DREAM ANGEL သို့ လာရောက်လည်ပတ်ကြသူအားလုံးကို DREAM ANGEL မှ ကျေးဇူးအထူးတင်ရှိပါတယ်.........

Friday, January 23, 2009

ကိုယ့်လမ်း ကိုယ်ထွင်စေချင်သူ


ရန်ကုန်မြို့တွင် နေထိုင်သည့် သတင်းစာဆရာ လူထုစိန်ဝင်းအား အမေရိကန် သမ္မတသစ် ဘရက် အိုဘားမားနှင့် ပတ်သက်ပြီး ဧရာဝတီက ဆက်သွယ် မေးမြန်းခဲ့ပါသည်။လူထု စိန်ဝင်းသည် တပါတီ အာဏာရှင် ဦးနေ၀င်း အစိုးရ လက်ထက်တွင် ထောင်ဒဏ် ချမှတ်၍ တကျွန်း အပို့ ခံခဲ့ရသည်။ ဆရာသည် သတင်းစာဆရာ တဦးအနေဖြင့် မဂ္ဂဇင်း၊ ဂျာနယ် များတွင် ဆောင်းပါးများ၊ စာအုပ် စာတမ်းများကို ရေးသား ထုတ်ဝေနေခဲ့သူ ဖြစ်သည်။ ယခု ဆက်သွယ် မေးမြန်းမှုကို ကျန်းမာရေး ချို့ယွင်းနေသည့် ကြားမှ ဖြေကြား ပေးခဲ့ခြင်း ဖြစ်ပါသည်။

မေး။ ။ အမေရိကန် သမ္မတသစ် မစ္စတာ ဘရက် အိုဘားမားအပေါ် မြန်မာသတင်းစာသမား တယောက် အနေနဲ့ အမြင်ကို သိချင်ပါတယ်။
ဖြေ။ ။ ကျနော်က တလျှောက်လုံးပေါ့၊ under dog တွေဘက်က ရပ်တည်ပြီးတော့ ရေးခဲ့တဲ့ လူပါ၊ အထူးသဖြင့် အမေရိကန် လူမည်းတွေရဲ့ တိုက်ပွဲပေါ့လေ၊ အဆက်ဆက်ကို အများကြီးထောက်ခံပြီး ရေးခဲ့တဲ့လူပါ၊ "အဖြူနဲ့ အမည်း"ဆိုတဲ့ စာအုပ်လည်းပဲ ကျနော် ထုတ်ဝေခဲ့ဖူးတယ်၊ ကျနော်က အမြဲတမ်း အနှိမ်ခံ အဖိခံတွေဘက်က ရပ်တည်တာပါ။
သာမန်အားဖြင့် ကျနော်က အိုဘားမားကို ထောက်ခံတယ်၊ အိုဘားမား ဟာ လူတော်တယောက်ပါပဲ၊ လူဖြူတွေ ကြီးစိုးတဲ့ နိုင်ငံမှာ သာမန် အောက်ခြေကလူတယောက်က ဒီနေရာကို အရွေးခံရတယ်ဆိုတာ သူအင်မတန် တော် လို့သာ ဖြစ်ပါတယ်၊ လူတော်တယောက်လို့ ကျနော် သူ့ကိုချီးကျူးပါတယ်၊ အသိအမှတ်ပြုပါတယ်၊ လေးစား ပါ တယ်။ဒါပေမယ့် အမေရိကန် နိုင်ငံရဲ့ မူဝါဒတွေကို ဖန်တီးနေတာက အမေရိကန် လူတော်တွေ၊ သမ္မတတွေ မဟုတ်ကြ ဘူး၊ ဘဏ်သူဌေးကြီးတွေ၊ Wall street က ငွေကြေးကုန်သည်တွေတို့၊ လက်နက်ကုန်သည်တွေတို့၊ ရေနံကော်ပို ရေးရှင်းကြီးတွေပေါ့လေ၊ သူတို့က ဖန်တီးနေတာ ဖြစ်တယ်။

အဲဒီတော့ အိုဘားမား ဟာ ဘယ်လောက်ပဲ တော်တော် လက်ရှိ ရှိနေတဲ့ အမေရိကန်နိုင်ငံရဲ့ အခြေခံမူဝါဒ တွေ ကိုတော့ သူ များများစားစား ပြောင်းလဲနိုင်လိမ့်မယ်လို့ မထင်ဘူး၊ သူ့ရှေ့က ရှိခဲ့တဲ့ ကစ်ဆင်းဂျားတို့ ဆိုလည်း လူတော်တွေပါပဲ၊ နောက် ကွန်ဒိုလီစာ ရိုက်စ်ဆိုရင်လည်း တကယ့်ကို ထိပ်ထိပ်ကြဲ အင်မတန် ထက်မြက်တဲ့ အမျိုးသမီး တယောက်ပါပဲ၊ ဒါပေမယ့်လို့ သူတို့ရဲ့အစွမ်းအစတွေဟာ ငွေကြေး အဓိကထားတဲ့ကော်ပိုရေးရှင်းကြီး တွေရဲ့ အောက်မှာ တိမ်မြုပ် သွားကြတာပဲ။
အဲဒီတော့ကာ ကျနော့်အနေနဲ့ သိပ်ပြီးအများကြီး မျှော်လင့်မထားပါဘူး၊ အနည်းအကျဉ်း အပေါ်ယံ အပြောင်း အလဲတွေလောက်ပဲ ဖြစ်မယ် ထင်တယ်၊ အခြေခံ မူဝါဒတွေကတော့ ဒီအတိုင်းပဲ ဆက်သွားမယ်လို့ ထင်ပါတယ်၊

တခု ကျနော် သတိပေးချင်တာပေါ့လေ၊ အိုဘားမားကလည်း အာဖဂန်နစ္စတန်မှာ စစ်အင်အားတွေ တိုးပြီး ပို့မယ်လို့ ပြောခဲ့တာတွေ ရှိတယ်။
အာဖဂန်နစ္စတန် ဆိုတာ ဟိုး အင်္ဂလိပ် လက်ထက်၊ အင်္ဂလိပ် ကျွန်ဘ၀ တုန်းကလည်း အင်္ဂလိပ်တွေ ခွက်ခွက် လန် ရှုံးအောင် ပထန် တော်လှန်ရေးသမားတွေက တိုက်ခိုက်ခဲ့တယ်၊ နောက်တခါ ရုရှ တွေ အာဖဂန်နစ္စတန် ကို သိမ်းပိုက်တဲ့ အခါမှာလည်း ရုရှတွေ လက်မြှောက်ပြီးတော့ ပြန်ပြေးရလောက်အောင် တိုက်ရေး ခိုက်ရေးမှာ အစွမ်းထက်တဲ့ တကယ့် စစ်သူရဲတွေပါ။အခုအမေရိကန်ကလည်း အာဖဂန်မှာ တိုးပြီး စစ်အင်အားတွေ မြှင့်မယ်ဆိုလို့ ရှိရင်လည်း ဒီစစ်သူရဲ ပထန်တွေရဲ့ အောက်မှာပဲ ရုရှတွေ ပြေးသလိုပဲ နောက်ဆုံးကြ ပြေးရလိမ့်မယ်လို့ ကျနော်ကတော့ အိုဘားမားကို သတိပေး လိုက်ချင်တယ်။

မေး။ ။ မြန်မာ့အရေးနဲ့ ပတ်သက်ပြီးတော့ရော အိုဘားမားကို မျှော်လင့်လို့ရမလား၊ ဘယ်လောက်အထိ မျှော်လင့် နိုင်ပါသလဲ။
ဖြေ။ ။ ကျနော်ကတော့ သိပ်ပြီးတော့ မမျှော်လင့်ဘူးဗျ၊ ဘာဖြစ်လို့လည်း ဆိုတော့ ဘုရှ် လက်ထက်မှာလည်းပဲ၊ ဘုရှ် Lip service ပေးတဲ့(ပါးစပ်နဲ့ ဆောင်ရွက်တဲ့)နေရာမှာ အင်မတန် တော်တဲ့ လူပဲ၊ ဘုရှ်ကော လော်ရာ ဘုရှ်ကော တလျှောက်လုံး မြန်မာပြည် အရေးအတွက် Lip service တွေ ပေးခဲ့တာပဲ၊ တကယ် လက်တွေ့ကြ တော့ ဘာမှ မလုပ်နိုင်ပါဘူး၊ လုပ်ချင်တဲ့ ဆန္ဒလည်း မရှိပါဘူး။ ဘာကြောင့်လည်း ဆိုတော့ မြန်မာပြည်နဲ့ပတ်သက်လို့ ရေနံ အကျိုးစီးပွားတွေ၊ ရေနံကုမ္ပဏီကြီးတွေပေါ့၊ တိုတယ်လ် တို့လို၊ ပရီးမီးယားတို့လို ရေနံ ကုမ္ပဏီကြီးတွေရဲ့ သြဇာက အများကြီး ကြီးမားတယ်၊ အဲဒါကြောင့် ကျနော်ကတော့ အိုဘားမား လက်ထက်မှာလည်းပဲ Lip service ပေးတာထက်ပိုပြီး လုပ်နိုင်လိမ့်မယ်လို့ မျှော်လင့်မထားပါဘူး။ကျနော်တို့က နဂိုကတည်းက ခဏခဏ ကျနော့် ပုဂ္ဂိုလ်ရေးအရ ပြောပါတယ်၊ ဘယ်သူ့မှ အားမကိုးနဲ့ ကိုယ်လုပ်မှ ကိုယ်ရမယ်ဆိုတာပဲ၊ အခုလည်း အဲဒီအတိုင်းပဲ ထပ်ပြီးတော့ ဆော်သြချင်တယ်၊ အိုဘားမားကိုလည်း အားကိုး မနေ ပါနဲ့ ဘန်ကီမွန်းလည်း အားကိုးမနေပါနဲ့ ကိုယ့်အား ကိုယ်ကိုးပါလို့။

မေး။ ။ ဒါဆိုရင် မြန်မာပြည်အပေါ် အမေရိကန်ရဲ့အရေးယူပိတ်ဆို့တဲ့ ဒဏ်ခတ်မှု(Sanction)တွေက အသုံးမတဲ့ ဘူး၊ မထိရောက်ဘူး ဆိုတဲ့ သဘောလား။
ဖြေ။ ။ ဟုတ်ကဲ့ တကယ်တမ်း ထိရောက်မှု မရှိခဲ့ပါဘူး၊ သာမန် အပေါ်ယံကြော ထိခိုက်တာမျိုးတော့ အနည်း အကျဉ်း ရှိမှာပေါ့လေ၊ အစိုးရတဖွဲ့ကို ပြုတ်ကျသွားအောင် Sanction က လုပ်လိုက်တယ်လို့ ကမ္ဘာမှာ မရှိခဲ့ပါ ဘူး၊ အစိတ် အပိုင်း တခုအထိတော့ အထိုက်အလျောက် အကျိုးရှိပါတယ်၊ လုံးဝ အသုံးမကျဘူးလို့တော့ မဆို လိုပါဘူး၊ ဒီ တခုတည်း အပေါ်မှာလည်း မြန်မာ လူမျိုးတွေက မျှော်လင့်နေလို့ မဖြစ်ဘူး၊ ကျနော်တို့ တခြား နည်းလမ်းပေါင်းစုံ အသုံးပြုဖို့လည်း လိုအပ်ပါတယ်။

မေး။ ။ နည်းလမ်းပေါင်းစုံ အသုံးပြုဖို့ လိုတယ်ဆိုတော့၊ အကြံပြုလိုတဲ့ နည်းလမ်းများ ရှိပါသလား။
ဖြေ။ ။ ကျနော် ခဏခဏ ပြောပါတယ်၊ ဧရာဝတီမှာပဲ ကျနော် လွန်ခဲ့တဲ့ နှစ်ထဲက ပြောခဲ့ပါသေးတယ်၊ ကျနော် တို့ က ဒီ ကုလသမဂ္ဂကိုလည်း အားမကိုးနဲ့၊ အမေရိကန်ကိုလည်း အားမကိုးနဲ့ ဘယ်သူ့ကိုမှ အားမကိုးနဲ့ ကိုယ့် ပြည်သူ လူထုကို ကိုယ်အားကိုးပါ၊ မြန်မာပြည်သူလူထုက နိုင်ငံရေး နိုးကြားမှုမှာ မညံ့ပါဘူး၊ ကျနော်တို့ စက်တင် ဘာ သံဃာ့ အရေးအခင်းကပြခဲ့ပြီပဲ၊ မြန်မာပြည်သူတွေဟာ ကြောက်မနေပါဘူး၊ ညံ့မနေပါဘူး၊ ကိုယ့်ပြည်သူ ကိုယ် အားကိုးပါလို့ ကျနော် ပြောခဲ့တယ်၊ အခုလည်း အဲဒီနည်းပဲ ကျနော် ထပ်ပြီးတော့ တိုက်တွန်းချင်တယ်၊ ပြည်သူ့ အားကို ယုံပါ၊ ပြည်သူကို အားကိုးပါ။


မေး။ ။ လက်ရှိအခြေအနအရ မြန်မာပြည်သူတွေက ၂၀၁၀ ရွေးကောက်ပွဲကို မဖြစ်မနေ သွားပြီး မဲပေးရတော့ မယ့် အခြေအနေ ဖြစ်နေတော့၊ အဲဒီ အပေါ်မှာရော ဘယ်လိုပြောမလဲ။

ဖြေ။ ။ ဒါကလည်း ကျနော်တို့ဆီမှာ၊ ဒါမျိုးတွေ အကြိမ်ကြိမ်ကြုံခဲ့ပြီးပါပြီ၊ ၁၉၇၄ ခုနှစ်ကလည်း ဆန္ဒခံယူပွဲတို့ ဖွဲ့စည်း အုပ်ချုပ်ပုံ အခြေခံ ဥပဒေ တို့ ကြုံခဲ့သလိုပဲ၊ ရွေးကောက်ပွဲတွေလည်း အကြိမ်ကြိမ် ကျင်းပခဲ့တာပဲ၊ အခုလာမယ့် ရွေးကောက်ပွဲလည်း အဲဒီ ၇၄ ရွေးကောက်ပွဲ တွေလိုပဲ ဖြစ်မှာပါပဲ၊ ဘာမှ ထူးမှာ မဟုတ်ပါဘူး၊ သာမန် ပြည်သူ လူထုကတော့ ရွေးကောက်ပွဲတို့ ၊ ဖွဲ့စည်းအုပ်ချုပ်ပုံ အခြေခံ ဥပဒေတို့ အပေါ်မှာ စိတ်ဝင်စားမှု တယ်မရှိပါဘူး။


မေး။ ။ ဒါဆို မြန်မာပြည်သူလူထုကိုရော ဘာထပ်ပြောချင်ပါသေးလဲ။

ဖြေ။ ။ စောစောက ကျနော်ပြောခဲ့တဲ့အတိုင်းပါပဲ၊ ကုလသမဂ္ဂတို့ ဘန်ကီမွန်းတို့ အားမကိုးနဲ့ ရွေးကောက်ပွဲကို လည်း မျှော်လင့်ချက်ကြီး ထားမနေနဲ့ ကိုယ့်ပြည်သူအားကို အားကိုးပြီး ကိုယ်လုပ်စရာရှိတာကို ကိုယ်လုပ်ပါလို့ ကျနော်ကတော့ နောက်ဆုံး ပြောချင်ပါတယ်။ ။

No comments: