DREAM ANGEL သို့ လာရောက်လည်ပတ်ကြသူအားလုံးကို DREAM ANGEL မှ ကျေးဇူးအထူးတင်ရှိပါတယ်.........

Friday, January 30, 2009

ငွေကြေး အကျပ်အတည်းနှင့် ပဋိညာဉ်ကို အဓိက ဆွေးနွေးမည်

30/Jan/2009
ဖေဖော်ဝါရီလကုန်ပိုင်းတွင် ကျင်းပမည့်အရှေ့တောင်အာရှနိုင်ငံများအသင်း (အာဆီယံ) ထိပ်သီးအစည်းအဝေး တွင် နိုင်ငံတကာ ငွေကြေးအကျပ်အတည်းမှ ကာကွယ်နိုင်ရန် ရန်ပုံငွေတစ်ရပ် ထူထောင်မှုကို အလေးပေး ဆွေးနွေးသွား မည်ဖြစ်ကြောင်း ထိပ်တန်း အာဆီယံ အရာရှိကြီးတစ်ဦးက လွန်ခဲ့သည့် သတင်းပတ်က ပြော သည်။

အာဆီယံ အတွင်းရေးမှူးချုပ် မစ္စတာဆူရင်ပစ်ဆူဝမ်က နိုင်ငံတကာ ငွေကြေး အကျပ်အတည်း၏ အကျိုးသက် ရောက်မှုခံရမည့်နိုင်ငံကို အကူအညီပေးနိုင်ရေးအတွက် ဒေသတွင်း ရန်ပုံငွေ တစ်ရပ် ထူထောင်ရန် ၂၀၀၀ ပြည့်နှစ်မှ စတင်လျက်ရှိသည့် ချင်းမိုင်လုပ်ငန်းစဉ်ကို စတင် ဆွေးနွေးသွားမည်ဖြစ်ကြောင်းပြောသည်။ နယူး ဒေလီတွင် ဇန်နဝါရီလ ၂၁ရက်နေ့က ကျင်းပခဲ့သည့် အာဆီယံနိုင်ငံများနှင့် အိန္ဒိယနိုင်ငံတို့အကြား ဆက်ဆံ ရေးဆိုင်ရာ ဆွေးနွေးပွဲအပြီးတွင် မစ္စတာဆူရင်က သတင်းထောက်များကိုပြောကြားခြင်းဖြစ်သည်။

အဆိုပါရန်ပုံငွေအတွက် အာဆီယံ၏ ညှိနှိုင်းဖက်နိုင်ငံများဖြစ်ကြသည့် တရုတ်၊ ဂျပန်၊ တောင်ကိုရီးယား၊ အိန္ဒိယ တို့က အမေရိကန်ဒေါ်လာ ဘီလျံ၂၀၀ကျော်ပါဝင်မည်ဖြစ်ကြောင်း ၄င်းကပြောသည်။ ထိုင်းနိုင်ငံ ဘန်ကောက် မြို့အနီးရှိဟွာဟင်မြို့တွင် ဖေဖော်ဝါရီလ ၂၇ရက်နေ့မှ မတ်လ ၁ ရက်နေ့အထိကျင်းပမည့် အဆိုပါ ထိပ်သီး အစည်းအဝေးတွင် အဖွဲ့၏ ပဋိညာဉ်အကောင်အထည်ဖော်ရေးနှင့်ပတ်သက်ပြီး အဓိကထား ဆွေးနွေးသွားမည် ဖြစ်ကြောင်း ၄င်းကပြောသည်။ အာဆီယံ ပဋိညာဉ်သည်လွန်ခဲ့သောနှစ်ဒီဇင်ဘာ ၁၅ ရက်နေ့မှ စတင်အတည် ဖြစ်လာခဲ့ပြီး အဆိုပါ ပဋိညာဉ်တွင် ဒေသဆိုင်ရာလူ့အခွင့်အရေးအဖွဲ့တစ်ရပ် ထူထောင်ရန် ပါဝင်ကြောင်း၊ အဆိုပါလူ့အခွင့်အရေး အဖွဲ့ ထူထောင်ရန်နှင့်သက်ဆိုင်သည့် စည်းမျဉ်းများကို ဇူလိုင်လတွင် အတည်ပြုနိုင်မည်ဖြစ်ကြောင်းသိရသည်။ ၄င်းကလာမည့်ထိပ်သီးအစည်းအဝေးတွင် အာဆီယံ ၁၀နိုင်ငံတို့မှ ခေါင်းဆောင်အားလုံး တက်ရောက်ရန် အတည်ပြုပြီးဖြစ်ကြောင်းပြောသည်။ နှစ်စဉ်ထိပ်သီး အစည်းအဝေးနှင့် အတူကျင်းပသည့် အာဆီယံ ခေါင်းဆောင်များနှင့် ညှိနှိုင်းဖက်နိုင်ငံများမှ ခေါင်းဆောင်များ အစည်းအဝေးနှင့် အရှေ့အာရှ ထိပ်သီး အစည်းအဝေးတို့ကိုလည်း ဧပြီလအထိ ရက်ရွှေ့ဆိုင်းလိုက်ကြောင်း မစ္စတာဆူရင်ကပြောသည်။ အဆိုပါ အစည်း အဝေးများကို ဧပြီလ၁၁ရက်နေ့မှ ၃ရက်ကြာကျင်းပမည်ဖြစ်ကြောင်း ၂၀၀၉ခုနှစ် ဇန်နဝါရီလ ၃၀ရက်နေ့ထုတ်မြန်မာတိုင်း(မ်) ဂျာနယ်တွင် ဖော်ပြထားပါသည်။

Read More...

ရေနံ တစ်စည်၏ ဈေးနှုန်းသည် ဒေါ်လာ ၆၀ မှ ၈၀ အတွင်းသာ ရှိသင့်သည်

30/Jan/2009
ကမ္ဘာ့စီးပွားရေး နှေးကွေးနေခြင်းကြောင့် ရေနံဈေး ဆက်လက်ကျဆင်းပြီးလျှင် ၀ယ်လိုအားပုံစံကိုလည်း အန္တရာယ်ရှိလောက်အောင် ယိုင်နဲ့သွားစေသည်ဟု အိုပတ်အဖွဲ့၏ အတွင်းရေးမှူးချုပ်ဖြစ်သူအယ်လ်ဘာထရီက ပြောကြားသည်။ ရေနံဈေးပြန်မတက်လာပါက ထုတ်လုပ်မှုကို ထပ်မံလျှော့ချရမည်ဟု ၎င်းကပြောဆိုသည်။ လာမည့်နှစ် ၂၀ အတွင်းတွင် ရေနံတူးဖော်ရေးကဏ္ဍ၌ ဒေါ်လာ ၂၅ tr ရင်းနှီးမြှုပ်နှံရမည်ဖြစ်သည်။ စီးပွားရေး နှေးကွေးနေသော်လည်း ရေနံတူးဖော်ရေးစီမံကိန်းများတွင် ဆက်လက်ရင်းနှီးမြှုပ်နှံရန် လိုအပ်သည်။ ရင်းနှီး မြှုပ်နှံရန်အတွက် ရေနံဈေးနှုန်း သင့်တင့် မျှတနေရန်လိုသည်။ တစ်စည်လျှင် ဒေါ်လာ ၅၀ အောက်ကျ ရောက်နေလျှင် မည်သို့မျှ ရင်းနှီးမြှုပ်နှံနိုင်မည်မဟုတ်ပေ။ ယခုအချိန်ရင်းနှီးမြှုပ်နှံမှု မပြုလျှင် စီးပွားရေး ပြန်လည် နလန်ထူ၍ ရေနံလိုအပ်ချက်တဟုန်ထိုး တက်လာလျှင် ပြဿနာအကြီးအကျယ်ဖြစ်သွားနိုင်သည်။ ရေနံတစ်စည် လျှင် ဒေါ်လာ ၆၀ မှ၈၀ အကြားဈေးနှုန်းသည် ရင်းနှီးမြှုပ်နှံမှု ပြုရန်နှင့် လောင်စာကုမ္ပဏီကြီးများအတွက် သင့်တင့် မျှတသော ဈေးနှုန်းဖြစ်သည်ဟု အိုပတ်မှ ပြောကြားသည်။ (ဘီဘီစီ)

(၃၀၊ ၁၊ ၂၀၀၉) ရက်၊ နံနက် (၉း၃၀) နာရီ။

Read More...

ဒေါ်စုလွတ်မြောက်ရေး လူထုအားနဲ့ထောက်ခံဖို့ အန်အယ်လ်ဒီ တိုက်တွန်း

လက်ဖက်ရည်ဝိုင်းမှ လူစုလူဝေးနည်း ပုံစံမျိုးစုံနဲ့ ထောက်ခံကြ (ဦးဝင်းတင်)
NEJ / ၃၀ ဇန်န၀ါရီ ၂၀၀၉
ဒေါ်အောင်ဆန်းစုကြည်နှင့် နိုင်ငံရေးအကျဉ်းသားအားလုံး လွှတ်ပေးရေး အန်အယ်လ်ဒီ၏ တောင်းဆိုချက်ကို လူထုတရပ်လုံးက အင်တိုက်အားတိုက် ထောက်ခံကြရန် အန်အယ်လ်ဒီက ပန်ကြားထားသည်။

ဒေါ်အောင်ဆန်းစုကြည်နှင့် နိုင်ငံရေးအကျဉ်းသားအားလုံး လွှတ်ပေးရေးကိစ္စကို လူထုအားနှင့် ထောက်ခံကြရန် အန်အယ်လ်ဒီက တိုက်တွန်းသည်မှာ ပထမဆုံးအကြိမ်ဖြစ်သည်။

အထူးသဖြင် ကုလအထူးကိုယ်စားလှယ် ဂမ်ဘာရီ မလာခင် ရက်ပိုင်းအလိုတွင် လူထုကြီးအား ဒေါ်အောင်ဆန်းစုကြည်နှင့် နိုင်ငံရေးအကျဉ်းသားအားလုံး လွှတ်ပေးရေး ထောက်ခံရန် တိုက်တွန်းသည့်အတွက် စိတ်လှုပ်ရှားဖွယ်ဖြစ်သည်ဟု ရန်ကုန်မြို့ခံအချို့က ပြောသည်။

လူထုက ထောက်ခံရာတွင် လက်ဖက်ရည်ဝိုင်းမှာ ထောက်ခံစကားပြောသည့် အနိမ့်ဆုံးအဆင့်မှသည် လူစုလူဝေးဖြင့် ထောက်ခံသည့်နည်း စသဖြင့် နည်းမျိုးစုံ အဆင်ပြေသကဲ့သို့ ထောက်ခံနိုင်သော်လည်း မည်သို့ထောက်ခံရမည်ဟု တိတိကျကျ လမ်းညွှန်ရန် အန်အယ်လ်ဒီအတွက် အခြေအနေမပေးသေးဟု အန်အယ်လ်ဒီ ဗဟိုအလုပ်အမှုဆောင် ဦးဝင်းတင်က ခေတ်ပြိုင်သို့ပြောသည်။

လူထုဘက်က မည်သို့ ထောက်ခံသင့်ကြောင်း ဗကပ ပြောခွင့်ရပုဂ္ဂိုလ် ရဲဘော်ဖိုးသံချောင်းအား ခေတ်ပြိုင်ကမေးရာ “ဒါဟာလူထုကြီးရဲ့ဆန္ဒနဲ့လည်းအညီဖြစ်ပါတယ်။ ဒါကြောင့် လူထုအနေနဲ့ အခါအခွင့်သင့်တော်တိုင်း ဒါကို ထောက်ခံကြောင်း ဖော်ပြသင့်တယ်လို့ထင်ပါတယ်။ ဖွဲ့စည်းပုံအခြေခံဥပဒေ တခုကို အတည်ပြုတော့မယ်ဆိုရင် အစိုးရတွေဟာ ဖမ်းဆီးထားတဲ့ နိုင်ငံရေးအကျဉ်းသားတွေကို လွှတ်တဲ့ဓလေ့၊ အစဉ်အလာရှိပါတယ်။ နအဖက သူတို့ တကယ်တမ်း သဘောထားကြီးကြောင်း၊ ဒီမိုကရေစီကို လိုလားကြောင်း ဖော်ပြချင်ရင် နိုင်ငံရေးအကျဉ်းသားတွေကို လွှတ်ပေးရပါမယ်။ အခု အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်က တောင်းဆိုတာဟာ ကျိုးကြောင်းဆီလျော်ရုံမက အချိန်အခါနဲ့လည်း ကိုက်ညီပါတယ်။ နအဖဟာ ဒီတောင်းဆိုချက်ကို မသိကျိုးနွံမပြုဘဲ လျင်မြန်တိကျစွာ အဖြေပေးသင့်ပါတယ်” ဟု ပြောသည်။


ဒေါ်အောင်ဆန်းစုကြည်နှင့် နိုင်ငံရေးအကျဉ်းသားအားလုံး လွှတ်ပေးရေး အန်အယ်လ်ဒီ၏ တောင်းဆိုချက်ကို လူထုသာမက ပြည်ပအတိုက်အခံအဖွဲ့အစည်း အသီးသီးကလည်း တပြိုင်တည်း ၀ိုင်းဝန်းထောက်ခံကြမည် ဆိုလျှင် ၀မ်းသာပါကြောင်း ဦးဝင်းတင်က ပြောသည်။
၂၀၀၄ ခုနှစ်ကလည်း ဒေါ်အောင်ဆန်းစုကြည်နှင့် နိုင်ငံရေးအကျဉ်းသားအားလုံး လွှတ်ပေးရေး လူထုထောက်ခံလက်မှတ်စုဆောင်းရေး အန်အယ်လ်ဒီက နှိုးဆော်ခဲ့သော်လည်း မြန်မာစစ်အစိုးရ အာဏာပိုင်များက အမျိုးမျိုးနှောင့်ယှက်ခဲ့သည်။

Read More...

ရွေးကောက်ပွဲကို မွန်နိုင်ငံရေးပါတီကြီးများ မထောက်ခံ မွန်ပြည်သစ်ကို လက်နက်မချခိုင်းရန် တိုင်းမှူးအာမခံ

ဝီရ / ၃၀ ဇန်န၀ါရီ ၂၀၀၉
ပြီးခဲ့သည့် ၂၀၀၈ ခုနှစ်က စစ်အစိုးရ အတည်ပြုခဲ့သော ဖွဲ့စည်းပုံအခြေခံဥပဒေမူကြမ်းကို ထပ်မံပြင်ဆင်ဖြည့်စွက်ခြင်းများ မလုပ်ဆောင်ပါလျှင် ၎င်းတို့ကြီးမှူးကျင်းပမည့် ၂၀၁၀ ရွေးကောက်ပွဲကို လက်နက်ကိုင် အပစ်ရပ်အဖွဲ့အစည်းကြီးတဖွဲ့ဖြစ်သည့် မွန်ပြည်သစ်ပါတီ အပါအဝင် မွန်တိုင်းရင်းသားကိုယ်စားပြု နိုင်ငံရေးပါတီတို့က ပူးပေါင်းပါဝင်မည်မဟုတ်ကြောင်း သိရသည်။

ယခုလ (၁၇) ရက်နေ့က ကျင်းပပြီးစီးခဲ့သော မွန်ပြည်သစ်ပါတီ၏ သတ္တမအကြိမ်မြောက် ပါတီညီလာခံ၌ ၂၀၁၀ ရွေးကောက်ပွဲနှင့် ပတ်သက်၍ ဆုံးဖြတ်ခဲ့ရာတွင် မွန်ပြည်သူတို့အတွက် အကျိုးရှိသည့် ရွေးကောက်ပွဲ မဟုတ်သောကြောင့် မိမိပါတီအနေဖြင့် ဝင်ရောက်အရွေးခံမည် မဟုတ်ကြောင်း ပါတီပြောခွင့်ရပုဂ္ဂိုလ် နိုင်ငံခြားမဟာမိတ်ဆက်ဆံရေးရုံး တာဝန်ခံ နိုင်အောင်မငေးက ပြောသည်။

၎င်းက “ကျနော်တို့ပါတီက ဒီအခြေခံဥပဒေမူကြမ်းကို ဖြည့်စွက်တာတွေ၊ ပြင်ဆင်တာတွေ အဆိုပြုတာလည်း နအဖတို့က လျစ်လျူရှုခဲ့တယ်၊ ပယ်ချခဲ့တယ်။ ပြီးတော့ ဒီဥပဒေမူကြမ်းဟာ မွန်ပြည်သူတွေအတွက် အကျိုးမရှိဘူးလို့ ကျနော်တို့ သုံးသပ်ဆွေးနွေးကြပြီး ပါတီရဲ့ညီလာခံမှာ ရွေးကောက်ပွဲ မဝင်ရေး ဆုံးဖြတ်ချက်ကို ချခဲ့တာ ဖြစ်တယ်။ နအဖ အနေနဲ့ အခြေခံဥပဒေမူကြမ်းကို ပြင်ဆင်သင့်တာတွေ ပြင်ဆင်ပေးမယ်ဆိုရင် ကျနော်တို့ ပါတီက ဒါကို ပြန်စဉ်းစားပေးမယ်” ဖြစ်ကြောင်း ပြောကြားသည်။

မွန်ပြည်သစ်ပါတီသည် တိုင်းရင်းသားအခွင့်အရေးအတွက် မြန်မာနိုင်ငံ စစ်အစိုးရအဆက်ဆက်နှင့် (၃၆) နှစ်ကြာ စစ်ခင်းတော်လှန်ခဲ့ပြီး နိုင်ငံရေးပြဿနာများကို နိုင်ငံရေးနည်းအရ ဖြေရှင်းရန် လွန်ခဲ့သော (၁၄) နှစ်ခန့်က အပစ်အခတ်ရပ်စဲထားသည့် အင်အားကြီး တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းဖြစ်ပြီး ၎င်းတို့၏ လက်အောက်ခံ မွန်အမျိုးသားလွတ်မြောက်ရေးတပ်မတော်ကိုလည်း စစ်အစိုးရလက်အောက်ခံတပ်အဖြစ် ဝင်ရောက်ခိုင်းသည်ဖြစ်စေ၊ လက်နက်ချခိုင်းသည်ဖြစ်စေ လက်ခံလိမ့်မည် မဟုတ်ကြောင်း ၎င်းတို့၏ ညီလာခံမှ ဆုံးဖြတ်ခဲ့သည်။

၁၉၉၀ ပြည့်နှစ် ရွေးကောက်ပွဲတွင် အမတ် (၅) နေရာ အနိုင်ရရှိခဲ့သည့် မွန်အမျိုးသားဒီမိုကရေစီအဖွဲ့ကလည်း မွန်ပြည်သစ်ပါတီ၏ ယင်းဆုံးဖြတ်ချက်ကို ထောက်ခံအားပေးပြီး အကယ်၍ နအဖအနေဖြင့် ၂၀၁၀ ရွေးကောက်ပွဲ မတိုင်မီ သုံးပွင့်ဆိုင် တွေ့ဆုံဆွေးနွေးပြီး ဥပဒေမူကြမ်း အသစ်တစ်ရပ် ပြန်လည်ရေးဆွဲမည်ဆိုပါက ပူးပေါင်းပါဝင် မည်ဟု အဖွဲ့၏ ဒု-ဥက္ကဋ္ဌ ဖြစ်သူ နိုင်ငွေသိမ်းက ခေတ်ပြိုင်သို့ ပြောကြားသည်။


“မွန်ပြည်သစ်ပါတီရဲ့ ယခုလို ရွေးကောက်ပွဲ မဝင်ရေး ရပ်တည်ချက်ကို ကြိုဆိုတယ်။ ဒီ ၂၀၀၈ အခြေခံ ဥပဒေမူကြမ်းကို မသုံးဘဲ ဥပဒေမူကြမ်းအသစ်တရပ်အတွက် တိုင်းရင်းသားတွေနဲ့၊ ဒီမိုကရေစီအင်အားစုတွေနဲ့ နအဖတို့က ဆွေးနွေးပြီး ပြန်လည်ရေးဆွဲကြရင် ကျနော်တို့အဖွဲ့ကလည်း ဝင်ရောက်ပူးပေါင်းမယ်။ ဒီ ၂၀၀၈ ဥပဒေမူကြမ်းကို မပြင်ဆင်သရွေ့တော့ ကျနော်တို့လည်း ၂၀၁၀ မှာ ဝင်ရောက်အရွေးခံမှာ မဟုတ်ဘူး” ဟု ပြောကြားသည်။


ထို့အတူ မွန်အမျိုးသားဒီမိုကရေစီအဖွဲ့ (လွတ်မြောက်နယ်မြေ) နှင့် မွန်သံဃာတော်အရှင်သူမြတ်တို့ကလည်း မွန်ပြည်သစ်ပါတီ၏ ရပ်တည်ချက်ကို ကြိုဆိုထောက်ခံကြသော်လည်း ယင်းရပ်တည်ချက်သည် မွန်ပြည်သစ်ပါတီ နှင့် စစ်အစိုးရအကြား အပစ်အခတ်ရပ်စဲရေး သဘောတူညီမှု ပျက်ပြယ်သွားနိုင်သောကြောင့် စိုးရိမ်ကြောင့်ကြနေ သည့် ပြည်သူအများစုလည်း ရှိကြကြောင်း သိရသည်။

မွန်ပြည်သူတို့၏ လေးစားကြည်ညိုခြင်း ခံရသော မွန်ပြည်နယ်မှ ဆရာတော်တပါးကမူ “မွန်ပြည်သစ်ပါတီရဲ့ ယခုလိုရပ်တည်ချက်ကို ထောက်ခံတယ်။ ဒါပေမယ့် အပစ်အခတ်ရပ်စဲရေး ပျက်သွားတဲ့အထိ ဖြစ်သွားရင်တော့ ပြည်သူလူထုရဲ့ အကျိုးစီးပွား၊ ဖွံ့ဖြိုးရေးလုပ်ငန်းတွေနဲ့ အခြေခံပညာရေးဆိုင်ရာ အခွင့်အရေးတွေကိုတော့ ပြန်လည်ဆုံးရှုံးမှာ သေချာတယ်” ဟု မိန့်ကြားသည်။

သို့သော် မွန်ပြည်သစ်ပါတီကမူ အပစ်အခတ်ရပ်စဲရေးကို မိမိတို့ပါတီဘက်မှ အရင် ဖျက်ဆီးရန် အစီအစဉ်မရှိကြောင်းနှင့် အပစ်အခတ်ရပ်စဲရေးကို ဆက်လက် ထိန်းသိမ်းသွားရန် နှစ်ဖက်စလုံးတွင် တာဝန်ရှိကြောင်း နိုင်အောင်မငေးက ပြောကြားသည်။


၎င်းက ဆက်လက်၍ “ကျနော်တို့ပေါ်လစီ(မူဝါဒ)က မွန်လူမျိုးတွေအတွက် အာမခံချက် တခုခု မရမချင်း လက်နက် မဖျက်သိမ်းဘူး၊ လက်နက်မချဘူး၊ ပါတီကို အဖျက်သိမ်းမခံဘူး။ စစ်အစိုးရဘက်က လက်နက်ဖျက်သိမ်းခိုင်းတာပဲဖြစ်ဖြစ်၊ လက်နက်ချခိုင်းတာပဲဖြစ်ဖြစ် ဖိအားပေးလာရင် အခြားမွန်အဖွဲ့အ စည်းတွေနဲ့ မွန်သံဃာတော်တွေ၊ မွန်ပြည်သူလူထုတွေဆီက အကြံဥာဏ်တွေကို တောင်းခံပြီး အဲ့ဒီအပေါ်မှာ အခြေခံပြီး ကျနော်တို့ပါတီက ဆုံးဖြတ်ချက်ချမယ်” ဟု ပြောကြားသည်။


မွန်ပြည်သစ်ပါတီအား လက်နက်ချရန်၊ လက်နက်အပ်ရန် ဖိအားပေးမည်မဟုတ်ကြောင်း အရှေ့တောင်တိုင်း စစ်ဌာနချုပ် တိုင်းမှူး ဗိုလ်ချုပ် သက်နိုင်ဝင်းက ၂၀၀၈ ခုနှစ် အောက်တိုဘာလတွင်းက ယင်းပါတီနှင့် နောက်ဆုံး တွေ့ဆုံခဲ့စဉ်က ကတိပေးခဲ့ကြောင်း ကြားသိရသည်။


အပစ်ရပ်တိုင်းရင်းသားပါတီအသိုင်းအဝန်းများမှ လာသောသတင်းအရ ၎င်းတို့တောင်းဆိုနေသော အခွင့်အရေးတို့ကို နောက်တက်လာမည့် အစိုးရတွင်သာ တင်ပြကြရန် လက်ရှိစစ်အစိုးရက ပြန်လည် အကြောင်းပြန်ခဲ့သည်ကို ထောက်ရှုခြင်းဖြင့် စစ်အစိုးရအနေဖြင့် အပစ်ရပ်အဖွဲ့အစည်းများကို ဤအတိုင်း ဆက်လက်ထိန်းသိမ်းသွားရန် ဆန္ဒရှိကြောင်းနှင့် အပစ်အခတ်ရပ်စဲရေး သဘောတူညီချက်ကို မဖျက်ဆီးလိုကြောင်း ဆိုကြသည်။


မွန်ပြည်သစ်ပါတီသည် စစ်အစိုးရ ကြီးမှူးကျင်းပသော အမျိုးသားညီလာခံသို့ ဗဟိုကော်မတီဝင်အဆင့် တက်ရောက်ခဲ့ရာမှ ၂၀၀၅ ခုနှစ်ကစ၍ လေ့လာသူအဆင့်သာ ဆက်လက်စေလွှတ်ခဲ့သည်။

Read More...

၂၀၁၀ ရွေးကောက်ပွဲ (သို့ ) အ၀ီစိ ငရဲ ရဲ့ ပထမဆုံး - တခါးပေါက်

-မိုးသီးဇွန်-

လေးစားအပ်တဲ့ ရဟန်းသံဃာများ၊ မိဘပြည်သူများ၊ ကျောင်းသားကျောင်းသူများ နှင့် မိတ်ဆွေများခင်ဗျား- ကျနော် မိုးသီးဇွန် ပါ- ကျနော်အခုပြောမဲ့ အကြောင်းကတော့ ၂၀၁၀ ရွေးကောက်ပွဲနဲ့ ပတ်သက်တဲ့ ကျနော်ရဲ့ အမြင်တွေဖြစ်ပါတယ်။

မြန်မာပြည်က သေကောင်ပေါင်းလဲ ဖြစ်နေတဲ့လူနာနဲ့ တူတယ်။ ၂၀၁၀ရွေးကောက်ပွဲ က လူနာအတွက် ဆေးကို ဖေါ်နေတာနဲ့ တူနေပါတယ်။ ဒါပေမဲ့ အနာနဲ့ဆေး တခြားစီဖြစ်နေတယ်။ ရွေးကောက်ပွဲကို ကျနော်တို့ လက်မခံနိင်ပါဘူး။

ဒီရွေးကောက်ပွဲဟာ မြန်မာ ပြည် အတွက် ထွက်ရပ်လမ်း မဟုတ်လို့ ဖြစ်ပါတယ်။ ဒီမိုကရေစီပြုပြင်ပြောင်းလဲမှု တွေကို ဦးမတည်လို့ ပါပဲ။ ၂၀၁၀ ရွေးကောက်ပွဲဟာ ဘာလဲ။ ၂၀၁၀ ရွေးကောက်ပွဲဟာ မဟာအ၀ီစိ ငရဲ ကိုသွားတဲ့လမ်းမှာ ပထမ တခါးပေါက် သာဖြစ်တယ်။

ဘာကြောင့် လဲ - ၂၀၁၀ ရွေးကောက်ပွဲ ရလဒ်က ၂၀၀၉ ခုနှစ် အခြေခံဥပဒေ အတိုင်း လုပ်မယ်။ နိင်ငံသား အခွင့်အရေး တွေ ဒီမိုကရေစီနဲ့လူအခွင့်အရေးတွေကို ဒီအခြေခံဥပဒေက ဘယ်လောက် အာမခံ မှာလဲ ဆိုတာကို သံသယရှိတယ်။ ဘာဖြစ်လို့ လဲဆိုတော့-

* စစ်အာဏာရှင်စနစ် ကိုပဲ အခြေခံဥပဒေနဲ့ တရားဝင်အောင်လုပ်ထားပြန်လို့ ဖြစ်ပါတယ်။
* တရားမျှတတဲ့ရွေးကောက်ပွဲ တခုအတွက်လိုအပ်တဲ့ နိင်ငံရေးခေါင်းဆောင်တွေကို ဖမ်းဆီးထားတယ်။
* လွတ်လပ်စွာလှုပ်ရှား၊စည်းရုံးဟောပြောခွင့်တွေကိုပေးမထားဘူး။

မြန်မာပြည်ဟာ လက်ရှိကြုံနေရတဲ့ အခက်ခဲအကြပ်အတည်းတွေက မလွတ်မြောက်နိင်ပဲ လူမှုဒုက္ခအပေါင်းတွေ ကို ဆက်လက်ရင်ဆိုင်ရမှာ ပဲဖြစ်ပါတယ်။ ရောဂါ နဲ့ ဆေးက တခြားစီဖြစ်နေတယ်။ ဗမာ ပြည်မှာ ဘာရောဂါ တွေ ဖြစ်နေလဲ ဆိုတာ ကြည့်ကြပါစို့။


အခုဗမာပြည်မှာ မဟာအကြပ်ရိုက်မှု (Total Crisis) ဖြစ်နေတယ်။

၁-လူမှုဒုက္ခကြီးကိုရင်ဆိုင်နေရတယ်။ ( Humanitarian Crisis)

ကူးစက်ရောဂါတွေဖြစ်တဲ့ အေအိုင်ဒီအက်၊ အသားဝါအသည်းရောင်၊ တီဘီ ၊ (လူတွေပြောနေတဲ့ လေးလုံး ရောဂါ၊ ဘီပိုးစီပိုး၊ တီဘီ၊ ငှက်ဖျား ရောဂါ၊ အဟာရမပြည်ဝမှု၊ ကလေးသေနှုန်း များလွန်းနေတယ်။ လူတွေ သက်တမ်းတိုနေတယ်။ )

ဒါဟာ လူတွေအကျင့်စာရိတ္တ ပြသာနာမဟုတ်ပါဘူး။ ဒါဟာ ဆင်းရဲမွဲတေမှုပြသာနာလည်းမဟုတ်ပါဘူး။ စစ် အစိုးရက အသိဥာဏ် နည်းပါးမှု ပြသာနာသာဖြစ်တယ်။ ဥာဏ်နည်းတာရယ်၊ လောဘဇော တိုက်မှုတွေနဲ့ ပေါင်းစပ်လိုက်တဲ့အခါ ပြသာနာဟာ မြန်မာ့လူ့အဖွဲ့စည်း တည်ငြိမ်ရေးနဲ့ ဖွံ့ဖြိုးတိုးတက်ရေးကို ပျက်ဆီးသွား ရတဲ့အခြေအနေကို ဆိုက်ရောက်သွားပါတော့တယ်။


တရုပ်ပြည်မှာလည်း အေအိုင်ဒီအက်စ်ရောဂါ သည်တွေရှိတယ်။ သူတို့ အတွက် Global Fund က ၁ ဘီလီယံဒေါ်လာ ကူညီဖို့ ဆုံးဖြတ်လိုက်တဲ့အချိန်မှာ မြန်မာပြည်မှာ စစ်အစိုးရက နိင်ငံတကာ အလျူရှင်တွေကို ကန့်သတ်ချုပ်ချယ်လိုက်တဲ့အတွက် အလျှူရှင်တွေ ပြန်ထွက်သွားကြတယ်။ လူမှုဒုက္ခ (Humanitarian Crisis) ကို ရင်ဆိုင်နေရတယ်။

၂-တရားဝင် အသိမှတ်ပြု မှု အကြပ်တည်း ( Legitimate crisis)

နအဖ စစ်အစိုးရ က ဒီနေပြသာနာတွေကို ကြည့်တဲ့နေရာ မှာ တရားဝင်မှု အကြပ်တည်း (Legitimate Crisis )လို့ ယူဆတယ်။ နိင်ငံတကာက ၀ိုင်းပယ်ထားတာ၊ စီးပွားရေးပိတ်စို့ ထားတာဟာ နိင်ငံကြီးတွေက ပြည်တွင်းရေးကိုစွက်ဖက်နေတာ၊ တရားဝင်အစိုးရဖြစ်လာရင် ဒီအကြပ်အတည်းကို ကျော်နိင်မယ်။ ဒီလိုတရားဝင်မှုရဖို့ အတွက်ကတော့ ရွေးကောက်ပွဲ ဖြစ်မယ်လို့ အလွယ်ယူဆနေတယ်။ ၁၉၉၄ ၀န်းကျင်က တိုင်းရင်းသားအဖွဲ့တချို့ နဲ့ အပြစ်ခတ်ရပ်စဲရေး လုပ်တာ။ အာဆီယံထဲကိုဝင်ခွင့်ရဖို့ ကြိုးပန်းတာတွေဟာ တရားဝင်မှုရရင် အရာခတ်သိမ်းပြေလည်မယ်လို့ ယူဆခဲ့လို့ဖြစ်ပါတယ်။ ဒ်ါပေမဲ့ ၁၉၉၇ ခုနစ်မှာ အမေရိကန် က စီပွားရေပိတ်ဆို့ မှုကိုသာကြုံရတယ်။ တရားဝင်အစိုးရလို့ အသိအမှတ်မပြုဘူး။ ဒီတော့ ၂၀၀၀ ခုနစ်မှာတော့ နယူးကလီးယားလက်နက် ပိုင်ဆိုင်ဖို့ အိမ်မက်မက်လာကြတယ်။ ဒီလက်နက်ရရင် နိင်ငံတကာဆက်ဆံရေးမှာ Negotiation လုပ်နိင်မယ်။ Balance of Power လုပ်လာနိင်မယ်လို့ ထင်တာကိုး။ လက်တွေ့မှာ အီရန်၊ မြောက်ကိုးရီးယားတို့ဟာ နယူးကလီးလက်နက်အတွက် ကြောင့် ဖိအားပေးမှုတွေခံရတာပဲ အဖတ်တင် နေတော့တယ်။

ဗိုလ်ချုပ်သန်းရွှေရဲ့ နယူးကလီးယား စီမံကိန်းက ဘာနဲ့တူနေလည်းဆိုတော့ ကျနော်တို့ ငယ်ငယ်က ဖတ်ရတဲ့ စာရေးဆရာကြီး ကစ်ပလင်းရေးတဲ့ ဂျန်းဂဲလ်ဘုတ်ခ် ( Jungle Book) ၀ထ္ထု ထဲက မျောက်ဘုရင်ကြီး ကင်းလူဝီ လိုဖြစ်နေတယ်။ မျောက်ကြီးက မီးကိုရရင် တောတခုလုံးကိုထိမ်းချုပ်နိင်မယ်ထင်တာကိုး။ လက်တွေ့မှာ မျောက်က မီးကိုရရင်တောင် လူလို့ အသိမှတ်ပြုဖို့ ကြတော့ မလွယ်ဘူးမဟုတ်လား။

၂၀၁၀ မှာ ရွေးကောက်ပွဲ လုပ်ပေးလိုက်လို့ နအဖ ကို အသိမှတ်ပြု လာမှာမဟုတ်ဘူး။ ရွေးကောက်ပွဲမှာ စစ်အစိုးရအလို ကျ ပါတီ အနိင်ရလည်း - တရားဝင် အစိုးရ ဖြစ်ပြီ၊ ပြသာနာအားလုံး ပြီး၊ ရောဂါအားလုံးပျောက် ဆိုတာ ဖြစ်လာမှမဟုတ်ပါဘူး။ တရားဝင်မှု အကြပ်တည်းကိုဆက်လက်ရင်ဆိုင်ရမယ်။

* စီးပွားရေပိတ်ဆို့မှု ဆက်ဖြစ်မယ်။

* ဗိုလ်ချုပ်တွေ အမေရိကန်နဲ့ ဥရောပရဲ့  ပိတ်ပင်မှုတွေကိုဆက်လက်ရင်ဆိုင်ရမယ်။

*နိင်ငံတကာ ငွေလွဲ မှုတွေမှာ ပိတ်ဆို့တားဆီးမှုတွေ ရင်ဆိုင်ရဦးမှာပဲဖြစ်တယ်။

၃- အမှန်တရားနဲ့ တရားဥပဒေ ပျောက်ဆုံးနေမှု (Crisis of Truth and Justice)


ဗိုလ်ချုပ်သန်းရွှေ နဲ့ ဗိုလ်ချုပ်တစုကောင်းမှုကြောင့် မြန်မာ့သမိုင်း မှာ ဘယ်ကာလ ကနဲ့ မတူတဲ့ တရားဥပဒေကင်းမဲ့မှု၊ မင်းမဲ့ နိင်ငံတော်ကြီးဘ၀ကို ကျနော်တို့ ကျရောက်နေကြပြီ။ မြန်မာ ပြည်ဟာ အရာခပ်သိမ်းပြောင်းပြန်ဖြစ်နေတယ်။ အမှန်တရားနဲ့ အမှန်တရားနဲ့ နီးစပ်မှု အားလုံးဟာ ရာဇ၀တ်မှု တခုလို သတ်မှတ်ခံနေရတယ်။


အမှန်တရားဆိုတာ လင်္ကာတပုဒ်လို နားဝင်ချိုခဲပါတယ်။ ပျားရည်စက်တွေလည်းလည်း အမြဲတမ်း ချို မနေဘူး။ ဒါပေမဲ့ အမှန်တရားဟာ လူတယောက်အတွက်ရော လူအဖွဲ့အစည်းအတွက်ပါ တိုးတက်အောင်မြင်ကြီးပွားဖို့အတွက် ၂၄ နာရီလိုအပ်နေတဲ့ ဓါတုဇီဝ တခုလိုဖြစ်နေပါတယ်။ မြန်မာပြည်မှာက အစာ စားစရာမရှိဘူး။ မီးမရှိဘူး။ အင်တာနက်အားလုံးမှာမရှိသေးဘူး။ တယ်လီဖုန်းနေရာအနှံမှမရှိဘူး။ ပညာရေးမရှိဘူး။ အလုပ်မရှိဘူး။ ချစ်ခင်ရတဲ့ မိသားစုဝင်တွေအိမ်မှာမရှိဘူး။ အဆိုးဆုံးကတော့ အမှန်တရားပါမရှိတော့တာပဲ။ အမှန်တရားထွန်းကားဖို့၊၊ အမှန်းတရားကိုပြောဖို့၊ အမှန်တရားကိုလုပ်ဖို့ ဆိုတာတွေဟာ အစိုးရအဖွဲ့ ထဲမှာရော၊ စီးပွားရေး၊ ပညာရေးနဲ့ ဘာသာရေးမှာပါ အမှန်တရားဟာ မောင်းထုတ်ခံနေရတယ်။


အမှန်ကို ပြောမိလို့ဖမ်းခံထိ၊ အလုပ်ပြုတ်၊ စီးပွားပျက်၊ ဘ၀ပျက်မှုတွေက နေရာအနှံ့ မှာ ဖြစ်နေတယ်။ အမှန်တရားကို ပြောစရာ မရှိတဲ့နောက် ခင်ဗျား ဟာ ဘာပြော စရာကျန် တော့လည်း။ လောကကြီးမှာ ဘာတခုမှာ ကောင်းတာမရှိတော့ဘူးပေါ့။

အမှန်တရား မရှိတော့ တရားဥပဒေဆိုတာလည်း မရှိတော့ဘူး။ ရှေ့ နေဆိုတာ တရားဥပဒေ သို့သွားရာ လမ်းမှ လမ်းပြ မိတ်ဆွေပါ။ ရှေ့ နေကြီးနစ်ဦးကိုထောင်ထဲဖမ်းထည့်လိုက်တဲ့အခါမှာတော့ မြန်မာ ပြည်မှ အမှန်တရား ဆိုတာ မရှိတော့ပါဘူး ဆိုတာကို အိပ်သွန်ဖါမှောက်ပြလိုက်ရသလိုဖြစ်သွားရပါပြီ။

အမှန်တရားမရှိတဲ့နိင်ငံမှာ ကောင်းမြတ်မှုဆိုတာတွေ ဟာ ဘယ်တော့မှမရှိဘူး ဆိုတာပြောပါရစေ။ တိုးတက်မှု၊ ကြီးပွား အောင်မြင်မှု၊ပျှော်ရွှင်မှု၊ သုခ၊ လုံခြုံမှု၊ ငြိမ်းချမ်းမှု၊ မျှော်လင်ချက်နဲ့ ပြည့်စုံမှုဆိုတာတွေဟာ မရှိတော့ဘူး။ အမှန်တရားမရှိတဲ့ အတွက် ခုကျနော်တို့ ရှင်သန်ရာ ခေတ်ဟာ အမှောင်ခေတ် ပဲ လို့ပြောရမှာပဲဖြစ်တယ်။

၎-စီးပွားရေးအကြပ်အတည်း (Economic Crisis)

၁၉၈၈ ခုနစ် ဒီမိုကရေစီအရေးတော်ပုံကြီးပြီးသွားတဲ့အခါမှာ စစ်အစိုးရက မဆလ ခေတ် ကလို တခါးပိတ် စီးပွားရေးကနေ တခါးဖွင့် စီးပွားရေးစနစ်ကို ပြောင်းလဲကျင့်သုံးလိုက်ပြီ။ သူတို့စကားနဲ့ပြောရရင် - ဈေးကွက်စီးပွားရေးစနစ် ပီပီပြင်ပြင် ဖြစ်ပေါ်လာစေရေးပါ။ လက်တွေ့ ဖြစ်နေတာက လွတ်လပ်တဲ့ဈေးကွက် စနစ်ဖြစ်မလာပဲ လက်ဝါးကြီးအုပ် ဈေးကွက် စီးပွားရေးနစ် ဖြစ်နေတယ်။ ဒီစီးပွားရေးစနစ်က ဗိုလ်ချုပ်သန်းရွေ မိသားစုနဲ့ လက်တဆုပ်စာ လူတစု ကောင်းစားရေး မျှသာဖြစ်နေတယ်။ အများတကာ အများစု လူထုကြီးမှာ တော့ စီးပွားရေး အခွင့်အလမ်းတွေကို တန်တူညီမျှ ဆောင်ရွက်ခွင့်မရှိဘူးဖြစ်နေတယ်။ ဈေးကွက်ကို လက်ဝါးကြီးအုပ် လုပ်ကိုင်နေတဲ့အတွက် မကြုံဖူးမကြားဖူးလောက်အောင် ကုန်ပစ္စည်းတန်ဖိုးတွေ မြင့်တက် နေတယ်။ အမေရိကန်မှာ လွတ်ပြစ်ထားတဲ့ကားတစီးက မြန်မာ ပြည်မှာ ဒေါ်လာ ၁သောင်းလောက် ဖြစ်နေ တယ်။ ဒေါ်လာသုံးသောင်း လောက်ရှိတဲ့ ကား တစီးက ဒေါ်လာ ၁ သိန်းကျော်ဖြစ်နေတယ်။ ထိုင်းနိင်ငံမှာ ဒေါ်လာ ၂၀ လောက်တယ်လီဖုန်းက မြန်မာ ပြည်မှာ ဒေါ်လာ ၂၀၀ လောက်ပေးနေရတာတွေဖြစ်လာတယ် နိင်ငံတကာမှာ ဓါတ်ဆီဈေးက တပီပါကို ဒေါ်လာ ၃၇ ဒေါ်လာလောက်ဖြစ်နေပေမဲ့ မြန်မာပြည်မှာ ဓါတ်ဆီဈေးက အဆမတန်ကြီးနေတုန်းဖြစ်လာတယ်။ ဒီလိုဖြစ်နေရတာကတော့ ဈေးကွက်ကို လက်ဝါးကြီး အုပ်ထားမှုအပေါ်မှာ သန်းရွေမိသားစု နှင့် အသိုင်းအသိုင်းကို အကျိုးအမြတ်တွေဖြစ်နေလို့ပါပဲ။


ဒါဟာ မတော်တဆမှုမဟုတ်ပါဘူး။ ဒါဟာ စီးပွားရေးပေါ်လစီတွေကိုနားမလည်လို့မဟုတ်ပါဘူး။ ဗိုလ်ချုပ်သန်းရွှေ နဲ့ စစ်ဗိုလ်ချုပ် တွေရဲ့  တပ်မတော်သားတွေနဲ့ ပြည်သူတွေအပေါ်မှာ ကြင်နာတရားကင်းပြီး ရက်စက်လွန်းလှတဲ့ ဂုတ်သွေးစုတ် ခေါင်ပုံဖြတ် နေတဲ့ လုပ်ရပ်တွေကြောင့်သာ ဖြစ်ပါတယ်။


နောက်တခုက စီးပွားရေးလုပ်ငန်းတွေရှင်သန်ဖို့အတွက် အဓိက လိုအပ်နေတဲ့ -

* လွတ်လပ်တဲ့ဈေးကွက်စီးပွားရေစနစ် နဲ့ ပုဂ္ဂလိကပိုင်ဆိုင်မှု မရှိဘူး

* စွမ်းအင်မရှိဘူး။

* ဘဏ်စံနစ်တွေပျက်စီးနေတယ်။ စီးပွားရေးလုပ်ငန်းရှင်တွေကို ငွေပင်ငွေရင်း စိုက်ထုတ်မချေးပေးဘူး။

*လမ်းပန်းဆက်သွယ်ရေး၊ အင်တာနက်နဲ့၊ တယ်လီဖုံးလုပ်ငန်းတွေ အကုန်လုံးက သေလုမျောပါးဖြစ်နေတယ်။

ဒီတော့ မြန်မာ့စီးပွားရေး ဘိုးတော်ဘုရားလက်ထက်ကထည်းက လိုပဲ ကုန်ကြမ်း ကိုထုတ်ရောင်းစားနေတဲ့ နိင်ငံတခုအဖြစ် က တက်ကို မတက်နိင်ဘူး။

ဒီအခြေအနေမှာ လက်တဆုပ်စာ ဗိုလ်ချုပ်တွေရဲ့ အကျင့်ပြက်လပ်စားမှုတွေနဲ့ ပေါင်းလိုက်တဲ့အခါမှာ ကျနော်တို့ ဗမာပြည်ဟာ ဘာလုပ်ငန်းမှ လုပ်ကိုင်စားသောက်လို့မရတဲ့ မဟာ စီးပွားပျက်ကပ်ကြီး ဖြစ်ပေါ်နေရခြင်း ဖြစ် ပါတယ်။

၅-တည်ငြိမ်မှု အကြပ်အတည်း ( Crisis of Stability )

စစ်အုပ်စု အုပ်ချုပ်နေတဲ့နှစ်ပေါင်း ၅၀ နီးပါးမှာ မြန်မာပြည်ဟာ တည်ငြိမ်စွာ ဖြစ်ပေါ်မတိုးတက်ခဲ့ရဘူး။ နအဖရဲ့ မတရားဖိနိပ်မှု ၊ နိင်ငံရေးတင်းမာမှုတွေ၊ စီးပွားပျက်ကပ်၊ ပြည်တွင်းစစ်နဲ့  ရောဂါကပ်ဆိုးတွေကြောင့် လူတွေ ဘ၀တွေက တည်ငြိမ်မှုတခုမှ မရှိဘူး။ ခုဆိုရင် မြန်မာ မျိုးနွယ်စုတည်ရှိမှုကို ခြိမ်းခြောက်နေတာ က အမှန်ဖြစ်လာနေတယ်။ မိသားစုဘ၀တိုင်းက တည်ငြိမ်မှု ကိုမရှိတော့ဘူး။ ဆောက်တည်ရာမရဖြစ်နေကြတယ်။ မိမိနေထိုင်နေရာဝန်းကျင်ဟာ ဘယ်နေ့ရွေ့ ရမယ်လဲ။ ဘယ်နေ့ဖျက်ရမယ်လဲ။ ဘယ်နေ့မှာ အသိမ်းခံရမယ်လဲ ဖြစ်နေတယ်။ ကိုယ်ဘ၀က ဘာဖြစ်မလဲ - ဘာလုပ်ကိုင်စာရမလဲ ဘယ်ကိုသွားရမလဲ စကော်ထဲ ဇီးဖြူသီး ထည့်လိမ့်သလို လူတွေရဲ့ နေစဉ်ဘ၀ က ဘာမှကိုမတည်ငြိမ်တော့ဘူး။ လူတွေတင်မဟုတ်ဘူး တပ်မတော် သားတွေပါ တည်ငြိမ်တဲ့ဘ၀ကိုရဖို့ ဆိုတာမသေချာတာဘူး။ ဘယ်တော့အဖြုတ်ခံရမလဲ။ ဘယ်တော့ အရပ်ဖက်ကိုအရွေ့ ခံရမလဲဖြစ်နေကြပြီ။ စစ်အစိုးရအဆက်အဆက်အောက်မှာ နိင်ငံတော်ဟာ မတည်ငြိမ်ဘူး။ ပြည်သူလူထုဟာ မတည်ငြိမ်ဘူး။

၆-မျော်လင့်ချက်များ နဲ့  ယုံကြည်ချက်များ ပျောက်ဆုံးနေမှု (Crisis of Hope, vision and Trust)

နောက်ထပ်ဖြစ်နေတဲ့ ပြသာနာတခုကတော့ လူတွေဟာ မျှော်လင့်ချက်နဲ့ ယုံကြည်ချက်များ ပျောက်ဆုံး သွားရတဲ့ အခြေအနေကို ဆိုက်ရောက်သွားတော့တာပဲ။ လူတယောက်ရဲ့  ဘ၀ခရီးစဉ်တလျောက်လုံးကို မျှော်လင့်ချက်နဲ့  မောင်းနှင်းနေတာဖြစ်ပါတယ်။ မျှော်လင့်ချက်မရှိတဲ့နောက်မှာတော့ ဘာယုံကြည်ချက်မှလည်း မရှိတော့ဘူး။ လူတယောက် ဘယ်လောက်ပဲကြိုးစားကြိုးစား အောင်မြင်မှု တခါးဝ နားရောက်လာပြီဆိုရင်တော့ ရှေ့ ဆက်တိုးလို့မရပဲ အရာတခုက ပိတ်ပင်ထားဆီးနေတာကိုခံရတော့တာပဲ။ ဒီအရာက တော့ စစ်အာဏာရှင် စနစ်ဖြစ်ပါတယ်။ ဒီစနစ်က လူတဦးရဲ့  ဘ၀ မျှောင်လင့်ချက်တွေကို ပိတ်ပင်ထားတဲ့ အရာ ဖြစ်နေပါတော့တယ်။

ဝမ်းနည်းဖို့ ကောင်းပါတယ်။ မြတ်စွာ ဘုရားက ဇတိသညာ - လူတွေဟာ ကိုယ်မွေးဖွားရာ ဇတိကို အလွန်သံယောဇဉ်ကြီး တယ်လို့ ဆိုတယ်။ အခုမြန်မာ ပြည်သားတွေဟာ မွေးဖွားခဲ့ရာနေရာတွေက စွန်ခွာ ထွက်ပြေးနေကြရသလို ဖြစ်နေပါတယ်။ ဗမာပြည်ဟာ သူတို့အတွက်မျှော်လင့်ချက်များရှင်သန်ရာ နေရာမဟုတ်တော့လို့ ပါပဲ။

ဆေး ကဘာဘဲ


စစ်အာဏာရှင်စနစ် နဲ့ စစ်ဗြူရိုကရေစီ ယန္တရားတွေကို ဖြိုချပြစ် ရပါမယ်။ ပြည်တွင်းစစ်မီးကိုအဆုံးသတ်ရမယ်။ ဒီမိုကရေစီစနစ် ထွန်းကားလာအောင် အားပေးရမယ်။ ကာကွယ်ရမယ်။ ထိမ်းသိမ်းရမယ်။ လူတိုင်းတန်းတူစွာ အခွင့်အရေးရပိုင်ခွင့်ရှိတဲ့ ဈေးကွက်စီးပွားရေးစနစ်ကိုကျင့်သုံး ရမယ်။ ၂၀၁၀ ရွေးကောက်ပွဲကိုဆန်ကျင်ပြီး လူထုတိုက်ပွဲတွေကို ဖေါ်ထုတ်ပြီးလူထုအစိုးရဖွဲ့စည်းနိင်အောင်ကြိုးစား ရမယ်။
တပ်မတော်သားများ တွေကို ကျနော်ပန်ကြားလိုပါတယ်။ခင်ဗျားတို့ တခုပဲလုပ်စရာလိုပါတယ်။ အမေရိကန်၊တရုပ်၊ရုရှား၊အိန္ဒိယနဲ့ ထိုင်းနိင်ငံက စစ်သားတွေလို Professional Soldiers စစ်သား ပီပီသသ နေကြပါ။ လူတဦးတယောက်အပေါ်သစ္စာရှိတာဟာ ပြည်သူလူထု တရပ်လုံးကို သစ္စာကို ဖေါက်နေတာလို့ အဓိပ္ပါယ်ထွက်နေပါပြီ။ ပြည်သူလူထုကိုကာကွယ်ပါ။ ကျောင်းသား တွေနဲ့ လက်တွဲပါ။ အနာဂတ်သစ်ကို ဖန်တီးဖို့ အချိန်ကြပြီ။ သင့်ကို ပြည်သူလူထုကအလိုရှိနေပြီလို့ ပြောပါရစေ။

အပြစ်ခပ်ရပ်စဲရေးအဖွဲ့ များ


အထူးသဖြင့် ကချင်အမျိုးသားအစည်းအရုံ၊ ၀ပြည်သွေးစည်ညီညွတ်ရေးပါတီ၊ မွန်ပြည်သစ်ပါတီ။ ကလလတ၊ရလလဖ၊ ဒီကေဘီအေ ရဲဘော်များ ပြန်လာကြပါ။ နအဖ စစ်အစိုးရက ခင်ဗျားတို့ ပြည်သူတွေရဲ့ ဘ၀ကို တိုးတက်အောင်လုံခြုံအောင် ငြိမ်းချမ်းအောင်မလုပ်ပေးနိင်ဘူး ဆိုတာ ခင်ဗျားတို့ မြင်နေပြီဖြစ်ပါတယ်။


မနပုလောမှာ ခင်ဗျားတို့ကိုကျနော်တို့ ကတိပေးခဲ့တယ်။ တိုင်းရင်းသားအခွင့်အရေးတွေအတွက် တူမီးတဖက် ကလောက်တဖက် ကိုင်ပြီး ကျနော် တို့ ၈၈ မျိုးဆက်တွေ အတူတိုက်ပွဲဝင်မယ်ဆိုတဲ့ ဒီကတိကို ကျနော်တို့ တသက်လုံးစောင့်ထိမ်းသွားမယ်။


ခင်ဗျားတို့လည်း တိုင်းရင်းသား ပြည်သူတရပ်လုံးရဲ့ ဆန္ဒကို လေးစားပါ။ ပြောင်းလဲလုပ်ဖို့ အချိန်ကောင်းကိုရောက်နေပြီ။ မနောက်ကျ ကြပါစေနဲ့။

မျိုးစပါးတွေစုဆောင်းပါ။ သေနပ်ပြောင်းတွေတိုက်ထားပါ။ လှံစွပ်တွေသွေးထားပါ။ ကတုတ်ကျင်းတွေ နက်နက် တူးထားပါ။ အရင်လို လက်တွဲ ပြီးအတူတိုက်ပွဲဝင်ကြပါစို့ ။

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်

ဒီချုပ်ခေါင်းဆောင်တွေနဲ့ အဖွဲ့ ဝင်တွေ ကို ကျနော်တိုက်တွန်းခြင်းတာကတော့-

မုန်းတိုင်းလာတော့မယ်။ မုန်းတိုင်းက ဘယ်ဟာ ဘုရားထီးတော်လဲ ၊ ဘယ်ဟာ အမိုက်ပုံးလဲဆိုတာ မသိပါဘူး။ အကုန်လုံးကို ဆွဲချတတ်ပါတယ်။ ရန်သူရော မိတ်ဆွေကိုရော တိုက်ခိုက်ပါတယ်။ အဖွဲ့ချူပ်ကို ခိုင်ခံ့ အောင်ကျောက်အုပ်တွေနဲ့ အစားထိုးသင့်ပြီ လို့ပြောခြင်တယ်။ စွန့်လွတ်အနစ်နာခံတိုက်နေတဲ့ ဦးတင်ဦးနဲ့ ဒေါ်အောင်ဆန်းစုကြည်ကိုစံနမူနာယူပါ။ စေ့စပ်ရေး ဟာ မဖြစ်နိင် တော့ဘူး။ လူထုတိုက်ပွဲတွေဖေါ်ထုတ်ပါ။ အစိုးရဖွဲ့ နိုင်ဖို့ပြင်ပါလို့ တိုက်တွန်းလိုပါတယ်။

ကျောင်းသားကျောင်းသူများ နဲ့ အနာဂတ်လူငယ်များ


တကယ်က လူအဖွဲ့ စည်းမှာ လူကြီးနဲ့ ကလေးပဲရှိတယ်။ အသက်၁၈ နစ်ကျော်သူတိုင်းဟာ ဆေးပညာအရ၊ တရားဥပဒေအရ လူကြီးဖြစ်လာကြပြီ။ လူငယ်ပေမဲ့လူကြီးလို့ခံယူဖို့ လိုနေပြီ။ ဒီနေ့ မြန်မာ့သမိုင်းဟာ ခင်ဗျားတို့ကိုမျှောင်လင့်နေကြတယ်။ အားကိုးနေကြပါတယ်။ ခင်ဗျားတို့ ဟာ နိင်ငံတကာ ရဗ် - ဟစ်ပေါ့ ဂီတတွေကို သိနေရင် ဒီမိုကရေစီနဲ့ လူအအခွင့်ရေး လှုပ်ရှားမှု ဟာလည်း သိဖို့ မခက်လှပါဘူး။ စစ်အစိုးရက မသိနိင်အောင်လုပ်ထားပေမဲ့ ခင်ဗျားတို့က သိနိင်အောင်ကြိုးစားရင် သူတို့တားဆီးလို့ မရဘူး။ မြန်မာ ပြည်မှာ ဖြစ်နေတာတွေကို ခင်ဗျားတို့ သိပါတယ်။ အမှားနဲ့ အမှန်တိုက်ပွဲမှာ ပွဲကြည့်ပရိသတ်မရှိဘူး။ တာဝန်သိမှု Responsibility ကို သိပါလို့ တိုက်တွန်းလိုပါတယ်။

နိဂုံးချုပ်အနေနဲ့ ကျနော်ပြောခြင်တာကတော့-

၂၀၁၀ ရွေးကောက်ပွဲဟာ ငရဲ ကိုသွားတဲ့ ပထမတခါးပေါက်သာဖြစ်နေပါတယ်။ ဒါကိုကျနော်တို့ လက်ခံလို့ မရပါဘူး။ အခြေခံဥပဒေဟာ ဒီမိုကရေစီနဲ့ လူအခွင့်အရေး တွေကို အလေးနက်မထားဘူး။ တခါးဖွင့် စီးပွားရေး စံနစ်ကို အာမခံချက်တွေ မရှိဘူး။ ၁၉၇၄ ခုနစ်အခြေခံဥပဒေအတိုင်းပဲ အာဏာရှင်စနစ်သက်ဆိုးရှည်အောင် စစ်ကျွန်ပြုမှုကို အတည်ပြု ပေးထားတာ မျှသာဖြစ်တယ်။

မြန်မာ ပြည်ဟာ ပြောင်းလဲမှု ဖြစ်ကိုဖြစ်တော့မယ်။ အောင်ပွဲ ခံကိုခံမယ်။ ဒီမိုကရေစီရကိုရမယ်။ အထွေထွေ လူမှုဒုက္ခတွေဟာ နိဂုံးချုပ်ကိုချုပ်ရမယ်။ စစ်အစိုးရ ဗိုလ်ချုပ်တွေကိုယ်တိုင် သူတို့ဟာ သမိုင်းလားရာကို ဆန့်ကျင်ဖက်သွားနေသူတွေ အမှန်တရားနဲ့ တခြားဖက်ကိုရောက်နေသူတွေ အရှုံးကိုရင်ဆိုင်နေရပြီဆိုတာ သိနေပြီ။

တော်လှန်ရေးဘယ်တော့အောင်ပွဲခံမလဲ လို့ မေးရင် အောင်ပွဲခံနေရသူတွေ ဟာ ငါတို့ ပဲဆိုတာကိုသိတဲ့နေ့ ဟာ တော်လှန်ရေးအောင်ပွဲခံတဲ့နေ့ပဲ လို့ ပြောရင်းနိဂုံးချုပ်လိုက်ပါတယ်။


ကျေးဇူးတင်ပါတယ်။

ကျနော်မိုးသီးဇွန်ပါ။

ဇန်န၀ါရီ ၂၈-၂၀၀၉

Read More...

Thursday, January 29, 2009

ပြည်တွင်း လူငယ် နှင့်  နည်းပညာ

ကျနော် ရဲ့ အမြင်လေးတခုကို ကျနော် တို့  နဲ့အတူ လက်ရှိပြည်တွင်းမှာရှိနေကြ တဲ့ လူငယ်များ အတွက် ပြောပြ ချင်ပါတယ်…။ ယခုအချိန်ကာလ ဟာ နိုင်ငံရေးကိုစိတ်ရောကိုယ်ပါ ဆောင် ရွက် နေ ကြတဲ့ လူငယ်များ အတွက် အင်မတန်မှ အရေးကြီးပါတယ် ။ ဘာဖြစ်လို့ လဲ ဆိုတော့ လာမယ့်  ၂၀၁၀ မှာ ပြုလုပ်မယ့် ရွေးကောက်ပွဲ ရောက်ချိန်နီးလာလေ…ကျနော် လက်ရှိလူငယ်တွေ မှာ…အတတ်ပညာ တွေပိုမို လိုအပ်လာလေပါပဲ …၊ နိုင်ငံရေး ဖက်က ကြည့် ရင်လဲ အများပြည်သူကို ဦးဆောင် လမ်းပြလုပ်နိုင်ရ မယ.်.. ၊ မိမိတို့  လူငယ်အချင်းချင်း အနေနဲ့က လဲ အချိတ်အဆက်မပြတ် ရှိနေစေဖို့ ၊ ဆွေးနွေးစရာ ၊ တိုင်ပင်စရာ ရှိတာတွေ ကို နည်းလမ်းတခုခုသုံး ပြီး အဆက်အသွယ်မပြတ် ရှိနေစေဖို့  လို ပါတယ်….။

ကျနော်တို့  နိုင်ငံ မှာ က တခြားနိုင်ငံတွေလို ဆက်သွယ်ရေးစနစ် ကို ဈေးပေါပေါ နဲ့ သုံးစွဲ နိုင် ခြင်းမရှိပါဘူး.. ။ ရန်ကုန်မြို့  နယ်နမိတ်အတွင်း က အစွန်အဖျား ရပ်ကွပ်တွေ ထဲက လမ်းတ လမ်း မှာ တယ်လီဖုန်း တလုံးမရှိတဲ့ ရပ်ကွက်လမ်းတွေ ယခုထိ ရှိနေပါသေးတယ် …။ GSM ၊ CDMA အစ ရှိတဲ့ လက်ကိုင်ဖုံးဆိုတာတော့  ပိုက်ဆံချမ်းသာတဲ့ သူများမှပဲ သုံးနိုင်ကြတာ..။ ကျနော် တို လို့ ရူံးချုပ် ကို သွားဖို့ လိုင်းကားခ ( ၂၀၀ - ၃၀၀ ) တောင် တခါတရံ မရှိကြတဲ့ လူငယ်တွေ အဖို့  မှာ ဟမ်းဖုန်း ဆိုတာ ဝေလာဝေးရော …။ ပြီးတော့ မြို့ နယ် တခုနဲ့ တခု ချိတ်ဆက် ဖို့  က လဲ သွားရ တာ တနေကုန် လိုင်းကားတိုးကျိတ်ပြီးသွားကြရ တာ….ဝေးလံ တဲ့ .မင်္ဂလာဒုံ ၊ လှိုင်သာယာ ၊ ရွှေပြည်သာ ၊ တောင်ဒဂုံ ၊ ထန်းတပင် ၊ သံလျှင် ကျောက်တန်း ၊ ခရမ်းသုံးခွ ၊ ဒလ အစရှိတဲ့ အစွန်အဖျားကြတဲ့ မြို့  နယ်တွေ မှာရှိတဲ့ လူငယ်တွေ အချင်းချင်း တဦးနဲ့တဦး အဆက်အသွယ် အမြဲရနေဖို့ ကျန်တဲ့အဝေးမြို့  များ မန္တ လေး ၊ မုံရွာ ၊ တောင်ကြီး ၊ မော်လမြိုင် ၊ စစ်တွေ ၊ ပုသိမ် အစရှိသည် အဝေးမြို့  များရှိ လူငယ်များနှင့် ပါအဆက်အသွယ်မပြတ်စေ ဖို့  နည်းလမ်း တခုခု ကို အခုအချိန်ထဲ က ကြိုတင် စီစဉ်ထား မှာပါ..။ ကျနော် စဉ်းစားမိတာလေးတခုကတော့  ယခုနောက်ပိုင်းမှာ အင်တာနက် ၊ အီးမေး နည်းပညာ ဟာ ကျနော် တို့  လူငယ်တွေအတွက် တော် တော် အသုံးဝင်လာနိုင်ပါ တယ် ၊

မြို့ တော် တော်များများ မှာ ယခုဆိုရင် အင်တာနက် သုံးလို့  ရနေပါပြီ..။ ဆိုက်ဘာကဖေး ဆိုင်ကလေးတွေ အလျှိုအလျှို ပေါ်လာပါပြီ ၊ နယ်မြို့ များမှာ တော့  မီးပျက် တာ များ သောကြောင့်  တနာရီ လျှင် အသုံး ပြု ခ ( ၇၀၀ - ၈၀၀ ) ကျပ်လောက်ပေးရ ပါတယ်..။ ရန်ကုန် မှာကတော့ ( ၄၀၀ - ၆၀၀ ) ကြားပေးရပါတယ် ၊ အိမ်သုံးအနေနဲ့  တယ်လီဖုန်းလိုင်း အား မိုဒမ်း ချိတ်ဆက် ပြီး အသုံး ပြု လို့  ရပေမယ့် လဲ အင်မတန်မှ နှေးပါတယ် အင်တာနက်စာမျက်နှာ တခု ကို ကြည့်  ရှု့  နိုင်ရန်အတွက် တခါ တရံ ( ၅ ) မိနစ် ခန့် စောင့် ရ ပါ တယ် ။ အီးမေး ပို့တာ လက်ခံ တာတွေ က သိပ်အဆင်မပြေ ပါဘူး ..။ တယ်လီဖုန်းလိုင်း ကြိုးတွေ မှာအဆက်တွေ များတာကြောင့်  လဲပါတာပေါ့  …။ အဲလိုသုံးရင်တော့ တနာရီအတွက် ( ၅၀၀-ကျပ် ) ကျော်ကျော် လောက်ကျပါတယ် ..သုံးစွဲ ရတာတော့ မကောင်းပါဘူး…။ အဲဒီတော့ ဆိုင် မှာသုံးရ တာပဲ အကောင်းဆုံး ပါပဲ …။

ဆိုင်မှာသုံး တဲ့ အခါကြတော့ လဲ သတိ ထားရ မယ့်  အချက် တွေ အများကြီးပါ…။ ကျနော်ကြုံ ရသလောက် ပြောရ ရင် အချို့  ဆိုင်များ က နိုင်ငံရေးနဲ့ သက်ဆိုင်သော ၀က်ဆိုဒ် များ ၊ ဘလော့  များ အား မကြည့်  ရ လို့  စာတန်း ချိတ်ဆွဲ ထားပေ မယ့်  ပိတ်ထားတာတွေကို ကျော်ကြည့်  လို့  ရ တဲ့ ဆော့  ၀ဲ တွေ ကို အသုံးပြု့ မယ့်  စက် ထဲ မှာအသင့် ထည့် ထားပေး ပါတယ်…။ မိမိ ကိုယ် တိုင် က တော့ ဒီဆော့  ၀ဲလေးတွေ ကို ပိုင်နိုင်စွာအသုံး ပြုနေနိုင်ရ ပါ မယ်..။ ဥပမာ ( Ultersuaf , freegate ) အစရှိတဲ့ဆော့ ၀ဲ မျိုးလေးတွေပါ ..အသုံးပြုရတာလဲ အလွန်လွယ်ကူပါတယ်…။အဲဒီလောက် လေး သုံးနိုင်ပြီဆိုတာနဲ့ ပုဂံနက်က ပိတ်ထားတာတွေ ကိုကျော် ဖွင့်  နိုင်ပါပြီ.. သတင်းဝက်ဆိုဒ်တွေ ၊ မြန်မာ ဘလော့  တွေ ကြိုက် တာကြည့် နိုင် ပါပြီ…အခုသုံးနေကြ တဲ့ သူတော်တော် များများကတော့  အဲဒီ လောက် လေးတောင် မသိကြတဲ့ သူတွေ တော် တော် များများရှိနေပါသေး တယ်…။


နိုင်ငံရေးဝက်ဆိုဒ် ကိုလုံးဝ အကြည့်  မခံ တဲ့ ဆိုင် လဲ ရှိပါတယ်..အဲဒီလိုဆိုင်တွေ ရဲ့ ပိုင်ရှင် များက လူမျိုးခြားများပိုင်တာများပါတယ်….။ ကျနော်ဆိုရင် ဆိုင်ထဲ ကနေဒေါသတကြီးနဲ့ မောင်း အထုတ်ခံရဘူးပါတယ်…ဆိပ်ကမ်းသာလမ်းထဲ က ဆိုင်တဆိုင် ပါ…။

ပြီးတဲ့ အခါ ကြတော့ ကွန်နရှင်နှေးနေတဲ့ အချိန်မှာ ဆိုင်တဆိုင်ထဲမှာ သုံးနေကြတဲ့ သူတွေ ထဲမှာ မှ ကိုယ်က မြန်မြန်သုံးနေနိုင် တဲ့ ဆော့  ၀ဲ လေးတွေ လဲ ရှိပါတယ် …ကျန်သုံးနေတဲ့ သူများ က တော့  နဲနဲတော့  ပို နှေးသွား ပါတယ်…။ အဲဒီလို ပဲ ဂျီမေး ၊ ဂျီတောခ့် ပြောကြ ချက်ကြ တဲ့ အချိန်မှာ လဲ မြန်ဆန်စေပါတယ် ….။ ကျန်ခဲ့ တဲ့ ရက် ပိုင်း အတွင်း မှာ ဂျီတော့ တွေ ဖွင့် မရအောင် လုပ်ခဲ့ပါတယ်…..အဲဒီအချိန်မှာ ကျနော် အဲဒီဆော့ ၀ဲလေးတွေနဲ့ပဲ လွယ်လွယ်ကူကူ ပြော နေနိုင် ခဲ့ပါ တယ်…..။ ကျနော့်  ရဲ အွန်လိုင်းမိတ်ဆွေများကတော့ ကျုနော့် ကို ပြည်တွင်းက သုံးနေကြသူတွေ အွန်လိုင်းတက်မလာချိန် မှာ ကျနော် တယောက် ထဲ တက်လာတဲ့အတွက် ကျနော် ကို အံ့သြ နေကြပါတယ် ၊ တချို့ ကြတော့  လဲ သံသယ ဖြစ်နေ ကြမလားတောင်မသိပါဘူး ၊ အမှန်က အဲဒီဆော့  ၀ဲ လေးတွေကြောင့်  ပဲ ကျနော် တက် ရောက် နိုင်ခဲ့ တာ ပါ ၊ ပြီးခဲ့ သော နှစ် စက်တင်ဘာ လ တုန်းကလိုမျိုး ကွန်နရှင်ကို လုံးလုံး ဖြတ်ချ လိုက် ရင်တော့ ကျနော်လဲ အများနည်းတူ လိုင်းပေါ်တက် နိုင် မှာမဟုတ်ပါ ဘူး ဗျာ…။ ကျနော် တို့  လို ပြည်တွင်း က ဘလော့ ဂါတွေ ၊ နိုင်ငံရေးဝက်ဆိုဒ် တွေ ကို ၀င်ရောက် ဖတ်ရှု့  သူတွေဟာ ဒီလို နည်းပညာလေးတွေကိုတော့ အနည်း ဆုံးအဆင့် အနေနဲ့ သိထားသင့်  တယ် လို့  ထင်ပါတယ် ..။ ဆိုင်ကဖွင့် ပေး မှ ကြည့် ရ ဖတ်ရ တာ မျိုးတော့ မဖြစ်သင့် ပါ ဘူး…။ ပြည်ပ မှ မိတ်ဆွေ ဘလော့  ဂါ များမှ လည်း သတင်းများ နိုင်ငံရေးဆောင်းပါများ သာမက ပဲ ပြည်တွင်းလူငယ်များ အတွက် တကယ့်  အသုံးဝင် မယ့် အိုင်တီ နည်းပညာ များကိုပါ ဖော်ပြ ပေးသင့်  ပါတယ် ….။

ပြည်တွင်းလူငယ်များက လဲ နောင်တချိန်မှာမဖြစ်မနေ ဆွက်သွယ်ရေးအနေနဲ့  အသုံး ၀င် လာတော့  မယ့်  အင်တာနက် အသုံးပြု ပုံ ကို အခုချိန် ကတည်းက ကြိုးစားသင်ယူကြ ဖို့  အချိန် တန် နေပါပြီ…ပြည်တွင်းမှာရှိနေ ကြတဲ့ ပါတီ ၀င်လူငယ်တွေ ကို နအဖ က သွားတာ လာတာ နေရာတကာ မျက်ခြေ မပျက်စောင့် ကြည့် နေတဲ့ အချိန်မှာတဦးနဲ့ တဦး တမြို့  နဲ့ တမြို့  သွားရောက် တွေ့  ဆုံ ဆွေးနွေးကြ ဖို့  ဆိုတာ မလွယ်ကူပါဘူး….။ တိုးတက်လာသော နည်းပညာတွေကို လဲ ကျနော် တို့  လူငယ်တွေ မျက် ခြေပြတ်ခံ လို့ မဖြစ်ပါဘူး….၊ ပိုင်ပိုင်နိုင်နိုင် အသုံးချနေနိုင်ရ မယ် ၊ နောင်တချိန် မှာတိုင်းပြည်ကို ဦးဆောင်လမ်းပြ လုပ် မယ့်  ကျနော်တို့လူငယ် တွေဟာ ခုချိန် ထဲက သူများနောက် ကျန်နေခဲ့ လို့ မဖြစ်ပါဘူး …အများနည်းတူတော့ အနည်းဆုံးရှိနေရပါမယ် …ဒါကြောင့်  လက်ရှိ လူငယ်တွေ ဟာ အဖက် ဖက့်  ပြည့် စုံနေအောင်ကြိုးစားကြပါလို့  တင်ပြလိုက်ရ ပါတယ် ခင် ဗျာ………………..။

Read More...

တပ်မတော် စွမ်းရည်ကျ ခြစားမှုပိုလာဟု တိုင်းမှူးပြောကြား

ဇာနည်
ကြာသပတေးနေ့၊ ဇန်နဝါရီလ 29 2009 19:08 - မြန်မာစံတော်ချိန်
ချင်းမိုင် (မဇ္ဈိမ) ။ ။ မြန်မာ့တပ်မတော်သည် စွမ်းရည်ကျဆင်းလာပြီး၊ စည်းကမ်းပျက်ကာ ခြစားမှုများ ပိုလာနေကြောင်း ထိပ်တန်း စစ်ခေါင်းဆောင်တဦးက ၀န်ခံ ပြောဆိုထားချက်ကို တပ်တွင်း ထိပ်တန်း လျှို့ဝှက်မှတ်တမ်း တခုအရ သိရသည်။

အရာရှိများ ဆက်ဆံရေး ညံ့ဖျင်းကာ အရက် အလွန်အကျွံသောက် မူးယစ်ရမ်းကားခြင်း၊ ရိက္ခာလောက်အောင် ထုတ်မပေးခြင်း၊ မတန်တဆ ခိုင်းစေခြင်းနှင့် ငွေအလွဲသုံးစားပြုလုပ်မှု များပြားလာနေကြောင်း မြောက်ပိုင်းတိုင်း စစ်ဌာနချုပ် တိုင်းမှူး ဗိုလ်ချုပ်စိုးဝင်းက အကြီးတန်း စစ်အရာရှိများ၏ အစည်းအဝေး တခုတွင် ပြောကြားသွားခဲ့သည်။

စစ်ဦးစီး၊ ရေး၊ ထောက် အစည်းအဝေးတွင် တပ်ပြေးများအကြောင်းနှင့် တိုက်ပွဲများတွင် အကျအဆုံး များပြားလာနေကာ စစ်သားစုဆောင်းရေး အခက်အခဲများ ရှိလာနေကြောင်း တိုင်းမှူးက မကြာသေးခင်က ပြောကြားသွားသည်ကို မဇ္ဈိမက အတည်ပြုနိုင်ခဲ့သည်။

ထိုသို့ အင်အား ကျဆင်းလာသော တပ်ကို အားဖြည့်ရန်အတွက် တပ်သားသစ်များ စုဆောင်းရေးကို မဖြစ်မနေ၊ မရမက အကောင်အထည် ဖော်ရမည်ကို ခေါင်းဆောင်တိုင်း၏ အဓိကအဖြစ် ခံယူထားရမည်ဟု ဗိုလ်ချုပ်စိုးဝင်းက ပြောဆိုခဲ့သည်။


ထို့အပြင် တပ်မတော်ကို နိုင်ငံခြား စစ်တပ်များနှင့် ယှဉ်ပြိုင်တိုက်ခိုက်နိုင်သော တပ်ဖြစ်ရန် တည်ဆောက်သွားလိုသော စစ်အစိုးရ၏ ရည်မှန်းချက်ကိုလည်း ထုတ်ဖော်ပြောဆိုသွားသည်။
"တပ်မတော်၏ အစဉ်အလာကောင်းများသည် တဖြည်းဖြည်း လျော့နည်းလာရာမှ အရည်အသွေးများ ကျဆင်းလာသည်။ တပ်မတော်ကို နိုင်ငံတကာနှင့် ယှဉ်ပြိုင် တိုက်ခိုက်နိုင်သော ခေတ်မီ တပ်မတော်အဖြစ် တည်ဆောက်ရန်လိုသည်" ဟု မှတ်တမ်းတွင် ပါရှိသည်။

အစဉ်အလာအားဖြင့် မြန်မာစစ်ဗိုလ်ချုပ်ကြီးများက တပ်မတော်သည် စည်းကမ်းသေ၀ပ်ပြီး ခေတ်မီသော တပ်ဖြစ်ကြောင်း ထိန်းချုပ်ထားသော မီဒီယာများမှတဆင့် တိုင်းပြည်သို့ ပြောကြားလေ့ ရှိသည်။တရုတ်-မြန်မာ နယ်စပ်အခြေစိုက် မြန်မာ့စစ်ရေး လေ့လာသူ ဦးအောင်ကျော်ဇောက စစ်အစိုးရအနေဖြင့် လက်ရှိ တပ်သားအင်အား ၄ သိန်းကျော် ရှိနေသော တပ်ကို အင်အား ၅ သိန်းအထိ တိုးမြှင့်လိုဖွယ် ရှိနေကြောင်းနှင့် အရမ်းကာရော လူသစ် စုဆောင်းနေမှုများ ရှိနေကြောင်း ပြောသည်။

မြန်မာနိုင်ငံရှိ ကျေးရွာ ၆ သောင်းကျော်မှ တရွာလျှင် တဦးကျ တပ်သား စုဆောင်းရေးကို လုပ်ဆောင်ရန် စစ်အစိုးရမှ ၂၀၀၆ ခုနှစ်ကတည်းက စီမံချက်ချထားသည်ဟု သူက ပြောသည်။

"သူတို့က တရွာကို တယောက်နှုန်းဆိုရင် တနှစ်အတွင်း တခေါက်ပဲ လိုက်ကောက်အုံးတော့ တပ်သား အနည်းဆုံးတော့ ၆ သောင်းရမယ်ပေါ့။ သူတို့ ဒီလို စီမံကိန်းချထားပြီး လုပ်တာရှိတယ်။ ဒီမှာတင် အောက်ပိုင်း အဆင့်အဆင့်က လူရပြီးရော လုပ်တာတွေ ဖြစ်လာတယ်" ဟု နှစ်ပေါင်းများစွာ မြန်မာစစ်တပ်ကို အကဲခတ် စောင့်ကြည့်လေ့လာနေခဲ့သူ ဦးအောင်ကျော်ဇောက ပြောသည်။

Read More...

ဒေါ်အောင်ဆန်းစုကြည်၏ ရှေ့နေကို နေပြည်တော်က ဆင့်ခေါ်

ကာသပတေးနေ့၊ ဇန်နဝါရီလ 29 2009 01:33 - မြန်မာစံတော်ချိန်
နယူးဒေလီ (မဇ္ဈိမ)။ ။ အကျယ်ချုပ်နှင့် ပတ်သက်ပြီး လျှောက်လှဲချက်အပေါ် ဆွေးနွေးလိုပါသည်ဟု ဆိုကာ ဒေါ်အောင်ဆန်းစုကြည်၏ ရှေ့နေကို နေပြည်တော်က ဆင့်ခေါ်ခဲ့သည်။

တွေ့ဆုံဆွေးနွေးရန်အတွက် နေပြည်တော်ရှိ ရှေ့နေချုပ်ရုံးသို့ အင်္ဂါနေ့တွင် လာရောက်ပါရန် ရန်ကုန် သတင်းရဲတပ်ဖွဲ့က ဦးကြည်ဝင်းကို လွန်ခဲ့သည့် စနေနေ့တွင် အကြောင်းကြားခဲ့သည်။

နေထိုင်မကောင်းဖြစ်နေသော ဦးကြည်ဝင်းမှာ သွားရောက်နိုင်ခြင်း မရှိသည့်အတွက် ဗဟိုတရားရုံးချုပ်ရှေ့နေ ဦးလှမျိုးမြင့်ကို ကိုယ်စားလွှတ်ရန် ဒေါ်အောင်ဆန်းစုကြည်ကလည်း သဘောတူခဲ့သည်။ ဇန်န၀ါရီလ ၂၆ ရက်နေ့တွင် ဦးလှမျိုးမြင့်က ခရီးထွက်ရန် ဘူတာရုံသို့ အဆင်းတွင် အစည်းအဝေးကို ဖျက်သိမ်းလိုက်ကြောင်း သတင်းရဲတပ်ဖွဲ့ အရာရှိများက အကြောင်းကြားခဲ့သည်။

"တင်္နလာနေ့မှာ (ဦး) လှမျိုးမြင့်က နေပြည်တော်သွားဖို့ ရထားပေါ် တက်မလို့ လုပ်တုံး အက်စ်ဘီအရာရှိတွေ ရောက်လာပြီး မသွားတော့ဖို့ တားတယ်" ဟု ဦးကြည်ဝင်းက ပြောသည်။"အက်စ်ဘီအပြောအရတော့ လျောက်လှဲချက်နဲ့ ပတ်သက်ပြီး ဆွေးနွေးချင်လို့တဲ့" ဟု ဦးကြည်ဝင်းက ပြောရင်း အကြောင်းပြချက်မရှိဘဲ ဖျက်သိမ်းလိုက်ခြင်း ဖြစ်သည်ဟု ဆိုသည်။

နိုင်ငံတော်ကို နှောင့်ယှက် ဖျက်ဆီးသူများ၏ ဘေးအန္တရာယ်မှ ကာကွယ်သည့် ဥပဒေဖြင့် စစ်အစိုးရက ဒေါ်အောင်ဆန်းစုကြည်ကို ရန်ကုန်မြို့ တက္ကသိုလ်ရိပ်သာလမ်းရှိ သူ၏ နေအိမ်တွင် အကျယ်ချုပ်ချထားသည်။တည်ဆဲဥပဒေအရပင် ရက်လွန်ချုပ်နှောင်ထားခြင်းဖြစ်ကြောင်း ဒေါ်စုဘက်က စောဒက တက်ထားသည်။ ဥပဒေအရ အများဆုံး တဆက်တည်း ၅ နှစ်သာ ရုံးမတင်ဘဲ ချုပ်နှောင်ထားခွင့် ရှိသည်ဟု ဆိုသည်။

နအဖအစိုးရက အတိုက်အခံခေါင်းဆောင်၏ နေအိမ် အကျယ်ချုပ် သက်တမ်းကို ယမန်နှစ် မေလ က နောက်ဆုံးအကြိမ် သက်တမ်းတိုးမြှင့်ခဲ့သည်။ စစ်အစိုးရ၏ ဥပဒေ အနက်အဓိပ္ပါယ် ဖွင့်ဆိုချက်အရ လူတဦးကို ၆ နှစ်အထိ ချုပ်နှောင်ထားခွင့် ရှိသည် ဟု ဆိုသည်။
ဤသို့ သက်တမ်းတိုးမြှင့်ခြင်းသည် ဥပဒေကို ချိုးဖောက်ခြင်း ဖြစ်သည်ဟု သူမ၏ပါတီက စစ်အစိုးရကို ကန့်ကွက်နေသည့်အကြားမှ ပြုလုပ်ခဲ့ခြင်း ဖြစ်သည်။"ဒေါ်အောင်ဆန်းစုကြည်ရဲ့ မေတ္တာရပ်ခံချက်ကြောင့် ဆွေးနွေးတာလို့လည်း ပြောတယ်" ဟု ၀ါရင့်ရှေ့နေကြီးက ပြောသည်။

နိုဘယ်လ်ငြိမ်းချမ်းရေးဆုရှင် ဒေါ်အောင်ဆန်းစုကြည်က လွန်ခဲ့သည့် အောက်တိုဘာလအတွင်း သူမ၏ ရှေ့နေ ဦးကြည်ဝင်းမှတဆင့် ချုပ်နှောင်ထားမှုနှင့် ပတ်သက်ပြီး လျှောက်လှဲမှု ပြုခဲ့သည်။ သို့သော်လည်း စစ်အစိုးရက တစုံတရာ တုံ့ပြန်မှုမပြုသည့်အပြင် ဦးကြည်ဝင်းကိုလည်း ဒေါ်စုနှင့် တွေ့ဆုံခွင့် ပိတ်ပင်ခဲ့သည်။ဦးကြည်ဝင်းက သူ၏ အမှုသည်နှင့် တွေ့ဆုံခွင်ပြုရန် ၀န်ကြီးချုပ်ရုံးသို့ နှစ်ကြိမ်တိုင်တိုင် လျောက်ထားခဲ့သော်လည်း လစ်လျူရှုခံခဲ့ရသည်။

၁၉၉၀ ပြည့်နှစ် ရွေးကောက်ပွဲတွင် မဲအပြတ်အသတ်ဖြင့် အနိုင်ရခဲ့သော အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်၏ ခေါင်းဆောင်မှာ လွန်ခဲ့သည့် ၁၉ နှစ်အတွင်း ၁၃ နှစ်ကျော် အချုပ်အနှောင်ဖြင့် နေခဲ့ရသည်။

Read More...

နိုင်ငံရေးအကျဉ်းသားများနှင့် တွေ့ခွင့်ရရေး ကမ္ဘာ့ကြက်ခြေနီ ကြိုးပမ်းနေ

မြင့်မောင်
ကြာသပတေးနေ့၊ ဇန်နဝါရီလ 29 2009 20:28 - မြန်မာစံတော်ချိန်

နယူးဒေလီ (မဇ္ဈိမ) ။ ။ နိုင်ငံရေး အကျဉ်းသားများကို လွတ်လပ်စွာ တွေ့ဆုံစစ်ဆေးခွင့် ရရေးအတွက် အပြည်ပြည်ဆိုင်ရာ ကြက်ခြေနီအဖွဲ့က မြန်မာ စစ်အစိုးရများနှင့် ဆွေးနွေးနေသည်။

"ကျနော်တို့ ထောင်တွင်း တွေ့ဆုံ စစ်ဆေးခွင့်ရဖို့ အစိုးရနဲ့ စကားပြောနေပါတယ်။ ဘယ်တော့ တွေ့ရမယ်ဆိုတာကို မပြောနိုင်သေးပါဘူး။ သူတို့ဘက်ကနေ တွေ့ခွင့်ပေးမယ်လို့ မျှော်လင့်ပါတယ်" ဟု ရန်ကုန်ရှိ ICRC ခေါ် ကမ္ဘာ့ကြက်ခြေနီရုံး ပြောခွင့်ရ မစ္စတာ Paclisanu က မဇ္ဈိမကို ပြောသည်။

၂၀၀၅ ခုနှစ်က တားမြစ်ခံထားရသည့် တွေ့ဆုံစစ်ဆေးခွင့်ကို ပြန်လည်ရရှိရေးအတွက် ပြောဆိုနေခြင်းဖြစ်သည်။ ယခုလို ပြောဆိုဆွေးနွေးနေစဉ်မှာပင် ICRC သည် ဝေးလံခေါင်ဖျား ဒေသများရှိ နိုင်ငံရေး အကျဉ်းသားများထံ သွားရောက်တွေ့ဆုံလိုသည့် မိသားစုဝင်များအတွက် ခရီးစရိတ်များ ထောက်ပံ့ပေးနေသည်။

မစ္စတာ Paclisanu က "အခု လောလောဆယ် နိုင်ငံရေး အကျဉ်းသားတွေနဲ့ ပတ်သတ်လို့ သူတို့ မိသားစုတွေရဲ့ လမ်းစရိတ်တွေကို အကူအညီ ပေးနေပါတယ်" ဟု ပြောသည်။ သားဖြစ်သူ အကျဉ်းကျခံနေရသည့် မြန်မာပြည် မြောက်ပိုင်းဒေသ ကချင်ပြည်နယ်မှ ဗန်းမော်အကျဉ်းထောင်သို့ ပြီးခဲ့သည့်လ ၈ ရက်နေ့က ထောင်ဝင်စာသွားတွေ့သူ ၈၈ မျိုးဆက် ကျောင်းသားခေါင်းဆောင် တဦးဖြစ်သူ ကိုပဏ္ဍိတ်ထွန်း၏ မိခင်ကလည်း လမ်းစရိတ် ကုန်ကျငွေများအတွက် ICRC က ကျခံပေးသည်ဟု ဆိုသည်။

"ICRC အနေနဲ့ လမ်းစရိတ်ပေးပါတယ်။ ကျမတို့ ကုန်ကျတဲ့ ငွေ အားလုံးကို ပေးပါတယ်။ အကျဉ်းသားတွေနဲ့ ပတ်သက်လို့ ဘာမှ လုပ်ပေးတာမျိုး မရှိပါဘူး။ သူတို့အနေနဲ့ ဆောင်ရွက်လို့ မရဘူး။ သူတို့က သူများနိုင်ငံမှာ ရုံးလာစိုက်တဲ့အတွက် နိုင်ငံတော်ရဲ့ ခွင့်ပြုချက်နဲ့ လှုပ်ရှားရတာဆိုတော့ Visit (ထောင်များသို့ ၀င်ရောက် စစ်ဆေးခြင်း) လည်း မရှိဘူး" ဟု သူက ပြောသည်။

သူက ဆက်ပြီး " အဲဒီလို စစ်ဆေးခွင့် မရတာ ကြာပြီ၊ ၂၀၀၅ ခုနှစ်ကပဲ စတယ် ထင်တယ်။ Visit မရှိတာ တော်တော်လေးကြာပြီ။ လမ်းစရိတ်တွေက အားလုံးကိုတော့ ထုတ်ပေးပါတယ်" ဟု ပြောသည်။ အကျဉ်းကျခံနေရသည့် ၈၈ မျိုးဆက် ကျောင်းသားခေါင်းဆောင် တဦးဖြစ်သူ ကိုဌေးကြွယ်၏ ညီဖြစ်သူကလည်း ICRC က ထောင်ဝင်စာ သွားတွေ့သူ နိုင်ငံရေး အကျဉ်းသားများ၏ မိသားစုများသို့ ခရီးစရိတ်ပေးကြောင်း ပြောဆိုသည်။

သူက "ကျနော်တို့က ICRC က အကူအညီကို လက်မခံပါဘူး။ မရှိတဲ့သူတွေ ပေးပါဆိုပြီးတော့ လက်မခံတာပါ။ ကိုဌေးကြွယ်အနေနဲ့ ကျန်းမာရေး သိပ်မကောင်းဘူး။ အစာအိမ်ရောဂါ ပြန်ဖြစ်နေတယ်။ ပြီးခဲ့တဲ့ ဒီဇင်ဘာလတုန်းက နောက်ဆုံး တွေ့ခဲ့ရတယ်။ နောက်သွားတွေ့တော့ အတွေ့မခံဘူးပြောလို့ မသွားရသေးဘူး" ဟု ပြောသည်။

ICRC က ထောင်များသို့ ၀င်ရောက်စစ်ဆေးခွင့် မရှိသဖြင့် ထောင်အာဏာပိုင်များက နိုင်ငံရေး အကျဉ်းသားများအား ထိရောက်စွာ ကျန်းမာရေးစောင့်ရှောက်မှု မပေးဟု သူက ဆက်ပြောသည်။

Read More...

အစိုးရနဲ့ သူပုန်တွေရဲ့ဒဏ် ချင်းလူမျိုးတွေ ခံစားနေရ

28 January 2009
မြန်မာစစ်အစိုးရဟာ ချင်းလူမျိုးတွေကို အတင်းအဓမ္မ အလုပ်ခိုင်းစေတာနဲ့ နှိပ်စက် ညှဉ်းပန်းတာတွေ အပါအ၀င် ဖိနှိပ်အုပ်ချုပ် နေတယ်လို့ ထင်ရှားတဲ့ နိုင်ငံတကာ လူ့အခွင့်အရေးအဖွဲ့ တခုက စွပ်စွဲ ပြောဆိုလိုက်ပါတယ်။ အိန္ဒိယ နယ်စပ်၊ ချင်းပြည်နယ် အနောက်ပိုင်းမှာ နေထိုင်တဲ့ ချင်းလူမျိုးတွေ အပေါ် နှိပ်စက် ညှဉ်းပန်းတာတွေကို ဖော်ထုတ်ထားတဲ့ အစီရင်ခံစာ တစောင်ကို နယူးယောက်အခြေစိုက် လူ့အခွင့်အရေးစောင့်ကြည့်လေ့လာရေးအဖွဲ့က ဒီကနေ့မှာ ထုတ်ပြန်လိုက်တာပါ။

ချင်းလူမျိုးတွေဟာ တရားလက်လွတ်ဖမ်းဆီးခံရ၊ မြန်မာစစ်သားတွေက ရက်ရက်စက်စက်ရိုက်နှက်တာကိုခံရ၊ စားနပ်ရိက္ခာ ဆုံးရှုံး တာတွေ ကြုံကြရတယ်လို့ အစီရင်ခံစာကဆိုပါတယ်။ ဒါ့အပြင် ၉၀ ရာခိုင်နှုန်းက ခရစ်ယာန်ဘာသာဝင်တွေဖြစ်ကြတဲ့ ချင်းလူမျိုး တွေဟာ ဗုဒ္ဓဘာသာအများစုဖြစ်တဲ့ မြန်မာနိုင်ငံမှာ ဘာသာရေးအရလည်း ဖိနှိပ်ခံကြရတယ်လို့ လူ့အခွင့်အရေးအဖွဲ့က ပြောပါတယ်။

ချင်းလူမျိုးလက်နက်ကိုင်အဖွဲ့ဖြစ်တဲ့ ချင်းအမျိုးသားတပ်ဦးကလည်း ရိုက်နှက်တာ၊ အတင်းအဓမ္မ ငွေတောင်းတာတွေ အပါအ၀င် နှိပ်စက်ညှဉ်းပန်းမှုတွေ လုပ်လေ့ရှိတယ်လို့ အစီရင်ခံစာမှာ ထောက်ပြထားပါတယ်။ ချင်းလူမျိုးတွေကို ကုလသမဂ္ဂက ကူညီ ထောက်ပံ့နိုင်ဖို့အတွက် အိန္ဒိယအရှေ့ပိုင်းနယ်စပ်ဒေသဆီကို ကုလသမဂ္ဂကို ပိုပြီး ၀င်ရောက်ခွင့်ပြုဖို့ လူ့အခွင့်အရေးအဖွဲ့က အိန္ဒိယကို တိုက်တွန်းနေပါတယ်။ ထောင်သောင်းချီတဲ့ ချင်းလူမျိုးတွေဟာ နယ်စပ်ကို ဖြတ်ပြီး အိန္ဒိယနိုင်ငံထဲ ထွက်ပြေးကြပေမယ့် အတင်းအကျပ်နေရပ်ရင်းပြန်ပို့တာကိုပဲ ခံကြရတယ်လို့လည်း အစီရင်ခံစာမှာ ဖော်ပြထားပါတယ်။

Read More...

ဒေါ်စုကို ဝေဖန်ချက်ဖြင့် ဂျာနယ်ပွဲဦးထွက်

ဖနိဒါ
ကြာသပတေးနေ့၊ ဇန်နဝါရီလ 29 2009 19:52 - မြန်မာစံတော်ချိန်
ချင်းမိုင်(မဇ္ဈိမ)။ ။ နိုင်ငံရေးဂျာနယ်အဖြစ် ကြွေးကြော် ထုတ်ဝေလိုက်သော ယနေ့ထုတ် Northern Star ဥတ္တရအလင်းတွင် ဒေါ်အောင်ဆန်းစုကြည်ကို ဝေဖန်ချက်ကို ဖော်ပြကာ ပွဲဦးထွက်လိုက်သည်။

Northern Star ဂျာနယ်အငြိမ်းစားဗိုလ်မှူး အယ်ဒီတာချုပ် ဦးသီဟအောင် ဦးစီးကာ ရန်ကုန်အခြေစိုက် အဆိုပါဂျာနယ်တွင် 'NLD တတ်သိအုပ်စုဝင် စာနယ်ဇင်းသမားများနှင့် စပ်လျဉ်း၍ ဘလော့ဂ်ဂါ အောင်ထက်၏ ရှုမြင်ချက်' ဆောင်းပါးမှ ကောက်နှုတ်ချက်ကို ဖော်ပြရာတွင် ဒေါ်အောင်ဆန်းစုကြည်ကို ပါတီတွင်း တကိုယ်တော် ဆုံးဖြတ်ပြုမူသည့်ဟန် ပါရှိသည်။

"ဘလော့ဂ်ဂါတွေ ရေးကြတယ်လေ။ ဟုတ်တာရော၊ မဟုတ်ရော ရေးသားလာကြတယ်။ ဒါက ဆန္ဒတခု အနေနဲ့ ပါလာတယ်။ အန်ကယ်တို့က သူ့ကို မရည်ရွယ်ပါဘူး။ လက်ရှိ အခြေအနေနဲ့ အရင်ဖြစ်ခဲ့တာကို ဖော်ပြတာပါ။ မီဒီယာသမားတွေရဲ့ ခံစားချက်က လူထုအပေါ် ရိုက်ခတ်တယ်'' ဟု အယ်ဒီတာချုပ် ဦးသီဟအောင်က မဇ္ဈိမကို ပြောသည်။

'ဒေါ်စုကို ဝေဖန်ရင် တန်ပြန်တော်လှန်ရေး တံဆိပ်ကပ်ခံရမှာ သေချာနေတော့ ဘယ်သူမှ ပါးစပ်မဟရဲဘူး' ဟု ဆောင်းပါးရှင်က ရေးသားထားသည်။ထို့အပြင် 'တတ်သိမှာ အတက်ကြွဆုံး လှုပ်ရှားခဲ့တဲ့ မောင်ဝံသ၊ ဒေါ်မြင့်မြင့်ခင်၊ ဆရာမောင်စူးစမ်း၊ မသင်္ဂီတို့ အုပ်စုတွေ ဒီချုပ်ကနေ ဘေးထွက်ထိုင်တာတွေဟာ ဒီအကြောင်းတွေကြောင့်ပါပဲ' ဟု ဆိုထားသည်။

သတင်းစာဆရာကြီးနှင့် အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် ခေါင်းဆောင်တဦးဖြစ်သူ ဦးဝင်းတင်က ဝေဖန် ရေးသားချက်အပေါ် ပယ်ချလိုက်သည်။"ဒေါ်စုဟာ အာဏာရှင်သဘောမျိုး ဖြစ်တယ်ဆိုရင် ဘာဖြစ်လို့ ဒီနေ့ သူ့နောက်မှာ လူတွေက အပြည့်အဝ ရှိနေလဲ။ သူက အာဏာရှိတာ မဟုတ်ဘူး။ ဒီမိုကရေစီအတွက် သူ့နောက်မှာ အလုံးအခဲတွေ ရှိနေတာပေါ့" ဟု ပြောသည်။

ဒေါ်အောင်ဆန်းစုကြည်အား ဝေဖန်ချက်များအား အစိုးရအာဘော် သတင်းစာများဖြစ်သည့် ကြေးမုံနှင့် မြန်မာ့အလင်းတွင် ရေးသားဖော်ပြခဲ့သလို ပုဂ္ဂလိကပိုင် အပတ်စဉ်ထုတ် ဂျာနယ်များတွင် မထဲ့မနေရ ဖော်ပြခိုင်းသည်များ ရှိခဲ့သည်။

ဦးသီဟအောင်က ''ရည်ရွယ်တာက တတ်သိပညာရှင်တွေရဲ့ အယူအဆတွေ ပြောင်းလဲလာတာကို မီးမောင်းထိုး ဖော်ပြချင်တာပါ၊ တတ်သိပညာရှင်ဆိုတာက အခု ဒီမှာ စာရေးသားတဲ့ ဆရာတွေပေါ့နော်" ဟု ပြောသည်။

အန်အယ်ဒီ အဖွဲ့ဝင်ဟောင်းများ ဖြစ်ကြသော စာရေးဆရာ မောင်စူးစမ်းနှင့် ဆရာမောင်ဝံသလည်း ဂျာနယ်တွင် ပါဝင် ရေးသားကြသည်။
ယနေ့ မြန်မာနိုင်ငံအပေါ် ရှုမြင်ခံစားချက်၊ အရေးအခင်း ကာလက ပေါ်ပေါက်ခဲ့သည့် နိုင်ငံရေးအုပ်စု အမျိုးမျိုး၊ အမေရိကန် သမတသစ် အိုဘားမား၏ ကာကွယ်ရေးမူဝါဒ၊ ဘယ်ကိုဦးတည်မှာလဲ အမေရိကန်ဆိုသည့် ဆောင်းပါးများ ဖော်ပြပါရှိသည်။

ယနေ့ထုတ် ဥတ္တရအလင်းဂျာနယ်ကို ပြည်ပ သတင်းဝဘ်ဆိုဒ်များမှတဆင့် ကြားသိ၍ သတင်းသမားများကသာ စိတ်ဝင်စားသော်လည်း ပြည်တွင်းရှိ လူထုက လက်ရှိတွင် ဆက်စပ်မှု မရှိသဖြင့် စိတ်ဝင်စားမှု နည်းနိုင်သေးသည်ဟု ဂျာနယ် အယ်ဒီတာချုပ်က ဆိုသည်။
ဦးသီဟအောင်သည် မြန်မာစစ်တပ်တွင် ဗိုလ်မှူးအဖြစ် ၁၉၇၂ ခုနှစ်မှ ၁၉၉၁ ခုနှစ်အထိ တာဝန်ထမ်းဆာင်ခဲ့သည်။

ထို့နောက် ပြန်ကြားရေးဌာနသို့ ပြောင်းရွှေ့ကာ မြန်မာ့အလင်းတွင် ဒုတိယ အယ်ဒီတာချုပ်မှ ညွှန်ကြားရေးမှူး၊ အထွေထွေ မန်နေဂျာ ရာထူးတာဝန်များယူခဲ့ပြီး ၂၀၀၇ ခုနှစ်တွင် အငြိမ်းစားယူခဲ့သည်။
စာမျက်နှာပေါင်း ၂၀ ရှိ Northern Star ခေါ် ဥတ္တရအလင်းဂျာနယ်အား စောင်ရေ ၃၀၀၀ ဖြင့် စတင်ထုတ်ဝေကာ၊ တစောင်လျှင် ၅ဝဝ ကျပ်ဖြင့် ရောင်းချခဲ့သည်။

Read More...

ရှမ်းခေါင်းဆောင် ဦးရွှေအုံး ပါတီဖွဲ့မည်

Thursday, 29 January 2009 18:58 ဧရာဝတီ
“ပြည်ထောင်စု ဒီမိုကရေစီ မဟာမိတ်” အမည်ဖြင့် နိုင်ငံရေး ပါတီတခု ဖွဲ့စည်း ထူထောင်ရန် အဆင်သင့် ဖြစ်နေပြီဟု ဝါရင့် တိုင်းရင်းသား နိုင်ငံရေး သမားကြီး ဦးရွှေအုံးက ယနေ့ ပြောကြား လိုက်သည်။

စစ်အစိုးရ၏ ၂ဝ၁ဝ ပြည့်နှစ် ရွေးကောက်ပွဲ ကာလအတွက် နိုင်ငံရေး ပါတီ ဖွဲ့စည်းမည်ဟူသော အသံတချို့ ထွက်နေချိန်တွင် ဤသို့ ပြောကြားလိုက်ခြင်း ဖြစ်သည်။

“ရှမ်းအဖွဲ့၊ ဗမာအဖွဲ့ အဲဒီလို မဟုတ်ဘူး။ ပြည်ထောင်စုထဲမှာ ရှိတဲ့ တိုင်းရင်းသား အားလုံး စုပေါင်းပြီးတော့ ဖွဲ့မယ့် အဖွဲ့။ အဓိက ရည်ရွယ်ချက်ကတော့ ပြည်ထောင်စု တခု တည်ဆောက်မယ်။ ဒီမိုကရေစီ နိုင်ငံ တည်ဆောက်မယ်” ဟု ဦးရွှေအုံးက ဧရာဝတီသို့ ပြောပြသည်။

ပါတီ ဖွဲ့စည်းရေးအတွက် ဖြစ်မြောက်ရေး ကော်မတီ ဖွဲ့စည်းထားပြီး ဖြစ်ကြောင်း၊ ၎င်းတို့၏ ပါတီ ဖွဲ့စည်းပုံ ဥပဒေ ထွက်လာသည့်အခါ စည်းရုံးရေး စတင်မည်ဖြစ်ကြောင်း ပြောပြသည်။

“ပါတီ ဖွဲ့မယ့် အကြောင်းကိုလည်း ကျနော်တို့ နိုင်ငံတော် အကြီးအကဲဆီ စာတင်ထားပြီးပြီ။ အကြောင်းကြားထားပြီးပြီ။ ကျနော်တို့ လုပ်တော့မယ်” ဟု ဦးရွှေအုံးက ဆိုသည်။

လူမျိုးစုအားလုံး ပါဝင်နိုင်ရန် ဖွဲ့မည်ဟု သိရသည်။
ဖြစ်မြောက်ရေး ကော်မတီတွင် အဖွဲ့ဝင် ၆ ဦးခန့် ရှိပြီး ဦးရွှေအုံး၊ ဦးဌေး (ယခင် ဒီမိုကရေစီ နှင့် ငြိမ်းချမ်းရေး အဖွဲ့)၊ ဦးတင်အုံး (ယခင် မြောင်းမြမြို့နယ် ဖဆပလ)၊ စိုင်းထွန်းမြင့် စသူတို့ ပါဝင်သည်ဟု သိရသည်။

ဦးရွှေအုံးသည် အသက် ၈၆ နှစ် ရှိပြီဖြစ်သည်။ ဦးရွှေအုံးသည် လွန်ခဲ့သည့် အနှစ် ၂ဝ က တိုင်းရင်းသားနိုင်ငံရေး အဖွဲ့များဖြင့် စုစည်းထားသည့် ပြည်ထောင်စု တိုင်းရင်းသားများ ဒီမိုကရေစီအဖွဲ့ချုပ်၏ ခေါင်းဆောင်တဦး ဖြစ်သည်။ နောက်ပိုင်းတွင် စစ်အစိုးရက ထိုအဖွဲ့ကို ဖျက်သိမ်းလိုက်သည်။

၂ဝဝ၇ ခုနှစ်တွင် ဒေါ်အောင်ဆန်းစုကြည်က စစ်အစိုးရနှင့် တွေ့ဆုံ ဆွေးနွေးရေး အတွက် ကုလသမဂ္ဂ ကိုယ်စားလှယ်မှ တဆင့် ကြေညာချက် တစောင် ထုတ်ပြန်ခဲ့ဖူးသည်။ ထိုစဉ်က ဦးရွှေအုံးသည် ဒေါ်စု၏ ကြေညာချက်ကို ထောက်ခံခဲ့သော ပထမဆုံး မြန်မာ ပြည်တွင်းမှ တိုင်းရင်းသား နိုင်ငံသမားဖြစ်သည်။အပစ်အခတ် ရပ်ထားသည့် တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့များက အဆိုပါ ကြေညာချက်ကို ကန့်ကွက်ကြောင်း စစ်အစိုးရ သတင်းစာများတွင် ဖော်ပြခဲ့သည်။

Read More...

တနေ့တည်း ဂျာနယ်အသစ် (၄) စောင်ထွက်



NEJ/ ၂၉ ဇန်န၀ါရီ ၂၀၀၉
ဇန်နဝါရီ (၂၉) တနေ့တည်း ဂျာနယ်အသစ် (၄) စောင်ထွက်ပေါ်လာပြီး အချို့ဂျာနယ်များ ထူးခြားမှုရှိကြောင်း ဂျာနယ်လောကသားများက ပြောပြကြသည်။

အဆိုပါ ဂျာနယ်များမှာ Northern Star, Popular News, Phoenix နှင့် ဘုန်းရောင် ဂမ္ဘီရ ရသဂျာနယ်တို့ ဖြစ်ကြပြီး Northern Star ဂျာနယ်မှာမူ နိုင်ငံရေးအသားပေး ဂျာနယ်ဖြစ်ကြောင်း သိရသည်။

သတင်းဂျာနယ် အယ်ဒီတာတဦးက “အစိုးရ ပြန်ကြားရေးဝန်ကြီးဌာနကို ဂျာနယ်ထုတ်ဖို့ လျှောက်ထားသူတွေ အများကြီးပဲ။ ချမပေးဘူး။ အထူးသဖြင့် သတင်းဂျာနယ်ဆိုရင် ချမပေးဘူး။ ဒါပေမယ့် ပြန်ကြားရေးဝန်ကြီးက သဘောကျရင်၊ ထိပ်ပိုင်း စစ်အာဏာပိုင် အသိုင်းအဝန်းနဲ့ နီးစပ်ရင်၊ ကျနော်တို့အခေါ် ပိုင်ရင်တော့ ချပေးတယ်။ ဒီလောကမှာ သတင်းဂျာနယ်အသစ် ချပေးဖို့ နေနေသာသာ ထုတ်ဝေနေတဲ့ ဂျာနယ်ကို စာမျက်နှာတိုးပြီး ထုတ်ချင်ပါတယ်လို့ တင်ပြတာတောင် ခွင့်ပြုချက် မပေးဘူး” ဟု ပြောသည်။

လက်ရှိ ထုတ်ဝေသည့် ဂျာနယ်များအနက် Northern Star ဂျာနယ်သည် နိုင်ငံရေးအသားပေး ဂျာနယ်ဖြစ်ကြောင်း ကြေညာထားချက်နှင့်အညီ နိုင်ငံရေးအကြောင်းအရာများကို အဓိကထား ဖော်ပြထားသည်ကို တွေ့ရသည်။

နိုင်ငံရေးအကြောင်းအရာများကို ဖော်ပြထားသည်ဆိုသော်လည်း စစ်အစိုးရနှင့် စစ်အစိုးရ၏ လမ်းပြမြေပုံ (၇) ချက်ကို ထောက်ခံသည့် သတင်း၊ ဆောင်းပါးများ၊ အန်အယ်လ်ဒီနှင့် အတိုက်အခံ နိုင်ငံရေးပါတီအုပ်စုများကို ရှုတ်ချ၊ အပုတ်ချသည့် သတင်းနှင့် ဆောင်းပါးများကိုသာ ထည့်သွင်းထားကြောင်း သိရသည်။

အဆိုပါ ဂျာနယ်ကို ပြန်ကြားရေးဝန်ကြီးဌာန၏ တာဝန်ပေးချက်အရ လာမည့် ၂ဝ၁ဝ ရွေးကောက်ပွဲ မတိုင်မီ ကာလများတွင် ကြံ့ဖွံ့အသင်းအတွက် ရည်ရွယ်၍ အယ်ဒီတာချုပ်အဖြစ် ဦးသီဟအောင်က ဆောင်ရွက်ပြီး အငြိမ်းစားဗိုလ်မှူးဝင်းတင်က ထုတ်ဝေခြင်းဖြစ်ကြောင်း သိရသည်။



အဆိုပါ ဂျာနယ်နှင့် ပတ်သက်၍ ဝါရင့်သတင်းစာဆရာကြီးတဦးက ၁၉၈၈ စစ်အစိုးရအာဏာသိမ်းပြီးနောက်ပိုင်း စစ်ထောက်လှမ်းရေး၊ ကြံ့ဖွံ့နှင့် နိုင်ငံရေးဇာတ်ပျက်များ ထုတ်ဝေခဲ့ကြသည့် ဂျာနယ်၊ မဂ္ဂဇင်း များစွာ ရှိခဲ့ကြောင်း၊ စစ်အစိုးရကောင်းကြောင်း၊ အတိုက်အခံနှင့် ဒီမိုကရေစီ အင်အားစုအပါအဝင် ပြည်သူများ ဆိုးကြောင်း တဖက်သတ် ဝါဒဖြန့် ရေးသားခဲ့ကြသည့်အတွက် စာဖတ်သူများ၏ အားပေးမှုမရဘဲ အချိန်တိုအတွင်း ရပ်ဆိုင်းသွားကြကြောင်း၊ ယခုလည်း ယခင်ပုံစံဟောင်း နိုင်ငံရေးဂျာနယ်ဖြစ်ခြင်းကြောင့် ပြည်သူများ၏ အားပေးမှု မရဘဲ မကြာမီ ရပ်ဆိုင်းသွားနိုင်ကြောင်း ဝေဖန်ပြောကြားသည်။


Popular News ဂျာနယ်မှာမူ ယခင် Popular ဂျာနယ်တိုက်ကပင် ထုတ်ဝေပြီး ပိုင်ရှင်က သေဆုံးသွားပြီဖြစ်သည့် ယခင် နအဖ အတွင်းရေးမှူး (၃) ဒု-ဗိုလ်ချုပ်ကြီးဝင်းမြင့်၏ သမီး ဖြစ်သည်။


အဆိုပါ ဂျာနယ်နှင့်ပတ်သက်၍ သတင်းဂျာနယ် အယ်ဒီတာတဦးက စစ်အစိုးရ ပြန်ကြားရေး ဝန်ကြီးဌာနက Popular News ဂျာနယ်ကိုလည်း လာမည့် ၂ဝ၁ဝ ရွေးကောက်ပွဲမတိုင်မီ စစ်အစိုးရကို ထောက်ခံသည့် ဂျာနယ်တစောင်အဖြစ် ရပ်တည်နိုင်အောင် ထုတ်ဝေခွင့်ပေးခဲ့ခြင်းဖြစ်ကြောင်း ပြောသည်။


၎င်းက ဆက်လက်၍ အဆိုပါဂျာနယ်ကို ဒု-ဗိုလ်မှူးကြီးဟောင်း ကိုကိုလှိုင်၊ မြသန်းစံ စသည့် စစ်အစိုးရကို ထောက်ခံ ဝါဒဖြန့်နေကြသည့် စစ်အရာရှိဟောင်းများနှင့် နေ့စဉ် သတင်းစာလုပ်ခဲ့သူများ ပါဝင်လုပ်ကိုင်နေကြပြီး စာပေစိစစ်ရေးကိုလည်း အလွန်သြဇာရှိကြောင်း၊ ၎င်းတို့ ဂျာနယ်တွင် ဖော်ပြထားသည့် ဆရာမောင်ဝံသ၏ နိုင်ငံရေးသမားကောင်း ဖြစ်မြောက်ရေး ဆိုသည့် ဆောင်းပါးသည် မိမိတို့ ဂျာနယ်၌ ဖော်ပြရန် တင်ပြခဲ့သော်လည်း ခွင့်ပြုချက်မရသည့် ဆောင်းပါးဖြစ်ကြောင်း၊ မိမိတို့ ဂျာနယ်က စာပေစိစစ်ရေးကို တယ်လီဖုန်းဖြင့် အကြောင်းကြားပြီး ခွင့်ပြုချက်တောင်းခံနိုင်သည့် တခုတည်းသော အခွင့်ထူးရ မီဒီယာဖြစ်ကြောင်း၊ Popular မှာမူ စာပေစိစစ်ရေးကို မိမိတို့ထက်ပင် ပိုသြဇာရှိသည့်ကို တွေ့ရကြောင်း ပြောသည်။

ကျန်ဂျာနယ်နှစ်စောင်အနက် Phoenix ဂျာနယ်သည့် ရုပ်ရှင်၊ တေးဂီတ အသားပေး ပေါ့ပ်ဂျာနယ်ဖြစ်ပြီး ဘုန်းရောင်ဂျာနယ်မှာမူ ဂမ္ဘီရလိုင်း ဂျာနယ်ဖြစ်သည်။စစ်အစိုးရ ပြန်ကြားရေးဝန်ကြီးဌာနက ၂ဝဝ၈ ခုနှစ် ဒီဇင်ဘာလအတွင်း ဂျာနယ်အသစ် (၆) စောင်နှင့် မဂ္ဂဇင်းအသစ် (၆) စောင် ထုတ်ဝေခွင့်ပြုထားကြောင်း အဆိုပါဌာန၏ ထုတ်ပြန်ချက်အရ သိရသည်။

Read More...

သွေးမြေကျသည့် အိုင်ယာလန်ညီလာခံ အမတ်အချင်းချင်း နဖူးကွဲအောင် တိုက်ပွဲဝင်ပြီးမှ စင်ပြိုင်အစိုးရတိုးချဲ့နိုင်

NEJ / ၂၉ ဇန်န၀ါရီ ၂၀၀၉
မကြာခင်က အိုင်ယာလန်နိုင်ငံတွင် ကျင်းပခဲ့သည့် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်များသမဂ္ဂ (အမ်ပီယူ) ညီလာခံ၌ စင်ပြိုင်အစိုးရကို တိုးချဲ့နိုင်ခဲ့သော်လည်း စစ်အစိုးရ ကုလသံအမတ်ဖြုတ်ချရေး (Credential Challenge) ကိစ္စမဲခွဲရာ၌ ၀န်ကြီးရာထူးပေးပြီး ကန့်ကွက်မဲဝယ်ယူမှုများ ရှိခဲ့သည်ဟု အမ်ပီယူ ဒု-ဥက္ကဋ္ဌက ခေတ်ပြိုင်သို့ ပြောသည်။

စစ်အစိုးရ ကုလသံအမတ်ဖြုတ်ချရေးကိစ္စ ညီလာခံတွင် မဲခွဲရာ ကန့်ကွက်မဲ (၁၈) မဲ၊ ထောက်ခံမဲ (၁၅) ဖြင့် ဒေါက်တာစိန်ဝင်းခေါင်းဆောင်သည့် ကန့်ကွက်သည့်အုပ်စုဘက်က အနိုင်ရသွားသည်ဟု အမတ်တဦးက ပြောသည်။ ဒေါက်တာစိန်ဝင်း၊ ဦးဘိုလှတင့်နှင့် စိုင်းဝင်းဖေတို့ကလည်း ရာထူးမှထွက်မည်ဆိုပြီး ခြိမ်းခြောက်ခဲ့သည်ဟု ဆက်ပြောသည်။

သို့သော် မူလက စစ်အစိုးရ ကုလသံအမတ်ဖြုတ်ချရေးကို အားတက်သရော ထောက်ခံခဲ့သည့် အမတ်အချို့ကို တိုးချဲ့သည့် စင်ပြိုင်အစိုးရတွင် ၀န်ကြီးရာထူးပေးလိုက်သည့်အတွက် ဘက်ပြောင်းသွားသည့် ထိုအမတ်များ၏ ကန့်ကွက်မဲကြောင့် အရေးနိမ့်ခဲ့ရခြင်းဖြစ်သည်ဟု အမ်ပီယူ ဒု-ဥက္ကဋ္ဌ ဒေါ်စန်းစန်းက ပြောသည်။

တချိန်က စစ်အစိုးရ ကုလသံအမတ်ဖြုတ်ချရေးကမ်ပိန်းကို အားတက်သရော ထောက်ခံခဲ့သူများဖြစ်ပြီး အိုင်ယာလန်ညီလာခံကျမှ ဘက်ပြောင်းပြီး ကန့်ကွက်မဲပေးခဲ့သူ အမတ် (၂) ဦးမှာ တိုးချဲ့စင်ပြိုင်အစိုးရတွင် ပူပူနွေးနွေး ၀န်ကြီးရာထူးသစ် ခန့်အပ်ခြင်းခံရသူများဖြစ်သည့် အမတ် ဦးဝင်းလှိုင်နှင့် အမတ် ဦးထွန်းဝင်းတို့ ဖြစ်သည်ဟု အမည်မဖော်လိုသည့် အမတ်တဦးက ပြောသည်။

အဆိုပါ ဘက်ပြောင်းသွားသည့် အမတ် ၂ ဦးမဲက စစ်အစိုးရ ကုလသံအမတ်ဖြုတ်ချရေး (Credential Challenge) ကိစ္စ အနိုင်အရှုံးကို ဆုံးဖြတ်သွားသည်ဟု ဒေါ်စန်းစန်းက ယူဆသည်။ ဘက်ပြောင်းသွားသည့်ကိစ္စနှင့် ပတ်သက်၍ မေးရန် အမတ် ဦးထွန်းဝင်းအား ဆက်သွယ်ခဲ့သော်လည်း ဖုန်းမကိုင်ခဲ့ပေ။

Read More...

အေရှားဝေါလ်ဆိပ်ကမ်းတွင် ဘိန်းဖြူ (၃၈) ကီလို ဖမ်းမိ

NEJ/ ၂၉ ဇန်န၀ါရီ ၂၀၀၉
ဘိန်းဘုရင်ဟောင်း လော်စစ်ဟန်၏သား ဦးထွန်းမြင့်နိုင်ပိုင် အေးရှားဝေါလ် ဆိပ်ကမ်းမှ ထွက်ခွာပြီးဖြစ်သည့် နိုင်ငံခြား ကုန်သေတ္တာတင် သင်္ဘောတစ်စီးပေါ်၌ ဘိန်းဖြူ (၃၈) ကီလို ဖမ်းဆီးရမိကြောင်း ရန်ကုန်တိုင်း မူးယစ်အထူးတပ်ဖွဲ့မှ အမည်မဖော်လိုသူ အရာရှိတဦးက ပြောသည်။

၎င်းက “ပြီးခဲ့တဲ့ တနင်္ဂနွေနေ့က ဖမ်းတာ၊ သင်္ဘောက ကမ်းကနေ ထွက်ပြီ။ ပြန်ကပ်ခိုင်းပြီး ဖမ်းလိုက်တာ။ နဂိုကတော့ ဒီလိုပဲ ဆိပ်ကမ်းရဲ၊ ကျနော်တို့ မူးယစ်အထူးအဖွဲ့က လူကြီးတွေနဲ့ အပေးအယူလုပ်ပြီး ထွက်နေကြလို့ ပြောကြတယ်။ ကျနော်တို့ကတော့ အထက်က ဖမ်းဆို ဝင်ဖမ်းတာပဲ၊ အသေးစိတ်တော့ မသိဘူး” ဟု ပြောသည်။

ဖမ်းဆီးခံရသည့် သင်္ဘောမှာ KOTA TEGET ဟု အမည်ရသည့် သင်္ဘောဖြစ်ပြီး ACL သင်္ဘောလိုင်းမှဖြစ်ကြောင်း၊ ပါဝင်ပတ်သက်သည်ဟု ယူဆရသည့် သင်္ဘောသားအချို့နှင့် သင်္ဘောတာဝန်ရှိသူများကို ဆိပ်ကမ်းရဲစခန်းတွင် ယနေ့အထိ ဖမ်းဆီးထိန်းသိမ်းထားဆဲဖြစ်ကြောင်း သိရသည်။

အဆိုပါကိစ္စ မူးယစ်အထူးတပ်ဖွဲ့မှ အမည်မဖော်လိုသူ အခြားအရာရှိတဦးကို မေးမြန်းကြည့်ရာ ၎င်းက ယခင်က မြန်မာနိုင်ငံကထွက်သည့် ဘိန်းဖြူများမှာ ထိုင်းနယ်စပ်မှတဆင့် ကမ္ဘာ့ဈေးကွက်ဆီသို့ ရောက်ကြောင်း၊ ထိုင်းနိုင်ငံတွင် တပ်ဆင်အစိုးရ တက်လာပြီးနောက်ပိုင်း မူးဆေးဝါးကိစ္စ ပြင်းပြင်းထန်ထန် နှိမ်နင်းခြင်း၊ မြန်မာနိုင်ငံ နယ်စပ်များကို တင်းကြပ်ခြင်းတို့ လုပ်လာသည့်အတွက် ရေလမ်းကြောင်း အသုံးပြုကာ ရန်ကုန်မှ စင်ကာပူဘက်ထွက်ပြီး နိုင်ငံတကာ ရေပိုင်နက်အရောက်၌ နိုင်ငံခြားသင်္ဘောပေါ် ပြောင်းတင်ပေးသည့်နည်းကို ကျင့်သုံးခဲ့ကြကြောင်း၊ အဆိုပါ လမ်းကြောင်းဖြင့် နိုင်ငံတကာသို့ ဘိန်းဖြူမြောက်မြားစွာ၊ အခေါက်ပေါင်းများစွာ တင်ပို့ခဲ့သော်လည်း မည်သည့်ပြဿနာမှ မပေါ်ခဲ့ကြောင်း ပြောသည်။

သို့သော် ပြီးခဲ့သည့်ကာလက စက်လှေတစ်စီးအတွင်း လူသတ်မှုဖြစ်ရာမှ မြန်မာ့မူးယစ်ဆေးဝါး ကုန်ကူးမှု သမိုင်း၌ ပမာဏအများဆုံး ဘိန်းဖြူဖမ်းဆီးမှုကြီး ပေါ်ပေါက်ခဲ့ပြီး အဆိုပါအမှုသည်လည်း မူးယစ်အဖွဲ့များက စုံစမ်း၍့ ရခြင်းမဟုတ်ဘဲ လူသတ်မှုကြောင့် မီးခိုးကြွက်လျှောက် ပေါ်သွားသည့် အမှုဖြစ်သည်ဟုလည်း အဆိုပါ အရာရှိက ပြောသည်။

၎င်းက “မိမိတို့ မူးယစ်အထူးအဖွဲ့တွေဆိုတာ အောက်ခြေ မူးယစ်ဆေးဝါး သုံးစွဲသူတွေလောက်ကိုသာ ဖမ်းဆီးနိုင်ပြီး ကျန်တာတွေကတော့ အထက်က အမိန့်မပေးရင် ဘာမှ လုပ်ပိုင်ခွင့်မရှိကြောင်းလည်း” ဆက်ပြောသည်။

ယခုပြဿနာမှာ လာဘ်ပေးလာဘ်ယူ မတည့်မှုပြဿနာက စပြီး ဖမ်းဆီးရသည်အထိ ဖြစ်သွာခြင်း ဖြစ်နိုင်ကြောင်း၊ ယခင် အေးရှားဝေါလ် ဆိပ်ကမ်းကနေ ဘိမ်းဖြူပမာဏ မည်မျှ ထွက်သွားသည်ကို မည်သူမျှ မသိနိုင်ကြောင်း စသဖြင့် ရှင်းပြသည်။
၂ဝဝ၈ ခုနှစ်အတွင်း မြန်မာပြည်တွင်း၌ ဖမ်းဆီးရမိသည့် မူးယစ်ဆေးဝါး ပမာဏသည် ပြီးခဲ့သည့်နှစ်များနှင့် နှိုင်းယှဉ်ပါက နည်းပါးကြောင်း အစိုးရ၏ သတင်းထုတ်ပြန်ချက်များအရ သိရသည်။

Read More...

ဖွံ့ဖြိုးရေးလုပ်ငန်းပြပြီး နအဖက ရခိုင်ပြည်နယ်စည်ရုံး

မင်းနိုင်သူ/ ၂၉ ဇန်န၀ါရီ ၂၀၀၉

ရခိုင်ပြည်နယ်ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများ လုပ်ဆောင်ပေးမည်ဆိုသော နအဖ၏ ပြောဆိုမှုသည် ၂၀၁၀ အကြိုစည်းရုံးမှုတခုသာဖြစ်ပြီး အစစ်အမှန်မဖြစ်နိုင်ကြောင်း ဒေသခံများက ပြောသည်။

ရခိုင်ပြည်နယ်တွင်းရှိ မြို့နယ်များတွင် နေ့ခင်း လျှပ်စစ်မီးလုံးဝမရဘဲ ညပိုင်းတွင်လည်း ညနေ (၇) နာရီမှ (၁၀) နာရီထိသာ လျှပ်စစ်မီးရရှိနေမှုကို (၁၆) နှစ်ကျော်ကြာမြင့်စွာ လျစ်လျူရှုထားခဲ့ပြီး ယခုမှ အပူတပြင်း တည်ဆောက်ရေးလုပ်ငန်းခွင်များ ချပြနေခြင်းမှာ ရွေးကောက်ပွဲအကြို စည်းရုံးမှုတခုသာဖြစ်ကြောင်း ဒေသခံများက ဆိုသည်။

“ဦးဇင်းတို့ကတော့ မယုံပါဘူး။ ဒါတွေက သူတို့ စည်းရုံးရေးလုပ်နေကြတာပေါ့။ စက်တင်ဘာ အရေးအခင်းမှာလည်း ရခိုင်က တက်တက်ကြွကြွ လှုပ်ရှားခဲ့ကြတယ်။ နောက် ရခိုင်ဒီချုပ်ကလည်း အခြေခံဥပဒေကို မထောက်ခံဘူးလို့ပြောထားတော့ သူတို့ ဒေသခံတွေကို လာစည်းရုံးနေတာပေါ့။ မီးမလာတာ ကြာလှပေါ့။ ဦးဇင်းတို့ စာသင်သားတွေဆို နေ့ဆွမ်းစားပြီးတာနဲ့ စာဝါတက်ကြရတာ။ တခြားမြို့တွေမှာလို ညပိုင်းစာဝါ မပို့ချနိုင်ဘူးလေ။ မီးမှမရတာကိုး။ စာကျက်စာအံစရာရှိလည်း နေ့ခင်းမှပဲ လုပ်ကြရတယ်။ စစ်တွေမြို့က ပြည်နယ်မြို့တော်ဆိုပေမယ့် တခြားပြည်နယ်မြို့တွေထက်စာရင် အများကြီး အဆင့်အတန်း နိမ့်တယ်” ဟု စစ်တွေသံဃာတော်တပါးက မိန့်သည်။

စစ်တွေမြို့ပေါ်ရှိ ရပ်ကွက်အချို့တွင် စပါးခွံဖြင့် လျှပ်စစ်ထုတ်လုပ်မှုမှ ရယူသုံးစွဲနေကြရပြီး တယူနစ်လျှင် (၄၀၀) ကျပ်နှုန်းပေးဆောင်နေကြရကြောင်း ဒေသခံများက ပြောသည်။ စစ်တွေ-ရန်ကုန်သွားကားလမ်းမှာ လည်း ပျက်စီးနေပြီး ပြုပြင်ပေးမှုမရှိကြောင်း သိရသည်။စစ်တွေမြို့သို့ နအဖ၀န်ကြီးချုပ် ဇန်န၀ါရီ (၂၄) ရက်တွင် သွားရောက်ခဲ့ရာ အစိုးရ၀န်ကြီး အများအပြား လိုက်ပါသွားခဲ့ကြရသည်။ ၎င်းတို့က စစ်တွေတပ်နယ် ခန်းမတွင် ရခိုင်ပြည်နယ်ဖွံ့ဖြိုးရေးအတွက် ရထားလမ်းဖောက်လုပ်ရေး၊ ရေအားလျှပ်စစ်စီမံကိန်းများ လုပ်ကိုင်ပေးသွားမည်ဖြစ်ကြောင်း ပြောဆိုခဲ့ ကြသည်။

စစ်တွေမြို့ခံတဦးက “မိမိတို့ တပ်မတော်အစိုးရသည်တဲ့ မည်သို့ပင် အခက်အခဲရှိရှိ စီးပွားရေးတွက်ခြေကိုက်မှု မကိုက်မှုမကြည့်ဘဲ ဖွံ့ဖြိုးတိုးတက်ရေး လုပ်ပေးပါတယ်တဲ့။ ဘာလဲဗျာ။ အစိုးရက အစိုးရအလုပ်လုပ်ရတာကို ဘာတွေလာပြီး စီးပွားရေးတွက်ခြေကိုက်တာတွေ၊ မကိုက်တာတွေ လာပြောနေတာလဲ။ ဘယ်အစိုးရ လက်ထက်မှာမှ အိပ်မက်တောင်မမက်ဖူးတဲ့ စစ်တွေ-ရန်ကုန် လမ်းမကြီးတဲ့။ ဆိုးလိုက်တဲ့လမ်း ရန်ကုန်ရောက်ဖို့ (၄) ညအိပ်ရတယ်။ ဒီကြားထဲ လေယာဉ်လက်မှတ်ခ ဈေးတက်လိုက်သေးတယ်” ဟု ဆိုသည်။


ရခိုင်ဒီမိုကရေစီအဖွဲ့ချုပ်ဝင်တဦးကလည်း “ဒါတွေကတော့ လုပ်ပေးနိုင်ရင် ကောင်းပါတယ်။ သို့သော် မြန်မာပြည်မှာကတော့ လူတွေပြောနေကြတာ ရှိတယ်ဗျာ။ လျှပ်စစ်ဝါယာစကိုင်မိရင် ဓာတ်မလိုက်ဘူး။ သတင်းစာကိုင်မှ ဓာတ်လိုက်တယ်ပေါ့လေ။ ရခိုင်မှာလည်း ဒီလိုပြောခဲ့တာပါပဲ။ ကားလမ်းတွေ ဘာတွေ ဖောက်တယ်ဆိုတာကလည်း သူတို့စစ်မဟာဗျူဟာကြောင့် ဖောက်တယ်လို့ မြင်တယ်။ ဘာဖြစ်လို့လဲဆိုတော့ ရခိုင်ပြည်နယ်ဘက်မှာ ဓာတ်ငွေ့ပိုက်လိုင်းတွေ ရှိလာတော့ ဒါတွေကို ကာကွယ်ဖို့အတွက်က တကြောင်း၊ နောက်အိမ်နီးချင်းနိုင်ငံတွေနဲ့ ပိုင်နက်အငြင်းပွားရတာမျိုးတွေ ဖြစ်လာရင် သူတို့ စစ်တပ်တွေ အလျင်အမြန် ရွေ့လျားနိုင်အောင် ဖောက်ထားတာပါပဲ။ မဟာဗျူဟာလမ်းလို့ပဲမြင်ပါတယ်။ ရခိုင်ပြည်သူတွေ အကျိုးအတွက် ဖောက်တယ်လို့မမြင်ပါဘူး။ တကယ်ပဲ စေတနာရှိတယ်ဆိုရင် အရင်ကတည်းက လမ်းဖောက်သင့်တာပဲဗျာ။ အခုက ရခိုင်ကမ်းလွန်မှာ သဘာဝဓာတ်ငွေ့တွေ့၊ ရေနံတွေ့ပြီဆိုမှ ထဖောက်တာပဲ” ဟု သုံးသပ်ပြောဆိုသည်။

Read More...

စစ်အစိုးရအကြီးအကဲများကို ကြိုဆိုနေရသဖြင့် ကလေးများကောင်းစွာ စာမသင်ရဖြစ်နေ

Wednesday, 28 January 2009 16:36 ရိုးမ ၃
တိုင်းမှူးခရီးစဉ်ကို ကြိုဆိုနေရ၍ ဆရာ၊ ဆရာမများနှင့် ကျောင်းသား၊ ကျောင်းသူများမှာ စာကောင်းကောင်းမသင်ရသဖြင့် ကျောင်းသားမိဘများက ကလေးငယ်များပညာရေးအတွက် စိုးရိမ်နေရသည်ဟု ဆိုသည်။

မန္တလေးတိုင်း၊ ကျောက်ပန်းတောင်းမြို့တွင် တိုင်းမှူး ဗိုလ်ချုပ်တင်ငွေ လာရောက်မည်ဆိုသည့်အတွက် မကြာခဏ ကျောင်းဆရာ၊ ဆရာမများနှင့် ကျောင်းသား၊ ကျောင်းသူများကို ကြိုဆိုခိုင်းနေကြောင်း ကျောင်းသားမိဘတဦးက ပြောသည်။

"ဒီလ (၁၅) ရက်နေ့တုန်းကလဲ လွတ်လပ်ရေးရပ်ကွက်ထဲက ဗိသုကာလမ်းဖွင့်ပွဲကို ကြိုရမယ်ဆိုပြီး အထက (၁) က ဆရာမ ၅၀၊ အထက ၂ က ဆရာမ အယောက် ၂၀ ကို အမျိုးသမီးရေးရာ ဝတ်စုံရယ် မိခင်နှင့်ကလေးဝတ်စုံတွေ ဝတ်ပြီး ကြိုခိုင်းတာ၊ ကလေးတွေလည်း ပါတယ်၊ အဲလိုခဏခဏဆိုတော့ စာသင်ချိန်မရှိတော့ဘူး၊ စာမေးပွဲကလဲ နီးနေပြီ" ဟု ပြောသည်။

ထိုကဲ့သို့ကြိုဆိုရာတွင် စစ်တပ်အကြီးအကဲများအနေဖြင့် ချိန်းဆိုသည့်အချိန်ထက် နောက်ကျမှသာ ရောက်လာကြသည့်အတွက် စောင့်နေရသည့်ကလေးငယ်များမှာ နေပူထဲတွင်နေရပြီး ဖျားနာခြင်းများပင်ဖြစ်ရကြောင်း အဆိုပါကျောင်းသားမိဘက ပြောသည်။

"ကျောင်းစာသင်ချိန်မှာ ဆရာမတွေ အယောက် ၇၀ လောက် အဲလိုတွေ သွားကြိုနေရတော့ ကျောင်းသားတွေအတွက် စာသင်ချိန်က မရှိတော့ဘူး၊ ပြီးတော့ တခြားအခမ်းအနားတွေဆိုလဲ ဆရာမတွေက သွားနေရတော့ ကျမတို့ကလေးတွေက ဘယ်လိုလုပ် စာသင်ရတော့မှာလဲ၊ ပညာရေးထက် အဲလိုဟာတွေက ပိုအရေးကြီးတယ်ဆိုရင် ကလေးတွေပညာရေးက မတွေးရဲတော့ဘူး" ဟု ပြောသည်။

မြန်မာနိုင်ငံတွင် စစ်အစိုးရအကြီးအကဲများ အကြောင်းတခုခုဖြင့် လာရောက်မည်ဆိုပါက သက်ဆိုင်ရာဒေသအတွင်းမှ ကျောင်းဆရာ၊ ဆရာမများနှင့် ကျောင်းသား၊ ကျောင်းသူများမှာ စာသင်ချိန်များဖျက်ကာ သွားရောက်စောင့်ဆိုင်း ကြိုဆိုနေကြရသည်။

Read More...

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ကြေငြာချက်

Read More...

၂၀၁၀ ရွေးကောက်ပွဲ ပျက်ပြားနိုင်ဟု နအဖ စစ်ဗျူဟာမှူးပြော

ကာသပတေးနေ့၊ 29 ဇန်န၀ါရီ 2009 သျှမ်းသံတော်ဆင့်

ယခုလ ဆန်းပိုင်း၌ ကွန်ဟိန်းအခြေစိုက် နအဖ စစ်ဗျူဟာမှူး ကြီးမှူး၍ဌာနပေါင်းစုံ ၀န်ထမ်းများအစည်းအဝေး ဆင့်ခေါ် ကျင်းပရာ “အကြောင်းအမျိုးမျိုးကြောင့် ၂၀၁၀ ရွေးကောက်ပွဲ ပျက်ပြား/ ရက်ပြောင်းနိုင်ဖွယ်ရှိကြောင်း" ထည့်သွင်း ပြောကြား သွားသည်ဟု ထိုအစည်းအဝေးတက်ရောက်သူ ၀န်ထမ်းတဦးကဆိုသည်။

ယခုလ ၂ ရက်နေ့ကသျှမ်းပြည်တောင်ပိုင်း ကွန်ဟိန်းအခြေစိုက် နအဖ စစ်ဗျူဟာမှူး ဒုဗိုလ်မှူးကြီးတင်မောင်ရွှေမှ ကွန်ဟိန်းမြို့ပေါ်ရှိ လူဝင်မှုကြီးကြပ်ရေး၊ မြေတိုင်း၊ ရဲ၊ မီးသတ်၊ ကျန်းမာရေး၊ ပညာရေး၊ မိခင်ကလေးများအသင်းမှအစ မော်တော်ယာဉ်လိုင်း ပါမကျန် ၀န်ထမ်းများစုံညီ အစည်းဝေးဆင့်ခေါ်ကျင်းပခဲ့ကြောင်း၊ ထိုအစည်းအဝေး၌ - “၂၀၁၀ ရွေးကောက်ပွဲ ဖြစ်ချင်မှဖြစ်တော့မယ်၊ အစီ အစဉ်ပြောင်းရွှေ့ရင်ပြောင်းမယ်” ဟုထည့်သွင်းပြောဆိုသွားခဲ့သည် ဟုဆိုသည်။

အသက် ၄၀ ကျော် ၀န်ထမ်းတဦးက - “၂၀၁၀ ရွေးကောက်ပွဲဖြစ်ချင်မှဖြစ်မယ်ဆိုတာက အကြောင်းရပ် ၄ ခုရှိတယ်လို့ ပြောတယ်။ (၁) ပြည်တွင်းပြည်ပ အဖျက်အမှောင့်/သောင်းကျန်းသူတွေ စီမံကိန်းနဲ့ ၀င်ရောက်နှောင့်ယှက်မယ်လို့သတင်း ရထားလို့၊ (၂) ရခိုင် ဘက်က ဂက်စ်ကြောင့်ဖြစ်တဲ့ ဘင်္ဂလားဒေ့ခ်ျ နဲ့ နယ်ခြားပြဿနာ၊ (၃တိကျတဲ့လူဝင်ထွက်/ သန်းခေါင် စာရင်း မှတ်ပုံတင်မပြီးပြတ် နိုင်သေးတာရယ် (၄) မူးယစ်ဆေးဝါး တိုက်ဖျက်ရေးစီမံချက် မပြီးပြတ်သေးတဲ့ပြဿနာကြောင့် ဆိုဘဲ”- ဟု ပြန်လည်ပြောပြ၏။

ယခုလ ၂၀ ရက်နေ့တွင်လည်း ဗျူဟာမှူးကြီး ဒုဗိုလ်ကြီးတင်မောင်ရွှေက ကွန်ဟိန်းမြို့ တာကော်အုပ်စု ဟန်နားရွာ နှင့် ဖန်လန်းရွာ မှ ပြည်သူ့စစ်ခေါင်းဆောင်များကိုဆင့်ခေါ်၍ သျှမ်းသူပုန်ချေမှုန်းရန်အတွက် နအဖ စစ်ကြောင်း နှင့်အတူ ရှေ့တန်းတက်ဖို့ ပြည်သူ့ စစ်များအားစစ်ရေး လေ့ကျင့်ခိုင်းပြီး အော်တိုသေနတ်လည်းထုတ်ပေးမည်ဟုဆို၏။

ကာလိကျေးရွာအုပ်စုမှ အသက် ၂၀ ကျော် မော်တော်ဆိုင်ကယ်ရောင်းဝယ်သူတဦးက - “ကျနော်တို့ကတော့ရွေးကောက်ပွဲ ဖြစ်ဖြစ် မဖြစ်ဖြစ် စိတ်မ၀င်စားဘူး။ အဲဗျူဟာမှူးလည်းသိပ်မခေပါဘူး - သူရောက်လာကတဲ့က အိမ်အလုပ်ကိုကောင်း ကောင်း မလုပ်ရဘူး၊ ပြည်သူ့စစ်ဆို တကဲ့စစ်သားအတိုင်း စစ်ရေးအဆက်မပြတ်လေ့ကျင့်ခိုင်းတယ်။ နောက်ပြီး ရွှေတိဂုံ ပုံတူ စေတီပြုပြင်မွမ်းမံဖို့ ကျနော်တို့အုပ်စုကို ၀ါးလုံးအလုံးရေ ၁၀၀၀ ဆင့်ခေါ်ထားသေးတယ်” - ဟုဆို၏။

Read More...

၂၀၀၉ မြန်မာ့စီးပွားရေးအကျပ်အတည်းနှင့် လူထုအုံကြွမှု (သုံးသပ်ချက်)

မင်းနိုင်သူ/ ၂၆ ဇန်န၀ါရီ ၂၀၀၉
၂၀၀၉ ခုနှစ်အတွင်း အာရှနိုင်ငံများ၌ စီးပွားရေးကို အခြေခံသော လူမှုအုံကြွမှုများ ပေါ်ပေါက်လာနိုင်ကြောင်း သတိပေးချက်တရပ်ရှိသည်။ ထိုကဲ့သို့ သတိပေးသူမှာ ကုလသမဂ္ဂဖွံ့ဖြိုးတိုးတက်မှုအစီအစဉ် အာရှ-ပစိဖိတ်ဒေသဆိုင်ရာ ဗဟိုရုံးအကြီးအကဲ Ajay Chhibber ဖြစ်သည်။ ၎င်းက အခြေခံဒီမိုကရေစီစံနှုန်းများနှင့် နိုင်ငံ့စီးပွားရေးထိန်းကျောင်းနိုင်မှုစံနှုန်းများ အပေါ်မှုတည်၍ “အာရှနိုင်ငံများအတွင်း” ဟူသော အထူးပြုချက်ကို သုံးနှုန်းသတိပေးခဲ့ခြင်းဖြစ်ဟန်ရှိသည်။

ထို့ကြောင့် သတိပေးဧရိယာအတွင်း ပါဝင်နေသည့် ၂၀၀၉ ခုနှစ် မြန်မာ့စီးပွားရေး အလားအလာကို သုံးသပ်ကြည့်ဖို့လိုလာသည်။

၂၀၀၉ ခုနှစ် မြန်မာ့စီးပွားရေးသည် ၂၀၀၈ ခုနှစ်ထက် သိသာစွာ ကျဆင်းလိမ့်မည်ဟု စီးပွားရေးပညာရှင် ဦးခင်မောင်ညို (ဘောဂဗေဒ) နှင့် အမေရိကန်နိုင်ငံ ၀ါရှင်တန်အခြေစိုက် (Burma Fund) ဘားမားဖန်းမှ ဦးစိန်ဌေးတို့နှစ်ဦးက တူညီစွာမှန်းဆသည်။

ကမ္ဘာ့စီးပွားရေးကျဆင်းလာချိန်တွင် ကမ္ဘာ့ကုန်သွယ်ရေးနှင့် တိုက်ရိုက်ချိတ်ဆက်ထားသော နိုင်ငံများ ရင်ဆိုင်ရမည့် စီးပွားရေးအကျပ်အတည်းထက် မြန်မာက ပိုမည်ဖြစ်သည်။

၂၀၀၈ ခုနှစ် နှစ်စပိုင်းတွင် နာဂစ်ဒဏ်ခံခဲ့ရသဖြင့် စိုက်ပျိုးရေးနှင့် ရေလုပ်ငန်းများမှ အခြေခံသွင်းအားစုများနှင့် လုပ်သားများ ပျက်စီးဆုံးရှုံးခဲ့ခြင်း၊ နှစ်လယ်ပိုင်းတွင် အဓိကပို့ကုန်တမျိုးဖြစ်သော ပဲဈေးကွက်ပျက် ပြားသွားခြင်းနှင့် စစ်အစိုးရ၏ ဘတ်ဂျက်လိုငွေပြမှု များပြားနေခြင်းတို့သည် အခြားနိုင်ငံများထက်ပိုနေသော အချက်များဖြစ်ကြောင်း မီးမောင်းထိုးပြကြသည်။

“စီးပွားရေးခန့်မှန်းတဲ့အခါ ပြီးခဲ့တဲ့ တနှစ်လောက်ကိုပဲကြည့်ပြီးတော့ ခန့်မှန်းလို့တော့ မရဘူးပေါ့။ အရင်ကဟာတွေကိုလည်း ကြည့်ဖို့လိုတယ်။ သို့သော်လည်း recently ပေါ့။ တနှစ်လောက်ကဟာကတော့ တိုက်ရိုက်ထိခိုက်တာ (directly impact) ဖြစ်တာပေါ့။ ဒီလိုပဲ စီးပွားရေးကျဆင်းမှုဟာ တနှစ်အတွင်း သိသာမှု မရှိခဲ့ဘူးဆိုရင်လည်း နောက်နှစ် နောက်နှစ်တွေမှာကျမှ သွားပြီးထိခိုက်တာမျိုးလည်းရှိတယ်။ ချက်ချင်းထိခိုက်တာမျိုးလည်းရှိတယ်။ ပြည်တွင်းမှာ ဖြစ်ခဲ့တဲ့ ၂၀၀၇ စက်တင်ဘာအရေးခင်းမျိုးကတော့ တိုက်ရိုက်အကျိုးသက်ရောက်သွားတာလို့ ပြောလို့ရတယ်” ဟု ဦးစိန်ဌေးက ဆိုသည်။

အကယ်စင်စစ်လည်း ကမ္ဘာ့စီးပွားရေး မကျဆင်းမီကပင် မြန်မာ့စီးပွားရေးမှာ ကျဆင်းနေခဲ့ပြီးဖြစ်သည်။


စစ်အစိုးရ၏ ညံ့ဖျင်းသောကိုင်တွယ်မှုကြောင့် ယိုင်နဲ့နေသော မြန်မာ့စီးပွားရေးကို မေ (၂) ရက် နာဂစ်က အရှိုက်ထိုးလိုက်ပြန်သည်။ စပါးစိုက်ပျိုးထုတ်လုပ်မှု (၄၀) ရာခိုင်နှုန်းမျှ ပျက်စီးခဲ့သည်။ ငါးလုပ်ငန်း၊ ဆားလုပ်ငန်း များလည်း နာလန်မထူနိုင်။ ထို့ထက်ပိုဆိုးသည်မှာ ဒေသခံလူထု နှစ်သိန်းနီးပါး အသက်ဆုံးရှုံးခဲ့ကြရခြင်း ဖြစ်သည်။ လုပ်သားအင်အားဆုံးရှုံးမှုသည် အဆိုးဝါးဆုံး ဆုံးရှုံးမှုဖြစ်သည်။


သေဆုံးသူစာရင်းကို နအဖက အတိအကျထုတ်ပြန်မပေးနိုင်သော်လည်း ပျက်စီးဆုံးရှုံးမှုစာရင်းကိုမူ သုံးပတ်အတွင်း အရအမိကောက်ကာ ကန်ဒေါ်လာ (၁၁) ဘီလီယံကျော်ရှိကြောင်း ကမ္ဘာကိုပြောသည်။ မေ (၂) ရက်က ဖြစ်ပွားခဲ့သော မုန်တိုင်းကြောင့် ပျက်စီးမှုတန်ဖိုးကို မေ (၂၅) ရက်တွင် စာရင်းအတိအကျဖြင့် တင်ပြလာနိုင်စွမ်းသော နအဖ၏ စာရင်းများကို ကမ္ဘာကမယုံ။ သို့နှင့် အာဆီယံက ကြားဝင်တွက်ချက်ပေးရာ လေးပုံတပုံလျော့ပါးသွားပြီး (၄) ဘီလီယံဟု အဖြေထွက်လာသည်။


နာဂစ်ဖြစ်ပြီးစအချိန်ကလည်း ကယ်ဆယ်ရေးနှင့် ပြန်လည်ထူထောင်ရေးလုပ်ငန်းများလုပ်ရန် မစဉ်းစားဘဲ မေ (၅) ရက်တွင် ဘဏ္ဍာရေး ဒု-၀န်ကြီး ဗိုလ်မှူးကြီးလှသိန်းဆွေက ဒုက္ခသည်ပြ ဒေါ်လာရပြီ အထင်နှင့် ကမ္ဘာ့ဘဏ်သွားကာ လက်ဖြန့်သည်။ ကမ္ဘာ့ဘဏ်က မပေး။


ဤကဲ့သို့သော မရိုးဖြောင့်မှုများရှိရသည့်အထဲ နာဂစ်ဒုက္ခသည်များကို ကူညီသူများအား အကြောင်းအမျိုးမျိုးပြ ဖမ်းဆီးအရေးယူမှုများကြောင့် ကမ္ဘာ့အကူအညီပေးရေးများ တွန့်ဆုတ်ကုန်သည်။ နအဖ၏ မိုက်မဲမှုကြောင့် ဒေသခံလူထုသည် ကမ္ဘာ့အကူအညီများကို လိုသလောက်မရခဲ့။

တဖက်တွင်လည်း စက်တင်ဘာအရေးအခင်းကို စစ်တပ်က အကြမ်းဖက်ဖြိုခွဲခဲ့ပြီးနောက် ကျဆင်းလာနေသော ခရီးသွားလုပ်ငန်းသည် နာဂစ်အပြီးတွင် အခြေအနေပိုဆိုးလာသည်။ မီးခိုးမဲ့စက်ရုံပိုင်ရှင် ခရီးသွားလုပ်ငန်းရှင်များ ကိုယ်တိုင် ၎င်းတို့အိမ်တွင် မီးခိုးမဲ့တော့မည့် သဘောရှိလာသည်။ ဗီဇာစနစ်ပြောင်းလဲပေးရန်နှင့် နိုင်ငံခြားသားများအပေါ် ကန့်သတ်မှုများ လျှော့ပေါ့ပေးရန် ခရီးသွားလုပ်ငန်းရှင်များက တောင်းဆိုလာကြသည်။ နအဖကတော့ ယခုအချိန်အထိ တုတ်တုတ်မျှမလှုပ်။

ပုဂ္ဂလိကစီးပွားရေးကျဆင်းနေချိန်တွင် ရှိသမျှသယံဇာတ ထုတ်ရောင်းရန်သာ ကြံဆနေသော နအဖက ဘင်္ဂလားဒေ့ရှ်နှင့် ရေပိုင်နက် အငြင်းပွားပြန်သည်။ ရလဒ်ကား ပြည်တွင်းရေထွက်ပို့ကုန်လုပ်ငန်းရှင်များ၏ လုပ်ငန်းများ ရပ်ဆိုင်းကုန်ခြင်းဖြစ်သည်။


တဖန် နှစ်လယ်ပိုင်းတွင် ဘုရင့်နောင်ကုန်စည်ဒိုင်အတွင်းဖြစ်ပွားခဲ့သော ပဲကြိုပွိုင့်ရောင်းဝယ်မှုများကြောင့် အဓိကပို့ကုန်တခုဖြစ်သည့် ပဲဈေးကွက်ပျက်သွားပြန်သည်။ ဤတွင် နအဖက နိုင်ငံတော်မှ ဦးဆောင်ရောင်းဝယ်မည်ဆိုကာ ပဲဈေးကွက်ကို ထိန်းချုပ်ရန် တာစူလာပြန်၏။ တနိုင်ငံလုံးရှိ ကုန်စည်ဒိုင်အမှုဆောင်များအား ကုမ္ပဏီများ စုဖွဲ့ခိုင်းနေသည်။ နယ်ခံကုမ္ပဏီနှင့် ရန်ကုန်ရှိ နအဖလက်ဝေခံကုမ္ပဏီများ ချိတ်ဆက် ပူးပေါင်းလုပ်ဆောင်ကြရမည်ဟု စီးပွားကူးသန်းဒု-၀န်ကြီးက နယ်လှည့် ဆွယ်တရားဟောနေ၏။ နယ်ခံကုန်သည်ပွဲစားများက လိုလားမှုမရှိ။ နအဖနှင့် ပတ်သက်နေသော ရန်ကုန်ကုမ္ပဏီများကိုလည်း မယုံကြည်ကြ။ အဆုံးသတ်တွင် မည်ကဲ့သို့သော ရလဒ်ပေါ်ထွက်လာမည်ကို စောင့်ကြည့်ကြရဦးမည်။

နအဖ၏ တပွဲတိုးဖြေရှင်းနည်းများကား ထိုမျှနှင့်ရပ်မသွား။ နာဂစ်ဒဏ်ခံခဲ့ရခြင်း၊ စပါးဈေး အလွန်အမင်းကျဆင်းနေခြင်းတို့ကြောင့် သွင်းအားစုများ ဖြည့်တင်းရန်ပင် အခက်အခဲရှိနေသော လယ်သမားများ၏ လယ်ယာမြေများကို ၎င်းတို့၏ စီးပွားဖက်ကုမ္ပဏီများအား ၀င်ရောက်လုပ်ကိုင်စေသည်။ အမည်ကိုကား လှလှလေး ပေးထားပါ၏။ အကျိုးတူ လယ်ယာစီးပွား။ ထိုအကျိုးတူ လယ်ယာစီးပွားဆိုသည်ကို ယခုနှစ်တွင် မြန်မာနိုင်ငံ အလယ်ပိုင်းတွင်ပါ တိုးချဲ့သွားမည်ဟု နအဖက လေသံပစ်ထားသည်။

“အဲလိုတွေက လုပ်ခဲ့ဖူးတယ်။ ၁၉၉၅ ခုနှစ်လောက်မှာထင်တယ်။ ရေနက်ကွင်း စိုက်ကွင်းဆိုပြီး ဒေသခံတွေဆီက မြေတွေသိမ်းပြီး သူတို့ကုမ္ပဏီတွေကို ချပေးတာမျိုးတွေရှိခဲ့တယ်။ မကွေးတိုင်းမှာလည်း စီမံကိန်း ၀ါစိုက်ဖို့ဆိုပြီး ယာမြေတွေသိမ်း ပုဂ္ဂလိကကုမ္ပဏီတွေကို ချပေးခဲ့ဖူးတယ်။ မဆလ လက်ထက်တုန်းကလည်း သမ၀ါယမ လယ်ယာတွေဆိုပြီး ရှိခဲ့ဖူးတာပါပဲ။ အခုလည်း အဲဒီပုံစံတွေအတိုင်း နအဖက လိုက်လုပ်နေတာပါပဲ။ အဲဒါတွေက ဒေသခံလူထုအတွက် အကျိုးမရှိနိုင်ဘူး။ ကုမ္ပဏီတွေပဲ အကျိုးရှိမယ်။ သူတို့က ထွက်လာတဲ့အသီးအနှံကို ပြည်ပတင်ပို့ခွင့်ရတော့ နိုင်ငံခြားငွေ (export earning) တွေ ရမယ်။ မူလလုပ်ခဲ့တဲ့ လယ်သမားတွေကတော့ ကုမ္ပဏီရဲ့ အလုပ်သမားသွားဖြစ်ရော။ လယ်ပိုင်ကနေ လယ်ယာလုပ်သားဖြစ်သွားတာ။ နောက်ဆုံးကျတော့ ဒေသခံတောင်သူလယ်သမားတွေကတော့ ဘ၀ပျက်သွားတော့တာပေါ့။ သူတို့ရဲ့ စီးပွားရေးမူဝါဒထဲမှာ ပုဂ္ဂလိကပိုင်ပြုရေးဆိုတာပါပေမယ့် လက်တွေ့မှာ သမ၀ါယမပြုနေတာပဲ။ ပုဂ္ဂလိကပိုင်ပြုတယ်ဆိုရင် တဦးချင်းစီ၊ တကဏ္ဍစီကို ဖွံ့ဖြိုးတိုးတက်အောင်လုပ်ပေးရမှာ”ဟု ဦးစိန်ဌေးက သုံးသပ်ပြသည်။


ထိုကဲ့သို့ ပုဂ္ဂလိကစီးပွားရေး ကဏ္ဍတွင် ဒေသခံများ မလုပ်တတ်ဟုဆိုကာ ၎င်းတို့၏ စီးပွားဖက်ကုမ္ပဏီများထံ လုပ်ငန်းခွင်များ ထိုးထည့်ပေးနေသော နအဖအနေဖြင့် ၎င်းတို့ကိုယ်တိုင်စီမံခန့်ခွဲနေသည့် အစိုးရအသုံးစရိတ်ကို ကြည့်ပြန်တော့လည်းမဟန်။ ဘတ်ဂျက်လိုငွေပြမှုက (၅) ရာခိုင်နှုန်းအထက်မှာ နှစ်စဉ်ရှိနေသည်။ ၂၀၀၈-၂၀၀၉ ဘဏ္ဍာရေးနှစ်တွင်လည်း ဘတ်ဂျက်လိုငွေပြမှု ကျပ်ငွေ ဘီလီယံ (၇၀၀) ကျော်ရှိခဲ့ကြောင်း ၀န်ကြီး အဖွဲ့အစည်းအဝေး(၃၈/၂၀၀၈) တွင် ၀န်ကြီးချုပ်က ၀န်ခံခဲ့သည်။


“(၇) ရာခိုင်နှုန်း (၈) ရာခိုင်နှုန်းဆိုတာ နှစ်စဉ်လိုဖြစ်နေတာ မဆန်းတော့ပါဘူး။ ဒီနှစ်မှာ ပိုတောင်သုံးရဦးမယ်။ ကမ္ဘာ့စီးပွားရေးကျဆင်းနေချိန်မှာ ပုဂ္ဂလိက ကဏ္ဍကသုံးစွဲမှုတွေ လျော့လာမှာဖြစ်လို့ ငွေကျုံ့မှု (deflaction) မဖြစ်အောင် အစိုးရက ပိုသုံးပေးရမယ်” ဟု ဦးခင်မောင်ညို (ဘောဂဗေဒ) က ဆိုသည်။


ဦးစိန်ဌေးက “တိုင်းပြည်တိုးတက်ဖို့ ဘတ်ဂျက်ပိုသုံးသင့်တဲ့အခါ သုံးကြရပါတယ်။ စီးပွားရေးကျဆင်းလာချိန်မှာ အစိုးရက ပိုသုံးပေးရတယ်ဆိုတာ မှန်ပါတယ်။ သီအိုရီအရမှန်ပါတယ်။ လက်ခံပါတယ်။ ဒါပေမယ့် မြန်မာနိုင်ငံမှာက ပိုသုံးခဲ့တာများနေပြီဗျ။ ၈၈ ကနေ ၂၀၀၈ ဆိုရင် အနှစ်နှစ်ဆယ်ရှိနေပြီ။ ဘာမှအကျိုးမရှိဘူး။ အဲဒီမှာပိုသုံးတာ မသုံးတာထက် သုံးတဲ့ဧရိယာတွေကြည့်ရမှာ။ ယောင်ပြတည်ဆောက်မှုတွေ လုပ်နေတာမျိုးက ဘာမှအကျိုးမရှိဘူး။ မလိုအပ်သေးဘဲနဲ့ ဒါမှမဟုတ် တကယ်မလုပ်နိုင်သေးဘဲနဲ့ ၀ါဒဖြန့်ချင်လို့ လမ်းဖောက်လို့၊ တံတားဆောက်လို့ စပါးထွက်နှုန်းတိုးလာမလား။ ဘတ်ဂျတ်သုံးစွဲတဲ့အခါ ဘယ်ကဏ္ဍသည် နိုင်ငံအတွက် အဆီအနှစ်ဖြစ်စေသလဲ။ ဒါကိုကြည့်ရမယ်။ အခုဟာက စစ်တပ်အတွက် အများကြီးသုံးနေတယ်။ မလိုအပ်ဘဲ နေပြည်တော်ဆောက်နေတာ အခုထိမပြီးသေးဘူး။ အများပြည်သူအလုပ်လုပ်တဲ့ ကဏ္ဍတွေမှာ ပံ့ပိုးတာမရှိဘူး။ နိုင်ငံတနိုင်ငံမှာ ဘတ်ဂျက်လိုငွေပြမှုဟာ (၂) ရာခိုင်နှုန်း၊ (၃) ရာခိုင်နှုန်းသာ ရှိသင့်တာပါ” ဟု ပြောသည်။

နအဖ၏ စာရင်းများကား မှန်ကန်လေ့မရှိဟု ကမ္ဘာကလက်ခံထားကြသည်။ ယခုဘတ်ဂျက်လိုငွေပြမှုသည်လည်း ယခုထက်ပိုစရာသာရှိသည်။ ကြံ့ဖွံ့လို လူမှုရေးအသင်းအဖွဲ့ဆိုသည်ကြီးကိုလည်း နအဖက ထောက်ပံ့နေရသဖြင့် လျော့စရာအကြောင်းမရှိ။ ကြံ့ဖွံ့ပံ့ပိုးငွေများ မည်သည့်ဝန်ကြီးဌာန၏ အသုံးစာရင်းမှ သွားသနည်း။

မိမိတို့ အစိုးရအသုံးစရိတ်ကိုပင် ကောင်းစွာစီမံခန့်ခွဲနိုင်ခြင်းမရှိသည့် နအဖအနေဖြင့် ပုဂ္ဂလိက စီးပွားရေးကဏ္ဍတွင်လည်း ၎င်းတို့အား နောက်ခံပြုပေးနေသော ကုမ္ပဏီကြီးများ လက်သို့သာ ၀ကွက်အပ်စီမံစေသည်မှာ တကယ်တော့မဆန်း။

ဆန်းသည်မှာ Ajay Chhibber ၏ စီးပွားရေးကို အခြေခံသော လူမှုရေးအုံကြွမှုများ ပေါ်ပေါက်လာနိုင်ကြောင်း သတိပေးမှုမှန်ကန်ကြောင်းကို မြန်မာနိုင်ငံက ၂၀၀၉ ခုနှစ် နှစ်စမှာပင် ပြသခဲ့ခြင်းဖြစ်သည်။

ဖြစ်ရပ်မှာ နအဖလက်ဝေခံကုမ္ပဏီများကြီးစိုးရာ ရေနံမှော်တွင် ဖြစ်ပွားခဲ့ခြင်းဖြစ်သည်။ မကွေးတိုင်းမှူး၏ အစ်မပိုင်ကုမ္ပဏီက နှောပင်ရေနံမှော်တွင် ဒေသခံတွင်းပိုင်များထံမှ ရေနံစိမ်းကို လက်ဝါးကြီးအုပ် ၀ယ်ယူလိုသည်။ တန်ရာတန်ကြေးမပေး။ ပြင်ပရေနံပွဲစားများက တပေပါ (၅) သောင်းကျော် ပေးနေချိန်တွင် ကုမ္ပဏီက (၃) သောင်းဝန်းကျင်သာပေးသည်။ သူတို့မှလွဲ၍ အခြားရောင်းချခြင်းမပြုရဟု အစည်းအဝေး ခေါ်ပြောသောနေ့မှာပင် ဒေသခံလုပ်ငန်းရှင်များ၊ အလုပ်သမားများနှင့် ပြဿနာတက်သည်။ စစ်တပ်က ဒေသခံလူထုကိုသာ ပစ်ခတ်နှိမ်နင်းခြင်းဖြင့် ဖြေရှင်းပြသည်။

အလားတူဖြစ်ရပ်မျိုးများ ပေါ်ပေါက်လာနိုင်စရာအကြောင်းများလည်း တွေ့မြင်နေရသည်။ အဘယ့်ကြောင့် ဆိုသော် နအဖ၏ စီးပွားရေးမနိုင်နင်းမှုနှင့် ၎င်းတို့နှင့် လက်ဝေခံကုမ္ပဏီများကိုသာ အလုံးစုံသော လုပ်ပိုင်ခွင့်များ ပေးထားသဖြင့် လူထုစီးပွားကျဆင်းလာနေခြင်းကြောင့်ဖြစ်သည်။

Read More...

ဘင်္ဂလားဒေ့ရှ်သတင်း အဓမ္မဖော်ပြခိုင်း

NEJ / ၂၈ ဇန်န၀ါရီ ၂၀၀၉

စစ်အစိုးရ စာပေစိစစ်ရေးဌာနက ၎င်းတို့ကိုယ်တိုင်ရေးသားထားသည့် ဘင်္ဂလားဒေ့ရှ်နိုင်ငံနှင့် ပတ်သက်သည့် သတင်းတပုဒ်ကို ယခုတပတ်ထုတ် ဂျာနယ်များတွင် မထည့်မနေရ အတင်းအကျပ်ဖော်ပြခိုင်းခဲ့ကြောင်း ရန်ကုန်အခြေစိုက် ပုဂ္ဂလိက သတင်းဂျာနယ် အယ်ဒီတာများက ပြောပြကြသည်။

ဖော်ပြခိုင်းခဲ့သည့် သတင်းခေါင်းစဉ်မှာ “မြန်မာဘင်္ဂလားဒေ့ရှ် ကုန်သွယ်မှု မြှင့်တင်ရေးအတွက် ဘင်္ဂလားဒေ့ရှ်နိုင်ငံ စီးပွားရေးသံမှူးနှင့် တွေ့ဆုံ” ဖြစ်သည်။ အဆိုပါသတင်းကို ဇန်နဝါရီ (၂၇) ရက်နေ့ထုတ် ဖလားဝါးနယူးဂျာနယ် အတွဲ (၅) အမှတ် (၄) စာမျက်နှာ-၁၈၊ ဇန်နဝါရီလ (၂၆) ရက်နေ့ထုတ် သည်ဗွိုက်စ် ဂျာနယ် အတွဲ (၅) အမှတ် (၁၄) စာမျက်နှာ-၂၈၊ ဇန်နဝါရီလ (၂၉) ရက်နေ့ထုတ် စောင့်ကြည့်ဂျာနယ် အတွဲ (၄) အမှတ် (၂၄) နှင့် အခြားဂျာနယ်များတွင် ဖော်ပြခဲ့ကြရသည်။

အဆိုပါကိစ္စနှင့် ပတ်သက်၍ ဂျာနယ်အယ်ဒီတာတဦးက “ကျနော်တို့ကို ဂျာနယ်စာမျက်နှာ တမျက်နှာလောက်ရှိတဲ့ ပေါ်လစီဆောင်းပါးတပုဒ် ဖော်ပြခိုင်းပြီးပြီပဲ။ ဒီလောက်ဆို တော်သင့်ပါပြီ၊ ဒါပေမယ့် ခု ဘင်္ဂလားဒေ့ရှ် သတင်းကိုပါ ဖော်ပြခိုင်းတယ်။ ကျနော်တို့ရဲ့ သတင်းတွေနဲ့ ရောပြီး သူတို့ရေးပေးတဲ့ သူတို့ အာဘော်ကို ဖော်ပြစေချင်တဲ့သဘော၊ ကျနော်တို့ကတော့ ကျနော်တို့ သတင်းတွေနဲ့ မရောအောင် ပေါ်လစီဆောင်းပါးစာမျက်နှာမှာပဲ ဖော်ပြပေးလိုက်တယ်” ဟု ပြောသည်။

အဆိုပါသတင်းတွင် ဖော်ပြထားသည်မှာ ပြီးခဲသည့် ဇန်နဝါရီ (၁၃) ရက်နေ့က ရန်ကုန် ကုန်သွယ်မှုဦးစီးဌာန တိုင်းရုံးမှာ မြန်မာ့ကုန်သွယ်ဖက်နိုင်ငံများက စီးပွားရေးသံမှူး အချို့နှင့် တွေ့ဆုံဆွေးနွေးပွဲလုပ်ခဲ့ကြောင်း၊ အဆိုပါ ဆွေးနွေးပွဲမှာ ဘင်္ဂလားဒေ့ရှ် စီးပွားရေးသံမှူးနှင့် တွေ့ဆုံမေးမြန်းခဲ့ကြောင်း၊ ၎င်းက ခုလို တွေ့ဆုံဆွေးနွေးပွဲ လုပ်တာဟာ ကောင်းမွန်ကြောင်း၊ ဒါကာမှာလည်း ၎င်းတို့ အစိုးရအဖွဲ့သစ်သည် မြန်မာ-ဘင်္ဂလားဒေ့ရှ် ကုန်သွယ်ရေးကိစ္စများကို လေ့လာသုံးသပ်နေကြောင်း၊ မကြာမီ နှစ်နိုင်ငံကုန်သွယ်မှု ဆွေးနွေးပွဲကို မြန်မာနိုင်ငံမှာ ကျင်းပပြုလုပ်ရန် ရည်ရွယ်ထားကြောင်း စသဖြင့် ဖြေကြားထားသည်ဟု ရေးသားထားသည့် သတင်းဖြစ်သည်။

အဆိုပါ သတင်းနှင့်ပတ်သက်၍ ဘာသာပြန်အယ်ဒီတာတဦးက နအဖစစ်အစိုးရသည် ပြီးခဲ့သည့်နှစ် သဘာဝဓာတ်ငွေ့ရှာဖွေမှုနှင့် ပတ်သက်ပြီး ဘင်္ဂလားဒေ့ရှ်နိုင်ငံနှင့် ပြဿနာဖြစ်ခဲ့ရာမှာ အလျော့ပေးခဲ့ရမှုကို ဖုံးကွယ်ရန် မြန်မာနှင့်ဘင်္ဂလားဒေ့ရှ် ကုန်သွယ်ရေး ပုံမှန်ပဲ ရှိနေသယောင် ရေးသားသည့်သတင်းဖြစ်နိုင်ကြောင်း သုံးသပ်သည်။


ဝါရင့်သတင်းစာဆရာကြီးတဦးကမူ နအဖ စစ်အစိုးရသည် သတင်းရေးသားဖော်ပြမှုနှင့် ပတ်သက်ပြီး တားမြစ်ပိတ်ပင်မှု အများအပြား လုပ်ရုံသာမက၊ ပေါ်လစီဆောင်းပါးများကိုလည်း အတင်းအကျပ် မထည့်မနေရ ဖော်ပြခိုင်းခြင်းများကို တောက်လျှောက်လုပ်ခဲ့ကြောင်း၊ ယခု ဤမျှနှင့် မရပ်သေးဘဲ သူတို့ ဖော်ပြစေချင်သည့် သတင်းများကို ပုဂ္ဂလိက ဂျာနယ်စာမျက်နှာများတွင် အဆိုပါဂျာနယ်များက ရေးသည့် သတင်းများ ဖြစ်သယောင် လိမ်လည်ဖော်ပြခိုင်းခြင်းမျိုး လုပ်လာတာဖြစ်ကြောင်း၊ နောင် စစ်အစိုးရက ပြုလုပ်မည့် ၂ဝ၁ဝ ရွေးကောက်ပွဲ အကြိုကာလနှင့် ရွေးကောက်ပွဲကာလများတွင် ယခုကဲ့သို့ ဆက်လက် ပြုမူလုပ်ကိုင်လာနိုင်ကြောင်း၊ ထို့ကြောင့် ယခုကဲ့သို့ သတင်းရေးသား ဖော်ပြခွင့်နှင့်ပတ်သက်ပြီး ဆိုးဆိုးရွားရွား ပြုမူလာသည့်အပေါ် ပြည်သူများနှင့် နိုင်ငံတကာက သိအောင် ဖော်ထုတ်ဖွင့်ချရန် လိုအပ်ကြောင်း ဝေဖန်ထောက်ပြ ပြောဆိုခဲ့သည်။

Read More...

စီအန်အန် ချယ်နယ် ရောင်းချမှု ရပ်ဆိုင်း

NEJ / ၂၈ ဇန်န၀ါရီ ၂၀၀၉

Family Entertainment က အခပေး ရုပ်သံလိုင်းများအဖြစ် ရောင်းချပေးနေသည့် တခုတည်းသော သတင်းလိုင်းဖြစ်သည့် စီအန်အန် ရုပ်သံချယ်နယ်ကို ယခုနှစ်ကုန်ပိုင်းကစ ရောင်းချမှု ရပ်ဆိုင်းလိုက်ပြီ ဖြစ်ကြောင်း အဆိုပါ ကုမ္ပဏီမှ အရောင်းဝန်ထမ်းများက ပြောပြကြသည်။

စီအန်အန် ရုပ်သံချယ်နယ် ရောင်းချမှုများ ရပ်ဆိုင်းသည့်ကိစ္စနှင့် ပတ်သက်ပြီး Family Entertainment အား ခေတ်ပြိုင်က မေးမြန်းရာတွင် စီအန်အန်လိုင်းမှာ လွှင့်လိုသည့်အခါမှလွှင့်ပြီး မိလိုက်မမိလိုက် ဖြစ်နေသည့်အတွက် ရပ်ဆိုင်းရခြင်းဖြစ်သည်ဟု ပြန်လည်ဖြေကြားခဲ့သည်။

အဆိုပါ ရုပ်သံလိုင်းများကို ဝယ်ယူကြည့်ရှုနေသူတဦးက “သူတို့လွှင့်တဲ့ စီအန်အန် လိုင်းဆိုတာက နိုင်ငံတကာမှာ လွှင့်နေတဲ့ စီအန်အန်လိုင်း၊ ထိုင်း ယူဘီစီ (၂) ပေစလောင်းက လွှင့်နေတဲ့ စီအန်အန် လိုင်းတွေနဲ့ မတူဘူး။ အဲဒီက လွှင့်တာထက် နာရီဝက် နောက်ကျပြီးမှ လွှင့်တယ်။ နောက် မြန်မာပြည်နဲ့ ဆိုင်တာတွေရော၊ နိုင်ငံတကာသတင်းတွေကိုပါ အများကြီး ဖြတ်တောက်တယ်။ ဥပမာ- ဧရာဝတီတိုင်း ရေဘေး သတင်းတွေ အပါအဝင် ထိုင်းနိုင်ငံမှာ ဆန္ဒပြပွဲ လုပ်တဲ့ သတင်းလိုမျိုးပေါ့” ဟု ပြောသည်။

စီအန်အန် ချယ်နယ် ရောင်းချမှု ရပ်ဆိုင်းလိုက်ခြင်းနှင့် ပတ်သက်၍ ရန်ကုန်မြို့ခံအချို့က စစ်အစိုးရ ပြန်ကြားရေးဝန်ကြီးဌာန၏ ညွှန်ကြားချက်ကြောင့် ရပ်ဆိုင်းခြင်း ဖြစ်နိုင်သည်ဟု ပြောဆိုနေကြသလို၊ အချို့က အဆိုပါ ကုမ္ပဏီသည် စီအန်အန် သတင်းများကို နာရီဝက်နောက်ကျပြီးမှ လွှင့်ခြင်း၊ အလွန်အမင်း ဖြတ်တောက်ခြင်းတို့ ပြုလုပ်သည့် ကိစ္စနှင့် ပတ်သက်ပြီး ပြည်တွင်းကြည့်ရှုသူများက မူရင်း စီအန်အန် သတင်းဌာနကို အီးမေးလ်မှတဆင့် တိုင်ကြားမှုမျိုး ရှိခဲ့ကြောင်း၊ ထို့ကြောင့် စီအန်အန် ကုမ္ပဏီကိုယ်တိုင်က ဆက်လက် မရောင်းချတော့ခြင်း ဖြစ်နိုင်ကြောင်း ထင်မြင် ပြောဆိုနေကြသည်။


Family Entertainment သည် နအဖ ပြန်ကြားရေးဝန်ကြီး ဗိုလ်မှူးချုပ်ကျော်ဆန်း၏ သားတဦးက အဓိက အစုရှယ်ယာများ ပိုင်ဆိုင်ထားသည့် ကုမ္ပဏီတခု ဖြစ်သည်။ အဆိုပါ ကုမ္ပဏီသည် MRTV-4 ချယ်နယ်ကို ထုတ်လွှင့်နေသကဲ့သို့ Digital Terrestrial receiver (DVB-T) စက်များကိုလည်း ရောင်းချသည်။


အဆိုပါ စက်များမှတဆင့် ဖမ်းယူကြည့်ရှု၍ရသည့် နိုင်ငံခြား ရုပ်သံလိုင်း (၁၄) လိုင်းကို လစဉ်ကြိုတင်ငွေပေးစနစ်ဖြင့် ရောင်းချခွင့်ရထားသည့် တခုတည်းသော ကုမ္ပဏီလည်း ဖြစ်သည်။


အဆိုပါ လိုင်းများမှာ CNN, Star Movies, Star World, National Geographic, Wild, Channel V, Discovery, Travel & Living, Animal Planet, Cartoon Network, MTV, Euro Sport, ESPN, Star Sport တို့ မူလက ပါဝင်ပြီး ယခုနောက်ပိုင်း စီအန်အန် ချယ်နယ် မရှိတော့သည့်အတွက် နိုင်ငံခြား သတင်းလိုင်း လုံးဝ မရှိတော့သည့် အခြေအနေ ဖြစ်သွားသည်။
နအဖ စစ်အစိုးရက ၎င်းတို့၏ နေပြည်တော်မှာလည်း မြန်မာ့ရုပ်သံ၊ မြဝတီ ရုပ်သံနဲ့ နိုင်ငံခြား ဖျော်ဖြေရေး လိုင်း အနည်းငယ် လွှင့်ထုတ်နေပြီး သတင်းလိုင်းနှင့် ပတ်သက်၍ မည်သည့်သတင်းလိုင်းကိုမှ ထုတ်လွှင့်ခြင်း မပြုရန် တားမြစ်ထားကြောင်း သိရသည်။

Read More...

မီးမပေးနိုင်ဘဲ မီတာပုံးရောင်း

NEJ / ၂၈ ဇန်န၀ါရီ ၂၀၀၉
ရန်ကုန်မြို့လယ် ဧရိယာများကို တနေ့ (၆) နာရီ လျှပ်စစ်မီး မှန်မှန် မပေးနိုင်သော်လည်း မီတာပုံးများကိုမူ ဆက်လက်ရောင်းချပေးလျက်ရှိကြောင်း ဗိုလ်တထောင်မြို့နယ် လျှပ်စစ်အင်ဂျင်နီယာရုံးမှ တာဝန်ရှိ ရုံးဝန်ထမ်းတဦးက ပြောသည်။

၎င်းက “ကျနော်တို့ဆီမှာ ဝန်ကြီးအမိန့်နဲ့ စာထွက်ထားပါတယ်။ ဘယ်သူမဆို သတ်မှတ်ချက်နဲ့ ကိုက်ညီရင် ငွေ (၅၆,ဝဝဝ) ပေးတာနဲ့ မီတာပုံးရမှာပါ။ ဝန်ကြီးရဲ့အမိန့်စာကိုလည်း ကျနော်တို့ရုံးမှာ ဘုတ်ကြီးနဲ့ ကပ်ထားပါ တယ်။ မည်သူမဆို လာကြည့်လို့ ရပါတယ်။ မီးပေးမယ့် အချိန်တွေကိုလည်း တလစာအတွက် တနေ့စီ အချိန်ဇယား ကပ်ထားပါတယ်” ဟု ပြောသည်။

အဆိုပါကိစ္စ ရန်ကုန်တိုင်း လျှပ်စစ်အင်ဂျင်နီယာရုံး ငွေစာရင်းဌာနမှ အမည်မဖော်လိုသူ စာရင်းကိုင်တဦးက အမှတ်(၂) လျှပ်စစ်စွမ်းအား ဝန်ကြီးဌာနသည် ဗိုလ်ချုပ်မှူးကြီးသန်းရွှေ၏ လမ်းညွှန်ချက်အရ ဝင်ငွေပိုမို ရရှိအောင် အကောင်အထည်ဖော်နေရခြင်းဖြစ်ကြောင်း၊ ၂ဝဝ၇ ခုနှစ်အတွင်း ဗိုလ်ချုပ်မှူးကြီးသန်းရွှေက ဝန်ကြီး ဗိုလ်ချုပ်ခင်မောင်မြင့်ကို ဝန်ကြီးဌာနဝင်ငွေ တနှစ် ကျပ် (၄) ဘီလီယံ ရရှိနေရာမှ (၁၅) ဘီလီယံ ရရှိအောင် တိုးတက်ရှာဖွေရန် လမ်းညွှန်ခဲ့ကြောင်း၊ အဆိုပါ လမ်းညွှန်ချက်နှင့်အညီ မီတာခ ဈေးနှူန်းတိုးမြှင့်ခြင်း၊ တနိုင်ငံလုံး အတိုင်းအတာဖြင့် လျှပ်စစ်မီတာပုံး အလုံးရေ သန်းနှင့်ချီ ရောင်းချခြင်း၊ မီးပေးရေးစနစ်မှာ မီတာခ ပိုရသည့် စက်မှုဇုန်နှင့် လုပ်ငန်းသုံးမီတာများကို ဦးစားပေးခြင်း၊ စွမ်းအင်ဝန်ကြီးဌာနကနေ ဝယ်ယူရသည့် သဘာဝ ဓာတ်ငွေ့ပမာဏကို လျှော့ချခြင်း စသည်တို့ကို ဆောင်ရွက်ခဲ့ကြောင်း၊ လက်ရှိလည်း အဆိုပါ အစီအစဉ်အတိုင်း ဆက်လက်ဆောင်ရွက်ဆဲ ဖြစ်ကြောင်း ရှင်းပြသည်။

လျှပ်စစ်စွမ်းအား ဝန်ကြီးဌာန၏ လျှပ်စစ်မီးပေးပုံနှင့် ပတ်သက်ပြီး ယခင်နှစ်များနှင့် နှိုင်းယှဉ်ပါက ယခုနှစ်သည် အနည်းဆုံး ရရှိသည့်နှစ်ဖြစ်ကြောင်း ရန်ကုန်မြို့ခံများက ပြောပြကြသည်။


ဗိုလ်တထောင်မြို့နယ်တွင် နေထိုင်သူတဦးက ပြီးခဲ့သည့် နှစ်အထိ မီးပျက်လေ့ရှိသည့်ရာသီ၌ ရန်ကုန်မြို့လယ် (၆) မြို့နယ်တွင် တနေ့ လျှပ်စစ်မီး (၁၂) နာရီမှ (၁၈) နာရီအကြား ရရှိကြောင်း၊ လက်ရှိ တရက် (၆) နာရီ မီးရမည်ဟု သက်ဆိုင်ရာ လျှပ်စစ်ရုံးများက ကြေညာထားသော်လည်း (၆) နာရီပင်မရကြောင်း ၎င်းကြုံခဲ့ဖူးသမျှ ယခုနှစ်သည် လျှပ်စစ်မီး အနည်းဆုံးရရှိသည့် နှစ်ဖြစ်ကြောင်း ပြောသည်။

ရန်ကုန်အပါအဝင် နယ်မြို့များက ပြည်သူများမှာမူ စစ်အစိုးရသည် တိုင်းပြည်ကထွက်သည့် သဘာဝ ဓာတ်ငွေ့များကို နိုင်ငံခြားသို့ ရောင်းချပြီး အစိုးရအဖွဲ့အသုံးစရိတ် ရရှိရေးကိုသာ စိတ်ဝင်စားပြီး နိုင်ငံစီးပွားရေးနှင့် ပြည်သူများ၏ လူနေမှုအဆင့်အတန်း မြှင့်တင်ရေးအတွက် လျှပ်စစ်ဓာတ်အားပေး စက်ရုံများက ဂက်စ်တာဘိုင်များ လည်ပတ်ရာ၌ အသုံးပြုရန်အတွက် လုံးဝ စိတ်ကူးမရှိကြောင်း ကျယ်ကျယ်ပြန့်ပြန့် ဝေဖန်နေကြသည်။

Read More...

ဒေါ်အောင်ဆန်းစုကြည်နှင့် အန်အယ်လ်ဒီ တွေ့ခွင့်မပေးလျှင် ဂမ်ဘာရီနှင့် အန်အယ်လ်ဒီ တွေ့ဖြစ်ဖို့မလွယ် (ဦးဝင်းတင်)

မင်းနိုင်သူ/ ၂၈ ဇန်န၀ါရီ ၂၀၀၉
မစ္စတာဂမ်ဘာရီမလာမီ အန်အယ်လ်ဒီဗဟိုအလုပ်အမှုဆောင်အဖွဲ့နှင့် ဒေါ်အောင်ဆန်းစုကြည်တို့ အကြိုတွေ့ဆုံညှိနှိုင်းခွင့်မရခဲ့ပါက အန်အယ်လ်ဒီအနေဖြင့် မစ္စတာဂမ်ဘာရီနှင့်ပင် တွေ့ဆုံရန်မလိုတော့သည့် သဘောဆောင်နေပြီဖြစ်ကြောင်း ဗဟိုအလုပ်အမှုဆောင်တဦးဖြစ်သူ ဦးဝင်းတင်က ပြောကြားသည်။

အန်အယ်လ်ဒီဗဟိုအလုပ်အမှုဆောင်အဖွဲ့အနေဖြင့် ဒေါ်အောင်ဆန်းစုကြည်နှင့် ကြိုတင်တွေ့ဆုံနိုင်မှာသာ နိုင်ငံရေးလုပ်ငန်းစဉ်သစ်၊ အစီအစဉ်သစ်များ ပေါ်ထွန်းလာမည်ဖြစ်သည့်အတွက် ယင်းတွေ့ဆုံမှုကို လိုလားနေ ခြင်းဖြစ်ကာ တွေ့ခွင့်မရပါက နိုင်ငံရေးလုပ်ငန်းစဉ်သစ်များ ချမှတ်နိုင်မှုမရှိနိုင်သဖြင့် မစ္စတာဂမ်ဘာရီနှင့် တွေ့ဆုံရန်ပင်မလိုတော့သည့် သဘောရှိနေကြောင်း ခေတ်ပြိုင်နှင့် သီးခြားမေးမြန်းခန်းတွင် ဦးဝင်းတင်က ယခုကဲ့သို့ ပြောခဲ့ခြင်းဖြစ်သည်။

မကြာမီက အန်အယ်လ်ဒီထံသို့ ပေးပို့ခဲ့သော မစ္စတာဂမ်ဘာရီ၏ စာတွင် ၂၀၀၈ ခုနှစ် သြဂုတ်လအတွင်း ၎င်းလာရောက်ခဲ့စဉ် မြန်မာစစ်အစိုးရထံ တင်ပြခဲ့သည့် လုပ်ငန်းစဉ် (၅) ချက် (စစ်အစိုးရက ထိုအချက်အားလုံးကို ပယ်ချခဲ့) ကို ဆွေးနွေးလိုကြောင်း ရေးသားထားသည်။ မစ္စတာဂမ်ဘာရီအနေဖြင့် အသစ်မရှိဘဲ အဟောင်းကိုသာ ပိုက်လာပါက အလုပ်ဖြစ်လိမ့်မည်မဟုတ်ဟု ဦးဝင်းတင်က ပြောသည်။အဆိုပါတင်ပြချက် (၅) ရပ်တွင် စီးပွားရေးကိစ္စရပ်လည်းပါဝင်နေရာ စီးပွားရေးမှာ အရေးကြီးသော်လည်း နိုင်ငံရေးကိစ္စရပ်များဆွေးနွေးနေစဉ် ထည့်သွင်းဆွေးနွေးရန်မလိုဟုလည်း ဦးဝင်းတင်က ယူဆသည်။ မစ္စတာ ဂမ်ဘာရီ၏ တင်ပြချက်များသည် နအဖအပေါ် မည်သို့မျှ အသက်မ၀င်ဘဲ နိုင်ငံရေးသမားများကို ဆက်လက် ဖမ်းဆီးနေမြဲဖြစ်ပြီး နိုင်ငံရေးအကျဉ်းသမားများ၏ မိသားစုများ ဒုက္ခရောက်အောင်လုပ်ဆောင်နေမှုများကို လည်း ထောက်ပြသည်။၂၀၁၀ ရွေးကောက်ပွဲကိစ္စနှင့် ပတ်သက်၍ စစ်အစိုးရဘက်က အခြေခံဥပဒေကို ပြန်လည်သုံးသပ်ခွင့်မပေးပါက အန်အယ်လ်ဒီအနေဖြင့် ရွေးကောက်ပွဲဝင်ရန် အကြောင်းမရှိဟုလည်း ဦးဝင်းတင်က ပြောသည်။ စစ်အစိုးရ၏ အခြေခံဥပဒေသည် စစ်တပ်အုပ်ချုပ်ရေးကို တရားဝင်ဖြစ်အောင် ကျားကန်ပေးထားသည့် ဥပဒေဖြစ်သည့် အတွက် နောင်နှစ်ပေါင်းများစွာ၊ ခေတ်ပေါင်းများစွာ စစ်ကျွန်ဇာတ်သွင်းမည့် အခြေခံဥပဒေဖြစ်သည်ဟုလည်း ဦးဝင်းတင်က ထောက်ပြသည်။

မစ္စတာဂမ်ဘာရီသည် ရန်ကုန်မြို့သို့ စနေနေ့တွင် ရောက်ရှိမည်ဖြစ်ပြီး နောက်တပတ် အင်္ဂါနေ့တွင် ပြန်မည်ဖြစ်ကြောင်း အဘူဒါဘီမြို့ထုတ် The National သတင်းစာတွင် ဖော်ပြထားသည်။

ယခုလာရောက်မည့် မစ္စတာဂမ်ဘာရီ၏ ခရီးစဉ်တွင် ဒေါ်အောင်ဆန်းစုကြည်အပါအ၀င် နိုင်ငံရေးအကျဉ်းသား များ လွတ်ပေးရေးအတွက် နအဖကို ငွေကြေးအကူအညီပေးရေးကိစ္စလည်းပါဝင်သည်ဟု သတင်းများ ထွက်ပေါ်နေသည်။ ဦးဝင်းတင်ကမူ အဆိုပါအစီအစဉ်မှာ အောင်မြင်မည်ဟု လုံးဝမယူဆကြောင်း ပြောသည်။

Read More...

လူထုကို ခေါင်းဆောင်မယ့်သူတွေဟာ လူထုကိုနားလည်ရမယ်

ရဲဘော်ဖိုးသံချောင်း / ၂၈ ဇန်န၀ါရီ ၂၀၀၉

တလောက ရေဒီယိုအင်တာဗျူးတခုမှာ အဖွဲ့အစည်းတခုက တာဝန်ရှိသူ တဦးကို သူတို့မှာ ဘာအစီအစဉ်တွေရှိသလဲလို့ မေးတော့ သူက သူတို့ရဲ့ အစီအစဉ်တွေကို ပြောပါတယ်။ ဒီနောက် မေးတဲ့သူက အဲဒီ အစီအစဉ်တွေ အောင်မြင်မယ်လို့ ယူဆပါသလားလို့ထပ်မေးတော့ အဲဒီတာဝန်ရှိသူက ဒါကတော့ လူထုအပေါ် တည်တာပဲ၊ လူထုကိုစောင့်ကြည့်ရမှာပဲလို့ ဖြေတာ ကြားလိုက်ရပါတယ်။

သူပြောပုံက သူ့ဘက်ကတော့ တာဝန်ကျေပြီ။ အဲဒီအတိုင်း လူထုက လိုက်လုပ်ရင် အောင်မြင်မှာပဲ၊ မအောင်မြင်ရင် လူထုရဲ့ တာဝန်ဖြစ်တယ် ဆိုတဲ့အဓိပ္ပာယ်ပါ။ နားထောင်ရင်း တုန်လှုပ်သွားမိပါတယ်။ လုပ်ငန်းစဉ် တခု၊ လမ်းစဉ်တရပ်ကို လူထုက လိုက်နာ အကောင်အထည် ဖော်တာ မလုပ်ရင် ဒါဟာ လူထုရဲ့တာဝန်ပဲလို့ သုံးသပ်တာမျိုးကို အရင် သခင်စိုး ပါးစပ်ကပဲ ကြားဖူးပါတယ်။ အခု နှစ်ပေါင်း (၆ဝ) ကျော်ကြာပြီးတဲ့နောက်မှာ သခင်စိုးနဲ့ဘာမှမဆိုင်တဲ့ လူတဦး ပါးစပ်ဆီက ကြားရပြန်ပါတယ်။ ပြောတဲ့လေသံချင်းတော့ မတူဘူးလို့ ပြောနိုင် ပါတယ်။ ဒါပေမယ့် အဓိပ္ပာယ်က အတူတူပါပဲ။ တနည်းပြောရရင် ကိုယ်ချမှတ်တဲ့ လုပ်ငန်းစဉ် မှန်မမှန်ဆိုတာ အရေးမကြီး၊ လိုက်လုပ်တဲ့ လူမှာ စွမ်းရည်ရှိမရှိက အရေးကြီးတယ်လို့ဆိုတာ ဖြစ်ပါတယ်။



ဒါ့အပြင် ဒီတလောမှာ စက်တင်ဘာသံဃာ့အရေးအခင်းပြီးတဲ့နောက်ပိုင်း အတော်ကြာကြာမကြားရတဲ့ "ဗမာပြည်က လူထုတွေဟာ ကြောက်နေကြတယ်" ဆိုတဲ့စကားလည်း အတော်လေး ပြန်ကြားလာရပါတယ်။ တချို့များဆိုရင် အနောက်နိုင်ငံသားတွေပြောတဲ့ လေကိုလိုက်ပြီး ဗမာပြည်က လူထုမို့ပေါ့၊ တခြားနိုင်ငံက လူထုသာ ဆိုလို့ကတော့ ဒီလိုဖိနှိပ်နေရင် ပေါက်ကွဲထွက်တာ ကြာလှပြီဆိုတဲ့ စကားမျိုးတွေတောင် ပြောကြ ပါတယ်။ ဒီလိုအပြောတွေနဲ့ ပြောင်းပြန်၊ ပြည်တွင်းကအသံတချို့ကတော့ လူတွေဟာ သေမထူး၊ နေမထူး ဖြစ်နေပြီ၊ ဘာမှမကြောက်တော့ဘူး၊ ခေါင်းဆောင်မှုမရှိလို့လို့ ပြောတာ ကြားရပါတယ်။အရေးတော်ပုံတရပ်၊ တော်လှန်ရေးတရပ် အခက်အခဲနဲ့ရင်ဆိုင်လာရပြီဆိုရင် ဟိုလူ့အပြစ်တင်၊ ဒီလူ့ အပြစ်တင် လုပ်ကြတာ မဆန်းဘူးလို့တောင် ပြောနိုင်ပါ တယ်။ ဘာမှမဝေဖန်လိုပါဘူး။ ဒါပေမယ့် ပြည်သူလူထုကို အပြစ်တင်တာ ကျတော့ မဝေဖန်လို့မဖြစ်ပါဘူး။ ကိုယ်က ကျည်ဆန်မပြောနဲ့ ဒုံးပျံနဲ့လှမ်းပစ်တောင် မထိနိုင်တဲ့ နေရာမှာ နေပြီး ဟိုမှာ သေနတ်ပြောင်းထိပ်နေရသူတွေကို ကြောက်တယ်လို့ ပြောတာဟာ မတရားလွန်းရာ ကျပါတယ်။ သေစရာရှိတော့ လူထုက သေရတာပါ။

ခေါင်းဆောင်မှုအတတ်ပညာမှာ အရေးကြီးဆုံးက လူထုအခြေအနေကို နားလည်တာနဲ့ လူထုလက်ခံနိုင်တဲ့၊ လူထုလိုက် အကောင်အထည်ဖော်မယ့် လုပ်ငန်းစဉ်တရပ်ချမှတ်ဖို့ ဖြစ်ပါတယ်။ လူထုက အကောင်အထည် မဖော်ရင် ဘာမှဖြစ်မလာပါဘူး။ အဝေးကနေ ကွန်ပျူတာတခု၊ အသံလွှင့်ချက်တခုနဲ့ လူထုလှုပ်ရှားမှုကြီးကို ထိန်းချုပ်တယ် ဆိုတာ ရုပ်ရှင်ထဲမှာပဲ ဖြစ်နိုင်ပါတယ်။ လူထုထဲမှာဆင်း၊ လူထုနဲ့အတူတိုက်ပွဲဝင်ရပါမယ်။ ကိုယ်တိုင် မသွားနိုင်ရင် သွားနိုင်တဲ့လူတွေဆင်း၊ အမြုတေအင်အားအဖြစ်မြှုပ်နှံ၊ အချိန်တန်ရင်တိုက်ပွဲဖော် စသဖြင့် လုပ်ရပါတယ်။ မြေအောက်လုပ်ငန်းဆိုတာ ငွေရှိရင်ဖြစ်တာပဲဆိုတာမျိုး သဘောထားလို့မဖြစ်ပါ။ ငွေလိုအပ် ပါတယ်။ များလေကောင်းလေပါ။ ဒါပေမယ့် ငွေနဲ့ဝယ်ရတဲ့ မြေအောက်ကေဒါနဲ့ တွဲလုပ်ဖို့ဆိုရင်တော့ လူတိုင်းအနည်းဆုံး နှစ်ခါ စဉ်းစားကြမှာပါပဲ။


တချို့သော ခေါင်းဆောင် (လို့ ကိုယ့်ကိုယ်ကိုယ်ထင်နေသူ) တွေဟာ ကိုယ့်ကိုယ်ကိုယ် ကယ်တင်ရှင်လို့ ထင်နေကြ ပါတယ်။ ဒါဟာ အဆိုးဆုံးပါပဲ။ ကိုယ့်ကိုယ်ကိုယ် လူထုအထက်ကလို့ ထင်တဲ့လူဟာ တကယ်သာ နိုင်ငံ့ခေါင်း ဆောင်ဖြစ်လာရင် လူထုရဲ့အထက်မှာနေမှာ၊ လူထုထက်ပိုပြီး အခွင့်ထူးတွေ ခံစားမှာ သေချာ ပါတယ်။ ခေါင်းဆောင်ဟာ လူထုထက် စာပိုဖတ်ထားတာ၊ အဆက်အသွယ် ပိုကောင်းတာအမှန်ပါပဲ။ ဒါပေမယ့် ဒီလိုကြောင့်မို့ လူထုကို အနုံအ-အတွေလို့ထင်ရင် မှားပါတယ်။ အရေးအကြီးဆုံးအချက်က အရာ ကိစ္စတွေ၊ အထူးသဖြင့် အရေးတော်ပုံတွေ၊ တော်လှန်ရေးတွေရဲ့အနိုင်အရှုံးကို လူထုကြီးက အဆုံးအဖြတ်ပေးတာ ဖြစ်တယ်ဆိုတဲ့ အချက်ကို မမေ့ဖို့ပါပဲ။

လူထုမပါရင် ဘာမှဖြစ်မလာပါဘူး။ အောင်ပွဲဆိုတာကတော့ အိပ်မက်တောင် မမက်နိုင်ပါဘူး။ ဒါကြောင့်မို့ အောင်ပွဲကို ပြည်ပအကူအညီက ယူလာပေးမယ်လို့ ယူဆမျှော်လင့်ပြီး ကိုယ့်နိုင်ငံက လူထုကိုတော့ စမ်းသပ်ခန်းထဲက ယုန်လို၊ ပူးလိုသဘောထား လုပ်ကိုင်နေတာတွေကို ရပ်တန်းက ရပ်သင့်ပါတယ်။ နောင်မှာ ရှင်းရခက်တဲ့ ပြဿနာတွေ သယ်လာတဲ့လူအဖြစ် ကိုယ်ဟာသမိုင်း တရားခံတောင် ဖြစ်သွားနိုင်ပါတယ်။

လူထုနဲ့ကေဒါ၊ လူထုနဲ့ခေါင်းဆောင်တို့အကြား မတူတာတွေကိုလည်း သဘောပေါက်ရပါမယ်။ လူထုဟာ နိုင်ငံရေးလုပ်ငန်း တခုတည်းကိုသာ အဓိက လုပ်နေတဲ့ လူတွေမဟုတ်ဘူးဆိုတာ မမေ့သင့်ပါဘူး။ သူတို့အနေနဲ့ စားဝတ်နေ ရေးအတွက် လုံးပန်းရသလို ကျောင်းသားဆိုရင်လည်း ပညာရေးအတွက်လုံးပန်းရ စသဖြင့် အဓိကလုပ်နေတဲ့ လုပ်ငန်းတွေ ကိုယ်စီရှိကြပါတယ်။ ကေဒါ၊ နိုင်ငံရေး သမား၊ နိုင်ငံရေး ခေါင်းဆောင် ဆိုတာကတော့ နိုင်ငံရေးလုပ်ငန်းကို အဓိကထား လုပ်နေသူတွေ ဖြစ်ပါတယ်။ သူတို့ဟာ သူများထက် နိုင်ငံရေးအသိလည်း ပိုမြင့်တယ်လို့ ယူဆထားရတဲ့ လူတွေဖြစ်ပါတယ်။ ဒီတော့ လူထုကို ကေဒါ၊ နိုင်ငံ ရေးသမား၊ နိုင်ငံရေး ခေါင်းဆောင်တို့လို အချိန်မရွေး ထတိုက်နိုင်ရမယ်လို့ မမျှော်လင့်သင့်ပါဘူး။ ခေါင်းဆောင်ရဲ့ တာဝန်ဟာ လူထုရဲ့ အခြေအနေကို သိရှိပြီး လူထုလိုက်ပါနိုင်မယ့်အချိန်၊ အဆင့်၊ တိုက်ပွဲသဏ္ဌာန်တို့ကို ရွေးချယ်ဖို့ဖြစ်ပါတယ်။

ခေါင်းဆောင်ဟာ လူထုကို ဆရာလုပ်ဖို့မဟုတ်ပါ။ ကိုယ်က လူထုထက် ပိုသိတာ၊ ပိုတတ်တာတွေ ရှိနိုင်ပါတယ်။ ဒါပေမယ့် လူထုမှာလည်း ကိုယ့်ထက် သိတာ၊ တတ်တာတွေ ရှိနိုင်တယ်ဆိုတာ မမေ့သင့်ပါ။ ကိုယ့်ကို သူတို့ကသိဖို့ထက် ကိုယ်က သူတို့ကိုသိဖို့က ပိုအရေးကြီးတယ်၊ ပိုလိုအပ်တယ်ဆိုတာလည်း သတိ ထားသင့်ပါတယ်။ သူတို့ကို ဆရာ မလုပ်ခင် သူတို့ဆီမှာ တပည့်ခံသင့်ပါတယ်။ သူတို့ကိုယ့်ကိုယုံဖို့ဟာ အင်မတန်မှ အခရာကျပါတယ်။ ဘယ်သူမှ ကိုယ်မယုံတဲ့ လူရဲ့ ညွှန်ကြား ချက်ကို လက်မခံပါဘူး။

နောက်ပြဿနာတခုက ခေါင်းဆောင်မှု (ခေါင်းဆောင်ကိုယ်တိုင်လို့ မဆိုတာ သတိပြုပါ) ဟာ ခေါင်းဆောင်ရမယ့်အချိန်မှာ ခေါင်းဆောင်ရမယ့် နေရာကို သင့်တော်တဲ့သဏ္ဌာန်နဲ့ ရောက်ရှိနေဖို့ဖြစ်ပါတယ်။ ခေါင်းဆောင် မှုဟာ နည်းသဏ္ဌာန်မျိုးစုံနဲ့ လူထုဆီကို ရောက်ပါတယ်။ ကိုယ်တိုင်လည်း ဖြစ်ချင်ဖြစ်မယ်၊ ကိုယ်ကတာဝန်ပေးထားသူလည်း ဖြစ်ချင်ဖြစ်မယ်၊ ဒါမှမဟုတ် တခြားနည်းနာ တွေနဲ့လည်း ဖြစ်ချင် ဖြစ်မယ်၊ လူထုလိုအပ်နေတဲ့အချိန်မှာ ဘာတွေကို ဘယ်လိုလုပ်ရမယ်ဆိုတဲ့ ညွှန်ကြားချက်နဲ့ စိတ်ဓာတ် အချိန်မီ ရောက်သွားဖို့ အရေးကြီးပါတယ်။

ပြီးခဲ့တဲ့သံဃာ့အရေးအခင်းကြီးတုန်းက စက်တင်ဘာလ(၂၉) ရက်နေ့မှာ အရေအတွက် ထောင်ပေါင်းများစွာရှိတဲ့ လူထုကြီးဟာ ဒိအရင်နေ့တွေ တုန်းကလိုပဲ သံဃာတော်တွေ ထွက်လာမယ်ထင်လို့ ဆူးလေဘုရားလမ်း၊ ပန်းဆိုးတန်း လမ်းတို့မှာ စုဝေးရောက်ရှိနေကြပါတယ်။ ဒါပေမယ့် အခြေအနေက အဲဒီအရင်တညကပဲ သံဃာတော်တွေကို ကျောင်းတွေပိတ်ပြီး ရိုက်နှက်ဖမ်းဆီး ခဲ့လို့ သူတို့ဟာ ဆန္ဒပြထွက်မလာနိုင်တော့ပါဘူး။ နေ့ခင်း (၁) နာရီ၊ (၂) နာရီ လောက်ကျတော့ စောင့်ဆိုင်းနေတဲ့ လူထုကြီးဟာ သောင်းဂဏန်းဖြစ်သွားပါပြီ။ တကယ်လို့သာ အဲဒီတုန်းက ခေါင်းဆောင်မှုပေါ်လာခဲ့ရင်၊ အနည်းဆုံးလူ (၄-၅) ယေက်ကနေ သံဃာတော် တွေတော့ ဘယ်လိုဖြစ်ကုန်ပြီ၊ လူတွေဆက် တိုက်ပွဲဝင်ကြစို့ဆိုတာမျိုး လှုံ့ဆော်ဦးဆောင်ခဲ့ရင် လူထုကြီးဟာ မုချနောက်က ပါလာမှာပါပဲ။ ဒါပေမယ့် အခုတော့ ဘယ်ခေါင်းဆောင်မှုမှ ပေါ်မလာလို့ လူထုကြီးဟာ တက်တခေါက်ခေါက်နဲ့ ပြန်သွားခဲ့ကြပါတယ်။

ဒါက ပြနေတာက ခေါင်းဆောင်မှုနဲ့ လူထုဆက်စပ်မှုပြဿနာကို သေချာ လေးလေးနက်နက် လေ့လာ ဖြေရှင်းရမယ် ဆိုတာပါပဲ။ ဒီတာဝန်ကို ခေါင်းဆောင်မှုဘက်က ထမ်းဆောင်ရမှာပါ။ စားဝတ်နေရေးနဲ့ လုံးချာ လိုက်နေတဲ့ လူထုက ဒါတွေကိုလေ့လာဖို့၊ ဖြေရှင်းဖို့ အချိန်လည်းမရှိ၊ တခြားအချက် အလက်တွေလည်း မရှိပါဘူး။ ဒါတွေကို မဖြေရှင်းဘဲ လူထုကိုပဲ မေးငေါ့အပြစ် တင်နေလို့ကတော့ နီရိုဘုရင်ရဲ့လုပ်ရပ်နဲ့ ကွာလှမှာ မဟုတ်ပါဘူး။

Read More...

သွေးတွေ ပေနေတဲ့လက်

ငှက်ဖြူလေး
တွေးတောမိစဉ်
အဖြူရောင်လဲ
နီခဲ့ပေါ့...

ငါအသွေး ငါအသား
ဘ၀များစွာ
ရှင်သန်ဖို့တိုက်
ဒို့ပြည်အတွက်ပဲ....

မင်းဆိုးအုပ်ချုပ်
ဘုရားလုပ်တဲ့ခေတ်မှာ
ငါတို့ကလောင်တွေ
သွေးပေနေခဲ့....

ရိုးသားမှုကို အရောင်းဆိုး
ခေတ်ဆိုးကြီးထဲမှာ
ခုံပေါ်က မဆင်းနိုင်....

ငါတို့သမိုင်း
ငါတို့ရေးမည်
စစ်အာဏာရှင်စနစ်
ပြုတ်ကြဖို့အရေး
သွေးပေနေတဲ့
လက်နဲ့ ငါ့ကလောင်ကို ဆက်နေဆဲ......................


(နေကျော်လင်း)

Read More...

Wednesday, January 28, 2009

နအဖ စစ်ဘက်ရေးရာလုံခြုံရေးအရာရှိနှင့် အဖွဲ့ ၀ ဒေသအတွင်း လက်နက်ဖြုတ်သိမ်းခံရ

အင်္ဂါနေ့၊ 27 ဇန်န၀ါရီ 2009 သျှမ်းသံတော်ဆင့်


ဝ ပြည်နယ်မြို့တော် ပန်ဆန်းဌာနချုပ်ရှိ အာဇာနည်ကျောက်တိုင် နှင့် ၀ ရဲဘော်များ

၂၀၁၀ ရွေးကောက်ပွဲအတွက် ငြိမ်းအဖွဲ့များကို စည်းရုံးသိမ်းသွင်းရန် စစ်ဘက်ရေးရာလုံခြုံရေး ညွှန်ကြားရေးမှူးချုပ် ဒုဗိုလ်ချုပ်ကြီး ရဲမြင့် နှင့် အဖွဲ့ ပန်ဆန်းသို့အသွား မိုင်းပေါက်တွင် ၀ နယ်ခြားစောင့်တပ်ဖွဲ့က ၎င်းတို့ပါလာသော လက်နက်ကြီးများကို ဖြုတ်သိမ်းထားကြောင်း တရုပ်နယ်စပ်သတင်းရပ်ကွက်က ဆိုသည်။

ယခုလ ၁၇ - ၁၈ ရက် စစ်ဘက်ရေးရာလုံခြုံရေး ညွှန်ကြားရေးမှူးချုပ် ဒုဗိုလ်ချုပ်ကြီးရဲမြင့် နှင့်အဖွဲ့ အင်အား ၃၀ ခန့်သည် ၀ ထိပ်ပိုင်းခေါင်းဆောင်များနှင့် ၂၀၁၀ ရွေးကောက်ပွဲအတွက်ဆွေးနွေးရန်UWSA ပန်ဆန်းဌာန ချုပ် အသွား တပ်မဟာ ၄၆၈ ၀ နယ်ခြားလုံခြုံရေးအဖွဲ့က ၎င်းင်းအဖွဲ့ပါလာသောလက်နက်ကြီးများကို ကျိုင်းတုံမြို့ အရှေ့မြောက်ဘက် ၁၀၂ ကီလိုမီတာအကွာရှိ မိုင်းပေါက်မှ ဖြတ်သန်းသယ်ဆောင် ခွင့်မပြုဟုဆိုကာ ခေတ္တ သိမ်းထား လိုက်သည်ဟုဆို၏။


UWSA တပ်မဟာ ၄၆၈ အရာရှိတချို့ နှင့် နီးစပ်သူတဦးက - “ယခုလ အစောပိုင်းက သျှမ်းပြည်တိုင်းချုပ် ဗိုလ်ချုပ် မင်းအောင်လှိုင် အထူးဒေသ ၄ တပ်မဟာ ၃၆၉ ဆီလူး နဲ့ အထူးဒေသ ၂ တပ်မဟာ ၄၆၈ ဌာနချုပ် မိုင်းပေါက်ဘက်လာ မယ်လို့ သတင်းကြားထား ပေမဲ့ မလာဖြစ်ဘူး။ အခုလာသွားတဲ့ ဒုဗိုလ် ချုပ်ကြီးရဲမြင့်နဲ့အဖွဲ့ကို လည်း မိုင်းပေါက်ရှိ ၀ အဖွဲ့က သူတို့ပါလာတဲ့ လက်နက်ကြီး တွေ ပန်ဆန်းကိုပေးမယူသွားဘူး လို့ပြောတယ်။ ပစ္စတိုတချို့ကိုဘဲယူသွားခွင့်ပေးတယ်”-ဟုဆို၏။

ပန်ဆန်းသို့ရောက်သွားသော စရဖ လုံခြုံရေးအရာရှိ ဒုဗိုလ်ချုပ်ကြီးရဲမြင့်သည် ၀ ထိပ်ပိုင်းခေါင်းဆောင်များ နှင့် ၂၀၁၀ ရွေးကောက်ပွဲ အတွက် ဆွေးနွေးညှိနှိုင်းခြင်းမရသောကြောင့် စရဖ မှူးကြီး အမျက်ဒေါသထွက်ကာ မိုင်းကာ၊ မိုင်းခတ် မှ တဆင့် ကျိုင်းတုံဘက်သို့ ပြန်ဆင်းသွားကြောင်း၊ လတ်တလော ၀ နှင့် နအဖ ကြား ဆက်ဆံ ရေးပိုမိုတင်းမာလာနေကြောင်း၎င်းကဆက်ပြောပြ၏။

“၀ တပ်ဖွဲ့ပြန်လည်ဖွဲ့စည်းပြီး နိုင်ငံတော်ကာကွယ်ရေးဦးစီးချုပ်အောက်မှာ နေဖို့ စစ်အစိုးရကိုယ်စားလှယ် တွေက ဆန္ဒရှိတာကို ၀အဖွဲ့ကလက်မခံဘူး။ အခုအခြေအနေက ပိုပြီးတင်းမာလာတယ်။ ၀ ဘက် က ပြင်ဆင်မှုတွေ ပိုလုပ် လာတယ်လို့ပြောရမှာဘဲ”-ဟုဆို၏။

အရှေ့မြောက်တိုင်းမှူး ဗိုလ်မှူးချုပ်အောင်သန်းထွဋ်ကလည်း သျှမ်းပြည်မြောက်ပိုင်း သံလွင်အရှေ့ခြမ်း ၀ တပ်ဖွဲ့တွေ ကိုပြင်ဆင်ဖွဲ့ စည်းဖို့ သွားရောက်တွေ့ဆုံ ဖိအားပေးခဲ့ရာ မအောင်မြင်သောကြောင့် စစ်သည်၂၀၀- ၃၀၀ ခန့် ပို့၍ အင်အားပြ ခြိမ်းခြောက် ခဲ့သေးကြောင်း၊ အတည်မပြုနိုင်သေးသောသတင်းအရ ၀ နှင့် နအဖ ကြား တိုက်ပွဲငယ်များ ဖြစ်ပွားနေကြောင်း ဆိုပါသည်။

Read More...

Tuesday, January 27, 2009

မီးသတ်အဖွဲ့ရဲ့အားနည်းချက်ကြောင့် အဆုံးအရှုံးများပြား

Tuesday, 27 January 2009 19:51 ဘုန်းခိုင်
ရေနံချောင်းမြို့နယ်အတွင်း မီးလောင်မှုဖြစ်ပွားရာ သက်ဆိုင်ရာမီးသတ်ဌာနက အချိန်မှီ ငြိမ်းသတ်နိုင်ခဲ့ခြင်းမရှိသည့်အတွက် အဆုံးအရှုံးများပြားခဲ့ကြောင်း ဒေသခံများက ပြောသည်။

ပြီးခဲ့သည့် သောကြာနေ့ညက ရေနံချောင်းမြို့နယ်၊ လေးတိုင်စင်ကျေးရွာတွင် စိတ်ရောဂါဝေဒနာရှင်တဦး ရှို့လိုက်သည့်မီးကြောင့် အိမ်ခြေ နှစ်ရာနီးပါး ဆုံးရှုံးသွားခဲ့ရပြီး ရေနံချောင်းမြို့နယ် မီးသတ်က ထိထိရောက်ရောက် လုပ်ဆောင်ခြင်းမရှိသည့်အတွက် ယခုကဲ့သို့ ဆုံးရှုံးရခြင်းဖြစ်ကြောင်း ဒေသခံရွာသားတဦးက ပြောသည်။

“ည (၇) နာရီလောက်မှာ ဖြစ်တာ၊ မီးလောင်တော့ မီးသတ်ကားက သွားမငြိမ်းဘူး၊ တကယ်လို့ သွားမယ်ဆိုရင်ရတယ်၊ စက်နဲ့ငြိမ်းလို့ရတဲ့ကားက မသွားဘဲ ရေဘောက်ဆာလေးပဲ သွားတဲ့အခါကျတော့ မီးက မနိုင်ဘူးဖြစ်တာ၊ ရှို့သွားတဲ့လူကိုတော့ ဖမ်းလို့မိလိုက်တယ်” ဟု ပြောသည်။

မီးလောက်ခံလိုက်ရသည့် အိမ်ခြေအရေအတွက်မှာ (၁၇၅) အိမ်ဖြစ်ပြီး အဆိုပါအိမ်များတွင် နွားတင်းကုတ်များအပါအဝင် လှောင်ထားသည့် ပဲ၊ နှမ်းများပါ ဆုံးရှုံးသွားကြောင်း အဆိုပါရွာသားက ဆက်ပြောသည်။


“အဲဒီအိမ်တွေက အိမ်ကြီးအိမ်ကောင်းတွေချည်းပဲ၊ နွားတင်ကုတ်တွေက တအိမ်ကို နှစ်လုံးလောက်ကို ရှိတာ၊ ပဲတွေ နှမ်းတွေ ဈေးမကောင်းတော့ မရောင်းရသေးဘဲ သိမ်းထားတာတွေကရှိတော့ ကာလပေါက်ဈေးနဲ့ဆိုရင် တော်တော်ကို ဆုံးရှုံးသွားတာ၊ လောလောဆယ်တော့ မတွက်ရသေးဘူး” ဟု ပြောသည်။

ယခုလက်ရှိ မီးဘေးဒုက္ခသည်များကို ရေနံချောင်းမြို့ပေါ်မှ ထမင်းထုပ်များ ပို့ပေးနေရပြီး အာဏာပိုင်များက မီးလောင်သွားသည့်နေရာတွင် ပြန်လည်နေထိုင်ခွင့်မပေးဘဲ ရပ်ကွက်အသစ်ပြန်ရိုက်ပေးမည်ဟု ဆိုသည်။

မြန်မာနိုင်ငံတွင် မကြာခဏ မီးလောင်းမှုများဖြစ်ပွားနေသော်လည်း သက်ဆိုင်ရာ မီးသတ်တပ်ဖွဲ့က အချိန်မှီ မီးငြိမ်းသတ်နိုင်ခြင်းမရှိသည့်အတွက် ဒေသခံပြည်သူများမှာ ဆုံးရှုံးမှုများနှင့်သာ ရင်ဆိုင်နေရကြောင်း ဒေသခံများက ပြောဆိုနေလျှက်ရှိသည်။

Read More...

အန်အယ်ဒီ ဗဟိုဌာနချုပ်တွင် လူငယ်ပညာပေးဟောပြောပွဲပြုလုပ်

တေဇအောင် (၂၇၊၁၊၀၉)
၂၇၊၁၊၀၉ နေ့လည်(၁)နာရီတွင်အန်အယ်ဒီဗဟိုဌာနချုပ်ရုံးတွင် မြန်မာနိုင်ငဥပဒေနှင့်လက်တွေ့ပြဿနာများ ခေါင်းစဉ်ဖြင့်သင်္ဃန်းကျွန်းမြို့နယ်ပြည်သူ့လွတ်တော်ကိုယ်စားလှယ်(ဗဟိုဥပဒေအထောက်အကူပြု) ရှေ့နေကြီး ဦးသိန်းညွန့်(ကော့ကရိတ်)မှ ဟောပြောပြီး အဖွဲ့ချုပ် ဗဟိုအလုပ်မှုဆောင်များဖြစ်ကြသော ဦးဝင်း တင်၊ ဦးညွန့်ဝေ၊သခင်စိုးမြင့်၊ဦးခင်မောင်ဆွေတို့နှင့်အတူ လူငယ်၂၀၀ကျော် တက်ရောက်ခဲ့ကြသည်၊ ဟော ပြောသူနှင့်လူငယ်များအပြန်အလှန်ဆွေးနွေးကြပြီး ဦးဝင်းတင်ကိုယ်တိုင်ဝင်ရောက်ဆွေးနွေးခဲ့သည်။ စည် ကားစွာဆွေးနွေးခဲ့ကြပြီး နေ့လည်(၃နာရီ၃၀)ခန့်တွင် ဟောပြောပွဲပြီးဆုံးခဲ့သည်။ အဖွဲ့ချုပ်ရုံးခန်းများကိုခေတ္တဟုဆိုကာ ပိတ်ထားသည့်အပေါ်တွင် နောင်မြန်မာစာအဘိဓာန်ထွက်လျင် ခေတ္တဟုဆိုသော ဝေါဟာရကို (ခေတ္တ=၆နှစ်)ပင်ပြောင်းလဲ ခေါ်တွင် မည်လား မသိတော့ဟု မြန်မာပြည်၏ ဥပဒေများနှင့် ပြဿနာများမှာ လူတန်းစားတရပ်ကိုသာ အကျိုးပြု စေသည်ဟု ခိုင်းနိုင်းဆွေးနွေးခဲ့သည်။ လူငယ်ထုတွင်းတွင်လဲ နေရာမရမီအချိန်တွင် အခက်အခဲများကိုသိရှိပြီး နေရာရှိသည့် အချိန်ရောက်လျင် အခက်အခဲများကို မမေ့သင့်ကြောင်း သာဓကများ ပြီးဆွေးနွေးခဲ့ကြသည်။ တက်ရောက်လာသူများနှင့် လူငယ်ထုကလည်း ယခုကဲ့သို့ ဆွေးနွေးပွဲများပြုလုပ်လာနိုင်ခြင်းအပေါ် လွန်စွာအားရမှုရှိကြောင်းနှင့် ဆွေးနွေး ပွဲများ အဆက်မပြတ်လုပ်ပေးခြင်းဖြင့်အဖွဲ့ချုပ်လူငယ်ထုအတွက်လဲ အသိပညာများစွာ ရရှိကြောင်းသိရှိရသည်။

Read More...

တရုတ်နိုင်ငံ ယခုနှစ်အတွင်း ကြက်ငှက်တုတ်ကွေးကူးစက်ခံရမှု ၆ကြိမ်ဖြစ်ပွား

25 January 2009


တရုတ်နိုင်ငံ တောင်ပိုင်း ဂွမ်ဇို့ ပြည်နယ်မှာ အမျိုးသား တယောက် ကြက်ငှက်တုပ်ကွေး Virus ကူးစက်နေပြီး အသက် အန္တရာယ်စိုးရိမ်ရတဲ့ အခြေအနေမှာ ရှိနေတယ်လို့  တရုတ် ကျန်းမာရေး ဝန်ကြီးဌာနက ပြောပါတယ်။ အသက် ၂၉ နှစ်အရွယ် အမျိုးသားဟာ ဇန်န၀ါရီလ ၁၅ ရက်နေ့ မှာ စတင် ဖျားနာလာပြီး သူ့ မှာ H5N1 အမျိုးအစား ကြက်ငှက်တုပ်ကွေး Virus ပိုး ကူးစက်နေတယ်လို့  စစ်ဆေးတွေ့ ရကြောင်း ဝန်ကြီးဌာနက ပြောပါတယ်။

အဲဒီသူဟာ ကြက်ဘဲတွေနဲ့  ထိတွေ့ မှုရှိသူဖြစ်တယ်လို့  ကျန်းမာရေး တာဝန်ရှိသူတွေက ပြောပါတယ်။ ဒီနှစ်အတွင်း တရုတ်နိုင်ငံမှာ ကြက်ငှက်တုပ်ကွေး Virus ကူးသူ ၆ ယောက်ရှိပြီး ၄ ယောက် သေဆုံးခဲ့ပါတယ်။ နောက်ဆုံး သေဆုံးခဲ့ သူကတော့ အနောက်မြောက်ပိုင်း ရှင်ကျန်း ပြည်နယ်က ၃၁ နှစ်အရွယ် အမျိုးသမီးဖြစ်ပြီး သောကြာနေ့ မနက်က သေဆုံးခဲ့တာဖြစ်ပါတယ်။ သေဆုံးသူတွေဟာ နိုင်ငံရဲ့ သီးခြားဒေသတွေမှာဖြစ်ပြီး ကြက်ငှက်တုပ်ကွေး ရောဂါကူးစက်နိုင်တဲ့  လက္ခဏာ မတွေ့ ရပါဘူးလို့  ကျန်းမာရေး ဝန်ကြီးဌာနရဲ့ ထုတ်ပြန်ချက်ထဲမှာ ဖေါ်ထားပါတယ်။

Read More...

အတိုက်အခံ အဖွဲ့အစည်းများနှင့် ဆွေးနွေးညှိနှိုင်းမှုများ ပြုလုပ်ရန် စင်ပြိုင် အစိုးရကို တိုက်တွန်း

ဆော်လမွန်
အင်္ဂါနေ့၊ ဇန်နဝါရီလ 27 2009 17:00 - မြန်မာစံတော်ချိန်
နယူးဒေလီ (မဇ္ဈိမ)။ ။ မြန်မာ့နိုင်ငံရေးတွင် ထိုးဖောက်အောင်မြင်မှုတရပ် ရရှိရေးအတွက် အတိုက်အခံ အင်အားစုများ အားလုံးနှင့် ညီညွတ်စွာ လုပ်ဆောင်သင့်ကြောင်း ပြည်ထောင်စု မြန်မာနိုင်ငံ အမျိုးသားကောင်စီ (အန်စီယူဘီ)က စင်ပြိုင်အစိုးရကို ပြောကြားလိုက်သည်။

စင်ပြိုင်အစိုးရဖြစ်သည့် ပြည်ထောင်စု မြန်မာနိုင်ငံ အမျိုးသားညွှန့်ပေါင်းအစိုးရ (အန်စီဂျီယူဘီ) သည် အတိုက်အခံ လှုပ်ရှားမှု၏ ခေါင်းဆောင် အခန်းကဏ္ဍကို ယူရာတွင် မအောင်မြင်ခဲ့ကြောင်းနှင့် ယခုအချိန်သည် ပြည်တွင်း ဒီမိုကရေစီလှုပ်ရှားမှုကို အထိရောက်ဆုံး လုပ်နိုင်ရန် အလေးအနက် လုပ်ဆောင်ရမည့် အချိန်ဖြစ်သည်ဟု တပ်ပေါင်းစုအဖွဲ့၏ တွဲဘက် အထွေထွေအတွင်းရေးမှုး(၁) ဦးမြင့်သိန်းက ပြောသည်။

"အရင်ကတော့ အန်စီဂျီယူဘီ အနေနဲ့ ပြည်တွင်းမှာကော၊ ပြည်ပမှာပါ နိုင်ငံရေး လှုပ်ရှားမှုနဲ့ ပတ်သက်လို့ ခေါင်းဆောင်မှု အခန်းကဏ္ဍကို မယူနိုင်ခဲ့ပါဘူး။ အခုလည်း ကျနော်တို့ သူတို့ကို ဆက်လက်ပြီး စောင့်ကြည့်သွားပါမယ်" ဟု ဦးမြင့်သိန်းက ပြောသည်။

ပါလီမန်အမတ်များသမဂ္ဂ (အမ်ပီယူ)၏ အိုင်ယာလန်နိုင်ငံ ဒဗ္ဗလင်မြို့တွင် ကျင်းပသော အစည်းအဝေးက ဒေါက်တာစိန်ဝင်းကို စင်ပြိုင်အစိုးရ ၀န်ကြီးချုပ်အဖြစ် ပြန်လည် ရွေးချယ်အပြီးတွင် ပေါ်ထွက်လာခြင်း ဖြစ်သည်။

အန်စီဂျီယူဘီကို ၁၉၉၀ ခုနှစ် အထွေထွေ ရွေးကောက်ပွဲတွင် အနိုင်ရခဲ့သော လွှတ်တော် ကိုယ်စားလှယ်များထဲမှ ပြည်ပရောက် အမတ်များဖြင့် ဖွဲ့စည်းထားခြင်း ဖြစ်သည်။ မကြာခင်က အသစ် ရွေးချယ်ခံရသော အစိုးရအဖွဲ့တွင် ၀န်ကြီးချုပ်အပြင် ၀န်ကြီး ၆ ဦး ပါရှိသည်။

ဒေါက်တာစိန်ဝင်းသည် နေအိမ်အကျယ်ချုပ် ကျခံနေရသော ဒေါ်အောင်ဆန်းစုကြည်၏ အကိုဝမ်းကွဲတော်သူဖြစ်ပြီး ၁၉၉၀ ခုနှစ်ကတည်းက ၀န်ကြီးချုပ်အဖြစ် တောက်လျှောက် အရွေးခံခဲ့ရသည်။လွှတ်တော်ကိုယ်စားလှယ်များသာ ပါဝင်ခွင့်ရှိသော အတိုက်အခံ အစိုးရအဖွဲ့၏ ခေါင်းဆောင်မှု အခန်းကဏ္ဍနှင့် ပတ်သက်၍ မြန်မာ့ဒီမိုကရေစီရေး လှုပ်ရှားမှုတွင် ဝေဖန်ဆွေးနွေးဖွယ်ရာ ဖြစ်နေခဲ့သည်။

ဇန်န၀ါရီလ ၁ ရက်နေ့က အန်စီယူဘီ၏ ကြေညာချက်တွင် အဝေးရောက် အစိုးရသစ်ကို ဖွဲ့စည်းသွားမည်ဟု ကြေညာချက်တရပ် ထုတ်ပြန်ကြေညာခဲ့သည်။ကြေညာချက်ကြောင့် အတိုက်အခံ အင်အားစုများအကြား အမျိုးမျိုးသော မှန်းဆပြောကြားချက်များ ဖြစ်ပေါ်စေခဲ့ပြီး စင်ပြိုင်အစိုးရ နှစ်ရပ်ပေါ်ပေါက်လာမည့် အရေးကို အများစုက ဆန့်ကျင်ခဲ့ကြသည်။ သို့သော်လည်း အချို့ကလည်း လက်ရှိ အန်စီဂျီယူဘီ၏ အခြားအတိုက်အခံ အဖွဲ့ဝင်များနှင့် တိုင်းရင်းသား အဖွဲ့အစည်း အများအပြားကို လွှမ်းခြုံ ထိစပ်ထားနိုင်ခြင်းမရှိ ဟုဆိုကာ ဤစိတ်ကူးကို ထောက်ခံသူများလည်း ရှိခဲ့သည်။

ဤအတောအတွင်း မြန်မာနိုင်ငံ၏ သက်တမ်းအရှည်ဆုံး အတိုက်အခံ လက်နက်ကိုင် အဖွဲ့အစည်းဖြစ်သော ကရင်အမျိုးသား အစည်းအရုံး (ကေအင်ယူ) ၏ ဒုဥက္ကဌ ဒေးဗစ်သာကပေါကလည်း သူ့အနေဖြင့် အန်စီဂျီယူဘီသည် ပြည်သူလူထု၏ မျှော်မှန်းချက်ကို ကိုယ်စားပြု လုပ်ဆောင်နိုင်လိမ့်မည်ဟု မျှော်လင့်ကြောင်း ပြောသွားသည်။


ထို့အတူ မြန်မာနိုင်ငံ အမျိုးသမီးအဖွဲ့ချုပ် (WLB) ၏ အထွေထွေအတွင်းရေးမှူး လွေးအေးနန်းကလည်း မြန်မာ့နိုင်ငံရေး လမ်းကြောင်းသည် အမြင့်ဆုံးအမှတ်သို့ နီးကပ်လာနေပြီဖြစ်ကြောင်း၊ ယခုအချိန်ကာလသည် အရေးကြီးသော အချိန်ရောက်နေပြီ ဖြစ်သဖြင့် အတိုက်အခံ အဖွဲ့အစည်းများနှင့် ညီညီညွတ်ညွတ် လုပ်ဆောင်သင့်သည်ဟု ပြောကြားသည်။
"အခြား အဖွဲ့အစည်းအားလုံးနဲ့ ဆွေးနွေးညှိနှိုင်းမယ်ဆိုရင် ကျမတို့ အရေးတော်ပုံအတွက် ညီညွတ်မှုကို ရရှိပြီး မျှော်လင့်ထားတဲ့ တစုံတရာ အောင်မြင်မှုကို ရနိုင်မှာပါ" ဟု လွေးအေးနန်းက ပြောသည်။

Read More...