DREAM ANGEL သို့ လာရောက်လည်ပတ်ကြသူအားလုံးကို DREAM ANGEL မှ ကျေးဇူးအထူးတင်ရှိပါတယ်.........

Friday, October 31, 2008

မောင်စူးစမ်းနဲ့ ဒီမိုကရေစီ


ဒီလူ ဒီမိုကရေစီချစ်ပုံများဖြင့် ကြောက်များကြောက်ပါဘိလို့ စလိုက်ရရင်ကောင်းမလား မသိ။

တချိန်က ဗမာပြည်ကွန်မြူနစ်ပါတီကို လက်နက်နဲ့ဒီမိုကရေစီလဲဖို့ တရားပြခဲ့သူကြီး ဟာ အခုအခါမှာ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ကိုလည်း သူတို့ရဲ့ရပ်တည်ချက်နဲ့ "စည်းကမ်း ရှိတဲ့ ဒီမိုကရေစီ" လဲသင့်တယ်လို့ တရားပြနေပြနေပြန်ပြီ။

ခုတလော လူပြောများ၊ လူဆဲများနေတဲ့ မောင်စူးစမ်းရဲ့ဆောင်းပါးတပုဒ်ထဲက အသုံး အနှုန်းတခုက ဒီလိုဖြစ်ပါတယ်။ "စစ်တပ်၏ အပြုကဏ္ဍကို အသိအမှတ်ပြုရန်ဖြစ်သည်” ဆိုတာ ပါပဲ။

နအဖစစ်တပ်မှာ မောင်စူးစမ်းပြောသလို “အပြုကဏ္ဍ”ရှိသလောက်ရှိတယ်လို့ပဲ ဆိုကြ ပါစို့။ စစ်တပ်ရဲ့အဖျက်ကဏ္ဍကိုရော ဘယ်လိုသဘောထားကြမလဲ။ မောင်စူးစမ်းဟာ စစ်တပ်ရဲ့ အဖျက်ကဏ္ဍကို လုံးဝမပြောဘူး။ ဒီနေ့ဗမာပြည်ကြီး ဘယ်လိုဖြစ်နေတယ်ဆိုတာကို သူမသိ မဟုတ်။ နိုင်ငံတကာနဲ့ နှိုင်းယှဉ်ထားတဲ့ ကိန်းဂဏန်းမျိုးစုံကိုလည်း သူလက်လှမ်းမမှီတာမဟုတ်။ အဖြစ်မှန်ကို သူသိတယ်။ မပြောရဲတာလို့ဆိုရင်တော့ သူ့အပေါ် ညှာညှာတာတာစဉ်းစားရာ ကျလိမ့်မယ်ထင်တယ်။

တချို့နီးစပ်သူများအဆိုအရ မောင်စူးစမ်းရဲ့ ဒီအယူအဆဟာ အခုမှမဟုတ်၊ အမျိုး သားဒီမိုကရေစီအဖွဲ့ချုပ်တည်ထောင်စ ကာလကတည်းက သူ့ခေါင်းထဲမှာရှိခဲ့ပြီး ဒေါ်အောင် ဆန်းစုကြည်ကိုတောင်မှ ထုတ်ဖော်ပြောဖူး၊ တရားချဖူးတယ်လို့ သိရတယ်။ သူ့ဆောင်းပါးထဲမှာ လည်း သူပြောခဲ့တာတွေကို ရေးသလောက်ရေးထားတယ်။ ကျန်တဲ့လူတွေက ဘာပြန်ပြော တယ်ဆိုတာကိုပဲ မရေးတာ။

အခုတလော မောင်စူးစမ်းရေးတဲ့ ဆောင်းပါးများအရဆိုရင် သူဟာ ဗိုလ်နေဝင်းရဲ့ မဆလစနစ်ကို ကန့်ကွက်ခဲ့တယ်လို့ ဆိုတယ်။ ဟုတ်ချင်လည်းဟုတ်လိမ့်မယ်။ ဒါပေမဲ့ သူဟာ အဲဒီတုန်းက စစ်တပ်က အာဏာသိမ်းထားတာ မကောင်းဘူး၊ စစ်တပ်တပါတီ အာဏာရှင်စနစ် မကောင်းဘူးလို့တော့ မပြောခဲ့တာ သေချာတယ်။ သူ အဲဒီလိုဆိုခဲ့ကြောင်း မှတ်တမ်းလည်း မရှိ ဘူး၊ သူကိုယ်တိုင်လည်း ထုတ်မပြောဖူးဘူး။ သူပြောခဲ့တာဟာ ဗိုလ်နေဝင်းရဲ့ စစ်အစိုးရ ဘယ်လိုလုပ်ရင် ပိုတည်မြဲနိုင်မယ်ဆိုတာပဲ။ မဆလအစိုးရကျဆုံးတာဟာ သူပြောသလို မဆလ လမ်းစဉ်ကို မစွန့်လွှတ်လို့ ဆိုချင်ဟန်တူတယ်။ ပြန်မပြောနိုင်သူရဲ့ မြေပုံပေါ်မှာခွရပ်ပြီး “အစက ငါမပြောဘူးလား”လို့ ဆိုနေတာနဲ့ တူနေတယ်။

မဆလအစိုးရကို(အခုမှ)ဝေဖန်ရာမှာ မောင်စူးစမ်းက “အာဏာရှိလျှင် လူ့အဖွဲ့အစည်း ကို ပြောင်းပစ်နိုင်သည်ဟူသော အယူအဆကိုလည်း စာရေးသူက ဝေဖန်ခဲ့ရသည်”ဆိုတာလည်း ပါတယ်။ အဲဒီလိုပြောနည်းဟာ နအဖအစိုးရအတွက်ရော အကျုံးမဝင်ဘူးလား။ အာဏာသုံးပြီး အခြေခံဥပဒေကိုရေးဆွဲ၊ အတည်ပြု၊ သူတို့ဖြစ်စေချင်တဲ့ “စည်းကမ်းရှိတဲ့ဒီမိုကရေစီ”ဆိုတာကို ထူထောင်၊ ဒါတွေကို မောင်စူးစမ်းက သူ့ရဲ့ မဟာဗျူဟာရှုဒေါင့်ကနေကြည့်ပြီး ဘယ်လိုပြော မလဲ။ “အရှင်းမင်းကြီးရဲ့ ခြင်္သေ့ကြီးတွေက ဟိုဖက်ကမ်းကို ခုန်ကူးတော့မလိုလိုပဲ”လို့ ပြောမယ်နဲ့ တူတယ်။

ဒါကြောင့် မောင်စူးစမ်း ဒီတလောရေးနေတာတွေဟာ စစ်တပ်အာဏာသိမ်းထားမှု ခိုင်မာရေးအတွက် သဘောတရားတွေသာ ဖြစ်နေတယ်။ အားလုံးသိတဲ့အတိုင်းပဲ နအဖ စစ်အာ ဏာရှင်တွေအဖို့ အခုအခါ အရေးတကြီး လိုအပ်နေတာတခုက သူတို့ အာဏာကို လက်မလွှတ် တာဟာ တရားနည်းလမ်းကျကြောင်း ထောက်ခံတဲ့ သဘောတရားတစုံသာဖြစ်တယ်။ ဗိုလ်နေဝင်းမှာက ဟုတ်တာမဟုတ်တာအပထား၊ ဦးဘညိန်လို၊ ဦးချစ်လှိုင်လို သဘောတရား ဆရာတွေ ရှိတယ်။ နအဖမှာက တဦးမှမရှိဘူး။ အခု ဆရာမောင်စူးစမ်းဟာ အဲဒီ ဟာကွက်ကို ဖြည့်လေသလား စဉ်းစားစရာဖြစ်နေတယ်။ သူ ဝန်ခံသည်ဖြစ်စေ၊ ဝန်မခံသည်ဖြစ်စေ၊ ရဲရင့် တင့်ဆွေလို့ ကလောင်နာမည်ခံထားတဲ့ စာပေစီစစ်ရေးက စာပေကင်ပေတိုင်လို့ နာမည်ကြီးတဲ့ ဗိုလ်မှူးတင့်ဆွေဆိုသူကတော့ မြန်မာတိုင်းမ်စ်ထဲက သူ့ရဲ့ဆောင်းပါးတစောင်ထဲမှာ ဆရာ မောင်စူးစမ်းရေးတာတွေကို ကျမ်းကြီးကျမ်းဂန်သဖွယ် ကိုးကားထားတယ်။

တွေ့နေရတာက ဆရာမောင်စူးစမ်းဟာ သာမန်စာဖတ်သူတွေကိုဆိုရင် ကမ္ဘာမှာ နောက်ဆုံးပေါ်တယ်လို့ ယူဆရတဲ့ အယူအဆတွေကို ကိုးကားပြီး ထုတယ်။ နည်းနည်းလက်ဝဲ နွယ်သူတွေလို့ ထင်ရသူတွေကိုဆိုရင် လက်ဝဲစာပေတွေထဲက သူ အသုံးတည့်ရာတွေ ကောက် နှုတ်ပြီး ထုတယ်။ ဘယ်ကဟာကိုပဲ ကိုးကား-ကိုးကား အနှစ်ချုပ်လိုက်ရင် လက်ရှိတည်ရှိနေတဲ့ အခြေအနေ၊ တနည်းအားဖြင့် အစိုးရကိုသာ လက်ခံကြ၊ ဘယ်နည်းနဲ့မှ အံတုဖို့မကြိုးစားနဲ့ ဆိုတာပဲ။ တည်ရှိနေတဲ့စနစ်၊ တည်ရှိနေတဲ့အစိုးရကို လက်ခံကြ၊ တည်ရှိနေတဲ့ ကိုယ့်ဘဝအတိုင်း တင်းတိမ်ကြလို့ ရေးတာပဲ။

ဖူကူးယားမားက သမိုင်းဟာ အဆုံးတိုင်သွားပြီ၊ ကမ္ဘာကြီးကို အမေရေိကန်ကြီးစိုးတဲ့ စနစ်ကိုသာ လက်ခံကြပေရော့လို့ တရား ထူထောင်ခဲ့တာကို သတိရစရာပဲ။

မောင်စူးစမ်းရေးတာတွေကို သေချာဖတ်ကြည့်ရင် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ကို ဦးတည်ဆုံးမနေတယ်ဆိုတာ တွေ့ရပါမယ်။ တချိန်က သူကိုယ်တိုင် ဗဟိုဦးစီးအဖွဲ့မှာပါခဲ့တဲ့ ဆရာမောင်စူးစမ်းဟာ အခုအခါမှာ ဘာဖြစ်လို့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ကို အဓိကထား ထိုးစစ်ဆင်နေသလဲလို့ မေးကောင်းမေးကြပါမယ်။ ဒါပေမဲ့ တချိန်တုန်းက ဗမာပြည်ကွန်မြူနစ် ပါတီရဲ့ ရန်ကုန်ခရိုင်မြေအောက်တာဝန်ခံအဖြစ်ကနေ ထွက်၊ လက်နက်ချပြီး ဗမာပြည်ကွန်မြူ နစ်ပါတီကို တိုက်ခိုက်တဲ့စာတွေ ရေးခဲ့တဲ့ သူ့သမိုင်းကို ပြန်စဉ်းစားလိုက်ရင်တော့ ဒါဟာ မဆန်းဘူးလို့ပဲ ဆိုရမှာပဲ။

ဆရာမောင်စူးစမ်းရေးတဲ့အထဲမှာ “လွတ်လပ်ရေးမရမီ ကြားကာလသမ္မတဖြစ်သူ ဒေါက်တာဘဦးမှလွဲ၍ မည်သည့်သမ္မတ၊ မည်သည့်ဝန်ကြီးချုပ်မှ ခပ်အေးအေးဖြင့် နိုင်ငံရေး ဇာတ်ခုံပေါ်မှ ဆင်းသွားရသည်ဟူ၍ မရှိခဲ့ပေ”လို့ ပါရှိပါတယ်။ သူပြောတဲ့ဒီအချက်ဟာ လုံးဝ မှန်ပါတယ်။ ဒါပေမဲ့ ဆရာမောင်စူးစမ်းဟာ အဲဒီခေါင်းဆောင်တွေ ဘယ်ကိန်းဆိုက်ကုန်ကြတယ်၊ ဘယ်သူ၊ ဘယ်စနစ်ကနေ ထောင်ထဲဆွဲထည့်လိုက်တယ် ဆိုတာကိုတော့ တခွန်းမှမပြောဘူး။ သူတို့ထိုက်နဲ့သူတို့ကံလို့များ ပြောချင်သလားမသိဘူး။ ဒါဟာ ဗမာပြည်ရဲ့ ထူးခြားချက်လို့လည်း သူက ပြောပါသေးတယ်။

ဟုတ်တယ်။ ဗမာပြည်ရဲ့ထူးခြားချက်ဟာ စစ်အုပ်စုတွေက နိုင်ငံ့အာဏာကို ရာစုနှစ် တဝက်နီးပါး လုယက်ဆုပ်ကိုင်ထားတာပဲ။ ဒါပေမဲ့ ဒါချည်းသက်သက်ပြောရင် မပြည့်စုံဘူး။ တဖက်မှာ အဲဒီစစ်အစိုးရတွေကို တရက်မခြား နည်းနာမျိုးစုံနဲ့ ဆန့်ကျင်ပြီး စစ်အာဏာရှင်စနစ် ကို ဖယ်ရှားနေတယ်ဆိုတဲ့အချက်ကိုလည်း ပြောမှဖြစ်မယ်။ နို့မဟုတ်ရင် ဗမာပြည်ကြီးနဲ့ ဗမာပြည်သားတွေဟာ စစ်အာဏာရှင်စနစ်ကို ကျေကျေနပ်နပ်နဲ့ တသားတည်း နေထိုင်ကြတယ် ဆိုတဲ့ အဓိပ္ပါယ်ရောက်တယ်။

သူက “ယခုမှ ဒီမိုကရေစီကိုပြန်စသည်”လို့လည်း တနေရာမှာ ရေးတယ်။ သူဆိုလိုတာ နအဖအစိုးရ လုပ်နေတာကို ပြောတာ။ သူပြောတဲ့ ဒီမိုကရေစီစတဲ့အချိန်မှာပဲ သူ့ရဲ့ နအဖ စစ်အစိုးရဟာ သံဃာတွေ၊ သီလရှင်တွေအပါအဝင် ဆယ်ပေါင်းများစွာကို ထောင်နှစ်ရှည်တွေ ချခဲ့တယ်။

အစမို့တော်တော့တယ်လို့ ဆိုရမလားပဲ။

Read More...

ကေအန်ယူ တပ်မဟာ(၆) နယ်မြေမှာ ဒီကေဘီအေနှင့် တိုက်ပွဲဖြစ် ကေအန်ယူ(၂၀၁)စခန်းကိုသိမ်းဖို့ကြိုးပမ်းမှုမအောင်မြင်

NEJ/၃၀ အောက်တိုဘာ ၂၀၀၈

ယနေ့ နံနက်(၅)နာရီက ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် ၊ တပ်မဟာ(၆)နယ်မြေအတွင်း ရှိ တပ်ရင်း(၂၀၁)တပ်စခန်းအား DKBAနှင့် နအဖ ပူးပေါင်းတပ်ဖွဲ့တစ်ဖွဲ့ ဝင်ရောက်တိုက်ခိုက်ရာ ကြိုကြားပစ်ခတ်မှုများကြောင့် ဒေသတွင်းအခြေ အနေမှာတင်းမာ လျက်ရှိသည်။

(၂၀၁)တပ်စခန်းလက်အောက်ခံ တပ်ခွဲ(၃)အခြေစိုက်ရာ (ခလုန်းလောင်ချယ်)စခန်းသည် မဲဆောက် မြို့မှ တောင်ဘက် ကီလိုမီတာ (၁၄၀)အကွာ အုန်းဖန်မြို့နယ်တဖက်ကမ်း နယ်စပ်မျဉ်းမှ မြန်မာ ဘက်အခြမ်း (၅)ကီလိုမီတာ အကွာအဝေးတွင်ရှိသည်။ ထိုင်းဘက်ခြမ်းရွာမှာ မယ်ပလောခီးထိုင်းရွာ ဖြစ်သည်။

ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် တပ်ရင်း(၂၀၁)လက်အောက်ခံ တပ်ခွဲ(၃)မှ အရာခံဗိုလ် စောထိခုက

“ဒီမနက် ငါးနာရီမှာ DKBA တပ်ရင်း (၃၃၃)၊ (၉၀၇)၊ (၉၀၆)၊ နအဖတပ်တွေ ပူးပေါင်းပြီး ကျနော်တို့ တပ်ခွဲ(၃)စခန်းနေရာကို တက်သိမ်းဖို့ကြိုးစားတယ်။ ဒါပေမယ့် ကျနော်တို့ထောင်ထားတဲ့ မိုင်း(၅)လုံး ပေါက်ကွဲပြီး သူတို့ရှေ့ဆက်မတက်ရဲတော့ဘူး။ နအဖစစ်တပ်က အနောက်ကနေပြီး (၈၁မမ)၊ (၇၅မမ)၊ (၆၀မမ) လက်နက်ကြီးတွေနဲ့ ကျနော်တို့စခန်းထဲ ပစ်ချတာ အလုံး(၄၀)လောက် ရှိ ပြီ။ ဒါပေမယ့် သူတို့ချဉ်းကပ်လို့ မရဘူး။ ကျနော်တို့ ရရှိတဲ့ကြားဖြတ် စက်သတင်းအရ ဒီညသူတို့စစ် ကူတွေ လာမယ်။ ပြီးရင် ကျနော်တို့စခန်းကို တက်ရှင်းမယ်လို့ သိရတယ်။ ကျနော်တို့ဖက်ကလည်း သူ တို့နဲ့ ရင်ဆိုင်ဖို့ အဆင်သင့်ပဲ။ DKBAနဲ့ နအဖစစ်တပ်တွေဟာ ထိုင်းဖက်ကဝင်ပြီး ကျနော်တို့ကိုပိုင်းဖို့ လုပ်နေတယ်လို့ သိရတယ်။ ကျနော်တို့ကတော့ မရအရခုခံသွားရမှာပဲ”ဟု ခေတ်ပြိုင်သို့ ပြောသည်။

နံနက်လင်းအားကြီးအချိန်က စတင်ခဲ့သည့် ပစ်ခတ်မှုများသည် ထိပ်တိုက်ရင်ဆိုင်ပစ်ခတ်ခြင်းအဆင့် မျိုးမရှိသေးသည့်အတွက် နှစ်ဖက်အကျအဆုံး အခြေအနေကို မသိရှိရသေးသော်လည်း မိမိတို့မိုင်း(၅) လုံးပေါက်ကွဲခဲ့မှုတွင် DKBA တပ်ဖွဲ့ဝင်အချို့ ထိခိုက်ဒဏ်ရာရရှိမှုများ ရရှိနိုင်သည်ဟု ၎င်းက ဆက်ပြော သည်။

နောက်ထိုင် မြန်မာစစ်တပ်မှ အကူပစ်ပေးသည့် လက်နက်ကြီးကျည် အလုံး(၄၀)ခန့်မှာ ထိုင်းနိုင်ငံ အတွင်းသို့ ကျရောက်ပေါက်ကွဲခြင်း မရှိသေးဟု အုန်းဖန်နှင့်မဲဆောက် လိုင်းကားမောင်းသူတဦးက ပြောသည်။ အဆိုပါ ပစ်ခတ်မှုကြောင့် ထိုင်းလုံခြုံရေးတပ်ဖွဲ့ဝင်များ ဒေသတွင်းလုံခြုံရေး တိုးမြင့်ချထား ကြောင်း မြန်မာဘက်ခြမ်းမှ ရွာသားများ ထိုင်းဘက်ခြမ်းသို့ တိမ်းရှောင်လာမှုများ မရှိသေးကြောင်း သိ ရှိရသည်။

ယခုတိုက်ပွဲဖြစ်ပွားရာဒေသတွင် နယ်မြေစိုးမိုးရေးရရှိရေးအတွက် DKBAနှင့် မြန်မာစစ်တပ်တို့သည် ယခုနှစ်အတွင်း အကြိမ်ကြိမ်ဝင်ရောက်တိုက်ခိုက်မှုများ ရှိသော်လည်း စခန်းသိမ်းနိုင်သည့် အနေအ ထား မရှိသေးကြောင်း သိရှိရသည်။

နအဖနှင့် DKBA၏ ထိုးစစ်ဆင်မှုများနှင့်ပတ်သက်၍ ကရင်အမျိုးသား လွတ်မြောက်ရေး တပ်မတော် ဒုတိယစစ်ဦးချုပ် ဒုတိယဗိုလ်ချုပ်ကြီး စောဖလဲခို့(ခေါ်) စောအော်လီဗာက “ကျွန်တော်တို့ ဘက်ကတော့ စစ်ရေးနည်းနဲ့ဖြေရှင်းတာကို မလိုချင်ပေမဲ့ သူတို့ဘက်က ထိုးစစ်ဆင်လာရင်တော့ တော်လှန်စစ်ရဲ့ သဘောအရ ခုခံကာကွယ်စစ်ကိုဆင်နွဲဘို့ အရံသင့်ရှိတယ် လက်အောက်ခံ တပ်မဟာ တပ်ရင်း တပ်ဖွဲ့တွေကို ညွန်ကြားထားပြီးဖြစ်တယ် အဓိက ခံစစ်ရှင်ပြောက်ကြားစနစ်ကို သုံးပြီး ရန်သူ ကို ရင်ဆိုင်မှာဖြစ်တယ်”ဟုပြောသည်။

နအဖအနေနှင့် မြန်မာပြည်၏နိုင်ငံရေးပြဿနာများကို စစ်ရေးနည်းဖြင့်ဖြေရှင်း၍ မရကြောင်း KNUနှင့် တိုက်နေသည်မှာနှစ် (၆၀)ရှိပြီးဖြစ်ကြောင်း ပြည်တွင်းငြိမ်းချမ်းရေးကို အပြောနှင့်မဟုတ်ဘဲ လက်တွေ့ အကောင်အထည်ဖေါ်မှသာ စစ်မှန်သည့် တိုင်းပြည်ငြိမ်းချမ်းရေးကို ရမည်ဆိုသည့်အချက်ကို သ ဘောပေါက်သင့်သည် ဟုလည်းဖြည့်စွက်ပြောသည်။

Read More...

Sunday, October 26, 2008

အမေ့ကို တမ်းခြင်း

ပြည်မြန်မာကိုတမ်းတ
လွမ်းလို့လည်းမဝ
အဲဒီလွမ်းလို့မ၀တဲ့ စိတ္တဇ ညရက်တွေ
ကျော်လွန်ပါစေ အမေ..............

နှစ်နှစ်ဆယ် ကျော်ခဲ့တဲ့ ဒီခရီး
ခပ်ကြမ်းကြမ်းဖြတ်ရလို့
ကြမ္မာဝဋ်ကြွေးတော့မဆိုပါရစေနဲ့
အမေများစွာရဲ့ ရင်သွေး
ဒီစနစ်ဆိုးအောက်တော့
ဒူးမထောက်ပါရစေနဲ့ အမေ...............

အိမ်အပြန်နောက်ကျတဲ့သား
ဘာရယ်လို့နောက်ကျ
အဲဒီစိုးရိမ်ခဲ့တဲ့ အမေရဲ့စိတ်ကို
လေးစားချစ်မြတ်ထားတယ် အမေ..............

ခေတ်စနစ်ဆိုးရဲ့အောက်
နေရတာထက်
သေရတာမြတ်ဆိုတဲ့အသိ
ကျွန်တာ့ရင်ထဲ အပြည့်ရှိတော့
ဒီအတွေးထက်
ဘာတွရေးရေး ဘာတွေတွေးတွေး
ကျွန်တော့ခေါင်းထက်
အမေ့ကိုပေါ့လေ
တခါတခေါက်တော့ ကြုံဆုံချင်ပါသေးတယ် အမေ...............

အမေ့သား

Read More...

ကိုမင်းကိုနိုင်ရဲ့ကဗျာလေးကိုဖော်ပြပေးလိုက်ပါတယ်

အမျိုးသားရေးအတွက်
အသက်ပေးသွားသော ရဲဘော်များအား
တိုင်တည်သစ္စာပြုပါ၏။

မပြီးပြတ်သေး တော်လှန်ရေးတွင်
ကျွန်ုပ်၏သွေး မနီသေးလျှင်
အသင်တို့သွေး ပတ်ဖျန်းပေး၍
ရဲဆေးတင်ပေးကြပါလေ။

မပြီးပြတ်သေး တော်လှန်ရေးတွင်
ကျွန်ုပ်ဝိဉာဉ် ကြောက်စိတ်ဝင်၍
မချင့်မရဲ သတ္တိနဲလျှင်
သင်တို့ဝိဉာဉ် ပူးကပ်ဝင်၍
ကျွန်ုပ်အား ထိန်းချုပ်သွားပါလေ။

မပြီးပြတ်သေး တော်လှန်ရေးတွင်
ကျွန်ုပ်သည်ကား
အမျိုးဂုဏ်မောက် သစ္စာဖေါက်ဟု
မထောက်မညှာ ပြုမိပါလျှင်
အသင်တို့၏ မညွှတ်ပြောင်းသော
ခွပ်ဒေါင်းလက်ဖြင့်
ဝိုင်းညှပ်အပစ် ပေးကြပါလေ။

မပြီးပြတ်သေး တော်လှန်ရေးတွင်
ကျွန်ုပ်အသက် လမ်းတ၀က်မှ ပေးဆပ်ရလည်း
လူ့ဘုံလမ်းခွဲ ၀မ်းမနည်းဘဲ
တာဝန်တစ်ရပ် ကျေပြွန်မှတ်၍
ထပ်ဆင့်ပျော်ရွှင် ကျွန်ုပ်ဝိဉာဉ်သည်
ဒေါင်းအလံကိုဆွဲ လေတွင်ဝဲ၍
သင်တို့ရှိရာ ကျွန်ုပ်လာမည်
ရင်ဖွင့်ကြိုဆိုကြပါလေ။

မင်းကိုနိုင်

Read More...

မဆလအမွေခံ နအဖနှင့် ကြံ့ ဖွတ်အဖွဲ့ အား ဆန့် ကျင်သည့်အနေဖြင့် ခွေးခြင်္သေ့လှုပ်ရှားမှု ဆောင်ရွက်ခြင်း။

လွတ်လပ်ရေးဖခင်ကြီးနှင့် အမျိုးသားခေါင်းဆောင်ကြီး ဗိုလ်ချုပ်အောင်ဆန်းအပါအ၀င် မြန်မာနိုင်ငံ လွတ်လပ်ရေးရရှိရေးအတွက် အသက်ပေးကာ ကြိုးပမ်းပေးခဲ့ကြသော နိုင်ငံ့အာဇာနည်စစ်စစ် ခေါင်းဆောင်ကြီးတို့ ၏ ဂုဏ်ကျေးဇူးကိုမှ မထောက်၊ သမိုင်းပျောက်အောင်လုပ်ခဲ့ကြတဲ့ အာဏာရှင်တို့ ရဲ့  လုပ်ရပ်ဖြစ်တဲ့ ငွေစက္ကူတွေမှာ ဗိုလ်ချူပ်အောင်ဆန်း၊ ဆရာစံ၊ သခင်ဖိုးလှကြီး အစရှိတဲ့ ပုံတွေကို ဖယ်ရှားပြီး၊ ခွေးလိုလို ခြင်္သေလိုလိုပုံတွေကို အစားထိုးပြီး ငွေစက္ကူတွေမှာ ပုံနှိပ်သုံးစွဲနေတာတွေကို ကန့် ကွက်တဲ့အနေနဲ့  ခွေးခြင်္သေ့လှုပ်ရှားမှုကို ဆောင်ရွက်ခြင်း ဖြစ်ကြောင်း သိရှိရပါတယ်။
ဒီလို ငွေစက္ကူတွေမှာသာမက ခွေးလိုလို ခြင်္သေလိုလိုပုံတွေကို နအဖရဲ့  လက်ကိုင်တုတ်အဖွဲ့ ဖြစ်တဲ့ ကြံ့ ဖွတ်အဖွဲ့ မှာပါ အဖွဲ့ တံဆိပ်အနေနဲ့  သုံးနေတာတွေ့ ရတော့ ဒါဟာ နအဖအာဏာရှင်တွေရဲ့  နိုင်ငံတော်တံဆိပ်ပါ ခြင်္သေပုံဖြစ်နေပါတယ်။ ဒါတင်မကသေးဖူး နအဖ မတိုင်ခင် ၁၉၆၂ ခုနှစ်ကတည်းက သုံးခဲ့တဲ့ နေ၀င်းဥိးဆောင်ခဲ့တဲ့ မဆလ တစ်ပါတီရဲ့  နိုင်ငံတော်တံဆိပ်ပါ ခြင်္သေ့ပုံလည်း ဖြစ်ပါတယ်။
အဆိုပါ ခွေးလိုလို ခြင်္သေ့လိုလို ပုံပါ ငွေစက္ကူများနှင့် နအဖလက်ကိုင်တုတ် ကြံ့ ဖွတ်အဖွဲ့ အား ဆန့် ကျင်သည့် အနေဖြင့် ရန်ကုန်တိုင်းအတွင်းရှိ မရမ်းကုန်မြို့နယ်နှင့် လှိုင်မြို့နယ်များတွင် နအဖ စစ်အာဏာရှင် အုပ်စုအား အလိုမရှိသူ လူငယ်များမှ ခွေးခြင်္သေ့ပုံအား ကြက်ခြေခတ်ဆန့် ကျင်သည့် လှုပ်ရှားအား ဆောင်ရွက်ခြင်း ဖြစ်ပါတယ်။
နအဖအာဏာရှင်မှ မည်သို့ မည်ပုံဖမ်းဆီးသည်ဖြစ်စေ မြန်မာပြည်သား မြန်မာလူငယ်များအနေဖြင့် အမျိုးသားရေးတာဝန်အား ပုခုံးထမ်းကာ ရဲရဲဝန့် ၀န့်  အင်အားသစ်များဖြင့် အာဏာရှင်အား ဆက်လက် တော်လှန်တိုက်ပွဲ ၀င်နေမည် ဖြစ်ကြောင်းနှင့် မြန်မာပြည်သူပြည်သားအပေါင်းမှ ပူးပေါင်းပါဝင်လက်တွဲကြကာ အမျိုးသားရန်သူဖြစ်သည့် အာဏာရှင် နအဖလက်တစ်စုစာအား ဆန့် ကျင်ကြရန် တိုက်တွန်းလိုက်ရပါတယ်။


Read More...

Saturday, October 25, 2008

သတင်းအမှန် မထုတ်ရဲသော နအဖနှင့် သတင်းညာရေးသော သတင်းစာများ။





အများသူငှာတို့ ကြားသိပြီးဖြစ်တဲ့ အောက်တိုဘာလ (၁၃) ရက်နေ့ က ဖြစ်ပွားခဲ့တဲ့ တိုက်ကြီး-ရန်ကုန် ပြေးဆွဲနေခဲ့တဲ့ ခရီသည်တင် ဟိုင်းလတ်ကားတစ်စီး ပေါက်ကွဲမှု ဖြစ်ခဲ့ပြီး ကားပေါ်ပါသူ ကားမောင်းသမားအပါအ၀င် လူ (၇) ဦး သေဆုံးခဲ့တဲ့ကိစ္စကို နအဖက ဖြစ်ပွားရတဲ့ အကြောင်းရင်းကို အမှန်အတိုင်း မထုတ်ဖေါ်ဘဲ သတင်းလိမ်ခဲ့တာနဲ့  နအဖပိုင် သတင်းစာတွေကလည်း ဒီသတင်းကို လိမ်ညာဖန်တီးပြီး ရေးသားခဲ့တာကို ထုတ်ဖေါ်ပြလိုပါတယ်။
ပထမဦးဆုံးအနေနဲ့  ပေါက်ကွဲမှုနဲ့  ပတ်သက်ပြီး နအဖကနေ ဘယ်လို သတင်းထုတ်ပြန်ခဲ့သလည်းဆိုရင် အဆိုပါ ဟိုင်းလတ်ကားမောင်းတဲ့သူဟာ ကားကို အရှိန်ပြင်းစွာ မဆင်မခြင် မောင်းနှင်မှုကြောင့် အရှိန်မထိန်းနိုင်ဘဲ ကားမှောက်ပြီး ကားပေါ်ပါ ဂက်စ်အိုးများ အချင်းချင်းရိုက်ခတ်မိလို့  ပေါက်ကွဲမှုဖြစ်ရတာပါဆိုပြီး အဓိက အကြောင်းရင်းက ကားမှောက်တာပါ၊ ကားမှောက်လို့ သာ ဂက်စ်အိုးပေါက်ကွဲရတာပါလို့  အကြောင်းပြခဲ့ပါတယ်။
အဖြစ်မှန်ဖြစ်တဲ့ ဂက်စ်အိုးပေါက်ကွဲတဲ့ အဓိက အကြောင်းရင်းကို လိမ်ညာခဲ့ခြင်းဖြစ်ပါတယ်။ စစချင်း ဂက်စ်အိုးပေါက်ကွဲတာ မဟုတ်ဘဲ ကားမှောက်တာ အရင်ဖြစ်လို့  ကားမှောက်တဲ့အရှိန်ကြောင့်သာ ဂက်စ်အိုးကွဲရတာပါလို့  လှည့်ဖြားပြောဆိုထုတ်ပြန်ခဲ့ပါတယ်။
ဘာလို့  ဒီလို လှည့်ဖြားပြောဆိုရတာလည်းဆိုတာကတော့ နအဖအနေနဲ့  သူတို့ နဲ့  ပတ်သက်နေတဲ့ ပေါ့ဆမှုတွေ၊ လာဘ်စားမှုတွေ၊ ပြည်သူတွေအပေါ်မှာ တာဝန်ကင်းမဲ့သူတွေ၊ သူတို့ ရဲ့ ညံ့ဖြင်းမှုတွေကို အပြစ်ပြောခံရမှာစိုးလို့  ဒီလိုဖုံးကွယ်ပြောဆိုခဲ့တာဘဲ ဖြစ်ပါတယ်။

ဂက်စ်အိုးတပ်ဆင်မှုတွေကို စစ်ဆေးမှု မရှိတာတွေ၊ အလွယ်တကူဈေးနဲ့  ဈေးရောင်းကောင်းအောင်လောက်ဘဲ ကြည့်ပြီး လုပ်ခဲ့တာတွေ၊ ပြည်သူတွေရဲ့  အသက်အိုးအိမ်စည်းစိမ်ထက် နအဖဘက်တော်သား စီးပွားရေးသမားကြီးတွေ ကြီးပွားရေးအတွက်သာ ကြည့်နေတာတွေ၊ နိုင်ငံတော်ဝါဒဖြန့် ချီရေးတွေမှာ မော်တော်ယာဉ်တွေ ဂက်စ်သုံးစွဲမှုနဲ့  တိုးတက်နေပါတယ်လို့  ဟန်ပြပြောဆိုနေတာတွေကို ထိခိုက်မှာစိုးလို့  ပေါက်ကွဲမှု အဓိက အကြောင်းရင်းက ဂက်စ်အိုးပေါက်လို့  ဖြစ်ရတာပါဆိုတာကို မပြောရဲတာဘဲ ဖြစ်ပါတယ်။
နောက်တစ်ခုကတော့ - နအဖက သတင်းထုတ်ပြန်ခဲ့တာ အောက်တိုဘာလ (၁ရ) ရက်နေ့ ကြမှ သတင်းထုတ်ပြန်ခဲ့ပြီး၊ အောက်တိုဘာလ (၁၈) ရက်နေ့  သတင်းစာထဲမှာ ဖေါ်ပြခဲံပါတယ်။ အမှုဖြစ်ပွားပြီး (၃) ရက်မြောက်နေ့ ကျမှသာလျှင် သတင်းကို ထုတ်ပြန်ခဲ့တာ ဖြစ်ပါတယ်။ ဒီသတင်းစာထဲမှာ သတင်းကို လှည့်ဖြားပြီးရေးသားထားရုံတင်မကဖူး ပေါက်ကွဲမှုဖြစ်ပွားတာကို အခင်းဖြစ်မှုမြေပုံအကြမ်းနဲ့  ဖေါ်ပြထားပါတယ်။ ရုတ်တရက် ကြည့်လိုက်ရင်တော့ ဖြစ်ပွားမှုသတင်းကို သေသေချာချာ စနစ်တကျနဲ့ စုံစမ်းဖေါ်ထုတ်ထားသလိုလိုနဲ့ ၊ တကယ်တမ်းကျတော့ ပေါက်ကွဲမှုကြောင့် သေဆုံးရသူတွေရဲ့  ဓါတ်ပုံတွေကိုတော့ အမှန်အတိုင်း ဖေါ်ထုတ်မပြရဲခဲ့ပါဖူး။ (စကားချပ် - သေဆုံးမှု ဆိုးရွားတဲ့ပုံတွေ ဖြစ်နေတာကြောင့် အမြင်မသင့်တော်လို့  သတင်းစာထဲ မထည့်တာလို့ တော့ အကြောင်းမပြပါနဲ့ ။ တစ်နေ့ ကဘဲ ရွှေပြည်သာမှာ ဗုံးထောင်ရင်း သေဆုံးခဲံရပါတယ်ဆိုပြီး ခေါင်းပြတ်ခြေပြတ်လက်ပြတ်ပုံကျတော့ သတင်းစာထဲမှာ သတင်းညာပြီး ၀ါဒဖြန့် ချီလိုလို့  ထည့်ခဲ့တာရှိနေပါတယ်)။ ဂက်စ်အိုးပေါက်ကွဲလို့  သေဆုံးသူတွေရဲ့  ပုံတွေကို အမှန်အတိုင်းသတင်းစာထဲ မထည့်ရဲတာကတော့ ဂက်စ်အိုးပေါက်ကွဲတာ အရင်လား၊ ကားမှောက်ပြီးမှ ဂက်စ်အိုးက ပေါက်ကွဲရတာလားဆိုတာ အသိသာကြီး မြင်မှာစိုးလို့ ပါ။
စီအင်(န်)ဂျီပြောင်းလဲတပ်ဆင်ခွင့်ရတဲ့ ကုမ္ပဏီတော်တော်များများဟာ နအဖဗိုလ်ချုပ်ကြီးများနဲ့ မကင်းရာမကင်းကြောင်းဖြစ်နေခြင်း၊ စစ်ဆေးရန်တာဝန်ရှိသူများဟာ မိမိတို့ရဲ့ တာဝန်များကို ထမ်းဆောင်ရန်ထက် ပိုက်ဆံများများ ဘယ်လိုရမလဲဆိုတာကိုသာ ပိုမိုစိတ်ဝင်စားနေကြခြင်းတွေကြောင့် - ဒီဟိုင်းလပ်ကားဖြစ်ပွားမှုမှာ ဂက်စ်အိုးပေါက်ကွဲကြောင့် ဖြစ်ရတာပါလို့  အမှန်အတိုင်းမပြောရဲကြတာ ဖြစ်ပါတယ်။
နအဖပြောသလို မဆင်မခြင်မောင်းမှုကြောင့် အရှိန်မထိန်းနိုင်ဘဲ ကားမှောက်တာလို့  ပြောထားပေမယ့် ဓါတ်ပုံတွေမှာ ကြည့်ရင် ကားဟာ မှောက်သွားပြီး ဘေးစောင်းလိမ့်နေတာ၊ ဒါမှမဟုတ် ကားပက်လက်လန်နေတာ မရှိပါဖူး။
နောက်တစ်ချက်ကတော့ နအဖ ပြောတာက - ကားမှောက်တာကြောင့် ကားပေါ်ကနေ ဘဲဘက်နဲ့ ညာဘက်ကို လွင့်ကျပြီး လူသုံးဦးဟာ လမ်းပေါ်မှာ သေဆုံးသွားတာဖြစ်တယ်လို့  ဆိုထားပါတယ်။ နအဖတွေ ဘယ်သောအခါမှ ဟိုင်းလတ်ကား မစီးဘူးဖူးနဲ့ တူပါတယ်။ ဟိုင်းလတ်ကားရဲ့ ဘေးဘယ်ညာမှာ ကာထားတဲ့ သံတိုင်အကာတွေ ရှိပါတယ်။ ဒီသံတိုင်တွေကြားထဲကနေ လူတစ်ယောက်ခန္ဒာကိုယ်အရ လွင့်ထွက်ကျဖို့ ဆိုတာ လုံးဝမဖြစ်နိုင်ပါ။
နောက်တစ်ချက်ကတော့ နအဖရဲ့  လိမ်ညာပြောဆိုချက်အရ - ကားပေါ်မှာ ဂက်စ်အိုးလေးလုံးပါလာတယ်၊ အဲ့ဒီဂက်စ်အိုးလေးလုံး အချင်းချင်းရိုက်ခတ်မိလို့  ရိုက်ခတ်မှုအပြင်းဆုံးတစ်လုံးက ပေါက်ကွဲရတာလို့ ပြောတာကြည့်ရင် - ဂက်စ်အိုးလေးလုံးပါတယ်ဆိုတာ မဖြစ်နိုင်သလို၊ အချင်းချင်းရိုက်ခတ်ရလောက်အောင် နေရာအကျယ်လည်း မရှိနိုင်ပါ။
ဂက်စ်အိုးအချင်းချင်းရိုက်တဲ့အရှိန်နဲ့  ဂက်စ်အိုးတစ်လုံးပေါက်ကွဲရတာဆိုရင် ကျန်တဲ့ဂက်စ်အိုးတွေကရော ကားပြင်းထန်စွာမှောက်သွားတဲ့အရှိန်နဲ့ ရော ဘာလို့ မပေါက်ကွဲဘဲ နေရာတွေ အတော်ခြားပြီး လမ်းပေါ်မှာ ဒီအတိုင်းဘဲ ရှိနေရတာလည်း။ နအဖဖေါ်ပြထားတဲ့ပုံတာတွေအရကြည့်ရင် အင်မတန်ယုတ္တိမရှိတဲ့  လိမ်ဆင်ကြီးဆိုတာ သိသာလွန်းပါတယ်။
ဒီ ဟိုင်းလတ်ကား ဂက်စ်အိုးပေါက်ကွဲမှုကြောင့် အပြစ်မဲ့ပြည်သူတွေ သေဆုံးရတာကို အမှန်အတိုင်းမပြောရဲဘဲ လှည့်ဖြားပြောဆိုထားတဲ့ နအဖရဲ့  လိမ်ညာမှုနဲ့  သတင်းညာရေးပြီး ပြုပြင်ဖန်တီးထားတဲ့ သတင်းစာပါအချက်တွေ ဓါတ်ပုံတွေကို အမှန်တကယ်ဖြစ်ပျက်မှုကို သိရှိရအောင် ပေးပို့ လာတဲ့ တာဝန်သိပြည်သူတစ်ဦးရဲ့  ဖြစ်ပွားမှုဓါတ်ပုံအမှန်တွေကို နှုင်းယှဉ်ပြီး ကြည့်ကြည့်ရအောင်ပါ။
(ဒီနေရာမှာ ဓါတ်ပုံတွေကို မကြည့်ခင် သတိပေးလိုပါတယ်။ ယခုဖေါ်ပြမယ့် ဓါတ်ပုံတွေဟာ နအဖရဲ့  လိမ်ညာမှုကို ဖေါ်ထုတ်ပြလိုတာကြောင့်ရော အမှန်ဖြစ်ပျက်မှုကို သိရှိစေရန်အတွက်ရော လိုအပ်ချက်အရ ပြသရတာဖြစ်ပေမယ့် စိတ်တုန်လှုပ်ခြောက်ခြားဖွယ်ရာ ဓါတ်ပုံများဖြစ်တာကြောင့် စိတ်အားငယ်တတ်သူများ၊ စိတ်လှုပ်ရှားလွယ်သူများ မကြည့်ရဲပါက မကြည့်ဖို့  သတိပေးလိုပါတယ်။)
ဆိုးရွားတဲ့ မြင်ကွင်းပါ ဓါတ်ပုံတွေကို ကြည့်လိုတယ် ကြည့်ရဲနိုင်တယ်ဆိုရင်တော့ ဒီပို့ စ်ကို အကျယ်ချဲ့ ကြည့်ပါ (သို့ မဟုတ်) ဒီနေရာမှာ ဒေါင်းလုပ်လုပ်ပြီးကြည့်နိုင်ပါတယ်။
ဒီဟိုင်းလတ်ကားပေါက်ကွဲမှု ဖြစ်ပွားပြီး နောက် (၃) ရက်နေမှ သတင်းထုတ်ပြန်တဲ့ နအဖရဲ့  လုပ်ရပ်ဟာ ဖြစ်ပျက်မှုအမှန်ကို လိမ်ညာဖို့ အတွက် ပြင်ဆင်မှုတွေ ပြုလုပ်ပြီးမှ သတင်းထုတ်ပြန်ခဲ့တာပါ။
နအဖသတင်းစာမှာ ဖေါ်ပြထားတဲ့  ဟိုင်းလတ်ကား တည်ရှိရာနေရာနဲ့  အမှန်တည်ရှိတဲ့ နေရာဟာ လွှဲချော်နေပါတယ်။ ပျက်စီးနေတဲ့ကားဘော်ဒီဟာ အချို့ နေရာတွေမှာ ပြောင်းလဲနေပါတယ်။ လူတစ်ဦးကားရှေ့ မှန်ကနေ တစ်ပိုင်းတစ်စထွက်ပြီး သေဆုံးနေတဲ့ပုံနဲ့  နအဖသတင်းစာပါ ကားပုံက လွှဲချော်နေပါတယ်။ နအဖသတင်းစာပါ ဟိုင်းလတ်ကားရဲ့ အမိုးနဲ့  အမှန်တကယ်ပျက်စီးနေတဲ့  ဟိုင်းလတ်ကားရဲ့ အမိုးတွေဟာ ပုံစံခြင်းမတူတာ မြင်ရပါတယ်။ ဒီအချက်တွေအရ နအဖဟာ ဟိုင်းလတ်ကားကို သတင်းညာဖို့ အတွက် ပြန်လည်ပြင်ဆင်ဖန်တီးထားတာ (သို့ ) အခြားသော ဟိုင်းလတ်ကားကို ပုံစံတူဖန်တီးပြထားတာ ဖြစ်ပါတယ်။ နအဖသတင်းစာပါ ဟိုင်းလတ်ကားရဲ့ နံပါတ်ကို မြက်တွေနဲ့  ကွယ်ပြီးဖုန်းအုပ်ပြသထားပါတယ်။ ဘေးဘက်က နံပါတ်ပြားကိုလည်း ၀ိုးတစ်ဝါးနဲ့  မသဲမကွဲ ပြုလုပ်ထားပါတယ်။
တာဝန်ရှိပြည်သူတစ်ဦးကနေ ပေးပို့ လာတဲ့ အဖြစ်မှန်ပြ ဓါတ်ပုံတွေကို ကြည့်ရင် အဓိက အချက်တွေ သိစေလိုတာကတော့ ဒီဟိုင်းလတ်ကားဟာ ဂက်စ်အိုးကနေ ဂက်စ်တွေယိုစိမ့်ထွက်ပြီး မီးလောင်တာကြောင့် ပေါက်ကွဲမှုဖြစ်ပြီး လူတွေသေဆုံးရတာဆိုတာကိုပါ။
လမ်းပေါ်မှာ ပြုတ်ကျပြီးသေဆုံးသူတွေဟာ ကားရိုးရိုးမှောက်လို့  ပြုတ်ကျပြီး သေဆုံးကုန်တာ မဟုတ်ပါ။ ဂက်အိုးပေါက်ကွဲပြီးမှ ပေါက်ကွဲမှုကြောင့် အမိုးပွင့်ပြီး ပြတ်ထွက်ကုန်တဲ့ ကားအစိတ်အပိုင်းတွေနဲ့ အတူ လမ်းမပေါ်ကို လွင့်စင်ကျလာတာပါ။ နအဖပုံမှာ လိမ်ပြီးရေးဆွဲပြထားတာက ဂက်စ်အိုးက နောက်ဆုံးနေရာကျမှ ပေါက်ကွဲတာပါလို့ ပြောထားပါတယ်။ ဟိုင်းလတ်ကား ပျက်စီးမှုပုံ၊ လမ်းပေါ်ကသေဆုံးသူတွေရဲ့ ပုံတွေ၊ ကားနောက်ခမ်းအတွင်းနဲ့  ရှေ့ ခန်းကပုံတွေကို ကြည့်ရင် ရိုးရိုးကားမှောက်လို့ သေတာမျိုး မဟုတ်ဖူးဆိုတာ သူတို့ ရရှိခဲ့တဲ့ ဒဏ်ရာဒဏ်ချက်တွေအရ ကြည့်ရင် သိသာထင်ရှားပါတယ်။
အပြစ်မဲ့ ပြည်သူတွေ သေဆုံးကြရတာကို နအဖအနေနဲ့  သတင်းအမှန်မရေးရဲတာ လွန်းလွန်ပါတယ်။ ဒီဟိုင်းလတ်ကားဖြစ်ပွားမှုမှ မဟုတ်ပါ၊ မြန်မာပြည်မှာ ဖြစ်ပွားခဲ့တဲ့ ပြည်သူတွေသေကြေပျက်စီးရမှုမှန်သမျှ အခြားသူတွေကို မဟုတ်မမှန် စွပ်စွဲပြီး အပြစ်ဖို့လေ့ရှိတဲ့ နအဖဟာ တော်တော့ကို ယုတ်မာတဲ့ ကမ္ဘာကျော်လူလိမ်ကြီးများလို့  ခေါ်ခံတာ နည်းတောင်နည်းပါသေးတယ်။
ဖြစ်ပျက်မှုတွေရဲ့  အကြောင်းရင်းအမှန်တွေကို ဖုန်းကွယ်ထားမှုဟာ ပိုပြီးဆိုးရွားပါတယ်။ ပြည်သူတွေအနေနဲ့  သတင်းအမှန်မသိရတဲ့အတွက် နောက်နောင်အလားတူ သေကြေပျက်စီးမှုဖြစ်နိုင်တာတွေကို ကြိုတင်ကာကွယ်နိုင်မှာ မဟုတ်ပါဖူး။ နအဖက ပြည်သူတွေ ဒီလိုအလားတူ ဆိုးရွားမှုတွေ ထပ်ဖြစ်လည်း ဂရုမစိုက်တဲ့ စိတ်ယုတ်မာကို ပြတာပါ။ ပြည်သူတွေရဲ့  အသက်အိုးအိမ်စည်းစိမ်ကို ကာကွယ်ပေးဖို့ နေနေသာ ဘေးအန္တရယ်တွေကျရောက်ခဲ့တာတွေကို အကြောင်းရင်းအမှန် မဖေါ်ပြရဲဘဲ၊ နအဖအာဏာတည်မြဲဖို့  အကျိုးမထိခိုက်ဖို့ အတွက်လောက်သာ ကြည့်တာဟာ ယခုလို သတင်းလိမ်ညာမှုတွေက သက်သေပါ။ ဒီ့အတွက် နအဖဟာ လူမဟုတ်တော့တဲ့ တိရိစ္ဆာန်အဆင့်တောင်မရှိတဲ့ ဘီလူးသရဲသဘက်သာသာ ဖြစ်နေပါပြီ။
ပြည်သူတွေအနေနဲ့  ကိုယ်ရဲ့ အသက်အိုးအိမ်စည်းစိမ်ကို မကာကွယ်ပေးတဲ့အပြင်၊ အသက်အိုးအိမ်စည်းစိမ် ပျက်စီးအောင် တိုက်ရိုက်ရော သွယ်ဝိုက်လို့ ရော လုပ်နေတဲ့ နအဖတွေကို ဖယ်ရှားပြစ်ဖို့  ရဲရဲဝန့် ဝန့်  လုပ်ရတော့မှာ ဖြစ်ပါတယ်။
(ဒီနေရာမှာ ဓါတ်ပုံတွေကို မကြည့်ခင် သတိပေးလိုပါတယ်။ ယခုဖေါ်ပြမယ့် ဓါတ်ပုံတွေဟာ နအဖရဲ့  လိမ်ညာမှုကို ဖေါ်ထုတ်ပြလိုတာကြောင့်ရော အမှန်ဖြစ်ပျက်မှုကို သိရှိစေရန်အတွက်ရော လိုအပ်ချက်အရ ပြသရတာဖြစ်ပေမယ့် စိတ်တုန်လှုပ်ခြောက်ခြားဖွယ်ရာ ဓါတ်ပုံများဖြစ်တာကြောင့် စိတ်အားငယ်တတ်သူများ၊ စိတ်လှုပ်ရှားလွယ်သူများ မကြည့်ရဲပါက မကြည့်ဖို့  သတိပေးလိုပါတယ်။)








Read More...

Friday, October 24, 2008

"ဆောင်းဦးပေါက်တေး "

ဒီဇင်ဘာနံ့ ခပ်သင်းသင်းလေးဝေ့တိုက်လာတယ်

တံစက်မြိတ်ကနှင်းရည်စက်တွေကျလာတာ

စောင်ခြုံထဲကနေ အိပ်ချင်မူးတူးငေးမကြည့်နိုင်တော့ဘူး

သမိုင်းကို လက်ကြောတင်းတင်းထမ်းပိုးဖို့

အလွမ်းကိုဘောင်းဘီအိပ်ထဲထိုးသိပ်ထည့်ထားရ

ကြေချင်ကြေ မွချင်မွ ဖြစ်ချင်တာသာဖြစ်ပစေတော့

ခဏခဏ ထုတ်ယုယမနေနိုင်ဘူး

အိမ်နဲ့ဝေးနေတာ

ငါတယောက်တည်းမှမဟုတ်ခဲ့တာပဲ



မိုဃ်းသွေး

Read More...

Wednesday, October 22, 2008

ကရင်အမျိုးသားအစည်းအရုံး အထွေထွေအတွင်းရေးမှူးတာဝန် အမျိုးသမီးခေါင်းဆောင် ပထမဆုံးရွေးချယ်

မြန်မာနိုင်ငံနဲ့ ထိုင်းနယ်စပ်တလျှောက်မှာ အခြေစိုက်ထားတဲ့ ကေအန်ယူ ကရင်အမျိုးသား အစည်းအရုံးရဲ့ ၁၄ ကြိမ်မြောက်ကွန်ဂရက်မှာ ခေါင်းဆောင်ပိုင်း အပြောင်းအလဲ ဖြစ်ခဲ့တယ်လို့ သိရပါတယ်။ အစည်းအဝေးကို အောက်တိုဘာ ၈ ရက်နေ့က၁၈ ရက်နေ့အထိ ကေအန်ယူရဲ့ လွတ်မြောက်နယ်မြေတနေရာမှာ ကျင်းပသွားခဲ့တယ်လို့ သိရပါတယ်။ ဒီအကြောင်းနဲ့ပတ်သက်လို့ ဗွီအိုအေမြန်မာပိုင်း ထိုင်းအခြေစိုက်သတင်းထောက် မအေးအေးမာကို ဆက်သွယ်မေးမြန်းပြီး ကိုသားညွန့်ဦးက တင်ပြပေးထားပါတယ်။အခု ကေအန်ယူရဲ့ ၁၄ ကြိမ်မြောက် ကွန်ဂရက်က ပြီးသွားပြီဆိုတော့ ထူးထူးခြားခြားဘာတွေများ အပြောင်းအလဲ တွေ့ရလဲခင်ဗျ။

"အဓိကအပြောင်းအလဲကတော့ ဥက္ကဋ္ဌအဖြစ် ဗိုလ်ချုပ်ကြီး စောတာမလာဘောရွေးချယ်ခံရတယ်။ အထွေထွေအတွင်းရေးမှူးအဖြစ် နော်စီဖိုးရာစိန် ရွေးချယ်ခံရပါတယ်။ အဲဒီနှစ်ယောက်ကတော့ သားအဖပါ။ ဒီထဲမှာ လက်နက်ကိုင်တော်လှန်ရေးလုပ်နေတဲ့ ကရင်အမျိုးသား အစည်းအရုံးအနေနဲ့ အထွေထွေအတွင်းရေးမှူးနေရာကိုအမျိုးသမီးဖြစ်တဲ့ နော်စီဖိုးရာစိန်ကိုရွေးချယ်ခဲ့တယ်ဆိုတာ လည်း ထူးခြားမှုတခုလို့ပြောလို့ရပါတယ်။"
ဒါကတော့ လူအပြောင်းအလဲ အပိုင်းပေါ့။ ဒီကွန်ဂရက်ကနေပြီးတော့ ဒီလူတွေနဲ့ကေအန်ယူရဲ့ မူဝါဒပိုင်းဆိုင်ရာ၊ လမ်းစဉ်ပိုင်းဆိုင်ရာ အပြောင်းအလဲ တစုံတရာရှိလာမယ်လို့ရော ယူဆရမလား။

"ကေအန်ယူအနေနဲ့ကတော့ မြန်မာစစ်အစိုးရနဲ့ပတ်သက်ရင် ငြိမ်းချမ်းရေးနဲ့ တွေ့ဆုံဆွေးနွေးရေးကိစ္စတွေ၊ ဖက်ဒရယ်ပြည်ထောင်စု တည်ဆောက်ရေးကိစ္စတွေကို အမြဲတမ်း တောင်းဆိုနေတဲ့ အဖွဲ့လည်းဖြစ်ပါတယ်။ အခုရွေးချယ်ခံရတဲ့ ဥက္ကဋ္ဌ ဗိုလ်ချုပ်ကြီးတာမလာဘောဆိုရင် ၁၉၆၃ ခုနှစ်ကတည်းက မြန်မာနိုင်ငံမှာ ငြိမ်းချမ်းရေးဆွေးနွေးပွဲတွေ သွားတက်ခဲ့တဲ့ ကရင်အမျိုးသားတဦးလည်း ဖြစ်ပါတယ်။"ဆိုလိုတာက ဒီမတိုင်ခင် ကျနော်တို့ ကြားရသလောက် ကေအန်ယူထဲမှာ မြန်မာအစိုးရနဲ့အပစ်အခတ်ရပ်စဲရေး လုပ်ဖို့ အတွက် အတော့ကို လိုလိုလားလားရှိတဲ့အုပ်စုတွေ ရှိကြတယ်၊ တဖက်မှာလည်း အပစ်အခတ်ရပ်စဲရေးလုပ်ဖို့ ကမ်းလှမ်းတော့ ကမ်းလှမ်းမယ်၊ ဒါပေမယ့် နိုင်ငံရေးအရ ဆွေးနွေးရမယ်ဆိုတဲ့ မူပိုင်းဆိုင်ရာအရ ရပ်တည်နေတဲ့ခေါင်းဆောင်ပိုင်းတွေလည်း ရှိနေတယ်လို့ ကြားရပါတယ်။
အဲတော့ အခုတက်လာတဲ့ဗဟိုကော်မတီကို ခြုံပြီးကြည့်လိုက်ရင် ဘယ်ဘက်ကို သာပါသလဲ။

"တခြားတိုင်းရင်းသားအဖွဲ့တွေလို အပစ်အခတ်ရပ်စဲရေးကို လွယ်လွယ်နဲ့လုပ်မယ့် ဗဟိုကော်မတီ မဟုတ်ဘူးလို့တော့ မြင်ရပါတယ်။ သူတို့ရဲ့ ငြိမ်းချမ်းရေးနဲ့ တွေ့ဆုံဆွေးနွေးရေး ရပ်တည်ချက်တွေကိုလည်း ပြောင်းလဲမယ့်ပုံတော့ မတွေ့ရပါဘူး။ ပြီးတော့ အခု
ရွေးချယ်ခံရတဲ့ ဗဟိုကော်မတီသစ်ဟာ မကြာခင်က လုပ်ကြံခံခဲ့ရတဲ့ အထွေထွေအတွင်းရေးမှူး ပဒိုမန်းရှာရဲ့ အယူအဆကို ထောက်ခံတဲ့ အင်အားစုလည်း ဖြစ်တဲ့အတွက်ကေအန်ယူရဲ့ရပ်တည်ချက် သိပ်ပြီးအပြောင်းအလဲရှိမယ်လို့ မယူဆပါဘူး။"
အခုလိုမျိုး ကေအန်ယူထဲမှာ ခေါင်းဆောင်ပိုင်း အပြောင်းအလဲနဲ့ ပတ်သက်လို့ အဲဒီမှာရှိတဲ့ ဒီမိုကရက်တစ်အင်အားစုတွေရဲ့ အယူအဆ၊ သူတို့ရဲ့အမြင်ရော ဘယ်လိုရှိပါသလဲ။
"ဒီမိုကရက်တစ်အင်အားစုတွေ မြင်တာကတော့ အခု ဗဟိုကော်မတီသစ်ဟာ မြန်မာ့နိုင်ငံရေးကို ကောင်းစွာ သိနားလည်တယ်၊ အမြင်ကျယ်တဲ့ ခေါင်းဆောင်တွေလည်းဖြစ်တယ်၊ သူတို့လေးစားရတဲ့ ခေါင်းဆောင်တွေလည်း ဖြစ်တဲ့အတွက် ငြိမ်းချမ်းရေး၊ ဒီမို
ကရေစီရေး၊ ဖက်ဒရယ်ပြည်ထောင်စု တည်ဆောက်ရေးအတွက် တွေ့ဆုံဆွေးနွေးရေးတွေကို သူတို့နဲ့အတူ လက်တွဲလုပ်ဆောင်နိုင် မယ်လို့ ယူဆနေကြပါတယ်။"
ထိုင်းအခြေစိုက် ဗွီအိုအေမြန်မာပိုင်းသတင်းထောက် မအေးအေးမာကို ဆက်သွယ်မေးမြန်းခဲ့တာပါ။

ကေအန်ယူအနေနဲ့ အခုလို အရေးကြီးတဲ့ အထွေထွေအတွင်းရေးမှူးနေရာကို အမျိုးသမီးတဦးကို ရွေးချယ်ခဲ့တာ ပထမဦးဆုံးဖြစ်ပါတယ်။
အခုလို အမျိုးသမီးတဦး ထိပ်ပိုင်းနေရာ ရွေးချယ်ခံရတဲ့အပေါ်မှာ WLB မြန်မာနိုင်ငံအမျိုးသမီးများအဖွဲ့ချုပ်က အထွေထွေအတွင်းရေးမှူး မနန်းယဉ်ကရော ဘယ်လိုယူဆပါသလဲ။
"ကျမတို့အနေနဲ့ ၀မ်းသာ၊ ကြိုဆို၊ ဂုဏ်ယူပါတယ်။ အမျိုးသမီးတယောက်အနေနဲ့ နိုင်ငံရေးအရ ဒီလို အရေးကြီးတဲ့နေရာတခု ရဖို့ဆိုတာ မလွယ်ပါဘူး။ ကျမတို့မြင်တာနော်စီဖိုးရာစိန်အတွက်လည်း ဂုဏ်ယူတယ်၊ ကေအန်ယူကိုလည်း အမျိုးသမီးတွေအပေါ်မှာ နိုင်ငံရေးအရ ယုံကြည်မှုပေးတဲ့အတွက် ကေအန်ယူအနေနဲ့ တကယ်တိုးတက်ပြီး ပြီးပြည့်စုံတဲ့ ဆုံးဖြတ်ချက်တွေချနိုင်ဖို့ ရည်ရွယ်တယ်လို့ မျှော်လင့် ပါတယ်။"

ကေအန်ယူက နိုင်ငံရေးအဖွဲ့အစည်းတင်မကပါဘူး၊ သူ့မှာ လက်နက်ကိုင်အဖွဲ့လည်းရှိတော့ အခုလို အမျိုးသမီးခေါင်းဆောင်တဦး ထိပ်ပိုင်းနေရာကို ရောက်လာတဲ့ကိစ္စမှာရော ကေအန်ယူရဲ့ မူဝါဒပိုင်းဆိုင်ရာ အပြောင်းအလဲ ရှိလာနိုင်မလား၊ သူ နိုင်နိုင်
နင်းနင်း ကိုင်တွယ်နိုင်မယ်လို့ရော ယူဆပါသလား။
"ကျမမြင်တာတော့ လက်နက်ကိုင်အဖွဲ့အစည်းတခုတော့ ဖြစ်တယ်၊ ဒါပေမယ့် ဒါတွေအားလုံးဟာ နိုင်ငံရေးအရ ဖြစ်ပေါ်တည်ရှိလာ တာတွေ ဖြစ်တယ်။ ဒီအနေအထားမှာနိုင်ငံရေးအရ တကယ်အရေးကြီးတဲ့ နေရာတွေမှာ အမျိုးသမီးတွေကို နေရာပေးဖို့ဆိုတာ သိပ်ကိုခက်ခဲပါတယ်။ ဘယ်လောက်ပဲ တော်သည်ဖြစ်စေ၊ အောက်ခြေထုကဘယ်လောက်ပဲ လက်ခံသည်ဖြစ်စေ ဒီနေရာမျိုးရောက်ဖို့ ဆိုတာ တကယ်ကို ခက်ခဲပါတယ်။ ဒီလိုမျိုး လက်နက်ကိုင်အဖွဲ့အစည်းမျိုးမှာဆို ပိုပြီး ခက်ခဲပါတယ်။ ဆိုတော့ဒီအနေအထား မျိုးမှာ ရရှိတဲ့အတွက် တကယ်ပဲ ကျမတို့ယုံကြည်တာ ကေအန်ယူအနေနဲ့နော်စီဖိုးရာစိန်က ဒီနေရာမှာ နိုင်နိုင်နင်းနင်း ကိုင်တွယ်နိုင်မယ်လို့ မျှော်လင့်လို့လည်းဒီညီလာခံက ရွေးချယ်လိုက်တယ်လို့ ထင်ပါတယ်။"

ကရင်အမျိုးသား အစည်းအရုံးအတွင်း ခေါင်းဆောင်အပြောင်းအလဲနဲ့ပတ်သက်လို့ဆက်သွယ်မေးမြန်းခဲ့တာ ဖြစ်ပါတယ်။

ကေအန်ယူဟာ မြန်မာအစိုးရနဲ့ လက်နက်ကိုင်တိုက်နေတဲ့ တိုင်းရင်းသားအဖွဲ့တွေထဲမှာ အကြီးဆုံး အဖွဲ့ဖြစ်ပါတယ်။ ဒီကြားထဲမှာ မြန်မာအစိုးရနဲ့ အပစ်အခတ်ရပ်စဲရေးဆွေးနွေးမှုတွေ မကြာခဏလုပ်ခဲ့ပေမယ့် အခုအချိန်ထိ အောင်မြင်မှုမရသေးဘူးလို့
ပြောရမှာဖြစ်ပါတယ်။

Read More...

Friday, October 17, 2008

အချစ်ဆိုတာ..........


အချစ်ဆိုတာ .........အရှုံး အချစ်ဆိုတာ..........ဘယ်တော့မှ မသေဆုံးတတ်တဲ့အရာ အချစ်ဆိုတာ......... အမြဲတမ်း အသစ်မွေးဖွားနေတဲ့အရာ တခါတရံ အချစ်ဆိုတာ ......လမ်းသွားရင် ခလုတ်တိုက်တတ်တဲ့ခဲလုံးလေးတစ်လုံး၊ (ခဏခဏခလုတ်တိုက်နေတယ်ဆိုရင်တော့ ကျတော်မျိုးလည်းမပြောတတ်တော့ဘူ :P)

အချစ်ကို အယုံအကြည်မရှိဘူးလို့ပြောရင် လွန်မလားတော့မသိဘူး။ တကယ်ကိုမယုံတာပါ။ တချို့လူတွေက ဒီတယောက်ကိုပဲ တကယ်ချစ်တာပါလို့ ပြောတဲ့သူတွေရှိတယ်။ ဟုတ်တာပဲ သူတကယ်ချစ်တာပါပဲ ။ နောက်တယောက်တွေ့တော့လည်း ချစ်တာပါပဲ သူမညာဘူးလေ အရင်လူတယောက်ကို ချစ်ခဲ့တုန်းကလဲ အဲဒီအချိန်မှာ တကယ်ချစ်ခဲ့တာပဲလေ။ နောက်တယောက်ကိုချစ်တဲ့အချိန်မှာလည်း သူတကယ်ချစ်တာပဲ ညာတာတော့မဟုတ်ဘူး ဒါကြောင့် အချစ်ဟာ အမြဲတမ်းအသစ်မွေးဖွားနေတယ်လို့ ကျတော်တော့မြင်တယ်။
နောက်တခုက ကျတော်ကြည့်နေတယ် လူတော်တော်များများပေါ့ ချစ်လိုက်ပြီဆိုတာနဲ့ရှုံးပြီပဲ ကျတော်ဘယ်သူ့ကိုမှမချစ်ချင်ဘူးဗျာ ရှုံးမှာကြောက်တယ် ။ ဒါပေမယ့်မချစ်ဘူးလို့တော့မပြောဘူးနော်.ဟီးးးးးးးးးကျတော်တို့လမ်းခရီးမဆုံးသရွေ့ အချစ်ဆိုတဲ့ခဲလုံးကို ခလုတ်တိုက်မိကြအုံးမှာပါ အဲဒါသေချာတယ် ။ ငါကတယောက်ဆိုတယောက်ပဲနော်လို့ ပြောတဲ့သူတွေက အ၇ူးတွေ တကယ်တယောက်ပဲလားလို့ သေချာပြန်မေးကြည့် သူတို့တကယ်ဖြေနိုင်မလား။ အလကားပါ ကြားကောင်းအောင်ပြောနေကြတာ..ကျတော်ဒီစာကိုရေးတာ ဘယ်သူ့ကိုမှမရည်ရွယ်ပါဘူး ကျတော့်တယောက်ထဲရဲ့အမြင်ပါ။တိုက်ဆိုင်မှုရှိရင် ခွင့်လွတ်ပါ။ တကယ်တော့.......အချစ်ဆိုတာ မရှိလည်းမကောင်း ရှိလည်းမကောင်းဆိုတဲ့အရာပါပဲ ။

မမလမင်းခင်ရေ ဖြေပြီးပြီနော်ကျေနပ်တော့ :P

Dream Angel

Read More...

သူငယ်တန်းဖတ်စာ

Read More...

GW မှထပ်မံဖမ်းဆီးခံရ

Read More...

Wednesday, October 15, 2008

ဗရုတ်သုတ်ခ ဆုံး နဲ့  အချစ် ဆိုပါ လား !

မမမေအိခင်က လာ tag ထားတယ်ဗျ။
ကိုယ့်အကြောင်းကို ရှက်ရှက်နဲ့ ပြောရအုံးမှာပေါ့လေ။ မဖြေရင်လည်းစိတ်ဆိုးအုံးမှာ ကိုး........ ။ ဖြေရမှာ နဲနဲတော့ရှက်နေတယ်။

အင်းးးးးးးးးး ဗရုတ်သုတ်ခဆုံး ဆိုတာတော့ဟုတ်ပါပြီ
အချစ်ဆိုတာက ဘယ်လိုဖြေရမလဲမသိဘူးဖြစ်နေတယ်။
အမကတော့ စားပြီဗျာ...........
လွယ်တဲ့ ဗရုတ်သုတ်ခဆုံးကို အရင်ဖြေမယ်နော်။
ဒီအကြောင်းတွေတွေးမိရင် ကျွန်တော့သူငယ်ချင်းတွေကို ပြန်သတိရတယ်ဗျာ

ဒီကောင်တွေက ကျွန်တော့ဒါဏ်ကို တော်တော်ခံလိုက်ရတာ ဗျ။ ဟီးးးးးးးးးးးးးးး :D

တနေ့မှာပေါ့ဗျာ ကျွန်တော်တို့သူငယ်ချင်းတွေ ကန်တော်ကြီးသွားကြတယ်လေ။ အားလုံးပေါင်း ခုနှစ်ယောက်လောက်ရှိတယ်ဗျ။ သွားတုန်းကတော့ ...မုန့်စားကြမယ် အတွဲချောင်းကြမယ်ပေါ့ဗျာ၊ ဟီးးးးဟိ ...အဲဒါနဲ့ ထမင်းသုတ်နဲ့ အအေးမှာစားကြတယ် ။ အဲဒီကနေ ဒီကောင်တွေက တဆင့်တက်ပြီ ဘီယာသောက်မယ်ဆိုပြီး သောက်ကြုပန်ရော ။ အဲဒီအချိန်ထိလည်း အဆင်ပြေတုန်းပဲဗျ။ နောက်တော့ ဒီကောင်တွေကတဆင့်တက်ပြီး အရက်သောက်မယ်ကွာဆိုပြီး သောက်ကြပြန်တယ်လေ ။မနက်ကနေ အစီအစဉ်စလိုက်တာ ညနေလည်းစောင်းရော ပုလင်းတွေလည်းဝိုင်းရောပေါ့ဗျာ။

အားးးးလားးးလားးး
ပိုက်ဆံက ရှင်းလည်းရှင်းရော ဘာမှမကျန်တော့ဘူးဗျ။ ကျွန်တော်တို့ပြန်ဖို့ taxi ခမပြောနဲ့ လိုင်းကားခတောင်မကျန်တော့ဘူး။ ကဲ........ဒီတော့ လမ်းလျှောက်ကြရတာပေါ့ကွာဆိုပြီး လမ်းလျှောက်ကြတာပေါ့ ။ ပြန်ရမှာက စမ်းချောင်းအထိလေ။ ဒီလိုနဲ့ လမ်းလျှောက်လာရင်း တွန်းလှည်းလေးနဲ့ရေခဲမုန့်သည်တွေ့တော့ ကျွန်တော်က အရမ်းစားချင်သွားတယ်ဗျ။ စဉ်းစားကြည့်လေဗျာ လမ်းလျှောက်ရတာမောတာပေါ့။ ဒါနဲ့ခပ်တည်တည်ပဲ ရေခဲမုန့်သည်ကို ခေါ်လိုက်တယ်။ ပြီးတော့ရေခဲမုန့် တခုပေးလို့ ပြောလိုက်တယ်။ ရေခဲမှုန့်သည် ကလည်းပေးတယ်။ ကျွန်တော်ဝယ်တာတွေ့တော့ ကျန်တဲ့ကောင်တွေကလည်း ကျွန်တော်ပိုက်ဆံ ရှိရဲ့သားကျစ်ထားတယ် ထင်ပြီး သူတို့လည်း လိုက်မှာကြတယ်လေ.....။ ကျွန်တော်က ယူပြီတော့ အနောက်ကို မေးငေါ့ပြလိုက်တယ် ။ ဆိုလိုတာက အနောက်ကလူပေးမယ်ပေါ့ဗျာ။ ကျန်တဲ့ကောင်တွေလည်း ဘုမသိဘမသိနဲ့ တခုပြီးတခုမှာ ကြတယ်။ ပြီးတော့သူတို့လည်း အနောက်ကိုမေးငေါ့ပြကြတယ် ။

နောက်ဆုံးကောင်အလှည့်လည်းရောက်ရော အနောက်မှာဘယ်သူမှမရှိတော့ဘူး။ ဒီတော့သူတို့က ကျွန်တော့ကို ကြည့်ကြတယ် ။ ကျွန်တော်က ဟီးးးးးးးးးးဆိုပြီး ပြေးရောပေါ့။ သူတို့လည်းသဘောပေါက်လိုက်ပြီ သူတို့သူငယ်ချင်းအကြောင်းသူတို့သိတယ်လေ လိုက်ပြေးကြတာပေါ့။ အထာမနှပ်တဲ့ကောင်က ကျန်ခဲ့မှာပဲလေ။ ဟားဟားးးးးးးးရေခဲမုန့်သည်ကတော့ အနောက်မှာ အော်ရင်းကျန်ခဲ့တယ်။ (နောက်တော့မှပြန်စဉ်းစားမိတယ် ကျွန်တော်ဒီလိုလုပ်တာမကောင်းဘူးလို့)

ပြေးရင်းနဲ့ မောလာတော့ ရပ်လိုက်ပြီး သူငယ်ချင်းတွေကို လှည့်ရီပြလိုက်တယ်။ သူတို့တွေကတော့ ၀ိုင်းပြီးထောပဏာပြုကြတာ မိုးကိုမွန်သွားတာပဲ ။ သူတို့က ကျွန်တော်ပိုက်ဆံရှိလို့ ၀ယ်စားတယ်ထင်နေကြတာကိုး.... ကျွန်တော်ကသူတို့ကို တိုင်ပင်စရာရှိတယ်ဆိုပြီး ပြောတော့ သူတို့ကလန့်သွားတယ် ဘာမဟုတ်တရုတ် စဉ်းစားပြန်ပြီလဲပေါ့။ ကျွန်တော်ကအရမ်းမောလို့ ကားစီးရအောင်ကွာလို့ပြောတယ်။ လူကမောလည်းမောနေပြီ ခြေထောက်တွေလည်း လုံးဝမသယ်ချင်တော့ဘူး ပိုက်ဆံမရှိလည်း ပြောစီးမယ်ဗျာဆိုပြီး (၃)ကားလည်းလာရော တားလိုက်တယ်။ ပြီးတော့ ကာစပယ်ယာကို ကပ်ပြောလိုက်တယ် ကျွန်တော်တို့ပိုက်ဆံမရှိတော့လို့ပါဗျာ အလကားပေးစီးပါအကိုကြီးရာ .ဆိုပြီးမျက်နှာကို သေးသေးလေးလုပ်ပြီးပြောရတော့တာပေါ့ဗျ။ ကားစပယ်ယာက သနားသွားပုံရတယ်ဗျ ။ အေးပါကွာဆိုပြီး ပေးစီးတယ် ကားပေါ်တက်တော့ ခုံကနေရာမရှိတော့ဘူး ပြည့်နေပြီ တွယ်စီးကြတာ စမ်းချောင်းအရောက်ပါပဲဗျာ။ ကျွန်တော့တသက်နဲ့တခါ ဒီတခါပဲကားတွယ်စီးဘူးတယ် ။ လူတွေကကြည့်ပြိး ရယ်ကြတာပေါ့ဗျ။ ရန်ကုန်မှာ ဘယ်မိန်းကလေးကမှ ကားတွယ်မစီးကြဘူးလေ....

ကယ်ပြန်ပြီး Tag လိုက်ပြီဗျို့

ဖြေပေးကြပေတော့..

ကြယ်ဇင်သွေး
ရောင်ပြန်
Dream
အချစ်မဲ့ဂစ်တာ
ယုန်ကလေး

မမလမင်းခင်ရေ ကျေနပ်တော့နော် အချစ်ဆိုတာကိုတော့ နောက်နေ့မှဖြေပေးတော့မယ်နော် အဲဒါ နဲနဲခက်တယ်ဗျ နဲနဲမဟုတ်ဘူး တော်တော်လေးကိုခက်တာ. ဖြေပေးမယ်နော် စိတ်ဆိုးနဲ့

Read More...

Monday, October 13, 2008

အကိုတယောက်ကလည်း ဒီလိုမြင်ပါတယ်

Comment ကနေပြန်လည်ဖော်ပြပေးထားတာပါ၊

မီးပုံးလိုချင်တဲ့ ညီလေး။ ပျော့ညံ့မှုနဲ့ သည်းခံခြင်းဆိုတာ မတူပါ။ ပျော့ညံ့တယ်ဆိုတာ ကြောက်တာပါ။ သည်းခံတယ်ဆိုတာ နိုင်ရဲ့သားနဲ့ နားလည်မှု ပေးတာပါ။ ညီလေးတို့လို လူငယ်တွေ အနေနဲ့ မတက်ကြွရင်တောင် မပျော့ညံ့သင့်ဘူး။ လူငယ်ဆိုတာ အရာရာကို ရင်ဆိုင်ဖို့ သတ္တိရှိတဲ့ ၊ ရန်သူမှန်သမျှကို စုတ်ဖြဲပစ်နိုင်တဲ့ အင်အားနဲ့ ပြည့်စုံတဲ့ လူတွေ ဖြစ်တယ်။ အဘိုးကြီးတွေ စစ်တိုက်တယ် ကြားဘူးလား။ ဥာဏ်သမားက ဥာဏ်သမား ၊ အင်အားသမားက အင်အားသမားပါ။

သဘောတရားတွေကို ဖတ်ပြီး အဟုတ် မထင်ပါနဲ့။ မှန်ကန်တဲ့ သဘောတရားတခု ဆိုတာ ပို့စ်မော်ဒန်လို တွေးချင်ရာတွေးလို့ ရတဲ့ သဘောတရားမျိုး မဟုတ်ဘူး။ သဘောတရားဆိုတာ မီးနဲ့တူတယ်။ သုံးတတ်ရင် အကျိုးရှိပြီး မသုံးတတ်ရင် အကျိုးမဲ့စေတယ်။ သဘောတရားဆိုတာ ငါ့ညီကို ဒါကြီးပဲကွလို့ ပြောထားတာ မဟုတ်ဘူး။ သဘောတရားတခုကို လေ့လာရင် ငါ့ညီရဲ့ ဥာဏ်ပေါ်မှာ မူတည်ပြီး အပြောင်းအလဲ ဖြစ်နိုင်တယ်။ ဂန္ဒီရဲ့ သဘောတရားကို ပုံတူကူးမယ်ဆိုရင်လဲ ဂန္ဒီရဲ့ ဥာဏ်ရည်ကို မှီမှ ကူးတာဟာ ကောင်းလိမ့်မယ်။ သဘောတရားဆိုတာ ဥာဏ်ပေါ်လိုက်ပြီး အကျိုးဖြစ်ထွန်းမှုနဲ့ အကျိုးမဲ့စေမှုတွေကို ဖြစ်စေတယ်။ အရင်တုန်းက မှန်ခဲ့တဲ့ သိပ္ပံနဲ့ နည်းပညာ သဘောတရားတွေဟာ ဒီခေတ်မှာ မမှန်တော့တာ ငါ့ညီ မြင်နေ ကြားနေမှာပါ။

ငါ့ညီက မြန်မာ့ဆိုရိုးတွေနဲ့ ကိုးကားသွားလို့ တခုပြောမယ်။ ရန်ကို ရန်ခြင်း မတုံ့နှင်းနဲ့ဆိုတာ ဘုရားဇာတ်တော်က လာတာပါ။ ဒါပေမယ်မဲ့ တကယ် ဇာတ်တော်တွေကို လေ့လာကြည့်မယ်ဆိုရင် အလောင်းတော် ဘ၀မှာ ဘုရားအလောင်းတော်ဟာ ငြိမ်းချမ်းရေးအတွက် စစ်ခင်းခဲ့ရတာတွေ အများကြီး ရှိတယ်။ ရှေးခေတ်က စစ်တိုက်တယ်ဆိုတာ အင်မတန် ကြီးကျယ်တဲ့ ဆင်းရဲပါ။ ခြေပြတ်၊ လက်ပြတ် ၊ လူ သိန်းနဲ့ချီပြီး ဓားနဲ့ ခုတ် ၊ လှံနဲ့ ထိုးကြတာပါ။ ဘုရားအလောင်းတော်ဟာ သတ္တ၀ါတွေကို သေကြေ ပျက်စီးစေလိုတဲ့ ဆန္ဒမရှိပေမယ့် သတ္တ၀ါအများရဲ့ အကျိုးအတွက် သူအကုသိုလ် အရခံပြီး စစ်ပွဲကို ဆင်နွဲခဲ့ရတာပါ။ အရိမေတ္တေယျ ဘုရားအလောင်းတော်လဲ တုသိတာနတ်ပြည်မှာပဲ ရှိနေပါသေးတယ်။ မြန်မာပြည်မှာ လူပြန်မ၀င်စားလောက် သေးပါဘူး။

ပြုသူအသစ် ဖြစ်သူအဟောင်း ဆိုတာကို ငါ့ညီ မှားယွင်းစွာ မှတ်သားထားတယ် ထင်တယ်။ ပြုသူအသစ် ဆိုတာ ပြုသူက အကုသိုလ်ကံ အသစ်ဖြစ်ပြီး ဖြစ်သူက အကုသိုလ်ကံ အဟောင်းကို ဆပ်ရတယ်လို့ အဓိပ္ပာယ် ရပါတယ်။ အကုသိုလ်ကံတွေပဲ ဆပ်လိုက်ပေါ့လို့ ပြောလာရင် ငါ့ညီ ဗုဒ္ဓဘာသာကို ပြန်လေ့လာဖို့ လိုမယ်ထင်တယ်။ ဘုရားရှင်က ကံကောင်းလို့ ဓားပြ အတိုက်မခံရဘူးလို့ မဟောခဲ့ပါဘူး။ ဥာဏ်ကို သုံးပြီး ကာကွယ်ရမယ်လို့သာ ဟောခဲ့ပါတယ်။ ပြုချင်ရာ ပြုတဲ့လူက ပြုနေတာကို ဖြစ်နေတဲ့လူက ၊ ခံနေရတဲ့လူက ဘာမှ ပြန်မလုပ်ရဘူးလို့ အဓိပ္ပာယ် မရပါဘူး။

နိုင်ငံတကာက အစိုးရ မှန်သမျှနီးပါးဟာ ပြည်သူက ဆဲတာခံရပါတယ်။ မယုံရင် ငါ့ညီ အင်တာနက်မှာ ရှာပါ။ မေးမြန်းစုံစမ်းကြည့်ပါ။ ဒါကို ထူးပြီး သူတို့ အနေနဲ့ ပုံကြီးချဲ့ နာစရာ မလိုပါ။ ကမ္ဘာနဲ့ အ၀ှမ်းဖြစ်နေတာပါ။ အဆဲမခံချင်ရင် အဲဒီနေရာက ထွက်ပေးလိုက်ပေါ့။ ပြည်သူမှာ အစိုးရကို မကျေနပ်ရင် ဆဲခွင့်ရှိတယ်။ အဲဒါကိုက ပြည်သူ့အခွင့်အရေးပဲ။ ထိုင်းလန်းကလို ဘုရင်ကို ဝေဖန်ရင် သေဒဏ်တော့ လာမပြောနဲ့ပေါ့ကွာ။ သူတို့က သူတို့ ဘုရင်ကို ဘယ်လောက်ချစ်လဲ ငါ့ညီ စုံစမ်းကြည့်ပေါ့။ သူတို့ ချစ်လို့ တင်မြှောက်ထားတာပါ။ လုယူထားသူတွေ မဟုတ်ဘူး။
သူပုန်ဆိုတဲ့ စကားကို အကို တခါရေးသွားဖူးတယ်။ ၁၉၉၀ မှာ အနိုင်ရထားတဲ့ ပြည်သူ ရွေးကောက် တင်မြှောက်ထားတဲ့ အစိုးရဟာ NLD ပါ။ ဒါကို စစ်တပ်က လက်နက်အားကိုးနဲ့ အာဏာကို လူတွေ ရွေးကောက်ထားတဲ့ အစိုးရလက်ကနေ လုယူခဲ့တာပါ။

အစိုးရကို ပုန်ကန်လို့ သူပုန်လို့ တထစ်ချပြောလို့ ရမယ်ဆိုရင် ၁၉၉၀ တုန်းက သူပုန်တွေ အခု အုပ်ချုပ်နေတာပါ။ အစိုးရတရပ် မဟုတ်ပါ။ ဒါကြောင့်လဲ ၂၀၁၀ မှာ သူတို့ကိုယ် သူတို့ တရားဝင် ဖြစ်အောင် ကြိုးစားနေတာပါ။ အခုလက်ရှိ သူတို့ အခြေအနေဟာ တကယ်ပြောမယ်ဆိုရင် သူပုန်ပါ။ အစိုးရက အချုပ်ထဲမှာပါ။


ငါ့ညီ လင်ကွန်းအကြောင်း ရေးထားတဲ့ စာအုပ်တွေ ဖတ်ကြည့်စေချင်တယ်။ လင်ကွန်းဟာ စစ်တိုက်ဖို့ ရွေးချယ်ခဲ့တယ်။ သဘောပြောရရင် အကြမ်းဖက်တယ်ပေါ့ကွာ။ သမိုင်းမှာ သူတာဝန်ကျေအောင် လုပ်ပြခဲ့တယ်။ လူုတိုင်းလေးစားရတဲ့ ခေါင်းဆောင်ကောင်းဖြစ်ခဲ့တယ်။ ဒါပေမယ့် သူဘယ်လို စစ်ကို အဆုံးသတ်သလဲဆိုတာ ရှာဖတ်ကြည့်ပါ။ သူ့ရဲ့ သဘောထားကြီးမားမှုနဲ့ ခွင့်လွှတ်မှုဟာ စစ်ကို ပြီးဆုံးစေတာပါ။ သေကို သေမယ်ဆိုတဲ့ လူက မသေအောင် ခံတိုက်မှာ သဘာဝ ကျပါတယ်။ ခုပြောနေတာတွေ အကုန်လုံးဟာ သတ်ကို သတ်မယ်လို့ ပြောနေတာ မဟုတ်ဘူး။ နအဖဟာ အခြေအနေ မကောင်းမခြင်း ဆင်းမှာ မဟုတ်ဘူး။ သူတို့လက်အောက်မှာ နေရတဲ့ တပ်သားတွေ ခဗျာလဲ ငါ့ညီ မြင်ဘူးမှာပေါ့။ သူတို့ ထိန်းချုပ်လို့ မရတော့ဘူးဆိုတဲ့ အခြေအနေမှာ သူ့ဟာ သူ အရေးတောင်းလာပါလိမ့်မယ်။ သူတို့ကို သတ်ချင်ရအောင် အကိုတို့နဲ့ ဘာရန်ငြိုးမှ မရှိဘူး။ သူတို့ သားသမီးတွေထဲတောင် သူငယ်ချင်းတွေ ရှိသေးတယ်။ ဒီတိုင်းကြီး အော်နေလို့ နအဖ ထိုင်ခုံပေါ်က ဆင်းပေးမှာ မဟုတ်တာ သုံးနှစ်ကလေးတောင် သိပါတယ် ငါ့ညီ။ ဒီအတွက် သူတို့ စကားမပြော ပြောချင်လာအောင် Force တခုပေးရတဲ့ သဘောပါ။ သန်းရွှေကိုလဲ သတ်ကို သတ်မယ် မပြောပါဘူး။ ရှင်းရှင်းပြောရရင် သူတို့ အသက်အိုးအိမ်စည်းစိမ်မပျက် ပေးပါ။ ခုဆင်းပေးပါ့မယ်ဆိုရင်တောင် သဘောကျသေးတယ်။ စစ်တိုက်ရမှာ ဘယ်သူမှ မလိုလားပါဘူး။ အေဘရာဟင် လင်ကွန်းလဲ လိုလားခဲ့မှာ မဟုတ်ဘူး။ ဒါပေမယ့် လိုအပ်တဲ့အတွက် တိုက်ခဲ့ရတယ်။


ဘာသာရေးတွေဖတ်၊ ငြိမ်းချမ်းရေး သဘောတရားတွေ ဖတ် ပြီးရင် လူကြီး သူမ ၊ ပညာရှိတွေ ၊ ဆိုင်ရာ ဘာသာရေး ဘုန်းတော်ကြီးတွေကို မမေးပဲ မဆုံးဖြတ်ပါနဲ့။ သဘောတရားဆိုတဲ့ နယ်ဟာ သိပ်ကျယ်ပါတယ်။ လိုက်လို့ မကုန်ဆုံးနိုင်ပါဘူး။ လူသေ လူဖြစ် ၀ါဒတွေ ၊ ဗိုက်ကို ဓားနဲ့ ဘယ်လိုခွဲရင် လူပြန်ဖြစ်တယ်ဆိုတဲ့ ဆာမူရိုင်းဝါဒတွေ ၊ မွေးလာထဲက မသန်မစွမ်းဖြစ်လာရင် သတ်သင့်တယ်ဆိုတဲ့ ၀ါဒတွေ ၊ သေခါနီး ဝေဒနာ မခံစားရအောင် သတ်သင့်တယ်ဆိုတဲ့ ၀ါဒတွေ အများကြီးတောင် အငြင်းပွားလို့ မပြီးသေးပါဘူး။ ငြိမ်းချမ်းရေးနဲ့ အကြမ်းဖက်ဝါဒဆိုတာ အဲဒါတွေထက် အများကြီး ပိုကျယ်ပြန့်ပါတယ်။


ငါ့ညီမှာ ၀ါဒမှား တခု စွဲကပ်နေပြီ။ လူငယ်တယောက်မှာ ဒီလို ၀ါဒစွဲမျိုး စွဲကပ်သွားမယ်လို့ ဘယ်တုန်းကမှ မတွေးခဲ့ဖူးဘူး။ အမှန်ဆို လူငယ်ဆိုတာ လွတ်လပ်စွာတွေးပြီး လွတ်လပ်စွာ ဖွံ့ဖြိုးရမှာ မဟုတ်လား။ ခေါင်းဆောင်မရှိဘူးလား။ ငါ့ညီလဲ ခေါင်းဆောင် ဖြစ်နိုင်တယ်။ အကိုလဲ ဖြစ်နိုင်တယ်။ စဉ်းစားဆင်ခြင်ဥာဏ် ရှိတဲ့ ဘယ်သူမဆို ခေါင်းဆောင်ဖြစ်နိုင်တယ်။ အနှစ် ၂၀ မနိုင်လို့ အဂှုံးပေးလိုက်တော့မှာလား။ ရှေ့ကလူတွေ မလုပ်နိုင်လို့ ငါတို့မျိုးဆက်ကပါ မလုပ်နိုင်ပါဘူးဆိုပြီး အညံ့ခံမှာလား။ ငါ့ညီ ကိုယ်ကိုကော ဒီလိုပဲ သတ်မှတ်ထားသလား။ ဒီလိုသာဆို နှစ်ပေါင်း ၆၀ကျော် နယ်ချဲ့ကို အသက်ပေးပြီး ခံတိုက်ခဲ့တဲ့ သူရဲကောင်းတွေ ရူးနေလို့ နေမှာ။ ဒါက ခုမှ အနှစ် ၂၀ပဲ ရှိသေးတာ မဟုတ်လား။


ဒေါ်လာရတယ်တွေ ၊ သွေးထိုးပေးတယ်တွေ ၊ ကိုယ်ကျိုးရှာတယ်တွေ ငါ့ညီ သိပ်မပြောပါနဲ့။ ငါ့ညီ သိတာ သိပ်နည်းသေးတယ်လို့ အကိုထင်တယ်။ ငါ့ညီ refugee camp မှာ ၊ တောထဲမှာ ၁ လလောက် နေဘူးတယ် ရှိအောင် နေကြည့်ပါလား။ နီးနီးစပ်စပ်ပြောမယ်ကွာ။ လူသူ အရောက်အပေါက် အရမ်းနည်းတဲ့ တောရွာတခုမှာ ငါ့ညီသွားနေကြည့်လိုက်ပါ။ သိပ်အဆင်မပြေရင်လဲ ခြံထဲမှာပဲ ခြုံထိုင်ကြည့်ပါ။ သူတို့ အကုန်လုံး အဲဒီမှာ အချိန်အကြာကြီး ဒုက္ခခံပြီးမှ တခြားကို သွားလို့ရတာပါ။ ကိုမိုးသီးဇွန်ဆို တောထဲမှာ သေနတ်နဲ့ ဖက်ပြီး နေလာရတာပါ။ ABSDF တွေ လူမဆန်တဲ့ တိုက်ပွဲမှာ ဗုံးနဲ့ပါ ကျဲခံရတယ်။ အဲတုန်းက သူတို့လဲ မင်းလို လူငယ်တွေပါ။ စာမတတ်တဲ့ ကောင်တွေလဲ မဟုတ်ဘူး။ အေးဆေးနေရင် သူတို့ ခုချိန် ငြိမ်ငြိမ်းချမ်းချမ်း နေလို့ရပါတယ်။ သူတို့ တိုင်းပြည်အပေါ်မှာ ထားခဲ့တဲ့ စေတနာနဲ့ စွန့်ခဲ့တာတွေကို ငါ့ညီ သေချာ မသိပဲ မစော်ကားပါနဲ့။ ငါ့ညီတောင် နာဂစ်ခံလိုက်ရတဲ့ လူတွေကို လှူမယ်ဆိုပြီး တပတ်လောက် အငတ်ငတ် အပြတ်ပြတ်နေဖူးလို့လား။


အကိုက သူတို့ကို ရေးတယ်ဆိုတာ သူတို့ လုပ်ဟန်တွေ အချိုးမကျတာတွေကို ရေးတာပါ။ သူတို့ စွန့်ခဲ့တဲ့ ဘ၀ကို မရေးပါဘူး။ ငါ့ညီ လေက နအဖလေနဲ့ တထပ်ထဲ ထွက်နေတယ်။ ရှင်းရှင်းပြောရရင် သာမာန်လူ တယောက်မှာ ဒီလို အတွေးအခေါ် ရှိတယ်ဆိုတာ တော်တော်အံ့သြမိတယ်။ စေတန်ဂေါ့ လို လူမျိုးထင်ရဲ့။ ကိုယ်ထမင်းဝလို့ သူများကို မကြည့်ရတော့ဘူးဆိုရင် အကိုတို့လဲ ဒါတွေ ရေးမနေတော့ပါဘူး။ အကို့သူငယ်ချင်း ဗိုလ်ချုပ်သားတွေနဲ့ ပေါင်းပြီးပဲ မြန်မာပြည်မှာ မတရားစီးပွားရှာစားတော့မယ်။ ငါ့ညီ အကို့ရှေ့က ဖြတ်လျှောက်မိလို့ အချိုးမပြေရင် ဘောဒီဂတ် တကောင်လွှတ်ပြီး နားရင်းရိုက်ခိုင်းမယ်။ ငါ့ညီက ဘာကောင်မှ မဟုတ်ဘူး မဟုတ်လား။ ဒါဆို အကိုတို့က ဟုတ်နေရင် အကိုတို့လုပ်တာ ငါ့ညီခံရမယ်။ ဒီလိုဆိုရင်ကော ငါ့ညီ ဘာပြောဦးမလဲ။


သူတို့ဟာ ယုံကြည်မှု တခုအတွက် ပေးဆပ်ခဲ့ကြတယ်။ လမ်းခုလတ်မှာ အကြောင်းတစုံတရာကြောင့် သွေဖယ်ချင် သွေဖယ်သွားမယ်။ သောက်သုံးမကျတာတွေ ဖြစ်ရင် ဖြစ်လာမယ်။ သို့သော် ခုထိ ယုံကြည်မှုအတွက် အသက်နဲ့ ဘ၀ကို စွန့်မဲ့လူတွေ ရှိနေတုန်းပဲ။ သူတို့ကို စော်ကားတာကို အကိုနဲ့တကွ တခြား မြန်မာပြည်ကို ချစ်ကြတဲ့လူတွေ လက်ခံမှာ မဟုတ်ဘူး။


ငါ့ညီ Blogမှာ ရေးထားတဲ့ စာလေးကို တော်တော် သဘောကျတယ်။ အရေးအသား ပြေပြစ်ပြီး ရသမြောက်တယ်။ အဆင်ပြေရင် စာအကြောင်း ၊ ပေအကြောင်း ဆွေးနွေးချင်ပါသေးသည်။ ကောင်းကောင်းမွန်မွန်လူတိုင်းမှာ စွမ်းရည်ရှိတယ်။ အကိုတို့က အထင်ကြီးတယ်။ တယောက်မှာ မရှိတာတွေ တယောက်မှာ ရှိကြတယ်။ သို့သော် ဘယ်တော့မှ လူမိုက်နဲ့တော့ Deal မလုပ်ဘူး။ လုပ်ဖြစ်ခဲ့ရင်လဲ တလမ်းပဲ ရွေးမယ်။ :)


ငါ့ညီ ကိုယ့်ခံစားချက်ကို သစ္စာမဖောက်ပဲ ကလေးဆိုးတယောက်ကိုပဲ ယှဉ်နိုင်အောင် ကြိုးစားပါဦး။ :) မနိုင်လို့ ဘာမှ မလုပ်ပဲ နေတာ ငြိမ်းချမ်းရေး လမ်းစဉ် မဟုတ်ဘူး။ ငြိမ်းချမ်းရေး လမ်းစဉ်ဆိုတာဟာ လက်နက်ကိုင်တာထက်ကို သတ္တိကောင်းမှ ဖြစ်နိုင်တဲ့ အရာမျိုး။ ငါ့ညီရဲ့ ကလေးဆိုးကို ကျိုးအောင် ကန်းအောင် လုပ်ဖို့က သိပ်မခက်ဘူး။ ငါ့ညီ လိုချင်တဲ့ ငြိမ်းချမ်းရေး လမ်းစဉ်ဆိုတာက သူ့ကို သွားပြောမယ်။ ပါးရိုက်လွှတ်မယ်။ ထပ်သွားပြောမယ်။ ဆောင့်ကန်လွှတ်မယ်။ ထပ်သွားပြောမယ်။ တုတ်နဲ့ ရိုက်မယ်။ ဆေးခန်း သွားရမယ်။ ထပ်သွားပြောမယ်။ ဓားနဲ့ ထိုးလွှတ်လို့ ဆေးရုံရောက်မယ်။ ထပ်သွားပြောလို့ ဟိုက လက်လျှော့ပြီး “မင်းလိုကောင် မတွေ့ဖူးဘူး။ ငါလက်လျှော့လိုက်ပါပြီ”ဆိုပြီး အဂှုံးပေးသွားမှ ငါ့ညီနိုင်မှာ။ သူက မလျှော့ပေးပဲ ငါ့ညီကို သတ်လိုက်ရင် ငါ့ညီသေသွားမယ်။ ခြေကျိုး ၊ လက်ကျိုးဖြစ်အောင် လုပ်လိုက်ရင် ငါ့ညီ တဘ၀လုံး ဒုက္ခိတ ဖြစ်သွားမယ်။ ဘာမှ ရမှာတော့ မဟုတ်ဘူး။ ငါ့ညီအနေနဲ့ လူငယ်ပီပီ စမ်းကြည့်ပေါ့ကွာ။ ဘယ်ဟာ အဆင်ပြေမလဲလို့။ မနိုင်သော သည်းခံခြင်းနဲ့ ပါးစပ်ပိတ်နေတာ ငြိမ်းချမ်းရေး လမ်းစဉ် မဟုတ်ဘူး။ ကြောက်ရွံ့ပျော့ညံ့တာလို့ ခေါ်တယ် ငါ့ညီ။


ဘာမဟုတ်တဲ့ ကလေးဆိုး တယောက်ကို အနိုင်ယူနိုင်ပြီဆိုတော့မှ တိုင်းပြည်ကို ဘယ်လိုနည်းနဲ့ အနိုင်တိုက်ယူသင့်လဲ စဉ်းစားတာပေါ့။ ငါ့ညီ ခုစော်ကားမော်ကား ရေးသွားတဲ့ လူအကုန်လုံးက ဒီကလေးဆိုးလို သတ္တ၀ါမျိုးကို အချိန်မရွေး စုတ်ဖြဲပစ်နိုင်လောက်အောင် အဖက်ဖက်က အင်အားပြည့်စုံတဲ့ လူတွေချည်းပဲ။ (တကယ်တော့ ငါ့ညီရေးတာ အကုန်မှားနေတယ် မပြောဘူး။ သေချာမသိပဲ ဒီလူတွေကို လျှောက်ရေးလို့ စော်ကားတယ်လို့ ပြောတာ။ ဘယ်သူက သူပုန်အစစ်လဲဆိုတာတောင် ငါ့ညီ မသိဘူး မဟုတ်လား။ ) အင်အားပြည့်စုံတဲ့ လူချင်းမို့လဲ မာနတွေနဲ့ မညီညွတ်ကြလို့ နအဖကို နိုင်အောင် မလုပ်နိုင်တာပဲ။ တဦးချင်း တယောက်ချင်း သူ့စွမ်းရည်နဲ့ သူရှိတဲ့ လူတွေချည်းပဲ။ စွမ်းရည်မရှိပဲ ပျော့ညံ့တဲ့ လူတယောက်မှ မပါဘူး။ ငါ့ညီ သူတို့ကို စော်ကားချင်ရင် အဲဒီ ကလေးတယောက်ကိုပဲ နိုင်အောင် ရင်ဆိုင်ကြည့်ပါဦး။ လူတယောက်ကို အနိုင်ရအောင် တိုက်ခိုက်ဖူးမှ လူအများကို အနိုင်ရအောင် တိုက်နိုင်မှာပေါ့။ ဘယ်လမ်းစဉ်ပဲ သုံးသုံး ငါ့ညီ သုံးမဲ့ လမ်းစဉ်နဲ့ အဲဒီကလေးကို အနိုင်ရအောင် အရင်လုပ်ကြည့်ပါ။


တခုပြောပြမယ်။ သေချာစဉ်းစား။ ငါ့ညီရဲ့ မီးပုံးက သူနဲ့ ၅ ပေလောက် အကွားအဝေးမှာ ရှိနေတယ်။ ကလေးဆိုးကတော့ ဓားလေးကိုင်ပြီး မီးပုံးလေးဆီ သွားနေတယ်။ ငါ့ညီက သူ့နောက်ခပ်လှမ်းလှမ်းမှာ။ သူ့ကို ကျော်တက်ဖို့လဲ မမှီနိုင်ဘူး။ လုဖို့ မဖြစ်နိုင်ဘူး။ သွားတောင်းလဲ ကလေးဆိုးဆိုတော့ စိတ်အခန့် မသင့်ရင် ဓားနဲ့ ထိုးမယ်။ ဒီတိုင်းထားရင်လဲ ငါ့ညီ တန်ဖိုးထားတဲ့ မီးပုံးကို ဖျက်ဆီးဖို့ ဟိုက သွားနေပြီ။ ငါ့ညီ ဘာလုပ်မလဲ။ ငါ့ညီ တန်ဖိုးထားတဲ့ အရာတခု မပျက်မစီးအောင် ကာကွယ်နိုင်လျှက် မကာကွယ်တာဟာ တန်ဖိုးထားတယ် မမည်ဘူး။ ဖြစ်ချင်ရာဖြစ်လို့ သဘောထားတာ သက်သက်ပဲ။ ငါ့ညီ လက်အုပ်ချီပြီး သံဗုဒ္ဓေ ရွတ်နေမှာလား။ အလ္လာရှင်မြတ်ဆီမှာ အသနားခံနေမှာလား။ ထာဝရ ဘုရားသခင်ကိုပဲ အပြစ်တင်မှာလား။ ကာလီမယ်တော်ကို တောင့်တနေမှာလား။ ဘာလုပ်လုပ် ငါ့ညီ သဘောပဲ။


!!!!! ဟိုကလေးဆိုးကတော့ ငါ့ညီ သိပ်တန်ဖိုးထားတဲ့ မီးပုံးလေးကို ဖျက်ဆီးဖို့ သွားနေပြီ !!!!!
October 12, 2008 3:22 PM

Read More...

ဒါကတော့ညီလေးတယောက်ရဲ့အမြင်ပါ

Comment ကနေ ပြန်လည်ဖော်ပြပေးထားတာပါ။

ဦးစွာပြောချင်တာက ဘလော့ဂ်မရှိသော သူများ ကော်မန့် ရေးခဲ့ပါဆိုတာကိုပါ။ ကျွန်တော်မှာ ဘလော့ဂ် ရှိပါတယ်။ ဒါပေမဲ့ ကျွန်တော်ကော့်မန့်ပဲ ရေးခဲ့ပါမယ်။ အဆင်မပြေရင်လည်း ဖျက်နိုင်ပါတယ်။ ကျွန်တော်သိသလောက်ရေးမယ်ပေါ့နော်။ ကျွန်တော် ပထမ ချက်အနေနဲ့ အကြမ်းဖက် တဲ့ကိစ္စ ကိုပြောချင် ပါတယ်။ အကြမ်းဖက် တယ်ဆိုတာ ကောင်းတဲ့ကိစ္စတစ်ခုမဟုတ်ဘူး လို့ထင်ပါတယ်။ ဘာလို့အဲလိုပြောရလဲဆိုတော့ ကျွန်တော်တို့ မြန်မာစကားပုံတွေရှိပါတယ်။ “ရန်ကိုရန်ခြင်း မဖြေရှင်းနဲ့” တဲ့ ကျွန်တော် ကတော့အဲဒီစကားလေးကို ကြိုက်တယ်ဗျ။ ဟုတ်တယ်လေ နောက်ရှိပါသေးတယ်။ “ပြုသူ အသစ် ဖြစ်သူအဟောင်းတဲ့” သူတို့လုပ်ခဲ့တာ ကဟောင်းသွားပါပြီ။ ( ထပ်လုပ်တာတော့လဲ အသစ်ပေါ့နော် ) ကျွန်တော်တို့ အကြမ်းဖက်လို့ တကယ်ရမယ်ဆိုတောင် အဲဒီအကြမ်းဖက်မှုမှာ ကျွန်တော်မပါဘူး။ လူအခြင်းခြင်း သတ်တယ်ဆိုတာ တော်တော်ကို ဦးနှောင့်မဲ့တဲ့ ကိစ္စလို့ ကျွန်တော်ကတော့ ထင်ပါတယ်။ ကျွန်တော်ကိုယ်တိုင်လဲမသေချင်ပါဘူး။ ဘယ်သူကိုမှလည်းမသတ်ချင်ပါဘူး။ ဘာလုပ်မှာလဲ လက်နတ်တွေကိုင်တော့လဲ ဘာဖြစ်မလဲ သူပူန်စာရင်း အသွင်းခံရတာပေါ့ ( တကယ်ဆို သူ အပြစ်ကနေ ကိုယ်အပြစ်တောင်ဖြစ်သေးတယ်)။ ကျွန်တော်က ဆရာကြီးလဲမဟုတ်ပါဘူး။ ဒါပေမဲ့ လက်နတ်ကိုင်လို့ ရမယ်လို့လဲ ကျွန်တော်မထင်ပါဘူး။ လူမျိုးချင်း သွေးကွဲ သတ်ဖျက်မှု ဆိုတာကြီးပဲကျန်ခဲ့မယ်။ ဒါကျွန်တော်အထင်၊ အမြင်တွေပါ။ မှန်တယ်လို့လဲမဆိုလို ပါဘူး။ နောက် ဒုတိယ အချက် က အကြမ်းမဖက်၊ငြိမ်းချမ်းစွာ ဆိုတဲ့နေရာမှာ.... ကျွန်တော်ပြောချင်တာက အမုန်းဆိုတာလဲမရှိရဘူးပေါ့နော်။ အကြမ်းတော့မဖက်ဘူး ဒါပေမဲ့ ထိုင်ဆဲနေရင်လည်း ဒါ အကြမ်းမဖက်ပေမဲ့ အဲလိုပဲ နာမှာပါပဲ။ စဉ်းစားကြည့်လေဗျာ။ အကြမ်းမဖက်ဘူးသာဆိုတယ်။ အာဏာရူးကြီး၊ သူခိုးကြီး၊ လူသတ်ကောင်ကြီး လို့ပြောတာ ကျတော့ အကြမ်းမဖက်တာလို့ခေါ်ပါသလား။ ( တကယ်မသိလို့မေးတာပါ။) ဟုတ်သည်ဖြစ်စေ၊ မဟုတ်သည်ဖြစ်စေ ကျွန်တော်ကိုအဲလိုလာဆဲရင်တော့ ကျွန်တော်လည်းစိတ်ဆိုးမှာပဲ။ ကျွန်တော်တို့စဉ်းစားကြည့်ရင် ၈လေးလုံးမှာလဲ လူတွေသေကြရတယ်။ စက်တင်ဘာ (သူတို့အခေါ်ရွှေဝါရောင်ပေါ့နော် ကျွန်တော်ကတော့မြှောက်ပေးတယ်ထင်တာပဲ)။ မှာလဲ ဘုန်းကြီးတွေ၊ ပြည်သူတွေသေကြရတယ်။ (တချို့ဆိုမူလတန်းကျောင်းသားလေးတွေတောင်ထုတ် မယ်ဆိုပဲ) အဲဒါလိုသေသွားတဲ့လူတွေအတွက်ဘာမှမရတာကို မပြောဘူး။ ကျန်ခဲ့တဲ့လူတွေဘာတွေ ရလိုက်လဲ??? ( ဒေါ်လာတွေရတယ်ဆိုလည်းမျှဦး၊ အဲတုန်းက ကျွန်တော်တို့လည်းပါတယ်)။ ကျွန်တော်အထင်ပြောရရင် အဲဒီဆန္ဒ ပြမူတွေ ရဲ့ အကျိုးဆက်က ဘာလဲ။ ဘယ်မှာလဲ??? တကယ်ဒုက္ခရောက်တာ ပြည်သူတွေပါ။ ပြည်သူတွေ မခံနိုင်အောင် ငတ်လာတယ်။ ထွက်ပေါက်ရှာတယ်။ မြန်မာ ပြည်သူပြည်သားတွေအတွက် ဝမ်းနည်းပါတယ်ပဲပြောရမယ်။ အဲဒီ ထွက်ပေါက်ကို ဘယ်သူမှ မပြနိုင်ဘူး။ ပြနိုင်မဲ့ခေါင်းဆောင်ကောင်း ခင်ဗျားတို့မှာ မရှိဘူး။ အခုရှိတဲ့ ခေါင်းဆောင်တွေ လုပ်ခဲ့တဲ့ခေါင်းဆောင်တွေ အသုံးမကျဘူး ( အနှစ် ၂၀်လုံးရှုံး နေတာ ဘယ်သူညံလို့လဲ)။ အဲဒါဆိုမေးစရာရှိပါတယ်။ ဘာဆက်လုပ်ရမလဲ။ တကယ် တိုင်းပြည်ကောင်းစားစေချင်ရင်။ အရင်ဆုံး စည်းလုံးညီညွတ်ရမယ်။ အိမ်သားချင်းမတည့်ပဲ အဲဒီအိမ် ဘယ်လိုလုပ် အေးချမ်းမလဲ။ အတိုက်အခံတဲ့ ဗျာ ဟီးးး တိုင်းပြည်ကောင်းအောင် ပုန်ကန်ရမယ်တဲ့။ အင်း “လူမျက်နှာပျောက်တဲ့လူသားတွေ” ဆိုတာ ခင်ဗျားတို့ ကျုပ်တို့ အကုန်လုံးပါတယ်။ အဲဒါလေးမှတ်ထားလိုက်ပါဗျာ။

ကျေးဇူးတင်ပါတယ်။
P.s ကျွန်တော်အထင်တွေအမြင်တွေပါ။ မှားတယ်မှန်တယ်ဆိုတာ တော့ အဆုံးအဖျက်တွေရှိလာပါ လိမ့်မယ်။ ကျွန်တော်က ဆရာကြီးလဲမဟုတ်ပါဘူး။ နိုင်ငံရေး ပညာရှင်လည်းမဟုတ်ပါဘူး။ ကျွန်တော်က အညာတရ ဆင်းရဲသား ပြည်သူတစ်ယောက်ပါ။ ကျွန်တော် အဖေလဲ ဘာမှမဟုတ်ဘူး။ ကျွန်တော်အမေလဲ ဘာမှမဟုတ်ဘူး။ ကျွန်တော်ဆိုဘာဆိုဘာမှမဟုတ်တဲ့ကောင်ပါ။ ဒါပေမဲ့ မြန်မာပြည်ကိုတော့ချစ်တယ်။ မြန်မာလူမျိုးကိုချစ်တယ်။ မြန်မာစာကိုချစ်တယ်။ ဒါကြောင့် မြန်မာလူမျိုးတွေ စည်းစည်းလုံးလုံး ညီညီညွညွတ်နဲ့ ကမ္ဘာ အလယ်မှာ ဝင့်ထယ်စေချင်ပါတယ်။

October 10, 2008 3:40 PM

Read More...

လက်တို့ပြီးတော့ပြောလိုက်ကြစမ်းပါ.......

အကိုအမများ သူငယ်ချင်းများခင်ဗျား



မတရားဖမ်းဆီးခံထားရတဲ့
Generation Wave အဖွဲ့ဝင်လူငယ်တွေရဲ့ပုံကို
မျှဝေလိုက်ပါတယ်။
ဒီလိုဖမ်းဆီးထားလိုက်ရုံနဲ့
မျိုးဆက်လှိုင်းတွေကို တားလို့ရမယ်ထင်နေရင်တော့
ပိုးစိုးပက်စက်မှားလိမ့်မယ်ဆိုတာ
စစ်အာဏာရှင် ဗိုလ်ချုပ်ကြီးများကို
လက်တို့ပြီးတော့ပြောလိုက်ကြစမ်းပါဗျာ။
လက်တို့ပြီးတော့ပြောလိုက်ကြစမ်းပါ.......

Read More...

Saturday, October 11, 2008

သ၀ဏ်လွှာ

ဒီလမ်းလိုက်မှတော့
ဒီစခန်းရောက်ရမှာပေါ့
အမှောင်တွေကိုလည်း
မတမ်းတချင်တော့ဘူးဆိုတဲ့သူငယ်ချင်းရေ။
အမှောင်တွေထဲ မင်းကြေကွဲနေမလား
သမာဓီစခန်းမှာ
နေ့ရက်တွေရဲ့ ကန်ချက်များနဲ့
မင့်နံချောင်တွေကျိုးကြေကုန်ပြီလား
ဒါပေါ့ကွာ
ရှေ့ကလူတွေရဲ့ အရှုံးကို
ဒို့ပခုံးနဲ့ထမ်းရမှာပေါ့
ရှေ့ကလူတွေရဲ့ အကြွေးကို
ဒို့နှလုံးသွေးနဲ့ ဆပ်ရမှာပေါ့
မင်းနဲ့ငါ
တစ်ယောက်နဲ့တစ်ယောက် သရော်ခဲ့ကြတယ်
နေ့ရက်တွေကို အော်ဆဲခဲ့ကြတယ်
ချေးထုပ်တွေကိုရွံခဲ့ကြတယ်
ကဗျာနဲ့နေရောင်ခြည်ကိုတော့ ချစ်ခဲ့တယ်။
အခုတော့
မင်းရဲ့အထေ့အငေါ့ကို လွမ်းမိပေါ့
သန့်စင်တဲ့မင်းမျက်ရည်တစ်စက်
ကျခဲ့တဲ့ အရက်ခွက်ကို လွမ်းမိပေါ့။
ခေတ်ကြီးကတော့
စိတ်ကူးယဉ်လို့မရဘူး သူငယ်ချင်း
အပြင်မှာလည်း
အမှောင်နဲ့
ဖုန်နဲ့ခြင်နဲ့
အဆင်မပြေမှုတွေနဲ့ပါဘဲ။
အားမငယ်ပါနဲ့ သူငယ်ချင်း
အလင်းကို
ပုလင်းထဲလှောင်ထားလို့မရပါဘူးကွာ။

လွတ်လပ်ငြိမ်း

(၂၀၀၇ သြဂုတ်လက ကျသွားသော သူငယ်ချင်း ကဗျာဆရာ မင်းဆက် အတွက်)

Read More...

Friday, October 10, 2008

အမြင်(၂)နဲ့ပတ်သတ်ပြီး အားလုံးရဲ့အမြင်ကိုဖိတ်ခေါ်ပါတယ်

ကျတော့်ရဲ့အမြင်(၂) နဲ့ပတ်သတ်ပြီး အကိုတယောက်က ခုလိုပြန်ဖြေထားတာတွေ့ရပါတယ်
သူ့အမြင်ကိုလည်းပြန်လည်ဖော်ပြပေးလိုက်ပါတယ်
ကျန်တဲ့ညီအကိုမောင်နှမတွေကိုလည်း အမြင်ချင်းဖလှယ်ကြဖို့ဖိတ်ခေါ်ပါတယ်

ဝါဒနှစ်ပါး

ကျနော်တို့သည် အဖွဲ့အစည်း တစုံတရာတွင် ပါဝင်ပတ်သက်နေသည်ဟု သတင်းကြားရပါသည်။ ကျနော်တို့ ပါဝင်ပက်သက်မိသည့် အဖွဲ့အစည်းအမည်မျှကိုပင် ကျနော်တို့ မသိရပါ။ ထိုအဖွဲ့အစည်းအကြောင်း ကျနော်တို့ ဘာမျှ မသိပါပဲလျှက် ဘယ်လို ပါဝင် ပက်သက်သွားသည်ကို ကျနော်တို့ စဉ်းစား၍ မရနိုင်သေး။ လူတော်တော်များများကလဲ ကျနော်တို့ ပါဝင်နေသည်ဟု ထင်သည်ဟု သိရပါသည်။ ကျနော်တို့သည် မည်သည့်အဖွဲ့အစည်း၏ အဖွဲ့ဝင်မှ မဟုတ်ပါ။ သက်ဆိုင်မှု တစုံတရာလဲ မရှိပါ။ ကျနော်တို့သည် လွတ်လပ်စွာတွေး၍ လွတ်လပ်စွာရေး ကြသော လူငယ်တွေသာ ဖြစ်သည်။ ဆရာကြီးများလဲ မဟုတ်ပါ။ ကျွမ်းကျင်သူ အမည်ခံတွေလဲ မဟုတ်။ မှားတဲ့ဟာတွေ မှားနိုင်၍ မှန်တဲ့ဟာတွေ မှန်ပေလိမ့်မည်။ အချို့လူများကဲ့သို့လဲ ဒီမိုများဟု မခံယူထား။ အချို့လူများကဲ့သို့ ဘေးလွယ်အိတ်လုပ်နေခြင်းလဲ မဟုတ်။ ကျနော်တို့၏ အမြင်တွေကိုသာ ပွင့်လင်းစွာ ရေးသားသူများဖြစ်သည်။ ယခုလဲ အောက်တွင် အမြင်တခုကို ဆွေးနွေးသွားပါမည်။
ကောင်မလေးတယောက် Blog တွင် အမြင်နှစ်ခုကို ယှဉ်ပြထားသည်ကို ကျနော်တို့တွေ့ရသည်။ ငြိမ်းချမ်းရေး လမ်းစဉ်နှင့် အကြမ်းဖက်လမ်းစဉ်။ ဘယ်ဟာက ပိုကောင်းသလဲ ပေါ့ဗျာ။ ဘယ်ဟာကို လူတွေထောက်ခံ လိုပါသလဲပေါ့။ ထိုကိစ္စမျိုးကို နိုင်ငံရေးအကြောင်း ရေးကြသော Blogger များအကြား Tag သင့်သည်ထင်၏။ နိုင်ငံရေးနှင့် သက်ဆိုင်သော Blogger များအကြား ကစားနေသော Game များမှာ ကိုကောင်းကင်ကိုဆီ၌ ရေးထားတာကို ဖတ်ရသည်မှာ ဒေတာပေးနေသလိုတောင် ဖြစ်နေသေး၏။ အခြား ဒိထက်အကျိုးရှိသော TAG GAME လေးများ တီထွင်ရန် အကြံပြုလိုသည်။

အားယားနေတိုင်း မသေခင် ဆယ်ရက် ဘာလုပ်မလဲဆိုတာ အတော်ကြောင်သော ကိစ္စ ဖြစ်သည်ဟု ထင်သည်။ လူတွေလျှောက်ရေးသွားတာကိုလဲ ရယ်စရာတွေလို လိုက်ဖတ်မိသည်။ ဆေးရုံပေါ်ကတောင် ဆင်းရပါ့မလား မသိသည့် ဆယ်ရက်ကို လုပ်ချင်ရာတွေ လုပ်နေသည်မှာ မနည်းလှ။ ဆင်းရသည်ပဲ ထားပါဦးတော့ မသေခင် ဆယ်ရက်မှာ သောက ဗျာပါဒတွေ ပူဆွေးပြီး ခင်ဗျားတို့ ငိုနေမှာပေါ့။ သိပ်တွေးနေရန် မလိုပါ။ သို့သော် ထိုသူတို့ ရေးထားတာ သိပ်လှကြပါသည်။ ထိုလူတွေ သွားပြနေကြ ဆရာဝန်ကို စည်းရုံး၍ ထို Game အား အမှန်တကယ် ကစားကြည့်လိုပေ၏။ မျက်ရည်လည်ရွှဲ နှပ်တဂှုံ့ဂှုံ့နှင့် ဗုဒ္ဓဘာသာတွေက ဘုန်းကြီးကျောင်း ( ရိပ်သာ ) ၊ ခရစ်ယာန်တွေက church ၊ မူဆင်လင်တွေက ဗလီ ၊ ဟိန္ဒူတွေက ဘုရားကျောင်းပေါ်က မဆင်းတော့မှာ မျက်လုံးထဲ ပြေးမြင်မိသည်။

ထို့ပြင် ဘယ်သူကမှ လက်ကျန်ရသော ဆယ်ရက်အတွင်းမှာ ငါသေတော့မည့်တူတူ တိုင်းပြည်အတွက် တခုခု လုပ်သွားမည်ဟု ရေးထားတာ မမြင်မိ။ ( ရေးထားတဲ့လူတွေဆီ မရောက်မိတာလဲ ဖြစ်ရင်ဖြစ်မှာပေါ့။ ) စိတ်ကူးလေး ယဉ်ရသည်ကိုမျှ တိုင်းပြည်အတွက် မပါ။ ဒါနဲ့ တိုင်းပြည်ကို အလွန်ချစ်သော သူတွေဆိုပဲ။ ဟီဟိ။ တိုင်းပြည်ကို ယရစ်ဖြင့် ခြစ်နေသော သူများဟု ကျွန်ုပ်တို့မှ အမည်ပေးလိုက်ပါသည်။

အပေါ်မှုာ ဆွေးနွေးမည်ဟု ဖော်ပြခဲ့သော နှစ်ခုအနက်မှ ငြိမ်းချမ်းရေး လမ်းစဉ်ဆိုသည်မှာ ဂန္ဒီကြီး၏ လမ်းစဉ်ဟုပင် ပြောလို့ရမည်ထင်သည်။ ထိုလမ်းစဉ်ကို လိုက်မည့် လူများအနေနှင့် အခြေအနေတွေကို သေချာ နားလည်သင့်သည်။ ထိုစဉ်က အင်္ဂလိပ် ကိုလိုနီ အစိုးရသည် ကမ္ဘာ့နိုင်ငံ အများအပြားရှေ့တွင် သူတို့၏ သိက္ခာကို စောင့်ထိန်းရပေသည်။ England သာမာန် ပြည်သူ အများစုမှလည်း ကိုလိုနီစနစ်ကို လက်မခံကြဟု မှတ်သားဖူးသည်။ သာမာန်ပြည်သူလို့ရေးတာက ကုန်သည်တွေ မပါလို့ပေါ့နော်။ သူတို့ကတော့ ကိုလိုနီများများရလေ ချမ်းသာလေ မဟုတ်လား။ ထို့ကြောင့် အင်္ဂလိပ် ကိုလိုနီအစိုးရသည် ထင်တိုင်းမပြုမူရဲ။ အပြိုင်အဆိုင် အင်အားကြီး နိုင်ငံတို့ရှေ့တွင် အနည်းဆုံးတော့ သိက္ခာရှိသယောင် ဟန်ဆောင်ရပေသည်။ ထို့ပြင် အင်္ဂလိပ်အစိုးရသည် စစ်ကို မထောက်ခံသော ပြည်သူတို့ကို သေနတ်နဲ့ ချိန်၍ မထောက်ခံရကောင်းလားဟု ပေါ်တာဆွဲ ၊ စစ်တိုက်ခိုင်းသည်ဟု မကြားစဖူး။ ဆွဲချင်လဲ တောရွာများမှ လူများ ၊ အိမ်ခြေရာခြေမဲ့များ ကိုသာ လုပ်ပေလိမ့်မည်။ မြန်မာအစိုးရလို မြို့ဟုသတ်မှတ်ထားသော နေရာတွေတွင် လုပ်ရဲလောက်မည် မထင်။

မြန်မာ စစ်အစိုးရသည် ကမ္ဘာ့အလယ်၌ မည်သည့် သိက္ခာမျှ မရှိ။ မရှိသောကြောင့်လဲ ဘာကိုမျှ ဂရုစိုက်မည် မဟုတ်။ ထင်ရာလုပ်နေသည်ကိုလဲ မြန်မာပြည်သူ ၊ ပြည်သားတို့ ခံခဲ့ကြရတာ ကြာပေပြီ။ ပြည်သူ့အသံသည် အမိန့်မဟုတ်။ တဦးတယောက်၏ သေနတ်နှင့် တပ်သည်သာ ဥပဒေဖြစ်သည်။ ညှာတာသနားသော လူသားဆန်မှုဟူသည် မရှိ။ မရှိလို့လဲ ကိုယ်ကိုးကွယ်ရာဖြစ်သော ၊ မြန်မာနိုင်ငံ၏ အထွဋ်အမြတ်ဖြစ်သော သံဃာတို့ကိုပင် သတ်ပြခဲ့ပြီးလေပြီ။ ငါတို့အား သေနတ်နှင့် ပစ်မည် မဟုတ်ဟု ထင်နေလျှင် စစ်တပ်မလိုပါ။ ရဲစခန်းသာ သွား၍ စမ်းကြည့်ပါလေ။ အချုပ်ထဲ ဆွဲသွင်းခံရ၍ အချုပ်ထဲမှ လူမိုက်တို့၏ လက်သံကို မြည်းစမ်းခံရဖို့ သေချာပေသည်။

ထိုကောင်မလေး၏ စာထဲတွင် ရေးထားပါသေးသည်။ သေနတ်နဲ့ ပစ်နေသူကို တယောက်ပြီး တယောက် ပန်းလေးတွေ အသေခံပြီး သွားပေးလျှင် ထိုသူတို့က ငါတို့ကို အန္တရာယ်လဲ မပြု ၊ ပန်းသာ လာပေးနေသည်ဟု ထင်လျှက် တနေ့ပျော့ပြောင်းလာမည်ဟု ထင်သည် ဟူသတတ်။ အင်မတန်လှသော စိတ်ကူယဉ်မှု တခုပေတကား။ ထိုပန်းကို လူမည်မျှ အသေခံ၍ ပေးမည်နည်း။ ဘယ်သူက အလွတ်ကြီး သေမည်ကိုသိလျှက် ပေးမည်နည်း။ ရေးနေသူတွေ ၊ အဲလို ဟောပြောနေသူတွေ လုပ်မည်လား။ လုပ်မည်ဆိုလျှင် လုပ်ပါလေ။ ကိုယ်ကြတော့ တကယ်အသေခံ၍ ပန်းသွားမပေးရဲ ၊ သူတပါးကိုသာ အကြမ်းမဖက် အသေခံရန် တရားဟောနေသူတို့သည် အမှန်စင်စစ်ကား ချွန်နေခြင်းသာ ဖြစ်သည်။ သူတို့ဟာ သူတို့ ဆရာကြီး လုပ်လို၍ သူတထူးအား အချွန်နှင့်မကာ ဆရာကြီးလုပ်နေခြင်း ဖြစ်ပေသည် တကား။ ယုံသည့်ကောင်တွေကလဲ ဂေါက်ကြောင်ကြောင်နှင့် ယုံပေသည်တကား။ ဤနည်းဖြင့် နအဖကို အောင်နိုင်မည်ဟု မည်သူကမျှ အာမခံနိုင်ခြင်း မရှိ။ နအဖသည် လူလိုသိတတ်သူများလဲ မဟုတ်။ မသေချာသည့် ကိစ္စတရပ်အတွက် လူအသေခံခိုင်းနေခြင်းသည် အတော်ဆိုးဝါးသော ကိစ္စတခုဟု ကျွန်ုပ်တို့မှ မြင်၏။

အကြမ်းဖက်ခြင်းဟူသည်မှာ လူကြားမကောင်းပါ။ တန်ပြန် အကြမ်းဖက်နှိမ်နင်းရေးဟု သုံးလျှင် ပိုသင့်တော်မည် ထင်သည်။ ကျွန်ုပ်တို့သည် ယခု ကိုယ့်ဟာကိုယ် နေနေကြခြင်းသာ ဖြစ်သည်။ မြန်မာပြည်သူ ၊ ပြည်သားတို့သည် အကြမ်းဖက်ခံနေရခြင်းသာ ဖြစ်သည်။ ကျွန်ုပ်တို့ မည်သူ့ကိုမျှ အကြမ်းမဖက်။ အကြမ်းဖက်ခံနေရခြင်းကြောင့် အကြမ်းဖက်ခြင်းမှ ချုပ်ငြိမ်းစေရန် တန်ပြန် တိုက်စစ်ဆင်ခြင်းသာ ဖြစ်သည်။ အကြမ်းဖက်ခြင်းဟု မခေါ်ဆိုနိုင်။ တိုက်ပွဲ ဖြစ်လျှင် လူသေမည်။ အကြမ်းမဖက်လဲ လူသေမည်။ ဘာတွေ ကွာခြားနေသလဲ ကျနော်တို့လဲ မသိနိုင်။ ပြည်သူတွေ စားရမဲ့ သောက်ရမဲ့ ဖြစ်မည်။ ယခုလဲ စားရမဲ့ သောက်ရမဲ့ ဖြစ်နေသည်သာ ဖြစ်သည်။ ရှေ့ဆက်သွားလျှင် ဆန်လုံးတီးနှင့် ဆားတောင် မစားရပဲ ငတ်သေသူ များလာဦးမည်။ ယနေ့လဲ ငတ်သေနေသူတွေ မြန်မာပြည်တွင် ရှိနေသည်။ စစ်တိုက်လို့ လူတသန်း သေလျှင် သေမည်။ စီးပွားရေး ကျမည်။ တိုင်းပြည်အတွင်း ပြိုပျက်သွားမည့် အရာများစွာတို့ရှိသည်။ စစ်မတိုက်လဲ လူတသန်း ငတ်၍ သေမည်။ စီးပွားရေးကား အစဉ်အဆက် ကျနေခြင်းသာ ဖြစ်သည်။ တိုင်းပြည်အတွင်း စစ်တပ်ကလွဲ၍ အကုန်ပြိုပျက်နေသည်သာ ဖြစ်သည်။ ဆက်သွားလျှင် ဆက်ဖြစ်ဖို့သာ ရှိသည်။

တကယ်တော့ စစ်တိုက်ခြင်းသည်လဲ အလုံးစုံ ကောင်းမွန်သော အဖြေတခု မဟုတ်ဟု ကျနော်တို့ ထင်သည်။ ရှင်းရှင်းပြောရလျှင် စစ်တပ်သည် ပြည်သူကို ကြောက်ရွံ့နေ၏။ သူတို့ မကောင်းမှုများ ပြုခဲ့သည်အတွက် ကာကွယ်ပေးနိုင်သည်မှာ နအဖသာ ဖြစ်သည်ဟု သူတို့ထင်ကြသည်။ အချို့လူတို့သည် စစ်တပ်မုန်းတီးရေး ၀ါဒကို အတင်းလက်ကိုင်ပြု၍ လှော်ခတ်လိုသည်။ စစ်သားမှန်ရင် သေထိုက်သည်ဟု ထင်သည်။ သူတို့မကောင်းသဖြင့် လူတွေ ဒုက္ခရောက်ကြရသည်ဟု မြင်သည်။ ထိုသို့ဆိုလျှင် ထိုလူတွေသည် မြန်မာပြည်တွင်း ဌာနဆိုင်ရာ တခုတွင် အလုပ်သွားဝင်လုပ်ပြီး ထိုစကားကို ပြောကြည့်သင့်လှသည်။ သူတို့သည် စားဝတ်နေရေးအတွက် အလုပ်လုပ်နေရခြင်းဖြစ်သည်။ တခြားအလုပ်လုပ်ပါလားကွာဟု ပြောလာမည်။ ဒါကလွဲလို့ ကျနော် မလုပ်တတ်လို့ပါဗျာလို့ ပြန်ပြောရင်ကော သူတို့ကို အငတ်ခံလိုက်လို့ ခင်ဗျားတို့ ပြောမည်လား။

အလိုတော်ရိ လုပ်နေသူများကို ဆိုလိုနေသည် မဟုတ်ပါ။ ထိုသူတို့သည် သူလျှိုဖြစ်သည့် အားလျှော်စွာ သူလျှိုတို့ သွားရာလမ်းအတိုင်းသာ သွားသင့်ပေသည်။ အလိုတော်ရိတို့ကို ပို့သော လမ်းအတိုင်းသာ ပို့သင့်ပေသည်။ သို့သော် စားဝတ်နေရေးအတွက် မလွှဲမရှောင်သာ၍ လုပ်နေရသူတို့ကို တင်းမာသော သဘောထား မထားထိုက်။ မှားယွင်းစွာ သင်တန်းပေးခံထားရ၍ ၊ ဤခေတ်ပျက်ထဲမှာ မွေးဖွားလာ၍ မှားယွင်းမိသူတို့ကို အပြစ်ပေးခြင်းသည် မထိုက်။ ထိုသို့ သဘောထားမည်ဆိုလျှင် ထိုသူတို့သည် နောင်အစိုးရလက်ထက်၌ သေလူသာ ဖြစ်သောကြောင့် သေမည့်ဘေးကို သူတို့အားရှိသလောက် ကာကွယ်သွားရန် အကြောင်းသာ ရှိတော့သည်။ ကျနော်တို့ ကိုယ်တိုင်လဲ ငယ်စဉ်က အာဏာ ၊ ပိုက်ဆံ အရှိန်အ၀ါဖြင့် မှောက်မှားစွာ မတရား ပြုကျင့်ခဲ့ဘူးသည်များ ရှိသည်။ ထိုအပြစ်တွေ အတွက် နောင်တက်မည့် အစိုးရရှေ့မှောက်တွင် တရားပြန်စွဲခံရမည်ဆိုလျှင် ကျနော်တို့ ဒီစာတွေကို ရေးရန် အတော် စဉ်းစားရပေလိမ့်မည်။ :D ထို့ကြောင့် မလိုသည်များကို ခြစ်ပစ်လိုက်ပါ။ အဓိက အရင်းအမြစ်ကိုသာ သတ်ပစ်ရန် ကြိုးစားထိုက်ပါသည်။ အခက်တွေ လိုက်ချိုင်နေလျှင် ထပ်၍ ဝေဆာလာရန် ကြိုးစားပေးသလိုသာ ဖြစ်ပေလိမ့်မည်။

စစ်တိုက်ခြင်းအားဖြင့် စစ်သား သိန်းဂဏန်းဖြင့် ရင်ဆိုင်ရမည်။ ထိုလူတွေ သေလျှင် သူတို့ မိသားစုတွေ ဒုက္ခရောက်မည်။ အဲလောက် မသေကြေပဲ ၊ ပျက်စီး ယိုယွင်းမှုတွေ မဖြစ်ပဲ ကိစ္စမပြီးနိုင်ဘူးလားဟု မေးစရာ ရှိလာသည်။ ရှိပါသည်။ ခွင့်လွှတ်ခြင်းဟူသော အဖိုးထိုက်တန်သည့် ပန်းကို ပေးလိုက်ပါ။ ထိုသူတို့ လုပ်ခဲ့သည်မှာ သန်းရွှေတို့လောက် မဆိုးသေး။ ပန်းပေးထိုက်သူကို ပန်းပေး၍ သေနတ်နဲ့ သင့်သူကို သေနတ်သာ ပေးရပေလိမ့်မည်။ တင်းမာသော သဘောထားနှင့် စစ်သားမှန်သမျှ သတ်ရမည်ဆိုတာကို ကျွန်ုပ်တို့ လက်မခံပါ။ တိုင်းပြည် ပျက်ရခြင်းသည် စစ်သား ( စစ်တပ်ကြောင့် မဟုတ် ) ။ နအဖကြောင့်သာ ဖြစ်သည်။ တပ်တွင်းမှာ မတရားမှုကို မလိုလားသော စစ်သည်တွေ၊ မတရားဖိနှိပ်ခံနေရသော စစ်သည်တွေ ၊ စစ်အစိုးရကို မုန်းတီးနေသော စစ်သည်ပေါင်း မြောက်များစွာ ရှိနေသည်။ စစ်ဗိုလ် ၊ စစ်သားသာ မကျေနပ်သည် မဟုတ်။ ဗိုလ်မှူးကြီး၊ ဗိုလ်မှူးချုပ်တွေလောက်အထိ မကျေနပ်သူတွေ ရှိသည်။ မလိုလားသူတွေရှိသည်။ သို့သော် စစ်သားတယောက်သည် နအဖလက်ထဲတွင် မိသားစုကို ထားခဲ့ပြီး စစ်လာကူတိုက်ပေးရန်ဆိုသည်မှာ အိပ်မက်ထဲတွင်တောင် ထည့်မမက်စကောင်း။ သူတို့ ပါဝင်နိုင်စေရန် အလို့ငှာ တခုသော အခြေအနေ တခုကို ဖန်တီးပေးရပေလိမ့်မည်။ ထိုသို့ မလုပ်ပေးပဲ မပါရကောင်းလားဟု အပြစ်တင်ရန် မရှိ။ သို့ဆိုလျှင် ယနေ့ ဒီမိုဟု ခေါ်ဆိုသော ကြီးကျယ်သော ခေါင်းဆောင်ကြီးများ၏ ညံ့ဖျင်းမှုသာ ဖြစ်ပေလိမ့်မည်။

ခွင့်လွှတ်ခြင်းဟူသော ပန်းကို ပန်လျှက် ကြောက်ရွံ့မှုဆိုသော နအဖ စနစ်ဆိုးကြီးကို ဖယ်ရှားရန် လက်၌ သေနတ်ကိုင်ဆောင်ရပေလိမ့်မည်။ စစ်တိုက်သောလမ်းနဲ့ချည်း မအောင်မြင်နိုင်။ နအဖ၏ စစ်သားပေါင်းများစွာကို ရင်ဆိုင်သတ်ပစ်ရန် မဖြစ်နိုင်။ ထိုသို့ သတ်သင့်သည် ပြောနေသူတွေသည် superman နှင့် super girl စပ်ကျထားသော လူများဆိုလျှင်တော့ မပြောတတ်။ ဖြစ်နိုင်သည့်တိုင်အောင်လဲ မသတ်ထိုက်။ လူ့အသက်ဟူသည် တန်ဖိုးအရှိဆုံးသော အရာဖြစ်သည်။ ပန်းပေးသောနည်းနှင့်ချည်းလည်း မအောင်မြင်နိုင်။ လူစိတ်မရှိသော ဘီလူးတို့ကို ပန်းသွားပေးလျှင် ပေးသူသာ အစားခံလိုက်ရမည် ဖြစ်သည်။

အစဉ်အဆက် ရာဇ၀င်တွင် ဘီလူးတို့ ပြည်ရွာရှိခဲ့ဘူးသည်ဆို၏။ မြန်မာတွင် ဝေသာလီ ဘီလူးပြည်၊ ဂရိတွင် မျက်စိတလုံးထဲရှိသော Cyclops ၊ အိန္ဒိယတွင် မြွေနဂါး ၊ အင်္ဂလိပ်တွင် Roc အစရှိသည်ဖြင့် ရှိခဲ့သည်။ ဒဏ္ဍာရီပေါင်း စုံတွင် ရှိခဲ့ဘူးသော ဘီလူးတို့ကို လူတို့သည် ပန်းပေး၍ အောင်မြင်လာဘူးသည်ဟု ပုံပြင်အဖြစ်တောင် မကြားစဖူး။ လူသားကို အစာအဖြစ်စား၍ အသက်ရှင်ရသူကို “မစားပါနဲ့လားဟင် ... ရော့ .. အင့် .. ရွှေပန်းလေးယူသွား” ဟု သွားပြောလျှင် သင်သာ အစားခံလိုက်ရရုံရှိမည်။ ( ရွှေပန်းပေးမရလို့ ခရေပွင့် သွားပေးမယ်လဲ တွေးမနေနဲ့ဦးနော် ကိုကိုတို့။ :P အသက်နဲ့တောင် အကြမ်းမဖက် တိုက်ပွဲဝင်မယ် ဆိုလို့ပါ။ ဟိုက အသက်တော့ မလိုချင်ဘူး။ ခရေပဲ ခြွေမယ်ဆို မျိုးတွေကန်းနေဦးမယ်။ သတိ ကြပ်ကြပ်ထား။ နအဖတပ်က ဂျယ်ပေါပါဘိသနဲ့။ ဟီးဟီး) ဒဏ္ဍာရီမဆန်ချင်လျှင် ကမ္ဘာဦး အသားစား သတ္တ၀ါကြီးများကို ဥပမာ ယူလို့ရပါသည်။ ရှေးကလူတို့ မေတ္တာထား၍ မွေးမြူလို့ ရခဲ့လျှင် ယနေ့တိုင် ကျွန်ုပ်တို့ မြင်နိုင်မည် ဖြစ်သည်။

ယနေ့မြန်မာ စစ်တပ်သည် လူနှင့် ဘီလူး ရောစပ်ထားသော အဖွဲ့အစည်းဖြစ်သည်။ ကိုယ်တွင်း၌ လူစိတ်များသူတို့ကို မေတ္တာပန်းပေး၍ ဘီလူးစိတ်များသူတို့အား သုတ်သင်ပစ်ရန်သာ ရှိသည်။ ၀ါဒ နှစ်ခု အကြား အငြင်းပွားနေရန်မလို။ နှစ်ခုလုံးသည် တော်လှန်ရေးအောင်မြင်ရန် လိုအပ်သည်သာ ဖြစ်သည်။ ၀ါဒမတူ၍ မပေါင်းစည်းနိုင်ဟု ဆိုလာလျှင်လည်း ကိုယ့်သေတွင်း ကိုယ်တူးတာ နည်းနည်းတော်ပေလိမ့်ဦးမည်။ ကိုယ့်အတ္တကြောင့် ပြည်သူတို့ သေမည်မြင်လျှက် တွင်းတူး မိုက်နေခြင်းသည် နအဖကဲ့သို့ လူမဆန်သော လုပ်ရပ်သာ ဖြစ်ပေလိမ့်မည်။

ယနေ့ ဒီမိုကရေစီရေး ကြိုးပမ်း၍ သူရဲကောင်း အမည်ခံများ ၊ အဖွဲ့အစည်းများတွင် တိကျသော ဦးတည်ချက်နှင့် လုပ်ငန်းစဉ်ကို မတွေ့ရ။ သင့်လျှင် သင့်သလိုပဲဟူသော ကားပွဲစား အလုပ်နှင့် တူပေသည်။ “ခင်ဗျားတို့က ဘာကောင်တွေမို့ ကျုပ်တို့ လုပ်ငန်းစဉ်တွေကို ချပြရမှာလဲ” ဟု ကျနော်တို့အား ကက်ကက်လန်အောင် ရန်တွေ့မည်ကို ကြိုမြင်နေသည်။ ကျွန်ုပ်တို့ကို ချပြန်ရန်မလိုပါ။ သို့သော် အဖွဲ့အစည်းတခုထဲမှာ ရှိနေသူတို့အား အဖွဲ့အစည်း၏ ယေဘူယျ လုပ်ငန်းစဉ်ကို ချပြသင့်သည်။ (ယေဘူယျလို့ ပြောရတာက စပိုင်အားပေးလား မေးခံရမှာ စိုးလို့ပါ။ ခုချိန်ထိ တွေ့ဖူးသမျှ တိတိကျကျ ဖြေနိုင်သည် မရှိသေး။ ဖြေလျှင်လဲ ကျနော်တို့၏ တိကျ၍ စပ်စုလှသော အသေးစိပ် မေးခွန်းများအောက်တွင် ကိစ္စများသွားသည်သာ များသည်။ ဒီတော့ လျှို့ဝှက် ကိစ္စလိုလို .. ဘာလိုလို လုပ်သွားတတ်သည်မှာ ရိုးလှပြီ ဖြစ်၏။ အမှန်တော့ ကျနော်တို့ကလဲ အတွင်းရေးတွေ လိုက်မမေးပါ။ သိတာများလျှင် ဆွဲစိခံရမည် စိုးသောကြောင့်တည်း။ ဟီးဟီး။ မသိတော့ ကျနော်တို့အားဖမ်းလဲ ဘာမှ ရမည် မဟုတ်တော့ ဖမ်းမည်မဟုတ်။ ဖမ်းပြီး နားရင်းရိုက်ရုံမှလွဲ၍ ဘာမျှမရနိုင်သော လူအား ထောက်လှမ်းရေးမှ အလုပ်ဂှုပ်ခံ၍ သက်သက်ကြီးကို ဖမ်းပြီး ၀ါသနာပါလှစွာဖြင့် နားရင်းခေါ်ရိုက်မည် မထင်ပါ။ သူတို့၌ တနေ့ တနေ့ လုပ်စရာ များလှ၏။ [ဟီးဟီး .. အကြံဥာဏ် ကြီးတယ်နော်။] အားနေလို့ အသလွတ် ဖမ်းပြီး ပါးခေါ်ရိုက်နေသည်ဟု တခါမျှ ထောက်လှမ်းရေး အသိုင်းအ၀ိုင်းမှ မကြားစဖူး။ [ ဖားတာ။ ဖမ်းမှာစိုးလို့။ ဟီဟိ :P ] )

ဒီစာကို ဖတ်ရသော လူများအနေဖြင့် မိမိတို့ပါဝင် ပက်သက်နေသော အဖွဲ့အစည်း၏ မူဝါဒကို တကယ်နားလည်သလားဆိုတာကို ပြန်ဆင်ခြင်စေလိုသည်။ ဘယ်လမ်းအတိုင်း သွားမည်ကို တိကျစွာ ချမှတ်ထားသလားဆိုတာကို အသေအချာ မေးစေလိုသည်။ ဒီလမ်းကကော ဖြစ်နိုင်သလားဆိုတာကို ကိုယ့်ဟာကိုယ် ဆင်ခြင်စေလိုသည်။ ဒီအဖွဲ့မှာ အမှန်တရားဟာ အဖွဲ့ခေါင်းဆောင်မှားပြောတဲ့ စကားထက် အရာရောက်သလားဆိုသည်ကို ပြန်တွေးစေလိုသည်။ ( ကျနော်တို့ ယခု ဘုမသိ ၊ ဘမသိ နာမည်ကြီးနေသလို ဘာမှန်းမသိသော အဖွဲ့ကြီးထဲ ရောက်နေသည်နှင့် တူမည် စိုးသဖြင့် သတိပေးခြင်းသာ ဖြစ်သည်။ ) ဒီမိုကရေစီရေးအတွက် ဘ၀နှင့်အသက်ကို ရင်းပြီး ကြိုးပမ်းထမ်းရွက်နေသော ( ကြိုးပမ်းလိုသော ) လူငယ်တို့၏ အသက်နှင့်ဘ၀များကို အလဟဿ မဆုံးဂှုံးစေလိုသော စေတနာဖြင့် အကြံပြုခြင်းသာ ဖြစ်ပါသည်။

နအဖသည် ထိုင်ခုံပေါ်မှ မဆင်းချင်ခြင်းဖြစ်သည်။ တချို့ ဒီမိုအမည်ခံ ဆရာကြီးများသည် မရှိသေးသော ထိုင်ခုံကို အာရုံပြုလျှက် နေခြင်းကား နအဖထက်ပင် ဆိုးဝါးသော အာဏာမက်မောမှု ဖြစ်သည်။ သင်ရောက်နေသော နေရာနှင့် သင်စားနေသော အစာသည် အဘယ်ကနေ ဘာအကြောင်းတွေကြောင့် ရခဲ့သည်ကို ပြန်သတိရပါ။ လူထုအတွက်ဟု အမည်ခံလျှက် လူထုအပေါ် ကျေပွန်ရမည့် တာဝန်ကို မကျေပွန်လျှင် လူပေါင်းများစွာကို လိမ်လည်လှည့်ဖျားခြင်းနှင့် အကျိုးမဲ့စေခြင်း ၊ ဒုက္ခရောက်စေခြင်း နှင့် အမှန်မမြင်နိုင်ခြင်းဟူသော မောဟဟိတ်တို့ကြောင့် အပြစ်တော့ သေးမည် မထင်ပါ။

PS: သူများတွေလို အားအားယားယား Tag လိုက်ဦးမည်။ အကြမ်းမဖက် မူဝါဒနှင့် အကြမ်းဖက်ရေး မူဝါဒနှစ်ခုကို သင်ဘယ်လို မြင်ပါသနည်း။ ထောက်ခံလျှင် ထောက်ခံသည့် ၀ါဒအတွက် အဘယ်ကြောင့် ထောက်ခံသနည်း ရေးပေး၍ မထောက်ခံသော ၀ါဒတခုအတွက် အဘယ်ကြောင့် မထောက်ခံသလဲ ရေးပေးစေလိုသည်။

အကုန်လုံးကို Tag ပါသည်။ ဖြေချင်လျှင်ဖြေ၍ မဖြေချင်လျှင် မဖြေပါနှင့်။ Blog မရှိသူများ comment တွေ ရေးသွားနိုင်ပါသည်။ :D

Read More...

Wednesday, October 8, 2008

မသေခင်(၁၀)ရက်အလို

အားပါးပါး !
မသေခင်(၁၀)ရက်အလိုဆိုပါလား
ယုန်ကလေးကလာ tag ထားပါလား
စိတ်ညစ်ညစ်နဲ့ ဘလော့ကိုလာကြည့်ရင်းတွေ့သွားတာ စိတ်ညစ်တာတွေတောင်ဘယ်ရောက်သွားမှန်းမသိဘူး
တွေးကြည့်ရင်းနဲ့တောင် ငိုချင်လာပီ ဟင့် ရွှတ် !
စတွေးပြီနော်

(ဆယ်ရက်အလို)
သေရတော့မယ်ဆိုတော့ အရင်ဆုံး အကြွေးတွေကိုဆပ်မယ် မဆက်နိုင်လို့ကျန်သေးရင်လည်း နောင်ဘ၀မှဆက်ပြီဆပ်တော့မယ်ဆိုတဲ့အကြောင်း လိုက်ပြောမယ်

(ကိုးရက်အလို)
အကြွေးတွေကျေပြီဆိုတော့ တကွဲတပြားဆီရှိနေကြတဲ့ အကိုတွေကို ပြန်ခေါ်မယ် အကိုတွေခွံ့ကျွေးတဲ့ထမင်းကို မသေခင်တော့ စားသွားချင်သေးတယ် ပြီးတော့ ပါးပါးနဲ့ရန်ဖြစ်ထားတာတွေကျေလိုက်မယ်

(ရှစ်ရက်အလို)
ဒီနေ့မှာတော့ ရန်ဖြစ်ထားတဲ့ သူငယ်ချင်းတွေကို ကျေးအေးလိုက်တော့မယ် ဘလော့ဂါ စံလင်းထက်နဲ့ရန်ဖြစ်ထားတာလည်း ကျေအေးလိုက်မယ် ကြယ်ဇင်သွေးနဲ့ စိတ်ကောက်ထားတာလည်း ပြေလိုက်တော့မယ် မသေခင်ငြိမ်ချမ်းရေးယူလိုက်ပါ့မယ်လေ.....

(ခုနှစ်ရက်အလို)
ဒီနေ့တော့ ဘလော့မောင်နှမတွေကို လိုက်နှုတ်ဆက်မယ် ကိုယ်နဲ့အတူလိုက်ခဲ့ဖို့ပါ ဆွယ်ရမယ် အဖော်မရှိရင်ပျင်းတယ်

(ခြောက်ရက်အလို)
မသေခင်တော့ ဘုရားကျောင်းကိုရောက်အောင်သွားလိုက်အုံမယ် ဘုရားသခင်ကိုပြောပြထားရမယ် ဘယ်သူတွေကိုဘယ်လိုအနိုင်ကျင့်ထားတယ်ဆိုတာကြိုပြောထားရမယ် နောက်မဟုတ်ရင် ဟိုရောက်ရင်အပစ်ပေးနေမှဒုက္ခ။

(ငါးရက်အလို)
အောင်မလေး.........ရေးနေရင်းနဲ့ ကြာလိုက်တာလို့တောင်ခံစားလာရတယ် မြန်မြန်သေချင်ပြီ မတွေးချင်တော့ဘူး စိတ်ညစ်နေတာနဲ့နော် အိပ်လိုက်တော့မယ် ဘယ်သူမှလာမခေါ်နဲ့ တနေကုန်အိပ်မယ်

(လေးရက်အလို)
အလှူလုပ်ဖို့ကလည်း ပိုက်ဆံမရှိဘူး ဒီတော့ ပိုက်ဆံလိုက်ချေးမယ် တနေကုန်လိုက်ချေးမယ်ဗျာ

(သုံးရက်အလို)
ဒီနေ့ချေးလို့ရသလောက်ပိုက်ဆံနဲ့ အလှူလုပ်လိုက်မယ်

(နှစ်ရက်အလို)
ဒီနေ့တွေ့ချင်တဲ့သူတွေကိုအကုန်ခေါ်တွေ့မယ် ကြယ်ဇင်သွေး။ နေနတ်နွယ်။ ယုန်ကလေး။ စံလင်းထက်။ Dream။ ပြီးတော့ ...........

(နောက်ဆုံးရက်)
သေတော့မယ်ဗျ ! အဲတော့ ဘလော့ဂါအားလုံးကိုနောက်ဆုံးပါတီလုပ်မယ် စပျစ်ဝိုင်တိုက်မယ် Cheer! အားလုံးသောက်ရမယ်နော်
(ရှူးတိုးတိုး ! အဲဒီထဲမှာအဆိပ်ထည့်ထားတယ် ဘယ်ရမလဲ အားလုံးကိုတခါထဲခေါ်သွားမယ် ပျင်းလို့)

ဟားဟား....ဘယ်ရမလဲ ငါလူလည်ပါကွ
ကဲတူတူလိုက်ဖို့ပြန် tag လိုက်တယ်ဗျို့

စိုင်းဝဏ္ဏ
ီDream
ရောင်ပြန်
အချစ်မဲ့ဂစ်တာ
လိုက်ခဲ့ကြပါဗျို့

Read More...

Tuesday, October 7, 2008

မောင်နှမများ သူငယ်ချင်းများခင်ဗျား

တနေရာမှတနေရာ ပြေးလွှားပုန်းရှောင်ရင်းတော်လှန်ရေးကြီးကိုဆက်လက်
တိုက်ပွဲဝင်နေရတဲ့ ညီအကိုမောင်နှမများရဲ့ခံစားချက်ကိုထင်ဟပ်စာနာနိုင်မယ့်
ကဗျာလေးတပုဒ်ရေးသားပေးပို့လာပါတယ်။
GW ရဲ့ ဘလော့ဂ်စာမျက်နှာတွင်လည်းဖတ်ရှုနိုင်ပါတယ်။


"မြို့ပုန်းညများ"

မျက်လုံးက ဖျစ်ညစ်မှိတ်ထား ရတယ်

အလိုက်မသိတဲ့ နား ပိတ်ထားလို့မရဘူး

ဆိုင်ကယ်သံ တဒုတ်ဒုတ်မှာ

ယုန်သူငယ်လို ရင်ခွင်ငလျင် တလှုပ်လှုပ်

ငုတ်တုတ်မိုးလင်းရပေါင်းမနည်းတော့ဘူး။

တသက်လုံး လိမ္မာခဲ့တဲ့မေမေ့သားကြီး

ခုတော့ မမိုက်မဲပါပဲ ဖယ်ကျဉ်ခံရ

သံသယဟာ အသက်ရှုသံလို

လူနဲ့ တသားတည်းလူးလားခတ်လို့။

ဖေဖေပြောဖူးတဲ့ သူရဲကောင်းပုံပြင်တွေ

လူတွေက နားထောင်လို့မကောင်းတော့ဘူးတဲ့

ပြောင်းသွားလား ဟောင်းသွားလား မသိပေမယ့်

ခေတ်က ညောင်းနေတာတော့ သေချာတယ်

ခြေခင်းလက်ခင်းဆန့်ဖို့လေးတောင်

မိုးလေ၀သမကောင်းခဲ့ဘူးလေ။

ဘာတွေဖြစ်ဖြစ်ပါလေ

တခါတလေ ညစ်လို့ထွက်တဲ့စကားပါ

အဖေ့သား အားမပျော့ပါဘူးဗျ

အမေ့သား ဇွဲမလျော့ပါဘူးဗျ

ထုတ်ရွယ်ပြီးသား အိပ်မက်ဓါး

သွေးမသောက်ရပဲ အိမ်ပြန်မလာဘူး စိတ်ချထား။ ။


မိုဃ်းသွေး

Generation Wave

Read More...

Monday, October 6, 2008

အမြင် (၂)

ကျတော်စာရေးဖို့ကြိုးစားနေတာကြာပါပြီ ခုတလော ကျတော် တော်တော်လေးစိတ်ညစ်နေတာနဲ့ အကောင်အထည်မဖော်ဖြစ်ဘူး ... အမှန်ကကျတော်တို့လူငယ်တွေဟာဒါမျိုးမဖြစ်သင့်ပါဘူး တက်တက်ကြွကြွရှိသင့်တာပေါ့ နော့..ဒါမှပဲလူကြီးတွေအားကိုးမှာပေါ့..လူငယ်တွေကပြောကြတယ် လူကြီးတွေကလူငယ်တွေကိုနေရာမပေးဘူးတဲ့ ...ကျတော်လူကြီးတွေဘက်ကနေပြီးစဉ်းစားကြည့်တယ် နေရာမပေးချင်တဲ့လူ မရှိပါဘူး အနာဂါတ်ကိုလူငယ်တွေပဲပိုင်တာပဲ ဒီလူငယ်တွေကိုပဲလက်ဆင့်ကမ်းရမှာပဲ ကိုယ်ကမ်းပေးလိုက်တဲ့သူကို တကယ်ပဲယုံယုံကြည်ကြည်နဲ့လွဲပေးရမယ်လေ ... အဲဒီတော့သူစဉ်းစားမှာပဲ ... ဒါကလူကြီးတွေဘက်ကစဉ်းစာကြည့်တာပါ.. လူငယ်တွေကနေစဉ်းစားကြည့်ရင်တော့ ငါဒီနေရာကိုယူဖို့က တကယ်ပဲငါနဲ့ထိုက်တန်လား ငါတကယ်ဒါတွေအကုန်လုပ်နိုင်ပြီလား စဉ်းစားရမယ် သေခြာတယ် ငါလုပ်နိုင်တယ် ဆို၇င် လူကြီးတွေကမဖယ်ပေးစရာအကြောင်းမရှိပါဘူး ဖယ်ပေးရမှာပါပဲ ရှင်းရှင်းလေးပါ...စဉ်းစားကြည့်ရင်တော့. .အဲဒီတော့ လူငယ်တွေကြိုးစားကြပါ အနာဂါတ်ဟာ ငါတို့လက်ထဲမှာပါ..အနာဂါတ်ကို ငါတို့ပိုင်တယ်..ငါတို့နဲ့ထိုက်တန်တဲ့နေ၇ာကို ငါတို့ရမှာပါ...(ကြိုးစားရင်ပေါ့) ဒါကတော့လူငယ်တွေအားလုံးကို တိုက်တွန်းအားပေးတဲ့ စကားပါ။
နောက်တခုက ကျတော်က ငယ်ရွယ်သူဖြစ်တော့ ကျတော်မသိတာတွေကို သူများတွေကို လိုက်မေးတယ် ..သူများတွေရဲ့အမြင်တွေကိုကျတော်သိချင်တယ်..အဲဒီအချိန်မှာ လူတယောက်နဲ့တယောက်အမြင်မတူတာတွေတွေ့ရတယ် ကျတော်ကိုယ်တိုင်တောင်ရူးသွားတယ်ဗျာ ဘယ်သူပြောတာကဖြစ်နိုင်လဲလို့ ကျတော်စဉ်းစားတယ် နအဖကိုတိုက်တဲ့နေရာမှာ ပုံစံအမျိုးမျိုးနဲ့တိုက်ကြတယ် လူတယောက်ကပြောတယ် သူ့ကို သေသေချာချာTrain ထားတဲ့ လူ၁၀၀၀ နဲ့သေနတ်ပေးပါတဲ့အဲဒီအထဲမှာ ပညာတတ်တွေလည်း ပါရမယ်တဲ့ စစ်ရေးကျွမ်းကျင်သူသက်သက်မဟုတ်ဘူးတဲ့ နအဖကို ဒီနည်းနဲ့တိုက်မှပဲရမယ်တဲ့ လူထုလှုပ်ရှားမှုနဲ့တိုက်ရင်တော့ သေနတ်ရှေ့မှာအသေသွားခံပြီး ဘာမှထူးမှာမဟုတ်ဘူးတဲ့ လူသေတာပဲအဖတ်တင်မယ်တဲ့ .....ဒါက သူ့အမြင်။ နောက်တယောက်က စစ်သားတွေက သေနတ်နဲ့ချိန်ထားပြီးပဲထားအုံး တယောက်ကပန်းသွားပေး..အဲဒီတယောက်ကိုပစ်ချလိုက်မယ်. နောက်တယောက်ထပ်တက် နောက်တယောက်ပြစ်မယ် နောက်တယောက်ထပ်တက်ဦး ပစ်မှာပဲ ဒါပေမယ့်အဲဒီပစ်မယ့်သူကစဉ်းစားမယ် ငါဒီလောက်ပစ်နေတာတောင် သူတက်လာသေးတယ် ငါ့ကိုလဲ ဘာမှလုပ်တာမဟုတ်ဘူး ပန်းပေးတာ..အဲဒီပစ်တဲ့သူက တွေဝေလာမယ် ..အဲလိုနည်းနဲ့ စည်းရုံးတဲ့ အစပိုင်းမှာတော့ ရင်းရမှာပဲ သေမှာပဲပေါ့ ဒါကသူ့အမြင်။ ဒီလူနှစ်ယောက်၇ဲ့အမြင်က ဆန့်ကျင်ဘက်ဖြစ်နေတယ် သူငယ်ချင်းတို့ရော ဘယ်လိုမြင်ကြလည်း ဝေမျှပေးကြပါအုံး.........ဒီလောက်ပါပဲ

ဆက်ရန်..........

Dream Angel

Read More...

Saturday, October 4, 2008

စိတ်ညစ်နေတယ်ဗျို့

စိတ်ညစ်နေတယ်ဗျာ
ကျတော်ဘလော့ကိုရပ်ပစ်လိုက်ဖို့စဉ်းစားနေတယ်
ကျတော်ခုတလော post အသစ်တွေလည်းတင်ဖြစ်မှာမဟုတ်ပါဘူး
ကျတော့်ဆီလာလည်ပေးကြတဲ့ သူငယ်ချင်းအားလုံးကိုလည်းလေးစားပါတယ်။

Read More...

Thursday, October 2, 2008

နာဂစ်ဒုက္ခသည် အမျိုးသမီးများ လုံခြုံမှု ကင်းမဲ့နေ

မျက်နှာကို လူတယောက်က ပုဆိုးစဖြင့် အုပ်ကာ လက်ဖြင့်အတင်းဖိထားပြီးကျန်လူ ၂
ယောက်က အဓမမ္မပြုကျင့်ခဲ့ကြသည့် အဖြစ်အပျက်ကို ယနေ့ထိတိုင် အော့နှလုံးနာစွာဖြင့်
မှတ်မိနေဆဲဖြစ်ကြောင်း အသက် ၂၀ နှစ်အရွယ် မညိုညိုဝင်း (အမည် ရင်းမဟုတ်) က
ပြောပြခဲ့သည်။
မညိုညိုဝင်းက ဧရာဝတီတိုင်း၊ လပွတ္တာခရိုင်၊ ပြင်စလူမြို့နယ်ခွဲအုပ်စု အတွင်းမှ
ကျေးရွာတရွာတွင် နေထိုင်သည်။
နာဂစ်မုန်တိုင်း တိုက်ခတ်သည့် မေ ၂ ရက်နေ့ညက ပလပ်စတစ် ဆီ ဂါလန်ပုံးအလွတ်ကြီး
တပုံး၏ အကူအညီဖြင့် အသက် ရှင်ခဲ့သော်လည်း ၃ ရက်နေ့ ညနေခင်းတွင် မသမာသူ လူ
၃ ဦးကြောင့် အပျိုစင်ဘ၀ ပျက်ခဲ့ရပြီး နွံအိုင်ထဲ ပစ်ချခံခဲ့ရသည် ဟု သူကဆိုသည်။
“ကျမက လာကယ်တဲ့သူတွေ မှတ်လို့ ကယ်ပါ၊ ကယ်ကြပါလို့ လဲနေရာကနေ
ခေါင်းထောင်ပြီး အော်မိတယ်၊ အဲဒါနဲ့ ယောက်ျား ၃ ယောက် ကျမနားရောက်လာပြီး
ပထမတော့ ကျမနားက နားကပ်ကို ဆွဲဖြုတ်တယ်၊ ပြီးတော့ ကျမတောင်းပန်
တဲ့ကြားက ကျမကို မုဒိမ်းကျင့်တော့တာပဲ” ဟု မညိုညိုဝင်းက ရှိုက်ငိုကာ
သူ့အဖြစ်အပျက်ဆိုးကို ပြောပြခဲ့သည်။
နွံအိုင်ထဲတွင် တညလုံး အ၀တ်မပါသော ကိုယ်ဗလာဖြင့် နေခဲ့ရပြီး နောက်တနေ့ နံနက်မှ
လပွတာမြို့ပေါ်မှ ကယ်ဆယ်ရေး စက်လှေရောက်လာပြီး လပွတ္တာမြို့ပေါ်ရှိ ဘုရားဝင်း
အတွင်းမှ ကယ်ဆယ်ရေးစခန်းတခုသို့ ပို့ပေးခဲ့ခြင်းဖြစ်သည်ဟု ဆိုသည်။
နာဂစ်မုန်တိုင်းကြောင့် အသက် မသေဆုံးခဲ့သော်လည်း မိသားစုဝင်များ ဆုံးရှုံးရခြင်း၊
အိုးအိမ် လုပ်ငန်းများ ပျက်ဆီးခဲ့ရခြင်း စသည်ဖြင့် ကြုံတွေ့ခဲ့ရသော
အမျိုးသမီးငယ်များသည် နာဂစ်လွန်ကာလများတွင်လည်း အသက်အိုးအိမ် မလုံခြုံမှုများ၊
မတရား ကာမ ရယူခံရခြင်းများ ရှိကြောင်း သိရှိရသည်။
ဧရာဝတီတိုင်းအတွင်းရှိ မြို့နယ်များတွင် နာဂစ် မုန်တိုင်းဒဏ်ကြောင့် တရွာလုံးနီးပါး
လူအသေအပျောက် များသော ရွာများ ရှိသကဲ့သို့ အိမ်အမိုးလန်ရုံ သစ်ပင်
လဲရုံလောက်သာ ပျက်ဆီးခဲ့သော ရွာများလည်း ရှိသည်။ အပျက်အဆီး အထိအခိုက်
နည်းသော ကျေးရွာ များတွင် နေထိုင်သူများမှာ စက်လှေများဖြင့် အသက်မသေဘဲ
ကျန်သူများကို သွားရောက် ကယ်ဆယ် ကြသည်။ သို့သော် ထိုရွာများမှ
မသမာသူများကတော့ အသေအပျောက်များသော ရွာများသို့ သွားရောက်ပြီး
သေဆုံးသူများ ထံမှ ရွှေနှင့် အဖိုးတန်ပစ္စည်းများဖြုတ်ယူကြပြီး မသေဘဲ ကျန်ရစ်သူ
အမျိုးသမီးများကို အဓမ္မပြုကျင့်သည့် အဖြစ်အပျက် များရှိကြောင်း သိရှိရသည်။
မညိုညိုဝင်းကဲ့သို့ပင် မုန်တိုင်းလွန်ကာလတွင် အဓမ္မပြုကျင့်ခံရပြီး
လက်စဖျောက်ခံရသော တခြားအမျိုးသမီးငယ်တဦးမှာ အသက် ၁၅ နှစ်အရွယ်
ကရင်အမျိုးသမီးငယ် ဖြစ်ကြောင်း မျက်မြင်တွေ့ရှိခဲ့သူ လပွတ္တာခရိုင်၊ ၀ါးဘိုးကုန်း
ကျေးရွာသား တဦးက ပြောဆိုသည်။
မုန်တိုင်းပြီးသော အခါ အသက်မသေဘဲ ကျန်ရစ်ခဲ့သော ထိုအမျိုးသမီးငယ်မှာ
အပေါ်အင်္ကျီစုတ်ပြဲသွားပြီး အတွင်းခံဘောင်း ဘီတိုကလေးနှင့် ၀တ်စရာ လုံခြည်၊ အင်္ကျီ
လိုက်ရှာရာမှ ပစ္စည်းလိုက်ကောက်နေသူ အမျိုးသားကြီး ၂ ဦးက မုဒိမ်းကျင့်ကာ အဆိုပါ
မိန်းကလေးကို ရေနှစ်သတ်ခဲ့သည်ကို မြင်တွေ့ခဲ့ရသူ ရွာသားက ပြောပြခြင်းဖြစ်သည်။
“အဲဒီအချိန်တုန်းက ကျနော် ကြောက်လွန်းလို့ သေချင်ယောင် ဆောင်နေတာပါ။ သူတို့မှာ
တုတ်နဲ့ ဓားရှည် တွေပါတယ်။ သူတို့က သေနေတဲ့ လူတွေဆီကနေ ပစ္စည်းတွေဖြတ်ယူ
နေကြတယ်။ ကောင်မလေးကို တွေ့သွားတော့ သူတို့ မတရားလုပ် တာအားလုံးမြင်တယ်။
ဒါပေမယ့် ကျနော် ကြောက်ပြီး ၀င်မကူနိုင်ခဲ့ဘူး” ဟု သူက စိတ်ထိခိုက်စွာ ပြောဆိုသည်။
ထိုအဖြစ်အပျက်ကဲ့သို့ပင် လပွတ္တာခရိုင်၊ ပြင်စလူ မြို့နယ်၊ ကွင်းလျား ကျေးရွာတွင်လည်း
အသက် ၁၆ နှစ်အရွယ် ကရင် မိန်းကလေးတဦးကို တပ်မ ၆၆ မှ ဗိုလ်ကြီးတဦးနှင့် နောက်
လိုက် ၂ ဦးက အဓမ္မပြုကျင့်ပြီး လယ်ကွင်း ရိုးပြတ်များကြားတွင် သတ်ဖြတ်ကာ
ပစ်ထားခဲ့ကြောင်း မြင်တွေ့ခဲ့ရသော ကွင်းယားကျေးရွာသား တဦးက ပြောပြသည်။
ထိုကိစ္စ မှာ နာဂစ်ဖြစ်ပြီး ၁ လ အကြာ၊ ကယ်ဆယ်ရေးစခန်းများမှ နေရပ်ရင်းဒေသသို့
အသီးသီး ပြန်လွှတ်ပြီးချိန်တွင် ဖြစ်ပွားခဲ့ခြင်းဖြစ်ပြီး ထိုကိစ္စကို ပြောဆိုပါက ရွာတရွာလုံးကို
မီးရှုံ့မည်ဟု ၎င်း ဗိုလ်ကြီးက ခြိမ်းခြောက်ပြောဆို ထားသော ကြောင့် အဆိုပါ
ကျေးရွာသားများမှာ ထိုအဖြစ် အပျက်ကို မပြောရဲကြကြောင်း သိရသည်။
ယခုအခါ မိန်းကလေးကို အဓမ္မပြုကျင့်ခဲ့သူ စစ်ဗိုလ်နှင့်နောက်လိုက် ၂ ယောက်အား တပ်မ
၆၆ က လပွတ္တာ နယ်မှ တခြား နယ်သို့ ပြောင်းရွှေ့ခဲ့သည်ဟု ကွင်းလျားကျေးရွာသားက
ဆိုသည်။
ထို့အပြင် အမျိုးသမီးများ၏ ဘ၀လုံခြုံရေးကို ထိခိုက်လျက်ရှိသော တခြားပြဿနာ တခုမှာ
မုန်တိုင်းကြောင့် ပျက်ဆီးခဲ့သော ကျေးရွာများတွင် ပြန်လည်နေထိုင်ရန် ခက်ခဲနေခြင်း
ဖြစ်သည်။
“ကျမတို့ရွာမှာ မသေဘဲကျန်ခဲ့တာ ယောက်ျား ချည်းပဲ ၈ ယောက်ရှိတယ်။ မိန်းမဆိုလို့
ကျမ တယောက်တည်း။ အဲဒါ ဘယ်လိုလုပ်ပြီး ပြန်နေရမလဲ” ဟု နာဂစ်မုန်တိုင်းဒဏ်ကို
ပြင်းပြင်း ထန်ထန် ခံစားခဲ့ရသော လပွတ္တာ၊ ပြင်စလူကျွန်းမြို့နယ်၊ ဆိပ်ကြီး ကျေးရွာသူ
တဦးက ဆို သည်။
မုန်တိုင်းကြောင့် သေဆုံးကြရသူများတွင် ကလေးများနှင့်အမျိုးသမီးများမှာ
သေဆုံးကြသူများ၏ ၆၄ ရာခိုင်နှုန်း ဖြစ်ကြောင်း ယူနီဆက်၏ စာရင်းထုတ်ပြန်ချက်အရ
သိရှိရသည်။
လက်ရှိကျေးရွာများတွင် အသက်မသေဘဲ ကျန်ရစ်သူ အများစုမှာ
အမျိုးသားများသာဖြစ်ပြီး အမျိုးသမီးများမှာ ၅ ပုံ ၁ ပုံခန့် သာ ကျန်ရှိတော့ကြောင်း
ပြည်တွင်းအန်ဂျီအိုတစ်ခုမှ စစ်တမ်း ကောက်ယူမှုအရ သိရှိရသည်။
မုန်တိုင်းကြောင့် အသက်မသေဘဲ ကျန်ခဲ့သူအမျိုးသမီးများအတွက် ဘ၀လုံခြုံရေးသည်
တစထက် တစ ပိုမိုခက်ခဲ့လာသော အနေအထားမျိုးနှင့် တွေ့ကြုံနေရသည်ဟု အဆိုပါ
အန်ဂျီအိုမှ တာဝန်ရှိသူတဦးက ပြောဆိုသည်။
ဒေသဆိုင်ရာ အာဏာပိုင်များက ထိုကိစ္စများအပေါ် အရေးယူဆောင်ရွက်ပေးခြင်း
မရှိသော ကြောင့် လက်ရှိအခြေအနေတွင် ခွဲတမ်းပစ္စည်း ဝေပေးသည့်အခါ သွားယူသူ
အမျိုးသမီးများ အမျိုးသမီးများအား ရဲဘော်များက လက်ဆွဲခြင်း၊ ပုခုံးဖက်ခြင်း စသဖြင့်
ပြုလုပ်ကြကြောင်း ဒေသခံများ၏ ပြောပြချက်အရ သိရသည်။
“ဆန်ခွဲတမ်းဝေတဲ့နေ့က ရဲဘော်တယောက်က ကျုပ်သမီးကို လိုက်ဆွဲလို့ ဗိုလ်ကြီးကို
သွားတိုင်တယ်၊ ဗိုလ်ကြီးက ခင်ဗျား သေချင်နေပြီလား အေးအေးနေလို့ ပြောပြီး ကျုပ်ကို
တဲထဲကနေ ဆွဲထုတ်ခိုင်းတယ်” ဟု ကျောင်းကုန်း ကျေးရွာ အုပ်စုတွင် နေထိုင်သူ ကရင်
အမျိုးသားကြီးတဦးက ပြောပြသည်။
ထိုအမျိုးသားကြီးလိုပင် သမီးတော်စပ်သူ၊ တူမတော်စပ်သူ၊ ညီမ၊ အစ်မ တော်စပ်သူများ
အပေါ် စိုးရိမ်မကင်း ရှိနေကြသော ရွာသားများမှာ အခြေစိုက်ရုံးများရှိရာ မြို့ပေါ်အထိ
သွားရောက် တိုင်ကြားခဲ့ကြသော်လည်း ယနေ့ထိတိုင် ဆောင်ရွက်ပေး ခြင်း မရှိဟု
သိရသည်။
“ကျနော့် အစ်မကို ဆွဲတဲ့ကိစ္စနဲ့ ပတ်သက်ပြီး လပွတ္တာမြို့ပေါ်ထိ တိုင်စာရေး တိုင်ထားတာ
ခုချိန်ထိ အရေး မယူတဲ့အပြင်၊ ကျနော့်ကိုပါ ညှိုးပြီး လုပ်အားပေးဆင်းခိုင်းတာ ရက်ဆက်ပဲ
ပြင်စလူမြို့ထိ အသွားအပြန် လမ်းလျှောက်ပြီး လုပ်အားပေး ဆင်းပေးနေရတယ်” ဟု
လပွတ္တာ၊ ပြင်စလူမြို့နှင့် ၁၂ မိုင်ခန့်ဝေးသော ကျေးရွာတရွာတွင်နေထိုင်သူ တဦးက
ပြောဆိုသည်။
မုန်တိုင်းပြီးနောက် ကျေးရွာများတွင် အသက်မသေဘဲ ကျန်ရစ်သူ အများစုမှာ
အမျိုးသားများသာ ဖြစ်နေသည့် အပြင် စစ်တပ်များမှ တပ်သားများကလည်း
ရွာများထဲတွင် အချိန်မရွေး ၀င်ထွက်သွားလာမှုများ ရှိနေပြီး ဒေသခံ များအား ခိုင်းစေ ခြင်း
အမျိုးသမီးများကို ၎င်းတို့တဲများ သို့ ခေါ်သွားပြီး ခိုင်းစေခြင်းများ ရှိနေသောကြောင့်
မုန်တိုင်းကြောင့် အသက်မသေဘဲ ကျန်ရစ် ခဲ့ရသော အမျိုးသမီးများမှာ ၎င်းတို့၏
ဘ၀လုံခြုံရေးအတွက် အစဉ်အမြဲ စိတ်ပူပင် နေရသော အနေအထားမျိုးဖြစ် နေကြောင်း
သိရှိရသည်။
အဆိုပါဒုက္ခသည်များ အနေနှင့် တခြားနေရာဒေသသို့ ပြောင်းရွှေ့နေထိုင်ရန်အတွက်
စဉ်းစားကြသော်လည်း ၎င်းတို့၏ မှတ်ပုံတင်များမှာ နာဂစ်ကြောင့် ပျက်ဆီးဆုံးရှုံးခဲ့ရပြီး
ယခုအခါ မှတ်ပုံတင်မရှိတော့သောကြောင့် ဒေသတခုမှ တခုသို့ ပြောင်းရွှေ့နေထိုင်ရန်
မဖြစ်နိုင်ကြောင်း သိရှိရသည်။

Read More...

ငွေစက္ကူလှုပ်ရှားမှု

တော်လှန်ရေးမောင်နှမများနှင့်သူငယ်ချင်းများခင်ဗျား



ပြီးခဲ့သည့်နှစ်ကပေါ်ပေါက်ခဲ့သောစက်တင်ဘာ ရွှေဝါရောင်တော်လှန်ရေးကြီး အတွင်းကမတရားစွပ်စွဲ ဖမ်းဆီးခံခဲ့ရသော
သံဃာတော်များ၊ကျောင်းသာလူငယ်များ၊ လူထုခေါင်းဆောင်ဒေါ်အောင်ဆန်းစုကြည်နှင့်အခြားသောယုံကြည်ချက်ကြောင့်
အကျဉ်းကျနေရသောသူများအားလုံးကိုချွင်းချက်မရှိအမြန်ဆုံးလွှတ်ပေးရေးအတွက်ဗမာနိုင်ငံလုံးဆိုင်ရာကျောင်းသားသမဂ္ဂများအဖွဲ့ချုပ်၊တရားမျှတရေးမျိုးဆက်သစ်လူငယ်များလှုပ်ရှားမှုအဖွဲ့၊
Generation Wave (မျိုးဆက်သစ်လူငယ်များအစည်းအရုံး) နှင့်အခြားသောတက်ကြွလှုပ်ရှားသည့်အင်အားစုများနှင့်
အချို့သောပြည်သူလူထုတို့မှငွေစက္ကူများပေါ်တွင်
၁- ရွှေဝါရောင်တော်လှန်ရေးသံဃာများလွှတ်ပေး၊
၂- ဒေါ်အောင်ဆန်းစုကြည်နှင့်တကွနိုင်ငံရေးအကျဉ်းသားများအားလွှတ်ပေး

ဟုရေးသားဆန္ဒထုတ်ဖော်ခြင်းလှုပ်ရှားမှုကိုလုပ်ဆောင်လျက်ရှိနေပါသည်။
ပြည်သူအပေါင်းမှလည်းပူးပေါင်းပါဝင်ဆန္ဒထုတ်ဖော်ကြပါရန်တိုက်တွန်းနှိုးဆော်အပ်ပါသည်။
ဓါတ်ပုံသစ်များလည်းဆက်လက်ဖြန့်ဝေပေးပို့သွားပါမည်။

Read More...

Wednesday, October 1, 2008

လက်ဆင့်ကမ်းလိုက်တယ်ဗျို့

အကိုအမများ သူငယ်ချင်းများခင်ဗျား

ညီလေးတယောက်ပို့လာတဲ့ပုံပြင်လေးလက်ဆင့်ကမ်းလိုက်ပါရစေ။
ကျွန်တော်တို့ မြန်မာနိုင်ငံသားတိုင်းရင်းသား
ပြည်သူပြည်သားတိုင်း
ဆင်ခြင်သင့်တဲ့အတွေးအခေါ်တရပ်ပါပါတယ်။
ဒီထက်ပိုပြောရရင် လူသားတိုင်းရဲ့အရေးဟာလူသားတိုင်းနဲ့သက်ဆိုင်ကြောင်း
ခံယူနိုင်ကြစေချင်ပါတယ်....
လက်ရှိအာဏာရှင်စနစ်ဆိုးကြီးအောက်မှာ မိမိကိုတိုက်ရိုက်မထိသေးလို့
မိမိနဲ့မဆိုင်ဘူးလို့မှတ်ထင်နေပြီး နိုင်ငံ့အရေးကို ခေါင်းရှောင်နေကြတဲ့သူတွေ
သန်း၅၀ကျော်ရှိပါတယ်။အာဏာရှင်ဆိုတာ သူ့အာဏာခိုင်မြဲဖို့အတွက်လိုအပ်လာရင်
ဘယ်သူ့မှမချန်ပါဘူး။။။။။။ပုံပြင်လေးနဲ့နှိုင်းယှဉ်ကြည့်ကြပါ......
"ကြွက်ထောင်ချောက်"

ကြွက်ဟာ အက်ကွဲနေတဲ့ အုတ်နံရံ ကြားကနေ လယ်သမား လင်မယား၊ အထုပ်တစ်ထုပ်
ဖြေနေတာကို စိတ်ဝင်တစား ကြည့်နေလေရဲ့။ အထဲမှာ ဘာမုန့်များ ပါလေမလဲ လို့
စိတ်ထဲက မျှော်တလင့်လင့်နဲ့ ကြည့်နေတယ်။ ဒါပေမယ့် သူ စိတ်ပျက်စွာ
မြင်တွေ့လိုက်ရတာက ကြွက်ထောင်ချောက် တစ်ခု။ လယ်သမားကြီးဟာ အိမ်ထဲက
တစ်နေရာမှာ သွားချထားလိုက်တယ်။ အဲဒါကို မြင်လိုက်တဲ့ ကြွက်ဟာ အားရပါးရ
အော်ပြီး လယ်ကွင်းထဲ ပြေးထွက်သွားတယ်။ အားလုံးကို သိစေချင်လို့ အသိပေးတဲ့
သဘောပေါ့။ အိမ်ထဲမှာ ကြွက်ထောင်ချောက် တစ်ခု ရှိတယ်ဗျို့၊ အိမ်ထဲမှာ
ကြွက်ထောင်ချောက် တစ်ခု ရှိတယ်ဗျို့။ မြေကြီးကို ခြေထောက်နဲ့ ယက်ပြီး
အစာရှာနေတဲ့ ကြက်ဖကြီးက ခေါင်းမော်ကြည့်ပြီး စိတ်ပျက်တဲ့ လေသံနဲ့
ပြောလိုက်တယ်။
အော် ... ကိုကြွက်ရယ်၊ မင်းအတွက်တော့ သေတွင်းပဲလို့ ငါပြောလို့ရပါတယ်။
ဒါပေမယ့် ငါ့အတွက်တော့ အလကားပါ။ ဘာမှ မဟုတ်တဲ့ကိစ္စနဲ့ ငါ့
ခေါင်းလာမရှုပ်နဲ့ကွာ။

ကြွက်က ၀က်ဘက်ကို လှည့်ပြီး အိမ်ထဲမှာ ကြွက်ထောင်ချောက် တစ်ခု ရှိတယ်ဗျ
လို့ ပြောလိုက်တယ်။ ၀က်က ကရုဏာသက်တဲ့ မျက်နှာပေးနဲ့ ကြည့်ပြီး
ပြောလိုက်တာက
အတော်လေးကို စိတ်မကောင်းပါဘူးဗျာ။ တကယ်တော့ ကျနော်အနေနဲ့ ခင်ဗျားကို
ဆုတောင်းပေရုံက လွဲလို့ ဘာမှ မလုပ်ပေးနိုင်ပါဘူး။ သေချာတာတစ်ခုက
ခင်ဗျားအတွက် ကျနော် အမြဲ ဆုတောင်းပေးနေပါတယ်။

ကြွက်က နွားဘက် လှည့်ပြီး အိမ်ထဲမှာ ကြွက်ထောင်ချောက် ရှိတဲ့ အကြောင်း
ထပ်ပြောလိုက်တယ်။ နွားက
ဝိုး ... ၀မ်းနည်းပါတယ်ဗျာ။ ဒါပေမယ့် ကျနော့် နှာခေါင်းကိုတော့ ညှပ်စရာ
အကြောင်း မရှိဘူးလေ။ လို့ ပြန်ပြောလိုက်တယ်။

ဒီလိုနဲ့ ကြွက်ဟာ စိတ်ပျက်အားငယ်စွာနဲ့ ခေါင်းငိုက်စိုက်ပြီး အိမ်ထဲကို
ပြန်ဝင်လာခဲ့တယ်။
အော် ... လယ်သမားကြီးရဲ့ ကြွက်ထောင်ချောက်ကို ငါ တစ်ကောင်တည်း
ရင်ဆိုင်ရတော့မှာ ပါလား။

တစ်ညတော့ ဗြောင်း ဆိုတဲ့ အသံက အိမ်ထဲမှာ အတော်လေး ညံသွားတယ်။ အကောင်
တစ်ကောင်ကောင်ကို ညှပ်မိလို့ ကြွက်ထောင်ချောက်က မြည်တဲ့ အသံလိုပဲ။
လယ်သမားရဲ့ မိန်းမက ဘာအကောင်များ မိသလဲလို့ သိချင်ဇောနဲ့
ကြွက်ထောင်ချောက် ရှိတဲ့ဆီ အတင်းကို ပြေးသွားတယ်။ အမှောင်ထဲမှာ ဆိုတော့
အမြီး ညပ်လို့ ဒေါသ တချောင်းချောင်း ထွက်နေတဲ့ မြွေကို မမြင်လိုက်မိဘူး။
အဲဒီတော့ အမျိုးသမီးရဲ့ ခြေထောက်ကို မြွေပေါက်ခံလိုက်ရတော့တယ်။
ဆေးကုသဖို့အတွက် လယ်သမားကြီးဟာ သူ့မိန်းမကို ဆေးရုံ အမြန်ပို့လိုက်ရတယ်။
အိမ်ပြန်ရောက်တော့ မြွေဆိပ်ကြောင့် အမျိုးသမီးကြီး အဖျားတွေ တက်နေတယ်။

အဖျားတက်နေတဲ့ လူနာကို အားရှိသွားအောင် လတ်ဆတ်တဲ့ ကြက်စွတ်ပြုပ်
လုပ်တိုက်ရတယ် ဆိုတာ လူတိုင်း သိနှင့်ပြီးသားပါ။ ဒါနဲ့ လယ်သမားကြီးဟာ
ကြက်စွတ်ပြုပ် လုပ်ဖို့ လယ်ကွင်းထဲကို ဓါးတစ်ချောင်းနဲ့ ဆင်းသွားလေရဲ့။

ဒါပေမယ့် အမျိုးသမီးကြီးရဲ့ ကိုယ်ပူရှိန်ဟာ မကျဘဲ တက်မြဲ တက်နေလေရဲ့။
အိမ်နီးနားချင်းတွေ၊ သူငယ်ချင်းတွေက လူနာလာမေးရင်း နေကောင်းစေဖို့
နည်းလမ်းကောင်းတွေ လာပြီး ဆွေးနွေးပေးကြတယ်။ တနေကုန်ပဲ ဆိုပါတော့။
သူတို့တွေကို ကျွေးဖို့ မွေးဖို့ ၀က်သားကို ဖော်ရတော့တယ်။

နောက်ဆုံးတော့ အမျိုးသမီးကြီး ဘယ်လိုမှ မသက်သာနိုင်ဘဲ
ကွယ်လွန်သွားရှာတယ်။ နာရေးမှာ လူအတော်များများ အသုဘရှု လာကြတယ်။
လာသမျှလူတွေကို ဧည့်ခံဖို့ လယ်သမားကြီး ခမျာ လောက်ငှအောင် အမဲသားဟင်းကို
စီစဉ်ရတော့တယ်။

ကိုကြွက်ကတော့ ဖြစ်သမျှ အားလုံးကို အက်ကွဲနေတဲ့ အုတ်နံရံကြားကနေ
စိတ်သောကကြီးစွာနဲ့ပဲ ကြည့်နေမိတော့တယ်။

၀၀၀၀၀၀၀၀၀၀၀၀၀၀၀၀၀၀၀၀၀၀၀၀၀၀

နောင်တစ်ချိန် လူတစ်ဦးတစ်ယောက်က ပြဿနာနဲ့ ရင်ဆိုင်နေရတဲ့အခါ ငါနဲ့

မဆိုင်ပါဘူးလို့ တွေးလိုက်မိရင် ... သတိရပါ။ ကျနော်တို့ထဲက
တစ်ယောက်ယောက်ဟာ ခြိမ်းခြောက် ခံနေရပြီ ဆိုရင် အဲဒီ အန္တရာယ်ဟာ ကျနော်တို့
အားလုံးအပေါ် ကျရောက်လာတာပဲ။ တခြားသူတွေ အပေါ်မှာ မျက်စိဒေါက်ထောက်ပြီး
ဂရုတစိုက် ရှိသင့်သလို တစ်ယောက်ကို တစ်ယောက်လည်း အားပေးပြီး အစွမ်းကုန်
ကူညီတတ်ဖို့ လိုပါတယ်။ ကျနော်တို့ အားလုံးဟာ ဘ၀လို့ ခေါ်တဲ့ ခရီးစဉ်ထဲက
တစ်ဖောင်တည်းစီး ခရီးသွားဖော်ချင်း အတူတူပါ။



ဒါကတော့ တောင်အာဖရိက ကနိုဘယ်လ်ဆုရှင် ဘုန်းတော်ကြီး ဒက်စ်မွန်တူးတူးရဲ့ စကားပါ။
ရှေ့ကပုံပြင်နဲ့မတူပေမယ့် မဆိုင်သလိုနေတဲ့သူတွေအတွက် ဥပမာပေးရာမှာတော့ နီးစပ်မှုရှိပါတယ်။

"မတရားမှုတခုမှာ သင်ဟာ ကြားနေတယ်ဆိုရင်...
သင်ဟာ ဖိနှိပ်သူဘက်က လိုက်ဖို့ ရွေးချယ်လိုက်တာနဲ့ အတူတူဘဲ"


"If you are neutral in a situation of injustice,
you have chosen to side with the oppressor."

(ငြိမ်းချမ်းရေး နိုဘယ်လ်ဆုရ ဘုန်းတော်ကြီး ဒက်စမွန်တူးတူး)



ကျွန်တော့်ဘ၀မှာလည်း အမြဲမှတ်မိနေတဲ့စကားတခွန်းရှိပါတယ်။ ပြောခဲ့တဲ့သူက
ကျွန်တော့်အဒေါ် ကျောင်းဆရာမ အပျိုကြီးပါ။ ကျွန်တော့်ကို အရမ်းချစ်သလောက်
အရမ်းထိန်းချုပ်ဖို့ကြိုးစားလို့ ကျွန်တော်ကသူ့ကိုအမြဲ ကလန်ကဆန်လုပ်လေ့ရှိပါတယ်။
အကြောမတည့်ဘူးပေါ့ဗျာ။။။။။။။
ဒါပေမယ့်သူပြောသမျှ ဆုံးမစကားတွေထဲမှာ ကျွန်တော်ခုထိမှတ်ထားတဲ့စကားတခွန်းကတော့

"တာဝန်သိသူမှာပဲတာဝန်ရှိတယ်" တဲ့

လူသားတိုင်းမှာ မိမိလူ့အဖွဲ့အစည်းနဲ့ လူသားထုတရပ်လုံးရဲ့ ငြိမ်းချမ်းရေး၊cတရားမျှတရေးတို့ကို
ထိန်းသိမ်းကာကွယ်ဖို့တာဝန်ရှိကြောင်းသိကြပါစေဗျာ...။။။။။။။။။။။။။။
ဘဘသန်းရွှေကြီးနဲ့အပေါင်းအပါတွေလည်းပါသပေါ့.....

Read More...