DREAM ANGEL သို့ လာရောက်လည်ပတ်ကြသူအားလုံးကို DREAM ANGEL မှ ကျေးဇူးအထူးတင်ရှိပါတယ်.........

Wednesday, February 18, 2009

ထိုင်းဝန်ကြီးချုပ်ဟောင်း တပ်ဆင် အတိတ်ဘ၀က မြန်မာသတ်ခဲ့သူဖြစ်နေ

The Nation / ၁၈ ဖေဖော်ဝါရီ ၂၀၀၉
ကံနိမ့်နေသည့် ပြည်ပြေး ထိုင်းဝန်ကြီးချုပ်ဟောင်း တပ်ဆင်၏ အတိတ်ဘ၀မှ ၀ဋ်ကြွေး ကံကြွေးများကြေစေရန် ရည်ရွယ်သည့် ယစ်ပူဇော် ယတြာချေပွဲကြီးတရပ်ကို ထိုင်းနိုင်ငံချင်းမိုင်မြို့၌ တပ်ဆင် ထောက်ခံသူများက တခမ်းတနား ကျင်းပခဲ့သည်။

ဗုဒ္ဓ၀ါဒ၊ မှော်ကိုးကွယ်မှုဝါဒနှင့် တောစောင့်နတ် တောင်စောင့်နတ်ပူဇော်မှုဝါဒတို့ ပေါင်းစပ်ထားသည့် ထိုယတြာချေပွဲကြီးကို တပ်ဆင်နှင့် ညီအကိုဝမ်းကွဲတော်စပ်သူ ကာကွယ်ရေးဦးစီးချုပ်ဟောင်း ဗိုလ်ချုပ်ကြီး ချိုင်းဆစ် ရှင်နာဝပ်ထရက ကြီးမှူးပြီး တပ်ဆင်ထောက်ခံသူ (၃၀၀) ကျော်က ကျင်းပခဲ့ခြင်း ဖြစ်သည်။

တပ်ဆင်ထောက်ခံသူ နတ်ကတော်တဦးအား သက်ဆိုင်ရာက ၀င်ပူးပြီးပြောဆိုချက်အရ တပ်ဆင်သည် အတိတ်ဘ၀မှာ စစ်လိုလားသည့် ထိုင်းဘုရင်တဦးဖြစ်ခဲ့စဉ်က မြန်မာတွေသတ်ပြီး ငွေနှင့် ဘုရားဆင်းတုတွေ လုယူခဲ့သည့် မကောင်းမှုဒဏ်ကြောင့် ယခုဘ၀မှာ ဤသို့ ဒုက္ခသုက္ခတွေ ကြုံနေရခြင်းဖြစ်သည်ဟု ဟောခဲ့သည်။

ထို့ကြောင့် တပ်ဆင်အတွက် ယတြာချေသည့်အနေဖြင့် ရှေးမြန်မာဘုရင်တပါးအား ရည်စူးပြီး များပြားလှသည့် ပိုက်ဆံအကြွေတွေ၊ အသားတွေ၊ ဆန်တွေ၊ အရက်တွေ၊ သစ်သီးတွေဖြင့် တခမ်းတနား ပူဇော်ပသခဲ့ကြသည်ဆို၏။ သို့သော် မည်သည့် မြန်မာဘုရင်အား ရည်စူးပြီး ပူဇော်ပသခဲ့သည်ဆိုသည်ကိုမူ ရှင်းရှင်းလင်းလင်း မသိရပေ။

ထို့ပြင် တပ်ဆင်ကြုံနေရသည့် ဂြိုလ်ဆိုး ကြမ္မာဆိုးတွေကို တပ်ဆင်၏ကိုယ်စား နိုင်ငံရေးရန်သူများက တန်ပြန် ခံကြစေရန်အတွက် တပ်ဆင်အား အာဏာသိမ်းခဲ့သူ ဗိုလ်ချုပ်ကြီး ဆွန်ထီ ဘွန်ယာရတ်ဂလင်းနှင့် ပီအေဒီအဖွဲ့ခေါင်းဆောင်တဦးဖြစ်သည့် ဆွန်ထိ လင်ထောင်ကားတို့၏ အမည်တွေကိုပါ အဆိုပါ ယတြာယစ်ပူဇော်ပွဲကြီးမှာ တပ်ဆင်ထောက်ခံသူတွေက ထည့်သွင်း ရွတ်ဆိုခဲ့ကြသည်ဆို၏။

No comments: