DREAM ANGEL သို့ လာရောက်လည်ပတ်ကြသူအားလုံးကို DREAM ANGEL မှ ကျေးဇူးအထူးတင်ရှိပါတယ်.........

Thursday, January 22, 2009

အန်အယ်ဒီ မြို့နယ်စည်း ထောင်ဝင်စာ အပိတ်ခံရ Print E-mail ဖနိဒါ ဗုဒ္ဓဟူးနေ့၊ ဇန်နဝါရီလ 21 2009 18:02 - မြန်မာစံတော်ချိန်

ချင်းမိုင်(မဇ္ဈိမ) ။ ။ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် စည်းရုံးရေးမှူးဖြစ်သူ မြောင်းမြထောင်တွင် အကျဉ်းကျခံနေရသည့် ဦးအောင်မြင့်ကို ထောင်ဝင်စာ သွားတွေ့ရာ အာဏာပိုင်များက ခွင့်မပြုခဲ့ကြောင်း မိသားစုအဆိုအရ သိရသည်။

"၁၆ ရက်နေ့ သွားတွေ့တာ လူမတွေ့ရဘူး။ ပါဆယ်ပေးလို့ရတယ် ပြောပြီး၊ ပါဆယ်ပို့လို့ မရဘူးဆိုပြီး အကုန်ပြန်ပေးတယ်။ အထက်က အမိန့်အရ ပို့ခွင့် မရလို့ပါတဲ့။ ဆေး၊ အစားအသောက်၊ အ၀တ်အစားတွေ ဘာမှ မပေးခဲ့ရဘူး" ဟု မိသားစုဝင်တဦးက မဇ္ဈိမကို ပြောသည်။

ဧရာဝတီတိုင်း ဘိုကလေးမြို့နယ်စည်းရုံးရေးမှုး၏ မိသားစုဝင်များသည် ထောင်ဝင်စာတွေ့ဖို့အရေး မြောင်းမြသို့ ဘိုကလေးမှ မော်တော်ကားဖြင့် နှစ်ညခရီး သွားရသည်။ ခရီးစရိတ်မှာပင် တကြိမ်သွားလျှင် ကျပ်ငွေ ၂ သောင်းကျော် ကုန်ကျသည်။

"လူမတွေ့ရရင်တောင် အစားအသောက် ပစ္စည်းတော့ ပို့ချင်တာပေါ့နော်။ အေးတဲ့ ရာသီဆိုတော့ အ၀တ်အစားတွေ ပို့ချင်တာပေါ့နော်။ ဘာမှကို မပေးရဘဲ ပြန်ယူခဲ့ရတော့ လူမတွေ့ရရင် နေပါစေ။ ဆေးတော့ ပို့ချင်တာ။ ဒါကြောင့် စိတ်မကောင်းဘူး။ စိတ်လည်း အရမ်းပူတယ်။ အစားအသောက် ပေးရတယ်ဆိုရင် တော်သေးတယ်။ အခုတော့ လူလည်း မောရတယ်" ဟု မိသားစုဝင်က ပြောသည်။

အသက် ၄၉ နှစ်အရွယ် ဦးအောင်မြင့်သည် ထောင်မကျခင်ကတည်းက သွေးတိုး၊ နှလုံးနှင့် အစာအိမ် ရောဂါဝေဒနာများ ခံစားနေရသူ ဖြစ်သည်။

၂၀၀၇ ခုနှစ် နိုဝင်ဘာလ ၂၉ ရက်နေ့တွင် ရန်ကုန်မြို့သို့အသွား ဘိုကလေးမြို့ မော်တင်ဆိပ်ကမ်းတွင် အာဏာပိုင်များက ဦးအောင်မြင့်ကို ဖမ်းဆီးကာ၊ အင်းစိန်ထောင်တွင် တနှစ်နီးပါး တရားရုံးထုတ် စစ်ဆေးခဲ့သည်။ ထို့နောက် ၂၀၀၈ ခုနှစ် နိုဝင်ဘာလ ၁၁ ရက်နေ့တွင် နိုင်ငံတော် ငြိမ်ဝပ်ပိပြားမှုကို ထိခိုက်ပျက်ပြားစေမှုဖြင့် ထောင်ဒဏ် ၂ နှစ် ပြစ်ဒဏ်ချကာ အင်းစိန်ထောင်မှ မြောင်းမြထောင်သို့ ပြောင်းရွှေ့လိုက်သည်။

No comments: