DREAM ANGEL သို့ လာရောက်လည်ပတ်ကြသူအားလုံးကို DREAM ANGEL မှ ကျေးဇူးအထူးတင်ရှိပါတယ်.........

Monday, April 11, 2011

အရောင်းဆိုင်များ ငွေအကြွေပြန်မအမ်းဘဲ ကူပွန်အမ်းပါက ဥပဒေအရ အရေးယူမည်

ကုန်ပစ္စည်း ဖြန့်ဖြူးရောင်းချရာ ဌာနများဖြစ်သည့် စတိုးဆိုင်များ အပါအဝင် စားသောက်ဆိုင်များ၊ ဆေးဆိုင်များ၊ အင်တာနက်ဆိုင်များ စသည့် ဆိုင်များသည် ဝယ်ယူသုံးစွဲသူများကို ငွေအကြွေမအမ်းဘဲ အကြွေတန်ဖိုးနှင့် ညီမျှသော ဆိုင်တံဆိပ်များပါ ကူပွန်စာရွက်များ ပြန်ပေးခြင်း ပြုလုပ်ပါက အရေးယူသွားမည်ဖြစ်ကြောင်း သက်ဆိုင်ရာမှ သိရသည်။ အဆိုပါ ဆိုင်များမှ ငွေစက္ကူအစား ပြန်အမ်းလိုက်သည့် ကူပွန်စာရွက်များမှာ ယင်းသို့ ပြန်အမ်းလိုက်သည့် ဆိုင်တွင် အမြဲသွားရောက် ဝယ်ယူလေ့ရှိသူများအတွက် အခက်အခဲသိပ်မရှိလှသော်လည်း တစ်ခါတရံမှသာ ဝယ်ယူလေ့ရှိသူအများစု အခက်အခဲများ ဖြစ်ပေါ်လျက်ရှိကြောင်း သိရသည်။ ၎င်းကူပွန်စာရွက်မှာ နိုင်ငံတော်အစိုးရက ထုတ်ဝေသည့် ငွေစက္ကူ မဟုတ်သဖြင့် ဆိုင်တစ်ဆိုင်မှ ပေးလိုက်သော ကူပွန်စာရွက်ကို အခြားဆိုင်များက လက်မခံသဖြင့် ဝယ်ယူသူများမှ နစ်နာဆုံးရှုံးမှုများနှင့် ကြုံတွေ့ရကြောင်း သိရသည်။ “ဒီကူပွန်အမ်းတဲ့ စနစ်ကို အရင်ဆုံးလုပ်ခဲ့တာက နာမည်ကြီး အရောင်းဆိုင်တွေက စလုပ်ခဲ့တာ။ နောက်ပိုင်းမှာ တခြားဆိုင်တွေကပါ လိုက်လုပ်လာကြတာ” ဟုဝယ်ယူကြုံတွေ့ရသူတစ်ဦးက ပြောသည်။ ဝယ်ယူသူကို ငွေအကြွေပြန်မအမ်းဘဲ ကူပွန်ပြန်ပေးသည့် အရောင်းအဝယ် ဌာနများကို သက်ဆိုင်ရာမြို့နယ် အာဏာပိုင် အဖွဲ့အစည်းများက ဧပြီ ပထမပတ်နှင့် ဒုတိယပတ်များအတွင်း ကွင်းဆင်းစိစစ် ဆောင်ရွက်သွားမည်ဖြစ်ပြီး လိုက်နာမှုမရှိသော အရောင်းဌာနများကို ဥပဒေအရ အရေးယူ ဆောင်ရွက်သွားမည်ဖြစ်ကြောင်း ၂၀၁၁ ခုနှစ် ဧပြီ ၁၃ ရက်နေ့ထုတ် News Watch Weekly ဂျာနယ်တွင် ဖော်ပြထားပါသည်။
သတင်း - ခေတ်လူငယ်

Read More...