DREAM ANGEL သို့ လာရောက်လည်ပတ်ကြသူအားလုံးကို DREAM ANGEL မှ ကျေးဇူးအထူးတင်ရှိပါတယ်.........

Friday, August 1, 2008

ဒေါင်းလေ၊ ဒေါင်းလွင့်၊ ဒေါင်းရေပေါ်ဆီများသို့ (မောင်း၊၈၈)

တုံချိချိအမေအိုနဲ့
အမေ့ကိုကံရှိသလောက်
လူ့ဘ၀မှာ သက်တမ်းစေ့လေး
နေနိုင်စေဖို့
ကော်ဖီရောင် အသားအရည်နဲ့
မ၀ရေစာဘဲစားရလို့
အဟာရချို့တဲ့နေတဲ့
ပိန်လီလီခန္တာကိုယ်ကို အရင်းပြုပြီး
အိမ်သားတွေမရိပ်မိအောင်
အလုပ်ကျွေးပြုနေတဲ့
ဆယ့်ရှစ်နှစ်အရွယ်
နှမငယ်ကို
မြို့တော်ရဲ့အစွန်အဖျား
ကျူးကျော်ကွက်သစ်ကြားမှာ
ခဏဆိုပြီးထားရစ်ခဲ့ကာ
နေ၀န်းနီနီ ပေါ်ထွက်တဲ့
သူရဲကောင်းတော်လှန်သူတွေရှိတဲ့
လွတ်မြောက်နယ်မြေကို
မျှော်လင့်ချက်တွေ တလှေကြီးပိုက်ပြီး
သူဆိုက်ဆိုက်မြိုက်မြိုက် ရောက်ခဲ့တယ်လေ။

မြို့အနားမှာကျက်စားတဲ့ ကိုကိုမြို့သား
တောထဲရောက်စ တောသဘာဝ သိပ်မကျသေးတော့
တောသူတောင်သား တိုင်းရင်းသားတွေ
ရှာဖွေမျှတ ကျွေးခဲ့ကြတဲ့ အသားငါးဖားတွေကို
ငါးဆိုရင်လည်း အရိုးကများသေး
မျောက်ဆိုရင်လည်း ချေးကခါးသေး
ဝါးမျိုမကျ ထွေးအံရဘူးပြီ။

အတန်းကျောင်းတက်စဉ်က
ကိုလူလည်မြို့သားတွေနဲ့အတူနေခဲ့ဘူးတော့
မျက်လုံးလေး နဲနဲကျယ်ပြီး လူရည်လည်ခဲ့ဘူးသူ
ဘိုစာကလေး စကားမှညှပ်ပြော
ရက်စ် အော် နိုး ပေါ့နော.........
အော်..နောက်ဆုံးတော့
တိုက်ဖော်တိုက်ဖက် ငတ်ဖော်ငတ်ဖက်
ကိုဒေါင်းနဲ့ ငှက်ကို
နယ်ခြားနဲ့တောင်ကြားမှာချန်
တောထဲမှာအနေခက် မြို့ကိုတက်ခဲ့ရပြန်ပြီ။

မာကျူရီမီးများရဲ့အောက်
မြို့ကြီးများရဲ့ အကွေ့အကောက်
မြို့သူများရဲ့ မာယာတွေကြား
မနစ်ပါးအောင် လူလွန့်ရုန်းကန်
အချိန်တန်တော့ အတွဲကလေးနဲ့ငြိ
ဒါပေမယ့်လေ......
ကိုယ့်ကိုယ်ကို အနစ်အမွန်းမခံ
သင်တန်သင် ဖတ်တန်ဖတ်
အဲဒါမှ အငတ်ခံရတဲ့ဘ၀က
တရံမလပ် လွတ်မယ်မဟုတ်လား။

အကွေ့အကောက် အနိမ့်အမြင့်
အတက်အဆင်း အလိမ်အကျစ်
အဆင့်ဆင့်ကို အနှစ်နှစ်ဖြတ်သန်း
ရမ်းရော်ကာမှန်းမျှော်ကြည့်သော်
အော်.. အနှစ်နှစ်ဆယ်တောင် ရှိတော့မှပါလား.....
တချို့လည်း အာဇာနည်အဖြစ် သေရစ်ခဲ့ကြပြီ
တချို့လည်း ခြေလက်ကိုယ်အင်္ဂါစွန့်ခဲ့ရပြီ
တချို့လည်း ပညာတတ်တွေဖြစ်ခဲ့ကြပြီ
တချို့လည်း အကယ်ဒမစ်(Academic)တွေ ဖြစ်ခဲ့ကြပြီ
တချို့လည်း စစ်ရေးကျွမ်းကျင်သူတွေ ဖြစ်ခဲ့ကြပြီ
တချို့လည်း နိုင်ငံရေးကျွမ်းကျင်သူတွေဖြစ်ခဲ့ကြပြီ
တချို့လည်း သတင်းသမား(Journalist)တွေဖြစ်ခဲ့ကြပြီ
တချို့လည်း NGO တွေဖြစ်ခဲ့ကြပြီ
တချို့လည်း Project နဲ့လုပ်စားတဲ့ နိုင်ငံရေးသမားတွေဖြစ်ခဲ့ကြပြီ
တချို့လည်း ......
တချို့လည်း ......
တချို့လည်း .......ဖြစ်ခဲ့ကြပြီ....ဖြစ်ခဲ့ကြပြီ...။

ဒီလိုနဲ့ သူတို့ကိုယ်သူတို့
ပြန်ကာမြင်ကြည့် ငါဆရာလို့ထင်မိ
ငါသာသိတယ်လို့ ထင်ယောင်
ငါအကောင် အကောင်ပေါ့
ဒါပေမယ့်...သူတို့မေ့ သူတို့မသိတော့တာက
အဟာရပြည့်အောင် ထမင်းရည်တောင်
မှန်အောင်မသောက်နိုင်တဲ့ အမေအို
ဘ၀တပါးကို ပြောင်းသွားပြီဆိုတာရယ်၊
တမိသားစုလုံးရဲ့ ၀န်ကို မနိုင့်တနိုင်ထမ်းရင်း
အေ့စ်လို့အခေါ်
ကိုယ်ခံအားကျဆင်းတဲ့ရောဂါနဲ့
မရဏမင်းခေါ်ရာနောက်
ကောက်ကောက်ပါအောင် လိုက်သွားရရှာတဲ့
နှမငယ်ရယ်၊
လောကဓံရဲ့ ခါးသီးတဲ့ အနှိပ်စက်
မမျှတတဲ့ ကံကြမ္မာတွေကြောင့်
လူ့ဘောင်ကို စွန့်ခွာ
သာသနာ့အရိပ်ကို ခိုဝင်သွားတဲ့ မောင်ဘွား
ရွှေဝါရောင်အရေးခင်းမှာ
ပြည်သူ့ဘက်က မျှတခံစားမိပြီး
မေတ္တာသုတ်ရွတ်ကာ စကြံင်္လျှောက်
မီးလျှံတောက်တဲ့ အကြည့်တွေရယ်
လက်မှာကွယ် ၀ါးလုံးအဆစ်ပိတ်
ထိုဝါးလုံးပိတ်နဲ့ (မင်းညီမောင်)တို့ဘုန်းဘုန်း
ထိပ်ကိုရွယ်
သက်ညှာမယ် ဒင်း(စွမ်းအားရှင်) တို့စိတ်မကူးဘဲ
အုံးကနဲ့ခွဲ ဘုန်းကနဲ့လဲပြီး
ဦးခေါင်းတော်ကသွေးတွေရယ်
မြို့ရဲ့လယ် ပေတရာလမ်းကို
သွေးပင်လယ်အဖြစ် လွှမ်းကာလေ
မရဏာလမ်းကို ပြည်သူတွေအတွက်
ရှေ့ကကြွလှမ်း
ကြွလှမ်းသွားပြီ ဆိုတာရယ်။

အဲဒီလို သူတို့ရဲ့အမေ
နှမငယ်နဲ့ မောင်ဘွား
ဘာရယ်ကြောင့်များ လူ့ပြည်မှာ နေမအားဘဲ
သေ....သေ သွားကြသလဲဆိုတာ
သူတို့မေ့ သူတို့မသိ
(အခုတော့)
သူတို့သိလည်း မသိချင်တော့ဘူးထင်ပါတယ်။ ။

မောင်း၊ ၈၈

No comments: