DREAM ANGEL သို့ လာရောက်လည်ပတ်ကြသူအားလုံးကို DREAM ANGEL မှ ကျေးဇူးအထူးတင်ရှိပါတယ်.........

Friday, March 6, 2009

နိုင်ငံရေး အမှုလိုက်ရှေ့နေ နှစ်ဦး ပြန်လွတ်လာ

မြင့်မောင်
သောကြာနေ့၊ မတ်လ 06 2009 15:25 - မြန်မာစံတော်ချိန်


နယူးဒေလီ (မဇ္ဈိမ)။ ။ နိုင်ငံရေး တက်ကြွ လှုပ်ရှားသူများ၏ အမှုကို လိုက်လံ ဆောင်ရွက်ပေးသူ နှစ်ဦး ပြစ်ဒဏ်စေ့ပြီ ဖြစ်သဖြင့် ယနေ့ နံနက်ပိုင်းတွင် ပုသိမ်ထောင်မှ ပြန်လွတ်လာသည်။

ပြီးခဲ့သည့်နှစ် နိုဝင်ဘာလ ၇ ရက်နေ့တွင် အင်းစိန်ထောင်အတွင်း သီးသန့် တရားရုံးက တရားရုံးကို မထီမဲ့ မြင်ပြုမှုဖြင့် ဗဟိုတရားရုံးရှေ့နေ ဦးအောင်သိန်းနှင့် ဦးခင်မောင်ရှိန်တို့ကို ထောင်ဒဏ် ၄ လ ပြစ်ဒဏ်ချခဲ့ရာ ရက်စေ့ပြီဖြစ်သဖြင့် ပုသိမ်ထောင်မှ ပြန်လွှတ်ပေးလိုက်ခြင်း ဖြစ်သည်။


“အန်ကယ် ဦးအောင်သိန်း ဒီနေ့ မနက် ၉ နာရီမှာ ပုသိမ်ထောင်ကနေ့ ထွက်လိုက်ပြီ”ဟု မိသားစုနှင့် နီးစပ်သူ တဦးက မဇ္ဈိမကို ပြောသည်။

သူက “သူ့ ကျန်းမာရေး အခြေအနေ ကောင်းပါတယ်။ အန်ကယ့်ကို သူ့မိန်းမနဲ့ သူ့သမီးတွေက သွားကြိုကြတယ်။ အခု သူတို့ လမ်းမှာပဲ ရှိသေးတယ်။ ရန်ကုန်ကို ရောက်မလာသေးဘူး။ အန်ကယ် ဦးခင်မောင်ရှိန်လည်း လွတ် တယ်လို့ ကြားတယ်” ဟု ဆက်ပြောသည်။

အကျဉ်းကျနေသည့် နိုင်ငံရေးအကျဉ်းသား အမှုသည်များက တရားရုံးတော်ကို အယုံအကြည် မရှိတော့သဖြင့် သူတို့၏ ရှေ့နေပါဝါများ ရုပ်သိမ်းလိုက်ကြောင်း တရားသူကြီးထံ တင်ပြရာ လှိုင်မြို့နယ် တရားသူကြီး ဒေါ်အေးမြိုင် က တရားရုံးကို မထီမဲ့မြင်ပြုမှုဖြင့် သူတို့နှစ်ဦးကို တရားစွဲလိုက်ပြီး ရန်ကုန် တရားရုံးချုပ်က ၄ လ ပြစ်ဒဏ်ချခဲ့ သည်။

ဤသည်မှာ နိုင်ငံရေး တက်ကြွ လှုပ်ရှားသူများ၏ အမှုများအတွက် ဆောင်ရွက်နေသူ ရန်ကုန်မှ ရှေ့နေ ၄ ဦးအား တရားစီရင်ရေးတွင် မထီမဲ့မြင်ပြုမှု၊ နှောင့်ယှက်မှုများဖြင့် စွဲချက်တင်ကာ အကျဉ်းချထားရာမှ ရက်စေ့သဖြင့် ၂ ဦး ပြန်လွတ်လာခြင်းဖြစ်သည်။

အလားတူ အန်အယ်ဒီ အဖွဲ့ဝင်များ၏ အမှုများကို လိုက်ပေးသူ လူငယ်ရှေ့နေ ကိုညီညီထွေးလည်း တရားစီရင် ရေးကို အနှောင့်အယှက်ပြုသည်ဟုဆိုကာ ပြီးခဲ့သည့်နှစ် အောက်တိုဘာလ နှောင်းပိုင်းတွင် မြောက်ပိုင်းခရိုင် တရားသူကြီး ဦးသောင်းညွန့်က ထောင်ဒဏ် ၆ လ ချခဲ့သည်။

တရားစီရင်နေစဉ် အမှုသည်များက တရားသူကြီးဘက်သို့ ကျောပေးထိုင်သည်ကို ပြန်လှည့်ပေးရန် ရှေ့နေများမှ တဆင့် ပြောခိုင်းသည့်အခါ သူနှင့် ရှေ့နေ ကိုစောကျော်ကျော်မင်းက တရားခွင်တွင် အမှုသည်များ စိတ်တိုင်းကျ နေနိုင်သည်ဟု တုံ့ပြန်ပြောဆိုသဖြင့် ပြစ်ဒဏ် အချခံရခြင်း ဖြစ်သည်။

တရားစီရင်မည့်နေ့တွင် တရားရုံးသို့ မသွားဘဲ တိမ်းရှောင်ခဲ့သည့် ရှေ့နေ ကိုစောကျော်ကျော်မင်းကို ဖမ်းဝရမ်း ထုတ်ခဲ့သည်။

ယခုအခါ သူသည် ထိုင်း-မြန်မာနယ်စပ်သို့ ရောက်ရှိနေပြီဖြစ်သည်။

No comments: