DREAM ANGEL သို့ လာရောက်လည်ပတ်ကြသူအားလုံးကို DREAM ANGEL မှ ကျေးဇူးအထူးတင်ရှိပါတယ်.........

Friday, January 23, 2009

မွန်ပြည်သစ်ပါတီ သတ္တမအကြိမ် ပါတီညီလာခံ ထုတ်ပြန်ကြေငြာချက်

မွန်ပြည်သစ်ပါတီ၏ သတ္တမအကြိမ်မြောက် ပါတီညီလာခံကို ကိုယ်စားလှယ် နှင့် လေ့လာသူ စုစုပေါင်း (၁၂၀)ဦးကျော်ဖြင့် ပါတီဌာနချုပ်တွင် ဇန်နာဝါရီ (၁) ရက်နေ့မှစတင်ကျင်းပခဲ့ရာ (၁၇) ရက်နေ့တွင် အောင်မြင်စွာ ပြီးစီးသွားခဲ့ပါသည်။

ညီလာခံကြီးတွင် ဗဟိုကော်မတီ၏ လုပ်ငန်းအစီရင်ခံစာကို ဆွေးနွေးပြင်ဆင် အတည်ပြုခဲ့သလို ပါတီအခြေခံနိုင်ငံရေးလမ်းစဉ်နှင့် ပါတီဖွဲ့စည်းပုံ အခြေခံဥပဒေတို့ကို ပြန်လည်စီစစ်အတည်ပြုခဲ့ပါသည်။ လက်ရှိနိုင်ငံရေးအခြေအနေ အကွေ့အလှည့်တွင် အပစ်အခတ်ရပ်စဲရေးကို ထိန်းသိမ်းရင်းနှင့် ပြည်သူလူထုကို မည်သို့သဘောထားချခင်းပြီး မြှင့်တင်အားပေးသွားရမည်ကို၎င်း လူထုအဖွဲ့အစည်းအမျိုးမျိုးနှင့် မည်သို့သွေးစည်းညီညွတ်ရေး တည်ဆောက်ရမည်ကို၎င်း လုပ်ငန်းလမ်းညွှန်များ ချမှတ်ခဲ့ပါသည်။

နိုင်ငံရေးပြဿနာကို တွေ့ဆုံဆွေးနွေး အဖြေရှာမှုသည်၊ မည်သို့ ဆက်လက်ဖြစ်ပေါ်သွားနိုင်သည်ကို၎င်း၊ အပစ်အခတ်ရပ်စဲရေးအဖွဲ့များ၏ အကြပ်အတည်း အခက်အခဲကြီးမားနေမှုကို၎င်း လေးလေးနက်နက် ဆွေးနွေးကြပြီး မည်သို့လမ်းထွင်ခရီးဆက် ရမည်ကို ဆွေးနွေးဆုံးဖြတ်ခဲ့ကြပါသည်။ (၂၀၀၈) ခုနှစ်အတွင်း အတည်ပြုခဲ့သော နိုင်ငံတော်ဖွဲ့စည်းပုံ အခြေခံဥပဒေနှင့် ပက်သတ်၍ ပြန်လည်သုံးသပ်သင့်ပြီး ဆွေးနွေးညှိုနှိုင်းမှုမပါဘဲ၊ ဤအတိုင်း အရှေ့ဆက်သွားမည်ဆိုပါက (၂၀၁၀) ရွေးကောက်ပွဲကို လက်ခံ စဉ်းစားရန် အခက်အခဲရှိနေမှုကိုလည်း ဆုံးဖြတ်ချမှတ်ခဲ့ပါသည်။

နောက်ညီလာခံတခုသို့၊ မရောက်ခင် စပ်ကြားနိုင်ငံရေး ဦးတည်ချက်များကိုလည်း၊ အောက်ပါအတိုင်း ချမှတ်ခဲ့ပါသည်။

၁။ မွန်အမျိုးသားသွေးစည်းညီညွတ်မှု မြှင့်တင်ရေး

၂။ လူမျိုးစုံချစ်ကြည်သွေးစည်းမှု တည်ဆောက်ရေး

၃။ တပြည်လုံးငြိမ်းချမ်းရေးအတွက် သုံးပွင့်ဆိုင် ဆွေးနွေးပွဲဖြင့် နိုင်ငံရေးအရ အဖြေရှာရေး

၎။ ပါတီစုံဒီမိုကရေစီဖြစ်ပေါ်ထွန်းကားရေး

၅။ ကိုယ်ပိုင်ပြဌာန်းခွင့် နှင့် ဒီမိုကရေစီပြည့်ဝသော စစ်မှန်သည့် ပြည်ထောင်စု တည်ဆောက်ရေး -

ပါတီ၏ ခေါင်းဆောင်မှုအဖွဲ့ ဗဟိုကော်မတီ (၂၇) ဦး နှင့် အရံ (၅) ဦးကို၊ လျှိ့ဝှက်ဆန္ဒမဲဖြင့် ရွေးချယ်ခဲ့ပါသည်။ ဥက္ကဌ နိုင်ထောမွန် နှင့် ဒု-ဥက္ကဌ နိုင်ရဿ တို့ ဦးစီးသော ဗဟိုကော်မတီအသစ်သည်၊ အခွင့်အာဏာရှိသော မွန်ပြည်ပေါ်ထွန်းရေးအတွက် ဒီမိုကရေစီအင်အားစုနှင့် ဘဝတူအမျိုးသားလွတ်မြောက်ရေးအင်အားစုများနှင့်အတူ အရှုံးခံအလျှော့ပေးခြင်းမရှိဘဲ မဆုတ်မနစ် ဆက်လက်ချီတက်သွားမည်ဖြစ်ကြောင်း ထုတ်ပြန်ကြေငြာအပ်ပါသည်။

၁၃၇၀-ခုနှစ်၊ ပြာသိုလဆုတ် (၈) ရက်

၂၀၀၉-ခုနှစ်၊ ဇန်နာဝါရီလ (၁၉)ရက်

ဗဟိုကော်မတီ

မွန်ပြည်သစ်ပါတီ

No comments: