DREAM ANGEL သို့ လာရောက်လည်ပတ်ကြသူအားလုံးကို DREAM ANGEL မှ ကျေးဇူးအထူးတင်ရှိပါတယ်.........

Wednesday, February 25, 2009

နိုင်ငံရေးအကျဉ်းသား ပြန်လွတ်လာသည့်အရေအတွက်မှာ (၀.၄) ရာနှုန်းသာရှိသည်ဟု AAPP ပြောဆို

Wednesday, 25 February 2009 14:51 ဗထူး
ယခုလ (၂၁) ရက်နေ့တွင် နိုင်ငံရေးအကျဉ်းသားအချို့ ပြန်လည်လွတ်မြောက်လာခဲ့သော်လည်း တနိုင်ငံလုံးရှိ နိုင်ငံရေးအကျဉ်းသားအရေအတွက်၏ (၀.၄) ရာနှုန်းသာရှိသည်ဟု နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့် ရှောက်ရေးအသင်း(မြန်မာနိုင်ငံ) (AAPP) က ယမန်နေ့က ပြောဆိုလိုက်သည်။

စစ်အစိုးရအနေဖြင့် ယခုလ (၂၁) ရက်နေ့တွင် အကျဉ်းသား ၆၃၁၃ ဦးကို ပြန်လည်လွှတ်ပေးခဲ့ရာ အတည်ပြု ချက်အရ နိုင်ငံရေးအကျဉ်းသား ၂၄ ဦးရှိကြောင်း ယမန်နေ့ထုတ် AAPP ၏ သတင်းထုတ်ပြန်ချက်တွင် ဖော်ပြ ထားသည်။

အကျဉ်းသားအချို့ ပြန်လွတ်လာခြင်းနှင့်ပတ်သက်၍ AAPP အတွင်းရေးမှူး ကိုတိတ်နိုင်က "ဒီ မဆိုစလောက် အရေအတွက်ကို လွှတ်ပေးလိုက်တာဟာ နိုင်ငံရေးအရ တိုးတက်လာမယ်လို့ မျှော်လင့်လို့မရပါဘူး၊ နိုင်ငံတကာ ဖိအားတွေ လျှော့နည်းလာမယ်ဆိုတဲ့ ရည်ရွယ်ချက်နဲ့ လုပ်ပြတဲ့ ပြကွက်တခုပါ” ဟု ပြောသည်။

ယခုပြန်လည်လွတ်မြောက်လာသူများတွင် NLD ပါတီမှ နှစ်ရှည်ထောင်ဒဏ်ကျခံနေရသူ ဒေါက်တာ ဇော်မြင့်မောင်၊ ၂၀၀၃ ခုနှစ်တွင် ထောင်ဒဏ်ချမှတ်ခံထားရသည့် သံဃာ ၉ ပါး၊ ဗလီဆရာတဦး၊ အလုပ်သမား အခွင့်အရေးအတွက် ရန်ကုန်အခြေစိုက် ILO ရုံးသို့ တိုင်ကြားသည့်အတွက် ထောင်ဒဏ် (၂) နှစ် ချမှတ်ခံခဲ့ရသူ ဦးသက်ဝေ၊ ၁၉၉၉ ခုနှစ်က (ကိုးလေးလုံး)လှုပ်ရှားမှုကြောင့် ထောင်ဒဏ်ချမှတ်ခံထားရသူများ ပါဝင်သည်။

မြန်မာ့အရေး ကြားဝင်ဆောင်ရွက်နေသည့် ကုလသမဂ္ဂအထူးကိုယ်စားလှယ် မစ္စတာဂန်ဘာရီ၏ မြန်မာနိုင်ငံ ခရီးစဉ်အပြီး လုံခြုံရေးကောင်စီသို့ ပြန်လည်အစီရင်ခံပြီးနောက် သတင်းထောက်များနှင့် တွေ့ဆုံခဲ့ရာတွင် မစ္စ တာဂန်ဘာရီက “နိုင်ငံတကာရဲ့ စိုးရိမ်းမကင်းမှုတွေကို လက်ဆုပ်လက်ကိုင်ပြနိုင်ရန် နိုင်ငံရေးအကျဉ်းသား အားလုံး လွှတ်ပေးရေး၊ စစ်အစိုးရနှင့် ဒေါ်အောင်ဆန်းစုကြည်တို့အကြား တွေ့ဆုံဆွေးနွေးပွဲ ပြန်လည်စတင်ရန် အချိန်တန်ပြီဟု စစ်အစိုးရကို သူတိုက်တွန်းခဲ့ကြောင်း” ပြောဆိုခဲ့သည်။

ကုလကိုယ်စားလှယ် မြန်မာပြည်ရောက်ရှိစဉ် ယခုလ (၂) ရက်နေ့ကလည်း စိန်းလဲ့ကန်သာဟော်တယ်တွင် ဒေါ် အောင်ဆန်းစုကြည်အပါအဝင် NLD ဗဟိုအလုပ်အမှုဆောင်များနှင့် ၁ နာရီ ၁၅ မိနစ်အကြာ တွေ့ဆုံဆွေးနွေးပြီး နောက်တနေ့ NLD ၏ အထူးထုတ်ပြန်ချက်တွင် တောင်းဆိုချက် (၄) ချက်မှ ပထမဦးစားပေးအချက်အဖြစ် နိုင်ငံရေးအကျဉ်းသားအားလုံး ချွင်းချက်မရှိ အမြန်ဆုံးပြန်လည်လွှတ်ပေးရန် မစ္စတာဂန်ဘာရီအား ပြန်လည် ပြောကြားခဲ့သည်ဟု ဖော်ပြထားသည်။

“တကယ်က ဒေါ်အောင်ဆန်းစုကြည်၊ ဦးတင်ဦး၊ တိုင်းရင်းသားခေါင်းဆောင်များ၊ ၈၈ မျိုးဆက် ကျောင်းသား များအပါအဝင် နိုင်ငံရေးအရ ဖမ်းဆီးထားတဲ့ နိုင်ငံရေးအကျဉ်းသားအားလုံးကို လွှတ်ပေးမှသာ ဒီမိုကရေစီတိုး တက်ရေးနဲ့ အမျိုးသားပြန်လည်သင့်မြတ်ရေးအလားအလာကို တွေ့ရမှာဖြစ်တယ်” ဟု ကိုတိတ်နိုင်က ပြောဆို သည်။

ယခုနှစ် ဖေဖော်ဝါရီလ (၁) ရက်နေ့စာရင်းအရ မြန်မာနိုင်ငံတွင် အကျဉ်းချခံထားရသူ နိုင်ငံရေးအကျဉ်းသား ၂၁၃၇ ဦး ရှိကြောင်း AAPP က ဖော်ပြထားသည်။

No comments: