DREAM ANGEL သို့ လာရောက်လည်ပတ်ကြသူအားလုံးကို DREAM ANGEL မှ ကျေးဇူးအထူးတင်ရှိပါတယ်.........

Monday, August 11, 2008

အမြင် (၁)

စာရေးမယ်ရေးမယ်နဲ့ မရေးဖြစ်ဘူး။ အခုမှပဲရေးဖြစ်တော့တယ်။ ရေးချင်တာတော့ အများကြီးပါပဲ။ တကယ်တမ်းရေးတော့မယ်ဆိုတော့ ဘယ်ကစရေးရမှန်းမသိတော့ဘူး။ အင်း… ဘာလိုလိုနဲ့ နှစ် ၂၀ တောင်ပြည့်သွားပြီနော်။ သြဂုတ်လ ၈ရက်နေ့က ၈၈၈၈ အခမ်းအနားကို သွားရောက်လေ့လာခဲ့ပါတယ်။ အဲဒီအခမ်းအနားမှာ ဦးပဇင်းတစ်ပါးပြောခဲ့တဲ့စကားကို သဘောကျလို့ ပြန်လည်ဝေငှချင်ပါတယ်။
သူပြောတာက ၈၈၈၈ စိတ်ဓါတ်ဟာ မင်းဆက်သုံးဆက်ကို ဖြုတ်ချနိုင်ခဲ့တယ်။ အဲဒီတုန်းက အဖွဲ့အစည်းတွေဘာတွေလည်းမရှိပါဘူး။ အခုအချိန်မှာ အဖွဲ့အစည်းတွေအများကြီး ဖွဲ့စည်းနိုင်ပြီး ဘာဖြစ်လို့ နအဖကို မတိုက်နိုင်တာလဲ…တဲ့။ ဒီမေးခွန်းဟာတော်တော်ကောင်းတဲ့မေးခွန်းပါ။ ဘာကြောင့်မတိုက်နိုင်ရမှာလဲ။ အားလုံး ကိုယ့်ကိုယ်ကို ပြန်မေးကြည့်ကြဖို့ လိုပါတယ်။ အားလုံး စည်းလုံးကြဖို့အော်နေကြပြီး တကယ်ပဲ စည်းလုံးဖို့ကို ကိုယ်ကစပြီး အကောင်အထည်ဖော်တာရှိလား။ အကောင်အထည်ဖော်ဖို့ တကယ်ပဲ ခက်ခဲနေလား။ ချမှတ်ခဲ့တဲ့ အစည်းအဝေးဆုံးဖြတ်ချက်တွေကိုရော ဘယ်နှစ်ခု အကောင်အထည် ဖော်ဆောင်ခဲ့ပြီးပြီလဲ။ စာရွက်ပေါ်မှာပဲကျန်ခဲ့သလား။ တော်လှန်ရေးကြီး အဓွန့်ရှည်ပါစေဆိုတဲ့ စိတ်ဓါတ်မရှိပေမယ့် တော်လှန်ရေးကြီးကြာလည်း နေသာပါတယ်ဆိုတဲ့ လူစားမျိုးထဲမှာ ပါနေပြီလား။

ဒီမေးခွန်းတွေကို ပြန်မေးကြဖို့လိုပါတယ်။ သူများတွေကိုမေးမယ့်အစား ကိုယ့်ကိုယ်ကိုပြန်မေးတာ အကောင်းဆုံးပါပဲ။ ငါက ဘာလုပ်နေတာ ညာလုပ်နေတာထက် ငါဘာလုပ်ပြီးသွားပြီ ညာလုပ်ပြီးသွားပြီးဆိုတာက ပိုကောင်းတယ်လို့မြင်ပါတယ်။ လုပ်နေတာထက် လုပ်ဆောင်ပြီးသွားပြီဆိုတာမျိုးဖြစ်သင့်တယ်လို့မြင်ပါတယ်။ ဒီနေရာမှာငါမကျွမ်းကျင်ရင် ကျွမ်းကျင်တဲ့သူကို နေရာပေးသင့်ပါတယ်။ ငါပဲလုပ်မယ်ဆိုတဲ့ စိတ်ဓါတ်မရှိသင့်ပါဘူး။ အဓိက က ပြီးမြောက်အောင်မြင်သွားဖို့ပါ ။ အဓိကနဲ့ သာမည ကွဲပြားဖို့အချိန်တန်ပါပြီ။ ညှိနှိုင်းအစည်းအဝေးတွေမှာ ချမှတ်လိုက်တဲ့ လုပ်ငန်းစဉ်တွေက စာရွက်ပေါ်မှာပဲ ကျန်ခဲ့တာ နှစ်ပေါင်း ၂၀ရှိပါပြီ။ ဒီတော်လှန်ရေးကြီးက တစ်ဦးကောင်းတစ်ယောက်ကောင်းနဲ့တော့ အောင်မြင်မှာမဟုတ်ပါဘူး။ လက်တွဲခေါ်ကြပါ။ နေရာပေးကြပါ။ကိုယ်တတ်ကျွမ်းတဲ့အပိုင်းကို ကိုယ်ယူပြီး ကိုယ်မတတ်ကျွမ်းတဲ့အပိုင်းကို တတ်ကျွမ်းတဲ့သူကို နေရာပေးပါ။ ကိုယ်မတတ်ကျွမ်းတဲ့အပိုင်းကို ငါပဲလုပ်မယ်ဆိုပြီး သွားလုပ်လည်း အောင်မြင်မှာမဟုတ်ပါဘူး။ သူ့နေရာနဲ့သူ အသုံးချတတ်ဖို့လိုပါတယ်။

ဒီမှာ ကျတော်မြင်တာကတော့ ချမှတ်လိုက်ကြတဲ့ ပေါ်လစီတွေ ပေါ်လစီတွေ။ ပြီးတော့ ကိုယ့်ပေါ်လစီကိုယ်မနိုင်ကြဘူး။ နအဖကို ကျတော်တို့အတုယူရမှာတစ်ခုရှိပါတယ်။ အဲဒါကတော့ နအဖဟာ လူသာပြောင်းပေမယ့် မူမပြောင်းပါဘူး။ သူချထားတဲ့ပေါ်လစီအတိုင်း သူဖြစ်အောင်လုပ်သွားတာပါပဲ။ ဒီလိုပြောလို့ နအဖလူလို့တော့ မထင်လိုက်ပါနဲ့။ အခုအချိန်က စကားနဲနဲမှားတာနဲ့ နအဖလူလို့ပြောနေကြတယ်ဆိုတော့…။ အထူးသဖြင့် အင်တာနက်စာမျက်နှာမှာရေးရင် ပိုပြီးသတိထားရတယ်။ ရေးသာရေးရတယ်။ ကျတော်လည်း ဘယ်နေ့အဆဲခံရမလဲတော့မသိဘူး ကျတော့်အမြင်ကတော့ ဒါပဲဗျာ။ အားလုံး…ကိုယ့်ကိုယ်ကို မေးခွန်းပြန်ထုတ်ကြစေချင်ပါတယ်၊

ဆက်ရန်….

Dream angel

No comments: