DREAM ANGEL သို့ လာရောက်လည်ပတ်ကြသူအားလုံးကို DREAM ANGEL မှ ကျေးဇူးအထူးတင်ရှိပါတယ်.........

Tuesday, February 24, 2009

နှောင်ကြိုးများနှင့် လွတ်မြောက်ခြင်း (အင်တာဗျူး)

အင်တာဗျူး
မျိုးကြီး
တနင်္လာနေ့၊ ဖေဖေါ်ဝါရီလ 23 2009 15:55 - မြန်မာစံတော်ချိန်
အကျဉ်းသား ၆၃၁၃ ဦးအား လွတ်ငြိမ်းချမ်းသာခွင့် ပေးမည်ဟုဆိုကာ ယခုလ ၂၁ ရက်နေ့မှ စတင်၍ မြန်မာစစ် အစိုးရက ပြန်လွှတ်ပေးရာတွင် လွတ်မြောက်လာသူ နိုင်ငံရေး အကျဉ်းသားတဦးက သူ့ကို နှောင်ကြိုးဖြင့် လွှတ်ပေးခြင်း ဖြစ်သည်ဟု မဇ္ဈိမကို ယနေ့ ပြောဆိုသည်။

ကချင်ပြည်နယ် မိုးညှင်းမြို့နယ်မှ အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် စည်းရုံးရေးမှူးဖြစ်သူ အသက် ၇၄ နှစ်အရွယ် ဦးဖေစိန်က ယခုလို ပြောဆိုခြင်း ဖြစ်သည်။

သူ့ကို ပြစ်မှုဆိုင်ရာ ကျင့်ထုံးဥပဒေ ၄၀၁ (၁) အရ ၀န်ခံကတိစာချုပ်တွင် လက်မှတ်ထိုးစေပြီး မြစ်ကြီးနား ထောင်မှ ထိုနေ့က လွှတ်ပေးခဲ့သည်။

၂၀၀၇ ခုနှစ် စက်တင်ဘာလ ၂၇ ရက်နေ့က ရွှေဝါရောင် လှုပ်ရှားမှုဟု လူသိများသည့် သံဃာများ ဦးဆောင် သည့် အစိုးရဆန့်ကျင်ရေး ဆန္ဒပြပွဲများ ဖြစ်ပွားနေစဉ် သူ့ကို အာဏာပိုင်များက ဖမ်းဆီးခဲ့သည်။

ထို့နောက် အကျဉ်းချုံး စစ်ဆေးပြီးနောက် နိုင်ငံတော် ငြိမ်ဝပ်ပိပြားမှုကို ပျက်ပြားစေရန် လှုံ့ဆော်မှု - ပုဒ်မ ၅၀၅ (ခ) ဖြင့် ထောင်ဒဏ် ၂ နှစ် ပြစ်ဒဏ်ချခဲ့သည်။

မဇ္ဈိမသတင်းထောက် မျိုးကြီးက ဦးဖေစိန်ထံ ယနေ့တွင် ဆက်သွယ်မေးမြန်းခဲ့သည်ကို တင်ပြအပ်ပါသည်။

အန်ကယ် အခု ထောင်က လွတ်လာတယ်ဆိုတော့ ကျန်းမာရေးအခြေအနေ ဘယ်လိုရှိလဲဗျ။

အသက် ၇၄ နှစ်ရှိပြီ။ အသက်က ထောက်လာပြီဆိုတော့ အကောင်းကြီးတော့ မဟုတ်ဘူးဗျ။ လောလော ဆယ်တော့ စိုက်သွားတွေက ပြုတ်ထွက်သွားတဲ့ အခါကျတော့ စားရသောက်ရတာ မကောင်းဘူးဗျ။ အစာမကျေ ဘူးပေါ့ဗျာ။ ကျန်တဲ့ဟာကတော့ ကြီးကြီးကျယ်ကျယ်ကြီးတော့ မဟုတ်ပါဘူး။ သင့်တယ်လို့တော့ ပြောရမယ် ထင်တယ်။ ဆရာဝန်တွေနဲ့တော့ မပြကြည့်ရသေးဘူး။

မနေ့က နေ့လည် တနာရီကျော်ကျော်လောက်မှ မိုးညှင်းကို ပြန်ရောက်တယ်ဆိုတော့ ဘယ်ဆရာဝန်နဲ့မှ မပြကြည့်ရသေးဘူး။ ကျန်းမာရေး ဆေးစစ်ဖို့ကတော့ မန္တလေးကိုဆင်းဖို့ စဉ်းစားထားတယ်။ အမရပူရက ဒေါက်တာဇော်မြင့်မောင်ကလည်း ဆေးစစ်ရအောင်တဲ့၊ သူလည်း ဆေးစစ်အုံးမယ်တဲ့။ အကြောင်းကြားမယ်တဲ့။ အဲဒီအခါကျ မန္တလေးကို ဆင်းလာတာပေါ့တဲ့။ ကျနော်လည်း ကျန်းမာရေး ဆေးစစ်ဖို့ မန္တလေးကိုဆင်းမယ်လို့ စဉ်းစားထားတယ်။

အန်ကယ်တို့ကို အာဏာပိုင်တွေက ဘယ်လိုပုံစံမျိုးနဲ့ ထောင်က လွှတ်ပေးလိုက်လဲဗျ။

ကျနော်တို့ကို သူတို့အာဏာပိုင်တွေက လွှတ်တယ်ဆိုတာက ကျနော့်သဘော ပြောရရင် ကွင်းလုံးကျွတ် လွှတ်တာတော့ မဟုတ်ဘူးဗျ။ သူတို့ပြောတော့ ၄၀၁ ပေါ့ဗျာ။ ၄၀၁ (၁) ပေါ့ဗျာ။ အဲဒီစာချုပ်မှာ ကျနော်တို့ လက်မှတ်ထိုးရတယ်။ စာချုပ်မှာကတော့၊ သဘောကတော့ နောင် တစုံတရာပြစ်မှု ဖြစ်လာတယ်ဆိုလို့ရှိရင် ကျနော်တို့ ၂ နှစ် ကျတဲ့နေရာမှာ ပြစ်ဒဏ်ကုန်ဆုံးဖို့ ၈ လလောက် ကျန်သေးတာပေါ့ဗျာ။ ပြစ်ဒဏ်ကုန်ဆုံးဖို့ နောက် တစုံတရာ ဖြစ်လာတယ် ဆိုလို့ရှိရင် ဖြစ်လာတဲ့ အမှုရဲ့ ပြစ်ဒဏ်ရယ်၊ ကျန်သေးတဲ့ လက်ကျန် ၈ လရယ်၊ စာချုပ်ချိုးဖောက်မှု အပြစ်ဒဏ်ရယ်၊ ၃ ခုပေါင်း ထပ်ကျရမယ့် သဘော ဖြစ်တယ်ဗျ။

ထောင်ထဲနေစဉ်က အတွေ့အကြုံလေး ပြောပေးပါအုံး။

ထောင်တွင်း အတွေ့အကြုံကတော့ သိပ်တော့ မထူးခြားပါဘူး။ သို့သော် နှိပ်စက်တာတို့၊ ဘာတို့တော့ မရှိပါဘူး။ အေးအေးဆေးဆေးတော့ နေရပါတယ်။ သီးခြားတိုက်ခန်းနဲ့ ထားတဲ့အတွက် ကြောင့်မို့လို့ ရာဇ၀တ် အကျဉ်း သားတွေနဲ့တော့ ရောနှောမထားပါဘူး။

စာဖတ်ခွင့်တို့၊ သတင်းအချက်အလက် ရယူနားထောင်ခွင့်တို့ရော ဘယ်လိုရှိလဲဗျ။

အဲဒါတော့ သတင်းနားထောင်ခွင့် ဒါတော့ မရဘူးဗျ။ စာဖတ်ခွင့် ရပါတယ်။ ထောင်အာဏာပိုင်အဖွဲ့က ခွင့်ပြုတဲ့ စာအုပ်တွေ၊ ဘာတွေညာတွေတော့ ဖတ်ခွင့် ရပါတယ်။ သူတို့ဆီက ထုတ်တဲ့ သတင်းစာပေါ့ဗျာ။ ဂျာနယ်တို့ ဘာတို့လည်း ထောင်ပိုင်ဆီက လက်မှတ်ထိုးပြီး ခွင့်ပြုတဲ့ဟာတွေကတော့ ဖတ်ခွင့်ရပါတယ်။

ရှေ့ဆက် ဘာတွေ လုပ်မယ်လို့ စိတ်ကူးထားလဲ ခင်ဗျ။

အခု လောလောဆယ်ကတော့ ကိုယ့်ရဲ့ ကျန်းမာရေးအတွက်ကို ကြိုတင်လုပ်အုံးမယ်လို့ စဉ်းစားထားတယ်ဗျ။ ကျန်းမာရေး ဆေးစစ်လို့ပြီးလို့ လိုအပ်တာရှိရင်လည်း ဆေးဝါးကုမယ်။ နားလည်း ထိုင်းနေတယ်၊ မျက်စိကလည်း မွဲပြီ။ ခြေထောက်ကလည်း ကျိုးထားတယ်ဗျာ။ ဆေးကုသွားမယ်ဆိုရင်တောင် အဖော်တယောက် မပါဘဲ၊ ကျနော်တယောက်ထဲ သွားလို့ မရဘူးဗျ။ ကိုယ့်ရဲ့ ကျန်းမာရေးကို အရင် ဂရုစိုက်ရအုံးမယ်လို့ စဉ်းစားပါတယ်။ ဒါပေမဲ့ ကိုယ့်ရဲ့ ပါတီရေးကိစ္စကိုလည်း ကျနော် စိတ်မပျက်ပါဘူး။ အဲဒါလည်း ဆက်လုပ်ရအုံးမှာပါ။

၂၀၁၀ ရွေးကောက်ပွဲမှာ ပါဝင်နိုင်ဖို့ လွှတ်ပေးတယ်လို့ပြောတော့ အန်ကယ်ရော ဒီရွေးကောက်ပွဲကို ဘယ်လို ပြောချင်လဲဗျ။

အဲဒီဟာကတော့ဗျာ ခုနက ကျနော်ပြောသလိုပေါ့။ ဒါ အရှင်းကြီး မဟုတ်ဘူး။ နှောင်ကြိုးနဲ့ ဖြစ်နေတယ်ဆိုတော့ ဒါကတော့ ၂၀၁၀ ရွေးကောက်ပွဲ လွတ်လပ်တဲ့ ဟာနဲ့ဆိုတော့ ဆန့်ကျင်ဘက် ဖြစ်နေတယ်လို့ ဒီလိုပဲ မြင်ပါတယ်။

ထောင်ထဲမှာ ကျန်ခဲ့တဲ့ လုပ်ဖော်ကိုင်ဖက်တွေနဲ့ ပြည်သူတွေအပေါ် ထားရှိတဲ့ ခံစားချက်အမြင်လေးကို ပြောပေး ပါအုံး။

ကျနော်ပြောချင်တာကတော့ ကျနော် လွတ်ခဲ့ပေမယ့် ကျနော်တယောက်ထဲအတွက် ၀မ်းမသာနိုင်ဘူးဗျာ။ တော်တော်ခံစားရတယ်။ ၂၀၀၇ စက်တင်ဘာ အရေးအခင်းတုန်းက ၅၀၅ နဲ့ ကျတာဆို ၃ ယောက်ရှိတယ် လေဗျာ။ အဲဒီ ၃ ယောက်ထဲမှာ ကျနော်တယောက်ထဲ လွတ်တာလေဗျာ။ ဒေါက်တာ ဇော်မြင့်မောင်တို့ကတော့ ကြာပြီလေ။ အဲတော့ သူတို့သတ်မှတ်တဲ့ သက်ကြီးရွယ်အိုဆိုတဲ့ အထဲမှာ ကျနော် ပါမှာပေါ့။ ၇၄ နှစ်ရှိပြီဆိုတော့ တနိုင်ငံလုံးအတွက် မပြောနဲ့ ၃ ယောက်ထဲမှာတောင် ကျနော်တယောက်ထဲ လွတ်တယ်ဆိုတော့ ကျန်တဲ့လူ ၂ ယောက်အတွက် ဘယ်လိုမှ မပျော်နိုင်ဘူးလေ။ ကျနော် ခံစားရတာတော့ နိုင်ငံရေးနဲ့ ကျခံထားရတဲ့ ရဲဘော်ရဲဘက်တွေလည်း ချန်ထားရတဲ့အတွက် ကျနော်တယောက်ထဲ နှောင်ကြိုးနဲ့ လွတ်တယ်ဆိုဆို ကျနော် ၀မ်းမသာနိုင်ဘူးဗျ။

မြစ်ကြီးနားထောင်ထဲမှာ နိုင်ငံရေးအကျဉ်းသား ဘယ်လောက်ရှိလဲ ခင်ဗျ။

နိုင်ငံရေးအကျဉ်းသားက ၂၀ ကျော် ကျန်သေးတယ်ခင်ဗျ။ နာမည်တော့ မမှတ်မိဘူး။ ရန်ကုန်က ကိုဇာဂနာ တို့အဖွဲ့က ၁၀ ယောက် ရှိတယ်လို့ သတင်းရတယ်ဗျ။ လူချင်း မတွေ့ရဘူးလေ။ ကျနော်တို့ တိုက်ဘက်မှာတော့ ၈ ယောက်လောက် ကျန်သေးတယ်။ ၂၀ လောက် ရှိသေးတယ်ဗျ။ အဲဒီအထဲမှာ ပိုလို့ စိတ်မချမ်းသာစရာ ဖြစ်တာ က ကိုအေးသိန်း။ အဲဒီလူက စိတ်ဖောက်ပြန်နေတယ်၊ အဲဒီတယောက်ရယ်။ သတင်းရနေတာက ကိုဇာဂနာတို့ တိုက်ဘက်မှာ ၈၈ ကျောင်းသား ကိုလှမျိုးနောင်ဆိုတာ မျက်စိတဖက် ပျက်သွားပြီလို့ ကြားရတယ်။ ကျန်တဲ့ မျက်စိတဖက်ကလည်း အချိန်မီ ကုရင်ကု၊ မကုရင် နောက်တဖက် ကွယ်သွားစရာ အကြောင်းရှိတယ်။ အဲဒီအ တွက် ပိုလို့ စိတ်မကောင်း ဖြစ်ရတယ်။

အန်ကယ့်ကို ဘာကြောင့် လွှတ်ပေးလိုက်တယ်လို့ရော သုံးသပ်မိလဲဗျ။

ကျနော့်ကို ပါတာကတော့ သူတို့သတ်မှတ်တဲ့ စည်းကမ်း၊ သက်ကြီးရွယ်အိုပေါ့။ နိုင်ငံရေးနဲ့ မဆိုထားနဲ့ ကျန်တဲ့ ပြစ်မှုမျိုးစုံပေါ့ဗျာ။ တဆောင်လုံး လူ တထောင်ကျော်လောက် ရှိတဲ့အထဲမှာ ကျနော့်လောက် အသက်ကြီးတာ တယောက်မှ မရှိဘူး။ မြစ်ကြီးနားထောင် တခုလုံးမှာ။ အဲဒါကြောင့် အသက်ကြီးတဲ့အထဲမှာ အိုမင်းမစွမ်းပေါ့ဗျာ။ အဲဒါကြောင့် လွတ်တယ်လို့ ထင်ပါတယ်။

No comments: