DREAM ANGEL သို့ လာရောက်လည်ပတ်ကြသူအားလုံးကို DREAM ANGEL မှ ကျေးဇူးအထူးတင်ရှိပါတယ်.........

Tuesday, February 24, 2009

နိုင်ငံရေး အကျဉ်းသားများ ပိုမိုလွှတ်ပေးရန် အမေရိကန်က မြန်မာနိုင်ငံကို တောင်းဆို

မဇ္ဈိမသတင်းဌာန
အင်္ဂါနေ့၊ ဖေဖေါ်ဝါရီလ 24 2009 19:18 - မြန်မာစံတော်ချိန်
နယူးဒေလီ။ ။ မြန်မာအစိုးရ၏ လွတ်ငြိမ်းချမ်းသာခွင့်ကြောင့် အကျဉ်းသား ၆ဝဝဝ ကျော် လွှတ်ပေးရာတွင် နိုင်ငံရေး အကျဉ်းသားများ ပါလာသည့်အတွက် အမေရိကန်က ကြိုဆိုကြောင်း၊ သို့သော် ဒီမိုကရေစီ ခေါင်း ဆောင် အောင်ဆန်းစုကြည် အပါအဝင် ကျန်နိုင်ငံရေး အကျဉ်းသမားများကိုလည်း လွှတ်ပေးရန် စစ်အစိုးရကို တောင်းဆိုကြောင်း အမေရိကန် နိုင်ငံက ပြောသည်။

“ဘယ်လို နိုင်ငံရေးအကျဉ်းသားကိုဘဲဖြစ်ဖြစ် လွှတ်ပေးတာကို ကျနော်တို့ ကြိုဆိုပါတယ် ဆိုတာကတော့ ရှင်းပါ တယ်။ ဒါပေမဲ့ နောက်ထပ်အများကြီး လုပ်ဘို့ လိုပါသေးတယ်” ဟု တနင်္လာနေ့က ပုံမှန် ကျင်းပသော သတင်းစာ ရှင်းလင်းပွဲ တွင် အမေရိကန် နိုင်ငံခြားရေး ဝန်ကြီးဌာန ခေတ္တပြောရေးဆိုခွင့်ရှိသူ ရောဘတ်ဝုဒ် (Robert Wood) ကပြောသည်။

“ဒါပေမဲ့ အောင်ဆန်းစုကြည် အပါအဝင် နိုင်ငံရေး အကျဉ်းသားအားလုံး လွှတ်ပေးဘို့ ကျနော်တို့ မြန်မာနိုင်ငံကို တောင်းဆိုပါတယ်” ဟု ဝုဒ် ကပြောသွားပါသည်။

ဤတောင်းဆိုမှုသည် မြန်မာစစ်အစိုးရက အကျဉ်းသား ၆၃၁၃ ဦးကို စနေနေ့မှ စတင်၍ နိုင်ငံတဝှမ်းလုံးရှိ အကျဉ်းစခန်းများမှ လွှတ်ပေးနေရာတွင် အနည်းဆုံး နိုင်ငံရေး အကျဉ်းသား ၂၃ ဦး ပါဝင်လာခဲ့ပြီးနောက် ပေါ် ထွက်လာခဲ့ခြင်း ဖြစ်ပါသည်။

မြန်မာနိုင်ငံအပေါ် ချမှတ်ထားသော ပိတ်ဆို့ အရေးယူမှုများ အလုပ်မဖြစ်သဖြင့် မြန်မာနိုင်ငံဆိုင်ရာ မူဝါဒကို အမေရိကန်နိုင်ငံက ပြန်လည် သုံးသပ်နေကြောင်းလည်း ဝုဒ် က ပြောသည်။

မြန်မာအစိုးရ၏ အပြုအမူများ ပြောင်းလဲရေးအတွက် မြန်မာအစိုးရနှင့် ထိတွေ့ ဆက်ဆံနိုင်ရန် နည်းလမ်းသစ် တရပ်ကို ကမ္ဘာ့ကုလသမဂ္ဂ အပါအဝင် နိုင်ငံတကာ အသိုင်းအဝိုင်းနှင့် အမေရိကန်နိုင်ငံက ညှိနှိုင်းတိုင်ပင် ရှာဖွေ လျက်ရှိကြောင်း ဖြင့်လည်း သူကပြောပါသည်။

“မြန်မာအစိုးရကို ကျနော်တို့ သွားစေချင်တဲ့ပုံစံအတိုင်း လျှောက်လှမ်းသွားစေဘို့ နည်းလမ်းတရပ်ကို ကျနော်တို့ ကြိုးစားရှာဖွေနေပါတယ်” ဟု ဝုဒ် ကပြောသည်။

သူမ၏ ၄ နိုင်ငံ အာရှခရီးစဉ်အတွင်း နိုင်ငံခြားရေးဝန်ကြီး ဟီလာရီ ကလင်တန် က အင်ဒိုနီးရှားသို့ ရောက်ရှိစဉ် ပြောကြားရာတွင် မြန်မာစစ်အစိုးရကို အပြောင်းအလဲများ လုပ်စေရန် အမေရိကန်၏ ပိတ်ဆို့ အရေးယူမှုများနှင့် ဒေသတွင်းနိုင်ငံများ၏ ဆက်ဆံရေးမူဝါဒများ နှစ်မျိုးစလုံး မအောင်မြင်ခဲ့ကြောင်း ပြောကြားခဲ့သည်။

“ဒီတော့ ခင်ဗျားတို့ သိတဲ့အတိုင်းဘဲ နိုင်ငံခြားရေး ဝန်ကြီးက ဒီကိစ္စကို နက်နက်ရှိုင်းရှိုင်း ဂရုစိုက်ဆောင်ရွက် နေတာ ဖြစ်ပါတယ်။ ခင်ဗျားတို့ သိတဲ့အတိုင်း သူမလဲ ကျနော်တို့ အားလုံးလိုဘဲ အားမလိုအားမရ ဖြစ်နေတာဘဲ။ ကျနော်တို့ ဖြစ်စေချင်တဲ့အတိုင်း တိုးတက်မှုတွေ မတွေ့မြင်ရသေးလို့ တိုးတက်မလာသေးလို့ အားမလိုအားမရ ဖြစ်နေပါတယ်” ဟု ဝုဒ်က ပြောသည်။

“ဒါကြောင့်၊ ဒါပေမဲ့ ပြန်လည်သုံးသပ်မှု လုပ်ငန်းကတော့ ဆက်လုပ်နေပါတယ်” ဟု သူက ဆက်လက် ပြောဆို သွားခဲ့သည်။

No comments: