DREAM ANGEL သို့ လာရောက်လည်ပတ်ကြသူအားလုံးကို DREAM ANGEL မှ ကျေးဇူးအထူးတင်ရှိပါတယ်.........

Wednesday, February 18, 2009

သြော်—နအဖ—နအဖ

Posted by ဟိန်းထက်စံ under ဆောင်းပါး

လူကြီးတစ်ယောက်သည် သူဝါသနာအတိုင်း န အ ဖ အကြောင်းကို တွေ့တဲ့သူတိုင်းကို တွေ့တဲ့နေရာမှာ တော်တော်လေးပြောလေ့ရှိပါတယ်။ တနေ့နိုင်ငံခြားသားများကို ရှေးဟောင်းပစ္စည်း ရောင်းသောဆိုင်သို့ လိုက်ပို့ ပါတယ်။ ထိုဆိုင်ရှေ့ ရောက်သော် နိုင်ငံခြားသားအား ရှင်းပြနေသည်က—-

ကျနော်တို့ န အ ဖ စစ်အစိုးရကလည်း ဒီရုပ်သေးရုပ်များလိုပဲ တရုတ်ကြီးကြိုးဆွဲရာ ကနေရတဲ့အကြောင်း ရှင်းပြ လေသည်။ ထိုသူရှင်းပြသော အကြောင်းကို ကြားရသော ရုပ်သေးရုပ်တစ်ရုပ်က မခံချင်တာနဲ့ ထပြောလေသည်။ ကျနော်ကို န အ ဖနဲ့ မနှိုင်းပါနဲ့ ။ကျနော်တို့ ရုပ်သေးရုပ်တွေ သိက္ခာကျပါတယ်။ အဲ့ဒိမှာတင် ထိုလူကြီးကဘာလို့ လဲလို့ ပြန်မေးတော့—–

ကျနော်တို့ ရုပ်သေးတွေက ကြိုးဆွဲရာကရပေမဲ့ ပွဲကြည့်ပရိသတ်(ပြည်သူ)ကို လေးစားတယ်။ ကျေးဇူးရှင်မှန်း သိတယ်။ ကျနော်တို့ ကပြည်သူကို ဘယ်တော့မှ မဆော်ကားဘူး။ ဒါကြောင့် ပြည်သူကိုလေးစားရမှန်းမသိ၊ ကျေးဇူးရှင် မှန်းမသိတဲ့ နလဘိန်းတုန်းမိစ္ဆာကောင်တွေနဲ့ မနှိုင်းပါနဲ့ ။ရုပ်သေးတွေ သိက္ခာကျလို့ ပါ။ ဒီလိုနဲ့ ထိုလူ ကြီးဘာမှပြန်မပြောတော့ဘဲ ခရီးဆက်ခဲ့ပါသည်။ သူ့ ရဲ့ ဗီဇအတိုင်းန အ ဖအကြောင်းကို မပြောရရင် မနေနိုင်ပါ။ န အ ဖအကြောင်းကိုလဲ မပြောဘဲနေမယ်လို့ ကြံပေမဲ့ ပြောစရာတွေက တနေ့တခြားပိုပိုများလာတော့ မပြော ဘဲလဲမနေနိုင်ဖြစ်နေပါတယ်။ ဒီလိုနဲ့ နွားအုပ်ကြီးတစ်ခုကို လမ်းမမှာပက်ပင်းသွားတိုးပါတယ်။ ဒီမှာတင် ထိုလူကြီးကပြောပါတယ်။ အခုန အ ဖတွေကလည်း ဒီနွားတွေလိုပါပဲ။ တရုတ်ကြီးခိုင်းတာမှန်သမျှ အကုန်လုပ် နေတာပဲ။ လုပ်သင့်မလုပ်သင့် မစဉ်းစားကြပါဘူး။သူတို့ အာဏာတည်မြဲရင်ပြီးရောဆိုပြီး တိုင်းပြည်က သယံဇာ တွေ အကုန်ထိုးပေးတော့တာပါပဲ။ တိုင်းပြည်မှာလဲ ဘာမှမကျန်တောဘူး။ ထိုစကားကိုကြားတဲ့ နွားတကောင်က ပြောပါတယ်။ သူတို့ ကို အဆင့်မရှိတဲ့ န အ ဖတွေနဲ့ မနှိုင်းဖို့ အကြောင်း၊ ဒီလိုအဆင့်မရှိတဲ့န အ ဖတွေနဲ့ နှိုင်းတာ ဟာသူတို့ နွားတွေရဲ့ ဂုဏ်သိက္ခာကို ထိခိုက်တဲ့အကြောင်း ပြောပါတယ်။ ဒါနဲ့ ထိုလူကြီးက ပြန်မေးပါတယ်။ ဘာကြောင့်လဲလို့ မေးတော့ ထိုနွားက—

ကျနော်တို့နွားတွေက ခိုင်းတာလုပ်နေရတယ်ဆိုပေမဲ့န အ ဖလို ကိုယ့်အမျိုးဂုဏ်သိက္ခာတွေ ထိခိုက်နစ်နာမှာမျိုး ကို တခါမှမလုပ်ဖူးကြောင်း၊ ဒါကြောင့်ကိုယ့်အမျိုးဂုဏ်သိက္ခာကျအောင် ခိုင်းတိုင်းလုပ်တဲ့န အ ဖစစ်အစိုးရနဲ့ မနှိုင်းသင့်ကြောင်း၊ဒီလိုနှိုင်းတာဟာ သူတို့ နွားတွေရဲ့ ဂုဏ်သိက္ခာထိခိုက်ကြောင်း ပြောပါတယ်။ ထိုလူကြီးက နောက်မပြောတော့ပါကြောင်း ကတိ ပေးပြီး ဒီလိုပြောမိတဲ့အတွက် ခွင့်လွှတ်ဖို့ တောင်းပန်ခဲ့ပါတယ်။


ဒီလိုနဲ့ ထိုလူကြီးလဲဆက်လျှောက်လာရာ—ကျွဲတအုပ်နဲ့ ဆက်တိုးပါတယ်။ထုံးဆံအတိုင်း နအဖစစ်အစိုးရဟာ တိုင်းပြည်ကိုလေးစားဖို့ ပညာရှင်အသီးသီးက ဝိုင်းဝန်းအကြံပေးနားချပေမဲ့ မရတဲ့အကြောင်း၊ အခုမြင်ရတဲ့ ကျွဲတွေနား စောင်းသွားတီးပြရင် ဘာမှနားမလည်သလို—-န အ ဖကိုပြောရတာဟာ ကျွဲပါးစောင်းတီး သလိုဖြစ်တဲ့အကြောင်းကို နိုင်ငံခြားသားအား ရှင်းပြနေပါတယ်။အဲ့ဒိမှာတင် ထိုလူကြီးပြောတဲ့စကားကို ကြားသွား တဲ့နွားတကောင်ကပြောပါတယ်။

သူတို့ ကျွဲတွေကိုဒီလောက်တိုင်းပြည်အတွက်ဘာမှအသုံးမကျတဲ့ န အ ဖတွေနဲ့မနှိုင်းဖို့ အကြောင်း၊ ဒီလိုနှိုင်းတာ ဟာသူတို့ ကျွဲတွေရဲ့ ဂုဏ်သိက္ခာကျတယ် ဆိုတဲ့အကြောင်းကိုပြောပါတယ်။ဘာလို့လဲလို့ ပြန်မေးတဲ့ အခါမှာ သူတို့ ကျွဲတွေဟာ လူတွေအတွက် အင်မတန်အသုံးဝင်ကြောင်း၊ လူတွေရဲ့ထွန်ယက်စိုက်ပျိုးရေး သယ်ယူပို့ဆောင်ရေး စသည်ဖြင့်လူတွေကို ကောင်းစွာကူညီကြောင်း၊ ပြည်သူတွေရဲ့ စကားကိုနားထောင်ကြောင်းပြောပြီး ဒီလိုလူတွေ အတွက်ဘာမှအသုံးမဝင်ဘဲလူတွေကိုဒုက္ခပေးဖို့သက်သက်လူဖြစ်လာတဲ့ပြီးတော့ပြည်သူတွေရဲ့ စကားကို နားမ ထောင်တဲ့ နအဖ စစ်အစိုးရနဲ့ သူတို့ကျွဲတွေကိုနှိုင်းတာဟာ သူတို့ ကိုအချက်တစ်ရာ ရိုက်တာ ထက်နာ တဲ့အကြောင်း၊ ပြီးတော့သူတို့ကျွဲတွေရဲ့ ဂုဏ်သိက္ခာကိုအကြီးအကျယ်ထိခိုက်တာမို့ ဒီ န အ ဖတွေနဲ့ နှိုင်းရင် နောက်ကိုသူတို့ ကျွဲရဲ့ အမည်ကျွဲဆိုတဲ့ စာလုံးကိုထည့်မသုံးဖို့ သူတို့ကျွဲတွေအားလုံးက ကန့်ကွက် ကြောင်းကို ပြောကြားခဲ့ပါတယ်။

ဒါနဲ့ ထိုလူကြီးလဲနောက်ကို ဒီလိုလူယုတ်မာတွေနဲ့ မနှိုင်းတော့ပါကြောင်း ကတိပေးပြီးထွက်ခဲ့ပါတယ်။ ဒီလိုနဲ့ ဆက်လျှောက်လာရာခွေးရူးတကောင်နဲ့ တိုးပါလေရော။ခွေးရူးဆိုတော့သူ့ ကိုကိုက်မှာကြောက်တာနဲ့ အိမ်တအိမ် ပေါ် တက်ပြေးပါတယ်။ခွေးရူးကလည်း အိမ်ပေါ်ကိုပြေးလိုက်လာပါတယ်။ ဒီလိုသူ့ ထုံးစံအတိုင်း န အ ဖတွေဟာ ဒီခွေးရူးလိုပဲဘာမှမသိတော့ဘူး။ အာဏာရူးနေကြပြီ။ တွေ့တာမှန်သမျှအကုန်ဖမ်း အကုန်ရိုက်၊ ဘုန်းကြီးပါမကျန် သေနပ်နဲ့ပစ်၊ စစ်ဖိနပ်နဲ့ကန်ကြောက်၊ ထောင်ဒဏ်တွေ(၃၅)နှစ်(၆၈)နှစ်(၁၀၄)နှစ် စသည်ဖြင့် နှစ်ရှည်တွေချ၊ ရုပ်ပွါးတော်တွေကိုပါ ခေါင်းဖြတ်၊ စေတီတော်တွေရဲ့ ဌာပနာတွေကိုဖောက်၊ အာဏာရူးပြီး လုပ်ချင်လိုက် လုပ်နေကြောင်းကို ပြောပါတယ်။ အဲ့ဒိလူပြောတဲ့အကြောင်းကို အိမ်အောက်ကကြားသွားတဲ့ ခွေးရူးဟာချက်ချင်း ပြန်ပြောပါတယ်။

သူ့ကိုန အဖအာဏာရူးတွေနဲ့ မနှိုင်းဖို့အကြောင်း၊တခြားအရူးတွေနဲ့နှိုင်းရင် ခံနိုင်ပေမဲ့ ဒီလိုတကမ္ဘာလုံးရှိ အဆင့် အတန်းမြင့်သူတွေအားလုံးက ဝိုင်းပြီးကျဉ်ဖယ်ပြစ်ပယ်ထားပြီးသုံးစားလို့ မရအောင် နာမည်ပျက်နေတဲ့ န အ ဖတွေနဲ့ နှိုင်းတာဟာသူ့ ရဲ့ ခွေးရူးဂုဏ်သိက္ခာကိုထိပါးတဲ့ အကြောင်း၊ပြီးတော့အခုလိုန အ ဖတွေနဲ့အနှိုင်းခံရလို့ မခံချင်လွန်းတာနဲ့ သူ့ရဲ့ ခွေးရူးရောဂါတောင် ပျောက်သွားတဲ့အကြောင်းနဲ့ပြီးတော့ ခွေးရူးကဆက်ပြောတာက တကမ္ဘာလုံးရှိသမျှအဆိုးတွေအားလုံးနဲ့ နှိုင်းစရာမရှိအောင်ဆိုးသွမ်းယုတ်မာနေတဲ့နအဖတွေနဲ့ နှိုင်းလိုက်တာဟာ သူ့ကိုခွေးရူးဆိုပြီးနောက်ကနေ လိုက်ရိုက်နေကြတဲ့သူတွေရဲ့ ရိုက်ချက်ပေါင်းမြောက်များစွာထက် နာတဲ့အ ကြောင်း ကို ပြောပြီးနောက်ကိုသူတို့ ခွေးရူးတွေရဲ့ဂုဏ်သိက္ခာကို ထောက်သောအားဖြင့် နအဖအာဏာရူးတွေနဲ့ မနှိုင်းဖို့ ကိုပြောကြားလိုက်ပါတယ်။

န အ ဖအကြောင်းကိုအမြဲတန်းနှိုင်းယှဉ်နှိုင်းယှဉ်ပြီးတော့ပြောပြလေ့ရှိသော ထိုလူကြီးသည် ရုပ်သေးရုပ်၊ နွား၊ကျွဲ၊ ခွေးရူးတဲ့ပြောလိုက်သော စကားကို အမြဲတန်းနားထဲမှာ ကြားယောင်နေမိရင်း—သြော်နအဖ-နအဖ အဆိုးတွေ နှိုင်းစရာ မကျန်လောက်အောင်ဆိုးတဲ့နအဖလို့ ငြီးတွားနေမိရင်း နအဖရဲ့ အဆိုးသံသရာ လည်ပတ်နေပုံကို တွေးတောနေမိပါတော့တယ်။

ရေးသားသူ။ ။ မင်းသုည (ကွန်းခြံကုန်း)

No comments: