DREAM ANGEL သို့ လာရောက်လည်ပတ်ကြသူအားလုံးကို DREAM ANGEL မှ ကျေးဇူးအထူးတင်ရှိပါတယ်.........

Monday, April 20, 2009

မွန်ပြည်သစ်မှ ခရိုင်ကော်မတီဝင် တဦး လုပ်ကြံခံရ

ဖနိဒါ
တနင်္လာနေ့၊ ဧပြီလ 20 2009 17:56 - မြန်မာစံတော်ချိန်


ချင်းမိုင် (မဇ္ဈိမ)။ ။ မြန်မာစစ်အစိုးရနှင့် အပစ်အခတ် ရပ်ထားသော မွန်ပြည်သစ်ပါတီမှ ခရိုင်ကော်မတီဝင် တဦးသည် ပြီးခဲ့သည့် စနေနေ့က အမည်မသိ သေနတ်သမား၏ လုပ်ကြံသတ်ဖြတ်မှုကို ခံခဲ့ရသည်။

ဒေါက်တာ မင်းနောင် ခေါ် နိုင်မင်းနောင် (၄ဝ နှစ်) သည် မွန်ပြည်သစ်ပါတီ - NMSP အတွက် ဆန် ဝယ်ရန် မော်လမြိုင်မြို့ ဘဏ်တခုမှ ကျပ်သိန်း ၁၈ဝ ထုတ်ယူပြီး မြို့နယ်အတွင်းရှိ မုဒုံကားလမ်းပေါ်ရှိ ဖာအောက်နှင့် ရိုးဂိုးကျေးရွာကြား အရောက်တွင် ပစ်ခတ် သတ်ဖြတ်ခံရခြင်း ဖြစ်သည်။

“သူက ညနေပိုင်းမှာ ရုံးကနေ ထွက်သွားတာ အပြန်လမ်းမှာ အသတ်ခံရတယ်။ နောက်ကျော ပေါက်သွားတယ်။ ရင်ဘတ် ပေါက်သွားပေါ့နော်။ ငွေတွေကတော့ ယူမသွားဘူး။ အခုတော့ မွန်ရဲတွေက ယူထားတယ်” မော်လမြိုင်မြို့ အခြေစိုက် မွန်ပြည်သစ်ပါတီ ရုံးမှ ဝန်ထမ်းတဦးက မဇ္ဈိမကို ပြောသည်။

ကမာဝက်ရွာ နေအိမ်သို့ မော်တော်ဆိုင်ကယ်ဖြင့် ပြန်လာစဉ် နောက်ကျောမှ ပစ္စတိုဖြင့် အပစ်ခံရခြင်း ဖြစ်သည်။


လုပ်ကြံသည့် တရားခံကို မသိရှိရသေးဘဲ၊ ဆက်လက် စုံစမ်းနေသည်။

“သူက မိုးမကျခင် ကျနော်တို့ ရိက္ခာ စုဆောင်းနေတဲ့အချိန်မှာ ဖြစ်သွားတာပဲ။ လက်ရှိ တာဝန်ထမ်းနေချိန်မှာပဲ လုပ်ကြံခံရတာပဲ။ အခု သူ့ကို လုပ်ကြံတာက ဘယ်သူဘယ်ဝါ ဘယ်အဖွဲ့ဆိုတာ မသိနိုင်သေးဘူးပေါ့နော်။ ကျနော်တို့ရဲ့ ဗဟိုတာဝန်ခံတွေတော့ ဆက်စုံစမ်းအုံးမယ်” ဟု ရန်ကုန်အခြေစိုက် မွန်ပြည်သစ်ပါတီရုံးမှ တာဝန်ခံ နိုင်ရာဂျာ Nai RarJar က မဇ္ဈိမကို ပြောသည်။

နိုင်မင်းနောင်သည် ၁၉၉၂ ခုနှစ်တွင် ရေဆင်း တိမွေး/ကု ကျောင်းသားဘဝမှ NMSP သို့ ဝင်ရောက်ခဲ့ပြီး မွန်ပြည်နယ် မုဒုံမြို့နယ် ကမာဝက်ကျေးရွာ ဇာတိဖြစ်ကြောင်း ထိုင်းအခြေစိုက် လွတ်လပ်သော မွန်သတင်းအေဂျင်စီ (IMNA) အဆိုအရ သိရသည်။

NMSP တွင် စစ်သည်ဘဝ၌ သတင်းထောက်လှမ်းရေးတပ် ဒုအရာခံဗိုလ်၊ NMSP သတ္တမ အကြိမ်မြောက် ညီလာခံမှစ၍ ခရိုင်ကော်မတီဝင်၊ NMSP ဗဟို ကယ်ဆယ်ရေးနှင့် ဖွံ့ဖြိုးရေးကော်မတီ အတွင်းရေးမှူးအဖြစ် NMSP အုပ်ချုပ်မှုအောက်ရှိ ကျေးရွာ ရွှေ့ပြောင်းခံရသော မွန်ပြည်သူများအတွက် ဆန်ရိက္ခာစုဆောင်းရန် ကြိုးပမ်းရင်း ယခုလို လုပ်ကြံခံရခြင်း ဖြစ်ကြောင်း IMNA က ပြောသည်။

ထို့အပြင် လက်နက်တိုဖြင့် ပစ်ခတ်ခံရပြီး ကျည်ဆံမှာ နောက်ကျောမှ ရင်ဘတ်သို့ ဖောက်ထွင်းခံထားရကာ ထိုင်းနိုင်ငံမှ လာသော လက်နက်တမျိုးဖြင့် ပစ်ခတ်ခြင်းဖြစ်သည်ဟု လုပ်ကြံခံရသော နေရာအနီးတဝိုက်မှ ရှာဖွေတွေ့ရှိသည့် ကျည်ခွံမှတဆင့် အတည်ပြုနိုင်ခဲ့ကြောင်း ဆိုသည်။

“လုပ်ကြံခံရတယ်ဆိုတော့ ဆုံးရှုံးမှု အများကြီး ရှိတာပေါ့။ နောက်တခုရှိတာက ကျနော်တို့ ပါတီဝင်ထဲမှာဆိုရင် ဒီလိုဖြစ်လာတော့ သွားရလာရတာ စိုးရိမ်ရတဲ့ အနေအထား ရှိနေတယ်ပေါ့။ ဘယ်သူ လုပ်ကြံမှန်းလဲ မသိ၊ ဘာကြောင့် ဒီလိုဖြစ်မှန်းလဲ မသိ၊ ဒီလိုအနေအထားမျိုးမှာ ကျနော်တို့ ကျန်တဲ့ ပါတီဝင်တွေအတွက် စိုးရိမ်ရတယ်။ စိတ်အနှောင့်အယှက်လည်း ဖြစ်ရတယ်” ဟု နိုင်ရာဂျာက ပြောသည်။

၂ဝဝ၈ ခုနှစ်အတွင်း ဘုရားသုံးဆူမြို့နယ် NMSP အတွင်းရေးမှူးအဖြစ် တာဝန်ယူခဲ့စဉ် မူးယစ်ဆေးဝါး တိုက်ဖျက်ရေးလုပ်ငန်း၌ အားကြိုးမာန်တက် ဆောင်ရွက်ခဲ့ခြင်းကြောင့် မူးယစ်ဆေးဝါး ဂိုဏ်းတခုမှ လုပ်ကြံသည်လည်း ဖြစ်နိုင်ကြောင်း အမည်မဖော်လိုသူ NMSP ပါတီဝင်တဦးက ပြောသည်။

ထို့အပြင် အခင်းဖြစ်ပွားသည့် နေရာမှာ ရိုးဂိုးရွာ အဝင်လမ်းထိပ်ရှိ စစ်ဆေးရေးဂိတ်နှင့် ကိုက် ၆ဝဝ ကျော်ခန့်သာ ကွာဝေးသဖြင့် ယခုလုပ်ကြံမှုတွင် ဒေသခံ အာဏာပိုင်များ မျက်ကွယ်ပြုထားခြင်းလည်း ဖြစ်နိုင်ကြောင်းနှင့် ကျပ်သိန်း ၁၈ဝ ကို သယ်လာစဉ် လုပ်ကြံခံရသော်လည်း လုပ်ကြံသူများက ငွေကို ယူမသွားခြင်းမှာ နောက်ကြောင်း တခုခု ရှိနိုင်ကြောင်း သူက သုံးသပ်ပြောဆိုသည်။

ကျပ်သိန်း ၁၈ဝ နှင့် ဆိုင်ကယ်ကို ယခုအချိန်တွင် မွန်ပြည်နယ် မော်လမြိုင်မြို့ ရဲစခန်းတွင် ထိန်းသိမ်းထားသည်။

ရုပ်အလောင်းကို ယမန်နေ့က မော်လမြိုင်မြို့ သုဿာန်တွင် မီးသင်္ဂြိုဟ်ခဲ့သည်။

No comments: