DREAM ANGEL သို့ လာရောက်လည်ပတ်ကြသူအားလုံးကို DREAM ANGEL မှ ကျေးဇူးအထူးတင်ရှိပါတယ်.........

Friday, March 6, 2009

လူ့အခွင့်အရေးအဖွဲ့ အစီရင်ခံစာအတွက် မီဇိုများက အပြစ်တင်

ဆလိုင်းပီးပီး
ကြာသပတေးနေ့၊ မတ်လ 05 2009 23:36 - မြန်မာစံတော်ချိန်
နယူးဒေလီ (မဇ္ဈိမ) – လူ့အခွင့်အရေး စောင့်ကြည့်ရေးအဖွဲ့ (HRW) က ထုတ်ပြန်ခဲ့သော အစီရင်ခံစာ တရပ် အတွက် အိန္ဒိယနိုင်ငံ အရှေ့မြောက်ပြည်နယ် မီဇိုရမ်မှ အရပ်ဘက် အဖွဲ့အစည်းတရပ်က ဤဒေသအတွင်း နေ ထိုင်သော ချင်းလူမျိုးများကို သူတို့အား တောင်းပန်ရန် တောင်းဆို လိုက်ကြပါသည်။

မီဇိုရမ်ပြည်နယ်ရှိ အရပ်ဘက် အဖွဲ့အစည်း တရပ်ဖြစ်သော မီဇိုလူငယ်အဖွဲ့ (YMA) က ချင်းအဖွဲ့အစည်း အန ည်းဆုံး ၂၃ ခုကို အစည်းအဝေး တက်ရောက်ရန် ဆင့်ခေါ်ကာ ထိုလူ့အခွင့်အရေး အစီရင်ခံစာတွင် မီဇိုလူမျိုး များက ချင်းလူမျိုး များကို နှိပ်စက်သည်ဟူသော HRW ၏ စွပ်စွဲ ရေးသားမှုအတွက် ငြင်းဆိုပြောကြားပေးရန် သူတို့ကို တောင်းဆိုခဲ့ကြသည်။

မြန်မာနိုင်ငံမှ ထွက်ပြေး ရောက်ရှိလာသော ချင်းလူမျိုးများကို မီဇိုလူမျိုးများက နှိပ်စက်သည်ဟု HRW က စွပ်စွဲရေး သားခဲ့ခြင်းကို YMA ဗဟိုအဖွဲ့က အလွန် ဒေါသထွက်ခဲ့ကြောင်း အစည်းအဝေးသို့ တက်ရောက်ခဲ့သည့် ချင်းလူမျိုး ကိုယ်စားလှယ်တဦးက မဇ္ဈိမကို ပြောသည်။

ပြည်နယ်အတွင်း ရောက်ရှိ နေထိုင်နေကြသော ချင်းလူမျိုး အသိုင်းအဝိုင်းကို YMA ၏ ဆက်ဆံပုံနှင့် ပတ် သက်၍ တလွဲ သတင်းပေးခဲ့သည်ဟု CYMA ၏ ဥက္ကဌ ဂျေအိပ်ခ်ျဇိုရမ်ထန်းငါ (J. H. Zoremthanga) က ချင်း ခေါင်းဆောင်များ ကို စွပ်စွဲပြောကြားခဲ့သည်။

“YMA နဲ့ မီဇိုဒေသန္တရ အာဏာပိုင်တွေရဲ့အကြောင်း HRW အစီရင်ခံစာမှာ ရေးသားထားချက်တွေဟာ မမှန်ဘဲ ပုံကြီးချဲ့ထားတာသာ ဖြစ်တယ်လို့ သူ (ဇိုရမ်ထန်းငါ) ကပြောတယ်။ သူက ဒီအစီရင်ခံစာအတွက် တောင်းပန် ရမယ်လို့ ကျနော်တို့ကို တောင်းဆိုတယ်” ဟု အစည်းအဝေး တက်ရောက်ခဲ့သူ ကိုယ်စားလှယ်က ဆက်လက် ပြောဆိုသည်။

HRW ၏ ဇန်နဝါရီလအတွင်းက ထုတ်ပြန်ခဲ့သော ‘မေ့ပျောက်ခံ ပြည်သူတွေလိုပါဘဲ’ ဟူသော အစီရင်ခံစာတွင် မြန်မာနိုင်ငံ အနောက်ပိုင်း ချင်းပြည်နယ်တွင် နေထိုင်ကြသော ချင်းလူမျိုးများသည် စစ်အစိုးရ လက်အောက်တွင် ဆင်းရဲ ဒုက္ခများကို လူမသိသူမသိ တိတ်ဆိတ်စွာ ခံစားခဲ့ကြရကြောင်း၊ စနစ်တကျ နှိပ်စက် ညှဉ်းပန်းမှု များ ကြောင့် ထောင်ပေါင်းများစွာသည် အိမ်နီးချင်းနိုင်ငံ၊ အထူးသဖြင့် အိန္ဒိယနိုင်ငံ အရှေ့မြောက်ပြည်နယ် မီဇိုရမ်သို့ ထွက်ပြေးရောက်ရှိ လာခဲ့ကြကြောင်း ရေးသားထားသည်။

ဤသို့ ရွှေ့ပြောင်းရောက်ရှိလာသော ချင်းလူမျိုးများသည် မီဇိုရမ်ပြည်နယ် အပါအဝင် အိန္ဒိယနိုင်ငံရှိ အိမ်ရှင် လူမျိုး အသိုင်းအဝိုင်းများ၏ ရန်လိုစွာ ဆက်ဆံမှုကို နောက်ထပ် ကြုံတွေ့ရပြန်ကြောင်းလည်း အစီရင်ခံစာတွင် ရေးသားထားသည်။ အထူးသဖြင့် YMA အကြောင်း ရေးသား ဖော်ပြထားပြီး၊ ချင်းလူမျိုးများသည် ဤအဖွဲ့၏ နှိပ်စက်မှုနှင့် အကြိမ်ပေါင်းများစွာ နှင်ထုတ်ခြင်းကို ခံခဲ့ရကြောင်း ရေးသားထားသည်။

“မီဇိုရမ်ပြည်နယ်ရှိ ချင်းလူမျိုးများသည် လုံခြုံရေးဆိုင်ရာ ကျူးလွန် စော်ကားမှုများ၊ အလွန်အမင်း နှိမ်ချ ဆက်ဆံခြင်းများ၊ အလုပ်အကိုင် မရှိခြင်းများကို ရင်ဆိုင်နေကြရပြီး၊ အိုးအိမ် ပြဿနာနှင့် ဈေးသက်သာသော ပညာရေးကိုလည်း မရကြ” ဟု အစီရင်ခံစာက ဆိုသည်။

ထို့ပြင် ဒေသခံအိမ်ရှင်များသည် မီဇိုရမ်ပြည်နယ် ရောက်ချင်း လူမျိုးများကို သူတို့တွင် တရားဝင် နေထိုင်ခွင့် အဆင့် အတန်းနှင့် စာရွက်စာတမ်း တစုံတရာမရှိကြသည့်အတွက် အိမ်ငှါးရန် ချီတုံချတုံဖြစ်နေခြင်းသော် လည်း ကောင်း၊ ဈေးပိုယူခြင်းသော်လည်းကောင်း ပြုလုပ်ကြသည်ဟုလည်း အစီရင်ခံစာတွင် ဆက်လက် ရေးထား သည်။

ထို့ပြင် ချင်းလူမျိုးများကို သူတို့ကိုယ်ပိုင် ဝတ်ပြုကိုးကွယ်ရေးဆိုင်ရာ အဆောက်အဦ နေရာထိုင်ခင်းများ မပြု လုပ်ကြရန် လည်း ဒေသန္တရ အာဏာပိုင်များက ဖိအားပေးခဲ့သည်ဟု အစီရင်ခံစာက ဆိုသည်။

“YMA ကကြေငြာထားတာ ချင်းလူမျိုးတွေ သူတို့ သီးသန့်ဘုရားကျောင်းမှာ ဝတ်ပြုဆုတောင်းတာ မလုပ်ရဘူး တဲ့။ မီဇိုရမ်မှာ နေချင်ရင် မီဇိုဘုရားကျောင်းပဲ တက်သင့်တာပေါ့လို့ သူတို့က ပြောတယ်” ဟု ချင်းလူမျိုးတဦးကို ကိုးကားပြီး HRW အစီရင်ခံစာက ရေးသားထားသည်။

သို့သော် CYMA ကမူ HRW အစီရင်ခံစာသည် မီဇိုလူမျိုးများ၏ သူတို့၏ ညီအကိုတော်များဖြစ်သော ချင်းလူမျိုး များအပေါ် စိတ်ကောင်း စေတနာထားရှိမှုများကို စွပ်စွဲပုတ်ခတ် ရေးသားခြင်းများသာ ဖြစ်သည်ဟု ငြင်းဆို ပြောကြားခဲ့သည်။

မီဇိုရမ်ပြည်နယ်မြို့တော် အိုက်ဇော (Aizawl) မြို့တွင် ကျင်းပခဲ့သော အစည်းအဝေးအတွင်း ဇိုးရမ်ထန်းငါ က ဤ အစီရင်ခံစာသည် အခြေအမြစ်မရှိသော၊ ဘက်လိုက်သော သတင်းအချက်အလက်များ အပေါ်တွင် အခြေခံ ရေးသား ချက်များသာ ဖြစ်သည်ဟုဆိုကာ HRW သို့ ကန့်ကွက်တိုင်ကြားစာများ ရေးသားပေးပို့ကြရန်နှင့် အစီ ရင်ခံစာကို ရှုတ်ချကြရန် ချင်းနိုင်ငံရေး၊ လူမှုရေး၊ ဘာသာရေး၊ လူ့အခွင့်အရေး နှင့် အမျိုးသမီးအဖွဲ့များ စုစုပေါင်း ၂၃ ဖွဲ့မှ ခေါင်းဆောင် များကို တိုက်တွန်း ပြောကြားခဲ့သည်။

“သူက ချင်းအဖွဲ့အစည်းနဲ့ လူမျိုးခေါင်းဆောင်တွေကို အစီရင်ခံစာအပေါ် HRW ကို ကန့်ကွက်တိုင်ကြားကြဖို့ တိုက်တွန်းသွားတယ်” ဟု ချင်းလူမျိုး ကိုယ်စားလှယ်တဦးက ပြောသည်။ သူ့လေသံသည် ချင်းခေါင်းဆောင်များ က အစီရင် ခံစာကို ကန့်ကွက် ရှုတ်ချကြရန် ပျက်ကွက်ခဲ့မည် ဆိုပါက ဂယက်ရိုက်ခတ်မှု တခုခုရှိလာနိုင်ကြောင်း ညွှန်ပြနေသည်ဟု ဆိုသည်။

မြန်မာနိုင်ငံအနောက်ပိုင်း ချင်းပြည်နယ်နှင့် အိန္ဒိယနိုင်ငံ မီဇိုရမ်ပြည်နယ်တို့သည် ကီလိုမီတာ ၄ဝဝ ခန့် ရှည်လျားသော စိမ့်ဝင်ကူးသန်းနိုင်သည့် နယ်ခြားရှိနေသည်။ အစဉ်အလာအားဖြင့် ချင်းနှင့် မီဇိုတို့သည် မိမိတို့ ကိုယ်မိမိတို့ ရှေးဘိုး ဘွားဘီဘင်များမှ ဆင်းသက်လာသော ညီအကိုတော် ဆွေမျိုးသားချင်းများဟုပင် ယူဆ ခံယူထားကြပြီး၊ နိုင်ငံတကာ နယ်နိမိတ် ခြားနေသော်လည်း ဤလူမျိုးစု ၂ ခုအကြား ပုံမှန် အပြန်အလှန် ဆက်ဆံ မှုများ ရှိခဲ့သည်။

သို့သော် ၁၉၈၈ ခုနှစ်ကတည်းက မီဇိုရမ်ပြည်နယ်တွင် ရောက်ရှိနေထိုင်နေသော ချင်းလူမျိုး အရေအတွက်သည် အဆမ တန်တိုးပွါးလာပြီး ယခုအခါ မီဇိုရမ်ပြည်နယ် အနှံ့အပြားတွင် နေထိုင်နေသော ချင်းလူမျိုးပေါင်း အနည်း ဆုံး ၆ သောင်း ရှိမည်ဟု အစိုးရမဟုတ်သော အဖွဲ့အစည်း အနည်းငယ်၏ အပြောအရ သိရသည်။

ချင်းနှင့် မီဇိုလူမျိုးတို့အကြား အငြင်းပွါးမှုများ ယခင်ကလည်း အခါအားလျော်စွာ ဖြစ်ပွါးခဲ့ပြီး ၂ဝဝ၃ ခုနှစ်ကမူ ချင်းအမျိုးသားတဦးက မီဇို ဆယ်ကျော်သက် မိန်းကလေးတဦးကို မုဒိမ်းကျင့်ခဲ့သည် ဟူသော စွပ်စွဲချက် ပေါ် ထွက်လာခဲ့ ပြီးနောက် YMA က ချင်းလူမျိုးများကို ပြည်နယ်အတွင်းမှ ထွက်ခွါသွားရန် နှင်ထုတ်ခဲ့သည်။

ဤသို့ အငြင်းပွါးမှုများရှိခဲ့လင့်ကစား၊ မီဇိုပြည်သူများက မြန်မာနိုင်ငံသားများ၊ အထူးသဖြင့် ချင်းလူမျိုးများကို ပြည်နယ်အတွင်း ဆက်လက် နေထိုင်ခွင့်ပေးခဲ့သည်။

ထို့ပြင် မြန်မာနိုင်ငံ၌ ၂ဝဝ၇ ခုနှစ် စက်တင်ဘာလက သံဃာတော်များ ဦးဆောင်သည့် ဆန္ဒပြပွဲများ ဖြစ်ပွါး လာသော အခါ လူထုဆန္ဒပြပွဲများ ကျင်းပပြီး ထောက်ခံမှု ပေးခဲ့သည့် အိန္ဒိယနိုင်ငံတွင်းရှိ ပထမဆုံး လူမျိုးအသိုင်း အဝိုင်း ဖြစ်သည်။ ငြိမ်းချမ်းစွာ ဆန္ဒပြနေသူများကို ရက်စက်စွာ နှိမ်နင်းခဲ့သည့်အတွက် မြန်မာ စစ်အစိုးရကို ရှုတ်ချ ကန့်ကွက်ခဲ့ကြသည်။


No comments: