DREAM ANGEL သို့ လာရောက်လည်ပတ်ကြသူအားလုံးကို DREAM ANGEL မှ ကျေးဇူးအထူးတင်ရှိပါတယ်.........

Wednesday, August 27, 2008

ကြည့်သောသူ မြင်၏

27/08/2008
အခုလောလောဆယ် ရက်ပိုင်းလေးမှာပဲ မြန်မာနိုင်ငံအတွင်းကို ကုလသမဂ္ဂ အရာရှိနှစ်ဦး ရောက်ရှိ သွား ခဲ့ပါတယ်။ အခုချိန်မှာတော့ သူတို့ရဲ့ တာဝန်တွေကို နိုင်သလောက် ထမ်းဆောင်ပြီးပြန် သွားကြပါပြီ။
မြန်မာပြည်သူတွေအတွက် မည်သည့်အကျိုးရလာဒ်တွေ ရလိုက်ပါသနည်း။ ကုန်ဈေးနှုန်းတွေ ကျသွားပါသလား။ လောင်စာဆီဈေးနှုန်းတွေ ကျဆင်းသွားပါသလား။ စာဝတ်နေရေး အတွက် အလုပ် အကိုင် အခွင့်အလမ်းတွေ ဖြစ်ထွန်းခဲ့သလား။
အထက်ပါမေးခွန်းတွေ တစ်ခုမှ မဖြစ်ပေါ်ခဲ့ပါဘူး။ ဒါဆိုရင် ဒီကုလသမဂ္ဂအရာရှိနှစ်ဦး ဘာလာလုပ်တာလဲလို့ ကျွန်တော်တို့ ပြည်သူတွေက မေးကြပါလိမ့်မယ်။
မြန်မာနိုင်ငံဆိုင်ရာ အထူးအကြံပေးပုဂ္ဂိုလ် Ibrahim Gambari မလာခင် သူ့ရဲ့ ရှေ့မှာ ကုလသမဂ္ဂ မြန်မာနိုင်ငံဆိုင်ရာ လူ့အခွင့်အရေး အထူးကိုယ်စားလှယ် Tomas Ojea Quintana ကျွန်တော်တို့ မြန်မာနိုင်ငံကို လာရောက်သွားခဲ့ပါတယ်။


အဲဒီ T.O.Q ရဲ့ အဓိက တာဝန်က မြန်မာနိုင်ငံမှာ အာဏာကို မတရားရယူထားတဲ့ လက်ရှိစစ်အုပ်စုရဲ့ ပြည်သူတွေ အပေါ်မှာ ထားတဲ့ လူ့အခွင့်အရေး စံနှုန်းတွေကို ကျယ်ကျယ်ပြန့်ပြန့် လေ့လာဖို့ပဲ ဖြစ်ပါတယ်။
အဲဒီ T.O.Q ဆိုတဲ့ပုဂ္ဂိုလ်ဟာ သူ့ရဲ့ လုပ်ပိုင်ခွင့်တွေထဲကနေပြီး သူလုပ်ဆောင်နိုင်သလောက် ကိုလေ့လာသွားခဲ့ပါတယ်။ လုပ်ဆောင်သွားခဲ့ပါတယ်။
နောက်တစ်ယောက်ဖြစ်တဲ့ IG ကတော့ 1990 ရွှေးကောက်ပွဲမတိုင်ခင် ရွှေးကောက်ပွဲဝင်ဖို့ တရားဝင်ပါတီတွေ ဖွဲ့စည်းခွင့်ပေးခဲ့တဲ့အချိန်တုန်းက တရားဝင် ဖွဲ့စည်းခွင့်ရခဲ့ပြီး။ တကယ်တမ်း ရွှေး ကောက်ပွဲ ၀င်ရောက်ယှဉ်ပြိုင်ခဲ့တဲ့ အခါမှာလဲ ကမ္ဘာပေါ်မှာ မရှိဘူးလောက်တဲ့ စံချိန်တင် မဲအရေ အတွက်တွေနဲ့ ပြည်သူတွေရဲ့ ထောက်ခံမှုကို တခဲနက်ရရှိခဲ့တဲ့ တရားဝင် ပါတီကြီးနဲ့ အာဏာကို မတရားရယူထားတဲ့ လက်ရှိ စစ်အုပ်စုတို့ အကြား စေ့စပ်ညှိနှိုင်းဆွေးနွေးပေးဖို့ တာဝန်ပဲ ဖြစ်ပါတယ်။
ဘာပဲဖြစ်ဖြစ် ကျွန်တော်တို့ မြန်မာပြည်သူတွေ အနေနဲ့ မိမိတို့နိုင်ငံရဲ့ နိုင်ငံရေးအခြေအနေ တွေကို မျက်ခြေ မပြတ်သင့်ပါဘူး။ အမြဲတစေ လေ့လာနေသင့်ပါတယ်။ သတင်းတွေ ဆိုရင်လဲ ပြည်တွင်းက သတင်းတွေကို သာမက ပြည်ပက သတင်းတွေကိုလဲ နားထောင်သင့်ပါတယ်။ နားထောင်ပြီးတော့လဲ ချိန်ထိုးပြီး လေ့လာသင့်ပါတယ်။
တကယ်တော့ ကြည့်သောသူမြင်၏ ဆိုတဲ့ ခေါင်းစဉ်အောက်မှာ ရေးချင်တာက အထက်ပါ အကြောင်းအရာတွေ မဟုတ်ပါဘူး။
ကျွန်တော့အမြင်အရ ပြောရမယ်ဆိုရင် အထက်က ပြောခဲ့တဲ့ ကုလသမဂ္ဂအရာရှိနှစ်ယောက် ရှေ့ဆင့်နောက်ဆင့်ဆိုသလို ကျွန်တော်တို့နိုင်ငံကို လာရောက်ခဲ့တဲ့အတွက် ကျွန်တော်တို့ ပြည်သူ တွေ အတွက် စားဝတ်နေရေးအတွက် အလုပ်အကိုင်အခွင့်အလမ်းတွေ ပေါ်ထွန်းမှု ကုန်ဈေးနှုန်း ကျဆင်းရေး။ လောင်စာဆီဈေးနှုန်းကျဆင်းမှု စသည်တွေထက် အဆပေါင်းများစွာ သာလွန်တဲ့ အကျိုး ရလာဒ်တွေ ပေါ်ထွက်ခဲ့ပါတယ်။
တကယ်တော့ စားဝတ်နေရေး အစရှိတဲ့ အရေးကိစ္စတွေကို ဒီကုလသမဂ္ဂ အရာရှိနှစ်ယောက် က လုပ်ပေးလို့ မရပါဘူး။ တိုင်းပြည်အုပ်ချုပ်တဲ့ သူတွေက ဖန်းတီးပေးရမှာ၊ လုပ်ဆောင်ပေးရမှာပါ။
အခု ကျွန်တော်မြင်လိုက်တဲ့ တွေ့လိုက်တဲ့ ပြည်သူတွေ အတွက် အကျိုးရလာဒ်တွေကတော့ ပြီးခဲ့တဲ့ 2007 စက်တင်ဘာမှာ ကြံ့ခိုင်ရေး၊ စွမ်းအားရှင်ဆိုတဲ့ သိုးရေခြုံထားတဲ့ မြေခွေးတွေကို ပြည်သူ တွေ မျက်ဝါးထင်ထင် မြင်တွေ့လိုက်ရသလိုမျိုး အခုတစ်ခါ ဒေါင်းယောင်ဆောင်ထားတဲ့ ကျီးတွေ၊ သိုးရေခြုံထားတဲ့ မြေခွေးတွေ၊ ဘီးလူးခေါင်းဆောင်းထားတဲ့ မင်းသားတွေ ကို ကျွန်တော်တို့ ပြည်သူ တွေ မြင်တွေ့မိမယ်လို့ထင်ပါတယ်။
အဲဒါတွေကတော့ ဒေါက်တာစိုးလင်း ဆိုတဲ့ သိုရေးခြုံထားတဲ့ ခွေးတွေ၊ 88 အမည်နာမကို အလွဲသုံးစားလုပ်တဲ့ အေးလွင် တို့လို ဒေါင်းယောင်ဆောင်ထားတဲ့ ကျီးကန်းတွေ ကိုကျွန်တော်တို့ ပြည်သူတွေ ထင်ထင်မြင်မြင်တွေ့မြင်ရမှာဖြစ်ပါတယ်။
ဝံသာနုNLD ဆိုပြီးတော့ ရှေးတုန်းက ၀ံသာနုစိတ်ဓါတ်ကို သူကိုယ်တိုင်ပဲ ၀ံသာနုစိတ်ဓါတ် ရှိသယောင် ပုံမှားရိုက်ဖို့ ကြိုးစားထားတာကို တွေ့ရမှာပါ။ နောက်ပြီး NLD ဆိုတဲ့ တိုင်းပြည်ရဲ့ အဓိက ပါတီကြီး ဖြစ်တဲ့ NLD ရဲ့ နာမည်ကိုယူလို့ အသိအမြင် မရှိလှတဲ့သူတို့ကို ပဲ NLD လိုလို ဘာလိုလိုနဲ့ ပြည်သူတွေကို အထင်မှားအမြင်မှားဖြစ်အောင် ကြိုးစားနေသူသာဖြစ်ပါတယ်။
88 ကျောင်းသားများအဖွဲ့ ဆိုပြီးတော့လဲ အေးလွင်တို့က ဒေါင်းယောင်းဆောင်ဖို့ တစ်စခန်းထ လာပြန်ပါတယ်။ သူကလဲ 88 ကျောင်းသားများ ဆိုတဲ့ အမည်ကို အလွဲသုံးစားလုပ်ဖို့ ကြိုးစားနေတာပါ။ ယုတ်မာနေတာပါ။ တကယ်တမ်းပြည်သူတွေက လေးစားတဲ့၊ ကျောင်းသားတွေက လေးစားတဲ့ 88 ကျောင်းသားတွေဆိုတာက အပြင်မှာရှိသူနည်းပါတယ်။ အားလုံးက ထောင်ထဲမှာချည်း ဖြစ်ပါတယ်။ ထောင်းထဲမှာရောက်နေတဲ့ 88ကျောင်းသားတွေအပေါ်မှာ ပြည်သူတွေ ထားတဲ့ ယုံကြည်မှုတွေ လေးစားမှုတွေကို အေးလွင်တို့ အဖွဲ့က မသမာတဲ့နည်းတွေနဲ့ ခိုးယူ အမြတ်ထုတ်ဖို့ ကြိုးစားနေတာပါ။
ကုလသမဂ္ဂ အရာရှိနှစ်ဦးစလုံး အဲဒီ အယောင်ဆောင်တွေနဲ့ တွေ့ခွင့်ရရှိခဲ့ပါတယ်။ ကျွန်တော် တို့ ဒေါက်တာ စိုးလင်းနဲ့ ကိုအေးလွင်တို့ကို မေးခွန်းလေးတွေ မေးရင်း စဉ်းစားကြည့်ကြရအောင်
ဒေါက်တာစိုးလင်းနဲ့ ကိုအေးလွင်တို့ ခင်ဗျာ…….
ခင်ဗျားတို့ အခုလို ကုလသမဂ္ဂ အရာရှိနှစ်ဦးစလုံးနဲ့ တွေ့ခွင့်ရလောက်အောင် ခင်ဗျားတို့က လက်ရှိမှာ တရားဝင် မှတ်ပုံတင်ထားတဲ့ နိုင်ငံရေး အဖွဲ့အစည်းဟုတ်ပါသလား။
ဒါမှမဟုတ်
အထူးအခွင့်အရေးရ ပုဂ္ဂိုလ်တွေလား။
နအဖ အနေနဲ့ ခင်ဗျားတို့ကို ချကျွေးလိုက်တာလို့ကော ခင်ဗျားတို့ မခံယူမိဘူးလား။
ဒါမှမဟုတ်
ငါတို့ဟာ မြန်မာ့နိုင်ငံရေးမှာ အတော့်ကို အရေးပါ အရာရောက်နေပြီ၊ အချိန်တိုအတော အတွင်းမှာ ကုလသမဂ္ဂ အရာရှိ နှစ်ဦးနဲ့ တွေ့ခွင့်ရလိုက်ပြီ၊ နောက်ထပ် ဘန်ကီမွန်း လာတဲ့အခါလဲ တွေ့ရဦးမယ် ဆိုပြီး သွေးနားထင်ရောက်နေပြီလား။
အခု ခင်းဗျားတို့ အဖွဲ့အစည်းနှစ်ခု တရားဝင်အသင်းအဖွဲ့မဟုတ်သေးပါပဲနဲ့ တရားဝင် အသင်း အဖွဲ့ပုံစံ လှုပ်ရှားနေနိုင်တာဟာ ခင်ဗျားတို့ရဲ့ အရည်အချင်းလား။
နအဖရဲ့ ဥပဒေကို လုပ်ချင်သလို လုပ်နေတဲ့ အနေအထားလား။
ဘာပဲဖြစ်ဖြစ် ခင်ဗျားတို့ နည်းတူ အဖွဲ့ချုပ်အဖွဲ့ဝင်တွေ၊ ကိုမင်းကိုနိုင် တို့လို့ ပြည်သူချစ်တဲ့ ကျောင်းသားခေါင်းဆောင်တွေကိုရော လွပ်လွပ်လတ်လတ်လုပ်ခွင့်ပေးဘို့ ကောင်းတယ်၊ လုပ်ခွင့်ရ သင့်တယ်လို့ ခင်ဗျားတို့ မထင်မိဘူးလား။
နအဖ ဆီမှာကော တောင်းဆိုပေး ဘို့ စဉ်းစားဘူးပါသလား။
သို့တည်းမဟုတ်
အဖွဲ့ချုပ်ကလူတွေနဲ့ ကိုမင်းကိုနိုင်တို့လိုခေါင်းဆောင်တွေကို ဒီလိုပဲ အချုပ်ထဲမှာထားတာ၊ ထောင်ထဲမှာထည့်ထားတာ ကောင်းတယ်။ မဟုတ်ရင် ငါတို့ လုပ်ပိုင်ခွင့်တွေ ဆုံးရှုံးသွားလိမ့်မယ်။ အဲဒီလိုကောတွေးမိနေပါသလား။
အခုအခါမှာ ခင်ဗျားတို့ဟာ ၀င်ချင်ထွက်ချင်တဲ့နေရာတွေကို အပိတ်အပင်အတားအဆီးမရှိ ၀င်နိုင်ထွက်နိုင်နေမယ်လို့ ကျွန်တော်ထင်ပါတယ်။
အဲဒီလို
အပိတ်အပင်အတားအဆီးမရှိ ၀င်နိုင်ထွက်နိုင်နေတာဟာ တရားမျှတမှု ရှိပါသလား။
အခုအချိန်မှာ နအဖက ခင်ဗျားတို့ကို ဘယ်ပုံစံနဲ့ ဆက်ဆံပါသလဲ။
ခင်ဗျားတို့ ကိုယ်တိုင်က နအဖကို ချဉ်းကပ်နေတာလား။
နအဖက ခင်ဗျားတို့ကို ချဉ်းကပ်နေတာလား။
ခင်းဗျားတို့က ခင်ဗျားတို့ ကိုယ်ကျိုးအတွက် နအဖကို အသုံးချနေတာလား။
နအဖက သူ့တို့ အကျိုးစီးပွားအတွက် ခင်ဗျားတို့ကို အသုံးချနေတာလား။
အခုလောလောဆယ်ဆယ်မှာ
ခင်ဗျားတို့ နအဖနဲ့ ဆက်နွယ်ပြီး မည့်သည့်စီးပွားရေး အကျိုးအမြတ်တွေကိုမှ ကျွန်တော်တို့ လက်မခံခဲ့ပါဘူး၊ မယူခဲ့ပါဘူးလို့ လိပ်ပြာသန့်စွာ ပြောရဲ ပါသလား။
ကြံ့ခိုင်ရေး အသင်းရဲ့အပေါ်မှာ ဟိုအရင်က ထားရှိခဲ့တဲ့ အမြင်တွေနဲ့ အခုလောလောဆယ် အနေအထားမှာ မြင်နေတဲ့ အမြင်က ဘယ်လိုကွဲပြားခဲ့ပါသလဲ။
ကြံ့ခိုင်ရေး အသင်းကို လူမှုရေး အသင်းလို့ မြင်ပါသလား၊
ဒါမှမဟုတ် အနာဂါတ်နိုင်ငံတော်အတွက် အားကောင်းတဲ့ နိုင်ငံရေး အဖွဲ့အစည်း တစ်ရပ်ဖြစ် တယ်လို့ မြင်ပါသလား။
ဒါမှ မဟုတ် ကြံ့ခိုင်ရေး အသင်းဟာ အနာဂါတ်နိုင်ငံတော်သစ်မှာ ပြည်သူ့တွေအတွက် တကယ့်အန္တရယ်လို့မြင်မိပါသလား။
နအဖ ရဲ့ ပြီးစီးသွားခဲ့တဲ့ အခြေခံဥပဒေဟာ တရားမျှတမှု ရှိခဲ့ပါသလား။
ရှိခဲ့တယ် ဆိုရင် ဘယ်အချက်တွေကို ထောက်ပြီး ပြောဆိုပါသလဲ။
တရားမျှတသည်ဖြစ်စေ ၊မမျှတသည်ဖြစ်စေ ငါတို့နဲ့ မဆိုင်ဘူး၊ ငါတို့ အခုအနေထား နဲ့ ရွေးကောက်ပွဲ ၀င်ပြိုင်ခဲ့ရင် အမတ်တစ်နေရာစာအတွက်လောက်တော့ အနိုင်ရနိုင်တယ် လို့ အဲဒီလိုပဲ စဉ်းစားနေပါသလား။


နောက်ဆုံးအနေနဲ့ ပြောချင်ပါတယ်။
ဒေါင်းယောင်ဆောင် ဒေါက်တာ စိုးလင်းခေါင်းဆောင်တဲ့ အဖွဲ့နဲ့ ကိုအေးလွင်ခေါင်းဆောင်တဲ့ အဖွဲ့နှစ်ဖွဲ့။ ဒီအဖွဲ့အစည်းနှစ်ခုဟာ ပြည်သူတွေနဲ့ အတိုက်အခံတွေ သတိထားရမဲ့ အဖွဲ့အစည်းနှစ်ခုပါ။ ကျွန်တော်တို့ တိုင်းပြည်မှာ ထင်သာမြင်သာတဲ့ အတိုက်အခံအဖွဲ့အစည်း အနေနဲ့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ရယ်။ ကိုမင်းကိုနိုင် အစရှိတဲ့ 88 ကျောင်းသားခေါင်းဆောင်များအဖွဲ့ရယ်ပဲရှိပါတယ်။ အဲဒီတော့ ဒေါက်တာ စိုးလင်း နဲ့ ကိုအေး လွင် တို့ အဖွဲ့အစည်းရဲ့ အမည်နာမတွေဟာလဲ ကျွန်တော်တို့ အားကိုးအားထားပြုနေတဲ့ အဖွဲ့ချုပ်နဲ့ ကိုမင်းကိုနိုင် အစရှိတဲ့ ၈၈ ကျောင်းသားခေါင်းဆောင်များရဲ့ အရေတွေကို ခြုံဖို့ ကြိုးစားနေတယ်လို့ မြင်မိပါတယ်။
ဒါကို ပြည်သူတွေအနေနဲ့ ခွဲခွဲခြားခြားသိမြင် ရမှာပါ။ သူတို့ရဲ့ အရေခွံလေးတွေကိုသာ မြင်မနေကြပါနဲ့။ အတွင်းက ခွေးစွယ်ကိုလဲ မြင်အောင်သတိထားပြီး ကြည့်ကြပါ။
အန္တရာယ်ဟာ လက်တစ်ကမ်းမှာပါ။ အမေရိကန်မှာ မဟုတ်ပါဘူး။ ရိုးမတောထဲမှာလဲ မရှိပါဘူး။ ကျွန်တော်တို့ ပြည်သူတွေ ကြားထဲမှာပဲဖြစ်ပါတယ်။
အားလုံးသတိရှိရှိနဲ့ ကာကွယ်ကြပါ။

ကြည့်သောသူမြင်ပါလိမ့်မယ်။ မြင်အောင်ကြည့်ကြပါ။


ကြည့်မြင်သူ




No comments: