DREAM ANGEL သို့ လာရောက်လည်ပတ်ကြသူအားလုံးကို DREAM ANGEL မှ ကျေးဇူးအထူးတင်ရှိပါတယ်.........

Tuesday, March 10, 2009

ဘုရားတည်သော်လည်း သာဓုမခေါ်ပါ

မတ်လ(၁၀) ရက်၊ ၂၀၀၉
ဗုဒ္ဓဘာသာမှာ ရတနာသုံးပါးဆိုတာ ရှိပါတယ်။ ဘုရား၊ တရား၊ သံဃာဟာ ရတနာသုံးပါးပါပဲ။ ဗုဒ္ဓဘာသာဝင် အများစုဟာ ရတနာသုံးပါးကို သိကြပါတယ်။ ဘာကြောင့် ရတနာသုံးပါးကို ကိုးကွယ်ရတယ်ဆိုတာတော့ တချို့ မသိဘူးလို့ ထင်ပါတယ်။ ဗုဒ္ဓမြတ်ဘုရားဟာ မကောင်းမှုမှန်သမျှကို ပယ်တော်မူပြီး လူ၊ နတ်၊ ဗြဟ္မာ၊ သတ္တဝါ အားလုံးတို့အား ဆင်းရဲမှ လွတ်မြောက်ချမ်းသာ ရောက်အောင် ဆိုဆုံးမနိုင်သောကြောင့် ကိုးကွယ်ရခြင်းပါ။ တရားဟာလည်း လိုက်နာကျင့်ကြံသူမှန်သမျှကို ကိုယ်စိတ်နှလုံး သုံးပါးလုံးတို့အား အေးချမ်းစေသဖြင့် ကိုးကွယ်ရခြင်းဖြစ်သလို၊ သံဃာတော်တွေဟာ မြတ်ဘုရားရဲ့ တရားမြတ်တွေကို ကျင့်ကြံ အားထုတ်သူများ ဖြစ်သလို၊ တရားဓမ္မများ မပျောက်မပျက်ဆီးရအောင် ထိန်းသိမ်းစောင့်ရှောက်ကြသူများ ဖြစ်သဖြင့် ကိုးကွယ်နေကြရခြင်းပါဟု အကျဉ်းချုံး ပြောပါရစေ။

ဗုဒ္ဓဘာသာမှာ ရတနာသုံးပါးကို တန်ဖိုးထားကြပါသည်။ ရတနာသုံးပါးကို သရဏဂုံသုံးပါးဟုလည်း ခေါ်ဆိုကြပါ သည်။ ဗုဒ္ဓဘာသာဝင်တယောက် ဟုတ်မဟုတ်ကို ခွဲခြားရာတွင် သရဏဂုံသုံးပါးကို ယုံကြည်ခြင်း၊ မယုံကြည်ခြင်းကို အဓိကအခြေခံပြီး ခွဲခြားရသည်သာ ဖြစ်ပါသည်။ သရဏဂုံသုံးပါးကို မယုံကြည်သောသူသည် ဗုဒ္ဓဘာသာမဟုတ်ပါ။ ရတနာသုံးပါးသည် ဤလောက၌ ကိလေသာ အကုသိုလ်ဟူသမျှတို့ ကင်းရှင်းသဖြင့် ကိုးကွယ်ချဉ်းကပ်သူတို့အား လည်း ကိလေသာကင်းစေပြီး ကုသိုလ်ကိုသာဖြစ်စေ၍ “လူချမ်းသာ၊ နတ်ချမ်းသာ၊ နိဗ္ဗာန်ချမ်းသာ” တို့ကို ပေးစွမ်း နိုင်သည်။ နတ်၊ ဗြဟ္မာ၊ ဝိဇ္ဇာ တို့သည်ကား ကိလေသာ မကင်းကြသဖြင့် ထိုသူတို့အား မကိုးကွယ်အပ်။ ကိလေသာ မကင်းလျှင် လိုချင်တပ်မက်ခြင်း၊ ကြောက်ရွံ့ထိတ်လန့်ခြင်းတို့ ရှိကြသည်။ ကိုယ်ကိုယ်တိုင်ကမှ လိုချင်တပ်မက်၊ ထိတ်လန့်ကြောက်ရွံ့နေလျှင် သူတပါးတို့အား ကြောက်ရွံ့ထိတ်လန့် ဘေးအန္တရာယ်ကင်းအောင် ပြုလုပ်ပေးနိုင်ပါ မည်နည်း။

“တော၊ တောင်၊ အာရာမ်၊ အဓိကရသစ်ပင်၊ နတ်ကွန်း၊ တိရစ္ဆာန်တို့အား ကိုးကွယ်ခြင်းသည် ဘေးကင်းသော ကိုးကွယ်ခြင်းမဟုတ်၊ မြတ်သောကိုးကွယ်ခြင်းမဟုတ်၊ ထိုအရာတို့အား ကိုးကွယ်သဖြင့် ဆင်းရဲအပေါင်းမှ မလွတ်မြောက်နိုင်” (ဓမ္မပဒ။ ဂါထာ-၁၈၉)

“ရတနာမြတ်သုံးပါးကို ကိုးကွယ်ခြင်းသည်သာလျှင် ဘေးကင်းသော ကိုးကွယ်ဆည်းကပ်ခြင်းမည်၏။ မြတ်သော ကိုးကွယ်ဆည်းကပ်ခြင်းမည်၏။ အလုံးစုံသော ဆင်းရဲအပေါင်းမှလည်း လွတ်မြောက်နိုင်၏။” (ဓမ္မပဒ ။ဂါထာ-၁၉၂)ဟု မြတ်ဘုရား ထင်ထင်ရှားရှားဟောခဲ့သည်ကို တွေ့ရပါသည်။

ထိုကြောင့် သရဏဂုံသုံးပါးကို ယုံကြည်ရေးမှာ ဗုဒ္ဓဘာသာတို့အတွက် အသက်တမျှအရေးကြီးသည်ဟု ပြောဆို တတ်ကြပါသည်။ ထိုသရဏဂုံကို သံဃာတော်တို့ထံတွင် ဆောက်တည်လျှင်ရသလို “ဘုရားရုပ်ပွားတော်၊ ဆင်းတုတော်၊ စေတီတော်” တို့၏ ရှေ့တွင်လည်း ရွတ်ဆိုအဓိဋ္ဌာန်လျှင် ရနိုင်ပါသည်။

ဘုရားရုပ်ပွားစေတီဟု ဆိုရာတွင် “စေတီလေးမျိုး” ရှိပါသေးသည်။ “ဓာတုစေတီ၊ ဓမ္မစေတီ၊ ဥဒ္ဒေသစေတီ၊ ပရိဘောဂစေတီ” ဟု စေတီလေးမျိုးတွင် မြတ်ဘုရား ရဟန္တာတို့၏ ဓာတ်တော်၊ မွေတော်များဖြင့် ဌာပနာပြီး တည်ထားသောစေတီများကို ဓာတုစေတီဟုခေါ်ပါသည်။ ပိဋကတ်သုံးပုံ နိကာယ်ငါးရပ်သော တရားတော်မြတ်အပေါင်းတို့ကို ဓမ္မစေတီဟုခေါ်ဆိုပြီး ဥဒ္ဒေသစေတီဆိုသည်မှာ ဘုရားမြတ်စွာ၏ ပုံတော်ရုပ်ပွားတော်များ ကို ခေါ်ဆိုပါသည်။ ပရိဘောဂစေတီ ဆိုသည်မှာ မြတ်ဘုရား၏ အသုံးအဆောင်ဖြစ်သော သင်္ကန်း၊ သပိတ် စသည်တို့ကို ဌာပနာပြီး တည်ထားသော စေတီပုထိုးများကို ခေါ်ဆိုခြင်းဖြစ်ပါသည်။

ဤစေတီလေးမျိုးကို ပူဇော်သောသူတို့မှာ ဘုရားမြတ်စွာကို သက်ရှိထင်ရှား ပူဇော်နေရသည်ဟု စိတ်ဝယ်ဖြစ်ပေါ် စေနိုင်သဖြင့် ကောင်းမြတ်သော ကုသိုလ်ကိုဖြစ်စေပြီး၊ ကောင်းမြတ်သော ချမ်းသာကိုရရှိစေနိုင်သည်ဟု ဗုဒ္ဓဘာသာများက ယုံကြည်ကြပါသည်။ ထိုကြောင့်လည်း သက်ရှိသံဃာတော်များပင် လျှင် ထိုစေတီများကို ဦးညွှတ်ရိုသေ ပူဇော်ရှိခိုးကြပါသည်။

ထို့ကြောင့် ဤစေတီများသည် ဗုဒ္ဓဘာသာဝင်တို့အား မကောင်းမှုကို မပြုကြကုန်လင့်၊ ကောင်းသောကုသိုလ်တရား တို့ကိုသာ ပြုကြကုန်လော့ဟု ဆုံးမပေးနေသော သက်ရှိဘုရားများသာဖြစ်သည်ဟုလည်း ပြောဆိုနိုင်ပါသည်။

ရှေးသူတော်ကောင်းများက သာသနာအဓွန့်ရှည်တည်တံ့ရေးကို ဦးတည်ကာ ဘုရားပုထိုးစေတီများကို မြို့များ၊ ရွာများတွင် တည်ထားခဲ့ကြပြီး လူတို့အား မကောင်းမှုကို တားမြစ်ပြီး ကောင်းမှုကို တိုးပွားစေခဲ့ကြပါသည်။

ရှေးမြန်မာ့သမိုင်းတွင် ဗုဒ္ဓဘာသာထွန်းကားခဲ့သော ရခိုင်၊ မွန်နှင့် အနော်ရထာမင်းမှ စတင်ကာ ဖဆပလခေတ် ဝန်ကြီးချုပ် ဦးနု လက်ထက်အထိ ဘုရားပုထိုး စေတီပေါင်းများစွာတို့ကို တည်ထားခဲ့ကြပါသည်။ ထိုသို့ ဘုရား တည်ထားကိုးကွယ်ခြင်းနဲ့ ပတ်သက်ပြီး ရဟန်းရော လူပါ သာဓုခေါ်ခဲ့ကြပါသည်။ သာသနာအကျိုးကို မျှော်ကိုးပြီး တိုင်းပြည်အေးချမ်းသာယာရေးကို ဦးတည်ကာ တိုင်းသူပြည်သားများ ကောင်းကျိုးတိုးပွားချမ်းသာပါစေကြောင်း ကောင်းသောစေတနာ ဦးတည်ချက်ဖြင့် ကောင်းစွာပြုလုပ်ခြင်းတို့ကြောင့်ပေတည်း။

ယနေ့ မြန်မာနိုင်ငံကို အုပ်ချုပ်နေကြသော စစ်အာဏာရှင်တို့သည်လည်း မြို့သစ်တွင် ဘုရားတည်ပြီး ထီးတော်တင်ပွဲကို ကျင်းပပြုလုပ်ကြောင်း၊ မတ်လ (၈) ရက်နေ့ထုတ် မြန်မာ့အလင်းနှင့် ကြေးမုံသတင်းစာတို့တွင် ဖတ်လိုက်ရပါသည်။ တို့နိုင်ငံက ဗုဒ္ဓဘာသာ ဘွဲ့တပ်ထားတဲ့ ဗုဒ္ဓဘာသာနိုင်ငံဆိုတော့ ဘုရားတည်တာ ကောင်းတာ ပါပဲဟု စာရေးသူစိတ်ထဲမှာ တွေးမလို့လုပ်သေးတယ်၊ ဦးခေါင်းချာချာလည် သွားပါလေတော့သည်။

သတင်းစာတွင် စေတီတော်မြတ်ကြီးအား ဌာပနာတော်ထည့်ရန်အတွက် ဗိုလ်ချုပ်မှူးကြီးသန်းရွှေနှင့် မိသားစုက “ဆင်ခံရုပ်ပွားတော် ရွှေစင်ပဋိမာ နှစ်ဆူ” အား သံဃာ့မဟာ နာယက ဥက္ကဋ္ဌဆရာတော်ထံကပ်လှူခြင်းတဲ့-။ အော်---ဘုရား-ဘုရား-ဘုရားဟုသာ စာရေးသူ ဘုရားတပြီး မောနေပါတော့သည်။

မြန်မာနိုင်ငံမှာ ရှေးဟောင်းစေတီပျက်ပေါင်းများစွာကို ယနေ့ ပြုပြင်မွမ်းမံနေကြပါသည်။ ဘယ်ဘုရား ဘယ်စေတီထဲကနေ ဘယ်တိရစ္ဆာန်ရုပ်တုကို ရရှိပါသလဲ၊ ဘယ်သူကြားဖူးကြပါသလဲ၊ မြင်ဖူး တွေ့ဖူးကြပါသလဲ” တွေ့ဖူး မြင်ဖူးသူ ရှိက ပြောကြပါ။ ကျွန်ုပ်တို့ရဲ့ မြတ်ဘုရားသည် မဟာကရုဏာတော်ရှင် ဖြစ်သည့်အတွက် ဘယ်သတ္တဝါ ဘယ်တိရစ္ဆာန်ကိုမှ ညှဉ်းပန်းနှိပ်စက်ခြင်း မပြုပါ။ ထို့ကြောင့် ဗုဒ္ဓဘာသာတွင် ဆင်ခံ၊ မြင်းခံ ဘုရားဟူ၍ မရှိပါ။
ထို့အပြင် ယနေ့ တည်နေသောဘုရားသည် နိုင်ငံကျက်သရေဆောင် ပြည်သူ့အကျိုးဆောင်၊ သာသနာ့ အကျိုးဆောင်ဆိုပါလျှင် ထိုဘုရား၌ ဆင်ကို အဘယ်ကြောင့် ဌာပနာထည့်ရပါသနည်း။ ဆင်ကိုဌာပနာ ထည့်ထားသည့်အတွက် ဘုရားပူဇော်သော ရဟန်းရှင်လူအားလုံးတို့သည် ဆင်ဟူသော တိရစ္ဆာန်ကို ပူဇော်သလို ဖြစ်နေပါသဖြင့် ဘုန်းကံနိမ့်ခြင်းကို ဖြစ်စေနိုင်ပါသည်။

ဘုရားတည်ပြီး ပြည်သူတရပ်လုံး၏ အကျိုးကိုမဖြစ်စေဘဲ ပြည်သူတရပ်လုံး ဆင်းရဲတွင်းနက်အောင် ဆောင်ရွက်ခြင်းသာလျှင် ဖြစ်ပါသည်။ သံဃာကိုသတ်ခြင်းသည် အသတ်ခံရသောသူသာ သေသော်လည်း အခုလုပ်ရပ်သည်ကား မြန်မာတမျိုးသားလုံး ဖယောင်းတိုင်မီးပမာ တမြည့်မြည့်လောင်မြိုက်ကာ တဖြည်းဖြည်း တုံးရပါတော့မည့် အဖြစ်မျိုးသာလျှင် ဖြစ်ပါသည်။

No comments: