DREAM ANGEL သို့ လာရောက်လည်ပတ်ကြသူအားလုံးကို DREAM ANGEL မှ ကျေးဇူးအထူးတင်ရှိပါတယ်.........

Tuesday, March 10, 2009

ရှင်သန်နေသည့် သမိုင်းထဲမှ ‘သူတို့တတွေ’

လောအယ်စိုး
မတ် ၉၊ ၂၀၀၉

ကျနော် အမေရိကန်နိုင်ငံကို ရောက်တဲ့အခါ၊ အစစအရာရာမှာ မြန်မာနိုင်ငံထက် အဆင်ပြေတာတွေကို ကြုံတွေ့၊ ခံစားရပါတယ်။ သာမန် အခြေခံကိစ္စလေးတွေဖြစ်တဲ့ စားရေး သောက်ရေး၊ သွားရေး၊ လာရေးတွေပါ။ အစားအသောက်ဆိုရင်လည်း မြန်မာနိုင်ငံနဲ့ စာရင် တကယ့်ကို အလျံအပယ်။ မြန်မာနိုင်ငံမှာ မစားရခဲ့သမျှ ပုဇွန်ထုပ်ကြီးတွေကို ဒီမှာ အတိုးချပြီးတော့ကို စားပစ်လိုက်တယ်။ခရစ်ယာန်တို့ရဲ့ သမ္မာကျမ်းစာထဲက အဆိုဖြစ်တဲ့ “နို့နှင့်ပျားရည်၊ စီးဆင်းသောနိုင်ငံ” လို့တောင် ခေါ်ရမလို။ဒါပေမယ့် ဒီ အမေရိကန်ကန်နိုင်ငံမှာလည်း အခက်အခဲ၊ လူမှုဒုက္ခ၊ စိန်ခေါ်မှု အသစ်တွေ ကလည်း အများကြီး ရှိပါတယ်။ ပြဿနာအသစ်တွေကလည်း သမ္မတအသစ် မစ္စတာအိုဘားမား ဖြေရှင်းပေးဖို့ တသီတတန်းကြီး စောင့်နေတယ်။ အလုပ်လက်မဲ့ ပြဿနာ၊ လောင်စာဆီ ပြဿနာ၊ အီရတ်၊ အာဖဂန်နစ္စတန် တို့မှာ စစ်မျက်နှာ ဖွင့်ထားတာတွေကို ဘယ်လို အဖြေရှာကြမလဲ။အင်အားကြီးနိုင်ငံဖြစ်လို့ တခြားနိုင်ငံငယ်လေးတွေရဲ့ ဒုက္ခတွေကို လူအင်အား၊ ငွေကြေးအင်အားတွေနဲ့ ပုံအောပြီး ကူညီ နေပေမယ့် ကိုယ့်အိမ်တွင်းရေး ဒါမှမဟုတ် ပြည်တွင်းရေးကိစ္စကိုလည်း အလေးထားပြီး ဖြေရှင်းပေးဖို့ အတိုက်ခံတွေ၊ မီဒီယာတွေက တစာစာအော်နေတဲ့အချိန်။

ဒီလို အခါသမယမှာ ကျနော် အမေရိကန်နိုင်ငံကို ရောက်ရှိခြင်းပါ။ အကောင်းဘက်က တွက်ကြည့်တော့ ဆင်ပိန်ရင်လည်း ကျွဲလောက်တော့ရှိပါသေးတယ်ပေါ့။အသေအချာ၊ ပြောနိုင်တာတခုကတော့၊ စားရေး သောက်ရေး၊ နေရေး၊ ထိုင်ရေးမှာ ကျနော့်လို နိုင်ငံရေး ခိုလှုံခွင့် ရရှိထားသူအတွက် အရမ်းကို အဆင်ပြေပါတယ်။ ဒီကိုရောက်ပြီး သုံးလအကြာမှာ ကျနော် အလုပ် တခု ရပါတယ်။ ကြော်ငြာပစ္စည်းတွေ၊ ဆိုင်းဘုတ်တွေကို စုသိမ်းပြီး ထုပ်ပိုးရတဲ့ အလုပ်ပါ။ ကုမ္ပဏီလူကြီးတွေက ကျနော် အပါအဝင် အလုပ်ခန့်လိုက်တဲ့ လူသစ် ငါးဦးကို စားသောက်ဆိုင်တဆိုင်မှာ နေ့လည်စာ လိုက်ကျွေးပါတယ်။

အမေရိကန်တွေရဲ့ ကြားထဲမှာ အာရှသား၊ မြန်မာနိုင်ငံ ဇာတိက ကျနော်တယောက်သာ။ စားသောက်ဆိုင်အတွင်း စားဖွယ်ရာများ အမျိုးစုံစုံလင်လင်ကို တည်ခင်းထားတာကို မြင်ပြီး ရင်ထဲက လှိုက်ကာ လှိုက်ကာ ဝမ်းနည်း ဆို့နင့်မှုတခုကို ရုတ်ချည်းဆိုသလို၊ ခံစားလိုက်ရပါတယ်။ “သြော် ငါ့မှာတော့ အခု အလုပ်ရတော့မယ်၊ လုပ်ခ ရမယ်၊ ပြီးတော့ အစားအသောက်ကောင်းတွေလည်း စားသောက်လို့ သူတို့တတွေမှာတော့အချုပ်အနှောင် အကာအရံ တွေရဲ့ အလယ် အကျဉ်းထောင်ထဲမှာ ရှိနေဆဲပါလား” လို့ တွေးပြီး၊ ဝမ်းနည်းမိခြင်းပါ။“သူတိုတတွေဆိုတာကတော့” ကိုမင်းကိုနိုင်၊ ကိုကိုကြီး၊ ကိုမြအေး၊ ကိုဂျင်မီ၊ ကိုပြုံးချို၊ ကိုမာကီး တို့ အပါအဝင် ရှစ်ဆယ့်ရှစ် မျိုးဆက်က ကျနော့်ရဲ့ မိတ်ဆွေတွေပါ။

၂ဝဝ၄ခုနှစ် နိုဝင်ဘာလမှာ ကိုမင်းကိုနိုင် ၁၆နှစ်လုံးလုံး အထိန်းသိမ်းခံထားရပြီး ထောင်ထဲကနေ ပြန်လွှတ်လာတုန်းက ကျနော် သူ့ကို သတင်းဓာတ်ပုံ ရိုက်ခဲ့တာပါ။ ကိုကိုကြီးတုန်းကလည်း ကျနော်။သူတို့တတွေကို ၂ဝဝ၇ ခုနှစ်၊ သြဂုတ်လအတွင်း ပြန်လည် မထိမ်းသိမ်းမီ ကာလအထိ၊ ရှစ်ဆယ့်ရှစ်မျိုးဆက်တွေရဲ့ နိုင်ငံရေး လှုပ်ရှားမှုတွေကို တောက်လျှောက် ဓာတ်ပုံ သတင်း မှတ်တမ်း ရိုက်ခဲ့တာကလည်း ကျနော်။ပြင်သစ်သတင်းဌာန AFP နဲ့ ဥရောပ ဓာတ်ပုံသတင်း ဌာန EPA တို့အတွက် ကျနော် ဓာတ်ပုံသတင်းထောက် အဖြစ် လုပ်ကိုင်နေစဉ် လေးနှစ်ကျော်ကျော်ကာလအတွင်း ဒီရှစ်ဆယ့်ရှစ် မျိုးဆက်က ရဲဘော်တွေနဲ့ ပါဝင်ပတ်သက်ရခြင်းပါ။

အမှန်အတိုင်းဝန်ခံရရင် သူတို့တတွေကို ဓာတ်ပုံ သတင်းထောက် တယောက်အနေနဲ့ အလုပ်သဘောအရ ပတ်သက်ခြင်းထက် သူတို့ရဲ့ စွန့်လွှတ် အနစ်နာခံမှုများကို လေးစားပြီး သံယောဇဉ် တွယ်မိခဲ့ခြင်းပါပဲ။သတင်းထောက်တွေရဲ့  ကျင့်ဝတ်အရ ဘက်မလိုက်ရဘဲတတိယလူ သတင်းယူသူတယောက် အဖြစ်ပဲ ရပ်တည်ရမယ်ဆိုတာ ကျနော်သိပါတယ်။သူတို့တတွေရဲ့ ဒီမိုကရေစီရရှိရေး လှုပ်ရှားမှု၊ နိုင်ငံရေးအကျဉ်းသားများ လွတ်မြောက်ရေး လှုပ်ရှားမှုများကို ကျနော့်ရဲ့သတင်း ဓာတ်ပုံကနေတဆင့် ကမ္ဘာက သိအောင် ကြိုးစားပြီး အတတ်နိုင်ဆုံး ကျနော်လုပ်ဆောင်နိုင်သလောက် လုပ်ခဲ့ပါတယ်။ ပြီးတော့လည်း “သူတို့တတွေ” ကို “သတင်းထဲက လူတွေထက် သမိုင်းထဲကလူတွေ” ဆိုပြီး ရင်ထဲက အသိအမှတ်ပြုခဲ့ခြင်းပါ။ ကိုမင်းကိုနိုင်၊ ကိုကိုကြီး၊ ကိုပြုံးချိုတို့ ဒုတိယအကြိမ် ပြန်လွှတ်လာတော့ မနက် အစောကြီး နှစ်နာရီခွဲလောက် ကျနော်ဆီကို ရှစ်ဆယ့်ရှစ် မျိုးဆက်က ကိုမာကီး တယ်လီဖုန်း ဆက်လာပါတယ်၊ “သူတို့တတွေ ပြန်လွှတ်ပြီ” ဆိုတာပေါ့။ ကိုမင်းကိုနိုင်ရဲ့ သင်္ဃန်းကျွန်းအိမ်ကို ရောက်တော့ မနက်သုံးနာရီ ကျော်နေပါပြီ၊ ကိုမင်းကိုနိုင်တယောက် ပြည်ပ သတင်းဌာနတွေကို တယ်လီဖုန်းနဲ့ စကားပြောနေတုန်း အဲဒီပုံရိပ်ကို ကျနော် မှတ်တမ်းတင်နိုင်ခဲ့ပါတယ်။

ကိုပေါ်ဦး (သို့မဟုတ်) ကိုမင်းကိုနိုင်က ကျနော့်ကို “အယ်စိုး ငါတို့တတွေရဲ့ သန်းခေါင်ယံ လွတ်လပ်ခြင်းကွ” လို့ အားမာန်အပြည့် ပြုံးပြီး ပြောခဲ့ပါသေးတယ်။ ကျနော်ရိုက်ပေးခဲ့တဲ့ အဲဒီဓာတ်ပုံကိုလည်း ကိုပေါ်ဦးက အိမ်ဧည့်ခန်းမှာ ချိတ်ဆွဲထားလိုက်တာကိုလည်း ကျနော်အရမ်းကို ဂုဏ်ယူပြီး၊ စိတ်ချမ်းသာမိတာ အမှန်ပါ။အခုလည်း တတိယ အကြိမ် “သူတို့တတွေကို” ပြန်ပြီး၊ ထိန်းသိမ်းလိုက်ပြန်ပါပြီ။ ဘယ်နေ့မှာ ပြန်ပြီး လွတ်မြောက်မလဲဆိုတာ ကျနော်မသိပါ။ ဒါပေမယ့်“သူတို့တတွေ” ပြန်ကို လွတ်လာလိမ့်မယ် ဆိုတာကို ကျနော် သံသယမရှိ အပြည့်အဝကို ယုံကြည်ပါတယ်။ ဘာကြောင့်လဲဆိုတော့ ကျနော် အခိုင်အမာ ယုံကြည်ထားတာ တခု ရှိပါတယ်၊ အဲဒါကတော့ တရားမမျှတခြင်းကို တရားမျှတခြင်းက တနေ့မှာ မလွဲမသွေ အနိုင်ရစမြဲ ဆိုတာပါပဲ။ ကိုမင်းကိုနိုင်တို့ တနေ့မှာအနိုင်ရပါလိမ့်မယ်။ သူတို့တတွေ အနိုင်ရရှိခြင်းဟာ မြန်မာနိုင်ငံက အဖိနှိပ်ခံပြည်သူ ပြည်သား များရဲ့ လွတ်မြောက်ခြင်း (သို့) အနိုင်ရရှိခြင်းပဲမဟုတ်ပါလား။ သတင်းတွေမှာထက်၊ မြန်မာနိုင်ငံရဲ့ သမိုင်းမှာ သူတို့ တတွေ အမြဲ ထာဝစဉ် ရှင်သန်နေပြီး နေရာယူနေမှာပါ။

No comments: