DREAM ANGEL သို့ လာရောက်လည်ပတ်ကြသူအားလုံးကို DREAM ANGEL မှ ကျေးဇူးအထူးတင်ရှိပါတယ်.........

Friday, March 6, 2009

မြန်မာဆန့်ကျင်ရေး ထိုင်းသပိတ် မဲဆောက်တွင် ထိုင်းကုန်စည်သောင်တင

NEJ / မတ်လ(၆) ရက်၊ ၂၀၀၉
ယနေ့နံနက်မှစတင်ကာ မြဝတီမှလာရောက်သည့် မြန်မာခရီးသည်တင် တောင်းအေ့စ်ကားများကို ထိုင်းနိုင်ငံ ဘက်မှ ဝင်ခွင့်မပြုသဖြင့် မြန်မာဘက်မှလည်း ချစ်ကြည်ရေးတံတားပေါ်မှတဆင့် မြဝတီမြို့သို့ ကုန်စည်သွား ရောက် ပို့ဆောင်မည့် ထိုင်း ကားကြီး၊ ကားငယ်များကို ဝင်ရောက်ခွင့် ပိတ်ပင်လိုက်သောကြောင့် ထိုင်းကုန်စည် များ နယ်စပ်တွင် သောင်တင်လျက်ရှိသဖြင့် ထိုင်းကုန်သည်များ စိုးရိမ်ပူပန်လျက်ရှိသည်။

ချစ်ကြည်ရေးတံတားနှင့် မဲဆောက်ဈေးသို့ ပြေးဆွဲသည့် ထိုင်းလိုင်းကားအသင်းက မြန်မာခရီးသည်တင်ကားများ ဝင်ရောက်မှုကို ကန့်ကွက်သည့်အနေဖြင့် ချစ်ကြည်ရေးတံတား ထိုင်းဘက်အခြမ်း ဝင်ပေါက်ကို လိုင်းကားအစီး (၁၅၀) ခန့်ဖြင့် ပိတ်ဆို့ကာ ဆန္ဒပြခဲ့ကြသည့်အတွက် ယမန်နေ့က နယ်စပ်ကုန်သွယ်ရေးလုပ်ငန်း ကုန်စည်စီး ဆင်းမှု ရပ်တန့်ခဲ့သည်။

မဲဆောက်မြို့နယ်အာဏာပိုင်များ၏ စေ့စပ်ဖျန်ဖြေပေးမှုကြောင့် ယမန်နေ့ညက ဆန္ဒပြသူများသည် ဆန္ဒပြမှုကို ရုပ်သိမ်းလိုက်ပြီး ယနေ့နံနက်တွင် ပုံမှန် လိုင်းကားများပြေးဆွဲရာ ပုံမှန်နေ့များထက်စာလျှင် ခရီးသည် သုံးဆခန့် ပိုမိုရရှိလာသည်ဟု ထိုင်းလိုင်းကားမောင်းသူတဦးက ပြောသည်။

မြန်မာခရီးသည်တင်ကားများကို ထိုင်းနိုင်ငံဘက်မှ ယနေ့နံနက်မှစတင်ကာ လုံးဝ ဝင်ခွင့်မပြုဘဲ ချစ်ကြည်ရေး တံတားထိပ်တွင် သီးသန့်စစ်ဆေးရေး ဂိတ်ဖွင့်ကာ စစ်ဆေးလျက်ရှိသည်။

လက်ရှိ အခြေအနေမှန်ကို သိရှိနိုင်ရန်အတွက် ယနေ့နံနက် (၁၀) နာရီခန့်က မြဝတီမှ ရဲ၊ လဝက၊ မော်တော် ယာဉ်အသင်းမှ တာဝန်ရှိသူများပါရှိသည့် ခရီးသည်တင် တောင်းအေ့စ်ကားနှစ်စီး ထိုင်းဘက်အခြမ်းသို့ ရောက်ရှိလာရာ တံတားထိပ်အနီးရှိ ထိုင်းရဲ၊ လဝကနှင့် မြို့နယ်အာဏာပိုင်အဖွဲ့ပေါင်းစုံ ဂိတ်မှစစ်ဆေးပြီး မဲဆောက်သွား လိုပါက ထိုင်းလိုင်းကားဖြင့်သာ သွားခွင့်ပြုပြီး မြန်မာခရီးသည်တင်ကားများအား မြဝတီသို့ လှည့်ပြန်ရန် စေခိုင်း ခဲ့သည်။

မြဝတီမှ လိုင်းကားမောင်းသူတဦးက “ကျနော်တို့ဆီက လူကြီးတွေက အခြေအနေအမှန်ကို သိချင်လို့ အဲဒီရှေ့ ပြေးကားနှစ်စီးကို စမ်းသပ်ပြီး သွားစေခဲ့တာဖြစ်တယ်။ အခုအခြေအနေတွေကို အထက်ကို ပြန်တင်ပြသွား မယ်လို့ သူတို့ပြောနေကြတာကို ကြားသိခဲ့ရတယ်” ဟုပြောသည်။

နေ့စဉ် ချစ်ကြည်ရေးတံတားမှတဆင့် မြဝတီမြို့သို့ ထိုင်းကုန်စည်ပို့ဆောင်သည့် ကားများမှာ အခေါက်ရေ နှစ်ရာ ခန့် ရှိပြီး ဆောက်လုပ်ရေးသုံးပစ္စည်းများနှင့် လူသုံးကုန်၊ စားသောက်ကုန်ပစ္စည်းများ အဓိကတင်ပို့သည်။

ထိုင်းနိုင်ငံမှ မြန်မာနိုင်ငံဘက်သို့ မဲဆောက်မြဝတီလမ်းကြောမှတဆင့် ကုန်စည်များ တင်သွင်းမှုမှာ တလလျှင် ဘတ်သန်းတထောင်ကျော် လစဉ်တင်သွင်းလျက်ရှိပြီး နယ်စပ် ချစ်ကြည်ရေးတံတားဂိတ် တရက်ပိတ်လျှင် ထိုင်း နိုင်ငံဘက်မှ ကုန်ပစ္စည်းတင်သွင်းမှု ဘတ် လေးသန်းခန့် နစ်နာမှုရှိသည်ဟု မဲဆောက်မြို့မှ လုပ်ငန်းရှင် တဦးက ပြောသည်။

ယခုဖြစ်ရပ်နှင့် ပတ်သက်၍ ယမန်နေ့က မဲဆောက်မြို့ပိုင် နိုင်ကစ်တီဆတ်တိုမိုဆတ်က မြဝတီခရိုင်ဥက္ကဋ္ဌ ဦးထွန်းထွန်းဝင်းထံသို့ တွေ့ဆုံဆွေးနွေးခွင့်ရရန် တောင်းဆိုခဲ့သော်လည်း မြဝတီခရိုင်အာဏာပိုင်များက ယခု ကိစ္စနှင့် ပတ်သက်၍ တရားဝင်စာဖြင့် မြို့နယ်အဆင့်နယ်ခြားကော်မတီ TBC မှတဆင့် ဆက်သွယ်ရန် ပြန်လည် အကြောင်းကြားခဲ့သည်။

မြဝတီမြို့ခံ ကုန်သည်ကြီးများအဖွဲ့ဝင်တဦးက “ကျနော်သိသလောက် ဒီကိစ္စ ခရိုင်အာဏာပိုင်တွေက နေပြည် တော်မှာရှိတဲ့ ကကကြည်းဆီကို အစီရင်ခံထားပြီးပြီလို့ ပြောတယ်။ နယ်စပ်ဒေသတွေဟာ ကာကွယ်ရေး ဝန်ကြီး ဌာန ကကကြည်း လက်အောက်မှာရှိတယ်။ နောက်ပြီး ခရိုင်ဥက္ကဋ္ဌ ဦးထွန်းထွန်းဝင်းနဲ့ မဲဆောက်မြို့ပိုင် မနေ့က မြဝတီမှာတွေ့မယ့်ကိစ္စကိုလည်း မြန်မာဘက်က တိုင်းမှူးက ခွင့်မပြုဘူးလို့ သိရတယ်” ဟု ခေတ်ပြိုင်သို့ ပြော သည်။

မဲဆောက်မြို့မှ ကုန်သည်ကြီးတဦးက “မနေ့ကနဲ့ ဒီနေ့ဆိုရင် ထိုင်းကုန်စည်တွေ သွားမရတော့ဘူး။ ဘယ်နှရက် ကြာမလဲ မသိသေးဘူး။ ထိုင်းဘက်က လူကြီးတွေကတော့ အမြန်ဆုံးပြေလည်မှုရအောင် မြန်မာအာဏာပိုင် တွေနဲ့ အမြန်ဆုံး ညှိနှိုင်းပေးမယ်လို့ ပြောတယ်။ အခုလို စီးပွားရေးမကောင်းတဲ့ကာလမှာ တာဝန်ရှိသူတွေ အနေနဲ့ နယ်စပ်ကုန်သွယ်ရေး ထိခိုက်နစ်နာစေမယ့် အနေထားတွေကို ရှောင်ရှားဖို့လိုတယ်” ဟု ပြောသည်။

မြန်မာကုန်သည်တဦးကလည်း “တကယ်လို့ နယ်စပ်ဂိတ်တွေ ပိတ်မယ်ဆိုရင် ထိုင်းဘက်ကပဲထိမယ်။ မြန်မာ ဘက်က ထိခိုက်စရာ အကြောင်းမရှိဘူး။ မြန်မာပြည်မှာက အစိုးရက လူထုကို အငတ်ထားတာ နှစ်ပေါင်း မနည်း တော့ဘူး။ တံတားပိတ်လည်း ဒီလိုပဲ။ မပိတ်လည်း ဒီလိုပဲ။ အစိုးရကတော့ မောင်မပူဘဲ” ဟု ပြောသည်။

လက်ရှိအခြေအနေတွင် နှစ်ဖက်ပြဿနာ ပြေလည်စေရေးအတွက် ထိုင်းဘက်မှ အာဏာပိုင်များသည် မြန်မာ အာဏာပိုင်များ၏ အကြောင်းပြန်ကြားချက်ကို စောင့်စားလျက်ရှိသည်။

No comments: