DREAM ANGEL သို့ လာရောက်လည်ပတ်ကြသူအားလုံးကို DREAM ANGEL မှ ကျေးဇူးအထူးတင်ရှိပါတယ်.........

Tuesday, March 10, 2009

ရောင်နီသာတဲ့ နေ့သစ်ဆီ

ရွှေအိမ်စည်
တနင်္လာနေ့၊ မတ်လ 09 2009 15:25 - မြန်မာစံတော်ချိန်

ရောင်နီသာတဲ့ နေ့သစ်ဆီ

(က)

လူတွေနဲ့ဝေး ---- ဝေး၊ ဝေးတဲ့နယ်မြေ

တနေရာရှိ----ရှိ၊ ရှိရာမယ်လေ

နက်ရှိုင်းတဲ့တောရဲ့ ရင်ခွင်မှာပျော်နေ

သဘာဝရဲ့ ရင်သွေးငယ်တွေ ----

(စိုင်းထီးဆိုင်၏ “ သဘာဝရဲ့ ရင်သွေးငယ်“ သီချင်းမှ)

“အဟုန်းဝ“ ရှာက ဘီးလင်းချောင်းအား ကားယားခွ၍ ထားသည်။ ချောင်း၏ ရှေ့ဘက်ကမ်း၌လည်း အဟုန်းဝရွာရှိသလို ချောင်း၏ နောက်ဘက်ကမ်းတွင်လည်း အဟုန်းဝရွာ ရှိသည်။ နှစ်ရွာလုံးက ဘီးလင်းချောင်းအား မေးတင်ထားကြသည်။ မျက်နှာချင်းဆိုင်မဟုတ်၊ ဓားလွယ်ခုတ်သဏ္ဍာန် ရှိသည်။

အနောက်ဘက်ကမ်းရွာက မြစ်ညာဘက်ပိုကျပြီး အရှေ့ဘက်ကမ်းရွာကမူ မြစ်အောက်ဘက် ပိုကျသည်။ အဟုန်းဝ အနောက်ဘက် ကမ်းရွာက ဘီးလင်းမြို့နှင့် ကမ်းတဖက်ထဲတွင် ရှိသည်။ ဘီးလင်း-ဖာပွန် ကားလမ်းနှင့်လည်း နီးသည်။ ချောင်းနှင့် ကားလမ်းအကြားရှိ “ကျေးတောရွာ“။ ဘီးလင်းနှင့်မူ ၇ မိုင်ခန့်သာ ဝေးပြီး မြင်းလှည်းနှင့် သွားလာရသည်။

အနောက်ဘက်ကမ်းရွာက အရှေ့ဘက်ကမ်းရွာထက် အိမ်ခြေပိုများပြီး ကရင်လူမျိုးများ နေထိုင်ကြသည်။ တောင်ထန်းခြံလုပ်ငန်းများ ရှိကြသည်။ အများအားဖြင့်မူ ကြံစိုက်ပျိုးကြသည်။ စပါးစိုက်လိုသော်လည်း စီမံကိန်းသီးနှံအဖြစ် ကြံကိုသာ အာဏာပိုင်အဆက်ဆက်က စိုက်ခိုင်းသဖြင့် ကြံကိုသာ စိုက်ကြရသည်။ ကြံက စပါးလောက် တောင်သူတို့အတွက် တွက်ခြေမကိုက်။ မစိုက်မဖြစ် အာဏာစက်ကြောင့်သာ စိုက်နေကြရသည်။

တံတားခါးကျိုးတပ်စခန်း အမှတ် (၃) ခြေမြန်တပ်ရင်း ဌာနချုပ်နှင့် အဟုန်းဝ အနောက်ဘက်ကမ်းရွာတို့က တြိဂံတခု၏ အနားစွန်းများသဖွယ် ချောင်းနှင့် ကားလမ်းကြားတွင် ရှိ၍နေသည်။ နှစ်မိုင်၊ သုံးမိုင်ထက် မကွာဝေးကြ။ တပ်စခန်းနှစ်ခုက ဘီးလင်း၊ ဖာပွန်ကားလမ်းပေါ်တွင်ရှိကြပြီး ရွာက ချောင်းနဘေးတွင် ရှိသည်။ ဘီးလင်းမှလာသော် တံတားခါးကျိုး တပ်စခန်းအားလွန်လျှင် ကားလမ်းမှဖယ်ပြီး ရွာသို့သွားသည့် လှည်းလမ်းရှိသည်။ လှည်းလမ်းက ကြံခင်းများအား ဖြတ်၍ သွားသည်။

ကျနော်တို့ မြင်းလှည်းက တံတားခါးကျိုး တပ်စခန်းအား လွန်ခဲ့ပြီ။ ဂိတ်မှ စစ်သားသည် ကျနော်တို့ မြင်းလှည်းအား ခဏမျှကြည့်ပြီး လမ်းအားပိတ်ထားသည့် ၀ါးတန်းဂိတ်တံတားအား ဖွင့်ပေး၏။ မည်သို့မျှ မစစ်မေး။ အဟုန်းဝရွာသို့သွားသည့် လှည်းလမ်းဝသို့ ရောက်သည့်အခါ၌ ကျနော်တို့ မြင်းလှည်းပေါ်မှ ဆင်းကြ၏။ တယောက် - နှစ်ယောက် - သုံးယောက်။ ကျနော်တို့၌ လွယ်အိတ်တလုံးသာ ပါသည်။ လွယ်အိတ်ထဲ၌က အ၀တ်အစား အပိုတစုံစီနှင့် ငွေအနည်းငယ်မျှသာ ---။ ထားတော့ ။ တပေါင်းနေသည် ဖျော့၍ ဖျော့၍ လာပြီ။

ကျနော်တို့ တခုတော့ စိုးရိမ်နေသည်။ ရွာအတွင်း၌ စစ်တပ်နှင့် မတိုးမိစေရန်။ တွေ့၍ မေးလား၊ မြန်းလား လုပ်လာလျှင်လည်း ပြသာနာမရှိ။ ကျနော်တို့ဖြေရန် စိတ်ကူးထားပြီးသာ အဖြေများက ရှိသည်။ ရွာအတွင်းသို့ လှည်းလမ်းအတိုင်း ၀င်လာခဲ့သည်။ ရွာတွင် စစ်ကြောင်းမရှိ။ ကျနော့်မိတ်ဆွေ၏ အမည်အား ပြော၍ ရွာသားတဦးအား မေးရသည်။ သူညွှန်ပြသည့်အတိုင်း ကျနော့်မိတ်ဆွေ၏ အိမ်သို့ ရောက်သည်။ ပထမ၌ ကျနော်တို့အား တွေ့ပြီး ကျနော်မိတ်ဆွေသည် အံ့သြနေသည်။ ကျနော်ကား အကျိုးအကြောင်းရှင်းပြပြီး သူ့ထံမှ အကူအညီ တောင်းသည်။

“အရှေ့ဘက်ကမ်းကူးရင်တော့ ဒီအတိုင်းကူးလို့ မဖြစ်ဘူး။ အရင်လူလွှတ်ပြီး သတင်းစုံစမ်းအုံးမယ်။ အခုတလော ဟိုကောင်တွေ အ၀င်အထွက် အမြဲရှိတယ်“

ကျနော့်မိတ်ဆွေပြောသည့် ဟိုအကောင်တွေဟူသည်မှာ ခလရ ၉၆ စစ်ကြောင်းနှင့် (သ က ဆ ဖ) ဟုခေါ်သော သောင်းကျန်းသူ ဆန့်ကျင်ရေး အဖွဲ့များအား ရည်ညွှန်းခြင်း ဖြစ်သည်။ အရှေ့ဘက်ကမ်းတွင်မူ ကျနော်တို့ ဟိုအကောင်တွေနှင့် တွေ့၍မရတော့။ အနောက်ဘက်ကမ်းရွာမှာကဲ့သို့ ရှင်းပြ၍လည်း မရနိုင်။ ချောင်းခြားသော ဤအရပ်က ကေအင်ယူ တပ်မဟာ (၁) ၏ ပြောက်ကျားဒေသ ဖြစ်နေပြီ။ န၀တအတွက်မူ စစ်ဆင်ရေး နယ်မြေ။ အမဲရောင်အရပ်။ ဤအတွက် ဤအရပ်တွင် ကျနော်တို့ ဟိုကောင်တွေနဲ့ ဆုံမိ၍ မရ။ ကြိုတင်၍ သတင်းစုံစမ်းပြီးမှ ကျနော်တို့အား ကျနော်မိတ်ဆွေမှ အရှေ့ဘက်ကမ်းသို့ လိုက်ပို့ပေးရန် စီစဉ်ခြင်းဖြစ်သည်။ ကောင်းကင်သည် ပုဇွန်ဆီ အရောင်အသွေးမှ ဖျော့၍လာသည်။ ၀ါဖျော့ဖျော့ ----။ ထိုမှ မှိုင်းပျပျ ---။ အရောင်များ ပြောင်းလဲ၍ သွားတော့သည်။

(ခ)


နေ၀င်ညကို ကူးဖြတ်ပြီးမှ

ရောင်နီသာတဲ့ နေ့သစ်ကိုရောက်မယ်

သံသရာလမ်းဟာ မချောမွေ့တတ်တော့

ရင်ဆိုင်နိုင်ရန် ခွန်အားဖြည့် မိငယ်ရေ ----

(ခင်မောင်တိုး၏ `“ ခွန်အားဖြည့် မိငယ်`“ သီချင်းမှ)

တပေါင်း၊ တန်ခူးဖြစ်၍ ချောင်းပြင်သည် ရေးသားနည်းပြီး သဲသောင်များဖြင့် ကျယ်၍နေသည်။ သဲသောင်အတွင်းသို့ မဆင်းမီ ကမ်းပါးစပ်ရှိ မိုးမခပင်ရိပ်အုပ်အုပ်များ အောက်၌ ကျနော်တို့အားလုံး ခေတ္တထိုင်ပြီး ငြိမ်၍ ချောင်းရေပြင်နှင့် ဟိုဘက်ကမ်းဆီသို့ စူးစိုက်၍ ကြည့်၏။ လဆန်းရက် လရောင်သည် ရေပြင်နှင့် သဲသောင်ပေါ်သို့ ယိုစီး၍ ဖိတ်ကျနေသည်။ ဘော်ငွေရောင် ဖျော့ဖျော့အောက်၌ အရာအားလုံးသည် ငြိမ်သက်နေ၏။ ချောင်းရေသည် လေးတွဲ့စွာဖြင့် စီးဆင်းနေသည်။ သဲသောင်နှင့် မြစ်ပြင်အတွင်း လှုပ်ရှားမှုဟူသည် ညင်းသွဲ့စွာစီးဆင်းနေသည့် ရေအလျင်သာ။ အရာအားလုံးသည် သက်ငြိမ် ---။ အရှေ့ဘက်ကမ်းရွာဆီမှ နွားခလောက်သံများအား ကြိုကြား၊ ကြိုကြား ကြားရ၏။ အိမ်အပြန် နောက်ကျသည့် နွားရိုင်းတို့၏ ခလောက်သံ ---။ တခါ တခါတွင်မူ ကာလသားများ၏ သီချင်းဆိုသံကိုမူ ခလောက်သံများကြားမှ ကြားရ၏။ ဤသို့ဆိုလျှင် --- အရှေ့ဘက်ကမ်း အဟုန်းဝ ရွာကလေးသည် လရောင်ဆမ်းသည့် ညဥ့်ဦးယံ၌ မထူးခြား ---။ ဟိုကောင်တွေမရှိ။ သူတို့ရှိပါက ရွာသည် ဤသို့မဟုတ် ---။ တိတ်ဆိတ်နေသည်။ ငြိမ်နေ၏။ ၀ပ်နေ၏။ တစပြင်ကဲ့သို့ ---။

“ကျနော်တို့ ကူးကြရအောင်“

ကျနော်တို့အားလုံး မိုးမခရုံအရိပ်မှ ထွက်၏။ ကမ်းပါးမှဆင်းပြီး သဲသောင်ပြင်အား ဖြတ်ကြ၏။ နွေရက်များဖြစ်၍ ချောင်းရေအား တိမ်သည်။ ဒူးဆစ်မြုပ်ရုံသာရှိသည်။ လုံချည်အား “မ“ ပြီး ရေပြင်သို့ ဆင်း၏။ လရောင်သည် ကျနော်တို့အားလုံး၏ ကျောပေါ်၌ ခိုစီး၍ လိုက်လာသည်။ ရေပြင်ထက်မှ လဆန်းရက်လသည် ကျနော်အား မော့ကြည့်သည်။ ကျနော် ခေါင်းမော့လိုက်သည့်အခါ၌ လဆန်းရက်လသည် ကျနော်အား ငုံ့ကြည့်ပြန်သည်။ ကမ်းပါးထိပ်သို့ ကျနော်တို့ရောက်သည့်အခါ၌ ရွာမှ ကလေးများ၏အသံများကိုပင် ကြားရ၏။ ရွာသို့သွားရာ လူသွားလမ်းက ကမ်းပါးနှင့်မှေးပြီး ကပ်လျက်သွားသည်။ တစ်တီတူးငှက်သည် ကျနော်တို့အား မြင်ပြီး လန့်အော်မြည်တော့သည်။ ကျနော်တို့အပေါ်မှ ၀ဲ၍ အော်နေသော တစ်တီတူးငှက်၏ မြည်သံက မရပ်တော့---။

မှိတ်တုတ် --- မှိတ်တုတ် မီးရောင်များက ဟိုမှ၊ သည်မှ တွေ့ရသည်။ ရှေ့မှသွားနေသော ကျနော့်မိတ်ဆွေသည် အိမ်ဝင်းတခုအတွင်းသို့ ၀င်လိုက်သည်။ အိမ်ရှင်အား ကျနော့်မိတ်ဆွေက ကရင်လို လှမ်းခေါ်လိုက်သည်။ ကျနော်တို့က အိမ်ရှေ့ သရက်ပင်အုပ်အုပ်၏ အရိပ်၌ လရောင်ကွယ်၍ မှောင်ရိပ်ခိုကာ ရပ်နေကြ၏။ ကျနော့်မိတ်ဆွေနှင့် အိမ်ရှင်သည် ကရင်လို ပြောနေကြသည်။ စကားသံအား ကြားရသော်လည်း နားမလည်။ ခဏာကြာလျှင် သူတို့နှစ်ဦးလုံး ကျနော်တို့ ရှိရာ သစ်ပင်အရိပ်ဆီသို့ လာကြ၏။

“သူက ဒီရွာက `ဘီဘဲလ်ခို`ပဲ။ ခင်ဗျားတို့ကိစ္စ သူ ဆက်စီစဉ်ပေးလိမ့်မယ်“

ကျနော့်မိတ်ဆွေပြောသည့် `ဘီဘဲလ်ခို`ဟူသည်မှာ ကရင်လို ရွာလူကြီးဖြစ်သည်ကို နောင်မှ ကျနော်တို့ သိလာကြရသည်။ ဤရွာ၌ ရွာလူကြီးအား နှစ်ယောက်ထားကြ၏။ တယောက်က န၀တအာဏာပိုင်များနှင့် ဆက်ဆံရန်ဖြစ်ပြီး၊ တယောက်က ကော်သူလေး အာဏာပိုင်တို့နှင့် ဆက်ဆံရန် ဖြစ်သည်။ ယခု ကျနော်တို့နှင့် တွေ့သည့် ရွာလူကြီးက ကော်သူလေး အာဏာပိုင်တို့နှင့် ဆက်ဆံမည့်သူဖြစ်မည်။ ကျနော်က ဆက်သွယ်လိုသည့် ကေအင်ယူမှ `ပဒို` တယောက်၏ အမည်အား `ဘီဘဲလ်ခို`ကို ပြောသည်။ သူက ---

“မနက်ဖြန်ကျမှ ဆက်သွယ်တာပေါ့။ ဒီညတော့ ခင်ဗျားတို့ မဲနခေါင်း ရွာဘက် တက်အိပ်တာ ကောင်းမယ်။ ဒီမှာက အချိန်မရွေး ဟိုကောင်တွေ ၀င်ထွက်ကြတယ်။ စိတ်မချရဘူး“

သူ့စကားအရ ကျနော်တို့ ဒီည ခရီးဆက်ကြရဦးမည်။ မဲနခေါင်းရွာက အဟုန်းဝရွာ၏ အထက်ပိုင်းတွင် ရှိသည်။ ဘီးလင်းချောင်းဘေးတွင်ပင် ရှိသော်လည်း ရွာပတ်ဝန်းကျင်က ကွင်းမဟုတ်။ တောတောင်လျှိုမြောင်းတို့ ရှိသည်။ န၀တစစ်ကြောင်းများလည်း ရုတ်တရက် ၀င်ထွက်လှုပ်ရှားမရဲ။ ကျနော်တို့အဖို့ လုံခြုံမှုရှိသည်ဟု ဆိုရမည်။ ကျနော်တို့ အဟုန်းဝရွာမှ ထွက်ခဲ့၏။ လမ်းပြသည် ပုဆိုးတထည်အား ပုခုံးပေါ်တင်၍ အရှေ့မှ လျှောက်သည်။ သူ့နောက်မှ ကျနော်တို့ ----။ ကျနော်တို့ ရွာသို့ ၀င်ခဲ့သော လမ်းဘက်ဆီမှ ခွေးဟောင်သံ စူးစူးဝါးဝါးအား ကြားရသည်။ ကျနော်တို့ ခြေလှမ်းများ မြန်လာသည်။ စစ်ဆင်ရေးနယ်မြေ၌ လက်နက်ရှိသော ရန်သူအား လက်နက်မရှိသေးသည့် ကျနော်တို့ မရင်ဆိုင်လိုသေး --- ။ ကြံခင်းများအား တခင်းပြီး တခင်း ဖြတ်ကျော်ရ၏။ လရောင်ကိုမူ ကျနော်တို့ ကျောပိုး၍ ထားဆဲ---။

(ဂ)

ပိုင်ဆိုင်တာအားလုံး စွန့်ကာလေ

မနာလိုစရာလည်းဘဲ မရှိတော့ပေ

ဘယ်သူမဆို အားလုံးတန်းတူနေ

ညီအကိုလို ကြင်နာမှုနဲ့လေ

လောကအသစ်တခု တည်နေ ----

(စိုင်းထီးဆိုင်၏ “သဘာဝရဲ့ ရင်သွေးငယ်“ သီချင်းမှ)

`စောဖားကလိုး` က ကျနော်နှင့် အလယ်တန်းထိ ကျောင်းနေဘက် သူငယ်ချင်း။ ယခုမူ သူက ကေအင်ယူသို့ ၀င်ပြီး ကရင့်လက်နက်ကိုင် တော်လှန်ရေးအား လုပ်ကိုင်နေသည်။ ကေအင်ယူ တပ်မဟာ (၁) မဲနခေါင်းနယ်မြေ၏ အကွက်မှူး။ ကျနော်တို့ `စောဖားကလို`တို့ အဖွဲ့ထံတွင် ရောက်နေသည်မှာ ၃ ရက် ရှိပြီ။ မဲနခေါင်းချောင်းရိုးဘေး ကြံခင်းစောင့်တဲလေးတွင် ဖြစ်သည်။ မဲနခေါင်းချောင်းက ဘီးလင်းမြစ်အတွင်းသို့ စီးဝင်သည့် ရိုးငယ်လေးမျှသာ ---။ မိုးအခါတွင် ရေပြည့်ပြီး နွေဦးမှစ၍ ရိုးငယ်အတွင်း ရေမရှိတော့။ ဟိုတကွက်၊ သည်တကွက် ရေအိုင်ငယ်များသာ ကျန်ရှိတော့သည်။ နေ့ခင်းဘက်များတွင် ရေချောင်းငယ်များအတွင်း ဆင်း၍ ငါးဖမ်းကြ၏၊ အိုင်ပက်ကြ၏။ ငါးနုတ်ကလေးများလည်း ရတတ်ကြ၏။ အများအားဖြင့်မူ ဖားတပိုင်း၊ ငါးတပိုင်းများကိုသာ အရများ၏။ ဖားလောင်းများက လက်မခန့်ပင် ရှိ၏။ အရောင်က ညိုမဲမဲ။ ရေစင်အောင် ဆေးသော်လည်း အချွဲက မပျောက်။ ဖားလောင်းများအား သရက်သီးအစိမ်းနှင့် ချက်စားကြသည်။ ချက်သည် ဆိုသော်လည်း ဆီမပါ။ `ဟန်းကော်`တွင် အချိုမှုန့် ဆားခပ်၍ ပြုတ်ခြင်းမျှသာ ---။

ဤရက်အတွင်း ကျနော်တို့ `လူ` တယောက်အား ရှာနေကြသည်။ ` ဘီဘဲလ်ခို`များ၊ ကင်းသမားများကိုလည်း လူလွှတ်၍ ရှာခိုင်း၏။ လမ်းလျှောက် စကားပြောစက်မှလည်း စောဖားကလို`မှ ကေအင်ယူ၏ အခြားစက်များသို့ မေး၍ရှာ၏။ မတွေ့။ ပျောက်နေ၏။ သူက ကျနော်တို့ထက် တရက်ကြိုတင် ထွက်ခဲ့သည်။ ချောင်းကူး၍ အရှေ့ဘက်ကမ်းသို့ ရောက်ခဲ့ပြီကိုမူ ကျနော်တို့ မြို့မှ မထွက်မီ ကတည်းက သိသည်။ အသေအချာပင် ---။ သို့ကြောင့်ပင် ကျနော်တို့ နောက်နေ့၌ သူ့နောက်သို့ အမီလိုက်ခဲ့ခြင်းဖြစ်သည်။

ဤသို့ထွက်ရန် အစီအစဉ်အားလုံးက ကျနော်တို့၏ အစီအစဉ်ပင်။ ကေအင်ယူနှင့် အဆက်အသွယ်ရယူမှု၊ ဆက်သွယ်ပေးမည့်လမ်းပြ၊ ထွက်ခွာမည့်လမ်းကြောင်း အားလုံးအား ကျနော်တို့ပင် စီမံခဲ့ကြ၏၊ သူက အကြမ်းဖျင်းမျှသာ သိ၏။ ဘယ်ရွာကို သွားမည်ဟူ၍မျှသာ ---။ အသေးစိတ်ကိုမူ မသိ။ သူနှင့် ကျနော်တို့အားလုံး အတူတူထွက်ကြရန် စီမံထားကြ၏။ ဤအတွင်းသူက အစိုးရိမ်လွန်ပြီး တစ်ယောက်တည်းထွက်သွားခဲ့၏။

ယခုမူ ၄ မြောက်ခဲ့ပြီ။ သူ့သတင်းအား လုံးဝမရသေး။ ကေအင်ယူမှ မည်သည့်အဖွဲ့နှင့်မျှလည်း တွေ့သည်ဟု မကြားရ။ ရွာသားများ တွေ့ခဲ့သည်ဟူ၍လည်း သတင်းမရ။ သူဘယ်ရောက်လို့နေမည်နည်း။ မတတ်နိုင်---။ ဖြစ်နိုင်သည်က နှစ်လမ်းရှိသည်။ ကေအင်ယူနှင့် အဆက်အသွယ် မရသည့်အတွက် ပြည်တွင်းသို့ လျှို့ဝှက်စွာ ပြန်ဝင်သွားပြီး တနေရာရာတွင် ရှောင်နေသည်လား။ ဒါမှမဟုတ် န၀တစစ်ကြောင်းနှင့် တိုးမိပြီး အဖမ်းခံရသွားပြီလား။ မြို့ရှိ သူ့နေအိမ်ကိုတော့ ပြန်၍မရ။ အဖမ်းခံရမည်သာ။

အန်အယ်လ်ဒီ၏ လွှတ်တော်ကိုယ်စားလှယ် တဦးဖြစ်ပြီး ကျနော်တို့မြို့၏ စည်းရုံးရေးကော်မတီ ဥက္ကဋ္ဌတဦးဖြစ်သည့် သူသည် ကော်မရှင်သို့ မြို့နယ် စည်းရုံးရေးအမှုဆောင်စာရင်း လိမ်ညာ၍ တင်သည်ဟူသည့် စွဲချက်နှင့် သူ့အား ရုံးတင်မည်ကို ကျနော်တို့ ကြိုတင်သိထားကြသည်။ အမှန်တော့ လျော့သွားသော မြို့နယ်စည်းရုံးရေး အမှုဆောင်အချို့၏ နေရာတွင် အသစ်ရွေးချယ်သည့် အမှုဆောင်အမည်စာရင်း အသစ်အား ကော်မရှင်သို့ ဥက္ကဋ္ဌအနေဖြင့် လက်မှတ်ထိုးပြီး သူတင်ပြခြင်းသာ ဖြစ်သည်။ ဤသည်ကို န၀တမှ အမည်စာရင်းနှစ်ခု မတူညီ၍ လိမ်ညာခြင်းဖြစ်သည်ဟူ၍ စွပ်စွဲပြီး ဖမ်းရန်ဖြစ်သည်။ အန်အယ်လ်ဒီ၏ လိုင်းသုံးလိုင်း မဟာဗျူဟာအလွန် န၀တမှ အန်အယ်လ်ဒီအား မြို့နယ်အဆင့်ထိ ထိုးစစ်ဆင်လာသော စစ်ဆင်ရေးဖြစ်သည်။

သူ့သတင်း အတိအကျ မရဘဲ ကျနော်တို့ ဤအနီးအပါးမှ ထွက်ခွာသွား၍ မရ။ မာနယ်ပလောသို့ တက်သွား၍ မဖြစ်။ သူ့သတင်းအား တိတိပပ သိရမှသာ ကျနော်တို့ ဘာဆက်လုပ်၍ ရမည်ကို ဆုံးဖြတ်ရမည်။ `စောဖားကလိုး`နှင့် ကျနော်တို့ ယာယီစခန်းချနေထိုင်သည့် တဲငယ်သည် မဲနခေါင်းချောင်းရိုး၏ ကမ်းပါးထိပ်တွင်ပင်။ ရိုးချောင်း၏ တဖက်ကမ်းပါးသည် ကျနော်တို့ရှိသည့်ဘက်ထက် နိမ့်သဖြင့် ကျနော်တို့က အပေါ်စီးမှ နေရာယူထားသကဲ့သို့ ရှိ၏။ ရေမရှိတော့သော်လည်း ချောင်းရိုးကမ်းပါး စောက်နက်သဖြင့် အလွယ်တကူ တဖက်ကမ်းမှ ကူးမလာနိုင်။ တဖက်ကမ်း၏ ဟိုမှာဘက်တွင်လည်း ဖုန်းဆိုးတောများသာရှိ၍ မျက်ကွယ်၊ ကျည်ကွယ်မျှပင်မရ။ ကျနော်တို့က အပေါ်စီးမှ ကြိုတင်တွေ့မြင်နိုင်သည်။

ညနေ ၃ နာရီဝန်းကျင်တွင် ပုံမှန် ညနေစား စားကြပြီးဖြစ်သည်။ မနက်စာကိုမူ ၇ နာရီိခန့်တွင် စားကြ၏။ တဲဘေး၌ မိုးကာစအား ဖြန့်ခင်း၍ ဟန်းကောများအတွင်းမှ ထမင်းကိုပုံ၏။ ထိုနောက် --- နှမ်းငပိ။ ပြီးလျှင် --- ကျနော်တို့.၏ ဟင်းလျာဖြစ်သည့် ဖားလောင်းနှင့် သရက်သီး။ ကျနော်တို့အားလုံး ၀ိုင်းထိုင်၍ စားကြ၏။ ထမင်းပူပူ၊ ငရုတ်သီးစပ်စပ်နှင့် သရက်သီးချဉ်ချဉ်နှင့် ဖားလောင်း ချွဲချွဲ ---။ ချောင်းကမ်းပါးတဖက် ဖုန်းဆိုးတောမှ လက်နက်ကိုင်စစ်သား တယောက်အား ရိပ်ခနဲ တွေ့လိုက်ရသည်။ `ပွိုင့်`ပြေးလာသူဖြစ်မည်။

`စောဖားကလို`သည် သူ့ဘေးမှ ကာဘိုင် ရိုင်ဖယ်သေနတ်ကို ဆွဲပြီး ကမ်းပါးထိပ်ရှိ သစ်ပင်ဘေးသို့ ပြေး၍ ၀ပ်လိုက်သည်။ သူ့ရဲဘော်နှစ်ယောက်သည်လည်း သူနှင့်ယှဉ်၍ နေရာယူပြီး တစ်ဖက်ကမ်းသို့ ကြည့်နေကြသည်။ ကျနော်၏ အသိက ကျနော့်အား ညွှန်ကြားနေ၏။ နေရာယူရန် ---။ သို့သော် ကျနော့် ခန္ဓာကိုယ်များက မလှုပ်ရှား---။ ထမင်းဝိုင်းတွင် ထိုင်လျက်ရှိနေသေး၏။ တဖက်ကမ်းဖုန်းဆိုးတောမှ လက်နက်ကိုင်စစ်သားများ ပေါ်လာပြန်သည်။ တယောက်၊ နောက် -- တယောက် ။ ပစ်ခတ်သံကိုမူ မကြားရ။ ကျနော်က လှုပ်၍မရသေး။

“လူမှားမယ်၊ လူမှားမယ်။ `ကျော်ဖားလူ` လူတွေ“

`စောဖားကလိုး` က သူ့ရဲဘော်များအား ပြောရင်း သစ်ပင်ကွယ်မှ ပြန်ထထားသည်။ ဤအချိန်ထိ ကျနော်တို့က လှုပ်ရှား၍မရသေး။ ထမင်းလုတ်အား လက်တွင် ဆုပ်လျက်---။ တဖက်ကမ်းမှ ရဲဘော်များ ချောင်းရိုးငယ်အား ကူးလာကြသည်။ ကျနော်တို့ ထမင်းဝိုင်းဘေးတွင်ပင် ထိုင်ကြ၏။ သူတို့ကိုင်သည့် လက်နက်များတွင် န၀တ စစ်တပ်မှ သုံးသည့် ဘီအေ ၆၃ မောင်းပြန်ရိုင်ဖယ်များလည်း ပါသည်။ ယူနီဖောင်းက ညိုပုတ်ပုတ် ----။ လက်မောင်းတံဆိပ်မှာမူ မပါ။ `ကျော်ဖားလူ`အဖွဲ့က ကေအင်ယူ၏ ဒေသခံ ပြည်သူ့ ပြောက်ကျားတပ်ဖွဲ့ ဖြစ်သည်။ ဤနယ်တွင်တော့ တိုက်ခိုက်ရေးတွင် နာမည်ရသည့် အဖွဲ့ဖြစ်သည်။ `ကျော်ဖားလူ`နှင့် `စောဖားကလိုး`တို့ ကရင်လို ပြောနေကြသည်။ ကျနော်တို့က နားမလည်။ ထမင်းကိုသာ ဆက်၍ စားနေကြသည်။ ကရင်လိုပြောပြီး `စောဖားကလို`က ကျနော့်အား ဗမာလို ပြန်ပြောသည်။

“မနက်က အဟုန်းဝနဲ့ မြောက်သူဋ္ဌေးကုန်းကြားက တောင်းထန်တောထဲမှာ အသားဖြူဖြူပိန်ပိန်နဲ့ အသက်လေးဆယ်ကျော်လောက်ရှိတဲ့သူတစ်ယောက်ကို `ကျော်ဖား လူ` တို့ အဖွဲ့က တွေ့လို့ မေးမြန်းကြည့်တယ်။ ဘာမှ မေးလို့ မရဘူး။ နာမည်လည်း မပြောဘူး။ ဒါပေမဲ့ သူ့လွယ်အိတ်ထဲမှာ အင်္ဂလိပ်စာအုပ်ရယ်၊ မှတ်တမ်းစာအုပ်တအုပ်နဲ့ တိုက်ပုံ အင်္ကျီတွေ တွေ့တယ်---၊ ဒါနဲ့ ----“

`စောဖားကလိုး`က သူ့စကားကို `ဒါနဲ့` နှင့် ရပ်ထား၏။ ကျနော့်ရင်ထဲ ထိတ်သွား၏။ ဒါနဲ့ -- ဘာဖြစ်သလဲ ---။

“ဘာမှ မေးလို့မရလို့ ဖမ်းပြီး၊ ဗိုလ်မိချောင်းဆီ သွားပို့ခဲ့တယ်“

ဗိုလ်မိချောင်းက ကေအင်ယူ တပ်မဟာ (၁)၊ သထုံခရိုင် အုပ်ချုပ်ရေး၏ သထုံမြို့နယ် ဥက္ကဋ္ဌ ဖြစ်သည်။ ကျနော်တို့က သူ့ထံသို့လည်း ကျနော်တို့ ရှာနေသူ၏ ပုံပန်းသဏ္ဍာန်နှင့် အကျိုးအကြောင်းအား ဆက်သွယ်ရေးစက်ဖြင့် အကြောင်းကြားထားပြီးပြီ။ စိုရိမ်စရာမရှိတော့ ---။ ကျနော်တို့၏ အမတ်မင်းအား ပြန်တွေ့ပြီ။ ကျနော်တို့ သုံးယောက် တယောက်မျက်နှာ တယောက်ကြည့်ပြီး ပြုံးနိုင်ကြတော့၏။ ဖားလောင်းတကောင်အား ဟန်းကောအတွင်းမှ ခပ်၍ စားလိုက်၏။ လည်ချောင်းအတွင်း ချွဲ၍၀င်သွား၏။ ဗိုလ်မိချောင်းတို့က ကျခပ်ချောင်း တောင်ပေါ်တွင် စခန်းချနေကြသည်။

(ဃ)

ဒီကမ္ဘာမှာ စစ် ---- စစ်၊ စစ်မဖြစ်ရာမြေ

တနေရာရှိ ---ရှိ၊ ရှိရမယ်လေ

ထာဝရငြိမ်ချမ်းမှုရှာကာ ပျော်ရွှင်နေ

သဘာဝရဲ့ ရင်သွေးငယ်တွေ ----

(စိုင်းထီးဆိုင်၏ `သဘာဝရဲ့ ရင်သွေးငယ်`သီချင်းမှ )

ကျခပ်ချောင်းတောင်ပေါ်သို့ ရောက်လျှင် တောင်ရိုးအတိုင်း လျှောက်၏။ တောင်ပေါ်သို့ ရောက်လျှင် ဘီးလင်းမြို့အား လှမ်းမြင်ရသည်။ သဲသဲကွဲကွဲမဟုတ်။ ဤအရာက ဈေး၊ ဟိုအရာက စာသင်ကျောင်း၊ သည်အရာက ဆေးရုံဟူ၍ ခွဲခြား၍ ရသည်။ တောင်ရိုးပေါ်မှတဆင့် သွယ်ဆင်းသွားသော တောင်နှာမောင်အတိုင်း ဖဲ့၍ဆင်းကြသည်။ ဤအတိုင်း ဆက်သွားပါက ကျခပ်ချောင်းရွာသို့ ရောက်မည်။ ကျနော်တို့က ရွာဆီသို့ မသွား---။ (ဂ)ငယ်သဏ္ဍာန် ပြန်၍ ကွေ့ပတ်နေသည့် လက်မောင်းသွယ် တောင်ရိုးအတိုင်း လျှောက်ခဲ့၏။ ၀ါးရုံတောများအတွင်းသို့ တိုးဝင်ခဲ့ကြ၏။ လူသွားလမ်းဟူ၍ မတွေ့ရတော့----။ လမ်းဖျောက်ထားသည်လား။ ၀ါးရွက်ကြွေများ ဖုံးလွှမ်း၍ လမ်းမတွေ့ရတော့သည်လား။ မပြောတတ်။

ဝါးရုံပင်အောက်၌ ကေအင်အယ်လ်အေ ရဲဘော်လေးနှစ်ဦး ကင်းစောင့်နေသည်ကိုမူ တွေ့ရ၏။ သူုတို့ နှစ်ယောက်၏ အနောက်၌ နောက်ထပ် သုံးယောက်ကို တွေ့ရပြန်သည်။ RPG နံပါတ် ၅ တလက်အား သူတို့ထဲမှ တယောက်က ကိုင်ထားသည်။။ ကင်းရှည်ထုတ်ထားသော ကင်းတပ်စိတ်တစိတ်ဖြစ်မည်။ ကျနော်တို့လာမည်ကို ကြိုသိ၍လားမသိ။ သူတို့ မည်သို့မျှ မေးမြန်းခြင်းမရှိ။ ကင်းတပ်စိတ်ကို လွန်ခဲ့သည်။ ၀ါးရုံရိပ်များအောက်၌ ကေအန်အယ်လ်အေ ရဲဘော်များအား တွေရ၏။ ဟိုနားတစု၊ သည်နားတစု။ တချို့က ပုခတ်ပေါ်တွင် လဲလျောင်း၍ နားနေကြသည်။ တချို့က ထမင်းစားလျက်----။

နေပျောက်များက ၀ါးရွက်များအကြားမှ ခုန်ဆင်း၍ သူတို့အပေါ်သို့ ဖြန့်ကြဲထား၏။ `အော်မေ` ဟူ၍ ထမင်းစားနေသူများက ကျနော်တို့အား ထမင်းစားခေါ်ကြ၏။ ၁၀၀ ကျော်ခန့်ရှိသော စစ်ကြောင်းသည် ငြိမ်သက်နေသည်။ ကျနော်တို့ရောက်တော့ ဗိုလ်မိချောင်းတို့ ထမင်းစားနေကြသည်။ ဗိုလ်မိချောင်းတို့နှင့်အတူ သူလည်း ထမင်းစားနေသည်။ ကျနော်တို့ သူ့အနားတွင် ၀င်ထိုင်လိုက်ကြသည်။ ကျနော်တို့ကို မြင်၍ သူ့ မျက်လုံးသည် ၀င်းလက်သွားသည်။ ပြီးလျှင် ---။ ကျနော်တို့အား ကြည့်နေသော သူ့အကြည့်က မှုန်မှိုင်းသွားပြန်သည်။ သူ့အကြည့်ကို ကျနော် အားမရ။ ၃-၄ ရက်အတွင်း သူသည် `ကျုံ့` ကျသွားသည်။ ပိန်ပါးသော ခန္စာသည် အောက်ခံအင်္ကျီမပါသော တိုက်ပုံ အင်္ကျီအနက်ရောင်အောက်၌ သေးငယ်သွားသည်ဟု ထင်မိ၏။ လက်ကောက်ဝတ်နေရာ၌ ကြိုးရာအစင်းကြောင်းသည် ဖြူသော သူ့အသား၌ ထင်းနေသည်။ ကျနော်က မျက်လုံးအကြည့် လွှဲလိုက်၏။ `ဟ`နေသည့် တိုက်ပုံအင်္ကျီအောက်မှ သူ၏ရင်သည် မို့လာလိုက်၊ ချပ်သွားလိုက်နှင့် လှုပ်ရှားမှု မြန်နေသည်။

သူနှင့် ပြန်ဆုံပြီဖြစ်၍ ကျနော်တို့၏ ခရီး ဆက်ကြရတော့မည်။ မာနယ်ပလောဆီသို့ ----။ မာနယ်ပလောက တိုင်းရင်းသား လူမျိုးစုများနှင့် ဒီမိုကရက်တစ် အင်အားစုများတို့ ပေါင်းဆုံစုစည်းရာအရပ် ---။ စြစ်တိုက်လေယာဉ် အုပ်စုတစု ပျံသန်းလာသော အသံများ ဆူညံစွာ ကြားရ၏။ PC-6 / PC-7 အမျိုးအစား စစ်တိုက်လေယာဉ်များ ----။ ကျနော်တို့အပေါ်မှ ဖြတ်ပျံသွားကြသည်။ ထွီးပါးဝီးကျိုး၊ နော်တ၊ မယ်ညောခီးနှင့် မာနယ်ပလော လွတ်မြောက်နယ်မြေများသို့ စစ်အုပ်စုမှ ထိုးစစ်ဆင်ရန် ပျံသန်းသွားကြခြင်း ဖြစ်သည်။ ပြည်တွင်းစစ်အား လေကြောင်းမှပင် စစ်ဆင်၍ တိုက်နေကြပါပကောလား။

No comments: