DREAM ANGEL သို့ လာရောက်လည်ပတ်ကြသူအားလုံးကို DREAM ANGEL မှ ကျေးဇူးအထူးတင်ရှိပါတယ်.........

Saturday, January 24, 2009

ကျွန်ုပ်တို့နိုင်ငံ ကျွန်ုပ်တို့ပြည်သူလူထု ကျွန်ုပ်တို့၏ တပ်မတော်သားများ

ရေကြောင့်ဖြစ်တဲ့ အညစ်အကြေးကို ရေနဲ့ဆေးကြောမှသာ သန့်ရှင်းစင်ကြယ်စေသကဲ့သို့ စစ်အာဏာရှင်စံ နစ်ကြောင့်ဖြစ်ရတဲ့ မြန်မာနိုင်ငံရဲ့ နိုင်ငံရေး၊ စီးပွားရေး၊ လူမှုရေး အခက်အခဲ အကျပ်အတည်းတွေကိုလည်း တပ်မတော်က ကူညီဖြေရှင်းပေးမှသာ အဆင်ပြေ ပြီးမြောက်နိုင်မှာဖြစ်ပါတယ်။

တစ်ချိန်က အရှေ့တောင်အာရှဒေသရဲ့ အလှနတ်သမီးလေးလို့ တင်စားခံခဲ့ရတဲ့ သယံဇာတ ပေါများလှတဲ့ မြန်မာနိုင်ငံကို ဗိုလ်နေ၀င်းအစိုးရလက်ထက်မှာ စစ်အာဏာရှင်စံနစ်နဲ့ စိတ်ကူးယဉ်ဆိုရှယ်လစ်ဝါဒနှစ်ခု ပေါင်း စပ်ပြီး ဆိုရှယ်လစ်လူ့ဘောင်သစ်ကို တည်ဆောက်ခဲ့ကြပါတယ်။ ဒီလိုနဲ့ နှစ်ပေါင်း ၂၆ နှစ်အကြာမှာတော့ အ စိုးရရဲ့ စီမံခန့်ခွဲမှုညံ့ဖျင်းတာတွေ၊ အဂတိလိုက်စားတာတွေ၊ လိမ်ညာလှည့်စားတာတွေဟာ ဘူးပေါ်သလိုပေါ် ခဲ့ရတာကြောင့် ၁၉၈၈-ခုနှစ်မှာ ရှစ်လေးလုံးအထွေထွေသပိတ်ကြီး ပေါ်ပေါက်ခဲ့ပါတယ်။ တိုင်းပြည်ကို နှစ် ပေါင်းများစွာ ပုံစံခွက်ထဲထည့်ပြီး အဆင်းရဲဆုံး နိုင်ငံတစ်နိုင်ငံဖြစ်အောင် ဖန်တီးခဲ့တဲ့ ဗိုလ်နေ၀င်းအစိုးရလည်း ကသောင်းကနင်းနဲ့ ဇာတ်သိမ်းခဲ့ရပြီး ၁၉၈၈-ခုနှစ် စက်တင်ဘာလ ၁၈ ရက်နေ့မှာ ဗိုလ်ချုပ်ကြီးစောမောင် ဦး ဆောင်တဲ့ စစ်ခေါင်းဆောင်များက နိုင်ငံတော်ရဲ့ အချုပ်အချာအာဏာကို ကာကွယ်စောင့်ရှောက်ရန်ဆိုတဲ့ အကြောင်းပြချက်နဲ့ နိုင်ငံတော်အာဏာကို ရယူလိုက်ပါတယ်။ ဘာတွေပဲအကြောင်းပြပြ စစ်တပ်က အာဏာ သိမ်းတာပါပဲ။ အဲ့ဒီအချိန်ကာလတုန်းက ပြည်သူတွေခံစားခဲ့ရတဲ့ ဆိုးဝါးလှတဲ့ အဖြစ်အပျက်တွေကိုတော့ အား လုံးသိပြီးသားမို့ မတင်ပြတော့ပါဘူး။ သို့သော်လည်း ဒီလိုအဖြစ်ဆိုးတွေနဲ့ ကြုံခဲ့ရတာတွေဟာ စစ်အာဏာရှင် စံနစ် စစ်အာဏာရှင်ယန္တရားကြောင့် ဖြစ်ခဲ့ရတာကိုတော့ သတိချပ်ရမှာ ဖြစ်ပါတယ်။

၁၉၈၈-ခုနှစ်မှာ စစ်တပ်က အာဏာသိမ်းပြီးတဲ့နောက် နိုင်ငံတော်ငြိမ်ဝပ်ပိပြားမှုတည်ဆောက်ရေးအဖွဲ့က မိမိ တို့အနေနဲ့ နိုင်ငံတော်ရဲ့အာဏာကို မတတ်သာလို့ ယူခဲ့ရတဲ့အကြောင်း၊ ဒီမိုကရေစီအသွင်ကူးပြောင်းရေးအ တွက် အရပ်သားအစိုရတစ်ရပ် အမြန်ဆုံးပေါ်ပေါက်လာစေရန် ဆောင်ရွက်ပေးမည်ဖြစ်ကြောင်း၊ ကြေညာခဲ့ပါ တယ်။ အဲ့ဒီနောက် ၁၉၉၀ ခုနှစ် မေလ ၂၇ ရက်နေ့မှာ ပါတီစုံအထွေထွေရွေးကောက်ပွဲများကို ကျင်းပပေးခဲ့ပါ တယ်။

ရွေးကောက်ပွဲမှာ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်က မဲအပြတ်သတ်နဲ့ အနိုင်ရခဲ့ပြီး ထူးခြားတာကတော့ ရွေး ကောက်ပွဲများဟာ လွတ်လပ်ပြီး တရားမျှတမှုရှိခဲ့တာပါပဲ။ ပိုပြီးထူးခြားတာကတော့ ပြည်သူများဟာ နိုင်ငံရေး အသိ နိုင်ငံရေးသိက္ခာရှိစွာ စည်းကမ်းရှိရှိ ဆန္ဒမဲပေးခဲ့ကြတဲ့ အချက်ပါ။ ဒါကို နိုင်ငံတကာက အသိအမှတ်ပြုခဲ့ ရပါတယ်။ ဒီအချက်တွေကို ကြည့်ခြင်းအားဖြင့် မြန်မာနိုင်ငံသားများဟာ ယဉ်ကျေးပြီး ကိုယ့်ကိုယ်ကို ဦးဆောင် နိုင်ကြသူတွေဖြစ်ကြသလို တပ်မတော်အနေနဲ့လည်း အတိုင်းတာတစ်ခုထိ မှန်မှန်ကန်ကန် ရပ်တည်ပေးခဲ့တာ ကို တွေ့ရမှာဖြစ်ပါတယ်။ သို့သော်လည်း ရွေးကောက်ပွဲရလဒ်ကို အကောင်ထည်ဖေါ်ခါနီးမှာတော့ ဗိုလ်ချုပ် မှူးကြီးစောမောင် ရာထူးမှဖယ်ရှားခံခဲ့ရပြီး မြန်မာနိုင်ငံ ဒီမိုကရေစီအသွင်ကူးပြောင်းရေးဟာလည်း ရပ်ဆိုင်းခဲ့ ရပါတော့တယ်။

အဲ့ဒီအချိန်တုန်းက တပ်မတော်အနေနဲ့ နိုင်ငံရေးအင်အားစုများနဲ့ ပူးပေါင်းဆောင်ရွက်ခဲ့မယ် ဆိုရင် နှစ်အနည်းငယ်အတွင်းမှာပဲ တိုင်းပြည်ရဲ့နိုင်ငံရေး၊ စီးပွားရေး၊ လူမှုရေး၊ အားလုံးဟာ ဖွံ့ဖြိုးတိုးတက် လာမှာဖြစ်ပြီး ဒီမိုကရေစီအုပ်ချုပ်ရေးစံနစ်ကလည်း ခုချိန်ခါမှာ အသားကျနေလောက်ပြီ ဖြစ်ပါတယ်။
အဲ့ဒီလို တပ်မတော်က အမှန်တရားနဲ့ ပြည်သူကို ကျောခိုင်းလိုက်တဲ့နောက်မှာတော့ မြန်မာနိုင်ငံ ဒီမိုကရေစီ အသွင်ကူးပြောင်းရေးဟာ ပိုပြီးခက်ခဲရှုတ်ထွေးလာပါတော့တယ်။ ဗိုလ်သန်းရွှေ၊ ဗိုလ်မောင်အေး၊ ဗိုလ်ခင်ညွန့် (ရွှေ-အေး-ညွန့်) အုပ်စု ညီညွတ်ရေးတည်ဆောက်ပြီး အနိုင်ရ နိုင်ငံရေးပါတီများနဲ့ တော်လှန်ရေးအင်အားစု များကို ချေမှုန်းဖို့နဲ့ စစ်တပ်နိုင်ငံတော်ထူထောင်ရေးအတွက် မဟာဗျူဟာ နည်းဗျူဟာများ ချမှတ်လုပ်ဆောင် လာပါတော့တယ်။ ဖွဲ့စည်းပုံဥပဒေရေးဆွဲရေးအတွက် အခြေခံမူများချမှတ်ဖို့နဲ့ လူထုလူတန်းစားအသီးသီးပါဝင် တဲ့ အမျိုးသားညီလာခံတရပ် လိုတယ်ဆိုတဲ့ အကြောင်းပြချက်နဲ့ နိုင်ငံရေးလှည့်ကွက်တစ်ခုကို စတင်ခဲ့ပါတယ်။

အမျိုးသားညီလာခံရဲ့ ဦးတည်ချက် ၆ ချက်အနက် နံပါတ် ၆ အချက်ဖြစ်တဲ့ အနာဂတ်အမျိုးသားနိုင်ငံရေး ဦး ဆောင်မှုအခန်းကဏ္ဍကို တပ်မတော်က တာဝန်ယူဆောင်ရွက်ရေး ဆိုတဲ့အချက်ကို ပြန်လည်ပြင်ဆင်ပေးဖို့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ရဲ့ တင်ပြချက်အပေါ် စစ်အစိုးရက တစုံတရာ ဖြေရှင်းချက်မပေးဘဲ မသိကျိုးကျွံ ပြုခဲ့ပါတယ်။ ဒီအတွက်ကြောင့် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်က ညီလာခံကို ဆက်လက်တက်ရောက်ခြင်းမ ပြုတော့ဘဲ အခြေအနေကို စောင့်ကြည့်ခဲ့ပါတယ်။ ဒီလိုနဲ့ နိုင်ငံရေးပါတီများက ရွေးကောက်ခံကိုယ်စားလှယ် အများစုမပါဝင်တဲ့ အမျိုးသားညီလာခံကို နအဖစိတ်တိုင်းကျ ရွေးချယ်ထားတဲ့ ကိုယ်စားလှယ်များနဲ့ ဆက် လက်ကျင်းပခဲ့ပြီး ရပ်လိုက်၊ နားလိုက်နဲ့ ထော့ကျိုးထော့ကျိုးခရီးဆက်ခဲ့ရတဲ့ မြန်မာ့နိုင်ငံရေးဟာလည်း နအဖ ရဲ့ အချိန်ဆွဲနည်းဗျူဟာအောက်မှာ ရပ်တန့်သွားပါတော့တယ်။


၂၀၀၂ ခုနှစ်မှာ ဒေါ်အောင်ဆန်းစုကြည် နေအိမ်အကျယ်ချုပ်က ပြန်လည်လွတ်မြောက်လာခဲ့ပြီး လူထုစည်းရုံး ရေးခရီးစဉ်များ စတင်ခဲ့တဲ့အချိန်မှာတော့ မြန်မာ့နိုင်ငံရေးဟာ အရှိန်အဟုန်နဲ့ ပြန်လည်ဦးမော့လာခဲ့ပါတယ်။ အချိန်တိုအတွင်းမှာ လူထုထောက်ခံမှု အံ့မခန်းအောင်ရခဲ့တာကြောင့် ဒေါ်အောင်ဆန်းစုကြည်ရဲ့ နိုင်ငံရေး ဩဇာလွှမ်းမိုးလာမှာကို နအဖခေါင်းဆောင် ဗိုလ်သန်းရွှေက စိုးရိမ်ပြီး ၂၀၀၃ ခုနှစ် မေလ ၃၀ ရက်နေ့မှာ ဒီပဲ ယင်းမြို့နယ် ကျည်ရွာအနီးကနေစောင့်ပြီး ဒေါ်အောင်ဆန်းစုကြည်နဲ့ ပါတီခေါင်းဆောင်များကို လုပ်ကြံသတ် ဖြတ်စေခဲ့ပါတယ်။ အဲ့ဒီအစီအစဉ်ကို ဗိုလ်ခင်ညွန့်ကို အသိမပေးဘဲ လုပ်ခဲ့လို့ ဗိုလ်သန်းရွှေနဲ့ အချေအတင်ဖြစ် ခဲ့တယ်ဆိုတဲ့ သတင်းများလည်း ထွက်ပေါ်ခဲ့ပါတယ်။ ဒီပဲယင်းအကြမ်းဖက်မှုကြောင့် နိုင်ငံတကာက အပြင်းအ ထန် ကန့်ကွက်ခဲ့ကြပြီး ပြည်ပဖိအားတွေ သိသိသာသာ တိုးလာခဲ့ပါတယ်။ ဒီအချက်ကိုသတိထားမိတဲ့ ဗိုလ်ခင် ညွန့်က သံတမန်နည်းလမ်းများကို အသုံးပြုပြီး ပြည်ပဖိအားတွေလျော့အောင် ဆောင်ရွက်တဲ့အနေနဲ့ နိုင်ငံခြား ရေးဝန်ကြီး ဦးဝင်းအောင်ကို နိုင်ငံအသီးသီးသို့ စေလွှတ်ပြီး ညင်သာပျော့ပြောင်းတဲ့ ဆက်ဆံရေးပုံစံသစ်ကို စတင်ကျင့်သုံးလာတာ တွေ့ရပါတယ်။

ဗိုလ်ခင်ညွန့် ၀န်ကြီးချုပ်တာဝန်ယူပြီး မကြာခင်မှာ နိုင်ငံတော်ရှေ့ဆက်သွားမယ့် မူဝါဒလမ်းစဉ် ၇ ချက်ကို ပြ ဋ္ဌာန်းပါတယ်။ ရည်ရွယ်ချက်ကတော့ ပြည်တွင်းပြည်ပဖိအားတွေကိုလျှော့သွားအောင်လုပ်တာပါပဲ၊ သို့သော် လည်း အဲ့ဒီအချိန်တုန်းက အစိုးရအသိုင်းဝိုင်းကနေ ထွက်လာတဲ့သတင်းတွေအရ စစ်ခေါင်းဆောင်တွေအထဲ မှာ သဘောထားတင်းမာတဲ့ သူတွေရှိသလို အတိုက်အခံအင်အားစုတွေနဲ့ ဆွေးနွေးဖြေရှင်းချင်သူတွေလည်း ရှိနေတယ် ဆိုတာတွေကို သိရပါတယ်။ ဥပမာအားဖြင့် ဗိုလ်ခင်ညွန့်က လျှို့ဝှက်ဆက်သွယ်ရေးလမ်းကြောင်း ကနေ ဒေါ်အောင်ဆန်းစုကြည်နဲ့ ဆွေးနွေးတာ၊ နောက်ပြီးတော့ KNU (ကရင်အမျိုးသားအစည်အရုံး)ကို ရန် ကုန်မြို့မှာ ခေါ်ယူတွေ့ဆုံဆွေးနွေးခဲ့ပြီး ဗိုလ်ချုပ်ကြီးစောဗိုလ်မြရဲ့ ၇၇ နှစ်မြောက်မွေးနေ့ပွဲကို ကျင်းပပေးခဲ့ တာတွေကိုကြည့်ရင် မြန်မာနိုင်ငံရဲ့ နိုင်ငံရေးထွက်ပေါက်ဟာ တွေ့ဆုံဆွေးနွေးရေးနည်း တစ်ခုထဲရှိတယ်ဆို တာကို ဗိုလ်ခင်ညွန့်အနေနဲ့ သဘောပေါက်လာပုံရတယ်လို့ထင်ပါတယ်။ တကယ်လို့ စစ်အစိုးရအနေနဲ့ စစ်မှန် တဲ့ တွေ့ဆုံဆွေးနွေးမှုတွေကို ပြုလုပ်ချင်တယ်ဆိုခဲ့ရင် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ဘက်က ပြင်သာပြောင်း သာတဲ့မူ၊ အပြုသဘောဆောင်တဲ့ လျှော့ပေါ့မှုများနဲ့ ဆွေးနွေးဖို့ အဆင်သင့်ရှိတဲ့အကြောင်း ကြေညာချက်များ လည်း ထွက်ပေါ်လာခဲ့တာကြောင့် မြန်မာ့နိုင်ငံရေးမှာ ငြိမ်းချမ်းရေးရောင်ခြည်သမ်းခဲ့ရပါသေးတယ်။ ဒါပေ မယ့် ဗိုလ်ခင်ညွန့်ရဲ့အစီအစဉ်ကို ဗိုလ်သန်းရွှေအုပ်စုက ရိပ်မိသွားခဲ့ပြီး ဗိုလ်ခင်ညွန့်ကို ဖမ်းဆီးထိန်းသိမ်းလိုက် တဲ့နောက်မှာတော့ မြန်မာ့နိုင်ငံရေးက အဆိုးဘက်ကို ဦးတည်သွားပါတော့တယ်။

အထက်မှာ တင်ပြခဲ့တဲ့ အကြောင်းအရာတွေကတော့ မြန်မာ့နိုင်ငံရေးဖြစ်စဉ်ကို မျိုးဆက်သစ် လူငယ်များနဲ့ တပ်မတော်သားများသိစေဖို့ အကျဉ်းမျှတင်ပြခြင်းဖြစ်ပါတယ်။ ဒါကလည်း လိုအပ်လို့ပါ။ ရောဂါရဲ့ဇစ်မြစ်ကို သိရင် ရောဂါကုရလွယ်ပါတယ်၊ ပြည်သူတွေဟာ ဘာ့ကြောင့် ဒီလောက်ထိ ဆင်းရဲဒုက္ခရောက်နေရတာလဲ၊ ဘယ်လိုအတားဆီးတွေကြောင့်လဲ၊ ဘယ်သူတွေကြောင့်လဲဆိုတာကို မှန်မှန်ကန်ကန် သိဖို့လိုပါတယ်။ နအဖ ခေါင်းဆောင်တွေလည်း မီဒီယာကနေပြောနေတာပဲ သူတို့လည်း တိုင်းပြည်တိုးတက်ဖို့ စေတနာကောင်းနဲ့ လုပ်နေတဲ့အကြောင်း၊ အမျိုးသားနိုင်ငံရေးတို့၊ စည်းကမ်းပြည့်ဝသော ဒီမိုကရေစီတို့ စတဲ .. စတဲ့ စကားလုံးလှ လှတွေသုံးပြီးပြောနေတာပဲ၊ သို့သော်လည်းပဲ ဘယ်သူကမှ သူတို့ရဲ့ စိတ်ထဲကို ၀င်မကြည့်နိုင်ပါဘူး။ သူတို့ တွေရဲ့ လုပ်ရပ်ကိုပဲကြည့်ရမှာပါ။ တိုင်းပြည်ဖွံ့ဖြိုးတိုးတက်အောင် ဦးဆောင်နိုင်တဲ့ အစိုရများရဲ့ခေတ်မှာဆိုရင် ပြည်သူတွေဟာ စာပေ၊ ဂီတ၊ အနုပညာတို့ရဲ့ ရနံ့တွေနဲ့ သင်းထုံလျက်ရှိကြပြီး ညံ့ဖျင်းပြီး ဖိနှိပ်အုပ်ချုပ်တဲ့ အစိုးရများရဲ့ခေတ်မှာတော့ ပြည်သူများအကြားမှာ တော်လှန်ရေးစိတ်ဓာတ်တွေ၊ ကြုံးဝါးသံတွေ၊ ငိုကြွေးသံ တွေနဲ့သာ ထင်ဟတ်လျက်ရှိနေမှာဖြစ်ပါတယ်။ ခေတ်အဆက်ဆက် ကျောင်းသားလူငယ်များက သူတို့ရဲ့ဘ၀ နဲ့ အသက်တွေကို ယုံကြည်ချက်အတွက်ပေးခဲ့တာတွေဟာ သူတို့ရောက်ရှိနေတဲ့ခေတ်က သူတို့ကို ထင်ဟတ် စေခဲ့တာဖြစ်ပါတယ်။

၂၀၀၇ ခုနှစ်ရောက်တော့ ပြည်တွင်းစီးပွာရေးအကျပ်အတည်းနဲ့အတူ ပြည်သူလူထုအတွင်းမှာ ဆင်းရဲမွဲတေမှု က တဖြည်းဖြည်း နက်ရှိုင်းလာပါတယ်။ အလုပ်အကိုင် ရှားပါးခြင်း၊ ၀င်ငွေနဲ့ ထွက်ငွေ မျှတမှုမရှိခြင်းတို့ကြောင့် နေ့စဉ်အခက်အခဲများနဲ့ ရင်ဆိုင်နေရပြီး ပညာရေးနဲ့ ကျန်းမာရေးစောင့်ရှောက်မှုများလည်း ကျဆင်းလို့လာပါ တော့တယ်။ အဲ့ဒီလို ပြည်သူတွေ ဆင်းရဲကျပ်တည်းနေချိန်မှာပဲ စစ်အစိုးရက လောင်စာဆီဈေးနှုန်းတွေကိုအ ဆမတန် တိုးမြှင့်လိုက်ပါတယ်။ နဂိုကမှ အဆင်မပြေရတဲ့အထဲ မီးလောင်ရာလေပင့်လိုက်တဲ့ အစိုးရရဲ့ အသိ ဉာဏ်နဲ့မယှဉ်တဲ့ လုပ်ရပ်ကြောင့် ပြည်သူလူထုအတွင်းမှာ အခက်အခဲတွေက စုပြုံလာခဲ့ပါတော့တယ်။

ဒီအခက်အခဲတွေကို အစိုးရက ဖြေရှင်းပေးဖို့အတွက် လူထုက ငြိမ်းချမ်းစွာ လမ်းလျှောက်ဆန္ဒပြ တောင်းဆိုမှု တွေ ပြုလုပ်လာတဲ့အခါမှာ စစ်အစိုးရက ဖမ်းဆီးထောင်ချမှုတွေနဲ့ တုန့်ပြန်ခဲ့ပါတယ်။ ပိုဆိုးတာကတော့ ဆူပူ အုံကြွမှုတွေဖြစ်စေဖို့ ပြည်သူလူထုကို သွေးထိုးလှုံ့ဆော်တယ်ဆိုတဲ့ တဖက်သတ်စွပ်စွဲချက်တွေနဲ့ ၈၈ မျိုးဆက် ကျောင်းသားခေါင်းဆောင်တွေ၊ NLD ပါတီဝင်တွေကို ဖမ်းဆီးလိုက်ခြင်းပါပဲ။ စစ်အစိုးရရဲ့ တရားမဲ့လုပ်ရပ် များနဲ့ ပြည်သူတွေခံစားနေရတဲ့ ဒုက္ခကို လက်ပိုက်ကြည့်မနေနိုင်တော့တဲ့ သံဃာတော်များက ငြိမ်းချမ်းစွာ မေတ္တာပို့ စီတန်းလမ်းလျှောက်ပြီး ပြဿနာအရပ်ရပ်ကို ဖြေရှင်းပေးဖို့ စစ်အစိုးရကို ဖိအားပေးတောင်းဆိုမှုတွေ ပြုလုပ်ပါတယ်။ ငြိမ်းချမ်းစွာတောင်းဆိုမှုတွေကို ငြင်သာစွာ ကိုင်တွယ်ဖြေရှင်းပေးရမယ့်အစား အကြမ်းဖက် နှိမ်နင်းခဲ့တဲ့အတွက် ပခုက္ကူမြို့မှာ သံဃာတော်တွေနဲ့ အာဏာပိုင်တွေ ပဋိပက္ခဖြစ်ရာက စတင်ပြီး စက်တင် ဘာရွှေဝါရောင်တော်လှန်ရေးကြီး ပေါ်ပေါက်လာခဲ့ပါတော့တယ်။

မြန်မာ့သမိုင်းမှာ မကြုံစဖူး ထူးထူးခြားခြား သံဃာတော်တွေ သိန်းနဲ့ချီပြီး ငြိမ်းချမ်းစွာဆန္ဒပြခဲ့ကြတာကို ကမ္ဘာ ကပင် တအံ့တဩဖြစ်ခဲ့ရသလို ပြည်သူလူထုကလည်း သံဃာတော်တွေနဲ့အတူ စည်းကမ်းရှိရှိ ငြိမ်းချမ်းစွာ လမ်းလျှောက်ဆန္ဒပြခဲ့ပါတယ်။ ဒါကို အစိုးရအနေနဲ့ ငြိမ်းချမ်းစွာဖြေရှင်းပေးရမယ့်အစား ရက်ရက်စက်စက် အ ကြမ်းဖက်ချေမှုန်း သတ်ဖြတ်ခဲ့တာကြောင့် ရဟန်းရှင်လူပြည်သူ တစ်ရာကျော်ခန့် သေဆုံးခဲ့ရပြီး ၃၀၀၀ နီးပါး ဖမ်းဆီးအရေးယူခံခဲ့ရပါတယ်။ မြန်မာ့သမိုင်းမှာ အဆိုးဝါးဆုံး အကျည်းတန်ဆုံး ရက်စက်ရမ်းကားမှုကြီးတစ်ခု အဖြစ်နဲ့ နိုင်ငံတကာကပင် အံ့ဩတုန်လှုပ်ခဲ့ရပါတယ်။ ဗုဒ္ဓရဲ့မေတ္တာလမ်းစဉ်အောက်မှာ ယဉ်ကျေးသိမ်မွေ့စွာ နေထိုင်ခဲ့ကြတဲ့ မြန်မာပြည်သူတွေအတွက် အကျည်းတန်အရုပ်ဆိုးဖြစ်ခဲ့ရပါတယ်။


ဒါ့အပြင် နာဂစ်မုန်တိုင်းမတိုက်မီ တိတိကျကျသတင်းထုတ်ပြန်ပြီး ကြိုတင်သတိပေးတာတွေ၊ မုန်တိုင်းလွတ်ရာ သို့ ကြိုတင်ရွှေ့ပြောင်းခိုင်းတာတွေ မရှိခဲ့တာကြောင့် လူတစ်သိန်းခွဲခန့် သေဆုံးပြီး နှစ်သန်းခွဲနီးပါး အိုးမဲ့အိမ်မဲ့ ဖြစ်ခဲ့ရတာ နောက်ပြီး နိုင်ငံတကာအကူအညီတွေကို ချက်ချင်းလက်မခံဘဲ နှစ်ပတ်ခန့်ကြာမှ လက်ခံခဲ့တာ ကြောင့် ကယ်ဆယ်ရေးလုပ်ငန်းတွေ နှောင့်နှေးကြန့်ကြာပြီး မုန်တိုင်းလွန် နောက်ဆက်တွဲ ဒုက္ခတွေခံခဲ့ရတာ တွေ စသည်စသည်ဖြင့်ပြောရရင် အဖြစ်ကဆိုးလွန်းပါတယ်။ အဆိုးဝါးဆုံးက နာဂစ်မုန်တိုင်းအပြီး လူတွေမျက် ရေတောင် မခြောက်သေးခင် ပွဲလန့်တုန်း ဖျာခင်းတဲ့အနေနဲ့ စစ်အစိုးရတဖက်သတ် ရေးဆွဲထားတဲ့ အခြေခံဥ ပဒေကို အဓမ္မအတည်ပြုဖို့အတွက် ဆန္ဒခံယူပွဲတွေကို အားလုံးဝိုင်းကန့်ကွက်နေတဲ့ကြားထဲက ဇွတ်အတင်းပြု လုပ်ခဲ့တဲ့ လုပ်ရပ်ဖြစ်ပါတယ်။

အခြေခံဥပဒေကို အဓမ္မအတည်ပြုပြီးတဲ့နောက် ပြည်တွင်းမှာရှိတဲ့ နိုင်ငံရေးအင်အားစုများကို ထိန်းချုပ်နိုင်ပြီ လို့ယူဆပြီး ရွှေဝါရောင်တော်လှန်ရေးမတိုင်မီက ဖမ်းဆီးထားသူတွေ၊ ရွှေဝါရောင်အပြီး ဖမ်းဆီးထားသူတွေကို တရားရုံးတင်စစ်ဆေးပြီး နှစ်ရှည်ထောင်ဒဏ်တွေ ချမှတ်လိုက်ပါတယ်။ အမှုတွေစစ်ဆေးစဉ်အတွင်းမှာ အစိုး ရက တရားစီရင်ရေးကို ၀င်ရောက်စွက်ဖက်ချုပ်ကိုင်ခဲ့ကာ တရားဥပဒေလုပ်ထုံးလုပ်နည်းတွေနဲ့ ဆန့်ကျင်ပြီးတရားသူကြီးများကို ဆုံးဖြတ်စေခဲ့ပါတယ်။ သိသာထင်ရှားတဲ့ အချက်တွေကတော့ စစ်ကြောရေးဌာနတွေမှာ ညှင်းပန်းနှိပ်စက်စစ်ဆေးပြီး ရရှိတဲ့ ထွက်ချက်တွေကို တရားရုံးမှာ သက်သေတင်ခြင်း၊ မတရားသက်သေများ ကိုအုပ်စုဖွဲ့ပြီး ခိုင်းစေခြင်း၊ နောက်ကြောင်းပြန်အမှုတွေကို ပြန်ကောက်ပြီး တရားစွဲဆိုခြင်း၊ ရှေ့နေတွေကို ခြိမ်းခြောက်တရားစွဲဆို ထောင်ချခြင်း စတဲ့အချက်များဖြစ်ပါတယ်။ တရားရုံးရဲ့ ဥပဒေမဲ့လုပ်ရပ်တွေကြောင့် ၈၈ မျိုးဆက်ကျောင်းသားခေါင်းဆောင်တွေက မိမိတို့အနေနဲ့ တရားရုံးနဲ့ပူးပေါင်းဆောင်ရွက်ခြင်းမပြုနိုင်တော့ ကြောင်း စတင်ကန့်ကွက်ခဲ့ကြပါတော့တယ်။ အဲ့ဒီနောက်မှာတော့ မြန်မာနိုင်ငံတရားစီရင်ရေးအပေါ် နိုင်ငံတ ကာက ကန့်ကွက်သံ၊ ဝေဖန်ကဲ့ရဲ့သံတွေ ကျယ်ကျယ်လောင်လောင် ထွက်လာခဲ့ပြီး မတရားဖမ်းဆီးထောင်ချ မှုတွေ ရပ်တန့်ဖို့ တောင်းဆိုခဲ့ကြပါတယ်။ ဒါတွေကို စစ်ခေါင်းဆောင်တွေက မကျေမနပ်ဖြစ်ပြီး နိုင်ငံရေးအ ကျဉ်းသားတွေကို ဝေးလံတဲ့ အစွန်အဖျားဒေသမှာရှိတဲ့ (ဂ) အဆင့် ထောင်တွေကို ပို့လိုက်တဲ့အတွက် နိုင်ငံ ရေးအကျဉ်းသားတွေရဲ့မိသားစုတွေကိုပါ အခက်အခဲဖြစ်စေခဲ့ပါတယ်။ အခုလို ယုံကြည်ချက်အတွက် ငြိမ်းချမ်း စွာ ဆန္ဒထုတ်ဖေါ်ခဲ့တဲ့သူတွေကို အငြိုးအတေးနဲ့ လုပ်နေတာတွေကို ကြည့်ရင် အနာဂတ်မှာ တရားဥပဒေစိုးမိုး ရေးနဲ့ ဒီမိုကရေစီ အခွင့်အလမ်းတွေ ဖြစ်လာမှာမဟုတ်တာကတော့ အသေအချာပါပဲဖြစ်ပါတယ်။

အထက်မှာ တင်ပြခဲ့တာတွေအားလုံးကတော့ ၁၉၆၂ ခုနှစ် ဗိုလ်ချုပ်ကြီးနေ၀င်း ဦးဆောင်တဲ့စစ်အစိုးရ နိုင်ငံ တော်အာဏာယူခဲ့တဲ့ အချိန်ကစလို့ ၂၀၀၈ ခုနှစ်ကုန်ထိ ၄၆ နှစ်တာကာလအတွင်းမှာ ဖြတ်သန်းခဲ့တဲ့ နိုင်ငံ ရေးဖြစ်စဉ်ကို အကျဉ်းမျှဖေါ်ပြခဲ့တာဖြစ်ပါတယ်။ ဆက်လက်တင်ပြမဲ့ အကြောင်းအရာတွေက မြန်မာနိုင်ငံ ဒီမို ကရေစီအသွင်ကူးပြောင်းရေးမှာ ရင်ဆိုင်ကြုံတွေ့ရတော့မယ့် အခက်အခဲ အကျပ်အတည်းများနဲ့ ပြည်သူ့တပ် မတော်ရဲ့ အခန်းကဏ္ဍပဲဖြစ်ပါတယ်။


၆၁ နှစ်မြောက် လွတ်လပ်ရေးနေ့သ၀ဏ်လွှာမှာ ဗိုလ်ချုပ်မှုးကြီးသန်းရွှေက နိုင်ငံတော်အနေနဲ့ မူဝါဒလမ်းစဉ် ၇ ချက်အတိုင်း မမှိတ်မသုန် ဆက်လက်ချီတက်သွားမှာဖြစ်တဲ့အကြောင်း အတိအလင်း ပြောဆိုခဲ့ပါတယ်။ ဘယ် လိုပဲ ချီတက်ချီတက် အကျပ်အတည်းတွေ၊ စိန်ခေါ်မှုတွေနဲ့ ခေါင်းချင်းဝင်ဆောင့်ရပါတော့မယ်။ နအဖဖွဲ့စည်း ပုံအခြေခံဥပဒေအရ လက်နက်ကိုင်တပ်ဖွဲ့များအားလုံးဟာ ကာကွယ်ရေးဦးစီးချုပ်လက်အောက်မှာ ရှိရမှာဖြစ် လို့ အပစ်အခတ်ရပ်စဲထားတဲ့ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့စည်းအားလုံး လက်နက်စွန့်ရမှာဖြစ်ပါတယ်။ အားနည်းတဲ့ အဖွဲ့တွေကတော့ အစိုးရကခင်းပေးတဲ့ လမ်းအတိုင်း သွားကြမှာပါ၊ ဒါပေမယ့် အင်အားကြီးတဲ့ အ ဖွဲ့စည်းများ (မွန်တပ်ဖွဲ့၊ ၀တပ်ဖွဲ့) ကတော့ ရွေးကောက်ပွဲဝင်ဖို့ကိစ္စ၊ လက်နက်စွန့်ဖို့ကိစ္စကို လက်မခံတဲ့အတွက် စစ်အစိုးရအဖို့ အတော်ကိုကြီးမားတဲ့ အကျပ်တည်းပါ။ တချက်မှားတာနဲ့ တစ်နိုင်ငံလုံး ဒုက္ခရောက်သွားနိုင်ပါ တယ်။


နောက်တစ်ချက်က အမျိုသားဒီမိုကရေစီအဖွဲ့ချုပ်က တောင်းဆိုထားတဲ့ လွှတ်တော်ခေါ်ပြီး ဖွဲ့စည်းပုံအခြေခံဥ ပဒေကို ပြန်လည်သုံးသပ်ပြင်ဆင်ရေးကိစ္စ ဖြစ်ပါတယ်။ ဒီအပေါ်မှာ အစိုးရက ပြတ်ပြတ်သားသား အဖြေမပေး နိုင်သေးပါဘူး။ နောက်ပြီးတော့ ကမ္ဘာ့စီးပွားရေးအကျပ်အတည်းကြောင့် ရိုက်ခတ်လာမယ့်ဂယက်၊ ပြည်တွင်း စီးပွားရေးကျဆင်းမှုကြောင့် ပေါ်ပေါက်လာနိုင်တဲ့ လူထုအုံကြွမှုများ၊ ကုလသမဂ္ဂအပါအ၀င် နိုင်ငံတကာမှ ဖိ အားပေးမှုများ၊ ပြည်သူလူထုအများစုက စစ်အစိုးရအပေါ် ယုံကြည်မှုကင်းမဲ့လာခြင်းများအပြင် စစ်တပ်ယူနီ ဖောင်းဝတ်ပြီး နိုင်ငံရေးအာဏာယူမယ့် အုပ်စုနဲ့ တပ်ကထွက်ပြီး နိုင်ငံရေးအဖွဲ့စည်းမှာ တာဝန်ယူမယ့်အုပ်စု အကြား အာဏာခွဲဝေရေးပြဿနာများ စသဖြင့် အကျပ်အတည်းတွေ စိန်ခေါ်မှုတွေက များလွန်းတာမို့ နအဖ အဖို့ ထင်သလောက် ခရီးမပေါက်နိုင်ပါဘူး။ ပြဿနာတွေသာ စုပြုံတက်လာပြီး အခန့်မသင့်ရင် ပြည်တွင်းစစ် ဖြစ်သွားနိုင်လို့ အန္တရာယ်ကြီးလှပါတယ်။


၆၁ နှစ်မြောက် လွတ်လပ်ရေးနေ့မှာ လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်မှ ပြည်သူလူထုသို့ "တိုင်း ပြည်နဲ့ ပြည်သူလူထုအကျိုးကိုရှေ့ရှု၍ ပြတ်ပြတ်သားသားဆောင်ရွက်ကြ"ဆိုတဲ့ အမှာစကားပါးလိုက်ပါတယ်။ ဒီစကားက တပ်မတော်သားများကိုပါ ရည်ညွန်းပြီး ပြောလိုက်တာဖြစ်ပါတယ်။ တိုင်းပြည်အတွက် အရေးကြီး တဲ့အချိန်ကို ရောက်နေပါပြီ။ ဒီမိုကရေစီအင်အားစုတွေအားလုံး ရဲရဲရင့်ရင့် ရှေ့ကိုတိုးကြပါ၊ တပ်မတော်သား တွေကလည်း ၀ိုင်းဝန်းကူညီကြပါလို့ တိုက်တွန်းလိုက်တာဖြစ်ပါတယ်။ တကယ်တော့ တပ်မတော်ဆိုတာ ပြည် သူကြားကပေါ်ပေါက်ခဲ့တာမို့ အားလုံးဟာ ညီအကိုတွေပါ။ သွေးရှိတယ်၊ မျက်ရည်ရှိတယ်၊ ခံစားတတ်တဲ့ နှလုံး သားရှိတာချင်းအတူတူပါပဲ။ ဘယ်မြန်မာနိုင်ငံသားတွေကမှ ကိုယ့်အချင်းချင်း မတိုက်ခိုက်ချင်၊ မသတ်ဖြတ်ချင် ကြပါဘူး။ ဒီကနေ့ ရင်ဆိုင်ကြုံတွေ့နေကြရတဲ့ ဆင်းရဲဒုက္ခ အဖြစ်ဆိုးတွေနဲ့လည်း ကြုံတွေ့ချင်ကြမှာ မဟုတ်ပါ ဘူး။ သို့သော်လည်း စစ်အာဏာရှင်ယန္တရားကြီးရဲ့လူမဆန်တဲ့ လုပ်ရပ်တွေကြောင့် လူ့ယဉ်ကျေးမှု ၊ကိုယ်ကျင့် တရားနဲ့ ဂုဏ်သိက္ခာတွေ ကျဆင်းခဲ့ရပြီး စစ်အာဏာရှင်တွေရဲ့ လောဘ၊ ဒေါသ၊ မောဟ၊ မာန၊ အတ္တတွေ ကြောင့်ဖြစ်ရတဲ့ အညစ်အကြေးတွေက ပြည်သူ့တပ်မတော်ကို စွန်းထင်းညစ်ထေးစေခဲ့ပါတော့တယ်။


တချိန်က ယူနီဖောင်းကိုမြင်တာနဲ့ လေးစားခဲ့ကြတဲ့ တပ်မတော်သားများနဲ့ ပြည်သူတွေကြားက ချစ်ကြည်ရင်း နှီးမှုတွေဟာလည်းပဲ တစစနဲ့ မှေးမှိန်ပျောက်ကွယ်သွားခဲ့ရပါတော့တယ်။ ဖြတ်သန်းခဲ့တဲ့ ကာလတွေကို ပြန် လှည့်ကြည့်တဲ့အခါမှာ စစ်အစိုးရက တိုင်းပြည်ဖွံ့ဖြိုးတိုးတက်ရေးနဲ့ တည်ငြိမ်ရေးကို မလုပ်ဘဲ သူတို့ရဲ့ အာဏာ တည်မြဲရေးအတွက် အတိုက်အခံ နိုင်ငံရေးအင်အားစုတွေကိုသာ သဲသဲမဲမဲ ချေမှုန်းတိုက်ခိုက်နေတာတွေပဲ တွေ့ရပါတယ်။ တကယ်တမ်းကျတော့ အပြီးတိုင်ချေမှုန်းဖို့ဆိုတာ မဖြစ်နိုင်တဲ့ မိုက်မဲမှုသက်သက်ဖြစ်ပြီး ပြည် သူလူထုကိုသာ ထိခိုက်စေပါတယ်။ ယေဘူယျအားဖြင့် အားလုံးက လက်ခံနိုင်တဲ့ နိုင်ငံရေးအရ ပြုပြင်ပြောင်း လဲမှု မရှိသမျှတော့ ၂၀၁၀ ရွေးကောက်ပွဲအလွန်မှာ ပိုပြီးခက်ခဲ၊ ပိုပြီးတော့ ဆိုးရွားတဲ့ အခြေအနေတွေနဲ့ ရင် ဆိုင်ကြုံတွေ့ရမှာဖြစ်ပါတယ်။ လောကနိယာမမှာ မတရားမှုတွေ လုပ်တိုင်းလုပ်တိုင်း နောက်ထပ်မတရားမှု တွေက ဆက်တိုက်ဆိုသလို ဖြစ်ပေါ်တတ်တယ်လို့ ဆိုပါတယ်။ အဲ့ဒါကြောင့် မတရားတဲ့ အမိန့်အာဏာများနဲ့ လူထုကို ခြိမ်းခြောက်ပြီး မတရားတဲ့ လမ်းစဉ်နောက်ကို အတင်းလိုက်ခိုင်းနေတာတွေ ရပ်ဖို့သင့်ပြီဖြစ်ပါတယ်။

နိဂုံးချုပ်အနေနဲ့ ပြောချင်တာကတော့ မြန်မာနိုင်ငံမှာ နှစ်ပေါင်းလေးဆယ်ကျော် အမြစ်တွယ်လာခဲ့တဲ့ စစ်အာဏာရှင်အုပ်ချုပ်ရေး စနစ်ကြောင့် မြန်မာနိုင်ငံရဲ့လူမှုအဆောက်အအုံကြီးတစ်ခုလုံး ပြိုကွဲပျက်စီးရတော့မှာကို ရှေ့မှာမြင်နေရပြီဖြစ်ပါတယ်။ ဒါကို အချိန်မီကယ်တင်နိုင်ဖို့အတွက် ပြည်တွင်းပြည်ပ နိုင်ငံရေးအင်အားစုများ၊တိုင်းရင်းသားလုပ်သားပြည်သူများနဲ့ ပြည်သူ့တပ်မတော်သားများ အတူတကွပူးပေါင်းပြီး ကြိုးပမ်းအားထုတ် ကြမှသာ ပြီးမြောက်အောင်မြင်မှာဖြစ်တဲ့အကြောင်း တိုက်တွန်းရေးသားလိုက်ရပါတယ်။

ခင်မောင်ခန့်

No comments: