DREAM ANGEL သို့ လာရောက်လည်ပတ်ကြသူအားလုံးကို DREAM ANGEL မှ ကျေးဇူးအထူးတင်ရှိပါတယ်.........

Sunday, January 25, 2009

လူထုစိန်ဝင်းနှင့်ရေကြည်ရာမြက်နုရာ

လူငယ်ထုအပေါ်အမြဲလိုလို ကောင်းရာကောင်းကြောင်း အကြံပြုရေးသား တင်ပြပေးနေသည့် ဆရာလူထုစိန်ဝင်းနှင့် ရေကြည်ရာမြက်နုရာရှာကြသူ မြန်မာလူငယ်များအကြောင်း မေးမြန်းဖြစ်ခဲ့သည်များကို ...
ယခုတစ်ပတ် ဖော်ပြပေးလိုက်ပါသည်။ အသက်(၆၈)နှစ် ရှိနေပြီဖြစ်သည့် ဆရာလူထုစိန်ဝင်းသည် ကျန်းမာရေး အခြေအနေအရ နေအိမ်၌ပင် အေးအေးလူလူနေထိုင်ကာ စာပေများရေးသားရင်း လူငယ် များအတွက် စိတ်အာဟာရကို မွန်မြတ်သောစေတနာ၊ ကရုဏာဖြင့် ဖြည့်တင်းပေးလျက်ရှိကြောင်း လျှပ်တစ်ပြက်သတင်းဂျာနယ် စာမျက်နှာပေါ်မှ ဤသို့ချပြလိုက်ရပါသတည်း။

ဒီလူငယ်တွေ ပြည်ပကိုထွက်ခွာ အလုပ်လုပ်ကြတော့ သူတို့မှာ အဆင်ပြေတာလည်း ရှိတယ်။ တချို့ကျတော့ ဟိုနိုင်ငံသားခံယူလိုက်တာ လည်းရှိတယ်။ ဒီကိုပြန်လာတာလည်း ရှိတယ်ပေါ့ဆရာရယ်။ ဒီကအခြေအနေနဲ့ သူနဲ့မကိုက်လို့ဆိုပြီး ပြန်ထွက်လာတာလည်း ရှိ တယ်။ ဒီအပေါ် ဆရာဘယ်လိုဝေဖန် အကြံပြုလိုပါသလဲ။

ဆရာက အနှစ်(၂ဝ)ကျော်လောက် အင်္ဂလိပ်စကားပြော သင်တန်းဖွင့်ခဲ့တာကိုး။ နိုင်ငံခြားသွားချင် တဲ့ လူငယ်တွေတင်မကဘူး လူလတ်ပိုင်းလည်းပါတယ်။ လုပ်ငန်းခွင်ထဲ ရောက်နေတဲ့သူတွေ၊ အင်ဂျင် နီယာ၊ ဆရာဝန်တွေပါ ဆရာ့ကျောင်းမှာ လာတက်ကြတော့ အများကြီးတွေ့ခဲ့ပါတယ်။ သွားကြတဲ့ အထဲမှာ အလုပ်အကိုင်ကြောင့် သွားကြတဲ့ သူတွေနဲ့တော့ ဆရာနဲ့သိပ်မရင်းနှီးဘူး။ အဲဒီဟာတော့ ဆရာသိပ်မပြောတတ်ဘူး။ ပညာသင်ဖို့သွားကြတဲ့သူတွေ အကြောင်း ဆရာကပိုပြီးများများသိတယ်။
လူငယ်တွေ နိုင်ငံခြားသွားတာဟာ ဆရာကတော့ ကောင်းတဲ့လက္ခဏာလို့ပဲ မြင်တယ်။ ဒီလိုသွားမှ သူများနိုင်ငံတွေရဲ့ ကောင်းတာတွေလည်း သိလာတယ်။ မကောင်းတာလည်းသိလာတယ်။ မျိုးချစ်စိတ် ရှိတယ်ဆိုတာ နှိုင်းယှဉ်ချက်ရှိမှ မျိုးချစ်စိတ်ရှိတာ။ သူများနိုင်ငံတွေ ကောင်းတာတွေမြင်ရသလို၊ မကောင်းတာတွေလည်း မြင်တတ်ရမယ်။ အလားတူ ကိုယ့်နိုင်ငံရဲ့အားသာချက်၊ အားနည်းချက်တွေ လည်းသိလာမယ်။ အဲဒီလို နှိုင်းယှဉ်ပြီးသိတဲ့အခါမှ တို့လူမျိုးက ဘယ်လောက် ချစ်စရာကောင်းသလဲ၊ တို့လူမျိုးကဘယ်လောက် ယဉ်ကျေးမှု အဆင့်အတန်း မြင့်မားသလဲဆိုတာ သိလာမယ်။ အဲဒီကျမှ မျိုးချစ်စိတ်ဆိုတာ ပေါ်ထွက်နိုင်လာမယ်။ ဒီအတိုင်းနေလို့ မျိုးချစ်စိတ်ဆိုတာ ထွက်မလာဘူး။ ဒါကြောင့် မို့ နိုင်ငံခြားကိုသွားတယ်၊ လာတယ်ဆိုတာ ဆရာ့အနေနဲ့ သဘောကျတယ်။ ဆရာအနှစ်(၂ဝ)သင်ခဲ့ဖူး တော့ လူငယ်တွေဘာဖြစ်လို့ နိုင်ငံခြားသွားချင်သလဲဆိုတော့ ဆရာတွေ့သလောက်တော့ နိုင်ငံခြားကို အထင်ကြီးပြီး သွားချင်တဲ့သူကတော့ အင်မတန်နည်းပါတယ်။ မြန်မာလူငယ်လေးတွေ သွားချင်ကြ တယ်ဆိုတာ များသောအားဖြင့်မိဘကို လုပ်ကျွေးချင်လို့၊ ကျေးဇူးဆပ်ချင်လို့၊ ဒီအင်မတန်မွန်မြတ်တဲ့ ရည်ရွယ်ချက်ကလေးနဲ့သွားကြတာ။ ဆရာ့ကျောင်းမှာ တက်တော့ လူအများစုကလည်း ပညာတတ် လူငယ်တွေများတယ်။ အနိမ့်ဆုံးဆိုလည်း ဆရာက ဆယ်တန်းအောင်မှ လက်ခံတာကိုး။ ပညာတတ် တွေအများစု နိုင်ငံခြားကိုရောက်သွားပြီးတော့ မြန်မာလူမျိုးတွေ ဒုက္ခရောက်တယ်ဆိုတာ အင်မတန် နည်းပါတယ်။ မရှိသလောက်ရှားပါတယ်။ ရောက်တဲ့နေရာမှာ မြန်မာလူမျိုးဟာ အဆင်ပြေအောင် နေ တတ်၊ ထိုင်တတ်၊ လုပ်တတ်၊ ကိုင်တတ်တယ်။ နောက်တစ်ခါ မြန်မာလူမျိုးရဲ့ ပညာအဆင့်အတန်းက အိမ်နီးချင်းနိုင်ငံတွေနဲ့ ဆိုရင်အများကြီးကိုသာပါတယ်။ အထူးသဖြင့် အင်္ဂလိပ်စာနဲ့ ပတ်သက်လို့ပေါ့။ ဂျပန်နဲ့ယှဉ်မလား။ ကိုရီးယားတွေနဲ့ ယှဉ်မလား။ ဒီနားက ယိုးဒယားတို့ ဘာတို့ဆိုထည့်မပြောနဲ့တော့။ ထိပ်တန်းရောက်နေတဲ့ တရုတ်၊ ဂျပန်၊ ကိုရီးယားတို့နဲ့ယှဉ်ရင် အင်္ဂလိပ်စကားပြော၊ အင်္ဂလိပ်စာဖတ် နားလည်တဲ့နေရာမှာ မြန်မာက အဲဒီလူတွေထက် သုံး၊ လေးဆလောက်သာတယ်။အဲဒီတော့ မြန်မာလူမျိုးဟာ ဘယ်နိုင်ငံပဲရောက်ရောက် ဒုက္ခမရောက်ကြတော့ဘူး။ ဒါကြောင့် လူငယ်တွေ သွားတာဟာ မိဘကျေးဇူးဆပ်ချင်လို့ သွားကြတာဖြစ်တဲ့အတွက် ဒုက္ခလည်း သိပ်မရောက် ကြပါဘူး။ ဆရာကတော့ အဲဒါကို ကောင်းတယ်လို့ပဲမြင်တယ်။ အလုပ်အကိုင်ကြောင့် သွားတဲ့လူတွေ နဲ့တော့ ဆရာကသိပ်မရင်းနှီးဘူး။ တစ်ဆင့်စကား တစ်ဆင့်နားနဲ့ မလေးရှားမှာ ဘယ်လောက် ဒုက္ခ ရောက်တယ်။ ထိုင်းမှာ ဘယ်လောက်အနှိမ်ခံရတယ် ဆိုတာတွေတော့ ကြားနေရတာပေါ့လေ။ ကိုယ်တွေ့မဟုတ်တော့ ဒါတွေတော့ဆရာသိပ်မပြောတတ်ဘူး။

ဒီလိုဆို ကော်လာဖြူနဲ့ပတ်သက်ပြီးပဲ ဆရာပိုအကျွမ်းဝင်တယ်ပေါ့နော်။

ဟုတ်တယ်။ ဆရာက ပညာတတ်လူတန်းစားနဲ့ပဲ ပိုရင်းနှီးတယ်။


နိုင်ငံခြားက မိတ်ဆွေတစ်ယောက် ပြောပြတာက စင်ကာပူက အိုင်တီလောကမှာ မြန်မာ ပညာရှင်ပေါင်း အခုဆိုရင်အယောက်(၃ဝဝ)ကျော် လောက်ရှိပါပြီ။ အဲဒီပညာရှင်(၃ဝဝ)ကျော် က ပြန်မွေးထုတ်ပေးရင် ကျောင်းသားပေါင်း တစ်သိန်းလောက် ထပ်ထွက်လာမယ်။ ဒါပေမဲ့ အဲဒီလူတွေက မြန်မာပြည်ပြန်လာမှာလား ဆိုတော့ ပြန်မလာချင် ကြသေးတာ များတယ်တဲ့။ အဲဒီအခြေအနေအပေါ် brain drain ဖြစ်တယ်လို့ယူဆလို့ရမလား။


ဒီ brain drain အကြောင်းကတော့ ဆရာမကြာခဏရေးဖူးပါတယ်။ အခုလိုပညာတတ်တွေ နိုင်ငံခြား ထွက်ကုန်တာ မကောင်းဘူးဆိုတာ ဆရာရေးဖူးပါတယ်။ brain drain အကြောင်း ဆရာ ခဏခဏရေးတယ်။ သူများတွေ မရေးတာတွေတောင် ဆရာရေးတယ်။ brain dry ဆိုတာ သူများနိုင်ငံ တွေမှာ brain drain ပြဿနာပဲရှိတယ်။ ဆရာတို့မှာကျတော့ brain တွေက dry ဖြစ်ကုန်တယ်။ ကိုယ့်အတတ်ပညာနဲ့ ကိုယ်လုပ်ကိုင်မစားရဘဲ ကိုယ်သင်ထားတဲ့ပညာကတခြား၊ အလုပ်ကတခြား ဆိုတော့ ဦးနှောက်တွေ ခြောက်ခမ်းကုန်တယ်။ အဲဒါကြောင့် brain dry ပြဿနာဆိုပြီး ဆရာရေးခဲ့ဖူး တယ်။ နောက်တစ်ခုက နိုင်ငံခြားထွက်သွားပြီးတော့ ပြန်မလာကြဘူးဆိုတာ အပိုင်းနှစ်ပိုင်းရှိတယ်။ တစ်ပိုင်းကတော့ ကိုယ့်တိုင်းပြည်၊ ကိုယ့်ယဉ်ကျေးမှုကို မချစ်တတ်တဲ့သူ။ နောက်တစ်ပိုင်းက စီးပွားရေး အခြေအနေအရ မိဘကိုလုပ်ကျွေးချင်တယ်၊ ကျေးဇူးဆပ်ချင်တယ်။ နိုင်ငံခြားမှာရှာဖွေလို့ရလာတာ လေးနဲ့ မိဘကိုကျေးဇူးဆပ်ချင်တာကြောင့် ပြန်မလာတာတစ်ပိုင်းရှိတယ်။ ကိုယ့်တိုင်းပြည်ကိုမချစ်လို့ ပြန်မလာတဲ့ သူဆိုတာ ဆရာအတွေ့အကြုံအရအင်မတန်နည်းပါတယ်။


အခွင့်သာရင်တော့ သူတို့ပြန်လာကြမယ်လို့ ဆိုလိုတာလားခင်ဗျ။


လာကြပါတယ်။ ဆရာ့ကျောင်းသားတပည့်တွေဆို အများကြီးပြန်လာ ကြတာရှိပါတယ်။


နောက်တစ်ခုက ဒီမှာဖြစ်တဲ့ ကိစ္စတစ်ခုက လူငယ်တချို့က အမြင်လွဲတာမှာ ဆယ်တန်း အောင်ပြီးရင်လည်း ရန်ကုန်မှာ ကုမ္ပဏီဝန်ထမ်းလုပ်လည်း မားကတ်တင်း၊ စာရေးလောက် နဲ့ပဲ ပြီးမယ်ဆိုပြီး ရှာကြံလို့ရတဲ့ ငွေလေးနဲ့ စင်ကာပူ၊ မလေးရှားစသည်ဖြင့်ထွက်ကြတယ်။ သူတို့ဟာ ဒီကသင်ပေးလိုက်တဲ့ပညာကို တန်ဖိုးမထားတတ်တဲ့ သဘောလေးတွေ ဆောင်လာ ကြတယ်။ အဲဒါကို ဆရာဘယ်လိုသုံးသပ်မိလဲ။


နိုင်ငံခြားသွား၊ ပင်ပင်ပန်းပန်းကြိုးစားရှာကြတာ။ ဥပမာ ဂျပန်နိုင်ငံမျိုးကို လူတွေကသိပ်ပြီး အားကျ နေတယ်။ ဂျပန်ရောက်တဲ့ သူကတကယ်ဆိုရင် သိပ်သနားဖို့ကောင်းတယ်။ နေ့အလုပ်၊ ညအလုပ်နှစ်ခု လောက်ခွဲလုပ်ရတယ်။ ဒါမှလည်း မိဘဆီပိုက်ဆံပို့နိုင်ရှာမှာ။ နေ့အလုပ်က ပြန်လာရင် အဝတ်အစား တောင်မလဲနိုင်ဘူး။ အဲဒီအဝတ်နဲ့ထိုးအိပ်ရတယ်။ အိပ်ရာနိုးတာနဲ့ပဲ ချက်ချင်း အလုပ်ပြေးရတယ်။ အဲဒီ လိုပြေးလွှားနေကြရတာ။ ဒီကလေးတွေ အပင်ပန်းခံပြီး သွားလုပ်တာမှာ သူတို့တွေချည်းပဲ အပြစ်တင် လို့မရဘူး။
တစ်ခါတုန်းက ဆရာရေးဖူးတယ်။ 'မြန်မာတွေဖျင်းတယ်၊ ပျင်းတယ်၊ ညံ့တယ်'လို့ဆိုပြီး တချို့မှား ပြောလေ့ရှိတာရှိတယ်။ ဆရာကရေးလိုက်တာမှာ ''တစ်နာရီကို (၆)ဒေါ်လာပေးပြီး ခိုင်းကြည့်ပါလား၊ မြန်မာတွေပျင်းသလား၊ အလုပ်ခိုကပ်သလားသိရအောင်''လို့။ အဲဒီလိုကိုရေးဖူးတယ်။ မြန်မာပြည် လောက်နေလို့ထိုင်လို့ကောင်းတဲ့နိုင်ငံ အစားအသောက်အတွက် ထမင်းငတ်မှာ မပူရဘူး။ ဆရာတို့ မြန်မာပြည်က မချမ်းသာရင်သာရှိမယ်။ ထမင်းငတ်တယ်ဆိုတာ ဘယ်ခေတ်ကမှမရှိခဲ့ဘူး။ ဖက်ဆစ် ဂျပန်လက်အောက်မှာ နေတုန်းကတောင် ထမင်းမငတ်ခဲ့ဘူး။ အဲဒီလိုနိုင်ငံမှာ ဗြဟ္မစိုရ်တရား ဆိုတာ လည်း မဆိတ်သုဉ်းသေးဘူး။ မေတ္တာ၊ စေတနာကို တန်ဖိုးထားနေကြတုန်းပါ။ နယ်ကနေ ရန်ကုန်က ဆွေမျိုး အိမ်မှာကျောင်းတက်၊ ပညာသင်ဆိုတာ မြန်မာပြည်မှာဘဲ လုပ်လို့ရတယ်။ နိုင်ငံခြားမှာ ဒီလို လုပ်လို့မရဘူး။ မြန်မာပြည်လောက် နေလို့ကောင်းတဲ့နိုင်ငံဟာ ကမ္ဘာမှာမရှိသလောက် ရှားပါတယ်။ ဘယ်သူမှ နိုင်ငံခြားမထွက်ချင်ဘူး။ ထွက်ပြီးရင်လည်း တစ်သက်လုံး ဘယ်သူမှဟိုမှာမနေချင်ဘူး။ ပြန်လာချင် တာပဲ။ ဒီကအလုပ်ရှင်တွေ၊ ကုမ္ပဏီတွေက သူများနိုင်ငံပေးသလို တစ်နာရီ (၆)ဒေါ်လာ၊ (၇)ဒေါ်လာ ပေးပြီးခိုင်းကြည့်ပါလား။ ဘယ်သူမှမထွက်ပါဘူး။ အခုစာရေးဆရာတွေလည်း ရေးကြ၊ အလုပ်ရှင်တွေ လည်း ပြောကြတာမှာ ''မြန်မာတွေပျင်းတယ်၊ ခိုကပ်တယ်''တဲ့။ နောက်ပြီးတော့ စင်ကာပူဟာဖြင့် ဘယ်လောက်ထိ သန့်ရှင်းတယ်၊ နိုင်ငံတကာစံချိန်မီ ဘယ်လိုအလုပ်လုပ်ကြတယ်။ ဘယ်လောက် ကြိုးစားကြတယ်လို့ ဆိုကြတယ်။ အလုပ်လုပ်တဲ့နေရာမှာ နိုင်ငံတကာစံကိုမပြောပါနဲ့။ အဲဒီလိုဆရာပြော ချင်တယ်။ အဲဒီလို နိုင်ငံတကာ စံနဲ့ပေးမယ်ဆိုရင် ဆရာပြောရဲပါတယ်။ မြန်မာလူမျိုး ဘယ်သူမှ နိုင်ငံ ခြားမှာ သွားမလုပ်ဘူးလို့။ ရှေးတုန်းက ဆရာတို့ဟာ အင်္ဂလိပ်လက် အောက်မှာနေခဲ့ရတယ်။ သွားချင် လည်း လွတ်လွတ်လပ်လပ်သွားလို့ရတယ်။ ဘယ်နိုင်ငံသွားသွား။ အိန္ဒိယဆိုရင် အိမ်ဦးနဲ့ ကြမ်းပြင် ကူးလို့ရတယ်။ အဲဒီလို လွတ်လွတ်လပ်လပ် သွားလို့ရတဲ့ခေတ်မှာတောင် မြန်မာလူမျိုးတွေ ဘယ်နိုင်ငံ မှဒီလောက် မသွားခဲ့ဘူး။ အိန္ဒိယ၊ တရုတ်ကလူတွေ ဒီမှာလာပြီး ကူလီလာလုပ်ကြတယ်။ သင်္ဘောသား ဆိုရင်လည်း မြန်မာလူမျိုးတွေ မလုပ်ခဲ့ဘူး။ သင်္ဘောသားဆိုရင် ခေါ်တော ကုလားတွေပဲလုပ်တာ။ ဒါကြောင့် ဆလင်တို့ဘာတို့ဆိုတဲ့ စကားတွေဟာ ကုလားစကားတွေ။ မြန်မာတွေမလုပ်တဲ့ ပင်ပင် ပန်းပန်း အလုပ်တွေကို ကုလားတွေပဲလာလုပ်ခဲ့တာ။ တရုတ်ပြည်ဆိုရင် သူ့ပညာတတ်တွေကို သူပြန်စုနိုင်ခဲ့တယ်လို့ဆိုပါတယ်။ သူများနိုင်ငံကို သခင်ကြီးခေါ်ချင် သူတွေကတော့ အင်္ဂလိပ်လက်အောက် နေခဲ့စဉ်ကရှိခဲ့လို့ အခုလည်းရှိနေတယ်။ မြန်မာချင်းစကားမပြောချင်ဘူး။ မြန်မာလူငယ်အများစုမှာ အမေကျော် ဒွေးတော် လွမ်းတဲ့စိတ်မရှိပါဘူး။ ဒါကိုတော့ ဆရာပြောရဲတယ်။ အဲဒီတော့ ပြည်ပရောက် ပညာတတ်လူငယ်တွေကို အချိန်မရွေး ပြန်စုစည်းနိုင်မယ့် အနေအထားရှိလား။ အချိန်မရွေးစုစည်းနိုင်ပါတယ်။ ဆရာရဲရဲပြောရဲပါတယ်။ ဘာကြောင့်လဲ ဆိုတော့ ဆရာကိုယ်တိုင် အနှစ်(၂ဝ)ကျော် နိုင်ငံခြားသွားတဲ့သူတွေကို ဆရာစာသင်တာကိုး။ ဆရာ့တပည့်တွေကို နေ့တိုင်းထိ တွေ့ နေရတော့ကောင်း ကောင်းသိတယ်။ ဘိုရူးရူးပြီးသွားတဲ့ သူအင်မတန်နည်းပါတယ်။ အများစုက ပညာသင်ဖို့နဲ့ နောက်တစ်ခုက မိဘအလုပ်အကျွေးပြုချင်လို့ နိုင်ငံခြားထွက် ပိုက်ဆံရှာတာပါ။

ဒီနေ့ခေတ် ရန်ကုန်မြို့မှာ ဆိုရင် ပုဂ္ဂလိက လုပ်ငန်းခွင် ဝင်နေတဲ့ လူငယ်တွေမှာ အလုပ် တစ်ခုကနေ တစ်ခု ခုန်ကူးကြတာ ခပ်စိပ်စိပ် တွေ့လာရတယ်။
အလုပ်ရှင်တွေ ဘက်မှာလည်း လူမမြဲတဲ့ ပြဿနာ ဆယ့်နှစ်ရာသီ ကြုံနေရတယ်။ အဲဒီတော့ မျက်မှောက်ကာလ အလုပ်ရှင်နဲ့ အလုပ်သမားကြား အနေအထားကို ဆရာ ဘယ်လို သုံးသပ်မိပါသလဲ။

အဲဒီ အကြောင်းကိုလည်း မနေ့ တစ်နေ့ကပဲ ဆရာက ဂျာနယ် တစ်စောင်မှာ ရေးလိုက်သေးတယ်။ လူမမြဲတဲ့ ပြဿနာက အချက်နှစ်ချက် ရှိတယ်။ တစ်ချက်က လူငယ်တွေ ကိုယ်၌က Professional စိတ်ဓာတ် ဆိုတာ နားမလည်ကြဘူး။ နားမလည်တော့ အလုပ်လုပ်တာ အပျော်သဘော ဆန်နေတယ်။ ကိုယ်ဝါသနာ ပါတာကို လုပ်ရသလား... မလုပ်ရသလား ဆိုတဲ့ အပေါ်မှာလည်း မူတည်တယ်။ ကိုယ်တတ်ထားတဲ့ ပညာနဲ့ ကိုယ်ဝါသနာပါတာ လုပ်ရတယ် ဆိုရင်တော့ တော်ရုံတန်ရုံ သည်းခံပြီး လုပ်တယ်။ ကိုယ်ဝါသနာပါတာ၊ ကိုယ်တတ်ထားတဲ့ ပညာနဲ့ မဆိုင်တာကို လုပ်နေရရင်တော့ တော်ရုံတန်ရုံ အခက်အခဲ တွေ့ရင်လည်း သည်းမခံဘဲ ထွက်သွားမှာပဲ။ ဒါက လူငယ်တွေ အပိုင်းပေါ့။


နောက်တစ်ချက်က အလုပ်ရှင်တွေ ကိုယ်၌ ကလည်း ပုဂ္ဂလိက စီးပွားရေးကို သူတို့မှာ အသားမကျသေးဘူး။ အခုမှ ပုဂ္ဂလိက စီးပွားရေးကို ထူထောင်ကာစပဲ ရှိသေးတယ်။ ပုဂ္ဂလိက စီးပွားရေးကို သိပ်မသိသေးဘူး။ မသိသေးတော့ မိသားစု စီးပွားရေး တစ်သက်လုံး လုပ်လာတဲ့ ပုံစံမျိုးနဲ့ အလုပ်ခွင်ကို run လုပ်တယ်။ ဝန်ထမ်းတွေကို ဆက်ဆံရင်လည်း မိသားစု စီးပွားရေး ပုံစံနဲ့ ဆက်ဆံတယ်။ အလုပ်ရှင်ဘက်က အဲဒီမှာ ဘာပြောသလဲ ဆိုတော့ 'ဝိုင်းလုပ်ဝိုင်းစားပေါ့' ဆိုပြီး ပြောတတ်ကြတယ်။ ခိုင်းတော့လည်း သူက မတန်တဆ ခိုင်းတယ်။ စားတဲ့ အခါကျတော့ မိသားစုလို ဝိုင်းလုပ်ဝိုင်းစား သဘော မထားတော့ဘူး။ ဒါက အလုပ်ရှင်ဘက်က ချို့ယွင်းချက်။ နောက်တစ်ခု အရေးကြီးတာက အလုပ်တစ်ခု ခန့်တယ်။ အလုပ်တစ်ခု ဝင်လုပ်တယ် ဆိုတဲ့ အခါမှာ အလုပ်ရှင်နဲ့ အလုပ်သမား ကြားမှာ ဘာစာချုပ်မှ မရှိဘူး။ ပါးစပ်နဲ့ပဲ အလုပ် လုပ်ကြတယ်။ နိုင်ငံခြားက ကုမ္ပဏီ တစ်ခုမှာ အလုပ်လုပ်မယ် ဆိုရင် ပထမဆုံး သူတို့ ပါးစပ်နဲ့ ဆွေးနွေးကြမယ်။ သဘောတူပြီ ဆိုတာနဲ့ 'လာလုပ်'လို့ မခိုင်းဘဲ ကန်ထရိုက် စာချုပ် လက်မှတ် ထိုးခိုင်းတယ်။ အဲဒီ ကန်ထရိုက် စာချုပ်ကလည်း အနည်းဆုံး စာမျက်နှာ (၁ဝ)မျက်နှာနဲ့ (၂ဝ)ကြားမှာ ရှိမယ်။ ဘယ်လို အလုပ်ဖြစ်ဖြစ် . . . ဒရဝမ် အလုပ်ပဲ ဖြစ်ဖြစ်ပေါ့။


အဲဒီမှာ ဘာတွေ ရေးထားမလဲ ဆိုရင် JD လို့ ခေါ်တဲ့ Job Description လုပ်ငန်း သဘာဝ၊ စည်းကမ်းချက်၊ ကျင့်ဝတ်တွေ။ အဲဒါပြီးရင် အလုပ်သမား ရပိုင်ခွင့်။ နောက်တစ်ခါ ခံစားခွင့်တွေ . . . bonus ဘယ်လို ခံစားခွင့် ရှိမလဲ။ ခွင့်ဘယ်လို ခံစားခွင့် ရှိမလဲ။ ခရီးစရိတ် (TA)ဘယ်လို ထုတ်ပေးမလဲ။ overtime က ဘယ်လို . . . ဒါတွေ ရေးထားမယ်။ တတိယ အချက်ကတော့ အလုပ်နဲ့ ပတ်သက်တဲ့ ရှောင်ရန်၊ ဆောင်ရန်တွေပဲ။ Do and Don’t ...အဲဒီ စည်းကမ်းချက်တွေက အနည်းဆုံး စာမျက်နှာ (၂ဝ)လောက်ရှိတယ်။ အဲဒါကို သဘောတူ လက်မှတ်ထိုးပြီးမှ အလုပ် လုပ်ရတယ်။ အဲဒီနောက် တစ်စုံတစ်ခု ပြဿနာ ပေါ်လာလို့ရှိရင် အလုပ်သမားကလည်း ဒီစာချုပ်ထဲက စည်းကမ်း အတိုင်း ကိုင်ပြီး ပြောလို့ရတယ်။ အလုပ်ရှင်ကလည်း ဒီစာချုပ်ကိုင်ပြီး ပြောလို့ ရတယ်။ စကား မများတော့ဘူး။


အဲဒါကို ဆရာ အကြိမ်ကြိမ် ရေးခဲ့ပါတယ်။ ဘာပဲလုပ်လုပ် ပါးစပ်နဲ့ မလုပ်ကြပါနဲ့။ စာချုပ်စာတမ်းနဲ့ လုပ်ကြပါ။ မြန်မာ လူမျိုးတွေရဲ့ အဓိက အားနည်းချက် အဲဒါပဲ။ စီးပွားရေး လုပ်ရင်လည်း ဘယ်လောက်ကြီးတဲ့ စီးပွားရေးပဲ လုပ်လုပ် စာရွက်စာတမ်းနဲ့ လုပ်ကြတာ တော်တော့်ကို နည်းတယ်။ အလွယ်တကူ ပါးစပ်နဲ့ပဲ လုပ်လိုက်ကြတာပဲ။ အဲဒီနောက်မှာ ပြဿနာတွေ ပေါ်တာပဲ။


ပုဂ္ဂလိက အလုပ်ရှင်တွေကလည်း ကြွေးကြော်ကြတာက ကြော်ကြတာက one go, two come ပေါ့။ တကယ်တမ်း သူ့ဆီမှာ ကျွမ်းကျင်လုပ်သားဆိုလို့ နောက်ပြန် လှည့်ကြည့်ရင် တစ်ယောက်မှ မကျန်တော့ဘူး။ လာသမျှ လူတွေကိုပဲ တစ်ကစပြီး ပြန်သင်နေရတာနဲ့ အချိန်ကုန်တယ်။ ဒါတွေကလည်း နေရာတိုင်းမှာ တွေ့နေရတယ် ဆရာ။


အဲဒါကခုနက ဆရာပြောသလို မိသားစု စီးပွားရေး ပုံစံ မပျောက်သေးလို့။ ဝိုင်းလုပ်ဝိုင်းစား ဆိုပြီး ဝိုင်းလုပ်ဖို့ ကျတော့ ခိုင်းတယ်။ ဝိုင်းစားကျတော့သူတို့က မကျွေးချင်ဘူး။ အစက ပြောခဲ့သလိုပဲ။ တစ်နာရီကို (၆)ဒေါ်လာ ပေးပြီး ခိုင်းကြည့်ပါလား။ ဘယ်အလုပ်သမားမှ မထွက်ပါဘူး။ အလုပ်သမား မြဲလွန်းလို့ 'ကုတ်'နဲ့ ကော်ထုတ်တောင် မထွက်ဘူး။ ခြောက်ပြား တစ်ပဲ ပေးလို့ ဘယ်သူက ဂရုစိုက်မလဲ။ ဒီကနေ ထွက်သွားရင်လည်း နောက်တစ်နေရာမှာ သူပေးတဲ့ ခြောက်ပြားတစ်ပဲ လောက်တော့ ရတာပဲလေ။ အလုပ်ရှင်တွေက ကြီးကြီးကျယ်ကျယ်တော့ လျှောက်ပြောနေတာ။ တစ်ကယ်တမ်း ကျတော့ ဖြစ်ကတတ်ဆန်း လုပ်နေတာချည်းပဲ တွေ့နေတာပဲ။ ကုမ္ပဏီတွေမှာ ဝန်ထမ်းရေးဌာန (human resources department) ထားတာ ကုမ္ပဏီ ဆယ်ခုမှာ တစ်ခုတောင်မှ မရှိတာ။ ကြုံသလို ဆွဲခန့်နေတာ များတာပဲ။
ဒါဆိုရင် အလုပ်ရှင်တွေဟာ ဈေးကွက် စီးပွားရေး လမ်းကြောင်းပေါ် တိတိကျကျ မရောက်သေးလို့လား။ မရောက်သေးဘူး။ ဈေးကွက်စီးပွားရေး လမ်းကြောင်းပေါ် အလုပ်ရှင်တွေ ပီပီပြင်ပြင် မလျှောက်နိုင်သေးလို့ နိုင်ငံတော်က လိုက်ထိန်းပေး နေရတုန်းပဲ။ အဲဒီတော့ လုပ်ငန်းရှင်ကြီးတွေ ကိုယ်တိုင်ကလည်း အလုပ် မလုပ်တတ်သေးဘူး။ အလုပ်သမားတွေ အပြစ်ချည်းပဲ မဟုတ်ဘူး။ ဒါကို ဆက်စပ်ပြီး ပြောရရင် ဥပမာ-လုပ်ငန်းခွင် တစ်ခုမှာ အင်ဂျင်နီယာဟာ လိုအပ်တယ်။ ဒါပေမဲ့ အင်ဂျင်နီယာဟာ အရေးကြီးဆုံးလို့ ပြောလို့မရဘူး။ စာရင်းကိုင်လည်း အရေးပါတာပဲ။ စာရင်းစစ်လည်း အရေးကြီးတာပဲ။ လုပ်ငန်းခွင် တစ်ခုမှာ ဘယ်သူက အရေးကြီးဆုံးပါ ဆိုတာ မရှိပါဘူး။ မြန်မာပြည်မှာ မို့လို့ ''ငါသာ အရေးကြီးဆုံး'' ဆိုပြီး ထလုပ်နေတာ။ နိုင်ငံတကာ လုပ်ငန်းခွင်မှာ ဒါမျိုး မရှိဘူး။ သူ့အရည်အချင်းနဲ့သူ၊ သူ့နေရာနဲ့သူ အရေးပါတာချည်းပဲ။ သူဌေးက သူဌေး အလုပ်လုပ်။ HR department က ဝန်ထမ်းခန့်တာ သူဌေးဝင်ပါဖို့ မလိုဘူး။ HR မန်နေဂျာက ဒါကို ဆုံးဖြတ်မယ်။ တစ်ခြား ဌာနကလည်း ဘယ်သူမှ ဝင်ပါလို့ မရဘူး။ အဲဒီလို လူတစ်ယောက်ချင်းစီရဲ့ အရည်အချင်းတွေကို လေးစား တန်ဖိုးထားတာ ဒီက အလုပ်ရှင်တွေမှာ ရှိကိုမရှိဘူး။

လူ'ပဲ ဦးစားပေးပြီး 'မူ'ကို အဓိက ဦးစား မပေးချင်တဲ့ သဘောလား ခင်ဗျ။


Professional စိတ်ဓာတ် ဆိုတာ အလုပ်သမားတွေမှာတင် မရှိတာ မဟုတ်ဘူး။ အလုပ်ရှင်တွေလည်း နားမလည်ဘူး။


Professional စိတ်ဓာတ်ဆိုတာ ဘယ်လိုပါလဲ။


Professional စိတ်ဓာတ်ဆိုတာ ဥပမာ- မြို့ငယ်လေး တစ်မြို့မှာ ဆရာက ကျောင်းဆရာ ပေါ့ကွာ။ အဲဒီမြို့မှာ မင်းက သူကြီး ဆိုပါစို့ကွာ။ ဆရာ စာသင်တာကို သူကြီးကနေ လာပြီး ''မင်းဒါမသင်နဲ့။ ဟိုဟာ သင်လိုက်''လို့ လာပြောရင် ကျောင်းဆရာ ဆိုတဲ့ ဆရာက လက်မခံနိုင်ဘူး။ ဒီမြို့ရွာမှာတော့ သူက သူကြီးပဲ။ သူက ကျောင်းဆရာလို အတတ်ပညာတော့ နားမလည်ဘူး။ ဆရာ့ အလုပ်ခွင်မှာ သူဝင်စွက်ခွင့် မရှိဘူး။ အဲဒီတော့ သူကြီး အမိန့်ပေးတိုင်း ဆရာ မလုပ်ဘူး။ အဲဒါ ပညာရှင် စိတ်ဓာတ်ပဲ။ ဒီက လုပ်ငန်းခွင်တွေမှာ 'ငါနဲ့မတူ၊ ငါ့ရန်သူ' ပုံစံမျိုး ဖြစ်ဖြစ်နေတာ အဲဒါကြောင့်လား။ ကလေး ပြုစုပျိုးထောင်ရေး အကြောင်း သူကြီး နားမလည်တာကို ကျောင်းဆရာ ငုံ့ခံနေရင် Professional မပီသတော့ဘူး။ ကျောင်းဆရာဟာ သူ့ Professional ကို သူလေးစားရမယ် တခြားနေရာမှာ သူကြီးကို ရိုသေရင် ရိုသေပေါ့။ သူ့ကျောင်းဝင်းထဲမှာ သူကြီးက သူ့ပညာရေးနဲ့ ပတ်သက်ပြီး လာအမိန့်ပေးတာ ကျောင်းဆရာက လက်မခံရဘူး။ တစ်လောက ဆရာ ရေးလိုက်တဲ့ 'ပညာမာနလေးတော့ ရှိသင့်ပါတယ်' ဆိုတဲ့ ဆောင်းပါးဟာ အဲဒီဟာပဲ။ Professional စိတ်ဓာတ် ဆိုတာ အဲဒါပဲ။ ကိုယ့်အလုပ်အကိုင်၊ ကိုယ့် profession ကို ရိုသေရတယ်။ လေးစားတယ်။ အလားတူပဲ သူတစ်ပါးရဲ့ Profession ကိုလည်း ရိုသေရမယ်။ လေးစားရမယ်။


နိဂုံးချုပ် အနေနဲ့ ပြည်ပ ထွက်ခွာမယ့် လူငယ်တွေကိုရော၊ ပြည်ပ ရောက်နေတဲ့ လူငယ်တွေကိုရော ဆရာ အဓိက အကြံပြုချင်တာက ...


အဓိက အကြံပေးချင်တာက ပြည်ပကို သွားတော့မယ် ဆိုရင် ပညာနဲ့ သွားပါ။ ပညာတတ်အောင် သင်ပါ။ သို့မဟုတ်ရင်လည်း နိုင်ငံခြားမှာ ပညာသင်ပါ။ ပညာသင်ပြီးတာနဲ့ အလုပ်လုပ်ကြပါ။ ငွေချည်းပဲ ဖိမရှာပါနဲ့။ ငွေဟာ ကိုယ်နဲ့ တစ်သက်လုံး မမြဲဘူး။ ပညာဟာ ကိုယ်နဲ့ တစ်သက်လုံးမြဲ တယ်။ ပိုက်ဆံရှာဖို့နဲ့ပဲ အချိန်မဖြုန်းပါနဲ့။ ရတဲ့နေရာမှာ ပညာရှာပါ။ ပညာနဲ့ အလုပ် လုပ်စားပါလို့ ဆရာပြောချင်တယ်။


အဲဒီမှာ ဖြည့်စွက် မေးချင်တာက ကိုယ့်မြေကိုယ်ရေ မဟုတ်ရင် အဆင်မပြေမှုတွေ ကြုံတိုင်း အားငယ်စိတ် ဝင်လာတတ်တယ်။ အားငယ်စိတ် ဝင်လာရင် အားကိုးရာ စိတ်ထွက်ပေါက် ရှာမယ်။ ဘယ်လို စိတ်ထွက်ပေါက် ရှာသင့်သလဲ။


အဲဒီ ကိစ္စဟာ ဒီနေ့အထိ ဆရာ ကိုင်တွယ် ဖြေရှင်းနေရတဲ့ ပြဿနာပဲ။ နိုင်ငံခြား ရောက်နေတဲ့ ဆရာ့တပည့်တွေ အကြောင်းကြောင်းကြောင့် စိတ်ဓာတ်ကျရင် လှမ်းစာရေးတယ်။ တချို့ဆို တယ်လီဖုန်းဆက်၊ ငိုပြီး တိုင်တည်ကြတယ်။ အဲသည့်အခါ ဆရာ့ တပည့်တွေကို ဆရာ ပြောလေ့ရှိတဲ့ စကား တစ်ခွန်း ရှိတယ်။ အဲဒါက ဘာလဲ ဆိုရင် (၁)ဘယ်သူ့ကိုမှ အားမကိုးနဲ့။ ကိုယ့်ကိုယ်ကိုပဲ အားကိုး။ ကိုယ့်ကိုယ်ကို confidence ရှိအောင် လုပ်ပါ။ ကိုယ့်ကိုယ်ကို အားကိုးပြီး confidence ရှိတဲ့ သူဟာ ဘယ်အခြေအနေမှာမှ စိတ်ဓာတ်ကျတယ် ဆိုတာ မရှိဘူး။ စိတ်ဓာတ်ကျတယ် ဆိုတာ ကိုယ့်အား ကိုယ်မကိုးဘဲ သူတစ်ပါးကို မှီခိုနေရတဲ့သူတွေသာ စိတ်ဓာတ် ကျတတ်တာ။
ဆရာဟာ ဒုက္ခိတ မသန်မစွမ်း ဖြစ်နေတာ အနှစ် (၂ဝ)ကျော်ပြီ။ ဒီဘက်တစ်ခြမ်း သေလို့ မလှုပ်နိုင်ဘူး။ အောက်စီဂျင်နဲ့ နေရတယ်။ ဆရာ အခုထိ မသေချင်သေးဘူး။ စိတ်ဓာတ်မကျဘူး။ ဆရာ့ကိုယ် ဆရာ အားကိုးပြီး ရပ်တည်နေတယ်။ ဘယ်သူ့ကိုမှ ဆရာ မမှီခိုဘူး။ အားငယ်တယ် ဆိုတာ ကိုယ့်ကိုယ်ကို ယုံကြည်မှု မရှိလို့။ အဲသည့်တော့ ကိုယ့်အား ကိုယ်ကိုးပါ။ ကိုယ့်ကိုယ်ကို ယုံကြည်မှုရှိပါ။ self- confidence ရှိပါစေ။ (၂)လူတွေကို အကောင်းဆုံး ဖြေသိမ့် ပေးနိုင်တာ၊ အကောင်းဆုံး guide လုပ်ပေးနိုင်တာ စာအုပ်ပဲ။ ဘယ်အရပ် ဘယ်ဒေသပဲ ရောက်ရောက် စာကို ဖတ်ဖြစ်အောင် ဖတ်ပါ။ စာဖတ်တဲ့သူဟာ အဖော်မလိုဘူး။ သူ့ကို လမ်းပြမယ့် ဆရာ မလိုဘူး။ သူ့ကို စာအုပ်တွေက guide လုပ်သွားလို့ ရတယ်။ မိဝေးဖဝေး ဖြစ်နေတဲ့ အချိန်မှာ စာအုပ်ဟာ ကိုယ့်အတွက် အကောင်းဆုံးသော guardian အုပ်ထိန်း စောင့်ရှောက်သူ ဖြစ်တယ်။ ဒီပြင် နိုက်ကလပ် သွားတာတို့၊ ဘီယာ သောက်တာတို့နဲ့ စိတ်ကို မဖြေပါနဲ့။ စာဖတ်ပြီးတော့ပဲ ကိုယ့်စိတ်ကို ထိန်းပါ။ ဒါပဲ ဆရာပြောချင်တယ်။

မေးမြန်းသူ-အေးအောင်

No comments: