DREAM ANGEL သို့ လာရောက်လည်ပတ်ကြသူအားလုံးကို DREAM ANGEL မှ ကျေးဇူးအထူးတင်ရှိပါတယ်.........

Saturday, January 24, 2009

ရန်ကုန်မှာ လျှပ်စစ်မီးပြတ် EPC က အကြောင်းအမျိုးမျိုးပြ

NEJ/ ၂၃ ဇန်န၀ါရီ ၂၀၀၉
ရန်ကုန်တွင် လျှပ်စစ်မီး အမြဲတမ်းပြတ်တောက်နေသည်ကို EPC သို့ မြို့ခံများက ဖုန်းဖြင့် ဆက်သွယ်မေးမြန်းကြရာ EPC က အကြောင်းအမျိုးမျိုးပြ၍ ဖြေဆိုကြောင်း မြို့ခံများက ပြောသည်။

ပြီးခဲ့သည့် ၂၀၀၈ ခုနှစ် နိုဝင်ဘာလမှ ယခု ၂၀၀၉ ခုနှစ် ဇန်န၀ါရီအထိ လျှပ်စစ်မီးပြတ်တောက်မှု ဆိုးဝါးနေကြောင်း ၎င်းတို့က ဆိုသည်။

EPC သို့ တယ်လီဖုန်းဖြင့် ဆက်သွယ်မေးမြန်းရာ လျှပ်စစ်မီးအပြည့်အ၀ရရှိရန် ဓာတ်ငွေ့လိုအပ်မှုမှာ တနေ့လျှင် ကုဗပေသန်း (၁၃၀) ကျော် လိုအပ်သော်လည်း ရရှိသော ကုဗပေမှာ တ၀က်ခန့်သာ ရှိသည့်အတွက် လျှပ်စစ်မီး မရခြင်းဖြစ်သည်ဟု ပြောကြောင်း သိရသည်။

EPC သို့ အကြိမ်ကြိမ် ဆက်သွယ်မေးမြန်းရာတွင် ဓာတ်ငွေ့ပိုက်လိုင်းများ ချို့ယွင်း၍ ပြင်ဆင်နေရသည့်အတွက်ဖြစ်ကြောင်း၊ ထရန်စဖော်မာ ချို့ယွင်းနေ၍ဖြစ်ကြောင်း စသည့်အကြောင်းပြချက်များ ပြောသည်ဟု သိရသည်။

၂၀၀၈ ခုနှစ် ဒီဇင်ဘာလအတွင်း ရန်ကုန်အခြေစိုက် ဂျာနယ်တစောင်ဖြစ်သော Voice ဂျာနယ်တွင် ဒီဇင်ဘာလကုန်ပါက လျှပ်စစ်မီး ပြန်လည်ရရှိမည်ကို ရေးသားထားကြောင်း၊ ယခုအခါ ၂၀၀၉ ခုနှစ် ဇန်န၀ါရီတွင် မီးပြတ်မှု ပိုမိုဆိုးရွားလာကြောင်း ပန်းပဲတန်းမြို့နယ်နေသူတဦးက ပြောသည်။

“ဒီဇယ်ဈေးတွေကျလို့သာပေါ့။ မဟုတ်လို့ကတော့ ဘာမှကို လုပ်လို့ရမှာမဟုတ်ဘူး။ အခု မီးပြတ်တာ မြို့တွင်း မြို့နယ်တခုလုံး ပိုဆိုးတယ်။ ဘယ်နားကိုပဲ သွားသွား မီးစက်သံတွေချည်းပဲ။ လုပ်ငန်းလုပ်တဲ့သူတွေ စီးပွားရေးမကောင်းတဲ့အထဲ ဒီဇယ်ဖိုးက ပိုကုန်တာလို့” ဟု မဟာဗန္ဓုလလမ်းပေါ်မှ လျှပ်စစ်ပစ္စည်းအရောင်းဆိုင်က ဆိုသည်။

ရန်ကုန်မြို့ခံများမှာ EPC ၏ အကြောင်းအမျိုးမျိုးပြသည့်စကားအတိုင်း နေကြရုံမှလွဲ၍ မတတ်နိုင်ကြောင်း လသာမြို့နယ်က အိမ်ရှင်မတဦးက ဆိုသည်။

ရန်ကုန်မြို့တွင် တနေ့လျှင် လျှပ်စစ်ဓာတ်အား မဂ္ဂါဝပ် (၄၀၀) ခန့် ထုတ်လုပ်ပေးပါက အပြည့်အ၀မရသည့်တိုင် ယခုကဲ့သို့ ပြတ်တောက်ရမှု အချိန်များမည်မဟုတ်ကြောင်း၊ ယခုထုတ်လုပ်ပေးနိုင်သော မဂ္ဂါဝပ်မှာ (၂၀၀) ခန့်သာရှိကြောင်း EPC (လျှပ်စစ်ရုံး) ၏ အရာထမ်းတဦးက ပြောသည်။

No comments: