DREAM ANGEL သို့ လာရောက်လည်ပတ်ကြသူအားလုံးကို DREAM ANGEL မှ ကျေးဇူးအထူးတင်ရှိပါတယ်.........

Tuesday, February 17, 2009

စီးပွားရေးကျချိန် ရန်ကုန်မှာ ဈေးရောင်းပွဲခေတ်စား


NEJ / ၁၇ ဖေဖော်ဝါရီ ၂၀၀၉

မြန်မာနိုင်ငံတွင်း စီးပွားရေးကျဆင်းပြီး အရောင်းအ၀ယ် ပါးနေချိန်ဖြစ်သည့်အတွက် ယခုရက်ပိုင်းအတွင်း ရန်ကုန်မှာ ဈေးရောင်းပွဲများ ခေတ်စားလာသည်။

547 Trading ကုမ္ပဏီမှ ဦးဆောင်ပြီး ရန်ကုန် ကန်တော်ကြီး မျှော်စင်ကျွန်းမှာ အထူးဈေးရောင်းပွဲ ကျင်းပခဲ့သလို မြန်မာအင်ဖိုတက် ကုမ္ပဏီကဦးစီးပြီး ICT Exhibition 2009 ကို လှိုင်တက္ကသိုလ် နယ်မြေအတွင်းမှာ ကျင်းပခဲ့သည်။

ဖေဖော်ဝါရီ (၁၂) မှ (၁၄) ရက်နေ့အထိ မျှော်စင်ကျွန်းမှာ ကျင်းပခဲ့သည့် အထူးဈေးရောင်း ပွဲကို သွားရောက်ခဲ့သူ ရန်ကုန်မြို့ခံ တဦးကမူ " ပွဲမှာ လာပြတာ၊ ရောင်းတာ စက်မှုဇုံထုတ် ကားတွေ၊ အင်ဂျင်တွေ အပါအ၀င် အ၀တ်အထည်တွေ၊ တရုတ်လုပ်ပစ္စည်းတွေ ဆပ်ပြာတွေ၊ သကြားတွေ အထိပါတယ်။ လူတွေ စိတ်ဝင်စားအောင် ဆိုပြီး မော်ဒယ်ရှိုးတွေ၊ မျက်လှည့်ပွဲတွေ ထည့်ထားပေးတဲ့အပြင် မြန်မာ၊ ဒဂုံ၊ တိုင်းဂါး၊ ဘယ်ရွန်စတဲ့ ဘီယာကုမ္ပဏီတွေရဲ့ စည်ဘီယာ၊ ပုလင်းဘီယာ အရောင်းဆိုင်တွေပါ ဖွင့်ထားပေးတယ်၊ ရန်ကုန်မှာက ဖျော်ဖြေရေး မရှိတော့ လာတဲ့လူတွေများတယ်၊ လူအများက တန်ဖိုးကြီးပစ္စည်း တွေကို စိတ်မ၀င်စားကြဘူး။ တထည်ကျပ် (၃,၀၀၀) လောက်နဲ့ ရောင်းတဲ့ အင်္ကျီဆိုင်ရယ်၊ တရုတ်ထုတ် ပစ္စည်းတွေကို ဈေးပေါပေါနဲ့ ရောင်းတဲ့ Ruby Mark ဆိုင်ရယ်၊ ဆပ်ပြာနဲ့ သကြားရောင်းတဲ့ 547 Trading ပြခန်းရယ်တွေမှာတော့ လူတွေတိုးနေတာ တွေ့ရတယ်" ဟု ပြောပြသည်။

အဆိုပါ အရောင်းပြပွဲမှာ တစောင် ကျပ် (၅၀၀) တန် ကံစမ်းမဲလက်မှတ်တွေ ရောင်းချပေးခဲ့ကာ ပွဲပြီးသည့်နောက် စက်မှုဇုံထုတ် ဆူဇူကီး လိုက်ထရပ် ကားတစီး အပါအ၀င် ကုန်ပစ္စည်း တချို့ကို မဲဖောက်ပေးခဲ့ကြောင်း သိရသည်။

ရန်ကုန် လှိုင်တက္ကသိုလ်နယ်မြေမှာ Myanmar Info-Tech က ကျင်းပသည့် ကွန်ပျူတာ အရောင်းပွဲကို သွားရောက်ခဲ့သူ တဦးကလည်း "နာမည်ကိုတော့ ICT Exhibition 2009 ဆိုပြီးပေးထားတယ်။ ဒါပေမယ့် ဒါက ဈေးရောင်းပွဲပါပဲ၊ စုစုပေါင်း ကုမ္ပဏီ (၇၀) ကျော်လာရောင်းတယ်လို့ သိရတယ်။ အဓိကကတော့ ကွန်ပျူတာ ပစ္စည်းတွေကို အပြိုင်အဆိုင် ရောင်းချတာပဲ။ (၁၅) လက်မ အယ်လ်စီဒီ မော်နီတာ အသစ်တွေ ကျပ် တသိန်းအောက် ရောက်သွားတော့ ဈေးပေါတယ်ဆိုပြီး ၀ယ်ကြတဲ့ လူတွေလည်း ရှိတယ်။ တချို့ မော်ဒယ်နိမ့် စကင်နာတွေဆို ကျပ် (၄) သောင်းကျော်လောက်ပဲ ရှိတော့ ၀ယ်ကြတာလည်း တွေ့ရတယ်" ဟု ပြောပြသည်။

ဂျပန် တပတ်ရစ် ကွန်ပျူတာ ပစ္စည်းတွေ ရောင်းချသူ တဦးကတော့ "ကွန်ပျူတာနဲ့ ဆက်စပ်ပစ္စည်း အသစ်တွေ နိုင်ငံခြားမှာ ဈေးကျလို့ရော၊ မြန်မာငွေတန်ဖိုး တက်လာတဲ့ အတွက်ကြောင့်ပါ သူတို့ပစ္စည်းတွေ ရောင်းမကောင်းဘူး" ဟု ပြောပြသည်။
စာရေးဆရာ ဘောဂဗေဒ ပညာရှင်တဦးကတော့ စီးပွားရေး မကောင်းလို့ အရောင်းအ၀ယ်ကျဆင်းနေရင် လျှော့ဈေးနဲ့ ရောင်းတာတို့၊ အထူးဈေးရောင်းပွဲ ကျင်းပတာတို့ လုပ်ပြီး အရောင်းမြှင့်တင်ရလေ့ရှိကြောင်း၊ မြန်မာနိုင်ငံမှာ စီးပွားရေး ဆက်လက်ကျဆင်းနေလို့ ယခုလို ဈေးရောင်းပွဲ အရောင်းမြှင့်တင်ပွဲမျိုးတွေ နောက်ထပ် ကျင်းပလာနိုင်စရာ ရှိသေးကြောင်း ဝေဖန်သုံးသပ်ခဲ့သည်။

No comments: