DREAM ANGEL သို့ လာရောက်လည်ပတ်ကြသူအားလုံးကို DREAM ANGEL မှ ကျေးဇူးအထူးတင်ရှိပါတယ်.........

Friday, January 23, 2009

NCUB က စင်ပြိုင်အစိုးရသစ်တခု ဖွဲ့စည်းဖို့ စီစဉ်နေသည့်အပေါ် ကိုဘိုကြည်နှင့် ဒေါက်တာနိုင်အောင်၏ အမြင်

၂၀၀၉ ခုနှစ်၊ ဇန်န၀ါရီလ ၁၂ ရက်
ကိုဘိုကြည်
(တွဲဘက် အထွေထွေ အတွင်းရေးမှူး)
နိုင်ငံရေး အကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း (မြန်မာနိုင်ငံ) - AAPP
Date: 2009/1/12

မေး။ NCUB က အစိုးရသစ်တရပ် ဖွဲ့စည်းဖို့ စီစဉ်နေတဲ့အပေါ် ဘယ်လို သဘောထားရှိလဲဆိုတာ သိပါရစေ။

ဖြေ။ ဒီလိုမျိုး သူတို့ အစိုးရဖွဲ့မယ်ဆိုတာ လွန်ခဲ့တဲ့ ၂ နှစ်၊ ၃ နှစ်လောက်ကတည်းက သူတို့ စကြိုးပမ်းနေကြတယ်။ အဲဒီမှာ လွန်ခဲ့တဲ့ ၂ နှစ်ကျော်လောက်တုန်းကတော့ ကျနော့်ကိုခေါ်ပြီး ဆွေးနွေးခဲ့ဖူးတာ ရှိတယ်။ ကျနော်ကတော့ မဖြစ်သင့်ဘူးပေါ့လေ။ မလုပ်သင့်ဘူး၊ မလုပ်ပါနဲ့ ဆိုတာမျိုးတော့ ကျနော်တို့ အကြံပေးတယ်။

အစိုးရအဖွဲ့ ဖွဲ့တယ်ဆိုတာက စာရွက်ပေါ်တင် ဖွဲ့လို့ရတဲ့ ကိစ္စမဟုတ်ဘူး။ ကျနော်တို့တွေမှာ တကယ့်လွတ်မြောက်နယ်မြေ အကျယ်ကြီး ရှိဖို့လိုတယ်။ နောက် တိုင်းရင်းသားပေါင်းစုံ တပ်ကြီးက တကယ့် စုစည်းညီညွှတ်တဲ့ တပ်ကြီး ဖြစ်နေဖို့ လိုတယ်။ အဲလို အခြေအနေတွေ ပေါင်းစုံပြီးတဲ့ အခါကျတော့မှ အစိုးရပဲဖြစ်ဖြစ်၊ နိုင်ငံပဲဖြစ်ဖြစ် ကျနော်တို့ ကြေညာလို့ရတယ်။ ဆိုတော့ ကျနော်တို့ဆီမှာက တကယ်တမ်းကျတော့ လွတ်မြောက်နယ်မြေ ဆိုတာကလည်း အကျယ်ကြီးရှိတာ မဟုတ်ဘူး။ နောက်ပြီးတော့ လက်နက်ကိုင်အင်အားစုရဲ့ တပ်တွေဆိုတာကလည်း သိပ်အားအကောင်းကြီး ရှိနေတာမျိုးလည်း မဟုတ်ဘူး ဆိုတော့လေ။

အဲဒီတော့ ဒီလိုအခြေအနေမျိုးမှာ ဖွဲ့မယ်ဆိုလို့ရှိရင် ကျနော်တို့က စာရွက်ပေါ်မှာပဲ ဖွဲ့တယ်ဆိုတဲ့ ပုံစံမျိုးတွေ ဖြစ်သွားရင် မကောင်းဘူး။ ဘယ်သူ့အတွက်မှလည်း အကျိုးရှိမှာ မဟုတ်ဘူး။ ဆိုတော့ အဲလိုမျိုးက ကျနော်တို့ကို လွန်ခဲ့တဲ့ ၃ နှစ်လောက်က ခေါ်ဆွေးနွေးတဲ့ အခြေအနေတုန်းကတော့ ကျနော်တို့ အကြံပေးဖူးတယ်။ ကျနော်တို့ အမြင်ကတော့ မလုပ်သင့်သေးဘူး။ မဖြစ်သင့်ဘူးပေါ့။

မေး။ အခုလို အခြေအနေတွေဖြစ်နေတော့ စစ်အစိုးရဘက်က တန်ပြန်မှုက ဘယ်လိုမျိုး ရှိမယ်လို့ ထင်ပါလဲ။

ဖြေ။ ဒီပြင်ပမှာ လုပ်နေတဲ့ အဖွဲ့အစည်းတွေပေါ်မှာတော့ စစ်အစိုးရက သူတို့ရဲ့ နိုင်ငံရေးအရ တုံ့ပြန်တာတွေ စစ်ရေးအရ တုံ့ပြန်တာတွေ ရှိမှာပေါ့လေ။ ဒါကတော့ ဒီလိုပဲ လုပ်နေကြဆိုတော့ ထူးထူးခြားခြားတော့ မဟုတ်ပါဘူး။

မေး။ ဒီလို ဖွဲ့တာဟာ ၂၀၁၀ ကို ရည်မှန်းတာလို့ ဆိုထားတော့ ဒါက ဘယ်လိုမျိုး အခြေအနေတွေ ဖြစ်လာမှာလို့ ထင်ပါလဲ။

ဖြေ။ ၂၀၁၀ အဆုံးအဖြတ်က အဓိကကတော့ ပြည်တွင်းက ပိုအဓိက ကျတာပေါ့။ ပြည်ပကတော့ အဓိက ကျတဲ့နေရာမှာ မဟုတ်ဘူး။ ပြည်ပဆိုတာက ကျနော်တို့က ပြည်တွင်းကို ထောက်ခံပေးတဲ့နေရာ၊ အားပေးတဲ့နေရာ၊ အဓိက ပံ့ပိုးပေးတဲ့ အင်အားစုတခုအနေနဲ့ပဲ ပြည်ပက နေတာပါ။ ဆိုတော့ ပြည်တွင်း NLD တို့၊ ပြည်တွင်းက အင်အားစုတွေရယ်၊ သူတို့ရဲ့ ပေါ်လစီတွေ၊ သူတို့ရဲ့ သဘောထားတွေကို ကျနော်တို့က ရောင်ပြန်ဟပ်တဲ့ဟာမျိုးတွေ ကျနော်တို့က လုပ်သွားနိုင်ဖို့လိုတယ်။

ဥပမာ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်ကဆိုလည်း လွန်ခဲ့တဲ့ ၃ နှစ်လောက်ကပဲ စင်ပြိုင်အစိုးရနဲ့ ပတ်သက်ပြီးတော့ သူတို့ မထောက်ခံဘူး။ သူတို့ဆီမှာ မူမရှိဘူးဆိုပြီးတော့ သူတို့ ပြောထားတာမျိုးတွေ ရှိတယ်။ အခု သူတို့ သွားနေတဲ့ အဓိက လမ်းကြောင်းက ဒိုင်ယာလော့ဂ်တို့၊ နိုင်ငံရေးအကျဉ်းသား လွတ်မြောက်ရေးတို့ ဒါမျိုးတွေကို ဇောင်းပေးပြီး သွားနေတာဖြစ်ပါတယ်။ ကျနော်တို့က ပြည်တွင်းအင်အားစုတွေရဲ့ ပေါ်လစီတွေကို အဓိက ထားပြီးတော့ လုပ်ဆောင်သွားမှာပေါ့။

ကျနော်တို့ AAPP အနေနဲ့ကတော့ နိုင်ငံရေးအကျဉ်းသား လွတ်မြောက်ရေးကိုပဲ ဇောင်းပေးပြီးတော့ လုပ်သွားမှာပါ။ ဘာဖြစ်လို့လဲဆိုတော့ မြန်မာနိုင်ငံရဲ့ နိုင်ငံရေး အပြောင်းအလဲရဲ့ ပထမဆင့် ခြေလှမ်းက နိုင်ငံရေး အကျဉ်းသား အကုန်လုံး လွတ်မြောက်ရေးဖြစ်နေလို့ပါပဲ။

မေး။ ဒါဆိုရင် AAPP အနေနဲ့က အသစ်ဖွဲ့မယ့် အစိုးရကို မထောက်ခံဘူးလို့ ဆိုလိုချင်တာပါလား။

