DREAM ANGEL သို့ လာရောက်လည်ပတ်ကြသူအားလုံးကို DREAM ANGEL မှ ကျေးဇူးအထူးတင်ရှိပါတယ်.........

Friday, March 6, 2009

အက်ဖ်အီးစီဖြင့် လောင်စာဆီ ဝယ်ယူမှုများ ကျပ်ငွေနှင့်ဝယ်ရသည်ထက် ပိုသက်သာ

NEJ / မတ်လ(၆) ရက်၊ ၂၀၀၉
စစ်အစိုးရ စက်သုံးဆီအရောင်းဆိုင်များတွင် အက်ဖ်အီးစီဖြင့် လွတ်လပ်စွာ ရောင်းချသည့်နှုန်းသည် ခွဲတမ်းနှင့် ရောင်းသည့်နှုန်းထက် များစွာသက်သာနေခြင်းကြောင့် အက်ဖ်အီးစီဖြင့် ဝယ်ယူမှု အလွန်များပြားနေကြောင်း ကားပိုင်ရှင်များနှင့် ဆီဆိုင်အရောင်းဝန်ထမ်းများက ပြောသည်။

ကားပိုင်ရှင်တဦးက “ကျနော့်ကားဟာ ဒီဇယ်ကားပါ။ အစိုးရဆိုင်မှာ ဒီဇယ်တဂါလန် ကျပ် (၃,ဝဝဝ) ဆိုတော့ ခွဲ တမ်းစာအုပ်နဲ့ သိပ်မဝယ်ဖြစ်တော့ဘူး။ ဆီစာအုပ် သက်တမ်းမကုန်အောင် တလ တကြိမ် နှစ်ကြိမ်ပဲ ဝယ်တယ်။ ပြင်ပမှောင်ခိုပေါက်ဈေးမှာ ဒီဇယ်ဆီ တဂါလန် ကျပ် (၁,၇ဝဝ) ကျော်လောက်ပဲ ရှိတယ်ဆိုပေမယ့် ဆီသန့် မသန့် မသေချာဘူး။ ဒါကြောင့် အစိုးရဆီဆိုင်မှာပဲ အက်ဖ်အီးစီနဲ့ ပုံမှန်ဝယ်ထည့်ဖြစ်တယ်။ အဲဒီမှာ မြန်မာငွေနဲ့ တွက်ရင် တဂါလန် ကျပ် (၁,၈ဝဝ) ကျော်ကျော်ပဲ ရှိတယ်” ဟု ပြောသည်။

အစိုးရ ဓာတ်ဆီဆိုင်များ၏ ဆီစာအုပ်ဖြင့် ရောင်းချသည့်ဈေးနှုန်းသည် ဓာတ်ဆီ တဂါလန် ကျပ် (၂,၅ဝဝ) ဖြစ်ပြီး ဒီဇယ်ဆီ တဂါလန် ကျပ် (၃,ဝဝဝ) ဖြစ်သည်။ အက်ဖ်အီးစီဖြင့် ရောင်းချသည့်နှုန်းမှာမူ (မတ်-၅) ရက်နေ့ ပေါက်ဈေး သာမန်လူများအတွက် ဓာတ်ဆီ တဂါလန် (၂.၇၅) အက်ဖ်အီးစီနှင့် ဒီဇယ်ဆီ တဂါလန် (၁.၉ဝ) အက်ဖ်အီးစီ၊ ကုလသမဂ္ဂ၊ သံရုံး၊ အိုင်အန်ဂျီအိုနှင့် အဖွဲ့အစည်းများအတွက် ဓာတ်ဆီတဂါလန် (၂.၄၅) အက်ဖ် အီးစီ၊ ဒီဇယ်ဆီ တဂါလန် (၁.၆ဝ) အက်ဖ်အီးစီနှုန်း ဖြစ်သည်။

အဆိုပါကိစ္စ ဗိုလ်တစ်ထောင်မြို့နယ် အတွင်းမှ စက်သုံးဆီ အရောင်းဝန်ထမ်းတဦးကို မေးမြန်းကြည့်ရာ ၎င်းတို့ ဆိုင်တွင် သတ်မှတ်ဈေး တဂါလန် ကျပ် (၂,၅ဝဝ) နှုန်းဖြင့် လာထည့်သည့် အိမ်စီး ဓာတ်ဆီကားများသာ ရှိကြောင်း၊ ကျန် အိမ်စီး ဒီဇယ်ကား အားလုံးလိုလို သတ်မှတ်ဈေး တဂါလန် ကျပ် (၃,ဝဝဝ) ဖြင့် မည်သူမျှ ဝယ်မ ထည့်ဘဲ တဂါလန် မြန်မာငွေ ကျပ် (၁,၈ဝဝ) ကျော်ခန့်သာကျမည့် အက်ဖ်အီးစီ ပေါက်ဈေးဖြင့်သာ ဝယ်ထည့်ကြကြောင်း၊ သံရုံးနှင့် ကုလသမဂ္ဂအဖွဲ့အစည်း ကားအားလုံးမှာမူ ဓာတ်ဆီရော၊ ဒီဇယ်ကိုပါ အက်ဖ်အီးစီ ဖြင့် လာဝယ်ကြကြောင်း၊ ယခုလက်ရှိ ၎င်းတို့အတွက် ဆီဆိုင်က အက်ဖ်အီးစီနှင့် သတ်မှတ်ပေးသည့် ရောင်းဈေး သည် ပြင်ပ မှောင်ခိုပေါက်ဈေးထက် သက်သာနေ၍ ဖြစ်ကြောင်း၊ ၎င်းတို့ဆိုင်၏ တနေ့တာ ရောင်းချရငွေကို ကြည့်ပြီး မြန်မာကျပ်ငွေထက် အက်ဖ်အီးစီ ပမာဏက ပိုများကြောင်း ရှင်းပြသည်။

နအဖစစ်အစိုးရက နိုင်ငံတကာတွင် လောင်စာဆီ ဈေးနှုန်းများ ကျဆင်းသွားသော်လည်း ပြည်တွင်း၌ ဖြန့်ဖြူး ရောင်းချနေသည့် ဓာတ်ဆီ၊ ဒီဇယ်ဆီနှင့် သဘာဝဓာတ်ငွေ့ ဈေးနှုန်းများကို လုံးဝ လျော့ချခြင်း မပြုသော် လည်း လုပ်ငန်းရှင်ကြီးအချို့ကို ဒီဇယ်ဆီ တင်သွင်းခွင့်ပြုခဲ့၍ ပြည်တွင်း ပြင်ပ ဒီဇယ်ဆီ ပေါက်ဈေးသည် လက်လီ တဂါလန် ကျပ် (၁,၇ဝဝ) ဝန်းကျင် ရောက်ရှိခဲ့ပြီး အစိုးရ ရောင်းဈေးထက် ထက်ဝက်ခန့် လျော့ကျခဲ့သည်။ ဓာတ် ဆီကိုမူ တင်သွင်းခွင့် လုံးဝ ပိတ်ပင်ထားသည့်အတွက် နိုင်ငံတကာတွင် ဈေးကျနေသော်လည်း ပြည်တွင်း၌ အစိုး ရဈေး တဂါလန် ကျပ် (၂,၅ဝဝ)၊ မှောင်ခိုဈေး တဂါလန် ကျပ် (၃,ဝဝဝ) ဝန်းကျင် ရှိနေဆဲ ဖြစ်သည်။

စီးပွားရေးပညာရှင် စာရေးဆရာတဦးက လက်ရှိ စစ်အစိုးရ အကောင်အထည် ဖော်နေပုံကိုကြည့်ပါက ယခင်က လောင်စာဆီနှင့် ပတ်သက်လာလျှင် ပြည်ပမှ ဝယ်ယူတင်သွင်းပြီး ပြည်တွင်း၌ အရှုံးခံကာ ဖြန့်ဖြူးရောင်းချခဲ့ရာမှ ယခုအခါ အရှုံးခံစရာ မလိုဘဲ ဖြန့်ဖြူးနိုင်သည့်အခြေအနေသို့ ရောက်နေသည်ကို တွေ့ရမည်ဖြစ်ကြောင်း၊ အမြတ် ပင် ရနေကြောင်း၊ သို့သော် လောင်စာဆီဈေးများ ကျသင့်သလောက် မကျသည့်အတွက် ပြည်တွင်း၌ သယ်ယူပို့ ဆောင် စရိတ်၊ ခရီးသွားလာရေး စရိတ်များ ကျဆင်းမလာကြောင်း ဝေဖန်ထောက်ပြသည်။

သတင်းစာဆရာတဦးကမူ “စစ်အစိုးရဟာ ရန်ကုန်သယ်ယူပို့ဆောင်ရေးအတွက် ကားတွေကို သဘာဝ ဓာတ်ငွေ့ သုံးအဖြစ် ပြောင်းခိုင်းပြီး သဘာဝဓာတ်ငွေ့ ရောင်းချပေးနေလို့ ခရီးသွားပြည်သူတွေ အနည်းငယ် အသက်ရှူ ချောင်နေပေမယ့် အခြား ပြည်နယ်တိုင်း အသီးသီးက မြို့ရွာတွေမှာတော့ လောင်စာဆီ ဈေးနှုန်းအခက် အခဲ ကြောင့် ခရီးသွားလာရေးစရိတ် မြင့်မားလျက်ရှိနေသေးတယ်” ဟု ထောက်ပြသည်။

နအဖစစ်အစိုးရသည် ၂ဝဝ၅-ဝ၆ ဘဏ္ဍာရေးနှစ်တွင် ပြည်ပမှ လောင်စာဆီ ဒေါ်လာ သန်း (၂၇ဝ) ဖိုး၊ ၂ဝဝ၆-ဝ၇ ခုနှစ်တွင် (၆၉၅) သန်းဖိုး၊ ၂ဝဝ၇-ဝ၈ ခုနှစ်မှာ ဒေါ်လာသန်း (၃၇ဝ) ဖိုး၊ ၂ဝဝ၈ ဧပြီမှ နိုဝင်ဘာအထိ ဒေါ်လာ (၄၆၈) သန်းဖိုး တင်သွင်းခဲ့ပြီး ၂ဝဝ၇-ဝ၈ ဘဏ္ဍာရေးနှစ်တွင် ရန်ကုန်ရှိ ကားအများစု ဂက်စ်ကားများအဖြစ် ပြောင်းလဲပြီး ဖြစ်၍ တင်သွင်းမှု လျော့ကျသွားခဲ့သော်လည်း ၂ဝဝ၈ ခုနှစ်အတွင်း နာဂစ် ကယ်ဆယ်ရေး ကိစ္စ ကြောင့် တင်သွင်းမှု ပြန်လည်မြင့်တက်လာခြင်း ဖြစ်သည်။

ယခုကဲ့သို့ စစ်အစိုးရ ဆီဆိုင်များတွင် အက်ဖ်အီးစီဖြင့် လောင်စာဆီ ဝယ်ယူမှု မြင့်တက်လာခြင်းကြောင့် အက်ဖ် အီးစီ အဝယ်လိုက်လာပြီး ဈေးနှုန်းလည်း မြင့်တက်လာကာ နဂိုက အက်ဖ်အီးစီ တယူနစ်လျှင် အမေရိကန် တဒေါ် လာထက် ကျပ် (၁ဝဝ) နီးပါး တန်ဖိုး နိမ့်ရာမှ ယခုအခါ ကျပ် (၂ဝ) ဝန်းကျင်သာ ကွာပြီး အရောင်းအဝယ် ဖြစ် လျက် ရှိသည်။

No comments: