DREAM ANGEL သို့ လာရောက်လည်ပတ်ကြသူအားလုံးကို DREAM ANGEL မှ ကျေးဇူးအထူးတင်ရှိပါတယ်.........

Friday, January 23, 2009

ရွေးကောက်ပွဲဝင်မည့် အဖွဲ့များကို ၀န်ကြီးဌာနများက စာရင်းကောက်

မြင့်မောင်
သောကြာနေ့၊ ဇန်နဝါရီလ 23 2009 13:57 - မြန်မာစံတော်ချိန်

နယူဒေလီ (မဇ္ဈိမ) ။ ။ ၂၀၁၀ ရွေးကောက်ပွဲတွင် ၀င်ရောက်ယှဉ်ပြိုင်မည့် နိုင်ငံရေးအဖွဲ့အစည်းများ၏ အဖွဲ့ဝင်အရေအတွက်နှင့် လုပ်ဆောင်တိုးတက်မှုကို စစ်အစိုးရကိုယ်စားလှယ်များက စာရင်းကောက်ယူ မှတ်တမ်းတင်မှုများ ပြုလုပ်လျက်ရှိသည်။

"ကာကွယ်ရေးဌာန၊ ပြန်ကြားရေးဌာန၊ သက်ဆိုင်ရာ ၀န်ကြီးဌာနတွေက စုံစမ်းမေးမြန်းတာတွေတော့ ရှိပါတယ်" ဟု ၂၀၁၀ ခုနှစ်တွင် ပြုလုပ်မည့် ရွေးကောက်ပွဲကို ယှဉ်ပြိုင်မည်ဆိုသည့် ၈၈ မျိုးဆက်သစ် ကျောင်းသားလူငယ်များအဖွဲ့ (ပြည်ထောင်စုမြန်မာနိုင်ငံ) မှ ကိုရဲထွန်းက ပြောသည်။

"ဗဟိုအလုပ်အမှုဆောင် ဘယ်လောက်ထိရှိပြီးတော့၊ အဖွဲ့ဝင် ဘယ်လောက်ရှိပြီလဲ။ စည်းရုံးရေးအင်အား ဘယ်လောက်ရှိပြီလဲ။ နယ် ဘယ်လောက်ထိ စည်းရုံးရေး ဆင်းပြီးပြီလဲဆိုတာတွေ မေးတယ်။ ကျနော်တို့က သိချင်လို့ မေးတာလို့ ထင်တယ်။ ဒါပေမဲ့ သူတို့ အလုပ်တခုကို လုပ်နေပါလိမ့်မယ်။ ရွေးကောက်ပွဲအတွက် စုံစမ်းတာလည်း ဖြစ်နိုင်ပါတယ်" ဟု သူက ဆိုသည်။

ယခု ကျောင်းသားလူငယ်အဖွဲ့သည် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (အန်အယ်ဒီ) အပါအ၀င် ပင်မအတိုက်အခံ အင်အားစုများက ကန့်ကွက်ထားခဲ့သော အခြေခံဥပဒေကို ထောက်ခံပြီး စစ်အစိုးရ၏ လမ်းပြမြေပုံအတိုင်း လျှောက်လှမ်းမှသာ နိုင်ငံရေးအပြောင်းအလဲဖြစ်မည်ဟု ဆိုသည်။

အန်အယ်ဒီသည် ၁၉၉၀ ပြည့်နှစ် အထွေထွေရွေးကောက်ပွဲတွင် မဲအပြတ်အသတ်အနိုင်ရခဲ့သော်လည်း စစ်အစိုးရက အာဏာလွှဲပေးရန် ငြင်းဆန်ပြီး စည်းကမ်းပြည့်ဝသော ဒီမိုကရေစီစနစ်သို့ကူးပြောင်းရန် အဆင့်ဆင့်သွားရမည်ဆိုကာ ၂၀၁၀ ခုနှစ်တွင် ရွေးကောက်ပွဲပြန်လည်ကျင်းပမည်ဟု ကြေညာထားသည်။
အခြားသော စစ်အစိုးရလိုလားသော ခေတ်သစ်နိုင်ငံရေးသိပ္ပံ ကျောင်းတော်သားများအဖွဲ့လည်း အလားတူ မေးမြန်းခံရသည်။

"အမျိုးသားနိုင်ငံရေး အင်အားစုက တွဲမိတဲ့လူတွေ ဘယ်သူတွေလဲ။ သူတို့မှာ အင်အား ဘယ်လောက်ရှိပြီလဲ။ ဘယ်မှာအခြေခံသလဲ။ ခေါင်းဆောင်တွေရဲ့ နာမည်တွေ မေးတယ်။ ဖုန်းနံပါတ်တွေ မေးတယ်။ ကျနော့်ကို ၂ ခါရှိပြီမေးတာ။ ဒီနေ့မနက်ကပဲ မေးသွားသေးတယ်။ ပြည်ထဲရေးကလည်း မေးတယ်။ ပြန်ကြားရေး အပိုင်းကလည်း မေးတယ်" ဟု အဖွဲ့ပြောခွင့်ရပုဂ္ဂိုလ် ဦးအုန်းလွင်က ပြောသည်။


ရွေးကောက်ပွဲဆိုင်ရာ ပါတီများ မှတ်ပုံတင်ခွင့်ဥပဒေကို ယခုထက်ထိ ကြေညာခြင်း မရှိသေးသော်လည်း အလားတူ အဖွဲ့များသည် မဲဆွယ်စည်းရုံးမှုများကို အကန့်အသတ်ဖြင့် ပြုလုပ်နေရာ ဒေသအာဏာပိုင်များကလည်း ပံ့ပိုးမှုပြုပေးနေသည်ဟု ယုံကြည်ရသည်။


မဇ္ဈိမက အတည်ပြုနိုင်သော စာရင်းများအရ ၈၈ မျိုးဆက်သစ် ကျောင်းသားလူငယ်များအဖွဲ့ (ပြည်ထောင်စုမြန်မာနိုင်ငံ) က မကွေး၊ မန္တလေး၊ ပဲခူးတိုင်း၊ ရခိုင်၊ မွန်နှင့် ကရင်ပြည်တို့မှ နေရာအချို့တွင်လည်းကောင်း၊ ခေတ်သစ်နိုင်ငံရေးသိပ္ပံ ကျောင်းတော်သားများအဖွဲ့က ရန်ကုန်နှင့် ဧရာတီတိုင်းတွင်လည်းကောင်း၊ တိုင်းရင်းသားစည်းလုံးညီညွတ်ရေးပါတီ (တစည)က ကချင်ပြည်နယ်၊ ချင်းပြည်နယ်၊ မန္တလေးတိုင်း၊ ဧရာဝတီတိုင်း၊ စစ်ကိုင်းတိုင်းတွင်းရှိ နေရာအချို့တွင်လည်းကောင်း ရွေးကောက်ပွဲကို ဦးတည်သော စည်းရုံးရေးလုပ်ငန်းများ လုပ်ဆောင်လျက်ရှိသည်။
ဝန်ကြီးဌာနများက စုံစမ်းမေးမြန်းလာမှုကို ထောက်ချင့်၍ ပါတီမှတ်ပုံတင်ခွင့်ဥပဒေကို မကြာမီ ထုတ်ပြန်မည်ဟု အဖွဲ့များက ယူဆနေသလို၊ ဥပဒေကို စောစီးစွာ ထုတ်ပြန်စေလိုကြသည်။

"စောစောစီ်းစီး ဥပဒေထွက်ပြီး၊ စောစောစီးစီး စဉ်းစားဆုံးဖြတ်၊ အဲဒါ ပိုမကောင်းဘူးလား။ ကျနော်တို့က ဥပဒေကို မြန်မြန်ထွက်လာပါစေလို့ ဆုတောင်းနေတယ်" ဟု ဦးအုန်းလွင်က ပြောသည်။

ရွေးကောက်ပွဲတွင် ၀င်ပြိုင်လိုသော်လည်း စည်းရုံးရေးဆင်းရန် မ၀ံ့မရဲဖြစ်နေသည့်တဖွဲ့မှာ မန္တလေးအခြေစိုက် ၀ံဿနု အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် (ပြည်ထောင်စုမြန်မာနိုင်ငံ) ဖြစ်သည်။
ဝံသာနုအဖွဲ့ ပြောရေးဆိုခွင်ရှိသူ ဦးရဲကိုက " ကော်မရှင်က ဘာမှ မလုပ်သေးတဲ့အတွက် ကျနော်တို့က ဘာမှ မလုပ်သေးပါဘူး။ ကျနော်တို့ ဘာမှ မသိရသေးပါဘူး။ ခေတ်သစ်နိုင်ငံရေးသိပ္ပံ ကျောင်းတော်သားများ အဖွဲ့ကတော့ အဲဒါတွေကို ကြိုတင် လှုပ်ရှားနေတယ်။ ဘယ်လိုမှန်းတော့ မသိဘူး။ အဖွဲ့အစည်းတွေကို ဖွဲ့စည်းပေးစေချင်တယ်။ ကျနော်တို့ လွတ်လွတ်လပ်လပ် ပြောချင်တယ်။ ဒါတွေကို ကျနော်တို့က လွတ်လွတ်လပ်လပ် လုပ်ချင်တယ်" ဟု ပြောသည်။မန္တလေးဝံသာနုကို အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်မှ ခွဲထွက်လာခဲ့သူ လူအချို့နှင့် ဖွဲ့စည်းထားသည်။

No comments: