DREAM ANGEL သို့ လာရောက်လည်ပတ်ကြသူအားလုံးကို DREAM ANGEL မှ ကျေးဇူးအထူးတင်ရှိပါတယ်.........

Wednesday, December 31, 2008

Jasmine Campaign








Read More...

NLD လူငယ် (၉)ဦး ငြိမ်းချမ်းစွာ လမ်းလျှောက်ဆန္ဒပြနေစဉ် လုံထိန်းမှ ရိုက်နှက် ဖမ်းဆီးခံရ



ဒီဇင်ဘာ (၃၀) ၂၀၀၈

ကိုထွန်းထွန်းဝင်း(စမ်းချောင်းလူငယ်လုပ်ငန်းအဖွဲ့တာဝန်ခံ ၁ နှင့်  ရန်ကုန်တိုင်းလူငယ်အကူအညီပေးရေးအဖွဲ့ဝင်)

ကိုပြည့်ပြည့်(စမ်းချောင်းလူငယ်လုပ်ငန်းအဖွဲ့ဝင်)

မထက်ထက်ဦးဝေ(ရွှေပြည်သာအဖွဲ့ဝင်)

ကိုရဲနီစိုး(စမ်းချောင်းလူငယ်လုပ်ငန်းအဖွဲ့ဝင်)

ကောင်းထက်လှိုင်(စမ်းချောင်းလူငယ်လုပ်ငန်းအဖွဲ့ဝင်)

သက်ထွန်းမောင်(စမ်းချောင်းလူငယ်လုပ်ငန်းအဖွဲ့ဝင်)

ဝင်းမြင့်အောင်(ခ) ပဲပြုတ်(ခရမ်းလူငယ်)

အောင်ဖြိုးဝေ(စမ်းချောင်းလူငယ်လုပ်ငန်းအဖွဲ့ဝင်)

မင်းသိမ်း

ဒေါ်အောင်ဆန်းစုကြည် ဓါတ်ပုံ နှင့်{သင့်ရင်ထဲက ဆန္ဒတွေကိုဘယ်လိုအရာကတားဆီးနိုင်မလဲသင်ပြောချင်ရာဖွင့်ပြောလိုက်ပါ}ဟူသော
ပိုစတာများကိုင်၍ ယနေ့နေ့လည် ငြိမ်းချမ်းစွာ ချီတက်လာစဉ်လွှတ်တော်ရှေ့အရောက်၌ လုံထိန်းကားများဖြင့် ပိတ်ဆို့ရိုက်နှက် ဖမ်းဆီး သွားကြောင်း သိရှိရပါသည်။

လက်ကမ်း ပို့စကဒ်များဖြန့်ဝေခဲ့ကြောင်းကိုလည်းသိရှိရပါသည်။ ကိုမင်းသိမ်းမှထွက်ပြေးသည်ကို အဲဒီကောင်ကိုဖမ်း ၊ရိုက်ဟုဆိုကာ လုံထိမ်းများက နံပါတ်တုတ်များဖြင့် ဦးခေါင်းအားရိုက်နှက်ဖမ်းဆီးခေါ်ဆောင်သွားသည်။လုံထိမ်းများနှင့် အတူအရပ်ဝတ်များလဲ ဟိုင်း လတ်ကားတစီးအပြည့် ပါသည်။ ယခုဖြစ်ရပ်မှာ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ရုံးတွင် ဗဟိုအလုပ်အမှုဆောင်အဖွဲ့ဝင် ဦးခင်မောင်ဆွေ၏ ပြည်သူနှင့် လွတ်လပ်ရေးခေါင်းစဉ်ဖြင့် ဟောပြောပွဲအပြီးတွင်ရုံးရှေ့ မှစတင် ထွက်ခွာသွားခြင်းဖြစ်ပါသည်။ အဖမ်းဆီးခံခဲ့ရသော လူငယ်များထဲ တွင် သခင်ကိုယ်တော်မှိုင်း၏ မြေးတော်ဆက် သူတစ်ဦး လဲ ပါဝင်သည် ဟု သိရှိရပါသည်။ဖြန့်ဝေခဲ့သော ပိုစ့်စကဒ် များကိုလည်း တွေ့ရှိရပါသည်။

Read More...

Sunday, December 28, 2008

Wednesday, December 24, 2008

စံပါယ်လှုပ်ရှားမှု စတင်ပြီ

ပြည်သူတွေအနေနဲ့လည်း ကျတော်တို့နဲ့အတူ အိမ်မှာစံပယ်ပန်းတွေကို ဘုရားကပ်ရင် စည်းစိမ်အာဏာကို ဖက်တွယ် "စံ"စားနေကြတဲ့ စစ်အစိုးရ အမြန်"ပယ်" နိုင်ရေးနဲ့ မတရားအကျဉ်း "စံ"နေရတဲ့ ဒေါ်အောင်ဆန်းစုကြည်အပါအ၀င် နိုင်ငံရေးအကျဉ်းသားတွေ အကျဉ်းထောင်ကနေ "ပယ်" နိုင်ရေးအတွက် နိုင်ငံရေးအသိစိတ်ဓါတ်ရှိရှိနဲ့ ၀တ်ပြုဆုတောင်ပေးကြပါလို့လည်း ပြည်သူတွေကို တိုက်တွန်းချင်ပါတယ်၊


Read More...

Jasmine Campaign














Read More...

Friday, December 19, 2008

Alarm!!!

ယနေ့ မြန်မာနိုင်ငံတွင် ပြည်သူလူထုတရပ်လုံး အထွေထွေကျပ်တည်းမှုများဖြင့် ဆင်းရဲဒုက္ခ ကျရောက်နေချိန်တွင် တိုင်းပြည်၏ သယံဇာတများကို မတရားထုတ်ယူပြီး ကိုယ်ကျိုးစီးပွားအတွက် အလွဲသုံးစား၍ စည်းစိမ် စံစားနေသော အာဏာရှင်လူတန်းစားကို ပယ်ရှား တော်လှန်နိုင်ရန်နှင့် ယနေ့ မတရားအကျဉ်း "စံ"နေရသောနိုင်ငံရေးအကျဉ်းသားများကို ထိုအကျဉ်းထောင်မှ"ပယ်"နိုင်ရေးအတွက် လူုငယ်များမှဦးဆောင်ပြီး "စံပယ်" ပန်းများကို ချိတ်ဆွဲဆင်ယင်ခြင်း၊ ဘုရားများတွင် ကပ်လှုပူဇော်ခြင်းများ လှုပ်ရှားဆောင်ရွက်မည်ဖြစ်ပါ သည်။ ပြည်သူလူထုတရပ်လုံးမှလည်း "စံ" နေသောသူများကို "ပယ်" ရှားရေးအတွက် "စံပယ်" လှုပ်ရှားမှုတွင် ပါဝင် အားဖြည့်လှုပ်ရှား ကြပါရန် လေးနက်စွာ တိုက်တွန်းနှိုးဆော် အပ်ပါသည်။

တိုင်းပြည်ချစ်သော လူငယ်များ

စတင်ပြုလုပ်မည့်ရက် ---- အင်္ဂါ (23.12.08)
ကာလ ---------------- (၂ ပတ်)

Read More...

Wednesday, December 17, 2008

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်တွင် ဟောပြောဆွေးနွေးပွဲ ကျင်းပပြုလုပ်



၂၀၀၈ခုနှစ် ဒီဇင်ဘာ(၁၆)ရက်နေ့တွင် ဗဟန်းမြို့နယ် အုတ်လမ်းအမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် ဗဟိုဌာနချုပ်ရုံးတွင် ဟောပြောပွဲတရပ် ပြုလုပ်ခဲ့ကြောင်းသတင်းရရှိသည်။ အဆိုပါဟောပြောပွဲကို အဖွဲ့ချုပ်လူငယ်များ တောင်းဆိုတိုက်တွန်းချက်အရ လက်ရှိအဖွဲ့ချုပ်ခေါင်းတောင် ဦးဝင်းတင်မှ ဟောပြောခဲ့ခြင်းဖြစ်သည်၊ လူငယ်နှင့်အနာဂါတ်ဆိုသော ဟောပြောပွဲခေါင်းစဉ်ကို လူငယ်များမှပင် ရွေးချယ်ခဲ့ကြခြင်းဖြစ်ပြီး ဟောပြောပွဲအပြီးလူငယ်များ ပြန်လည်မေးခွန်းများ ပြန်မေးခဲ့ကြကြောင်း သိရှိရသည်။ ယနေ့ဟောပြောပွဲသို့ ရန်ကုန်တိုင်း မြို့နယ်ပေါင်းစုံမှ စိတ်ပါဝင်စားသူ လူငယ် ၃၀၀ ၀န်းကျင်ခန့်တက်ရောက်ခဲ့ကြပြီး အဖွဲ့ချုပ်ခေါင်းဆောင်များလည်း တက်ရောက်ကြသည်ကိုတွေ့ရှိရသည်။ ထိုကဲ့သို့ဟောပြောပွဲများ ကျင်းပခြင်းသည် အဖွဲ့ချုပ်မျိုးဆက်သစ်လူငယ်များအတွက် လွန်စွာတန်ဖိုးရှိသော အတွေ့အကြုံများကို ဖြစ်ပေါ်စေပြီး အနာဂတ်နိုင်ငံတည်ဆောက်ရေးအတွက် လွန်စွာအားတက်မိကြောင်း၊ ထိုကဲ့သို့ဟောပြောပွဲများကို (၂) ပတ်တစ်ခါ ဆက်လက်ကျင်းပပြုလုပ်နိုင်ရန် စီစဉ်ဆောင်ရွက်မည်ဖြစ်ကြောင်း ပြောကြားခဲ့သည်။

Read More...

Tuesday, December 16, 2008

Generation Wave အဖွဲ့ဝင် ကိုသီဟ၀င်းတင်ရဲ့ပေးစာ


"စစ်အစိုးရက မတရားရက်ရက်စက်စက် ဖိနှိပ်နေလျက်နဲ့ ဘာလို့တော်လှန်နေကြတာလဲ? ဘာလို့နိုင်ငံရေးလုပ်ကြတာလဲ? လို့ကျနော်တို့ကို မေးကြတဲ့သူတွေအများကြီးရှိပါတယ်။ အဖြေကတော့ ကျနော်တို့ကျေးဇူးဆပ်နေကြတာပါ။ ကျနော်တို့ပေါ်မှာ ကျေးဇူးပြုခဲ့ကြဖူးတဲ့ တိုင်းသူပြည်သားတွေရဲ့ကျေးဇူး၊ နောင်တော်အာဇာနည်တွေရဲ့ကျေးဇူးတွေကို ဆပ်နေကြတာပါ။ သူတို့တွေဟာ သူတို့ရဲ့ခေတ်ကာလ အလိုက် တိုင်းပြည်ကို ဖွံ့ဖြိုးတိုးတက်အောင် အေးချမ်းစည်ပင်အောင်၊ နောက်ဆုံး အာဏာရူးငတုံးငမိုက်တွေကြောင့် <တိုင်းပြည်ကျွန်ဖြစ်ခဲ့ တုန်းကလည်း> ကျွန်ဘ၀က လွတ်အောင် စွမ်းဆောင်ခဲ့ကြပြီးပါပြီ။ သူတို့တွေ ခေတ်ရဲ့တာဝန်သမိုင်းတာဝန်ကျေခဲ့ပြီးကြပါပြီ၊ အရင်လူတွေရဲ့ကျေးဇူးကို ဆပ်ပြီးတဲ့အပြင် နောင်လာမယ့် သူတွေအတွက်လည်း ကျေးဇူးကြွေကိုချပေးခဲ့ပါပြီ။ ကျနော်တို့ဒီကျေးဇူးကြွေးတွေကို ကြေအောင် ဆပ်နေရပါတယ်။ ကျနော်တို့ခေတ်မှာ ကျနော်တို့တိုင်းပြည်ကောင်းစားဖို့လိုပါတယ်။ ပြည်သူတွေဘ၀ ဖွံ့ဖြိုးတိုးတက်ဖို့လိုပါတယ်။ ဒါကျနော်တို့ရဲ့တာဝန်ပါ။ ကျနော်တို့ဆပ်ရမယ့် ကျေးဇူးကြွေးတွေပါ။ ကိုယ့်တာဝန်ကိုယ်သိကြပါ။ ကိုယ့်အကြွေးကိုဆပ်ကြပါ။
တိုင်းပြည်ကောင်းစားဖို့လိုပါပြီ"

Generation Wave အဖွဲ့ဝင် ကိုသီဟ၀င်းတင်ရဲ့ပေးစာပါ။
၂၀၀၈ ခုနှစ် မတ်လ ၁၂ရက်နေ့မှာ ကိုဇေယျာသော် အပါအ၀င်အဖွဲ့ဝင် ၅ဦးနဲ့အတူ အဖမ်းဆီးခံခဲ့ရတဲ့ ကိုသီဟ၀င်းတင်ဟာလည်းထောင်ဒဏ် ၅နှစ် မတရားချမှတ်ခံလိုက်ရပြီး မကြာသေးခင်ရက်ပိုင်းကပဲ ညောင်ဦးထောင်သို့ ပြောင်းရွှေ့အကျဉ်းချခံလိုက်ရတာ ဖြစ်ပါတယ်။ရှေ့ရှေ့ က လမ်းပြချီတက်ခဲ့သူတွေနဲ့ ယခု အကျဉ်းကျနေတဲ့ GW အဖွဲ့ဝင်များရဲ့ကျေးဇူးကို ကျန်တဲ့အဖွဲ့ဝင်တွေကလည်း ကျေပွန်အောင် ပေးဆပ်သွားမှာဖြစ်တဲ့အကြောင်း ကတိသစ္စာပြုအပ်ပါတယ်။

"သူငယ်ချင်းများ ရဲ့အိပ်မက်လှပါစေ"

Read More...

Monday, December 15, 2008

မန္တလေးမှာ “ထောင်တံခါးတွေဖွင့်ကြ၊ တရားရုံးတွေ ပိတ်ကြ” လှုပ်ရှားမှု ပြုလုပ်ခဲ့။





မြန်မာပြည်လွတ်မြောက်ရေးအဖွဲ့ချုပ်နှင့် လူထုတရပ်လုံးအတွက် စတေးခံ အကောင်းဆုံးမြေသြဇာကို အတိုကောက်ရေးထားသော F B F = T B M စာပါသော “ထောင်တံခါးတွေ ဖွင့် ၊ တရားရုံးတွေ ပိတ်” ဆိုတဲ့ ပို့စကဒ်များအား မန္တလေးမြို့ (၂၆) လမ်း၊ (၇၀) (၇၁) လမ်းကြား၊ ကျုံးအရှေ့တောင်ဒေါင့်၊ ဆီဒိုးနားဟိုတယ်အနား၊ ကျုံးအရှေ့ဘက်ခြမ်း၊ (၁၄) (၁၅) လမ်းကြားနေရာများနှင့် ရန်ကုန် - မန္တလေး လမ်းသွား လမ်းမများတွင် အဆိုပါ ပို့ စကဒ်များအား ဖြန့် ဝေခဲ့ကြကြောင်း သိရှိရပါသည်။

ယခုကဲ့သို့  အဆိုပါ “ထောင်တံခါးတွေ ဖွင့် ၊ တရားရုံးတွေ ပိတ်” ပို့စကဒ်များ ဖြန့် ဝေခြင်း ၊ ကပ်ခြင်း ရည်ရွယ်ချက်များကတော့ မြန်မာပြည်တွင် လက်ရှိ ဒီမိုကရေစီရရှိရေးနှင့် လူ့အခွင့်အရေးအတွက် တိုက်ပွဲဝင်နေသော လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်၊ ၈၈ မျိုးဆက်ကျောင်းသားများ၊ မြေသြဇာအဖွဲ့ မှ လူငယ်များ အပါအ၀င် နိုင်ငံရေးအကျဉ်းသားများအားလုံးအား မတရားပုဒ်မတွေ တပ်ပြီး၊ မဟားဒရား နှစ်ရှည်ထောင်ဒါဏ်တွေ ချပစ်နေသော တရားရုံးများ မရှိဖို့ လိုတယ်ဆိုတာ ပြသလိုခြင်း၊ ထိုတရားရုံးများမှ မတရားချမှတ်သော ထောင်ဒဏ်များ ချမှတ်ခံရမှုဖြင့် အကျဉ်းခံနေကြရသော နိုင်ငံရေးအကျဉ်းသားများ ရောက်ရှိနေရသည့် နအဖထောင်တွေများအား အလိုမရှိကြောင်း၊ နိုင်ငံရေးအကျဉ်းသားများ အဆိုပါ အကျဉ်းထောင်များမှ လွတ်မြောက်ရေးအတွက် လုပ်ဆောင်ကြရန် လိုအပ်ကြောင်း ဆိုလိုခြင်းဖြစ်သည်။

နောက်နောင်များတွင်လည်း နအဖ စစ်အာဏာရှင် လက်တဆုပ်စာတစုမှ မည်သို့ပင် နှီပ်စက်၊ ဖမ်းဆီး ၊ ညှင်းပန်း၊ နှစ်ရှည်ထောင်ဒါဏ်တွေ ချနေပါစေ၊ မြန်မာပြည်လွတ်မြောက်ရေးအဖွဲ့ချုပ်နှင့်အတူ လူထုတရပ်လုံးအတွက်စတေးခံ အကောင်းဆုံးမြေသြဇာ အဖွဲ့လူငယ်များမှ ရတဲ့အချိန်တိုင်း ရတဲ့နေရာများမှ အာဏာရှင်အား တော်လှန်ဖယ်ရှားရန် အဆင်သင့် ပြင်ဆင်ထားပြီးဖြစ်ကြောင်းနှင့် နအဖ စစ်အာဏာရှင်တစုအား စိမ်ခေါ်တိုက်ပွဲဆောင်ရွက်နေကြောင်း အဆိုပါ လှုပ်ရှားသူများမှ ပြောကြားပါသည်။


မည်သည့်စစ်အာဏာရှင်မှ လူထုကို မအုပ်ချုပ်စေရ။

လူထုတရပ်လုံးအတွက် စတေးခံ အကောင်းဆုံးမြေသြဇာ။

Read More...

Mail ထဲကရတာလေးကို ပြန်လည်ဖော်ပြပေးထားတာပါ ။

စာရေးသူကို မသိသောကြောင့် နာမည်ဖော်မပြထားပါ။

Read More...

Sunday, December 14, 2008

စစ်အစိုးရအတိုက်အခံ မြန်မာဘလော့ခ်ဂါများ (၂)

ကျွန်တော်တို့တိုင်းပြည်ဟာ အားလုံးသိကြတဲ့အတိုင်းပါပဲ။ စစ်အစိုးရရဲ့ အုပ်ချုပ်ရေးစနစ်ဆိုးရဲ့အောက်မှာ ဘာအညွန့်မှ မထွက်နိုင်အောင်ရှိနေတဲ့ တိုင်းပြည်တစ်ပြည်ပဲဖြစ်ပါတယ်။ စစ်အစိုးရဟာ သူတို့အာဏာရှင်လက်တစ်ဆုပ်စာရဲ့ ငြိမ်းချမ်းရေးနဲ့ ဇိမ်ခံရေးကို ကာကွယ်စောင့်ရှောက်ဖို့အတွက် ဒါမှမဟုတ် သူတို့ရဲ့ အုပ်ချုပ်ရေးယန္တယားမှာ အသုံးချနိုင်ဖို့အတွက်လောက်ကိုသာ ရည်ရွယ်ပြီး စစ်အမိန့်ကိုနာခံတတ်စေမယ့် ဒီအမိန့်တွေပေါ်မှာ အခြေခံပြီး ကိုယ်ကျိုးစီးပွားရှာကြံတတ်စေယုံလောက်သာရည်ရွယ်ပြီး စစ်ကျွန်ပညာရေးစနစ်နဲ့ နှေစ်နှစ်ဆယ်လုံးလုံး လူငယ်တွေရဲ့ အသိဥာဏ်တွေကို စာသင်ခန်းများအတွင်းမှာ ကျကျနနကြီးကို ဖျက်ဆီးခဲ့ပြီးပါပြီ။ ဒါပေမယ့် သူတို့ရဲ့ စစ်ကျွန်ပညာရေးစနစ်တွေအတွင်းက သခင်အားရကျွန်ပါးဝဆိုတဲ့ စစ်ကျွန်လူတန်းစားနှင့်အတူပေါက်ဖွားလာခဲ့တာက စစ်အုပ်ချုပ်ရေးကိုလုံးဝမလိုလားပဲ တော်လှန်ရေးစိတ်ဓာတ်သန္ဓေကိုအသွေးထဲအသားထဲကပါ တည်လာတဲ့ မျိုးဆက်တွေကို ပေါက်ဖွားစေခဲ့ပါတယ်။
ဒီမျိုးဆက်တွေကို ပထမပိုင်းတွေမှာ နိုင်ငံရေးလောကသားတွေနဲ့ ပညာတက်အသိုင်းအ၀ိုင်းကပုဂ္ဂိုလ်တွေဟာ ပေါ်ပင်ယဉ်ကျေးမှုတွေကို ခုံမင်နေသူရယ်လို့ ကင်ပွန်းတတ်ကာ သူတို့ရဲ့ နိုင်ငံရေးအမြင်တွေနဲ့ ခပ်ဝေးဝေးနေလိုသူတွေ ရယ်လို့ သတ်မှတ်ခဲ့ကြပါတယ်။ ဒါပေမယ့် ကဗ္ဘာ့သမိုင်းမှာရော မြန်မာ့သမိုင်းမှာပါ ရွှေဝါရောင်တော်လှန်းရေးအဖြစ် ထင်ရှားကျော်ကြားတဲ့ ရဟန်းသံဃာတော်များဦးဆောင်တဲ့ ဒီမိုကရေစီအရေးလှုပ်ရှားမှုအတွင်းမှာတော့ နိုင်ငံရေးနဲ့ ခပ်ဝေးဝေးမှာနေလိုကြတယ်လို့ သူတို့ထင်မြင်ထားကြတဲ့ ကျွန်တော်တို့မျိုးဆက်တွေဟာ နှစ်နှစ်ဆယ်လုံးလုံးကောင်းမွန်စွာ အလံလွှင့်ထူနိုင်ခဲ့ကြတဲ့ ဒေါင်းအလံကို ဗကသ (ဗမာပြည်လုံးဆိုင်ရာ ကျောင်းသား သမဂ္ဂ) သီချင်းကို သံပြိုင်ရွတ်ဆိုလျှက် ကတ္တရာလမ်းမတွေပေါ်မှာ ငြိမ်းချမ်းစွာနဲ့ ဒီမိုကရေစီအရေးအတွက် တောင်းဆိုခဲ့ကြတာကို ကောင်းကောင်းကြီးမြင်တွေ့ခဲ့ကြမှာပါ။

ကျွန်တော်တို့တတွေဟာ လက်ဝဲဆန်စွာဖြင့် ငြိမ်းချမ်းစွာနေထိုင်လိုကြသူတွေဖြစ်သလို ငြိမ်းချမ်းစွာနေထိုင်နိုင်ကြစေဖို့ အတွက် လက်ဝဲဆန်စွာဖြင့်တော်လှန်ရေးဆင်နွဲလိုကြသူများလည်းဖြစ်ပါတယ်။ ဒါဟာ 1980 လွန် ခုနှစ်တွေမှာ မွေးဖွား လာကြတဲ့ ကျွန်တော်တို့မျိုးဆက်တွေရဲ့ ခံယူချက်ပင်ဖြစ်ပါတယ်။ ကျွန်တော်တို့ဟာ ကိုယ်မြင်တွေ့နေကြရတဲ့ အခြားတိုင်းပြည်က လူငယ်တွေရဲ့ ဘ၀လို တိုးတက်ချင်တဲ့ဆန္ဓတွေကြောင့် ကျွန်တော်တို့ဟာ စာတွေဖတ်ခဲ့ကြတယ်။ ကျွန်တော်တို့ဖတ်ခဲ့ကြတဲ့စာအုပ်တွေအတော်များများဟာ ဆိုရှယ်လစ်စနစ်ကိုဖြတ်သန်းခဲ့ရတဲ့ ကျွန်တော်တို့တိုင်းပြည် မှာ အပေါများဆုံးစာအုပ်ဖြစ်တဲ့ လက်ယာဆန်တဲ့ စာအုပ်တွေပါသလို ဂလိုဘယ်လိုက်ဇေးရှင်းတွေနဲ့ ပတ်သက်တဲ့ စာအုပ်တွေပါဝင်ခဲ့တယ်။ ဒီတော့ ကျွန်တော်တို့အမြင်တွေဟာ စစ်အစိုးရထင်ထားသလို ၀ါးလုံးခေါင်းထဲ လသာနေတဲ့ ဘ၀ဆိုတာမျိုးတွေကို ကျွန်တော်တို့ ကျော်လွှားနိုင်ခဲ့ကြပါတယ်။

ကျွန်တော်တို့လူငယ်တွေအားလုံးရဲ့ စိတ်ခံစားမှုတွေထဲမှာလဲ အခြားတိုင်းပြည်ကလူငယ်တွေလို မထွန်းပြောင်နိုင်တဲ့ ဘ၀တွေကို ပိုင်ဆိုင်ထားကြတယ် ဆိုပေမယ့် ကျွန်တော်တို့ဟာ တစ်ကျောင်းတစ်ဂါထာနဲ့ ကြိုးစားနေကြသူတွေပဲဖြစ်ပါတယ်။ ဒီလိုတွေ ကြိုးစားလေ့လာ နေကြရင်း ကျွန်တော်တို့ဟာ အမှန်တရား၊ တရားမျှတခြင်းနဲ့ အခွင့်အရေးဆိုတဲ့အကြောင်းအရာတွေကို လက်တွေ့လူမှု ဘ၀အတွင်းက အတွေ့အကြုံတွေနဲ့ချိန်ထိုးစဉ်းစားကြည့်တော့ အမှန်တရား၊ တရားမျှတခြင်းနဲ့ အခွင့်အရေးဆိုတာ ဘာဆိုဘာမှမရှိတဲ့ ကျွန်တော်တို့ဘ၀တွေကို မြင်ယောင်လာမိပါတယ်။ ဒီအကြောင်းအရာတွေဟာ ကျွန်တော်တို့ မိဘ တွေလည်း ဘာဆိုဘာမှ လုပ်မပေးနိုင်ခဲ့ပါဘူး။ 1990 ရွေးကောက်ပွဲမှာတုန်းကလည်း ကျွန်တော်တို့မိဘတွေဟာ ကျွန်တော်တို့အတွက် သူတို့လုပ်ပေးနိုင်တာကို လုပ်ပေးခဲ့ကြပြီးပါပြီ။ သူတို့မျှော်လင့်သလို ကျွန်တော်တို့ဘ၀တွေ ဖြစ်မလာတာက သူတို့ရဲ့ရွေးချယ်မှုမှားခဲ့လို့လား။ မဖြစ်နိုင်ပါဘူး။ သူတို့ဟာ ကျွန်တော်တို့ဘ၀တွေအတွက်
အကောင်းမွန်ဆုံးရွေးချယ်မှုတွေကို လုပ်ခဲ့ကြတာပဲလေ။ ဖြစ်မလာတာတော့ သူတို့မဆိုင်ပါဘူး။ မျက်နှာပြောင်တိုက်ပြီး အာဏာကို ဖင်ခုထိုင်ထားကြတဲ့ အစိမ်းရောင်ဝတ် ပုဂ္ဂိုလ်တွေနဲ့ပဲ ဆိုင်ပါလိမ့်မယ်။

ကျွန်တော်တို့မျိုးဆက်တွေက စိတ်ခံစားမှုတွေက ရှင်းပါတယ်။ နိုင်ငံရေးနဲ့ပတ်သက်လို့ စကားလုံးကြီးတွေနဲ့ ပေါက်ပေါက်မဖောက်တတ်ကြသလို နိုင်ငံရေးဆိုတာကို ပညာရေးလောက် စိတ်မ၀င်စားချင်ကြပါဘူး။ ဒါပေမယ့် ကျွန်တော်တို့ရဲ့ နိစဓူဝကိစ္စရပ်တွေအားလုံးဟာ နိုင်ငံရေးသာဖြစ်နေတယ်ဆိုတဲ့အကြောင်းကို ကျွန်တော်တို့ရဲ့ စာလောင်မွတ်သိပ်လျှက်ရှိနေတဲ့ အသိဥာဏ်တွေက ပြောပြနေကြပါတယ်။ အနာဂတ်မသေခြာမှုတွေက ရှင်းပြနေကြပါတယ်။ လုပ်ငန်းခွင်မတိုးတက်မှုတွေက သက်သေထူနေကြပါတယ်။ ဒါဟာ အဆိုးသံသရာက မလွတ်နိုင်ကြတဲ့ ကျွန်တော်တို့ မျိုးဆက်တွေရဲ့ ဘ၀ပဲဖြစ်ပါတယ်။


ဒီလိုနောက်ခံအကြောင်းအရာများစွာနဲ့အတူ ကျွန်တော်တို့အတွက် စစ်ရေးတော်လှန်ရေး ဒါမှမဟုတ် မီဒီယာတော်လှန်အသွင်နဲ့ သမိုင်းအတွက်လိုအပ်နေတဲ့ ကွက်လပ်တွေမှာ ဖြည့်စည်းဖို့ ကျွန်တော်တို့ မီဒီယာတိုက်ပွဲ ဆင်နွဲဖို့ရွေးချယ်ခဲ့ကြခြင်းဖြစ်ပါတယ်။ ဒီလိုနဲ့ ကျွန်တော်တို့ဟာ အစိုးရရဲ့ သတင်းလက်ဝါးကြီးအုပ်မှု အမျိုးသားအကျိုးစီးပွားဆိုတာထက် စစ်တပ်အကျိုးစီးပွားကို ပြည်သူတွေတစ်ရပ်လုံးက ဆောင်ရွက်ပေးနေကြရတဲ့ ဒီလိုခေတ်ကြီးထဲမှာ ကျွန်တော်တို့ဟာ အစိုးရရဲ့ သတင်းလက်ဝါးကြီးအုပ် ချုပ်ကိုင်မှုတွေကို မျက်လုံးထဲမထည့်ပဲ အမှန်တရား…လူအခွင့်အရေး…စစ်မှန်တဲ့ အမျိုးသားအကျိုးစီးပွားတွေအတွက် ကျွန်တော်တို့ ဘလော့ခ်တွေရေးသားခဲ့ကြပါတယ်။


ဂရိပုံပြင်တွေထဲကလို ကျွန်တော်တို့ဟာ မြင်းရိုင်းတွေကို ယဉ်ပါးအောင်ပြုလုပ်ပြီး တိုင်းပြည်အတွက် သမိုင်းအတွက် စစ်ထွက်တိုက်ခဲ့ကြတဲ့ ဟက်တာတွေရဲ့ခေတ်မှာ လူဖြစ်ကြီးပြင်ခဲ့ကြတာမဟုတ်ခဲ့ပေမယ့် ဒါကြောင့် လက်ရုံးရည်ပိုင်း မှာတော့ ကျွန်တော်တို့ဟာ သူတို့ကို မမှီနိုင်ပါဘူး။ ဒါပေမယ့် နည်းပညာရပ်တွေ အံ့မခန်းတိုးတက်နေတဲ့ နှစ်ဆယ့်တစ်ရာစုထဲမှာ လူဖြစ်ကြီးပြင်းလာကြရတဲ့အတွက် နိုင်ငံအတွက် သမိုင်းအတွက်ကို ကျွန်တော်တို့(IT) ကို ဆွဲကိုင်ပြီး တိုက်ပွဲဝင်ခဲ့ကြပါတယ်။ ဒါကြောင့် ကျွန်တော်တို့ဟာ တိုင်းပြည်ရဲ့ ဟက်တာ မဖြစ်ခဲ့ကြပေမယ့် တိုင်းပြည်ရဲ့ ဘလောဂါ တွေဖြစ်ခဲ့ကြရပါတယ်။


ကျွန်တော်တို့ဟာ ဘလော့ဂါဘ၀တွေကို ညိုငြင်မှုတွေ ပတ်လည်ဝိုင်းနေတဲ့ကြားက သမိုင်းအတွက် ခံမင်စွာခံယူခဲ့ကြ ပြီးပါပြီ။ ကျွန်တော်တို့ ရှေ့ဆက်သွားဖို့ ခရီးရှည်ကြီးတစ်ခုဟာ ကျွန်တော်တို့ကို စောင့်ကြိုလျှက်ရှိနေပါတယ်။ ဒါကို ကျွန်တော်တို့ သိပေမယ့် ကျွန်တော်တို့ ရှေ့ကို ဆက်သွားကြရမှာပါ။ ဒါဟာ ကျွန်တော်တို့ တိုင်းပြည်…ကျွန်တော်တို့ လူမျိုးတွေအတွက် လူ့အခွင့်အရေးတွေအတွက်ပဲဖြစ်ပါတယ်။


စစ်အစိုးရရဲ့ နည်းပညာပိုင်းဆိုင်ရာထောက်လှမ်းမှုတွေကြောင့် ရဲဘော်ရဲဘက်ဘလော့ဂါအချို့ ပဲကြွေခဲ့ကြရပြီးပါပြီ။ ဒါပေမယ့် သူတို့တွေရဲ့နေရာတွေအတွက် ထောင်ပေါင်း သိန်းပေါင်းများစွာသော ကျွန်တော်တို့လူငယ်တွေဟာ ကိုယ်နည်းကိုယ်ဟန် ကိုယ်ပိုက်ဆံတွေနဲ့ လေ့လာသင်ယူပြီး ဘယ်သူဘယ်ဝါတွေရဲ့ ညွှန်ကြားချက်တစ်စုံတစ်ခုမှ မပါဘဲ ကိုယ်အသိစိတ်ဓာတ် ကိုယ်စီနဲ့ ပြင်ဆင်နေကြပြီပဲဖြစ်ပါတယ်။ ဒါကြောင့် ကျွန်တော်အပါအ၀င် လက်ရှိရေးသားနေကြတဲ့ ဘလော့ဂါတွေ ပဲကြွေးသွားခဲ့သည်တိုင်အောင် ကျွန်တော်တို့တာဝန်တွေကို ပြောင်းလဲယူ မယ့် ကျွန်တော်တို့မျိုးဆက်တွေဟာ တည်ငြိမ်အေးချမ်းမှုတွေကို မရမချင်း အမှန်တရားတွေမပေါ်ထွန်းမချင်း ပြည်ဝတဲ့ လူ့အခွင့်အရေးတွေ မရမချင်း ဒေါင်းအလံတွေ မလွင့်ထူနိုင်မချင်း (IT) ကို ဆွဲကိုင်ပြီး တိုက်ပွဲဝင် ဆင်နွဲသွားကြမှာဖြစ်ပါတယ်။


မင်းထက်ဘုန်းမြတ်

Read More...

Wednesday, December 10, 2008

"ဆွံ့အနေ့များ"

အိပ်မက်လွင်ပြင်မှာ အဆိပ်ပင်တွေ အစိုက်ခံထားရတယ်
မနက်ဖန်ဟာ နေမိုက် လမိုက် ကြယ်အလင်းမိုက်လို့
ဘသကို ခေါင်းစိုက်စိုက်နဲ့ လက်ပိုက်ကြည့်နေရ
ငါတို့ဆွံ့အနေခဲ့ပြီ...........

ငါတို့ဆွံ့အနေခဲ့ရပြီ
ငါတို့နှလုံးသားတွေ တွန့်ကြေမွလို့
ကြောက်ရွံ့ရခြင်းရဲ့ အရိပ်တွေအောက်
လမ်းဟာခုထိ ပျောက်ဆုံးဆဲ.........

သေနတ်ပြောင်းအောက်မှာ
အသက်ပေါင်းများစွာ ပေါင်နှံထားရ
လွတ်မြောက်မှုကဈေးတော့ကြီးတယ်
အရောင်းအ၀ယ်စကားနဲ့ပြောမယ်ဆိုရင်
ရှေ့လျောက်တက်ရိပ်ကြီးပဲ
အ၀ယ်လိုက်တဲ့ ရာသီကျမှ
ကုန်သည်ကြီးတွေက ဇိန်ပြေနပြေအောင်းထားဦးမတဲ့

အမှန်တရား ငတ်မယ်
ရန်များဖက်မယ်
အသံအက်အက်တောင် မထွက်ဝံ့တော့တဲ့နေ့တွေထဲ
(ဒီတိုင်းဆို) ငါတို့ဆွံ့အနေအုံးမယ်တင်ရဲ့...........

မိုဃ်းသွေး
Generation Wave
အပြည်ပြည်ဆိုင်ရာ လူ့အခွင့်အရေးနေ့ အနှစ် ၆၀ တိုင်ခဲ့သော်လည်း လွတ်လပ်စွာထုတ်ဖော်ခွင့်များ
ပျောက်ဆုံးနေဆဲဖြစ်သည့် ဆွံ့အ နိုင်ငံတော်ကြီးအတွက် ခံစားရေးဖွဲ့သည်။

Read More...

လူသစ်၊ စိတ်သစ်၊ သီအိုသီသစ်၊ တော်လှန်ရေးနည်းစနစ်သစ်တွေလိုအပ်လာပြီ

မြန်မာနိုင်ငံရေးနဲ့ပတ်သက်ပြီး ကျွန်တော်တို့အတွက် စဉ်းစားစရာတွေရှိလာတဲ့အချိန်ကို ရောက်ရှိလို့လာပါပြီ။ ဘာကြောင့်လဲဆိုတော့ နအဖဟာ သူတို့ရေးဆွဲထားတဲ့ အခြေခံဥပဒေကို နိုင်ငံတကာနဲ့ ကုလသမဂ္ဂက ဘယ်လောက်ပဲ တရားမျှတမှုရှိအောင် ဆောင်ရွက်ရမယ်လို့ ပြောနေစေကာမူ ၂၀၁၀ မှာ အတည်ပြုပြီး နိုင်ငံတကာအလယ်မှာ တရားဝင်စစ်အစိုးရဖြစ်အောင် နည်းမျိုးစုံနဲ့ ပြုလုပ်တော့မှာဖြစ်ပါတယ်။ ဒီလိုဖွဲ့စည်းပုံအခြေခံဥပဒေ အတည်ပြုပြီးချိန်တွေမှာ နအဖအလိုတော်ကျ အဖွဲ့အစည်းတော်တော် များများဟာလည်း မြန်မာနိုင်ငံရဲ့ နိုင်ငံရေးစင်မြင့်တွေပေါ်ကို ရောက်ရှိနေရာယူလာကြတော့မှာဖြစ်ပါတယ်။ ဒါကြောင့် မြန်မာ့ဒီမိုကရေစီရေးအတွက် လှုပ်ရှားဆောင်ရွက်နေ ကြတဲ့ အတိုက်အခံအင်အားစုတွေအနေနဲ့ ဒီအကြောင်းအရာအပေါ်မှာ ပေါ့ပေါ့တန်တန် မစဉ်းစားစေလိုပါဘူး။

မြန်မာနိုင်ငံရေးမှာ အတိုက်အခံတွေနဲ့ နအဖဟာ ၁၉၈၈ ခုနှစ် နောက်ပိုင်းကတည်းက ဒီမိုကရေစီအရေးနဲ့ စစ်အာဏာရှင်စနစ်တည်မြဲရေးတို့ကို အားပြိုင် လုပ်ဆောင်လာကြတာ အနှစ်နှစ်ဆယ်ပြည့်ခဲ့ပါပြီ။ ဒီလိုအခြေအနေမှာ နအဖကပဲ အတိုက်အခံအင်အားစုတွေထက် တော်နေတာလား။ ဒါမှမဟုတ် အတိုက်အခံအင်အားစုတွေကပဲ နအဖထက်တော်နေတာလားဆိုတာ မေးစရာမေးခွန်းတွေရှိလာပါပြီ။ ဘာကြောင့်လဲဆိုတော့ ဒီမိုကရေစီစနစ် ထွန်းကာဖို့အတွက် အနှစ်နှစ်ဆယ်ကျော် တောင်းဆိုယူနေရ တယ်ဆိုတာ သမိုင်းအမြင်အရကြည့်မယ်ဆိုရင် ဆယ်စုနှစ် နှစ်ခုရှိခဲ့ပြီ ဖြစ်အတွက် သိပ်တော့အကောင်းကြီး မဟုတ်လှတော့ပါဘူး။ ဒီအချိန်တွေမှာ နအဖဟာ အတိုက်အခံ အင်အားစုတွေနဲ့ စေစပ်ညှိုနိုင်းဖို့ မစဉ်းစားခဲ့ပါဘူး။ ဒီလိုမစဉ်းစားတာဟာ အတိုက်အခံတွေအနေနဲ့ နအဖအနေနဲ့စေစပ်ဆွေနွေးမှုတွေ မလုပ်ရင်မဖြစ်တော့အောင် တွန်းအားတွေ ထိထိရောက်ရောက် မပေးနိုင်ကြတာလို့ဆိုရင် အတိုက်အခံအင်အားစုတွေကို အမြင်စောင်းနေတယ်လို့တော့ မထင်လိုက်ကြပါနဲ့။

နအဖဟာ အမျိုးသားအကျိုးစီးပွားလို့ ကြွေးကျော်နေပေမယ့် အမှန်တကယ်တမ်းးမှာတော့ ဆွေမျိုးနဲ့သားသမီးတွေရဲ့ အကျိုးစီးပွားတွေအတွက် လုပ်ဆောင်နေ ကြတယ်ဆိုတာ ဘယ်မြန်မာမဆို သိပြီးသားပါကိစ္စပါ။ ဒါကို အထူးတလည်လုပ်ပြီးတော့ ပြောပြနေစရာ မလိုလောက်တော့ပါဘူး။ ဒီလိုပါပဲ မီဒီယာလုပ်ငန်းမှာပဲကြည့်ကြည့် စီးပွားရေးလုပ်ငန်းတွေမှာပဲကြည့်ကြည့် နအဖအာဏာပိုင်တွေနဲ့နီးစပ်သူတွေ၊ မိသားစုဝင်တွေ၊ ဆွေမျိုးသားချင်းတွေလောက်ပဲ နအဖကြိုက်လုံးတွေပြောဆိုပြီး အကျိုးစီးပွား အတွက် လုပ်ပိုင်ခွင့်တွေရရှိနေကြပါတယ်။ သူတိုဟာ သူတို့အကျိုးစီးပွားတစ်ခုတည်းကို ရှေ့ရှုပြီး နအဖရဲ့ဖွံ့ဖြိုးတိုက်တက်မှုဇယားကွက်မှာ အမြင်ပန်းအရ ကိန်းဂဏာန်းတွေ တက်လာအောင် စီမံကိန်အမျိုးမျိုးကိုချပြပြီး စီးပွားရေးလုပ်ကွက်ရှာဖွေနေကြပါတယ်။ သူတို့က နအဖကို တင်ပြပြီး ခွင့်ပြုချက်နဲ့ လုပ်ဆောင်တဲ့ စီမံကိန်းတော်တော်များများဟာ ဒေသခံပြည်သူတွေအပါအ၀င် မြန်မာလူမျိုးအားလုံးအတွက် ဘာအကျိုးကျေးဇူးမှ မဖြစ်ထွန်းပဲ အကျိုးယုတ်စေတဲ့ စီမံကိန်းတွေကသာ ပိုများပြားနေစေပါတယ်။ ရေကာတာ စီမံကိန်းတွေ၊ ဆည်မြောင်းစီမံကိန်းတွေ၊ လမ်းတံတားဆောက်လုပ်ရေးစီမံကိန်းတွေ၊ လေယာဉ်ကွင်းစီမံကိန်းတွေစတဲ့ ဆောက်လုပ်ရေး စီမံကိန်းမျိုးစုံဟာ သူတို့ရဲ့ စီးပွားရေး လုပ်ငန်းတွေ လည်ပတ်နိုင်ဖို့အတွက် ငွေလှည့်လည်သုံးဆွဲနိုင်အောင် တမင်ဖန်တီးတင်ပြပြီး လုပ်ဆောင်နေကြတဲ့အရာတွေပဲဖြစ်ပါတယ်။ ဒီလိုစီမံကိန်းတွေကြောင့် ဒေသခံပြည်သူအများအပြား အိုးမဲ့အိမ်မဲ့ဖြစ်ရတာတွေ၊ ရွာလုံးကျွတ်ပြောင်းရွှေ့ပေးရတာတွေရှိသလို စီမံကိန်းတွေမှာ ခန့်မှန်းချိန်ထက်စောပြီးအောင် အမြန်ဆောက်လုပ်တာ။ စံချိန်မီအောင်မပြုလုပ်တာတွေကြောင့် ရေကာတာတွေကျိုးပြီး ရွာလုံးကျွတ် ရေလွှမ်းမိုးခံရတာ စတဲ့ဘေးထွက်ဆိုးကျိုး အမျိုးမျိုးကိုသာ ပြည်သူတွေအနေနဲ့ ရင်စည်းပြီး ခံစားနေ ကြရတဲ့ အခြေအနေမျိုးတွေပါ။

ဒီလိုအခြေအနေမျိုးတွေမှာ ယခင်က နအဖကို အတိုက်အခံလုပ်ခဲ့ဘူးပေမယ့် အမြင်မှန်ရသလိုလို၊ ပူးသတ်မလိုလိုစကားလုံးတွေနဲ့ ၁၉၈၈ ခုနှစ်မှာ တောခိုခဲ့တဲ့ ကျောင်းသားအချို့ အလင်းပြန်ဝင်လာပြီး နအဖအာဏာပိုင်တွေနဲ့ အကျိုးတူ စီးပွားရေးလုပ်ငန်းတွေ လုပ်ဆောင်လာကြတာမျိုးတွေရှိပါတယ်။ ဒီလိုအကြောင်းအရာမျိုးတွေဟာ ၂၀၀၀ ပြည့်နှစ်အလွန် နှစ်တွေအထိရှိခဲ့သလို အခုအချိန်ထိလဲ ရှိနေဆဲဖြစ်ပါတယ်။ ဥပမာအနေနဲ့ပြောရင် ၈၈ မျိုးဆက်အတုလို့ လူသိများတဲ့ အေးလွင်အုပ်စုဖြစ်ပါတယ်။ ဒီအုပ်စုမှာပါဝင်တဲ့ နိုင်ငံရေးသမားအမည်တပ် စီးပွားရေးသမားတွေဟာ နိုင်ငံရေးသမားခေါင်းစဉ်အောက်မှာ နိုင်ငံထူထောင်ရေးသမားလိုလို အမျိုးသားအကျိုးစီးပွားသမားလိုလို စကားလုံးအလှအပတွေသုံးပြီး နအဖအာဏာပိုင်တွေရဲ့ မျက်လုံးထဲမ၀င်ဝင်အောင် နိုင်ငံရေးပွဲတွေလုပ်ပြီး ပထမအဆင့်အနေနဲ့ အစိုးရနဲ့ အတိုက်အခံကြား တတိယလမ်းကြောင်း အဖြစ် နိုင်ငံရေးသြဇာရရှိအောင် စတင်ဆောင်ရွက်ခဲ့ကြပါတယ်။ ဒီနောက်ပိုင်းမှာတော့ နအဖအာဏာပိုင်တွေချပေးတဲ့ စက်ရုံတည်ဆောက်ရေးစီမံကိန်းတွေမှာ ကန်ထရိုက်ရပြီး နိုင်ငံရေးစကားတစ်လုံးမှ မပြောကြတော့တာတွေ့ရပါတယ်။ ဒါဟာ တတိယလမ်းစဉ်ပါလို့ ကြွေးကြော်ခဲ့ကြသူတွေရဲ့ ယုံကြည်ချက်မခိုင်မှုနဲ့ တိုင်းပြည်နဲ့လူမျိုးအတွက် သစ္စာမရှိမှုတွေကြောင့်ဖြစ်ပါတယ်။ လာမယ့် ၂၀၁၀ ရွေးကောက်ပွဲရောက်ရင်းလည်း ဒီလိုနအဖအလိုတော်ကျ လူပုဂ္ဂိုလ်တွေနဲ့ အဖွဲ့အစည်းတွေဟာ နိုင်ငံရေးစင်မြင့်တွေပေါ်ကို တက်လာပြီး တရားဝင်စစ်အာရှင်စနစ်နဲ့ ဒီမိုကရေစီနိုင်ငံတော် အမည်ခံဖြစ်ဖို့အတွက် နိုင်ငံရေးဇာတ်ခုံပေါ်မှာ အရှက်မရှိတဲ့ မျက်နှာတွေနဲ့ တက်ပြီးကပြ အသုံးတော်ခံကြဦးမှာဖြစ်ပြီး နအဖနောက်လိုက်တွေ ဖြစ်ကြရဦးမှာပါ။

ဒါကြောင့် အတိုက်အခံအင်အားစုတွေအနေနဲ့လည်း မကြာခင်မှာရောက်ရှိလာတော့မယ့် ၂၀၁၀ ရွေးကောက်ပွဲရဲ့ နိုင်ငံရေးစင်မြင့်ပေါ်မှာပါ မျောက်ပြဆန်တောင်း လုပ်ကြမယ့် သာပေါင်းညာစား နိုင်ငံရေးသမားတွေရဲ့လက်ထဲ စစ်အစိုးရရဲ့ ဒီမိုကရေစီအမည်ခံ စစ်အုပ်ချုပ်ရေးကို ဆက်လက်ဆန့်ကျင်နိုင်ကြဖို့အတွက် တော်လှန်ရေးမျိုးဆက် သစ်တွေမွေဖွားပေးကြဖို့ လိုအပ်လာပြီဖြစ်ပါတယ်။ ဒီလိုတော်လှန်ရေးမျိုးဆက်သစ်တွေအတွက် နိုင်ငံရေးဆင်မြင့်တွေကို အခုအချိန်ကတည်းက စတင်တည်ဆောက်ပေးထားကြဖို့ လိုနေပါပြီ။

၈၈ မျိုးဆက် ကျောင်းသားခေါင်းဆောင်တွေနဲ့ ရွယ်တူဖြစ်တဲ့ အိုဘားမားဟာ အမေရိကန်သမ္မတဖြစ်နေတဲ့အချိန် ကျွန်တော်တို့တိုင်းပြည်မှာတော့ သူနဲ့အရွယ်တူတွေဟာ NLD မှာဆိုရင် လူငယ်တာဝန်ခံသာ ဖြစ်နေတဲ့ အခြေအနေမျိုးဖြစ်နေပါတယ်။ တစ်ဖက်ကကြည့်လိုက်မယ်ဆိုရင်လည်း တော်လှန်ရေးမျိုးဆက် ပြတ်နေသလိုဖြစ်နေပါပြီ။ ဗိုလ်ချုပ် အောင်ဆန်းတို့ မြန်မာပြည်လွတ်လပ်ရေးအတွက် တိုက်ခိုက်ခဲ့ကြစဉ်က အသက်နှစ်ဆယ့်ငါး သုံးဆယ်တွေဖြစ်ပါတယ်။ အခုတော့ နိုင်ငံရေးလောကမှာ အသက်နှစ်ဆယ့်ငါး သုံးဆယ်ကို မွေးကာစကလေးသာသာ သဘောထားနေကြတာက လူကြီးတွေအနေနဲ့ နိုင်ငံရေးမင်းသားကြီးတွေဖြစ်လိုတဲ့ အခြေခံစိတ်နေသဘောထားကို မပြောင်းလဲနိုင်ပဲ ရှိနေကြတာကြောင့်လို့ မြင်မိပါတယ်။ အမှန်ဆိုရင် ရှေ့မှီနောက်မှီဖြစ်တဲ့ ဒီလိုပုဂ္ဂိုလ်ကြီးတွေဟာ အကြံပေးအဖြစ် ကန့်လန့်ကာနောက်ကွယ်ကနေ ပြောနိုင် ဆိုနိုင် လုပ်နိုင် ကိုင်နိုင် ရှိကြတဲ့ ထက်ထက်မြတ်မြတ်လူငယ်တွေကို နေရာပေး ကြဖို့အချိန်တန်နေပါပြီ။ ကြိုးနီစနစ်ကိုဖြတ်သန်းခဲ့ဘူးကြတဲ့ အခြေခံစိတ်နေသဘောထားတွေနဲ့ နှစ်ဆယ့်တစ်ရာစု မြန်မာနိုင်ငံရဲ့နိုင်ငံရေးဇာတ်ခုံပေါ် တက်မလာသင့်ကြတော့ပါဘူး။ တကယ်လို့ တက်လာခဲ့ကြမယ်ဆိုရင်လည်း မျိုးဆက်သစ်လူငယ်တွေရဲ့ အားပေးမှုရရှိတော့မှာ မဟုတ်ဘူး ဆိုတာကို သတိရှိကြဖို့လိုပါတယ်။ မြန်မာ့ဒီမိုကရေစီအရေး လှုပ်ရှားအတွက် သွေးသစ်လောင်းကြဖို့ အချိန်ပြီလိုဆိုချင်ပါတယ်။

အခုလို မြန်မာ့ဒီမိုကရေစီအရေးတိုက်ပွဲ မကြာသင့်ပဲကြာနေကြရတာဟာ အကောင်ကြီးကြီး အထနှေးနှေး ဆီစားများတဲ့ စက်အင်ဂျင်ကြီးတွေကြောင့်ဖြစ်တယ်လို့ ယူဆရင်လည်း ယူဆလို့ရမှာဖြစ်ပါတယ်။ ဘာကြောင့်လဲဆိုရင် ပို့စ်မော်ဒန်ခေတ်အလွန် ကမ္ဘာကြီးတစ်ခုလုံးရဲ့ရုပ်ဝတ္ထုတွေမှာ စွမ်းအင်ရှားပါးမှုကြောင့် အကောင်သေးသေး အထသွက်သွက်နဲ့ စွမ်းအင်နည်းနည်းနဲ့ မောင်းနှင်နိုင်မယ့်စက်တွေကို ပြောင်းလဲအသုံးပြုနေကြတဲ့ အချိန်ဖြစ်လာပါပြီ။


တော်လှန်ရေးတိုင်းမှာ အရင့်အရင်ရှိခဲ့ဘူးပြီးသား ဘယ်သီအိုရီတွေကိုအသုံးပြုလိုက်တာနဲ့ အောင်မြင်ခြင်းမရှိခဲ့ပါဘူး။ အခု နအဖတော်လှန်ရေးမှာဆိုရင်လည်း အရင့်အရင်ရှိခဲ့ဘူးတဲ့ ဘယ်သီအိုရီတွေနဲ့မှ အောင်မြင်အောင်တိုက်ယူနိုင်မှာ မဟုတ်ပါဘူး။ ဒါကြောင့် လူသစ်၊ စိတ်သစ်၊ သီအိုသီသစ်တွေ၊ တော်လှန်ရေးနည်းစနစ်သစ်တွေနဲ့ နအဖအစိုးရပြုတ်ကျအောင် တိုက်ခိုက်ယူနိုင်ဖို့အတွက် မျိုးဆက်သစ်တွေရဲ့စွမ်းအားကို ထည့်သွင်းစဉ်းစားကြပါလို့ပြောရင်း ကျွန်တော့်ရဲ့ တောင်စဉ်ရေမရ ဆောင်းပါးကို အဆုံး သတ်လိုက်ရပါတယ်။ ဒီလို အချိန်ပေးပြီး အဆုံးအထိဖတ်ပေးတဲ့အတွက် ကျေးဇူးတင်လှပါတယ်။


မင်းထက်ဘုန်းမြတ်

2008.DEC.(9)

Read More...

Tuesday, December 9, 2008

ဆိုက်ဘာအတိုက်အခံ မြန်မာဘလော့ဂါများသို့

ယနေ့အချိန်အခါဟာ မြန်မာလူမျိုးများအနေဖြင့် မိမိတို့၏လူ့အခွင့်အရေးများအပြည့်အ၀ရရှိရေးနှင့် ဒီမိုကရေစီအနှစ်သာရများ ပြည့်ပြည့်၀၀ရရှိအောင် စွမ်းဆောင်နေရသော အချိန်ကာလပင်ဖြစ်ပါတယ်။ ဒီလိုအချိန်မှာ ပြည်သူပြည်သားအားလုံးအတွက် လူ့အခွင့်အရေးနှင့် ဒီမိုကရေစီရေးတို့အတွက် မိမိတို့၏ အသိစိတ်ဓာတ်များနှင့်အတူ အများကောင်းကျိုး သယ်ပိုးဆောင်ရွက်ကြတဲ့ ဆိုက်ဘာအတိုက်အခံ ဘလော့ဂါများဟာလည်း မြန်မာ့အွန်လိုင်းမီဒီယာ လောကမှာ ပေါ်ထွန်းလာခဲ့ကြရပါတယ်။

ဒါပေမယ့် အခြားတစ်ဖက်မှာတော့ စစ်အစိုးရဟာ "သတင်းပိတ်ဆို့တားဆီးမှုများ"နှင့် "ဘလော့ဂါကို ဘလော့ဂါနှင့်တိုက်" စတဲ့ ဆောင်ပုဒ်များနှင့်အတူ အိုင်စီတီနည်းပညာကြွမ်းကျင်ပိုင်နိုင်ကြတဲ့ ခေတ်လူငယ်များကို ငွေ ကြေးအမြောက်အများနှင့် အခွင့်အရေးများပေးပြီး သတင်းပိတ်ဆို့တားဆီးမှုအတွက် နည်းပညာများကို ရယူဆောင် ရွက်နေကြသလို ဘလော့ခ်များကိုရေးသားပြီး စစ်အစိုးရကောင်းကြောင်းများနှင့် မြန်မာ့နိုင်ငံရေးနှင့်ပတ်သက်တဲ့ နိုင်ငံ ရေးသမားများ၏ အကြောင်းအရာများကို အပုတ်ချရေးသားပြီး အင်တာနက်အတွင်း လွှတ်တင်လျှက်ရှိနေကြတယ်ဆို တာကို အင်တာနက်ကို အမြဲမပျက်အသုံးပြုနေကြတဲ့ ကျွန်တော်တို့ရဲ့ Blog Community တစ်ခုလုံး သိရှိကြပြီးဖြစ်ပါတယ်။

ဒီအကြောင်းအရာတွေဟာ အိုင်တီနည်းပညာနယ်ပယ်တွင်သာမကပါဘူး။ အပြင်လောကပတ်ဝန်းကျင် မှာလဲ စစ်အစိုးရ ဒီမိုကရေစီအရေးလှုပ်ရှားသူတွေအားလုံးကို ငွေကြေး၊ အာဏာ၊ လက်နက်စတဲ့အရာတွေကိုအသုံးပြု ပြီးအနိုင်ကျင့် ဗိုလ်ကျ ဖန်းဆီးထောင်ချနေတာတွေကို နေ့စဉ်နှင့်အမျှ ကျွန်တော်တို့အားထားရတဲ့ Blog တွေ ဒါမှ မဟုတ် Online Media တွေက တစ်ဆင့် မကြားချင်မှအဆုံး ကျွန်တော်တို့ ကြားနေကြရပါတယ်။ ဒါဟာ ကျွန်တော်တို့ ရဲ့ နိုင်ငံရေးအသိစိတ်ဓာတ်တွေနဲ့ အမျိုးသားရေးစိတ်ဓာတ်တွေကို နိုးကြားစေပါတော့တယ်။ ပြီးခဲ့တဲ့ စက်တင်ဘာအရေးအခင်းလို့ နာမည်ကျော်ကြားတဲ့ ရဟန်းသံဃာတော်များ ဦးဆောင်တဲ့ မြန်မာ့ဒီမိုကရေစီအရေးလှုပ်ရှားမှုကို စစ်အစိုးရ လက်နက်အင်အားသုံးပြီး အကြမ်းဖက်ဖြိုခွင်းခဲ့ပြီး ကျွန်တော်တို့တိုင်း ပြည်ရဲ့ ဒီမိုကရေစီအရေးဟာ ကမ်းမမြင်လမ်းမမြင်ရှိနေကြရတဲ့အချိန်အခါမှာ ကျွန်တော်တို့လူငယ်တွေအနေနဲ့ ဘာ လုပ်ကြမလဲဆိုတဲ့ မေးခွန်းဟာ ကျွန်တော်တို့ ဥနှောက်တွေကို များစွာ အလုပ်လုပ်စေခဲ့ပါတယ်။

ကျွန်တော်တို့တွေ လမ်းမပေါ်ထွက်ပြီး ကျွန်တော်တို့ လိုချင်တာကို တောင်းဆိုခဲ့ကြပြီးပြီ…ဒါပေမယ့် လူငယ်တွေရဲ့ အသက်သွေးချွေးတွေသာ ဆုံးရှုံးခဲ့ရပေမယ့် ကျွန်တော်တို့ ဘာဆို ဘာကိုမှ ပြန်မရခဲ့ကြပါဘူး။ ဒီတော့ ကျွန်တော်တို့ ဘာလုပ်ကြမလဲ…ခေတ်ကလည်း လက်နက်ကိုင်ပြီး ကိုယ်လိုချင်တာ တိုက်ယူလို့ရမယ့် အခြေအနေ မဟုတ်တော့ဘူး…ဒီလိုလုပ်ကြဖို့ဆိုတဲ့အခါမှာလည်း ကျွန်တော်တို့ဟာ ကိုယ်ကာယခွန်အားကောင်းကြတဲ့ သူတွေက မဟုတ်ပြန်ဘူး… ကျွန်တော်တို့မှာ ကိုယ်လိုချင်တာကို တောင်းဆိုဖို့…ကိုယ်မကြေနပ်တာကို ပြောဆိုဖို့… ကိုယ်လိုချင် တာကို ရယူဖို့…. နည်းပညာရယ်…အတွေးအခေါ်ရယ်ပဲရှိတယ်လေ…ဒီလိုနဲ့ ကျွန်တော်တို့ဟာ အမှန်တရားကို ထုတ် ဖော်ဖို့…လူ့အခွင့်အရေးတွေရရှိဖို့….ဒီမိုကရေစီရရှိဖို့အတွက် ကျွန်တော်တို့ဟာ ဘလော့ဂါတွေဖြစ်ခဲ့ကြရပါတော့တယ်။

ကျွန်တော်တို့မှာ စွမ်းအားမြင့်မားတဲ့ နည်းပညာရပ်တွေကို မထုတ်လုပ်နိုင်တာသေခြာပါတယ်။ ဒါပေမယ့် ကျွန်တော်တို့အတွက် ဒီလိုစွမ်းအားမြင့်မားတဲ့ နည်းပညာရပ်တွေကို ဘုရားသခင်က ဖန်ဆင်းပေးနိုင်ထားခဲ့ ပါတယ်။ ဒါကတော့ ဘလော့ခ်ပလက်ဖောင်းတွေပါပဲ။ ကျွန်တော်ဟာ Google ရဲ့ www.blogspot.com မှာ စက်တင် ဘာလှုပ်ရှားများ မစတင်မှီအချိန်ကစပြီး ကိုယ်ပိုင်ဘလော့ခ်တစ်ခုကို စမ်းသက်ရေးသားနေခဲ့ပေမယ့် အားရကြေနပ်မှု မရှိခဲ့ပါဘူး။ ဒီလိုနဲ့ ကျွန်တော်တို့ဆီမှာ စက်တင်ဘာ လူထုလှုပ်ရှားမှုကြီးဖြစ်ပွားခဲ့ပြီး ရဟန်းသံဃာတော်အများအပြားနဲ့ ကျောင်းသားပြည်သူအများအပြား သေကြေ ဖမ်းဆီးခံရကြတယ်။ ဒီသတင်းတွေကို ကျွန်တော်ရဲ့ အစမ်းလွှတ်တင်ထား တဲ့ ဘလော့ခ်လေးထဲမှာ တက်နိုင်သမျှ နိုင်ငံရေးကို ထမ်းဆောင်တဲ့အနေနဲ့ ရေးသားခဲ့ပါတယ်။ ဒီလိုရေးသားနေတဲ့ အချိန်မှာပဲ ကျွန်တော်လို မြန်မာ့အရေးကို အားပေးရေးသားနေကြတဲ့ နိုင်ငံတကာကလွှတ်တင်ထားတဲ့ Blog တွေထဲကို ၀င်ကြည့်မိတယ်။ ဒီထဲမှာတော့ မြန်မာဘလော့ဂါတွေရဲ့ ဘလော့တွေပါဝင်သလို နိုင်ငံခြားသားတွေ ရေးသား ထားတဲ့ ဘလော့ခ်တွေလဲ ပါဝင်ကြပါတယ်။ ဒါတွေကိုကြည့်ရင်း ကျွန်တော် ဘလော့ခ်ကို ဘယ်လိုဘယ်ပုံ အ ကောင်းဆုံးဖြစ်အောင် လူကြည့်များအောင် လုပ်ရမယ်ဆိုတာ အကြံဥာဏ်တွေရခဲ့တယ်လို့ ၀န်ခံအပ်ပါတယ်။ ဒီလိုနဲ့ ကျွန်တော် မြန်မာပြည်အတွက် အားအထားရဆုံး ဘလော့ခ်တစ်ခုဖြစ်အောင် လုပ်ဆောင်မယ်ဆိုတဲ့ ခံယူချက်တွေဖြစ် ပေါ်ခဲ့မိပါတယ်။ ဒီလိုနှင့် ကျွန်တော် "Myanmar Herald Tribune" ဘလော့ကို ၂၀၀၇ ခုနှစ်၊ ဒီဇင်ဘာလ (၃၁) ရက်နေ့ မှာ စတင်လွှတ်တင်ခဲ့ပါတယ်။ ဒီမှာတော့ ကျွန်တော့်ရဲ့ Biography ကို ထည့်သွင်းဖော်ပြထားခြင်းမရှိပါဘူး။ ဒါဟာ ထမိန်ခြုံထဲက လက်သီးပုန်းထုတ်ပြတာမဟုတ်ပါဘူး။ ပြောင်လိန်ပြောင်စား စစ်အစိုးရကို ပြန်လည်တုန့်ပြန်ဖို့အတွက် ကျွန်တော်တို့ဟာ လျှို့ ၀ှက်လှုပ်ရှားနေကြရတာသာဖြစ်ပါတယ်။

ဒီနေရာမှာ ကျွန်တော့်အနေနဲ့ မတောက်တခေါက်လေ့လာခဲ့ဘူးတဲ့ စာနယ်ဇင်းကျင့်ဝတ်၊ စာနယ်ဇင်း ကိုယ်ကျင့်တရားလေးတွေကို အခြေခံပြီး ကျွန်တော်ဘလော့ဟာ အစိုးရရဲ့ အတိုက်အခံဘလော့တစ်ခုဖြစ်ပေမယ့် ကြည့်ရှု့သူတွေရဲ့ ယုံကြည်မှုရယူဖို့ များစွာ ပုံဖော်ခဲ့ပါတယ်။ ဒါပေမယ့်လည်း ကျွန်တော်ရဲ့ အသက်မွေးဝမ်းကြောင်းမှု အလုပ်တွေကို လုပ်ကိုင်နေရတဲ့ သူတစ်ယောက်လည်းဖြစ်ပြန်တော့ မိမိဘလော့ရဲ့ စာဖတ်ပရိသတ်များအတွက် တာဝန်မကြေမှုတွေ များစွာဖြစ်ပေါ်ခဲ့ရပါတယ်။ တခြားသတင်းမီဒီယာများမှာ ဖော်ပြပြီး သတင်းတွေကို ပြန်လည်ကူယူ ဖော်ပြပေးခဲ့ရတဲ့ အခြေအနေများတောင် ရှိခဲ့ပါတယ်။ ဒီအချိန်မှာပဲ ကျွန်တော် "နယ်စီးမခြားသတင်းထောက်များအဖွဲ့" က ထုတ်ဝေတဲ့ "ဘလော့ဂါလက်စွဲ- ဆိုက်ဘာအတိုက်အခံသမားအများအတွက်" Ebook ကို ဖတ်ရှု့ ခွင့်ရခဲ့ပါတယ်။ ဒီ စာအုပ်ရဲ့ကောင်းကျိုးကြောင့် ကျွန်တော်ရဲ့ အတွေးအခေါ်နှင့် လုပ်သင့်လုပ်ထိုက်သည့်အရာများကို တိတိကျကျသိရှိခွင့် ရခဲ့ပါတယ်။ ဒါကြောင့် ဒီစာကို ရေးသားပြီး ထုတ်ဝေပေးခဲ့တဲ့ "နယ်စီးမခြားသတင်းထောက်များအဖွဲ့ " က တာဝန်ရှိသူ တွေကို ကျေးဇူးတင်ရှိတဲ့အကြောင်း ကျွန်တော့် ဘလော့မှ ဖော်ပြပေးလိုက်ရပါတယ်။

ယခုအချိန်မှာတော့ စစ်အစိုးရဟာ သူတို့ရရှိပြီးဖြစ်တဲ့ အာဏာကို အသုံးပြုပြီး ပြည်တွင်းဘလော့ဂါတွေ နဲ့ အင်တာနက်အသုံးပြီး ပြည်ပမီဒီယာတွေကို ကြည့်ရှုသူများကို စောင့်ကြပ်ကြည့်ရှုပြီး အရေးယူဆောင်ရွက်မှုတွေ စတင်ပြုလုပ်နေပြီပဲဖြစ်ပါတယ်။ အစိုးရနဲ့ ပတ်သက်ဆက်နွယ်လျှက်ရှိတဲ့ "ပုဂံဆိုက်ဘာတက်စ်" တဆင့် လိုင်စင်နဲ့ လုပ် ကိုင်ခွင့်ချပေးထားတဲ့ ဆိုက်ဘာကဖေးတွေရဲ့ ပိုင်ရှင်တွေကို ပြည်ထဲရေးဝန်ကြီးဌာနလက်အောက်ခံ ရဲ၊ မရက၊ တရက၊ ကြံဖွတ်စတဲ့ ပူးပေါင်းအဖွဲ့တွေက ခေါ်ယူတွေ့ဆုံပြီး ဆိုက်ဘာကဖေးတွေမှာ နိုင်ငံရေးနဲ့ပတ်သက်ပြီး ပြည်ပမီဒီယာတွေ ကိုကြည့်ရှုသူများကို မှတ်သားထားပြီး ရယကမှဆင့် သတင်းပေးပို့ကြရန်နှင့် သတင်းပေးပို့ခြင်းမရှိပါက ရှောင်တခင်ဝင် ရောက်စစ်ဆေးတွေ့ရှိပါက ထိရောက်စွာအရေးယူမယ့်အကြောင်းတွေကို သိရှိပါကြေင်း လက်မှတ်တွေထိုးခိုင်းနေပါ တယ်။ ဒါဟာ ဘာမှမဆိုင်တဲ့ဟာပါ။ နှစ်ဆယ့်တစ်ရာစုမှာ နည်းပညာဆိုတာ အစိုးရရော ပြည်သူရော အတွက် တရားမျှ တစွာ ပေါ်ပေါက်လာတဲ့ ပဒေသာပင်တစ်ခုပါ။ ပြည်သူလည်း ပြည်သူအလျှောက် ပြုလုပ်ဆောင်ရွက်ခွင့်ရှိသလို အစိုးရ ဆိုတာကလည်း ဒီနည်းပညာတွေကို ပြည်သူတွေနဲ့ နီးနီးစပ်စပ်ရှိအောင် မြေထောင်မြှောက်ပေးကြရမှာပါ။ ဒီလို အာဏာတည်မြဲဖို့အတွက် အာဏာအသုံးပြုပြီး မပိတ်ပင်သင့်ပါဘူး။ မပိတ်ပင်ကောင်းပါဘူး။ တကယ်ဆိုရင် ကျွန်တော် တို့ဟာ အစိုးရမကောင်းသောကြောင့်သာ အစိုးရမကောင်းကြောင်း နိုင်ငံရေးဆိုတာ…ဒီမိုကရေစီအရေးဆိုတာကို ပြောဆိုနေကြရတာပဲဖြစ်ပါတယ်။ အစိုးရသာ ကောင်းနေမယ်ဆိုပါက ကျွန်တော်တို့ ဘာအစိုးရမကောင်းကြောင်းမှ ရေးနေစရာမလိုပါဘူး။ ဒီလိုမဟုတ်လို့သာ ကျွန်တော်တို့က သန်းငါးဆယ်ကျော်သော ပြည်သူလူထုတို့အတွက် အစိုးရကို အံတုနေကြတာဖြစ်ပါတယ်။ လက်တစ်စုတ်စာ အာဏာပိုင်တို့ရဲ့ အသက်စည်းစိမ်ကို ဆောင့်ရှောက်နေကြသော အသိစိတ်ဓာတ်အောက်တန်းနောက်တန်းကျသည့် စစ်ပလိတ်နောက်လိုက်များထက် ပိုပြီး မြင့်မြတ်ပါတယ်။ ဒီလိုမြင့် မြတ်တယ်ဆိုတာ ကိုယ့်ကိုယ်ပြောတာမဟုတ်ပါဘူး။ ကျွန်တော်တို့ မြင့်မြတ်တယ်ဆိုတာ တစ်လောကလုံးသိပါတယ်။

ဒါကြောင့် ကျွန်တော်တို့ ပြည်သူပြည်သားတွေရဲ့ လူ့အခွင့်အရေး…ဒီမိုကရေစီအရေးတို့အတွက် စွမ်းစွမ်းတမံ မြင့်မြင့် မြတ်မြတ် ကြိုးပမ်းဆောင်ရွက်လျှက်ရှိကြတဲ့ ဘလော့ဂါများကို ဂုဏ်ပြုတဲ့အကြောင်းပြောကြားရင်….စစ်ဗိုလ်နောက် လိုက်တိရစ္ဆာန်များကိုလည်း တာဝန်တွေ သိပ်မကြေပြကြပါနဲ့…အလှည့်ဆိုတာ ရှိမှာပါ…မိုးကောင်းတုန်း သိပ်မရွာကြ ပါနဲ့…ထင်ခွေမကြုံ..ရေခပ်တော့ကြုံမှာပါ…အလှည့်ကျရင်တော့ မနွဲ့စတမ်းဆိုတာ ပြောလိုက်ရပါတယ်။ ခင်ဗျားတို့က ပိုစွမ်းမလား…ကျွန်တော်တို့ဟာ ပိုစွမ်းမလားဆိုတာ ကြည့်ကြတာပေါ့ဗျာ... မြန်မာ့ဘလော့ဂါအားလုံးကိုလည်း သတိရှိကြဖို့ ကျွန်တော်ပြောကြားလိုက်ရပါတယ်။


မင်းထက်ဘုန်းမြတ်

Read More...

Monday, December 8, 2008

ကျွန်တော်တို့ဟာ ကျဆုံးခဲ့ကြသူုတွေအတွက် တာဝန်ကျေးပွန်သူတွေဖြစ်ရမယ်

၂၀၀၇ ခုနှစ်၊ စက်တင်ဘာလရဲ့ နောက်ဆုံးအပတ်မှာဖြစ်ပါတယ်။ ကျွန်တော်တို့ဟာ မြန်မာ့ဒီမိုကရေစီရေးနဲ့ တစ်မျိုးသားလုံးရဲ့ လူ့အခွင့်အရေးတို့အတွက် ရဟန်းသံဃာတော်တွေရဲ့ ဦးဆောင်မှုအောက်မှာ အစိုးရအနေနဲ့ ပြုပြင် ပြောင်းလဲရေးတွေလုပ်ဆောင်ပေးဖို့ ငြိမ်းချမ်းစွာနဲ့ ဆန္ဒပြတောင်းဆိုခဲ့ကြနေခဲ့ကြတာ သုံးရက်မြောက်နေ့ စက်တင်ဘာ (၂၅) ရက်နေ့ကို ရောက်လိုလာပါပြီ။ ဆန္ဒပြပွဲမှာပါဝင်နေတဲ့ လူအားလုံးရဲ့ မျက်နှာတွေပေါ်မှာ တိုင်ပြည်အတွက် တာဝန်ကျေပွန်သူတွေအဖြစ် မျှော်လင့်ချက်တွေနဲ့ အပြုံးတွေက ပီတိကိုဖြစ်ပေါ်စေသလို ရန်ကုန်တစ်မြို့လုံးကိုပင် ခြေလျှင်လျှောက်နိုင်လောက်တဲ့အထိ ခွန်အားတွေကို ပေးစွမ်းစေခဲ့တာဟာ စက်တင်ဘာလှုပ်ရှားမှုအတွင်း မပါဝင်ခဲ့ ဘူးတဲ့ ဘယ်မြန်မာမှသိရှိနိုင်မှာမဟုတ်ပါဘူး။

တစ်ဆယ့်ကိုးနှစ်လုံးလုံး ကိုလိုနီခေတ်ဆိုးတဲ့ စစ်အုပ်ချုပ်ရေးအောက်မှာ အညွန့်မထွက်နိုင်အောင်ရှိနေတဲ့ မြန်မာနိုင်ငံဟာ အရှေ့တောင်အာရှနိုင်ငံများအကြားမှာ အဆင်းရဲဆုံးတိုင်းပြည်တစ်ပြည်ဖြစ်ခဲ့ရပြီး နိမ့်ကျတဲ့စီးပွား၊ ရေးလူမှုရေးတွေနဲ့ ပညာရေးတွေကြောင့် မြန်မာဆိုရင် တစ်ကမ္ဘာလုံးက နှာခေါင်းရှုံခံရတဲ့ဘ၀ကို လွန်မြောက် နိုင်ကြ လိမ့်မယ်လို့ ဒီလှုပ်ရှားမှုအတွင်းမှာ ပါဝင်ခဲ့ကြတဲ့သူတွေအကုန်လုံးက မျှော်လင့်နေခဲ့ကြပါတယ်။

ဘယ်အစိုးရရုံးတွေမှာမဆို လဒ်ပေးလဒ်ယူမှုတွေများနေတာ။ စီးပွားရေးမကောင်းတဲ့အတွက် ဘတ်စ်ကား မှတ်တိုင်တွေမှာ ပြည့်တန်ဆာမိန်းကလေးတွေအမြောက်အများရှိနေတာ။ စာသင်ခန်းထဲမှာရှိနေရမယ့်ကလေးတွေနဲ့ ဘ၀လုံလုံခြုံခြုံရှိနေရမယ့် သက်ကြီးရွယ်အိုအများအပြား လမ်းမတွေနဲ့ မီးပွိုင့်တွေမှာ တောင်းရမ်းစားသောက်နေကြရ တာ။ ကုန်ဈေးနှုန်းအစမတန်ကြီးမြင့်မှုကြောင့် ပြည်သူတွေစီးပွားရေးအဆင်မပြေကြတော့ဘဲ ရဟန်းသံဃာတော်တွေ ကို ဆွမ်းတောင်မလောင်းလှူနိုင်တဲ့အခြေစတဲ့စတဲ့အခြေအနေတွေမှာ ပြည်သူတွေက သူတို့အခွင့်အရေးနဲ့ သူတို့မျှော် လင့်ချက်တို့အတွက် သူတို့ကိုးကွယ်ယုံကြည်ရာ သံဃာတော်တွေရဲ့ ဦးဆောင်မှုတွေနဲ့အတူ လမ်းမတွေပေါ် ထွက်လာခဲ့ကြပြီး အခွင့်အရေးအားလုံးအတွက် တောင်းဆိုခဲ့တာဖြစ်ပါတယ်။

“ပြည်သူဆန္ဒပြည့်ဝပါစေ….” ၊ “ဒို့ မေတ္တာစွမ်း… ကမ္ဘာလွှမ်း.. အေးချမ်းကြပါစေ…” ၊ “လူအချင်းချင်းလှည့်ပတ် ခြင်း… ကင်းရှင်းကြပါစေ…” ၊ စတဲ့ ကြွေးကြော်သံတွေကြားမှာ နအဖအစိုးရကို ဆင်းပေးဖို့ တစ်ခုမှ မတောင်းဆိုခဲ့ကြပါ ဘူး။ ဒီဆုတောင်း မေတ္တာပို့သံတွေကြားထဲမှာ မြန်မာပြည်သူတွေရဲ့ ခံစာချက်တွေကို အပြည့်အ၀ ပေါ်လွင်နေစေတယ် ဆိုတာ စက်တင်ဘာလှုပ်ရှားမှုအတွင်းက ရန်ကုန်မြို့ရဲ့ လမ်းမတွေပေါ်က ဘယ်ပြည်သူရဲ့ မျက်နှာကိုကြည့်ကြည့် ပေါ်လွင်နေစေခဲ့ပါတယ်။

စက်တင်ဘာ လှုပ်ရှားမှုအတွင်း ကျွန်တော်တို့အားလုံးဟာ ကျွန်တော်တို့တိုင်းပြည်ရဲ့အရေးအတွက် မျှော် လင့်ချက်တွေအများကြီး ဖြစ်ပေါ်ခဲ့ဘူးပါတယ်။ ပြည်ပမှာရှိနေတဲ့ အဝေးရောက်ညွှန်ပေါင်းအစိုးရ၊ ဒါမှမဟုတ် မြန်မာ့ဒီမို ကရေစီရေးအတွက် ဖွဲ့စည်းထားတဲ့ အဖွဲ့အစည်းတွေက ၀င်ရောက်လာပြီး ပြုပြင်ပြောင်းလဲရေးအတွက် ဦးဆောင်ကြ လိမ့်မယ်လိုပေါ့…။ စက်တင်ဘ (၂၅) ရက်နေ့ ညနေအိမ်ပြန်တဲ့လမ်းမှာ နအဖအာဏာပိုင်တွေ ကာဖြူးအမိန်ထုတ် လိုက်ပါတယ်။ အင်တာနက်ဆိုင်တွေမှာ ကွန်နက်ရှင်တွေပျက်တောက်ကုန်ပြီ။ ကျွန်တော်တို့ဟာ ကျွန်တော်တို့သိချင် နေတဲ့ သတင်းအချက်အလက်တွေကို ပြည်ပအခြေဆိုက်ထုတ်လွှင့်နေတဲ့ ရေဒီယိုလိုင်းတွေကိုပဲ အားကိုးပြီး ဂရုတစိုက်နားထောင်နေရပါတယ်။ မြန်မာ့အရေးနဲ့ပတ်သက်လို ဘယ်သူတွေများ ကြားဝင်ဖြေရှင်ပေးမလဲဆိုတာကိုပါ။ ပြည်ပမှာရှိတဲ့ နိုင်ငံရေးအဖွဲ့အစည်းတွေရဲ့ ခေါင်းဆောင်တွေနဲ့ အင်တာဗျူးတွေထုတ်လွှင့်ပြီး နအဖအစိုးရဆင်းပေးဖို့ပဲ ပြောနေကြတာကို ကျွန်တော်တို့ကြားနေရတယ်။ ဒီလိုသာ သူတို့ပြောတိုင်း နအဖဆင်းပေးသွားရင်တော့ ကောင်းတာ ပေါ့ဗျာ။ ဒါပေမယ့်…..


စက်တင်ဘာလ (၂၆) ရက် ဗုဒဟူးနေ…. ကျွန်တော့်ဘ၀မှာ ဘယ်တော့မှ မမေ့တော့မယ့် နေ့ရက်တွေထဲက တစ်ရက်ပါ။ ကျွန်တော်တို့ မြန်မာလူမျိုးတွေရဲ့ ဆယ့်ကိုးနှစ်မှာ ဒုတိယအကြိမ်ပြန်လည်ထွက်ပေါ်လာတဲ့ အမျိုးသားရေး စိတ်ဓာတ်တွေကို ရိုက်ချိုးခံလိုက်ရတဲ့နေပါ။ ဒီနေ့နံနက်ပိုင်း နေအိမ်ရှိရာ ကမာရွတ်ကနေ မြိုထဲကို အသွားလမ်းမှာ အာဏာပိုင်တွေရဲ့ လက်ကိုင်ဒုတ်တွေက ချောဆွဲထားတဲ့ ကားတွေပေါ် အသံချဲစက်တွေတပ်ဆင်ပြီး အရပ်ဝတ်နဲ့ဒုတ် ခဲစတဲ့ လက်နက်တွေကို ကိုင်ဆောင်ထားတဲ့လူတစ်အုပ်နဲ့အတူ ပြည်သူတွေအနေနဲ့ ဆန္ဒပြမှုမှာ မပါဝင်ကြဖို့ အမိန့် ထုတ်တဲ့အနေနဲ့ လိုက်အော်နေတဲ့သံတွေကို ဘစ်ကားကြပ်ကြပ်ပေါ်ကနေ ကြားခဲ့ရတယ်။ ဒီအချိန် ကျွန်တော့် စိတ်ထဲမှာတော့ တစ်မျိုးခံစားလိုက်ရတယ်။ နအဖအနေနဲ့ မမိုက်ရိုင်းလောက်ပါဘူးလို့ပဲ စိတ်ထဲက ထင်ထားခဲ့မိပါ တယ်။ ဒီလိုနဲ့ နေလယ် (၁၁) နာရီအချိန်မှာ ကျွန်တော်နဲ့ ကျွန်တော်သူငယ်ချင်းနဲ့အတူ ဆူးလေဘုရားလမ်းနဲ့ အနော်ရထာလမ်းထောင့် မီးပွိုင့်မှာဆုံမိကြပြီး အခြားသူငယ်ချင်းတွေအလာကို စောင့်နေကြပါတယ်။ ကျွန်တော်တို့ ဖုန်းကို ဗဟန်းသုံးလမ်းမှာရောက်နေတဲ့သူငယ်ချင်းက လှမ်းဆက်လာပါတယ်။ အဲ့ဒီမှာတော့ အခြေအနေမ ကောင်းဘူး။ သံဃာတော်တွေကိုရိုက်တယ်။ ဖမ်းတယ်။ ပစ်တယ်ဆိုတဲ့သတင်းတွေကို ကျွန်တော်တို့ကြားလိုက်ရ တယ်။ ဒီအချိန်မှာ ကျွန်တော်တို့အားလုံးလိုလိုတွေးထားကြတာက… နအဖစစ်တပ်က ပစ်ခတ်နှိုမ်နင်းတိုင်း ဒို့တော်လှန် ရေးကြီးက ပြီးသွားရမှာလား…။ ပြီးမသွားစေရဘူး။ စစ်တပ်ကပစ်လို့ ဒီနေရာမှာတင် ကျွန်တော်သေချင်သေသွားပါ့စေ။ ပြုပင်ပြောင်းလဲရေးသားဖြစ်မယ်ဆို ကျွန်တော်သေသွားရဲတယ်။ ကျွန်တော်လိုပဲ လမ်းနဲ့အပြည့်ဖြစ်နေတဲ့သူတွေ အားလုံးလဲ သေရဲကြမှာပါပဲ။ ဘာကြောင့်လဲဆိုတော့ ကိုယ့်သား၊ ကိုယ့်မြေး၊ ကိုယ့်မြစ်တွေ ကိုယ်တွေ့ကြုံနေရတဲ့ခံစား ချက်မျိုးကို မခံစားစေချင်တော့တဲ့အတွက်ပါ။


ကျွန်တော်တို့ သာသနာ့အလံနဲ့ ဒေါင်းအလံကို ဆူးလေးမီးပွိုင့်ကနေ စောင့်မျှော်နေကြပါတယ်။ မိုးတွေလည်း အုံမှိုင်းလို့လာသလို ကျွန်တော်တို့လို စောင့်ဆိုင်းနေကြတဲ့ ပြည်သူတွေလည်း တစ်ဖြည်းဖြည်းများသတဲ့များပြားလို့လာ ပါပြီ။ ဆူးလေလမ်းမကြီးလည်းအပြည့် အနော်ရထာလမ်းမကြီးလည်းအပြည့်ပါ။ တစ်ဖက်ခြမ်းမှာတော့ လမ်းကို သံစူးကြိုးတွေနဲ့ ပိတ်ကာလျှက် စစ်သား၊ ရဲသားတွေက တစ်ဖက်။ ဘုရားသားနဲ့ ကျွန်တော်တို့လိုကျောင်းသားတွေက တစ်ဖက် အားချင်းတော့ပြိုင်နေကြပါပြီ။ ကြည့်မယ်ဆိုရင်တော့ ကျွန်တော်တို့ဘက်က အမှန်တရား၊ ဒီမိုကရေစီနဲ့ လူအခွင့်အရေးတို့အတွက် အင်အားကပိုများပါတယ်။ ဒါပေမယ့် ကျွန်တော်တို့က ဒီမိုကရေစီအရေးကို ငြိမ်းချမ်းစွာနဲ့ တောင်းဆိုနေကြတာဖြစ်တဲ့အတွက် ပြန်ခုခံဖို့ အပ်တိုတစ်ချောင်းတောင် ယူဆောင်လာကြဖို့ မေ့ခဲ့ကြပါတယ်။ ဒါဟာ ဒီမိုကရေစီလှုပ်ရှားမှုတိုင်းရဲ့ အားနည်းချက်ဖြစ်ပါမယ်။ ဒီမိုကရေစီဆိုတာ စစ်အုပ်ချုပ်ရေးကို ဆန့်ကျင်ကြရတာဖြစ်တဲ့ အတွက် ဘယ်လိုနည်းနဲ့မှ ငြိမ်းငြိမ်းချမ်းချမ်းဆန္ဒပြတောင်းဆိုနေလိုမရဘူး။ ဒါဟာ နောက်နောင်ပေါ်ပေါက်လာမယ့် ကျွန်တော်တို့ တော်လှန်ရေးတွေအတွက် သင်ခန်းစာတစ်ခုပါ။ ဒီအချိန်မှာ ကျွန်တော်တို့ပြည်သူတွေရဲ့ မေတ္တာပို့သံ၊ ဆုတောင်းသံတွေဟာ ဆူးလေလမ်းမတလျှောက် မိုးလုံးဟိန်းညံညံစည်လျှက်ရှိနေပါတယ်။ ဒီအချိန်မှာပဲ ကျွန်တော်တို့ရဲ့ မေတ္တာပို့သံတွေကြောင့်ပဲလား တော့မပြောတက်ပါ။ မိုးကြိုးတစ်ချက်ပစ်ချလိုက်တာကို ကျွန်တော်ကြားမိလိုက်တယ်။ ကျွန်တော်တို့ပြည်သူတွေမှာ ဘာလက်နက်မှ မရှိပေမယ့် ကံကြမာက ကျွန်တော်တို့ဘက်မှာ ရပ်တည် နေတယ်လို့ ကျွန်တော်တို့အားလုံး တွေးထင်လိုက်ကြပါတယ်။


ဒီအချိန်မှာ ဒေါသစိတ်နဲ့ ခံပြင်စိတ်ကို မထိန်းနိုင်ကြတဲ့သူအချို့က ဆဲဆိုကြိမ်းမောင်းတာတွေ…ခဲနဲ့ လှမ်းပြစ် တာမျိုးတွေရှိတော့… စစ်ခွေးတို့အတွက် အကြောင်းပြချက်ရပြီး ပစ်ခတ်နှိုမ်နင်းတဲ့အထိရောက်ခဲ့ရတယ်။ ဒါဟာလည်း ကျွန်တော်တို့အတွက် သင်ခန်းစာတစ်ခုပါပဲ။ နောက်နောင်ပေါ်ပေါက်လာမယ့် တော်လှန်ရေးတွေမှာ ကျွန်တော်တို့ ဒါမျိုးမလုပ်သင့်ဘူး ထင်မိတယ်။ ဒါပေမယ့်လည်း ဒါက ချွင်းချက်အနေနဲ့ပါ။ ကျွန်တော်ဖတ်ခဲ့ဘူးတဲ့ ဦးနုရေးတဲ့ ဒီမိုက ရေစီကာကွယ်ကြဆိုတဲ့စာအုပ်ထဲမှာ သူပြောဘူးတယ်။ ဒီမိုကရေစီဆိုတာ ကိုယ့်ရဲ့ပါးကိုလာရိုက်ရင် နောက်တစ်ဖက် ပါ ရိုက်ပါလို့ လှည့်ပေးနိုင်ရမယ်လို့ သူပြောခဲ့တယ်။ ဒါဟာ ကျွန်တော်တို့ စစ်အုပ်ချုပ်ရေးမှာတော့ ဒါဟာ လုံးဝမဖြစ် နိုင်တဲ့ကိစပါ။ ကျွန်တော်တို့ အရိုက်ခံဖို့လှည်ပေးခဲ့ရတာ နေရာတောင်မကျန်တော့ဘူးဆိုတာ ကျွန်တော်တို့လို ခံစား နေကြရတဲ့ ပြည်သူတွေလောက် ဘယ်သူမှ သိနိုင်မှာမဟုတ်ပါဘူး။


ပထမဆုံး ကြည်ဆယ်တောင့်လောက်ကို မိုးပေါ်ထောင်ပြီး ပစ်လိုက်တယ်။ ဆန္ဒပြဆုတောင်းနေတဲ့ လူအုပ် ကြီးစပြီး ကဆင့်ကလျားဖြစ်သွားတယ်။ ဘယ်လောက်ပဲ စိတ်ဓာတ်ပြင်းထန်တဲ့သူဖြစ်ပါ့စေ။ သေနက်နဲ့ပစ်ခတ်တာကို တော့ မကြောက်ပဲဆက်မနေရဲကြတော့ဘူးပေါ့။ ကျွန်တော့်ရှေ့က လူအုပ်ကြီး ကျွန်တော်ဆီကို ပြိုကျလာတော့ သူတို့ နဲ့အတူ အလိုက်သင့်ပြေးရုံမှတပါး အခြားရွေးစရာမရှိတော့ပါ။ မပြေးပဲသာရပ်နေမယ်ဆိုရင် ကျွန်တော် လူအနင်း ခံရတာနဲ့ နေရာမှာတင်ပွဲချင်းပြီးသွားနိုင်ပါတယ်။ ကျွန်တော် ပြေးလိုက်တာ မှန်တယ်လို ပြောရမှာပါ။ ကျွန်တော်လည်း MOON BAKERY ရှေ့ရောက်တော့ သေနက်ပစ်သံဟာ မိုးပေါ်ထောင်ပစ်တဲ့အသံမဟုတ်တော့ပဲ ကျွန်တော့်နောက် ကြောဘက်နေ ကျွန်တော့်အရှေ့အထိကို သွားတဲ့အသံမျိုးတွေဖြစ်လာတယ်။ ဒီကောင်တွေ လူအုပ်ထဲကို ပစ်ပြီဆိုတာ ကျွန်တော်သိလိုက်ရတယ်။ကျွန်တော် နောက်ကို လှည့်ကြည့်လိုက်တယ်။ ခုနကပစ်ချလိုက်တဲ့ သေနက်ပစ်သံကြောင့် လေးငါးဆယ်ယောက် လဲကျသွားတာကို တွေ့လိုက်ရတယ်။ ကျွန်တော်ဘာမှ မတက်နိုင်ပါ။ သူတို့ကို ပြန်သွားထူဖို့ ထက် အဲ့ဒီတုန်းကအတွေ့အကြုံကို ဒီလိုစာပြန်ရေးနိုင်ဖို့အတွက် ကျွန်တော်အသက်ကို ဖက်နဲ့ထုတ်ပြီး ပြေးခဲ့ရတာကို ဘယ်သူ့မှ ကျွန်တော်ကို ညံ့တယ်လို ပြောကြမယ်မထင်ပါဘူး။


ဒီအချိန်မှာ ကျွန်တော့် သွေးတွေ ဆူပွက်လိုနေတယ်။ နှလုံးခုန်သံလည်း တော်တော်မြန်နေပါပြီ ဆူးလေ ဘုရားလမ်း အထက်တစ်ဘလောက်လုံးမှာ ပုံးကွယ်စရာမရှိ။ ကားအောက်ပြေးဝင်ရင် မ၀င်ရင် ဆက်ပြေးရုံပဲရှိတော့ တယ်။ တော်ပါသေးတယ်။ အဲ့ဒီနေ့က ကျောက်တံတားရဲစခန်းက သဘောကောင်းပေလို့။ အဲ့ဒီကနေသာ ထပ်ပြီးပစ် ပြစ်ဦးမယ်ဆိုရင်တော့ ကျွန်တော်တို့ရဲ့ စက်တင်ဘာတော်လှန် ရေးမှာ စတေးခံရမယ့်သူတွေ ပိုများသွားနိုင်ပါတယ်။


ကျွန်တော် နောက်လှည့်ကြည့် လှည့်ကြည့်နဲ့ပြေးတယ်။ ခုနက ဆုတောင်းဆန္ဒပြနေကြတဲ့သူတွေအားလုံးရဲ့ မျက်နှာပေါ်မှာ စိုးရိမ်ကြောက်ရွံခြင်းတွေအပြည်နဲ့ပါ။ သူတို့မှာ အားကိုးရာမရှိတော့ပါဘူး။ သူတို့သက်ဝင်ယုံကြည်တဲ့ ကံ ကံရဲ့အကြိုးကို သူတို့ဘယ်လိုက်ရှာလို့ ရှာမှန်းမသိတော့ပါဘူး။ သူတို့တတွေရဲ့ ရှေ့မှာတင် သံဃာတော်အချို့ လဲကျသွားခဲ့တယ်။ ဒါဟာ ကံ ကံရဲ့အကြိုးလား။ လူတွေလုပ်နေကြတာလားဆိုတာ အဖြေကရှင်းနေပါတယ်။ ပြည်သူ အားလုံးရဲ့ စိတ်ဓာတ်ထဲမှာတော့ ဒီအဖြစ်အပျက်တွေဟာ သံမှိုစွဲသလို ကျွန်တော်နိုင်ငံရဲ့ အမှန်အကန်သမိုင်းထဲမှာ ထပ်ကြပ်မကွာပါသွားမှာ သေခြာပါတယ်။ စက်တင်ဘာလှုပ်ရှားမှုကနေ ကျွန်တော်တို့တိုင်းပြည်ရဲ့ ဒီမိုကရေစီရေး အတွက် မျိုးဆက်တစ်ဆက်ကို မွေးထုတ်ပေးလိုက်ပြန်ပါတယ်။ အဲ့ဒါတော့ သုံညမျိုးဆက်လို့ခေါ်ရမယ့် ၁၉၈၀ ခုနှစ် ပတ်ဝန်းကျင်မှာ မွေးဖွားခဲ့ကြတဲ့သူတွေပါ။ သူတို့မှာ မတူညီကွဲပြားခြားနားတဲ့ခံစားချက်ကိုယ်စီနဲ့ ဘ၀နေထိုင်မှုဟန်ပန် တွေရှိကြပေမယ့် နိုင်ငံရေးနဲ့ပတ်သက်လာရင်တော့ ဘယ်တော့မှ စိတ်မကုန်တက်ကြတဲ့ လူငယ်တွေ။ ဇွဲရှိရှိနဲ့ အချိန်ကိုစောင့်ဆိုင်းပြီး တော်လှန်ယူမယ်သူတွေကို မွေးထုတ်နိုင်ခဲ့ပြန်တာပါ။ ဒါဟာ သမိုင်းတစ်ပတ်လည်တာလို့ ကျွန်တော်ပြောချင်ပါတယ်။ သူတို့ဟာ နိုင်ငံရေးမင်းသားတွေမဖြစ်ချင်ကြပါဘူး။ သာမန်ပြည်သူတွေလို နိုင်ငံရေးကို စိတ်ဝင်စားတယ်။ ကိုယ့်အခွင့်အရေးအတွက် ကိုယ်တိုင်တိုက်ပွဲဝင်တယ်။ ကိုယ့်ရပ်တည်ချက်နဲ့ကိုယ်နေတယ်။ ဖြစ်နိုင် သမျှ ကင်းကင်းနေချင်ကြတဲ့စိတ်ဓာတ်ရှိကြတဲ့သူတို့တွေ… စက်တင်ဘာတော်လှန်ရေးမှာ ဒေါင်းအလန်မရှိတဲ့အခါ အင်္ကျီအနီရောင်ကို ချွတ်ပြီး အလံလုပ်ချီတက်ခဲ့ကြတာ…. သူတို့မျက်နှာကို နောက်လူတွေသင်ကြားရမယ့် သမိုင်း စာအုပ်မှာ ပါချင်လွန်လို့လုပ်ခဲ့ကြတာမဟုတ်ပါဘူး။ ကိုယ့်ဘ၀အတွက်.. ကိုယ့်မျှော်လင့်ချက်အတွက်… ကိုယ့်အမျိုးသားထုအတွက်.. ကိုယ့်အနာဂတ်အတွက်… ကိုယ့်မျိုးဆက်အတွက် လုပ်ဆောင်ခဲ့ကြတာပါ။


စက်တင်ဘာလ (၂၆. ၂၇ . ၂၈) ရန်ကုန်တစ်မြို့လုံး ကမ္ဘာပျက်နေသလိုပါပဲ။ လမ်းလျှောက်နေတဲ့သူ အင်္ကျီအနီရောင်ဒါမှမဟုတ် အနက်ရောင်ဝတ်ထားရင် တွေ့သမျှကို ရိုက်နှက်ကားပေါ်တင်ပြီး စစ်ဆေးခံနေရတဲ့ နေရက်တွေကို အားလုံးဖြတ်သန်းနေကြရတယ်။ လူငယ်တွေလမ်းပေါ်မထွက်ရဲလောက်အောက်အထိပါပဲ။ လက်ဘက် ရည်ဆိုင်ထဲဝင်ဆွဲတယ်။ ဆံပင်ညှပ်ဆိုင်ထဲဝင်ဆွဲ… အကုန်အကုန်ပါပဲ။


သတင်းတွေအရတော့ စက်တင်ဘာလှုပ်ရှားမှုအတွင်းမှာ သံဃာတော်တော်တွေ နဲ့ကျောင်းသားတွေတော် တော်များများ စတေးခံလိုက်ရတယ်လို့ ကျွန်တော်တို့ပြန်ကြားရတယ်။ ရေဝေးသုသာန်မှာ မသေမရှင် ဖြစ်နေတဲ့သူတွေ ကို မီးရှို့ပြီးအလောင်းဖျောက်ပစ်တယ်လို့ ကျွန်တော်တို့ကြားရတယ်။ သွေးပျက်မတက်ပါဘဲ။ ကျွန်တော်တို့ရဲ့ ဒီမိုက ရေစီအရေးနဲ့ လူ့အခွင့်အရေးတို့အတွက် ဆင်နွဲခဲ့ကြတဲ့ လူထုလှုပ်ရှားမှုဟာ စစ်တပ်ရဲ့ သေနက် ပြောင်းဝမှာ အရေးနိမ်ခဲ့ကြရပါပြီ။ တော်လှန်ရေးကာလအတွင်းမှာ ကျွန်တော်နဲ့ လူအုပ်ကြားထဲမှာ ရင်းနှီးခဲ့ကြတဲ့ သူငယ်ချင်း အချို့ကို လူထုလှုပ်ရှားမှုပြီးတဲ့အချိန်တွေမှာ ပြန်မြင်ရဖို့ အခုအချိန်ထိမျှော်လင့်နေခဲ့မိတယ်။ ဒါပေမယ့် သူတို့ကို ပြန်မတွေ့ရတော့ဘူး။ သူတို့ဟာ တော်လှန်ရေးအတွင်းမှာပဲ စတေးခံသွားကြရပြီလား။ ဒါမှမဟုတ် ဘာတွေများဖြစ်ကုန်ကြပြီလဲဆိုတာ ကျွန်တော်မတွေးတက်ပါ။ ကျွန်တော်မှတ်မိနေပါသေးတယ်။ ကျွန်တော်ထက် အသက်လေးငါးနှစ်လောက် ငယ်မယ်ထင်ရတဲ့ ကောင်လေးတစ်ယောက် သူ့နာမည်ကိုတော့ ကျွန်တော်မသိခဲ့ရပါ။ သူက တညင်ကဆိုတာတော့ သိခဲ့ရတယ်။ သူဟာ စက်တင်ဘာတော်လှန်ရေးကာလအတွင်းမှာ ရန်ကုန်ကိုလာပြီး ဒီမိုကရေစီရေးအတွက်တောင်းဆိုဖို့ ပိုက်ဆံမရှိလို့ သူကျောင်းတက်ရင်း အသုံးပြုတဲ့ထမင်းချိုင့်လေးကို ပေါင်ပြီး ရန်ကုန်ကိုရောက်အောင်လာပြီး သူ့အခွင့်အရေး… တစ်မျိုးသားလုံးအရေးအတွက် တောင်းဆိုခဲ့တာပါ။ နောက်တစ်နေ့မှာ ကျွန်တော်တို့ ဆူးလေဘုရားလမ်းမှာ ဆုံဖို့ချိန်းခဲ့ကြပေမယ့် အဲ့ဒီနေ့က သူဆူးလေကို ရောက်မ လာနိုင်ခဲ့ရှာပါဘူး။ ရောက်ချင်လည်း ရောက်ချင်လည်းရောက်လာပါလိမ့်မယ်။ နောက်တစ်နေ့ကစပြီး သူတို့အဖွဲ့ကို လုံးဝမတွေ့ရတော့ပါဘူး။ သူတို့လည်း တော်လှန်ရေးအတွင်း စတေးခံမြေသြဇာသက်သက်များဖြစ်သွားပြီလားတွေး ရင်း ကျွန်တော် သူတို့လိုသူငယ်ချင်းတွေအတွက် တာဝန်မကြေပွန်တဲ့သူတစ်ယောက်ဖြစ်နေမှာကို စိုးရိမ်မိတယ်။ သူတို့သာ တော်လှန်ရေးကာလအတွင်း တစ်ခုခုဖြစ်သွားခဲ့မယ်ဆိုပါက ကျွန်တော်တို့အတူတူဆင်နွဲခဲ့ကြတဲ့ အရေး တော်ပုံမပြီးဆုံးမချင်း မအောင်မြင်မချင်း ကျွန်တော် တာဝန်မကြေသူတစ်ယောက်ပဲဖြစ်နေလိမ့်မယ်လို့ ကိုယ့်ကိုယ်ကို ခံယူထားလိုက်ပါတယ်။


စက်တင်ဘာလှုပ်ရှားမှုပြီးသွားတဲ့အချိန်မှာ လူငယ်တွေ အရင်တုန်းကထက် ပိုပြီး သွေးစည်းလာလာကြ တယ်။ ရန်ကုန်မြို့မှာ လူငယ်အချင်းချင်း ရိုက်ကြနှက်ကြ ရန်ဖြစ်ကြတယ်ဆိုတဲ့အသံ တော်တော်ကိုကြားရခဲသွားပါပြီ။ ပညာမတက်ရင် ဘာမှ ဖြစ်မလာနိုင်ဘူးဆိုတာကို သူတို့သိလာကြတော့ သင်တန်းတွေမှာ အချိန်ကို အသုံးချလာကြ တယ်။ လက်ဘက်ရည်ဆိုင်ထိုင်ချိန်တွေ လျော့လာတယ်။ အင်တာနက်ဆိုင်တွေမှာ ကိုယ်ဝါသနာပါတာ။ ကိုယ်လေ့ လာချင်တာလေးတွေကို လေ့လာရင် ကိုယ့်အတွက်ကို ပြင်ဆင်နေကြတယ်။ ဒါ ကျွန်တော်တို့ လူငယ်တွေအတွက် အဆိုးထဲကအကောင်းလို့ပြောရမယ့်အခြေအနေမျိုးပါ။ ဘာကြောင့်လဲဆိုရင် မြန်မာပြည် ရန်ကုန်မြို့မှာ လူတန်းစား ကွာဟချက်ကြီးမားတော့ အဲ့ဒီကွာဟချက်ကို ပညာတစ်ခုတည်းနဲ့သာ ရင်ကြားစေနိုင်မယ်ဆိုတာကို လူငယ်အကုန်လုံး သဘောပေါက်လက်ခံထားကြတော့ သူတို့ဘ၀အတွက် လိုအပ်တဲ့အရာတွေကို သူတို့ဖြည့်စည်းရင်း ဘ၀ကို ချို့တဲ့စွာနဲ့ ဖြတ်သန်းကြတယ်။ အခြေအနေပေးလာရင် နိုင်ငံခြားထွက် အလုပ်လုပ်ငွေစုပြီး စားဝတ်နေရေးအဆင်မပြေတဲ့ မိသားစုကို ထောက်ပံ့ကြရတယ်။ ဒီပုံစံကိုကြည့်မယ်ဆိုရင်တော့ လူငယ်တွေဟာ နိုင်ငံရေးနဲ့ဝေးသွားပြီလို ထင်ဖို့ကောင်းပေမယ့် တကယ်တမ်းမှာတော့ နိုင်ငံရေးနဲ့ဝေးသယောင်ရှိနေတယ်ထင်ရတာပါ။ အားလုံးလိုလိုမှာ နိုင်ငံရေးခံယူချက်အပြည်နဲ့ အမိမြေကို စွန့်ခွာခဲ့ကြရတာပါ။ အမိမြေမှာ မက်စရာအိပ်မက် မရှိတာထက်စာရင် ရေခြား မြေခြားမှာ သူတို့အတွက် မက်စရာအိပ်မက်တွေ ပိုရှိမယ်ဆိုတာကို သူတို့တွေ သိလာကြလို့ပါ။ ဒါဟာ နအဖအကြိုက် လမ်းစဉ်တစ်ခုဖြစ်သလို သူတို့မျှော်လင့်ထားတဲ့ အရာလည်းဖြစ်ပါ တယ်။ တော်လှန်ရေးတိုင်းမှာ လူထုကို ဦးဆောင်ဦးရွက်ပြုခဲ့ကြတာ အလက်အလက်ပညာတက်လူတန်းစားဖြစ်ပါတယ်။ အထက်တန်းလူတန်းစားကတော့ တော်လှန်ရေးကိုလက်ခံနိုင်ရင် အကူအညီအထောက်အပံ့လောက်ပဲပေးပြီး နောက်ကွယ် ကပဲ နေတက်ကြတဲ့သဘာဝရှိပြီး အခြေခံလူတန်းစားကတော့ တော်လှန်ရေးမှာ တက်တက်ကြွကြွပါဝင်ကြလေရှိပါတယ်။ ဒါကြောင့် တော်လှန်ရေးတွေကို ဦးဆောင်လေ့ရှိတဲ့ အလယ်အလက်ပညာတက်လူတန်းစားကို တိုင်ပြည်အတွင်းမှာ မနေနိုင် အောင်နည်းမျိုးစုံနဲ့ အစိုးရက ဖိအားပေးထားတဲ့အတွက် ဒီလူငယ်တွေ နိုင်ငံခြားထွက် အလုပ်လုပ်ကြရတာ အထူးအဆန်း တော့မဟုတ်ပါဘူး။ ဒီလူငယ်တွေအားလုံးရဲ့ အသိအာရုံတွေထဲမှာ စက်တင်ဘာတော်လှန်ရေးအပြီးမှာ ပေါ်ပေါက်လာတဲ့ အတွေးတွေက တော့ ၁၉၈၈ ခုနှစ် ဒီမိုကရေစီအရေးလှုပ်ရှားမှုမှာ ကျဆုံးခဲ့ကြတဲ့ ရဲဘော်များ၊ ၂၀၀၇ ခုနှစ် စက်တင်ဘာလှုပ်ရှားမှု အတွင်း ကျဆုံးခဲ့ကြတဲ့ရဲဘော်များနဲ့ ဒေါ်အောင်ဆန်းဆုကြည်အပါအ၀င် မြန်မာ့ဒီမိုကရေစီအရေးအတွက် ဖမ်းဆီးခံ နိုင်ငံရေးအကျဉ်းသားများရဲ့ ဘ၀တွေကိုစတေးခံထားရတဲ့အတွက် တော်လှန်ရေးပြီးဆုံးချိန်မတိုင်မချင်း စိတ်ရှည်ရှည်နဲ့ တော်လှန်ကြဖို့လိုပြီဆိုတဲ့ အတွေးတွေအားလုံး ခေါင်းထဲမှာ ၀င်ရောက်လာခဲ့ကြပါပြီ။

ဒီနေရာမှာ ကျွန်တော် အလောင်းဘုရားရဲ့ စိတ်ဓာတ်မျိုး အမိမြေနဲ့ဝေးနေကြတဲ့ မြန်မာတိုင်းရှိနေကြဖို့ပြောပြ ချင်ပါတယ်။ အလောင်းဘုရားရဲ့ ဗမာ့တပ်မတော်ဟာ ယိုးဒယားနိုင်ငံကိုသိမ်းပိုက်နိုင်ဖို့အတွက် အယုဒယမြို့တော်ရဲ့ အပြင်ဘက်မှာ နှစ်နဲ့ချီအောင် စိုက်ပျိုးမွေးမြူရေးလုပ်ငန်းတွေလုပ်ကိုင်ရင်း ထိုင်စောင့်ပြီး စစ်တိုက်ခဲ့ပြီး အယုဒယမြို့ကို သိမ်းနိုင်ခဲ့တဲ့ဟာကို သင်ခန်းစာယူကြဖို့လို ပါတယ်။ နိုင်ငံခြားတိုင်းပြည်တွေမှာရောက်နေကြတဲ့ မြန်မာတိုင်းကသာ ဒီမိုကရေးစီအရေးလှုပ်ရှားမှုတိုင်းမှာ ကျဆုံးခဲ့တဲ့ ရဲဘော်ရဲဘက်တွေရဲ့သွေးတွေ ခြောက်သွေ့အောင် မလုပ်ပေးနိုင်မချင်း ဒီလိုကျဆုံးခဲ့သူတွေရဲ့ ၀ိဥာဏ်တွေဟာလည်း သူတို့ရဲ့ သွေးစက်များရှိရာ ကတ္တရာလမ်းမတွေပေါ်မှာ ရှိနေကြဦးမှာပါ။ ဒီဝိဥာဏ်တွေကို ကျွန်တော်တို့ လွတ်မြောက် အောင် လုပ်ဆောင်ပေးကြဖို့လိုပါတယ်။ ဒီလိုလုပ်ဆောင်ပေးနိုင်မှသာ ကျွန်တော်တို့ဟာ ကျဆုံးခဲ့တဲ့သူတွေအပေါ် တာဝန် ကျေပွန်သူတွေဖြစ်ပါလိမ့်မယ်။ ဒီလို တာဝန်ကျေးပွန်သူတွေဖြစ်အောင် ကျွန်တော်တို့မြန်မာတိုင်း မြန်မာတိုင်းဇွဲရှိရှိနဲ့ မအောင်မြင်သေးတဲ့ တော်လှန်ရေးကို ဆက်လက်ဆင်နွဲနေကြဖို့ လိုပါတယ်။

မင်းထက်ဘုန်းမြတ်

2008 ခုနှစ်၊ နိုဝင်ဘာလ (30)

Read More...

အကြောင်းအရာ။ နှစ်၆၀ပြည့် အပြည်ပြည်ဆိုင်ရာလူ့ အခွင့်အရေးနေ့ သဘောထားထုတ်ပြန်ကြေငြာချက်

မြန်မာပြည်လွတ်မြောက်ရေးအဖွဲ့ချုပ်အနေဖြင့် နအဖ ၏ လူ့အခွင့်အရေး ချိုးဖေါက်မှုများနှင့် တိုင်းပြည်ကို တရားဝင် စစ်ကျွန်ပြုရေး လုပ်ငန်းစဉ်များကို ပြင်းထန်စွာ ကန့် ကွက်ရှုံ့ချကြောင်း အနှစ် ၆၀ မြောက် အပြည်ပြည်ဆိုင်ရာ လူ့ အခွင့်အရေးနေ့ တွင် ကြေငြာအပ်ပါသည်။

ဗိုလ်သန်းရွှေ ဦးဆောင်သည့် န၀တ တဖြစ်လဲ နအဖ စစ်အုပ်စုတို့ သည် မိမိတို့  အာဏာတည်မြဲရေးနှင့် တိုင်းပြည်ကိုတရားဝင်စစ်ကျွန်ပြုရန် အလို့ ငှာ ပရမ်းပတာ ဖမ်းဆီးချုပ်နှောင်ခြင်း၊ ဒေါ်အောင်ဆန်းစုကြည်နှင့် နိုင်ငံရေး ခေါင်းဆောင်များ၊ ကိုမင်းကိုနိုင်နှင့်တကွ (၈၈)မျိုးဆက်ကျောင်းသားခေါင်းဆောင်များ၊ လူ့အခွင့်အရေး လှုပ်ရှားသူများကို နစ်ရှည်ထောင်ဒဏ်များ ချမှတ်ခြင်း၊ ညှင်းပမ်းနှိပ်စက်ခြင်း၊ ပေါ်တာဆွဲခြင်း၊ အတင်းအဓမ္မ လုပ်အားပေးစေခိုင်းခြင်း၊ နယ်စပ်ဒေသမှ တိုင်းရင်းသားလူမျိုးစုများအပေါ်တွင် မတရားထိုးစစ်ဆင်ခြင်း၊ ရွာများမီးရှို့ ခြင်း၊ လူသတ်ခြင်း၊ မုဒိန်းကျင့်ခြင်း၊ စသော ရက်စက်ရမ်းကား ယုတ်မာမူများကို နှစ်ပေါင်း(၂၀)နီးပါး ထပ်ခါတလဲလဲ ကျူးလွန်ခဲ့ကြသည်။

ဗိုလ်သန်းရွှေအနေနှင့် စေ့စပ်ရေးဆွေးနွေးရန် တောင်းဆိုချက်များကို ဆင်ခြင်တုံတရားကင်းမဲ့စွာဖြင့် လျစ်လျုရှု၍၊၁၉၉၀ မေလရွေးကောက်ပွဲ ရလဒ်ကို ပစ်ပယ်၍ ပြည်သူလူထုတရပ်လုံး၏ သဘောဆန္ဒကိုဆန့်ကျင်ပြီး၊ လာမည့် ၂၀၁၀တွင် ရွေးကောက်အသစ်ထပ်မံပြုလုပ်ရန် ကိုယ်တိုင်ထုတ်ဖေါ် ပြောကြားချက်များကိုလည်း ကျွန်ုပ်တို့ မြန်မာပြည်လွတ်မြောက်ရေးအဖွဲ့ချုပ်နှင့် ကန့်ကွက်ကြောင်းဖေါ်ပြအပ်ပါသည်။ ကျွန်ုပ်တို့အနေဖြင့် ယနေ့စုပေါင်း ပြုလုပ်သည့် နအဖစစ်အုပ်စုအား ဆန့်ကျင်ရှုံ့ချ ဆန္ဒပြပွဲများမှတဆင့် စစ်အာဏာရှင်စနစ် မြန်မာ့မြေပေါ်မှ လုံးဝ ပျောက်ကွယ်သွားစေမည့် အဆုံးအဖြတ်တိုက်ပွဲ (၀ါ) စစ်ဗိုလ်ချုပ်များအတွက် သေမင်းတမန် စိန်ခေါ်တိုက်ပွဲ ကိုလည်း မြန်မာနိုင်ငံတဝှမ်းတွင် နအဖ ၂၀၁၀ ရွေးကောက်ပွဲ မတိုင်မှီ အကောင်အထည်ဖော် တိုက်ပွဲဝင်သွားနိုင်ရန် တစိုက်မတ်မတ် ကြိုးပမ်းသွားမည်ဖြစ်သည်။

သို့ဖြစ်ရာ နအဖ စစ်အာဏာရှင်စနစ်ကို မြန်မာ့မြေပေါ်မှ အပြီးအပိုင် သုတ်သင်ဖယ်ရှားနိုင်ရန် ပြည်သူတရပ်လုံးက ပူးပေါင်းပါဝင်လာရေးမူ အပေါ်တွင် အခြေခံသည့် လိုအပ်သောလုပ်ငန်းစဉ်များအားလုံးကို စနစ်တကျ ချမှတ်လုပ်ဆောင် သွားကြမည်ဖြစ်သည်။ သမိုင်း၏ တောင်းဆိုချက်ဖြစ်သော မြန်မာ့မျိုးဆက်သစ်များ အခြေခံလူ့အခွင့်အရေး အပြည့်အ၀ခံစားခွင့် ရရှိစေရေး၊ တိုင်းရင်းသားပြည်သူများအားလုံး တရားဥပေဒေနှင့် အကာအကွယ် ရရှိစေရေး စသည့် ရည်မှန်းချက်များကို ရှေးရှူ၍ အောင်ပွဲရသည်အထိ တိုက်ပွဲဝင်သွားရန် ကျွန်ုပ်တို့အားလုံး စုပေါင်းဆောင်ရွက် သွားမည်ဖြစ်ကြောင်း ကြေငြာအပ်ပါသည်။

ကမ္ဘာ့ကုလသမဂ္ဂ၊ အာဆီယံ၊ အမေရိကန်ပြည်ထောင်စု၊ ဗြိတိန်၊ ဂျပန်နိုင်ငံ အပါအဝင် ကမ္ဘာ့နိုင်ငံအသီးသီးနှင့် နိုင်ငံတကာအဖွဲ့အစည်းများမှလည်း၊ မြန်မာပြည်သားများ လွတ်လပ်မှု၊ တရားမျှတမှုနှင့် လူ့အခွင့်အရေးများ ခံစားခွင့်ရရှိပြီး၊ မြန်မာနိုင်ငံတွင် ဒီမိုကရေစီစနစ် ထွန်းကားသည်အထိ နအဖ စစ်အာဏာရှင်တို့အပေါ်တွင် ထိရောက်သည့် အရေးယူမူများအား ဆက်လက်လုပ်ဆောင်ပေးကြပါရန် အလေးအနက်တောင်းဆိုအပ်ပါသည်။

တရားမဝင် စစ်အုပ်စုဖယ်ရှားရေး ---- (ဒို့အရေး၊ ဒို့ အရေး)

ဖမ်းဆီးခံ နိုင်ငံရေးအကျဉ်းသားများ လွတ်မြောက်ရေး --- (ဒို့အရေး၊ ဒို့အရေး)

တရားဈင်ပြည်သူ့ အစိုးရ ပေါ်ပါက်ရေး ---- (ဒို့အရေး၊ ဒို့အရေး)

အဖိနှိပ်ခံပြည်သူလူထု လွတ်မြောက်ရေး အရေးတော်ပုံ (အောင်ရမည်၊ အောင်ရမည်)

Read More...

Friday, December 5, 2008

အဇ္ဇျတ္တ ပြောင်းလည်းရေး

မိတ်ဆွေ

လာမဲ့ ဒီဇင်ဘာလ(၃၁)ရက်နေ့ည(၁၂)နာရီမှာပြောင်းလည်းရွေ့ ရှားခြင်းရဲ့ သမ္မဇဉ်အတိုင်း(၂၀၀၈)ခုနှစ် ကုန်ဆုံး လို့(၂၀၀၉)ခုနှစ်ကို ကူးပြောင်းတော့မှာဖြစ်ပါတယ်။ ဒီလိုနဲ့ပဲ ရှစ်လေးလုံးကအနှစ်-နှစ်ဆယ်၊ ရွှေဝါရောင် ကလည်း နှစ်ပတ်လည်ခဲ့ပြီဖြစ်ပါတယ်။

ဖြတ်သန်းခဲ့တဲ့ နှစ်ပေါင်းများစွာကို ပြန်ပြီးလှည့်ကြည့်လိုက်တဲ့အခါမှာ ကျေနပ်လောက်အောင် အကျိုးရှိစွာ နေခဲ့ရတဲ့နှစ်တွေတော့ မဟုတ်ခဲ့ပါဘူး၊ အောင်မြင်မှုထက် ဆုံးရှုံးမှုတွေကသာ ပိုခဲ့ပါတယ်။ ဘ၀အမော တွေကြားမှာ ခိုတစ်ကောင်လိုညည်းညူရင်း၊ ၀ံပုလွေတစ်ကောင်လိုရုန်းကန်ရင်း၊ ပုဇဉ်းရင်ကွဲတစ်ကောင်လို ဟစ်အော်ရင်းနဲ့ ပဲ တန်ဘိုးရှိတဲ့အချိန်တွေကို ပေးဆပ်ခဲ့ရပါတယ်။ တကယ်တော့ ဘာတစ်ခုမှ မရေရာ မသေချာတဲ့ နှစ်ပေါင်းများစွာဟာ မနေ့တနေ့ကလိုပါပဲလေ။

သို့သော်လည်း အောင်မြင်တာတွေ ဆုံးရှုံးရတာတွေထက် လူဆိုတာမိမိနဲ့တကွ လူ့အဖွဲ့အစည်းတစ်ခုလုံးရဲ့ တိုးတက်ကြီးပွားရေးအတွက် အမြဲလှုပ်ရှားရုန်းကန်နေရမယ်လို့ ယုံကြည်ချက်ရှိတဲ့အတိုင်း အမှန်တရားအတွက်၊ လူ့အခွင့်အရေးနဲ့ ဒီမိုကရေစီအတွက် လှုပ်ရှားရုန်းကန်လို့တော့ နေခဲ့တာပါပဲ။

မကြာခင်ရောက်ရှိလာတော့မဲ့ နှစ်သစ်ကူးကာလနဲ့အတူ ကမ္ဘာမှာအင်အားအကြီးဆုံး နိုင်ငံတစ်ခုဖြစ်တဲ့ အမေရိကန်မှာလည်း သမ္မတသစ် ဘားရက်အိုဘားမား ဦးဆောင်ပြီး အပြောင်းအလည်းတွေလုပ်ဖို့ ပြင်ဆင်နေပါ
တယ်။ မပြောင်းလည်းနိုင်သေးတဲ့ မြန်မာနိုင်ငံမှာတော့ စစ်အာဏာရှင်တွေရဲ့  ရက်စက်ကြမ်းကြုတ်တဲ့ ဖိနှိပ်မှုတွေ၊ လှည့်စားချက်တွေ၊ ပြဌာန်းချက်တွေ တစ်ခုပြီးတစ်ခုအောက်မှာ မြန်မာတစ်မျိုးသားလုံး လူရုပ်ပျောက်ခဲ့ကြရသလို အားလုံးကိုပျော်စေချင်တဲ့ဆန္ဒနဲ့ အပြောင်းအလည်းဖြစ်ဖို့ ကြိုးစားခဲ့ကြတဲ့ သူတွေလည်း နှစ်ရှည်ထောင်ဒဏ်တွေနဲ့အတူ အဓိပ္ပါယ်မဲ့တဲ့ နေ့ရက်တွေကို ဖြတ်သန်းနေကြရပါတယ်။

ဒါတွေအပြင် နာဂစ် မုန်တိုင်းကြောင့်ပျက်စီးခဲ့ရတဲ့ ဒေသတွေမှာ ပြန်လည်ထူထောင်ရေးလုပ်ငန်းတွေ မလုပ်နှိုင်သေး တာတွေ၊ အေအိုင်ဒီအက်စ် ရောဂါသည်တွေကို ဆေးဝါးလုံလောက်အောင် မပေးနှိုင်တဲ့အတွက် လာမဲ့နှစ်မှာ ဝေဒနာရှင်(၂၅၀၀၀)လောက် သေဆုံးရမဲ့ကိစ္စတွေ ၊ကျမ္မာရေးနဲ့ပညာရေးနိမ့်ကျနေတာတွေ၊ ပြည်တွင်းစီးပွားရေး အကျပ်အတည်းနဲ့အတူ နက်ရှိုင်းလာတဲ့ ဆင်းရဲမွဲတေမှုတွေ၊ စသဖြင့် အဆင်မပြေမှုတွေက ဒုနဲ့ဒေးပါ။

အမှန်တော့ ဒီလိုအဖြစ်ဆိုးတွေကို ဘယ်နိုင်ငံသားတွေကမှ မကြုံတွေ့ချင်ကြပါဘူး ဒါကြောင့်လည်း နိုင်ငံရေး နိုးကြား သူတွေက အုပ်ချုပ်သူအစိုးရတွေကို ပြောင်းလည်းဖို့ကြိုးစားလာကြတာပါ။ မြန်မာနိုင်ငံမှာ စစ်အာဏာရှင်စံနစ် အမြစ်တွယ်ခဲ့တာ နှစ်ပေါင်း(၅၀)ခန့်ရှိပါပြီ၊ ဒါကိုပြောင်းလည်းဖို့ အတိုက်အခံအင်အားစုတွေ
ကြိုးစားလာခဲ့တာ နှစ်အတော်ကြာခဲ့ပေမဲ့ ခုထက်ထိ အဖြစ်ရှိအောင် မလုပ်နိုင်သေးပါဘူး။

အရေးပါတဲ့ နိုင်ငံရေးခေါင်းဆောင်တွေကို မတရားဖမ်းဆီးထောင်ချတဲ့အပြင် ကမ္ဘာ့နိုင်ငံအသီးသီးက ကန့်ကွက်နေတဲ့ ကြားထဲကနေတရားဥပဒေမဲ့ လုပ်ရပ်တွေကို ပြောင်ပြောင်တင်းတင်း လုပ်လာတဲ့အထိ စစ်ခေါင်းဆောင်တွေက အတင့်ရဲလာခဲ့ပါတယ်။ ဒီမင်း ဒီစိုး ဒီအာဏာရှင်မျိုးနဲ့ ဒီမိုးဒီလေ ဒီလိုအခြေခံဥပဒေနဲ့ ကတော့ အနာဂတ်မှာ မတွေးရဲစရာပါပဲ။

နိုင်ငံရေးအကျဉ်းသားတွေကို ရာသီဥတုကြမ်းတမ်းပြီး သွားလာရခက်ခဲတဲ့ အစွန်အဖျားဒေသမှာရှိတဲ့ အကျဉ်း
ထောင်တွေဆီကိုပြောင်းရွှေ့ နေတာတွေ၊ တည်ဆဲဥပဒေများကိုမလေးစားပဲ ထင်ရာစိုင်းနေတဲ့ တရားရုံးများရဲ့ 
တဖက်သတ်ဆုံးဖြတ်ချက်တွေ၊ တိုင်းပြည်ရဲ့ သယံဇာတတွေကို အထိမ်းအကွတ်မရှိထုတ်ရောင်းနေတာတွေစတဲ့
နအဖ-ရဲ့ လုပ်ရပ်တွေဟာ အနာဂတ်ကိုထင်ဟတ်ပြနေတာပါ။

ဒီတော့ ကျွန်တော်တို့အနေနဲ့ အပြောင်းအလည်းကိုလိုချင်ရင် အစဦးဆုံးလုပ်ရမဲ့အလုပ်က ပြဿနာရဲ့ အ၀န်းအ၀ိုင်း အတွင်းမှာရှိတဲ့သူတွေ ဆက်နွယ်ပတ်သက်နေတဲ့ သူတွေဟာ မိမိတို့ရဲ့ အတွင်းစိတ်နဲ့အမူအကျင့်
ိုတွေကို အမှန်အတိုင်းမြင်အောင်ကြည့်ရပါမယ်။ ကိုယ့်မှာဘယ်လိုစိတ်ဆိုးစိတ်ဆာတွေ ရှိနေသလဲ၊ ဘာတွေကိုပြောင်းလည်းဖို့လိုသလဲ၊ အပြောင်းအလည်းကို လက်ခံတဲ့စိတ်ရှိရဲ့ လား စတာတွေကို မြင်အောင်ကြည့် ရပါလိမ့်မယ်။

အဓိကနဲ့အခြေခံအကျဆုံး ပြောင်းလည်းရမယ့် အရာတွေကတော့ တစ်ကိုယ်ကောင်းဆန်တဲ့စိတ်၊ အနာဂါတ်ကို ကြိုတင်ပြင်ဆင်ရကောင်းမှန်း မသိတဲ့စိတ်၊မသိလိုက်မသိဖါသာ အမိန့်တွေကို နာခံနေတတ်တဲ့စိတ်၊အမှားအ
မှန်မခွဲခြားပဲ လွယ်လွယ်နဲ့လက်ခံတတ်တဲ့ ကျွန်စိတ်၊ မတရားမှုတွေကိုရင်ဆိုင်ရမှာငြင်းဆန်ရမှာကြောက်တဲ့စိတ် ၊စတဲ့အရာတွေပါပဲ။ မတရားတဲ့ လူမဆန်တဲ့အရာတွေကို ရင်ဆိုင်ရမှာကြောက်နေရင် နောက်ထပ်မတရားမှုတွေက ဆက်တိုက်ဆိုသလို ရောက်လာမှာပါ။ အသိညဏ်နဲ့ မယှဉ်တဲ့လုပ်ရပ်တွေကို ကိုယ်နဲ့မဆိုင်သလို ငုတ်တုတ်ထိုင်ပြီး ကြည့်နေရင် မကြာခင် ကိုယ့်အလှည့် ရောက်လာလိမ့်မယ်ဆိုတာကိုတော့ သတိပြုမိစေချင်ပါတယ်။

မိတ်ဆွေ----အကယ်၍ သင့်မှာအပြောင်းအလည်းဖြစ်ဖို့ကြိုးစားအားထုတ်ချင်တဲ့စိတ်ရှိခဲ့ရင်၊ ကျွန်တော်တို့ နိုင်ငံမှာ အပြောင်းအလည်းတစ်ခုဖြစ်ဖို့ တကယ်ကို လိုအပ်နေပြီဆိုတာကို လက်ခံတဲ့စိတ်ရှိခဲ့ရင်-------- မကြာမီရောက်လာတော့မယ့် နှစ်သစ်ကူးအခါသမယမှာ ကျွန်တော်တို့ရဲ့ အ၀တ်အစားဟောင်းတွေကို ပျော်ပျော်ပါးပါး ချွတ်ပစ်ကြရအောင် ဖိတ်ခေါ်လိုက်ပါတယ်။

အားလုံးကိုလေးစားပါတယ်။

ခင်မောင်ခန့်

Read More...

Thursday, December 4, 2008

ဟစ်ပ်ဟော့ပ် အဆိုတော် ဇေယျာသော်ကို ထောင်ပြောင်း

Wednesday, 03 December 2008 18:34 ဧရာဝတီ

စစ်အစိုးရက ဖမ်းဆီး ထောင်ချ ထားသော လူငယ်အဆိုတော် ကိုဇေယျာသော် အပါအဝင် နိုင်ငံရေး လှုပ်ရှားသူ ၇ ဦးကို ယနေ့ ထောင်ပြောင်းရွှေ့ လိုက်ကြောင်း အင်းစိန်ထောင် ဝန်ထမ်းအသိုင်း အဝန်းက ပြောသည်။

မျိုးဆက်သစ် လူငယ်များ အစည်းအရုံး (GW) ခေါင်းဆောင် လည်းဖြစ် ဟစ်ပ်ဟော့ပ် အဆိုတော် လည်းဖြစ်သူ အသက် ၂၇ နှစ်ရှိ ဇေယျာသော်ကို မြန်မာပြည် တောင်ပိုင်း တနင်္သာရီတိုင်းရှိ ကော့သောင်းထောင် သို့ပြောင်း ရွှေ့လိုက်ကြောင်း အင်းစိန်ထောင် ၀န်ထမ်းတဦးက ပြောသည်။

ပြီးခဲ့သည့်နိုဝင်ဘာလ၂၀ရက်နေ့က ကိုဇေယျာသော်အား နိုင်ငံခြားငွေကိုင်ဆောင်မှု ပုဒ်မ ၂၄/၁ အရ ထောင် ဒဏ် ၁ နှစ်၊ တရားမဝင်အသင်းဖွဲ့စည်းမှုပုဒ်မ ၆/၈၈ ဖြင့် ၅နှစ် စုစုပေါင်းထောင်ဒဏ်၆နှစ် ချမှတ်ခဲ့သည်။

၎င်းနှင့်အတူ GW အဖွဲဝင် ကိုအောင်ဇေဖြိုး၊ ကိုအာကာဗိုလ်၊ ကိုသီဟဝင်းတင်၊ ကိုဝေလွင်မျိုး၊ ကိုရန်နိုင်သူ တို့ကိုလည်း ပုဒ်မ ၆/၈၈ အရ ထောင်ဒဏ် ၅နှစ်စီ ချမှတ်ခဲ့သည်။


ယင်းGW အဖွဲ့ဝင်များဖြစ်သည့် ကိုအောင်ဇေဖြိုးအား ပဲခူးတိုင်း တောင်ငူထောင်၊ ကိုသီဟဝင်တင်အား မန္တလေးတိုင်း ညောင်ဦးထောင်၊ ကိုအာကာဗိုလ်အား ရခိုင်ပြည်နယ်ရှိ ကျောက်ဖြူထောင်သို့ အသီးသီး ပို့ဆောင်လိုက် ကြောင်းလည်း သိရသည်။

ကိုဇေယျာသော်နှင့် အဖွဲ့ဝင် ၆ဦးကို ယခုနှစ်မတ်လ ၁၂ရက်နေ့တွင် ဆရာစံလမ်းရှိ စားသောက်ဆိုင်တဆိုင် တွင် အာဏာပိုင်များက ဖမ်းဆီးခဲ့ခြင်းဖြစ်သည်။


ကိုဇေယျာ်သော်သည် အဆိုတော် အနဂ္ဂ၊ ဟိန်းဇော်၊ ရန်ရန်ချန်းတို့နှင့်အတူ ၂၀၀၀ ခုနှစ် ကုန်ပိုင်း၌ မြန်မာနိုင်ငံတွင် ပထမဆုံးသော ဟစ်ပ်ဟော့ပ်အဖွဲ့ဖြစ်သည့် အက်ဆစ်အဖွဲ့ကို စတင်တည်ထောင်ခဲ့သည်။


ယနေ့တွင် ထောင်ဒဏ် ၁၁နှစ်ချမှတ်ခံထားရသည့် သင်္ဃန်းကျွန်းမြို့နယ်ရှိ ဓမ္မသိဂီရွှေသိမ် ဘုန်းကြီး ကျောင်းမှ သံဃာတော် ဦးစန္ဒာသီရိ ကိုလည်း ရခိုင်ပြည်နယ် စစ်တွေထောင်သို့ ပြောင်းရွေ့လိုက်သည်။


အလားတူ တခြားသော နိုင်ငံရေးလှုပ်ရှားသူ ကိုထွန်းထွန်းနိုင်အား ရခိုင်ပြည်နယ် စစ်တွေထောင်နှင့် ကိုဇေယျာလင်း ကို ကချင်ပြည်နယ် ဗန်းမော်ထောင်သို့ ယနေ့ပြောင်းရွေ့လိုက်ကြောင်းလည်းသိရသည်။


GWမှ ပြောရေးဆိုခွင့်ရှိသူ ကိုမိုဃ်းသွေးက“ဒါဟာမိသားစုကို သက်သက်ဒုက္ခပေးတာဖြစ်တယ်၊ ဝေးလံ တဲ့ နေရာ တွေမှာ ကျန်းမာရေး၊ အစားအသောက်တွေ အဆင်မပြေအောင် မိသားစုတွေနဲ့ဝေးအောင် လုပ်ထား ခြင်းအားဖြင့် သူတို့ကိုစိတ်ဓာတ်ကျအောင်၊ နောက်တခုက ဆက်လုပ်မယ့်လူငယ်မျိုးဆက်သစ်တွေကို ခြိမ်းခြောက်တာလည်းဖြစ်တယ်၊ ဒါပေမယ့်ဒီလိုလုပ်ရုံနဲ့လူငယ်တွေကနောက်တွန့်သွားမှာမဟုတ်တဲ့အပြင် ခုလိုမတရားဖိနှိပ်ခံရတဲ့သူငယ်ချင်းတွေ၊ အဖွဲ့သားတွေအတွက်ပိုပြီး ခံပြင်းတဲ့စိတ်နဲ့ ဆန့်ကျင်တော်လှန်မှုတွေ ပိုပြင်းထန်လာမှာသေချာတယ်” ဟု ပြောသည်။

ပြီးခဲ့သည့် ၂၀၀၇နှစ်စက်တင်ဘာ သံဃာတော်များ ဦးဆောင်သည့် ရွှေဝါရောင်တော်လှန်ရေးအပြီး ဖမ်းဆီး ထားသည့်နိုင်ငံရေးတက်ကြွလှုပ်ရှားသူပေါင်း ခန့်မှန်းခြေ ၃၈၈ဦးရှိသည်ဟု ထိုင်းနိုင်ငံအခြေစိုက် နိုင်ငံရေး အကျဉ်းသားများ ကူညီစောင့်ရှောက်ရေး အသင်း(အေအေပီပီ) စာရင်းအရသိရသည်။

Read More...

ကိုဇာဂနာနှင့် ကိုနေဘုန်းလတ်ကို ဆိုက်ဘာဆုအတွက် RSF လျာထား

ဇာနည်
ဗုဒ္ဓဟူးနေ့၊ ဒီဇင်ဘာလ 03 2008 18:08 - မြန်မာစံတော်ချိန်


ချင်းမိုင် (မဇ္ဈိမ)။ ။ နှစ်ရှည်ထောင်ဒဏ်များ ချမှတ်ခံထားရသော လူငယ် ဘလော့ဂ်ဂါ ကိုနေဘုန်းလတ်နှင့် နိုင်ငံကျော် ဟာသသရုပ်ဆောင် ကိုဇာဂနာတို့ကို နယ်စည်းမခြား သတင်းသမားများအဖွဲ့ - RSF မှ ၂၀၀၈ ခုနှစ်အတွက် ဆိုက်ဘာ အတိုက်အခံဆု ချီးမြှင့်ရန် လျာထားသည်။

ကိုယ်ကျိုးစွန့်ပြီး ပြည်သူများကို သတင်းမှန်များ ပေးသော နိုင်ငံတကာ သတင်းဌာနများ၊ အဖွဲ့အစည်းများနှင့် သတင်းသမားများကို ပြင်သစ်အခြေစိုက် RSF မှ နှစ်စဉ်နှစ်တိုင်း ချီးမြှင့်သော ယခုဆုအတွက် နောက်ဆုံး စိစစ်သည့် ၁၇ ဦး စာရင်းတွင် ပါရှိနေခြင်း ဖြစ်သည်။

"သူတို့နှစ်ယောက်ဟာ ဖိနှိပ်ခံနေရတဲ့ကြားက ပြည်တွင်းက ပြည်သူတွေကိုရော ပြည်ပက လူတွေကိုရော မှန်ကန်တဲ့ သတင်းအချက်အလက်တွေကို ပေးနိုင်ခဲ့တာတွေကြောင့် ဆုပေးဖို့ ရွေးချယ်ခံရတဲ့ စာရင်းမှာ ပါရတာပါ" ဟု RSF အာရှပစိဖိတ်ဌာနမှ တာဝန်ရှိပုဂ္ဂိုလ် ဗင်းဆင့် ဘရော့စ်ဝဲလ်က မဇ္ဈိမကို ပြောသည်။

၁၉၉၂ ခုနှစ်မှ စတင်ကာ RSF သည် ရဲရင့်သော သတင်းထောက်ဆု၊ မီဒီယာသတင်းဌာနဆု၊ သတင်းလွတ်လပ်ခွင့်ကို ကာကွယ်သောဆုနှင့် ဆိုက်ဘာ အတိုက်အခံဆုတို့ကို နှစ်စဉ် ချီးမြှင့်လာခဲ့သည်။

ကိုနေဘုန်းလတ်နှင့် ကိုဇာဂနာတို့ကို အဖွဲ့၏ ၁၇ ကြိမ်မြောက် ဆိုက်ဘာ အတိုက်အခံဆုအတွက် လျာထားခြင်း ဖြစ်သည်။

ဆုရသူများ စာရင်းကို နိုင်ငံတကာမှ ထင်ရှားသော ၀ါရင့် သတင်းစာဆရာ ၃၅ ဦး ပါဝင်သည့် ဆုရွေးချယ်ရေး အဖွဲ့မှ ဒီဇင်ဘာလ ၄ ရက်နေ့တွင် ထုတ်ပြန် ကြေညာမည်ဖြစ်ကာ၊ ပြင်သစ်နိုင်ငံ ပါရီမြို့တွင် ကျင်းပမည့် ဆုပေးပွဲတွင် ဆုများကို အီရန်မှ နိုဘယ်ငြိမ်းချမ်းရေးဆုရှင် ရှီရန် အဘာတီက ပေးအပ်မည် ဖြစ်သည်။

၂၀၀၇ ခုနှစ်က RSF ၏ ၁၆ ကြိမ်မြောက် မီဒီယာသတင်းဌာန ဆုကို နော်ဝေးနိုင်ငံ အခြေစိုက် မြန်မာ သတင်းဌာနဖြစ်သော ဒီမိုကရက်တစ် မြန်မာ့အသံ (DVB) က ရရှိခဲ့သေးသည်။

ရန်ကုန်မြို့တွင်း အင်တာနက်ကဖေးများ ဖွင့်လှစ်ခဲ့သော ဘလော့ဂ်ဂါ ကိုနေဘုန်းလတ်အား နိုင်ငံတော် လုံခြုံရေးကို ထိခိုက်ပျက်ပြားစေရန် လှုံ့ဆော်မှု၊ ဗီဒီယို အက်ဥပဒေနှင့် အီလက်ထရောနစ် အက်ဥပဒေများဖြင့် ပြီးခဲ့သည့် လအတွင်း အာဏာပိုင်များက ထောင်ဒဏ် နှစ် ၂၀ ချမှတ်ခဲ့ပြီး ကရင်ပြည်နယ် ဘားအံထောင်သို့ ပြောင်းရွှေ့ခဲ့သည်။


အလားတူပင် ဟာသ သရုပ်ဆောင် ကိုဇာဂနာအား အင်တာနက်ကို အသုံးပြု၍ အစိုးရကို အကြည်ညိုပျက်စေသည်ဟု ဆိုပြီး အီလက်ထရောနစ် အက်ဥပဒေ အပါအ၀င် ပုဒ်မများဖြင့် ထောင်ဒဏ် ၅၉ နှစ် အထိ ချမှတ်ခဲ့သည်။


ကိုဇာဂနာသည် ကနေဒါအခြေစိုက် PEN (Canada) အဖွဲ့မှ ချီးမြှင့်သော၂၀၀၈ ခုနှစ်အတွက် 'One Humanity award' ဆု၊ နယူးယောက် အခြေစိုက် လူ့အခွင့်အရေး စောင့်ကြည့်ရေး အဖွဲ့မှ လွတ်လပ်စွာ ဖော်ထုတ်မှုအတွက် ချီးမြှင့်သည့် Lillian Hellman and Dashiel Hammett Award နှင့် လန်ဒန် အခြေစိုက် Art Venture အဖွဲ့မှ ချီးမြှင့်သော Art Venture's Freedom to Create ဆုတို့ကို ရရှိခဲ့သေးသည်။

Read More...

ရလဒ်ကောင်းမမြင်ရရင် ကုလအတွင်းရေးမှူးချုပ် မြန်မာနိုင်ငံသွားဖို့ မဖြစ်နိုင်

04 December 2008

ကုလသမဂ္ဂ အတွင်းရေးမှူးချုပ်က မြန်မာ့အရေးနဲ့ပတ်သက်ပြီး အပြည့်အ၀ ဆက်ပြီးလုပ်ဆောင်သွားပါမယ်လို့ ထပ်ပြီး ကတိပြု ပြောကြားလိုက်ပါတယ်။ သူကိုယ်တိုင်အနေနဲ့ရော သူ့ရဲ့ မြန်မာ့အရေး အထူးအကြံပေးပုဂ္ဂိုလ် မစ္စတာဂမ်ဘာရီ (Mr. Gambari)အနေနဲ့ရော လုပ်ဆောင်သွားမယ်လို့ ဆိုပါတယ်။ နိုင်ငံ ၅၀ ကျော်က ခေါင်းဆောင်ဟောင်း ၁၀၀ ကျော်တို့ရဲ့ တောင်းဆိုချက်ကို ကုလသမဂ္ဂ အတွင်းရေးမှူးချုပ်က တုံ့ပြန်ပြောဆိုခဲ့တာ ဖြစ်ပါတယ်။ ကိုကျော်ကျော်သိန်းက အပြည့်အစုံ တင်ပြပေးထားပါတယ်။

ကမ္ဘာ့ခေါင်းဆောင်ဟောင်း ၁၁၂ ယောက်က ဒီဇင်ဘာလ ၃ ရက်နေ့စွဲနဲ့ ကုလသမဂ္ဂအတွင်းရေးမှူးချုပ်ဆီ စာတစောင်ရေးသားပေးပို့ပြီး မြန်မာနိုင်ငံက နိုင်ငံရေးအကျဉ်းသားတွေအားလုံး ဒီ ၂၀၀၈ ခုနှစ်ကုန်မှာ လွတ်မြောက်အောင်လုပ်ပါလို့ တိုက်တွန်းခဲ့တာနဲ့ပတ်သက်လို့ အတွင်းရေးမှူးချုပ်ဘက်က တုံ့ပြန်ပြောဆိုခဲ့တာပါ။

ဒီကိစ္စနဲ့ပတ်သက်ပြီး ကုလသမဂ္ဂ အတွင်းရေးမှူးချုပ်ရဲ့ ပြောရေးဆိုခွင့်ရှိသူရုံးကိုဗွီအိုအေက ဆက်သွယ်မေးမြန်းခဲ့ပါတယ်။ အတွင်းရေးမှူးချုပ်ရဲ့ တွဲဖက်ပြောရေးဆိုခွင့်ရှိသူ မစ္စ ချွိုင် ဆောင်-အား (Choi Soung-ah) က …

"စာကို အတွင်းရေးမှူးချုပ် လက်ခံရရှိခဲ့ပါတယ်။ ဒါ့အပြင် ဒီစာပေးပို့ရာမှာ အဓိကညှိနှိုင်းဆောင်ရွက်သူဖြစ်တဲ့ နော်ဝေး၀န်ကြီးချုပ် ဟောင်းကလည်း အတွင်းရေးမှူးချုပ်နဲ့ဖုန်းဆက် ပြောဆိုခဲ့ပါတယ်။ အတွင်းရေးမှူးချုပ်ကို မြန်မာနိုင်ငံသွားဖို့၊ နိုင်ငံရေးအကျဉ်းသားတွေ ဒီနှစ်ကုန်မှာ လွတ်မြောက်အောင်လုပ်ဖို့ တိုက်တွန်းထားတဲ့ စာပါအကြောင်းအရာတွေနဲ့ ပတ်သက်ပြီး သူတို့ ဆွေးနွေးကြပါတယ်။"

မကြာသေးခင် သီတင်းပတ်တွေအတွင်းကပဲ မြန်မာစစ်အစိုးရက ဖမ်းဆီးထားသူအများအပြားကို နှစ်ရှည်ထောင်ဒဏ်တွေချ၊ ဝေးလံတဲ့ထောင်တွေကိုပြောင်း စသည်ဖြင့်လုပ်ဆောင်ခဲ့တာ ပူပူနွေးနွေး ရှိနေသေးတဲ့အချိန်မှာပဲ ခေါင်းဆောင်ဟောင်းတွေက
အတွင်းရေးမှူးချုပ်ကို တိုက်တွန်းလိုက်ကြတာ ဖြစ်ပါတယ်။ သူတို့ရဲ့တောင်းဆိုချက်ကိုအတွင်းရေးမှူးချုပ်က ဘယ်လောက်အတိုင်း အတာထိ အောင်မြင်အောင် လုပ်ဆောင်နိုင်ပါ့မလဲ။ ဒီမေးခွန်းအတွက် မစ္စ ချွိုင် ဆောင်-အားရဲ့ အဖြေကတော့ အတွင်းရေးမှူးချုပ်ဟာ မြန်မာ့အရေးကို အပြည့်အ၀ လုပ်ဆောင်နေဆဲပါတဲ့။

"ကုလသမဂ္ဂ အတွင်းရေးမှူးချုပ်က သူကိုယ်တိုင်အနေနဲ့ရော၊ သူ့ရဲ့ အထူးအကြံပေးပုဂ္ဂိုလ် မစ္စတာ အီဗရာဟင်မ် ဂမ်ဘာရီကနေ တဆင့်ရော အပြည့်အ၀ ဆက်ပြီးဆောင်ရွက်သွားဖို့ သန္နိဋ္ဌာန်ချထားတာကို ထပ်ပြီး အာမခံပြောကြားခဲ့ပါတယ်။နောက်ပြီး ကိစ္စရပ်အမျိုးမျိုးကို ဆွေးနွေးဖို့ မြန်မာနိုင်ငံကို ထပ်သွားချင်တဲ့အကြောင်းလည်း အတွင်းရေးမှူးချုပ်က ပြောပါတယ်။ ဒါပေမယ့် မြန်မာအစိုးရဘက်ကနေအဓိပ္ပာယ်ရှိတဲ့ရလဒ်တွေ မြင်ရစေမယ့် သင့်တင့်လျောက်ပတ်တဲ့ မျှော်လင့်ချက်မျိုးမရဘူးဆိုရင်တော့ သွားဖို့ဆိုတာ မဖြစ်နိုင်ပါဘူး။"

ဒီလိုသွားဖို့မဖြစ်နိုင်ဘူးဆိုတာ ကုလသမဂ္ဂ အတွင်းရေးမှူးချုပ်အတွက်တင်မဟုတ်ဘဲ မစ္စတာဂမ်ဘာရီ အတွက်လည်း အကျုံးဝင်တယ်လို့ မစ္စ ချွိုင် ဆောင်-အားက ဆိုပါတယ်။

နိုင်ငံရေးအကျဉ်းသားတွေ လွတ်မြောက်ရေးအတွက် ခေါင်းဆောင်ဟောင်းတွေရဲ့တောင်းဆိုချက်ထဲမှာ ဒီနှစ်ကုန်မှာ လွတ်မြောက်အောင် လုပ်ပါလို့ အချိန်သတ်သတ်မှတ်မှတ် ပါတာကလွဲလို့ ဒီလိုလွှတ်ပေးဖို့ဆိုတာကို ကုလသမဂ္ဂ အတွင်းရေးမှူးချုပ်ကိုယ်တိုင်ကလည်း တိုက်တွန်းတောင်းဆိုခဲ့ဖူးပါတယ်။ ဒီလိုတောင်းဆိုသံတွေ ကြားထဲမှာပဲ မြန်မာစစ်အစိုးရက ဆက် အံတုပြီး ဖမ်းတာဆီးတာ၊ ထောင်ချတာ၊ ထောင်ပြောင်းတာတွေကို လုပ်နေတာပါ။


ခေါင်းဆောင်ဟောင်းတွေကတော့ နိုင်ငံရေးအကျဉ်းသားတွေ လွတ်မြောက်ရေးတောင်းဆိုချက်တွေ ဒီနှစ်ကုန်မှာမှ မအောင်မြင်ဘူးဆိုရင် တော့ ၂၀၀၇ ခုနှစ်၊အောက်တိုဘာလ ၁၁ ရက်နေ့က ထုတ်ပြန်ခဲ့တဲ့ ကုလသမဂ္ဂ လုံခြုံရေးကောင်စီဥက္ကဋ္ဌရဲ့မြန်မာ့အရေး ကြေညာချက်ပါ အချက်တွေအတိုင်း အကောင်အထည် ဖော်နိုင်ရေးခိုင်မာတဲ့အရေးယူမှု လုပ်ဆောင်ဖို့ လုံခြုံရေးကောင်စီကို တွန်းအားပေးပါလို့ မစ္စတာဘန်ကီမွန်းကို နောက်ထပ် တိုက်တွန်းထားပါတယ်။


လုံခြုံရေးကောင်စီကနေ အရေးယူလုပ်ဆောင်ဖို့ရာဟာ ကုလသမဂ္ဂ အတွင်းရေးမှူးချုပ်က ဆောင်ရွက်လို့မရဘဲ လုံခြုံရေး ကောင်စီကိုယ်တိုင်က ဆောင်ရွက်ရမှာဖြစ်တဲ့အကြောင်းနဲ့ မြန်မာအစိုးရအနေနဲ့လည်း သူတို့တာဝန်ရှိတာကို ချက်ချင်းလုပ်ဖို့ လိုပါ
တယ်လို့ အတွင်းရေးမှူးချုပ်ရဲ့ ပြောရေးဆိုခွင့်ရှိသူရုံးကတော့ ပြောပါတယ်။

"နိုင်ငံရေးအကျဉ်းသားတွေ လွတ်မြောက်ရေးလို၊ ဒေါ်အောင်ဆန်းစုကြည်နဲ့ တွေ့ဆုံဆွေးနွေးရေးလို လက်ဆုပ်လက်ကိုင်ပြနိုင်ပြီး ခိုင်မာတဲ့ရလဒ်တွေ ရရှိရေးအတွက်အဓိကလုပ်ဆောင်ရမယ့်တာဝန်ဟာ မြန်မာအစိုးရဆီမှာပဲ ရှိတယ်ဆိုတာကို အတွင်းရေးမှူးချုပ်က တသမတ်ထဲ ပြောခဲ့ပါတယ်။ အခြေခံအားဖြင့်ဆိုရင် ဘောလုံးဟာ မြန်မာစစ်အစိုးရရဲ့ ကစားကွင်းထဲမှာ ရှိနေပါတယ်။ သူတို့တာဝန်ရှိတဲ့အတိုင်း လုပ်ဆောင်ရမှာတွေကို မြန်မာအစိုးရက အခုချက်ချင်း လုပ်ဖို့လိုပါတယ်။"

ကုလသမဂ္ဂ အတွင်းရေးမှူးချုပ်ရဲ့ လက်ထောက်ပြောရေးဆိုခွင့်ရှိသူ မစ္စ ချွိုင်ဆောင်-အား ပြောပြသွားတာ ဖြစ်ပါတယ်။

မစ္စတာဘန်ကီမွန်း မြန်မာနိုင်ငံ လာသည်ဖြစ်စေ၊ မလာသည်ဖြစ်စေ နိုင်ငံရေးအကျဉ်းသားတွေ လွတ်မြောက်ရေးအတွက် ကမ္ဘာ့ခေါင်းဆောင်ဟောင်းတွေ အခုလို တောင်းဆိုကြတဲ့အပေါ်မှာတော့ မြန်မာ့ ဒီမိုကရေစီရေး လှုပ်ရှားသူတွေဘက်က ကြိုဆိုကြပါတယ်။


ဒါပေမယ့်လည်း မြန်မာစစ်ခေါင်းဆောင်တွေ အဖို့မှာက အမြဲတမ်းလို တောင်းဆိုသံတွေကြားကြားနေရတတ် တာမို့ အခုတောင်းဆိုသံတွေကလည်း သူတို့အတွက် သင်္ကြန်အမြောက်လို ဖြစ်နေ မလားပါပဲ။

ခေါင်းဆောင်ဟောင်း ၁၁၂ ဦးတို့ကလည်း မြန်မာနိုင်ငံမှာ ဒီမိုကရေစီထူထောင်ရေးအတွက်ရော၊ ရင်ဆိုင်နေရတဲ့ လူသားဘေးဒုက္ခဆိုင်ရာနဲ့ လူ့အခွင့်အရေးဆိုင်ရာ ဆိုးရွား
တဲ့အခြေအနေတွေကို ဖြေရှင်းဖို့အတွက်ရော သူတို့ အလွန်အမင်း လိုလားတောင့်တနေတဲ့ ဖြစ်ထွန်းတိုးတက်မှု အောင်မြင်ရရှိဖို့ရာ လိုအပ်တဲ့ အရေးယူလုပ်ဆောင်မှုတွေအတွက် မြန်မာလူထုဟာ ကုလသမဂ္ဂပေါ်မှာ မျှော်လင့်တကြီးနဲ့ မှီခိုအားထားနေပါတယ်လို့ သူတို့ပေးပို့တဲ့စာထဲမှာ ဖော်ပြထားပါတယ်။

Read More...

ကုလအတွင်းရေးမှူးချုပ် မြန်မာနိုင်ငံ အမြန်သွားဖို့ ကမ္ဘာ့ခေါင်းဆောင်ဟောင်းများ တောင်းဆို

03 December 2008

ကုလသမဂ္ဂ အတွင်းရေးမှူးချုပ် ဘန်ကီမွန်းအနေနဲ့ မြန်မာနိုင်ငံကို အမြန်ဆုံးသွားရောက်ပြီး မြန်မာနိုင်ငံက နိုင်ငံရေးအကျဉ်းသား ၂,၀၀၀ ကျော် အမြန်ဆုံးပြန်လွတ်မြောက်ရေး ကြိုးပမ်းဆောင်ရွက်ဖို့ ကမ္ဘာ့နိုင်ငံခေါင်းဆောင်ဟောင်း ၁၁၂ ဦးက မစ္စတာဘန်ကီမွန်းဆီကို စာရေးတောင်းဆိုလိုက်ပါတယ်။ အပြည့်အစုံ ဆက်သွယ်မေးမြန်းထားသမျှ ကိုသားညွန့်ဦးက တင်ပြပေးထားပါတယ်။

နိုင်ငံပေါင်း ၅၀ ကျော်က အစိုးရခေါင်းဆောင်ဟောင်း ၁၁၂ ဦးရဲ့ ဒီစာအရတော့ အခု၂၀၀၈ ခုနှစ် မတိုင်ခင်မှာ မြန်မာနိုင်ငံက နိုင်ငံရေးအကျဉ်းသားအားလုံး လွတ်မြောက်လာစေဖို့ ကုလသမဂ္ဂ အတွင်းရေးမှူးချုပ် ဘန်ကီမွန်းကို ဖိအားပေးထားတာပါ။
ဒီအချက်ကို ကုလသမဂ္ဂ လုံခြုံရေးကောင်စီအနေနဲ့ ဆွေးနွေးဆုံးဖြတ်ပြီးသားမို့ မဖြစ်မနေ အကောင်အထည်ဖော်ဖို့ လိုအပ်ချက်ကို ထောက်ပြထားပါတယ်။ ဒီအထဲမှာ ပါဝင်လက်မှတ်လည်းထိုး၊ ဒီစာဖြစ်ဖို့ ဦးဆောင်လှုပ်ရှားသူတဦးလည်းဖြစ်တဲ့ နော်ဝေးနိုင်ငံ
က ၀န်ကြီးချုပ်ဟောင်း ချဲလ် မာနဲလ် ဘိုနဗစ် (Kjell Magne Bondevik) က ဗွီအိုအေကိုအခုလို ရှင်းပြပါတယ်။

"အခု မြန်မာနိုင်ငံတွင်း နောက်ဆုံးဖြစ်ပေါ်နေတဲ့အခြေအနေတွေအပေါ်မှာ ကျနော်တို့ စိုးရိမ်မိပါတယ်။ မြန်မာ့အရေးနဲ့ပတ်သက်လို့ လုံခြုံရေးကောင်စီဥက္ကဋ္ဌ ကြေညာချက်ကို ၂၀၀၇ ခုနှစ်အောက်တိုဘာလတုန်းက ထုတ်ပြန်ခဲ့ပါတယ်။အဲဒီမှာ နိုင်ငံရေးအကျဉ်းသား အားလုံးကို လွှတ်ပေးဖို့ တောင်းဆိုထားပါတယ်။ ဒီလို မြန်မာနိုင်ငံက နိုင်ငံရေးအကျဉ်းသားတွေ လွတ်မြောက်လာရေးကို ကုလသမဂ္ဂ အနေနဲ့ ၂၀၀၈ ခုနှစ်အတွင်းတိုးတက်ဖြစ်ထွန်းမှုအနေနဲ့ တိုင်းတာသတ်မှတ်ထားပါတယ်။

"ဒါပေမယ့်လို့ ၂၀၀၇ ဇွန်လက မြန်မာနိုင်ငံမှာနိုင်ငံရေးအကျဉ်းသား ၁,၂၀၀ လောက်ပဲ ရှိရာကနေ အခုဆိုရင် ၂,၁၀၀ ကျော်အထိ
ရှိလာပါတယ်။ ဒါ လက်မခံနိုင်စရာပါ။ ဒါကြောင့် မစ္စတာဘန်ကီမွန်းအနေနဲ့ မြန်မာနိုင်ငံကိုသွားပြီး စစ်အစိုးရအနေနဲ့ ဒီနှစ်မကုန်ခင် နိုင်ငံရေးအကျဉ်းသားတွေ လွှတ်ပေးရမယ်ဆိုတာကို ရှင်းရှင်းလင်းလင်း အသိပေးရပါမယ်။

"
မြန်မာနိုင်ငံက အမျိုးသားပြန်လည်သင့်မြတ်ရေးရော၊ ဒီမိုကရေစီဖြစ်ထွန်းရေးရောနိုင်ငံရေးပြဿနာတွေကို ဖြေရှင်းဖို့ဆိုရင် ကနဦးအဆင့်အဖြစ် နိုင်ငံရေးအကျဉ်းသားတွေ လွတ်မြောက်ရေးကို နိုင်ငံတကာအနေနဲ့ ကြိုတင်စည်းမျဉ်းသတ်မှတ်ချက်သဘောထားရမယ်လို့လည်း မစ္စတာဘိုနဗစ်က ပြောပါတယ်။

"နိုင်ငံရေးအကျဉ်းသားလွှတ်ဖို့ဆိုတာ ပထမဆုံးအဆင့် ဖြစ်ရပါလိမ့်မယ်။ ဒါပြီးမှစစ်အစိုးရရယ်၊ အန်န်အယ်လ်ဒီရယ်၊ တိုင်းရင်းသားတွေ ရယ် တွေ့ဆုံဆွေးနွေးနိုင်မှာပါ။ ဒါကြောင့် မြန်မာနိုင်ငံက ဒီနိုင်ငံရေးအကျဉ်းသားလွှတ်ဖို့ဆိုတာ နိုင်ငံတကာအနေနဲ့ကြိုတင်စည်းမျဉ်းကို သတ်မှတ်ထားရပါမယ်။"

ဒါပေမယ့် မြန်မာစစ်အစိုးရကတော့ တဖက်မှာ သူတို့ရဲ့ နိုင်ငံရေးလမ်းပြမြေပုံအတိုင်းလာမယ့် ၂၀၁၀ ခုနှစ်မှာ ရွေးကောက်ပွဲလုပ်ဖို့ကိုပဲ ပိုင်းဖြတ်ထားပုံရပါတယ်။ မစ္စတာဘိုနဗစ်ကတော့ ဒီအတိုင်း အခြေအနေအရဆိုရင် လွတ်လပ်ပြီး မျှတတဲ့ ရွေးကောက်ပွဲတွေ ဖြစ်လာမှာ မဟုတ်ဘူးလို့ သူ့အမြင်ကို ပြောပါတယ်။


"ဒေါ်အောင်ဆန်းစုကြည်နဲ့ အခြားနိုင်ငံရေးခေါင်းဆောင်တွေ အထိန်းသိမ်းခံနေရသရွေ့တော့ လွတ်လပ်ပြီး မျှတတဲ့ရွေးကောက်ပွဲ ဘယ်လိုမှ မဖြစ်နိုင်ပါဘူး။ ဒီမတိုင်ခင်မှာ နိုင်ငံရေးပါတီတွေ၊ နိုင်ငံရေးခေါင်းဆောင်တွေ အားလုံးအတွက် လမ်းဖွင့်ပေးထား
ရပါမယ်။ ဒါ့အပြင် ဖွဲ့စည်းအုပ်ချုပ်ပုံဆိုင်ရာမှာလည်း ပြန်လည်ညှိနှိုင်းဆွေးနွေးဖို့ လိုပါတယ်။"

မြန်မာနိုင်ငံအရေးနဲ့ပတ်သက်လို့ ချဉ်းကပ်ဆောင်ရွက်မှုမှာ အနောက်နိုင်ငံတွေနဲ့ အာရှဘက်က အာဆီယံ၊ တရုတ်တို့အကြားမှာ ကွဲလွဲမှု အဓိကအချက်ကတော့ ပြစ်ဒဏ်ခတ်ဖိအားပေး အရေးယူနည်းနဲ့ အပြုသဘော သံတမန်နည်းအရ ချဉ်းကပ်တာတွေပါ။နှစ်ဖက်စလုံးကလည်း ဒါကို စိုက်လိုက်မတ်တတ် ကျင့်သုံးခဲ့ပါတယ်။ ဒါပေမယ့် မြန်မာနိုင်ငံအတွက် အဖြေကောင်းကောင်းတော့ ထွက်မလာသေးပါဘူး။ ဒါဟာ နိုင်ငံတကာကနေ မြန်မာ့အရေးကို ကိုင်တွယ်မှုမှာ စိတ်ပါလက်ပါ ပိုင်းဖြတ်ချက်မရှိလို့ ဖြစ်တယ်လို့မစ္စတာဘိုနာဗစ်က အပြစ်တင်ပါတယ်။

"ပြဿနာကတော့ ကမ္ဘာ့အသိုင်းအ၀ိုင်းတခုလုံးရဲ့ တကယ်တမ်း စိတ်ဆန္ဒရှိမှုပါပဲ။ကျနော် အရင်တုန်းက မစ္စတာဘန်ကီမွန်းကို တိုက်တွန်းခဲ့ဖူးပါတယ်။ မြန်မာနိုင်ငံနဲ့ပတ်သက်လို့ အဓိကကျတဲ့နိုင်ငံတွေက ထိပ်ပိုင်းခေါင်းဆောင်တွေနဲ့ အစည်းအဝေးတရပ် ခေါ်ယူကျင်းပဖို့ ကိစ္စပါ။ အမေရိကန်၊ အီးယူ၊ အာဆီယံ၊ တရုတ် စတဲ့နိုင်ငံတွေအနေနဲ့ မြန်မာနိုင်ငံအရေးနဲ့ပတ်သက်လို့ ပိုပြီး ပူးပေါင်းဆောင်ရွက် လုပ်ကိုင်နိုင်ဖို့ပါ။"

မစ္စတာဘန်ကီမွန်းအနေနဲ့ အခုနှစ်ဆန်းပိုင်းမှာပဲ နာဂစ်မုန်တိုင်းကိစ္စနဲ့ မြန်မာနိုင်ငံကိုသွားခဲ့ဖူးတာကြောင့် မြန်မာအစိုးရ ဗိုလ်ချုပ်တွေနဲ့ မစ္စတာဘန်ဟာ အဆက်အစပ်ရှိနေဆဲလို့ ယူဆတာကြောင့် မစ္စတာဘန် မြန်မာနိုင်ငံကိုသွားရင် စစ်အစိုးရကို တစုံတရာနားချနိုင်မယ်လို့ မစ္စတာဘိုနာဗစ်က ယူဆပါတယ်။ မစ္စတာဘန်ကီမွန်းကလည်း အခုနှစ်မကုန်ခင် သူ မြန်မာနိုင်ငံကိုသွားမယ်လို့ ပြောခဲ့တာပါ။

ဒါပေမယ့်လို့ ပြီးခဲ့တဲ့ ကုလသမဂ္ဂ အစည်းအဝေးတခုမှာပဲ ခိုင်မာတဲ့တိုးတက်မှု တစုံတရာမတွေ့ရဘဲ မြန်မာနိုင်ငံကို မသွားသင့်ဘူးလို့ ယူဆပြောဆိုတဲ့ အာရှနိုင်ငံတွေလည်း ရှိခဲ့ပါတယ်။ မြန်မာနိုင်ငံက တိုင်းရင်းသားခေါင်းဆောင်တဦးဖြစ်တဲ့ ဦးကျင့်ရှင်း
ထန်ကတော့ မစ္စတာဘန်ကီမွန်း လာနိုင်သည်ဖြစ်စေ၊ မလာနိုင်သည်ဖြစ်စေ အခုလိုကမ္ဘာ့ခေါင်းဆောင်တွေက မြန်မာ့အရေး တိုက်တွန်းဆောင်ရွက်တဲ့အပေါ်မှာ စိတ်အားရမိတယ်လို့ ဗွီအိုအေကို ပြောပါတယ်။

"ဒီဥစ္စာ အလိုအပ်ဆုံးပါ။ ဘန်ကီမွန်း လာသည်ဖြစ်စေ၊ မလာသည်ဖြစ်စေ၊ ကမ္ဘာကအဲဒီလိုလုပ်တာ ကျနော်တို့ ၀မ်းသာလို့ပါ။ အဲဒီလိုဆန္ဒပြုတာ ကျနော်တို့အတွက်အများကြီး ကြိုဆိုစရာဖြစ်တယ်၊ ၀မ်းသာစရာဖြစ်တယ်၊ အားရစရာဖြစ်တယ်။"


အခု ကမ္ဘာ့ခေါင်းဆောင် ၁၁၂ ဦး မစ္စတာဘန်ကို ပေးပို့တဲ့စာထဲမှာတော့ မစ္စတာဘန်မြန်မာနိုင်ငံကို သွားနိုင်သည်ဖြစ်စေ၊ မသွားနိုင်သည်ဖြစ်စေ မြန်မာအစိုးရအနေနဲ့ အခုနှစ်မကုန်ခင်မှာ နိုင်ငံရေးအကျဉ်းသားတွေကို လွှတ်ပေးရမယ်ဆိုတာကို ရှင်းရှင်း
လင်းလင်း စစ်အစိုးရသိအောင် လုပ်ဖို့ကိုလည်း တိုက်တွန်းပါတယ်။ အကယ်၍ ဒါကိုစစ်အစိုးရက ငြင်းဆန်နေဦးမယ်ဆိုရင်တော့ ကုလသမဂ္ဂ လုံခြုံရေးကောင်စီကနေဒီနိုင်ငံရေးအကျဉ်းသားတွေ လွတ်လာဖို့ နောက်ထပ် အရေးယူကိုင်တွယ်မှုတွေ လုပ်ဖို့ကိုလည်း တိုက်တွန်းပါတယ်။ သူတို့အနေနဲ့လည်း ကုလသမဂ္ဂနဲ့အတူ တသားတည်း ရပ်တည်သွားမယ်လို့ ကတိပြုထားပါတယ်။

အခုပေးစာထဲမှာတော့ အမေရိကန်ပြည်ထောင်စုက သမ္မတဟောင်း ဂျော့ အိပ်ခ်ျဒဗလျူ ဘုရှ်၊ ဂျင်မီကာတာ၊ အာရှကဆိုရင်တော့ ကိုရာဇန် အာကွီနို၊ ကင်ဒေးဂျုံ၊ရာမို့စ်ဟိုတာ၊ ကိုအီဇူးမီး၊ အခြားထင်ရှားသူတွေဖြစ်တဲ့ အင်္ဂလန်ဝန်ကြီးချုပ်ဟောင်းတိုနီဘလဲ၊ ဂျွန်မေဂျာ၊ မာဂရက်သက်ချာ၊ နောက် ချက်နိုင်ငံက ဗားဆလပ်ဟားဗဲလ်၊အိုင်ယာလန်က မယ်ရီရောဘန်ဆန် စုစုပေါင်း ၁၁၂ ဦး ပါဝင်လက်မှတ်ထိုးခဲ့ကြပါတယ်။

Read More...

Wednesday, December 3, 2008

မလေးရှားမှ မြန်မာ အလုပ်သမား ၃၀၀ ခန့် ပြန်ပို့

Tuesday, 02 December 2008 18:33 အေးလဲ့

မလေးရှား နိုင်ငံတွင် တရားဝင် လာရောက် အလုပ်လုပ်နေသော မြန်မာ အလုပ်သမား ၃၀၀ ခန့်ကို ၎င်းတို့ လုပ်ကိုင် နေသည့် စက်ရုံများက အလုပ်သမား လျှော့ချသည့် အနေဖြင့် မြန်မာ ပြည်သို့ ပြန်ပို့လိုက်ကြောင်း မလေးရှား နိုင်ငံရှိ မြန်မာ အလုပ်သမားအရေး ဆောင်ရွက်သည့် အဖွဲ့က ပြောသည်။

အဆိုပါ မြန်မာ အလုပ်သမား ကာကွယ် စောင့်ရှောက်ရေး အဖွဲ့ အတွင်းရေးမှူး ကိုရဲမင်းထွန်းက “စက်ရုံတွေမှာက စီးပွားရေး ကျတော့ အလုပ်သမား လျှော့တယ်၊ ပြန်ပို့မယ် ဆိုတာကို ကြိုတင် အကြောင်းကြားတာ မရှိဘူး၊ အလုပ်သမား အရေး ဌာနတွေ မသိအောင် တိုးတိုး တိတ်တိတ် ပို့တာဖြစ်တယ်။ မနက်ဖြန် ပို့မယ်ဆို ညမှ သိရတာပါ၊ တချို့လည်း ငိုပြီး ပြန်သွားကြတယ်၊ ကြိုသိတဲ့သူ တချို့ကလည်း ထွက်ပြေးကြတယ်” ဟု ပြောသည်။

ယင်းသို့ ပြန်ပို့ခဲ့သည့် စက်ရုံများမှာ ကလန်မြို့ရှိ Press Metal Berhad အလူမီနီယံ စက်ရုံမှ အလုပ်သမား ၁၀၀ ကျော်၊ ရာဘာ လက်အိတ် စက်ရုံမှ ၆၀ ခန့် နှင့် ဂျိုဟိုးမြို့ရှိ အထည်ချုပ် စက်ရုံတို့မှ မြန်မာ အလုပ်သမား အမျိုးသမီးများ ပါဝင်ပြီး ၎င်းတို့သည် နိုဝင်ဘာ ၂၇ ရက်မှ ၃၀ ရက်တွင်း ပြန်ပို့ခံသူများ ဖြစ်ကြောင်း သိရသည်။


၎င်း မြန်မာ လုပ်သားများအား နေရပ်သို့ ပြန်ပို့သည့် ကိစ္စနှင့် ပတ်သက်ပြီး Press Metal Berhad အာလူမီနီယံ စက်ရုံမှ နိုင်ငံခြား အလုပ်သမားများ အရေး စီစဉ် ဆောင်ရွက်သူ MR.Low ကို ဧရာဝတီက ဆက်သွယ် မေးမြန်းရာ “ကျနော်တို့ ကုမ္ပဏီရဲ့ သတင်း အချက် အလက် တွေကို ဖုန်းနဲ့ ဖြေကြားခြင်း မရှိပါဘူး” ဟု ဖြေကြားသည်။

ကိုရဲမင်းထွန်းက ဆက်လက်ပြီး “ဒီ ရာဘာ လက်အိတ် စက်ရုံကို ရောက်လာတာ အလုပ်သမား တွေဆို တနှစ် မပြည့်သေးဘူး၊ အလုပ်သမား အေဂျင်စီတွေနဲ့ စာချူပ်အရ လုပ်သက် သက်တမ်း သုံးနှစ်မပြည့်ရင် work permits ဖြတ်ခံရတာတို့၊ အကြွေး မကျေတဲ့ ပြဿနာတွေနဲ့ ကြုံကြရတယ်၊ မနေ့ တနေ့ကပဲ လူသုံးရာကျော် ပြန်ပို့ခံရတယ်၊ နောက်ထပ် မြန်မာ လုပ်သား အသစ်တွေကို မြန်မာ အလုပ်သမား အေဂျင်စီ တွေက ထပ်ပို့လိုက်တယ်၊ သူတို့တွေ ဘယ်မှာ အလုပ်သွားလုပ် ကြမလဲ” ဟု ပြောသည်။

မလေးရှား နိုင်ငံအတွင်း တရားဝင် အလုပ်လုပ်ကိုင်နေသည့် မြန်မာပြည်သား အလုပ်သမား ခန့်မှန်းခြေ စုစုပါင်း ၃ သိန်းခန့် ရှိကြောင်းလည်း သိရသည်။

Read More...

၀၁၀ ရွေးကောက်ပွဲ အတွက် ရပ်ကွက်အဆင့် သင်တန်းများ ပို့ချ

Tuesday, 02 December 2008 16:51 အောင်သက်ဝိုင်း

စစ်အစိုးရက လာမည့် ၂၀၁၀ ရွေးကောက်ပွဲ အတွက် လူဦးရေ စာရင်းများ ပြန်လည် စိစစ် ကောက်ခံခြင်းနှင့် အောက်ခြေ အဆင့် ရပ်ကွက် အာဏာပိုင်များကို စီမံခန့်ခွဲရေးနှင့် အုပ်ချူပ်ရေး သင်တန်းများ ပို့ချခြင်းများ စတင် ဆောင်ရွက် နေကြောင်း ရန်ကုန်မြို့ခံများ၏ ပြောဆိုချက်အရ သိရှိရသည်။

လာမည့် ၂၀၁၀ ရွေးကောက်ပွဲတွင် မဲပေးကြမည့် လူဦးရေ စာရင်းများကို ပြန်လည် စိစစ်သည့် အနေဖြင့် ရန်ကုန် အပါအ၀င် မြို့ပြဒေသ ကြီးများတွင် ယခုနှစ် နိုဝင်ဘာ လကုန်မှစပြီး လူဦးရေ စာရင်းများ စတင် ကောက်ခံ နေကြောင်း ရန်ကုန်တိုင်း လှိုင်မြို့နယ် အေးချမ်းသာယာရေး နှင့် ဖွံ့ဖြိုးရေးကောင်စီမှ တာဝန်ရှိသူ တဦးက ပြောသည်။

“လူဦးရေ စာရင်းတွေ ပြန်ပြီးကောက်ဖို့ အထက်က ညွှန်ကြားလာတယ်၊ ဒါက ၂၀၁၀ ရွေးကောက်ပွဲ အတွက်၊ လက်ရှိ မြို့နယ်ထဲမှာ နေထိုင်တဲ့ လူဦးရေစာရင်းကို အတိအကျ ကောက်ခိုင်းတာ”ဟု အဆိုပါ လှိုင်မယက အဖွဲ့ဝင် တဦးက ဆိုသည်။

အဆိုပါ ကောက်ခံရရှိသော လူဦးရေ စာရင်းများကို ပြည်ထဲရေး ၀န်ကြီးဌာန၊ မြန်မာနိုင်ငံ ရဲတပ်ဖွဲ့၊ တိုင်းစစ်ဌာနချူပ်၊ လူဝင်မှု ကြီးကြပ်ရေးနှင့် ပြည်သူ့အင်အား ၀န်ကြီးဌာန များသို့ အသီးသီး ပေးပို့ရကြောင်း၊ အဆိုပါ လူဦးရေ စာရင်းနှင့်တကွ ပြည်ပ တိုင်းပြည် များတွင် သွားရောက် အလုပ် လုပ်ကိုင်လျက် ရှိနေသည့် လူဦးရေ စာရင်းကိုပါ တပါတည်း ကောက်ခံပေးအပ် ရကြောင်း စုံစမ်းသိရှိရသည်။

“လူဦးရေ စာရင်းကောက်ရင်းနဲ့ ပြည်ပကိုထွက်နေတဲ့ လူစာရင်းပါ တွဲကောက်ရတယ်၊ ပြည်ပကိုသွားတဲ့ လူရဲ့ နာမည်၊ အသက်၊ မှတ်ပုံတင်နံပါတ်၊ သွားရောက်တဲ့ နိုင်ငံတွေ သေသေချာချာ ကောက်ခိုင်းတယ်၊ အဲဒီစာရင်းကို ဘာအတွက် ကောက်ခံခိုင်းတာလဲတော့ မသိဘူး”ဟု အင်းစိန်မြို့နယ်မှ ရပ်ကွက်အာဏာပိုင် အဖွဲ့ဝင်တဦးက ရှင်းပြသည်။


ထို့အပြင် ၂၀၁၀ ရွေးကောက်ပွဲအတွက် လူဦးရေ စာရင်းကောက်ခံခြင်းနှင့် အတူ စစ်အစိုးရ ကျောထောက်ခံပေး ထားသည့် ကြက်ခြေနီ၊ မီးသတ်၊ စွမ်းအားရှင်နှင့် ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေး အသင်းများတွင် အင်အား သစ်များ စုဆောင်း တိုးချဲ့ခြင်းများ ရှိနေကြောင်း ရန်ကုန်မြို့ရှိ ရယက အဖွဲ့ဝင်များထံမှ စုံစမ်းသိရှိရသည်။


“ကြံ့ဖွံ့၊ မီးသတ်၊ ကြက်ခြေနီ၊ စွမ်းအားရှင်ထဲ ၀င်ချင်ရင် ရပ်ကွက်လူကြီးတွေက တဆင့် သက်ဆိုင်ရာ အဖွဲ့ အစည်းတွေဆီ ပို့ပေးတယ်၊ အင်အားသစ်တွေ တိုးချဲ့နိုင်အောင် စည်းရုံးရေး ဆင်းဖို့လည်း မှာထားတယ်”ဟု ရန်ကုန်မြို့မှ အမည် မဖော်လိုသော ရပ်ကွက် လူကြီးတဦးက ပြောပြသည်။


လာမည့် ၂၀၁၀ ခုနှစ် ရွေးကောက်ပွဲ ၀င်မည့် ရန်ကုန်တိုင်း ကြံ့ဖွံ့အသင်းမှ မြို့နယ် စည်းရုံးရေးမှုး တဦးကမူ အသင်းအနေဖြင့် အသင်းဝင် သစ်များကို လက်ခံကြိုဆိုနေကြောင်း၊ လက်ရှိ အသင်းဝင် အင်အား ၂၄ သန်းကျော် ရှိသော်လည်း မည်သူမဆို အသင်းဝင်လိုက ၀င်နိုင်ကြောင်း ပြောသည်။


“အသင်းသား အသစ်တွေ လက်ခံကြိုဆို နေပါတယ်၊ အသင်း ၀င်ချင်ရင် သက်ဆိုင်ရာ မြို့နယ်ရုံးတွေကနေ တဆင့် လျှောက်လွှာဖြည့်ပြီး အသင်းဝင်လို့ ရပါတယ်”ဟု ၎င်းက ပြောသည်။


ကြံ့ဖွံ့အသင်း နာယက ဗိုလ်ချူပ်မှုးကြီး သန်းရွှေကမူ ကြံ့ဖွံ့အသင်းကြီး အနေဖြင့် စည်းကမ်းပြည့်ဝသော ဒီမိုကရေစီ နိုင်ငံသစ် တည်ဆောက်ရေး လုပ်ငန်းစဉ်များတွင် ကိုယ်တိုင် ပါဝင်မည် ဖြစ်သကဲ့သို့ ပြည်သူ တရပ်လုံး ပါဝင်လာ ရန်လည်း ကြိုးပမ်းရမည် ဖြစ်ကြောင်း၊ မည်သည့် အခြေအနေမျိုးတွင်မဆို အနှောင့်အယှက် မှန်သမျှကို တွန်းလှန် ဖယ်ရှားမည် ဖြစ်ကြောင်း နိုဝင်ဘာလ ၂၈ ရက်နေ့ နေပြည်တော်တွင် ကျင်းပသည့် ၁၅ နှစ်မြောက် အသင်း နှစ်ပတ်လည် အစည်းအဝေးတွင် ပြောကြားသည်။


“နိုင်ငံတော်သစ် တည်ဆောက်ရေး လုပ်ငန်းစဉ်ကြီးမှာ ကိုယ်တိုင် ပါဝင်ဆောင်ရွက်ရုံမကဘဲ ပြည်သူတရပ်လုံး အင်တိုက် အားတိုက် ပါဝင်ဆောင်ရွက်နိုင်စေဖို့ စည်းရုံးနည်းလမ်းအားဖြင့် အထောက်အကူ ပြုနိုင်ရေးဟာ အသင်းကြီးရဲ့ အဓိက တာဝန်ဖြစ်တယ်”ဟု ဗိုလ်ချူပ်မှုးကြီး သန်းရွှေက ဆိုသည်။


ထို့ပြင် အောက်ခြေအဆင့် ရယက အဖွဲ့အစည်းများကိုလည်း စီမံခန့်ခွဲရေးနှင့် အုပ်ချူပ်ရေး သင်တန်းများ ပို့ချပေးလျက်ရှိကြောင်း သိရှိရသည်။


“ဆယ်အိမ်မှုးတွေ၊ ရာအိမ်မှုးတွေခေါ်ပြီး ရက်တိုသင်တန်းတွေ ပေးတယ်၊ မြို့နယ်ရဲမှုး၊ ခရိုင်အုပ်ချူပ်ရေးမှုး၊ မီးသတ် အရာရှိတွေလာပြီး အုပ်ချူပ်ရေး၊ စီမံခန့်ခွဲရေး သဘောတရားတွေ ပို့ချတယ်၊ ပြီးတော့ အထက်အောက် အပြန်အလှန် သတင်းပို့ခြင်း စနစ်တွေလည်း အဓိကထား သင်တယ်”ဟု နိုဝင်ဘာ လဆန်းပိုင်းက တပတ်သင်တန်း တက်ရောက်ခဲ့သည့် အသက် ၃၀ ကျော်အရွယ် ရပ်ကွက် ဆယ်အိမ်မှုး တဦးက ဆိုသည်။


ရန်ကုန်မြို့ အခြေစိုက် သတင်းထောက် တဦးကမူ စစ်အစိုးရ အနေဖြင့် ၂၀၁၀ ရွေးကောက်ပွဲ အတွက် အရေးကြီးသည့် နိုင်ငံရေး ပါတီများ ဖွဲ့စည်းခွင့် ဥပဒေကို မထုတ်ပြန်ဘဲ ထိုသို့ ပြင်ဆင်မှုများ ပြုလုပ်ခြင်းမှာ ဖြစ်ပေါ်လာမည့် အခြေအနေများကို ထိန်းသိမ်းနိုင်ရန်အတွက် ဖြစ်နိုင်ကြောင်း သုံးသပ်သည်။

“တကယ် အရေးကြီးတာက ပါတီတွေ ဖွဲ့ခွင့်ဥပဒေပေါ့၊ ဒါကို ခုထိမထုတ်သေးဘဲ သူတို့အချိန်ယူ ပြင်ဆင်နေတာက ဥပဒေထွက်ပြီး ဖြစ်လာမယ့် အခြေအနေတွေကို နိုင်နိုင်နင်းနင်း ထိန်းနိုင်အောင်ဖို့ အတွက်ဆိုတာ ထင်ရှားတယ်”ဟု အဆိုပါ သတင်းထောက်က ဆိုသည်။

အခြားတဘက် တွင်လည်း စစ်အစိုးရသည် ၂၀၁၀ ခုနှစ် ရွေးကောက်ပွဲ ကျင်းပပြီး အရပ်သား အစိုးရထံ တရားဝင် ငြိမ်းချမ်းစွာ အာဏာလွှဲပြောင်းရန် ပြင်ဆင်ခြင်းထက် နိုင်ငံပိုင် သဘာဝ သံယံဇာတ အရင်းအမြစ်များ၊ မြေယာ အဆောက်အအုံများ၊ စက်ရုံအလုပ်ရုံ အပါအ၀င် ပြည်သူပိုင် ပစ္စည်းများအားလုံးကို ထုတ်ရောင်းလျက်ရှိကြောင်း သိရှိရသည်။


ယခု ၂၀၀၈ ခုနှစ် နှစ်ကုန်ပိုင်းတွင် နိုင်ငံပိုင် မော်တော်ယဉ်များ၊ စက်ရုံများ၊ မြေယာ အဆောက်အဦများ လေလံတင် ရောင်းချမှု များပြားလာသည်ကို တွေ့ရကြောင်း ရန်ကုန်မြို့ခံများက ပြောသည်။


“ခုနောက်ပိုင်း နိုင်ငံပိုင် ကားတွေ လေလံပစ်တာ တော်တော်များလာတယ်၊ ရန်ကုန်၊ တောင်ငူ၊ မန္တလေး၊ လားရှိုး၊ မူဆယ်မှာ ကားတွေ ရာဂဏန်းချီပြီးတော့ ဆက်တိုက် လေလံပစ်တယ်၊ ထပ်ပစ်ဖို့လည်း ကြေညာနေတယ်” ဟု ရန်ကုန်အခြေစိုက် ကားဝယ်ရောင်း စီးပွားရေးသမားကြီး တဦးက ဆိုသည်။


ဒီဇင်ဘာလ ၁ ရက်နေ့ထုတ် မြန်မာ့အလင်း သတင်းစာ တွင်လည်း အစိုးရပိုင် စက်ရုံ ၃၄ ရုံနှင့် ၀န်ကြီးဌာနပိုင် မြေကွက်နှင့် အဆောက်အဦး ၂ ခုကို ရောင်းချမည်ဖြစ်ကြောင်း၊ အဆိုပါ စက်ရုံနှင့် မြေကွက်များ၏ တန်ဖိုးမှာ မြန်မာငွေ ၇၇ ဘီလီယံကျော် တန်ဖိုးရှိကြောင်း တရားဝင် ကြေညာထားသည်။

ရောင်းချမည့် စက်ရုံများတွင် အမှတ် ၁ စက်မှုဝန်ကြီး ဌာနပိုင် စက်ရုံ ၂၇ ရုံ၊ စီးပွားရေးနှင့် ကူးသန်း ရောင်းဝယ်ရေး ၀န်ကြီးဌာနပိုင် စက်ရုံ ၇ ရုံတို့ ပါဝင်ပြီး ရန်ကုန်ရှိ မွေးမြူရေးနှင့် ရေလုပ်ငန်း ၀န်ကြီးဌာန၏ အဆောက် အအုံနှင့် မြေကွက်၊ သမ၀ါယမ ၀န်ကြီးဌာန၏ အဆောက်အအုံနှင့် မြေကွက် ပါဝင်ကြောင်း သိရသည်။

“၂၀၁၀ မရောက်ခင် ဒီစစ်အစိုးရ စီးပွားရှာတာပေါ့၊ ရှိတာတွေ အကုန် ထုတ်ရောင်းတဲ့ သဘောပဲ”ဟု ရန်ကုန် အခြေစိုက် သတင်းထောက်တဦးက သုံးသပ်သည်။


ရန်ကုန် သတင်းထောက်က ထိုသို့ သုံးသပ်သော်လည်း စစ်အစိုးရ မြန်မာ့စီးပွားရေးဘဏ်မှ အရာရှိကြီး တဦးကမူ အစိုးရ၏ ထိုသို့ နိုင်ငံပိုင် စက်ရုံများနှင့် မြေကွက်များ ရောင်းချခြင်းမှာ မှန်ကန်သော လုပ်ရပ်ဖြစ်ကြောင်း ပြောသည်။


“ဒီစက်ရုံတွေက နည်းပညာပိုင်းအရ ခေတ်မမီတော့ဘူး၊ အသစ်တိုးချဲ့ဖို့ ဆိုတာကလည်း ငွေကြေးအင်အား တအားများတယ်၊ အဲဒီတော့ အရှုံးပေါ်နေတဲ့ ဒီစက်ရုံ အလုပ်ရုံတွေ ပုဂ္ဂလိကကို ရောင်းတာဟာ အစိုးရ အနေနဲ့ မှန်တယ်”ဟု အဆိုပါ အရာရှိက ဆိုသည်။

ရန်ကုန်မြို့မှ စီးပွားရေးသမား တဦးကလည်း အစိုးရရောင်းချသည့် စက်ရုံများမှာ ရင်းနှီးမြှုပ်နှံ လုပ်ကိုင်မည့်သူ နည်းပါးကြောင်း၊ အထူးသဖြင့် ကြမ်းခင်းဈေး အလွန်များပြီး ရင်းနှီးမြုပ်နှံရမည့် ပမာဏနှင့် ရရှိမည့်အမြတ်မှာ မကာမိနိုင်ကြောင်း ရှင်းပြသည်။

“၂၀၀၇ ခုနှစ်တုန်းက အစိုးရရဲ့ စားသောက်ကုန်နဲ့ လူသုံးကုန်ထုတ်တဲ့ စက်ရုံတွေ အပါအ၀င် အကြီးစား စက်ရုံ ၁၁ ရုံရောင်းတယ်၊ ရင်းနှီးမြုပ်နှံမယ့်သူ အတော်နည်းတယ်၊ အဓိက ကြမ်းခင်းဈေး တအားများတယ်၊ ပြီးတော့ ရှိရင်းစွဲ ၀န်ထမ်းကို အလုပ်ဖြုတ်မပစ်ဘဲ ဆက်ပြီး အလုပ်ခန့်ရမယ်ဆိုတဲ့ အချက်နဲ့ တခြား ကန့်သတ်ချက် တွေကြောင့်
လုပ်ငန်းရှင်တွေဘက် ရင်းနှီးမြှုပ်နှံဖို့ မ၀ံ့မရဲပေါ့၊ အခုလည်း ဒီအတိုင်းပါပဲ´ဟု အဆိုပါ စီးပွားရေး လုပ်ငန်းရှင်က သုံးသပ်ပြောဆိုသည်။

ယခုအစိုးရ ရောင်းချမည့် စက်ရုံများတွင် အချိုရည်နှင့် ရေခဲစက်ရုံများ၊ အထည်စက်ရုံ၊ စားသောက်ကုန် စက်ရုံ၊ လူသုံးကုန်နှင့် ကြွေထည် ပစ္စည်း ထုတ်လုပ်သည့် စက်ရုံ နှင့် ဆန်စက်များ ပါဝင်ပြီး စက်ရုံတခု၏ အနည်းဆုံး တန်ဖိုးမှာ ကျပ်သန်း ၁၂၆ ရှိပြီး အများဆုံး တန်ဖိုးမှာ ကျပ်သန်း ၁၀၂၄၁ ရှိကြောင်း စက်ရုံအားလုံး၏ စုစုပေါင်း တန်ဖိုးမှာ ကျပ် ၇၇ ဘီလီယံ ရှိကာ အဆိုပါ ငွေကြေးပမာဏသည် စစ်အစိုးရ အုပ်ချူပ်သည့် သက်တမ်းကာလ တလျောက်တွင် ပုဂ္ဂလိကသို့ ရောင်းချသည့် ပထမဦးဆုံးနှင့် အများဆုံးသော ငွေကြေးပမာဏ ဖြစ်ကြောင်း သိရှိ ရသည်။

Read More...

မော်လမြိုင် အမှတ် (၁) ဈေးကြီး မီးလောင်ပြာကျ NEJ/ ၂ ဒီဇင်ဘာ ၂၀၀၈


မွန်ပြည်နယ် မော်လမြိုင်မြို့၏ အစည်ကားဆုံးဈေးကြီးဖြစ်သည့် အမှတ် (၁) ဈေးကြီးသည် ဒီဇင်ဘာ (၁) ရက်နေ့ ညနေပိုင်းက လောင်ကျွမ်းသည့်မီးကြောင့် ဈေးတခုလုံးပြာကျသွားသည်။

ဈေးဆိုင်ပိုင်ရှင်တဦးက “တနင်္လာနေ့ဈေးသိမ်းပြီး ညနေ (၅) နာရီခွဲလောက်က စလောင်တာ၊ ဈေးရဲ့ အနောက်ဘက်ခြမ်း ရေပေါ်ဈေး စားသောက်ဆိုင်တန်းဘက်က စလောင်တာပါ။ ဘာကြောင့် လောင်သလဲတော့ မသိရသေးဘူး” ဟု ပြောသည်။

ဈေးသိမ်းချိန် အလင်းရောင်ရှိသေးသည့်အတွက် မီးလောင်ပြီးမကြာခင် ဈေးဆိုင်ပိုင်ရှင်အချို့ရောက်လာပြီး ပစ္စည်းများ သယ်ထုတ်နိုင်သော်လည်း ဆိုင်ခန်းအများစုမှာ မီးထဲပါသွားသည်။ မကြာခင် မီးသတ်ကားများ ရောက်လာသော်လည်း ဈေးထဲကားဝင်မရခြင်း၊ မီးစတင်လောင်သည့်နေရာမှာ လောင်စာပစ္စည်းများ ထားသိုရာ ဖြစ်ခြင်း၊ လေကြမ်းနေခြင်း စသည့်အချက်များကြောင့် ည (၁၀) နာရီကျော် ဈေးတခုလုံးပြာကျပြီးမှ မီးငြိမ်းသွားသည်။

ရပ်ဝေးနေ ဆိုင်ပိုင်ရှင်များ မီးလောင်ရာသို့ အချိန်နှောင်းမှ ရောက်လာပြီး ပစ္စည်းများဆုံးကုန်သည့်အတွက် လမ်းဘေးမှာ ထိုင်ငိုယိုနေသူလည်း အများအပြားရှိသည်ဟု မျက်မြင်သက်သေများက ပြောသည်။ မီးလောင်သည့် အမှတ်(၁) ဈေးသည် ထိုင်းနိုင်ငံမှ သွင်းလာသည့် စားသောက်ကုန် အချိုရည် အထည်အလိပ် စသည့်ကုန်စည်များ လက်ကားသိုလှောင်ရာ ဈေးကြီးဖြစ်သည့်အတွက် ဆုံရှုံးမှုပမာဏမှာ သိန်းပေါင်း ထောင်နှင့်ချီနိုင်သည်ဟု မြို့ခံများက ပြောသည်။

ဈေးမီးကြောင့် ဖက်တန်းရပ်၊ အောက်လမ်းမကြီး တိုက်တန်းများ၊ သထုံတံတားလမ်းမှ တိုက်တန်းများ အန္တရာယ်ရှိခဲ့သော်လည်း လမ်းခြားထားသည့်အတွက် မီးကူးစက်လောင်ကျွမ်းခြင်း မရှိဟု စုံစမ်းသိရသည်။

မီးလောင်ကျွမ်းနေစဉ်အတွင်း မော်လမြိုင်တောင်ရိုးတန်းဘက်မှာ သီတင်းသုံးတော်မူသည့် သံဃာတော်များ ရောက်လာပြီး ဈေးသူဈေးသားများ၏ ကုန်ပစ္စည်းများကို မီးလွတ်ရာရောက်အောင် ကူညီသယ်ယူပေးခဲ့ကြောင်း မျက်မြင်သက်သေများက ပြောသည်။


အဆိုပါဈေးသည် ၁၉၈ဝ ဝန်းကျင်က တကြိမ် မီးလောင်ကျွမ်းခဲ့ပြီး ဈေးဧရိယာ တဝက်ခန့် မီးလောင်ပြာကျခဲ့ဖူးသည်။ ၁၉၈၈ အရေးအခင်းနောက်ပိုင်း နဝတ စစ်အစိုးရလက်ထက်မှာ ယခု မီးလောင်ကျွမ်းသွားသည့် တထပ်ဈေးအဖြစ် ပြန်လည်တည်ဆောက်ပြီး မူလဈေးဆိုင်ပိုင်ရှင်များကို ပြန်လည်နေရာချထားပေးခဲ့ခြင်း ဖြစ်သည်။

မြို့ခံတဦးက “ဒီဈေးကို နဝတ၊ နအဖ စစ်အစိုးရလက်ထက် အရှေ့တောင်တိုင်း စစ်ဌာနချုပ် တိုင်းမှူးအဆက်ဆက်နဲ့ အလိုတော်ရိ စီးပွားရေးသမားတွေ ပူးပေါင်းပြီး ဈေးကိုဖျက်ကာ ဈေးအသစ်ပြန်ဆောက်ပြီး ဆိုင်ခန်းတွေ ရောင်းစား၊ ကိုယ်ကျိုးစီးပွားရှာဖို့ နည်းပေါင်းစုံနဲ့ အကြိမ်ကြိမ် ကြိုးစားခဲ့ဖူးပါတယ်။ ဒါပေမယ့် ဈေးဟာ စစ်အစိုးရလက်ထက် ဆောက်ထားတဲ့ ဈေးဖြစ်နေတာ၊ ဈေးသူဈေးသားတွေက အကြီးအကျယ် ဆန့်ကျင်ခဲ့တာကြောင့် ဖျက်သိမ်းခြင်း မခံခဲ့ရတာ ဖြစ်ပါတယ်” ဟု ပြောသည်။

၂ဝဝဝ ပြည့်နှစ်မတိုင်ခင်၌ ဈေးကော်မတီဝင်များက ဈေးကိုဖျက်သိမ်းခြင်း မပြုရန် ရန်ကုန်ရှိ စစ်အစိုးရ ထိပ်ပိုင်းအာဏာပိုင်များအထိ သွားရောက်ပြီး အသနားခံ တင်ပြခဲ့ဖူးသည်။

Read More...

မျိုးဆက်တဆက်စာ ရင်းလိုက်ရပြီ

FRIDAY, 28 NOVEMBER 2008 19:21 ရဲနည်
သံဃာတော်များ၊ လူမှုရေးလုပ်ငန်း လုပ်ဆောင်နေသူများ၊ ရှေ့နေများနှင့် အမျိုးသမီးများ အပါအဝင် မြန်မာ့ ဒီမိုကရေစီ အရေးအတွက် ကြိုးပမ်း လှုပ်ရှား နေသူများကို နှစ်ရှည် ထောင်ဒဏ်များ ချမှတ်ခြင်း၊ ဝေးလံသော အရပ်များသို့ ရွှေ့ဆိုင်းထောင်ချခြင်းများ ပြုလုပ်လိုက်ခြင်းက စစ်အစိုးရအနေနှင့် မြန်မာပြည် ကောင်းရာ ကောင်းကျိုးအတွက် ဆောင်ရွက်နေသူများကို နောက်ဆုံး စော်ကားလိုက်ခြင်း ဖြစ်သည်။

ဗိုလ်ချုပ်မှူးကြီးသန်းရွှေက ပြည်သူလူထုကို စစ်အစိုးရ၏ လမ်းပြမြေပုံ ၇ ချက်အား ဖိအားပေး ထောက်ခံ ခိုင်းကာ ငြိမ်းချမ်းသာယာ၍ ခေတ်မီဖွံ့ဖြိုးတိုးတက်သော နိုင်ငံတော်သစ်ကြီး တည်ဆောက်မည်ဟု ပြောနေရင်းက ဒီမိုကရေစီအရေး ဆောင်ရွက်နေသူများကို နှစ်ရှည်ထောင်ဒဏ်များ ချမှတ်သည့်အပေါ် နိုင်ငံတကာ အသိုင်းအဝန်း၏ တုန့်ပြန်ချက်က အားနည်းလျော့ပါးလွန်းလှသည်။

ယခင်တပတ်က ကျင်းပခဲ့သည့် ကမ္ဘာ့ကုလသမဂ္ဂအထွေထွေညီလာခံ တတိယကော်မတီ အစည်းအဝေးတွင် မြန်မာပြည် လူ့အခွင့်အရေးချိုးဖောက်မှုနှင့် ပတ်သက်၍ ကြေညာချက်တစောင် ထုတ်ပြန်နိုင်ခဲ့သော်လည်း ယင်းကြေညာချက်အတွက် မဲခွဲဆုံးဖြတ်ရာ ထောက်ခံမဲ ၈၉ မဲ၊ ကန့်ကွက်မဲ ၂၉ နှင့် ကြားနေ ၆၃ မဲ ရရှိခဲ့ သည်ကိုကြည့်ခြင်းဖြင့် မြန်မာစစ်အစိုးရအပေါ် နိုင်ငံတကာမိသားစုက ခိုင်မာ ညီညွတ်သည့် ရာဇသံ ပေးနိုင်ခြင်း မရှိကြောင်း ပြညွှန်းနေသည်။

တချိန်တည်းတွင် အာဆီယံ ဒေသတွင်းနိုင်ငံများသည်လည်း မြန်မာစစ်အစိုးရ၏ လတ်တလော ဖမ်းဆီး ထောင်ချမှုများနှင့် ပတ်သက်၍ ရေငုံနှုတ်ပိတ်နေသည့်ပြင် အိမ်နီးချင်း ၂ နိုင်ငံဖြစ်သည့် တရုတ်နှင့် အိန္ဒိယ နိုင်ငံများကလည်း မြန်မာပြည် ဒီမိုကရေစီအရေးကို ထောက်ခံဖို့ နေနေသာသာ ၎င်းတို့၏ အကျိုးစီးပွား အတွက် စစ်အစိုးရနှင့် ပူးပေါင်းခွင့်ရရေးကိုသာ ကြိုးပမ်းနေကြသည်။

တရုတ်ပြည်က လာမည့် ၂၀၀၉ တွင် ရခိုင်ပြည်နယ်မှတဆင့် ယူနန်ထိ ရေနံပိုက်လိုင်း တည်ဆောက် တော့မည် ဖြစ်ကြောင်း သတင်းများထုတ်ပြန် ထားပြီးဖြစ်သည်။ တချိန်တည်းတွင် အိန္ဒိယကလည်း ယခုအခါ စစ်တွေ ဆိပ်ကမ်း တည်ဆောက်ရန် ကံထရိုက်စာချုပ်ချုပ်ဆို ပြီးပြီဖြစ်သည်။

အမေရိကန်နှင့် ဥရောပနိုင်ငံများက မြန်မာစစ်အစိုးရကို စီးပွားရေးပိတ်ဆို့ အရေးယူမှုများ ပြုလုပ်သည် ဆိုသော်လည်း အမေရိကန် အိမ်ဖြူတော်အနေနှင့် လတ်တလော မြန်မာ့အရေးကို လှည့်ကြည့်နိုင်မည့် အနေအထား မရှိနိုင်ပေ။ အဘယ်ကြောင့်ဆိုသော် ၎င်းတို့ရင်ဆိုင်နေရသည့် ကမ္ဘာ့စီးပွားပျက်ကပ် ကိစ္စ ဖြေရှင်းရန်၊ အစိုးရသစ်အပ်နှင်းရန်နှင့် အာဖဂန်နစ္စတန်နှင့် အီရတ် ပြဿနာများဖြေရှင်းရေးက ပိုမို အရေးကြီး သည့်ကိစ္စရပ်များ ဖြစ်နေပေသည်။

မည်သို့ပင်ဖြစ်စေ အမေရိကန်အခြေစိုက် မြန်မာပြည် လူ့အခွင့်အရေးရရှိရေးအတွက် လှုံ့ဆော် မဲဆွယ် နေသူများကမူ အမေရိကန်သမ္မတသစ် အိုဘားမားနှင့် ၎င်း၏ အစိုးရသစ်အနေနှင့် နိုင်ငံခြားရေး မူဝါဒကို ဦးးစားပေးလုပ်ဆောင်လိမ့်မည်ဟု မျှော်လင့်နေကြသည်။ ထိုကိစ္စရပ်ကိုတော့ စောင့်ကြည့်ရဦးမည် ဖြစ်ပါသည်။

သို့ရာတွင် နိုင်ငံရေးကျွမ်းကျင်သူများ ဆိုသည့် ပညာ့အိုးကွဲများကတော့ “ဘာမှမရှိတာထက်စာရင် တခုခု ရှိတာက ပိုကောင်းပါတယ်” ဟူ၍ စိတ်ပျက်စရာ ပြောဆိုနေဆဲဖြစ်သည်။ ထိုသူတို့၏ ပြောဆိုမှုများက မြန်မာပြည်ကြီး အမှောင်မိုက်ဆုံး ကာလကို ချဉ်းကပ်နေပြီဟု ညွှန်ပြနေသည့်အလားပင်။

သူတို့ကပဲ ဒေါ်အောင်ဆန်းစုကြည်နှင့် ၈၈ မျိုးဆက် ကျောင်းသားခေါင်းဆောင်များကို အနှစ် ၂၀ အတွင်းမဟာဗျူဟာကျသော ကျဆုံးမှုကို ဆောင်ကျဉ်းခဲ့သူများဟု ပြင်းပြင်းထန်ထန် ဝေဖန်ကြပြန်သည်။

ထိုပညာ့အိုးကွဲများက ၂၀၁၀ ရွေးကောက်ပွဲကို ဖြတ်သမ်းကာ စစ်ဗိုလ်ချုပ်များချမှတ်ထားသည့် အခြေခံ ဥပဒေသစ်အောက်၌ အောင်မြင်သည့် အခွင့်အလမ်းတခု ပွင့်နိုင်သည်ဟု ယုံကြည်နေကြသည်။

အမှန်က နေပြည်တော်ရှိ စစ်ဗိုလ်ချုပ်များမှာ ပြည်သူလူထုကို အာဏာခွဲပေးဖို့ နေနေသာသာ ၎င်းတို့ အချင်းချင်းပင် ခွဲဝေယူရန် မလောက်မင ဖြစ်နေဆဲရှိသေးသည်။

တချိန်တည်းတွင် လက်တွေ့ကျသူများဟု မိမိကိုယ်မိမိ ပြောနေသူများကလည်း မြန်မာ့နိုင်ငံရေးကို အတွင်း နှင့် အပြင် ဟူ၍ ခွဲခြားကာ ပြည်ပ (အပြင်) မှ အတိုက်အခံများကို စစ်အစိုးရအပေါ်ဝေဖန်ရုံသာ တတ်နိုင်ပြီး ပြည်တွင်း (အတွင်း) ရှိ ပြည်သူလူထု နေ့စဉ်ခံစားနေရသည့် ဝေဒနာများကို အဖြစ်မှန်အတိုင်း မသိရှိသူများ ဟု စွပ်စွဲပြောဆို နေပြန်သည်။

သေချာသည်ကတော့ လတ်တလော ထောင်ဒဏ် ၆၅ နှစ် ချမှတ်ခံထားရသည့် ဒီမိုကရေစီအရေး ကြိုးပမ်းသူ တို့ကသာ အတွင်း နှင့် အပြင် ဟူသော ဝေါဟာရများကို အမှန်တကယ် သိရှိသူများ ဖြစ်ပေလိမ့်မည်။ တနေ့တနေ့ မှောင်မိုက်စိုစွတ် ညစ်ပတ်ပေရေလှသော ကြိုးတိုက်ခန်းထဲတွင် နိုးထကာ အချိန်များစွာကို ကျော်ဖြတ်နေရသည့် သူတို့လောက် အတွင်းနှင့်အပြင် ခြားနားချက်ကို မည်သူမှ သိနိုင်လိမ့်မည် မဟုတ်ပေ။

လက်ရှိအခြေအနေအရ ရွေးစရာလမ်းလုံးဝမရှိ။ နိုင်ငံရေးအရ လမ်းပိတ်နေသည့် ယခု အနေအထားတွင် တွေ့ဆုံ ဆွေးနွေး ညှိနှိုင်း အဖြေရှာခြင်းကသာ တခုတည်းသော ဖြေရှင်းရန်နည်းလမ်းဟု မြင်ပါသည်။

မြန်မာပြည်သူလူထုက ဒီမိုကရေစီ အရုဏ်ဦးကို မနက်ဖြန်တွင် မြင်ရလိမ့်မည်မဟုတ် ဆိုသည်ကို နားလည် ထားပြီးဖြစ်သည်။ ကုလသမဂ္ဂ အထူးကိုယ်စားလှယ် မစ္စတာအိုဟေးကင်တနာ၏ စကားအတိုင်း ပြောရလျှင် “ဒီမိုကရေစီဆိုတာ တညတည်းနဲ့ ရနိုင်တဲ့Aရာမဟုတ်ဘူး။ မျိုးဆက်နဲ့ချီပြီးကို စောင့်ရမှာ” ဟု ဆိုရမည် ဖြစ်သည်။

ယနေ့အချိန်တွင် ငယ်ရွယ် နုပျိုပြီး ဥာဏ်ပညာနှင့်ပြည့်စုံသော မျိုးဆက်သစ် ခေါင်းဆောင် များကို ကမ္ဘာက အလိုရှိနေသည်မှာ အမေရိကန်သမ္မတ အိုဘားမားက သက်သေဖြစ်သည်။ “အပြောင်းအလဲ” ဆိုသည့် စကားလုံးကိုလည်း ကမ္ဘာ့လူထုက မျှော်လင့်တကြီးဖြင့် ပြောဆိုနေကြပြီ။

သို့ရာတွင် မြန်မာပြည်၏ မျိုးဆက်သစ် ခေါင်းဆောင်ဖြစ်သင့်သူများကတော့ လမ်းမပေါ်တွင် အသတ်ခံရ၊ နှစ်ရှည် ထောင်ချခံရ၊ ထွက်ပြေး တိမ်းရှောင် ပုန်းခိုရနှင့် ရုန်းကန်နေရဆဲ ဖြစ်သည်။

ထိုသို့ ပြင်းထန်သော ထောင်ဒဏ်များ ချမှတ်ခံရသည့်တိုင်အောင် ထိုသူတို့က လုံးဝ ဒူးထောက် အရှုံးပေး လိမ့်မည်မဟုတ်ပေ။ စစ်အစိုးရ၏ တရားရုံးက ထောင်ဒဏ် များချမှတ်ပြီးချိန်တွင် ၆၅ နှစ် ထောင်ဒဏ် သတ်မှတ်ခံရသူ ၈၈ မျိုးဆက်ကျောင်းသားခေါင်းဆောင် တဦးဖြစ်သည့် ကိုမင်းဇေယျက မကြောက်မရွံ့ ကြွေးကြော်ခဲ့သည်ကို အားလုံးသိပြီး ဖြစ်သည်။

“၆၅ နှစ်ထဲလားကွ” ဟု သူ ကြွေးကြော်ခဲ့ပြီ။

ကမ္ဘာကြီးက အရှေ့သို့ရွေ့လျားနေပါသည်။ လူသားအားလုံး မိမိလုပ်ဆောင်စရာ ရှိသည်တို့ကို နေ့စဉ် လုပ်ဆောင်နေရပါလိမ့်မည် …။ သို့သော် ရဲရင့်ကာ သတ္တိနှင့် ပြည့်စုံသော အကျဉ်းကျခံနေရသည့် မြန်မာနိုင်ငံ ကောင်းရာကောင်းကျိုးအတွက် ဆောင်ရွက်နေသူများကိုတော့ မမေ့မလျှော့သင့်၊ ထို့ပြင် မှောင်ပိန်းသော နံရံလေးဘက်အလယ်တွင် သူတို့ကို သေဆုံးခွင့် မပြုသင့်ဟု ဆိုချင်ပါသည်။

Read More...