DREAM ANGEL သို့ လာရောက်လည်ပတ်ကြသူအားလုံးကို DREAM ANGEL မှ ကျေးဇူးအထူးတင်ရှိပါတယ်.........

Friday, August 8, 2008

ဒီမိုကရေစီတော်လှန်ရေး၏ အကောင်းဘက်ခြမ်း (တင်အေး | သြဂုတ် ၈၊ ၂၀၀၈)

မာယာကော့ဖ်စကီးလိုတော့ တော်လှန်ရေးဘယ်တော့ပြီးမလဲ နိမိတ်မဖတ်နိုင်ပါ။ ဒါပေမယ့် ဖြတ်သန်းခဲ့ရတဲ့ နှစ်တွေကတော့ တကယ်ဖြစ်ခဲ့ပြီ။

တို့ပိုင်တဲ့အနှစ် ၂၀။

အဲဒီအနှစ် ၂၀ ကာလရဲ့…..။

၁၉၈၈ ခုနှစ် သြဂုတ်လ ၃ ရက်နေ့။

“ကိုတင်အေး ဒါ ကိုပေါ်ဦးထွန်း၊ ကိုမင်းကိုနိုင်ပေါ့။ ကိုပေါ်ဦး ဒါ ကိုတင်အေး”

မိတ်ဆက်ပေးသူက ကိုညိုထွန်း။ မိတ်ဆက်ပေးတဲ့နေရာက ရန်ကုန်မြို့ရဲ့ အနက်ရောင် ပြည်လမ်းမကြီးအလယ် မှာ၊ မိတ်ဆက် နေကြပုံက ခပ်သော့သော့အပြေးသွားနေရင်း။ ဘေးမှာ ဘေးမှာ လူတွေအပြည့်။ ပြီးတော့ ကြွေး ကြော်သံတွေ အပြည့်။

“သပိတ်၊ သပိတ် မှောက် မှောက်”
“ဒီမိုကရေစီရရှိရေး ဒို့အရေး ဒို့အရေး”

မိတ်ဆက်ပေးခံရသူချင်း ပြောဖြစ်ကြသည့် ပဋိသန္ဓာရစကားက ...

“ အေးဗျ။ ကိုညိုထွန်းပြောဖူးပါတယ်။ ကိုတင်အေး ကျနော်တို့ ဒီအတိုင်းဆက်သွားရင်မြေနီကုန်းဘက်မဟုတ်ဘူး။ ကျနော် တို့ဒီနေ့က အကြိုလုပ်တာ”

“ဟုတ်တယ် ကိုပေါ်ဦး။ ၈ ရက်နေ့မှ ဒိတ်ပေးထားတာပဲ။ ခင်ဗျားမောနေလား”

“အေးဗျ။ ကျနော် ရင်ကြပ်တတ်တယ်”

လူအုပ်ကြီးနဲ့အတူ ရန်ကုန်မြို့ လမ်းမတွေပေါ် ချီတက်လာရတော့ ရင်ကြပ်အခံရှိသူအတွက် မောသံပါနေသည်။

“ခင်ဗျား သိပ်မောနေရင် နေခဲ့ပါလား။ ကျနော်တို့ ၈ ရက်နေ့မှ အတည်ထွက်ကြမှာပဲ”

“ရတယ်ဗျာ။ ကျနော် အစအဆုံး လိုက်မယ်”

“တော်လှန်ရေးဆိုတာ အစအဆုံး လုပ်ရတယ်ကွ . . . ” ကျနော် ထောင်ထဲနေခဲ့စဉ်ကာလက ကျနော်တို့ မမွေးခင် ကတည်းက နိုင်ငံရေးလုပ်နေခဲ့သူ ကျနော်တို့ ရှေ့မျိုးဆက် နိုင်ငံရေးလူကြီးသူမတဦးက ထိုသို့ပြောခဲ့ဖူးသည်။ ကျနော် မှတ်သားထားမိသည်။

၁၉၈၈ ခုနှစ် သြဂုတ်လ ၈ ရက်နေ့မှာ အလျှိုအလျှို စခဲ့ကြသည်။ ဘယ်နေရာက ခွပ်ဒေါင်းအလံစထောင်ပြီး ကြွေးကြော် သံတွေအော်ပြီး စလိုက်သည်။ ကမ်းနားမှာ မနက်ကတည်းက အလုပ်သမားတွေက စနေပြီ။ မြေနီကုန်းမှာ။ ဆူးလေမှာ … စသည်ဖြင့် …။ထိုနေ့တွင် ရန်ကုန်တမြို့တည်းမှမဟုတ် မြန်မာနိုင်ငံအနှံ့အပြားရှိ ပြည်သူလူထုကြီးတရပ်လုံးသည် မဆလခေတ် တလျှောက်လုံး ခံစားနေကြရသော အထွေထွေ မကျေနပ်မှုကို နီးရာဒေါသဖြင့် ပေါက်ကွဲ၍ ရှစ်လေးလုံး အရေးတော်ပုံကြီး၏ သမိုင်းစာမျက်နှာကို စတင်ရေးခဲ့ကြသည်။ ရှစ်လေးလုံးအရေးတော်ပုံကြီးသည် ဗမာ့နိုင်ငံရေးသမိုင်းတွင် ၁၃၀၀ ပြည့် အရေး တော်ပုံနောက်ပိုင်း အနှစ် ၅၀ ကြာသောအခါ နိုင်ငံရေးအနှစ်သာရ အနက်ရှိုင်းဆုံး ပြန်ပေါ်လာသော အရေးတော်ပုံကြီး ဖြစ်သည်။

ဗမာပြည်နိုင်ငံရေးလှုပ်ရှားမှုသမိုင်းကို ပြောကြဆိုလျင် ကျောင်းသားလှုပ်ရှားမှုသမိုင်းကို ချန်ထားခဲ့၍မရ။ ဒီအချက်သည်ပင် ဗမာ့သမိုင်းတွင် ထူးခြားချက်လို့် ဆိုရမည်လားမသိ။

၁၉၀၆ ၀န်းကျင်တွင် အမျိုး၊ ဘာသာ၊ သာသနာခေါင်းစဉ်ဖြင့် ဗမာပြည်နိုင်ငံရေးလှုပ်ရှားမှု ပြန်လည်နိုးကြားလာခဲ့ သည်။ ထို့နောက် တနိုင်ငံလုံးအတိုင်းအတာနှင့် လှုပ်ခတ်သွားစေခဲ့သည့် လှုပ်ရှားမှု၊ အမျိုးသားကျောင်းများ ပေါ် ထွန်းလာသည် အထိ ရိုက်ခတ်ခဲ့သော ယနေ့အထိ အမျိုးသားနေ့အဖြစ် သတ်မှတ်ကျင်းပနေရသည့် ပထမ ကျောင်းသားသပိတ်လှုပ်ရှားမှု ဖြစ်ပေါ်ခဲ့သည်။

ထိုမှတလျှောက်လုံး ဒီနေ့အထိပင် ဗမာပြည်သမိုင်းသည် ကျောင်းသားလှုပ်ရှားမှုနှင့် ကင်းကင်းရှင်းရှင်းနေ၍ မရတော့။ ဗမာပြည်နိုင်ငံရေးသမိုင်းပြောလျင် ကျောင်းသားလှုပ်ရှားမှုသမိုင်းကို ထည့်ပြောရသလို၊ ကျောင်းသား လှုပ်ရှားမှု သမိုင်းကို ပြောလျင်လည်း ဗမာပြည်နိုင်ငံရေးသမိုင်းနှင့် ဆက်စပ်ပြောကြရသည်။

၁၉၇၄-၇၅-၇၆ ခုနှစ် သပိတ်များအပြီး နိုင်ငံရေးမျိုးဆက်ဖြတ်ခံထားရသည့် အခြေအနေမှ ၁၉၈၇ ခုနှစ်တွင် ငွေ စက္ကူ အရေး အခင်းဖြင့် ပြန်လည်နိုးကြားလာကြသည်။ ထို့နောက် ၁၉၈၈ ခုနှစ် ဖုန်းမော်အရေးအခင်းနှင့် ဖုန်း မော် ၃ လပြည့် ဇွန်လ ကျောင်းသားလှုပ်ရှားမှုများ ပြီးသောအခါ ပြန်လည်နိုးကြားလာသော ကျောင်းသား လှုပ် ရှားမှုများကို ဖြတ်သန်းလာသည့် ကျောင်းသူ ကျောင်းသားများသည် သူတော်ချင်းချင်း သတင်းလွေ့လွေ့ ပေါင်းဖက်တွေ့ကာ ကိုယ့်အုပ်စုလိုက် အုပ်စုလိုက် ဆက်စပ်ဖို့ ကြိုးစားလာကြသည်။ ကျောင်းသားထုကြားတွင် ကျောင်းသားသမဂ္ဂစိတ်ဓာတ်များလည်း ပြန်လည်ထွန်းကား လာကြသည်။

ဆက်စပ်မိလာသူများ တစတစ များပြားလာသည့်အခါ ၈ လေးလုံးအရေးတော်ပုံကာလ မှတ်မှတ်ရရ ၁၉၈၈ ခုနှစ် သြဂုတ်လ ၂၂ ရက်နေ့တွင် ရန်ကုန်မြို့ပေါ်ရှိ အိမ်တစ်အိမ်မှာ စုဝေးကြသည်။ ဗမာနိုင်ငံလုံးဆိုင်ရာ ကျောင်းသား သမဂ္ဂများ အဖွဲ့ချုပ်ကို ကိုယ့်ဘာသာကိုယ် တရားဝင်ထူထောင်ရပ်တည်ဖို့ ဆုံးဖြတ်ကြသည်။ သြဂုတ် ၂၆ ရက်နေ့ တွင် ဘားလမ်းထဲရှိ အိမ်တစ်အိမ် မှာ ကျောင်းသူကျောင်းသားများ ထပ်မံစုစည်းပြီး ကျောင်းသားသမဂ္ဂ ဖွဲ့စည်း ရေး ရွေးချယ်ကြသည်။

ဥက္ကဌ ကိုမင်းကိုနိုင်။ အဖွဲ့အမည်က ဗမာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားသမဂ္ဂများ အဖွဲ့ချုပ် တရားဝင် ဖြစ်မြောက် ရေး ဗဟို ကော်မတီ။ ကျောင်းသားထုအစည်းအဝေး တခုဖြင့် အတည်ပြုရန် ၁၉၈၈ ခုနှစ် သြဂုတ်လ ၂၈ ရက်နေ့ မှာ ရန်ကုန် တက္ကသိုလ်ထဲရှိ ကျောင်းသားသမဂ္ဂမြက်ခင်းတွင် ကျင်းပမည်။ ဤသို့ စီစဉ်ခဲ့ကြသည်။

၁၉၈၈ ခုနှစ်၊ သြဂုတ်လ ၂၈ ရက်နေ့

ဗမာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားသမဂ္ဂများ အဖွဲ့ချုပ် တရားဝင် ဖြစ်မြောက်ရေးဗဟိုကော်မတီမှ ဦးစီးပြီး ကျင်း ပခဲ့သည့် ကျောင်းသားညီလာခံတရပ်။ ထိုညီလာခံစင်မြင့်တွင် ၁၉၆၂ ခုနှစ်မှစ၍ စစ်အာဏာရှင်စနစ် ဆန့်ကျင် ရေးခေတ်အဆက်ဆက် ပါဝင်ဖြတ်သန်းလာခဲ့သည့် ကျောင်းသားရဲဘော်ဟောင်းကြီးများက မိန့်ခွန်းပြောကြ သည်။ ကျောင်းသားသမိုင်းမျိုးဆက် လက်ဆင့်ကမ်းကြသည်။

ထိုအချိန်က ကျောင်းသူ ကျောင်းသားများက လက်ဆင့်ကမ်းယူခဲ့ကြသည်။ သမိုင်းသည် ကွင်းဆက်နှင့် ဖြစ်ပေါ် ရသည် မဟုတ်လား။

ရှစ်လေးလုံး လူထုလှုပ်ရှားမှုအားကောင်းလာပြီး ပိုမိုကျယ်ပြန့်သော ကျောင်းသူ ကျောင်သားများ စုစည်းမိလာ သည့် အခါ ဗမာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားသမဂ္ဂများအဖွဲ့ချုပ် တရားဝင်ဖြစ်မြောက်ရေး ဗဟိုကော်မတီမှ ဗမာ နိုင်ငံလုံးဆိုင်ရာ ကျောင်းသားသမဂ္ဂများအဖွဲ့ချုပ်အဖြစ် ကျောင်းသားထုအကျိုး၊ ပြည်သူလူထုအကျိုးအတွက် ခွပ်ဒေါင်းအလံကို အမြင့်မားဆုံး လွှင့်ထူခဲ့ကြသည်။

ထိုအချိန်က ဗမာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားသမဂ္ဂများ အဖွဲ့ချုပ်ကို တာဝန်ယူဆောင်ရွက်ခဲ့ကြသော ကျောင်း သူ ကျောင်းသားများသည် ယနေ့ ဒီမိုကရေစီတိုက်ပွဲထဲမှာ ရှိနေကြဆဲ။ လွန်ခဲ့သော အနှစ် ၂၀ ကအတိုင်း ထောင် ကျခံရန် အသင့်၊ တိုက်ပွဲဝင်ရန်အသင့်။ ယခုလည်း ကိုမင်းကိုနိုင် အပါအ၀င် ၈၈ မျိုးဆက်တွေ ဒီမိုကရေစီ တိုက်ပွဲ ထဲမှာ၊ အကျဉ်း ထောင်တွေ ထဲမှာ။

သမိုင်းသဘောအရ မျိုးဆက်ဆိုသည်မှာ ကိုယ်ကမွေးသော သားသမီးကိုခေါ်သည်မဟုတ်။ သမိုင်းတာဝန်ကို ဆက်ခံသူသာ။ မပြီးဆုံးသေးသော ရှစ်လေးလုံးဒီမိုကရေစီအရေးတော်ပုံကြီး၏ မပြီးဆုံးသေးသော ဒီမိုကရေစီ ရေး သမိုင်းတာဝန်ကို ဆက်ခံသူသာ ဒီမိုကရေစီမျိုးဆက်ဖြစ်ပေလိမ့်မည်။ ၈ လေးလုံး မျိုးဆက်ပေါ်ထွန်းလာခဲ့ သည်။

ဗမာ့နိုင်ငံရေးသမိုင်းမှာ ၁၉၆၂ ခုနှစ် စစ်အာဏာရှင် ဆိုသည့် စနစ်ဆိုးကြီး စတင်ကျရောက်သည့် အချိန်မှ စတွက်လျင် ၄၆ နှစ်၊ ၈ လေးလုံးအရေးတော်ပုံမှ ရေတွက်လျှင် ယနေ့ အနှစ် ၂၀။

အနှစ် ၂၀ ကာလအထိ ဒီမိုကရေစီအောင်ပွဲမရသေးသည့်အပေါ် ပြန်လည်သုံးသပ်လာကြသည်။ ဗိုလ်မှူးချစ် ကောင်း ရေးခဲ့ဖူး သလို နိုင်ငံရေးလုပ်ပြီး အနှစ် ၂၀ ကြာလာတဲ့အခါ မိမိကိုယ်မိမိ ပြန်ကြည့်သော် ကြိုးတိုက်ထဲ ရောက်နေသည်ကို တွေ့ရသည် ... တဲ့။

ဒီမိုကရေစီတော်လှန်ရေးကား ကြိုးတိုက်ထဲရောက်နေပြီလား။ ရှိပါသည်။ ဒီမိုကရေစီတော်လှန်ရေး ကာလတ လျှောက် အားနည်းချက်များ၊ အနိဌာရုံများ၊ စိတ်ပျက်စရာများ ရှိပါသည်။ ဘာပဲဖြစ်ဖြစ် ဆန်ရင်းနာနာဖွပ်နိုင်ဖို့ လိုသည်။ သို့သော် ဆန်ရင်းနာနာဖွတ်ရာမှ တော်လှန်ရေးကတော့ အောင်ပွဲရမှာ မဟုတ်တော့ပါဘူးကွာဆိုလျင် ဘက်တဘက်တည်းကို မြင်ရာကျတော့မည်။ အခြေအနေကို ပကတိအတိုင်း ကြည့်မြင်ဖို့ အားထုတ်တာ ပိုသင့် လျှော်ပေလိမ့်မည်။

ဒီမိုကရေစီလှုပ်ရှားမှုကြီး အနှစ်(၂၀)ကြာခဲ့သော်လည်း ဒီမိုကရေစီရေစီးကြောင်းက မပျောက်

ကမ္ဘာမှာလည်း အားကောင်းနေဆဲ။ ဗမာပြည်မှာလည်း စီးဆင်းနေဆဲ။ စစ်အစိုးရက ဘယ်လိုမဟာဗျူဟာတွေ၊ နည်းဗျူဟာ တွေချမှတ် ချမှတ်။ သူ့ စစ်အာဏာရှင်စနစ် တည်မြဲရေးအတွက် ဒီမိုကရေစီရေစီးကြောင်းကြီးထဲမှာ ခုခံနေရတာ ဖြစ်နေ သည်။ ရေရှည်မှာ ရေစီးကြောင်းကို ခုခံဖို့မဖြစ်၊ အလွန်ဆုံးဖြစ်နိုင်လျင် တချို့ ရေစီးကြောင်း နဲ့အတူ စီးမျောလိုက်ပါပြီး တချို့နစ်မြုပ်သွားလိမ့်မည်။

နောက် ၂၀၀၇ စက်တင်ဘာလှုပ်ရှားမှုအပြီး ပေါ်ထွက်လာသော ဒီမိုကရေစီတပ်သားသစ်များ။ တချို့ ရှစ်လေး လုံး အရေး တော်ပုံကြီးဖြစ်နေသည့်ကာလတွင် မွေးပင်မမွေးသေး။ အများစုမှာ ရှစ်လေးလုံးဝန်းကျင်ကာလတွင်မှ လူ့ပြည်ရောက်လာ ကြသူများ။

၂၀၀၇ ခုနှစ် သြဂုတ်လ(၂၈)ရက်နေ့

ဗမာနိုင်ငံလုံးဆိုင်ရာကျောင်းသား သမဂ္ဂများ အဖွဲ့ချုပ်ကို ပြန်လည်ဖွဲ့စည်းလိုက်ကြောင်း မီဒီယာမှ ကြားလိုက်ရ သည်။ ၂၀၀၇ စက်တင်ဘာ လူထုလှုပ်ရှားမှုအပြီး လူငယ် ကျောင်းသားအဖွဲ့များ ဟိုတဖွဲ့ ဒီတဖွဲ့ ပေါ်လာကြ သည်။

ယခုသူတို့ ရှစ်လေးလုံးဒီမိုကရေစီအရေးတော်ပုံကြီး၏ မပြီးဆုံးသေးသော တော်လှန်ရေးတာဝန်ကို ဆက်ထမ်း နေကြသည်။

ထိုအကြောင်းနှစ်ချက်သည် ဒီမိုကရေစီအရေးတော်ပုံကြီး၏ အလင်းတန်းနှစ်ခု။ သမိုင်းကို ဆန့်ကြည့်ဖို့တော့ လို ပေလိမ့်မည်။

တချို့အတွက် အနှစ်၂၀ ကြာလာသောအခါ ဒီမိုကရေစီ အညောင်းမိကောင်း မိနိုင်သည်။ သူတို့အတွက် ဒီမိုက ရေစီနိုင်ငံ ရေးကား ဒီနေ့မှစပါသည်။

ဧရာဝတီ website မှ ကူးယူတင်ပြသည်။

No comments: