DREAM ANGEL သို့ လာရောက်လည်ပတ်ကြသူအားလုံးကို DREAM ANGEL မှ ကျေးဇူးအထူးတင်ရှိပါတယ်.........

Friday, March 6, 2009

ခြစားမှု ဖော်ထုတ်သူ အာမခံဖြင့် ပြန်လွှတ်လာ

ဖနိဒါ
သောကြာနေ့၊ မတ်လ 06 2009 17:01 - မြန်မာစံတော်ချိန်


ချင်းမိုင် (မဇ္ဈိမ)။ ။ ဧည့်စာရင်း မတိုင်ကြားဟုဆိုကာ ရန်ကုန်တိုင်း တွံတွေးမြို့ ဈေးသစ်ရပ်ကွက်တွင် နေထိုင်သူ ၉ ဦးကို ယခုလ ၃ ရက်နေ့က ဖမ်းဆီးခဲ့ရာမှ မြို့နယ်တရားရုံးက အာမခံကြေး ကျပ်ငွေ ၂၇ သိန်းဖြင့် ယမန်နေ့က ပြန်လွှတ်ပေးလိုက်သည်။

သူတို့ကို တွံတေးမြို့ အန်အယ်ဒီ လူငယ်တာဝန်ခံ ကိုရဲထွဋ်ခေါင်နှင့် ရပ်ကွက်လူကြီး ၅ ဦးက ကျပ် ၂၇ သိန်းနှင့် အတူ မြို့နယ်တရားရုံးတွင် အာမခံခဲ့ရခြင်း ဖြစ်သည်။

ဖမ်းဆီးခံခဲ့သူများအနက် မိဘမေတ္တာ ငါးဒိုင်ပိုင်ရှင် ဦးခင်ဇော်သည် မြို့နယ် အန်အယ်ဒီ အဖွဲ့ဝင်များနှင့် ပူးတွဲကာ ဒေသအာဏာပိုင်များ၏ ခြစားမှုကို ဖော်ထုတ်သူဟု လူသိများပြီး၊ ပြီးခဲ့သည့်လက ဒေါ်အောင်ဆန်းစုကြည်နှင့် ဦးတင်ဦး လွတ်မြောက်ရေး လက်မှတ်ရေးထိုး လှုပ်ရှားမှုတွင်လည်း လက်မှတ်ထိုး ပါဝင်ခဲ့သည်။

“၂၇ သိန်းကို လူငယ် ကိုရဲထွဋ်ခေါင် အပါ၊ ရက်ကွက်လူကြီးတချို့ ပေါင်းပြီး အာမခံနဲ့ ထွက်လာရပါတယ်။ ညနေ ၄ နာရီခွဲလောက်မှာ ထွက်လာပါတယ်” ဟု ဦးခင်ဇော်က မဇ္ဈိမကို ပြောသည်။

သူနှင့်အတူ သူပိုင် ငါးဒိုင်မှ လုပ်သား ဦးအောင်ကိုလတ်၊ ဦးထွေးလှ၊ ကိုနိုင်လင်း၊ ကိုသန်းမြင့်၊ ကိုဇော်မျိုးလတ်၊ ကိုကျော်သူလင်း၊ ဒေါ်တင့်တင်လှနှင့် သူမ၏ တနှစ်ကျော်အရွယ် ကလေးငယ်သည် ၂ ရက်အကြာတွင် လွတ်လာခြင်း ဖြစ်သည်။

အာမခံဖြင့် လွတ်လာသော်လည်း ယခုလ ၉ ရက်နေ့တွင် ရုံးချိန်းရက် ပေးလိုက်သည်။

“တရားရုံးကနေ အမခံပေးမယ်ဆိုပြီး ပေးလိုက်တယ်။ ဒီလူတွေ ထွက်ပြေးသွားမယ်ဆိုရင် ဒီလူတွေ ဒီလောက် ပိုက်ဆံနဲ့ လျော်ရမယ်ဆိုတဲ့ အမခံနဲ့ပါခင်ဗျာ။ ကျနော် အပါအဝင် ၆ ယောက်က တရားရုံးကနေ အာမခံ တင် လိုက်တယ်။ ၂၇ သိန်းနဲ့ အာမခံပြီးတော့ ၉ ရက်နေ့၊ မနက် ၁ဝ နာရီမှာ နောက်မကျဘဲ ရုံးတော်ကို ပြန်ချိန်း ဆိုထားတယ်” ဟု ကိုရဲထွဋ်ခေါင်က မဇ္ဈိမကို ပြောသည်။

အလုပ်သမားများအတွက် ဧည့်စာရင်း တိုင်ထားသော်လည်း ရပ်ကွက် အေးချမ်းယာယာရေး ကောင်စီ ဥက္ကဋ္ဌ၊ ရာအိမ်မှူး၊ ရဲတပ်ဖွဲ့ဝင်၊ လူဝင်မှုကြီးကြပ်ရေးဌာန၊ မီးသတ်နှင့် နယ်ထိန်းများက သူ့နေအိမ်သို့ ယခုလ ၃ ရက်နေ့ ညတွင် လာရောက်ကာ ဧည့်စာရင်းမတိုင်ဟု ဆိုကာ ဖမ်းဆီး၍ မြို့နယ်ရဲစခန်းသို့ ပို့ဆောင်ချုပ်နှောင်ခဲ့သည်။

ဧည့်စာရင်းစစ်ကာ ဖမ်းဆီးခံခဲ့ရပုံကို ဦးခင်ဇော်က ယခုလို ပြန်ပြောပြသည်။

သူက “အိမ်ဘေးပေါက်ကနေ သူခိုးတွေလို ခိုးကြောင်ခိုးဝှက် တက်လာပြီး အထိတ်တလန့်လုပ်တယ်။ ဧည့်စာရင်း စစ်ပုံလည်း မဟုတ်ဘဲနဲ့ ကျနော့်အလုပ်သမားတွေရဲ့ ခြေထောက်ကို ဆွဲ၊ ခြင်ထောင်တွေ လှန်ပြီးတော့ ရှာတယ်။ ကျနော့်အလုပ်သမားက လခထုတ်ပြီး သူ့အမေကို ပေးဖို့ ခေါင်းအုံးအောက်မှာ ထားတယ်။ ၂ သောင်း ချန်ထား တာ အဲဒါပါ ပျောက်ရှသွားတယ်။ ဘာဖြစ်တာလဲ မေးလိုက်တော့ ဧည့်စာရင်း စာရွက်တွေကို ပြတယ်။ ကျနော့် အိမ်မှာ ဖမ်းတဲ့အချိန် ဧည့်စာရင်း စစ်တာနဲ့ မတူဘူး။ တအိမ်ထဲမှာပဲ လူအင်အား ၇ဝ လောက် လာပြီးတော့ အငြိုးနဲ့ လုပ်ခဲ့ပါတယ်ခင်ဗျာ” ဟု ပြောသည်။

အလုပ်သမားများမှာ တွံတေးမြို့နယ် အိုးဘိုအရှေ့၊ အိုးဘိုအနောက်၊ ကွမ်းခြံရပ်ကွက်၊ မြကိုးကျေးရွာနှင့် မအူပင် မြို့နယ် ဇွဲကပင်ကျေးရွာသားများ ဖြစ်သည်။

မြို့နယ် တရားရုံးတွင် သူတို့ကို ရပ်ကွက်ကောင်စီ ဥက္ကဋ္ဌ ဦးသန်းဦးက ဧည့်စာရင်းအမှုဖြင့် တရားစွဲဆိုထားရာ၊ မြို့နယ် အန်အယ်ဒီ ဥက္ကဋ္ဌနှင့် ဗဟိုတရားရုံး ရှေ့နေ ဦးကျင်တိုးက သူတို့အတွက် ရှေ့နေလိုက်ပေးနေသည်။

ဧည့်စာရင်း မတိုင်သည့် အမှုမှာ ဥပဒေအရ အာမခံပေးနိုင်သည့် အမှုဖြစ်ရာ ၎င်းအမှုအား တရားလိုများကို ချက် ချင်း စစ်ဆေးပြီး အမိန့်ချလေ့ရှိသည်ဟု ရှေ့နေ ဦးကျင်တိုးက ဆိုသည်။

သူက “အမှန်မှာတော့ ဧည့်စာရင်း မတိုင်ကြားမှုလေ။ ဥပဒေအရ အာမခံ ပေးလို့ရတဲ့ အမှုပဲ။ ဒီလိုအမှုမှာ ချက် ချင်း စစ်တယ်။ တရားလိုတွေကို စစ်တယ်။ ချက်ချင်း အမိန့်ချလေ့ရှိတယ်။ အခုတော့ တရားခံဘက်က ရှေ့နေ လိုက်ခွင့် ပြုပြီးတော့ ထုချေခွင့် ပေးတယ်။ ၂ ရက်ရှိသွားပြီ။ နောက်နေ့လည်း စစ်အုံးမယ်။ ဧည့်စာရင်းအမှု ကြာ ကြာစစ်တာ ဒီတခါပဲ တွေ့ဖူးပါတယ်” ဟု ပြောသည်။

ဥပဒေ ရှုထောင့်အရ သူ၏ အမြင်ကို ယခုလို ဆက်ပြောလိုက်သည်။

“ဥပဒေအရ ရှင်းရှင်းလင်းလင်းပဲ ပြောထားတယ်။ ဧည့်စာရင်း တိုင်ရမယ်။ တိုင်တာကို ငြင်းခွင့်မှ မရှိဘဲ။ ရပ် ကွက်က ငြင်းတဲ့အတွက် သက်ဆိုင်ရာ အာဏာပိုင်တွေကို တိုင်ထားကြောင်း ရဲစခန်းကို အကြောင်း ကြား တယ်ဗျာ။ အဲဒီတော့ ပြည်သူတယောက်အနေနဲ့ လုပ်ရမယ့် တာဝန်ပိုင်းက ကုန်နေပြီဗျာ။ ရပ်ကွက် ရဝတ (ကောင်စီ) ဟာ အုပ်ချုပ်တဲ့သူတွေ ထုတ်ထားတဲ့အမိန့်တွေ ဂရုမမူဘူး၊ သူလုပ်ချင်ရာ လုပ်မယ်။ အဲဒီမှာ ကျနော် တို့ ပြည်သူတွေက ကြားကနေ ဓားစာခံ ဖြစ်ရတာပါ” ဟု သူက ဆိုသည်။

No comments: