DREAM ANGEL သို့ လာရောက်လည်ပတ်ကြသူအားလုံးကို DREAM ANGEL မှ ကျေးဇူးအထူးတင်ရှိပါတယ်.........

Tuesday, April 28, 2009

ဝက်တုပ်ကွေးရောဂါ လူလူချင်းကူးနိုင်သည့်အဆင့်ရောက်

NEJ /၂၈ ဧပြီ ၂၀၀၉
ခေတ်ပြိုင်
ဝက်တုပ်ကွေးရောဂါသည် လူလူချင်းကူးစက်နိုင်သည့် အခြေအနေသို့ ရောက်ရှိနေကြောင်း ကမ္ဘာ့ကျန်းမာရေးအဖွဲ့ (ဒဗလျူအိပ်ခ်ျအို) က ယမန်နေ့တွင် ထုတ်ပြန်ကြေညာလိုက်သည်။

ကမ္ဘာ့ကျန်းမာရေးအဖွဲ့၏ အရေးပေါ်ကော်မတီက အစည်းအဝေးတရပ်ကျင်းပကာ A/H1N1 ၀က်တုပ်ကွေးရောဂါ သည် အမေရိကန်ပြည်ထောင်စု၊ မက္ကဆီကိုနှင့် ကနေဒါနိုင်ငံများတွင် ဖြစ်ပွားနေကြောင်း အဖွဲ့၏ ဦးဆောင်ညွှန်ကြား ရေးမှူး ဒေါက်တာမာဂရက်ချမ်းက ပြောဆိုလိုက်ခြင်းဖြစ်သည်။

ကူးစက်ရောဂါ အဆင့် (၆) ဆင့်ရှိသည့်အနက် ၀က်တုပ်ကွေးရောဂါဖြစ်ပွားမှုအခြေအနေကို ကမ္ဘာ့ကျန်းမာရေး အဖွဲ့ကြီးက အဆင့် (၃) မှ လူလူချင်းကူးစက်နိုင်သည့် အဆင့်(၄) အထိ တိုးမြှင့်သတ်မှတ်လိုက်သည်။

ယင်းအဆင့်အခြေအနေတွင် ၀က်တုပ်ကွေးကူးစက်ရောဂါ တိုးပွားလာနိုင်ဖွယ်ရှိသော်လည်း တားဆီးထိန်းချုပ်၍ မရနိုင်သည့် အခြေအနေထိ မရှိသေးကြောင်း ကမ္ဘာ့ကျန်းမာရေးအဖွဲ့က ပြောသည်။

မက္ကဆီကိုနိုင်ငံတွင် ၀က်တုပ်ကွေးရောဂါကြောင့် လူ (၁၄၉) ဦး သေဆုံးပြီး လူ (၁,၆၀၀) ကျော်ခန့် ရောဂါ ဖြစ်ပွားနေပြီး၊ အမေရိကန်ပြည်ထောင်စုတွင် (၂၀) ဦး၊ ကနေဒါတွင် (၆) ဦးနှင့် စပိန်တွင် (၁) ဦးတို့၌လည်း ရောဂါလက္ခဏာများကို တွေ့ရကြောင်း ဧဂျင်စီသတင်းများတွင် ဖော်ပြသည်။

ဝက်တုပ်ကွေးရောဂါမှာ သာမန်တုပ်ကွေးကဲ့သို့ အဖျားရောဂါဖြစ်ကာ ချောင်းဆိုး၊ နှာစေး၊ လည်ချောင်းနာ၊ ကိုယ်အပူချိန်တက်ခြင်း၊ ကိုယ်လက်ကိုက်ခဲခြင်း၊ ၀မ်းသွားခြင်း၊ အော့အန်ခြင်း စသည့်လက္ခဏာများဖြစ်ပေါ်သည်ဟု သိရသည်။

ယခုအခါ ကမ္ဘာတ၀န်းတွင် ၀က်တုပ်ကွေး ကူးစက်ရောဂါကို ကြိုတင်ကာကွယ်နိုင်ရန် သတိပေးဆောင်ရွက်မှုများ လုပ်ဆောင်နေပြီး ရောဂါဖြစ်ပွားသည့်နေရာများသို့ ခရီးမသွားကြရန် နှိုးဆော်ထားသည်။

နိုင်ငံအများစုသည် သက်ဆိုင်ရာလေဆိပ်များ၌ ရောက်လာသည့် ခရီးသည်များကို ကျန်းမာရေးစစ်ဆေးမှုများ ပြုလုပ်လျက်ရှိပြီး ကြက်ငှက်တုပ်ကွေး အများဆုံးဖြစ်ခဲ့သည့် အာရှအရှေ့ပိုင်းနိုင်ငံများကလည်း ၀က်တုပ်ကွေး ရောဂါကို ကြိုတင်ကာကွယ်မှုများ လုပ်ဆောင်နေသည်။

Read More...

ဝက်တုပ်ကွေး ကုသရန် ရန်ကုန်ရှိ ဆေးရုံ နှစ်ရုံ ပြင်ဆင်နေ

မေကျော်၊ မျိုးကြီး
အင်္ဂါနေ့၊ ဧပြီလ 28 2009 19:18 - မြန်မာစံတော်ချိန်


ချင်းမိုင်၊ ရွှေလီ (မဇ္ဈိမ)။ ။ ၀က်တုပ်ကွေး သံသယ လူနာများကို ရန်ကုန် ဆေးရုံ နှစ်ရုံတွင် ကုသနိုင်ရန် စီစဉ်နေသည်။

ရန်ကုန် ဆေးရုံကြီးနှင့် ဝေဘာဂီ ဆေးရုံတို့တွင် ဖြစ်ကြောင်း ရန်ကုန်ရှိ ဆေးရုံကြီး တရုံမှ တာဝန်ကျ ဆရာဝန်တဦးထံမှ ကြားသိရခြင်း ဖြစ်သည်။

“ဆေးပစ္စည်းတွေ ဖြည့်ပေးတာတော့ မရှိသေးပါဘူး။ တခြားဆေးရုံတွေတော့ မသိဘူး။ အခုမှ သင်တန်း လုပ်နေတုန်းပါ။ ဒီဆေးရုံ မပါ ပါဘူး။ ရန်ကုန်မှာ ၂ ခုပဲ ပါတယ်။ ရန်ကုန် ဆေးရုံကြီးနဲ့ ဝေဘာဂီပါ” ဟု သူက မဇ္ဈိမကို ပြောသည်။

ကျန်းမာရေး ၀န်ကြီးဌာနက ၀က်တုပ်ကွေးနှင့် ပတ်သက်၍ ပြည်သူလူထုသို့ ကမ္ဘာ့ လူတုပ်ကွေးရောဂါ ကာကွယ်ရေးနှင့် ပတ်သက်၍ ဆောင်ရန်၊ ရှောင်ရန် အချက်များကို ယမန်နေ့က အသိပေး ထုတ်ပြန်ထားသည်။

တိုင်းမွေးမြူရေးနှင့် ကုသရေး ဦးစီးဌာနမှူးတဦးက “နေပြည်တော်က လိုက်နာရမယ့် စည်းကမ်းချက်တွေ ထုတ်ပေးပါတယ်။ တခြားတော့ ကွင်းဆင်းဆောင်ရွက်ဖို့ ညွှန်ကြားချက် မရှိသေးပါဘူး။ အခုထုတ်ထားတဲ့ စည်းကမ်းချက်တွေ လိုက်နာရင် လုံလောက်ပါတယ်။ သူက ကာကွယ်ဆေးလည်း မရှိဘူး” ဟု ပြောသည်။

ယမန်နေ့ကပင် ကျန်းမာရေး ၀န်ကြီးဌာနက ကြက်ငှက်တုပ်ကွေးနှင့် ကမ္ဘာ့လူတုပ်ကွေးရောဂါ တိုက်ဖျက်ရေး ပြင်ဆင်ရေးနှင့် တုံ့ပြန်ရေး ဆရာဖြစ်သင်တန်းကို အထွေထွေရောဂါကု ဆရာဝန် ၃၁ ဦးကို သင်ကြားပေးနေပြီဟု သိရသည်။

ဝက်တုပ်ကွေးအတွက် မွေးမြူရေးနှင့် ကုသရေး ၀န်ကြီးဌာနက အသိပေးခြင်းသာ ရှိသေးပြီး၊ ၀က်မွေးမြူရေး လုပ်ငန်းများကို စောင့်ကြည့်စစ်ဆေးရန် အစီအစဉ်များ မရှိသေးကြောင်း သိရသည်။

ယနေ့လည်း ကျန်းမာရေး ၀န်ကြီးဌာနနှင့် မွေးမြူရေးနှင့် ကုသရေး ဦးစီးဌာနက လူကို ရောဂါကူးစက်ခြင်း မရှိစေရန်နှင့် ၀က်များတွင် သံသယဖြစ်ဖွယ် တွေ့ရှိပါက အကြောင်းကြားရန် အစိုးရပိုင် သတင်းဌာနများမှတဆင့် သတင်းထုတ်ခဲ့သည်။

ရန်ကုန်မြို့တော် စည်ပင်သာယာ တိရစ္ဆာန် ဆေးကုသရေးနှင့် သားသတ်ဌာန အနေဖြင့်မူ ၀က်တုပ်ကွေးအတွက် အထူးအထွေ စီမံကိန်းမရှိသေးကြောင်း သိရသည်။

အလားတူပင် ယမန်နေ့က မြန်မာနိုင်ငံသို့ ဝင်ရောက်ရာ လေဆိပ်၊ သင်္ဘောဆိပ်နှင့် နှစ်နိုင်ငံ နယ်စပ် အဝင်အထွက် ဂိတ်များတွင် ခရီးသည်များကို ဝက်တုပ်ကွေး ရှိ၊ မရှိ စစ်ဆေးရန် နအဖ ကောင်စီက ညွှန်ကြားခဲ့သော်လည်း နယ်စပ်ဒေသများတွင် အကောင်အထည်ဖော်ခြင်း မရှိသေးပါ။

မဇ္ဈိမက ရရှိထားသည့် ညွှန်ကြားစာထဲတွင် တနိုင်ငံလုံးရှိ ကျန်းမာရေးဝန်ကြီးဌာန လက်အောက်ခံ ဌာနများနှင့် အထွေထွေ အုပ်ချုပ်ရေး ဦးစီးဌာနများသို့ ညွှန်ကြားခဲ့ကြောင်း ဖော်ပြပါရှိသည်။

ကျန်းမာရေးဝန်ကြီးဌာနနှင့် အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာန ပူးတွဲလုပ်ကိုင်ရမည်ဟု ဆိုသော်လည်း မည်သည့်နေ့တွင် စတင်ရမည်ကို ဖော်ပြမထားပါ။

မက္ကဆီကိုမှ စတင်သည့် ၀က်တုပ်ကွေးသည် ကမ္ဘာ့နိုင်ငံများသို့ ကူးစက်ပျံ့ပွားနိုင်သဖြင့် ကာကွယ်ရေးများ လုပ်နေရာ အာရှတိုက်ရှိ ဂျပန်၊ တရုတ်၊ တောင်ကိုရီးယား၊ ထိုင်းနှင့် စင်္ကာပူတွင် ပြည်ပမှ ၀င်လာသည့် ခရီးသည်များကို ကျန်းမာရေး စစ်ဆေးမှု လုပ်နေသည်။

ကမ္ဘာ့ကျန်းမာရေး အဖွဲ့ကြီး - WHO က ယခုလ ၂၆ ရက်နေ့တွင် ၀က်တုပ်ကွေးရောဂါ ထိန်းချုပ်နိုင်ရန် ကမ္ဘာလုံးဆိုင်ရာ ပြည်သူ့ကျန်းမာရေး အရေးပေါ် အခြေအနေ (Public health emergency of international concern) အဖြစ် ထုတ်ပြန်ခဲ့သည်။

ထိုထုတ်ပြန်ချက်အပြီး နောက်ရက်တွင် မြန်မာကလည်း ၀က်တုပ်ကွေးရောဂါ စောင့်ကြပ်ကြည့်ရှုမှု လုပ်ငန်းများ စတင်ဆောင်ရွက်ရန် ညွှန်ကြားခြင်း ဖြစ်သည်။

ထို့အပြင် ဝက်တုပ်ကွေး ကူးစက်ပျံ့ပွားမှုမှာ စိုးရိမ်ရမှုအဆင့် ၄ သို့ ရောက်ရှိနေပြီဖြစ်ကြောင်း WHO က ယမန်နေ့က ထုတ်ပြန်ခဲ့သည်။

၂၀၀၅ ခုနှစ် ကြက်ငှက်တုပ်ကွေး ဖြစ်ပွားစဉ်က သတ်မှတ်ခဲ့သည့် စိုးရိမ်ရမှု ၆ ဆင့်အနက် ဝက်တုပ်ကွေး၏ လက်ရှိ အနေအထားကို ဖော်ပြခဲ့ခြင်းဖြစ်ကာ၊ လူအချင်းချင်း ကူးစက်နေသည့် အနေအထားသို့ ရောက်ရှိရန် နီးစပ်နေကြောင်း ပြောဆိုလိုက်ခြင်း ဖြစ်သည်။

သို့သော်လည်း ရန်ကုန်မြို့တော်တွင်မူ ၀က်သားဈေးနှုန်းမှာ အပြောင်းအလဲ မရှိကြောင်း သိရသည်။

Read More...

ရန်ကုန်မြို့တွင် လုံခြုံရေးတိုးမြှင့်ချထား

NEJ /၂၈ ဧပြီ ၂၀၀၉(ခေတ်ပြိုင်)
အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (အန်အယ်လ်ဒီ) က စုံညီအစည်းအဝေးကို ရွှေ္ဂဂုံတိုင်ရှိ အဖွဲ့ချုပ်ရုံးတွင် ယနေ့စတင်ကျင်းပသောကြောင့် ရန်ကုန်မြို့တွင် လုံခြုံရေးအတွက် ရဲများကို အင်အားပြ ချထားကြောင်း မြို့ခံများက ပြောသည်။

ရန်ကုန်မြို့၊ ဗဟန်းရွှေဂုံတိုင်၊ စမ်းချောင်းနှင့်တာမွေတို့တွင် ရဲတပ်ဖွဲ့ဝင်များ၊ ရဲကားများ၊ ဒိုင်းနှင့်တုတ်များ တင်ထားသောကားများ၊ ဆက်သွယ်ရေးကိရိယာများ တင်ဆောင်သည့်ကားများ စုစုပေါင်း (၁၀) စီးခန့်သည် ရွှေဂုံတိုင်၊ တော်ဝင်နှင်းဆီခြံအရှေ့ ဓမ္မာရုံဝင်းအတွင်း အရန်သင့် စောင့်ဆိုင်းလျက်ရှိကြောင်း မြို့ခံများက ပြောသည်။

မြို့တွင်းရှိ ဘုရားနှင့်လူစည်ကားရာနေရာများတွင်လည်း စစ်အစိုးရအာဏာပိုင်များက ရဲများကို အင်အားပြစေကြောင်း ရန်ကုန်မြို့လသာရဲစခန်းမှ တပ်ကြပ်တဦးက ပြောသည်။


“ပြည်သူတွေ တန်းစီဆန္ဒပြတာမျိုး၊ တကိုယ်တော်ဆန္ဒပြတာမျိုးနဲ့ တခြားဆူပူမှုတွေ မဖြစ်စေဖို့ အခုလို လုပ်ခိုင်းတာပါ” ဟု ၎င်းက ပြောသည်။

ထိုသို့ အင်အားပြမှုများကို ၂၀၀၇ ခုတွင် ဖြစ်ပွားခဲ့သော ရွှေဝါရောင်တော်လှန်ရေးကာလ နောက်ပိုင်းမှစ၍ လုပ်ကြရကြောင်း၊ အထူးသဖြင့် အခမ်းအနားနေ့ရက်များနှင့် ဘာသာရေးအရ နေ့ထူးရက်မြတ်များတွင် လုံခြုံရေးများ တိုးမြှင့်စေခဲ့ကြောင်း ပုဇွန်တောင်နယ်မြေမှ ရဲသားတဦးက ပြောသည်။

အင်အားပြမှုများကို ရွှေတိဂုံစေတီတော်ကြီးတွင် ပိုမိုပြုလုပ်ကြောင်း ရွှေတိဂုံဘုရား အရှေ့မုခ် အရောင်းဆိုင် တဆိုင်၏ ပိုင်ရှင်က ပြောသည်။

၎င်းက “ဘုရားမှာရှိတဲ့ မုခ်တွေမှာ ရဲကားတွေ အင်အား တခါပြရင် (၅) စီး အနည်းဆုံး တွေ့ရတာပဲ။ ဘုရားဖူးတဲ့ သူတွေအတွက်တော့ စိတ်ထဲမှာ အနှောင့်အယှက် ဖြစ်မှာပဲလို့ တွေးမိတယ်” ဟု ပြောသည်။

ဗဟန်းမြို့နယ်မှ ရဲအရာရှိတဦးက “ဘုရားကို အကာအကွယ်ယူပြီးတော့ မသမာသူတွေက ဆူပူမှုတွေ ပြုလုပ်မှာ စိုးတဲ့အတွက် လုံခြုံရေးသဘောအနေနဲ့  ရဲကားတွေကို လှည့်ပြတာ ဖြစ်ပါတယ်” ဟု ပြောသည်။

Read More...

အန်အယ်လ်ဒီ စုံညီအစည်းအဝေးစ ပြည်နယ်နှင့်တိုင်း (၄) ခုက ဆွေးနွေး

မင်းနိုင်သူ /၂၈ ဧပြီ ၂၀၀၉
အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (အန်အယ်လ်ဒီ) ပါတီစုံညီအစည်းအဝေးကို ယနေ့စတင်ပြီး ကချင်၊ ချင်း၊ စစ်ကိုင်း၊ တနင်္သာရီ စသည့် ပြည်နယ်နှင့်တိုင်းတို့မှ ဗဟိုအလုပ်အမှုဆောင်အဖွဲ့က တင်ပြသော စာတမ်းကို ပြန်လည်ဆွေး နွေးသွားကြကြောင်း ပါတီပြောခွင့်ရပုဂ္ဂိုလ် ဦးအုံးကြိုင်က ပြောသည်။

“ပြန်လည်ဆွေးနွေးသွားကြတာတွေကတော့ အများကြီးပဲ။ စည်းရုံးရေးအကြောင်းအရာနဲ့ ပတ်သက်တာတွေရော၊ နိုင်ငံရေးအကြောင်းအရာနဲ့ ပတ်သက်တာတွေရော ပြန်လည်ဆွေးနွေးသွားကြပါတယ်။ ရွေးကောက်ပွဲနဲ့ပတ်သက် တာတွေ နအဖစစ်ခေါင်းဆောင်နဲ့ ဒေါ်အောင်ဆန်းစုကြည် တွေ့ဆုံဆွေးနွေးနိုင်မှုရှိမရှိ၊ အဲဒါတွေကို အဓိကထား ဆွေးနွေးသွားကြတာပေါ့။ မနက်ဖြန် ဆွေးနွေးမှုတွေအပြီးမှာမှ တစုံတရာသဘောထား ထုတ်ပြန်ချက်ပေးနိုင်မယ်” ဟု ၎င်းက ပြောသည်။

ယနေ့ဆွေးနွေးခဲ့ကြသော ပြည်နယ်နှင့်တိုင်းများသည် ဗဟိုအလုပ်အမှုဆောင်အဖွဲ့မှ တင်ပြသော အစီရင်ခံစာ (၃) ရပ်အပေါ်တွင် ပြန်လည်တုံ့ပြန် ဆွေးနွေးခဲ့ကြခြင်းဖြစ်သည်။

အဆိုပါ ဆွေးနွေးပွဲမစတင်မီ ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရေးဆိုင်ရာ သဘောထားအစီရင်ခံစာကို ဦးသိန်းညွန့် ကလည်းကောင်း၊ ပါတီစည်းရုံးရေးဆိုင်ရာ အစီအရင်ခံစာကို ဦးအုံးကြိုင်ကလည်းကောင်း၊ နိုင်ငံရေးဆိုင်ရာ အစီရင်ခံစာကို ဒေါက်တာသန်းငြိမ်းကလည်းကောင်း အသီးသီးဖတ်ကြားတင်ပြခဲ့ကြောင်း သိရသည်။

“ပြည်နယ်နှင့်တိုင်းတွေက စည်းရုံးရေးအဖွဲ့ဝင်ထဲက တဦးနဲ့ လွှတ်တော်ကိုယ်စားလှယ်ထဲက တဦးစီက ပြန်လှန်ဆွေးနွေးတယ်။ မရှင်းတဲ့အချက်တွေ ပြန်မေးတယ်။ ဗဟိုအလုပ်အမှုဆောင်အဖွဲ့က ပြန်လည်ဖြေကြားပေး ခဲ့တယ်” ဟု ဦးအုံးကြိုင်က ပြောသည်။

အဆိုပါ အန်အယ်လ်ဒီပါတီ စုံညီအစည်းအဝေးသို့ ပြည်နယ်နှင့်တိုင်းများမှ စည်းရုံးရေးအဖွဲ့ဝင် (၆၃) ဦး၊ လွှတ်တော်ကိုယ်စားလှယ် (၉၃) ဦး၊ ဗဟိုလူငယ် (၃) ဦးနှင့် ဗဟိုအမျိုးသမီး (၃) ဦးတို့အပြင် စီအာပီပီ ကိုယ်စား လှယ်များ၊ ၀ါရင့်နိုင်ငံရေးသမားကြီးများနှင့် သံတမန်များပါ တက်ရောက်ခဲ့ကြသည်။

အာဏာပိုင်များဘက်မှလည်း ရဲများ၊ လုံထိန်းများ၊ အရပ်ဝတ်လုံခြုံရေးများဖြင့် စောင့်ကြည့်မှုများရှိခဲ့ကြောင်း သိရသည်။

Read More...

လူသတ်မှုကျူးလွန်သူ လေတပ်ဗိုလ်ကြီးကို ကမာရွတ် ရဲစခန်းမှ ဖမ်းဆီးမိ

NEJ /၂၈ ဧပြီ ၂၀၀၉

ပြီးခဲ့သည့် ဧပြီလဆန်းက ဗိုလ်တစ်ထောင်မြို့နယ် ဗိုလ်တစ်ထောင်လမ်းသွယ် (၄) လမ်း တိုက်အမှတ် (၆-၈)၊
(၄) လွှာ ယာဘက်ခြမ်းအခန်းတွင် ဖြစ်ပွားခဲ့သည့် လူသတ်မှုမှ တရားခံ (၂) ဦးအနက် တဦးဖြစ်သူ လေတပ်ဗိုလ်ကြီး ဖုန်းဇော်အေးကို ဖမ်းဆီးရမိခဲ့ကြောင်း ဖမ်းဆီးရာတွင် ပါဝင်ခဲ့သူ ကမာရွတ်ရဲစခန်းမှ အမည်မဖော်လိုသူ ရဲတပ်ဖွဲ့ဝင်တဦးက ပြောသည်။

၎င်းက “ပြီးခဲ့တဲ့ ဧပြီ (၁၅) ရက် သင်္ကြန်အကြတ်နေ့တုန်းက ပြည်လမ်းအမှတ် (၄၃၇) မှာ ဖွင့်ထားတဲ့ Summer Palace ဟိုတယ်မန်နေဂျာက ကျနော်တို့စခန်းကို ဖုန်းဆက်တယ်။ သူတို့ဆီမှာ လူတယောက် တည်းခိုခန်းခ မပေးဘဲ တည်းနေတာ လာစစ်ပေးပါလို့ ဆိုတယ်။ ကျနော်တို့ ဟိုတယ်ကို ရောက်ပြီး သိပ်မကြာဘူး။ လူတယောက် ဟိုတယ်အပေါ်ထပ်ကနေ ခုန်ချတယ်။ အောက်ထပ်က အဖီထုတ်ထားတဲ့ အမိုးပေါ်ကို ပြုတ်ကျပြီး ခြေထောက် ကျိုးသွားတယ်။ ဒါနဲ့ သူ့ကိုသွားမေးကြတယ်။ နောက် ဆေးရုံပို့ပြီး စစ်ကြည့်တော့ မင်္ဂလာဒုံလေတပ်စခန်းက ဗိုလ်ကြီးတယောက် ဖြစ်နေတယ်။ သူပြောတာတွေ ရှေ့နောက်မညီတာနဲ့ ဆက်ပြီး စစ်လိုက်တာ ဗိုလ်တစ်ထောင် လမ်းသွယ် (၄)၊ နှစ်လောင်းပြိုင် လူသတ်မှုက လူသတ်သမားဖြစ်နေတာ သိရတယ်။ ခု သူ့ကို စစ်တပ်က လာလွှဲယူသွားပြီ” ဟု ပြောသည်။


ပြီးခဲ့သည့် ဧပြီ (၂) ရက်က ဗိုလ်တစ်ထောင်လမ်းသွယ် (၄) အပြင်က သော့ခတ်ထားသည့် တိုက်ခန်းတခန်းမှ အပုပ်နံ့ထွက်လာ၍ လူများက ရဲကို အကြောင်းကြားခဲ့ရာမှ လူသတ်မှု ပေါ်ပေါက်လာခြင်း ဖြစ်သည်။

အသတ်ခံရသူများမှာ အသက် (၄၆) နှစ်အရွယ် သင်္ဘောအရာရှိ ဦးခင်မောင်လေးနှင့် ရွှေပြည်သာတွင်နေထိုင်သည့် အငြိမ်းစားဗိုလ်မှူးချုပ် ကျော်ဝင်း၏သမီး အသက် (၄၄) နှစ်အရွယ် ဒေါ်အေးအေးဝင်း ခေါ် ဒေါ်မြတ်သီရိခင် ဖြစ်ပြီး မတ်လ (၃၀) ရက် ညက အသတ်ခံရကြောင်း သိရသည်။

ဖမ်းဆီးမိသူ ဗိုလ်ကြီးဖုန်းဇော်အေးသည် ဦးခင်မောင်လေး၏ တူတော်သူဖြစ်ပြီး မကြာခဏ ဦးလေးဖြစ်သူထံ လာရောက်လေ့ရှိကြောင်း၊ အခင်းဖြစ်ပွားသည့်နေ့က ငွေချေးရာမှ အချင်းများကြပြီး အဖော်တယောက်နှင့်အတူ သတ်သွားသည်ဟု ယူဆရကြောင်း အိမ်နီးနားချင်းများက ပြောကြသည်။

ယခုမှုခင်းနှင့် ပတ်သက်၍ သတင်းထောက်များနှင့် ရဲမှုခင်းသတင်းထုတ်ပြန်ရေးအဖွဲ့ တွေ့ဆုံစဉ် သတင်းထောက်များ၏ မေးမြန်းချက်ကို တာဝန်ရှိသူများက တရားခံတဦးမိပြီ ဆိုသည်မှလွဲပြီး အခြားပြောဆိုခြင်း မပြုသကဲ့သို့ သတင်းရေးသားရန်လည်း လုံးဝ ခွင့်မပြုကြောင်း သိရသည်။

ယခု ပြစ်မှုကျူးလွန်သူသည် မင်္ဂလာဒုံလေတပ်စခန်းဌာနချုပ်မှ စစ်အရာရှိတယောက်ဖြစ်နေခြင်း၊ ဗိုလ်ချုပ်မှူးကြီးသန်းရွှေ၏ သားမက်တော်စပ်သူ ဗိုလ်မှူးချုပ်သိန်းနိုင်၏ တပ်မှ ဖြစ်နေခြင်းတို့ကြောင့် လုံးဝ သတင်းဖော်ပြခွင့်ပြုမည်မဟုတ်ကြောင်း ပြည်တွင်း ပုဂ္ဂလိက ဂျာနယ်သတင်းထောက်တဦးက သုံးသပ်သည်။

အင်းလျားလမ်း (၅) လောင်းပြိုင် လူသတ်မှုတွင်လည်း ထိပ်တန်းစစ်အရာရှိတဦး၏ သားတဦး ပါဝင်ပတ်သက်နေ၍ မည်သည့်အခါမှ သတင်းထုတ်ပြန်မည်မဟုတ်ကြောင်း စစ်အစိုးရ ထိပ်ပိုင်းအာဏာပိုင်များနှင့် နီးစပ်သူ စစ်အရာရှိကြီးတဦးက ပြောကြားခဲ့သော်လည်း ထိပ်တန်းခေါင်းဆောင် မည်သူ၏ သားဖြစ်သည်ဆိုသည်ကိုမူ ထုတ်ဖော်ပြောဆိုခြင်း မပြုခဲ့ပေ။

Read More...

ရွေးကောက်ပွဲ ၀င်ရေး NLD မဆုံးဖြတ်နိုင်သေး

Tuesday, 28 April 2009 21:00 ကိုစိုး
ဧရာဝတီ
၂၀၁၀ ရွေးကောက်ပွဲ ဥပဒေ ထွက်လာမှ ရွေးကောက်ပွဲ ၀င်ရေးမ၀င်ရေးကို အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် (NLD) က ဆုံးဖြတ်မည် ဖြစ်ကြောင်း ယနေ့ ပြုလုပ်သည့် အထူးအစည်း အဝေးတွင် ဥက္ကဌ ဦးအောင်ရွှေက ပြောကြား လိုက်သည်။“ဒီင်္မိုကရေစီ စည်းမျဉ်းစည်းကမ်းတွေပေါ် အခြေခံမခံကို ကျနော်တို့ စောင့်ကြည့်ရပါမယ်”ဟုလည်း ဦးအောင်ရွှေ က အစည်းအဝေးအဖွင့် မိန့်ခွန်းတွင် ထည့်သွင်း ပြောကြားသည်။

NLD ပါတီ ရုံးချုပ်တွင် ကျင်းပသည့် အထူးအစည်းအဝေး၌ ရွေးကောက်ခံ လွှတ်တော်ကိုယ်စားလှယ် ၉၀ ကျော် အပါအ၀င် တိုင်းနှင့်ပြည်နယ် စည်းရုံးရေးတာဝန်ခံ အဆင့် ၆၀ ကျော် တက်ရောက်ကြသည်။

“ဒီနေ့ အစည်းအဝေးမှာ လူ ၁၅၀ လောက် အနည်းဆုံး တက်ရောက်ပြီး အဖွင့် အမှာစကားကို ဗဟိုအလုပ် အမှု ဆောင် အဖွဲ့ဝင် ဦးဝင်းတင် ပြောပါတယ်”ဟု အစည်းအဝေး တက်ရောက်နေသည့် လွှတ်တော်ကိုယ်စားလှယ် ဦးစိုးဝင်း က ပြောပြသည်။

၂ ရက်ကြာပြုလုပ်မည့် ၎င်းအထူးအစည်းအဝေးတွင် စစ်အစိုးရ၏ ၂၀၀၈ ဖွဲ့စည်းပုံအခြေခံ ဥပဒေ ကို ပြန်လည် သုံးသပ်ရေး အပါအ၀င် လက်ရှိ နိုင်ငံရေး ဖြစ်ပေါ်တိုးတက်မှုနှင့် ပတ်သက်ပြီး ပါတီ၏ ရပ်တည်ချက် စသည့် အဓိက အကြောင်းအရာများကို ဆွေးနွေးညှိနှိုင်းမည်ဖြစ်ကြောင်း NLD ပြောရေးဆိုခွင့်ရှိသူ တဦးဖြစ်သည့် ဦးအုံးကြိုင်က ပြောသည်။

အစည်းအဝေးနှင့် ပတ်သက်သည့် အသေးစိတ်ကိုမူ ယခုအချိန်တွင် မပြောကြားနိုင်သေးကြောင်းလည်း ၎င်းက ဆိုသည်။

“မကြာခင်မှာ ကျနော်တို့ ကြေညာချက်ထုတ်ဖို့ ရှိပါတယ်၊ လူတွေ စိတ်ဝင်တစားပြောဆို ဆွေးနွေး နေကြတဲ့ ကိစ္စ တွေပဲဖြစ်ပါလိမ့်မယ်”ဟုလည်း ဦးအုန်းကြိုင်က ပြောသည်။

NLD သည် စစ်အစိုးရ ကျင်းပမည့် ၂၀၁၀ ရွေးကောက်ပွဲတွင် ပါဝင်ယှဉ်ပြိုင်ရေးနှင့် ပတ်သက်ပြီး ဖိအားများနှင့် ရင်ဆိုင်နေရသည်။

ယခင် ၁၉၉၀ ပြည့်နှစ်ရွေးကောက်ပွဲ ဥပဒေတွင် ပါတီ တခုသည် မဲဆန္ဒနယ်မြေ အနည်းဆုံး ၃ နေရာဝင်ရောက် ယှဉ်ပြိုင်ရမည်ဖြစ်ပြီး ၀င်ရောက်ယှဉ်ပြိုင်ခြင်းမပြုပါက ယင်းပါတီသည် အလိုအလျောက်ဖျက်သိမ်းပြီး ဖြစ်ကြောင်း ပြဌာန်းထားသည်။

“တကယ်လို့ ရွေးကောက်ပွဲ မဝင်ဘူး၊ မှတ်ပုံမတင်ဘူး ဆိုရင် NLD ဘာဆက်လုပ်မလဲ၊ ဒါဟာ NLD အတွက် စိန်ခေါ်မှုပဲ”ဟု NLD လွတ်မြောက်နယ်မြေ မှ တာဝန်ရှိသူ တဦးဖြစ်သည့် ဦးညိုအုန်းမြင့်က ပြောသည်။
NLD ပါတီသည် ၁၉၉၀ ပြည့် အထွေထွေ ရွေးကောက်ပွဲတွင် ၈၂ ရာခိုင်နှုန်း မဲအပြတ်အသတ်ဖြင့် အနိုင်ရရှိခဲ့ပြီး ရွေးချယ်ခံ လွှတ်တော် ကိုယ်စားလှယ် ၃၉၂ ဦး ထဲမှ အများအပြားကို စစ်အစိုးရက ဖိအားပေးနှုတ်ထွက်စေခဲ့ သည်။ လွှတ်တော် ကိုယ်စားလှယ်တချို့မှာ လွတ်မြောက်နယ်မြေသို့ ထွက်သွားခဲ့ကြသည်။

၁၉၉၇ ခုနှစ်က ယခုကဲ့သို့ NLD ပါတီ အထူးအစည်းအဝေး ခေါ်ယူ ကျင်းပခဲ့သည်။ ၁၉၉၈ ခုနှစ်တွင် အထူး အစည်း အဝေးကျင်းပရန်စီစဉ်ခဲ့သော်လည်း ရာနှင့် ချီသည့် NLD လွှတ်တော်ကိုယ်စားလှယ်များနှင့် ပါတီဝင်များ ကို စစ်အစိုးရက ဖမ်းဆီးထိန်းသိမ်းမှုများပြုလုပ်ခဲ့သည်။

Read More...

စစ်သားများကို ပြည်သုံးလုံး အစီအစဉ်ဖြင့် ပြောင်းရွှေ့မည်

မဇ္ဈိမသတင်းဌာန
အင်္ဂါနေ့၊ ဧပြီလ 28 2009 18:03 - မြန်မာစံတော်ချိန်


ချင်းမိုင် (မဇ္ဈိမ)။ ။ စစ်ဗိုလ် များပြားလွန်းနေသည့် မြန်မာ့ တပ်မတော်အတွင်း နေရာအပြောင်းအရွှေ့ ချောမွေ့စေရန် ပြည် ၃ လုံး အစီအစဉ်တခုကို စစ်အစိုးရက မကြာမီတွင် လုပ်ဆောင်လာမည်ဟု တပ်တွင်း သတင်းရပ်ကွက်များအရ သိရသည်။

အသက် ၃၆ နှစ်အထိ ဗိုလ်ကြီးအဆင့်သာ ရှိသေးသော အရာရှိငယ်များကို ပြည် ၃ လုံး အစီအစဉ်အရ ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးအသင်း၊ ပြည်စောင့်ရဲနှင့် ပြည်ထဲရေး ဝန်ကြီးဌာနအောက်သို့ လွှဲပို့မည် ဖြစ်သည်။

စစ်တပ်မှ ကြံ့ခိုင်ရေးသို့ ပြောင်းရွှေ့လာသူများ အနေဖြင့် မြို့နယ်အဆင့် အရာရှိရမည် ဖြစ်ပြီး ပြည်စောင့်ရဲဘက်သို့ ပြောင်းရွှေ့လာသူများကို ပါလီမန် အဆောက်အဦများ၊ အစိုးရ ရုံးများကဲ့သို့သော လုံခြုံရေးအတွက် ရဲအရာရှိများ ဖြစ်လာမည် ဖြစ်သည်။ ပြည်ထဲရေး ဝန်ကြီးဌာနအောက်တွင်တော့ ရဲဖွဲ့စည်းပုံအတိုင်း ကူးပြောင်းပေးမည် ဖြစ်သည်။

Read More...

Saturday, April 25, 2009

ပျောက်ဆုံးနေသော အန်အယ်ဒီ အဖွဲ့ဝင် ၃ ဦး အင်းစိန်ထောင်တွင် ရောက်ရှိ

ဖနိဒါ
စနေနေ့၊ ဧပြီလ 25 2009 17:25 - မြန်မာစံတော်ချိန်


ချင်းမိုင် (မဇ္ဈိမ)။ ။ ဖမ်းဆီးခံရပြီး တလကျော် ပျောက်ဆုံးနေသူ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်ဝင် ၄ ဦးမှ ၃ ဦးသည် ယခုလအတွင်း အင်းစိန်ထောင်တွင် ထိန်းသိမ်းခံထားရကြောင်း သိရသည်။

ပြီးခဲ့သည့်လအတွင်း အဖမ်းခံရသူ အန်အယ်ဒီ အဖွဲ့ဝင် ဦးစိန်လှိုင် (စမ်းချောင်း)၊ ဦးရွှေဂျိုး (လှိုင်)၊ မချို ခေါ် ဒေါ်မြင့်မြင့်စန်း (အလုံ) နှင့် ဦးကြည်လွင် (တောင်ဒဂုံ) တို့ကို မည်သည့်နေရာတွင် ထားရှိသည်ကို မသိရှိရဘဲ ပျောက်နေရာ ယခုလ ၂ဝ ရက်နေ့ကမှ အင်းစိန်ထောင် သီးသန့်ဆောင်သို့ ရောက်ခဲ့ကြောင်း ယမန်နေ့က ထောင်ဝင်စာ သွားတွေ့သူ နိုင်ငံရေးအကျဉ်းသား မိသားစုဝင်များက သိခဲ့ရခြင်း ဖြစ်သည်။

ဖမ်းဆီးခံရသူ ၄ ဦးထဲမှ ရန်ကုန်တိုင်း တောင်ဒဂုံမြို့နယ်မှ အန်အယ်ဒီ စည်းရုံးရေး အဖွဲ့ဝင်ဟောင်း ဦးကြည်လွင်မှာ ယခုလ ၈ ရက်နေ့က တောင်ငူစစ်ကြောရေးမှ ပြန်လွတ်ခဲ့သူ ဖြစ်သည်။

သူမှအပ ကျန် ၃ ယောက်ကို ယခု အင်းစိန်ထောင်တွင် ပြန်တွေ့ရခြင်းဖြစ်သည်။

“ုအင်းစိန်ထောင် သီးသန့်ဆောင်မှာ ရောက်နေတယ်လို့ ပြောတယ်။ ၄ ရက်ရှိသွားပြီခင်ဗျ။ တနင်္လာနေ့ (ဧပြီ ၂၀ ရက်နေ့) က ညဘက်ရွှေ့လာတယ်လို့ ပြောတယ်။ သူတို့ ၃ ယောက်လုံးပဲ။ ကျနော်တို့ အင်းစိန်ထောင်မှာ ကျန်တဲ့ နိုင်ငံရေး အကျဉ်းသား မိသားစုဝင်တွေကနေပြီးတော့ ထောင်ဝင်စာ သွားတွေ့ရင်း တွေ့ခဲ့တာ။ ဒီနေ့ပဲ သိရတာပါ” ဟု ရန်ကုန်ရှိ အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် အဖွဲ့ဝင်တဦးက ယမန်နေ့က မဇ္ဈိမကို ပြောသည်။

အန်အယ်ဒီ ဗဟို လူမှုအထောက်အကူပြု အဖွဲ့ဝင်ဖြစ်သည့် အလုံမြို့နယ်မှ မချို ခေါ် ဒေါ်မြင့်မြင့်စန်းအား ပြီးခဲ့သည့် မတ်လ ၁၃ ရက်နေ့တွင် အာဏာပိုင်များက အန်အယ်ဒီရုံးချုပ်မှအပြန် လမ်းတွင် ဖမ်းဆီးခဲ့သည်။

စမ်းချောင်းမြို့နယ် စည်းအဖွဲ့ဝင် ဦးစိန်လှိုင်နှင့် လှိုင်မြို့နယ်မှ ဦးရွှေဂျိုးတို့ကို မတ်လ ၆ ရက်နှင့် ၈ ရက်နေ့တို့တွင် နေအိမ်များမှာ ဖမ်းဆီးခဲ့သည်။

လာမည့် ဧပြီလ ၂၇ ရက်နေ့တွင် ဖမ်းဆီးခံရသည့် မိသားစုများနှင့် အန်အယ်ဒီ အဖွဲ့ဝင် တချို့က အင်းစိန်ထောင်သို့ သွားရောက်၍ စုံစမ်းမေးမြန်းရန် စီစဉ်နေသည်ဟု ပါတီအဖွဲ့ဝင်တဦးက ပြောသည်။

သူက “လောလောဆယ်တော့ သူတို့ အထဲမှာ ရောက်နေတယ်ဆိုတာ သိရပြီ။ ဒါပေမဲ့ သူတို့ကို ဘာကြောင့် ဖမ်းထားတယ်ဆိုတာ မသိသေးတော့ မိသားစုဝင်တွေနဲ့ အရင်တွေ့ပြီးမှ သိရမယ်” ဟု ပြောသည်။

သို့သော် ဦးစိန်လှိုင် အင်းစိန်ထောင်တွင် ရောက်ရှိနေကြောင်း သိရသော်လည်း အမဖြစ်သူ နှစ်ဦးမှာ နာမကျန်းဖြစ်နေပါသဖြင့် သွားရောက်တွေ့ဖြစ်မည် မဟုတ်ကြောင်း အမ ဒေါ်ခင်ဝင်းက ပြောသည်။

“အန်တီတို့ကတော့ ဘယ်မှာ ရှိတယ်ဆိုတာ အခုထိ မသိဘူး။ အင်းစိန်မှာ ရောက်နေတယ် ဆိုရင်လည်း အမ တယောက်က သူ ဖမ်းခံရတဲ့ နောက်နေ့မှာပဲ လေဖြတ်သွားတယ်။ လက်တဖက် ကပ်သွားတာ။ တပိုင်းသေ ဖြစ်သွားတယ်။ အန်တီလည်း နေမကောင်းဘူးလေ” ဟု ပြောသည်။

ဆက်လက်ပျောက်ဆုံးနေသူ အသက် ၅၃ နှစ်အရွယ် ဦးကြည်လွင်မှာမူ လေဖြတ်ထားသဖြင့် လွန်ခဲ့သည့် တနှစ်ခွဲခန့်ကတည်းက မြို့နယ်စည်း အဖွဲ့ဝင်အဖြစ်မှ နုတ်ထွက်ထားသူ ဖြစ်သော်လည်း ရဲ သတင်းအထူးတပ်ဖွဲ့ (SB)၊ ရပ်ကွက်ကောင်စီဝင်များနှင့် စွမ်းအားရှင် စုစုပေါင်း ဦးရေ ၃ဝ ခန့်က မေးမြန်းရန်ဟုဆိုကာ နေအိမ်မှ ပြီးခဲ့သည့် မတ်လအတွင်းက ဖမ်းဆီးခေါ်ဆောင်ခြင်း ခံခဲ့ရသည်။

Read More...

ပက်ချင်မပြည့်တဲ့ လမ်း

သစ်ကောင်းအိမ်(မိုးမခ)

ဧပြီ ၂၅၊ ၂၀၀၉

အတောင်ပံတွေက

ပျံသန်းခြင်းမှာ အကျဉ်းကျနေတယ်။

ကောင်းကင်က

မိုးကုတ်စက်ဝိုင်းထဲမှာ အကျဉ်းကျနေတယ်။

မီးရထားဘီးတွေက

သံလမ်းတွင်းမှာ အကျဉ်းကျနေတယ်။

မလှဲဘူး

လွှင့်တုန်းပါပဲ …

အလံလည်း အသံတွေဝင်လို့

စွဲစွဲမြဲမြဲ ၊ ချစ်စိတ်မပြယ်။

ကျောင်းပြေးခဲ့တယ်

အိမ်ပြေးခဲ့တယ်

မိန်းမတယောက်ရင်ခွင်က ပြေးခဲ့တယ်

ခုလည်း … တိုင်းပြည်က ပြေးပြန်တယ်။

အ၀င်ဆိုးလိုက်တာ …

အ၀င်ဆိုးလိုက်တာ …

အ၀င်ဆိုးလိုက်တာ … ။

ငရဲမှာ ပြဒါး ဖမ်းကြ

ငရဲမှာ အပ်ပျောက် ရှာကြ။

တမွန်းတည့် မကတဲ့ ခေတ်

တရားသဖြင့်

ပန်းတို့ပွင့်ရန် …

အို- အသင် ဒေ၀ဒတ်

သံသရာ အဆက်ဆက်

ခြစ်ရာများ

ချစ်ခဲ့တယ်။ ။

(၂၀၀၆)

Read More...

Friday, April 24, 2009

ဒေါ်အောင်ဆန်းစုကြည်၏ နေအိမ်အကျယ်ချုပ်အမှု ဗိုလ်ချုပ်မှူးကြီးထံလျာထား

မင်းနိုင်သူ /၂၄ ဧပြီ ၂၀၀၉
ခေတ်ပြိုင်
ဒေါ်အောင်ဆန်းစုကြည်၏ နေအိမ်အကျယ်ချုပ်အမှု အယူခံကြားနာပေးရန် ၀န်ကြီးချုပ်ထံ ထပ်မံ မေတ္တာရပ်ခံ ခဲ့သော်လည်း အကြောင်းပြန်ကြားခြင်း မရှိသည့်အတွက် နအဖအကြီးအကဲ ဗိုလ်ချုပ်မှူးကြီးသန်းရွှေထံ တိုက်ရိုက်တင်ပြသွားရန် စဉ်းစားထားကြောင်း ရှေ့နေကြီး ဦးကြည်ဝင်းက ပြောသည်။

“အခု ဒေါ်အောင်ဆန်းစုကြည်ကို နေအိမ်အကျယ်ချုပ် ချထားတဲ့ နိုင်ငံတော်အား နှောင့်ယှက်ဖျက်ဆီးသောသူများ ဘေးအန္တရာယ်မှ ကာကွယ်စောင့်ရှောက်သည့် ဥပဒေ ပုဒ်မ (၁၉) အရကိုက အရေးယူခံရသောသူသည် အရေးယူခံ ထားရသော ကာလအတွင်း အယူခံပိုင်ခွင့်ရှိတယ်ဆိုပြီး ပိုင်ခွင့်တရပ်အနေနဲ့ကို ပေးထားတာဗျ။ ဒါကိုအစိုးရအဖွဲ့က မကိုင်သေးဘူးဆိုတာ ချိုးဖောက်ရာရောက်မှာလေ။ ဒါကြောင့် ဗိုလ်ချုပ်မှူးကြီးဆီကို ကျနော်တို့ဆက်တင်ပြမယ်လို့ စဉ်းစားထားတယ်” ဟု ၎င်းက ပြောသည်။

“ကျနော်တို့ကတော့ ဥပဒေစိုးမိုးရေးအတွက် အထောက်အကူပေးတဲ့သဘောအနေနဲ့ တင်ပြသင့်တာကို တင်ပြမယ်။ ကျနော်တို့ကို ဒေါ်အောင်ဆန်းစုကြည်က ရှေ့နေကိုယ်စားလှယ်ပါဝါ ပေးအပ်ထားတော့ ကျနော်တို့ တာဝန်ကျေ အောင်လုပ်မယ်။ ရေဆုံးရေဖျားလိုက်မယ်” ဟု ရှေ့နေကြီးဦးကြည်ဝင်းက ရှင်းလင်းပြောဆိုသည်။

အဆိုပါတင်ပြမှုအတွက် ရှေ့နေကြီး ဦးကြည်ဝင်းနှင့် တွဲဖက် ရှေ့နေဦးလှမျိုးမြင့်တို့ ဆွေးနွေးမှုများပြုပြီး လကုန်ပိုင်းတွင် တင်ပြသွားနိုင်မည်ဖြစ်ကြောင်း သိရသည်။

တည်ဆဲဥပဒေတရပ်ဖြစ်သည့် နိုင်ငံသားများအခွင့်အရေး ကာကွယ်စောင့်ရှောက်သည့်ဥပဒေ (ဥပဒေအမှတ်-၂/၇၅)၊ ပုဒ်မ (၁၃) တွင် ဗဟိုအာဏာပိုင်မပါသော အဖွဲ့အစည်းတရပ်ရပ်က လုပ်သင့်လုပ်ထိုက်သည့် အလုပ် မလုပ်ဘဲ နိုင်ငံသားတယောက်၏ အခွင့်အရေးကို ကာကွယ်မပေးပါက နိုင်ငံတော်ကောင်စီကို တင်ပြ၊ တိုင်ကြားနိုင် ကြောင်း ဖွင့်ဆိုထားသည်ဟု ဦးကြည်ဝင်းက ရှင်းပြသည်။

“ဆိုတော့ကာ ကျနော်တို့ဆီမှာ ၀န်ကြီးချုပ်ရုံးပါဝင်တဲ့ အစိုးရအဖွဲ့အထက်မှာ နအဖဆိုတာ ရှိသေးတယ်။ ဒီတော့ ကျနော်တို့ နအဖအကြီးအကဲဖြစ်တဲ့ တပ်ချုပ်ကြီးဖြစ်တဲ့ ဗိုလ်ချုပ်မှူးကြီးသန်းရွှေပေါ့ဗျာ။ သူ့ဆီကို ဥပဒေကြောင်း အရ ဆက်တင်မယ်။ တင်လိုက်ရင် ဗိုလ်ချုပ်မှူးကြီးလည်း ဒါကို နားလည်မယ်ထင်ပါတယ်။ တင်ပြဖို့တာဝန်ကတော့ ကျနော်တို့တာဝန်ပဲလေ” ဟု ၎င်းက ဆက်လက်ပြောသည်။

ဒေါ်အောင်ဆန်းစုကြည်အား ၂၀၀၃ ခု ဒီပဲယင်းအရေးအခင်း ဖြစ်ပွားပြီးနောက် နိုင်ငံတော်အား နှောင့်ယှက် ဖျက်ဆီးသောသူများ ဘေးအန္တရာယ်မှ ကာကွယ်စောင့်ရှောက်သည့် ဥပဒေအရဆိုကာ နအဖစစ်အစိုးရက နေအိမ်အကျယ်ချုပ် ချထားခဲ့သည်။

ယင်းဥပဒေအရ နေအိမ်အကျယ်ချုပ်ချထားမှုကို အစိုးရအဖွဲ့က (၅) နှစ်ထက်ကျော်လွန်၍ (၁) နှစ်ထပ်တိုးခွင့် ရှိသည်ဆိုကာ တနှစ်ထပ်တိုးလိုက်ပြီးနောက် ဥပဒေကြောင်းအရ ညီညွတ်မှုမရှိသဖြင့် ရှေ့နေကြီး ဦးကြည်ဝင်းက ၂၀၀၈ ခု အောက်တိုဘာ (၉) ရက်တွင် အယူခံလွှာတင်သွင်းခဲ့သည်။

သို့ရာတွင် နအဖစစ်အစိုးရအဖွဲ့က အယူခံကို ကိုင်တွယ်ကြားနာခြင်းမရှိသဖြင့် ဒေါ်အောင်ဆန်းစုကြည်၏ ရှေ့နေကြီး ဦးကြည်ဝင်းက အစိုးရအဖွဲ့ အကြီးအကဲ ၀န်ကြီးချုပ်ထံ အမှုကိုင်တွယ်ကြားနာပေးရန် မေတ္တာရပ်ခံစာ များ လေးကြိမ်ထက်မနည်း ပေးပို့ခဲ့သော်လည်း တစုံတရာအကြောင်း ပြန်ကြားခဲ့ခြင်း မရှိပေ။

“ဒီလ (၁၀) ရက်နေ့က အယူခံအမှုအတွက် ၀န်ကြီးချုပ်ဆီကို မေတ္တာရပ်ခံစာပေါ့ဗျာ။ အဲလိုပဲသုံးရမှာပေါ့ဗျာ။ တိုက်တွန်းတယ်လို့တော့ မသုံးတော့ပါဘူး။ အဲဒီစာတင်ပြီးနောက် ၀န်ကြီးချုပ်ဘက်က ဘာမှအကြောင်း မပြန်သေးဘူးဗျ။ သို့သော် ကျနော်တို့က ရှေ့နေတွေဖြစ်လေတော့ ကိုယ့်အမှုသည်အတွက် ကိုယ်ဉာဏ်မီ သလောက်၊ ကိုယ်တတ်စွမ်းနိုင်သလောက် စောစောကပြောသလို လုပ်စရာရှိတာတွေ ဆက်သွားမှာပေါ့ဗျာ။ ကြိုးစားမှာပေါ့” ဟု ရှေ့နေကြီး ဦးကြည်ဝင်းက ပြောသည်။

နအဖဘက်က နေအိမ်အကျယ်ချုပ်အယူခံအမှုကို ယခုအချိန်ထိ ကိုင်တွယ်ကြားနာမှုမပြုသော်လည်း အကျယ်ချုပ် အချခံထားရသည့် ဒေါ်အောင်ဆန်းစုကြည်မှာ လာမည့် မေ (၂၇) တွင် နေအိမ်အကျယ်ချုပ်သက်တမ်း (၆) နှစ် ပြည့်တော့မည် ဖြစ်သည်။

ပြီးခဲ့သည့်လအတွင်းကလည်း ကုလသမဂ္ဂက နအဖစစ်အစိုးရသည် ဒေါ်အောင်ဆန်းစုကြည်ကို ဖမ်းဆီးထိန်းသိမ်း ထားခြင်းသည် ကိုယ့်ဥပဒေကိုယ် ချိုးဖောက်ရာရောက်သည်ဟု ပြောဆိုခဲ့သည်။

Read More...

ဝိညဉ်၏ ယုံကြည်မှု

24.4.09ှု(ဆံရှည် အီးမေဂျာ ဒုတိယနှစ် အဝေးသင်)
သူက သူပါဘဲ . . . . .
အသက်ကိုစွန့် ဘ၀ကိုရင်း . .
ဖိနှိပ်မှု အောက်က တွန်းထွက် . . . . . .
လူမဆန်တဲ့ စစ်အုပ်ချုပ်မှု
ကတ္တရာပေါ် သွေးစွန်း သည်အထိ
တိုက်ပွဲဝင်ခဲ့
အာဂ ယောင်္ကျား သတ္တိတစ်မျှ
ယုံကြည်ချက်က
ဝိညဉ်အဖြစ်နဲ့တောင်
ပျောက်မသွားဘူး . . . . . .

Read More...

တပ်လှန့်သံ

24.4.08(မင်းထက်ဘုန်းမြတ်)
ကျုပ်တို့ရဲ့ ကျောင်းအလံတိုင်မှာ
ဒေါင်းအလံစိုက်မယ်နေ့ကျရင်
မျှော်လင့်ချက် တက်တူးတွေနဲ့
ခင်ဗျားတို့မျက်နှာကို
မျိုးဆက်သစ်တွေက
ရင်ဘတ်မှာ တံဆိပ်ရိုက်ပြီး ၀တ်ကြလိမ့်မယ်…

ကျုပ်တို့ရဲ့တော်လှန်ရေးမှာ
သမိုင်းကမွေးဖွားသန့်စင်ခဲ့ပြီး
စတေးခံခဲ့ကြတဲ့ ခင်ဗျားတို့အကြောင်းကို…
ခင်ဗျားတို့လို သူရဲကောင်းတွေခေတ်မှာ
အတူတူမွေးဖွား ကြီးပြင်းလာခဲ့ရပါတယ်ဆိုတဲ့အကြောင်း
ကျုပ်တို့အပါအ၀င်
ကျုပ်တို့သား….
ကျုပ်တို့မြေး….
ကျုပ်တို့မြစ်တွေအထိ
ဂုဏ်ပြု ပြောဆိုနေကြလိမ့်မယ်…..

ညအမှောင်ထဲမှာ ခင်ဗျားတို့
ခဏလောက်လေးပဲ တိတ်ဆိတ်ငြိမ်သက်စွာနဲ့
စောင့်နေလိုက်ကြပါ….

ကျုပ်တို့ … ခင်ဗျားတို့အတွက်
မိုးသောက်ယံကို ဆောင်ကျဉ်းခဲ့ပါ့မယ်….

ကျုပ်သိသလောက်ကတော့
တော်လှန်ရေးဆိုတာ
ကျောင်းစည်းဝိုင်းထဲက စတင်တာ…

ညီနောင်တို့… ကျုပ်တို့အတွက်
ကျောင်းတံစက်မြိတ်ကနေ
တော်လှန်ရေး စစ်တလင်းကိုပဲ
ဦးတည်ကြရတော့မယ်

ဒါဟာ ရွေးရွယ်ချယ်ရန်မလိုတဲ့
တစ်လမ်းတည်းသော
အမှန်တရားလမ်းပဲ…..

ဒီအချိန်မှာ ကျုပ်တို့အတွက်
ငြိမ်းချမ်းရေးနဲ့ ဇိမ်ခံရေးတွေမလိုဘူး….

ကိုယ်ထမင်းကိုယ်စား
ကိုယ့်လှေကိုယ်ထိုးပြီ…

ကိုယ့်လွတ်လပ်ရေးအတွက်
ကိုယ်တိုင် တိုက်ပွဲဝင်ကြရတော့မယ်….

မင်းထက်ဘုန်းမြတ်
(11-11-2008)

(ယနေ့အမိန့်ချခံလိုက်ရသည့် ၈၈ မျိုးဆက်နောင်တော် အမတော်များ၊
ဘလော့ခ်ဂါ နေဘုန်းလတ်အပါအ၀င် မတရား အဖမ်းအဆီးခံ ရောင်းရင်းများအတွက်နှင့်
အဖိအနှိပ်ခံ မျိုးဆက်သစ်လူငယ်များသို့ ရည်ရွယ်ရေးသားသည်။)

Read More...

အကယ်၍

24.4.09(ဒေါ်အောင်ဆန်းစုကြည်မှ NLD လူငယ်များအား ၁၉၈၉ ခုနှစ်တွင်
အမှာစကားပြောကြားရင်း ဒီ IF ကဗျာကို ပြန်ဆိုပြခဲ့ခြင်း ဖြစ်ပါသည်။)
အကယ်၍

မင်းအသိုင်းအ၀ိုင်း တုန်လှုပ်ခြောက်ခြားပြီး

ဒါတွေဟာ မင်းကြောင့်လို့ ၀ိုင်းဝန်းအပြစ်တင်ကြတဲ့အခါ

မင်းဟာ တည်ငြိမ်စွာနဲ့ ရင်ဆိုင်နိုင်မယ်ဆိုရင် . . .


အကယ်၍

အားလုံးက မင်းကို မယုံသင်္ကာဖြစ်လာတဲ့အခါ

သူတို့ကို နားလည်စွာ ခွင့်လွှတ်ရင်းနဲ့

မင်းကိုယ်မင်း ယုံကြည်မှု အပြည့်ရှိမယ်ဆိုရင် . . .

အကယ်၍

စောင့်သင့်တဲ့အချိန်ကို စောင့်နိုင်ပြီး

အဲဒီအတွက်လည်း မမောမပန်း နေနိုင်မယ်ဆိုရင် . . .


ဒါမှမဟုတ်

မင်းရဲ့အကြောင်း မဟုတ်မတရား မုသားစကားကြားရတဲ့အခါ

မင်းကလည်း အလိမ်အညာတွေနဲ့ မတုန့်ပြန်ဘူးဆိုရင် . . .


ဒါမှမဟုတ်

မင်းကို လူတကာက ၀ိုင်းဝန်းမုန်းတီးတဲ့အခါ

မင်းကလည်း အမုန်းတွေ ပြန်မပွားဘူးဆိုရင် . . .


အကယ်၍

စိတ်ကူးယဉ်အိပ်မက်တွေဟာ

မင်းအပေါ် မလွှမ်းမိုးစေဘဲ

စိတ်ကူးနိုင်မယ်ဆိုရင် . . .


ပြီးတော့

အတွေးအခေါ် စိတ်ကူးတွေဟာ

မျှော်မှန်းချက်သက်သက်သာ မဖြစ်စေဘဲ

တွေးခေါ်နိုင်မယ်ဆိုရင် . . .


အကယ်၍

အောင်မြင်မှုသုခနဲ့ ဆုံးရှုံးမှုဒုက္ခတွေကို ကြုံတွေ့ရတဲ့အခါ

တူညီသော လောကဓံတရားတွေပါလားရယ်လို့

ခံယူထားနိုင်မယ်ဆိုရင် . . .


အကယ်၍

မင်းရဲ့ အမှန်စကားတွေကို

လူလိမ်လူညာတွေက လှည့်စားပြောင်းလဲပြီး

မုသားအဖြစ် ထောင်ချောက်ဆင် ညစ်တဲ့အခါ

မင်းဟာ တည်ငြိမ်စွာနဲ့ နာကြားနိုင်မယ်ဆိုရင် . . .


အကယ်၍

မင်းဘ၀တစ်ခုလုံးပေးပြီး

အရိပ်တကြည့်ကြည့်နဲ့ ဖြည့်ဆည်းခဲ့ရတဲ့ အရာရာကို

ဖျက်ဆီးခံလိုက်ရပြီးတဲ့နောက်

အင်မတန်မှသေးငယ်တဲ့ တန်ဆာပလာ အရာရာနဲ့

ပြန်လည်တည်ဆောက်နိုင်မယ်ဆိုရင် . . .


အကယ်၍

မင်းနိုင်ခဲ့သမျှတွေအားလုံး

ကြွေတလှည့်ကြက်တခုန်ပမာ

တလှည့်တခါတည်းနဲ့ ဆုံးရှုံးသွားခဲ့ရင် . . .



ပြီးတော့

အစကနေ ပြန်စနိုင်မယ်ဆိုရင် . . .


ပြီးတော့တခါ

ဆိုးလှတဲ့ကံကြမ္မာရယ်လို့

ဘယ်သောအခါမှ ညည်းညူမနေဘူးဆိုရင် . . .


အကယ်၍

သူများတကာတွေ လုပ်ပြီးသွားကြလို့

အချိန်အတော်ကြာမှ မင်းအလှည့်ရောက်လာတဲ့အခါ

မင်းတယောက်တည်းနဲ့ပဲ

အားနဲ့မာန်နဲ့ ဇွဲသတ္တိရှိရှိ ဆက်ကြိုးစားနိုင်မယ်ဆိုရင် . . .


အဲဒီလိုပဲ

မင်းမှာ စိတ်အင်အားကလွဲလို့ ဘာဆိုဘာမှ မရှိတော့တဲ့အခါ

အဲဒီစိတ်အင်အားကို ခိုင်မာစွာနဲ့ပဲ

လက်ဆုပ်လက်ကိုင် ထားနိုင်မယ်ဆိုရင် . . .


အကယ်၍

လူတွေနဲ့ ထိတွေ့ဆက်ဆံ ပြောဆိုတဲ့အခါ

ကိုယ်ကျင့်သိက္ခာကို စောင့်ထိန်းနိုင်မယ်ဆိုရင် . . .


ဒါမှမဟုတ်

မင်းဧကရာဇ်တွေနဲ့အတူ လမ်းလျှောက်နေရပေမယ့်

မာန်၊ မာန သွေး မကြွဘူးဆိုရင် . . .



အကယ်၍

ရန်သူကဖြစ်စေ၊ မိတ်ဆွေကဖြစ်စေ

မင်းကို နာကျည်းအောင် မလုပ်နိုင်စေရင် . . .


အကယ်၍

လူတိုင်းကို တန်ဖိုးထားလေးစားပေမယ့်

စွဲလမ်းမှု သံယောဇဉ်တွေ ထားမနေဘူးဆိုရင် . . .


အကယ်၍

တိုတောင်းလှတဲ့ မပစ်ပယ်နိုင်တဲ့ တမိနစ်အတွင်းမှာ

အဓိပ္ပာယ်ရှိတဲ့ စက္ကန့်ခြောက်ဆယ်အဖြစ်

အသုံးချနိုင်မယ်ဆိုရင် . . .


ငါ့သားရေ

မင်းဟာ အရာရာရှိတဲ့ အရာရာဖြစ်တဲ့ ကမ္ဘာကြီးကို

ဆုပ်ကိုင်လို့

အရာရာ ဘာမဆို မင်းစွမ်းနိုင်ပြီပေါ့

အဲဒီတော့ မင်းဟာလည်း ယောက်ျားကောင်းတယောက်ပဲပေါ့။ ။



ဒေါ်အောင်ဆန်းစုကြည်မှ NLD လူငယ်များအား ၁၉၈၉ ခုနှစ်တွင်
အမှာစကားပြောကြားရင်း ဒီ IF ကဗျာကို ပြန်ဆိုပြခဲ့ခြင်း ဖြစ်ပါသည်။

Read More...

လွမ်းသူ့  ဖုန်းမော်

24.4.09(စစ်ငြိမ်းစေ)

နွေဦး အစ

သဘာဝ အလှ တရားတွေ ကြား

မလှ မပ နဲ့ 

သူ

ကြွေကျ





မခံချင် ခြင်း၏

လှုံ့ ဆော်မှု့ မှ

သည်

တော်လှန်မှု့ ဆီသို့ 



တရားမဲ့ ခြင်း နှင့် အတူ

သတိမရှိ သူတွေ လက်ထဲ

ရိုးစင်းစွာ

အခမ်းနား ဆုံး

မြေခ ခဲ့ သူ



ဒီနေ့ 

မခြောက်သေး တဲ့

သူ့ ရဲ့

သွေးစက်တွေက သမိုင်း

အဖြစ် ရိုင်းသည်

နာကျင်ရပြီ သူငယ်ချင်း



မတ်လ ရဲ့

စာမျက်နှာ ထဲ

ကဗျည်း တင် ကျန်ခဲ့ လို

တော်လှန်ခြေသံ တလှမ်းခြင်း တက်ရင်း

ခေတ်သစ်တည်ဆောက် ဖို့ 

ပေးဆပ် သူပါ လေ…..


ကိုဖုန်းမော်အောက်မေ့ဖွယ် မတ်လ(၁၃)အမှတ်တရ
၁၂၊၃၊၀၉
စစ်ငြိမ်းစေ

Read More...

Tuesday, April 21, 2009

နှုက်ဆက်ခဲ့ ခြင်း - ၂

အောင်ဒင်

ဧပြီ ၂၀၊ ၂၀၀၉(မိုးမခ)

မိတ်ဆွေ တို့ရေ

သစ်ရွက်၊ မြေ ကြီး၊ ပန်းပွင့်

လူးလွင့်နေတဲ့ တိမ်၊ ငြိမ်သက် တိတ်ဆိတ် အိပ်မက်

အေးစက်စက် အသက် ရှူသံ တွေနဲ့
ကျနော်ရှိခဲ့တယ် ၊၊



လမ်းတွေပေါ်မှာ

လူတွေနဲ့ အတူ စီးမျောဖူး ခဲ့

မောပန်းကြေမွ ညတွေ

ရီဝေယစ်မူး၊ ကုန်လွန်ဖူးခဲ့

နွေဦးကိုကြိုဖို့ အမြဲသတိရပြီး

နွေဦး နဲ့ အမြဲတမ်းလွဲခဲ့သူပါ။



စက္ကူတွေ ဆုက်ဖြဲ

သစ်ပင်တွေ တပင်ပြီး တပင် လှဲခဲ့

မီးခိုးတွေ တသွင်သွင် မှုတ်ထုက်

ကောင်းကင်ကို အရုပ်ဆိုးစေခဲ့

ကမ္ဘာကြီး ပူနွေးလာမှု မှာ

ကျနော့အပြစ်တွေလဲ ပါခဲ့တာပေါ့။

နိုင်ငံရေးနဲ့ အနုပညာ

စုဝေးလှုပ်ရှားခြင်းနဲ့ အထီးကျန်နေလိုစိတ်

ချစ်ရခြင်း နဲ့ အငြင်းပယ်ခံရခြင်း

မျဉ်းပြိုင်တွေ ဘယ်တော့မှမဆုံကြ

ကျနော် ကောင်းကောင်းသိခဲ့ရ။

အမှန်တရား ဆိုတာ

ဟိုး … ဝေးဝေးက၊ မှုန်ပျပျ ကမ်းခြေ

ဘဝ ဆို တာ …

တချို့အတွက်တော့ လှော်ရင်း နစ်တဲ့လှေ

ဒီလှေ ဒီရေတွေထဲ၊ ကြေကွဲပြိုကျ

အကြီးမားဆုံးနောင်တတွေနဲ့

ကျနော် ရှိခဲ့တယ်။

အလွမ်းတွေ …

ဒီမြေကို လွှမ်းခြုံရစ်ပတ်

အုတ်တံတိုင်း အထပ်ထပ်နောက်က

မြင့်မြတ်စင်ကြယ်တဲ့ သူငယ်ချင်းများ

တာဝန်မကျေခဲ့သူ တယောက်ကို

ခွင့်လွှတ်နိုင်ကြပါစေသား ။ ။



(၂၀၀၉ ဧပြီ ၁၉)

Read More...

Monday, April 20, 2009

နေပြည်တော် ကြပ်ပြေးကြက်ခြင်းထဲက ကြက်ဘယ်အတက်နဲ့ ခွပ်ပြီး ဘယ်ရက်မှတွန်ကြမှာလဲ

(နေပြည်တော်ဆောင်ပါး)
ဧပြီလ(၂၀) ရက်၊ ၂၀၀၉
လွန်ခဲ့တဲ့ (၇) နှစ်လောက်က ကြပ်ပြေးဒေသက ကြံစိုက်ပျိုးခဲ့တဲ့ ဧက (၁) ထောင်ဆိုတဲ့ နေရာဒေသရဲ့ ပတ်ပတ်လည်မှာ ၀န်ထမ်းအဆောင်တွေ စဆောက်လုပ်ခဲ့တာကို ထိုစဉ်က အများပြည်သူတွေ သိပ်မသိခဲ့ကြသလို အောက်ခြေက ထားရာနေစေရာသွားရတဲ့ ကျန်ဝန်ထမ်းတွေကလည်း ဂဃနဏ မသိခဲ့ကြ။

ဒီနေရာတွေကို ကျုပ်တို့ သွားရတော့မယ်ဆိုတဲ့ သတင်းသဲ့သဲ့ လေးကြားခဲ့ပြီး ပိာုပြော ဒီပြောနဲ့ ကြားခဲ့ရတဲ့ ကောလာပာလတွေ နဲ့ပဲ အချိန်ကုန်ရင်း ၂၀၀၅ ခုနှစ်အတွင်း ချဉ်းနင်းဝင် ရောက်လာ တော့ ကျုပ်တို့ ၀န်ထမ်းတွေအားလုံး တယောက်မကျန် စစ်ထောက်ချုပ်ရုံးက မော်တော်ယာဉ်တန်းနဲ့ အကြောင်းမရှာဘဲ နောက်ဆုံးပြောင်းလာခဲ့ကြရတာ၂၀၀၇ ခုနှစ်လယ်အထိပဲ။ မူလလစာ သုံးလေးထောင်ကနေ သုံးလေးသောင်းကျော် တိုးထားတာကလည်း မကြာသေးတော့ ဒင်းတို့ရဲ့ အဓမ္မအကြံနောက် ကောက်ကောက်ပါအောင် လိုက်ခဲ့ကြရတယ်။

အဲဒီနောက်မှာတော့ ကျုပ်တို့ဝန်ထမ်းတွေ အများစုရဲ့ဘ၀က သူတို့လက်ခုပ်ထဲက ရေလိုဖြစ်အောင် ဌာနတွေအလိုက် ၀န်မင်းကြီးအမျိုးစုံစုံက နည်းလမ်းအဖုံဖုံသုံးပြီး ခြိမ်းခြောက်အုပ်ချုပ်နည်းတသွယ်၊ အလုပ်မပာုတ်တဲ့ အလုပ်တွေ နေ့မီးညမီး ထိန်ထိန်ညီးနဲ့ ဒင်းတို့ နားလည်အောင်ရှင်းပြဖို့ လုပ်ရတဲ့ အလုပ်တွေနဲ့ ရှုပ်အောင်လုပ်ထားတာကတမျိုး၊ ၀န်ပိပြီးအနားမရအောင် တမင်ဖန်တီးခိုင်းထားတဲ့ အလုပ်တွေနဲ့ မအိပ်ရ၊ မနားရ၊ မအားရအောင် ခိုင်းထားတဲ့နည်းနဲ့တဖုံ၊ စတဲ့ညစ်နည်းမျိုးစုံသုံးထားလို့ ဒီကြပ်ပြေးအကျဉ်းထောင်လို အထားခံရတဲ့ ရုံးဝန်ထမ်းတွေရဲ့ဘ၀။

အတိတ်က ဇာတ်လမ်းကို ပြန်ပြောင်းပြီး မှန်ပြောင်းထိုးကြည့်ရင် မြင်ရမှာက ၁၉၇၄ အလုပ်သမား အရေးအခင်း ကာလ၊ ဒီအရေးအခင်း ဘာကြောင့် ဖြစ်ခဲ့ရသလဲဆိုတဲ့အမေးကို အဖြေရှာတဲ့အခါ ထိုစဉ်က စုံစမ်းစစ်ဆေးရေး ကော်မရှင်ရဲ့ အစီရင်ခံစာအရ၊ အရပ်ဘက်မှာ အုပ်ချုပ်ရေးအားနည်းညံ့ဖျင်းလို့ အရေးအခင်း ဒီလိုဖြစ်ရတာဆိုတဲ့ အချက်နဲ့ မင်းတို့ကို စိတ်မချတော့ဘူး။ ငါတို့ကို ဇောက်ထိုးမိုးမျှော်ဖြစ်အောင် လုပ်နိုင်တဲ့ မြှောက်ထိုးပင့်ကော်တွေ လို့ စွပ်စွဲရှာဖွေဖော်ထုတ် အလုပ်တွေဖြုတ်ခဲ့၊ ထောင်ချခဲ့။ အာဏာစက်ပြင်းပြင်း ချက်ချင်းသက်ရောက်အောင် အစီအမံတွေနဲ့ ဒလစပ်ချမှတ်ခဲ့တာ။

ဤအကြောင်းအချက်များကြောင့်၊ နယ်ဘက်ရုံးဌာနတွေ၊ စက်ရုံအလုပ်ရုံတွေရဲ့ အုပ်ချုပ်ရေးဘက်တွေကို ဒင်းတို့ လက်နက်ကိုင်အဖွဲ့အစည်းကနေ ဘာညာမဆိုင် ကင်ပေတိုင်လို အုပ်ချုပ်ဖို့ တပ်ထဲမှာ အနေကြာလို့ မေဂျာဆိုတဲ့သူ (၄၀) ကျော်ကို အရပ်ဘက်ပြောင်း၊ လက်ခမောင်း စခတ်ပြီး အုပ်ချုပ်ခဲ့ပေမယ့် (၈၈) မှာ ကျုပ်တို့က လက်မခံတော့ ဘူးဆိုတာ ကမ္ဘာမှာသက်သေထူပြခဲ့ပြီးပြီ။ (၈၈) မှာလို ၀န်ထမ်းတွေပါတဲ့ ဇာတ်လမ်း၊ နောက်ထပ်တစခန်း မထစေရဘူးလို့ သွားလေသူ ပထမဆုံး အက်စ်ဝမ်းဆိုတဲ့လူက ကျုပ်တို့ကို အတိအလင်းကြေညာသွားတာ ခံရဖူးတယ်။

(၈၈) မှာ ၀န်ထမ်းတွေက စက်ရုံတွေ၊ ရုံးဌာနတွေ၊ လမ်းတွေပိတ်၊ ရပ်ဆိုင်းသွားစေခဲ့ပေမယ့် ရုံးပြန်မတက်ရင် အလုပ်ဖြုတ်မယ်ဆိုတဲ့ ရာဇသံကြောင့် ၀န်ထမ်းတွေ အလုပ်ပြန်ဆင်းခဲ့လို့ ဒင်းတို့ရဲ့ အုပ်ချုပ်ရေး ယန္တရား ပြန်လည်ပတ်ခဲ့တယ်ဆိုတာ ဒင်းတို့ ကောင်းကောင်းမှတ်ယူခဲ့တာ အခုထိပါပဲ။

ဒီလိုမှတ်ယူခဲ့တာမို့ လှိုဏ်ခေါင်းတွေထဲက တာလီဘန်တွေ ပြေးစရာမြေမရှိတော့တဲ့ ဇာတ်လမ်း၊ ကမ္ဘာဇာတ်ခုံပေါ် မှာ မြင်တွေ့လာရတော့ ဒင်းတို့ ကြပ်ပြေးကိုကြိုပြေးခဲ့ပြီ။ သည့်နောက်မှာ ဒင်းတို့ရဲ့ အုပ်ချုပ်ရေး ယန္တရားလည်ပတ် ဖို့နဲ့ ရန်ကုန်ကလူထုနဲ့ ခွဲအုပ်ချုပ်ဖို့ ကျုပ်တို့ကို ရန်ကုန်ကနေ ကြပ်ပြေးကို အပါခေါ်ခဲ့တာမှန်း ကျုပ်တို့အားလုံး သိခဲ့ကြပေမယ့် အခုအခါမှာတော့ ကျုပ်တို့ဘ၀ ကြပ်ပြေးကြက်ခြင်းထဲက ကြက်တွေလိုဖြစ်နေပြီလို့ ပြောရင် ကျုပ်တို့က လက်ခံရမှာပါ။

ကြည့်ပါလား၊ ဒီကားကိုပဲစီး၊ ဒီလမ်းအတိုင်းသွား၊ ဒီရုံးကိုတက်၊ ဒီအချိန်မှ ရုံးဆင်း၊ ဒီအဆောင်ကိုပြန်၊ ဒီနေ့မှာ ချီတက်ရမယ်။ ပိာုနေ့မှာထောက်ခံပွဲလာကြ၊ ဒီနေ့ကျ အလေးလာပြုနဲ့ ပြုသမျှနုနေခဲ့ကြရတာ။ ဒါတင်မက ဒီကာလမှာ စောစောထလမ်းလျှောက်ကြ၊ လက်မြှောက်ကြ၊ ထိုင်ကြထကြရ။ ဒီရက်တွေမှာတော့ ပိာုဘုရားပွဲကြီးကို မလာမနေရ၊ ဒီရက်ကျတော့ ဆန္ဒမဲတွေ ကြိုပေးလေကွာ၊ မပေးတဲ့သူစာရင်း ၀န်မင်းကြီးဆီတင်လိုက်မယ်။ မနားတမ်း၊ အားစမ်းခံခဲ့ရတဲ့ ကျုပ်တို့ရဲ့ကျွန်ဘ၀တွေ ကုန်လွန်ခဲ့တာ (၃) နှစ်ကာလထဲပဲ ရောက်ခဲ့ပြီ။
ရန်ကုန်ကနေ အပါခေါ်လာခဲ့တဲ့ ၀န်ထမ်းများ၊ အခုကြပ်ပြေးမှာ၊ ငါတို့ ခိုင်းတာလုပ်ကြစမ်း၊ ငါတို့ရဲ့အစီအမံက ဒီလို မင်းတို့သိအောင်ပြောမယ်။ မင်းတို့နိုင်ငံရေးအမြင်မရှိရင်၊ မဖွယ်မရာလုပ်ရင် စည်းရုံးရေးပျက်နိုင်တယ်၊ အခုအချိန် ပာာ ငါတို့အတွက် အရေးအကြီးဆုံးအချိန်၊ မင်းတို့က ငါတို့အစိုးရနဲ့ ပြည်သူအကြား ပေါင်းကူးတံတားကွ။ မင်းတို့ရဲ့ လုပ်ဆောင်မှု အမှားအမှန်၊ အကောင်းအဆိုး၊ တရားမျှတမှု ရှိမရှိ ဆိုတာတွေက ငါတို့ အစိုးရကို ရောင်ပြန်ပာပ်လို့ မင်းတို့ရဲ့ မမှန်မကန် ပြုကျင့်မှု၊ ပြည်သူတွေအပေါ် နိုင်ထက်ကလူနှိပ်စက်မှု၊ မောက်မောက်မာမာဆက်ဆံမှု၊ ဒီလောက် လစာတွေ တိုးပေးပြီ အခွင့်အရေးတွေ ပေးထားပါလျက် လာဘ်ပေးလာဘ်ယူမှုတွေကြောင့် ငါတို့အစိုးရအပေါ် ပြည်သူတွေက မုန်းတီးငြိုငြင်နိုင်တယ်ဆိုတာ နားမလည်ဘူးလား။ ငါတို့အစိုးရက clean government ကွ။ ပြည်သူအားလုံး အားကိုးယုံကြည် ချစ်ခင်လေးစားတဲ့ အစိုးရကွလို့ ၂၀၀၉ ခုနှစ် မတ်လအတွင်း ဒင်းတို့ရဲ့ ကက်ဘိနက်က ထွက်လာတဲ့စကားတွေကြောင့် သူခိုးကလူပာစ်၊ သူညစ်ပတ်တွေက အောင်လံထူပြ နေပါလားဆိုတာ အခြားမရှိ အများသိပဲလေ။

အခုလည်း ရွေးကောက်ပွဲကြီး ၂၀၁၀ မှာ မြည်းကြည့်လိုက်မယ်။ ဆားငန်ရင်ရေရောမယ်၊ ဆားပေါ့ရင် ထပ်ခပ်မယ်၊ စားကောင်းရင် လွေးမယ်၊ စားမကောင်းရင် သွန်ပစ်မယ်။

ဒီလိုသဘောကို ကျုပ်တို့က ဘာလို့ကြိုသိနေသလဲ မေးရင် ဒင်းတို့ ဝန်မင်းကြီးတွေ၊ ကြပ်ပြေးမှာသွားတာ၊ လာတာ၊ ပြောတာ၊ ဆိုတာတွေကို ကြားနာကြည့်ရင် သိမြင်နိုင်တာပဲ။ ၀န်မင်းကြီးတို့က တပတ် (၇) ရက်မှာ (၃) ရက်တည်း ကြပ်ပြေးနေပြည်တော်မှာ နန်းထိုင်ကြတာ။

အဲဒီ (၃) ရက်မှာ ပထမရက်က နိုင်ငံတော် လုံခြုံရေးအစည်းအဝေး၊ ဒုတိယရက်က ကြံ့ဖွံ့အမှုဆောင်တွေ၊ အတွင်းရေးမှူးတွေ၊ နာယကတွေရဲ့ အစည်းအဝေး၊ ဒါက နိုင်ငံရေးအစည်းအဝေးလို့ ခေါ်ရင်ရတယ်။ နောက်တရက်ကျတော့ နိုင်ငံအရေး၊ ဌာနအရေး ဆွေးနွေး၊ ဝေးလေးလေးကက်ဘိနက် အဲဒီကက်ဘိနက်ပြီးရင် ၀န်မင်းကြီးဌာနတွေမှာ အီးစီလို့ ခေါ်တဲ့ ကက်ဘိနက်ရဲ့ အစည်းအဝေး အတိမ်အနက်ဆုံးဖြတ်တဲ့အချက်ပေါ် မူတည်ပြီး လုပ်တဲ့အစည်းအဝေး။

ဒီအစည်းအဝေးအပြီး ဒင်းတိုက ကက (ကြည်း) ရုံးကို ခရီးစဉ်တွေတင်ပြီး နိုင်ငံရေး၊ စည်းရုံးရေး၊ ရွေးကောက်ပွဲ စည်းရုံးရေးခရီးတွေ ကွင်းဆင်းကြပြီ။ တောင်ဘက်အရပ်သွားတဲ့ ၀န်မင်းကြီး၊ မြောက်ဘက်အရပ်သွားတဲ့ ၀န်မင်းကြီး၊ အောက်ပြည်ဆင်းတဲ့ ၀န်မင်းကြီး၊ အညာအရပ် တက်တဲ့ ခပ်ကဲကဲနာမည်ကျော်ဝန်မင်းကြီး၊ အသီးသီးအလျှိုလျှို သွားကြလာကြတဲ့ ခရီးစဉ်တွေဖော်ပြတဲ့အခါ ၀န်မင်းကြီးကတော်တို့ စံပျော်ရာ ရန်ကုန်မပာာကို ပြန်ကြတဲ့ခရီးကိုတော့ အမြဲမြှုပ်ချန်ထားခဲ့ကြတဲ့ တကယ့်အာဂကောင်တွေ။

ယာဉ်တန်းနဲ့ အမြန်လမ်းကတမျိုး၊ ကြပ်ပြေးလေဆိပ်ကနေ ရွှေဖိတ် အရောင်ယူနီဖောင်းဝတ်သွားတာကတဖုံနဲ့ သူတို့အခေါ် အဘဆိုသူတွေက အမျိုးမျိုးအဖုံဖုံ ဇာတိမြေတွေအရောက် အတင့်ရဲရဲ ရွေးကောက်ပွဲ စည်းရုံးရေးဆင်း တာကို သတင်းထဲမှာကတော့ ဌာနလုပ်ငန်းတွေ၊ စီမံကိန်းတွေ၊ စက်ရုံတွေ စစ်ဆေးတာလို့ ဖော်ပြတာ မရှက်တာက ဒင်းတို့။ ဒါကလည်း အပတ်စဉ်လုပ်နေကျလုပ်ငန်း။

ကျုပ်တို့အလုပ်သမားတွေ ၀န်ထမ်းတွေရဲ့ အခြေခံအခွင့်အရေး၊ ၀န်ထမ်းစည်းမျဉ်း စည်းကမ်းလက်စွဲဥပဒေတွေ၊ စက်ရုံအလုပ်သမားတွေရဲ့ ဖန်ဒယ်မင်တယ်လ်ရူးလ်စ်တွေ ဖက်ထရီ အက်ဆိုတာတွေလည်း ပျက်ခဲ့တာကြာခဲ့ပြီမို့ စာအုပ်၊ စာရွက် ဖိုင်တွေထဲမှာ မှိုတက်ခြကိုက်ခဲ့ပြီ။

အောက်ခြေ၀န်ထမ်းတွေအတွက် ဘယ်သူကလာပြီး ဘယ်သူက လမ်းပြနိုင်တာ မရှိခဲ့တာလည်း ကြာပြီပဲ။ ကင်ပေတိုင်လို အုပ်ချုပ်သူတွေရဲ့ ပြုသမျှနုခဲ့ကြရတဲ့ ကြောက်ဒူးတုန် ဒီဝန်ထမ်းအများစု စိတ်ထဲမှာ ကြိတ်ခဲပြီး ခံနေခဲ့တဲ့ ကာလရှည်ကြာလာတော့ ခံရမှန်းတောင် မသိတော့တဲ့၊ ကျွန်ဘ၀ ရောက်တာဘာဆန်းသလဲ။ ဌာနတွေမှာ ဒင်းတို့ လုပ်သမျှ၊ အုပ်ချုပ်သမျှ အမြဲကြောက်ဒူးတုန်ကြ၊ ပြောသမျှဆိုသမျှ ပာုတ်ကဲ့ခင်ဗျ၊ စားကြွင်းစားကျန်ချန်ပေးတဲ့ မ၀ရေစာက ဒါမှ အာပာာရလို့ထင်တဲ့ သူကများမှများ။

ခဏခဏ အဘအဘလို့ ခေါ်တဲ့ ငတတွေကလည်း ပေါများတော့ ဒင်းတို့ ရဲ့ စိတ်ထဲမှာက ကျုပ်တို့ကို ကြက်ခြင်းထဲက ကြက်တွေလိုသဘောထား။ ဘယ်အချိန်ရိုက်စားစား ရတယ်မပာုတ်လားလို့ ထင်နေတာလည်း ဘာထပ်ပြီးဆန်းဦးမှာလဲ။ ဒီအင်အားတွေအခြေခံပြီး ဒင်းတို့က၂၀၁၀ ရွေးကောက်ပွဲမှာ ဆန္ဒခံယူပွဲတုန်းကလို နွှဲကြဦးမယ်ဆိုတော့……

နေပြည်တော် ကြပ်ပြေးကြက်ခြင်းထဲက ကြက်ဘယ်အတက်နဲ့ ခွပ်ပြီး ဘယ်ရက်မှတွန်ကြမှာလဲ။

Read More...

လေအနှော့တွင် ရော်ရွက်ဝါတို့ ကြွေ၏ … ကြွေသော်ရွက်ဝါတို့ကား …. မြေပြင်တွင် နင်းခြေခြင်း ခံကြရ

ဆောင်းပါး
ရွှေအိမ်စည်
တနင်္လာနေ့၊ ဧပြီလ 20 2009 17:53 - မြန်မာစံတော်ချိန်


(က)

ကျနော်တို့အဖွဲ့၏ ဒုတိယအကြိမ်ညီလာခံကို `ထီးခယ်ဖလှယ်`တွင် ကျင်းပ၏။ မာနယ်ပလောကျပြီးနောက် ကရင်အမျိုးသား အစည်းအရုံး - KNU ဗဟိုသည် ပထမတွင် `ကနဲလေး`သို့ ရွှေ့၏။ ကနဲလေးတွင်လည်း ကြာရှည်အခြေစိုက်၍ မရ….။ ဤတွင် ထီးခယ်ဖလှယ်သို့ ပြောင်းရွှေ့အခြေစိုက်ခြင်း ဖြစ်သည်။ ထီးခယ်ဖလှယ်တွင် KNU ဗဟိုဌာနချုပ် တည်၏။ ဗိုလ်ချုပ်မြသည်လည်း ထီးခယ်ဖလှယ်တွင်ပင် နေသည်။ သူ့အိမ်က သဲပွတ်ခင်း၊ သဲပွတ်ကာ၊ တဲအိမ်ကြီး….။ ဧည့်ခန်းဆောင်က လူနှစ်ဆယ် အစိတ် အစည်းအဝေး ထိုင်၍ရသည်။ သပ်သပ်ရပ်ရပ်၊ ခိုင်ခိုင်ခန့်ခန့်ပင်….။ ထီးခယ်ဖလှယ်တွင်ပင် ABSDF ၏ ပေါင်းစည်းရေးညီလာခံ ကျင်းပခဲ့သည်။ ABSDF ၏ ပေါင်းစည်းရေး ညီလာခံပြီးနောက် ….. ကျနော်တို့အဖွဲ့၏ ဒုတိယအကြိမ်မြောက် ညီလာခံ ကျင်းပခြင်းဖြစ်သည်။

ညီလာခံကျင်းပနေသည့် အချိန်အတွင်း ထူးခြားသည့် ဖြစ်ထွန်းတိုးတတ်မှု နှစ်ရပ်က တပြိုင်တည်းလိုလိုပင် ဖြစ်တည်နေသည်။ တခုက ….ရန်ကုန်တွင် ``ဒီဇင်ဘာ ကျောင်းသား အရေးတော်ပုံကြီး`` ဖြစ်ပွားနေသည်။ တဖက်တွင် ဗိုလ်ချုပ်ကြီး တာမလာဘော ခေါင်းဆောင်သည့် KNU ကိုယ်စားလှယ်အဖွဲ့သည် စတုတ္ထအကြိမ်မြောက် နဝတနှင့် တွေ့ဆုံဆွေးနွေးပြီး၍ ရန်ကုန်မှ ပြန်ရောက်နေသည့်အချိန်….။ အရေးပေါ် သုံးသပ်စရာများ ဖြစ်နေ၏။ လတ်တလော လုပ်ဆောင်စရာများနှင့် ရေရှည်လုပ်ငန်းစဉ်များအတွက် ပြင်ဆင်ကြရ၏။

ညီလာခံကို တတ်သုတ်ရိုက်၍ အသော့နှင်ရ၏။ အသော့နှင်ရင်းနှင့်ပင် ရက်သတ္တ ၂ ပတ်မျှ ကြာသွား၏။ ဗဟိုကော်မတီသစ်သို့ အပ်နှင်း၍ ရသမျှကို ညီလာခံမှ ဗဟိုကော်မတီသို့ လွှဲအပ်ရ၏။ မူဝါဒနှင့် လမ်းစဉ် ပြဿနာများတွင် ညှိကြရ၏။ နိုင်ငံရေးအရ အမြင်ချင်းနီးကြ၍ မခက်ခဲ….။ ဦးဆောင်မှုအပိုင်းအတွက် ပြင်ဆင်ရာတွင်မူ ….ပုဂ္ဂလဓိဋ္ဌာန်သဘောများ မရှိတော့…..။ ညီလာခံပြင်ပ ဆွေးနွေးပွဲငယ်လေးများနှင့် နည်းလမ်းရှာလာကြ၏။ ညီလာခံအတွင်း ``ဇီးရိုးဆမ်ဂိမ်း``ယဉ်ကျေးမှုကား ….ထွန်းကား၍ အားကောင်းနေဆဲ….။ ဤအခြေအနေအောက်မှပင် ထီးခယ်ဖလှယ်ညီလာခံက ပြီးမြောက်ခဲ့၏။ တာဝန်များ အပ်နှင်းကြ၏။ အလုပ်များ ခွဲဝေကြ၏။ အချို့ကား….. ညီလာခံပြင်ပအထိပင် ညီလာခံအမူးက မပြေချင်ကြသေး…။ ထားတော့…..။

ဗဟိုကော်မတီက ကျနော့်ကို တောင်ပိုင်းဒေသတွင်ပင် တာဝန်ထမ်းဆောင်ရန် တာဝန်ပေးပြန်၏။ တောင်ပိုင်းဒေသ ဟူသည်ကား…. KNU ၏ ဒူးပလာယားခရိုင်နှင့် မွန်ပြည်သစ်ပါတီ - NMSP ၏ မော်လမြိုင်ခရိုင်အတွင်း ဖြစ်သည်။ ဘုရားသုံးဆူ၊ ရေး၊ သံဖြူဇရပ်၊ မုဒုံနှင့် ကြာအင်းဆိပ်ကြီး မြို့နယ်များအတွင်းဖြစ်၏။

(ခ)

ထီးခယ်ဖလှယ်မှ စခန်းသစ်သို့ ကျနော် ပြန်ခဲ့၏။ တာဝန်ကျသည့် ဒေသအတွင်းသို့ ပြန်ဆင်းရန်မှာ စခန်းသစ်မှတဆင့် သွားရမည်။ ထီးခယ်ဖလှယ်နှင့် စခန်းသစ်က နယ်စပ်မျဉ်းအတိုင်း မော်တော်ကားလမ်း ရှိ၏။ မြန်မာပြည်အတွင်းမှ ဒေါက်ဖျက်သွားလျှင်မူ …. ``ခုနှစ်ခွေ``တောင်တန်းကြီးကို ဖြတ်ရမည်။ နယ်စပ်မျဉ်းကား လမ်းမှာမူ …. ခုနှစ်ခွေတောင်တန်းကို ပတ်၍ ဖောက်ထားသည့်လမ်း ဖြစ်၏။

ထိုအချိန်က …..စခန်းသစ်တွင် ကျနော်တို့အဖွဲ့၏ အလယ်ပိုင်းဒေသ စခန်းရုံး ရှိသည်။ ကျနော်တို့ရုံးနှင့် ကပ်လျက်တွင်မူ DPNS စခန်းရုံး ရှိ၏။ ကျနော်တို့ အဆောက်အဦများ ရှိသည့်လမ်းက စခန်းသစ်ဈေးတန်းနှင့် ကြက်လျှာသဏ္ဍာန် ယှက်လျက်ရှိသည်။ ကြက်လျှာစွန်းဆုံရာတွင် KNU ၏ လုံခြုံရေးကင်းစခန်းတခု ရှိ၏။ ကင်းစခန်းက ထိုင်း-မြန်မာနယ်စပ် စည်းပေါ်၌ တည်ထား၏။ စခန်းသစ်ဈေးခင်းက နယ်စပ်စည်းမှစ၍ စခန်းသစ်၊ ကျိုက်ဒုံသွား ကားလမ်းကို ခွ၍ တည်ထားသည်။ ဈေးခင်းအဆုံးတွင်မူ ဗိုလ်မှူးမျိုးချစ်၏ တပ်ရင်းစခန်းရှိသည်။

ABSDF အတွင်း ဒေါက်တာနိုင်အောင်နှင့် ကိုမိုးသီးဇွန် သဘောထားကွဲသည့် အချိန် ….. အချို့တပ်ရင်းများက ဒေါက်တာနိုင်အောင်နှင့် ပူးပေါင်းကြပြီး၊ အချို့တပ်ရင်းများက ကိုမိုးသီးဇွန်နှင့် ပူးပေါင်းကြသည်။ အချို့တပ်ရင်းများက နှစ်ဖက်စလုံးနှင့် မပူးပေါင်းဘဲ ကြားနေအဖြစ်နှင့် ကိုယ့်ဘာသာ ကိုယ်ရပ်တည်ကြ၏။ KNU နှင့်တွဲ၍ စစ်အုပ်စုကို စစ်ရေးအရ တိုက်၏။ ဗိုလ်မှူးမျိုးချစ်၏ တပ်ရင်းသည်လည်း မည်သည့်ဘက်တွင်မှ မပါဘဲ ကြားနေအဖြစ် ရပ်တည်၍ KNLA တပ်မဟာ (၆) နှင့် အတူတွဲ၍ စစ်အုပ်စုကို စစ်ရေးအရ တိုက်ပွဲဝင်နေသည့် ရှစ်လေးလုံး အရေးတော်ပုံကြီးမှ ပေါက်ဖွားလာသည့် တပ်ရင်းတရင်း ဖြစ်သည်။

KNU ၏ စစ်ဦးစီးချုပ်ရုံးနှင့် အထွေထွေ အတွင်းရေးမှူးချုပ် ရုံးသည်လည်း စခန်းသစ်တွင်ပင် ရှိ၏။ KNU ၏ ရုံးများက ရေကန်ကြီးကို ပတ်၍ မေးတင်ပြီး ဆောက်ထားကြသည်။ ပဒိုမန်းရှာလားဖန်းသည်လည်း စခန်းသစ်တွင်ပင် အနေများ၏။ ထိုစဉ်က …. ပဒိုမန်းရှာလားဖန်းသည် KNU ၏ ကိုယ်စားလှယ်အဖွဲ့တွင် ဒုတိယ အဖွဲ့ခေါင်းဆောင်တဦးအဖြစ်နှင့် နဝတ စစ်အုပ်စုနှင့် တွေ့ဆုံဆွေးနွေးရေး ပြုလုပ်နေခဲ့သည်မှာ ၄ ကြိမ်မျှ ရှိခဲ့ပြီး ဖြစ်သည်။

တာဝန်ကျသည့် အခြေခံဒေသအတွင်းသို့ မဆင်းမီ တရက်တွင် ပဒိုမန်းရှာ၏ ရုံးသို့သွားပြီး ကျနော် ပဒိုမန်းရှာနှင့် တွေ့၏။ သူ၏ ရုံးဘေး မြေကွက်လပ်များတွင်က ဆောင်းသီးနှံပင်တို့နှင့် စိမ်းစိမ်းစိုစို….။ မုံလာပွင့်ဝါဝါတို့က နှင်းရည်ဝ၍ ဝင်းဝါနေသည်။ ငှက်ပျောရုံကြီးများက ညိုညိုမှိုင်းမှိုင်း…..။ ပဒိုမန်းရှာက KNU နှင့် နဝတ စတုတ္ထအကြိမ်မြောက် တွေ့ဆုံဆွေးနွေးပွဲ အခြေအနေ ရှင်းပြ၏။

``နဝတက …. ကျနော်တို့ကိုဗျာ… လက်နက်ကိုင်လမ်းစဉ်ကို စွန့်ပြီး ဥပဒေဘောင်ထဲကို ဝင်ခိုင်းတယ်။ ပြီး… အပစ်အခတ် ရပ်ဆိုင်းထားမယ်။ တပ်နေရာ ချမှုတွေအတွက် ညှိမယ်ပေါ့ဗျာ။ နယ်မြေဖွံ့ဖြိုးရေးတွေ ဘာတွေကိုလည်း သူတို့နဲ့ပေါင်းပြီး လုပ်ပေါ့….။ နိုင်ငံရေးအရကတော့ သူတို့ရဲ့ အမျိုးသားညီလာခံကို ကျနော်တို့အနေနဲ့ တက်ပြီး လေ့လာပါတဲ့….။ ဖွဲ့စည်းပုံအခြေခံဥပဒေ ပေါ်ပေါက်ပြီးရင်တော့ …. အပြီးအပိုင် လက်နက်စွန့်ပြီး တရားဝင် နိုင်ငံရေးပါတီတရပ်အဖြစ် ဖွဲ့စည်းတည်ထောင်သွားပါ….ဆိုပြီး အချက် ၆ ချက်ကို ဆွေးနွေးတယ်``

``သူတို့ဟာက `လက်နက်ချအညံ့ခံရေးပဲဟာ` ကျနော်တို့ လက်မခံနိုင်ပါဘူး။ ဒီနေ့ပဲ KNU အနေနဲ့ ကျနော်တို့ရဲ့ သဘောထားကို သူတို့ဆီ ပို့ပေးလိုက်ပြီ`` ကျနော်တို့ကတော့ …..စောဘဦးကြီးရဲ့ မူအတိုင်း လက်နက်ချစကား အလျဉ်းမပြောရ။ ကရင့်လက်နက် ကရင့်လက်ထဲမှာ ရှိရမယ်။ ဒီမူတွေအပေါ်မှာပဲ ရပ်တည်သွားမှာပါ…။

ပဒိုမန်းရှားက သူ့စကားကို အဆုံးသတ်လိုက်သည်။ မနက်ဖြန်က ….နှစ်သစ်။ ၁၉၉၇ ခုနှစ် နှစ်သစ်၏ နေ့သစ်…..။ လေက မသော့….။ ငြိမ်နေ၏။ လေမနှော့သဖြင့် ကန်ရေပြင်သည် လှိုင်းကြက်ခွပ်တို့ မထ….။ မှန်သားပြင်ကဲ့သို့ ….။ ငြိမ်သက်မှုက …လေဖိအားနည်း ရပ်ဝန်းငယ်လေးတခု ပမာအလား….။

(ဂ)

စခန်းသစ်မှ အဇင်းသို့ ကျနော်တို့ ထွက်ခဲ့ကြသည်။ ကျနော်တို့ခရီးက အဇင်း၊ ကျိုက်ဒုံမှတဆင့် ကြာအင်းဆိပ်ကြီးသို့ ဆင်းရန် ဖြစ်သည်။ အဇင်းတွင် KNLA တပ်ရင်း ၁၆ မှ ဒုရင်းမှူး ဗိုလ်မှူးဂျိုးဇက်၏ စစ်ကြောင်းရှိသည်။ ဗိုလ်မှူးဂျိုး၏ စစ်ကြောင်းနှင့်ပေါင်းပြီး ကျနော်တို့ ကြာအင်းဘက်သို့ ဆင်းကြမည်။ ကြာအင်းမှတဆင့် ကျိုက်မရော၊ မုဒုံ၊ သံဖြူဇရပ်နှင့် ရေးမြောက်ပိုင်းရှိ ကျေးရွာများသို့ ဆင်း၍ လူထုနှင့် တွေ့မည်။ လူထုနှင့်တွေ့၍ နိုင်ငံရေး ရှင်းလင်းပွဲများ ပြုလုပ်ကြမည်။ နဝတမှ ပြုလုပ်နေသည့် အမျိုးသားညီလာခံအကြောင်း ရှင်းပြကြမည်။ အကျိုးဆက်ကို ချပြမည်။ ရန်ကုန်တွင် ဖြစ်ခဲ့သည့် ကျောင်းသားဆန္ဒပြမှု၏ အကြောင်းတရားကို ရှင်းပြမည်။ ပြီးလျှင် …. KNU နှင့် နဝတ၏ တွေ့ဆုံဆွေးနွေးရေး အခြေအနေများ…..။

အဇင်းတွင် ဗိုလ်မှူးဂျိုးနှင့် ဆုံ၏။ ပဒိုလီလေးအိမ်၌ပင် ဗိုလ်မှူးဂျိုးနှင့် တွေ့ကြသည်။ ဖဒိုလီလေးက KNU ဒူးပလာယားခရိုင်၏ အတွင်းရေးမှူး ဖြစ်သည်။ ပဒိုလီလေး၊ ဗိုလ်မှူးဂျိုးနှင့် ကျနော်တို့ လူထုရှင်းလင်းပွဲ စည်းရုံးရေးခရီးစဉ်ကို ဆွေးနွေးကြ၏။ ရေးဆွဲကြ၏။ ခရီးစဉ် လုံခြုံရေးအတွက် KNULA တပ်ရင်း (၁၆) မှ စစ်ကြောင်းတကြောင်းက တာဝန်ယူပေးမည်။ စစ်ကြောင်းမှူးက ဗိုလ်မှူးဂျိုး ဖြစ်သည်။ ဗိုလ်မှူးဂျိုး၏ စစ်ကြောင်းတွင် ဗိုလ်မိုရှေး၏ တပ်ခွဲတခွဲ၊ ဗိုလ်သန်းတင်အောင်၏ တပ်ခွဲတခွဲနှင့် စစ်ကြောင်းရုံးအဖွဲ့တို့ ပါမည်။ ဝင်းယော်မြစ် အနောက်ဘက်ကမ်း ရောက်လျှင်မူ …. ဗိုလ်တင်လှိုင်၏ ခွဲ (၅) တခွဲနှင့် ဗိုလ်ဒေါင်းညို၏ ခွဲ (၃) တခွဲနှင့် ပေါင်း၍ ၂ ကြောင်းဖြန့်၍ လုံခြုံရေး ယူကြမည်။ ဝင်းယော်မြစ် အနောက်ဘက်ကမ်းရှိ `ဝင်းယော်-ဝင်းရေး` ဒေသက ရန်သူ၏ လှုပ်ရှားစစ်ကြောင်းများ ဖြန့်ကျက်ထားမှု များသည်။ ဗျူဟာက တောင်စွန်းတွင် တဗျူဟာနှင့် သံဖြူဇရပ်၊ ဝဲကလိတွင် တဗျူဟာ ရှိသည်။ ခလယ်တံခွန်တိုင်နှင့် ချောင်းနှစ်ခွတွင်က အောင်ကြည်ဝင်း၏ DKBA အချို့ ရှိ၏။

ကျနော်တို့၏ စည်းရုံးရေးခရီးစဉ်တွင် Mobil Medical Back Pack Team မှ Back Pack ၃ ခုလည်း ပါမည်။ Back Pack တခုလျှင် ကျန်းမာရေးလုပ်သားဆေးမှူး ၃ ဦးမျှ ပါကြမည်။ ကျနော်တို့က ရွာစဉ်ဆက်၍ လူထုနှင့်တွေ့ပြီး ရှင်းလင်းပွဲများ ပြုလုပ်မည်။ ကျန်းမာရေးလုပ်သားတို့က လူထု ကျန်းမာရေးအရ ပြုစုစောင့်ရှောက်မည်။ ကုသမှုများ ပြုလုပ်ပေးသွားကြမည်။ Back Pack Team တွင် မျက်စိနှင့် ပတ်သက်၍လည်း စမ်းသပ်ပေးမည်။ မျက်မှန်များလည်း ထုတ်ပေးသွားမည်။

ကျနော်တို့၏ ခရီးစဉ်၌ အရေးအကြီးဆုံးက လုံခြုံရေးဖြစ်သည်။ လုံခြုံရေးစီမံချက်ကို အသေးစိတ် ဆွေးနွေး၍ ရေးဆွဲကြသည်။ တပ်မှူးများက KNLA မှ စွမ်းရည်ပြည့်သော စစ်သည်တော်များ…..။ အတွေ့အကြုံရှိ၏။ စစ်ရည် `ဝ`၏။ နဝတသည် KNU နှင့် တွေ့ဆုံဆွေးနွေးရေးကို (က.က.လှမ်း) နှင့် ၄ ကြိမ် ပြုလုပ်ခဲ့၏။ စစ်မှန်သော ငြိမ်းချမ်းရေးက မရ။ နဝတ၏ တဖက်သတ် တောင်းဆိုချက်များနှင့် ပြတ်စဲခဲ့ရပြီ။ (က.က.လှမ်း) နှင့် ဆွေးနွေးပွဲ ပျက်လျှင် ….(က.က.ကြည်း)၏ ခြေလှမ်းကား…။ သိ၏။

(ဃ)

ကျနော်တို့ စစ်ကြောင်းသည် ကြာအင်းဆိပ်ကြီးဘက်တွင် ၅ ကြိမ်မျှ လူထုဆွေးနွေးပွဲများ ပြုလုပ်ခဲ့ကြ၏။ ကြာအင်းဆိပ်ကြီးအတွင်းရှိ ကျေးရွာများက ရွာငယ်လေးများ ဖြစ်သည်။ ခေါင်၏။ မြို့ပြနှင့် ကူးလူးဆက်ဆံမှု နည်း၏။ ဗမာစကားအား အတန်အသင့် နားလည်ကြသည်။ နဝတက ထိုနယ်၊ ထိုရွာများကို `အမဲရောင်` နယ်မြေဟူ၍ သတ်မှတ်ထား၏။ ထိုနယ်….ထိုရွာမှ ရွာသားများကို `သူပုန်` အားပေးသူများနှင့် `သူပုန်``များဟူ၍ ထင်မှတ်ထားကြ၏။ ထို….ထိုသော ပြည်သူတို့က လက်တွေ့ဘဝ ဖြတ်သန်းမှုအရ ….ရန်/ငါစည်း ပြတ်ကြပြီးသည့်… ပြည်သူများ ဖြစ်နေကြ၏။

`ကြာအင်း`မှ ဇမိမြစ်ကို ကျနော်တို့ ကူးကြသည်။ `ဝင်းယော်`ချောင်းနှင့် `ဇမိ`မြစ် အကြားရှိ `တောင်ပေါက်` နှစ်ဆယ့်လေးရွာ အတွင်းရှိ လူထုနှင့်ကျနော်တို့တွေ့ဆုံကြ၏။ တောင်ပေါက် နှစ်ဆယ့်လေးရွာက လူမျိုးစုံ နေထိုင်ကြသည့် ရွာများဖြစ်သည်။ မွန်ရှိ၏။ ကရင်ရှိ၏။ ဗမာရှိ၏။ ရှမ်းရှိ၏။ မွန်ပြည်သစ်ပါတီမှ အပစ်အခတ် ရပ်စဲထားပြီးဖြစ်သဖြင့် တောင်ပေါက်ရွာမှ နဝတတပ်ခွဲတခွဲ ထိုင်သည့် စခန်းကို ရန်သူသည် ပြန်၍ ရုပ်ထားပြီးဖြစ်သည်။ အထိုင်စခန်းဟူ၍ မထားရှိသော်လည်း နဝတစစ်ကြောင်းများကမူ အဝင်အထွက် ရှိမြဲပင်….။ အခွန်အကောက် ရှိမြဲပင်……။ မွန်လူထုမှာမူ နဝတ၏ ဘေးမှ မလွတ်ကင်းသေး….။ မထူးခြားလှ….။

တောင်ပေါက် နှစ်ဆယ့်လေးရွာ အတွင်းမှတဆင့် ကျနော်တို့ စစ်ကြောင်းသည် `ဝင်းယော်`ချောင်းကို ကူးပြီး တောင်ညိုတောင်တန်း အရှေ့ခြမ်းရှိ တောင်ခြေရွာများသို့ ချီကြ၏။ `ဖားပြတ်`နှင့် `ချောင်းနှစ်ခွ`ကြားသို့ ဝင်ကြခြင်း ဖြစ်သည်။ နဝတ၏ နယ်မြေပိုင်းခြားမှုအရမူ …. ထိုဒေသက ကျိုက်မရောမြို့နယ်နှင့် မုဒုံမြို့နယ်အတွင်း ဖြစ်သည်။ ဖားပြတ်တွင် ရန်သူစစ်ကြောင်း ရုံးစိုက်သည်။ ခလယ်တံခွန်တိုင်တွင် အောင်ကြည်ဝင်း၏ DKBA ရှိသည်။ ချောင်းနှစ်ခွတွင်မူ နဝတ၏ ခွဲရုံးစခန်း ရှိသည်။ လှုပ်ရှားစစ်ကြောင်းများကလည်း ဖားပြတ်၊ ချောင်းနှစ်ခွနှင့် မုဒုံကားလမ်းပိုင်းကို လုံခြုံရေး ယူထားကြသည်။ ဤနယ်အတွင်းရှိ လူထုနှင့်ဝင်၍ တွေ့ဆုံကြခြင်း ဖြစ်သည်။ ထိုဒေသအတွင်းသို့ ဝင်သည့်အခါတွင်မူ ကျနော်တို့၏ စစ်ကြောင်းနှင့် ဗိုလ်တင်လှိုင်၏ ခွဲ (၅)နှင့် ဗိုလ်ဒေါင်းညို၏ ခွဲ (၃) တို့သည်လည်း ပူးပေါင်းခဲ့ပြီးဖြစ်သည်။ ဗိုလ်တင်လှိုင်က ထိုဒေသသား ဖြစ်သည်။ နယ်မြေ ကျွမ်း၏။ လူထုစည်းရုံးရေး ရှိ၏။ တပ်ခွဲတခွဲဟု ဆိုသော်လည်း သူ့တပ်ခွဲက လူ ၁ဝဝ ကျော်သည်။

`ကျုံခို`ရွာလူထုဆွေးနွေးပွဲက ရင်ခုန်စရာ…..။ `ကျုံခို`နှင့် `ဖားပြတ်`က ဟိုဖက်ရွာမှ ခွေးဟောင်လျှင် ဒီဖက်ရွာက ကြားရ၏။ ထိုနေ့က ဖားပြတ်တွင် နဝတ စခန်းထိုင် တပ်ခွဲရှိသည့်အပြင် `တောင်စွန်း`ဗျူဟာမှ လှုပ်ရှားစစ်ကြောင်းတကြောင်းလည်း ရောက်နေ၏။ ရန်သူ့စစ်ကြောင်းတွင် ….81 MM ပါသည်။ 60-MM ရှိ၏။ ကျနော်တို့ လူထုစည်းဝေးပွဲလုပ်သည့် ဘုန်းတော်ကြီးကျောင်းကလည်း ရန်သူစစ်ကြောင်းများ အမြဲလိုလို …ဝင်ထွက်စခန်းချတတ်သည့် နေရာ….။ O.P အတွက် မခက်။ မြေပုံညွှန်းက မှတ်ပုံတင်ထားပြီး ရှိလိမ့်မည်။ လူထုက စိတ်တတ်ကြွဖွယ်ကောင်းလှစွာပင် တက်ကြ၏။ နဝတ၏ ပညာရေး၊ ကျန်းမာရေး ဝန်ထမ်းများလည်း တက်ကြသည်။ ကျုံခိုတွင်က…အလယ်တန်းကျောင်း ရှိသည်။ ကျေးလက်ဆေးပေးခန်း ရှိသည်။ လူထုနှင့် ဝန်ထမ်းများပေါင်းလျှင် …. ၁ဝဝဝ ခန့် ရှိမည်။ ဆွမ်းစားဇရပ်ကြီးအတွင်း ပြည့်နေ၏။ ဇရပ်အပြင် ကွင်းလယ်တွင်လည်း လူထုပရိသတ်နှင့်….။ အသံချဲ့စက်ကြီးနှင့် ပြောကြ၊ ရှင်းကြရသည်။ KNU နှင့် နဝတ တွေ့ဆုံဆွေးနွေးပွဲ ပျက်ရသည့်အကြောင်း….။ အမျိုးသားညီလာခံအကြောင်း….။ `ဖားပြတ်`မှ နဝတစစ်ကြောင်းသည်လည်း အသံချဲ့စက်မှတဆင့် ကြားလိမ့်မည်ထင်၏။

လူထုစည်းဝေးကြီးက ရင်ခုန်စွာနှင့်ပင် ပြီးသွား၏။ လူထုအစည်းအဝေး ပြီးသည့်နောက်တွင် ဖားပြတ်မှ ကင်းသမားတယောက် ရောက်လာသည်။ စာလာပို့ခြင်းဖြစ်၏။ နဝတစစ်ကြောင်းမှူးက သူတို့ ကျုံခိုသို့ လာမည်၊ ကျနော်တို့ ရှောင်ပေးဖို့….။ အကြောင်းကြားသည့် စာဖြစ်သည်။ ကျနော်တို့အလုပ်က ပြီးပြီ။ ရွာမှ ထွက်ပေးရန် ကျနော်တို့ ဆုံးဖြတ်လိုက်ကြသည်။ ကျနော်တို့ တောင်ထီးရွာသို့ ထွက်ခဲ့ကြ၏။ ကျုံခိုနှင့် တောင်ထီးက စစ်သားခြေနှင့် တနာရီသာသာခန့်သာ လျှောက်ရမည်။ တပ်မဟာအထူးတပ်မှ ဗိုလ်လေးဝါး၏ တပ်ခွဲတခွဲကမူ ကျနော်တို့ စစ်ကြောင်းနှင့် တောင်ထီးသို့ လိုက်မလာခဲ့….။ ကျုံခိုရွာအနားတွင်ပင် ကျန်ခဲ့၏။ ဗိုလ်လေးဝါးက ကျုံခိုရွာသားဖြစ်၍ သူ့ရွာအနီးတွင်ပင် ကျန်ခဲ့သည်ဟု ထိုစဉ်က….ထင်မိ၏။

နောက်ရက်၌ တောင်ထီးတွင် အစည်းအဝေး ပြုလုပ်ရန် ကျနော်တို့ သဘောထား ရှိကြ၏။ ဗိုလ်တင်လှိုင်က နယ်မြေခံဖြစ်၍ အစီအစဉ်များကို သူပင် ပြုလုပ်ရန် ဗိုလ်မှူးဂျိုးက … တာဝန်ပေးထား၏။ တောင်ထီးရွာက (ဖဆပလ) ခေတ်တွင် ကရင်ပြည်နယ်ဝန်ကြီး ဖြစ်ခဲ့ဖူးသည့် ဒေါက်တာစောလှထွန်း၏ ဇာတိဟု ဆိုသည်။ အိမ်ကြီးအိမ်ကောင်းများနှင့်။ အိမ်ခြေ ၃ဝဝ ခန့်ရှိမည့် ရွာကြီး….။ မုဒုံ၊ ကျိုက်မရော၊ ကြာအင်းဆိပ်ကြီးတို့နှင့် ကားလမ်းပေါက်၏။

နောက်တနေ့….။

ဗိုလ်မှူးဂျိုးနှင့် ဗိုလ်တင်လှိုင်တို့က ကျနော်တို့ကို တိုင်ပင်သည်။ ကြေးနန်းတစောင် ပြသည်။ KNLA တပ်ရင်း (၁၆) ၏ တပ်ရင်းမှူး စောသမူဟဲထံမှ ကြေးနန်းဖြစ်သည်။ KNLA တပ်ရင်း အစည်းအဝေးရှိ၍ ကြာအင်းသို့ ပြန်တက်ခဲ့ရန် ဗိုလ်မှူးဂျိုးနှင့် ဗိုလ်တင်လှိုင်တို့ကို ခေါ်သည့် ကြေးနန်းဖြစ်သည်။ တောင်ထီးတွင်က လူထုအစည်းအဝေး ပြုလုပ်ရန် ဗိုလ်တင်လှိုင်မှ ရွာလူထုနှင့် စီစဉ်ပြီးဖြစ်သည်။ သမူဟဲထံသို့ ပြန်တက်လျှင် ….လူထုအစည်းအဝေး ဖျက်ရမည်။ ပြီးလျှင် …. ရန်သူစစ်ကြောင်းများက ကျနော်တို့ ကူးခဲ့ကြသည့် `ဝင်းယော်`၊ `ဇမိ` မြစ်ကြောင်းများ စိုးမိုးထားပြီးဖြစ်သည်။ အခက်အခဲ ရှိမည်။

KNLA ရင်း (၁၆) ၏ ဒုရင်းမှူးဖြစ်သည့် ဗိုလ်မှူးဂျိုးက သူ့တပ်ခွဲမှူးများနှင့် တိုင်ပင်သည်။ မြို့နယ်အုပ်ချုပ်ရေးမှူးများနှင့်လည်း ဆွေးနွေး၏။ ကျနော်တို့ကမူ သဘောထားမပေးကြ။ KNLA ရင်း (၁၆) ၏ တပ်ရင်းတပ်ဖွဲ့အရေးဖြစ်၍ ဝင်ပြီးဆွေးနွေးရန် မသင့်ဟု ယူဆထားကြ၏။ နောက်ဆုံးတွင်မူ ဗိုလ်မှူးဂျိုးနှင့် တပ်မှူးများက ….စောသမူဟဲ ပြန်ခေါ်သည့် တပ်ရင်းအစည်းအဝေးသို့ ပြန်မတက်ရန် ဆုံးဖြတ်လိုက်ကြသည်။ ထိုနေ့က တောင်ထီးရွာ၌ ကျနော်တို့ လူထုအစည်းအဝေး ကျင်းပခဲ့ကြ၏။

တောင်ထီးရွာက ဒေါက်တာစောလှထွန်း၏ ဇာတိမြေဖြစ်၍လားမသိ၊ ရွာမိရွာဖများက နိုင်ငံရေးအသိ ရှိကြသည်။ ဆွေးနွေး၍ ကောင်းသည်။ မော်လမြိုင်တက္ကသိုလ်တွင် တက်ရောက်နေကြသည့် တက္ကသိုလ် ကျောင်းသားများနှင့်လည်း တွေ့ရ၏။ အလွတ်သဘော ရေနွေးကြမ်းဝိုင်းက ပို၍ပင် ကျေနပ်စရာ ကောင်းသည်။ နေညို၍ ညိုမှန်းပင် မသိကြရ….။ ဗိုလ်တင်လှိုင်က စစ်ကြောင်းနေရာ ပြောင်းရန် ပြောမှပင် ….ရေနွေးကြမ်းဝိုင်း သိမ်းကြသည်။ အခြေအနေက ထူးခြားမှု ရှိနေပြီဟု ထင်မိ၏။ ခရီးစဉ်များ ဖျက်လိုက်ရသည်။ ဗိုလ်မှူးဂျိုး၏ စစ်ကြောင်းက `ရေး`မြောက်ခြမ်းသို့ ….. ညတွင်းချင်းပင် ဆုတ်ကြမည်။ ဗိုလ်ဒေါင်းညို၏ တပ်ခွဲက `ဝင်းယော်`ချောင်းနံဘေးရှိ ရွာများသို့ အစုလိုက်၊ အစိတ်လိုက် ဖြန့်မည်။ ဗိုလ်တင်လှိုင်နှင့် ကျနော်တို့ကမူ …တောင်ညိုတောင်ခြေသို့ ကပ်ရန် …ဟူ၍ စီစဉ်ကြသည်။

လက မှိန်မှိန်ပြပြ….။ ပိတောက်ဖူးတို့က လရောင် အပျက်တွင်ပင် ရွှေရည်ရောင်မသွေး….။

သတင်းများက ဝင်လာ၏။ KNLA တပ်ရင်း (၁၆) ရင်းမှူး စောသမူဟဲနှင့်အဖွဲ့ နဝတနှင့် ပူးပေါင်းလိုက်ပြီ။ တပ်ရင်းအစည်းအဝေးခေါ်၍ တက်လာခဲ့ကြသည့် တပ်ခွဲမှူး ဗိုလ်ကြည်ဝင်းနှင့် ဗိုလ်ကြည်လင်းတို့လည်း ပါသွားကြပြီ……။

နောက်ရက် …. နောက်ရက်များတွင်မူ …. သမူဟဲကို နဝတမှ DKBA ကဲ့သို့ အဖွဲ့အစည်းတခု ဖွဲ့ပေးကြောင်းကြားရပြန်၏။ သမူဟဲ၏ လက်နက်ချ အခမ်းအနားသို့ (က.က.ကြည်း) မှ ဗိုလ်ချုပ်ကြီးမောင်အေး လာ၏။ မောင်အေး ရှေ့တွင် သမူဟဲ ဒူးထောက်ရကြောင်း…. ကြားရပြန်၏။ ဓာတ်ပုံသတင်းတွင်မူ ဗိုလ်ချုပ်ကြီး မောင်အေးသည် ကရင့်အမျိုးသားအလံကို စစ်ဖိနပ်နှင့်နင်းလို့……။ တိုက်ဆိုင်လှ၏။ ပင်လုံစာချုပ်ကို ဗိုလ်ချုပ်အောင်ဆန်းတို့ ချုပ်ဆိုခဲ့သည့်နှစ် ၅ဝ ပြည့်သည့် …. ဖေဖော်ဝါရီလတွင်…၊ ပင်လုံစိတ်ဓာတ်ကို ဗိုလ်ချုပ်ကြီး မောင်အေးက …… နင်းခြေရင်း…….။ ။

Read More...

ရွေးကောက်ပွဲနီးတာနဲ့အမျှ ခြေရှုပ်စပြုလာပြီ

(ဆောင်းပါး)
ဧပြီလ(၂၀) ရက်၊ ၂၀၀၉
ဗမာပြည်နိုင်ငံရေးသမိုင်းတလျှောက်မှာ သူများတွေ တွေ့ရှိတဲ့၊ အထူးသဖြင့် အနောက်နိုင်ငံတွေက တွေ့ရှိတဲ့ သဘောတရား တွေကို ဗမာပြည်နိုင်ငံရေးထဲ အတင်းသွတ်သွင်းလာတာတွေ မကြာခဏတွေ့ရတတ်ပါတယ်။ ဒါကိုလုပ်သူတွေကတော့ အင်္ဂလိပ်စာဖတ်တတ်တဲ့ ပညာတတ်သူတွေပဲဖြစ်ပါတယ်။

ဒီလိုသွတ်သွင်းလာတဲ့ အယူအဆတွေဟာ ကိုယ့်နိုင်ငံက လက်တွေ့အခြေအနေနဲ့ ကိုက်ညီတာလည်းရှိ၊ မကိုက်ညီတာ လည်း ရှိလို့ဆိုရမှာပါ။ တချို့များဆိုရင် တခေတ်က မန္တလေးကအငြိမ့်မင်းသမီးတွေ သီဆိုလေ့ရှိသလို “ဦးသူယူ” ဆိုသလိုမျိုးတောင်၊ သူ့ထက်ငါဦး လုပ်နေကြတာ ဖြစ်ပါတယ်။

ဒီလိုသွတ်သွင်းလာတာတွေအထဲက အခုနောက်ဆုံး သယ်ဆောင်လာကြတဲ့ အယူအဆတခုကတော့ ဖြစ်တည်မှု အကျပ်အတည်းဆိုတာပါပဲ။ ဒီလို စကားလုံးကြီးကြီးနဲ့ တွယ်လိုက်တာနဲ့ တဆက်တည်းမှာ ဒီချုပ်ကိုတိုက်ခိုက်ချင် နေပြီး ဘာနဲ့ တိုက်ခိုက်ရမှန်းမသိဖြစ်နေသူတွေ၊ အပြစ်ပုံချလိုသူတွေနဲ့ နအဖကို မျက်နှာလုပ်လိုသူတွေ အများ အပြားဟာ ဒီလေသံအတိုင်း နောက်ကလိုက်ပြောကြတာကိုလည်း တွေ့ရပါတယ်။

အဲဒီလိုနိုင်ငံခြားကနေ ကိုယ့်နိုင်ငံနဲ့ဆိုင်မှန်းမသိ၊ မဆိုင်မှန်းမသိ ဆွဲယူလာတဲ့ ဒီအသုံးအနှုန်း အယူအဆကို ခေါင်းပေါ်ကနေ စွပ်ချပေးတာ ခံလိုက်ရသူကတော့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပဲဖြစ်ပါတယ်။ ဒီချုပ်အနေနဲ့ ဘာမှပြန်ပြောခွင့်မရှိတဲ့အခြေအနေကို အခွင့်ကောင်းယူပြီး ဒီလိုတံဆိပ်တပ်ပေးလိုက်တာဖြစ်ပါတယ်။ သူတို့ဟာ ကိုယ့်အသက်ရှင်ရပ်တည်မှုအတွက် (အာဏာတည်မြဲရေးအတွက်) အမျိုးမျိုးကုတ်ကပ်၊ ညစ်ပတ်ရမ်းကားနေရတဲ့၊ အာဏာရနေပါလျက်နဲ့ အခုအချိန်အထိ ရွေးကောက်ပွဲဥပဒေ မကြေညာနိုင်သေးတဲ့ နအဖစစ်အစိုးရကိုကျတော့ ဖြစ်တည်မှု အကျပ်အတည်းဆိုက်နေတယ်လို့မပြောဘဲ ဘာဖြစ်လို့ နအဖရဲ့ ဖိနှိပ်မှုမျိုးစုံကို အနှစ် နှစ်ဆယ်ကျော် အလူးအလှိမ့်ခံရင်း ရပ်တည်နေသူတွေကိုမှ ဒီလိုခြယ်မှုန်းပြတာလဲ။

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ကို နအဖက ချေမှုန်းတော့မှာကို သူတို့က သိနေလို့များလားရယ်လို့တောင် စဉ်းစားစရာဖြစ်နေပါတယ်။

တကယ်ကျတော့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်အကြောင်းပဲပြောပြော၊ စစ်အစိုးရအကြောင်းပဲပြောပြော၊ ဟိုတုန်းကနဲ့အခု အခြေအနေတွေ မတူတော့တာကို မထည့်သွင်း၊ မစဉ်စားလို့ မဖြစ်ပါဘူး။ ၁၉၈၈-၉ဝ ကာလနဲ့ ဒီနေ့ မတူတာတွေအများကြီး ရှိနေပါတယ်။ ၁၉၈၈-၉ဝ ကာလတုန်းက လူထုမှာရော ရှေ့တန်းက လှုပ်ရှား သူတွေမှာပါ တက်ကြွမှုအပြည့် ရှိနေကြပါတယ်။ သူတို့ရဲ့ ခေါင်းထဲမှာလို့ ပြောရမလား၊ ရင်ထဲမှာလို့ပြောရမလား၊ “ထိုးစစ်စိတ်ဓာတ်” နဲ့ “အောင်ပွဲခံစိတ်ဓာတ်” တို့ မြဲမြဲမြံမြံကိန်းအောင်းနေပါတယ်။

အာဇာနည်တွေရဲ့မျက်နှာတွေလည်း မျက်စိထဲကမထွက်သေးတဲ့အချိန်ဖြစ်ပါတယ်။ ဒါကြောင့် မိုးကိုတက်ပြီးဒူးနဲ့ တိုက်ရဲတယ်ဆိုတဲ့ သတ္တိမျိုးတွေ့ဖို့ဝေးနေတဲ့အချိန်လည်းဖြစ်ပါတယ်။ တဖက်မှာကြည့်လိုက်ပြန်တော့လည်း မဆလဟာ အလဲထိုးခံသွားရပြီး နဝတဟာ ခံစစ်ရောက်နေတယ်ဆိုတာကိုလည်း အရှင်းသား မြင်တွေ့နေကြရပါ တယ်။ ဗိုလ်စောမောင်ကို တင်လိုက်တာကိုက အငှားဗိုက်နဲ့ ဓားထိုးခံလေသလားလို့ တွေးတောနေကြတဲ့အချိန်ဖြစ် ပါတယ်။

အဲဒီအချိန်မှာ နဝတတက်လာပုံကိုပဲ ပြန်စဉ်းစားကြည့်ပါ။ နဝတဟာ အလံတလူလူ၊ အောင်စည်အောင်မောင်းတွေ တီးပြီး ထွက်လာတာမဟုတ်ပါဘူး။ “အာမခံချက်တွေ” (ကတိတွေ) အမျိုးမျိုးပြောပြီး ထွက်လာတာဖြစ်ပါတယ်။ ပါတီဝင် သန်းဂဏန်း ရှိတယ်ဆိုတဲ့ မဆလပါတီကိုလည်းဖျက်သိမ်းပေးရ၊ လူဦးရေရဲ့ (၉၄) ရာခိုင်နှုန်းကျော်က အတည်ပြုခဲ့ ပါတယ်ဆိုတဲ့ ၁၉၇၄ ခုနှစ် အခြေခံ ဥပဒေကိုလည်း ဖျက်သိမ်းပေးခဲ့ရပါတယ်။ ဒါ့အပြင် ဗိုလ်စောမောင်က ရွေးကောက်ပွဲ ပြီးတဲ့အခါမှာ စစ်တပ်ဟာ စစ်တန်းလျား (နေရာမှန်) ကို ပြန်ပါမယ်လို့လည်း ကတိပေးနေရပါတယ်။ အခြေခံဥပဒေအသစ်ကို ကျုပ်တို့ စစ်တပ်က မရေးဘူး၊ တရားခံဖြစ်လိမ့်မယ်၊ ခင်ဗျားတို့ပဲ ရေးကြလို့ ပြောနေရတဲ့ အနေအထားလည်းဖြစ်ပါတယ်။

အဲဒီလို လူထုအရှိန်သိပ်မြင့်နေချိန်မှာ စစ်အုပ်စုကို ကပ်ဖားရပ်ဖား လုပ်လိုတဲ့လူတွေလည်း ခေါင်းမထောင်ရဲပါဘူး။ အဲဒီလို အနေအထားမှာ ကြံ့ဖွံ့ဖွဲ့လို့မရပါဘူး။ နောက်ပြီး အခုပေါ်ပေါက်လှုပ်ရှားနေတဲ့ ပေါက်တတ်ကရ အဖွဲ့အစည်းတွေလည်း ခေါင်းမပြူရဲပါဘူး။ အဲဒီတုန်းကသာ ဖြစ်တည်မှုအကျပ်အတည်းဆိုတာကို အသံဟလိုက်ရင် နဝတအစိုးရဟာ ဒါငါတို့ကို ပြောတာပဲဆိုပြီး ဆွဲစေ့လိုက်မှာသေချာပါတယ်။
ဒါပေမယ့် အခု ၂ဝ၁ဝ ရွေးကောက်ပွဲ လုပ်တော့မယ့်အချိန်မှာ ကျတော့ အနေအထားတွေဟာ အားလုံးလိုလို ပြောင်းပြန်ဖြစ် နေပါတယ်။ သူတို့စိတ်ကြိုက်ရေးပြီး မဲလိမ်မဲခိုးကာ လူထုကိုဓားမိုးအတည်ပြုခိုင်းထားတဲ့ အခြေခံဥပဒေကို သိဒ္ဓိတင်ပေးဖို့လုပ်မယ့် ရွေးကောက်ပွဲတရပ်အတွက် တာစူနေချိန်ဖြစ်ပါတယ်။ သူတို့အနေနဲ့ လူထုကို “ငြိမ်ဝပ်ပိပြား” အောင်လည်းလုပ်ပြီးနေပြီ။ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ကိုလည်း အတောင်အလက်ချိုးပြီးထားပါပြီ။ အိုမင်းမစွမ်း ဖြစ်နေတဲ့ ခေါင်းပိုင်းပဲချန်ထားပြီး တက်တက်ကြွကြွ လှုပ်ရှားသူတွေကို ခြေချုပ်၊ အကျယ်ချုပ်၊ ထောင်ချုပ်တွေနဲ့ ချုပ်ချယ်ထားပါတယ်။ (ဒီလိုအခက်အခဲတွေကြုံတွေ့နေတာကို ဖြစ်တည်မှုအကျပ်အတည်းဆိုက်နေတာလို့ ပြောလေသလား မသိပါ)။ မတရားသင်းကြေညာထားတဲ့ အဖွဲ့တွေလည်း များသထက် များလာနေတာကို အားလုံး သတိပြုမိကြမှာပါ။ ဒါသာမက ၁၉၈၈-၉ဝ တုန်းက တက်ကြွလှုပ်ရှားသူ အများအပြားဟာ အခုအခါမှာ ပြည်ပကို ကြဲကွဲရောက်ရှိနေကြ ပါတယ်။ နောက်ပြီး တစည်းတလုံးထဲလည်း မရှိကြပါဘူး။

ဒီလိုအခြေအနေတွေအောက်မှာ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ကို ဖြစ်တည်မှုအကျပ်အတည်း တွေ့နေတယ်လို့ ပြောနေတဲ့ ပုဂ္ဂိုလ်တွေဟာ အဲဒီလိုအခက်အခဲကိုထောက်ရုံတင်မကပဲ အဲဒီကထွက်လမ်းအနေနဲ့ နအဖရဲ့ ရွေးကောက်ပွဲကို ဝင်ဖို့လည်း နတ်လမ်းညွှန် လုပ်နေပါတယ်။ ဒါကိုမှ လက်တွေ့ကျတယ်လို့ ဆိုသူကလည်း ဆိုပါတယ်။ အမှန်ပြောရရင် ဒါဟာကျားလှောင်အိမ်ထဲကို ကျားစာအဖြစ်ခံဖို့ “ကိုယ့်ဆန္ဒအရ” အဝင်ခိုင်းနေတာပါ။ မြေခွေးအမြီးပြတ်က သေဖော်ညှိတာလို့လည်း ဆိုနိုင်ပါတယ်။

တကယ်က ၁၉၉ဝ ခုနှစ် ရွေးကောက်ပွဲလုပ်ပြီးခဲ့တာဟာ အနှစ်(၂ဝ) ရှိပါတော့မယ်။ မင်းမှာသစ္စာ၊ လူမှာကတိလို့ အဆိုရှိပေမယ့် အာဏာကိုလက်မလွှတ်လိုတဲ့ နအဖ ဗိုလ်ချုပ်တွေဟာ သစ္စာလည်းလုံးဝမရှိ၊ ကတိလည်း လုံးဝမတည်တာကို တွေ့ခဲ့ကြရပါပြီ။ သူတို့ဟာ ကလေးတွေကစားသလို “ရွှေတံခါးကြီးဖွင့်ပါအုန်း” ဆိုတာမျိုးနဲ့ လူထုကို အမျိုးမျိုးလှည့်စားလို့သာနေတယ်။ ပြောရရင် သူတို့ ဘာလုပ်နေတယ်ဆိုတာကို ပြည်တွင်းပြည်ပက လူတိုင်းသိပါတယ်။ အခုသူတို့ကို ထောက်ခံနေတဲ့၊ ဆန့်ကျင်လေသံမဟဝံ့တဲ့၊ ရွေးကောက်ပွဲဝင်ပြီး မိုးခါးရေ သောက်ဖို့ တိုက်တွန်းနေတဲ့ လူတွေတောင် သိပါတယ်။ စစ်အုပ်စုရဲ့ သစ္စာဟာ ဘယ်လိုဟာမျိုးဖြစ်တယ် ဆိုတာ ဒီနိုင်ငံမှာ ကလေးတောင်မှသိပါတယ်။

မနိုင်ရင်အရှုံးပေးပြီး ဝင်ရောလိုက်ဆိုတဲ့အယူအဆဟာ စံကျတဲ့အရှုံးပေးရေးအယူအဆတမျိုး ဖြစ်ပါတယ်။ ဒါဟာအဆင့်နိမ့် သတ္တဝါတွေရဲ့ စဉ်းစားနည်းမျိုးသာဖြစ်ပါတယ်။ နိုင်မယ်ထင်ရင် မာန်ဖီပြ၊ ရှုံးမယ်ထင်ရင် သွားဖြီးပြပြီး အမြီးကုတ်သွား တာဟာ သူတို့ရဲ့ အလေ့အကျင့်ပါ။ ရှစ်လေးလုံးအရေးတော်ပုံ အရှိန်မြင့်နေတုန်းက တက်ကြွ၊ လက်သီးလက်မောင်း တန်းခဲ့ပြီး၊ အခု နအဖက ပွဲကြမ်းနေတဲ့အခါမှာကျတော့ ရွှေပြည်အေးတရားတွေ ဟောနေသူတွေကို “အမြင်မှန်ရသူတွေ” လို့ ခေါ်နိုင်ပါသလား။ နအဖကို ဆက်လက်ဆန့်ကျင်နေတာဟာ “လက်တွေ့မကျဘူး” လို့ ဆိုသူတွေကို လက်တွေ့က သင်ခန်းစာပေးပါလိမ့်မယ်။

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်အနေနဲ့ တချို့လူတွေလို ရွေးကောက်ပွဲမှာ သူဌေးဖြစ် ခွေးဖြစ် ဝင်အောလို့မဖြစ်ပါ ဘူး။ ၁၉၉ဝ ခုနှစ်တုန်းက ဦးနုဟာ စစ်တပ်ဟာ သူ့ဆီက အာဏာလုသွားတယ်လို့ ပြောစရာရှိပေမယ့် ရွေးကောက်ပွဲမှာ ဒီငြိမ်းအဖွဲ့ ဝင်လိုက်တော့ အရှက်ကွဲသွားရတဲ့ သင်ခန်းစာရှိပါတယ်။ လူတွေ၊ အဖွဲ့အစည်းတွေ၊ အထူးသဖြင့် နိုင်ငံရေးအဖွဲ့အစည်း တွေမှာ နောက်ကြောင်းသမိုင်း ရှိကြတဲ့အလျောက် သမိုင်းကပေးထားတဲ့ တာဝန်တွေ၊ လုပ်ငန်းတွေကို ထမ်းဆောင်ရ ပါသေးတယ်။ ဒီလိုဆိုတဲ့အတွက် အခြေအနေသစ်တွေက ပြဋ္ဌာန်းတဲ့ လုပ်ငန်းတွေကို မလုပ်ရဘူးလို့ မဆိုလိုပါဘူး။ အဲဒီနှစ်ရပ်စလုံးကို ပေါင်းစပ်ရမှာဖြစ်ပါတယ်။ သမိုင်းရှည်ကြာလေ၊ ထောက်ထားရတာ များလေလို့ ဆိုရင်မမှားပါဘူး။

မှန်ပါတယ်။ သူတို့မှာ အခက်အခဲကြီးပါတယ်။ အခုအခါမှာ သူတို့ရဲ့အခက်အခဲဟာ လူထုရဲ့ အခက်အခဲလို့လည်း ပြောနိုင်ပါတယ်။ ဒီလိုအချိန်မှာ ဒီချုပ်အခက် ငါတို့အချက်ဆိုပြီး ၂ဝ၁ဝ ရွေးကောက်ပွဲဝင်ဖို့ တက်ကြွနေသူတွေ မိုးကျလို့ မှိုထွက်သလို ပေါ်ထွက်နေပါတယ်။ နအဖ ထားရာမှာ ထားသလိုနေမယ်လို့ ဆုံးဖြတ်ထားသူတွေအတွက် တော့ လတ်တလောအားဖြင့် ဖြစ်တည်မှု အခက်အခဲမရှိသေးတာ သေချာပါတယ်။

Read More...

နိုင်ငံရေးဆုံးဖြတ်ချက်များ အကျုံးဝင်မည့်အစည်းအဝေး အန်အယ်ဒီခေါ်တော့မည်

NEJ /ဧပြီလ(၂၀) ရက်၊ ၂၀၀၉

ယခုလအတွင်းပြုလုပ်မည့် အဖွဲ့ချုပ်အစည်းအဝေးတွင် ထူးခြားချက်အနေဖြင့် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်၏ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်များ အားလုံးကိုလည်း ထည့်သွင်းဖိတ်ကြားထားကြောင်း အန်အယ်လ်ဒီပြောခွင့်ရ ပုဂ္ဂိုလ်တဦးဖြစ်သူ ဦးဉာဏ်ဝင်းက ပြောသည်။

“အခုအစည်းအဝေးမှာ နိုင်ငံရေးအလှည့်အပြောင်းရော၊ နိုင်ငံရေးအရ အရေးကြီးတဲ့ ဆုံးဖြတ်ချက်တွေရော အားလုံးအကျုံးဝင်မယ့် ဆွေးနွေးပွဲသဘောမျိုးဖြစ်ပါတယ်။ ဘယ်လိုဆုံးဖြတ်မယ်ဆိုတာမျိုးကိုတော့ ကျနော်တို့ ကြိုပြီးတော့လည်း မသိသလို အခုအချိန်မှာလည်း ပြောလို့မဖြစ်သေးပါဘူး” ဟု ၎င်းက ပြောသည်။

အစည်းအဝေးကို (၂၈-၂၉) ရက်တို့တွင် အဖွဲ့ချုပ်၌ ပြုလုပ်မည်ဖြစ်ပြီး တိုင်းနှင့်ပြည်နယ်အသီးသီးမှ တိုင်းစည်းအဖွဲ့ဝင်များနှင့် ပါတီဝင်များကို (၂၇) ရက် အရောက်လာရန် ဖိတ်ကြားထားကြောင်း သိရသည်။

“လက်ရှိမြန်မာနိုင်ငံ နိုင်ငံရေးအခြေအနေအရ ကျနော်တို့အရေးကြီးတဲ့ကိစ္စတွေ၊ ဖွဲ့စည်းပုံအခြေခံဥပဒေကို အတည်ပြုထားတာရယ်၊ အဲဒီပေါ်မှာ မူတည်ပြီးဆောင်ရွက်မယ့် ရွေးကောက်ပွဲတွေရယ်အပေါ်မှာ ပြည်နယ်တိုင်း အဆင့်နဲ့ ဗဟိုအဆင့် အပြန်အလှန်ညှိနှိုင်းဆွေးနွေးဖို့၊ သုံးသပ်ဆွေးနွေးဖို့ ဒီလိုသဘောနဲ့ ခေါ်ထားတဲ့အစည်းအဝေး ပါ” ဟု ဦးဉာဏ်ဝင်းက ပြောသည်။

ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်များ၏ဆန္ဒနှင့် အယူအဆများကို ဆွေးနွေးစဉ်းစားရန် ရည်ရွယ်သည်ဟုလည်း ၎င်းက ပြောသည်။

ဆွေးနွေးပွဲ တွင်တွင်ကျယ်ကျယ် ဆောင်ရွက်နိုင်ရန် ဗဟိုအလုပ်အမှုဆောင်အဖွဲ့က စာတမ်းတစောင်ပြုစုကာ အန်အယ်လ်ဒီ ပြည်နယ်နှင့်တိုင်းအဖွဲ့ဝင်များထံ ပေးအပ်မည်ဟုလည်း သိရသည်။

ယခုအခါ နိုင်ငံရေးအခင်းအကျင်း အပြောင်းအလဲများလည်း ရှိနေသည့်အတွက် အန်အယ်လ်ဒီကိုယ်စားလှယ်များ၏ အနေအထားနှင့် သဘောထားခံယူချက်များကို အစည်းအဝေးတွင် အကြံဉာဏ်တောင်းခံရန်ဖြစ်သည်ဟု အန်အယ်လ်ဒီ ပြန်ကြားရေးအဖွဲ့ဝင် ဦးဟံသာမြင့်က ပြောသည်။

“အဖွဲ့ချုပ်ရဲ့ မူဝါဒတွေကို ပြောင်းဖို့မဟုတ်သေးပါဘူး။ ဒါပေမယ့် ဖြစ်လာမယ့်အခြေအနေတွေနဲ့ လိုက်လျောညီထွေ ဖြစ်အောင် ဘယ်လိုလုပ်ကြမယ် ဆိုတဲ့အပေါ်မှာတော့ တစုံတရာအပြောင်းအလဲအနေနဲ့ ရှိချင်လည်းရှိမယ်ပေါ့။ အခုအချိန်မှာတော့ ဘယ်လိုမှ မပြောနိုင်ပါဘူးခင်ဗျ” ဟု ၎င်းက ပြောသည်။

၎င်းကဆက်လက်ပြီး “လူထုရဲ့ မျှော်လင့်ချက် အားကိုးမှုတွေကို အလဟဿဖြစ်မသွားအောင်လို့ လုပ်ပေးရမယ့် တာဝန်ရှိတယ် ဆိုတာတော့ အကုန်လုံးက သဘောပေါက်ပါတယ်။ အဲဒါကို တကယ်လက်တွေ့ အကောင်အထည် ဖော်၊ ဘယ်လိုလုပ်ကြမယ်ဆိုတာကို အခုဆွေးနွေးပွဲမှာ ဆွေးနွေးကြလိမ့်မယ်လို့ မျှော်လင့်ပါတယ်” ဟု ပြောသည်။

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် ဖွဲ့စည်းပုံအခြေခံဥပဒေ (၂၀၀၈) သည် အာဏာတည်ခြင်းမရှိသေးသဖြင့် ပြန်လည်သုံးသပ်ရန်နှင့် ၁၉၉၀ ပြည့်နှစ်ရလဒ်ကို အကောင်အထည်ဖော်သည့်အနေဖြင့် ပြည်သူ့လွှတ်တော်ကို အမြန်ဆုံးခေါ်ယူဖွဲ့စည်းပေးရန် အန်အယ်လ်ဒီက နအဖ စစ်အစိုးရထံ တောင်းဆိုထားသည်။

နအဖစစ်အစိုးရကမူ လွှတ်တော်တွင် တပ်မတော်မှ ကိုယ်စားလှယ် (၂၅) ရာခိုင်နှုန်းပါဝင်ရမည်ဟု အခြေခံဥပဒေ တွင် ထည့်သွင်းရေးဆွဲခဲ့ကာ ၂၀၁၀ တွင် ရွေးကောက်ပွဲကျင်းပသွားမည်ဟု ကြေညာထားသည်။

Read More...

မွန်ပြည်သစ်မှ ခရိုင်ကော်မတီဝင် တဦး လုပ်ကြံခံရ

ဖနိဒါ
တနင်္လာနေ့၊ ဧပြီလ 20 2009 17:56 - မြန်မာစံတော်ချိန်


ချင်းမိုင် (မဇ္ဈိမ)။ ။ မြန်မာစစ်အစိုးရနှင့် အပစ်အခတ် ရပ်ထားသော မွန်ပြည်သစ်ပါတီမှ ခရိုင်ကော်မတီဝင် တဦးသည် ပြီးခဲ့သည့် စနေနေ့က အမည်မသိ သေနတ်သမား၏ လုပ်ကြံသတ်ဖြတ်မှုကို ခံခဲ့ရသည်။

ဒေါက်တာ မင်းနောင် ခေါ် နိုင်မင်းနောင် (၄ဝ နှစ်) သည် မွန်ပြည်သစ်ပါတီ - NMSP အတွက် ဆန် ဝယ်ရန် မော်လမြိုင်မြို့ ဘဏ်တခုမှ ကျပ်သိန်း ၁၈ဝ ထုတ်ယူပြီး မြို့နယ်အတွင်းရှိ မုဒုံကားလမ်းပေါ်ရှိ ဖာအောက်နှင့် ရိုးဂိုးကျေးရွာကြား အရောက်တွင် ပစ်ခတ် သတ်ဖြတ်ခံရခြင်း ဖြစ်သည်။

“သူက ညနေပိုင်းမှာ ရုံးကနေ ထွက်သွားတာ အပြန်လမ်းမှာ အသတ်ခံရတယ်။ နောက်ကျော ပေါက်သွားတယ်။ ရင်ဘတ် ပေါက်သွားပေါ့နော်။ ငွေတွေကတော့ ယူမသွားဘူး။ အခုတော့ မွန်ရဲတွေက ယူထားတယ်” မော်လမြိုင်မြို့ အခြေစိုက် မွန်ပြည်သစ်ပါတီ ရုံးမှ ဝန်ထမ်းတဦးက မဇ္ဈိမကို ပြောသည်။

ကမာဝက်ရွာ နေအိမ်သို့ မော်တော်ဆိုင်ကယ်ဖြင့် ပြန်လာစဉ် နောက်ကျောမှ ပစ္စတိုဖြင့် အပစ်ခံရခြင်း ဖြစ်သည်။


လုပ်ကြံသည့် တရားခံကို မသိရှိရသေးဘဲ၊ ဆက်လက် စုံစမ်းနေသည်။

“သူက မိုးမကျခင် ကျနော်တို့ ရိက္ခာ စုဆောင်းနေတဲ့အချိန်မှာ ဖြစ်သွားတာပဲ။ လက်ရှိ တာဝန်ထမ်းနေချိန်မှာပဲ လုပ်ကြံခံရတာပဲ။ အခု သူ့ကို လုပ်ကြံတာက ဘယ်သူဘယ်ဝါ ဘယ်အဖွဲ့ဆိုတာ မသိနိုင်သေးဘူးပေါ့နော်။ ကျနော်တို့ရဲ့ ဗဟိုတာဝန်ခံတွေတော့ ဆက်စုံစမ်းအုံးမယ်” ဟု ရန်ကုန်အခြေစိုက် မွန်ပြည်သစ်ပါတီရုံးမှ တာဝန်ခံ နိုင်ရာဂျာ Nai RarJar က မဇ္ဈိမကို ပြောသည်။

နိုင်မင်းနောင်သည် ၁၉၉၂ ခုနှစ်တွင် ရေဆင်း တိမွေး/ကု ကျောင်းသားဘဝမှ NMSP သို့ ဝင်ရောက်ခဲ့ပြီး မွန်ပြည်နယ် မုဒုံမြို့နယ် ကမာဝက်ကျေးရွာ ဇာတိဖြစ်ကြောင်း ထိုင်းအခြေစိုက် လွတ်လပ်သော မွန်သတင်းအေဂျင်စီ (IMNA) အဆိုအရ သိရသည်။

NMSP တွင် စစ်သည်ဘဝ၌ သတင်းထောက်လှမ်းရေးတပ် ဒုအရာခံဗိုလ်၊ NMSP သတ္တမ အကြိမ်မြောက် ညီလာခံမှစ၍ ခရိုင်ကော်မတီဝင်၊ NMSP ဗဟို ကယ်ဆယ်ရေးနှင့် ဖွံ့ဖြိုးရေးကော်မတီ အတွင်းရေးမှူးအဖြစ် NMSP အုပ်ချုပ်မှုအောက်ရှိ ကျေးရွာ ရွှေ့ပြောင်းခံရသော မွန်ပြည်သူများအတွက် ဆန်ရိက္ခာစုဆောင်းရန် ကြိုးပမ်းရင်း ယခုလို လုပ်ကြံခံရခြင်း ဖြစ်ကြောင်း IMNA က ပြောသည်။

ထို့အပြင် လက်နက်တိုဖြင့် ပစ်ခတ်ခံရပြီး ကျည်ဆံမှာ နောက်ကျောမှ ရင်ဘတ်သို့ ဖောက်ထွင်းခံထားရကာ ထိုင်းနိုင်ငံမှ လာသော လက်နက်တမျိုးဖြင့် ပစ်ခတ်ခြင်းဖြစ်သည်ဟု လုပ်ကြံခံရသော နေရာအနီးတဝိုက်မှ ရှာဖွေတွေ့ရှိသည့် ကျည်ခွံမှတဆင့် အတည်ပြုနိုင်ခဲ့ကြောင်း ဆိုသည်။

“လုပ်ကြံခံရတယ်ဆိုတော့ ဆုံးရှုံးမှု အများကြီး ရှိတာပေါ့။ နောက်တခုရှိတာက ကျနော်တို့ ပါတီဝင်ထဲမှာဆိုရင် ဒီလိုဖြစ်လာတော့ သွားရလာရတာ စိုးရိမ်ရတဲ့ အနေအထား ရှိနေတယ်ပေါ့။ ဘယ်သူ လုပ်ကြံမှန်းလဲ မသိ၊ ဘာကြောင့် ဒီလိုဖြစ်မှန်းလဲ မသိ၊ ဒီလိုအနေအထားမျိုးမှာ ကျနော်တို့ ကျန်တဲ့ ပါတီဝင်တွေအတွက် စိုးရိမ်ရတယ်။ စိတ်အနှောင့်အယှက်လည်း ဖြစ်ရတယ်” ဟု နိုင်ရာဂျာက ပြောသည်။

၂ဝဝ၈ ခုနှစ်အတွင်း ဘုရားသုံးဆူမြို့နယ် NMSP အတွင်းရေးမှူးအဖြစ် တာဝန်ယူခဲ့စဉ် မူးယစ်ဆေးဝါး တိုက်ဖျက်ရေးလုပ်ငန်း၌ အားကြိုးမာန်တက် ဆောင်ရွက်ခဲ့ခြင်းကြောင့် မူးယစ်ဆေးဝါး ဂိုဏ်းတခုမှ လုပ်ကြံသည်လည်း ဖြစ်နိုင်ကြောင်း အမည်မဖော်လိုသူ NMSP ပါတီဝင်တဦးက ပြောသည်။

ထို့အပြင် အခင်းဖြစ်ပွားသည့် နေရာမှာ ရိုးဂိုးရွာ အဝင်လမ်းထိပ်ရှိ စစ်ဆေးရေးဂိတ်နှင့် ကိုက် ၆ဝဝ ကျော်ခန့်သာ ကွာဝေးသဖြင့် ယခုလုပ်ကြံမှုတွင် ဒေသခံ အာဏာပိုင်များ မျက်ကွယ်ပြုထားခြင်းလည်း ဖြစ်နိုင်ကြောင်းနှင့် ကျပ်သိန်း ၁၈ဝ ကို သယ်လာစဉ် လုပ်ကြံခံရသော်လည်း လုပ်ကြံသူများက ငွေကို ယူမသွားခြင်းမှာ နောက်ကြောင်း တခုခု ရှိနိုင်ကြောင်း သူက သုံးသပ်ပြောဆိုသည်။

ကျပ်သိန်း ၁၈ဝ နှင့် ဆိုင်ကယ်ကို ယခုအချိန်တွင် မွန်ပြည်နယ် မော်လမြိုင်မြို့ ရဲစခန်းတွင် ထိန်းသိမ်းထားသည်။

ရုပ်အလောင်းကို ယမန်နေ့က မော်လမြိုင်မြို့ သုဿာန်တွင် မီးသင်္ဂြိုဟ်ခဲ့သည်။

Read More...

"မေမေ့သားလေးဘယ်တော့မှ စစ်ကျွန်မဖြစ်စေရဘူး"

20.4.09(http://khinmamamyo.blogspot.com/2008/12/blog-post_24.html ဖြစ်ပါတယ်။
ရေးသူမှာလည်း ဘလော့ဂ်ရေးသူ ခင်မမမျိုး)စစ်ဗိုလ် ကို မှ အထင်ကြီးလှပါတယ်ဆိုတဲ့ မိန်းကလေးများဖတ်ရန်

အချိန်ကား (၁၉၉၄) ခုနှစ်။
နေရာကား သန်လျင်တဘက်ကမ်း။
အကြော်သည် ဒေါ်အေးစိန်၏ အိမ်တွင် လူစည်ကားနေသည်။ ဖတဆိုးသားလေး ကျော်စွာမင်း ဆယ်တန်းကို နှစ်ဘာသာဂုဏ်ထူးဖြင့် အောင်သည်မို့ အခမ်းအနားလေးတခု ကျင်းပနေခြင်းဖြစ်သည်။ ရပ်ကွက်ထဲမှ လူအများကို မုန့်ဟင်းခါးပွဲလေးနှင့် ဧည့်ခံနေရင်း ဒေါ်အေးစိန်ရင်ထဲတွင် ၀မ်းနည်းဝမ်းသာခံစားနေရသည်။ ၀မ်းနည်းသည်က ခင်ပွန်းသည်အတွက်၊ ၀မ်းသာရသည်က ချစ်လှစွာသော သားလေးအတွက်။ ခင်ပွန်းသည်ဆုံးပါး သွားပြီနောက်မှာ ဘ၀ကို ပင်ပင်ပန်းပန်း ရုန်းကန်ရင်း သားလေးကို လူလားမြောက်အောင် တာဝန်ယူခဲ့ရသည်။ ခြောက်နှစ်ဆိုသောကာလမှာ ပင်ပန်းပါဘိခြင်း။ အခုတော့ ပင်ပန်းရကျိုးနပ်ပါသည်။ သားလေးဆယ်တန်းအောင်သွားပြီ။ အကြော်သည် မုဆိုးမသားလေး ဘွဲ့ရပညာတတ်ဖြစ်အောင် ဆက်ကြိုးပမ်းရဦးမည်။ ဘာပဲဖြစ်ဖြစ် အမေရဲ့သားလေး ဘယ်တော့မှ မျက်နှာမငယ်စေရ။
"အမေပျော်လိုက်တာသားရယ်၊ ငါ့သားလေးအတွက် အမေဂုဏ်ယူတယ်သိလား။ တက္ကသိုလ် ဆက်တက်နော်သား။ အမေထားပေးမယ်"
"အမေလဲ ပင်ပန်းနေပါပြီအမေရယ်။ အမေပိုက်ဆံ မကုန်အောင်လေ သားစစ်တက္ကသိုလ်ပဲ သွားတော့မယ်"
"ဘာ----"
သားလေးရဲ့ စကားသံအဆုံးမှာ သူမတကိုယ်လုံး အေးစက်တောင့်တင်းသွားသည်။ "အမယ်လေး၊ ကိုသောင်းမင်းရယ်"လို့သာ တမ်းတဟစ်အော်ပြီး ငိုလိုက်ချင်စိတ်ပေါက်သွားသည်။

"သားရယ်။ စစ်တက္ကသိုလ်တော့မသွားပါနဲ့။ မင်းအဖေသေရတာ စစ်တပ်က ပစ်တဲ့ သေနတ်ကျည်ဆံကြောင့်ဆိုတာ သားလဲသိသားနဲ့"

လွန်ခဲ့သော ခြောက်နှစ်က အတိတ်ဆိုးများကို ပြန်သတိရလာသည်။ ကိုသောင်းမင်းက ကုန်းလမ်းပို့ဆောင်ရေး (ကပရ)က ၀န်ထမ်း။ ရှစ်လေးလုံးအရေးတော်ပုံမှာ ပါဝင်ဆန္ဒပြခဲ့ရင်း စစ်တပ်မှပစ်သော သေနတ်ကျည်သင့်ပြီး သေဆုံးခဲ့ရတာဖြစ်သည်။


"သားသိပါတယ်အမေရယ်။ ဒါပေမယ့် သားတို့မှာ ရွေးစရာလမ်းမှ မရှိတော့တာပဲ။ သားတက္ကသိုလ်တက်ပြီး ဘွဲ့ရတော့ကော အလုပ်ရမှာမှ မဟုတ်တာပဲ အမေရယ်။ အခုရန်ကုန်မြို့ကြီးမှာ ဘွဲ့ရတက္ကစီမောင်းသမားတွေမှ အများကြီးရယ်။ စဘော်တင်စရာလေးရှိရင်တော့ တက္ကစီလေး မောင်းလို့ရမယ်။ ဒါပေမယ့် သားတို့မှာ စဘော်တင်စရာငွေတောင် ရှိတာမှမဟုတ်တာပဲ။ ပြီးတော့ မေမေပင်ပင်ပန်းပန်း ရှာထားတဲ့ ငွေတွေနဲ့ ကျောင်းမတက်ပါရစေနဲ့ အမေရယ်။ အခုအချိန်မှာ စစ်တက္ကသိုလ်တခုတည်းပဲ ထွက်ပေါက်ရှိနေတာ"

"ကျော်စွာမင်း၊ သားလေးရယ်။ သားအတွက် အမေကြိုးစားလာခဲ့သမျှဟာ လူသတ်သမားဖြစ်ဖို့ မဟုတ်ဘူးနော်။ မလုပ်ပါနဲ့"
"သားဆုံးဖြတ်ပြီးပြီအမေ။ သားဘ၀တက်လမ်းအတွက် ဒီအက်စ်အေကိုပဲသွားချင်တယ်"
(၂)
အချိန်ကား (၂၀၀၅) ခုနှစ်။
နေရာကား ရန်ကုန်မြို့ တက္ကသိုလ်ရိပ်သာလမ်းသစ်။
"သမီး၊ ဆုံးဖြတ်ပြီးပြီလား"
မေမေ့ရဲ့ အေးစက်စက်အသံကြောင့် လင်းလင်းနွယ် မျက်နှာလေးငယ်သွားရသည်။ ချစ်သူက လက်ထပ်ချင်သည်ဆို၍ မေမေ့အား ပြောပြ အသိပေးရခြင်းဖြစ်သည်။ စစ်တပ်မှ အရာရှိငယ်လေးမို့ မေမေမငြင်းလောက်ပါဘူး ထင်ထားမိသည်။
"မေမေကသဘောမတူလို့လားဟင်"
"မတူရုံတင်မကဖူးသမီး။ အဲလိုလူစားမျိုးတွေနဲ့ မပတ်သက်ချင်ဘူး"
"ဘာဖြစ်လို့လဲမေမေ"
"မေမေဟာ ချမ်းသာကြွယ်ဝတဲ့မျိုးရိုးက ဆင်းသက်လာပေမယ့် လူတန်းစားလုံးဝ မခွဲတတ်တာ သမီးသိတယ်နော်"

"သိပါတယ်မေမေ"
"မေမေလူတိုင်းကို မေတ္တာထားနိုင်တယ်။ ဒါပေမယ့် အဲဒီအထဲမှာ ဒီလိုလူတွေမပါဘူး။ လူသတ်သမားတွေ မပါဘူး"
မေမေ့ မျက်ဝန်းထဲက နာကြည်းမှု အရိပ်တွေကို မြင်တွေ့နေရတာမို့ သူမမှာ အသံပင်မထွက်ရဲ။
"လူနာတွေကို မေမေသိပ်ချစ်တယ်သမီး။ မေမေတို့ဆရာဝန်၊ ဆရာမတွေ အလုပ်ဆိုတာက လူနာတွေကို ကယ်ဖို့။ ဆေးရုံဆိုတာ လူ့အသက်တွေကို တတ်နိုင်သမျှ ကြိုးစားကယ်တင်နေတဲ့နေရာ။ လွန်ခဲ့တဲ့ ဆယ်နှစ်ကျော်က စစ်တပ်ဟာ လူ့အသက်တွေကို ကယ်တင်နေတဲ့ ဆေးရုံဝင်းထဲကို သေနတ်တွေနဲ့ ပစ်ခဲ့ကြတယ်။ လူသတ်ပွဲတွေကို ရပ်ပါတော့လို့ တောင်းဆိုခဲ့တဲ့ ဆရာဝန်၊ ဆရာမလေးတွေကို သွေးအေးအေးနဲ့ သတ်ပစ်ခဲ့ကြတယ်။ ဒီမြင်ကွင်းတွေကို မျက်ဝါးထင်ထင် တွေ့ထားရတဲ့ မေမေဟာ ဒီလိုလူမျိုးတယောက်ကို ကိုယ့်မိသားစုထဲ အ၀င်မခံနိုင်ဘူးနော်သမီး"
"မေမေရယ်။ အဲဒီတုန်းက ကိုကိုတို့ပါခဲ့တာမှမဟုတ်တာ။ အခုတပ်မတော်ကြီးကလဲ ပြောင်းလဲနေပါပြီ မေမေရဲ့။ အရင်လိုမဟုတ်တော့ပါဘူး"
"တော်စမ်းလင်းလင်းနွယ်။ မင်းသားခေါင်းဆိုတာ ဘယ်လောက်ကြာကြာ စွပ်ထားနိုင်မှာတဲ့လဲ။ မေမေတခွန်းပဲ ပြောမယ်နော်သမီး။ လုံးဝသဘောမတူနိုင်ဘူး။ ယောက်ျားမရှားပါဘူးသမီးရယ်။ သမီးကြိုက်တယ်ဆိုရင် လမ်းဘေးက ဆိုက်ကားသမားကို ရွေးလာလဲ မေမေသဘောတူမယ်။ ဒါနောက်ဆုံးပြောတာ"

အင်မတန်ပြတ်သားထက်မြက်လှသော မေမေ့ကို သူမ ဘာမှပြန်မပြောရဲတော့ပါ။ သို့ပေမယ့် ကိုကို့ကိုလဲ မခွဲနိုင်။ အချစ်အတွက် စွန့်စားဖို့ သူမဆုံးဖြတ်ချက် ချလိုက်တော့သည်။ ဘာပဲပြောပြော တစ်ဦးတည်းသော သမီးလေးကို မေမေ မစွန့်ပစ်ရက်နိုင်ပါဘူးလေ။
(၃)
၂၀၀၇ ခုနှစ်၊ မတ်လ။
တပ်ရင်း ( ) အရာရှိအိမ်ယာ။
"မင်းကို ၀တ်တာ၊ စားတာ၊ နေတာ၊ ထိုင်တာ ဂရုစိုက်ပါလို့ ငါဘယ်နှစ်ခါ ပြောရမလဲ"
"အဲလိုပြောရအောင် ကျွန်မက ဘာတွေ လုပ်နေလို့လဲကိုကို"
"ဒီနေ့အခမ်းအနားမှာ မင်းဝတ်လာတဲ့ စိန်နားကပ်ကြီးကို ပြောနေတာ"
"ဒါဘာထူးဆန်းလို့လဲကိုကို။ စိန်အပါးဝိုင်းနားကပ်။ ကျွန်မတို့ မျိုးရိုးစဉ်ဆက် ဒီလိုပဲ ၀တ်ခဲ့ကြတာပဲ။ အခမ်းအနားပဲကိုကို။ ၀တ်မှာပေါ့"
"မင်းဝတ်ထားတာတွေကြည့်ပြီး၊ တပ်ရင်းမှူးကတော် ဘယ်လောက်မျက်နှာပျက်နေတယ်ဆိုတာ မင်းမမြင်ဘူးလား"
"ဘယ်တတ်နိုင်မှာလဲကိုကို။ ကိုယ့်ရှိလို့ကိုယ်ဝတ်တာပဲ။ ပြီးတော့ ဒါက သူတို့လို မတရားသဖြင့် စီးပွားရှာလာဘ်စားပြီး၊ ရထားတဲ့ ရတနာတွေမှမဟုတ်တာ။ မိဘအမွေပဲလေ။ သန့်သန့်ရှင်းရှင်းတွေ"
"မင်းစကားတွေ ဘယ်ရောက်နေလဲဆိုတာ မင်းသိသင့်တယ်နော်။ မင်းအခုနေနေတာ စစ်တပ်ကွ။ မင်းယူထားတဲ့ ယောက်ျားက စစ်သား"
"ဘာလဲကိုကို။ စစ်တပ်ဆိုတာ ဒီလိုကြီးနိုင်ငယ်ညှဉ်း လုပ်နေတဲ့နေရာမျိုးလား။ ယောက်ျားရဲ့ အထက်အရာရှိ မိန်းမတွေရှေ့မှာ ကိုယ့်မိဘ အမွေရတနာလေးကိုတောင် ထုတ်မ၀တ်ရတဲ့ နေရာမျိုးလား"
"စစ်တပ်ဆိုတာ အထက်လူကြီးတွေကို ရိုသေလေးစားရတဲ့ နေရာမျိုးကွ။ လူကြီးတွေရဲ့ မျက်နှာအရိပ်အကဲကို သိရတယ်။ သူတို့မျက်နှာကို ကြည့်နေရမယ်။ လူကြီးကတော်က စိန်ဝင်ရင် ကိုယ်က ရွှေပဲဝတ်ရမယ်။ သူတို့ကို တုပြိုင်သလိုမျိုး ဘယ်တော့မှမဖြစ်ရဘူး"
"တော်စမ်းပါကိုကိုရာ။ အဲဒီသြ၀ါဒတွေကို ဘယ်နှစ်ခါ ခြွေနေဦးမှာလဲ။ မပြောချင်လို့ ကြည့်နေတာနော်ကိုကို။ ကျွန်မပညာတတ်မိန်းမ။ ပညာ၊ ဥစ္စာရှိပေမယ့် ကျွန်မမမောက်မာဘူး။ ဘယ်တုန်းကမှ လူတဘက်သားကို နှိမ့်ချမဆက်ဆံဘူး။ ကိုကို့ကို ချစ်လွန်းလို့သာ ကိုကို့ လူကြီးမိန်းမတွေရဲ့ မောက်မာမှုတွေကို သည်းခံနေတာနော်။ လူကြီးကတော်ဆိုတာတွေကို ခြေသလုံးဖက် ဒူးတုပ်ခယနေရတဲ့ဘ၀ကို သိပ်ပြီး ကျေနပ်လွန်းတယ်မထင်နဲ့"
"မကျေနပ်တော့ မင်းကဘာလုပ်ချင်လဲ။ မင်းဟာ ငါ့မိန်းမ။ ဗိုလ်ကြီးကျော်စွာမင်းရဲ့ မိန်းမ။ ဒီတော့ ငါ့အထက်က အရာရှိကတော်တွေအားလုံးဟာ မင်းရဲ့ အထက်လူကြီးတွေပဲ။ ရိုသေလေးစားရမယ်။ ခိုင်းတာလုပ်ရမယ်။ ဒါပဲ"
"ဟုတ်ပါတယ်။ ဘာလုပ်လို့ရမှာလဲ။ ကျွန်မကိုက ကျွန်ယောက်ျားကို ယူခဲ့မိတာကိုး။ ကျွန်မိန်းမပဲဖြစ်ရတော့မှာပေါ့"
သူမရဲ့ ပေါက်ကွဲအော်ဟစ်သံအဆုံးမှာ ဗိုလ်ကျော်စွာမင်းရဲ့ လက်က လေထဲသို့မြောက်တက်သွားသည်။
"မင်းလက်ကို ချလိုက်စမ်း၊ ကျော်စွာမင်း"
သူမမျက်စိပိတ်လိုက်မိစဉ်မှာ ကယ်တယ်ရှင် မေမေ့အသံက ထွက်ပေါ်လာခဲ့သည်။ သမီးကို စိတ်မချသူ မေမေက ဆေးခန်းအပြန်ဆို တခါတလေ ၀င်လာနေကျ။
"မင်းကိုဒို့က ယောက်ျားကောင်းတယောက်လို့ ထင်ထားတာ။ လက်စသတ်တော့ တကယ့် လူဖျင်းလူညံ့ပါလား"
"လင်မယားကြားမှာ ၀င်မပါချင်ပါနဲ့ အန်တီ"
"ပါရမယ်ကျော်စွာမင်း။ ဘာလို့လဲဆိုတော့ လင်းလင်းနွယ်ဟာ ဒို့သမီးဖြစ်နေလို့ပဲ။ သမီးတယောက်ရဲ့ အန္တရာယ်ကို ကာကွယ်ဖို့ အမေတယောက်မှာ တာဝန်ရှိတယ်"
"အန်တီ့သမီးမှာ ဘာအန္တရာယ်မှ ကျရောက်နေတာမဟုတ်ဘူး။ မလိမ္မာလို့၊ လူအရိပ်အကဲနားမလည်လို့ ကျွန်တော်က ဆုံးမနေတာ"
"ဒို့သမီးကို လူရာဝင်အောင် အမေတယောက်အနေနဲ့ ဆုံးမလမ်းညွှန်ခဲ့ပြီးသား။ လူအရိပ်အကဲ ဆိုတာကိုလဲ သူနားလည်တယ်။ သူ့အခွင့်အရေးကိုလဲ သူနားလည်တယ်။ ဧည့်ခံပွဲဆိုတာကို ဘယ်လိုဝတ်စားသွားရမယ်၊ အသုဘဆိုတာကို ဘယ်လို ၀တ်စားသွားသင့်တယ်ဆိုတာလဲ သူသိတယ်။ အေး- တခုတော့ရှိတယ်။ ကျွန်ခံနည်းကိုတော့ ဒို့မသင်ပေးခဲ့ဖူးဘူး"
"အန်တီက ကျွန်တော့်ကို စော်ကားနေတာလား"
"မင်းအကြောင်းမင်းသိမှာပေါ့။ ကိုယ့်မိန်းမတယောက်ကို သူတပါးရှေ့မှာ ဒူးတုပ်ခစားဖို့ ကျွန်ဇာတ်သွင်းနေတဲ့ ယောက်ျားမျိုး ဒို့တသက်မှာ ဒီတခါပဲ တွေ့ဖူးသေးတယ်။ ကိုယ့်မိန်းမကိုယ် မကာကွယ်ပေးနိုင်ပဲ အိမ်တွင်းအကြမ်းဖက်မှုလုပ်နေတဲ့ ယောကျာ်းတယောက်လက်ထဲမှာ ဒို့သမီးကို ဘယ်လိုစိတ်ချရမလဲ"
မေမေနဲ့ သူ စကားပြောနေစဉ်မှာ သူမခေါင်းထဲတွင် အတွေးများ ရှုပ်ယှက်ခတ်နေသည်။ သူ့ကိုချစ်တာမှန်ပေမယ့် ဒီလိုဒဏ်တွေကို သူမမခံနိုင်။ မဆီမဆိုင် သူတပါးအောက်ကျို့နေရသည့် ဘ၀ကိုလဲ သူမစိတ်ကုန်လှပါပြီ။ ကြီးနိုင်ငယ်ညှဉ်းဖြစ်ရပ်များစွာကိုလဲ သူမတွေ့နေခဲ့ရပြီ။ အထက်လူကြီးကတော် ခြေသလုံးကို နှိပ်ပေးရတဲ့အကြိမ်များလဲ မနည်းတော့။ ယောက်ျားများ အလုပ်သွားနေစဉ်၊ အရာရှိငယ်မိန်းမများကို အိမ်ခေါ်ပြီး ညစ်ညမ်းခွေများပြနေသည့် လူကြီးကတော်ကလဲ ရှိသေးသည်။ စကော့ဈေးခေါ်သွားပြီး သူတို့ စမောလေးများနှင့် ချိန်းတွေ့သည်ကို မဆီမဆိုင် အဖော်လိုက်ပေးရသည်ကလဲ ရှိသေးသည်။ အထက်ကိုဖားပြီး အောက်ကိုဖိရသည်ကိုလဲ ရွံ့မုန်းလှပြီ။ သူမတသက်လုံး အိမ်ဖော်တွေရဲ့ ကြီးလှခဲ့တာဆိုပေမယ့် ပိုက်ဆံပေးပြီး အကူအညီ ခေါ်ထားခဲ့ခြင်းသာဖြစ်သည်။ အခုကျတော့ သူတို့ယောက်ျား စစ်သားဖြစ်တာနဲ့ပဲ တပ်ကြပ်ကြီးအိမ်က ခေါ်ခိုင်းလိုက်၊ အရာခံဗိုလ်အိမ်ကခေါ်ခိုင်းလိုက်၊ အရာရှိအိမ်က ခေါ်ခိုင်းလိုက်လုပ်တာကို ခံနေကြရရှာသည်။ လက်အောက်က စစ်သားမိန်းမများ ဘ၀ကိုလဲ သနားလှသည်။
"ကျွန်မတခုပြောမယ်ကိုကို။ ထမင်းတလုတ်ရှာစားဖို့ဆိုတာ မခက်ခဲပါဘူး။ ကိုကိုတပ်ကနေ ထွက်လိုက်ပါ။ ကျွန်ခံပြီး စားရတဲ့ ထမင်းကို မက်မနေစမ်းပါနဲ့"
"မင်းပါးစပ်ပိတ်ထားလို့ ငါပြောနေတယ်နော်။ ကဲ-အန်တီ။ မြန်မြန်ပြန်ပါတော့ဗျာ။ ကျွန်တော်တို့ လင်မယားချင်းကိစ္စ အချင်းချင်းရှင်းပါရစေ"
"ဆောရီးပဲ။ မောင်ကျော်စွာမင်း။ မင်းလိုလူတယောက် လက်ထဲမှာ ဒို့သမီးကို ထားခဲ့ဖို့ ဒို့စိတ်မချဘူး။ သမီး -လာ။ မေမေနဲ့လိုက်ခဲ့"
မေမေ့ခေါ်သံအဆုံးမှာ သူမအခန်းထဲဝင်ပြီး ပစ္စည်းသိမ်းမိခဲ့တော့သည်။ လွတ်လပ်သော မိသားစုဘ၀လေးကိုသာ သူမလိုချင်ခဲ့ခြင်းဖြစ်ပါသည်။ အိမ်ထောင်လေးတခါပြုမိကာမှ အိမ်ထောင်သည် ယောက်ျားကိုသာမက ရှိသမျှ လူအားလုံးရဲ့ ကျွန်သဘောက်ဖြစ်နေခဲ့ရသည်ကို သူမဘ၀င်မကျပါ။ မရီမပြုံးချင်ပဲ ဟန်ဆောင်ပြုံးပြနေရသည့် ဘ၀တွေကိုလဲ သူမငြီးငွေ့လှပြီ။
(၄)
၂၀၀၇ ခုနှစ်၊ စက်တင်ဘာလ။
သန်လျင်တဘက်ကမ်း။
ဒေါ်အေးစိန်တယောက် ဘုရားရှိခိုးပြီး မေတ္တာသုတ်တရားတော်ကို ရွတ်ဖတ်နေမိသည်။ တာဝန်ထမ်းဆောင်နေသော သားလေးဘေးအန္တရာယ်ကင်းဝေးဖို့ကိုလည်း ဆုတောင်းနေမိသည်။ သားလေးတပ်က ရန်ကုန်မှာဆိုပေမယ့်၊ မိသားစုအိမ်လေးကို မခွာရက်တာကြောင့် သားလေးနှင့် သွားမနေဖြစ်ပါ။ တလတခါ ရောက်ရောက်လာတဲ့ သားလေးနဲ့ ချွေးမကိုပဲ အိမ်ကနေ စောင့်စားတွေ့ရတော့သည်။ အခုတလောတော့ ဘာဖြစ်တယ်မသိ။ လူတွေပေါ်မလာပဲ ငွေပဲ ရောက်ရောက်လာတတ်သည်။ နေထိုင်ပဲ မကောင်းလို့လား။
"ဒေါ်ကြီးစိန်ရေ။"
ရပ်ကွက်ထဲက မောင်အေးအိမ်ပေါ်တက်လာတာကြောင့် ဧည့်ဝတ်ပြုရသည်။ ဒီသူငယ်လေးက ရပ်ကွက်ထဲက လူမှုရေးကိစ္စမှန်သမျှ တက်တက်ကြွကြွပါဝင်တတ်သည်။ သူမကိုလဲ အသက်ကြီးအမယ်အိုဆိုပြီး စောင့်ရှောက်ပေးသည်။ အင်တာနက်ဆိုလား၊ ဘာဆိုလားတော့မသိ။ ကော်ဖီဆိုင်လို့တော့ ကြားဖူးသည်။ အဲဒီဆိုင်ကြီးကိုလဲ ဖွင့်ထားသေးသည်။
"ဒေါ်ကြီးရယ်။ ဒေါ်ကြီးသား၊ ကိုကျော်လုပ်ရက်တယ်ဗျာ"

"ဟေ"

သားအသံကြားတော့ သူမသေချာနားစွင့်မိသည်။ မောင်အေးမျက်လုံးမှာ မျက်ရည်စတွေကို တွေ့လိုက်ရတာကြောင့် စိတ်ထဲမကောင်းဖြစ်သွားသည်။ ဘာများဖြစ်လို့ပါလိမ့်။
"ဘာဖြစ်လို့လဲကွယ်။ ဒေါ်ကြီးကို သေချာပြောပြမှပေါ့"
"အခုတလော ရန်ကုန်မှာ ဘုန်းကြီးတွေ မေတ္တာပို့ ဆုတောင်းပွဲတွေ လုပ်ကြတယ်ဒေါ်ကြီး။ မြန်မာပြည်ကြီး ငြိမ်းချမ်းသာယာဖို့အတွက် လမ်းလျှောက်ပြီး မေတ္တာပို့ကြတာ။ အဲဒါဗျာ။ ဟိုနေ့က ရွှေတိဂုံဘုရားပေါ်မှာ မေတ္တာပို့ဝတ်ပြုနေတဲ့ ဘုန်းကြီးတွေကို ခေါင်းရိုက်ခွဲပြီး သတ်ကြတယ်။ သံဃာတော်အများကြီးကိုလဲ စစ်ကားကြီးတွေနဲ့ ဖမ်းခေါ်ကြတယ်။ လမ်းပေါ်မှာလဲ လူတွေနဲ့ သံဃာတွေနဲ့ကို သေနတ်တွေနဲ့ပစ်၊ ဒုတ်တွေနဲ့ရိုက်ကြတယ်"
" အို-ဘုရား။ ဘုရား။ မကြားရက်စရာတွေ။ ဗုဒ္ဓဘာသာတိုင်းပြည်မှာ ဒီလိုတွေဖြစ်နေတယ်ဟုတ်လား။ ရွှေတိဂုံဘုရားပေါ်မှာ ၀တ်ပြုနေတဲ့ သံဃာကို ခေါင်းရိုက်ခွဲသတ်တယ်၊ ဟုတ်လား။ တိရစ္ဆာန်တွေ၊ လူစင်စစ်က ပြိတ္တာဖြစ်မယ့်ဟာတွေ"
"ဟုတ်တယ်ဒေါ်ကြီးရယ်။ ကြားရတဲ့လူတိုင်းလဲ ငိုယိုမျက်ရည်ကျနေကြရတယ်။ လူမဆန်ဘူးဗျာ။ လူတွေမဟုတ်ဘူး။ ပိုပြီးဆိုးတာက။ ဒီမှာကြည့်ပါဦးဒေါ်ကြီးရာ။ အင်တာနက်မှာ ပါလာတဲ့ဓာတ်ပုံ။ အဲဒါတွေကို စီစဉ်ကွပ်ကဲနေတဲ့ စစ်ဗိုလ်က ကိုကျော်မှကိုကျော်အစစ်ဗျ။ ဒေါ်ကြီးသားကိုကျော်ဗျ"
မယုံနိုင်စရာ ပုံရိပ်ကိုကြည့်ရင်း သူမကြက်သေသေသွားသည်။ ဒါဟာ သူမမွေးထုတ်ခဲ့တဲ့ သားတဲ့။ ဒါဟာ သူမအကြော်ဆီပူအိုးဘေးမှာ နှစ်ပေါင်းများစွာ အပူခံပြီး ပညာသင်ပေးခဲ့တဲ့ သားတဲ့။ ဒါဟာ ဘုရားသားတော်တွေကို စော်ကားသတ်ဖြတ်နေတဲ့သားတဲ့။ ဘုရား။ ဘုရား။
ဘုရားစင်ရှေ့သို့ သူမပြေးသွားလိုက်သည်။
"အရှင်ဘုရား။ ဒီလိုသားဆိုးသားမိုက်ကို လူလားမြောက်စေခဲ့တဲ့ တပည့်တော်မကို ခွင့်လွှတ်ပါဘုရား"
(၅)
(၂၀၀၇) အောက်တိုဘာလ။
စင်ကာပူနိုင်ငံ။
မွေးဖွားပြီး ဆေးရုံမှဆင်းလာကာစမို့ သူမတကိုယ်လုံးနွမ်းနယ်နေသည်။ ကိုကိုနဲ့ လမ်းခွဲခဲ့စဉ်ကတည်းက သူမဆီမှာက ကိုကို့ကိုယ်ဝန်ပါလာခဲ့သည်။ သမီးကို အင်မတန်ချစ်တာမို့ မေမေက စင်ကာပူအထိ တကူးတက ခေါ်လာပြီး မွေးဖွားပေးခဲ့သည်။ သားလေးကိုတွေ့တော့ ကိုကို့ကို သတိရသွားသည်။ ဘာပဲဖြစ်ဖြစ် ဓာတ်ပုံလေးတော့ ပို့ပေးဦးမှ။ သားလေးကိုမြင်ရင် ကိုကို့စိတ်တွေပြောင်းလာမှာပါ။ တပ်ထဲက ထွက်လာပြီး၊ သူမတို့မိသားစုနဲ့ နေချင်လာမှာပါ လို့ တွေးလိုက်မိသည်။
"သမီးအွန်လိုင်းတက်လိုက်ဦးမယ်နော်မေမေ"
သူမကပြောတော့ မေမေက အလိုက်တသိပဲ သားငယ်လေးကို လာချီပေးသည်။ ကံအကြောင်းမလှသော သမီးလေးကို မေမေက အစွမ်းကုန်အလိုလိုက်လေသည်။
သူမအီးမေးလ်ထဲသို့ မ၀င်စဖူး အီးမေးလ်တွေ အများကြီးရောက်နေတာကြောင့် အံ့သြသွားမိသည်။ ဘာတွေများ ဖြစ်နေသလဲ။ သိပ်မကြာလိုက်ပါ။ အခြေအနေတွေကို သူမသတိပြုမိသွားတော့သည်။ မြန်မာတွေ ဘာလို့ ဒီလောက် အီးမေးလ်တွေ forward လိုက်လုပ်နေကြသလဲဆိုတာလဲ ရိပ်မိသွားသည်။ ယုတ်မာလိုက်ကြတာ။ မိုက်ရိုင်းလိုက်ကြတာ။ သူမရင်ထဲက မခံချင်စိတ်များသည် နောက်ထပ်အီးမေးလ်တစောင်ကို ဖွင့်ကြည့်မိသည့် အချိန်မှာတော့ အဆုံးစွန်သို့ ရောက်သွားတော့သည်။
"တိရစ္ဆာန်ကောင်။ တိရစ္ဆာန်။ အဲလိုလူမျိုးဟာ ငါ့ယောက်ျားတဲ့လား။ ငါ့သားရဲ့ အဖေတဲ့လား"
သူမအသံ ဘယ်လောက်ကြာသွားသည်မသိ။ မေမေက ပျာပျာယာယာနဲ့ သူမအနီးသို့ရောက်လာသည်။
"မေမေရယ်။ သူ-"
ဘာမှဆက်မပြောနိုင်တော့ပဲ လည်ချောင်းထဲတွင် တစ်စို့စို့ဖြစ်နေသည်။ မျက်ရည်များက အလိုလို လိမ့်ဆင်းကျလာသည်။
မေမေက သူမခေါင်းအား ရင်ခွင်ထဲသို့ ဆွဲသွင်းလိုက်သည်။
"မေမေသိပြီးပါပြီသမီးလေးရယ်။ မေမေအားလုံးကို မြင်တွေ့ခဲ့ပြီးပါပြီ။ ဆေးရုံမှာတုန်းက သမီးလေးကို တမင်ပြောမပြခဲ့တာပါ"
"မေမေရယ်။ သားလေးက သူ့ရဲ့ရင်သွေးတဲ့။ သမီးဘယ်လို----"
သူမရဲ့ နှုတ်ခမ်းကို မေမေက လက်ချောင်းလေးများဖြင့် အုပ်ကာလိုက်သည်။
"အဲလိုမပြောပါနဲ့ သမီး။ ကလေးလေးမှာ ဘာအပြစ်မှမရှိပါဘူး။ တကယ်တော့ သားသမီးတွေဟာ သူတို့မိဘကို ရွေးချယ်ပိုင်ခွင့် အခွင့်အရေးတွေ မရှိကြရှာပါဘူး။ သိပ်သနားဖို့ကောင်းတဲ့ ကလေးလေးတွေပါ။ လူဖြစ်မယ်မကြံသေးဘူး။ မိဘရဲ့ ဆိုးမွေ၊ ကောင်းမွေကို ခံကြရရှာတာပါ။ လောကမှာ ယုတ်မာမိုက်ရိုင်းတဲ့ ဖခင်က မွေးလာတဲ့ ကလေးလေးတွေအားလုံး ဖအေတူဖြစ်လာမယ်ဆိုတဲ့ နိယာမမရှိပါဘူး သမီးရယ်။ မောင်ကျော်စွာမင်းရဲ့ ဖခင်ဟာ လူကောင်းလား၊ လူဆိုးလား မေမေတို့ ဘယ်သိနိုင်ပါ့မလဲ။ ဒါပေမယ့် သူ့ကိုဒီလိုဖြစ်အောင် လုပ်ခဲ့တာဟာ သူ့မိဘမဟုတ်ဘူးသမီး။ စနစ်လေ။ သူဟာ စနစ်ရဲ့ သားကောင်ဘ၀၊ စစ်ကျွန်ဘ၀ကို သွတ်သွင်းခံလိုက်ရတာပါ။ သူ့မိဘနဲ့ မဆိုင်ပါဘူး။ ဒီလိုပဲ အခုသမီးရဲ့သားလေး၊ မေမေ့ရဲ့ မြေးလေးဟာလဲ သူ့အဖေလိုပဲ ဖြစ်လာမယ်လို့ ဘယ်သူက တပ်အပ်ပြောနိုင်မှာလဲကွယ်။ ဒါမျိုးတွေ မတွေးပါနဲ့ သမီးရယ်။ မြေးလေးကို သူ့အဖေရဲ့ အရိပ်မည်းတွေ မရှိတဲ့နေရာမှာ ပြုစုပျိုးထောင်ပေးကြရမယ်။ မေမေ့မြေးလေး တသက်လုံး စစ်ကျွန်မဖြစ်စေရဘူး။ သမီးနားလည်တယ်နော်"
မေမေ့စကားသံအဆုံးမှာပဲ အခန်းထဲက သားလေးငိုသံကြားတော့ သူမအပြေးအလွှား သွားရောက်ပွေ့ချီမိလေသည်။ သားလေးကို ချီထားရင်း သူမပြောမိတဲ့စကားက>
"မေမေ့သားလေးဘယ်တော့မှ စစ်ကျွန်မဖြစ်စေရဘူး" ဟူသတည်း။

ဒီဇာတ်လမ်းကို ဖေါ်ပြခဲ့တဲ့ ဘလော့ဂ်မှာ
http://khinmamamyo.blogspot.com/2008/12/blog-post_24.html ဖြစ်ပါတယ်။
ရေးသူမှာလည်း ဘလော့ဂ်ရေးသူ ခင်မမမျိုး ဖြစ်ပါတယ်။ ရုရှားက
စစ်ခွေးတွေဆီကိုလည်း forward လုပ်ပေးကြပါ။

Read More...

Saturday, April 18, 2009

သာသနာကို အသက်ထက်မကမြတ်နိုးသော ရဟန်းတော်များအဖွဲ့(ဆရာတော်အရှင်သူမြတ်များထံသို့မေတ္တာရပ်ခံချက်)

18.4.09( သာသနာကို အသက်ထက်မကမြတ်နိုးသော ရဟန်းတော်များအဖွဲ့)

သာသနာတော်ကို အသက်သဖွယ်မြတ်နိုးကြသော သံဃာတော်များအား လျှောက်ထားလွှာ

သံဃာတော် အရှင်သူမြတ်တို့ဘုရား
တပည့်တော်တို့ သာသနာတော်သည် နှစ်ပေါင်း ၂၅၀၀ ကျော် သက်တမ်းကာလအတွင်း သာသနာပြုမင်းကောင်းများနဲ့ ကြုံခဲ့ရသလို သာသနာဖျက် မင်းဆိုးမင်းညစ်များနဲ့လည်း ကြုံခဲ့ရပါတယ်ဘုရား။ တပည့်တော်တို့ မြန်မာပြည်မှာလည်း အလားတူအဖြစ်မျိုးနဲ့ ကြုံတွေ့ခဲ့ရပါတယ်ဘုရား။ အထူးသဖြင့် အင်းဝခေတ်က သိုဟန်ဘွားမင်းဟာ ရဟန်းသံဃာပေါင်း ၃၀၀၀ ကျော်ကိုသတ်ဖြတ် ဘုရားဟော ပိဋ္ဋကတ်တော်များကို မီးရှို့ဖျက်ဆီးတော်မူခဲ့ပါတယ်ဘုရား။ အလားတူ အခုအခါမှာလည်း ကိုယ့်ကိုယ်ကို နထင်သွေးရောက်ပြီး ဘုရင်ရှုးနေတဲ့သန်းရွှေဟာလည်း စားစရာမရှိတဲ့အချိန်မှာ နေပြည်တော်ဆိုပြီး မြို့တော်ကိုပြောင်း အပြစ်တွေများပြီး တုန်လှုပ်ခြောက်ခြားနေတဲ့အတွက် အကုသိုလ် ပြေဖို့ ဥပ္ပာတသန္တိစေတီကိုတည်၊

ငြိမ်းချမ်းစွာလမ်းလျှောက် ဆန္ဒပြနေကြတဲ့ သံဃာတော်တွေကို ရက်ရက်စက်စက် လူရှေ့သူရှေ့မရှောင် သေနတ်များနဲ့ ပစ်ခတ်သတ်ဖြတ်ခဲ့ကြသည်မှာလည်း အရှင်ဘုရားများအသိပင် ဖြစ်ပါသည်ဘုရား။ဒါ့အပြင် ဘာမဆိုင်ညာမဆိုင် ညသန်းခေါင် အချိန်မှာ ကျောင်းတိုက်ပေါင်း ၆၀ ကျော်ကို ရှေ့တန်းစစ်မျက်နှာသဖွယ် အတင်းတလကြမ်း တိုက်ခိုက် သံဃာတော်တွေကို ရိုက်သတ် ခေါ်ဆောင်သွားပြီး သံဃာတော်ပေါင်း ၂၀၀ ကျော်ကို မတရားနှိပ်စက် အကျဉ်းချထားသည်မှာလည်း အရှင်ဘုရားများအသိပင်ဖြစ်ပါသည်ဘုရား သို့သော် နိုင်ငံတော် ဆွဲခန့် မဟာနာယကဆရာတော်ကြီးများဟာ ဤကိစ္စများကို လုံးဝကန့်ကွက်ခြင်းမရှိ နအဖစစ်အုပ်စုရဲ့ လာဘ်လာဘနဲ့ ပါစပ်ပိတ်ခြင်းခံနေရပါသည်ဘုရား။ မဟနဆရာတော်ကြီးများလည်း လက်ကိုင်ဖုန်း၊ ကားလိုင်စင်များပေးပြီး သိမ်းသွင်းစည်းရုံးပြီး လောဘရဲ့ သားကောင်များအဖြစ် မွေးမြူထားကြသည်မှာလည်း အရှင်ဘုရားများအသိပင်ဖြစ်ပါသည်ဘုရား။ ဆရာတော်ကြီးများကိုယ်တိုင် လာဘ်စားနေတာသိနေပါလျှက် လုံးဝ အရေးယူခြင်းမရှိ သေဖော်ညှိနေကြ ပေါင်းစားနေကြသည်မှာလည်း သံဃာအများစုသိနေကြပါသည်ဘုရား။ ဤအခြေအနေအရပ်ရပ်ကို ကြည့်သောအားဖြင့် တချိန်က ထေရ၀ါဒအထွန်းကားဆုံး မြန်မာနိုင်ငံဟာ သာသနာ့ ဘေးရန်ကျရောက်နေပြီး အင်္ဂုတ္ထိုပါဠိမှာ ဘုရားဟောခဲ့တဲ့ သာသနာကွယ်ကြောင်းတရားများနဲ့လည်း အတော်ကိုက်နေကြောင်းလည်း သံဃာတော်အများစုက လက်ခံထားကြပါသည်ဘုရား။ တပည့်တော်တို့ သံဃာတော်များသည် သာသနာတော်၏ရှေ့တမ်းက အသေခံတပ်သားများသဖွယ် မားမားမတ်မတ် ရပ်တည်ရမည်မှာ တပည့်တော်တို့ အဓိက တာဝန်ဖြစ်ပါတယ်ဘုရား။ တပည့်တော်တို့ဟာ အခုလို သာသာနာ့ဘေးရန်ကြရောက်တဲ့အချိန်မှာ ဘုရားအလောင်းသူတော်ကောင်းများ၏ လမ်းစဉ်အတိုင်း သာသနာတော်ကို အသက်ပေး၍ ကာကွယ်ရန်အချိန်ကျရောက်နေပါပြီဘုရား။ တပည့်တော်တို့ မြန်မာပြည်သားများဟာလည်း ကမ္ဘာ့အလယ်မှာ မျက်နှာငယ်လေးများနဲ့ စိတ်အားငယ်နေကြပါသည်ဘုရား။ တပည့်တော်တို့ရဲ့ အမျိုးဂုဏ် ဇာတိဂုဏ်ကို ကာကွယ်ရန်အချိန်မှာ အရှင်ဘုရားများအတွက် အကောင်းဆုံးအချိန်ဖြစ်ပါသည်ဘုရား။ အခုလိုလုပ်ဆောင်တာဟာ တပည့်တော်တို့ဘုရားအလောင်းများ ကျင့်သုံးခဲ့တဲ့ ဥာတတ္ထစရိယ မိမိရဲ့ ဆွေတော်မျိုးတော်များအတွက် ကျင့်ခြင်း၊ လောကတ္ထစရိယ လောကကောင်းကျိုးအတွက်ကျင့်ခြင်း ဆိုတဲ့ ဘုရားအလောင်းကျင့်စဉ်များကို လိုက်နာကျင့်သုံးသည့်အတွက် ပါရမီဖြည့်ရာလည်းရောက်ပါသည်ဘုရား။
ဘုရားအလောင်းများဟာ မည်သည့်ရန် မည်သည့်ပြဿနာ မည်သည့်အခက်အခဲမဆို မိမိရဲ့ပညာပါရမီအစွမ်းဖြင့် လွယ်လွယ်နဲ့ အနိုင်ယူ ဖြေရှင်းနိုင်ခဲ့သည်ကို ငါးရာငါးဆယ်ဇာတ်တော်လာ ၀ဍ္ဎကီသူကရဇာတ်( ဒု၊စာ-၅၈၁) လဋ္ဋုကိကဇာတ်(တိ၊စာ-၃၃) တို့မှာ အထင်းအရှားတွေ့နိုင်ပါသည်ဘုရား။ ဒီဇာတ်တော်တွေဟာ တပည့်တော်တို့ မြန်မာပြည်လွတ်မြောက်ရေးအတွက် အဖြေပါပဲဘုရား။ တပည့်တော်တို့နိုင်ငံတစ်ခုလုံးမှာ လူမိုက် လူရမ်းကား အများစုသာ ရယက ၊မယက အစ အထက်အဆင့်ဆင့်နေရာ ရာထူးများကို ရယူထားပြီး အဓမ္မသမားများလွှမ်းမိုးထွန်းကားရေးကို ဦးစားပေးလုပ်ဆောင်နေသည်မှာ ထင်ရှားပါသည်ဘုရား။ အဓမ္မသမားလူရမ်းကားများဟာ အဓမ္မသမားများကို ဦးစားပေးသည်မှာ မထူးဆန်းပါဘူးဘုရား။ ဤကဲ့သို့ အဓမ္မသမားလူရမ်းကားများ ထွန်းကားနေသည့်အတွက် တိုင်းပြည်မှာ သူခိုး ဓားပြ လူသတ်မှုများ နေ့စဉ်ဆိုသလို ဖြစ်နေပါတယ်ဘုရား။ သံဃာတော်အရှင်မြတ်များကို အထူးလျှောက်ထားလိုသည်မှာ တပည့်တော်တို့ နိုင်ငံကို အဓမ္မသမားများကို ဖယ်ရှား၍ ဓမ္မသမားများနဲ့ အစားထိုးရေးကို လုပ်ဆောင်ရန် အချိန်တန်ပါပြီဘုရား။ ဓမ္မသမားအစားထိုးရေးလမ်းစဉ်မှာ အရှင်ဘုရားတို့ နယ်အသီးသီးရှိ တောရွာ မြို့ငယ်များတွင် လက်ရှိ မတရား အာဏာရယူထားသော ရယက၊ မယက များကို ကိုယ့်ဘက်ပါအောင်ဆောင်ရွက်တော်မူပါဘုရား အကယ်၍ မပါခဲ့လျှင် ရသည့်နည်းဖြင့်ဖြုတ်တော်မူပါဘုရား။ မိမိကျေးရွာတွင် ရယက သည်လူထုအပေါ်အနိုင်ကျင့်လျှင် ရွာသားများကို ၎င်း ရယက အိမ်ကို ပုဏ္ဏကတိုက်ဖို့ မိမိနှင့်သဘောတူသူများနှင့် ဆောင်ရွက်တော်မူပါဘုရား။ တဖြည်းဖြည်းချင်း မိမိရပ်ရွာကို အုပ်ချုပ်နိုင်အောင် ဒကာနှစ်ဦး လူငယ်ကျောင်းသားနှစ်ဦးဖြင့် ဆောင်ရွက်တော်မူပါဘုရား။ ဤနည်းဖြင့် မိမိရပ်ရွာထဲတွင် လွတ်လပ်စွာ လှုပ်ရှားခွင့် လွတ်လပ်စွာဟောပြောခွင့် လွတ်လပ်စွာ စည်းရုံးခွင့် ဆိုတဲ့ အခြေခံ ဒီမိုကရေစီတရားများကို ရပ်ရွာများမှ စတင် ကျင့်သုံးတော်မူကြပါဘုရား။ တပည့်တော်တို့ဟာ ဒီမိုကရေစီနဲ့ ငြိမ်းချမ်းရေးတို့ကို တပည့်တော်တို့ကိုယ်တိုင် စတင်ကျင့်သုံးကြပါစို့ဘုရား။ တပည့်တော်တို့ဟာ ဒီမိုကရေစီမသိ ငြိမ်းချမ်းရေးမရှိတဲ့ နအဖစစ်အုပ်စုထံ လိပ်ခေါင်းအထွက်ခံပြီး အော်တောင်းနေခဲ့လို့ အနှစ် ၂၀ အချိန်ကြာသွားခဲ့ပါတယ်ဘုရား။ တပည့်တော်တို့ ငြိမ်းချမ်းရေး လူ့အခွင့်အရေးတို့ကို သူတို့ဆီက မတောင်းပဲ ကိုယ်တိုင်ကျင့်သုံးပြီး တတိုင်းပြည်လုံး ပိုမိုပြန့်ပွားအောင် ဆောင်ရွက်ကြပါစို့ဘုရား။ အထက်နအဖအာဏာပိုင်များက ပေးသမျှ မတရားသည့် အမိန့်များကို တဖြည်းဖြည်းချင်း ဖီဆန်ကြပါဘုရား။ ဤကဲ့သို့ရွာပေါင်းများစွာ မြို့နယ်ပေါင်းများစွာက မိမိရပ်ရွာအုပ်ချုပ်ရေး နအဖအာဏာဖီဆန်ရေးတို့ကို စတင်ကျင့်သုံးလာပါက သန်းရွှေနှင့် အပေါင်းပါ လူမိုက်တစုဟာ တဖြည်းဖြည်း တန်ခိုးအာဏာ မှေးမှိန်လာပါလိမ့်မယ်ဘုရား။ဒီနည်းဟာ ကြီးမားတဲ့သစ်ပင်ကြီးကို ရေသောက်မြစ်ကို အရင်မဖြတ်ပဲ ဘေးက အမြစ်သေးသေးလေးတွေကို တဖြည်းဖြည်းချင်းဖြတ်ထုတ်တဲ့နည်းဖြစ်ပါတယ်ဘုရား။ အဲဒီလို ကိုယ့်ရွာအုပ်ချုပ်ရေး ကိုယ့်နယ်အုပ်ချုပ်ရေးကို ယူထားလျှင် ၂၀၀ရ စက်တင်ဘာအရေးအခင်းကြီးမျိုး နောက်တစ်ကြိမ်ဖြစ်ပေါ်လာပါက တပည့်တော်တို့ သံဃာတော်များက ဦးဆောင်ပြီး သံဃာ့အုပ်ချုပ်ရေး ယန္တရားတရပ်ကို ပြည်သူများနဲ့ပူပေါင်းပြီး ချုပ်ကိုင်ပစ်နိုင်သလို မိမိတို့နယ်သား ရွာသားတွေကို ဦးဆောင်ပြီး အနီးဆုံးမြို့ကြီးများမှာ ပူပေါင်းပြီး ဆန္ဒပြနိုင်ကြမည် အလုပ်သမားလူတန်းစား တောင်သူလယ်သမား အရေးတော်ပုံကြီးတစ်ရပ်ကို နအဖစစ်အုပ်စု ထိန်းမနိုင်သိမ်းမရ အင်မတန်ကြီးကျယ် ပြင်းထန်တဲ့ အဓမ္မဆန့်ကျင်ရေး လူထုအုံကြွမှုကြီးတစ်ရပ်ကို ကမ္ဘာကျော်အောင် ထပ်မံဖော်ဆောင်နိုင်ပါလိမ့်မယ်ဘုရား။ အခုအခါတပည့်တော်တို့ သံဃာတော်တွေကို ကမ္ဘာ့ပြည်သူလူထု မြန်မာပြည်သူလူထုက လေးစားယုံကြည်မှုကို အထူးရနေသည့်အချိန်လည်း ဖြစ်ပါသည်ဘုရား။ဒါဟာ ဇာတ်တော်ထဲက ပြည်လုံးငှက်မလေးဟာ အင်မတန်အင်အားကြီးမားတဲ့ ဆင်မိုက်ကြီးကို ဥာဏ်နဲ့ အနိုင်ယူပုံ၊ ၀က်တွေကနေ ကျားဆိုးကို အနိုင်ယူသွားပုံတို့နဲ့ ဆင်တူသည့်အတွက် လေးလေးနက်နက် ယုံယုံကြည်လုပ်ဆောင်ကြပါရန် ရိုသေစွာ လျှောက်ထားအပ်ပါသည် သံဃာတော် အရှင်မြတ်တို့ဘုရား။ အရှင်ဘုရားများလည်း ငါတို့တော့ သာသနာ့ဘေးရန် ကာကွယ်ဖို့ အချိန်တန်ပြီ အတိဒုက္ခရောက်နေတဲ့ မိမိတို့တကာတကာမများအတွက် ကယ်တင်ရန် အချိန်တန်ပြီဟု သဘောပိုက်ကာ မိမိတို့ဆိုင်ရာ နယ်မြေအသီးသီးသို့ ဆင်းကာ နယ်မြေအုပ်ချုပ်ရေးတာဝန်ကို တတ်နိုင်သမျှ ယူတော်မူကြပါဘုရား။
စာသင်တိုက်မှာ တနှစ်မနေရသည်ထက် ဒကာ ၊ ဒကာမများရဲ့ အတိဒုက္ခကို သံဃာတော်များမှတပါး အခြားမည်သည့်ခိုင်မာသည့်အဖွဲ့အစည်းမျှ မြန်မာပြည်တွင် မရှိတော့ပါဘုရား။ တာဝန်သိတဲ့ပုဂ္ဂိုလ်ဟာ တာဝန်ရှိတယ် ဆိုတဲ့ စကားလေးအတိုင်း တာဝန်သိသိ သစ္စာရှိရှိ အများကောင်းကျိုးကို မခိုမကပ်ပဲ ဆောင်ရွက်တော်မူကြပါဘုရား။ တပည့်တော်တို့ မြန်မာပြည်ရဲ့ ပြဿနာကို ခေါင်းအေးအေးထားပြီး သွေးအေးအေးနဲ့ ကြိုတင်ပြင်ဆင်မှု ကောင်းကောင်းနဲ့ လုပ်ဆောင်လျှင် အေးအေးဆေးဆေးနဲ့ ပွဲပြတ်သွားနိုင်ပါတယ်ဘုရား။
တပည့်တော်တို့ ဘုရားလောင်းငုံးမင်းက မခိုမကပ်ပဲ အားလုံးမှာ ရှိတဲ့အားကို အကုန်ညှစ်ပြီး တောင်ပံနဲ့ ပျံတက်ကြ ဒါဆိုရင် ပိုက်ကွန်ကြွတက်လာမယ် ပြီးရင် မုဆိုးရဲ့ သတ်စားတဲ့ဒဏ်ကလွတ်မယ် ဆိုတဲ့နည်းဟာ တပည့်တော်တို့ ခေတ်သစ်မှာ စမ်းသပ်စရာဖြစ်လာပါတယ်ဘုရား။ ဗုဒ္ဓရဲ့ သားတော်များပီပီ ၀ိုင်းကုန်းပြီး ရုံးကြပါစို့ဘုရား။ တပည့်တော်တို့ ဤကဲ့သို့ လုပ်ဆောင်သောအားဖြင့် တပည့်တော်တို့မြန်မာသံဃာတော်တွေဟာ တချက်ခုတ်နှစ်ချက်ပြတ် ၂၀၀၇ ရွှေဝါရောင် လှုပ်ရှားမှုကလို ကမ္ဘာကျော်သွားမှာဖြစ်တဲ့အတွက် တကမ္ဘာလုံးကို သာသာနာပြုရာလည်းရောက် မြန်မာပြည်သူတွေအတွက် စိတ်မအေးဖြစ်နေတဲ့ ကမ္ဘာ့ပြည်သူတွေကိုလည်း ပျော်ရွှင် စိတ်ချမ်းသာစေရာလည်းရောက်ပါတယ်ဘုရား။ဤကဲ့သို့ ကြိုတင်ပြင်ဆင်ထားသောအားဖြင့် တပည့်တော်တို့က ၂၀၀၇ ကဲ့သို့ရွှေဝါရောင် အရေးအခင်းဖြစ်ပေါ်လာလျှင် ကြိုတင်ပြီး လက်ဦးမှုရယူထားခြင်းပင်ဖြစ်ပါသည်ဘုရား။ တပည့်တော်တို့နိုင်ငံဟာ မကျေနပ်မှုတွေများပြီး ပေါက်ကွဲမှု ဆန္ဒပြမှုတွေ အချိန်မရွေးဖြစ်လာနိုင်ပါတယ်ဘုရား။
၂၀၀၇ ရွှေဝါရောင် လှုပ်ရှားမှုတွင် သံဃာတော်များအား ရက်ရက်စက်စက်သတ်ဖြတ်မှု၊ ၂၀၀၈ မေလ နာဂစ်လေမုန်းတိုင်းကြီးကြောင့် အပြစ်မဲ့ပြည်သူတွေ မသေသင့်ပဲသေရ နိုင်ငံတကာအကူအညီတွေကို ချက်ချင်းကူညီခွင့်မပေးတာတွေကြောင့် မြန်မာတမျိုးသားလုံးကရော တကမ္ဘာလုံးကပါ မကျေနပ်မှု နာကျည်းမှုတွေဟာ ပိုပိုပြီး များလာတာကိုတွေ့ရပါတယ်ဘုရား။တပည့်တော်တို့ သံဃာတော်များက အဲဒီလို ပေါက်ကွဲလုလုဖြစ်နေတဲ့ ပြည်သူလူထုရဲ့ ဒေါသ အာဃာတတွေကို တပည့်တော်တို့ သံဃာတော်များက ထိန်းထိန်းသိမ်းသိမ်းလုပ်ပြီး မကျေနပ်မှု နာကျည်းမှုတွေကို အား အဖြစ်ပြောင်းလွဲပြီး အသုံးချရင် တပည့်တော်တို့လိုချင်တဲ့ ငြိမ်းချမ်းတဲ့ နိုင်ငံတစ်ခုကို ပြန်ရောက်ပါလိမ့်မယ်ဘုရား။တပည့်တော်တို့လူထုဟာ မကျေနပ်မှုကများတဲ့အတွက် အခွင့်အရေးရလျှင် ပေါက်ကွဲပြီး အကျိုးမရှိပဲ အင်အားတွေဆုံးရုံး နစ်နာခဲ့ရတဲ့ အတိတ်က သာဓကတွေ အများကြီး သင်ခန်းစာ ယူသင့်ပါတယ်ဘုရား။
ဗုဒ္ဓသာသနာထွန်းကားတဲ့မြန်မာပြည်မှာ ပညာရှိရဟန်းသံဃာတော်များက မဖြေရှင်းနိုင်သည့်အတွက် ဂမ်ဘာရီဆိုတဲ့ မူစလင်ကုလားစုတ်က ၀င်ရှင်းပေးနေသည်မှာ ဗုဒ္ဓကိုလည်း ဆော်ကားရာကျနေသလို ဗုဒ္ဓသားတော် လေးသိန်းကျော်ကိုလည်း ဆော်ကားရာကျနေပါသည်ဘုရား။ ဒီခွေးကုလားဟာ မြန်မာပြည်သွားပြီး ဗလီတက်နေတာလည်း အရှင်ဘုရားများအသိပင်ဖြစ်ပါသည်ဘုရား။
သံဃာတော်အရှင်မြတ်တို့ဘုရား တပည့်တော်တို့နိုင်ငံ၏ အဓိကပြဿနာမှာ အခုအချိန်အတွင် အမျိုးသားအချင်းချင်း နိုင်ငံရေးအဆင့်မှ ရန်သူများသဖွယ်ပြုမူလာသည့်အတွက် လောဘ၊ အဃာတ အတ္တများ အကြီးအကျယ် လွမ်းမိုးလာသည်ကို အရှင်ဘုရားများအသိပင်ဖြစ်ပါသည်ဘုရား။ အရှင်ဘုရားများကဲ့သို့ မြင့်မြတ်သော ဗုဒ္ဓတရားတော်များ သိနေ ရှိနေပါလျှက် မြန်မာပြည်မှာ သူခိုး ဓားပြ လူရမ်းကား လူမိုက်များ ပိုပိုပေါနေသည်မှာ တပည့်တော်တို့ နေ့စဉ်မြင်တွေ့ကြားသိနေရပါတယ်ဘုရား။ ဒါကိုကြည့်သော အားဖြင့် တပည့်တော်တို့နေ့စဉ် ဖင်ပြဲအောင်ကုန်းအော်သင်နေရတဲ့ ဗုဒ္ဓတရားတော်များဟာ လူတွေရဲ့ နေ့စဉ်လက်တွေ့ဘ၀တွေဆီကို ရောက်မသွားတဲ့အတွက် ဗုဒ္ဓရဲ့ ဆန္ဒဖြစ်တဲ့ လူသားများ ငြိမ်းချမ်းစွာ ပျော်ရွှင်ချမ်းမြေ့စွာနေရေးဆိုတဲ့ ပန်းတိုင်နဲ့လွဲနေပါတယ်ဘုရား။
သံဃာတော်များကို နောက်ဆုံးလျှောက်ထားလိုသည်မှာ ဤကဲ့သို့ သာသနာတော်အတွက် သေရေးရှင်ရေးတမျှ အရေးကြီးသော အချိန်တွင် တာဝန်သိသိ သစ္စာရှိရှိဖြင့် သာသနာ့ရန်ကာကွယ်ရေး အဓမ္မဆန့်ကျင်ရေး ဓမ္မသမားများအစားထိုးရေး တာဝန်များကို ရွတ်ရွတ်ချွန်ချွန် သတ္တိရှိရှိ ထိထိမိမိ အားရှိပါးရှိ ဇွဲမာန်အပြည့်ဖြည့် နောက်ဆုံးအချီ ဖိုင်နယ်ပွဲကြီးကို ဆင်နွှဲကြပါပါစို့လို့ သံဃာတော်များကို လျှောက်ထားလိုပါသည်ဘုရား။
သာသနာ့အောင်လံ အားမာန်အပြည့်နေရာတိုင်းမှာ ငွားငွားစွင့်စွင့် လွှင့်ထူနိုင်ရမယ်။
လှေခွက်ချည်းကျန် အလံမလှဲဘူးဟေ့။ငါတို့ရဲ့ အောင်ပွဲတွေရှေ့မှာ လှမ်းကြိုနေတယ်။
ငါတို့ရဲ့ စွမ်းဆောင်ချက်ကြောင့် သတ္တ၀ါအပေါင်း ငြိမ်းချမ်းပျော်ရွှင်စေရမယ်။
အဓမ္မသမားများအမြန်ကျဆုံးပါစေ။
ဓမ္မသမားများ လက်ခမောင်းခတ်နိုင်ပါစေ။ အမှန်တရားရဲ့ အလင်းရောင်ထွန်းပြောင်ပါစေ။

သာသနာကို အသက်ထက်မကမြတ်နိုးသော ရဟန်းတော်များအဖွဲ့

Read More...

Friday, April 17, 2009

ဆိုင်ကလုန် ဘီဂျလီ ( Bijli) ဟာ ၃၆ နာရီအတွင်း ဘင်္ဂလားဒေ့ရှ် နှင့် မြန်မာနိုင်ငံ ကို ဖြတ်ကျော်ဝင်ရောက်တိုက်ခိုက်လိမ့်မည်။

17.4.09(mr.moe)
ဘင်္ဂလားပင်လယ်အော် မှ ဖြစ်ပေါ်နေတဲ့ ဆိုင်ကလုန် ဘီဂျလီ ( Bijli) ဟာ ၃၆ နာရီအတွင်း ဘင်္ဂလားဒေ့ရှ် နှင့် မြန်မာနိုင်ငံ ကို ဖြတ်ကျော်ဝင်ရောက်တိုက်ခိုက်လိမ့်မည်။ မြန်မာနိုင်ငံ ရခိုင်ပြည်နယ် ရှိ ကုန်တွင်းပိုင်းကို ၀င်ရောက်တိုက်ခိုက် လျှင် ပြင်အား တနာရီ ၇၅ မိုင်နှုန်းဖြင့် စနေနေ့ မှာ ၀င်ရောက်လာမှာဖြစ်ပြီး၊ တနင်္ဂနွေနေ့ထိ ပြင်းပြင်းထန်ထန် ၀င်ရောက်တိုက်ခိုက် လိမ့်မယ် လို့ ခန့်မှန်းပြောဆိုနေကြပါသည်။ ပင်လယ်လှိုင်းလုံးဟာ ၁၄ ပေထိ မြင့်တက်လာဖွယ်ရှိနေတယ်လို့ ခန့်မှန်းပြောဆိုနေကြတယ်။ ဆိုင်ကလုန် ဘီဂျလီ ( Bijli) ဟာ ဘင်္ဂလားပင်လယ်အော် မှ ဘင်္ဂလားဒေ့ရှ် နိုင်ငံကို ဖြတ်ကျော်ပြီး၊ မြန်မာပြည် ကုန်တွင်းပိုင်းတွေဆီ ထိပြင်းပြင်းထန်ထန် တိုက်ခတ်လိမ့်မယ်လို့ ဘင်္ဂလားဒေ့ရှ် မိုးလေ၀သ ပညာရှင်တွေ ကို တွက်ဆ ခန့်မှန်းပြောဆိုနေကြတယ်။

ဘင်္ဂလားဒေ့ရှ် အစိုးရ မိုးလေ၀သဌာနက ဘင်္ဂလားပင်လယ်အော် ကမ်းခြေတလျောက်တွင်ရှိသော ငါးဖမ်း သင်္ဘောများ၊ ကုန်တင်သင်္ဘောများ၊ လူများကို သတိပေးထားပြီး၊ လုံခြုံတဲ့ နေရာတွေ ရွေ့ပြောင်းကြဖို့ ပြင်ထန်းစွာ သတိပေးထားပြီး၊ ကယ်ဆယ်ရေးလုပ်ငန်းတွေအတွက် စေတနာဖြင့် ကူညီပေးမဲ့လူပေါင်း ၄၃,၀၀၀ ကို အသင့်ပြင်ဆင်ထားတယ်လို့ ပြောဆိုခဲ့ပါသည်။

ဘင်္ဂလားဒေ့ရှ် ကယ်ဆယ်ရေး အဖွဲ့ ဟာ လုံခြုံတဲ့ နေရာတွေကို ပြောင်းရွေှ့ဖို့ အခက်အခဲရှိနေကြသူတွေကို အလျင်အမြန် သွားရောက်နေရာချထားပေးမှုတွေပြုလုပ်နေကြတယ်။

မြန်မာပြည်ရှိ မုန်တိုင်းစက်ကွင်းဒေသများတွင်နေထိုင်နေကြသော ပြည်သူများကို အမြန်ဆုံး ထိရောက်စွာ အကြောင်းကြား နှိုးဆော်ပေးကြဖို့ မေတ္တာရပ်ခံ အပ်ပါသည်။

မုန်တိုင်း ကြိုတင် ကာကွယ်ရေး အချက်များ

မုန်တိုင်းအန္တရာယ်မှ ကြိုတင်ကာကွယ်ရေးအချက်များအား လိုက်နာကြရန် နှိုးဆော်အပ်ပါသည်။ ပြည်သူများအားလုံးအနေဖြင့်လည်း အဆိုပါဒေသများမှ ဒေသခံပြည်သူများထံ မုန်တိုင်သတင်းများနှင့် ကြိုတင်ကာကွယ်ရေးအချက်များ ၀ိုင်းဝန်းအကြောင်းကြားပေးကြပါရန် မေတ္တာရပ်ခံအပ်ပါသည်။

အခုချိန်မှ စတင်ရေတွက်လျှင် မုန်တိုင်းအန္တရာယ်ကို ကာကွယ်ရန်အတွက် နာရီသုံးဆယ်လောက် အချိန်ရသည်။ ထိုကြောင့် ပြည်သူ့များ၏ အသက်အိုးအိမ်စည်းစိမ်များကို ကာကွယ်နိုင်ရန်အတွက် လူတိုင်းတွင် တာဝန်ရှိသည်။ အထူးသဖြင့် မုန်တိုင်းကျရောက်မည့် နေရာများမှ လူများတွင် ပိုမိုတာဝန်ရှိပါသဖြင့်အောက်ပါအချက်များကို လိုက်နာကြပါရန် နှိုးဆော်အပ်ပါသည်။

Read More...

ဖိုးလပြည့် မဏ္ဍပ် အထူးစီစဉ်ပေး

မဇ္ဈိမသတင်းဌာန
သောကြာနေ့၊ ဧပြီလ 17 2009 15:38 - မြန်မာစံတော်ချိန်


ချင်းမိုင် (မဇ္ဈိမ)။ ။ ဗိုလ်ချုပ်မှူးကြီး သန်းရွှေ၏ မြေး ဖိုးလပြည့်သည် ရေကစားမဏ္ဍပ်သို့ အင်ယားကန် အတွင်းမှ နေ့စဉ် စပိဘုတ်ဖြင့် လာရောက်ခဲ့သည်ဟု မဇ္ဈိမက စုံစမ်း သိရှိရသည်။

ပြည်လမ်းမမှ အင်းလျားကန်ဘောင်သို့ အဝင်လမ်း၏ နံဘေး၊ စီးပွားရေး တက္ကသိုလ်နှင့် မျက်နှာချင်းဆိုင်တွင် တည်ရှိသော သူ၏ မဏ္ဍပ်အတွက် အထူး လုံခြုံရေးများ စီစဉ်ထားခဲ့ရာ ဗိုလ်မှူးကြီးအဆင့်ရှိသူ တဦးက မဏ္ဍပ်တွင် အမြဲ တာဝန်ကျ စောင့်ကြည့်နေခဲ့သည်။ လုံထိန်းရဲ ရာနှင့်ချီ၍ တက္ကသိုလ်ဝင်းအတွင်း ချထားခဲ့သည်။

ထို့အပြင် အနီးရှိ မဏ္ဍပ်များမတိုင်ခင် နာရီဝက်စော၍ ရေလွှတ်ပေးခဲ့သည်။

Read More...

မြန်မာနှစ်ကူးမှာ တိုက်ခတ်လာမည့် ဘီဂျလိမုန်တိုင်းနဲ့ သဘာဝဘေးဒဏ်က ကာကွယ်ဖို့

မြန်မာနှစ်ကူးမှာ တိုက်ခတ်လာမည့် ဘီဂျလိမုန်တိုင်းနဲ့ သဘာဝဘေးဒဏ်က ကာကွယ်ဖို့ ဘာသာရေးအစီအရင် ပြင်ဆင်နေကြ

ဓာတ်ပုံသတင်း၊ မိုးမခ အထောက်တော် ၀၀၅

ဧပြီ ၁၇၊ ၂၀၀၉

မြန်မာနှစ်သစ်ကူးတွင် မုန်တိုင်းကို ကာကွယ်နိုင်ရန် ဘာသာရေးဖက် ဦးလှည့်နေကြသည်။ ရခိုင်ဆရာတော်တပါး၏ လမ်းညွှန်ချက်အတိုင်း ပြင်ဆင်ထားသော ဘုရားကန်တော့ပွဲတခုကို ယခုဓာတ်ပုံတွင် တွေ့ရမည် ဖြစ်သည်။

အရေးပေါ်ပြင်ဆင်နေကြသောကန်တော့ပွဲကို အချိန်မီမပြင်နိုင်သူများအနေနှင့် ဖော်ပြပါဓာတ်ပုံကို မိတ္တူထုတ်ယူပြီး ဆုတောင်းနိုင်ကြသည်ဟု ရန်ကုန်က သတင်းပို့သူက မှတ်ချက်ပေးထားသည်။ မော်လမြိုင်က ဆရာတော်တပါးက ဆီမီး ၇ တိုင် ထည့်သွင်းရန်လည်း ဖြည့်စွက်အကြံပေးထားသည်ဟု ဆိုပါသည်။

“ဘုရားကို ဘယ်နေရာကပဲ ကပ်ကပ်၊ နှစ်ဆန်း ၁ ရက်နေ့၊ ညနေ ၆ နာရီ၊ သပြေ ၆ ညွန့်၊ ရေ ၆ ခွက်၊ တံခွန် ၆ ခု (၇ ရက် သားသမီးပါတဲ့ ဂြိုလ်တံခွန်တိုင်)၊ သစ်သီး ၆ လုံး (ဘာသစ်သီးပဲဖြစ်ဖြစ် ၆ ရက် ခံတဲ့ အသီး - ဥပမာ မာလကာ၊ ပန်းသီး) စတာတွေနဲ့ ကပ်ကြဖို့၊ ဆုတောင်းစာက ၇ ရက် သားသမီးများ အောင်မြင်ပါစေ၊ ကျန်းမာ ရွှင်လန်းကြပါစေ၊ အားလုံး အန္တရယ်ခပ်သိမ်း ကင်းဝေးကြပါစေ … ဆိုပြီး ၆ ခေါက် ရွတ်ကြရမယ်လို့ ဆိုတယ်။ ပြီးတော့ ၆ ရက်တိတိ ထားပြီးမှ စွန့်ရမယ်လို့ ပြောပါတယ် ...”

မည်သို့ပင်ဖြစ်စေကာမူ ၁၃၇၁ မြန်မာနှစ်သစ်ကူးကို အရေးပေါ်ဘာသာရေးအစီအမံများနှင့် တဆင့်စကား လက်ဆင့်ကမ်းသတင်းဖြန့်ပြီး ဖြတ်ကျော်ဖို့ ဆောင်ရွက်နေကြသည့် ထူးခြားသောအဖြစ်ကို သတင်းမှတ်တမ်းအဖြစ် တင်ဆက်လိုက်ပါသည်။

Read More...

မြန်မာပြည်သို့ မုန်တိုင်းတခု ၀င်နိုင်

Thursday, 16 April 2009 19:54 သန်းထိုက်ဦး

မြန်မာနှင့် ဘင်္ဂလားဒေ့ရှ် နယ်စပ် ကမ်းရိုးတန်းမှ တဆင့် ဖြတ်ကျော်၍ ပြင်းထန်သည့် ဆိုင်ကလုန်း မုန်တိုင်းတခု စနေနေ့ (ဧပြီ ၁၈ ရက်နေ့) တွင် ၀င်ရောက်နိုင်ကြောင်း မုန်တိုင်း သတိပေးသည့် Tropical Storm Risk (TSR) အင်တာနက် စာမျက်နှာတွင် ဖော်ပြထားသည်။

ဘင်္ဂလား ပင်လယ်အော်မှတဆင့် ၀င်ရောက်လာဖွယ်ရှိသည့် အဆိုပါမုန်တိုင်းသည် လေတိုက်နှုန်း ၁နာရီ် ( ၆၉ ) မိုင်နှုန်း အထိ ရှိနိုင်သည်ဟု ဗြိတိန်နိုင်ငံအစိုးရက ကူညီထောက်ပံ့ထားသည့် TSR အင်တာနက် စာမျက်နှာတွင် သတိပေးထားသည်။

အဆိုပါ မုန်တိုင်း၏ အမည်မှာ ဘီဂျလီ ( Bijli ) ဖြစ်သည်။

ယင်းမုန်တိုင်းနှင့် ပတ်သက်ပြီး မြန်မာနိုင်ငံ မိုးလေ၀သ နှင့် ဇလဗေဒ ညွန်ကြားမှူး ဦးစီးဌာန သတင်း ထုတ်ပြန်ချက်များကို ယနေ့ထုတ် သတင်းစာများတွင်လည်း ဖော်ပြထားသည်။

“မုန်တိုင်း၏အင်အားအဆင့်မှာ အဝါရောင်အခြေအနေသာဖြစ်ပြီး မြန်မာနိုင်ငံကမ်းရိုးတန်းဒေသသို့ ဦးတည်ရွေ့လျားမည့်အခြေအနေ မရှိသေး” ဟု မိုး/ဇလ၏ ထုတ်ပြန်ချက်က ဆိုသည်။

ယမန်နေ့က မြန်မာ့ အသံ နှင့် ရုပ်မြင်သံကြားတို့တွင် မုန်တိုင်းသတင်းကို ထုတ်လွှင့်ခဲ့ပြီးနောက် ဒေသခံများက စိုးရိမ်မှုများ ရှိနေကြောင်း သိရှိရသည်။

ဘင်္ဂလားဒေ့ရှ် အစိုးရက တံငါတည်များကို ပင်လယ်သို့ ငါးဖမ်းထွက်ခြင်း မပြုရန် သတိပေးထားသည်။

ပြီးခဲ့သည့် နှစ် မေလက မြန်မာနိုင်ငံသို့ ၀င်ရောက်ခဲ့သော နာဂစ်မုန်တိုင်းကြောင့် လူဦးရေ ၁ သိန်းကျော် ပျောက်ဆုံး၊ သေဆုံးခဲ့သည်။

Read More...

ရခိုင်ပြည်နယ်တွင် မိုးရွာသွန်းမှုများ ဖြစ်ပွားနေ

ငြိမ်းချမ်း
သောကြာနေ့၊ ဧပြီလ 17 2009 14:52 - မြန်မာစံတော်ချိန်


ဒါကာ (မဇ္ဈိမ)။ ။ မြန်မာနိုင်ငံ အနောက်ပိုင်း ရခိုင်ပြည်နယ်သို့ မုန်တိုင်းကျနိုင်ကြောင်း စစ်အစိုးရက သတိပေးနှိုးဆော်မှုများ ပြုလုပ်နေသလို၊ ပြည်နယ်အတွင်း မြို့နယ်အချို့၌ မိုးရွာသွန်းမှုများ ဖြစ်ပေါ်နေသည်။

ဘီဂျလီ (Bijli) မုန်တိုင်းသည် ဘင်္ဂလားပင်အော်အတွင်း ရှိနေပြီး လာမည့် ၈ နာရီအတွင်း ကျရောက်နိုင်ကြောင်း ယနေ့နံနက် ၆ နာရီမှ စတင်ကာ စစ်အစိုးရက MRTV 3 နှင့် ရေဒီယိုမှ တနာရီခြားတခါ ကြေညာနေသကဲ့သို့၊ ပြည်နယ်မြို့တော် စစ်တွေနှင့် မောင်တော၊ ဘူးသီးတောင်၊ ကျောက်ဖြူတွင် မိုးရွာနေခြင်း ဖြစ်သည်။

“မုန်တိုင်းသတိပေးချက်ကို ရေဒီယိုကနေ တနာရီခြား တခါလောက်တော့ ထုတ်လွှင့်နေတယ်။ ကျနော်တို့ ဆီမှာတော့ မိုးနည်းနည်းရွာနေတာက လွဲလို့ ဘာမှ ထူးခြားမှု မရှိဘူး။ ဒါပေမဲ့ နာဂစ်ဖြစ်လာမှာကို ပြည်သူတွေက စိုးရိမ်နေကြတယ်” ဟု စစ်တွေမှ ကိုသောင်းရွှေက မဇ္ဈိမကို ပြောသည်။


“ဒေသခံ အာဏာပိုင်တွေကတော့ ဘာမှ ပြောတာ မရှိသေးဘူး။ မုန်တိုင်းဝင်လာရင် ဘယ်နေရာမျိုးကို သွားရောက်ခိုလှုံရမယ် ဆိုတာတွေလည်း ပြောတာ မရှိသေးဘူး။ အခု လောလောဆယ် ကျနော်တို့ဆီမှာ မိုးရွာနေတယ်။ မနေ့ ညကတည်းက ရွာနေတာ” ဟု ကျောက်ဖြူမြို့ခံ ကိုတင်အောင်က ပြောသည်။

အလားတူ မောင်တောနှင့် ဘူးသီးတောင်မြို့နယ်ဘက်တွင်လည်း မိုးရွာနေသော်လည်း ဒေသအားလုံးတွင် လေပြင်းတိုက်ခတ်မှု မရှိသေးပါ။

လူထုအနေဖြင့် ရေဒီယိုမှတဆင့် မုန်တိုင်းအခြေအနေကို အရေးစိုက် နားထောင်နေကြပြီး တံငါသည်များလည်း ပင်လယ်ပြင်သို့ ငါးဖမ်း မထွက်နိုင်ဘဲ ရှိနေသည်ဟု ဒေသခံများက ဆိုသည်။

တနာရီလျှင် လေတိုက်နှုန်း ၄ဝ-၄၅ မိုင် အရှိန်ဖြင့် ဘီဂျလီ (Bijli) အမည်ရှိ မိုးရာသီ ဆိုင်ကလုံး မုန်တိုင်းသည် ဘင်္ဂလားပင်လယ်အော်အတွင်း ယခုလ ၁၄ ရက်နေ့ကတည်းက စတင်ဖြစ်ခဲ့ပြီး၊ ယခုအခါ ရခိုင်ပြည်နယ်ဘက်သို့ ဦးလှည့်ရွေ့လျားလာခြင်း ဖြစ်သည်။

မုန်တိုင်း ကျနိုင်သည့်အတွက် ဘင်္ဂလားဒေ့ရှ် အစိုးရကလည်း ဘင်္ဂလားပင်လယ်အော် ကမ်းခြေရှိ ပြည်သူများကို ပင်လယ်ပြင် ငါးဖမ်းလုပ်ငန်းများကို ရပ်ဆိုင်းထားရန် အသံလွင့်ဌာန BTV နှင့် ဒါကာထုတ် သတင်းစာတချို့တွင် သတိပေး ထုတ်ပြန်မှုများ ပြုလုပ်နေသည်။

လေပြင်းတိုက်ခတ်မှု မရှိသေးသော်လည်း စစ်တကောင်းတိုင်း တခုလုံးတွင် ယမန်နေ့ ညနေကတည်းက ယနေ့နံနက်ပိုင်းအထိ မိုးသည်းထန်စွာ ရွာသွန်းနေသည်။

“တီဗွီကနေ မုန်တိုင်းတိုက်မယ်လို့ သတင်းကြားလို့ မနေ့ကတည်းက ပင်လယ်ကို မထွက်တော့ဘူး။ လောလောဆယ် ကျနော်တို့ဆီမှာ မိုးတွေ ရွာနေတယ်။ လေတော့ မတိုက်သေးဘူး” ဟု တက္ကနာမြို.ခံတဦးက မဇ္ဈိမကို ပြောသည်။

အမေရိကန်နိုင်ငံ ဟာဝိုင်အီကျွန်းအခြေစိုက် JTWC ဟု ခေါ်ဆိုသည့် အမေရိကန် တိုင်ဖုန်းမုန်တိုင်း ပူးတွဲ သတိပေးရေးဌာနက ဘင်္ဂလား ပင်လယ်အော်အတွင်း ပေါ်ပေါက်နေသော မိုးရာသီ ဆိုင်ကလုံး လေဖိအားနည်း ရပ်ဝန်းကြောင့် ပင်လယ်ပြင်အတွင်း ၁၂ ပေရှိ လှိုင်းလုံးကြီးများ ဖြစ်ပေါ်နိုင်ကြောင်း ကြေညာထားသည်။

၂ဝဝ၈ ခုနှစ် မေလအတွင်းက တိုက်ခတ်ခဲ့သော နာဂစ် မုန်တိုင်းကြောင့် မြန်မာနိုင်ငံ ဧရာဝတီတိုင်း၊ ရန်ကုန်တိုင်းနှင့် ပဲခူးတိုင်းတွင် ကြီးမားသော ပျက်စီးဆုံးရှုံးမှုများ ဖြစ်ခဲ့သလို၊ မြန်မာစစ်အစိုးရ၏ ကြိုတင် သတိပေးမှု ပျက်ကွက်ခဲ့သဖြင့် လူပေါင်း တသိန်း ၄ သောင်းကျော် အသေအပျောက်ရှိခဲ့သည်။


Read More...

မုန်တိုင်းသတိပေးချက်

မိုးမခရေဒီယိုမှကူးယူဖော်ပြပါသည်။
မြန်မာ့အလင်းသတင်းစာ

ဧပြီ ၁၇၊ ၂၀၀၉
(၁၆-၄-၂ဝဝ၉ရက် မြန်မာစံတော်ချိန် ၁၈း၃ဝ နာရီထုတ်ပြန်ချက်)
ယနေ့ ညနေ ၅ နာရီခွဲ တိုင်းထွာချက်များအရ ဘင်္ဂလား ပင်လယ်အော် အနောက်အလယ်ပိုင်းတွင် ဖြစ်ပေါ်နေသော ဆိုင်ကလုန်း မုန်တိုင်း (ဘစ်ဂ်ျလီ)သည် အိန္ဒိယနိုင်ငံ ဗီဆာကာပတ္တနမ်မြို့ ၏ အရှေ့ဘက် မိုင် ၁၈ဝခန့် အကွာ ပင်လယ်ပြင်ကို ဗဟိုပြုနေပြီး လွန်ခဲ့သော သုံးနာရီအတွင်း မြောက်၊ အရှေ့မြောက်သို့ ရွေ့လျားပြီးနောက် ၄၈နာရီအကြာ ဧပြီ ၁၈ရက်(စနေနေ့) မွန်းလွဲပိုင်းတွင် ဘင်္ဂလားဒေ့ရှ်နိုင်ငံနှင့် မြန်မာနိုင်ငံ ရခိုင်ပြည်နယ် မြောက်ပိုင်းဒေသအနီးမှ ကုန်းတွင်းပိုင်းသို့ ဖြတ်ကျော်ဝင်ရောက်မည်ဟု ခန့်မှန်းထားသည်။
 မုန်တိုင်း၏ လက်ရှိအင်အားအဆင့်မှာ လိမ္မော်ရောင်အဆင့် ဖြစ်လာပြီး မြန်မာနိုင်ငံ ကမ်းရိုးတန်းဆီသို့ ဦးတည်ရွေ့လျားလာနေသည်ဟု သတ်မှတ်သည်။ မုန်တိုင်းဖြတ်ကျော်စဉ် မုန်တိုင်း ဒီရေသည် ရခိုင်ကမ်းရိုးတန်းတစ်လျှောက်တွင် ငါးပေမှ ခုနစ်ပေခန့်၊ မြစ်ဝကျွန်းပေါ် ကမ်းရိုးတန်းတစ်လျှောက်တွင် သုံးပေမှ လေးပေခန့် မြင့်တက်လာနိုင်သည်။ မုန်တိုင်း ဖြတ်ကျော်စဉ် ရေပြင်မြေပြင်လေသည် တစ်နာရီ မိုင်၆ဝမှ မိုင် ၇ဝ အထိ တိုက်ခတ်နိုင်ပြီး လှိုင်းကြီးနိုင်သည်။
သို့ပါ၍ ရခိုင်ကမ်းရိုးတန်းဒေသ မြန်မာ့ပင်လယ်ပြင်ဒေသများရှိ ကမ်းနီးကမ်းဝေး ငါးဖမ်းရေယာဉ်နှင့် စက်လှေများ၊ ခရီးသွား ရေယာဉ်များအနေဖြင့် မုန်တိုင်းအန္တရာယ်ကို ကြိုတင်ကာကွယ်နိုင်ရန် အတွက် ပင်လယ်ပြင်မှ ဘေးလွတ်ကင်းရာသို့ ကြိုတင် ရှောင်ရှားသင့်ကြောင်း မိုးလေဝသနှင့် ဇလဗေဒညွှန်ကြားမှုဦးစီးဌာနက သတင်း ထုတ်ပြန်ထားသည်။ (သတင်းစဉ်)

Read More...