်ကာ၊ နိုင်ငံရေး အကျဉ်းသားများ၏ ဘ၀သရုပ်ဖော်ချက်များ၊ ဓာတ်ပုံပြပွဲများပါ ပြသသွားမည်။

မနက်ဖြန် မတ်လ ၁၃ ရက်နေ့သည် “မြန်မာ့လူ့အခွင့်အရေးနေ့” ၂၁ နှစ်မြောက်နေ့နှင့် တိုက်ဆိုင်နေသည့်အပြင်၊ ကင်ပိန်းအဆုံးသတ် ၂၄ ရက်နေ့သည် ဒေါ်အောင်ဆန်းစုကြည်အား အကျယ်ချုပ်သက်တမ်း ပြည့်ပြီး လွတ်ရက်စေ့ရမည့် နေ့ဖြစ်သည်။

လက်မှတ်များကိုမူ ကုလ အထွေထွေအတွင်းရေးမှူးချုပ် မစ္စတာ ဘန်ကီမွန်းထံ ပေးပို့သွားမည်ဟု သိရသည်။

ပြီးခဲ့သည့် ဖေဖော်ဝါရီလတွင် မြန်မာနိုင်ငံဆိုင်ရာ လူ့အခွင့်အရေး အထူးကိုယ်စားလှယ် မစ္စတာ ကွင်တားနား၏ ၆ ရက်ကြာ မြန်မာပြည် ခရီးစဉ်အတွင်း နိုင်ငံရေးအကျဉ်းသားတချို့နှင့် တွေ့ဆုံခဲ့သည်။

ထိုလ ၂၁ ရက်နေ့တွင်မူ မြန်မာစစ်အစိုးရက ၂၀၁၀ ရွေးကောက်ရေး ပါဝင်နိုင်ရန်အတွက် ရည်ရွယ်သည်ဟု ဆိုကာ မြန်မာနိုင်ငံ အကျဉ်းစခန်းများမှ အကျဉ်းသား ၆၃၁၃ ဦးကို လွတ်ငြိမ်းချမ်းသာခွင့် ပေးခဲ့ရာ နိုင်ငံရေးအကျဉ်းသား ၃၀ ဦးခန့်သာ ပါဝင်ခဲ့သည်။

Read More...

အဖေလျှောက်တဲ့ လမ်းပေါ်က သမီး


မဝေနှင်းပွင့်သုန်သည် လက်ရှိ လွိုင်ကော် ထောင်၌ အကျဉ်းချခံ နေရသော ၈၈ မျိုးဆက် ကျောင်းသား ခေါင်းဆောင် တဦးဖြစ်သူ ဦးမြအေး၏ သမီးကြီးဖြစ်ပြီး အင်္ဂလန်နိုင်ငံ လန်ဒန် မြို့တွင် စီးပွားရေးပညာ သင်ယူလျှက် ရှိသည်။ ၎င်းသည် နိုင်ငံရေးနှင့် စီးပွားရေးပညာရပ်များကို ဆက်လက်သင်ကြားနိုင်ရန် လျှောက်ထားဆဲ ဖြစ်ပြီး ဖခင်ဖြစ်သူ ဦးမြအေး အပါအဝင် နိုင်ငံရေးအကျဉ်းသားများ လွတ်မြောက်ရေး အတွက် တတပ်တအား ပါဝင် ဆောင်ရွက် နေသူ တဦးလည်း ဖြစ်သည်။ အသက် ၂၀ ရှိပြီ ဖြစ်သော မဝေနှင်းပွင့်သုန်သည် “လန်ဒန် အခြေစိုက် မြန်မာ့ အရေး လှုပ်ရှားမှုအဖွဲ့” (Burma Campaign UK) ၌ လှုပ်ရှားမှု တာဝန်ခံ တဦးအဖြစ် ဆောင်ရွက်လျှက်ရှိသည်။ သူ့ဖခင် ဦးမြအေးမှာ ၂၀၀၇ ခုနှစ် သြဂုတ်လက လောင်စာဆီဈေးနှုန်းများ တိုးမြှင့်မှုကြောင့် ငြိမ်းချမ်းစွာ ဆန္ဒပြခဲ့သဖြင့် ဦးမင်းကိုနိုင်၊ ဦးကိုကိုကြီးတို့ အပါအဝင် တခြားသော ၈၈ မျိုးဆက် ကျောင်းသားခေါင်းဆောင် များနှင့်အတူ အဖမ်းခံ ခဲ့ရသည်။ ၎င်းအဖမ်းခံရစဉ် ဇနီးသည်နှင့် သမီး ၂ ဦး ကျန်ရစ်ခဲ့သည်။ နိုင်ငံရေးအကျဉ်းသားများ လွတ်မြောက်ရေး လှုပ်ရှားမှုနှင့် ပတ်သက်၍ ဖခင်ကိုယ်တိုင် နိုင်ငံရေးအကျဉ်းသား တဦး ဖြစ်နေသော မဝေနှင်းပွင့်သုန်ကို ဧရာဝတီက ဆက်သွယ်မေးမြန်းခဲ့ပါသည်။

မဝေနှင်းပွင့်သုန်

မေး။ ။ ဘဝမှာ အဖေဆိုတာကို ဘယ်အချိန်မှာ မှတ်မှတ်ရရ စသိခဲ့ပါသလဲ။

ဖြေ။ ။ သမီးအဖေက သမီး ၅ လ အရွယ်ကတည်းက ၁၉၈၈ အရေးအခင်းကြောင့်ဆိုပြီးတော့ ထောင် ၈ နှစ် ကျသွားတယ်။ သမီးဘဝမှာ အဖေ့ကို ၄ နှစ် အရွယ်ကျမှ ပထမဆုံး ပြန်တွေ့ရတာရှင့်။ ဒီကြား ထဲမှာတော့ သမီးအမေက ဓာတ်ပုံပြပြီး “ဒါ နင့်အဖေ။ ဒယ်ဒီလို့ခေါ်” ဆိုပြီး အမြဲတမ်းသင်ပေးလို့သာ သမီးရဲ့ နှလုံးသားထဲမှာ ဒါ အဖေဆိုပြီးတော့ သိခဲ့ရတာ။ မျက်နှာချင်းဆိုင် တွေ့ရတာတော့ သမီး ၄ နှစ် ကျမှ၊ အဲဒါကလည်း အဖေက သံတိုင်ကြားထဲမှာ ဆိုတော့ သမီးတို့နှစ်ယောက်က လက်ချောင်းလေးတွေ ထိတာကလွဲရင် အဖေ့ကို သမီးကဖက်လို့ မရခဲ့ဘူး။ အဖေကလည်း သမီးကို ဖက်လို့ မရခဲ့ဘူး။ သမီး ၈ နှစ် အရွယ်ကျမှ အဖေ့ကိုသေချာ ပြန်တွေ့ရတာပါရှင့်။

မေး။ ။ အဖေက နိုင်ငံရေးသမားဆိုတာ ဘယ်အချိန်မှာ စ သိတာလဲ။

ဖြေ။ ။ ၄ နှစ်သမီးအရွယ်တုန်းက အမေက အင်းစိန်ထောင်ကို ခေါ်သွားတုန်းကတော့ အဖေ့ကို တွေ့မယ်ဆိုတာပဲ သိတယ်။ ဒီလိုနေရာမျိုးကို သွားရမယ်လို့ မမျှော်လင့်ခဲ့ဘူး။ အရမ်းကို ထူးဆန်းနေတယ်။ ဒါပေမယ့်လည်း အမေရှင်းပြတာတွေ အားလုံးသိခဲ့ရပြီးတဲ့ နောက်ပိုင်း သမီး အဖေ့ကို အရမ်းလေးစားတယ်။ ဘဝကို ပေးဆပ်ပြီးလုပ်ခဲ့တဲ့ အဖေ့ကိုသနားတယ်။

ထောင်က ထွက်လာတဲ့ နောက်ပိုင်း အဖေက နိုင်ငံရေးကို ဆက်လုပ်တယ်။ ၂၀၀၄ ခုနှစ်မှာ .. နိုင်ငံရေး အကျဉ်းသားတွေ ထွက်လာတဲ့ အချိန်ဆိုတော့ “ ၈၈ မျိုးဆက် ကျောင်းသား အုပ်စု” ဆိုပြီး ပြန်ဖွဲ့ပြီးတော့ လုပ်တယ်။ အဲဒီအချိန်မှာလည်း သမီးအဖေ ဘယ်အချိန် လာဖမ်းခံထိမလဲ ဆိုပြီးတော့ စိတ်ပူခဲ့ရတယ်။

၂၀၀၅ ခုနှစ်မှာ ဆယ်တန်းစာမေးပွဲအောင်တော့ တက္ကသိုလ်တက်ဖို့ လျှောက်တယ်။ ဒါပေမယ့် သမီးလိုချင်တဲ့ ဘာသာရပ်ကို မရခဲ့ဘူး။ ဆိုတော့ သမီးအဖေနဲ့ သမီး မိသားစုက သမီးပညာရေး ကောင်းစားဖို့အတွက် ဆိုပြီး နိုင်ငံခြားမှာ ပညာသင်ဖို့လွှတ်ခဲ့တယ်။ သမီးအဖေကို နောက်ဆုံးအကြိမ်နဲ့ မြင်ခဲ့ရတာ လွန်ခဲ့တဲ့ ၂ နှစ်ကပေါ့။ လန်ဒန် ရောက်လာတဲ့ အထိ အဖေနိုင်ငံရေး ဆက်လုပ်နေတယ် ဆိုတာကို သိတယ်။

အဖေ ပြန်အဖမ်းခံထိတဲ့ ၂၀၀၇၊ သြဂုတ်လ ၂၂ ရက်နေ့ မနက်မှာ အဖေနဲ့ စကားပြောလိုက်ရတယ်။ အဖေလုပ်နေတာ အဆင်ပြေရဲ့လား … ။့ အဖေလုပ်နေတာတွေကို သမီး အရမ်းအားကျတယ်။ လူတွေ အများကြီး အဖေတို့ အဖွဲ့ကိုအားပေးတယ် .. ။ ဒါပေမယ့် နည်နည်းတော့ ဂရုစိုက်ဦး လို့ ပြောတော့ အဖေကပြန်ပြောတယ် “ငါတို့နိုင်ငံတော်ကြီး ပြောင်းလဲဖို့ နီးလာပါပြီ ဘာမှမဖြစ်ပါဘူး” တဲ့။ ညလည်း ရောက်ရော သမီးကို လူတွေက ဖုန်းဆက်တယ် နင့်အဖေပါသွားပြီ ဆိုပြီးတော့။

မယုံနိုင်ဘူး။ သမီးပြန်ပြောတယ် “မဟုတ်ပါဘူး ဒီနေ့မနက်ပဲ ဖုန်းပြောလိုက်ရသေးတယ်” လို့။ ဒါပေမယ့် ကြားလိုက်တဲ့ အချိန်မှာတော့ ဘာလုပ်ရမှန်းကို မသိဘူး။ အရမ်းကို shock ဖြစ်ပြီးတော့ တော်တော်ကို စိတ်မကောင်းဖြစ်သွားတယ်။ ဒါပေမယ့်လည်း မျှော်လင့်ခဲ့ပြီးသား။ အဖေကလည်း မျှော်လင့်ထားဖို့ ပြောခဲ့ တယ်။ ဒါကြောင့် ကိုယ့်ဟာကိုယ် စိတ်ကိုပြန်တင်းပြီး ကိုယ်လုပ်စရာရှိတာ ဆက်လုပ်နိုင်တယ်။

သမီးက ၂၀၀၆ ခုနှစ်၊ နိုဝင်ဘာလမှာ ရန်ကုန်ကနေ လန်ဒန် ရောက်ပါတယ်။ သမီးအဖေက အခု လောလောဆယ် ထောင်ထဲမှာ ၆၅ နှစ်ကျခံနေရတယ် ဆိုတော့ သမီးအဖေလွတ်မြောက်ဖို့ အပါအဝင် တခြားနိုင်ငံရေး အကျဉ်းသားတွေ အားလုံးလွတ်မြောက်ဖို့ကို သမီးတတ်နိုင်သလောက် တစိတ်တပိုင်း ပါဝင်ကူညီ ဆောင်ရွက်နေပါတယ်။ ကိုယ့်ကိုယ်ကို တာဝန်ပေးထားတာကတော့ သမီးအဖေ လွတ်မြောက်ဖို့နဲ့ မြန်မာနိုင်ငံသား အားလုံး လွတ်မြောက်ဖို့ပါ။

မေး။ ။ နိုင်ငံရေးအကျဉ်းသား အားလုံးလွတ်မြောက်ရေး လက်မှတ်ထိုး လှုပ်ရှားမှု လုပ်မယ် ဆိုတဲ့ အပေါ်မှာကော ဘာများ ပြောချင်ပါသလဲ။

ဖြေ။ ။ သမီးအနေနဲ့ကတော့ လူတိုင်းက ဒီနိုင်ငံရေးအကျဉ်းသား လွတ်မြောက်ဖို့အတွက် တတ်နိုင်သမျှ တစိတ်တပိုင်း ပါဝင်ဆောင်ရွက် နေတာတွေ့တော့ အရမ်းဝမ်းသာတယ်။ ဒေါ်အောင်ဆန်းစုကြည် တခါက ပြောခဲ့သလို “နိုင်ငံတော် ပြောင်းလဲမှုကို လိုချင်တယ်ဆိုရင် နိုင်ငံရေးသမား အားလုံးကို အရင်လွှတ်ပေးမှ ရမယ်။ နိုင်ငံရေးသမား အားလုံး လွတ်မြောက်မှသာ နိုင်ငံတော်ပြောင်းလဲမှုရဲ့ အဆင့် ၁ ဆိုတာ ဖြစ်လာ မယ်” ဆိုတဲ့ အတိုင်းပဲ။ အဲဒါကြောင့်လည်း နိုင်ငံရေးအကျဉ်းသား အားလုံး နှိပ်စက်ညှဉ်းပန်း ခံနေရတာက လွတ်မြောက်ပြီး သူတို့ဘဝရဲ့ ယုံကြည်ချက်တွေကို ဆောင်ရွက်လို့ရအောင် သမီးတို့လည်း ကူညီဆောင်ရွက် ပေးနေတာ ဖြစ်ပါတယ်ရှင့်။

မေး။ ။ မြန်မာပြည်မှာ လူ့အခွင့်အရေး ချိုးဖောက်ခံနေရတယ် ဆိုတာကို ဘယ်လို နားလည်ခဲ့လဲ။

ဖြေ။ ။ သမီး ဘဝမှာ အဖေဘာလို့ နိုင်ငံရေးလုပ်တယ်ဆိုတာရယ်၊ အဖေ နိုင်ငံရေး လုပ်ရတာဟာ သမီးတို့မြန်မာ လူမျိုးတွေ နှိပ်စက်ညှဉ်းပမ်း ခံနေရလို့ ဆိုတာရယ်၊ ဒီအစိုးရက ဘယ်လောက်ထိ ရက်စက် တယ် ဆိုတာရယ်ကို သိခဲ့တယ်။ ပြီးတော့ ဦးမင်းကိုနိုင်၊ ဦးပြုံးချို၊ ဦးကိုကိုကြီး တို့ရဲ့ စကားတွေအရ သူတို့လိုချင်တာ လူ့အခွင့်အရေး၊ ဒီမိုကရေစီ အဲလောက်ကို သမီးသိခဲ့တယ်။ ဒါပေမယ့် လူ့အခွင့်အရေး ဆိုတာကို ကိုယ်တိုင်မခံစားခဲ့ရတော့ ဘာကို ဆိုလိုချင်မှန်း မသိခဲ့ဘူး။

ဒီနိုင်ငံ ရောက်လာတဲ့ခါကျတော့ လူ့အခွင့်အရေး ဆိုတာကိုမြင်လိုက်ရတယ်။ လူ့အခွင့်အရေးဆိုတာ လူတိုင်းနဲ့ဆိုင်တယ် ဆိုတာသိလာတယ်။ ဥပမာ - ဒီက ကျောင်းသား တွေဆိုရင် ကိုယ်သင်ချင်တာ သင်ခွင့် ရတယ်။ ကျောင်းသားဆိုတာ အသစ်အဆန်း တွေကိုလေ့လာချင်တယ်၊ ကိုယ်ယုံကြည်ရာကို လုပ်ချင်တယ်။ ဒါပေမယ့် ရန်ကုန်မှာ ကျောင်းသားဆိုတာက ကျောင်းဝန်းထဲ ဝင်လိုက်တာနဲ့ တကယ့် ထောင်အသေးလေး ထဲ ဝင်လိုက်ရသလိုပဲ။ စာကြည့်တိုက်မှာ ဘာမှမရှိဘူး၊ စာသင်ခန်းတွေဆို ပစ္စည်း အလုံအလောက်မရှိဘူး။
ကွန်ပျူတာလည်း မရှိဘူး။

မြန်မာနိုင်ငံသားတွေက ထောင်ထဲမှာ နေရမှ အကျဉ်းသား မဟုတ်ဘူး။ မြန်မာနိုင်ငံထဲမှာ နေရတာကိုက ထောင်ကျနေသလိုပဲ။ ဥပမာ - သူတို့ဖတ်ချင်တဲ့ စာအုပ်၊ သူတို့သုံးချင်တဲ့ အင်တာနက်၊ သူတို့ ယုံကြည် ရာတွေ ဘယ်လိုမှ လုပ်လို့မရဘူး။ မြန်မာနိုင်ငံသား တွေက အကျဉ်းထောင် ကျနေသလို ဖြစ်နေတယ်။ လူ့ အခွင့် အရေးဆိုတာ မြန်မာနိုင်ငံမှာ လုံးဝ မရှိတဲ့အတွက် သမီး ကြားဖူးခဲ့ပေမယ့်လည်း မခံစားခဲ့ရတော့ အဲဒီအရသာကို မသိခဲ့ဘူး။

မေး။ ။ အဖေက နိုင်ငံရေးသမား တယောက်ဆိုတော့ အထက်တန်း ကျောင်းသား ဘဝမှာ သူငယ်ချင်း အပေါင်း အသင်းတွေက ခွဲခြားဆက်ဆံတာမျိုး ရှိလား။ ဘယ်လို ဖြတ်သန်းခဲ့လဲ။

ဖြေ။ ။ ကျောင်းသား ဘဝမှာတုန်းက သမီးရဲ့ အဖေက နိုင်ငံရေးသမား ဆိုတာကို မသိကြဘူး။ ဘာဖြစ်လို့လဲ ဆိုတော့ သမီးအနေနဲ့လည်း ထုတ်ပြောလို့မရဘူး။ ငယ်ငယ်တုန်းကတော့ သူငယ်ချင်းတွေက နိုင်ငံရေး အကျဉ်းသား ဆိုတာကို နားမလည်ဘူး။ ကြီးလာလို့ ရှင်းပြတော့လည်း သူတို့က လက်မခံချင်ဘူး။ လက်မခံဘူးဆိုတာ “နင့်ကိုတော့ ငါနားလည်တယ်။ နင့်အဖေကိုလည်း ငါလေးစားပါတယ်။ ဒါပေမယ့် ငါတို့ကိုတော့ မပြောပါနဲ့။ ငါတို့ မိဘတွေမှာလည်း စီးပွားရေးက ရှိသေးတယ်။ ငါတို့ဒါတွေ ဝင်မပါချင်ဘူး၊ ဒုက္ခရောက်လိမ့်မယ် ဆိုတာမျိုး သူတို့က တားဆီးတော့ ကိုယ့်မှာက သူငယ်ချင်းဆိုတာကို ဘောင် အကန့်အသတ် နဲ့ပဲ စကားပြောရတယ်။ သမီးမှာ တကယ်သူငယ်ချင်းလို့ ပြောလို့ရတာက အဖေရှိမယ်၊ ဦးမင်းကိုနိုင်၊ ဦးပြုံးချို၊ ဦးကိုကိုကြီး သူတို့တွေပဲ။ သူတို့အားလုံးဆီက နေပြီး သမီး ဗဟုသုတတွေရတယ်။ စကားပြောဖော် ရှိခဲ့တာဆိုလို့ သူတို့ အဖွဲ့ပဲ ရှိခဲ့တယ်ရှင့်။

သူတို့ မရှိတဲ့ အချိန်မှာတော့ အိမ်မှာ အမေနဲ့နေတယ်။ စာကြည့်ချိန်ကြည့်တယ်။ အပြင်လည်း သိပ်မထွက် ဖြစ်ဘူး။ သမီးတယောက်တည်း စာရေးပြီးဆော့တယ်။ သမီးငယ်ဘဝမှာလည်း သူငယ်ချင်း အများကြီးတော့ မရှိခဲ့ဘူး။

မေး။ ။ တခြား ဘာတွေများ ပြောစရာ ရှိသေးလဲ။

ဖြေ။ ။ အဖေ လွတ်မြောက်ရေး အတွက်ကော အားလုံးလွတ်မြောက်ရေး အတွက်ပါ တတ်နိုင်သလောက် သမီး ကြိုးစားလုပ်နေပါတယ်။ သမီးဘယ်တော့မှ အလျှော့မပေးဘူး။ သမီး ပြောချင်တာကတော့ ဗုဒ္ဓဘုရား ဟောခဲ့သလိုပဲ အရာအားလုံးဟာ တနေရာတည်းမှာတော့ မတည်မြဲနေဘူး။ အားလုံးကတော့ ပြောင်းလဲ သွားရမှာပဲ။ ပြောင်းလဲသွားတဲ့ အချိန်ကျရင် သမီးတို့တွေက ပျော်ပျော်ရွှင်ရွှင်နဲ့ နေရမယ်။ အဲဒီအခါကျရင် ခံရတဲ့ သူတွေက ခံရမှာပဲ။ လူတယောက်ဟာ အမြင့်မှာ အမြဲတမ်းတော့ ရပ်နေရမှာမဟုတ်ဘူး ဆိုတာပဲ သမီးပြောချင်ပါတယ်။ ။

Read More...

အမေရိကန်သမ္မတဟောင်း ဂျော့ဘွတ်ရှ် သက်တမ်းကုန်ကာနီး ကတည်းက ပေါ်လစီကိုင်တွယ်သည့် အရာရှိများ စဉ်းစားခဲ့ကြောင်း


NEJ / မတ်လ(၁၂) ရက်၊ ၂၀၀၉

မြန်မာနိုင်ငံအပေါ် အမေရိကန် ပေါ်လစီပြောင်းလဲရေးကိစ္စကို ၂၀၀၈ ခု အမေရိကန်သမ္မတဟောင်း ဂျော့ဘွတ်ရှ် သက်တမ်းကုန်ကာနီးကတည်းက ပေါ်လစီကိုင်တွယ်သည့် အရာရှိများ စဉ်းစားခဲ့ကြောင်း အမေရိကန်ကွန်ဂရက်သို့ တင်သွင်းသည့် အစီရင်ခံစာတစောင်တွင် ဖော်ပြထားသည်။

ခေတ်ပြိုင်မှ ဖတ်ရှုခွင့်ရသည့် မြန်မာနိုင်ငံနှင့် နိုင်ငံဖြတ်ကျော် ရာဇ၀တ်မှုများဆိုင်ရာ အဆိုပါအစီရင်ခံစာကို နိုင်ငံခြားရေးရာ ကာကွယ်ရေးနှင့် ကုန်သွယ်ရေးဌာနခွဲမှ ကွန်ဂရက်သို့ ၂၀၀၈ ခု သြဂုတ် (၂၁) ရက်နေ့စွဲဖြင့် တင်သွင်းခဲ့ခြင်းဖြစ်သည်။

မြန်မာနိုင်ငံတွင် ဘိန်းအထွက်နှုန်း ကျဆင်းလာသည့်တိုင် မြန်မာနိုင်ငံမှ ပေါ်ထွက်လာသည့် နိုင်ငံဖြတ်ကျော် ရာဇ၀တ်မှုများကို စစ်အစိုးရဘက်က နှိမ်နင်းမှုအပေါ် အမေရိကန်ပေါ်လစီများက သိသိသာသာ သြဇာသက်ရောက် ခြင်းမရှိဟု ကျွမ်းကျင်သူများက ယူဆကြောင်း အစီရင်ခံစာတွင် ထောက်ပြထားသည်။ အထူးသဖြင့် ၂၀၀၇ ခု သံဃာ့အရေးအခင်းတွင် မြန်မာစစ်အစိုးရ၏ အကြမ်းဖက် နှိမ်နင်းမှုများ ဖြစ်ပေါ်ပြီးနောက်ပိုင်း မြန်မာနိုင်ငံအပေါ် အမေရိကန်ပေါ်လစီ ပြန်လည်သုံးသပ်စေလိုသည့် အစိတ်အပိုင်းများ တိုးတက်လာသည်ဟုဆို၏။

မြန်မာနိုင်ငံနှင့် ပတ်သက်ပြီး အမေရိကန်ပေါ်လစီ ပြောင်းလဲရေးအတွက် ပေါ်လစီချမှတ်သူများ စဉ်းစားသည့် အချက်များမှာ

-မြန်မာနိုင်ငံကိုပေးသည့် လူမှုရေးအကူအညီပမာဏကို အမေရိကန်အစိုးရက တိုးမြှင့်ပေးသင့် မပေးသင့်၊
-မြန်မာစစ်အစိုးရအား နိုင်ငံရေးဖိအား တိုးမြှင့်ပေးရာတွင် အာဆီယံနှင့် အခြားနိုင်ငံများ၏ ဆွေးနွေးချက် အခန်းကဏ္ဍက မည်မျှအတိုင်းအတာထိ ရှိမည်၊
-မြန်မာနိုင်ငံကို ဒေသတွင်း မတည်ငြိမ်မှု၏ အဓိကနိုင်ငံ ဖြစ်မလာရေးအတွက် အိန္ဒိယ၏ အခန်းကဏ္ဍအပေါ် အမေရိကန်အစိုးရက မည်သို့သုံးသပ်မည်၊
-မြန်မာနယ်စပ်ကို ကျော်ဖြတ်လာသည့် မူးယစ်ဆေးများ ပို့ဆောင်ပေးရာ ထိုင်းနှင့် တရုတ်နိုင်ငံတို့နှင့် အမေရိကန် အစိုးရ မည်သို့ အတူလက်တွဲ ဆောင်ရွက်သွားမည်နည်း စသည့်အချက်များ ပါဝင်သည်ဟု အစီရင်ခံစာတွင် ဖော်ပြထားသည်။

မြန်မာနိုင်ငံအပေါ် အမေရိကန်ဦးဆောင်သည့် နိုင်ငံတကာ ဒဏ်ခတ်ပိတ်ဆို့မှု မအောင်မြင်ရခြင်းမှာ

-အီးယူနှင့် ဂျပန်အပါအ၀င် အခြားနိုင်ငံများက မြန်မာနိုင်ငံအပေါ် ဒဏ်ခတ်မှုပုံစံ ကွဲပြားခြားနားနေခြင်း၊
-မြန်မာနိုင်ငံမှာ သဘာဝဓာတ်ငွေ့ ထုတ်လုပ်မှုများလာပြီး နိုင်ငံခြားရောင်းချနိုင်သည့်အချက်ကြောင့် စစ်အစိုးရ ၀င်ငွေ သိသိသာသာတိုးစေခြင်း၊
-အာဆီယံနိုင်ငံတွေက မြန်မာအပေါ် ဒဏ်ခတ်လိုသည့် ဆန္ဒမရှိခြင်း၊
-မြန်မာနိုင်ငံ၏ စံချိန်တင်လောက်အောင် နိုင်ငံတကာစီးပွားရေးနှင့် အဆက်ဖြတ်ပြီး အထီးကျန်နေနိုင်ခြင်း၊
-တရုတ်က မြန်မာစစ်အစိုးရကို စစ်ရေး၊ စီးပွားရေး ဆက်ကူညီနေခြင်းတို့ကြောင့် ဖြစ်သည်ဟု သုံးသပ်ထားသည်။

မြန်မာနိုင်ငံ၏ နယ်စပ်ဖြတ်ကျော် မှောင်ခိုလုပ်ငန်းများ၌ ကျောက်သံပတ္တမြားများနှင့် တန်ဖိုးပေးချေသည့် စနစ်သုံးသည်။ အထူးသဖြင့် စစ်အစိုးရသည် ကျောက်တွင်းများကို ထိန်းချုပ်ထားသည့်အလျောက် ကျောက်သံပတ္တမြားများ မှောင်ခိုရောင်းချခြင်း၊ တရားဝင်ရောင်းချခြင်း ကိစ္စများ၌ စစ်အစိုးရကိုယ်တိုင် ပါဝင်ပတ်သက်မှု ရှိသည်ဟု စွပ်စွဲထားသည်။

မြန်မာစစ်အစိုးရသည် ၀ယ်မည့်သူများအား မြန်မာနိုင်ငံထွက် ကျောက်သံပတ္တမြားများ မဟုတ်ကြောင်း ဖုံးကွယ်ပြီး အမေရိကန် ကျောက်မျက်ဥပဒေ ပိတ်ဆို့မှုကို ရှောင်ရှားရန် ကြိုးစားသည်ဟု အမေရိကန်ကွန်ဂရက်က စွပ်စွဲထား သည်။ အမေရိကန်ကွန်ဂရက်၏ ခန့်မှန်းချက်အရ ကမ္ဘာပေါ်ရှိ မြန်မာနိုင်ငံမှထွက်သည်ဆိုသည့် ပတ္တမြား (၉၀) ရာနှုန်းကျော်အနက် အမေရိကန်နိုင်ငံသို့ ၀င်လာသည့် (၃) ရာနှုန်းသာ မြန်မာနိုင်ငံထွက် ပတ္တမြားအစစ် ဖြစ်သည် ဟု ထောက်ပြထားသည်။

ထို့ပြင် မြန်မာစစ်အစိုးရသည် ၂၀၀၈ ခုတွင် မြောက်ကိုရီးယားနိုင်ငံမှ ဘက်စုံပစ် ဒုံးကျည်များ တင်သွင်းခဲ့သည့် အတွက် မြောက်ကိုရီးယားအပေါ် ကုလသမဂ္ဂမှ ဒဏ်ခတ်ထားမှုကို ချိုးဖောက်ရာရောက်သည်ဟု ဖော်ပြထားသည်။


Read More...

အဓမ္မလုပ်အားပေး ခိုင်းမှုကြောင့် ရွာသား ၃ ဦး သေဆုံး

ပဲခူးတိုင်း ဒိုက်ဦးနှင့် ကျောက်တံခါး မြို့နယ်တို့တွင် အဓမ္မ လုပ်အားပေး ခိုင်းစေမှုကြောင့် ဒေသခံ ကျေးရွာသား ၃ ဦး အသက်ဆုံးရှုံး ခဲ့ရသည်ဟု လူမှုရေးနှင့် အလုပ်သမားရေးရာ ဆောင်ရွက်နေသော လမ်းပြကြယ်အဖွဲ့ က ပြောသည်။

အာဏာပိုင်များက ကျောင်းနှင့် အစိုးရရုံးများတည်ဆောက်ရန် ဒေသခံရွာသားများကို သဲနှင့်ကျောက် ထုတ် လုပ်ရေးလုပ်ရန် ခိုင်းစေရာက သေဆုံးမှုဖြစ်ပွားရခြင်းဖြစ်သည်ဟု မြန်မာနိုင်ငံတွင်း လူ့အခွင့်အရေး ချိုးဖောက် မှုများကို စောင့်ကြည့်လေ့လာမှတ်တမ်းတင်နေသည့် ယင်းအဖွဲ့က ပြောဆိုသည်။

“ပဲခူးတိုင်းထဲမှာ ဒေသခံ အာဏာပိုင်တွေက အဓမ္မလုပ်အားပေးခိုင်းစေတာ ရှိနေတုန်းပဲ” ဟု လမ်းပြကြယ် အဖွဲ့မှ ရှေ့နေကြီး ဦးအေးမြင့်က ဧရာဝတီသို့ ပြောသည်။
ပဲခူးတိုင်း ကျောက်တံခါးမြို့နယ် ဂွေးချိုကုန်းရွာမှ ကိုမင်းဦးနှင့် ကိုမြင့်အောင်တို့ ညီအစ်ကို နှစ်ဦးသည် ဂွေးချိုကုန်းရွာမှ တမိုင်ခန့်အကွာ ဘုရားကြီး၌ အဓမ္မလုပ်အားပေးခိုင်းစေမှုကြောင့် ဖေဖော်ဝါရီ ၁ ရက်နေ့တွင် သဲပြို ပြီး သေဆုံးသွားကြောင်း ၎င်းက ပြောပြသည်။

ကျေးရွာအာဏာပိုင်များက ကိုမင်းဦး(အသက် ၃၀ နှစ်)နှင့် ကိုမြင့်အောင်(အသက် ၂၂ နှစ်) တို့ကို ဂွေးချို ကုန်းရွာ အစိုးရစာသင်ကျောင်းဆောက်လုပ်ရေးတွင်တာဝန်ချထားပြီး သဲများစုဆောင်းစေခဲ့သည်ဟု ဆို သည်။

“သဲပုံတဲ့နေရာမှာ သူတို့ သေတာပဲ၊ သဲပုံကြီးပြိုပြီး နှစ်ယောက်လုံးသေတာ”ဟု ဦးအေးမြင့် က ပြောသည်။

ဒိုက်ဦးမြို့နယ် ကျောက်တလုံးကျေးရွာနေ စောဖာလူ(အသက် ၅၄နှစ်)သည်လည်း ပဲခူးရိုးမပေါ်တွင် ကျောက် ထုတ်လုပ်ရေးအတွက် အဓမ္မလုပ်အားပေးခိုင်းစေမှုကြောင့် သေဆုံးသွားရသည်ဟု ၎င်းက ဆိုသည်။

“စောဖာလူက ကျောက်တုံးပိလို့ ဇန်န၀ါရီ ၂၉ ရက်နေ့က သေဆုံးသွားတယ်”ဟု ဦးအေးမြင့် က ပြောသည်။

ကျေးရွာအာဏာပိုင်များက ကျန်ရစ်သူမိသားစုများသို့ လျော်ကြေးတစုံတရာ ပေးခြင်းမရှိကြောင်းလည်း သိရသည်။

ယခု အဖြစ်အပျက်များကို ရန်ကုန်အခြေစိုက် နိုင်ငံတကာ အလုပ်သမားအဖွဲ့ (အိုင်အယ်လ်အို) ရုံးသို့ ဦးအေးမြင့်က တိုင်ကြားထားသည်ဟု ပြောသည်။

“အိုင်အယ်လ်အိုက ပြည်ပအခြေစိုက် မီဒီယာတွေကို မပြောစေချင်ဘူး”ဟု ဦးအေးမြင့် ကဆိုသည်။

အလားတူပင် လယ်သမားများနှင့် အလုပ်သမားရေးရာ အမှုကိစ္စများကို လိုက်ပါဆောင် ရွက်ပေးနေသူ ရှေ့နေကိုဖိုးဖြူကိုလည်း ဇန်နဝါရီလအတွင်း၌ အာဏာပိုင်များက မကွေးမြို့နယ် ရဲစခန်းတွင်ဖမ်းဆီး ထားခဲ့သည်။

ကိုဖိုးဖြူ မိသားစုနှင့် နီးစပ်သူ တဦးက“မကွေးခရိုင်တရားရုံးက အသင်းအဖွဲ့ပုဒ်မ (၆)နဲ့ တရားစွဲထားတယ် လို့ကြားတာပါ၊ သူ့မိသားစုကိုလည်း မေးလို့မရတော့ သတင်းအတိအကျမသိသေးဘူး”ဟုပြောသည်။

ကိုဖိုးဖြူသည် ဒေသအာဏာပိုင်များက ဖမ်းဆီးထားသော မကွေးတိုင်း နတ်မောက်မြို့နယ်တွင်းရှိ လယ် သမား များအတွက် ရှေ့နေလိုက်ပါပေးခဲ့သူဖြစ်သည်။ လယ်သမားများက သူတို့၏ လယ်ယာမြေများ အသိမ်း ခံရမှုနှင့် ပတ်သက်၍ ရန်ကုန်ရှိ အိုင်အယ်လ်အို ရုံးသို့ တိုင်ကြားခဲ့သည်။

Read More...

နိုင်ငံရေးအကျဉ်းသားများ လွှတ်ရန် အတိုက်အခံများ ပြောဆို

နန်းဒေ၀ီ
ကြာသပတေးနေ့၊ မတ်လ 12 2009 17:56 - မြန်မာစံတော်ချိန်


နယူးဒေလီ။ ။ လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်နှင့် နိုင်ငံရေးအကျဉ်းသားများ ပြန်လွှတ်ရေးသည် အမျိုးသား ပြန်လည် သင့်မြတ်ရေးအတွက် အဓိကဖြစ်သည်ဟု ထိုင်းအခြေစိုက် မြန်မာအတိုက်အခံများက ယနေ့ ပြောဆိုသည်။

မြန်မာ စစ်အစိုးရအနေဖြင့် ဒီမိုကရေစီနှင့် အမျိုးသား ပြန်လည်သင့်မြတ်ရေး လမ်းကြောင်းကို ဖော်ဆောင်ရာတွင် အဓိကနှင့် အရေးကြီးဆုံးအဖြစ် နိုင်ငံရေးအကျဉ်းသားများ လွှတ်ပေးရေးသည် ပထမဦးဆုံး ခြေလှမ်းဖြစ်ကြောင်း သူတို့က ပြောဆိုကြသည်။

“၂၀၁၀ ရွေးကောက်ပွဲ မတိုင်ခင် စစ်အစိုးရအနေနဲ့ အမျိုးသား ပြန်လည်သင့်မြတ်ရေး၊ ဒီမိုကရေစီနိုင်ငံ ဖြစ်ထွန်းရေး ခြေလှမ်းလှမ်းနေတယ်လို့ ပြောနေချိန်မှာ စစ်အစိုးရက နိုင်ငံရေးအကျဉ်းသားတွေ လွှတ်ပေးရမှာက ပထမဦးဆုံးနဲ့ အရေးကြီးဆုံး အကြောင်းအရာပါ” ဟု နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း (မြန်မာနိုင်ငံ) - အေအေပီပီ မှ အထွေထွေ အတွင်းရေးမှူး ဦးတိတ်နိုင်က မဇ္ဈိမကို ပြောသည်။

နိုင်ငံရေးအကျဉ်းသား ၂၀၀၀ ကျော် ထိန်းသိမ်းခံရဆဲဖြစ်ကြောင်း အေအေပီပီ စာရင်းအရ သိရသည်။

မနက်ဖြန်မှ စတင်ကာ အေအေပီပီနှင့်အတူ ထိုင်းနိုင်ငံအခြေစိုက် မြန်မာနိုင်ငံ ဒီမိုကရက်တစ် အင်အားစု - အက်ဒီဘီက ဒေါ်အောင်ဆန်းစုကြည် အပါအ၀င် နိုင်ငံရေး အကျဉ်းသားများ လွှတ်ပေးရန် လက်မှတ်ရေးထိုး လှုံ့ဆော်မည့် နိုင်ငံတကာဆိုင်ရာ ကင်ပိန်းကို ပြုလုပ်ကြမည်။

အက်ဒီဘီ အတွင်းရေးမှူးချုပ် ဒေါက်တာနိုင်အောင်က ''တွေ့ဆုံဆွေးနွေးရေးကို ထောင်ထဲမှာ ဓားစာခံလုပ်ပြီး ဆွေးနွေးတယ်ဆိုတာ မဖြစ်သင့်ဘူး။ ဒေါ်အောင်ဆန်းစုကြည် အပါအ၀င် ၈၈ မျိုးဆက်ကျောင်းသားတွေဟာ အာဏာကို မက်မောတာမျိုး လုံးဝ မရှိဘဲနဲ့ တိုင်းပြည်ရဲ့ ပြဿနာတွေကို ငြိမ်းငြိမ်းချမ်းချမ်း ဖြေရှင်းချင်တဲ့ သူတွေပါ။ တိုင်းပြည်မှာ ရေရှည်ဖြစ်လာမယ့် အရေးတွေကို မျှော်ကိုးပြီး နိုင်ငံရေးပြဿနာတွေကို နိုင်ငံရေးအရ ဖြေရှင်းမယ်ဆိုရင် ဒီလိုလူမျိုးတွေကို ထောင်ထဲမှာ မထားဘဲနဲ့ လွှတ်ပေးမယ်ဆိုရင် ပိုထိရောက်ပါတယ်'' ဟု ပြောသည်။

အက်ဒီဘီသည် မြန်မာ့ဒီမိုကရေစီအရေး လှုပ်ရှားနေသည့် အတိုက်အခံအဖွဲ့ ၇ ဖွဲ့ဖြင့် စုပေါင်းထားသည့် အင်အားစုဖြစ်သည်။

ကင်ပိန်ကို မေလ ၂၄ ရက်နေ့တွင် အဆုံးသတ်ကာ၊ လက်မှတ်ပေါင်း ၈၈၈၈၈၈ ရရှိရန် ပြုလုပ်မည်ဟု ဦးဆောင်သူများက ဆိုသည်။

ကင်ပိန်းနှင့် ပတ်သက်၍ ထိုင်းနိုင်ငံ ဘန်ကောက်ရှိ နိုင်ငံခြားသတင်းထောက်ရုံးတွင် ဒေသခံ မီဒီယာများ၊ နိုင်ငံခြားသား သတင်းထောက်များ ပါဝင်သည့် သတင်းစာ ရှင်းလင်းပွဲ လုပ်မည်ဖြစ်ကာ၊ နိုင်ငံရေး အကျဉ်းသားများ၏ ဘ၀သရုပ်ဖော်ချက်များ၊ ဓာတ်ပုံပြပွဲများပါ ပြသသွားမည်။

မနက်ဖြန် မတ်လ ၁၃ ရက်နေ့သည် “မြန်မာ့လူ့အခွင့်အရေးနေ့” ၂၁ နှစ်မြောက်နေ့နှင့် တိုက်ဆိုင်နေသည့်အပြင်၊ ကင်ပိန်းအဆုံးသတ် ၂၄ ရက်နေ့သည် ဒေါ်အောင်ဆန်းစုကြည်အား အကျယ်ချုပ်သက်တမ်း ပြည့်ပြီး လွတ်ရက်စေ့ရမည့် နေ့ဖြစ်သည်။

လက်မှတ်များကိုမူ ကုလ အထွေထွေအတွင်းရေးမှူးချုပ် မစ္စတာ ဘန်ကီမွန်းထံ ပေးပို့သွားမည်ဟု သိရသည်။

ပြီးခဲ့သည့် ဖေဖော်ဝါရီလတွင် မြန်မာနိုင်ငံဆိုင်ရာ လူ့အခွင့်အရေး အထူးကိုယ်စားလှယ် မစ္စတာ ကွင်တားနား၏ ၆ ရက်ကြာ မြန်မာပြည် ခရီးစဉ်အတွင်း နိုင်ငံရေးအကျဉ်းသားတချို့နှင့် တွေ့ဆုံခဲ့သည်။

ထိုလ ၂၁ ရက်နေ့တွင်မူ မြန်မာစစ်အစိုးရက ၂၀၁၀ ရွေးကောက်ရေး ပါဝင်နိုင်ရန်အတွက် ရည်ရွယ်သည်ဟု ဆိုကာ မြန်မာနိုင်ငံ အကျဉ်းစခန်းများမှ အကျဉ်းသား ၆၃၁၃ ဦးကို လွတ်ငြိမ်းချမ်းသာခွင့် ပေးခဲ့ရာ နိုင်ငံရေးအကျဉ်းသား ၃၀ ဦးခန့်သာ ပါဝင်ခဲ့သည်။

Read More...

ကေအန်ယူမှ ထုတ်ပယ်ထားသည့် ဗိုလ်ကြီး (၃) ဦး ကေအန်ယူ ခွဲထွက်အဖွဲ့နှင့် ပူးပေါင်း


NEJ / မတ်လ(၁၂) ရက်၊ ၂၀၀၉

ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော်မှ ဗိုလ်ကြီးအဆင့်ရှိ တပ်ဖွဲ့ဝင် (၃) ဦးသည် ယခုလဆန်းပိုင်းက ကရင်ခွဲထွက် အဖွဲ့တဖွဲ့ဖြစ်သည့် ဗိုလ်ဌေးမောင်၏ ကေအန်ယူ/ကေအန်အယ်လ်အေ ငြိမ်းချမ်းရေးကောင်စီအဖွဲ့နှင့် သွားရောက်ပူးပေါင်းလိုက်သည်။

ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော်မှ ဗိုလ်ကြီးစောနေစိုးမြ၊ ဗိုလ်ကြီးမဟာဆွေနှင့် ဗိုလ်ကြီးသဲးခီး တို့သည် ငြိမ်းချမ်းရေးကောင်စီအဖွဲ့နှင့် သွားရောက်ပူးပေါင်းသည်မှာ မှန်ကန်ကြောင်း ကေအန်အယ်လ်အေ ကာကွယ်ရေးဌာနမှ ဗိုလ်မှူးရှီးလေက ခေတ်ပြိုင်သို့ အတည်ပြုပြောကြားသည်။

ဗိုလ်ချုပ်ကြီးဟောင်း စောဘိုမြ၏ သားငယ်ဖြစ်သူ ဗိုလ်ကြီး စောနေစိုးမြသည် ယခင်နှစ် ဒီဇင်ဘာလ (၁၂) ရက်နေ့ က အဖွဲ့၏ခွင့်ပြုချက်မပါဘဲ ကော့ကရိတ်မြို့နယ် ထော့ကိုကိုးရွာတွင် အခြေစိုက်သည့် ကေအန်ယူ/ ကေအန်အယ်လ်အေ ငြိမ်းချမ်းရေးကောင်စီအဖွဲ့နှင့် သွားရောက်တွေ့ဆုံခဲ့သည့်အတွက် ကေအန်ယူဗဟိုမှ ခေါ်ယူ၍ သတိပေးတားမြစ်မူများ ပြုလုပ်ခဲ့ရသည်။

စောနေစိုးမြသည် ယခင်လက ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော်မှ နုတ်ထွက်ခွင့် တောင်းခံခဲ့ရာ ကေအန်အယ်လ်အေ စစ်ရုံးချုပ်မှ ၎င်းအား နုတ်ထွက်ခွင့်ပြုခဲ့သည့်နောက်ပိုင်း ထော့ကိုကိုးသို့ သွားရောက်ခဲ့ခြင်း ဖြစ်သည်။ ၎င်းတို့ (၃) ဦးနှင့်အတူ ကရင်အမျိုးသား အစည်းအရုံးကို အစဉ်တစိုက် အားပေးထောက်ခံခဲ့ပြီး ကရင်ခွဲထွက် အဖွဲ့များကို ပြင်းပြင်းထန်ထန် ဝေဖန်ခဲ့သည့် ကေအန်ယူ နယ်မြေအခြေစိုက် အင်းရှည်ဆရာတော် ဦးဝိဇယသည်လည်း ၎င်းတို့နှင့်အတူ လိုက်ပါသွားခဲ့သည်။

ထော့ကိုကိုးသို့ လိုက်ပါသွားသူ (၄) ဦးထဲတွင် စောနေစိုးမြ၊ စောမဟာဆွေ၊ စောသဲးခီးတို့ (၃) ဦးမှာ ကေအန်ယူ/ ကေအန်အယ်လ်အေ ငြိမ်းချမ်းရေးကောင်စီအဖွဲ့၏ တရားဝင်အဖွဲ့ဝင်များ ဖြစ်သွားပြီးဟု ဗိုလ်မှူးရှီးလေက အတည်ပြု ပြောသည်။ သို့သော် ဘုန်းတော်ကြီး ဦးဝိဇယကမူ “ဘုန်းကြီးဆိုတာက ဒကာ၊ ဒကာမတွေ ပင့်ဖိတ်လို့ရှိရင် ဘယ်အရပ် ဘယ်ဒေသမဆို ကြွရတယ်” ဟု ပြောသည်။

စောသဲးခီးအား ကေအန်အယ်လ်အေမှ ထုတ်ပယ်ထားသည်မှာ ကြာပြီဖြစ်သော်လည်း စောနေစိုးမြကို ယခင်လကုန် ပိုင်း၌ နုတ်ထွက်ခွင့်ပြုခဲ့ခြင်း ဖြစ်သည်။ စောမဟာဆွေနှင့် ပတ်သက်၍ အသေးစိတ် အချက်အလက်များ မသိရှိ ရသေးသော်လည်း ဘုန်းတော်ကြီး ဦးဝိဇယ အပါအ၀င် ၎င်းတို့ (၄) ဦးသည် ယခုရက်ပိုင်းအတွင်း မဲဆောက်မြို့သို့ ပြန်လည်ရောက်ရှိလာပြီး မဲဆောက်နှင့် ထော့ကိုကိုးသို့ ပုံမှန်သွားလာလျက်ရှိသည်။

ကရင်အမျိုးသားအစည်းအရုံးသို့ ယခုကိစ္စနှင့် ပတ်သက်၍ ဆက်သွယ်မေးမြန်းခဲ့ရာ အဖွဲ့၏ တာဝန်ရှိသူတဦးက အဆိုပါလူများသည် မိမိတို့အဖွဲ့နှင့် လုံးဝပတ်သက်ခြင်းမရှိတော့သဖြင့် တစုံတရာပြောကြားရန် အကြောင်းမရှိဟု ခေတ်ပြိုင်သို့ ပြောကြားသည်။

Read More...

မလေးပြန် ကူညီတတ်သူ ထောင်ဒဏ် ၁၇ နှစ်

မြင့်မောင်
ကြာသပတေးနေ့၊ မတ်လ 12 2009 17:18 - မြန်မာစံတော်ချိန်


နယူးဒေလီ (မဇ္ဈိမ) ။ ။ ဧရာဝတီတိုင်းမှ နာဂစ်မုန်တိုင်းသင့် ဒုက္ခသည်များကို ကူညီနေစဉ် အဖမ်းခံခဲ့ရသူကို ၈ လကြာမျှ ရန်ကုန် အင်းစိန်ထောင်တွင် ထိန်းသိမ်းထားရာမှ ယမန်နေ့က ထောင်တွင်း အထူးတရားရုံးက ထောင်ဒဏ် ၁၇ နှစ် ချမှတ်လိုက်သည်။

တောင်ဥက္ကလာပမြို့နယ်မှ ဦးထွန်းအောင်နှင့် ဒေါ်သိန်းသိန်း၏ သားဖြစ်သူဟု သိရသူ ကိုမင်းသိန်းထွန်း ခေါ် ကိုသီဟသည် ဧရာဝတီတိုင်းမှ လေဘေးဒုက္ခသည်များကို ကူညီနေရင်း ၂၀၀၈ ခုနှစ် ဇူလိုင်လအတွင်း အဖမ်းခံရကာ တရားမ၀င် အသင်းနှင့် ဆက်သွယ်ခြင်းနှင့် နယ်စပ်ကို တရားမ၀င်ဖြတ်ကျော်မှု အပါအ၀င် ပုဒ်မ ၃ ခုဖြင့် ယခုလို ပြစ်ဒဏ်ကျခံရခြင်း ဖြစ်သည်။

“မနေ့က အင်းစိန်ထောင်တွင်း အထူးတရားရုံးက ၁၇ နှစ်ပေါ့နော်၊ အီလက်ထရောနစ်၊ နယ်စပ်ဖြတ်ကျော်မှု၊ တရားမ၀င် အသင်းနဲ့ ဆက်သွယ်မှုနဲ့ ပြစ်ဒဏ်ချမှတ်တာ ဖြစ်ပါတယ်” ဟု ဆွေမျိုးတော်စပ်သူတဦးက မဇ္ဈိမကို ပြောသည်။

ကိုမင်းသိန်းထွန်းသည် မလေးရှားနိုင်ငံသို့ တရားဝင် ပတ်စ်ပို့ဖြင့် ၂၀၀၅ ခုနှစ်မှ စတင်ကာ သွားရောက် အလုပ်လုပ်နေခဲ့ပြီး၊ ၂၀၀၈ ခုနှစ် မေလတွင် နာဂစ်မုန်တိုင်းကြောင့် အတိဒုက္ခရောက်နေသူများကို ကူညီရန်အတွက် သူ၏ အွန်လိုင်းဘလော့ဂ်မှတဆင့် အလှူငွေနှင့် ပစ္စည်းများ တောင်းခံခဲ့သူဖြစ်သည်။

သူ၏ www.thiha.blogsport.com ဘလော့ဂ်မှာ ယခုအခါတွင် ဖတ်ရှု၍ မရနိုင်တော့ပဲ ဖြစ်နေသည်။

အကူအညီများကို ဧရာဝတီတိုင်းမှ မုန်တိုင်းသင့် ဘိုကလေး၊ လပွတ္တာ၊ ဒေးဒရဲမြို့များသို့ ကိုယ်တိုင် သွားရောက်ပို့ဆောင်နေရင်း ၃ ကြိမ်မြောက် ခရီးစဉ်ဖြစ်သည့် ၂၀၀၈ ခုနှစ် ဇူလိုင်လအတွင်းက အဖမ်းဆီးခံခဲ့ရသည်။

ဇူလိုင်လ ၁၁ ရက်နေ့တွင် အာဏာပိုင်များက နေအိမ်သို့ လာရောက်ရှိဖွေမှုများ ပြုလုပ်ခဲ့သလို အောင်သပြေ စစ်ကြောရေးစခန်း၌ နှစ်လကြာ စစ်ဆေးပြီးနောက် စက်တင်ဘာလ ၁၆ ရက်နေ့တွင် အင်းစိန်ထောင်သို့ ပို့ဆောင်ခံခဲ့ရသည်။

မိဘများမှာ ပင်စင်စားများဖြစ်သဖြင့် စီးပွားရေးအခြေအနေအရ အမှုအတွက် ခုခံချေပပေးမည့် ရှေ့နေကို ငှားရမ်းနိုင်ခြင်း မရှိကြောင်း သိရသည်။

Read More...

အတောင်ပံနဲ့ မိုးကောင်းကင်နဲ့ ကြား …

ဇွန်မှိုင်း
မတ် ၁၂၊ ၂၀၀၉

(၁)

ကျနော် နိုင်ငံရေး အကျဉ်းသားများ ကူညီ စောင့်ရှောက်ရေးအသင်း (AAPP) ရုံးဝင်းထဲကို ဝင်လိုက်တယ်ဆိုရင်ပဲ သီချင်းသံတွေကို ကြားလိုက်ရတယ်။

အပြင်ကမ္ဘာနဲ့ အဆက်ဖြတ်တဲ့ မြေစာအံသံတွေ သုဉ်းဆိတ်စေလည်း

ရင်မှာကိုယ်စီရှိတဲ့ အတွေ့အကြုံ… အပြန်အလှန် ဖလှယ်နေရင်း

အချိန်တွေကို စစ်ခင်း ပညာရှာကာ ဘဝရဲ့ ကျောင်းထဲမှာ …”

ဒါ အထဲက သီချင်းပဲ၊ ဘဝတက္ကသိုလ်လို့ နာမည်ပေးထားတဲ့ ကို - - ရေးတဲ့ သီချင်းပဲ၊ ကျနော်တို့ အထဲမှာ တောက်လျှောက် ဆိုခဲ့တဲ့ သီချင်း၊ အခု ဘယ်သူ့အသံပါလိမ့်။

သြော် ကိုဂျွန်၊ ကိုဂျွန့် အသံပဲ။ သူ့အသံနဲ့ ဒီသီချင်းက တော်တော်လိုက်တာပဲ။

ကျနော် အာရုံစိုက်ပြီး နားထောင်ကြည့်လိုက်တယ်။ ကိုဂျွန့် အသံထဲမှာ ကြေကွဲ ဆို့နင့်မှုတွေ တနင့်တပိုးနဲ့ပါလား။

င်ရိုးတခုနဲ့ မကန့်သတ်တဲ့ ဘဝရဲ့ တက္ကသိုလ် ... ကြုံတွေ့ရသမျှ တို့အတွက်က သိမှတ်စရာပါ

ခေါင်းလောင်းမထိုး ကျောင်းမဆင်းတဲ့ ဘဝရဲ့ တက္ကသိုလ် စက္ကန့်မလပ် တို့အတွက်က ကျောင်းတက်ချိန်ပါ …”

အကျဉ်းထောင်ထဲက သီချင်းတွေကို AAPPက စီဒီထုတ်ပြီး နိုင်ငံတကာကို ဖြန့်ချိမလို့တဲ့။

ကောင်းလိုက်တဲ့ စိတ်ကူး။ ဒီစိတ်ကူးကို ရသွားတဲ့ AAPPကို ကျနော် ကျေးဇူးတင်တယ်။

ဒီသီချင်းတွေဟာ ကျနော်တို့ရဲ့ ဘဝ၊ ကျနော်တို့ရဲ့ ရင်ခုန်သံ ဘယ်လိုမှ တန်ဖိုးဖြတ်လို့ မရနိုင်တဲ့ ကျနော်တို့ရဲ့ အရင်း အနှီးတွေ။

(၂)

ကျနော် AAPPပြခန်းထဲကို ဝင်လိုက်တယ်။

ကင်းသံချောင်းခေါက်သံတွေ ကျနော် ကြားလိုက်ရသလိုပဲ။

အုတ်ရိုး သွတ်ဆူးကြိုး စစ်ခွေးတိုက်၊ ပုံစံခန်း၊ ခြေကျင်းရိုက်သံ၊ ပြီးတော့ အမေနှမ ကိုင်တုတ်နေတဲ့ မကြားဝံ့မနာသာ ဆဲသံတွေ ကျနော့်နားထဲ၊ ကျနော့် မျက်စေ့ထဲမှာ မြင်ယောင် ကြားယောင်လာတယ်။

ဒီနေရာတွေဟာ ခဏခဏ အမှတ်ရဖို့ ကောင်းတဲ့နေရာတွေ မဟုတ်ဘူး ဆိုပေမယ့်

ဒီနေရာတွေမှာပဲ ကျနော်တို့ ဓားတွေကို ဆေးသားတင်ခဲ့ကြတယ်။

ဒီနေရာတွေမှာပဲ ကျနော်တို့ ယုံကြည်ချက်တွေကို ပိုပြီး ခိုင်မြဲစေခဲ့ကြတယ်။

ဒီနေရာတွေမှာပဲ ကျနော်တို့ရဲ့ ရင်ခုန်သံတွေကို ထုဆစ်ခဲ့ကြတယ်။

(၃)

နံရံအိုတွေ အုတ်ရိုး၊ ကင်း ဗူး၊ကိုးစင်တွေ ရာဇာမင်းလက် သားကောင်များ ညည်းတွားသံတွေ

သော့အိမ်တွေ အလီလီ အထပ်ထပ် ကြောက်တတ်သော အပြစ်ရှိသူတွေ

ကိုအီဗားရဲ့ သီချင်းသံဟာ ကျနော့်အခန်းထဲကို ရောက်လာတယ်။ သူ့အသံဟာ ခါတိုင်းထက် ပိုပြီး ကြေကွဲနေသလိုပဲ။

ရေးလက်စ ကဗျာတပိုင်းတစကို အသာချပြီး ကျနော် သံတခါးဆီ တိုးကပ်ကြည့်လိုက်တယ်။ ကိုအီဗားဟာ တိုက်(၃) အခန်း(၄)ရဲ့ သံတိုင်တွေကို ကျစ်ကျစ်ပါအောင် ဆုပ်ကိုင်ရင်း ဟိုး ခပ်ဝေးဝေးဆီကို ငေးပြီး နောက်တပိုဒ်ကို ဆက်ဆိုတယ်။

ခြေသံလိုလို တစ္ဆေများလား ညဝိညာဉ်တွေ … ပြိုပြီ ကျီးတသင်း

ကင်းသံချောင်း ကောင်းဟစ်သံတွေ အသိဉာဏ်တွေ သံခြေကျင်းခတ်

မကြောက်တတ်သော သတိရှိသူတွေ …”

မကြောက်တတ်ဘူး ဆိုတာ သေချာတာပေါ့။ ကိုအီဗားဟာ ဒီသာယာဝတီထောင်ကို ရောက်တာ နှစ်ခေါက်ရှိပြီပဲ။ လွတ်ပြီးလို့မှ ဘာမှမကြာခင် နောက်တခေါက်အတွက် သူ အဆင်သင့်ဖြစ်ခဲ့တယ်။ နည်းနည်းလေးမှ နောက်မတွန့်ခဲ့ဘူး။

ကျနော်တို့အခန်းကနေ ဗူးကို လှမ်းတွေ့ရတယ်။ (၅) ဗူးပေါ်က မီးမောင်းဟာ ကျနော်တို့ (၃/၄) တိုက်ဝင်း၊ (၁/၂) တိုက်ဝင်း၊ (၁)ဆောင်နှင့် ဖိုကြီးအစပ်ဆီကို လှမ်းထိုးလိုက်တယ်။ ဆက်တိုက်နီးပါးမှာပဲ (၈) နာရီ သံချောင်းခေါက်သံတွေ ဗူးစင်တိုင်း က ထွက်လာတယ်။ ဗာယာတွေရဲ့ တုံးခေါက်သံ၊ အဆောင်တွေဆီက အားလုံးကောင်းပါတယ် ဆရာကြီးဆိုတဲ့ သတင်းပို့သံတွေ ဆက်တိုက် ထွက်လာတယ်။

ဘာတွေ အားလုံးကောင်းနေကြတာလဲ။

မနက်ပိုင်းကတင် Dictionary ထောင်ဝင်စာက သွင်းခွင့်ပြုဖို့ ထောင်ပိုင်ကြီးကို တင်ပြခဲ့တဲ့ စက်မှုတက္ကသိုလ်ကျောင်းသား ကိုစိုးထွန်းကို ရိုက်ချင်တိုင်းရိုက်၊ ထိုးကြိတ်ချင်တိုင်း ထိုးကြိတ်ပြီးကိုးတိုက်ထဲကို ပို့လိုက်သေးတာပဲ။

ကြိုးတိုက်မှာ စောင်မပါ၊ အဝတ်အပိုမပါနဲ့ တယောက်ထဲ ခွဲပြီး ပြစ်ဒဏ်အဖြစ် ချုပ်နှောင်ထားပြီးတဲ့ အထိတောင်

အားလုံး ဘာတွေ ကောင်းနေကြသေးတာလဲ။ ကျနော် စဉ်းစားမရဘူး။

အဲဒီအချိန်မှာပဲ ဘေးအခန်းက (၁ဝ)တန်းကျောင်းသားလေး ဟန်ဝင်းအောင်ရဲ့ တောက်ခေါက်သံကို ကြားလိုက်ရတယ်။

အကောင်းဆုံးသော မျှော်လင့်ချက် အနာဂတ်အတွက် ဖြစ်စေ

အဆိုးဝါးဆုံး ဒဏ်ဆူးချက် လူတချို့ ပြည့်နှက်ကာ နေ ရွှေပြည်ကို လှမ်းဆက်ခရီးမှာလေ

ကိုအီဗားရဲ့ သီချင်းသံဟာ အုတ်ရိုးတွေကို ကျော်ပြီး

အပြင်က လယ်ကွင်းတွေကို ကျော်ပြီး ကျနော်တို့ကို ငေးကြည့်နေတဲ့ ရိုးမတွေဆီထိ ရောက်သွားပြီလား။

(၄)

ဘိုကလေး မုန်တိုင်းစစ်ဆင်ရေးမှာ အဖမ်းခံရပြီး (၁၇)နှစ် ကျခံလာရတဲ့ ကရင်လယ်သမားလေး စောတာအယ် ကို ကျနော် တောင်ယာထဲမှာ လှမ်းတွေ့ရတယ်။

ကြက်ဟင်းခါးစင်ကလေး ဘေးမှာ တလှုပ်လှုပ်နဲ့ ဝါးခြမ်းပြားတခုကို အသေအချာ ချာသတ်နေတယ်။ သူ့ဘေးမှာက တောင်ယာ တူးရင်း ဆွရင်း ကောက်ရတဲ့ သံပြားအစအနလေးတွေကို ကြံဖန်ပြီးလုပ်ထားတဲ့ ဓါးတလက်ရယ်၊ ဆူးလေး နှစ်ချောင်း ရယ်၊ ပုလင်းကွဲ သုံးလေးစရယ်။

ဟေ့လူ ဘာလုပ်မလို့လဲ သဲကြီးမဲကြီး

သူက သူ့ပါးစပ်ကို လက်ညိုးလေး အသာကပ်ပြီး ခပ်ပြုံးပြုံးမျက်နှာထားနဲ့

“ရှူး … တိုးတိုး အကို၊ ဂစ်တာလုပ်မလို့

ဟာ ဟုတ်လှချည်လား၊ စိတ်ကူးကောင်းလှချည်လား၊ ကြိုးက ဘယ်လိုလုပ်မလဲ

နိုင်လွန်ကြိုးလေ အကိုရ၊ ကြည့်နေပါ၊ ညနေကျရင် အကိုတွေ့မယ်

စောတာအယ်ရဲ့ ပြုံးက တကယ်ကို ချစ်စရာပါ။

ကလေးတယောက် ရွှံဗွက်ထဲမှာ ထိုင်ပြီး လွတ်လွတ်လပ်လပ် ဆော့ခွင့်ရနေတဲ့ ပုံစံမျိုး။ တကယ်ကို ကြည်ကြည်နူးနူး။

ညနေကျတော့ ကျနော် ထောင်တွင်းဖြစ် ဂစ်တာကို မြင်ရပြီ၊

ထောင်ဝင်စာက ရေထည့်ဖို့ သွင်းထားတဲ့ မိုလာပုံးကို ဂစ်တာ အိုးလုပ်၊ သူ မနက်က အချောသတ်နေတဲ့ ဝါးခြမ်းပြားက ဂစ်တာဖလက်တန်ဖြစ်၊ သူ့ သူငယ်ချင်းတွေ မနက်က အလုပ်ရှုပ်နေတဲ့ နိုင်လွန်ချည် တခင်က ဂစ်တာကြိုးတွေဖြစ်၊ တစ်ကြိုး၊ နှစ်ကြိုး၊ သုံးကြိုး

ဂစ်တာတလုံးက လိဒ်တီးဖို့တဲ့၊ နောက်တလုံးက ရစ်သမ်တီးဖို့တဲ့၊ သူတို့ ဂစ်တာကို သူတို့ ကျေကျေနပ်နပ်ကြီး တီးခတ် နေကြပုံများ မြင်ရသူတိုင်း အပျော်မကူးပဲ မနေနိုင်ဘူး။

(၅)

အခန်းရဲ့ အလယ်မှာ စားပွဲပုပုလေးတလုံး၊

အဲဒီစာပွဲပေါ်ကို အနီရောင် စောင်တထည်နဲ့ ကျကျနန လေးဘက်လေးတန်ရော၊ အပေါ်ဘက်ရော ပတ်လိုက်တဲ့အခါ အနီရောင် လေးထောင့်အတုံးလေး တတုံးဖြစ်သွားတယ်။ အဲဒီ အနီရောင်အတုံးပေါ်မှာ အနက်ရောင် ခပ်ထူထူ အထည်စတခုကို စနစ်တကျ ခေါက်တင်လိုက်ပြီး အဲဒီအနက်ရောင်ပေါ်မှာတော့ အနီရောင် ကစ္စမီကွစ်ခ်ပန်းကလေးတွေကို ကြယ်ပုံသဏ္ဍာန် ဖော်လိုက်တယ်။ ပိန်းပိတ်နေအောင် မဲနက်နေတဲ့ အမှောင်တိုက်ထဲက ကြယ်နီတပွင့်ဖြစ်သွားတယ်။

အဲဒီကြယ်ရဲ့ ပတ်ပတ်လည်မှာက ဖယောင်းတိုင် (၁၃)တိုင်။

ဖယောင်းတိုင်တွေကို မီးထွန်းညိပြီးတဲ့ အချိန်မှာတော့ ဒီစားပွဲလေးကို ကျနော်တို့ အားလုံး ဝိုင်းလိုက်ကြတယ်။

၁၂ ပေ ၈ ပေ အခန်းထဲမှာ လူ (၃ဝ) နီးပါး။

ရဲဘော် ကိုဖုန်းမော်နှင့်တကွ ဒီမိုကရေစီတိုက်ပွဲ အဆက်ဆက်တွင် ကျဆုံးခဲ့ရသော ရဟန်းရှင်လူ ကျောင်းသား ပြည်သူ အပေါင်းတို့အား အလေးပြု

ထောင်မှူး ဒါမှမဟုတ် တာဝန်မှူး တယောက်ယောက် လာရင် အချိန်မီ သတိပေးနိုင်ဖို့ အပြင်မှာ တယောက်၊ ဂိတ်တခါး နားမှာ တယောက် ကင်းချထားတယ်။ အလေးပြုပြီး မကြာခင်မှာ

ကမ္ဘာမကြေဘူး ငါတို့သွေးနဲ့ ရေးခဲ့ကြတဲ့ မော်ကွန်းတေး

တော်လှန်ရေး ဒီမိုကရေစီတိုက်ပွဲအတွင်းမှာ ကျဆုံးသော အို သူရဲကောင်းတို့ရေ

အာဇာနည်တွေ နေတဲ့တိုင်းပြည်

ကမ္ဘာမကြေ မျိုးဆက်သစ် သီချင်းကို ဆိုတယ်။ ရဲဘော် နှစ်ယောက်က မနေ့က စောတာအယ် လုပ်ပေးတဲ့ ဂစ်တာ နှစ်လက်ကို တီးခတ်ကြတယ်။ ပြီးတော့ လှောင်ချိုင့်ထဲက တေး၊ ၅ည သံစဉ်၊ ချယ်ရီ သို့မဟုတ် ရနံ့မဲ့ ခရီးရှည်၊ နိုင်ငံတော် ငိုချင်း၊ ရှစ်ရက် ရှစ်လ ရှစ်ဆယ့်ရှစ်၊ ဒီနံရံတွေကြား နှင့် ဘဝတက္ကသိုလ် စတဲ့ သီချင်းတွေ တောက်လျှောက်ဆိုကြတယ်။

ဒီနေ့ဟာ မြန်မာနိုင်ငံလူ့အခွင့်အရေးနေ့” “ကိုဖုန်းမော်နေ့ မတ်လ (၁၃)ရက်နေ့လေ။

အကျဉ်းထောင်ရဲ့ အကြပ်တည်းဆုံးနေ့ရက်များမှာတောင် အောက်မေ့ဖွယ်နေ့တွေကို ကျနော်တို့ ဖြစ်အောင် ကျင်းပခဲ့ကြတယ်။

(၆)

ကျနော် ကဗျာတပုဒ်ပြီးသွားတိုင်း ဆရာပွင့်ကို ပြကြည့်တယ်။

ဆရာ ကျနော့်ဟာ ကဗျာရော ဖြစ်ရဲ့လား ဆရာအဲဒီလို ကျနော်မေးတိုင်း ဆရာက ဖြစ်ပြီလားဗျာ၊ ဒီလောက် ဘယ်နေရာကြည့်ကြည့် လွမ်းစရာတွေ ချည်းဖြစ်နေတဲ့ နေရာမှာ ကျနော်တို့ရင်ထဲက အရာတွေကိုသာချရေး၊ ဘာရေးရေး ကဗျာ ပေါ့ဗျာလို့ ဆရာက အမြဲပြောတယ်။

ဆရာပြောတာလည်း ဟုတ်တာပဲလေ၊

ကျနော်တို့အထဲက ဘဝတွေကိုပဲ ကြည့်ကြည့်၊ အပြင်မှာ ကျန်ခဲ့တဲ့ ဘဝတွေကိုပဲ လှမ်းကြည့်ကြည့် အရာရာဟာ ရင်နှင့် ရင်းနှီးခဲ့ကြရတာတွေချည်းပဲ။

အုတ်နီခဲကျိုးကို ချွန်နေအောင်သွေးထားပြီး သမန်တလင်းပေါ်မှာ ရင်ထဲက ခံစားချက်တွေ တလုံးချင်း ရေးချ၊

ကဗျာ တပါဒလောက် ဖြစ်သွားပြီဆိုရင် အဲဒါကို အလွတ်ကျက်၊

ဘာကြောင့်လဲဆိုတော့ ၁၂ ပေ ၈ ပေ အခန်းထဲမှာ လူက (၅) ယောက်လောက်ထည့်ထားတာ ဆိုတော့ သမန်တလင်း လက်ကျန်ဆိုတာကိုက သိပ်မှ မကျန်တော့တာဘဲ။

အဲဒီလို ရေးလိုက် ကျက်လိုက် ပြန်ဖျက်လိုက် အသစ်ထပ်ရေးလိုက်နဲ့ ကဗျာတပုဒ် အပီအသ ဖြစ်သွားပြီ ဆိုတဲ့အခါကျမှ ပလပ်စတစ် အကြည်သားကို နံရံပေါ် ကပ်တင်ပြီး သံချွန်သေးသေးလေးနဲ့ ဒါမှမဟုတ် ဒုတ်အချွန် သေးသေးလေးနဲ့ ဖိပြီး ရေးကြရ တာ။

အဲဒီလိုရေးပြီးသွားတဲ့ ကဗျာကိုမှ ဟိုအခန်း ဒီအခန်း ပြကြ၊ ဖတ်ကြ၊ ဝေမျှ ခံစားကြ။

အခွင့်အလမ်းကောင်းလေး ကံကောင်းထောက်မလို့ ရကြရင်၊ ဟိုတိုက် ဒီတိုက်အထိ လှမ်းဖြန့်ကြ၊ အပြန်အလှန်ခံစား ကြ၊ အပြန်အလှန် ဝေဖန်အကြံပြုကြ။

အဲဒီ ကဗျာတွေကနေ ဂီတ သံစဉ်တွေနဲ့ တွေ့သွားကြတဲ့အခါ သီချင်းတွေ ဖြစ်လာတယ်။

စစ်အုပ်စုဟာ တိုင်းပြည်ရဲ့ အညွန့်အဖူးတွေကို စစ်ဖိနပ်နဲ့ နင်းချေတယ်။ သူ့ရည်ရွယ်ချက်က တစစီ ကြေမွ ပျက်သုန်း သွားစေချင်တယ်။

ကျနော်တို့ရဲ့ တိုင်းချစ်ပြည်ချစ်စိတ်တွေကို အမြစ်က ဆွဲနှုတ်ပစ်လိုက်သလို တစမကျန် ဖျက်သိမ်းပစ်ချင်တယ်။

ဒါပေမယ့် ဒါနဲ့ ပြောင်းပြန်ပဲ။ သူက ဖျက်သိမ်းပစ်ဖို့ ကြိုးစားလေလေ ပိုပြီးရှင်သန် ခိုင်မာလာလေလေပဲ။

သံပူပူမှာ အားစိုက်ထုနှက်လိုက်သလို သံမဏိသား တနေ့တခြားတက်လာတယ်။ မီးဆေးလိုက်တဲ့ ဓါးလို ဆေးသားတွေ တထပ်ပြီး တထပ် တက်လာတယ်။ ရန်သူ့ရဲ့ အထုအနှက်ကို ခံလိုက်ရတိုင်း ကဗျာတွေ ထွက်ကျလာ၊ သံစဉ်တွေ ထွက်ကျလာ၊ အဲဒီကမှတဆင့် တော်လှန်ရေး တေးသီချင်းတွေ ထွက်ကျလာတယ်။

ဒီလိုနဲ့ နှစ်တွေကြာလာတာနဲ့အမျှ ကဗျာတွေ တပုဒ်ပြီး တပုဒ်၊ သီချင်းတွေ တပုဒ်ပြီး တပုဒ်

(၇)

အထဲမှာ အောက်မေ့ဖွယ် အခမ်းအနားတွေ တခု လုပ်တိုင်း လုပ်တိုင်း ကျနော့် ရင်ထဲမှာ အမြဲဖြစ်နေတဲ့ တောင့်တမှု တခုက ဗီဒီယိုမှတ်တမိးုက်ထားချင်တဲ့ ကိစ္စပဲ။

ဆရာရယ် ဗီဒီယိုနဲ့ မှတ်တမ်းတင်ထားပြီး အပြင်က ရဲဘော်တွေ၊ နိုင်ငံတကာက ရဲဘော်တွေကို ပေးပြရရင် သိပ်ကောင်းမှာပဲနော်လို့ ကျနော်က တမ်းတမ်းတတ ပြောမိတဲ့အခါတိုင်း ဆရာပွင့်ဟာ ကျနော်ကို ငေးငေးကြီး စိုက်ကြည့်နေတတ်တယ်။

အဲဒီအချိန်မျိုးမှာ သူ့မျက်ဝန်းတွေက အလွမ်းတွေနဲ့ စိုစွတ်လို့။

ပြီးတော့ ဆရာက လေးလေးကြီးနဲ့ ဒါတွေဟာ တကယ့် သမိုင်းတွေပါဗျာတဲ့၊

သူ ခပ်ဆွေးဆွေးကြီးပြောပြီး ကျနော့်လက်ကို တနွေးတထွေး ဆုပ်ကိုင်ထားတတ်တယ်။

(၈)

အခုတော့ ကျနော် အနှစ်နှစ် အလလ က မက်ခဲ့ရတဲ့ အိမ်မက်တွေကို AAPPက အကောင်အထည်ဖော်လိုက်ပါပြီ။

အတောင်ပံနဲ့ မိုးကောင်ကင်ရဲ့ကြား

လှောင်ချိုင့်များရှိသရွေ့ မိုးနဲ့ တို့နဲ့ မတွေ့

မပျံနိုင်တဲ့ ငှက်ကလေး

အာကာသ ဟင်းလင်းပြင်နဲ့ ဝေး

အတောင်ပံရှိရက်နဲ့ လွတ်လပ်ရေးမရလို့ မပျံနိုင်တဲ့ ငှက်ကလေး

အဆိုရှင် လင်းလင်းရဲ့ အသံကို ကျနော် ကြားနေရတယ်။ လင်းလင်းကလည်း အဆိုကောင်းမှကောင်း။

သီချင်းနံမည်က လှောင်ချိုင့်ထဲက တေးတဲ့၊ ကိုနေဝန်းနီ ရဲ့ လက်ရာ။

မကြာခင် ကမ္ဘာအနှံ့ ပျံသန်းထွက်ခွာတော့မှာ ဆိုတဲ့ အသိဟာ ကျနော့် ရင်ကို တလှပ်လှပ်ခုန်စေခဲ့တယ် ဆိုတာ အထဲမှာ ကျန်ရစ်ခဲ့ကြတဲ့ ကျနော့် ညီအကို မောင်နှမတွေ အသေအချာသိနိုင်ကြမှာပါ။

လှောင်ချိုင့်ထဲက ငှက်ငယ်များ အမြန်ဆုံးလွတ်မြောက်နိုင်ပါစေ။

(၂၃၊ ဖေဖော်ဝါရီ ၂ဝဝ၆။)


Read More...