DREAM ANGEL သို့ လာရောက်လည်ပတ်ကြသူအားလုံးကို DREAM ANGEL မှ ကျေးဇူးအထူးတင်ရှိပါတယ်.........

Saturday, February 28, 2009

စိတ်ကြွဆေးထုတ်လုပ်မှု မြန်မာပြည် ထိပ်ဆုံး

28 February 2009
မြန်မာပြည်ဟာ မူးယစ်ဆေးဝါးထုတ်လုပ်မှုတွေ ကျဆင်းအောင် လုပ်ဆောင်တဲ့နိုင်ငံတွေထဲမှာ မပါနိုင်သေးဘူး လို့ အမေရိကန်က ပြောလိုက်ပါတယ်။ မူးယစ်ဆေးဝါးအဓိကထုတ်လုပ်တဲ့ နိုင်ငံပေါင်း ၂၀ ထဲမှာ မြန်မာပြည် လည်း ပါဝင်နေပြီး မူးယစ်ဆေးဝါးကိစ္စနဲ့ ငွေမည်းကို ငွေဖြူဖြစ်အောင်လုပ်ကြတဲ့ တိုင်းပြည်တွေထဲမှာလည်း မြန် မာပြည် ပါဝင်တဲ့အကြောင်း အမေရိကန် နိုင်ငံခြားရေးဝန်ကြီးဌာနက နှစ်စဉ်ထုတ်ပြန်နေကြ နိုင်ငံတကာ မူးယစ် ဆေးဝါးထိန်းချုပ်ရေး မဟာဗျူဟာဆိုင်ရာအစီရင်ခံစာထဲမှာ ဖော်ပြထားပါတယ်။ ဒီအစီရင်ခံစာကို မနေ့က ထုတ်ပြန်ခဲ့တာပါ။ကိုကျော်အောင်လွင်က ဒီအစီရင်ခံစာကိုဖတ်ပြီး အပြည့်အစုံ တင်ပြပေးထားပါတယ်။

မနေ့ကထုတ်ပြန်တဲ့ အမေရိကန် နိုင်ငံခြားရေးဝန်ကြီးဌာနရဲ့ မူးယစ်ဆေးဝါး အစီရင်ခံစာထဲမှာ အာဖဂန်နစ္စတန်၊ မက္ကဆီကို၊ နိုင်ဂျီးရီးယားနဲ့ ပါကစ္စတန်နိုင်ငံတွေဟာမူးယစ်ဆေးဝါး အဓိကထုတ်လုပ်တဲ့ နိုင်ငံတွေလို့ ဖော်ပြ ထားပြီး မြန်မာ၊ ဘိုလစ်ဗီးယားနဲ့ ဗင်နီဇွဲလား နိုင်ငံတွေကတော့ နိုင်ငံတကာ မူးယစ်ဆေးဝါး တိုက်ဖျက် ရေးဆိုင်ရာ သဘောတူညီချက်တွေအတိုင်း မူးယစ်ဆေးဝါး ထုတ်လုပ်မှုတွေကို ကျဆင်းအောင်လုပ်တဲ့ တိုင်း ပြည်တွေထဲမှာ ရှိမနေဘူးလို့ ဆိုပါတယ်။

အစီရင်ခံစာထဲမှာ မြန်မာပြည်နဲ့ ပတ်သက်လို့ သီးသန့်ဖော်ပြတာမျိုးရော ရှိသလားရှင့်။

ဟုတ်ကဲ့။ နိုင်ငံအလိုက် သီးသန့်ဖော်ပြထားတာပါ။ မြန်မာပြည်နဲ့ ပတ်သက်လို့ကတော့ဘိန်းစိုက်ပျိုးမှုတွေဟာ ၂၀၀၇ ခုနှစ်ကစပြီး သိသိသာသာ ပြန်တိုးလာခဲ့ပါတယ်တဲ့။နောက်ပြီးတော့ မက်သ်အမ်ဖက်တမင်းလို့ခေါ်တဲ့ မူးယစ်စိတ်ကြွဆေးတွေ ထုတ်လုပ်ပြီးနိုင်ငံခြားကိုဖြန့်တာတွေလည်း သိသိသာသာ လုပ်လာခဲ့တယ်လို့ ဆိုပါ တယ်။ဘိန်းစိုက်ပျိုးမှု တိုးလာတဲ့နေရာတွေကတော့ ရှမ်းပြည်အရှေ့ပိုင်းနဲ့ တောင်ပိုင်း၊နောက်တခါ ကချင် ပြည်နယ်တွေမှာလို့ ဆိုပါတယ်။ မြန်မာပြည်နဲ့ကပ်လျက် ရွှေတြိဂံနယ်မြေကနေ မူးယစ်စိတ်ကြွဆေးတွေကို ဖြန့်တဲ့နေရာမှာ Ice Triangle လို့ခေါ်တဲ့ဆေးပြားသစ်တွေကို မြန်မာပြည်က အကြီးအကျယ် ဖြန့်ဖြူးသူအဖြစ် ပါဝင်နေတယ်လို့ဆိုပါတယ်။

နှစ်စဉ် ပုံမှန်ဖြန့်နေတဲ့ တိုင်းပြည်တွေကတော့ ထိုင်း၊ တရုတ်နဲ့ အိန္ဒိယနိုင်ငံတွေ ဖြစ်ပါတယ်တဲ့။ မြန်မာပြည်က မူးယစ်ဆေးဝါးထုတ်လုပ်မှုနဲ့ ပတ်သက်ပြီး နိုင်ငံတကာမူးယစ်ဆေးဝါး ထိန်းချုပ်မှုဆိုင်ရာ အမေရိကန် လက် ထောက်နိုင်ငံခြားရေးဝန်ကြီးဒေးဗစ် ဂျွန်ဆင်က သောကြာနေ့ကလုပ်တဲ့ သတင်းစာရှင်းလင်းပွဲမှာ မြန်မာပြည်မှာ မူးယစ်စိတ်ကြွဆေး ထုတ်လုပ်နေတာတွေကြောင့် ဒေသသတွင်းနိုင်ငံတွေအတွက် အန္တရာယ်ရှိလာနေတဲ့ အကြောင်း ပြောခဲ့ပါတယ်။

“မက်သ်အမ်ဖက်တမင်း မူးယစ်စိတ်ကြွဆေးပြားတွေ ကမ္ဘာပေါ်မှာ အထုတ်လုပ်ဆုံးကတော့ မြန်မာပြည်ပါပဲ။ ဒီမူးယစ်ဆေးဝါး တိုက်ဖျက်ရေးအတွက် ပူးပေါင်းဆောင်ရွက်မှုတွေကလည်း တော်တော်နည်းပါတယ်။ အဲဒါ ကြောင့် ဒီမူးယစ်ဆေးဝါးတွေဟာမြန်မာပြည်သူတွေသာမကဘဲ အိမ်နီးချင်း လာအိုနိုင်ငံ အပါအ၀င် အရှေ့ တောင်အာရှနိုင်ငံတွေကိုပါ ခြိမ်းခြောက်နေပါပြီ” လို့ ပြောသွားတာ ဖြစ်ပါတယ်။

အမေရိကန်လွှတ်တော်နဲ့ သမ္မတအိမ်ဖြူတော်က မူးယစ်ဆေးဝါး ထိန်းချုပ်မှုဆိုင်ရာအရာရှိဟောင်း ဘော့ ဝေနာ ကလည်း မြန်မာ့မူးယစ်ဆေး ပြန်တိုးတက်လာနေတဲ့အကြောင်း ဗွီအိုအေကို ရှင်းပြထားပါတယ်။

“မြန်မာပြည်ဟာ မူးယစ်ဆေးဝါးထုတ်လုပ်မှု မြင့်လာနေတယ်။ ဒါပေမယ့် ကမ္ဘာ့ဘိန်းအထုတ်ဆုံးနိုင်ငံတော့ မဟုတ်တော့ဘူး။ အာဖဂန်နစ္စတန်က အထုတ်ဆုံးဖြစ်နေတယ်။မြန်မာစစ်အစိုးရဟာ မူးယစ်ဆေးဝါး ထုတ်လုပ်မှု တွေ ကျဆင်းအောင် မလုပ်နိုင်ဘူးဖြစ်နေတယ်” လို့ ပြောသွားခဲ့ပါတယ်။

ကောင်းတဲ့အချက်တွေရော မပါဘူးလား ကိုကျော်အောင်လွင်။

ပါပါတယ်။ ကောင်းတယ်ဆိုပေမယ့် နည်းနည်းပဲကောင်းတယ်လို့ ပြောရမှာပေါ့။ မြန်မာစစ်အစိုးရဟာ နိုင်ငံ တကာ မူးယစ်ဆေးဝါးတိုက်ဖျက်ရေး အဖွဲ့အစည်းတချို့နဲ့ ပုံမှန်ဆိုသလို ပူးပေါင်းဆောင်ရွက်မှုတွေ ရှိလာခဲ့ပြီး အထူးသဖြင့် မူးယစ်ဆေးဝါးနဲ့ဆိုင်တဲ့လှုပ်ရှားမှုတွေနဲ့ ပတ်သက်တဲ့ သတင်းအချက်အလက်တွေကို မျှဝေပေး လာပါတယ်တဲ့။နောက်ပြီး ထိုင်း၊ တရုတ်၊ အိန္ဒိယနိုင်ငံတွေနဲ့လည်း မြန်မာစစ်အစိုးရက မူးယစ်ဆေးဝါးနှိမ်နင်းရေး လုပ်ငန်းတွေမှာ တိုးမြှင့်ပြီး လုပ်ဆောင်လာတဲ့အကြောင်း၊ ၂၀၀၈ ခုနှစ်မေလတုန်းက ဒု-ဗိုလ်ချုပ်ကြီးရဲမြင့်ကို သူ့ရဲ့သား အောင်ဇော်ရဲမြင့်က မူးယစ်ဆေးဝါးရောင်းဝယ်ဖောက်ကားမှုနဲ့ ပတ်သက်တယ်ဆိုပြီး ရာထူးက ဖယ်ရှား ခဲ့ပါတယ်။နောက်တခါ စစ်အစိုးရခေါင်းဆောင်တွေနဲ့ နီးစပ်တဲ့ စီးပွားရေးသမား မောင်ဝိတ်နဲ့အပေါင်း အပါ ၄ ယောက်ကိုလည်း ထောင်ဒဏ် ၁၅ နှစ် ချခဲ့ပါတယ်တဲ့။

မြန်မာစစ်အစိုးရက မူးယစ်ဆေးဝါး ပပျောက်ရေးအတွက် ၁၅ နှစ် စီမံကိန်းကို ၁၉၉၉ခုနှစ်က ချမှတ်ထားပါတယ်။ ၂၀၁၄ ခုနှစ်ကြရင် မြန်မာပြည်တခွင် မူးယစ်ဆေးဝါးကင်စင်စေရမယ်လို့ ဆိုပါတယ်။ ဒီအစီအစဉ်ပြီးရင် နောက် တနှစ် ၂၀၁၅ ခုနှစ်ကအာဆီယံဒေသတွင်း နိုင်ငံတွေအားလုံး မူးယစ်ဆေးဝါး ကင်းစင်စေရမယ်လို့ စီမံကိန်း ချထားတာ ရှိပါတယ်တဲ့။ ဒီလိုပြောထားသလို ဖြစ်လာအောင်ကတော့ မြန်မာနိုင်ငံအနေနဲ့ မူးယစ်ဆေးဝါး ထုတ်လုပ်ဖြန့်ချိနေတာတွေ၊ ဘိန်းစိုက်ပျိုးနေတာတွေကိုသိသိသာသာ လျော့ကျသွားအောင်လုပ်မှ ဖြစ်လိမ့် မယ်လို့ ဆိုပါတယ်။ ဘာကြောင့်လဲဆိုတော့ မြန်မာပြည်ဟာ ကမ္ဘာ့ဘိန်းအထွက်ဆုံး တိုင်းပြည်တွေထဲမှာ ဒုတိယ လိုက်နေလို့ပါပဲတဲ့။

မြန်မာပြည် မဟုတ်တဲ့ တခြားတိုင်းပြည်တွေက မူးယစ်ဆေးဝါးနဲ့ ပတ်သက်ပြီးထူးခြားတာတွေရော အစီရင်ခံစာ ထဲမှာ ဘာတွေပါသေးလဲရှင့်။

ထူးခြားတာကတော့ မက္ကဆီကိုနိုင်ငံပါ။ အမေရိကန်နိုင်ငံနဲ့ ကပ်လျက်ရှိတဲ့ တိုင်းပြည်မှာ မူးယစ်ဆေး ၀ါးပြ ဿနာက တော်တော်ကြီးနေတာပါ။ ပြီးခဲ့တဲ့ ၂၀၀၈ ခုနှစ်အတွင်းမူးယစ်ဆေးဝါး ရောင်းဝယ်မှုတွေကို နှိမ်နင်းရေး လုပ်ဆောင်ခဲ့တဲ့ တိုက်ပွဲတွေအတွင်းလူပေါင်း ၆,၀၀၀ ကျော် သေဆုံးခဲ့ရပါတယ်တဲ့။ မက္ကဆီကို သမ္မတကလည်း သူ့တိုင်းပြည်အတွင်းက မူးယစ်ဆေးဝါးဂိုဏ်းတွေကို နှိမ်နင်းဖို့ စစ်သားတွေ ထောင်နဲ့ချီသုံးစွဲခဲ့ရပါတယ်။ အခုရက်ပိုင်းတွေအတွင်းမှာကိုပဲ အမေရိကန်နဲ့ မက္ကဆီကိုနယ်စပ်မှာ မူးယစ်ဆေးဝါးဂိုဏ်းတွေ အချင်းချင်း တိုက် ပွဲတွေဖြစ်ပွားနေလို့ မဆိုင်တဲ့ပြည်သူတွေပါသေဆုံးမှုတွေ ရှိနေပါတယ်။ ဒီလို အချင်းချင်းတိုက်ခိုက်မှုတွေကို ကြည့်ခြင်းအားဖြင့်မူးယစ်ဆေးဝါး နှိမ်နင်းမှုတွေက ထိရောက်အောင်မြင်တယ်လို့ ဆိုရမှာပဲဆိုပြီးအမေရိကန် နိုင်ငံခြားရေးဝန်ကြီးဌာနရဲ့ သောကြာနေ့ကထုတ်ပြန်တဲ့ အစီရင်ခံစာထဲမှာဖော်ပြထားပါတယ်။

Read More...

ဝန်ကြီးဦးအောင်သောင်းအား

NEJ /၂၇ ဖေဖော်ဝါရီ ၂၀၀၉

ရိုဟင်ဂျာ ဒုက္ခသည်များ ကိစ္စနှင့် ပတ်သက်ပြီး မြန်မာစစ်အစိုးရအပေါ် အာဆီယံနိုင်ငံ အချို့က ဖိအားပေးပြော နေချိန်တွင် ပြန်လည်ချေပနိုင်ရန် အခြေခံ အချက်အလက်များ ရှာဖို့အတွက် ဗိုလ်ချုပ်မှူးကြီး သန်းရွှေက စက်မှု (၁) ၀န်ကြီးဦးအောင်သောင်းအား ရခိုင်ပြည်နယ်သို့ စစ်ဆင်ရေးပုံစံဖြင့် လျှို့ဝှက် တာဝန်ပေးထားသည်။

လွန်ခဲ့သည့် ဖေဖော်ဝါရီလဆန်းမှ စပြီး ၀န်ကြီးအောင်သောင်းနှင့် အဖွဲ့ ရခိုင်ပြည်နယ်သို့ သွားရောက်ခဲ့ပြီး ပြည် နယ်တခုလုံးရှိ ရိုဟင်ဂျာ ရွာများကို အသေးစိတ် စုံစမ်းနေပြီး ရိုဟင်ဂျာများ နောင် မပြန့်ပွားအောင် မည်သို့ လုပ်ကိုင်သင့်သည် စသည့်အချက်များ ဗိုလ်ချုပ်မှူးကြီး သန်းရွှေထံ တိုက်ရိုက်တင်ပြရမှာ ဖြစ်သည်ဟု ၀န်ကြီးချုပ် ရုံးနှင့် နီးစပ်သည့် သတင်းရပ်ကွက်က ပြောသည်။

မကြာခင်ရက်ပိုင်းအတွင်း ၀န်ကြီး ဦးအောင်သောင်း ရခိုင်ပြည်နယ်သို့ ရိုဟင်ဂျာ ကိစ္စအတွက် ထပ်မံသွား ရောက်ဦးမှာ ဖြစ်သည်ဟု ၄င်း၏ လက်ထောက်အရာရှိ တဦးက ပြောသည်။ ရခိုင်ပြည်နယ်မှ ရိုဟင်ဂျာများနှင့် ပတ်သက်သည့် အထောက်အထားများ အပြီးသတ် စုဆောင်းပြီးချိန်တွင် နိုင်ငံတော်လုံခြုံရေး အစည်းဝေးသို့ ဦးအောင်သောင်းက ပြန်လည်တင်ပြမှာ ဖြစ်သည်ဟု စုံစမ်းသိရသည်။

Read More...

ရွှေ့ပြောင်း ရိုဟင်ဂျာများကို လက်ခံရန် မြန်မာက စည်းကမ်းသတ်မှတ်

ဥဆာ ဖိချိုင်း
စနေနေ့၊ ဖေဖေါ်ဝါရီလ 28 2009 14:38 - မြန်မာစံတော်ချိန်
ဟွာဟင် (မဇ္ဈိမ)။ ။ မြန်မာနိုင်ငံမှ ‘ဘင်္ဂါလီ’ များဟု စိစစ်တွေ့ရှိရသူ ရွှေ့ပြောင်း နိုင်ငံသားများကိုသာ ပြန်လည် လက်ခံမည်ဟု မြန်မာစစ်အစိုးရက ပြောဆိုကြောင်း ထိုင်းအစိုးရ နိုင်ငံခြားရေး ဝန်ကြီးက ထိုင်းနိုင်ငံတွင် ကျင်းပ သော ဒေသတွင်း အာဆီယံအဖွဲ့ကြီး၏ ထိပ်သီး အစည်းဝေးတွင် ပြောကြားလိုက်သည်။

ဒုက္ခသည် ပြဿနာအတွက် အဖြေရှာရန် အရှေ့တောင်အာရှနိုင်ငံများ - အာဆီယံ၏ အဖွဲ့ဝင် ၁ဝ နိုင်ငံ၏ ပူး ပေါင်းဆောင်ရွက်မှုနှင့် အာဆီယံအဖွဲ့ကြီး၏ အတွင်းရေးမှူး အဖွဲ့တို့ ပူးပေါင်း aဆာင်ရွက်ရမည်ဟု အဖွဲ့ဝင် ၁ဝ နိုင်ငံမှ နိုင်ငံခြားရေး ဝန်ကြီးများနှင့် အစည်းအဝေး ပြုလုပ်အပြီး၊ အာဆီယံဥက္ကဋ္ဌ ကဆစ် ဖိရူမ်း - Kasit Piromya က သတင်းထောက်များကို သောကြာနေ့က ပြောကြားလိုက်ခြင်း ဖြစ်သည်။

“မြန်မာနိုင်ငံက တရားဝင် သတ်မှတ်ထားတဲ့ လူမျိုးစုများစာရင်းမှာ ဘင်္ဂါလီအုပ်စုပဲ ပါတယ်။ ရိုဟင်ဂျာကို မြန်မာ နိုင်ငံရဲ့ တိုင်းရင်းသား လူမျိုးတမျိုးအဖြစ် လက်ခံထားခြင်း မရှိဘူးလို့ မြန်မာ အရာရှိတွေက ပြောပါတယ်” ဟု ပီရောမ်ယားက ပြောသည်။

ထိုင်း၊ မလေးရှားနှင့် အင်ဒိုနီးရှားတွင် ရှိသော ရိုဟင်ဂျာ၊ ဘင်္ဂါလီလူမျိုးများကို စိစစ်ပြီး မြန်မာနိုင်ငံမှ လာကြောင်း အတည်ပြုမည်ဟု သူက ပြောသည်။

ဤပြဿနာကို ဖြေရှင်းရန် အဆင့် ၂ ဆင့်ဖြင့် ဆောင်ရွက်ရမည် ဖြစ်သည်၊ ပထမအဆင့်တွင် အာဆီယံမှာ ပတ် သက် ဆက်စပ်နေသည့် နိုင်ငံများ၏ ပူးပေါင်း ဆောင်ရွက်ကူညီမှုကို ရယူရန်၊ နောက်တဆင့်က ပိုအဆင့်မြင့် သည့် ဘာလီဖြစ်စဉ်အတွင်း ဆက်လက်ဆွေးနွေးရန် ဖြစ်သည်။

အာဆီယံအဖွဲ့ကြီး၏ အထွေထွေ အတွင်းရေးမှူးချုပ် ဒေါက်တာ ဆူရင်း ပစ်ဆူဝမ် - Dr. Surin Pitsuwan ကလည်း ရိုဟင်ဂျာ ပြဿနာသည် ဒေသတွင်း ပြဿနာဖြစ်ရာ လောလောဆယ်တွင် အာဆီယံ အဖွဲ့တွင်းရှိ နိုင် ငံများ အတွင်း၌သာ ဖြေရှင်းလျှင် ဆွေးနွေးဖြေရှင်း၍ ရမည်မဟုတ်ဟု ဆိုသည်။ ထို့ကြောင့် ဤပြဿနာကို ၂ဝဝ၉ ခုနှစ် ဧပြီလ ၁၄ ရက်မှ ၁၉ ရက်နေ့အထိ ကျင်းပမည့် ‘ဘာလင်ဖြစ်စဉ်’ အစည်းအဝေးတွင် တင်ပြဆွေး နွေးမည်ဟု သတင်းစာ ရှင်းလင်းပွဲတွင် ပြောသည်။

ထို့ပြင် မြန်မာနိုင်ငံတွင်းရှိ ဘင်္ဂါလီများ၏ သန်းခေါင်စာရင်း ကောက်ယူရေး လုပ်ငန်းတွင်လည်း အာဆီယံ အတွင်းရေးမှူးများအဖွဲ့က ဝင်ရောက် ဆောင်ရွက်မည် ဖြစ်သည်။ သို့သော် အချိန်ဇယား အတိအကျကိုမူ မကြေညာသေးပါ။

ဤအစည်းအဝေးတွင် ရိုဟင်ဂျာပြဿနာအပြင် နာဂစ် ဆိုင်ကလုံးမုန်တိုင်း ကိစ္စများကိုလည်း ထည့်သွင်း ဆွေးနွေးခဲ့သည်။ အာဆီယံ၏ ကယ်ဆယ်ရေး အစီအစဉ်များ အောင်မြင်ခဲ့ကြောင်း ပြောကြားခဲ့ကြသည်။ ဤအစီအစဉ်ကို ၂ဝ၁ဝ ခုနှစ် နှစ်လည်အထိ နောက်ထပ်တနှစ် ထပ်တိုးရန်လည်း ဆုံးဖြတ်ခဲ့သည်။

“ဤအချိန်ဇယားသည် မြန်မာနိုင်ငံတွင် ၂ဝ၁ဝ ခုနှစ်တွင် ကျင်းပရန် စီစဉ်ထားသည့် အထွေထွေ ရွေးကောက်ပွဲနှင့်လည်း ဆက်စပ်နေကြောင်း မြန်မာအရာရှိများက ပြောသည်။ သူတို့ (မြန်မာအစိုးရ)အနေနဲ့ နောက်တက်လာမယ့် ရွေးကောက်ခံ အစိုးရကိုယ်စား ဆုံးဖြတ်ဆောင်ရွက်တာ မလုပ်လိုကြောင်းလည်း ပြောသွားပါတယ်” ဟု သူက ဆက်ပြောသည်။

အဖွဲ့ဝင်နိုင်ငံများအကြား ၂ဝဝ၄ ခုနှစ် ဆူနာမီကာလနှင့် ၂ဝဝ၈ ခုနှစ် နာဂစ်ဆိုင်ကလုံးမုန်တိုင်း ကာလတို့တွင် ရရှိခဲ့သော လူသားချင်း စာနာကူညီသည့် လုပ်ငန်းတွင် အတူတကွ ဆောင်ရွက်ခဲ့သည့် အတွေ့အကြုံများသည် ယခု ရိုဟင်ဂျာ ပြဿနာတွင်လည်း အဖြေရရေးအတွက် အထောက်အကူပြုလိမ့်မည် ဖြစ်ကြောင်းဖြင့်လည်း ထိုင်းနိုင်ငံခြားရေး ဝန်ကြီးက ဆက်ပြောသည်။

ဤအတောအတွင်း လူ့အခွင့်အရေးအဖွဲ့များက ဤသို့လူမျိုးစုကိစ္စ စိစစ်ခြင်းသည် ပြဿနာ အဖြေရှာခြင်း မ ဟုတ်ကြောင်းဖြင့် ပြောကြားလိုက်ကြသည်။

ထိုင်းနိုင်ငံရှိ နိုင်ငံတကာ လူ့အခွင့်အရေးအဖွဲ့ကြီး (AI) က ဤသို့ တုံ့ပြန်ပြောဆိုမှုသည် ဤကိစ္စတွင် ပတ်သက် ဆက်စပ်နေသော အစိုးရ၏ မရိုးသားမှုကို ပြသနေကြောင်း ပြောသည်။ “ဘာပဲဖြစ်ဖြစ် နောင်မှာတော့ သူတို့ရဲ့ လုပ်ကိုင်ဆောင်ရွက်မှုတွေ တိုးတက်လာလိမ့်မယ်လို့ ကျနော် မျှော်လင့်ပါတယ်။ ဒေသတွင်း လူ့အခွင့်အရေး အဖွဲ့အစည်းသစ်တခု ထပ်မံ ထူထောင်မယ့်အပေါ် ကျနော်တို့ (လူ့အခွင့်အရေးအဖွဲ့များ) က မျှော်လင့်ချက် ထားပါတယ်” ဟု ထိုင်းနိုင်ငံရှိ ဗ၍ မှ ကုဒ်ချာဝမ်ချိုင်ယာဘုတ် -ုသိခ့တေညေ ဃ့ငေပဘေကအ က ပြောသည်။

သောကြာနေ့က မြန်မာ့ငြိမ်းချမ်းရေးအတွက် ကွန်ရက် (ထိုင်းနိုင်ငံ) (Network for Peace for Burma) ၊ ဝက်ဘ်စတာ တက္ကသိုလ်နှင့် မြန်မာ့ပူပေါင်းဆောင်ရွက်မှုအဖွဲ့ (Webster University and Burma Partnership) တို့က ဟွာဟင်ရှိ ဝက်ဘ်စတာတက္ကသိုလ်တွင် ‘အာဆီယံ-မြန်မာနိုင်ငံသည် ပြည်တွင်းပြ ဿနာလော၊ ဒေသတွင်း အကျပ်အတည်းလော’ (ASEAN: Is Burma an Internal Problem or a Regional Crisis) ဟူသော ခေါင်းဆောင်ဖြင့် နှီးနှောဖလှယ်ပွဲတရပ်ကို ကျင်းပပြီး၊ မြန်မာနိုင်ငံတွင်း တွေ့ကြုံနေရသော ဆင်းရဲဒုက္ခများကို ပိုမို နားလည်နိုင်ရန်နှင့် မြှင့်တင် ဆောင်ရွက်နိုင်ရန် ဆွေးနွေးခဲ့ကြသည်။

Read More...

ဝတွေကို မှတ်ပုံတင် ထုတ်ပေး

Friday, 27 February 2009 18:52 ကိုစိုး
ရှမ်းပြည်နယ် အရှေ့ပိုင်း ကျိုင်းတုံခရိုင်ရှိ ဝတိုင်းရင်းသားများကို အစိုးရ လူဝင်မှုကြီးကြပ်ရေးဌာန (လဝက) အရာရှိများ က နိုင်ငံသားကတ်များ ပြုလုပ်ပေးနေကြောင်း ဒေသခံများက ပြောသည်။

ဖေဖော်ဝါရီလမှ စတင်၍ အသက် ၁၈ နှစ်ပြည့်ပြီးသူများကို ပြုလုပ်ပေးခြင်းဖြစ်ကြောင်း၊ လွန်ခဲ့သည့် နှစ် မေလက ကျင်းပသည့် ဖွဲ့စည်းပုံအခြေခံဥပဒေသစ်ဆန္ဒခံယူပွဲ ဆန္ဒမဲပေးရန်အတွက်ပြုလုပ်ပေးထားသော ယာယီ နိုင် သား ကတ်များကို ပြန်လည်၍အစားထိုးပြုလုပ်ပေးခြင်းဖြစ်ကြောင်း၊ ၀ ပြည်သွေးစည်းညီညွတ်ရေး တပ်မ တော်(UWSA) အဖွဲ့ဝင်များအပါအ၀င် ၀ တိုင်းရင်းသားများကို ပြုလုပ်ပေးခြင်းဖြစ်ကြောင်း ဒေသခံ ကြက်ခြေနီ တပ်ဖွဲ့ဝင်တဦးက ပြောပြသည်။

လက်ရှိတွင် UWSA တပ်ဖွဲ့ဝင်များသည် အမြဲတမ်းနိုင်ငံသား ကတ်များ ရရှိပြီးဖြစ်သည်ဟုလည်း ဆိုသည်။

တရုတ်-မြန်မာ နယ်စပ် အနီးရှိ UWSA ဌာနချုပ် ပန်ဆန်းမြို့နှင့် နီးသော မိုင်းပေါက် အပါအ၀င် မိုင်းပန်၊ မိုင်း ယန်း မြို့များသို့ လ၀က အရာရှိများနှင့် ကြံ့ဖွံ့အဖွဲ့ဝင်များက သွားရောက် ပြုလုပ်ပေးကြောင်း သိရသည်။

တချိန်တည်းတွင်ပင် စစ်အစိုးရ စစ်တပ်နှင့် UWSA တပ်ဖွဲ့အကြား တင်းမာမှုများလည်းဖြစ်ပေါ်နေခဲ့သည်။ ယင်း တင်းမာမှုမှာ မူးယစ်မှောင်ခို ကုန်ကူးသူ အိုက်ဟော့ဆိုသူအား မြန်မာအာဏာပိုင်များက လွှဲပြောင်းပေးရန် တောင်းဆိုမှုကို UWSA က ငြင်းဆိုခြင်းကြောင့် ဖြစ်သည်ဟု ဆိုသည်။

UWSA က အိုက်ဟော့ ကို ပန်ဆန်း ဌာနချုပ်တွင် ထားရှိပြီး ကာကွယ်ထားသည်ဟု မြန်မာအာဏာပိုင်များက ယူဆနေကြောင်းလည်း သိရသည်။

ပြီးခဲ့သည့် ဇန်န၀ါရီလလယ်က စတင်၍ မြန်မာဘက်က အင်အား ၂၀၀၀ ခန့်ရှိ စစ်တပ်များကို မိုင်းပင်၊ မိုင်းရှုး ၊ တန်ယန်း ၊ ကွန်လုံ စသည့် ဒေသများတွင် ဖြန်ချထားသည်ဟု သျှမ်းသံတော်ဆင့် သတင်းဌာန၏ အဆိုအရ သိရသည်။

Read More...

မုန်တိုင်းကယ်ဆယ်ရေး ပိတ်ဆို့မှုဖြင့် စစ်အစိုးရကို ခုံရုံးတင်ဖို့ တိုက်တွန်း

8 February 2009
ဧရာဝတီ မြစ်ဝကျွန်းပေါ်ဒေသမှာ မနှစ်တုန်းက နာဂစ်ဆိုင်ကလုံးမုန်တိုင်း ကျရောက်ခဲ့ပြီးနောက် မြန်မာနိုင်ငံ မုန်တိုင်းဒဏ်သင့်ဒေသက ပြည်သူတွေအတွက်ဆိုပြီးပေးပို့တဲ့ နိုင်ငံတကာရဲ့ လူသားချင်းစာနာမှုဆိုင်ရာ ထောက်ပံ့ကူညီမှုတွေအပေါ်မှာတားဆီးပိတ်ဆို့ခဲ့တဲ့ မြန်မာစစ်အစိုးရကို လူ့အခွင့်အရေးချိုးဖောက်မှု ကျူးလွန် တယ်လို့စွပ်စွဲထားတဲ့ အစီရင်ခံစာတစောင် ထွက်ပေါ်လာခဲ့ပါတယ်။

ထိုင်း-မြန်မာ နယ်စပ်တလျှောက်မှာ စေတနာ့ဝန်ထမ်းလုပ်ငန်းတွေ ဆောင်ရွက်နေတဲ့အမေရိကန်အခြေစိုက် ဂျွန်ဟော့ပ်စ်ကင်းတက္ကသိုလ်က ဘလွန်းဘာ့ ပြည်သူ့ကျန်းမာရေးဌာန ကျန်းမာရေးနဲ့ အရေးပေါ် ကူညီထောက်ပံ့ ရေးအဖွဲ့က မနေ့ကထုတ်ပြန်တဲ့အစီရင်ခံစာထဲမှာ အခုလို စွပ်စွဲဖော်ပြထားတာ ဖြစ်ပါတယ်။

.မြန်မာစစ်အစိုးရကို နိုင်ငံတကာ ပြစ်မှုခုံရုံး (JCC) မှာ တရားစွဲဆို ခုံရုံးတင် စစ်ဆေးပေးဖို့ ကုလသမဂ္ဂ လုံခြုံ ရေးကောင်စီကို အဲဒီအဖွဲ့က အစီရင်ခံစာထဲမှာ တိုက်တွန်းထားပါတယ်။

မုန်တိုင်းသင့်ဒေသက အသက်မသေဘဲ လွတ်မြောက်လာသူတွေ၊ ကယ်ဆယ်ကူညီရေးစေတနာ့ဝန်ထမ်း ဆောင်ရွက်နေကြတဲ့သူတွေ ဒါဇင်ပေါင်းများစွာကို လူတွေ့မေးမြန်းစုံစမ်းပြီး အဲဒီအစီရင်ခံစာကို အထောက်အထား စာရွက်စာတမ်းတွေနဲ့တကွ ပြုစုခဲ့တဲ့ဒီအဖွဲ့ကနေပြီး မြန်မာစစ်အစိုးရကိုလည်း အပြင်းအထန် ပြစ်တင် ဝေဖန်ရှုတ်ချလိုက်ပါတယ်။

မြန်မာစစ်တပ်ဟာ နိုင်ငံတကာ ကူညီထောက်ပံ့မှုတွေကို အလွဲသုံးစားလုပ်တယ်၊ရောင်းစားပစ်တာတွေ၊ ပြည်သူတွေကို အတင်းအကျပ် နေရာရွှေ့ပြောင်းပစ်တာတွေ၊ ဆောက်လုပ်ရေးလုပ်ငန်းတွေမှာ ပူဆွေးသောက ရောက်နေကြတဲ့ မုန်တိုင်းဒဏ်သင့် ဒုက္ခသည်တွေကို ကလေးတွေပါမကျန် အဓမ္မလုပ်အား ပေးခိုင်းစေတာ တွေကို ကျူးလွန်ခဲ့တယ်လို့ မျက်မြင်သက်သေတွေက ပြောတဲ့အကြောင်းအဲဒီအစီရင်ခံစာသစ်ထဲမှာ ရေးသား ဖော်ပြထားပါတယ်။

မုန်တိုင်းဒဏ်သင့် ဒုက္ခသည်တွေကို ကူညီထောက်ပံ့နေသူတွေကိုလည်း မြန်မာစစ်အစိုးရက ဖမ်းဆီးထောင်ချ ခဲ့တဲ့ အကြောင်းကိုလည်း အဲဒီအစီရင်ခံစာမှာ ဖော်ပြထားပါတယ်။

Read More...

'လူ့အခွင့်အရေး'' တောင်းသူ တိုက်ပိတ်ခံရ (အင်တာဗျူး)

အင်တာဗျူး
ဖနိဒါ
သောကြာနေ့၊ ဖေဖေါ်ဝါရီလ 27 2009 18:14 - မြန်မာစံတော်ချိန်

ချင်းမိုင်(မဇ္ဈိမ)။ ။ ''လူ့အခွင့်အရေး ရရှိရေး - ဒို့အရေး'' ဆိုပြီး အင်းစိန် ထောင်ထဲတွင် အော်ဟစ် ကြွေးကြော် သဖြင့် အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် ရန်ကုန်တိုင်း လှိုင်သာယာမြို့နယ်စည်း ဦးတင်ယုသည် အင်းစိန်ထောင်ထဲ ၌ ဆက်လက်၍ တရားစွဲဆိုခံနေရသည်။

ပြစ်ဒဏ် ၇ နှစ် ကျခံနေရသည့် အသက် ၅၂ နှစ်အရွယ် သူ့အား ယခုလို ကြွေးကြော်သဖြင့် ထောင်အာဏာ ပိုင်များက တိုက်ပိတ်ထားသည်မှာလည်း ၃ လခန့် ကြာမြင့်နေပြီဖြစ်သည်။

သူက ၂ဝဝ၇ ခုနှစ် မေလအတွင်း ဒေါ်အောင်ဆန်းစုကြည်နှင့် နိုင်ငံရေး အကျဉ်းသားများ လွတ်မြောက်ရေး ဆု တောင်းပွဲသို့ သွားသဖြင့် ၄၃ ရက်ကြာ စစ်ကြောထိန်းသိမ်းခံရာမှ ပြန်လွတ်လာခဲ့သည်။

ထို့နောက် သြဂုတ်လ ၂၈ ရက်နေ့တွင် အာဏာပိုင်များက လာရောက်ဖမ်းဆီးကာ၊ ၂၀၀၈ ခုနှစ် နိုဝင်ဘာလ ၁၃ ရက်နေ့တွင် အင်းစိန်ထောင်တွင်း တံခါးပိတ် တရားခွင်က ထောင်ဒဏ် ၇ နှစ်ခွဲ ချမှတ်ခဲ့ခြင်းဖြစ်သည်။

ကျန်းမာရေး မကောင်းသည့်အပြင် တိုက်ပိတ်ခံနေရသဖြင့် မိသားစု စိုးရိမ်သောက ဖြစ်နေကြရသည်။

အခြေအနေ အသေးစိတ်ကို မဇ္ဈိမသတင်းထောက် ဖနိဒါက ဦးတင်ယု၏ သမီးဖြစ်သူ မသင်းသင်းယုကို ဆက် သွယ်မေးမြန်းထားပါသည်။


ဦးတင်ယု တိုက်ပိတ်ခံရတယ်လို့ ကြားတယ်၊ အဲဒါ ဟုတ်ပါသလားရှင်။

ဟုတ်ပါတယ်၊ ကြာပြီ။ သူတို့ကို နောက်ပိတ်ဆုံး အမိန့်ချမယ့် နေ့ပေါ့။ ၁၃ ရက် ၁၁ လ ၂ဝဝ၈ ခုနှစ်ကနေ ပိတ် တာ။ အခုထိ ပိတ်ထားရတယ်။ နောက်တော့လည်း တနေကုန်မှ လမ်းလျှောက်ခွင့် ၄၅ မိနစ်ပဲ ပေးတယ်။ ကျန်း မာရေး မကောင်းဘူး။ အခုလည်း တိုက်ပိတ်တုန်း။

ဘာကြောင့်မလို့ တိုက်ပိတ်တယ်ဆိုတာ ပြောပြပါလားရှင်။

ဘာဖြစ်လို့လဲဆိုတော့ အဖေတို့ တိုက်ကနေ အင်းစိန်ထောင်ထဲမှာပဲ ရုံးထုတ်တာပေါ့နော်။ အဲဒါကို သူတို့ ၁ဝ ယောက်ထဲက ၃ ယောက် ကိုရန်နိုင်ထွန်း၊ အောင်မင်းနိုင် ခေါ် မီးသွေး၊ မျိုးကျော်ဇင်တို့က ထောင်ထဲမှာပဲ ထုတ် တာ။ ''ခြေချင်း မခတ်ပါနဲ့'' လို့ ပြောတာကို ထောင်ထဲက အရာရှိ တယောက်က ''မခတ်လို့ မဖြစ်ဘူး၊ ခတ်ရမယ်'' ဆိုပြီး အတင်းအဓမ္မ ရုံးထုတ်လိုက်တယ်။ အဲဒီမှာ အဖေက ''လူ့အခွင့်အရေး ရရှိရေး - ဒို့အရေး'' ဆိုပြီး ထအော တယ်တဲ့။ ရုံးထုတ်ပြီး ပြန်လာတဲ့အချိန်မှာ တိုက်ပိတ်လိုက်တာတဲ့။

တိုက်ပိတ်ခံရတယ်ဆိုတာကို အမတို့က ဘယ်လို သိခဲ့ရသလဲရှင်။

အမတို့က ထောင်ဝင်စာ သွားတွေ့လို့ ရတယ်။ ရုံးမထုတ်ခင်မှာတော့ တပတ်တခါ သွားတွေ့တယ်။ တပတ်တခါ တွေ့တယ်။ အရင် တပတ် စနေနေ့က သွားတွေ့ခဲ့တယ်။

တိုက်ပိတ်ခံရတာက ဘယ်နှစ်ယောက်လဲ။ သူတို့ ၁၁ ယောက် တဖွဲ့လုံးလားရှင့်။

သူတို့အဖွဲ့ ၁၁ ယောက်ကနေ မိန်းကလေးတယောက်ကိုတော့ မြင်းခြံထောင်ကို ပို့လိုက်တယ်လို့ ပြောတယ်။

ဦးလေးကို ဘယ်နှနှစ် ထောင်ချခဲ့ပြီး၊ ဘယ်လို အမှုတွေနဲ့ တရား ထပ်စွဲသေးလဲရှင့်။

အဖေက ''လူ့အခွင့်အရေး ရရှိရေး ဒို့အရေး'' ဆိုပြီးတော့ အော်တယ်ဆိုပြီး အခု အဲဒီလို အော်တဲ့အမှုကို ကျမ အဖေကို အမှု ထပ်စွဲလိုက်တယ်။ ဟိုတပတ်က အင်းစိန် ခရိုင်ရုံးကို ရုံးထုတ်မယ်၊ ရုံးထုတ်တယ်ပေါ့။ ပထမစွဲ ထားတဲ့ အမှုက ၇ နှစ်ခွဲ ကျပြီးပြီ။ အမတို့ အသိတယောက်က ဖုန်းဆက်လာတယ်။ အဖေ့ကို ရုံးထုတ်မယ်လို့ ပြောတယ်ပေါ့။ ကျမ သွားလိုက်တော့ ကျမ အဖေကို ပြန်သွင်းလိုက်တယ်လေ။ အခု မတ် ၃ ရက်နေ့ကို ရုံးပြန် ချိန်းလိုက်တယ်တဲ့။ ဘာပုဒ်မလဲ ဆိုတာတော့ ကျမ မသိသေးဘူး။ ပထမ ပြောထားတာက ဝတ္တတရား နှောင့် ယှက်မှုနဲ့ စွဲထားတယ်လို့တော့ ပြောတယ်လေ။ ရုံးထုတ်တာတောင် ကျမတို့ကို ပြောတာ မဟုတ်ဘူး။

နှိပ်စက်ခံနေရတယ်လို့ ပြောတာ ကြားရတယ်။ အဲဒါ ဟုတ်ပါသလားရှင်။

နှိပ်စက်ခံရတယ် ဆိုတာကတော့ တိုက်ပိတ်ထားတယ်။ တနေကုန်မှ ၄၅ မိနစ်ပဲ လမ်းလျှောက်ခွင့် ရတယ်။ တိုက် ပိတ်တယ်ဆိုတော့ တိုက်က အေးတယ်။ သမံတလင်းနဲ့ နေရတယ်ဆိုတော့ ကျန်းမာရေး မကောင်းဘူး။

ထောင်ဝင်စာရော ပုံမှန်တွေ့ခွင့်ရလား။ ပြီးတော့ ဘယ်လိုပုံနဲ့ တွေ့ရလဲ။ ဘယ်လောက်ကြာကြာ စကားပြောခွင့် ရလဲ။

အဖေနဲ့က နာရီဝက်ပေါ့နော်။ တခါတလေ မိနစ် ၂ဝ တွေ့လို့ ရတယ်။ အဖေ ပြောတယ်။ ''သမီး ပိုက်ဆံ မရှိ တော့ဘူး'' တဲ့။ ကျမ စုထားတဲ့ ပိုက်ဆံ ၃ သောင်း ပေးထားတာ။ ''ဘာလို့ ကုန်တာလဲ'' လို့ မေးလိုက်တော့ ''အဖေ့ မျက်လုံးကို အပြင်ဆေးခန်း ပြရတယ်'' တဲ့။ ''အဖေ့ပိုက်ဆံပဲ သုံးရတယ်၊ အခု ၂ ထောင်ပဲ ကျန်တော့တယ်'' လို့ ပြောတယ်လေ။ ''ကျမ ဒီတပတ်တော့ မပါခဲ့ဘူး။ နောက်တပတ်မှ ပေးမယ်'' လို့ ပြောတယ်လေ။ နက်ဖြန်ဆိုရင် ထောင်ဝင်စာ သွားတွေ့ရင်း ပိုက်ဆံ သွားပို့ရမယ်။

အဖေက ဘာဖြစ်လို့ ဖမ်းခံရတာလဲ။ ဘယ်ပုဒ်မတွေနဲ့ ထောင်ချခဲ့တာလဲ။

၂ဝဝ၇ ခုနှစ်တုန်းက ဒေါ်အောင်ဆန်းစုကြည် လွတ်မြောက်ရေးရယ်၊ အကျဉ်းသားအားလုံး လွတ်မြောက်ရေး ဆုတောင်းပွဲတက်ဖို့ လှိုင်သာယာက အထက ၃ ကျောင်း ရှေ့ကနေပြီးတော့ သူ့ဘာသာသူ အေးဆေး ပုတီးကိုင်ပြီးတော့ အေးအေးဆေးဆေး လမ်းလျှောက်တယ်။ ပြီးတော့ တံတားဖြူ မှတ်တိုင်ကြားမှာ အဖေ့ကို ဖမ်းလိုက်တယ်။ သူတို့ ရဲတွေက အကြမ်းဖက်ပြီးတော့ ဆွဲသွားတယ်။ အဲဒီတုန်းက အဖေက ကျောက်တန်း တပ်ရင်း ၇ မှာ ၄၃ ရက် နေခဲ့ရတာပေါ့နော်။ ၆ လပိုင်း သတင်းစာထဲမှာတောင် အတိအလင်း ကြေညာပါတယ်။

အဲဒီကိစ္စနဲ့ ၂ဝဝ၈ ခုနှစ် ၈ လပိုင်း ၂၈ ရက်နေ့ ညဘက် တနာရီကျော်၊ ၂ နာရီလောက်မှ လာဆွဲတယ်။ ''အထက် က ခိုင်းလို့ မနှစ်က ကိစ္စကို တရားစွဲခိုင်းလို့ ကျနော်တို့ လာခေါ်တာပါ'' တဲ့။ အဖေက ပြန်ပြောလိုက်တယ်၊ ''ကျောက်တန်း တပ်ရင်း ၇ မှာ ၄၃ ရက် နေခဲ့ရပါတယ်။ သတင်းစာမှာလည်း တရားဝင် လွတ်ပါတယ်''။ ''မှန်ပါ တယ် အထက်က ခိုင်းလို့ လာခေါ်တာပါ'' လို့ ပြောတယ်လေ။ နောက်နေ့ မနက် ၁ဝ နာရီကျတော့ အဖေ့ကို တရားရုံးပေါ်တင်ပြီးတော့ တရားစွဲလိုက်တယ်။

ကျန်းမာရေး အခြေအနေ ဘယ်လိုရှိလဲ။

ကျန်းမာရေး မကောင်းဘူး။ အရင်က အရိုက်ခံရတယ်လေ။ မျက်လုံးတဖက်နဲ့ ကိုယ်လက်တခြမ်း ကိုက်ခဲပြီးတော့ ထုံကျဉ်နေတယ်လို့ ပြောတယ်လေ။ အဲဒီ အရိုက်ခံရတဲ့ မျက်လုံးဒဏ်ကြောင့် ကျီးပေါင်းက ဖြစ်နေတာ။ အခုခွဲ ထုတ်လို့လည်း မရတော့ဘူး။ ခြစ်ထုတ်လို့လည်း မရတော့ဘူးတဲ့လေ။ အရွတ် သွယ်သွားတယ်လို့ ဆရာဝန်က ပြောတယ်လေ။ တနေ့က လူကြုံနဲ့ မှာလိုက်တယ်။ ဆေးဝါးဝယ်ခဲ့ဖို့ မှာလိုက်တယ်။ အဖေက လေရောဂါလည်း ရှိတယ်။ သွေးတိုးရောဂါလည်း ရှိတယ်။ ကျီးပေါင်းပါ တက်လာတယ်။

အဖေက မနှစ်က ၄ လပိုင်း ၄ ရက်နေ့မှာ ဘယ်သူမှန်း မသိတဲ့လူတွေက ခေါင်းမှာ ရိုက်တာ။ တံတားဖြူ မှတ်တိုင် မှာလေ။ အဲဒီမှာ ချောင်းရိုက်ခံရတာ။ ကျမအဖေ ခေါင်းက ၂၃ ချက် ချုပ်ရတယ်။ အဲဒီဒဏ်ကြောင့် မျက်စိထိ သွားတာလေ။

အမအနေနဲ့ အဖေကို တိုက်ပိတ်ထားတဲ့အပေါ် ဘာများ ပြောချင်ပါသလဲ။

ကျမက အဖေအတွက် စိတ်မကောင်းဘူး။ ကျန်းမာရေးအတွက် မကောင်းဘူး။ လေရောဂါ၊ သွေးတိုး၊ ကျီးပေါင်း ရောဂါတွေ ရှိတယ်ဆိုတော့ ထောင်ဝင်စာ တပတ်တကြိမ် တွေ့တာ။ အမေ့မျက်နှာကို ကြည့်ပြီးတော့ စိတ်မ ကောင်းဘူး။

မနေ့က ကျမအမေက သထုံထောင်ကနေ ပြန်လာတယ်လေ။ ကျမ အကိုကို သွားတွေ့တယ်။ ကိုသန်းဇော်မြင့် ပေါ့နော်။ ခါးမကောင်းဘူး ပြောတယ်။ ခါးနာနေတယ်တဲ့။ အဖေရော၊ သားရောဆိုတော့ တနေ့ တနေ့ စိတ်မ ကောင်းပြီးတော့ နေမကောင်း ဖြစ်နေတယ်လေ။ အကိုတော့ ၁၄၃၊ ၁၄၅၊ ၁၅၂ နဲ့ စွဲပြီး ၉ နှစ်ခွဲ ချထားတယ်လေ။ သူ တနှစ်ပြည့်တဲ့နေ့ အဖေ့ကို လာခေါ်သွားတာ။ ၂ဝဝ၇ ၂၈ ရက် ၈ လပိုင်း ဖမ်းသွားတာ။ ဘုန်းကြီး အရေးအခင်း တုန်းကလေ။ တလအကြိုမှာ ဖမ်းသွားတာ။

Read More...

ဒဂုံတက္ကသိုလ်ကျောင်းသားများ အား“ဘာ ကျောင်းသားလဲ” ဟု ပြောပြီးပါးအရိုက်ခံရ

ပြီးခဲ့သည့် တနင်္ဂနွေနေ့က ဒဂုံတက္ကသိုလ် တတိယနှစ် ဘူမိဗေဒ ကျောင်းသား ၄ ဦး နှင့် နည်းပြဆရာ တဦး တို့ ကို အရက်သမားတချို့က ရိုက်နှက်ခဲ့သည်။

စော်ဘွားကြီးကုန်းရှိ ဒို့ရိုးရာ လက်ဖက်ရည်ဆိုင်မှ အထွက်တွင် အနားရှိ အရက်ဆိုင်အတွင်းမှ လူ ၇ ဦးက ရန်စပြီး ကိုဝေဖြိုးကျော် (တတိယနှစ် ဘူမိဗေဒ) အား စတင် ထိုးကြိတ်ခဲ့သည်။ ၀င်ရောက် တားဆီးသော နည်းပြ ဆရာ ဦးအောင်မင်းဦးလည်း နောက်မှ ရိုက်နှက်ခံခဲ့ရသည်။

ထို့နောက် အခြားကျောင်းသားများ ဖြစ်သော ကိုပြည့်နိုင်ဖြိုး၊ ကိုအောင်ဖုန်း၊ ကိုနေလင်းထက် တို့လည်း ရိုက်နှက် ခံရသည်။

ကိုဝေဖြိုးကျော်က ထွက်ပြေးလွတ်မြောက်သွားပြီး စော်ဘွားကြီးကုန်း ပွဲရုံတန်း ရယကရုံးသို့ သွားရောက် တိုင် ကြားပြီး အကူအညီ တောင်းခဲ့သည်။ ရယက ရုံးရှိ ဆယ်အိမ်ခေါင်း ကိုနီတွတ်က ကိုဝေဖြိုးကျော်အား ၄ ချက်ခန့် ပါးရိုက်ပြီး “ဘာ ကျောင်းသားလဲ” ဟု အော်ဟစ်လိုက်သည်ဟု ဆိုသည်။ ရယက ရုံးတွင် ရောက်နေသော ရဲတပ် ဖွဲ့ဝင်တဦးက ကိုဝေဖြိုးကျော်ကို လက်ထိပ်ခတ်လိုက်ပြီး ထပ်မံရိုက်နှက်ကြသည်ဟု ဆိုသည်။

ကျောင်းသား ၄ ဦး အပြင်းအထန် ဒဏ်ရာရသွားပြီး ကိုအောင်ဖုန်း၊ ကိုနေလင်းထက် တို့ကို အင်းစိန်မြို့ပြည်သူ့ ဆေးရုံတွင် အတွင်းလူနာအဖြစ် ကုသပေးထားသည်ဟု သိရသည်။

နည်းပြဆရာသည်လည်း ချွန်ထက်သည့် သတ္ထုချောင်းတခုဖြင့် ထိုးနှက်ခံရသည်ဟု ဆိုသည်။

၃ ရက်အကြာ ဗုဒ္ဓဟူးနေ့တွင် ဒဂုံတက္ကသိုလ် ဒုတိယ ပါမောက္ခချုပ် ဦးမျိုးသိန်းကြီး၊ စီမံဌာနမှူး ဦးခင်မောင်သန်း၊ မော်ကွန်းထိန်း ဦးဘဖေတို့က ရိုက်နှက်ခံခဲ့ရသူများကို ခေါ်ယူ စစ်ဆေးခဲ့သည်။ ထို့နောက် နောင်တွင် ခိုက်ရန်ဖြစ်ပွားခြင်းမပြုရန် အတင်းအကျပ် ၀န်ခံကတိ လက်မှတ်ရေးထိုးခိုင်းသည်ဟု ဆိုသည်။

ရိုက်နှက်ခံရသူများကို ကြာသပတေးနေ့တွင်လည်း ထပ်မံ ခေါ်ယူပြီး စစ်ဆေးခဲ့သည်။

ရိုက်နှက်မှု ကျူးလွန်သူများမှာ အရေးယူခံရခြင်းမရှိသေးကြောင်း သိရသည်။

ထိုဖြစ်ရပ်ကြောင်း ဒဂုံတက္ကသိုလ် ကျောင်းသူကျောင်းသားများအကြားတွင် မကြေနပ်မှုများ ဖြစ်ပွားနေသည်။ ကျောင်းသားများအား ကာကွယ်ပေးခြင်းမရှိသော ကျောင်းအာဏာပိုင်များကို ဒေါသထွက်နေကြသည်။

အဆိုပါအမှုကို အင်းစိန်မြို့နယ် ရဲစခန်းတွင် တိုင်ချက်ဖွင့်ထားသည်။ အမှုလိုက် အရာရှိမှာ ဒုရဲအုပ် တင်ညွန့် ဖြစ်သည်။ သို့သော် ယမန်နေ့က စုံစမ်းသိရှိရသည်မှာ အမှုကို ပိတ်သိမ်းလိုက်ပြီဟု ဆိုသည်။

၁၉၈၈ ခုနှစ် အုံကြွမှု အစောပိုင်းကာလ ကျောင်းသား ကိုဖုန်းမော် သေဆုံးမှုနောက်ဆက်တွဲ ကျောင်းသား ဆန္ဒ ပြမှုကဲ့သို့သော လှုပ်ရှားမှုများ ဖြစ်ပွားလာမည်ကို စိုးရိမ်သဖြင့် အမှုပိတ်ခြင်း၊ သတင်းပိတ်ခြင်းများ ပြုလုပ် ရခြင်းဖြစ်ကြောင်း ပါမောက္ခချုပ်ရုံးနှင့် နီးစပ်သည့် သတင်းရပ်ကွက်က ဆိုသည်။

Read More...

သတင်း

ပြည်သူတွေ ဝေဒနာပွားဖို့
နိုင်ငံတော်အကြီးအကဲရဲ့ ဆေဒဏာများ


အခုဆို ရန်ကုန်မှာ ဒီဇယ်ဈေးဟာ ၁၅၀၀ နားတောင်ရောက်လာပါပြီ
ပြည်သူပြည်သားများခင်ဗျာ
နယ်ချဲ့လက်ပါးစေရဲ့ လက်ကိုင်ဒုတ်ဖြစ်တဲ့ ယိုးဒယားက တင်သွင်းလာတဲ့ ဒီဇယ်တွေကိုအားမပေးကြပါနဲ့
အခုဆို တပ်မတော်ဂျီးရဲ့ စေတနာကို ဖော်ပြနေတဲ့ အစိုးရဓါတ်ဆီဆိုင် များမှာပဲ တစ်ဂါလံ ၃၀၀၀ နှုန်းနဲ့
ဆက်လက်အားပေးတော်မူကြပါ

အခုဆို တပ်မတော်ခေါင်းဆောင်ဂျီး များရဲ့ စေတနာဟာ အသီအပွင့်တွေ စတင် ဝေဆာလာပါပြီ
ခေတ်မီဖွံ့ဖြိုးတိုးတက်တဲ့ နိုင်ငံတော်သစ် ကြီးကို အလှည်ကျ မီးပေးစနစ်နဲ့ ချီတက်နေတာဆို နှစ်ပေါင်း အတော်တောင်ခရီးပေါက်နေကြပါပြီ

မြန်မာမိန်းကလေး တော်တော်များများဟာ ကိုယ်ကြမ္မာကိုယ်ဖန်တီးခွင့် အပြည့်အ၀ရထားပါတယ်
အမျိုးသမီရေးရာအဖွဲ့ချုပ်ရဲ့ စွမ်းစွမ်းတမံ ကူညီမှုနဲ့ မြန်မာနိုင်ငံရဲတပ်ဖွဲ့ရဲ့ ထိရောက်စွာပံ့ပိုးမှုများကြောင့်
အခုဆိုမြန်မာနိုင်ငမှာ အနှိပ်ခန်းတွေ ရဲ့ အရေအတွက်ကြီးထွားလာမှုဟာ မျက်မြင်ထင်ရှားတွေ့လာရပြီး
မြန်မာမိန်းကလေးတွေရဲ့ ကိုယ့်ဒူးကိုယ်ချွန် ဖာခံစားမှုဟာ အတော့်ကို သတိပြုစရာဖြစ်လာပါပြီ နိုင်ငံတော်အကြီးအကဲများရဲ့ စေတနာရောင်ပြန်ဟပ်မှုပေါ. ခင်ညာ

ရန်ကုန်မြို့ကြီးရဲ့ ရေဖြန်ဖြူးမှုကိုလည်း လမ်းညွှန်ချက်များနဲ့ ထိရောက်စွာစီစဉ်လျှက်ရှိရာ မိးမလာ ရေပြတ်မှုများကြောင်
ရန်ကုန်မြို့နေလူထုကြီးဟာ အတော်အတန်ညစ်ပတ်ပေရေ လာတာကို အတိပြုမိကြမှာပါ
သင့်နံဘေးမှာရှိတဲ့ လမ်းဘေးက မြောင်ဖုံးတစ်ခုကိုဖွင့်ကြည့် ကြည့်ပါ
အင်မတန်ကျန်မာရေးကောင်းပုံရပြီး အင်မတန်ကိုကြီးထွာလာကာ အင်မတန်ကိုသက်တမ်းရှည်လာတဲ့ ကြွက်များ ပိုဟပ်များ ပရွက်ဆိတ်များ အခြားပိုးကောင်မွှားကောင်များဟာ နိုင်ငံတော်ရဲ့ ကျန်းမာရေးစီမံချက်များကို စွမ်းစွမ်းတမံ
ဝင်ရောက်ကူညီ ဆောင်ရွက်ပေးနေတာကိုလည်း အထင်အရှားတွေ့မြင်ရတယ်ခင်ည
ခေါင်းဆောင်ဂျီးများရဲ့ စေတနာပေါ့ခင်ညာ

ကျောင်းသားကျောင်းသူလေးများကိုလည်း နိုင်ငံတော်မှ ထိရောက်စွာပံ့ပိုးပေးလျှက်ရှိတယ်ခင်ည
စာသင်ကျောင်းများက အနာဂါတ်ရင်သွေးငယ် ကျောင်းသားကျောင်းသူလေးတွေရဲ့ သင်ရိုညွှန်းတမ်း ဖတ်စာအုပ်ဟာ အပြင်မှာထုတ်နေတဲ့ ကလေးကာတွန်းဂျာနယ်များနဲ့ ယှဉ်ကြည့်ရင် လယ်ပြင်မှာ ဆင်သွားသလို ခေါင်းဆောင်ဂျီးများရဲ့စေတနာကို အထင်အရှားတွေ့မြင်ရမှာပါခင်ည
ကလေးတွေအပေါ် ခေါင်းဆောင်ဂျီးများရဲ့ အထူးစီမံချက်အရ ကျောင်းဆင်းချိန်ဆို ကျောင်းနားတစ်ဝိုက်က မီးပွိုင့်တွေမီဖြတ်ထားခြင်းကိုလည်း အချိန်ကိုက်လုပ်ဆောင်နေတာကိုတွေ့ရတယ်ခင်ည


အခုနွေဦးရာသီမှာ ရန်ကုန်မြို့ကြီးဟာ ဟိုနားမီးလောင် ဒီနားမီလောင်နဲ့ ပြန်လည်စီကားလာပြီဖြစ်တယ်ခင်ည
စေတနာတွေပေါ့ ခင်ညာ စေတနာတွေပေါ့

အခုဆို ၂၀၁၀ အထူးစီမံချက်ကြီးကို ပြည်သူပြညိသားတိုင်း ပါဝင်ဖို့ ရေးဆွဲနေတယ်ခင်ည
စီမံချက်ရဲ့ အနှစ်အသားကတော့ လူတိုင်းလူတိုင် နေ့စဉ် ဒူးနဲ့မျက်ရည် သုတ်နေရရေးပါပဲခင်ည

စီမံချက်ကြီး အကောင်အထည်ဖော်ပို့ရာ လိုအပ်နေတဲ့ လူသားအရင်အမြစ် ဖြစ်တဲ့ စွမ်းအားရှင် ဘုန်းကြီးသတ် လူရိုက်အဖွဲ့ကြီးကို
အလျှင်အမြန် တိုးချဲ့ဖွဲ့စည်းလျှက်ရှိတယ်ခင်ည
လိုအပ်တဲ့ စွမ်းအားရှင် အရေအတွက် ပြည့်မီရေးအတွက် ထောင်ထဲက ဆိုးသွမ်းရမ်းကား တဲ့ ထောင်သားတွေကို အဆက်မပြတ် လွှတ်ပေးလျှက်ရှိတယ်ခင်ည ခေါင်းဆောင်ဂျီးများရဲ့ စေတနာတွေကို အလျှဉ်းသင့်သလို ထပ်မံဖော်ပြပေးသွားမှာပါခင်ည

ဒေါက်တာလွဏ်းဆွေဘလော့ဂ် စီဘောက်စ်တွင် စေတနာအမည်ဖြင့် ရေးသားထားသော
အမည်မသိပြည်သူတဦး၏ သရော်စာများကို စုစည်း၍ မျှဝေလိုက်ခြင်းဖြစ်ပါသည်။

Read More...

Friday, February 27, 2009

မြန်မာနိုင်ငံသားတဦးဝင်ငွေ ၂၀၀၈ ခုနှစ်မှာ တဦးကျပ်သုံးသိန်းခွဲရှိဟု ဒုဗိုလ်ချုပ်ကြီး မြင့်ဆွေပြော

NEJ /၂၆ ဖေဖော်ဝါရီ ၂၀၀၉
ပြီးခဲ့သည့် ဖေဖော်ဝါရီလ (၁၄) ရက်နေ့ မြန်မာနိုင်ငံ ကုန်သည်များနှင့် စက်မှုလက်မှု လုပ်ငန်းရှင်များ အသင်းချုပ် UMFCCI မှာ ပြုလုပ်သည့် စက်မှုကုန်ထုတ်လုပ်သူများအသင်း (၁၅) ကြိမ်မြောက် နှစ်ပတ်လည် အစည်းဝေး ပွဲမှာ ကာကွယ်ရေးဝန်ကြီးဌာနမှ ဒုတိယဗိုလ်ချုပ်ကြီး မြင့်ဆွေက ၂ဝဝ၈ ခုနှစ်အတွင်း မြန်မာနိုင်ငံသားတဦး တနှစ်ဝင်ငွေ (၃၄၉,ဝဝဝ) ကျပ် ရှိပြီး ရန်ကုန်သားတဦး တနှစ်ဝင်ငွေ (၆၃၅,၆၆၈) ကျပ် ရှိကြောင်း ထုတ် ဖော်ပြောဆိုခဲ့သည်။

အဆိုပါ အစည်းဝေးပွဲသို့ တက်ရောက်ခဲ့သည့် စီးပွားရေး လုပ်ငန်းရှင်ကြီး တဦးက

“လွန်ခဲ့တဲ့ (၃) နှစ် ခုလို အစည်းအဝေးမျိုးမှာပဲ ဗိုလ်ချုပ်မြင့်ဆွေက ၂ဝဝ၅ အတွက် မြန်မာနိုင်ငံသားတယောက် တနှစ် ဝင်ငွေ ကျပ် (၁၆၇,ဝဝဝ) ရှိတယ်လို့ ထုတ်ဖော်ပြောဆိုခဲ့ဖူးတယ်။ ခု (၃) နှစ်အတွင်း ဂျီဒီပီ၊ ဂျီအင်န်ပီ (၂) ဆ လောက်တိုးလာတယ် ဆိုတာကတော့ မဖြစ်နိုင်ဘူး။ သဘာဝ ဓာတ်ငွေ့ရောင်းလို့ရတဲ့ဆီက ဝင်ငွေတွေ တိုး လာတယ် ဆိုဦး လူတဦးဝင်ငွေ (၃) နှစ်အတွင်း (၂) ဆကျော် တိုးလာတာတော့ မဖြစ်နိုင်ဘူး” ဟု ပြောသည်။

ဒုတိယဗိုလ်ချုပ်ကြီး မြင့်ဆွေသည် ၂ဝဝ၆ ဇန်နဝါရီလအတွင်းက မြန်မာနိုင်ငံသားတဦး တနှစ်ဝင်ငွေ ကျပ် (၁၆၇,ဝဝဝ) ရှိကြောင်း ကြေငြာခဲ့ဖူးသည်။ အဆိုပါ ဝင်ငွေသည် တိုးတက်မြင့်မားလာသည့် ဝင်ငွေဖြစ်ကြောင်း လည်း ထုတ်ဖော်ပြောဆိုခဲ့သည်။

ပြည်တွင်းပြည်ပ သတင်းမီဒီယာများ ဝေဖန်ဆန်းစစ်သူများက အဆိုပါအချိန်က ဒေါ်လာပေါက်ဈေးကို အခြေ ပြုပြီး မြန်မာနိုင်ငံသားတဦး တစ်နေ့ဝင်ငွေ (၁) ဒေါ်လာအောက်သာ ရှိကြောင်း၊ ထို့ကြောင့် မြန်မာနိုင်ငံသည် ဆင်းရဲသည့် တိုင်းပြည်ဖြစ်ကြောင်း ဝန်ခံသလို ဖြစ်သည်ဟု ဝေဖန်ခဲ့ကြသည်။ ၄င်းဝေဖန်ချက်များနှင့် ပတ်သက် ပြီး ဒုတိယ ဗိုလ်ချုပ်ကြီးမြင့်ဆွေက ဒေါ်လာဈေးနှုန်းကို ပြင်ပပေါက်ဈေးနဲ့ မတွက်ချက်သင့်ကြောင်း ပြန်လည် တုန့်ပြန်ခဲ့ဖူးသည်။

ကမ္ဘာ့ဘဏ်၏ သတ်မှတ်ချက်အရ လူတဦး၏ တနေ့ဝင်ငွေသည် အမေရိကန်ဒေါ်လာ (၁) ဒေါ်လာထက် နည်း နေခြင်းကို အခြေခံ ဆင်းရဲမှုအဆင့် (Poverty line သို့မဟုတ် Poverty threshold) ဟု သတ်မှတ်ထားသည်။ နိုင်ငံတခုရှိ လူနေမှုစရိတ်နှင့် ကာမိအောင် နေနိုင်ရမည့် လူတဦး၏၀င်ငွေနှင့် ဆင်းရဲမှုအခြေအနေ အချိုးကို တော့ ဆင်းရဲမှုစံအချိုး (Poverty ratio) ဟု သုံးနှုန်းသည်။ ထိုအချိုးများလေ ဆင်းရဲမှု ပိုလေဖြစ်သည်။

မြန်မာနိုင်ငံက တကြိမ်သာထုတ်ပြန်ဖူးသည့် ဆင်းရဲမှုစံအချိုးမှာ မှန်ကန်မှုမရှိဟု စီးပွားရေး ပညာရှင်တဦးက ထောက်ပြရာတွင်-

“၂၀၀၁ ခုနှစ်က ဖိလစ်ပိုင်နိုင်ငံ မနီလာမြို့မှာ ကျင်းပခဲ့တဲ့ UNSD ကုလသမဂ္ဂ စာရင်းအင်းအဖွဲ့ အလုပ်ရုံ ဆွေး နွေးပွဲကို တင်ပြခဲ့တဲ့ မြန်မာနိုင်ငံ ဗဟိုစာရင်းရုံး လက်ထောက် ညွှန်ကြားရေးမှူး ဦးညွန့်ရှိန်နဲ့ ဗဟိုစာရင်းရုံးအရာရှိ ဒေါ်လှလှမြင့်တို့ရဲ့ စာတန်းကိုကြည့်ရင် ၁၉၉၇ ခုနှစ် မြန်မာနိုင်ငံ ကျေးလက်ဒေသ ဆင်းရဲမှုစံအချိုးက (၂၂.၄) ရှိပြီး မြို့ပြ ဆင်းရဲမှု စံအချိုးမှာ (၂၃.၉) ရှိတယ်လို့ ပြောထားတယ်။ သဘောကတော့ အဲဒီိအချိန်က မြို့ပြက ကျေး လက်ထက်ပိုပြီး ဆင်းရဲနေတယ်ဆိုတဲ့ အဓိပ္ပါယ်ပေါ့။ တနိုင်ငံလုံး အတိုင်းအတာနဲ့ ဆိုရင် ဆင်းရဲမှု စံအချိုးက (၂၂.၉) ရှိတယ်ဆိုပြီး အဲဒီ စာတန်းမှာ ဖော်ပြထားတယ်။ ဒါပေမယ့် မြန်မာစစ်အစိုးရ ဗဟိုစာရင်းရုံးက ဖော်ပြတဲ့ ဆင်းရဲမှု စံအချိုးဟာ အလားတူ တဦးချင်း ၀င်ငွေရှိတဲ့ နိုင်ငံတွေက အချိုးနဲ့ ယှဉ်ကြည့်ရင် သိပ်ကိုနည်းနေ တဲ့အတွက် ဗဟိုစာရင်းရုံးက တင်ပြခဲ့တဲ့ ဆင်းရဲမှုစံအချိုး (၂၂.၉) ဆိုတဲ့ ကိန်းဂဏန်းဟာ မှားယွင်းနေတာ ဖြစ်နိုင် တယ်ဆိုပြီး အေဒီဘီ အာရှ ဖွံ့ဖြိုးရေးဘဏ်ရဲ့ ၂၀၀၂ ခု အစီရင်ခံစာမှာ ထောက်ပြထားတယ်။ စစ်အစိုးရ လိမ်ချင် တိုင်း လိမ်လိုမရဘူးဆိုတာ ပြနေတာပဲမှုတ်လား” ဟု ရှင်းပြသည်။

စီအိုင်အေ အမေရိကန်ထောက်လှမ်းရေးအဖွဲ့ အချက်အလက်မှတ်တမ်းများအရ မြန်မာနိုင်ငံ၏ ၂၀၀၈ ခုနှစ် ဆင်း ရဲမှု စံအချိုးမှာ (၃၂.၇) ထိရှိသည်။ သဘောမှာ အခြေခံ ဆင်းရဲမှု နှုန်းထက် (၃၃) ရာနှုန်းနီးပါး မြန်မာပြည်သူတွေ ပိုဆင်းရဲနေသည်ဆိုသည့် သဘောဖြစ်သည်။ ၂၀၀၉ နှစ်ဆန်းပိုင်း ထုတ်ပြန်သည့် FAO ကမ္ဘာ့ စားနပ်ရိက္ခာ အဖွဲ့၏ အစီရင်ခံစာအရဆိုလျင် မြန်မာနိုင်ငံ၌ အခြေခံဆင်းရဲမှုနှုန်းထက် ပိုပြီး ဆင်းရဲနေသူပေါင်း (၅) သန်းရှိ သည်ဟု ထောက်ပြထားသည်။

ဒုတိယဗိုလ်ချုပ်ကြီး မြင့်ဆွေ၏ ပြောဆိုချက်များနှင့် ပတ်သက်ပြီး စီးပွားရေးပညာရှင် စာရေးဆရာ တဦးကတော့ ယခင်က အမ်ဘီအေ ကျောင်းသားများ၏ ဟောပြောပွဲတခုမှာ ဗိုလ်မှူးချုပ် ဇော်ထွန်း ပြောခဲ့သည့်စကား ရှိ ကြောင်း၊ (၄) လပတ် အစည်းအဝေးတခုမှာ စစ်တိုင်းမှူးများကို ဗိုလ်ချုပ်မှူးကြီး သန်းရွှေက သက်ဆိုင်ရာ စစ်တိုင်း အလိုက် ဂျီဒီပီ တိုးတက်အောင် လုပ်ဆောင်ဖို့ ညွှန်ကြားခဲ့ကြောင်း၊ အစည်းအဝေးအပြီး စစ်တိုင်းမှူးတွေ ပြန်သွား ပြီး မကြာခင် တိုင်းမှူး တစ်ချို့က သူတို့တိုင်းမှာ ဂျီဒီပီ (၃) ဆခန့် တက်လာသည်ဟု အကြောင်းကြားခဲ့ခြင်းမျိုး ရှိဖူးကြောင်း ထုတ်ဖော်ပြောဆိုသည်။

ဗိုလ်မှူးချုပ် ဇော်ထွန်း ဆိုလိုသည်မှာ စာရင်းဇယားများကို အထက်လူကြီးအကြိုက် ထင်သလို လုပ်နေကြခြင်း ဖြစ် ကြောင်း၊ နောက်ပိုင်း အဆိုပါ ဟောပြောချက်စာတမ်း ပြန့်နှံ့သွားခဲ့ပြီး ဗိုလ်မှူးချုပ် ဇော်ထွန်းလည်း ရာထူးမှ ထုတ်ပယ်ခံခဲ့ရသည်။ ယခုလည်း ဒုဗိုလ်ချုပ်ကြီးမြင့်ဆွေက ၂ဝဝ၆ ခု ဇန်နဝါရီလက ပြောခဲ့သည့် ကိန်းဂဏန်းများ အဝေဖန်ခံရသဖြင့် ယခုလို နိုင်ငံသားများ၏ ဝင်ငွေကို (၂) ဆ၊ ရန်ကုန်သားများ၏ ဝင်ငွေ (၂.၇) ဆ တိုးလာ တာဟု ပြောတာမျိုး ဖြစ်နိုင်ကြောင်း၊ ၄င်းတို့ပြောသည့် ကိန်းဂဏန်းများ ယုံကြည်စိတ်ချရမှု မရှိကြောင်း ဝေဖန် သည်။

ဒုတိယ ဗိုလ်ချုပ်ကြီးမြင့်ဆွေကတော့ လာမည့် ၂ဝ၁ဝ- ၂ဝ၁၁ ဘဏ္ဍာရေးနှစ်မှာ မြန်မာတနိုင်ငံလုံးရှိ လူတဦး တ နှစ်ဝင်ငွေ ကျပ် (၆) သိန်း ရရှိဖို့၊ တနည်းအားဖြင့် လက်ရှိဝင်ငွေ၏ နှစ်ဆနီးပါး ရရှိဖို့ အကောင်အထည်ဖော်ရန် ဗိုလ်ချုပ်မှူကြီး သန်းရွှေက လမ်းညွှန်ထားကြောင်း၊ အဆိုပါ လမ်းညွှန်ချက်အတိုင်း ပြည့်မီမည်ဟု သူယုံကြည် ကြောင်းလည်း ယင်းအစည်းအဝေးမှာ ထုတ်ဖော် ပြောဆိုခဲ့သည်။

Read More...

တရုတ် နိုင်ငံတွင် လူသုံးဦး ကိုယ့်ကိုယ်ကို မီးရှို့

Thursday, February 26, 2009 6:30 PM

တရုတ်နိုင်ငံ ဘေကျင်းမြို့ တီအန်မင်ရင်ပြင်အနီးတွင် ယမန်နေ့က လူသုံးဦး ကိုယ့်ကိုယ်ကို မီးရှို့သတ်သော ဖြစ်ရပ် တစ်ခုပေါ်ပေါက်ခဲ့သည်။ တီအန်မင်ရင်ပြင်မှ ၁ ကီလိုမီတာ အကွာဈေးဝယ်သူများဖြင့် စည်ကားရှုပ်ထွေးသော လမ်းဆုံတစ်ခု၌ ဒေသ စံတော်ချိန် နေ့လည် ၃း၀၀ နာရီအချိန် ဖြစ်ပွားသော ယင်းဖြစ်ရပ်သည် အဆိုပါ ပုဂ္ဂိုလ် သုံးဦးအား ကားတစ်စီးအတွင်း ကိုယ့်ကိုယ်ကိုမီးရှို့မှုပြုလုပ်ခဲ့ခြင်းဖြစ်ကြောင်း ဆင်ဟွာသတင်းအေဂျင်စီက ထုတ် ဖော်ပြောဆိုသည်။ ယင်းပုဂ္ဂိုလ်သုံးဦး၏ အသက်အန္တရာယ်ထိခိုက်မှုရှိ၊ မရှိကို ရှင်းရှင်းလင်းလင်း မသိရှိရသေးပေ။ (အေအက်ဖ်ပီ)

Read More...

ယခုနှစ်အတွက် ပထမ 'လေးလပတ် အစည်းအဝေး' ကျင်းပရန် စစ်အစိုးရ ပြင်ဆင်နေ

မုံပီး
ကြာသပတေးနေ့၊ ဖေဖေါ်ဝါရီလ 26 2009 21:13 - မြန်မာစံတော်ချိန်


နယူးဒေလီ (မဇ္ဈိမ)။ ။ မြန်မာစစ်အစိုးရသည် ၂ဝဝ၉ ခုနှစ်အတွက် ပထမဆုံး လေးလပတ် အစည်းအဝေးကို မတ်လ ဒုတိယ အပတ်အတွင်း ကျင်းပရန် ပြင်ဆင်နေသည်။

ဤအစည်းအဝေးတွင် ၂ဝ၁ဝ ရွေးကောက်ပွဲအတွက် အစီအစဉ် များအပါအဝင် ကိစ္စရပ် အမြောက်အမြားကို ဆွေးနွေးဖွယ် ရှိသည်ဟု စစ်ဘက် သတင်းရပ်ကွက်များက ပြောသည်။

ဤအစည်းအဝေးပြီးလျှင် ဗိုလ်ချုပ်ကြီးများသည် ၂ဝ၁ဝ ခုနှစ် အထွေထွေ ရွေးကောက်ပွဲ ဥပဒေကို ကြေညာဖွယ် ရှိသည်ဟုလည်း အဆိုပါ သတင်းရပ်ကွက်က ပြောသည်။

ဤလေးလပတ် အစည်းအဝေးများသည် စစ်တိုင်းမှူးများ၊ တပ်မဟာမှူးများနှင့် ဝန်ကြီးဌာနများမှ ညွှန်ကြား ရေးမှူးချုပ်များပါ စုံညီစွာ တက်ရောက်သော အစည်းအဝေး ဖြစ်သည်။ ဤအစည်းအဝေးများကို နေပြည်တော် တွင် ကျင်းပလေ့ရှိပြီး တိုင်းပြည်တဝှမ်းမှ အရာရှိကြီး တက်ရောက်လေ့ ရှိသည်။

သို့သော် တရုတ်-မြန်မာ နယ်စပ်အခြေစိုက် စစ်ရေးလေ့လာ သုံးသပ်သူ ဦးအောင်ကျော်ဇောကမူ ဤအစည်း အဝေး၌ ဆွေးနွေးအပြီးတွင် ဗိုလ်ချုပ်ကြီးများက ရွေးကောက်ပွဲဥပဒေကို ကြေညာရန် ရာခိုင်းနှုန်းများသော်လည်း စစ်တပ်ထဲမှ အစိတ်အပိုင်း တချို့၊ အထူးသဖြင့် အသက်ကြီးပိုင်းက ရွေးကောက်ပွဲဥပဒေ ကြေညာခြင်းကို နောက် ထပ် ရွှေ့ဆိုင်းထားသင့်သည်ဟု ယူဆနေကြသည်။

“အောင်သောင်းနဲ့ ကျော်ဆန်းလိုလူတွေက ရွေးကောက်ပွဲ ဥပဒေကို အခု ကြေညာသင့်တယ်လို့ ထင်တယ်။ သူတို့က သူ တို့ဘက်က လုံလုံလောက်လောက် ပြင်ဆင်မှု ရှိထားပြီလို့ သေချာပေါက် တွက်နေတာ” ဟု စစ်အစိုး ရ၏ စက်မှု (၁) ဝန်ကြီးနှင့် ပြန်ကြားရေး ဝန်ကြီးတို့ကို ရည်ညွှန်းကာ သူက ပြောကြားသွားခဲ့သည်။

သို့သော် ၁၉၉ဝ ခုနှစ် ရွေးကောက်ပွဲ ကျင်းပစဉ်က စစ်တပ်မှ ရှုံးနိမ့်ခဲ့ရသည်ကို ကြုံထားရဖူးသည့် စစ်တပ် ထိပ်တန်း ခေါင်းဆောင် နှစ်ဦးဖြစ်သော ဗိုလ်ချုပ်မှူးကြီး သန်းရွှေနှင့် ဒုတိယ ဗိုလ်ချုပ်မှူးကြီး မောင်အေးတို့ကမူ အတိုက်အခံများကို ပြင်ဆင်ချိန် အကန့်အသတ်နှင့်သာ ပေးနိုင်ရန်အတွက် ဥပဒေ ကြေညာခြင်းကို ရွှေ့ဆိုင်းထား သင့်သည်ဟု ယူဆကြသည်။

“ဒီကိစ္စက အခု လေးလပတ် အစည်းအဝေးမှာ သူတို့ ဆွေးနွေးနိုင်တဲ့ အကြောင်းအရာပဲ” ဟု သူက ဆက် ပြောသည်။

စစ်တပ်သည် ဤ လေးလပတ်အစည်းအဝေး ၃ ခုကို နှစ်စဉ် ဇန်နဝါရီ၊ မေနှင့် စက်တင်ဘာလများတွင် ကျင်းပ လေ့ရှိသည်။ သို့သော် ၂ဝဝ၈ ခုနှစ်အတွင်း စစ်တပ်က မေလတွင် ကျင်းပရမည့် အစည်းအဝေးကို ၂ ကြိမ် ဖျက် သိမ်းခဲ့သည်။ အလားတူပင် နောက်ဆုံးကျင်းပရမည့် လေးလပတ် အစည်းအဝေးကိုလည်း နိုဝင်ဘာလတွင် ပြောင်းလဲ ကျင်းပခဲ့သည်။

“ကျနော့် သဘောပြောရရင် ဒီလေးလပတ် အစည်းအဝေးတွေက အနှစ်သာရ မရှိတော့ပါဘူး။ ထိပ်တန်း စစ်တပ် ခေါင်းဆောင် အနည်းငယ်လောက်ကပဲ သူတို့ ဘာလုပ်မယ်ဆိုတဲ့ အစီအစဉ်တွေ၊ စီမံကိန်းတွေကို လက်အောက် အရာရှိတွေကို ချပြတဲ့ အစည်းအဝေး ဖြစ်နေတာ” ဟု ဦးအောင်ကျော်ဇောက ပြောသည်။

သူ့အဆိုအရ ထိပ်တန်းစစ်ခေါင်းဆောင် ၅ ဦးဖြစ်သော ဗိုလ်ချုပ်မှူး ကြီးသန်းရွှေ၊ ဒုဗိုလ်ချုပ်မှူးကြီး မောင်အေး၊ ဗိုလ်ချုပ်ကြီး သူရရွှေမန်း၊ ဝန်ကြီးချုပ် သိန်းစိန်နှင့် အတွင်းရေးမှူး (၁) သီဟသူရ တင်အောင်မြင့်ဦးတို့သည် အ စည်းအဝေး မတိုင်ခင် ကြိုတင် တွေ့ဆုံဆွေးနွေးကြပြီး လေးလပတ် အစည်းအဝေး မတိုင်ခင်ပင် အဓိကကျသော ဆုံးဖြတ်ချက်များကို ကြိုတင် ချမှတ်ထားကာ အစည်းအဝေးသို့ တက်ရောက်လာသည့် လက်အောက် အရာရှိ များကို သူတို့၏ ရှေ့အစီအစဉ်များ ရှင်းလင်းပြခြင်းသာ လုပ်သည်ဟု ဆိုသည်။

“အကြံပေးတာ၊ ဆွေးနွေးတာ ဒီအစည်းအဝေးမှာ နဲနဲပါးပါးတော့ လုပ်တယ်။ ဒါပေမဲ့ အဓိက ဆုံးဖြတ်ချက်တွေက ခုန ၅ ယောက်က အစည်းအဝေး မတိုင်ခင်ကတည်းက ကြိုချထားပြီးပြီ” ဟု ဦးအောင်ကျော်ဇောက ပြောသည်။

တပ်တွင်းနေရာ အရွှေ့အပြောင်း အများစုသည် ဤလေးလပတ် အစည်းအဝေးများ အတွင်း ဖြစ်ပွားလေ့ရှိပြီး၊ ထို လေးလပတ် အစည်းအဝေးများထဲမှ နောက်ဆုံးဖြစ်သော စက်တင်ဘာလတွင် ကျင်းပသော အစည်းအဝေးသည် အရေးအပါဆုံးဖြစ်ကာ၊ စစ်တပ်အတွင်း အဓိကကျသော နေရာ အပြောင်းအရွှေ့များကို အမြဲ ကြေညာလေရှိ သည်ဟု စစ်ရေးအကဲခတ် အများစုက ပြောကြသည်။

Read More...

အစိုးရလောင်စာဆီဈေး ပြင်ပထက်ပို

Thursday, 26 February 2009 18:52 ကြည်ဝေ
စစ်အစိုးရ အနေနှင့် ဒီဇယ်ဈေး၊ ဓာတ်ဆီ ဈေးများကို ပြင်ပ ပေါက်ဈေးအတိုင်း ရောင်းချပေးပြီး တန်ဆာခများကို လျှော့ချလိုက်လျှင် ကုန်စည် ပို့ဆောင်ခများ သိသိသာသာ ကျဆင်းသွားသဖြင့် ကုန်ဈေးနှုန်းများပါ ကျဆင်း သွားနိုင်ကြောင်း ဘုရင့်နောင်ကုန်စည်ပို့ဆောင်ရေး လုပ်ငန်းရှင်များအသင်းမှ တာဝန်ရှိသူ တဦးကပြောသည်။

လက်ရှိအခြေအနေတွင် ပြင်ပ ဒီဇယ်ဈေးမှာ တဂါလံ ၁၅၀၀ ကျပ်၊ ၁ ပီပါ ကျပ် ၇ သောင်းဈေး အထိ ပြုတ်ကျ နေသော်လည်း အစိုးရထံမှာ ဒီဇယ်ကို တဂါလံ ကျပ် ၃၀၀၀ နှင့် ၀ယ်ယူနေရကြောင်း ကုန်စည်ပို့ဆောင်ရေး လုပ် ငန်းရှင်အသင်းမှ တာဝန်ရှိသူက ပြောသည်။

“မြန်မာနိုင်ငံမှာ ကုန်ဈေးနှုန်းတွေက သိသိသာသာမကျဘူးဆိုတာ အဲဒါကြောင့်ပဲ၊ ဆီဈေးက အပြင်မှာသာ ကျ နေတာ၊ အစိုးရက ချမှ ချမပေးတာ ကျနော်တို့က အစိုးရဈေးနဲ့ပဲ ၀ယ်သုံးနေရတယ်။ အစိုးရသာ ဆီဈေး ချပေး လိုက် ကုန်ဈေးနှုန်းက ပြုတ်ကျသွားမှာ” ဟု အဆိုပါ လုပ်ငန်းရှင်က ပြောဆိုသည်။

မြန်မာနိုင်ငံတွင် လောင်စာဆီနှင့်ပတ်သက်ပြီး အစိုးရကသာ ချုပ်ကိုင်ထားသဖြင့် ယာဉ်ပိုင်ရှင်များမှာ အစိုးရ သတ်မှတ်သော နှုန်းအတိုင်း ဆီဝယ်ယူသုံးစွဲရကြရသည်။ တချို့မှာ အပြင်ဆီဈေးနှင့် အစိုးရ ဆီထုတ်ဈေး ထက် ၀က်ခန့် ကွာနေသောကြောင့် အပြင်ဆီကို ၀ယ်ယူသုံးစွဲလိုသော်လည်း အစိုးရဆီကို ခွဲတမ်းပြည့်အောင် ၀ယ်ယူ နေရကြောင်း သိရသည်။

“တော်တော်များများကတော့ အပြင်ဆီကို များများဝယ်ပြီး အစိုးရဆီကို လျှော့ထုတ်ကြတယ်။ အစိုးရဆီက လုံးဝ မထုတ်ရင်လည်း ဆီစာအုပ်သိမ်းမယ်လို့ ကြားနေတော့ ပုံမှန် ထုတ်ပေးနေရတယ်” ဟု ရန်ကုန်မြို့မှ ယာဉ်ပိုင်ရှင် တဦးက ဆိုသည်။

၂၀၀၈ခုနှစ် စက်တင်ဘာလအထိ ဒီဇယ်ဈေးမှာ တပီပါ ကျပ် ၃ သိန်း ၀န်းကျင်ထိ ဈေးရှိခဲ့သော်လည်း ကမ္ဘာ့ရေနံ ဈေးနှုန်း ကျဆင်းမှုနှင့်အတူ ပြည်တွင်း လောင်စာဆီဈေးမှာ တပီပါ ကျပ် ၇ သောင်းအထိ ကျဆင်းခဲ့သည်။

လက်ရှိအခြေအနေတွင် ကားပိုင်ရှင်များသည် အစိုးရဆီကို ပုံမှန် သွားမထုတ်ကြတော့ဘဲ အပြင်ဆီဆိုင်များမှသာ ၀ယ်သုံးနေကြသောကြောင့် အစိုးရ ဆီဆိုင်များက ပုံမှန်ဆီလာမထုတ်သော ယာဉ်များကို ဆီစာအုပ် သိမ်းမည်ဟု ခြိမ်းခြောက်လျက်ရှိကြောင်း ယာဉ်ပိုင်ရှင်များထံမှ သိရှိရသည်။

“အစိုးရက ဆီဈေးတက်တုန်းကတော့ လိုက်တယ်တယ်။ အခု ဆီဈေးတွေကျတော့ သူက ချမပေးဘူး၊ ချပေး လိုက်ရင် ကုန်ဈေးနှုန်းတွေက ခုထက်ပိုကျသွားမှာ” ဟု ရန်ကုန်မှ သတင်း ဂျာနယ်အယ်ဒီတာ တဦးက ပြောဆို ဝေဖန်သည်။

ရန်ကုန်မြို့မှ အနယ်နယ်အရပ်ရပ်သို့ ကုန်စည်ပို့ဆောင်နေသော ကုန်တင်ယာဉ်များသည် ဆီကို အစိုးရထုတ် ဈေးနှင့်သာ ၀ယ်ယူကြရသကဲ့သို့ လမ်းကြေး၊ တံတားကြေး များကိုလည်း ယခင်အတိုင်းသာ ကောက်ခံနေခြင်း ဖြစ်သည့်အတွက် ကုန်စည်ပို့ဆောင်ခများမှာ ယခင်ထက် ၅ ရာခိုင်နှုန်းခန့်သာ ကျဆင်း နေရခြင်း ဖြစ်ကြောင်း သိရှိရသည်။

ရန်ကုန်မှ မန္တလေးသို့ ကုန်စည်ပို့ဆောင်ရာ အဝေးပြေး လမ်းတလျှောက်တွင် ၄၈ မိုင် အကွာအဝေးတိုင်း၌ ဂိတ် တဂိတ်ကျ ထားရှိနေပြီး၊ တန် ၂၀ အထက်ကို တတန်လျှင် ကျပ် ၂၀၀ နှုန်းဖြင့်ကောက်ခံလျက်ရှိသည်။

တံတားဖြတ်သန်းခများမှာလည်း ဆယ်ဘီကားတစင်းလျှင် ကျပ် ၄ သောင်းမှ ကျပ် ၈ သောင်းအထိ ကောက်ခံ နေကြသောကြောင့် ကုန်စည်သယ်ယူ ပို့ဆောင်ရေးစရိတ်များမှာ ကျဆင်းခြင်းမရှိဘဲ ယခင်အတိုင်းပင် ဖြစ်နေရ ကြောင်း သိရှိရသည်။

ယခုအခါ ကုန်စည်ပို့ဆောင်ခမှာ တပိဿာကို ကျပ် ၃၀ နှုန်းနှင့် တတန်ကို ကျပ် ၁၆၀၀၀ ၀န်းကျင် ပေါက်ဈေး ရှိပြီး ယခင်က တတန်လျှင် ကျပ် ၁၈၀၀၀ ဈေး ပေးဆောင်ခဲ့ရကြောင်း သိရှိရသည်။

လက်ရှိဆီဈေးမှာ ယခင်ကထက် ၃ ဆခန့် ကျဆင်းသွားသော်လည်း ကုန်စည်ခ နှုန်းထားများမှာမူ ယခင်ကထက် ၅ ရာခိုင်နှုန်း ခန့်သာ ကျဆင်းလျက်ရှိပြီး ကုန်ဈေးနှုန်းများ မှာလည်း ယခင်ဈေးထက် ၅ ရာခိုင်နှုန်းခန့်သာ ကျဆင်းသွားသည်ကို တွေ့မြင်ရသည်။

ယခင်ဆီဈေးတွေ မကျခင်တုန်းက ၂၀၀၈ စက်တင်ဘာလအတွင်း ဆန်အိတ်တအိတ်၏ သယ်ယူပို့ဆောင် စရိတ် မှာ ၇၀၀ ကျပ်ဖြစ်ပြီး ယခုတွင်မူ ဆန်အိတ်တအိတ်၏ သယ်ယူပို့ဆောင် စရိတ်မှာ ၆၅၀ ကျပ်ဖြစ်ကြောင်း ဘုရင့် နောင် ပွဲရုံများမှ ကြားသိရသည်။

အခြေခံကုန်ပစ္စည်းများတွင် သယ်ယူပို့ဆောင် စရိတ်သည်လည်း အရေးပါသောကြောင့် သယ်ယူပို့ဆောင်ခများ လျော့ကျသွားပါမှ ကုန်ပစ္စည်းများ၏ ဈေးနှုန်းများ သိသိသာသာ လျော့ကျသွားနိုင်ကြောင်း ကုန်သည်များက ပြောဆိုသည်။

“အခုလက်ရှိအခြေအနေမှာ ကုန်ပစ္စည်းတွေပဲ ဈေးကျပြီး သယ်ယူခတွေက မကျဘူး သယ်ယူပို့ဆောင်ရေး စရိတ် တွေပါကျမှ ကုန်ဈေးနှုန်းက ပြုတ်ကျသွားမှာ” ဟု ကုန်သည်တဦးက ပြောဆိုသည်။

လက်ရှိမြန်မာနိုင်ငံတွင် ကမ္ဘာ့ စီးပွားရေး အကြပ်အတည်း၏ သက်ရောက်မှုကြောင့် စီးပွားရေး လုပ်ငန်းများ ထိခိုက်လျက်ရှိပြီး အလုပ်သမားများ၊ စီးပွားရေး လုပ်ငန်းရှင်များ ၀င်ငွေလျော့ကျနေချိန်တွင် အထွေထွေ ကုန် ဈေးနှုန်းများ ကျဆင်းပါမှသာ ခံသာမည်ဖြစ်ကြောင်း စီးပွားရေး တက္ကသိုလ်မှ ပါမောက္ခတဦးက သုံးသပ် သည်။

“ကုန်စည် သယ်ယူစရိတ်တွေ လျှော့ချပေးရမယ်၊ နောက် ဘတ်စ်ကားတွေမှာလည်း ကားခတွေက ပြီးခဲ့တဲ့၂၀၀၇ လောင်စာဆီဈေးတက်တုန်းက နှုန်းတွေပဲ ဖြစ်နေတာကို လျှော့ပေးမှ အဆင်ပြေနိုင်ဖို့ ခုလို ၀င်ငွေနည်းချိန်မှာ ဒါ တွေမလျှော့ရင် လူတွေပိုဒုက္ခရောက်တာပေါ့” ဟု သူက ဆိုသည်။

မြန်မာစစ် အစိုးရသည် ၂၀၀၇ ခုနှစ် သြဂုတ်လ ၁၅ ရက်မှ စတင်ပြီး လောင်စာဆီ ဈေးများကို ယခင် ၁ ဂါလံ ၁၅၀၀ ကျပ်ရောင်းနေရာမှ တဂါလံ ၃၀၀၀ ကျပ် အထိ မြှင့်တင်လိုက်ခြင်းဖြစ်ပြီး ကမ္ဘာ့လောင်စာဆီဈေး ကျဆင်း သွားသော်လည်း ထိုဈေးအတိုင်းပင် ဆက်လက်ရောင်းချလျှက်ရှိကြောင်း သိရှိရသည်။

Read More...

စီးပွားရေးဒဏ်ခတ်မှုဥပဒေ ရုတ်သိမ်းအောင် အန်အယ်လ်ဒီလုပ်ရန်မလို

မင်းနိုင်သူ /၂၆ ဖေဖော်ဝါရီ ၂၀၀၉
မြန်မာနိုင်ငံအပေါ် စီးပွားရေးပိတ်ဆို့ အရေးယူထားမှုများသည် အန်အယ်လ်ဒီပါတီက ပြုလုပ်ထားခြင်း မဟုတ် သည့်အတွက် ပါတီဘက်မှ ရုတ်သိမ်းပေးရမည့် ကိစ္စရပ်များမဟုတ်ကြောင်း ပါတီပြောခွင့်ရ ပုဂ္ဂိုလ်က ခေတ်ပြိုင် သို့ ပြောသည်။

လွန်ခဲ့သော ရက်ပိုင်းများအတွင်း အန်အယ်လ်ဒီပါတီမှ ထုတ်ပြန်ခဲ့သော ကြေငြာချက်အမှတ် (၂/၀၂/၀၉) ၌ စီးပွားရေး ကိစ္စရပ်များနှင့် စပ်လျဉ်းသော ဖော်ပြချက်ပါ စာသားကြောင့် အဓိပ္ပါယ် ရောထွေးမှုများ ဖြစ်ပေါ် လာရသဖြင့် ခေတ်ပြိုင်က ဆက်သွယ်မေးမြန်းရာ ပါတီပြောခွင့်ရပုဂ္ဂိုလ် ဦးဥာဏ်ဝင်းက ယင်းကဲ့သို့ ပြောဆိုခဲ့ ခြင်းဖြစ်သည်။

“အဲဒါကို တချို့မီဒီယာတွေရော၊ နိုင်ငံရေးအင်အားစုတွေရော အဓိပ္ပါယ်ကောက် လွဲမှာစိုးလို့ ပြန်လည်ပြင် ဆင်ချက် ထုတ်ထားပြီးပါပြီ။ အန်အယ်လ်ဒီ ပါတီအနေနဲ့က စီးပွားရေး ပိတ်ဆို့မှုတွေကို ထောက်ခံတာလည်း မရှိ ဘူး။ ကန့်ကွက် တာလည်းမရှိဘူး။ ဒါတွေဟာ သက်ဆိုင်ရာ နိုင်ငံတွေက သူ့သဘောနဲ့သူ ဆောင်ရွက်ခဲ့ကြတာပါ။ အဲဒီတော့ ရုတ်သိမ်းပါဆိုတဲ့ဟာ ကျနော်တို့ လုပ်ထားတာ မဟုတ်တဲ့အတွက် ရုတ်သိမ်းလို့မရဘူး။ ဒီဥစ္စာက တိုင်း ပြည်နဲ့ လူထုအတွက် အကျိုးမရှိဘူးလို့ ယူဆလို့ရှိရင် အစိုးရနဲ့ ပူးပေါင်းဆောင်ရွက်ပါ့မယ်လို့ ဒီလိုအကြံပြုတာပါ” ဟု ဦးဥာဏ်ဝင်းက ပြောသည်။

အန်အယ်ဒီက စီးပွားရေး ဒဏ်ခတ်ပိတ်ဆို့မှု ဥပဒေကို ပြဌာန်းသည့်အဖွဲ့အစည်း မဟုတ်သော်လည်း တချိန်က မြန်မာစစ်အစိုးရအပေါ် နိုင်ငံတကာက စီးပွားရေးပိတ်ဆို့ အရေးယူဖို့ ဒေါ်အောင်ဆန်းစုကြည် ကိုယ်တိုင် တောင်းဆိုခဲ့သည့် သာဓကရှိသည်။

၁၉၉၆ ခု ဇူလိုင်လတွင် အီးယူ ပါလီမန် အမတ်များအား ပြသရန်အတွက် မြန်မာနိုင်ငံမှ ခိုးထုတ်လာသည့် ဒေါ်အောင်ဆန်းစုကြည်၏ ဗီဒီယိုတိတ်ခွေထဲမှာ မြန်မာနိုင်ငံအပေါ် နိုင်ငံတကာက ဒဏ်ခတ် ပိတ်ဆို့ဖို့ တောင်း ဆိုသည့်အကြောင်း ၁၉၉၆ ခု ဇူလိုင် (၁၈) ရက်နေ့စွဲပါ ဘရပ်ဆဲမှ လာသည့် ရိုက်တာ သတင်းမှာ ဖော်ပြ ထား သည်။ မြန်မာနိုင်ငံကို စီးပွားရေး ဒဏ်ခတ်သည့်အတွက် အခွင့်ထူးခံ လူတန်းစားကိုသာ ထိခိုက်မှာဖြစ်ပြီး လူထု ကို မထိခိုက်နိုင်ကြောင်း အဆိုပါ ဗီဒီယိုတိတ်ခွေထဲမှာ ဒေါ်အောင်ဆန်းစုကြည်က ပြောထားသည်။

၁၉၉၇ ခု ဖေဖော်ဝါရီလမှာလည်း မြန်မာစစ်အစိုးရအပေါ် ဒဏ်ခတ်ပိတ်ဆို့ဖို့အတွက် ရန်ကုန်အခြေစိုက် နိုင်ငံ ခြားသတင်းထောက်များနှင့် တွေ့ဆုံရာတွင် ဒေါ်အောင်ဆန်းစုကြည်ကိုယ်တိုင် မေတ္တာရပ်ခံခဲ့သည့် အကြောင်း ၁၉၉၇ ခု ဖေဖော်ဝါရီ (၃) ရက်နေ့စွဲပါ ရန်ကုန်မှာလာသည့် အေပီ သတင်း၌ ဖော်ပြထား သည်။ အဆိုပါ သတင်း များကို ပြည်ပ မြန်မာဘာသာ ရေဒီယိုများမှလည်း ထုတ်လွှင့်ခဲ့သည်။

မြန်မာနိုင်ငံအပေါ် အမေရိကန် စီးပွားရေး ဒဏ်ခတ်မှုသည် စစ်အစိုးရအား နိုင်ငံရေးပြောင်းလဲရန် သြဇာ မ ညောင်းခဲ့သည့်အတွက် အဆိုပါ ဒဏ်ခတ်မှု ပေါ်လစီကို ပြန်လည်သုံးသပ်ဖို့ ရှိသည်ဟု အမေရိကန် နိုင်ငံခြား ရေးဝန်ကြီး ကလင်တန်က ပြောခဲ့သော်လည်း စီးပွားရေး ဒဏ်ခတ်မှု ဥပဒေကို ရုတ်သိမ်းမည်ဟု တိတိကျကျ ပြောခဲ့ခြင်းမရှိပေ။ သို့သော် မြန်မာစစ်အစိုးရအပေါ် စီးပွားရေး ဒဏ်ခတ်မှု ဥပဒေကို ပြင်ဆင်ဖို့ ကြိုးစားသည်နှင့် အမေရိကန် ကွန်ဂရက်မှာ အတိုက်အခံအင်အားနှင့် ကြုံရနိုင်သည်ဟု ၀ါရှင်တန်ပိုစ့် သတင်းစာကြီးက ထောက် ပြထားသည်။

Read More...

လုပ်အားခ ထက်ဝက်ဖြင့် လုပ်အားပေး

ငြိမ်းချမ်း
ကြာသပတေးနေ့၊ ဖေဖေါ်ဝါရီလ 26 2009 19:05 - မြန်မာစံတော်ချိန်


ဒါကာ (မဇ္ဈိမ)။ ။ နွေစပါးစိုက်ရန်အတွက် ပေါက်ဈေး လုပ်အားခ ထက်ဝက်ခန့်ဖြင့် ရခိုင်ပြည်နယ် ကျောက် တော်မြို့နယ် အတွင်းရှိ ကျေးရွာတချို့မှ ရွာသားများကို နယ်မြေခံ စစ်တပ်က အဓမ္မ ခိုင်းစေနေသည်။

ပြင်ပလုပ်ငန်းများတွင် လူတဦးလျှင် တရက်လုပ်ခ ကျပ် တထောင်မှ ၁၂ဝဝ အတွင်း ရရှိနေချိန် ပြိုင်းချောင်း ရေလှောင်တမံ အနီးရှိ လယ်မြေများအား တပ်ရန်ပုံငွေအဖြစ် စပါးစိုက်ပျိုးရာ ဒေသခံ ရွာသားများအား တဦးလျှင် ကျပ် ၅ဝဝ နှုန်းဖြင့် အဓမ္မခေါ်ယူ ခိုင်းစေနေကြောင်း မျက်မြင်သက်သေများက ပြောဆိုခြင်းဖြစ်သည်။

“ကိုယ်ကြိုက်တဲ့ အလုပ်ကို အဆင်ပြေသလို လုပ်စားလို့ မရဘူး။ သူတို့ခေါ်တာကိုပဲ သွားရတယ်။ လုပ်ခနည်းလို့ မသွားဘူးဆိုရင်လည်း ဖမ်းမယ်၊ ရိုက်မယ်လို့ ခြိမ်းခြောက်တော့ ဘယ်ကိုမှလည်း မတိုင်ရဲဘဲ သူတို့ခေါ်တာကိုပဲ သွားလုပ်ကြရတယ်” ဟု အဆိုပါ ဒေသတွင်းမှ ယင်းမရွာသား ကိုဌေးနိုင်က မဇ္ဈိမကို ပြောသည်။

အနောက်ပိုင်းတိုင်း စစ်ဌာနချုပ် - နပခ တိုင်းမှူး၏ ခိုင်းစေချက်အရ နွေစပါး စိုက်ပျိုးခိုင်းနေသော တပ်ရင်းများမှာ စစ်တွေမြို့ အခြေစိုက် အမှတ် ၈၂၈ ထောက်ပံ့ရေးနှင့် ပို့ဆောင်ရေး တပ်ဆွယ်၊ ခမရ ၂၇ဝ၊ ခလရ ၂ဝ၊ ပလက် ဝမြို့ အခြေစိုက် ခလရ ၂၈၉ နှင့် နပခ လက်အောက်တပ်များဖြစ်သည့် ခမရ ၂၃၂၊ ခမရ ၃၄၄၊ ခမ၇ ၃၅၄ တို့မှ တပ်သားများ စေလွှတ်ကြရခြင်းဖြစ်ကြောင်း သူက ဆက်ပြောသည်။

ကျောက်တော်မှ ကိုသိန်းမြိုင် အဆိုအရ တရက်လျှင် လူဦးရေ ၂ဝဝ ကျော်အား ခေါ်ယူ ခိုင်းစေနေခြင်းဖြစ်ပြီး၊ ကျောက်တော်မြို့နယ် ပြိုင်းချောင်း ကျေးရွာအုပ်စုအတွင်းမှ ပြိုင်းချောင်း၊ ပေထု၊ ယင်းမပင်၊ ပြိုင်တောင် အပါ အဝင် ကျေးရွာ ၁ဝ မှ ဒေသခံ ပြည်သူအားများကို ခိုင်းစေနေခြင်း ဖြစ်ကြောင်း သိရသည်။

စစ်တပ်ရန်ပုံငွေအတွက် စပါးစိုက်ပျိုးပေးရသော လယ်ယာမြေများမှာ ကျောက်တော်မြို့ မြောက်ဘက် ၁၆ မိုင်ခန့် တွင် တည်ရှိသည်။

အဆိုပါ မြေယာဧက တထောင်ခန့်မှာ ဒေသတွင်းရှိ ကျေးရွာသားများ ဘိုးစဉ်ဘောင်ဆက် ထွန်ယက်စိုက်ပျိုးခဲ့ သော မြေများဖြစ်ကာ၊ ၂ဝဝ၅ ခုနှစ်ဝန်းကျင်က ပြိုင်ချောင်းရေလှောင်တမံ ဆောက်လုပ်စဉ် နပခ မှ အဓမ္မသိမ်း ယူပြီး လက်အောက်ခံ တပ်ရင်းများအား လုပ်စားပိုင်ခွင့် ပေးခဲ့ခြင်းဖြစ်ကြောင်း ကိုသိန်းမြိုင်က ပြောသည်။

သူက “ပြည်သူတွေကဗျာ၊ နဂိုကတည်းက စီးပွားရေးကျပ်တည်းလို့ ဘက်စုံ အခက်အခဲနဲ့ ကြုံတွေ့နေရချိန်မှာ အာဏာပိုင်တွေ စိတ်ထင်တိုင်း နိုင့်ထက်စီးနင်း လုပ်တဲ့အခါ ပိုပြီး ဒုက္ခရောက်တယ်။ အခက်အခဲတွေ့ကြတယ်” သူက ပြောသည်။

Read More...

အာဆီယံသည် စစ်အစိုးရကို အရေးယူရန် ပျက်ကွက်ဟု လူ့အခွင့်အရေးအဖွဲ့ပြော

ကိုဝိုင်း
ကြာသပတေးနေ့၊ ဖေဖေါ်ဝါရီလ 26 2009 17:56 - မြန်မာစံတော်ချိန်


ချင်းမိုင် (မဇ္ဈိမ)။ ။ မြန်မာစစ်အစိုးရသည် ကလေးစစ်သားများ အသုံးပြုနေဆဲဖြစ်ပြီး ကလေးသူငယ်များ အခွင့်အရေးကို လိုက်နာ စောင့်ထိန်းရန် ပျက်ကွက်နေသော်လည်း အာဆီယံ အဖွဲ့ဝင်နိုင်ငံများ အနေဖြင့် ဝိုင်း ဝန်း အရေးယူ ဆောင်ရွက်ခြင်း မရှိကြောင်း ထိုင်းနိုင်ငံအခြေစိုက် လူ့အခွင့်အရေးအဖွဲ့ တဖွဲ့က ယနေ့ ပြောဆို လိုက်သည်။

ထိုင်းနိုင်ငံ ဘန်ကောက်မြို့၌ မြန်မာ့အရေး ဆောင်ရွက်နေသည့် အာဆီယံ လွှတ်တော်အမတ်များအဖွဲ့ AIPMC မှ စီစဉ်သော အစည်းအဝေး ယနေ့ ကျင်းပပြီးနောက် လူ့အခွင့်အရေး ပညာပေးဌာန (မြန်မာနိုင်ငံ) HREIB မှ ဒါရိုက်တာ ဦးအောင်မျိုးမင်းက ယခုလို ပြောဆိုခြင်း ဖြစ်သည်။

ကလေးစစ်သားအသုံးပြုခြင်း၊ ကလေးများကို သတ်ဖြတ်ခြင်း၊ အရွယ်မရောက်သေးသည့် ကလေးများကို လိင်ပိုင်း ဆိုင်ရာ စော်ကားခြင်း၊ ကလေးများ၏ စာသင်ကျောင်းများနှင့် ဆေးရုံများကို ပစ်မှတ်ထားတိုက်ခိုက်ခြင်း၊ ကလေး များကို ပြန်ပေးဆွဲခြင်း သာမက လူသားချင်း စာနာမှုအကူအညီများကို ခွင့်မပြုခြင်း စသည့် အချက် ၆ ချက်ကို အဖွဲ့ဝင်နိုင်ငံတိုင်း မဖြစ်မနေ ရှောင်ကြဉ်ရမည်ဟု ကုလသမဂ္ဂ လုံခြုံရေးကောင်စီ ဆုံးဖြတ်ချက်အမှတ် ၁၆၁၂ တွင် ပြဌာန်းထားသည်။

“အဲဒီ အချက် ၆ ချက်ကို ကုလသမဂ္ဂအဖွဲ့ဝင် ဘယ်နိုင်ငံကမှ မကျူးလွန်ရဘူး။ ကျူးလွန်လို့ရှိရင် ဝိုင်းဝန်းအရေး ယူဖို့ လိုတယ်လို့ အတိအကျ ပြဋ္ဌာန်းထားတယ်။ မြန်မာနိုင်ငံမှာတော့ အဲဒီ ၆ ချက်လုံး အတိအကျ ကျူးလွန် နေပေမယ့် အာဆီယံ နိုင်ငံတွေက ဒီဟာကို သိပ်ပြီး အရေးယူဆောင်ရွက်တာ၊ စိတ်ဝင်စားတာ မရှိတဲ့အတွက် မြန်မာနိုင်ငံက ဆက်ပြီးတော့ ကျူးလွန်နေတယ်” ဟု ဦးအောင်မျိုးမင်းက ပြောသည်။

“ ဒီအဖြစ်အပျက်တွေက ဖြစ်နေတာ ကြာခဲ့ပါပြီ။ မကြာခင်ကပဲ မြန်မာနိုင်ငံရဲ့ ကရင်ဒေသ၊ ရှမ်းဒေသတွေမှာ အဲဒီအချက်တွေကျူးလွန်တယ်။ ရွှေ့ပြောင်းပုန်းအောင်းနေရတဲ့ ပြည်တွင်းဒုက္ခသည်ဒေသတွေက ကလေးတွေ၊ ကျောင်းတွေကို တမင်ဖျက်တာတွေ၊ ကျောင်းတက်နေတဲ့ကလေးတွေ ကျောင်းဆရာ-မ တွေကို နှိပ်စက်တာ တွေ” ဟု သူက ထပ်ပြောသည်။

ဘန်ကောက်မြို့၌ ယခုလ ၂၇ ရက်နေ့တွင် ကျင်းပမည့် အာဆီယံအစည်းအဝေးသို့ တက်ရောက်လာမည့် အဖွဲ့ ဝင်နိုင်ငံများမှ အစိုးရကိုယ်စားလှယ် ဝန်ကြီးများကို AIPMC ကိုယ်စားလှယ်တဖွဲ့က အလွတ်သဘော တွေ့ဆုံ၍ မြန်မာ့အရေးကိစ္စများကို ပြောဆိုဆွေးနွေးရာ အချက်အလက်အမှန်များ ရယူနိုင်ရေး ရည်ရွယ်၍ ယနေ့ အစည်းအဝေးကို ကျင်းပကြခြင်းဖြစ်သည်။

“ကရင် တပ်မဟာ (၃) နယ်ထဲက အိုင်ဒီပီဒေသ ကျောက်ကြီးခရိုင်ထဲမှာ ကျောင်းတွေကို မီးရှို့တာက ၂၀၀၈ ခု နှစ်ကုန်ပိုင်းမှာဖြစ်တာ။ တွေ့သမျှကျောင်းတွေအကုန်လုံးကို မီးရှို့တာ။ ကလေးတွေက ကျောင်းတက်နေတဲ့ နေရာကနေ ထွက်ပြေးရတယ်။ ပြန်လာတော့ ကျောင်းမရှိတော့ဘူး” ဟု ကိုအောင်မျိုးမင်းက ပြောသည်။

AIPMC အဖွဲ့ ဥက္ကဋ္ဌ မစ္စတာ ကရိုင်စက် ချွှန်ဟာဗန်နှင့် ထိုင်းတရားရေးဝန်ကြီး မစ္စတာ Pirapan တို့က အဖွင့်စကားပြောသည့် ယနေ့ အစည်းအဝေးသို့ ထိုင်းနိုင်ငံ လူ့အခွင့်အရေးကော်မရှင်၊ Action Network for Migrants ၊ AAPP-B၊ FDB အဖွဲ့များမှ ကိုယ်စားလှယ်များအပြင် သက်ဆိုင်ရာ ကျွမ်းကျင်သူများလည်း တက် ရောက် ဆွေးနွေးခဲ့သည်။

ကလေးများကို စစ်သားများအဖြစ် အသုံးပြုခြင်းဖြင့် ရာဇဝတ်မှုကျူးလွန်နေပြီး ကုလသမဂ္ဂ လုံခြုံရေးကောင်စီ ဆုံးဖြတ်ချက်ကို ချိုးဖောက်နေသော နအဖ အား အာဆီယံ အဖွဲ့ဝင်နိုင်ငံများအနေဖြင့် ရင်းနှီးစွာ ပေါင်းသင်းခြင်း မပြုရန်နှင့် သံတမန်ရေးအရ ထောက်ပံ့ပေးနေမှုများကို ရုတ်သိမ်းပေးရန်လည်း ဦးအောင်မျိုးမင်းက ယနေ့ အစည်းအဝေးမှတဆင့် တောင်းဆိုခဲ့သည်။

အာဆီယံ ၁၀ နိုင်ငံအတွင်း ချမှတ်ထားသည့် အဖွဲ့ဝင်နိုင်ငံတနိုင်ငံ၏ အရေးကို ဝင်ရောက်မစွက်ဖက်ရေးမူ ‘non-interference’ နှင့် အဖွဲ့ဝင်နိုင်ငံများအားလုံး သဘောတူမှ ဆုံးဖြတ်ချက်ချမှတ်သည့် မူများသည်လည်း မြန်မာ့နိုင်ငံရေး ပြဿနာများကို ဝင်ရောက်ကူညီဖြေရှင်းပေးရန် အခက်အခဲ အတားအဆီးများဖြစ်သည်ဟု သူက ဆိုသည်။

ယခုလ အာဆီယံအစည်းအဝေးသို့ တက်ရောက်လာမည့် အစိုးရကိုယ်စားလှယ် ဝန်ကြီးများက ဆွေးနွေးဖွယ်ရှိ သည့် အာဆီယံ ပဋိညာဉ်စာချုပ်အတွင်း၌လည်း စီးပွားရေး၊ လူမှုရေးနှင့် ယဉ်ကျေးမှုများကိုသာ အဓိကထားပြီး လူ့အခွင့်အရေးနှင့် ပတ်သက်၍မူ အဖွဲ့ဝင်နိုင်ငံတနိုင်ငံက ချိုးဖောက်လျှင် သွားရောက်စုံစမ်းနိုင်သည့် အခွင့် အလမ်းပင် သတ်မှတ်ထားခြင်း မရှိသောကြောင့် မြန်မာနိုင်ငံ၏ လူ့အခွင့်အရေး ကိစ္စများအတွက် အားကိုးရမည့် အနေအထားမရှိကြောင်း သိရသည်။

မြန်မာနိုင်ငံသည် ကုလသမဂ္ဂ ကလေးများဆိုင်ရာ အခွင့်အရေးစာချုပ် CRC Convention on the Rights of the Child ကို လက်မှတ်ထိုးထားသည်။ CRC ၏ အပိုဒ် ၃၈ တွင် အသက် ၁၅ နှစ်အောက် ကလေးများကို စစ်သားအဖြစ် သွပ်သွင်းခြင်း မပြုရန် တားမြစ်ထားသည်။ မြန်မာနိုင်ငံ၏ စစ်မှုထမ်းဥပဒေအရလည်း အသက် ၁၈ နှစ်အောက် ကလေးများကို စစ်သားအဖြစ် မစုဆောင်းရန် ပြဋ္ဌာန်းထားသေးသည်။

သို့သော် ကမ္ဘာ့အလုပ်သမားအဖွဲ့ချုပ် ILO အပါအဝင် အစိုးရမဟုတ်သော အဖွဲ့အစည်းများက မြန်မာစစ်တပ် အတွင်း၌ ကလေးစစ်သားများ ရှိကြောင်း ပြောဆိုဝေဖန်မှုများ ရှိသကဲ့သို့၊ မြန်မာစစ်တပ်မှ ကလေးစစ်သား တပ်ပြေးများလည်း နယ်စပ်ဒေသများသို့ ထွက်ပြေးလာသည့် သတင်းများ ထွက်ပေါ်လေ့ရှိသည်။

Read More...

စစ်ခေါင်းဆောင်တွေကို ဘန်ကီမွန်းက အကျပ်ကိုင်ခိုင်းလို့မရဟု ဂမ်ဘာရီပြော

NEJ /၂၆ ဖေဖော်ဝါရီ ၂၀၀၉

မြန်မာ့အရေး ဆောင်ရွက်ရာမှာ ကုလသမဂ္ဂ အထွေထွေအတွင်းရေးမှူး ဘန်ကီမွန်းက မြန်မာစစ်ခေါင်းများအား လုပ်သင့်သည်များကို အတင်းအကျပ်ခိုင်း၍မရဘဲ တိုက်တွန်းသည့်နည်း၊ ဆွဲဆောင်သည့်နည်းမျိုးဖြင့်သာ လုပ် ကိုင်နိုင်ကြောင်း မစ္စတာ ဂမ်ဘာရီက ထုတ်ဖော်ပြောဆိုသည်။

မြန်မာ့အရေး ကူညီဆောင်ရွက်ပေးရသည့် ကိစ္စသည် အပတ်တကုတ် အားထုတ်ရသည့် အလုပ်ဖြစ်ကြောင်း အချို့အသိုင်းအ၀ိုင်းများက နားလည်ပုံမရ ဖြစ်နေသည်ဟု ကုလသမဂ္ဂ သတင်းဌာနနှင့် တွေ့ဆုံရာတွင် ဂမ်ဘာ ရီက ပြောဆိုခဲ့သည်။

မြန်မာနိုင်ငံသို့ (၇) ကြိမ်တိုင် သွားရောက်ခဲ့သော်လည်း တကြိမ်သွားတိုင်း မျှော်လင့်ချက်တွေ များနေကြောင်း သတိထားမိသည်ဟုပါ ဂမ်ဘာရီက ပြောသည်။

“အဲသလို မျှော်လင့်ချက်တွေများနေတာ ကိုင်တွယ်ဖို့ဆိုရင် ခုလိုဆောင်ရွက်နေတာဟာ ဖြစ်စဉ်သာဖြစ်ပြီး အဖြစ် အပျက် မဟုတ်ဘူးဆိုတာ မြင်တတ်ဖို့ပါပဲ။ ဒီလိုကိစ္စမျိုးကို နည်းနည်းပါးပါး ခရီးသွားလိုက်တာနဲ့ ဆုံးဖြတ်လို့ မရပါ ဘူး။ ဖြေးဖြေးချင်း တိုးတက်မှုကို တည်ဆောက်ယူရမှာပါ” ဟု ဆက်ရှင်းပြသည်။

Read More...

Thursday, February 26, 2009

စစ်အစိုးရ လူ့အခွင့်အရေး ချိုးဖေါက်မှု အမေရိကန် အပြင်းအထန် ဝေဖန်

26 February 2009

အမေရိကန် နိုင်ငံခြားရေး ၀န်ကြီးဌာနက ၂၀၀၇ခုနှစ်အတွက် လူ့အခွင့်အရေး ချိုးဖောက်မှု အစီရင်ခံစာကို ဗုဒ္ဓဟူးနေ့က ထုတ်ပြန်ခဲ့ပြီး မြန်မာနိုင်ငံရဲ့ လူ့အခွင့်အရေး အခြေအနေဟာ သိသိသာသာ ဘာမှ တိုးတက် လာတာကို မတွေ့ရဘဲ ဖိနှိပ်မှုတွေ ပိုပြီးတော့ တိုးပွါးလာဖို့ တွေ့ရတယ်လို့ အစီရင်ခံစာကို ရေးသားသူ ခယ်ရန် စတီးဝက် က ပြောပါတယ်။ အမေရိကန် အစိုးရဟာ သူတို့ရဲ့ မြန်မာနိုင်ငံဆိုင်ရာ မူဝါဒ တွေကို လည်း ပြန်လည် သုံးသပ်နေတယ်လို့ ဆိုပါတယ်။ အပြည့်အစုံကို ဒေါ်ခင်မျိုးသက် က တင်ပြထားပါတယ်။

နိုင်ငံပေါင်း ၁၉၀ ၂၀၀၈ခုနှစ်အတွက် လူ့အခွင့်အရေး အခြေအနေတွေကို စောင့်ကြည့် လေ့လာခဲ့တဲ့ အမေရိ ကန် နိုင်ငံခြားရေး ၀န်ကြီး ဌာနက အာရှက နိုင်ငံတွေထဲမှာ ကွန်မြူနစ် တရုတ်နိုင်ငံ၊ မြောက်ကိုရီးယား၊ ဗီယက် နမ်နဲ့ စစ်အစိုးရ အုပ်ချုပ်တဲ့ မြန်မာနိုင်ငံတွေမှာ လူ့အခွင့်အရေး အခြေအနေတွေဟာ သိပ်ကို ဆိုးရွား နေတယ်လို့ ဗုဒ္ဓဟူးနေ့က ထုတ်ပြန်ခဲ့တာပါ။ မြန်မာနိုင်ငံရဲ့ ၂၀၀၈ခုနှစ်အတွင်း လူ့အခွင့်အရေး ချိုး ဖောက်မှုတွေနဲ့ ပတ်သက် တဲ့ အစီရင်ခံစာဟာ စာမျက်နှာ၄၀ လောက်ရှိပြီး လူ့အခွင့်အရေး ချိုး ဖောက်ခံရမှုတွေအတွက် အပိုင်း ၆ပိုင်းခွဲပြီး ဖော်ပြထားတာတွေ့ရပါတယ်။ လူ ၁ဦးချင်းစီရဲ့ ရပိုင်ခွင့်နဲ့ ပတ်သက်ပြီး တရားမ၀င် အဖမ်းအဆီးခံရတာ ပျောက် သွားတာ၊ နှိပ်စက် ညှင်းပန်းခံရတာ၊ ထောင်ဒဏ် နှစ်ရှည်ချမှတ်တာ ခံရတာ၊ တရားရုံးမှာ စစ်ဆေးတဲ့ အခါမှာ တရားမျှတမှုမရှိတာတွေ၊ တံခါးပိတ် ရုံးတင် စစ် ဆေးတာတွေနဲ့ ဥပဒေ အချိုးဖောက်ခံ ရတာတွေနဲ့ ကလေးစစ် သားအသုံး ပြုမှုတွေကိုပါ နံမယ်နဲ့တကွ ဖော်ပြထားတာကို တွေ့ရပါတယ်။

အမေရိကန် နိုင်ငံခြားရေး ၀န်ကြီးဌာန ဒီမိုကရေစီ လူ့အခွင့်အရေး နဲ့ အလုပ်သမားရေးရာ ယာယီလက်ထောက် နိုင်ငံခြားရေး ၀န်ကြီး ခယ်ရင် စတီးဝက် က မြန်မာနိုင်ငံမှာ တိုးတက်မှုတွေကို မတွေ့ရဘူးလို့ ဆိုပါတယ်။

"မြန်မာနိုင်ငံနဲ့ ပတ်သက်ပြီး သေသေချာချာ ဘာတခုမှာ ကောင်းမလာဘူးလို့ ကျမထင်ပါတယ်။ ၂၀၀၈ခုနှစ် အတွက် အစီရင်ခံစာ ရေးတဲ့ အချိန်အထိပါပဲ။ ဒီမိုကရေစီရေး တက်ကြွ လှုပ်ရှားသူတွေကို နှစ်ရည် ထောင်ဒဏ် တွေ ချမှတ်တာတွေနဲ့ ၂၀၀၈ခုနှစ်မှာ နိုင်ငံရေး အကျဉ်းသားအရေအတွက် ပိုများလာတဲ့အပြင် အစိုးရနေရာ အတော်များများမှာ ထိန်းချုပ်ထားတာကို တွေ့ရပါတယ်။ "

အမေရိကန်က မြန်မာနိုင်ငံပေါ်မှာ ထားရှိတဲ့ မူဝါဒတွေကို ပြောင်းလဲပြုပြင်ဖို့ကိုလည်း ပြောပါတယ်။

"အရင်တုန်းက ကျမတို့ တခါမှ မကျင့်သုံးခဲ့ဖူးတဲ့ တခြားနည်းလမ်းတွေကို ရှာဖွေကြည့်နေပါတယ်။ မြန်မာနိုင်ငံ မှာ လူ့အခွင့်အရေးကို ပိုပြီး လေးလေးစားစားရှိလာစေဖို့ ဖိအားပေမယ့် နည်းလမ်းတွေကို ထပ်ဖြည့်နိုင်ဖို့ တချိန် တည်းမှာပဲ ကုလသမဂ္ဂ လုံခြုံရေး ကောင်စီက မြန်မာစစ်အစိုးရကို တောင်းဆိုထားတဲ့ နိုင်ငံရေး အကျဉ်း သား အားလုံး လွှတ်ပေးဖို့နဲ့ ဒီမိုကရေစီ အင်အားစုတွေနဲ့ စစ်မှန်တဲ့ ဆွေးနွေးမှုတွေ သေသေချာချာ လုပ်ဆောင်ဖို့ မြန်မာစစ်အစိုးရကို ထပ်ပြီး တိုက်တွန်းသွားမှာပါ။"

လူ့အခွင့်အရေး စာတမ်းနဲ့ ပတ်သက်ပြီး အမေရိကန် အခြေစိုက် မြန်မာ့အရေး လုပ်ဆောင်နေတဲ့ ဦးအောင် ဒင် ကို မေးကြည့်ပါတယ်။

"လူ့အခွင့်အရေး အစီရင်ခံစာကတော့ နှစ်တိုင်းနှစ်တိုင်း ထုတ်ပြန်နေတာပါ။ အဲဒီလို ထုတ်ပြန်တဲ့အခါမှာ တချို့ နိုင်ငံတွေက အခြေအနေ ကောင်းမွန်တိုးတက်လာတာရှိတယ်။ တချို့ နိုင်ငံကျတော့ ဆုတ်ယုတ် သွားတာ ရှိတယ်။ မြန်မာနိုင်ငံအတွက် အစီရင်ခံစာကို ကျွန်တော်တို့ မှီတဲ့ သက်တမ်းထဲမှာ ကြည့်မယ်ဆိုရင်၁၉၈၈က စပြီး အခု အချိန်အထိ မြန်မာနိုင်ငံရဲ့ အခြေအနေဟာ တိုးတက် ကောင်းမွန်လာတာ မရှိပါဘူး။ အမြဲ တမ်း ဆုတ်ယုတ် ကျဆင်းနေတာပါ။ ဒီဆုတ်ယုတ် ပျက်ဆီးမှုရဲ့ အဓိက တရားခံက မြန်မာပြည်ကို မတရား သဖြင့် အုပ်စိုးနေတဲ့ နအဖ စစ်အုပ်စုကြောင့် ဖြစ်တယ်။ အခု သမ္မတ အိုဘားမား တက်လာတဲ့ သက်တမ်းမှာ စပြီး ပေါ်လစီကို ပြန်လည် သုံးသပ်မယ်၊ မြန်မာ့အရေးကိစ္စနဲ့ ပတ်သက်ပြီး နိုင်ငံတကာ မိသားစုကြီးရဲ့ ပါဝင် ပတ်သက်မှုကြီး တွေက ဘာကြောင့် မရသေးတာလဲ၊ နအဖ စစ်အုပ်စုကို တကမ္ဘာလုံးက တူညီတဲ့ အသံနဲ့ ညီညီညွတ်ညွတ်ဖိအား ဘာလို့ မပေးနိုင်တာလဲကို ပြန်ပြီး စဉ်းစားလိမ့်မယ်ထင်ပါတယ်။"

Read More...

ရန်ကုန်မြို့တွင်း နိဗ္ဗာန်ယာဉ်များ မထားရ

Wednesday, 25 February 2009 19:52 ဧရာဝတီ
ရန်ကုန် နာရေးကူညီမှု အသင်း၏ နိဗ္ဗာန်ယာဉ်များကို စည်ပင်သာယာ နယ်နိမိတ်အတွင်း မထားရှိရန် ရန် ကုန်မြို့တော် စည်ပင်သာယာရေး ကော်မတီက ဖိအားပေး သောကြောင့် အခက်အခဲဖြစ်နေကြောင်း သိရ သည်။ဖေဖော်ဝါရီ ၂၈ ရက် မတိုင်မီက စတင်၍ ယခင်ထားရှိရာ သင်္ဃန်းကျွန်း မြို့နယ်ရှိ ဗြဟ္မ၀ိဟာရ ကျောင်းဝန်း အတွင်းတွင် ဆက်လက် မထားဘဲ ရန်ကုန်မြို့ပြင်ရှိ သင်္ချီုင်းများသို့ ပြောင်းရွှေ့ထားရန် ညွန်ကြားချက် ထုတ် ပြန်လိုက် သည်ဟု နာရေးကူညီမှုအသင်း ဦးဆောင်သူ တဦးဖြစ်သည့် ရုပ်ရှင်သရုပ်ဆောင် ဦးကျော်သူက ပြောသည်။ နာရေးကူညီမှု အသင်းအနေနှင့် ရန်ကုန်မြို့တွင်း၌ နေ့စဉ် နိဗ္ဗာန်ယာဉ် ၁၆ စီးဖြင့် ဈာပန ပေါင်း ၅၀ ကျော်ကို သယ်ယူ သင်္ဂြီုဟ်ပေးနေရ ကြောင်းလည်း ဦးကျော်သူက ဆိုသည်။

အဆိုပါ နိဗ္ဗာန်ယာဉ်များ ထားရှိရန် အဆောက်အဦး ဆောက်လုပ်ခွင့်အား စည်ပင်သာယာသို့ တင်ပြတောင်းဆို ထားသည်ကို ယခုကဲ့သို့ ညွန်ကြားချက် ထုတ်ပြန်ပေးလိုက်ခြင်း ဖြစ်သည်ဟုလည်း ၎င်းက ပြောသည်။

“တကယ်လို့ သူတို့ အကြောင်းမပြန်ခင် ကျနော်တို့က အဆောက်အဦး ဆောက်လိုက်ရင် ကျနော်တို့ အသင်းကို ရပ်ဆိုင်းလိုက်နိုင်တယ်”ဟု ဦးကျော်သူက ဆိုသည်။

သင်္ဃန်းကျွန်း ဒေသခံတဦးကလည်း နာရေးကူညီမှုအသင်း အနေနှင့် အများပြည်သူအကြား ပိုမိုထင်ရှား လာမည် ကို အစိုးရက စိုးရိမ်ခြင်း ဖြစ်နိုင်သည်ဟု ပြောသည်။

အစိုးရနှင့် မသက်ဆိုင်ဘဲ နိုင်ငံရေးနှင့်လည်း ပတ်သက်ခြင်း မရှိသော နာရေးကူညီမှု အသင်းသည် ၂၀၀၁ ခုနှစ် ဇန်န၀ါရီလတွင် စတင် တည်ထောင်ခဲ့ပြီး ပြည်တွင်းပြည်ပရှိ အလှူရှင်များ၏ လှူဒါန်းငွေဖြင့် ၂၀၀၇ခုနှစ်အထိ နာရေး ကိစ္စပေါင်း ၆၀၀၀၀ ခန့် အခမဲ့ ကူညီပေးနိုင်ခဲ့ကြောင်း သိရသည်။

၂၀၀၆ ခုနှစ် သြဂုတ်လ အတွင်းက ၈၈ မျိုးဆက်ကျောင်းသား ခေါင်းဆောင်များ ဦးဆောင်ကျင်းပသည့် ၁၈ နှစ် မြောက် ၈ လေးလုံး အရေးတော်ပုံ နှစ်ပတ်လည် အခမ်းအနားသို့ နာရေးကူညီမှု အသင်းမှ ဦးကျော်သူနှင့် စာ ရေးဆရာမ ဒေါ်သန်းမြင့်အောင်တို့ တက်ရောက်ခဲ့သည့် နောက်ပိုင်း နာရေးကူညီမှုအသင်း၏ လှုပ်ရှားမှုများကို အစိုးရ သတင်းစာများက ထည့်သွင်းဖော်ပြခြင်း မပြုသည့် အပြင် အာဏာပိုင်များက အနှောင့်အယှက်များ ပေးခဲ့သည်။

Read More...

ဧရာဝတီကို တရားစွဲမည်ဟုဆိုသည့် ဦးကျော်မြင့် နှင့် ဗွီအိုအေ အင်တာဗျူး

VOA
ဖေဖော်ဝါရီ ၂၆၊ ၂၀၀၉
VOA - ဦးကျော်မြင့်အနေနဲ့ မြန်မာနိုင်ငံမှာ ကျုံယွမ်ကုမ္ပဏီနဲ့ လုပ်ငန်း လုပ်ခဲ့စဉ်တုန်းက ငွေကြေးနဲ့ စီးပွားရေးပြဿနာတွေအတွက် စစ်အစိုးရကနေပြီးတော့ ထောင်ဒဏ် အပြစ်ပေးခံခဲ့ရဖူးတယ်လို့ စွပ်စွဲထားတာတွေ ရှိပါတယ်။ အဲဒီအချိန်က ဘာကြောင့်မို့ ဦးကျော်မြင့် အနေနဲ့ ထောင်ဒဏ် အပြစ်ပေးခံခဲ့ရတာလဲခင်ဗျ။
UKM - ကျနော် ၉၇ ခုနှစ်တုန်းက စစ်အစိုးရနဲ့ ပြဿနာဖြစ်တာ ငွေကြေးစီးပွားရေးပြဿနာ မဟုတ်ဘူး။ အဓိက နိုင်ငံရေးပါ။ နိုင်ငံရေးဆိုတာ ၅(ည)ပေါ့။ ကျနော်တို့ ငွေရေး ကြေးရေး စီးပွားရေး ထောင်ဒဏ်ချတာ မရှိပါဘူး။ သူတို့ ချထားတာ ၅(ည)၊ နိုင်ငံတော် ဆန့်ကျင်မှုပေါ့။ အဲဒါနဲ့ ထောင်ဒဏ်ချတာပါခင်ဗျ။

VOA - အဲဒီ ၅(ည)က ဘာ့ကြောင့်ချတာလဲ။
UKM - ကျနော် စာဖြန့်တာပေါ့နော်။ အဲဒီအချိန်မှာ စစ်အစိုးရရဲ့ အားနည်းချက်ပေါ့။ ဟို ပြည်သူ အစိုးရတခု လိုပါတယ် လို့။ စာဖြန့်တယ်။ ပြီးတော့ တချို့ ပါဝါတွေလည်း ဒေါ်အောင်ဆန်းစုကြည် တို့ကို လွဲပေးဖို့ လိုပါတယ်။ အဲဒါမျိုး စာဖြန့်တာပါခင်ဗျ။

VOA - အဲဒီ ၅(ည)က ဘာ့ကြောင့်ချတာလဲ။
UKM - ကျနော် စာဖြန့်တာပေါ့နော်။ အဲဒီအချိန်မှာ စစ်အစိုးရရဲ့ အားနည်းချက်ပေါ့။ ဟို ပြည်သူအစိုးရတခု လိုပါတယ် လို့။ စာဖြန့်တယ်။ ပြီးတော့ တချို့ ပါဝါတွေလည်း ဒေါ်အောင်ဆန်းစုကြည်တို့ကို လွဲပေးဖို့ လိုပါတယ်။ အဲဒါမျိုး စာဖြန့်တာပါခင်ဗျ။

VOA - အင်တာနက်မှာဖြန့်တဲ့ ဦးအောင်ခင်ဆိုတဲ့လူတယောက် ရေးထားတဲ့ စာမှာလည်း ဖတ်လိုက်ရပါတယ်။ ဦးကျော်မြင့်အနေနဲ့ အဲဒီအချိန်က ဗိုလ်ချုပ်မှူးကြီးသန်းရွှေကို တိုက်ရိုက် စကားပြောပြီးတော့ မြန်မာစစ်အစိုးရ အနေနဲ့ ဒေါ်အောင်ဆန်းစုကြည်နဲ့ အာဏာခွဲဝေပေးဖို့ လိုအပ်တယ်ဆိုတဲ့အကြောင်း တိုက်တွန်းခဲ့တယ်လို့ ရေးထားတာ တွေ့လိုက်ရတယ်။ အဲဒါ ဟုတ်ပါသလား။

UKM - ဟုတ်ပါတယ်ခင်ဗျ။ ကျနော် စာလည်း တင်ထားပါတယ် သူ့ဆီမှာ။

VOA - ကိုယ်တိုင်ရော စကားပြောခဲ့သလား။
UKM - ကိုယ်တိုင်တော့ အဲဒါမျိုးတွေကတော့ ကိုယ်တိုင် မပြောပါဘူး။ စာရေးတင်တာပါ။

VOA - စာတင်တော့ မြန်မာစစ်အစိုးရရဲ့ တုန့်ပြန်ချက်က ဘာပါလဲခင်ဗျ။
UKM - ကျနော့်ဆီကို ဘာမှ မပြန်လာဘူး။ ပြီးတော့မှ ကျနော် အဖမ်းခံရတာပါခင်ဗျ။

VOA - အဲဒီတော့ ဘယ်နှစ်နှစ် ထောင်ချခံရလဲခင်ဗျ။ ပြီးတော့ ဘယ်လို လွတ်မြောက်လာပါသလဲ။
UKM - စုစုပေါင်း ၉ နှစ် ချတာပါခင်ဗျ။

VOA - ဟုတ်ကဲ့၊ ဦးကျော်မြင့်အကြောင်း ရေးသားချက်တွေထဲမှာ ဦးကျော်မြင့်က ထောင်ကနေ ထွက်ပြေးလာတယ်လို့ ဆိုပါတယ်ခင်ဗျ။ အဲဒါ ဘယ်နှစ်ခုနှစ်လောက်ကလဲ။
UKM - ဟုတ်ပါတယ်။ ကျနော် နေမကောင်းတော့ မန္တလေးဆေးရုံ ရောက်တဲ့အခါမှာ ဘုန်းကြီးကနေပြီးတော့ ကျနော့်ကို ကယ်လိုက်ပါတယ်။ အဲဒီဘုန်းကြီးနာမည်တော့ ပြောလို့ မကောင်းပါဘူး။ အဲဒါတော့ ကျနော့်ကို ခွင့်လွတ်ပါ။ ကျနော် ပြောပိုင်ခွင့် မရှိပါဘူး။

VOA - အဲဒီတော့ ဒီ မြန်မာပြည်အကျဉ်းထောင်ကနေ ထွက်ပြေးလာပြီးတော့ ဒီ နိုင်ငံခြားကို ထွက်ပြေးတာပေါ့။
UKM - ဟုတ်ကဲ့။ ကျနော်အဲဒီမှာ နေပြီးတော့ ဘုန်းကြီးက ကျနော့်ကို ယိုးဒယားနယ်စပ်ပေါ့၊ မြဝတီ မဲဆောက် တိုက်ရိုက် သွားတယ်။

VOA - မြန်မာပြည်ကနေ ထွက်ပြေးလာပြီးနောက်ပိုင်းမှာ ဦးကျော်မြင့်အနေနဲ့ အမေရိကန် ပြည်ထောင်စုကို ဘယ်လိုလုပ် ရောက်လာလဲခင်ဗျ။ အထူးသဖြင့် ကျနော် မေးရတဲ့ အကြောင်းရင်းက ဦးကျော်မြင့်က တချိန်က ဆိုရင် မြန်မာပြည်မှာ ဝတပ်ဖွဲ့တွေနဲ့ အတူတူ တိုက်ခိုက်တဲ့ လုပ်ငန်းတွေ လုပ်ခဲ့ဖူးတယ်။ အဲဒါအပြင် အပစ်အခတ် ရပ်စဲရေး၊ ငြိမ်းချမ်းရေးလုပ်ခဲ့ပြီးတဲ့ နောက်ပိုင်းမှာ မြန်မာပြည်မှာ စီးပွားရေးတွေ လုပ်ခဲ့တယ်။ ဦးကျော်မြင့် ပတ်သက်ခဲ့ဖူးတဲ့ ဝတပ်ဖွဲ့ ဆိုတာတွေကလည်း အမေရိကန် ပြည်ထောင်စု အနေနဲ့ မူးယစ်ဆေးဝါးနဲ့ ပတ်သက်တယ် ဆိုပြီး စွပ်စွဲထားတဲ့ အဖွဲ့တွေ ဖြစ်နေတယ်လေ။ ဒီလိုဖြစ်နေတဲ့ ကြားထဲက ဦးကျော်မြင့် အနေနဲ့ အမေရိကန် ပြည်ထောင်စုကို ဘယ်လိုဝင်လာသလဲခင်ဗျ။
UKM - ကျနော် ရန်ကုန်မှာ စီးပွားရေး လုပ်တာလည်း ဝနဲ့ လုံးဝ မပတ်သက်ပါဘူး။ အဲဒါ ကျနော် အပြင်မှာ ကျနော့်ကို ဒါရိုက် အင်တာဗျူးတဲ့သူ တယောက်မှ မရှိပါဘူး။ အဲဒါ သူတို့ထင်တဲ့အတိုင်း သူတို့ ရေးတာပါ။ အဲဒါကြောင့်ကို ကျနော် ပြန်လာ နိုင်ငံခြားထွက်လာတဲ့အခါမှာလည်း ဟို ဘန်ကောက်ရောက်မှလည်း အမေရိကန်သံရုံးနဲ့ ကျနော် တွေ့ပါတယ်။ အဲဒီမှာ တွေ့တဲ့အခါမှာလည်း NCGUB က ဦးစိုးပိုင်နဲ့ ဦးသိန်းဦးလည်း ပါပါတယ်၊ အဲဒီ အမေရိကန် ဌာနမှာ။ ကျနော် ဝ နဲ့ စီးပွားရေးပိုင်းလည်း လုံးဝ မပတ်သက်ပါဘူးဆိုတာ အမေရိကန်အစိုးရက ရှင်းရှင်း သိပါတယ် အမေရိကန် အစိုးရက။ အဲဒါကြောင့်ကို ကျနော် အမေရိကန်လာတာ သူတို့ ကျနော့်ကို ဗီဇာပေးပြီးတော့ လာတာ။ အဲဒါပဲ။

VOA - ဦးကျော်မြင့်က ဗမာပြည်ကနေ အကျဉ်းထောင်ကနေ ထွက်ပြေး လွတ်မြောက်လာတော့ ဗမာ ပတ်စ်ပို့လည်း မပါတော့ အမေရိကန်ကနေ ဒီကို လာခွင့်ပေးတယ် ဆိုတာဟာ နိုင်ငံရေးခိုလှုံခွင့်နဲ့ လာခွင့်ပေးတယ် ဆိုတဲ့ သဘောပေါ့။
UKM - ဟုတ်ကဲ့။ ကျနော် အဲဒီမှာ ဟို - အေးပေါ့ - အဲဒါပေါ့၊ ရဖျူဂျီပေါ့။

VOA - ဘန်ကောက်မှာရှိတဲ့ အမေရိကန်သံရုံးကို သွားတွေ့တုန်းက ဒီ NCGUB လို့ ခေါ်တဲ့ ပြည်ထောင်စု မြန်မာနိုင်ငံ အဝေးရောက် အစိုးရအဖွဲ့ရဲ့ ဦးစိုးပိုင်နဲ့ ဦးသိန်းဦး ပါတယ်လို့ စောစောက ဦးကျော်မြင့် ပြောလိုက်ပါတယ်။ သူတို့က ဘာကြောင့် ပါတာလဲ။
UKM - ဟုတ်ပါတယ်။ ဟို အဲဒီအချိန်မှာ ဦးစိုးပိုင်က စကားပြန် လုပ်ပါတယ်။ ဦးသိန်းဦးလည်း ပါတာပေါ့။ ဒါပေမယ့် စကားပြန်လုပ်တာတော့ ဦးစိုးပိုင်ပါ။

VOA - ဦးသိန်းဦးတို့၊ ဦးစိုးပိုင်တို့နဲ့ ဦးကျော်မြင့် ဘယ်လိုဆက်စပ်ခဲ့လဲ အဲဒီအချိန်က။
UKM - အဓိကကတော့ မြန်မာပြည်နိုင်ငံရေးကိစ္စ ဆွေးနွေးဖို့ပါ။ အဲဒါကို လူတယောက်က ကြားမှာ နေပြီးတော့ ကျနော့်ကို ကွန်တက် လုပ်ပေးတာပါ။ အဲဒါပါပဲ။

VOA - ဘန်ကောက်မှာ ရှိတဲ့ အမေရိကန်သံရုံးနဲ့ သွားတွေ့တဲ့ အချိန်မှာ NCGUB အမျိုးသား ညွန့်ပေါင်း အစိုးရအဖွဲ့က ဦးသိန်းဦးက ပါပြီးတော့ လိုက်ပါလာပြီး ဆောင်ရွက်ပေးတယ် ဆိုတော့ ဘယ်လိုအကြောင်းချင်းရာမျိုးနဲ့ ပြည်ထောင်စုမြန်မာနိုင်ငံ အမျိုးသား ညွန့်ပေါင်း အစိုးရက ဝင်ပြီးတော့ ပါပြီး ဆောင်ရွက်ပေးရတာလဲ။
UKM - အဓိကကတော့ သူတို့လည်း အဲဒီအချိန်မှာ ကျနော်နဲ့ ဟိုဟာပေါ့ - ပူးပေါင်းပြီးတော့ ပုဂ္ဂိုလ်အနေနဲ့ပေါ့ ဟုတ်လား၊ - ဒီမိုကရေစီ လုပ်ငန်းကို လုပ်စေချင်လို့ တွဲပြီးတော့ လုပ်စေချင်တဲ့ သဘောမျိုးပေါ့။

VOA - အဲဒီတော့ ဦးကျော်မြင့် အမေရိကန်ပြည်ထောင်စုကို လာဖို့အရေးကို ပြည်ထောင်စုမြန်မာနိုင်ငံ အမျိုးသား ညွန့်ပေါင်း အစိုးရက ထောက်ခံပေးတယ် ဆိုတဲ့သဘောလား။
UKM - အဲဒီအတွက်တော့ သူတို့မပြောပါဘူး။ သူတို့က သူတို့လိုက်သွားတာက ဦးစိုးပိုင် လိုက်သွားတာ ကျနော် ပြောချင်နေတော့ စကားပြန် လုပ်ပေးတာပါ။ ထောက်ခံတယ်တို့ အမေရိကန်လာဖို့အတွက်တို့ အဲဒါတော့ သူတို့ လုပ်ပေးတာ မရှိပါဘူး။

VOA - ဦးသိန်းဦးကရော ဒါဆိုရင်။
UKM - ဦးသိန်းဦးလည်း သူလုပ်တာ ပုဂ္ဂိုလ်အနေနဲ့ပေါ့။ သူ - - သြစတေးလျသွားဖို့ဖြစ်ဖြစ်၊ - တခြား တော်တော် ကူညီပါတယ်။ - အဲဒါပေါ့။

VOA - ဘာကြောင့်မို့ ဦးကျော်မြင့်ကို သူက ကူညီရတာလဲ။
UKM - သူက ကူညီတာက၊ ကျနော်လည်း ပြည်တွင်းမှာလည်း တိုင်းရင်းသား ခေါင်းဆောင်တယောက် အနေနဲ့ နောက်ပြီးတော့လည်း ကျနော်တို့ ပြည်တွင်းမှာ နိုင်ငံရေး တော်လှန်ရေး လုပ်လာတဲ့ ပုဂ္ဂိုလ်တယောက်။ အဲဒီအနေနဲ့ အကူအညီပေးတာပါ။

VOA - စောစောကပြောတော့ ဦးကျော်မြင့် အနေနဲ့ ဝတပ်ဖွဲ့တွေနဲ့ ဆက်စပ်မှု မရှိဘူး ဆိုပေမယ့် ဦးကျော်မြင့်နဲ့ ဦးပေါက်ယူချန်းတို့က အဆက်အသွယ် မရှိဘူးလားခင်ဗျ။ ကျနော်တို့ သိထားတာကတော့ ဦးကျော်မြင့်ဟာ ဒီ ဝ အမှတ် ၂ အထူးဒေသ အပစ်အခတ် ငြိမ်းချမ်းရေး အဖွဲ့ရဲ့ ကိုယ်စားလှယ်၊ ဒုတိယဘဏ္ဍာရေးမှူးလို့ ပြောပါတယ်။ အဲဒါ မဟုတ်ဘူးလားခင်ဗျ။
UKM - အဲဒီကိစ္စ ဒီလိုဖြစ်တယ်၊ ကျနော် အမှန် ငြိမ်းချမ်းရေး ပထမဦးဆုံး ယူတာ စပြီးတော့ ဗကပနဲ့ ခွဲထွက်တာက ကျနော် ဝဒေသ မဟုတ်ဘူး။ ကျနော်က မုန်းကိုး ဒေသပါ။ မုံးကိုး ဆိုတာ အခု ကြူကုတ် ပန်ဆိုင်း အဲဒီနေရာပါ။ ဒါ - အမှန် - ကျနော် အဲဒီနေရာက ခေါင်းဆောင်တယောက် ဖြစ်ပါတယ်။ အဲဒီမှာ ပြီးတော့မှ ခင်ဗျားသိတဲ့အတိုင်း ငြိမ်းချမ်းရေးယူတဲ့ တပ်ဖွဲ့တွေဟာ မုံးကိုးရော ကိုးကန့်ရော ဝရော ဦးစိုင်းလင်ရော၊ ဦးစခုန်တိန်ယိမ်းရော အကုန်လုံး အဲဒီ ငြိမ်းချမ်းရေးယူတာ ကေအိုင်အေ လက်အောက်မှာ သူ့နေရာနဲ့သူ။ ဒါပေမယ့် အဲဒီပေါ်မှာ တပ်ပေါင်းစုတခု လုပ်ပါတယ်။ အဲဒီ တပ်ပေါင်းစုအောက်မှာ ဝလည်း ပါလာတာပေါ့။ ပါလာတဲ့အခါမှာ ကျနော်လည်း သူတို့ဆီကို ကျနော် တပ်ပေါင်းစုအနေနဲ့ နေပြီးတော့ သူတို့လည်း တပ်ပေါင်းစုကို ကူညီတုန်းကပေါ့။ အဲဒီ စီးပွားရေး ဖွံ့ဖြိုးတိုးတက်မှုကို စီမံ ခန့်ခွဲတတ်တဲ့သူတယောက်ကို သူတို့ ဗဟိုမှာ ဝဒေသကို အဲဒီအချိန် ဗကပထဲမှာ စ ခွဲထွက်လာတဲ့အခါမှာ ဘိန်းဖြူလည်း ပိတ်ထားတယ် ဝင်လို့မရဘူး စီးပွားရေးလည်း ခက်တယ်။ အဲဒီအချိန်မှာ ကျနော် ဖွံ့ဖြိုးတိုးတက်မှုကို တရုတ်ပြည်ကို ဟို တခါးဖွင့်ဖို့ကို သူတို့က အကူအညီ လိုချင်လို့ ကျနော်က သူတို့ဆီမှာ အဲဒီအဖွဲ့ကို ဟို သူတို့ ဗဟိုမှာ ကျနော့်ကို တာဝန်၊ တာဝန်ဆိုတာ တကယ် သူတို့ထဲမှာ ဝင်တာ မဟုတ်ဘူး။ သူတို့ကို ကူညီပေးတာပါ။ အဲဒါကြောင့် လူတွေက နည်းနည်း ကွန်ပလိန်း ရှိတာပေါ့။ ဝ၊ ဝ၊ ဝ ။ အမှန်က ကျနော် ဝ မဟုတ်ဘူး။

VOA - အဲဒီတော့ ၁၉၉၃ ခုနှစ်မှာ ဦးကျော်မြင့်က ရန်ကုန်မြို့ကို ရောက်လာတယ်။ အဲဒီမှာ ဦးကျော်မြင့်ကိုယ်တိုင် ကျုံယွမ် ကုမ္ပဏီကို ထူထောင်တယ်။
UKM - ဟုတ်ကဲ့ခင်ဗျ။ ဟုတ်ပါတယ်။

VOA - အဲဒီတော့ ကုမ္ပဏီ ထူထောင်တော့ ဦးကျော်မြင့် အနေနဲ့ ဘယ်လို အရင်းအနှီးတွေနဲ့ မ တည်ခဲ့လဲခင်ဗျ။
UKM - ကျနော် အရင်တုန်းက နယ်စပ်မှာ နယ်စပ်ကုန်သွယ်ရေးဆိုတာ ရှိတယ်။ တရုတ်ပြည်ထဲက ကုန်တွေ ဗမာပြည် သွင်းတာ။ ဗမာပြည်က ကုန်က အဲဒီ - မူဆယ် ကြူကုတ် ပန်ဆိုင်း တရုတ်ပြည် ဝမ်တိန် အဲဒီ - BORDER TRADEလုပ်တော့ အဲဒီမှာလည်း ကျနော် BORDER TRADE လုပ်တယ်။ နောက်ပြီးတော့ ကျနော် ကျောက်စိမ်း လုပ်တယ်။ သတ္ထုတွေလည်း တူးတယ် အဲဒီ ဒေသမှာ။ နောက် - သစ်လုပ်ငန်းတွေလည်း ကျနော်တို့ ဒေသတွေမှာ တချို့ သစ်- ။ အရင်တုန်းက ကျနော်တို့ ရခဲ့တဲ့ ငွေဟာ ရန်ကုန်ရောက်လာတော့မှ အဲဒီငွေဟာ ကျနော် ကျုံယွမ်ကုမ္ပဏီကို ထူထောင်တာ။ အဲဒါပါ။

VOA - အဲဒီ ငွေအရင်းအနှီးတွေက ဒီဘက်က အများစုရဲ့ အပြောအရ ဆိုရင် ကျောက်စိမ်းမှောင်ခိုလုပ်ငန်း၊ ဒါ့အပြင်ကို မူးယစ်ဆေးဝါးလုပ်ငန်းတွေက ရတဲ့ ငွေမည်းတွေ ဖြစ်ပြီးတော့၊ ဒီငွေမည်းတွေကို ငွေဖြူဖြစ်အောင် ခဝါချတဲ့ ဟန်ပြလုပ်ငန်းတခုအဖြစ် ပြောကြားထားတာ တချို့ ရှိပါတယ်။ money laundering business ပေါ့နော်။ အဲဒါနဲ့ ပတ်သက်လို့ရော ဦးကျော်မြင့် အနေနဲ့ ဘယ်လို ငြင်းချက်ထုတ်နိုင်လဲခင်ဗျ။ ဒီလောက် များပြားတဲ့ အရင်းအနှီး ငွေတွေက ချက်ချင်းကြီး မြို့ပေါ်ကို ဘယ်လိုလုပ် ရောက်လာနိုင်သလဲ။
UKM - အဲဒီဟာတော့ မဟုတ်ဘူးဗျ။ ကျနော်တို့ ဒေသတွေမှာ အရောင်းအဝယ်လုပ်တဲ့ BORDER TRADEလည်း ကျနော်တို့က အခွန် ပေးပါတယ်။ ခင်ဗျား အဲဒီပစ္စည်း ဝင်လာကတည်းက ကာစတန်ရှိတယ်၊ ရဲရှိတယ်၊ လဝက ရှိတယ်။ အဲဒါ အခွန်ပေးပြီးသား ပိုက်ဆံကို ငွေမည်း ပြောလို့ မရပါဘူး။ အဲဒါလည်း ကျနော် အထောက်အထားတွေ ရှိပါတယ်။ နောက်တခုလည်း ကျနော်တို့ အဲဒီဒေသ ကျနော်တို့ရဲ့ ကိုယ်ပိုင်အုပ်ချုပ်ရေးဒေသ လို့ ခေါ်ပါတယ်။ ကိုယ်ပိုင်အုပ်ချုပ်ရေး ဆိုတာ စီးပွားရေးလုပ်ရင် ကျနော်တို့ အဲဒီဒေသမှာ အခွန်ပေးပါတယ်။ ဒေသအစိုးရကနေ တရားဝင် ခွင့်ပြုမှုတွေ ဖြစ်ပါတယ်။ အဲဒါလည်း ငွေမည်း ပြောလို့ မရပါဘူး။ နောက်ပြီးတော့ သတ္ထုတို့ သစ်လုပ်ငန်းတို့၊ တရုတ်ပြည် ဘိလပ်မြေတို့ သံချောင်းတွေ သွင်းတာ အဲဒါ ပုံမှန် BUSINESS ပဲ။ ဒါ အမေရိကန် ကနေဒါလည်း ဒါမျိုး BUSINESS တွေ လုပ်လို့ ရတာပဲ အခွန်ပေးရင်။ အဲဒါ မကောင်းတဲ့လုပ်ငန်း ပြောလို့ မရပါဘူး ဒါတွေကို။
နောက်တခုကလည်း အဲဒီဒေသမှာ ဘိန်းက လူတိုင်း ကိုင်လို့ မရဘူး။ ဟို သူ့လမ်း သူ့နည်းနဲ့ သူတို့ ခွင့်ပြုတဲ့လူမှ အဲဒီ ဘိန်းလုပ်ငန်း လုပ်လို့ ရတယ်။ ခင်ဗျား ခွင့်ပြုချက် မရဘဲကိုင်ရင် အဲဒီဒေသ ကိုယ်ပိုင်အုပ်ချုပ်ရေး ဥပမာ ကိုးကန့်တို့ ဝတို့ သူတို့ ဒေသ အုပ်ချုပ်ရေးပေါ့ အဲဒါလည်း ထောင်ဒဏ်ချတယ်။ ဘိန်း လူတိုင်း သွားကိုင်လို့ မရဘူး။ ကျနော်က တသက်လုံး အဲဒီလမ်း မသွားဘူ။ ကျနော်က ခုနက ပြောသလို ကျောက်စိမ်းတို့ သစ်လုပ်ငန်းတို့ BORDER TRADE ။ အပြင်ကလူ ထင်ထားတယ် အဲဒီ ဘိန်းလုပ်ငန်းရတယ်၊ မရဘူး လုံးဝ မရဘူး။ အဲဒီဒေသရဲ့ အခြေအနေ အသိဆုံးပါ၊ ဒါ အမေရိကန် အဲဒီ DEA တို့ သူတို့ အေးဂျင့်တွေ အသိဆုံးပဲ အဲဒါက။

VOA - အဲဒီတော့ ဦးကျော်မြင့်ကို အဲဒီ DEA တို့ အဖွဲ့အစည်းတွေက ကူညီခဲ့တာ ရှိသလား။
UKM - ရှိပါတယ်ခင်ဗျ၊ ရန်ကုန်မှာ။

VOA - အဲဒီတော့ ကူညီခဲ့ပေးပြီးတော့ သူတို့က အမေရိကန်ကို ရောက်အောင် ထောက်ခံပေးတယ်။
UKM - ဟုတ်ပါတယ်ခင်ဗျ။

VOA - ဦးကျော်မြင့်အနေနဲ့ အမေရိကန်ကို ရောက်လာပြီးတဲ့ နောက်ပိုင်းမှာ ဝါရှင်တန်မှာရှိတဲ့ မြန်မာသံရုံးကို လာရောက်ဆက်သွယ်ပြိးတော့ သံအမတ်ကြီးဦးလင်းမြိုင်နဲ့ တွေ့ခဲ့ဖူးတယ်လို့ ကျနော်တို့ သိရပါတယ်။ အဲဒီအချိန်က ဦးကျော်မြင့် အနေနဲ့ တရုတ်စီးပွားရေးအဖွဲ့တခုကို ခေါ်ဆောင်လာပြီးတော့ တရုတ်ပြည်နဲ့ ဆက်ဆံရေးအတွက် လာပြီးတော့ ဆောင်ရွက်ပေးတာလို့ ကြားရပါတယ်။ အဲဒီအကြောင်း နည်းနည်းလေး ပြောပြပါ။
UKM - အဲဒီအချိန်မှာ ကျနော် အမေရိကန် နယူးဂျာစီ နယူးယောက်ဘက်မှာ နေပြီးတော့ ဝါရှင်တန်ဒီစီ မြန်မာသံရုံးမှာ သွားတွေ့တဲ့အခါမှာ ဦးလင်းမြိုင် ရှိတယ်။ ဦးလင်းမြိုင်နဲ့ တွေ့တဲ့အခါမှာ တရုတ်လည်း ပါပါတယ်။ တရုတ်ဆိုတာ အမေရိကန်တရုတ်တွေပေါ့။ သူတို့ကလည်း ဗမာပြည်စီးပွားရေးကို စိတ်ဝင်စားလို့ ကျနော် ခေါ်သွားတယ်။ ဒါပေမယ့် စီးပွားရေးကိစ္စ ပြောပြီးပေမယ့် ဒါပေမယ့် ကျနော် တကယ် အဲဒီမှာ ပတ်သက်သွားတာက ဦးလင်းမြိုင်တို့ ဘယ်သူတို့က ကျနော့်ကို ပြန်ပြီးတော့ ခေါ်စေချင်တယ်ပေါ့ ဗမာပြည်ကို။

VOA - ဦးကျော်မြင့်က ဆက်သွယ်တာလား မြန်မာသံရုံးက နေပြီးတော့ ဦးကျော်မြင့်ကို စတင် ဆက်သွယ်တာလား။
UKM - တရုတ်ကို စီးပွားရေးကိစ္စ ကျနော် မြန်မာသံရုံးကို သူတို့ကို ပို့တယ်။ ဒါပေမယ့် နောက်ပိုင်းတော့ မြန်မာပြည်ကိစ္စတော့ နိုင်ငံရေးကိစ္စတော့ သူတို့ ကျနော့်ကို ဆက်သွယ်ပါတယ်။

VOA - ဦးကျော်မြင့်အနေနဲ့ မြန်မာသံရုံးကို ဆက်သွယ်ရတဲ့ အကြောင်းရင်းက မြန်မာနိုင်ငံမှာ လွတ်ငြိမ်းချမ်းသာခွင့် ပြန်လိုချင်လို့လား။
UKM - မဟုတ်ပါဘူး။ ကျနော် ဆက်သွယ်တာ အစက တရုတ်က သူတို့က ဟို ဗမာပြည်စီးပွားရေး နယ်စပ်စီးပွားရေးကို လုပ်ချင်လို့ ကျနော် လည်း သူတို့ကို နည်းနည်းလုပ်ပေးလိုက်ရင် ပြီးပြီ၊ နောက်ပိုင်း ကျနော်လည်း ဗမာပြည် ဖြစ်နိုင်တဲ့အကြောင်းကို ဗမာပြည် နိုင်ငံရေးကိစ္စ၊ တိုင်းပြည် တိုးတက်စေချင်လို့ လွတ်ငြိမ်းချမ်းသာခွင့် လိုချင်လို့ မဟုတ်ပါဘူး။ ကျနော့်တိုင်းပြည်မှာ တိုးတက်စေချင်လို့ပေါ့။ အဲဒါမျိုးတွေကလည်း သူတို့ကို နည်းနည်း ပြောစေချင်တယ်။

VOA - ဦးကျော်မြင့်အနေနဲ့ အခု ကနေဒါကို ပြောင်းရွှေ့သွားပြီးနောက်ပိုင်းမှာ UDP လို့ ခေါ်တဲ့ United Democratic Party ကို ထူထောင်ပြီးတော့ မြန်မာနိုင်ငံမှာ ပြန်ပြီးတော့ ရွေးကောက်ပွဲဝင်ဖို့ ပြင်ဆင်နေတယ်လို့လည်း ဆိုတယ်လေ။ အဲဒီတော့ ဦးကျော်မြင့် အနေနဲ့ မြန်မာနိုင်ငံကနေပြီးတော့ အကျဉ်းထောင်ကနေ ထွက်ပြေးလာရတဲ့ လူတယောက်ကို မြန်မာနိုင်ငံ စစ်အစိုးရ အနေနဲ့ ပြန်ပြီးတော့ လိုလိုလားလား လက်ခံနိုင်ပါ့မလားခင်ဗျ။ အထူးသဖြင့် ဦးကျော်မြင့်ကို လွတ်ငြိမ်းချမ်းသာခွင့် ပေးဖို့ သူတို့မှာ ရည်ရွယ်ချက်များ ရှိသလား။
UKM - လွတ်ငြိမ်းချမ်းသာခွင့် ပေးဖို့က သူတို့အပိုင်း။ ကျနော်က ဒါကို အဓိက ၂ဝ၁ဝ ခုနှစ် ရွေးကောက်ပွဲ လုပ်မယ်ဆိုရင် ဒါ ကောင်းတဲ့ကိစ္စ။ ဒါကြောင့်ကို နယဖမှာ ဒီဟာ ကျနော် ထောက်ခံပါတယ်။ ကျနော် ထောက်ခံတယ်ဆိုတာ ကောင်းတဲ့ဥစ္စာမှာ ထောက်ခံတယ်။ ဥပမာဆိုရင် နယဖကနေပြီးတော့ - နိုင်ငံရေးအကျဉ်းသား လွတ်ငြိမ်းချမ်းသာခွင့် ပေးမယ်ဆိုရင် ဒါ ကောင်းတဲ့ကိစ္စပဲ။ ကျနော်တို့ ထောက်ခံရမယ်လေ။ ဒါကြောင့်မို့ နယကကို အကုန်လုံး မထောက်ခံဘူးဆိုတာ အဲဒီလို ပြောလို့ မရဘူး။ ကောင်းတဲ့ကိစ္စဆိုရင် တိုင်းပြည်အကျိုးရှိတဲ့ ကိစ္စဆိုရင် ကျနော်တို့ ထောက်ခံမယ်လေ။ အခု သူတို့လုပ်တာ ဥပမာ လွတ်ငြိမ်းချမ်းသာခွင့် ပေးမယ် နိုင်ငံရေးအကျဉ်းသားတွေ လွတ်ငြိမ်းချမ်းသာခွင့် ပေးမယ်၊ ၂ဝ၁ဝ ခုနှစ်မှာ ရွေးကောက်ပွဲလုပ်မယ် တအားကောင်းတဲ့ကိစ္စ။ ဒါကြောင့် ကျနော် ထောက်ခံတယ်။ တကယ်လို့ သူတို့ ကျနော့်ကို လွတ်ငြိမ်းချမ်းသာခွင့် ပေးနိုင် မပေးနိုင် ဒါတော့ သူတို့ ဆုံးဖြတ်မှာ။ ကျနော်လည်း ပြောလို့ မရဘူးခင်ဗျ အဲဒါတော့။

VOA - လောလောဆယ် ဦးကျော်မြင့်ရဲ့ UDP ပါတီမှာ မြန်မာပြည်တွင်းကနေ ပါဝင်ဆောင်ရွက်ပေးနေတဲ့ ဦးသုဝေတို့ ဦးရဲထွန်းတို့လို ပုဂ္ဂိုလ်မျိုးတွေနဲ့ အရင်က ရင်းနှီးမှုတွေ ရှိခဲ့လားခင်ဗျ။
UKM - ကျနော် အရင်က နာမည် ကြားဖူးပါတယ်။ လူချင်း မတွေ့ဖူးပါဘူး။ ဦးရဲထွန်းလည်း သူက တကယ် ပညာရှင်၊ ပြီးတော့မှ လူလည်း နိုင်ငံရေး အရည်အချင်း တော်တော်ရှိတဲ့သူ၊ ဟို ဦးသုဝေ အပါပေါ့။ သူတို့လည်း နိုင်ငံရေးတခု ဆိုတာလည်း သူတို့ သေချာ စဉ်းစားပြီးတော့ ဆုံးဖြတ်ချက်ချတဲ့ ပုဂ္ဂိုလ်တဦး ဖြစ်ပါတယ်။ ကျနော်တို့လည်း ဗမာပြည် နိုင်ငံရေး တော်လှန်ရေးဆိုတာ နှစ်ပေါင်းများစွာ တောက်လျှောက် လုပ်လာတဲ့ပုဂ္ဂိုလ်။ ဒီအပေါ်မှာလည်း ကျနော်တို့ အရည်အချင်း တူပါတယ်။ အဲဒီလို အရည်အချင်း တူတဲ့အခါ ကျနော်တို့ ဦးရဲထွန်းတို့၊ ဦးသုဝေတို့၊ ကျနော်တို့က ယုံကြည်မှု အပြည့်အဝ ရှိပါတယ် ကျနော်တို့ သုံးယောက်က။

VOA - UDP ပါတီကို အဓိက ငွေကြေးထောက်ပံ့တာကတော့ ဦးကျော်မြင့်ရဲ့ ငွေကြေးသက်သက်ပေါ့နော် အခု လောလောဆယ်က။
UKM - ငွေကြေးထောက်ပံ့တာကတော့ ကျနော်လည်း ပါပါတယ်။ ဒါပေမယ့် တော်တော်များများဗျာ၊ ကျနော်တယောက်တည်းဆိုရင် ထောက်ပံ့လို့လည်း မရပါဘူး။ အဓိက ကျနော် ပတ်သက်တဲ့ ပုဂ္ဂိုလ်များပေါ့။ ဥပမာ တရုတ်တွေရော၊ တချို့ အမေရိကန် စီးပွားရေးရှင်တွေရော၊ ကနေဒါမှာရှိတဲ့ စီးပွားရေး တချို့ ASSOCIATION တွေရော ပံ့ပိုးပါတယ်ခင်ဗျ။ ကနေဒါ ဒီမှာရှိတဲ့ သူတို့က ကျနော့် ပုဂ္ဂိုလ်ရေး ခင်တော့ ပံ့ပိုးတာပါ။ သူတို့က အစိုးရကနေ လာတာ မဟုတ်ပါဘူး။

VOA - လောလောဆယ် မြန်မာပြည်ထဲမှာ ရှိနေတဲ့ အပစ်အခတ် ရပ်စဲထားတဲ့ တိုင်းရင်းသား အဖွဲ့အစည်းတွေပေါ့နော်၊ ကချင်အဖွဲ့တို့ ဝအဖွဲ့တို့ နဲ့ရော UDP ပါတီ အနေနဲ့ ဘယ်လို ဆက်သွယ်နေလဲ။
UKM - ကျနော်တို့ UDP ပါတီ အနေနဲ့တော့ ဒီလို ဒါရိုက်ပြောတာ မရှိပါဘူး၊ ဟို ဒါပေမယ့် ပုဂ္ဂိုလ်အနေနဲ့တော့ ကျနော် သူတို့နဲ့ ရောက်ပါတယ်။ UDP နာမည်နဲ့ ရောက်တာပါ။ တရားဝင်တော့ သူတို့လည်း ဒီလို ကမ်းလှမ်းတာတော့ မရှိပါဘူး။ ပုဂ္ဂိုလ်အနေနဲ့ပဲ ကျနော် ရှိပါတယ်။ ငြိမ်းချမ်းရေးတပ်ဖွဲ့ တောင်ပိုင်း ဗဟို၊ တောင်ပိုင်း KNU အဖွဲ့တော့ ကျနော် သိပ်မတွေ့ဘူး။ အရင်တုန်းက ဗိုလ်ချုပ်မြ ကျနော် ဘန်ကောက်ရောက်တုန်းက ဗမာပြည်ထွက်လာတုန်းက အဲဒါ - တခါ မဲဆောက်မှာ အစည်းအဝေးလုပ်တာ အဲဒါလည်း NCGUB ဦးသိန်းဦး ပါပါတယ်။ အဲဒီအဖွဲ့တော့ မဟုတ်ဘူး။ အဓိက အဖွဲ့တော့ ဒီ မြောက်ပိုင်းပါ။ ဒီ မြောက်ပိုင်းအဖွဲ့တော့ ကျနော်တို့ ပုဂ္ဂိုလ်အနေနဲ့ အမြဲတမ်း ဆက်ဆံပါတယ်ခင်ဗျ။

VOA - ဦးကျော်မြင့်တို့ရဲ့ UDP ကိုယ်စားလှယ်တယောက်က ရန်ကုန်ကို သွားနေပြီးတော့ ရန်ကုန်မှာ နေပြည်တော်က မြန်မာစစ်အစိုးရ ခေါင်းဆောင်ပိုင်းနဲ့ပေါ့နော်၊ အရာရှိ တချို့နဲ့ ညှိနှိုင်းပြီးတော့ UDP ပါတီကို မြန်မာပြည်မှာ တရားဝင် ထူထောင်ခွင့်ရအောင် ညှိနှိုင်းနေတယ်လို့လည်း ကြားရပါတယ်။ အဲဒါ ဟုတ်သလားခင်ဗျ။ အဲဒါဆိုရင် UDP ပါတီကို မြန်မာပြည်မှာ လက်ခံလိမ့်မယ်လို့ မျှော်လင့်ထားလား။
UKM - အခုတော့ တရားဝင် အမေရိကန်မှာရှိတဲ့ သံရုံးမှာ လာပါတယ်။ ၂ဝ၁ဝ ခုနှစ်မှာ UDP ကို ဝင်ဖို့အတွက် သူတို့က ရွေးကောက်ပွဲကော်မရှင် စည်းမျဉ်းစည်းကမ်းအရကို သူတို့က သဘောတူပါတယ်။ အဲဒီ စည်းမျဉ်းစည်းကမ်း သတ်မှတ်ချက်အရပေါ့ - - UDP ၂ဝ၁ဝ ခုနှစ်မှာ ရွေးကောက်ပွဲ ဝင်ဖို့ သဘောတူတဲ့ တရားဝင်စာ ကျနော်တို့ဆီ ရောက်လာပါတယ်။ ဟုတ်ပါတယ်ခင်ဗျ။

VOA - အဲဒါက ဘယ်ကနေ ပို့ပေးတာလဲခင်ဗျ။
UKM - ဝါရှင်တန်ဒီစီ မြန်မာသံရုံးပါ။ နေပြည်တော်က သူတို့ကို ညွှန်ကြားတာ။

VOA - အဲဒီတော့ ဦးကျော်မြင့်ကိုယ်တိုင်ရော မြန်မာနိုင်ငံကို ဘယ်တော့ ပြန်မလဲခင်ဗျ။
UKM - ကျနော် လောလောဆယ်တော့ ပြည်ပမှာ ကျနော် လုပ်ငန်းတွေ ရှိနေတော့ - လောလောဆယ်တော့ ပြည်ပမှာ တာဝန်ယူထားပါတယ်။ လောလောဆယ် ကျနော် မပြန်ပါဘူး။ ဒါပေမယ့် ကျနော်တို့ ဥက္ကဋ္ဌ ဦးသုဝေတို့၊ ဒုဥက္ကဋ္ဌ ဦးရဲထွန်းတို့ အထွေထွေအတွင်းရေးမှူး တို့ သူတို့ သုံးယောက် အဲဒီမှာ။ ကျနော်တော့ လောလောဆယ်တော့ UDPရဲ့ နိုင်ငံခြားတာဝန်ခံ ဆိုပြီး ကျနော့်ကို ပေးထားပါတယ်။

VOA - အခု လက်ရှိအားဖြင့်ဆိုရင် ပြီးခဲ့တဲ့ ရက်ပိုင်းအတွင်းကပဲ Vancouver Sun သတင်းစာမှာ ရေးထားတဲ့ သတင်းတပုဒ်အရ ဦးကျော်မြင့် ထူထောင်ထားတဲ့ Future Canada China Environment ကုမ္ပဏီပေါ့နော်၊ ဒီ ကုမ္ပဏီက ငွေရေးကြေးရေးအရ စတော့ရှယ်ယာဈေးကွက်မှာ မသမာမှုတချို့ တွေ့ရတယ် ဆိုပြီးတော့ US Securities and Stock Exchange Commission ကနေ လုပ်ငန်းတွေ ရပ်ဆိုင်းထားတယ်၊ စုံစမ်းမှုတွေ လုပ်နေတယ်လို့ ရေးသားထားပါတယ်ခင်ဗျ။ ဦးကျော်မြင့်တို့ ဒီကိစ္စကို စုံစမ်းစစ်ဆေးမှုတွေ ခံနေရတယ် ဆိုတာ တကယ်ပဲလားခင်ဗျ။
UKM - အဲဒီ Future Canada China Environment ကုမ္ပဏီဟာ British Columbia ဟို Canada မှာ ကျနော် Register လုပ်ထားတဲ့ ကုမ္ပဏီတခု ဖြစ်တယ်။ အဲဒီ ကုမ္ပဏီရဲ့ နာမည်က အမေရိကန် ဟို Stock နာမည်နဲ့ တူလို့ အဲဒါ သူ CONFUSE ဖြစ်ပြီးတော့ ဒီ ကုမ္ပဏီနဲ့ ဟို ကုမ္ပဏီဟာ ဘာမှ မပတ်သက်ဘူး၊ နာမည်တူလို့၊ တရုတ်နာမည် ဆိုတာ မူရင်းက တရုတ်နာမည်။ အဲဒါ တရုတ်နာမည်ကို အင်္ဂလိပ်လို ပြန်တဲ့အခါ Future Canada China အဲဒါတော့ ကုမ္ပဏီနာမည်တူလို့ သူ မှားရေးတာ။ ကျနော် ကုမ္ပဏီဟာ ဒီ PUBLIC ကုမ္ပဏီ မဟုတ်ဘူး။ ဒီ Vancouver ကုမ္ပဏီ။ ထင်ထားတာ AMERICAN STOCK ရှိတဲ့ FCCE ခေါ်တာပေါ့ အတိုကောက်။ အဲဒီ FCCE ကုမ္ပဏီတခုတည်းလို့ သူထင်တာ။ သူရေးတာ။ အဲဒါ သူရေးမှားထားတဲ့၊ အဲဒါ Vancouver Sun ရဲ့ သတင်းထောက် ကျနော်လည်း တွေ့ပြီးပြီ။ အဲဒါ သူပြောတာ တချို့ သူ အထင်လွဲပြီးတော့ သူ American ကုမ္ပဏီနဲ့ Vancouver ကုမ္ပဏီကို မှားရေးတာ။

VOA - အဲဒီတော့ နာမည်တူနေတဲ့ ကုမ္ပဏီ နှစ်ခုကို ဦးကျော်မြင့်နဲ့ လုံးဝ မပတ်သက်တဲ့ ကုမ္ပဏီတခုနဲ့ မှားယွင်းပြီး ရေးတယ်လို့ Vancouver Sun သတင်းထောက် ဒေးဗစ်ဗိန်းက တရားဝင် ဦးကျော်မြင့်ကို တောင်းပန်ထားပြီးပြီလားခင်ဗျ။
UKM - သူ ပြန်ရေးမယ်၊ - ပြန်ပြီးတော့ ပြင်မယ်၊ အဲဒါ - ဒီကိစ္စမှာ (ဦးကျော်မြင့်က ဆွေးနွေးပါတယ်။) သူ ပြန်ပြီးတော့ သူ write ခိုင်းမယ်လေ။ အဲဒီ ဘိန်းတို့ ဘာတို့ ညာတို့ အဲဒါတော့ သူကပြောတာ အဲဒါ Irrawaddy က သူ ကော်ပီကူးလာပြီးတော့ ထည့်တာ။ VOA - ဒီကိစ္စကို သေချာအောင် ထပ်မေးရမယ် ဆိုရင် ဦးကျော်မြင့် ထူထောင်ထားတဲ့ ဒီ ကုမ္ပဏီဟာ အမေရိကန် Securities and Exchange Commission ရဲ့ စုံစမ်း စစ်ဆေးမှုကို လုံးဝ မခံရဘူးပေါ့။ UKM - လုံးဝ မခံရဘူးခင်ဗျ။ ဘာမှ မရှိဘူး။ အခုထက်ထိ ဘာမှ မရှိဘူး။

VOA - အဲဒီတော့ ကနေဒါမှာ ဦးကျော်မြင့် ထူထောင်ထားတဲ့ တချို့ လုပ်ငန်းတချို့မှာ တရားစွဲဆိုမှုတချို့ ခံနေရတယ် ဆိုတဲ့ သတင်းတွေလည်း ရှိတယ်။ အဲဒါ ဘာကိစ္စတွေအတွက် တရားစွဲခံထားရတာလဲ။
UKM - လုပ်ငန်း ထူထောင်ထားတဲ့ ကိစ္စကို တရားစွဲတာ ကုမ္ပဏီ တရားစွဲတာ မရှိပါဘူးခင်ဗျ။ တခုမှ မရှိဘူးခင်ဗျ။

VOA - နောက်ဆုံး UDPပါတီက ထုတ်ပြန်ထားတဲ့ ကြေညာချက်တခုမှာ ထိုင်းနိုင်ငံမှာ အခြေစိုက်တဲ့ ဧရာဝတီသတင်းမဂ္ဂဇင်းကို တရားစွဲမယ်လို့ ကြေညာထားပါတယ်။ အဲဒါ ဘယ်အကြောင်းအချက်တွေနဲ့ တရားစွဲမှာလဲ။ အဲဒါက ဘာကြောင့်မို့လို့ တရားစွဲမှာလဲ ဆိုတာ နည်းနည်းလေး ရှင်းပြပါ။
UKM - အဲဒါတော့ ဟုတ်ပါတယ်။ သူက ကျနော့်ကို PERSONAL ဟို ဘိန်းလုပ်တယ်လို့ ရေးတယ်လေ။ ကျနော် ဘိန်းသမားပေါ့ သူက ရေးတယ်၊ နံပတ်တစ်။ နံပတ်နှစ်က ကျနော် MONEY LAUNDARY တဲ့။ MONEY LAUNDARY ဆိုရင် ဘိန်းလုပ်တဲ့ ပိုက်ဆံရော သို့မဟုတ် တခြား တရားမဝင်တဲ့ အဲဒါ ပိုက်ဆံကနေ MONEY LAUNDARY။ ကျနော်တို့ အဲဒါ ရှိကို မရှိတဲ့ဥစ္စာ သူ စွပ်စွဲတယ်။ အဲဒါ သူ ရေးတာပေါ့။ အဲဒါကြောင့် အထောက်အထား ပြပါ။ ကျနော့်ကို ခင်ဗျား DIRECT အင်တာဗျူး လုပ်ဖူးသေးလား။ နို့မဟုတ်လို့ဆိုရင် ကျနော် ဘယ်မှာ LAUNDARY လုပ်သလဲ။

အဲဒီ နှစ်ခုကို ယူပြီးတော့ ကျနော်က ယိုးဒယား တရားရုံးမှာ ကျနော် တရားစွဲမယ်။ အခုလည်း ရှေ့နေတွေ အကုန်လုံး၊ ကျနော်တို့ ပထမတော့ အဲဒီ မစ္စတာ အောင်ဇော်ဆီ ပေါ့၊ ခင်ဗျား ဖြစ်နိုင်တဲ့ဥစ္စာကိုရေး။ မမှန်တဲ့နေရာကို ခင်ဗျား ပြင်ပေးရမယ်။ ဟို ကျနော် သူ့ဆီမှာ နှစ်ကြိမ်လောက် စာပေးပါတယ်။ သူက နောက်ပြီးတော့ မစ္စတာ အောင်ဇော်ကို ကျနော့်ကို ဘာလုပ်လိုက်သလဲလို့၊ ဘာမှ မလုပ်နိုင်ဘူးတဲ့ အဲဒီစကား ကျနော့်ဆီ ထွက်လာတယ်။ ထွက်လာတော့ ကောင်းပြီ အဲဒါဆိုရင် ကျနော် တရားစွဲမယ်။ အဲဒါ အခု ယိုးဒယားရှေ့နေတွေ အခု စာရွက်တွေ ပြင်နေပါတယ်။ ကျနော် ထင်တယ် ဒီလ ကုန်ခါနီး ဆိုရင် တရားရုံးအထိ ရောက်ပြီလို့ ကျနော် ထင်ပါတယ်။ အခုတော့ စာရွက်စာတမ်းတွေ ပြင်ဆင်နေပါတယ်ခင်ဗျ။ ။
[ မူရင်း - ဗွီအိုအေ အသံလွှင့်ဌာန၊ မြန်မာပိုင်း၊ ဖေဖော်ဝါရီ ၂၅၊ ၂၀၀၉ ]

Read More...

Wednesday, February 25, 2009

မူလတန်းဖတ်စာ

Read More...

နိုင်ငံတကာ တရားရုံးမှ ဆူဒန် သမ္မတအား ဖမ်း ၀ရန်းထုတ်မည်

Wednesday, February 25, 2009 6:30 PM

ဟိဂ် မြို့တွင်ရှိသော နိုင်ငံတကာ ရာဇ၀တ်တရားရုံးသည် ဆူဒန်နိုင်ငံ၏ လက်ရှိသမ္မတ အယ်လ်ဘက်ရှီးယားအား ဖမ်းဆီးရန် ၀ရန်းကို မတ်လ (၄) ရက်နေ့တွင် ထုတ်ပေးလိမ့်မည်ဟု သက်ဆိုင်ရာမှ ပြောကြားသည်။ တရားသူ ကြီးအဖွဲ့မှ သီးသန့်ရုံးထိုင်ကြားနာပြီးလျှင် ဖမ်းဝရန်းထုတ်ရန် ဆုံးဖြတ်ခဲ့ကြသည်။ ၀ရန်းထုတ်ရန်နေ့ရက်ကို ကြို တင်ပြောကြားခြင်းမှာ ဖြစ်ရပ်၏ သိမ်မွေ့နက်နဲမှုကြောင့် ဖြစ်သည်ဟု သိရှိရသည်။ ဤကြေငြာချက်ကြောင့် သံတမန်အသိုင်းအ၀ိုင်း၊ ကုလသမဂ္ဂငြိမ်းချမ်းရေးတပ်ဖွဲ့ဝင်များနှင့် ဆူဒန်ရှိ လူမှုအကူအညီပေးရေး လုပ်သားများ အတွင်း စိုးရိမ်ထိတ်လန့်မှု ဖြစ်ပွားနိုင်သောကြောင့်ဖြစ်သည်။ တရားရုံး၏ အမှုလိုက်ဥပဒေအရာရှိက မစ္စတာ ဘက်ရှီးယားသည် လူအစုလိုက်အပြုံလိုက် သတ်ဖြတ်ခြင်း၊ မတရား စစ်ဆင်ရေးဆင်နွှဲခြင်း၊ စသည့်ပြစ်မှုများ ကျူး လွန်ကြောင်း၊ သက်သေအထောက်အထားများ ရှိထားသည်ဟု ပြောဆိုသည်။ (အိုင်အိပ်တီ)

Read More...

ဇင်ဘာဘွေတွင် လူဖြူပိုင် လယ်ယာ မြေများ အဓမ္မ သိမ်းပိုက်

Wednesday, February 25, 2009 6:30 PM

ဇင်ဘာဘွေနိုင်ငံတွင် အမျိုးသားညီညွတ်ရေးအစိုးရ ကျမ်းသစ္စာကျိန်ဆိုပြီးနောက် ရက်ပိုင်းအကြာတွင် လွတ်တော် အမတ်များ ရဲတပ်ဖွဲ့ဝင်များ၊ တပ်သားများ၊ ဗဟိုဘဏ် အရာရှိများပါဝင်သော လူအုပ်ကြီးသည် လူဖြူများပိုင်ဆိုင် သောလယ်ယာမြေ (၇၇)ကွက်ကို ၀င်ရောက်စီးနင်း သိမ်းပိုက်လိုက်ကြကြောင်း စိုက်ပျိုးရေးသမဂ္ဂ ထုတ်ပြန် ကြေ ညာသည်။ ယခုလုပ်ရပ်သည် လူမျိုးခွဲခြားခြင်းဖြစ်၍ တရားဥပဒေနှင့် ညီညွတ်မှုမရှိကြောင်း အာဖရိကဖွံ့ဖြိုးရေး ကောင်စီမှ ထုတ်ပြန်ကြေညာသည်။ ၎င်းလူစုလူဝေးအား သမ္မတ မူဂါဘေး၏ ဇာနူး ပါတီအဖွဲ့ဝင်များဖြစ်ကြသည်။ (ဘီဘီစီ)

Read More...

အောင်ပွဲကို အတူနွှဲမယ့် ကရင်အမျိုးသားနေ့

ဆောင်းပါး
နှင်းပန်းအိမ်
ဗုဒ္ဓဟူးနေ့၊ ဖေဖေါ်ဝါရီလ 25 2009 16:57 - မြန်မာစံတော်ချိန်
ဆောင်းရက် ကုန်ခါနီးချိန်ဖြစ်တဲ့ ဖေဖော်ဝါရီလမှာ ရုတ်တရက် အအေးဓာတ်က ပိုလာတယ်။ မြူတွေဆိုင်းနေတဲ့ နို့ဖိုး ဒုက္ခသည် စခန်းလေးကို တောတွေ တောင်တွေကြားမှာ တွေ့ရမယ်။ တောတောင်အလယ်က ပြားဝပ်နေတဲ့ စခန်းလေးကိုမြင်ရင် ကျမစိတ်ထဲ လွမ်းရမလို၊ ဆွေးရမလိုနဲ့ တမျိုးပဲခံစားရတယ်။ အနှစ် ၄၀ ကျော် ဖြတ်သန်းခဲ့ရ တဲ့ ကျမဝန်းကျင်နဲ့ လားလားမှမတူတဲ့ ဒီဝန်းကျင်ကို ဒုက္ခသည်အဖြစ်နဲ့ ရောက်နေရတဲ့အဖြစ်က ကျမအတွက် အိပ်မက်ထဲ လမ်းလျှောက်နေရသလိုပါပဲ။

ဘဝရဲ့ အချိုးအကွေ့တွေထဲမှာ ဒုက္ခသည်ဆိုတာကို တွေးထင်မထားခဲ့ဘူး။ ဒီဘဝကို ကျမက ရွေးချယ်ခဲ့တာ မ ဟုတ်ဘဲ၊ အခြေအနေတွေက ကျမကို ရွေးချယ်ခဲ့တယ်။

ဒုက္ခသည်စခန်းထဲမှာ ကျမတို့ဘဝတွေကို ဘယ်အချိန်ထိ မြှုပ်နှံထားရမယ်၊ ဘယ်အချိန်မှ တတိယနိုင်ငံ ထွက်ရ မယ်၊ ဘယ်အချိန်မှ အမိမြေကို ပြန်ခွင့်ရမယ်ဆိုတာ ဘယ်သိပါ့မလဲ။ ကျမရဲ့ ဘဝတွေကို မြန်မာပြည် ဒီမိုကရေစီ တော်လှန်ရေးမှာ ပေးဆပ်ခဲ့ရတယ်ဆိုရင် သိပ်များ ကြီးကျယ်သွားမလား။ ကြီးကျယ်တယ်လို့ မထင်ပါနဲ့။ စစ်အာ ဏာရှင် တံတိုင်းကို ဘဝနဲ့ ရိုက်ချိုးပြခဲ့တဲ့ ဖခင်နဲ့ ခင်ပွန်းသည်တို့ရဲ့ သမီးဘဝ၊ ဇနီးသည်ဘဝနဲ့ မြန်မာပြည် ဒီမိုက ရေစီ တော်လှန်ရေးကို ဖြတ်သန်းခဲ့ရတာ ကျမအသက် ၄၂ နှစ်တိုင်တဲ့ ဒီကနေ့ အချိန်အထိပါပဲ။

ကျမတို့ဘဝတွေထက် ဆိုးရွားတဲ့ ကရင်တိုင်းရင်းသား လူမျိုးတွေရဲ့ ဘဝကလည်း ကြေကွဲနာကျင်စရာ။ တော တောင်ထဲမှာ အိုးအိမ်စွန့်ခွာပြီး စစ်ပြေးဒုက္ခသည်အဖြစ် နေနေရတာ ပြည်တွင်းစစ် နှစ် ၆၀ ကျော်တဲ့ ဒီကနေ့ အထိပါပဲ။ ကိုယ့်အိမ်ကိုယ့်ယာ ကိုယ့်လယ်မြေမှာ စိတ်ချလက်ချ စိတ်အေးလက်အေး မနေနိုင်တဲ့ ဘဝတွေ၊ စာ သင်ခန်းထဲ ဝင်နိုင်ဖို့ထက် ဗမာစစ်သားမြင်ရင် ပြေးရမယ်ဆိုတဲ့ ဘဝအသိနဲ့ ကြီးပြင်းရတဲ့ ကလေးတွေ၊ မြေကြီး ပေါ် ထမင်းပုံပြီး စစ်ပြေးရင်း ပုန်းရင်း စားရတဲ့ စစ်ပြေးဒုက္ခသည်တွေ၊ ကလေးတွေကို မောင်းထဲထည့်ထောင်း၊ မိန်းမပျိုလေးတွေကို အဓမ္မကျင့်၊ မီးဖိုထဲ အရှင်လတ်လတ် မျက်နှာအပ် အသတ်ခံရသူတွေ အို --- နာကျင်စရာ ကောင်းလိုက်တာ။

ကျောင်းစာသင်ခန်းနဲ့ ဆရာ၊ ဆရာမကို သူတို့ကလေးဘဝမှာ မမြင်ခဲ့ရဖူးတဲ့၊ ပလိုင်းတွေထဲ လွယ်ပိုးပြီး ဆင့် ထက်ကဲ ချီပိုးပြေးရတဲ့ စစ်ပြေးဒုက္ခသည်ဘဝနဲ့ ကြီးပြင်းရတဲ့ သူတို့ မျက်နှာစိမ်းတဲ့သူကို သတိထား ဆက်ဆံ တတ်တယ်။ စစ်ရေးအမြင်နဲ့ ကြည့်မြင်တတ်သူတွေ ဒုက္ခကို ခံစားရပုံချင်း မတူပေမယ့် ဒုက္ခရောက်ရတာချင်း ကျတော့ အတူတူပါပဲ။

ကျမတို့ရဲ့ ဒုက္ခနဲ့ သူတို့ဒုက္ခတွေ ပေါင်းစည်းသွားတော့ ကျမတို့ တသားထဲ ဖြစ်သွားပါတော့တယ်။ သဘာဝ တရားကလည်း တောတောင်ရေမြေကို လောကလက်ဆောင်အဖြစ် ပေးပြီး၊ ကျမတို့ ဒုက္ခသည်စခန်းလေးကို သာယာအောင် ဖန်တီးပေးတယ်။

နို့ဖိုးဒုက္ခသည်စခန်းဘေးက တောင်ကြီးကို အဝေးကကြည့်ရင် ကိုယ်ဝန်ဆောင်မိန်းမ ပက်လက်လှန်အိပ်နေသလို မြင်ရမယ်။ ကျောက်တောင်ကြီးရဲ့ထိပ် အဖုအထစ်တွေက သဘာဝအတိုင်း ကိုယ်ဝန်ဆောင်မိခင်ရဲ့ သားမြတ် အသီးလေးအတိုင်း ရှိနေတာလည်း အံ့သြစရာ။

အဲ့ဒီတောင်ကြီးဘေးမှာ သက်ကယ်၊ အင်ဖက်မိုး၊ ဝါးခင်း၊ ဝါးကပ်ကာ အိမ် မည်ကာမတ္တ တဲလေးတွေထဲမှာ ဒုက္ခ သည်တွေရဲ့ ဘဝမျိုးစုံ ရှိပါတယ်။ အရောင်အသွေးစုံ၊ ဘဝစုံ၊ ရည်ရွယ်ချက်အစုံနဲ့ စိတ်ကူးတွေကလည်း နို့ဖိုး တောင်ထက် ကြီးပါတယ်။ ညနေစောင်းရင် မြန်မာပြည်ဘက်ကို တဖြေးဖြေး နိမ့်ဝင်သွားတဲ့ နေလုံးကြီးကို ကြည့် ပြီး ကျမတို့ လွမ်းရပြန်ရော။

မြန်မာပြည်အလွမ်းတွေနဲ့ ကျမတို့ ဖေဖော်ဝါရီ ၁၁ ရက်နေ့ ကရင်အမျိုးသားနေ့ကို ဒုက္ခသည်စခန်းထဲမှာပဲ ကျင်း ပခဲ့ကြတယ်။ မနက်စောစောမှာတော့ စခန်းရုံးထဲမှာ လူတွေ ပြည့်နေပြီ။ ရိုးသားပွင့်လင်း ကရင်လူမျိုးတွေ ရိုးရာ အဝတ်အစားတွေနဲ့ လှပတင့်တယ်နေကြတယ်။ စင်ပေါ်မှာတော့ ဖားစည်ပုံပါတဲ့ ကရင်အမျိုးသားအလံက ဝင့်ဝင့် ကြွားကြွား။

ကရင်အမျိုးသားကြီးတွေက လွယ်အိတ်လွယ်သူ၊ ခေါင်းပေါင်းပေါင်းသူနဲ့ ဆေးတံကိုက်သူကိုက် လွတ်လွတ်လပ် လပ် ထိုင်နေကြတယ်။ မျက်နှာပေါ်မှာ အရေးအကြောင်းတွေ ပေါ်နေတဲ့ ကရင်အဖိုးအိုက ကရင့် တော်လှန်ရေး သမားဟောင်းကြီးလို့ ပြောပါတယ်။ အသက်အရွယ်နဲ့အမျှ စူးရှတောက်ပတဲ့ မျက်ဝန်းတွေကလည်း ကရင့်တော် လှန်ရေး မပြီးဆုံးသေးဘူးလို့ ပြောနေသရောင်။

ကရင်အမျိုးသားနေ့အတွက် အခမ်းအနား စတင်တဲ့အခါ စခန်းဥက္ကဋ္ဌ ဦးလှရွှေက ဒုက္ခသည်တွေကို ခိုလှုံခွင့်ပြုတဲ့ ထိုင်းတော်ဝင် အစိုးရနဲ့ စခန်းတာဝန်ရှိသူတွေကို ကျေးဇူးတင်ကြောင်း ပြောပါတယ်။ တက်ရောက်လာသူတွေကို “ဝါလေးကေ” လို့ ကရင်လို နှုတ်ဆတ်လိုက်တော့၊ ပရိသတ်ကလည်း “ဝါလေးကေ” လို့ ပြန်နှုတ်ဆတ်လိုက်တာ ခန်းမတခုလုံး ဟိန်းထွက်သွားတယ်။ “ဝါလေးကေ'' ဆိုတာ ကရင်လို ''မင်္ဂလာနံနက်ခင်းပါ” လို့ အဓိပ္ပာယ် ရပါတယ်။

ဦးလှရွှေ မြန်မာလို ပြောတဲ့အထဲမှာ “ကရင်လူမျိုးတွေကို အမြဲတမ်း ဖိနှိပ်သတ်ဖြတ်ညှဉ်းဆဲတဲ့ ဗမာစစ်အစိုးရကို မုန်းသလို ဗမာလူမျိုးတွေကိုလည်း မုန်းခဲ့တယ်။ ကရင်တွေကိုမှ ဗမာစစ်အစိုးရက ညှဉ်းပန်းတာ သတ်ဖြတ်တာလို့ ထင်ခဲ့ပေမယ့် ၁၉၈၈ ခုနှစ် အရေးအခင်းဖြစ်လာတော့မှ ဗမာပြည်သူလူထုပါ သတ်ဖြတ်နှိပ်စက် ခံရတာလို့ သိခဲ့ရတယ်။ ဒါကြောင့် ဗမာနဲ့ ကရင် အတူတူပါပဲ” လို့ ပြောသွားတယ်။

KNU ဗိုလ်ချုပ်မန်းကျော်ဖေကတော့ ကရင်အမျိုးသားနေ့ ဖြစ်ပေါ်ပုံကို ပြောပြပါတယ်။ အခုတတ်ရောက်နေတဲ့ စခန်းထဲက လူမျိုးစုံတွေကိုမြင်တော့ ပင်လုံ ညီလာခံလားလို့ ထင်မြင်မိတဲ့အကြောင်း စတင်ပြောပါတယ်။

“ဖေဖော်ဝါရီ ၁၁ ရက်နေ့ကို ကရင်အမျိုးသားနေ့လို့ ဘာကြောင့် သတ်မှတ်ရသလဲဆိုတော့ ၁၉၄၈ ခု ဖေဖော်ဝါရီ ၁၁ ရက်မှာ မြန်မာတပြည်လုံး ကရင်လူမျိုး ၄ သိန်းကျော် ငြိမ်းချမ်းစွာ ဆန္ဒပြခဲ့ကြတယ်။ တောင်းဆိုချက်တွေက (၁) ကရင်ပြည် ချက်ချင်းပေး၊ (၂) ကရင်တကျပ်၊ ဗမာတကျပ် ချက်ချင်းပြ၊ (၃) လူမျိုးရေးအဓိကရုဏ်း အလိုမရှိ၊ (၄) ပြည်တွင်းစစ် အလိုမရှိ ဆိုတဲ့ တောင်းဆိုချက်တွေပါပဲ။

ကရင်တွေ သွေးတစက်မှမကျဘဲ ကရင်ပြည်ရအောင် တောင်းမယ်လို့ ခေါင်းဆောင် စောဘဦးကြီးက ပြောခဲ့ တယ်။ ဒါကိုကြည့်ခြင်းအားဖြင့် ငြိမ်းချမ်းရေးကို ကရင်အမျိုးသားတွေ လိုလားတယ် ဆိုတာကို ပြသနေပါတယ်။ ကရင်တွေရဲ့ တောင်းဆိုချက်ကိုကြည့်ရင် အကြမ်းဖက်တာကို မလိုလားပါဘူး။ စစ်အစိုးရရဲ့ အကြမ်းဖက်ဖိနှိပ်မှု ကြောင့် ကရင့်အမျိုးသား ငြိမ်းချမ်းရေးနဲ့ ကိုယ့်အမျိုးသားကို ကာကွယ်ဖို့ လက်နက်ကိုင်လမ်းစဉ်ကို မရှောင် မလွှဲသာ လိုက်ခဲ့ရပါတယ်။ ရွေးစရာလမ်းမရှိလို့ လက်နက်ကိုင် တော်လှန်ရေးကို ရွေးခဲ့ရတာပါ” လို့ ကြေကြေကွဲ ကွဲ ပြောသွားပါတယ်။

ဗိုလ်ချုပ်ဆိုပေမယ့် ဘာအဆောင်အယောင်မှ မရှိရှာဘူး။ တင်းတိမ်ရောင့်ရဲမှုတွေ၊ ဖြူစင်မှုတွေသာရှိတဲ့ တော် လှန်ရေးခေါင်းဆောင်များပါ။

ခေါင်းတွေ ဖွေးဖွေးဖြူနေတဲ့ ကရင့်တော်လှန်ရေး ခေါင်းဆောင်တယောက်ဖြစ်တဲ့ ဦးဗလာဒူးက “ဟိုတုန်းက ကျနော်တို့ ကရင်တွေနဲ့ ဗမာတွေက ၃ နဲ့ ၄ ပါ။ အခုအချိန်မှာ စစ်အစိုးရရဲ့ ဖိနှိပ်ကို အတူခံနေရတဲ့အတွက် ၄ နဲ့ ၃ ဖြစ်သွားပါပြီ” တဲ့။

ကျမတို့ ဒုက္ခသည်စခန်းထဲမှာ ကချင်၊ ချင်း၊ ကရင်၊ ဗမာ၊ ရခိုင်၊ မွန်၊ ရှမ်း တိုင်းရင်းသားတွေလည်း ရိုးရာဝတ်စုံ တွေနဲ့ ကရင့်အမျိုးသားနေ့ကို တတ်ရောက်အားပေးကြပါတယ်။ တယောက်ကိုတယောက် မှီတွယ်ပေါင်စည်း လျက်ရှိတဲ့ ခွန်အားတွေ၊ စိတ်ဓာတ်တွေက မြစ်ကြီးတခုထဲကို ရေပေါင်းများစွာ ပေါင်းစပ်စီးဆင်း နေသလိုပါပဲ။ ရိုးရာအစားအစာတွေကိုလည်း ပြပွဲလုပ်သွားပါတယ်။ ကရင်လူမျိုးတို့ရဲ့ ရိုးရာအမှတ်အသား အစားအစာဖြစ်တဲ့ “တာလပေါ” ဟင်းကို ကရင်စာသင်တဲ့ ကျောင်းဆရာကြီးက ရှင်းပြတော့ ကျမမှာ အံ့သြချီးမွမ်း တုန်လှုပ်သွားရ တယ်။ ပြောတတ်လိုက်တာလို့လည်း နှုတ်က ဖွင့်ဟမိတဲ့အထိပါ။

“ကျနော်တို့ ကရင်လူမျိုးတွေမှာ ဖူလုံတဲ့ အစားအစာနဲ့ မဖူလုံတဲ့ အစားအစာဆိုပြီး နှစ်မျိုး ရှိပါတယ်။ ကျနော်တို့ ကရင်လူမျိုးတွေကို နှိမ့်နှိမ့်ချချ တာလပေါစားကြီးတဲ့ ကောင်တွေလို့ ပြောကြတယ်။ တာလပေါဆိုတာ ဆန်ကို လှော်ပြီး အသီးအနှံမျိုးစုံနဲ့ ချက်တဲ့ဟင်းကို ပြောတာပါ။ ကျနော်တို့ ဒေသတောင်ယာတွေက ထွက်တဲ့ ဆန်၊ အသီးအနှံတွေ ရောချက်ထားတဲ့၊ ဖူလုံရင်တော့ အသားငါး ထည့်ပါတယ်။ တာလပေါထဲမှာ ကြိမ်ဖူးလည်း ပါပါ တယ်။ ကြိမ်ဖူးက ဆိမ့်သက်ပြီး စိတ်ဓာတ်ခွန်အား ပေးပါတယ်။ ဒါကြောင့် ရှေ့တန်းစစ်မျက်နှာပြင်မှာ တာလပေါ ထဲကို ကြိမ်ဖူးထည့်ပေးတယ်။ တာလပေါစားပြီး ကရင့်တော်လှန်ရေးကို တိုက်ပွဲဝင်နေကြတာ နှစ်ပေါင်း ၆၀ ကျော်ပါပြီ။

တာလပေါစားပြီး အသက်ဆက်ရတဲ့ ကရင့်တော်လှန်ရေးက ကြေကွဲဖွယ်ရာ တာလပေါအကြောင်း နားထောင်ပြီးတော့ ပရိသတ်က ငြိမ်သက်သွားတယ်။

ကျမတို့ ဗမာအစားအစာကတော့ ကြက်သားနဲ့ ဘူးသီး ကာလသားချက်နဲ့ လက်ဖက်ပွဲပါ။ ကြက်သားနဲ့ ဘူးသီးကို အလွယ်တကူမို့သာ ချက်ရတယ်။ ရိုးရာဟင်းတော့ မဟုတ်ပါဘူး။ ရိုးရာမဟုတ်ပေမယ့် ပျော်စရာအဖြစ် ကာလ သားတွေ ကြက်ခိုး၊ ဘူးသီးခိုးပြီး အပျော်ချက်စားကြပါတယ်။ ကြက်သားချက်ရင် ဆရာကြီးသော်တာဆွေ ပြောတဲ့ စကားကို သတိရမိပါတယ်။ သဘာဝအလျောက် ပျော်ရွှင်နေတဲ့၊ သေရမယ်မှန်းမသိတဲ့ ကြက်က ပိုချိုတယ်တဲ့။ ဒါ ကြောင့် ထင်ပါရဲ့၊ တောရွာတွေရောက်လို့ ဆွေမျိုးတွေ ချက်ကြွေးတဲ့ ကြက်သားဟင်းက သိပ်စားလို့ ကောင်းပါတယ်။ ကြက်ဆိုရင် တောင်ပံ၊ ဆီဖူး လူမဦးစေနဲ့လို့ အဆိုရှိပါတယ်။ ကာလသားချက်က ဆီနည်းနည်းနဲ့ အရည်သောက်ဟင်းမို့ ထမင်းမိန်ပြီး စားကောင်းတယ် ဆိုတဲ့အကြောင်း ဒေါ်နွယ်နွယ်ဝင်းက ပြောသွားပါတယ်။

ဗမာအသင်းတာဝန်ခံ ကိုထိန်လင်းအောင် က ကျမကို လက်ဖက်ပွဲအကြောင်း ပြောပြပေးပါတဲ့။ တာလပေါဟင်း အကြောင်းလို ရသစုံအောင် ပြောနိုင်ဖို့ ကျမဘက်က ကြိုတင်ပြင်ဆင်မထားနိုင်ပေမယ့် အတတ်နိုင်ဆုံးတော့ ကြိုးစားပြောခဲ့ပါတယ်။

တာလပေါအကြောင်း နားထောင်နေတုန်းက ကျမရင်ထဲ ခံစားရပါတယ်။ ဒေသအစားအစာဆိုတာ ကိုယ့်ဒေသ ထွက်တဲ့ ထွက်ကုန်ပေါ်မှီပြီး အသက်ရှင် ရပ်တည်ကြရတာမို့လား။ တောင်ယာစိုက်ခင်းများမှ၊ ရာသီဥတု ကောင်း ပါမှ ဒေသခံများ ဖူဖူလုံလုံ စားရတာပါ။ ကျမရောက်ဖူးတဲ့ ပုံတောင်ပုံညာ ယောနယ်ဘက်မှာ ရာသီဥတု မ ကောင်းလို့၊ စိုက်ပျိုးစရာ တောင်ယာနည်းလို့ သုံးလွန်းတင်စားရတယ် ကြားတော့ ဘာ့လို့ သုံးလွန်းတင်ခေါ်လည်း မေးကြည့်မိတယ်။ ကြွေဥ၊ ပြောင်း၊ ဆန်အနည်းငယ်ရောပြီး ချက်ရတယ်။ ဆန်တမျိုးထဲ မစားနိုင်ပါဘူး။ ဒါကြောင့် သုံးလွန်းတင်လို့ ခေါ်တာပါတဲ့။

ဒီအကြောင်းကို မြန်မာပြည်မှာ စာရေးဖော်ပြခွင့် မရှိပါဘူး။ ဒါ့ကြောင့် တော်တော်များများ ဒီအကြောင်းကို မသိ ကြပါဘူး။ တကယ်ဆင်းရဲကြသူတွေ ထမင်းနှစ်နပ် စားခွင့် မရှိပါဘူး။ မနက်စာ၊ ညစာ ပေါင်းပြီး တနပ်ထဲ စားရ သူတွေ တောရွာတွေမှာတင် မဟုတ်ပါဘူး။ မြို့ပြတွေမှာလည်း ရှိပါတယ်။ အာဟာရခမ်းခြောက်ပြီး ဘဝလမ်း ပျောက်နေရတဲ့ ပြည်သူလူထုတွေ မြန်မာပြည်မှာ အများကြီးပါ။

လက်ဖက်ကို ဘယ်အချိန်ကတည်းက စတင်စားသုံးတယ် ဆိုတာကိုတော့ ကျမ မသိပါဘူး။ လက်ဖက်ကတော့ ကျမတို့ မြန်မာလူမျိုးတွေရဲ့ ရိုးရာအစားအစာတင် မဟုတ်ဘဲ ရိုးရာနတ်တင် ကတော့ပွဲပြင်ရင် လက်ဖက်နဲ့ တင်ရပါတယ်။လက်ဖက်ကို ကြားခံ သံခင်း၊ တမန်ခင်းအဖြစ် အသုံးပြုကြတာ မြန်မာ့ရိုးရာဓလေ့လို ဖြစ်နေပါပြီ။ အလှူပွဲ၊ မင်္ဂလာပွဲများမှာ ဧည့်သည်ကို မွန်မြတ်တဲ့ အစားအစာအဖြစ် လက်ဖက်နဲ့ ဧည့်ခံပါတယ်။

ကျေးလက်တွေမှာ တရားတဘောင်ဖြစ်လို့၊ ပဋိပက္ခဖြစ်လို့ တဖက်နဲ့ တဖက် ကျေအေးချင်လို့ ကျေအေးမယ် ဆိုရင် လက်ဖက်ပွဲ ပြင်သွားကြပါတယ်။ လက်ဖက်ပွဲကို တဖက်လူက ဖွင့်စားတယ်ဆိုရင် အမျက်ပြေ ကျေအေး တယ်လို့ ယူဆပါတယ်။

ဒါ့ကြောင့် ကျမတို့ လက်ဖက်ပွဲကို ကရင်အမျိုးသားခေါင်းဆောင်များနှင့် ကရင်အမျိုးသားများ စားပြီး ဗမာပြည်သူ လူထုကို အမျက်ဖြေကြပါ။ ဒီလက်ဖက်ပွဲကို ကြည့်ရင် လက်ဖက်ပွဲလို့ ထင်ကြမယ်။ ရိုးရိုးလက်ဖက် မဟုတ်ပါဘူး။ လက်ဖက်အသားက ရှမ်းပြည်က ထွက်ပါတယ်။ ကြက်သွန်ကြော်၊ နှမ်း၊ ပဲကြော်က ကျမတို့ အညာမြေလတ်က ထွက်ပါတယ်။ ဒီငြုပ်သီးလေးက နို့ဖိုးဒုက္ခသည်စခန်းက ကရင်အမျိုးသမီးလေးတွေ စိုက်ထားတဲ့ ငြုပ်သီးမို့ ကျမတို့ မျှော်လင့်နေတဲ့ ဖက်ဒရယ် ပြည်ထောင်စု လက်ဖက်ပွဲဆိုရင် မမှားပါဘူး။

ကရင်အမျိုးသားနေ့ကို ဒုက္ခသည်အဖြစ်နဲ့ ကျင်းပရပေမယ့် ကရင်အမျိုးသားခေါင်းဆောင် စောဘဦးကြီး အ ကြောင်းကို သီဆိုတီးမှုတ် ဖျော်ဖြေသွားကြသူတွေက ရခိုင်အမျိုးသားအဆိုတော်၊ တယောထိုးသူက ချင်းအမျိုး သား၊ ဂစ်တာ ဒရမ်တီးသူတွေက ကရင်အမျိုးသားတွေ တပ်မဟာ ၂၄ က တော်လှန်ရေးသမားများ။ ဗမာ၊ ရခိုင်၊ မွန် အမျိုးသားတွေ ဝိုင်းဝန်းသီဆိုသွားပါတယ်။ သီချင်းသံက စခန်းအတွင်းက ပရိသတ်ပါ အားမာန်တက်ကြွ မြူး ခုန်ကြတာ မဟုတ်ပါဘူး။ ကောင်းကင်က လမင်းနဲ့ ကြယ်တွေပါ ကခုန်နေကြတာများ ကြယ်တွေဆိုတာ တဖျပ် ဖျပ်နဲ့။

ခေါင်းဆောင်ဆိုတာ တိုက်ပွဲကြားက ပေါ်ခဲ့တယ်ဆိုတာ ကရင့်အမျိုးသားခေါင်းဆောင် စောဘဦးကြီးက သက် သေပြခဲ့ပါပြီ။

ကရင့်အမျိုးသားတွေ ငြိမ်းချမ်းရေးကို လိုချင်ပေမယ့် အခြေအနေက လက်နက်ကိုင် တော်လှန်ရေးကို တွန်းပို့ခဲ့ တယ်ဆိုတာကို ကျမတို့ နားလည်ခံစားခဲ့ရတဲ့ နေ့ပါပဲ။


Read More...

၂ဝဝ၉ ရန်ကုန်မှာ ရေရရှိမှု အဆိုးဆုံး အခြေအနေရောက်

NEJ /၂၅ ဖေဖော်ဝါရီ ၂၀၀၉
လက်ရှိ ၂ဝဝ၉ ခုနှစ်သည် ရန်ကုန်နေသူတွေအတွက် ရေရရှိမှု အဆိုးဆုံးနှစ် ဖြစ်ကြောင်း မြို့ခံများက ပြောပြ သည်။ရန်ကုန်မြို့လည် (၃၇) လမ်းမှာ အကျိုးဆောင်လုပ်ငန်း ရုံးခန်းဖွင့်လှစ် နေထိုင်သူ တဦးက “ကျွန်မ ရန်ကုန် သူပါ။ ဒီ (၃၇) လမ်းမှာ ရုံးခန်းလည်းဖွင့် လူလည်းနေတာ (၁၅) နှစ် ကျော်ပြီ။ စည်ပင်သာယာက ပေးတဲ့ ရေဆို တာ မီးလာရင် မော်တာနဲ့ စုတ်လိုက်ရုံပဲ၊ ဘယ်အချိန်စုတ်စုတ် ရေတက်တယ်။ အခြားမြို့နယ်တွေမှာ ရေခက် ပေမယ့် ကျောက်တံတားမြို့နယ် ဒီ (၃၇) လမ်းမှာ ရေရတယ်။ ခု ဒီလထဲမှာ မီးလာလို့ ရေစုတ်ပေမယ့်လည်း ရေ က မရဘူး။ မီးမလာလို့ သူများတွေ မစုတ်တဲ့အချိန် မီးစက်ငှားပြီး စုတ်တော့လည်း ရေကမရဘူး။ နောက် စည်ပင် ကို ခေါ်ပြကြည့်တော့ လမ်းထဲက ပိုက်ထဲမှာ ရေမရှိလို့လို့ ပြောတယ်။ မိန်းပိုက်ကနေ ဖောက်ပြီးသွယ်ထားမှ ရေရ နိုင်မယ်လို့ ပြောတယ်။ ဒါနဲ့ မတတ်နိုင်ဘူး၊ စည်ပင်ကလူကို (၁) သိန်း (၇) သောင်းပေးပြီး မိန်းပိုက်ဖောက်ပြီး ရေသွယ်လိုက်ရတယ်။ ကျွန်မ သိသလောက် ဒီ (၁၅) နှစ်အတွင်း အဆိုးဆုံးပဲ” ဟုပြောပြသည်။

အဆိုပါကိစ္စ ဗိုလ်တစ်ထောင်မြို့နယ်အတွင်း နေထိုင်သူတဦးကို စုံစမ်းကြည့်ရာ သူက ၄င်းနေထိုင်ရာ ရပ်ကွက် မှာ မူလကတည်းက ည (၁၂) နာရီမှ နံနက် (၅) နာရီ အကြားသာ ရေစုတ်တင်လို့ ရကြောင်း၊ ယခု အချို့ရက် တွေမှာ မီးပျက်တဲ့ အတွက်ကြောင့် စုတ်မရသလို၊ မီးလာတဲ့ ရက်များမှာလည်း ပိုက်ထဲ ရေမရှိလို့ စုတ်မရ ကြောင်း၊ ရေစုတ်မရတာ (၂၃-၂-ဝ၉) ရက်နေ့ အထိ စုစုပေါင်း (၇) ရက်ခန့် ရှိပြီဖြစ်ကြောင်း ပြောပြသည်။

အဆိုပါကိစ္စ ဗိုလ်တစ်ထောင်မြို့နယ် စည်ပင်သာယာရုံးကို စုံစမ်းကြည့်ရာ ယခုရက်ပိုင်း လျှပ်စစ်မီး အပျက်များ သဖြင့် ရေတွန်းစက်များက ရေမတွန်းနိုင်လို့ ပိုက်တွေထဲ ရေမရောက်နိုင်တာ ဖြစ်နိုင်ကြောင်း၊ ၄င်းတို့လည်း တိတိကျကျ မသိရပါကြောင်း ဖြေကြားသည်။

ပုဇွန်တောင်၊ မင်္ဂလာတောင်ညွန့်နဲ့ တာမွေ မြို့နယ်များမှာ နေထိုင်သူတွေကို စုံစမ်းကြည့်ရာ ရေ အလွန် ခက်ခဲ နေသည်မှာ မှန်ကန်ကြောင်း၊ ယခုနှစ် အခက်ခဲဆုံး ဖြစ်ကြောင်းလည်း အတည်ပြု ပြောကြားကြသည်။

ရေခက်ခဲလာသည့်အတွက် ငွေတတ်နိုင်သူတွေက စည်ပင်ဝန်ထမ်းများအား လာဘ်ငွေပေးပြီး မိန်းပိုက်ဖောက် ကာ ရေသွယ်လာကြသလို၊ ငွေမတတ်နိုင်သူတွေက မိန်းပိုက်အချို့၏ ရေယိုပေါက်များမှ တဆင့် အောက်ဘက် က မြေကြီးကိုယက်ပြီး ဇလုံချ ရေခံကာ ခပ်ယူသုံးစွဲနေကြသည်ကိုလည်း မြင်တွေ့ကြရသည်။

မြို့လည် တိုက်ခန်းနေသူ အများစုကတော့ ရေကို ထမင်းဟင်းချက်ပြုတ်၊ မျက်နှာသစ်လောက်သာ အဓိကထား သုံးစွဲပြီး အဝတ်လျော်တာမျိုးကအစ ထိန်းထိန်းသိမ်းသိမ်း ချွေချွေတာတာ လုပ်နေကြရသည်။

စစ်အစိုးရ ရန်ကုန်မြို့တော် စည်ပင်သာယာရေး ကော်မတီသည် ရန်ကုန်မြို့တော် စည်ပင်သာယာရေး နယ်နိ မိတ်အတွင်းရှိ မြို့နယ်ပေါင်း (၂၆) မြို့နယ်က ပြည်သူများကို ဂျိုးဖြူ၊ ဖူးကြီး၊ လှော်ကား၊ ငမိုးရိပ် ရေလှောင် ကန်များနဲ့ အဝီစိတွင်းပေါင်း (၂၂၅) တွင်းမှ ရေရယူ ပေးဝေလျက်ရှိကြောင်း၊ ယခုအခါ ရန်ကုန်မြို့ လူဦးရေရဲ့ (၆ဝ) ရာခိုင်နှုန်းကို ရေဂါလန်ပေါင်း (၁၃၅) သန်းခန့် နေ့စဉ်ပေးဝေနေပြီး တိုးချဲ့ ပေးဝေနိုင်ရန် စီစဉ်နေကြောင်း၊ ရန်ကုန်မြို့အတွင်း ပေးဝေနေသည့် ရေအရင်းအမြစ်များမှာ ၂ဝ၂ဝ ပြည့်နှစ်အထိ ခန့်မှန်းထားသည့် လူဦးရေ ခြောက်သန်းခွဲအတွက် လုံလောက်မှု ရှိကြောင်း ရန်ကုန်မြို့တော် စည်ပင်သာယာရေးကော်မတီ ဥက္ကဋ္ဌ မြို့တော် ဝန် ဗိုလ်မှူးချုပ် အောင်သိန်းလင်းက ပုဂ္ဂလိက မီဒီယာများနှင့် တွေ့ဆုံရာမှာ ပြောဆိုခဲ့ဖူးသည်။

ဗိုလ်တစ်ထောင်မြို့နယ်မှ အမည်မဖော်လိုသူ စည်ပင် ဝန်ထမ်းတစ်ဦးကတော့ ရန်ကုန်ကို ရေပေးဝေမှုသည် မိုး တွင်းမှာပဲ လုံလောက်ပြီး ဆောင်းရာသီ ရောက်သည်နှင့် လုံလောက်အောင် မပေးဝေနိုင်တော့ကြောင်း၊ ဒါ့အပြင် ရေပေးဝေမှု မလောက်ငှသည့် ကြားထဲ ၂ဝဝ၇ ခု နှစ်ဆန်းပိုင်းမှာ သာကေတမြို့နယ်ကို ရေပိုက်သွယ်ပြီး ရေပေး ခဲ့ကြောင်း၊ အဲဒီအချိန်က ရေပိုက်ဖိုးနဲ့ ရေမီတာခ တစ်အိမ် ကျပ် (၈၃,ဝဝဝ) ကောက်ခံခဲ့ပြီး ပြည်သူတွေကတော့ ငွေကြေးပိုမို ကုန်ကျခဲ့ကြောင်း၊ သာကေတကို ရေပေးခြင်းသည် ဝင်ငွေရလိုတာ တစ်ခုတည်းမကပဲ ကြံ့ဖွံ့အဖွဲ့ စည်းရုံးရေးသဘော လုပ်ခဲ့ခြင်းလည်း ဖြစ်ကြောင်း၊ ထို့ကြောင့် ယခုနှစ် ရန်ကုန်မြို့တွင်း ရေပြတ်လတ်မှု ပိုမိုဖြစ် ပေါ်လာပြီး မိန်းပိုက်ကို ဖောက် ရေသွယ်ယူသူတွေ ပိုမိုများပြားလာခြင်း ဖြစ်ကြောင်း ရှင်းပြသည်။

ယခုလို ပြည်သူတွေ ရေရရှိမှု ခက်ခဲနေသည့်အကြောင်း ဂျာနယ်တွေမှာ ရေးသားဖော်ပြဖို့ ကြိုးစားတိုင်း စာပေ စိစစ်ရေးက ပိတ်ပင်လျက်ရှိကြောင်း၊ ပြည်တွင်း ပုဂ္ဂလိက ဂျာနယ်များမှ သတင်းအယ်ဒီတာများ ကလည်း ပြော ပြကြသည်။

Read More...

မိခင်တယောက်၏ မျှော်လင့်ချက် (ကိုပဏ္ဍိတ်ထွန်း၏ မိခင်နှင့် ဆက်သွယ် မေးမြန်းချက်)

အင်တာဗျူး
မျိုးကြီး
ဗုဒ္ဓဟူးနေ့၊ ဖေဖေါ်ဝါရီလ 25 2009 10:39 - မြန်မာစံတော်ချိန်

(၈၈ မျိုးဆက် ကျောင်းသားခေါင်းဆောင် ကိုပဏ္ဍိတ်ထွန်း၏ မိခင်နှင့် ဆက်သွယ်မေးမြန်းချက်)
နှစ်ရှည်ထောင်ဒဏ် ကျခံနေရသူ ၈၈ ကျောင်းသားခေါင်းဆောင် ကိုပဏ္ဍိတ်ထွန်း၏ မိခင် ဒေါ်ညွန့်ညွန့်ဦးသည် သားဖြစ်သူကို ထောင်ဝင်စာတွေ့ရန် ရန်ကုန်မှ ကချင်ပြည်နယ် ဗန်းမော်ထောင်သို့ ခရီးလမ်းပန်းကြမ်းတမ်းမှု၊ ပင်ပန်းဆင်းရဲမှု၊ ငွေကြေး အခက်အခဲကို အံတုရင်း လာရောက်ခဲ့ရာ ယခုအခါ ဗန်းမော်မြို့တွင် ရောက်နေသည်။

သူရောက်ရှိနေစဉ် မြန်မာတနိုင်ငံလုံး အကျဉ်းထောင်နှင့် ရဲဘက်စခန်းများမှ အကျဉ်းသား ၆၃၁၃ ဦးအား ပြစ်မှု ဆိုင်ရာကျင့်ထုံး ဥပဒေပုဒ်မ ၄၀၁ (၁) အရ ကျခံရန် ကျန်ရှိသည့် ပြစ်ဒဏ်များအား လျှော့ပေါ့ပေး၍ လွတ်ငြိမ်း ချမ်းသာခွင့် ပေးမည်ဟုဆိုကာ မြန်မာစစ်အစိုးရက ပြန်လွှတ်ပေးချိန်နှင့် တိုက်ဆိုင်နေသည်။

လွတ်ငြိမ်းချမ်းသာခွင့်အရ သားဖြစ်သူပါ လွတ်လာစေဟု မိခင်တယောက်အနေဖြင့် ဆန္ဒပြု၊ မျှော်လင့်ချက်များ စွာ ထားရှိကြောင်း မဇ္ဈိမက သူ့ကို ဆက်သွယ်မေးမြန်းရာတွင် ရင်ဖွင့်ပြောဆိုသည်။

ကိုပဏ္ဍိတ်ထွန်းသည် စစ်အစိုးရဆန့်ကျင်ရေး ရွှေဝါရောင်တော်လှန်ရေး (၂၀၀၇ ခု၊ စက်တင်ဘာ) မတိုင်မီ သြ ဂုတ်လ ၂၁ ရက်နေ့ ညက အခြား ၈၈ ကျောင်းသားခေါင်းဆောင်များနှင့်အတူ ရန်ကုန်မြို့ရှိ သူ၏ နေအိမ်တွင် ဖမ်းဆီးခြင်း ခံခဲ့ရသည်။

မိခင် ဒေါ်ညွန့်ညွန့်ဦးထံ မဇ္ဈိမသတင်းထောက် မျိုးကြီးက ဆက်သွယ်မေးမြန်းထားသည်များကို တင်ပြလိုက် ပါသည်။

အန်တီ ဗန်းမော်ကို ဘယ်နေ့က ရောက်လဲဗျ။

အန်တီက ရန်ကုန်ကနေ ၁၉ ရက်နေ့က ထွက်လာတယ်။ ဒီကို ၂၁ ရက်နေ့ ရောက်တယ်။ ဆိုတော့ စနေနေ့ ရောက်တယ်။

အန်တီရဲ့ ကျန်းမာရေးရော ဘယ်လိုရှိလဲဗျ။

တော်တော်ဆိုးတာပေါ့။ မန္တလေးက ထွက်တဲ့ ကားကလေ မန္တလေး ကားဂိတ်ဝန်းကြီးကနေ သောကြာနေ့ ၃ နာရီခွဲကြီးကနေ ထွက်လာတာ။ ဗန်းမော်ကို နောက်နေ့၊ စနေနေ့ ည ၉ နာရီခွဲမှ ရောက်တယ်။ ကျမ နာရီ ၃၀ ကားစီးရတယ်၊ စဉ်းစားသာ ကြည့်ပေတော့။ လမ်းမှာလည်း ကားက ၅ ခါ ပျက်တယ်။ တခါပျက်ရင် ၂ နာရီ ကြာ တယ်။ လမ်းတွေလည်း တအားပျက်နေတယ်။ တံတားတွေ ကျိုးနေတယ်။ ရေခမ်းတဲ့ အချိန်မို့လို့လေ။ ချောက် ထဲကိုဆင်းပြီး မောင်းနေရတယ်၊ ကားကလေ။ ကျမလေ ခါးတွေရော၊ ဒူးတွေရော နာပြီးတော့ တော်တော် ပင်ပင်ပန်းပန်း၊ ဆင်းဆင်းရဲရဲ ဖြစ်သွားတာပေါ့နော်။

အခု သားနဲ့ ထောင်ဝင်စာ တွေ့ပြီးပြီလား။ အဆင်ရောပြေလား။

ထောင်ဝင်စာကတော့ ထောင်များရဲ့ ထုံးစံအတိုင်းပေါ့။ အစစ်အဆေး၊ အမေးအမြန်းကတော့ ရှိတာပေါ့နော်။ ဒီလောက်တော့ သူ့စည်းကမ်းနဲ့သူပေါ့။ ကျမတို့ကလည်း သားကိုတွေ့ဖို့အတွက် ထုတ်ထားတဲ့ စည်းမျဉ်းစည်း ကမ်းတွေကို လိုက်နာရတာပေါ့။

အန်တီ ကိုပဏ္ဍိတ်ထွန်းရဲ့ကျန်းမာရေးအခြေအနေရော ကောင်းရဲ့လား ဘယ်လိုရှိလဲဗျ။

သားက ကျန်းမာရေး ကောင်းပါတယ်၊ ပုံမှန်ပေါ့၊ သာမန်အတိုင်းအတာအရ နေကောင်းတာပေါ့၊ အန်တီကြည့် ရတာ။

လွတ်ငြိမ်းချမ်းသာခွင့် ပေးတဲ့အချိန်နဲ့ တိုက်ဆိုင်တော့ လွတ်လာတဲ့သူတွေနဲ့ရော တွေ့ဆုံခဲ့ရလား ခင်ဗျ။

ဗန်းမော်ထောင်က နိုင်ငံရေးအကျဉ်းသား တယောက်မှ မလွတ်ပါဘူးရှင်။

အန်တီက လွတ်ငြိမ်းချမ်းသာခွင့်ပေးမှာကို ကြိုသိလို့ လာတာလား။

မဟုတ်ဘူးရှင့်၊ မသိဘူး။ ကျမထွက်လာပြီး နောက်ပိုင်းမှ ဖြစ်လာတဲ့ကိစ္စ။ ကြာသပတေးနေ့ ၁၉ ရက်နေ့ကနေ ထွက်လာတာ၊ မသိဘူး။ ကျမ ၂ လပိုင်း တတိယပတ်လောက်ကို သွားမယ်လို့ စိတ်ကူးရှိပါတယ်။ မျှော်လင့်ချက် တော့ ထားတာပေါ့။ ဗန်းမော်ရောက်တဲ့ အချိန်များ သားကိုများလွတ်မလား မိခင်တစ်ယောက်ရဲ့ ခံစားချက်ပေါ့။

လွတ်ငြိမ်းချမ်းသာခွင့် ပေးနေတဲ့အချိန်မှာ အန်တီ့သား ပြန်လွတ်လာမယ်ဆိုတဲ့ မျှော်လင့်ချက် ဘယ်လောက် ရှိလဲဗျ။

မျှော်လင့်ပါတယ်။ အများကြီး မျှော်လင့်ပါတယ်။ ကိုပဏ္ဍိတ်ထွန်း ပြန်လွတ်ဖို့ကိုလေ။ မျှော်လင့်ချက် ထားပါတယ်။

တခြား ဘာများပြောချင်သေးလဲဗျ။

ကျမအနေနဲ့ လမ်းခရီး ပင်ပန်းဆင်းရဲတာတော့ ပြောချင်ပါတယ်။ အဲဒါလေ လမ်းတွေကလည်း အရမ်း ပျက်စီးနေတယ်။ ကားတွေကလည်း နှစ်ပေါင်းများစွာက ကားတွေဆိုတော့လေ။ စက်တွေကလည်း အရမ်းချွတ် ယွင်းနေတယ်။ ကားတွေကလည်း မကောင်း၊ လမ်းတွေကလည်း မကောင်း။ မောင်းတဲ့သူတွေ တော်ပေလို့ပဲ လိုရာခရီးကို ရောက်တော့လာတာပေါ့။ မလိုအပ်ဘဲ အချိန်တွေကြာပြီး ပင်ပန်းဆင်းရဲတာတွေတော့ ရှိတာပေါ့။ ကျမကတော့ အမေဆိုတော့လည်း ဒီဆင်းရဲတဲ့ဒဏ်ကို တင်းခံပြီး လာရမှာပဲ။

တခြား အခက်အခဲတွေရော ဘာတွေ ရှိသေးလဲ။

ကျမအတွက်ကတော့ ကျန်းမာရေးမကောင်းတော့ လမ်းပန်းဆက်သွယ်ရေး အခက်အခဲပါပဲ။ ငွေရေးကြေးရေး ကလည်း ကျမတို့က သုံးရတာပေါ့။ အသွားအပြန် တသိန်းပေါ့။ ကျမက နှစ်ယောက်။ တူမလေးလည်း ခေါ်လာ ရတော့။

သား ပြန်မလွတ်တဲ့ အခါကျ အန်တီ ဘယ်လိုခံစားရသလဲဗျ။

အဲဒါကတော့ အန်တီရဲ့ ဘ၀ပဲလေ။ ရင်ဆိုင်သွားရမယ့် ဘ၀ပဲ။ အဲဒီတော့ ကိုယ့်ဘ၀ကို စိတ်ကို တည်တည်ငြိမ် ငြိမ် ထားပြီးတော့ မိခင်ရဲ့ ၀တ္တရားအတိုင်း ၂ လကို တခါ လာဖို့ ကြိုးစားသွားရမယ်လို့ သဘောထားပါတယ်။ စိတ်ဆင်းရဲနေရင်လည်း ကိုယ်ပဲ ဒုက္ခရောက်မယ်လေ။ စိတ်ချမ်းသာစရာတော့ တခါမှ မရှိပါဘူး။

Read More...

စီးပွားရေး ဒဏ်ခတ်ခံရထားသည့် ဇင်ဘာဘွေ ဒုသမ္မတ ကိုယ်ပိုင် ရွှေတန်ချိန် ၄ တန်ကို ဒေါ်လာ သန်း ၉၀ နဲ့ ရောင်းဖို့ကြိုးစား

NEJ /၂၅ ဖေဖော်ဝါရီ ၂၀၀၉
နိုင်ငံတကာ ဒဏ်ခတ်ခံထားရသည့် ဇင်ဘာဘွေနိုင်ငံ၏ အမျိုးသမီး ဒု-သမ္မတတဦးက သူပိုင်သည့် ရွှေတန်ချိန် (၄) တန်နှင့် စိန်များ ချရောင်းဖို့အတွက် ဥရောပ ရတနာကုမ္ပဏီတခုသို့ ပွဲစားဖြင့် လျှို့ဝှက် ဈေးဆိုင်ခဲ့သော် လည်း ရောင်းသူအမည် ပေါက်ကြားသွားသည့်အတွက် အရောင်းအ၀ယ် ပျက်သွားခဲ့သည်။

အဆိုပါသတင်းကို လန်ဒန်မြို့ထုတ် တိုင်းသတင်းစာကြီးနှင့် ဘီဘီစီ အင်္ဂလိပ်ပိုင်းတို့မှ ဖော်ထုတ်ခဲ့သည်။

Firstar Europe Ltd ၏ ပြောကြားချက်အရ ဇင်ဘာဘွေ ဒု-သမ္မတ မစ္စဂျွိုက်စ်မူဂျုးရူးက သူပိုင် ရွှေ (၄) တန်ကို ဒေါ်လာ သန်း (၉၀) နှင့် ရောင်းမည့်အကြောင်း သမီးနှင့် သားမက်ကို ပွဲစားလုပ်ပြီး ကမ်းလှမ်းခဲ့သည်။ လက်ရှိ ရွှေဈေးမှာ ရွှေတကီလိုကို ကန်ဒေါ်လာ (၃၀,၇၀၀) ပေါက်သည်။

မစ္စဂျွိုက်စ်မူဂျုးရူးကို ဒု-သမ္မတအဖြစ် ဇင်ဘာဘွေ သမ္မတ အာဏာရှင်ရော ဘတ်မူဂါဘေးက လွန်ခဲ့သည့် (၅) နှစ်ကထဲက ခန့်အပ်ခဲ့ခြင်း ဖြစ်သည်။ ဒု-သမ္မတ မစ္စဂျွိုက်စ်မူဂျုးရူးသည် ဒီမိုကရေစီနှင့် လူ့အခွင့်အရေးကို သေး သိမ်အောင်လုပ်သည့် ဇင်ဘာဘွေ ထိပ်တန်းအရာရှိ (၂၀၀)ကျော် ထဲတွင် အပါအ၀င်ဖြစ်ပြီး အဆိုပါ နာမည်ပျက်စာရင်းဝင် ပုဂ္ဂိုလ်များအား အမေရိကန်နှင့် အီးယူမှ (၂၀၀၂) ခုကထဲက ဒဏ်ခတ်ပိတ်ဆို့ထားသည်။

အမေရိကန်က ဒဏ်ခတ်ထားခြင်းသည် တိုင်းပြည်ကြုံနေရသည့် ပြဿနာများ၏ အဓိက လက်သည်ဖြစ်သည်ဟု ဇင်ဘာဘွေ အာဏာရှင် မူဂါဘေးက စွပ်စွဲလေ့ရှိသည်။ “ခုလို တိုင်းပြည်ထဲမှာ ဖြစ်နေတဲ့ ပြဿနာတွေဟာ ကျနော်တို့ ပြည်တွင်းရေးကို ၀င်စွက်ချင်တဲ့ ကိုလိုနီအင်အားကြီး နိုင်ငံက ဖန်တီးထားတာ ဖြစ်တယ်” ဟု အာဏာ ရှင် မူဂါဘေးက ပြောခဲ့သည်။

စီးပွားရေး ဒဏ်ခတ်ခံထားရသည့် နိုင်ငံ၏ အကြီးအကဲတဦးက ယခုကဲသို့ ရွှေတွေချရောင်းဖို့ ကမ်းလှမ်းခြင်းသည် ဒဏ်ခတ်မှု ဥပဒေကို ချိုးဖောက်သည်ဟု သိလာပြီးသည့်နောက် ရွှေဝယ်ဖို့ ကမ်းလှမ်းခံရသည့် Firstar ကုမ္ပဏီ က လက်မခံဘဲ နောက်ဆုတ်သွားသည်။

Firstar ကုမ္ပဏီ ဥက္ကဋ္ဌ ဘန်းဟာဂါမန်းက လန်ဒန်မြို့ထုတ် တိုင်းသတင်းစာကြီးနှင့် တွေ့ဆုံရာတွင်
“ဘယ်လို အရောင်းအ၀ယ်ကဖြစ်ဖြစ် ရလာတဲ့ ငွေတွေနဲ့ လက်နက်တွေဝယ်ပြီး လူတွေပိုသတ်မယ့် နိုင်ငံမျိုး ပြည် သူတွေ ကာလ၀မ်းရောဂါဖြစ်နေတဲ့ တိုင်းပြည်မျိုးကို အုပ်ချုပ်နေတဲ့ သူတွေဆီက ရွှေဝယ်ဖို့ ကျနော်တို့ စိတ်မ ၀င်စားပါဘူး။ ဒီရွှေတွေဟာ သွေးစွန်းနေတဲ့ရွှေတွေပါ။ ဒီရွှေရောင်းသူတွေဟာ ရာဇ၀တ်ကောင်တွေပါ” ဟု ပြော သည်။

ဇင်ဘာဘွေ ဒု-သမ္မတ မူဂျူရူး၏ သမီးနှင့် သားမက်တို့၏ ရွှေရောင်းမည့် ကမ်းလှမ်းချက်နှင့် ပတ်သက်သည့် အီး မေးများနှင့် အခြားအထောက်အထားများကို Firstar ကုမ္ပဏီက ၄င်း၏ ၀ဂ်ဆိုက်တွင် တင်ထားသည်။

ဒု-သမ္မတ မစဂျွိုက်စ်မူဂျုးရူးနှင့် ခင်ပွန်းဖြစ်သူ (ဇင်ဘာဘွေ စစ်တပ်အကြီးအကဲဟောင်း) တို့သည် ဇင်ဘာဘွေ နိုင်ငံ၏ အချမ်းသာဆုံး အာဏာအရှိဆုံး လူတန်းစားတွင် ပါဝင်သည်။ River Ranch Diamond စိန်တွင်းအပါ အ၀င် ရတနာသတ္တုတွင်းများစွာ ပိုင်သည်။ မူဂျုးရူးပိုင် River Ranch Diamond စိန်တွင်းကုမ္ပဏီသည် သွေးစွန်း သည့် မှောင်ခိုစိန်များကို ဇင်ဘာဘွေ ရတနာများနှင့်ရောပြီး တောင်အာဖရိကသို့ ခိုးထုတ်နေသည့် ကုမ္ပဏီဖြစ် သည်ဟု ကမ္ဘာ့စိန်ကောင်စီက စွပ်စွဲထားသည်။

ယခင် ကွန်ဂိုခေါင်းဆောင်ဟောင်း လောရင့်ကာဘီလာ၏ ခွင့်ပြုချက်ဖြင့် ရထားသည့် ကွန်ဂို ရတနာသတ္တူတွင်း များမှ ဇင်ဘာဘွေ အာဏာရှင် မူဂါဘေး၏ အစိုးရအဖွဲ့ဝင်တွေ မည်မျှ အကျိုးအမြတ်ရနေကြောင်း ကုလသမဂ္ဂ အဖွဲ့ကြီးမှ အထောက်အထား ပြုစုထားပြီး ဖြစ်သည်။ ၁၉၉၈-၂၀၀၂ စစ်ပွဲတွင် ဇင်ဘာဘွေ တပ်တွေ လာရောက် ကူသည့်အတွက် ကာဘီလာက ကွန်ဂို ရတနာသတ္တုတွင်းတွေ လုပ်ခွင့်ပေးပြီး ပြန်ကျေးဇူးဆပ်ခဲ့ခြင်း ဖြစ်သည်။

Read More...

အကောင်းဆုံးမြေသြဇာ လူငယ်သုံးဦး ရန်ကုန်တိုင်းရဲရုံးမှာ ဖမ်းထားဆ

မင်းနိုင်သူ /၂၅ ဖေဖော်ဝါရီ ၂၀၀၉
အကောင်းဆုံးမြေသြဇာအဖွဲ့မှ ကိုစိုးမင်းထိုက်၊ ကိုကျော်ဇင်နိုင်၊ ကိုအောင်ထက်မင်းတို့ ဖေဖော်ဝါရီ (၁၄) ရက်၌ မြောက်ဥက္ကလာပမြို့နယ် အထက (၃) ရှေ့တွင် နှင်းဆီပန်း လူထုလှုပ်ရှားမှုအဖြစ် ပိုစတာများ ကပ်နှံခဲ့ခြင်း ကြောင့် အာဏာပိုင်များက နေအိမ်သို့လာရောက် ဖမ်းဆီးခဲ့ပြီး၊ ယခုအခါ ရန်ကုန်တိုင်းရဲရုံးတွင် ဖမ်းဆီးနှိပ်စက် စစ်ဆေးနေကြောင်း ယင်းအဖွဲ့ဝင်လူငယ်တဦးက ပြောသည်။

အဆိုပါကိစ္စနှင့်စပ်လျဉ်း၍ ရန်ကုန်ရဲရုံးသို့ ဆက်သွယ်မေးမြန်းခဲ့သော်လည်း ဖုန်းကိုင် ဖြေကြားခြင်းမရှိပေ။

လူထုအတွက် စတေးခံအကောင်းဆုံးမြေသြဇာအဖွဲ့၊ မျိုးဆက်သစ်လူငယ်များအဖွဲ့၊ ဗမာနိုင်ငံလုံးဆိုင်ရာ ကျောင်း သားသမဂ္ဂများအဖွဲ့ချုပ်တို့ ပူးပေါင်းကာ ငြိမ်းချမ်းရေးနှင့် ချစ်ခြင်းမေတ္တာ သင်္ကေတအထိမ်းအမှတ် လှုပ်ရှားမှု အဖြစ် ဖေဖော်ဝါရီ (၁၄) ရက်တွင် လူထုလှုံ့ဆော်ရေးတရပ် ပြုလုပ်ခဲ့ကြသည်။

အဆိုပါ လှုပ်ရှားမှုအတွက် အဖမ်းခံလူငယ် (၃) ဦး ပိုစတာကပ်နှံသည်ကို စွမ်းအားရှင် ဆိုက္ကားသမားတဦး မြင် သွားကာ အာဏာပိုင်များထံ သတင်းပေးခဲ့ခြင်းကြောင့် အိမ်အထိ လာရောက် ဖမ်းဆီးသွားခြင်း ဖြစ်ကြောင်း သိရသည်။

၎င်းတို့သုံးဦးကို မြို့နယ်မယကရုံးတွင် ဖမ်းဆီးထိန်းသိမ်းထားရာမှ (၁၆) ရက်တွင် တိုင်းရရုံးသို့ ပြောင်းရွေ့ လိုက် ခြင်းဖြစ်ကြောင်း အဖွဲ့ဝင်လူငယ်က ပြောသည်။

“ကျနော်တို့ အဖွဲ့ဝင် လူငယ်တွေဟာ ဘယ်လောက်ပဲ အဖမ်းခံနေရပါစေ။ နောက်တွန့်သွားမှာ မဟုတ်ဘူး ဆက် လက်လုပ်ဆောင်သွားမယ်ဆိုတာ လှုပ်ရှားမှုတွေနဲ့ သက်သေပြနေပါတယ်။ အဲဒါကြောင့် ဒေါ်အောင်ဆန်းစုကြည်နဲ့ နိုင်ငံရေးအကျဉ်းသားတွေကို ပြန်လွတ်ပေးပါ။ ၂၀၁၀ ရွေးကောက်ပွဲကို ဒေါ်အောင်ဆန်းစုကြည်နဲ့ တိုင်းရင်းသားကိုယ်စားလှယ်တွေမပါဘဲနဲ့ လုပ်ဆောင်နေမယ်ဆိုရင်လည်း အခုလိုလှုပ်ရှားမှုတွေနဲ့ လူထုကို နား လည်အောင်ပြောပြ ဆွဲခေါ်တင်ပြီး ဖယ်ရှားသွားမှာပါခင်ဗျ။ သုံးပွင့်ဆိုင် ဆွေးနွေးပွဲတွေဖြစ်ဖို့အတွက် ဒေါ်အောင် ဆန်းစုကြည်နဲ့ နိုင်ငံရေးအကျဉ်းသားတွေကို အမြန်ဆုံးပြန်လွတ်ပေးပါ။ ကျနော်တို့ လူငယ်တွေရဲ့ ရင်ထဲကဆန္ဒ တွေ ဖော်ထုတ်ပြသတာကိုလည်း လွတ်လပ်စွာ ဆောင်ရွက်ခွင့်ပေးပါ။ ဖမ်းတာဆီးတာတွေရပ်ပါ။ ကျနော်တို့ အဖွဲ့က အဖမ်းခံလူငယ်တွေကိုလည်း ချွင်းချက်မရှိ ပြန်လွတ်ပေးပါ” ဟု အဖွဲ့ဝင်လူငယ်က တောင်းဆိုသည်။

ယင်းကဲ့သို့ ဖမ်းဆီးမှုများရှိနေသော်လည်း အဖွဲ့အနေဖြင့် လှုပ်ရှားမှုများ ရပ်တန့်သွားမည်မဟုတ်ဘဲ နယ်မြို့ များတွင်ပါ တိုးချဲ့ လုပ်ဆောင်သွားမည်ဖြစ်ကြောင်း ယင်းလူငယ်က ဆက်လက်ပြောဆိုသည်။

Read More...