ဖြေ။ AAPP အနေနဲ့ ကိုယ်စားပြုပြီးတော့ ကျနော် မပြောနိုင်သေးဘူး။ ဒါပေမဲ့ အခုချိန်အထိတော့ ကျနော်တို့ AAPP ကို လာပြီးတော့ ဆွေးနွေးတာမရှိပါဘူး။ နောက် သူတို့တွေ အထဲထဲမှာတောင်မှ အကုန်လုံးသိတဲ့ ကိစ္စတွေ မဟုတ်ဘူးဆိုတာ ဖြစ်နေတော့။ လူတစုက ကြေညာတဲ့ပုံစံမျိုး ဖြစ်နေတယ်။ အဲလို လူတစုက ဖွဲ့ရုံနဲ့တော့ ခိုင်မာကျယ်ပြန့်တဲ့ အစိုးရတရပ်တော့ မဖြစ်နိုင်ဘူး။ သူတို့အချင်းချင်းကြားက ညီညွတ်ရေးကို သူတို့ အမြန်ဆုံးပြန်တည်ဆောက်ဖို့လိုမယ်။ ကျနော်တို့က NCUB ရဲ့ အဖွဲ့ဝင်လည်း မဟုတ်ဘူးပေါ့။ မဟုတ်တဲ့အတွက် ဒါနဲ့ ပတ်သက်ပြီးတော့ ကျနော်တို့နဲ့ မဆိုင်ဘူးဆိုပေမယ့် ဘာပဲပြောပြော ညီညီညွတ်ညွတ်ဖြစ်တာပဲ လိုချင်တယ်။

အဓိက ဇောင်းပေးသင့်တာကတော့ ၂၀၁၀ မတိုင်ခင် ဒီ ၂၀၀၉ ဟာ အရမ်းကို အရေးကြီးတယ်။ ဆိုတော့ ပြည်တွင်းမှာရှိတဲ့ အင်အားစုတွေက ဘယ်လိုမျိုးဖြစ်ချင်လဲ၊ ဘာလုပ်ချင်တာလဲဆိုတာကို ကျနော်တို့ ပြည်ပမှာ ရှိတဲ့သူတွေက ဟန်ချက်ညီညီလုပ်ဖို့ ဆိုတာမျိုးတွေ စဉ်းစားပြီးတော့ ကျနော်တို့ လုပ်ဖို့လိုပါတယ်။ ကျနော်တို့ လုပ်နေတဲ့ လှုပ်ရှားမှု မှန်သမျှက ပြည်တွင်းကို အထောက်အပံ့ဖြစ်အောင် ဘာတွေ လုပ်မလဲလို့ဆိုတာကို စဉ်းစားသင့်တယ်။

- - - - - - - - - - - - - - - - - - - - - - - - - - - - - - - - - - - - - - - - - - - - - - - - - - - - -

ဒေါက်တာနိုင်အောင်
(အတွင်းရေးမှူးချုပ်)
မြန်မာနိုင်ငံ ဒီမိုကရက်တစ်အင်အားစု (FDB)
Date: 2009/1/12

မေး။ NCGUB က ရှိနေပြီးသားမှာ NCUB က စင်ပြိုင်အစိုးရသစ်တခု ဖွဲ့စည်းဖို့ စီစဉ်မယ်ဆိုပြီး ထုတ်ပြန်လာတာတွေအပေါ် ဘယ်လိုရှုမြင်လဲဆိုတာ သိပါရစေ။

ဖြေ။ ဒါပြောရမှာက ပထမတခုက ဘာလဲဆိုတော့ သူတို့ပြောနေတဲ့ဥစ္စာအပေါ်မှာ ကျနော်တို့ တိုက်ရိုက်ကြားရတာ မဟုတ်ဘူး။ ထုတ်ပြန်ကြေညာချက်တွေပေါ်မှာပဲ ကြည့်ရတာဆိုတော့ သေသေချာချာ ရှင်းပြတာ မသိရသေးဘူးပေါ့။ မသိရသေးတာရယ်၊ နောက် သူတို့ ခေါင်းဆောင်တွေ ပြောနေတာက တခုနဲ့တခု မတူဘူးလို့တော့ ဖြစ်တော့ဖြစ်တယ်ထင်တယ်။ ဆိုတော့ တချို့နေရာတွေမှာလည်း နောက်ထပ်အစိုးရသစ် တခုလို့ ပြောသလို တချို့နေရာတွေမှာလည်း နောက်ထပ်တခု မဟုတ်ပါဘူးလို့ ပြောတာတွေလည်း ရှိနေတော့ ကျနော်တို့ အတိအကျ မကြားရသေးဘူးလို့ ပြောရမှာပေါ့နော်။

ဒုတိယတခုက ဘာလဲဆိုတော့ ညီညွှတ်ရေးကို လုပ်နေရင်းနဲ့ မညီမညွှတ် ဖြစ်ကြရသလိုတော့ ဖြစ်နေတာ အမှန်ပဲ။ ဆိုတော့ အဲလို အနေအထားမျိုးမှာလည်း၊ ဒီလိုအခြေအနေမျိုးမှာ အဲလိုဖြစ်နေရတာကတော့ စိတ်မကောင်းဘူးပေါ့ဗျာ။ အဓိကကလည်း ကျနော်ထင်တာက ဘာလဲဆိုတော့ ပြင်ဆင်မှု အားနည်းတယ်လို့ ထင်ပါတယ်။ ပြင်ဆင်မှု အားနည်းတယ်ဆိုတာက ဒီလိုကိစ္စမျိုး၊ တနိုင်ငံလုံးနဲ့ဆိုင်တဲ့ ကိစ္စမျိုးမှာ NCUB ခေါင်းဆောင်တွေအနေနဲ့က ကျန်တဲ့ NCUB အဖွဲ့ဝင်တွေ အဖွဲ့အစည်းတွေက ခေါင်းဆောင်တွေနဲ့ရော၊ ကျန်တဲ့ NCUB အဖွဲ့ဝင်မဟုတ်တဲ့ အဖွဲ့အစည်းတွေက ခေါင်းဆောင်တွေနဲ့ ဆွေးနွေးတိုင်ပင်သင့်တယ်လို့ ထင်တယ်။

ဆွေးနွေးတိုင်ပင်တယ်ဆိုတာက အဓိကက ဘာလုပ်ကြမှာလဲဆိုတဲ့ မူတွေ၊ ဘာတွေ ဒီလိုလုပ်ဖို့လိုတယ်ဆိုတဲ့ မူတွေအပေါ်မှာ အရင်ဆုံး ဆွေးနွေးတိုင်ပင်ပြီးတော့မှ ''ကဲ ဒါကတော့ဖြင့် ဒီလိုလုပ်ကြဖို့ သဘောတူတယ်'' ဆိုလို့ရှိရင် ဘယ်လိုပုံစံမျိုးနဲ့ ဖွဲ့စည်းကြမလဲဆိုတာကို ဒုတိယ ဆွေးနွေးစဉ်းစားကြရမယ်လို့ ထင်တယ်။

ဆိုတော့ အဲလို ကိစ္စမျိုးတွေကလည်း မှန်မှန်ပြောမယ်ဆိုလို့ရှိရင်တော့ NCUB ပါနေတဲ့ ၇ ဖွဲ့ပေါ့နော်။ သူလုပ်ကိုင်နေတဲ့ ကိစ္စတွေလည်း ရှိပါတယ်။ ဒါပေမဲ့ အဲလို အစည်းအဝေးပွဲတွေမှာတော့ အခုပြောနေတဲ့ အစိုးရ ဖွဲ့စည်းရေးဆိုတဲ့ ကိစ္စရပ်မျိုးကို တခါမှတော့ ချပြဆွေးနွေးတာတော့ မရှိဘူးပေါ့။ ဆိုတော့ အဲဒီလိုမျိုး ကျနော်တို့က လုပ်ငန်းစဉ်တွေကို ဘာတွေ အတူလုပ်ရင်ကောင်းမလဲ၊ အတူလုပ်လို့ ကောင်းတယ်ဆိုရင် ဒီလို အတူတူလုပ်ဖို့အတွက်ကို ဖွဲ့စည်းပုံက ဘယ်လိုမျိုး အတူတူဖွဲ့ကြရင် ကောင်းမယ်ဆိုတဲ့ကိစ္စမျိုး။ အဲလိုမျိုး စဉ်းစားတိုင်ပင်ပြီးတော့မှ လက်တွေ့ဖော်ဆောင်တဲ့ကိစ္စကို လုပ်သင့်တယ်လို့ထင်တယ်။ ကျနော်တို့ အဲလို ပြင်ဆင်မှုတွေ မလုပ်တဲ့ အခါကျတော့ ဒီအမြင်တွေကို တယောက်တမျိုး ပြောရတဲ့ အခါကျတော့ သဘောထားတွေ မညီမျှသလိုဖြစ်တာလေ။ ဒါ မှန်မှန်ပြောမယ်ဆိုရင်တော့ ကျနော်တို့ လှုပ်ရှားမှုအတွက်တော့ မကောင်းတဲ့ သက်ရောက်မှုဖြစ်တယ်လို့တော့ ကျနော်က ဒီလိုမျိုးပဲ ပြောချင်ပါတယ်။

နောက်တချက်က ဘာလဲဆိုတော့ ဒီလိုမျိုး လုပ်တယ်ဆိုလို့ရှိရင်လည်း ကျနော်တို့က အားလုံးပါအောင် တတ်နိုင်သမျှ သူတို့လည်း ပြောထားတဲ့ အတိုင်းပေါ့လေ ခိုင်မာကျယ်ပြန့်အောင် လုပ်တယ်ဆိုတဲ့နေရာမှာ ကိုယ့်ဘက်ကနေပြီးတော့ ကျယ်ကျယ်ပြန့်ပြန့်ထားနိုင်တဲ့ အမြင်မျိုး ထားနိုင်မှသာလျှင် တကယ်ခိုင်မာတဲ့ဟာ ရမှာပါ။ အဲဒါမှ မဟုတ်ဘူးဆိုလို့ရှိရင်တော့ ကိုယ်နဲ့ သဘောတူတဲ့ လူတစုနဲ့ပဲ လုပ်ကြမယ်ဆိုလို့ ရှိရင်တော့ မြင့်မားတဲ့ ရည်ရွယ်ချက်ကို မရောက်ဘဲနဲ့ အစုအဖွဲ့လေးပဲ ဖြစ်လာတာကလွဲလို့ ဘာမှ ထူးခြားတဲ့ဟာမျိုး မဖြစ်ဘဲနဲ့ နေမှာစိုးရပါတယ်။ ဆိုတော့ ဒါက နည်းနည်း စိတ်ပူစရာကောင်းတဲ့ တခုပေါ့။

တတိယတခုက ကျနော်မြင်တာကတော့ အခုအချိန်မျိုးမှာ ကျနော်တို့က အလုပ်တွေကို ဘယ်လိုပူးတွဲပြီးတော့ ဆောင်ရွက်သွားမလဲဆိုတဲ့ ပုံစံမျိုးကို ပိုစဉ်းစားတာက ပိုပြီးတော့ လက်တွေ့ကျမယ်။ ဒီအချိန်မှာ ကျနော်တို့က ဖွဲ့စည်းမှုပုံသဏ္ဍာန်တွေကို ဟိုလူကောင်းတယ်၊ ဒီလူကောင်းတယ်နဲ့ ဆွေးနွေးနေပြီးတော့မှ အငြင်းပွားနေရမယ့် အချိန်မဟုတ်ဘူးလို့ ထင်တယ်။ ဖွဲ့စည်းပုံဆိုတာက အဆောက်အဦကိစ္စပေါ့နော်။ ဆိုတော့ အဆောက်အဦကိစ္စက အဓိက ကျတဲ့နေရာမှာ မရှိဘူးလို့ ထင်တယ်။ ဆိုတော့ အလုပ်တွေ ပေါ်လာတယ်ဆိုလို့ရှိရင် အလုပ်တွေ အပေါ်မှာ လေ့လာတယ်ဆိုလို့ရှိရင် အဆောက်အဦကိစ္စကတော့ အကာအရံကိစ္စပဲပေါ့နော့်။ ကျနော်တို့ ဘယ်လို တ၀င်းထဲမှာ အတူထိုင်ကြမလဲဆိုတဲ့ကိစ္စ ပြောကြတာဖြစ်တာကိုး။

နောက်တခုက အစိုးရဆိုတဲ့ကိစ္စ ပြောတဲ့အခါကျတော့ အခုရှိနေတဲ့ NCGUB ပေါ့။ အမျိုးသား ညွန့်ပေါင်းအစိုးရဆိုတာကို အခြေခံပြီး ပြောကြတာတွေလည်း ရှိတယ်။ ကျနော်တို့က လက်တွေ့အစိုးရဆိုတဲ့ ကိစ္စကို စဉ်းစားတဲ့အခါမှာ ကျနော်တို့က တရားဝင်ဖြစ်မှုပေါ့ Legitimacy ကို ကျနော်တို့က နအဖနဲ့ အပြိုင်လုပ်ချင်လို့ Legitimacy ကို ကျနော်တို့ လုပ်တာလား။ ဒါမှ မဟုတ်လို့ရှိရင် ကျနော်တို့ကနေပြီးမှ movement တခုလုပ်မှ ထောက်ခံမှုကို ရနိုင်မယ်။ Movement တခုလုံးကို ဦးဆောင်နိုင်တဲ့ ခေါင်းဆောင်မှု တရပ်ကို ဖော်ချင်တာလားပေါ့။ ဆိုတော့ ဒီခေါင်းဆောင်မှုတရပ်ကို ဖော်ချင်တယ်ဆိုတဲ့ကိစ္စက ကျနော်မြင်တာကတော့ အစိုးရဖွဲ့စရာ မလိုဘူးလို့ ထင်တာပဲ။

ဆိုတော့ Legitimacy ကိစ္စကို ပြောမယ်ဆိုရင်လည်း ၉၀ ရွေးကောက်ပွဲနဲ့ ပတ်သက်ပြီးတော့ လုပ်ဆောင်နေတဲ့ NCGUB ဆိုတဲ့ ကိုယ်စားပြုဖို့၊ နောက်ပြီးတော့ အထဲထဲမှာ NLD, CRPP ဆိုတဲ့ ကိုယ်စားပြုမှုတွေ ရှိနေတာပဲလေ။ ဆိုတော့ ကျနော်တို့က ရှိနေပြီးသား Legitimacy ကို အခြေခံပြီးတော့မှ နအဖရဲ့ တရားမ၀င်မှုကို တုံ့ပြန်နေတဲ့ အင်အားစုတွေ ရှိနေပါလျက်နဲ့ ဘာဖြစ်လို့ ထပ်ပြီးတော့ ဒီလိုလုပ်ဖို့ လိုမလဲဆိုတဲ့ မေးခွန်းတခုက ကျနော်တို့က သေချာစဉ်းစား၊ ဆုံးဖြတ်ပြီးတော့မှ လုပ်သင့်တယ်လို့ ထင်ပါတယ်။ ဒါက Legitimacy ပိုင်းကို လိုက်မယ်ဆိုရင်ပေါ့။

ဒါပေမဲ့ ဦးဆောင်မှုအပိုင်းကို တနေရာထဲမှာ စုထားဖို့ လိုတဲ့ဆိုတဲ့ စဉ်းစားချက်က ကောင်းတဲ့ စဉ်းစားချက်ပါ။ ကြိုလည်း ကြိုဆိုရမယ့် အချက်ပါ။ ဒါပေမဲ့ အဲလိုလုပ်မယ်ဆိုရင် အစောက ပြောသလိုပဲ တိုင်ပင်မှုတွေ ပြင်ဆင်မှုတွေ လုပ်သင့်တယ်။ နောက်ပြီးတော့ အရေးကြီးတာက လုပ်ငန်းပေါ် အခြေခံပြီးတော့မှ နောက် မူပေါ်မှာ အခြေခံတဲ့ စုစည်းမှုမျိုးကို လုပ်သင့်ပါတယ်။ ပြောချင်တာက ဘာလဲဆိုတော့ မူအရ သဘောမတူတဲ့ အုပ်စုတွေကို တနေရာထဲမှာ အတူတူ ထိုင်ခိုင်းထားလည်း အလုပ်ဖြစ်ချင်မှ ဖြစ်မှာကိုး။ ဟုတ်တယ်မလား။ အဲဒီတော့ မူအရ အပေါ်မှာ အခြေခံပြီးတော့ စုဖွဲ့မှုမျိုးကို လုပ်သင့်တယ်လို့ ထင်ပါတယ်။ အဲလို စုစည်းတဲ့ ခေါင်းဆောင်မှုဖြစ်ဖို့အတွက်က အစိုးရပုံစံအနေနဲ့ လုပ်သင့်တယ်လို့တော့ ကျနော်တို့က မမြင်ဘူး။ ဒါပေမဲ့ ဒီလိုမျိုး ဖြစ်သင့်တယ်ဆိုတဲ့ အမြင်မျိုးကိုလည်း သူတို့ဘက်က ကျနော်တို့ကို ချပြရှင်းလင်းထားတာ မရှိသေးတော့လည်း ကျနော်တို့တော့ အကြောင်းစုံတော့ မသိရသေးဘူး။

မေး။ အခုလိုတွေ ဖြစ်နေတော့ မြန်မာ့ဒီမိုကရေစီရေးကို ထောက်ခံအားပေးတဲ့ နိုင်ငံတကာ အသိုင်းအ၀ိုင်းက ထောက်ခံ အားပေးမှုတွေက ဘယ်လိုဖြစ်လာနိုင်တယ်လို့ မြင်ပါလဲ။

ဖြေ။ ပြောရရင်တော့ လူတွေက စိတ်ပျက်ကြမှာပေါ့။ နဂိုတည်းကမှ မြန်မာပြည်ရဲ့ ပြောင်းလဲမှုတွေ ကြာနေလွန်းလို့ ဖြစ်စေချင်နေကြတဲ့ အသိုင်းအ၀ိုင်းတွေ အများကြီးပါ။ ဒါပေမဲ့ အဲလိုကြားထဲမှာ မဖြစ်လာနေလို့ အားမလိုအားမရ ဖြစ်ရတာကတပိုင်း၊ တပြိုင်နက်ထဲမှာပဲ ဒီဦးဆောင်ပါမယ်ဆိုတဲ့ အဖွဲ့အစည်းတွေ ကြားထဲမှာလည်း တယောက်တမျိုးတွေ ပြောဆိုလုပ်ကိုင်နေကြတဲ့ အခါကျတော့ ပိုပြီးတော့ စိတ်ပျက်စရာ အခြေအနေတွေ ဖြစ်တာပေါ့။ ဒါကတော့ အဲလိုပဲ ဖြစ်မှာပဲလေ။ ဆိုတော့ ဒါက ကျနော်တို့အတွက် စိတ်မကောင်းစရာ ကိစ္စရပ်တခုပေါ့။

မေး။ အခုလို ဖြစ်နေတာတွေက ၂၀၁၀ ရွေးကောက်ပွဲအတွက် လှုပ်ရှားနေတာတွေအတွက်ကရော ဘယ်လိုမျိုးတွေ ဖြစ်လာနိုင်လဲရှင့်။

ဖြေ။ ။ ၂၀၁၀ အတွက်ကို အဓိကကတော့ ဘာလဲဆိုတော့ ကျနော်တို့က ဒီ Road Map နဲ့ နအဖရဲ့ ဖွဲ့စည်းပုံ အခြေခံ ဥပဒေကို ဆန့်ကျင်သွားမယ်ဆိုတဲ့ မူကတော့ အသင်းတွေ အားလုံးကြားမှာ ညီပြီးသားပါ။ ဆိုတော့ ဒါကို ဆက်ပြီးတော့ ဆန့်ကျင်လှုပ်ရှားသွားရမှာပဲ။ ဆိုတော့ အဓိကက ဘာလဲဆိုရင် ၂၀၁၀ နောက်ပိုင်း ဖြစ်သွားလို့ ရှိရင်လည်း ဒီစစ်အာဏာရှင်စနစ်ကို ကိုယ်စားပြုတဲ့ ကျနော်တို့ ပြောနေကျ တမတ်သား စစ်ဗိုလ်တွေပါတဲ့ အစိုးရပဲ ဖြစ်ပြီးတော့ တကယ့် ဗမာပြည်ရဲ့ ပြဿနာတွေကို ဖြေရှင်းပေးနိုင်မှာ မဟုတ်ဘူး။

ဆိုတော့ ဖြေရှင်းပေးနိုင်မှု မရှိလေလေ၊ ခုနပြောတဲ့ ဖိနှိပ်ခံရတဲ့ အခြေအနေတွေကနေ အုံကြွမှုတွေက ပေါ်လာတာဆိုတာမျိုးက ရှိနေမှာပဲ။ ဆိုတော့ ၂၀၁၀ ပတ်ဝန်းကျင် မတိုင်ခင်မှာလည်း ပြည်သူလူထု ရဲ့ ဆန္ဒထုတ်ဖော်မှုတွေ ပေါ်လာနိုင်သလို ၂၀၁၀ ကာလမှာလည်း ပြညသူလူထုရဲ့ ဆန္ဒတွေ ပေါ်လာနိုင်သလို ဘာမှ မဖြစ်လာသေးဘူးဆိုရင် ၂၀၁၀ ကျော်ပြီးတဲ့နောက်မှာ ဖိနှိပ်မှုကနေ ပေါ်ထွက်လာတဲ့ အုံကြွမှုဆိုတာတော့ ရှိတော့ ရှိနေမှာပဲ။

အရေးတကြီး စဉ်းစားနေကြရတဲ့ အလုပ်တခုက ဘာလဲဆိုတော့ အဲလိုဖြစ်လာမယ့် လူထုလှုပ်ရှားမှုကို ဘယ်လို နိုင်ငံရေး ဦးဆောင်မှုကနေ ဘယ်လိုနိုင်ငံရေး လုပ်ငန်းစဉ်တွေနဲ့ လုပ်သွားပေးမလဲဆိုတဲ့ ကိစ္စကို ကျနော်တို့အားလုံးက ဆုံးဖြတ်ပြီးတော့မှ အဲဒီ ညီညွတ်တဲ့ ဦးဆောင်မှုကို လုပ်သွားဖို့ပါပဲ။

အဲဒါကို ရှိနေဖို့ကလဲ NCUB က ပြောတဲ့ စုစည်းညီညွှတ်မှုရှိတဲ့ ဦးဆောင်မှု ဆိုတာကိုလည်း ကျနော်တို့ ဆွေးနွေးဖြစ်ခဲ့ကြပါတယ်။ ဒါက ကျနော်တို့ တိုင်ပင်နေကြတဲ့ ကိစ္စပါပဲ။ ဆိုတော့ ၂၀၁၀ ရွေးကောက်ပွဲပေါ်မှာ မူတည်ပြီးတော့ ကျနော်တို့ကတော့ ၂၀၁၀ ပြီးလို့ရှိရင် ၉၀ ရွေးကောက်ပွဲရလဒ်ကြီး မရှိတော့မှာမို့လို့ ဒါကြောင့်မို့လို့ ကျနော်တို့က အစိုးရဖွဲ့ပြီးတော့မှ Legitimacy ထားသင့်တယ်ဆိုတဲ့ ဥစ္စာထက်၊ ကျနော်တို့ ၉၀ ရွေးကောက်ပွဲရလဒ်ကို အသိမှတ် မပြုသေးသရွေ့ ၂၀၁၀ ရွေးကောက်ပွဲကြီးကိုလည်း အသိအမှတ်မပြုဘူးဆိုတဲ့ Legitimacy ကို နိုင်ငံရေးနဲ့ ကိုင်ထားတာ အနှစ်သာရ ရတယ်လို့ ကျနော် ပိုမြင်ပါတယ်။

နောက်တခုက ကျနော်တို့ ဒီလူထုတွေရဲ့ ခံစားနေရတဲ့ ဒုက္ခကို ပြောင်းလဲပေးနိုင်တဲ့ လှုပ်ရှားမှုနဲ့ နိုင်ငံရေး လမ်းစဉ်ပေါ့၊ ကျနော်တို့ဘက်က လမ်းပြမြေပုံပေါ့၊ အဲဒါတွေကို ကျနော်တို့က အဓိက ဖော်ဆောင်ပြီးတော့မှ ပြည်သူတွေကို ကောင်းမွန်တဲ့ သက်ရောက်မှု ရှိနိုင်တဲ့၊ ထပ်တူလည်း ဖြစ်နိုင်တဲ့ မျှော်လင့်ချက်နဲ့ အနာဂတ်တွေ ဖန်တီးပေးမယ်။ ကျနော်တို့ ဒီတိုက်ပွဲကို ဆက်ဝင်နေဖို့ လိုတယ်လို့ ထင်ပါတယ်။

No comments: