DREAM ANGEL သို့ လာရောက်လည်ပတ်ကြသူအားလုံးကို DREAM ANGEL မှ ကျေးဇူးအထူးတင်ရှိပါတယ်.........

Tuesday, February 24, 2009

နေပြည်တော် ကောင်စစ်ရုံးဆောက်ရေး

NEJ /၂၄ ဖေဖော်ဝါရီ ၂၀၀၉
နေပြည်တော်ပျဉ်းမနား-တောင်ညို လမ်းမကြီးဘေးရှိ လယ်ဧက (၁၀၀) ကို စစ်အစိုးမှ လွန်ခဲ့သောလက သိမ်း ပိုက် လိုက်ကြောင်း ပျဉ်းမနားမြို့ခံများက ပြောသည်။

ယင်းသို့ သိမ်းခြင်းမှာ နိုင်ငံခြား ကောင်စစ်ဝန်ရုံးတခု တည်ဆောက်ရန် ဖြစ်ကြောင်း၊ အဆိုပါ လယ်ဧက (၁၀၀) မှာ ပျဉ်းမနား၊ ပြန်ကပြေးရွာမှ လယ်သမားများ ပိုင်ဆိုင်သောလယ်များ ဖြစ်ကြောင်း ပြန်ကပြေး ရွာသားများက ပြောသည်။

သိမ်းပိုက်လိုက်သော လယ်ယာမြေများအတွက် လျော်ကြေးရရှိမှု ယခုထိ မရှိသေးကြောင်း၊ အသိမ်းခံလိုက်ရ သော လယ်သမားများ (၃၀) ဦး ထက်မနည်းမှာ မကျေနပ်ဖြစ်နေကြောင်း သိရသည်။

“ဒီမှာက နေပြည်တော်ဆိုတာကြီးကို စတည်တဲ့ အချိန်ကစပြီး အသိမ်းခံရတာမျိုးက ရိုးနေပြီ၊ အရင်တုန်းက အသိမ်းခံရသူတွေတော့ လယ်တဧကကို (၃) သိန်းခွဲလောက် ပြန်ရတယ်လို့ ပြောတယ်ဗျ” ဟု ပျဉ်းမနား ဒေသခံ တဦးက ပြောသည်။

ယခုအသိမ်းခံရသော လယ်ဧက (၁၀၀) မှာ “ဘုံကွဲချောင်း” ဆည်မှ ရေဖြင့် နွေစပါးကိုပါ စိုက်ပျိုးနိုင်သည့် အတွက် တနှစ်လျင် နှစ်သီးစား လယ်များ ဖြစ်ကြောင်း သိရသည်။

“လယ်တွေက ဆည်ရေသောက် လယ်တွေ၊ နွေ၊ မိုး နှစ်သီးစားရတာဆိုတော့ နှမြောဖို့ကောင်းတယ်” ဟု လယ်ဝေး ဒေသခံတဦးက ပြောသည်။

အသိမ်းခံရသော လယ်များပိုင်သည့် ပြန်ကပြေးရွာမှာ ပျဉ်းမနား အပိုင်ဖြစ်ပြီး အိမ်ခြေ (၁,၈၀၀) ခန့် ရှိသော ရွာကြီးဖြစ်ကြောင်း သိရသည်။

ယမန်နှစ်ကလည်း နေပြည်တော်ဒေသတွင်း ပါဝင်သော ပြန်ကပြေး၊ တောက်ထိန်နှင့် လက်ပံခါးလှ ကျေးရွာ များမှ ကြံစိုက်ခင်းဧက (၁,၀၀၀) ကို အာဏာပိုင်များက သိမ်းယူခဲ့သည်။ ယင်းသို့ သိမ်းယူရခြင်းမှာ ကောင်စစ် ၀န်ရုံး တည်ဆောက်ရန် အတွက်ဟု သိရပြီး ၂၀၀၈ ခု ဒီဇင်ဘာလ လယ်ခန့်က အဆိုပါ ကျေးရွာများမှ ကြံ တောင်သူများကို ဆင့်ခေါ်ကာ ကြံစိုက်မြေများကို သိမ်းယူလိုက်ပြီဖြစ်ကြောင်း၊ အဆိုပါ ကြံစိုက်ခင်းများ အတွင်းသို့ ၀င်ရောက်ခြင်း၊ ကြံခုတ်ခြင်းများ မပြုလုပ်ကြရန်လည်း အမိန့်ဖြင့် တားမြစ်ခဲ့သည်ဟု ဆိုသည်။ တည်ဆောက်မည့် ကောင်စစ်ဝန်ရုံးကြီးကို တရုတ်နိုင်ငံ အခြေစိုက် ဆောက်လုပ်ရေး ကုမ္ပဏီတခုက တာဝန်ယူ ဆောက်မည်ဟုလည်း သတင်း ရရှိသည်။

No comments: