DREAM ANGEL သို့ လာရောက်လည်ပတ်ကြသူအားလုံးကို DREAM ANGEL မှ ကျေးဇူးအထူးတင်ရှိပါတယ်.........

Thursday, January 22, 2009

ရွှေသမင်ဘယ်ကထွက်

၂၀၀၉ ခုနှစ် ဇန်နဝါရီလ (၇) ရက် ဗုဒ္ဓဟူးနေ့ညနှင့် (၁၀) ရက်စနေနေ့ညများတွင် ဗွီအိုအေ မြန်မာပိုင်း အစီအစဉ်မှ ထုတ်လွှင့် ခဲ့သော မြန်မာ့အရေး သုံးသပ်ချက်နှင့် တိုက်ရိုက်လေလှိုင်း အသံလွှင့်ချက် များကို နားထောင်အပြီး ဤစာကို ရေးဖြစ်ခြင်း ဖြစ်ပါသည်။ အစီအစဉ်နှစ်ရပ်စလုံးတွင် စီစဉ်သူဦးကျော်ဇံသာ အဓိက ထားမေးမြန်းခဲ့သော အချက်များမှာ မြန်မာနိုင်ငံသည် လွတ်လပ်ရေးရချိန်က အခြားသော အရှေ့တောင်အာရှ နိုင်ငံများထက် ဖွံ့ဖြိုး တိုးတက်ရန် ရေခံမြေခံများရှိခဲ့သော်လည်း ယနေ့အချိန်တွင် မြန်မာပြည်သူလူထု ရင်ဆိုင်ဖြတ်သန်းနေရသော ဘက်စုံဆင်းရဲကျပ်တည်းမှုကို ဆိုက်ရောက်လာအောင် အတိတ်က ဘယ်လို အမှားတွေ ကျူးလွန်းမိခဲ့ကြပါသလဲ။ ဒီလိုမှားယွင်းတဲ့ လုပ်ဆောင်မှုတွေအတွက် မည်သူတွေမှာ တာဝန်ရှိ ပါသလဲ။

အမှားကျူးလွန်မိသူတွေဟာ သိလျက်နဲ့မှားခဲ့ တာလား ဒါမှမဟုတ် တမင်ရည်ရွယ်ချက်မရှိဘဲ လုပ်မှားကိုင်မှား ဖြစ်ခဲ့ကြသလား ဆိုတာတွေ ဖြစ်သည်ဟု ယေဘုယျအားဖြင့် ကျွန်တော် နားလည် မိပါသည်။ ခေတ်သစ်မြန်မာပြည်နှင့် မြန်မာ့လူ့အဖွဲ့အစည်းကို အောက်ကျနောက်ကျဖြစ်အောင် တွန်းပို့ပေးသော အတိတ်က အမှားများ အနက် ဖက်ဆစ်ဂျပန်ဆန့်ကျင်ရေး ကာလအစောပိုင်းမှ ဖြစ်ပေါ်ခဲ့သော လုပ်ရပ်အမှား များ၏ ဒါဏ်ရာဒါဏ်ချက်များသည် ကြီးလေးသော အခန်းတစ်ရပ်မှ ပါဝင်နေပါသည်။ အထူးသဖြင့် ထိုအချိန်က တပ်မတော်အတွင်းနှင့် ဦဆောင်နိုင်ငံရေး တပ်ပေါင်းစုကြီးဖြစ်သော ဖဆပလအတွင်း ပြင်းထန်သော ပဋိပက္ခများ ကို ဖြစ်ပေါ်စေခဲ့သည့် နိုင်ငံရေးအတွေအခေါ် (အိုင်ဒီအိုလိုဂျီ)အစွဲသန်မှုကို အခြေခံ၍ ဖြစ်ပေါ်လာသော လုပ်ရပ် များဖြစ်ပါသည်။


ဗိုလ်ချုပ်အောင်ဆန်းက မပြီးဆုံးသေးသော လွတ်လပ်ရေးတိုက်ပွဲကို ဆက်လက်ဆင်နွှဲ နိုင်ရန်အတွက် တပ်ကိုအင်အားကြီးမား၍ စည်းကမ်းသေဝပ်သော တပ်မတော်ဖြစ်ရန်အစဉ်တစိုက်ကြိုးပမ်းဆောင်ရွက်ခဲ့သည်။ တပ်မတော်အနေဖြင့် အရပ်ဘက်အုပ်ချုပ်ရေး ကိစ္စများတွင်ဝင်ရောက်စွက်ဖက်ခြင်းမပြုရန်။ နိုင်ငံရေးပါတီ များနှင့် ကင်းကင်းရှင်းရှင်းရှိရန် ကြိုးပမ်းလုပ်ဆောင်ခဲ့ပါသည်။သို့ရာတွင် ဖက်ဆစ်တော်လှန်ရေးကို အကြောင်းပြု၍ လည်းကောင်း၊ ယခင်ကတည်းက ရှိနေခဲ့သော ကွန်မြူနစ်ဝါဒယုံကြည်သူတပ်မှူးများကို အကြောင်းပြု၍ လည်းကောင်း သခင်စိုးဦးဆောင်၍ ၎င်းတို့နှင့် ထိတွေ့မျှတပ်မှူးတပ်သားများကို ကွန်မြူနစ်သင်တန်းပေးကာ စည်းရုံး သိမ်းသွင်းသည်။ တပ်တွင်း၌ ကေဒါများ မွေးမြူသည်။ ထို့အတူ ဦးဘဆွေ၊ ဦးကျော်ငြိမ်းတို့ ဦးဆောင်သော ပြည်သူ့အရေးတော်ပုံပါတီ(ဆိုရှယ်လစ်ပါတီ) ကလည်းတပ်မတော် အတွင်း၎င်းတို့နှင့်နီး အသိုင်းအဝိုင်းတစ်ခု တည်ထောင်ထားသည်။

ဖက်ဆစ်တော်လှန်ရေး ပြီးဆုံးပြီးနောက်ပိုင်း ဖဆပလ အဖွဲ့ကို ကွန်မြူနစ်နှင့် ဆိုရှယ်လစ်အုပ်စုများ က
“ဘတစ်ပြန် ကျားတစ်ပြန်” လွှမ်းမိုးထားခဲ့သည်။ ဖဆပလ အဖွဲ့ကြီးအတွင်း အင်အားအကြီးမားဆုံးဖြစ်သော ကွန်မြူနစ်နှင့် ဆိုရှယ်လစ်တ၏ ပဋိပက္ခကပင် လွတ်လပ်ရေးရပြီးနောက် ပြည်တွင်း စစ်ကိုဦးတည်ခဲ့ သည်။လွတ်လပ်ရေးမရမီကပင် ကွန်မြူနစ်ပါတီ (၂)ခြမ်းကွဲခဲ့ပြီး အလံနီကွန်မြူနစ်ပါတီ တောခိုခြင်း၊ လွတ်လပ် ရေးရပြီးနောက် အလံဖြူ ကွန်မြူနစ်ပါတီတောခိုခြင်း၊ အာဏာရ ဖဆပလ အတွင်း ဆိုရှယ်လစ်အုပ်စုများ ပြိုကွဲခြင်းတို့က သက်သေခံနေပါသည်။

မြန်မာပြည်လွတ်လပ်ရေးလှုပ်ရှားမှုကြီး အထွတ်အထိပ် ရောက်ရှိနေချိန်တွင် ထိုအရေးတော်ပုံ ကြီးကို ဦးစီးဦး ဆောင်ပြုခဲ့သော (ကွန်မြူနစ်၊ ဆိုရှယ်လစ်) လက်ဝဲ အင်အားစု အချင်းချင်းညီညွတ်ရေး မတည်ဆောက်နိုင်သဖြင့် ပြည်တွင်းစစ်ဖြစ်ပွားရပြီး စစ်တပ်အင်အားကြီးထွားလာကာ အာဏာရှင်ကို တံခါးဖွင့်ပေးသည့် အခြေအနေမျိုးရောက်ရှိ ခဲ့ရခြင်းဖြစ်ပါသည်။တိုင်းရင်းသား လူမျိုးစုများအရေးတွင် မှန်ကန်စွာဖြေရှင်းပေးနိုင်ခြင်း မရှိသဖြင့် လူမျိုးရေးမကျေမနပ်မှုများကိုအခြေခံ၍ တိုင်းရင်းသား တော်လှန်ပုန်ကန်မှုများ ဖြစ်ပေါ်ခဲ့သည်။ သို့ရာတွင် လူမျိုးစုလက်နက်ကိုင်တော်လှန်မှုများ၊ ပြည်ပဝင်ရောက်စွက်ဖက်မှုများမှာ အစိတ်အပိုင်း တစ်ခုသာ ဖြစ်ခဲ့ပြီးအရင်းခံကျသော ပြဿနာတစ်ရပ်မဟုတ်ပေ။အမြော်အမြင်ကြီးသော ဗိုလ်ချုပ်အောင်ဆန်းက တပ်မတော်ကို သီခြားကာကွယ်ရေး အင်အားစုတစ်ရပ် အဖြစ် ကိုင်တွယ်စီမံခဲ့ သော်လည်း ကွန်မြူနစ်တပ်မှူး၊ ဆိုရှယ်လစ်တပ်မှူးများ ပေါ်ထွက်လာကာပြည်တွင်းစစ်ပွဲမှာ စေ့စပ်၍မရအောင် သဲကြီးမဲကြီး တိုက်ခိုက်ခဲ့ကြသည်။ ဗိုလ်ချုပ်ဘဝနောက်ဆုံးအချိန်အထိ အားထုတ်ကြိုးပမ်း ခဲ့သော လက်ဝဲညီညွတ်ရေးလည်း အရာမထင်ခဲ့ပေ။

ထို့ကြောင့်
ယနေ့မြန်မာပြည်သူများ ခါးသီးစွာ ခံစားနေရ သော ဒုက္ခအပေါင်း၏ လက်သည် တရားခံမှာအတိတ်ကာလတစ်ချိန်က မြန်မာပြည်၏ ကံကြမ္မာကို ကြိုးကိုင် ချယ်လှယ်ခွင့် ရရှိခဲ့သောနိုင်ငံရေးအင်အားစုများမှ ခေါင်းဆောင်ပုဂ္ဂိုလ်များတွင် တာဝန်ရှိပေသည်။ဤသို့ ဆိုလျှင်သခင်ကိုယ်တော်မှိုင်းနှင့် ဗိုလ်ချုပ်အောင်ဆန်း ကစပြီး ဝေဖန် အပြစ်တင်ရမလို ဖြစ်နေပြီဟုဆိုသူများရှိပါသည်။ ဗိုလ်ချုပ်အောင်ဆန်း အနေဖြင့် ကွန်မြူနစ် ဆိုရှယ်လစ်သဘောတရားများကို တိုးတက်သောအယူအဆများ အဖြစ်လေ့လာ ခဲ့သည် မှန်သော်လည်းတရားသေကျကျလက်ခံ ခဲ့သည် မဟုတ်ပေ။ မာ့က်စ်နှင့် အိန်ဂျယ် တို့ကို ကိုယ်တိုင်က ၎င်းတို့၏အယူအဆမှာ တရားသေမဟုတ်ပဲအလုပ်လမ်းညွှန်သာ ဖြစ်ကြောင်း ရေးခဲ့ဘူးသည်ကို ကိုးကားပြီးထိုခေတ်အခါက လက်ဝဲဝါဒ ယုံကြည်သူများကို ဗိုလ်ချုပ်အောင်ဆန်း မကြာခဏ ဆုံးမသတိပေးခဲ့ပါသည်။ ညီညွတ်ရေး တည်ဆောက်ရမည့်အစား မိမိတို့ပါတီ ဂိုဏ်းကဏ အကျိုးစီးပွားကို ဦးစားပေးခဲ့သဖြင့် တည်ငြိမ်ဖွံ့ဖြိုးသော တိုင်းပြည်တစ်ခု မတည်ဆောက် နိုင်ရုံမျှသာမက ဗိုလ်ချုပ်လိုလူမျိုးကိုလည်း ဆုံးရှုံးခဲ့ရကြောင်း သခင်စိုး ကိုယ်တိုင် ဝန်ခံခဲ့သည်။

ထိုစဉ်က ညီညွတ်ရေးကို
ဦးစားပေးတည်ဆောက်နိုင်ခဲ့သော ဗီယက်နမ် ပြည်သူလွတ်မြောက်ရေးတပ်ဦးနှင့်လည်း နှိုင်းယှုဉ်လေ့လာသင့်ပါသည်။ခေတ်ကာလအလျောက် တိုးတက်ရေပန်းစားသော နိုင်ငံရေး အယူဝါဒကို လက်ကိုင်ပြု၍ ကြီးမားသော လူထုထောက်ခံမှုကို ရရှိခဲ့သော နိုင်ငံရေးခေါင်းဆောင်များက မိမိတို့ယုံကြည်ရာ လူတန်းစား အမြင်နှင့်မိမိတို့ ကိုယ်စားပြုရာပါတီ အကျိုစီးပွားကို ကျော်လွန်၍ တစ်မျိုးသားလုံးအတွက် လိုအပ်ချက်ကို ဖြည့်ဆည်း ဆောင်ရွက်နိုင်ခဲ့ခြင်း မရှိသောကြောင့်မည်သို့သော အကျိုးဆက်တွေဆက်လက်ဖြစ် ပေါ်လာခဲ့ပါသနည်း။ လွတ်လပ်ရေး သက်တမ်း (၆၀) ကြာလာသည့်တိုင် အာဏာရဆိုရှယ်လစ်ပါတီတွေရော လက်နက်ကိုင် ပုန်ကန်သူ ကွန်မြူနစ်များပါ မြန်မာပြည်တစုံတရာ တိုးတက်ပြောင်းလဲအောင် ကြိုးပမ်းဆောင်ရွက်ခွင့် မရခဲ့ကြပါပဲ တောထဲတောင်ထဲတွင်သာ အချိန်ကုန်ခဲ့ရပြီး အာဏာရှင်စစ်ဘီလူးကြီးကသာ ဆယ်စုနှစ် ပေါင်းများစွာ မြန်မာပြည်၏ ကံကြမ္မာကို ကားယားခွကာမင်းမူနေလေပြီ။ အာဏာရှင်က ရက်စက်စွာ ဖိနှိပ် အုပ်ချုပ်ပြီး တံခါးပိတ်စနစ်ကျင့်သုံးလိုက်သောအခါ မြန်မာစီးပွားရေး LDC အဆင့်ထိ နိမ့်ကျခဲ့ရပြီး မြန်မာပြည်သူလူထူဘဝမှာ ကမ္ဘာဖွံ့ဖြိုးမှုလမ်းကြောင်းနှင့် စည်းခြားခံခဲ့ရလေပြီ။

ရဲမြင့်အောင်

No comments: