DREAM ANGEL သို့ လာရောက်လည်ပတ်ကြသူအားလုံးကို DREAM ANGEL မှ ကျေးဇူးအထူးတင်ရှိပါတယ်.........

Monday, October 13, 2008

အကိုတယောက်ကလည်း ဒီလိုမြင်ပါတယ်

Comment ကနေပြန်လည်ဖော်ပြပေးထားတာပါ၊

မီးပုံးလိုချင်တဲ့ ညီလေး။ ပျော့ညံ့မှုနဲ့ သည်းခံခြင်းဆိုတာ မတူပါ။ ပျော့ညံ့တယ်ဆိုတာ ကြောက်တာပါ။ သည်းခံတယ်ဆိုတာ နိုင်ရဲ့သားနဲ့ နားလည်မှု ပေးတာပါ။ ညီလေးတို့လို လူငယ်တွေ အနေနဲ့ မတက်ကြွရင်တောင် မပျော့ညံ့သင့်ဘူး။ လူငယ်ဆိုတာ အရာရာကို ရင်ဆိုင်ဖို့ သတ္တိရှိတဲ့ ၊ ရန်သူမှန်သမျှကို စုတ်ဖြဲပစ်နိုင်တဲ့ အင်အားနဲ့ ပြည့်စုံတဲ့ လူတွေ ဖြစ်တယ်။ အဘိုးကြီးတွေ စစ်တိုက်တယ် ကြားဘူးလား။ ဥာဏ်သမားက ဥာဏ်သမား ၊ အင်အားသမားက အင်အားသမားပါ။

သဘောတရားတွေကို ဖတ်ပြီး အဟုတ် မထင်ပါနဲ့။ မှန်ကန်တဲ့ သဘောတရားတခု ဆိုတာ ပို့စ်မော်ဒန်လို တွေးချင်ရာတွေးလို့ ရတဲ့ သဘောတရားမျိုး မဟုတ်ဘူး။ သဘောတရားဆိုတာ မီးနဲ့တူတယ်။ သုံးတတ်ရင် အကျိုးရှိပြီး မသုံးတတ်ရင် အကျိုးမဲ့စေတယ်။ သဘောတရားဆိုတာ ငါ့ညီကို ဒါကြီးပဲကွလို့ ပြောထားတာ မဟုတ်ဘူး။ သဘောတရားတခုကို လေ့လာရင် ငါ့ညီရဲ့ ဥာဏ်ပေါ်မှာ မူတည်ပြီး အပြောင်းအလဲ ဖြစ်နိုင်တယ်။ ဂန္ဒီရဲ့ သဘောတရားကို ပုံတူကူးမယ်ဆိုရင်လဲ ဂန္ဒီရဲ့ ဥာဏ်ရည်ကို မှီမှ ကူးတာဟာ ကောင်းလိမ့်မယ်။ သဘောတရားဆိုတာ ဥာဏ်ပေါ်လိုက်ပြီး အကျိုးဖြစ်ထွန်းမှုနဲ့ အကျိုးမဲ့စေမှုတွေကို ဖြစ်စေတယ်။ အရင်တုန်းက မှန်ခဲ့တဲ့ သိပ္ပံနဲ့ နည်းပညာ သဘောတရားတွေဟာ ဒီခေတ်မှာ မမှန်တော့တာ ငါ့ညီ မြင်နေ ကြားနေမှာပါ။

ငါ့ညီက မြန်မာ့ဆိုရိုးတွေနဲ့ ကိုးကားသွားလို့ တခုပြောမယ်။ ရန်ကို ရန်ခြင်း မတုံ့နှင်းနဲ့ဆိုတာ ဘုရားဇာတ်တော်က လာတာပါ။ ဒါပေမယ်မဲ့ တကယ် ဇာတ်တော်တွေကို လေ့လာကြည့်မယ်ဆိုရင် အလောင်းတော် ဘ၀မှာ ဘုရားအလောင်းတော်ဟာ ငြိမ်းချမ်းရေးအတွက် စစ်ခင်းခဲ့ရတာတွေ အများကြီး ရှိတယ်။ ရှေးခေတ်က စစ်တိုက်တယ်ဆိုတာ အင်မတန် ကြီးကျယ်တဲ့ ဆင်းရဲပါ။ ခြေပြတ်၊ လက်ပြတ် ၊ လူ သိန်းနဲ့ချီပြီး ဓားနဲ့ ခုတ် ၊ လှံနဲ့ ထိုးကြတာပါ။ ဘုရားအလောင်းတော်ဟာ သတ္တ၀ါတွေကို သေကြေ ပျက်စီးစေလိုတဲ့ ဆန္ဒမရှိပေမယ့် သတ္တ၀ါအများရဲ့ အကျိုးအတွက် သူအကုသိုလ် အရခံပြီး စစ်ပွဲကို ဆင်နွဲခဲ့ရတာပါ။ အရိမေတ္တေယျ ဘုရားအလောင်းတော်လဲ တုသိတာနတ်ပြည်မှာပဲ ရှိနေပါသေးတယ်။ မြန်မာပြည်မှာ လူပြန်မ၀င်စားလောက် သေးပါဘူး။

ပြုသူအသစ် ဖြစ်သူအဟောင်း ဆိုတာကို ငါ့ညီ မှားယွင်းစွာ မှတ်သားထားတယ် ထင်တယ်။ ပြုသူအသစ် ဆိုတာ ပြုသူက အကုသိုလ်ကံ အသစ်ဖြစ်ပြီး ဖြစ်သူက အကုသိုလ်ကံ အဟောင်းကို ဆပ်ရတယ်လို့ အဓိပ္ပာယ် ရပါတယ်။ အကုသိုလ်ကံတွေပဲ ဆပ်လိုက်ပေါ့လို့ ပြောလာရင် ငါ့ညီ ဗုဒ္ဓဘာသာကို ပြန်လေ့လာဖို့ လိုမယ်ထင်တယ်။ ဘုရားရှင်က ကံကောင်းလို့ ဓားပြ အတိုက်မခံရဘူးလို့ မဟောခဲ့ပါဘူး။ ဥာဏ်ကို သုံးပြီး ကာကွယ်ရမယ်လို့သာ ဟောခဲ့ပါတယ်။ ပြုချင်ရာ ပြုတဲ့လူက ပြုနေတာကို ဖြစ်နေတဲ့လူက ၊ ခံနေရတဲ့လူက ဘာမှ ပြန်မလုပ်ရဘူးလို့ အဓိပ္ပာယ် မရပါဘူး။

နိုင်ငံတကာက အစိုးရ မှန်သမျှနီးပါးဟာ ပြည်သူက ဆဲတာခံရပါတယ်။ မယုံရင် ငါ့ညီ အင်တာနက်မှာ ရှာပါ။ မေးမြန်းစုံစမ်းကြည့်ပါ။ ဒါကို ထူးပြီး သူတို့ အနေနဲ့ ပုံကြီးချဲ့ နာစရာ မလိုပါ။ ကမ္ဘာနဲ့ အ၀ှမ်းဖြစ်နေတာပါ။ အဆဲမခံချင်ရင် အဲဒီနေရာက ထွက်ပေးလိုက်ပေါ့။ ပြည်သူမှာ အစိုးရကို မကျေနပ်ရင် ဆဲခွင့်ရှိတယ်။ အဲဒါကိုက ပြည်သူ့အခွင့်အရေးပဲ။ ထိုင်းလန်းကလို ဘုရင်ကို ဝေဖန်ရင် သေဒဏ်တော့ လာမပြောနဲ့ပေါ့ကွာ။ သူတို့က သူတို့ ဘုရင်ကို ဘယ်လောက်ချစ်လဲ ငါ့ညီ စုံစမ်းကြည့်ပေါ့။ သူတို့ ချစ်လို့ တင်မြှောက်ထားတာပါ။ လုယူထားသူတွေ မဟုတ်ဘူး။
သူပုန်ဆိုတဲ့ စကားကို အကို တခါရေးသွားဖူးတယ်။ ၁၉၉၀ မှာ အနိုင်ရထားတဲ့ ပြည်သူ ရွေးကောက် တင်မြှောက်ထားတဲ့ အစိုးရဟာ NLD ပါ။ ဒါကို စစ်တပ်က လက်နက်အားကိုးနဲ့ အာဏာကို လူတွေ ရွေးကောက်ထားတဲ့ အစိုးရလက်ကနေ လုယူခဲ့တာပါ။

အစိုးရကို ပုန်ကန်လို့ သူပုန်လို့ တထစ်ချပြောလို့ ရမယ်ဆိုရင် ၁၉၉၀ တုန်းက သူပုန်တွေ အခု အုပ်ချုပ်နေတာပါ။ အစိုးရတရပ် မဟုတ်ပါ။ ဒါကြောင့်လဲ ၂၀၁၀ မှာ သူတို့ကိုယ် သူတို့ တရားဝင် ဖြစ်အောင် ကြိုးစားနေတာပါ။ အခုလက်ရှိ သူတို့ အခြေအနေဟာ တကယ်ပြောမယ်ဆိုရင် သူပုန်ပါ။ အစိုးရက အချုပ်ထဲမှာပါ။


ငါ့ညီ လင်ကွန်းအကြောင်း ရေးထားတဲ့ စာအုပ်တွေ ဖတ်ကြည့်စေချင်တယ်။ လင်ကွန်းဟာ စစ်တိုက်ဖို့ ရွေးချယ်ခဲ့တယ်။ သဘောပြောရရင် အကြမ်းဖက်တယ်ပေါ့ကွာ။ သမိုင်းမှာ သူတာဝန်ကျေအောင် လုပ်ပြခဲ့တယ်။ လူုတိုင်းလေးစားရတဲ့ ခေါင်းဆောင်ကောင်းဖြစ်ခဲ့တယ်။ ဒါပေမယ့် သူဘယ်လို စစ်ကို အဆုံးသတ်သလဲဆိုတာ ရှာဖတ်ကြည့်ပါ။ သူ့ရဲ့ သဘောထားကြီးမားမှုနဲ့ ခွင့်လွှတ်မှုဟာ စစ်ကို ပြီးဆုံးစေတာပါ။ သေကို သေမယ်ဆိုတဲ့ လူက မသေအောင် ခံတိုက်မှာ သဘာဝ ကျပါတယ်။ ခုပြောနေတာတွေ အကုန်လုံးဟာ သတ်ကို သတ်မယ်လို့ ပြောနေတာ မဟုတ်ဘူး။ နအဖဟာ အခြေအနေ မကောင်းမခြင်း ဆင်းမှာ မဟုတ်ဘူး။ သူတို့လက်အောက်မှာ နေရတဲ့ တပ်သားတွေ ခဗျာလဲ ငါ့ညီ မြင်ဘူးမှာပေါ့။ သူတို့ ထိန်းချုပ်လို့ မရတော့ဘူးဆိုတဲ့ အခြေအနေမှာ သူ့ဟာ သူ အရေးတောင်းလာပါလိမ့်မယ်။ သူတို့ကို သတ်ချင်ရအောင် အကိုတို့နဲ့ ဘာရန်ငြိုးမှ မရှိဘူး။ သူတို့ သားသမီးတွေထဲတောင် သူငယ်ချင်းတွေ ရှိသေးတယ်။ ဒီတိုင်းကြီး အော်နေလို့ နအဖ ထိုင်ခုံပေါ်က ဆင်းပေးမှာ မဟုတ်တာ သုံးနှစ်ကလေးတောင် သိပါတယ် ငါ့ညီ။ ဒီအတွက် သူတို့ စကားမပြော ပြောချင်လာအောင် Force တခုပေးရတဲ့ သဘောပါ။ သန်းရွှေကိုလဲ သတ်ကို သတ်မယ် မပြောပါဘူး။ ရှင်းရှင်းပြောရရင် သူတို့ အသက်အိုးအိမ်စည်းစိမ်မပျက် ပေးပါ။ ခုဆင်းပေးပါ့မယ်ဆိုရင်တောင် သဘောကျသေးတယ်။ စစ်တိုက်ရမှာ ဘယ်သူမှ မလိုလားပါဘူး။ အေဘရာဟင် လင်ကွန်းလဲ လိုလားခဲ့မှာ မဟုတ်ဘူး။ ဒါပေမယ့် လိုအပ်တဲ့အတွက် တိုက်ခဲ့ရတယ်။


ဘာသာရေးတွေဖတ်၊ ငြိမ်းချမ်းရေး သဘောတရားတွေ ဖတ် ပြီးရင် လူကြီး သူမ ၊ ပညာရှိတွေ ၊ ဆိုင်ရာ ဘာသာရေး ဘုန်းတော်ကြီးတွေကို မမေးပဲ မဆုံးဖြတ်ပါနဲ့။ သဘောတရားဆိုတဲ့ နယ်ဟာ သိပ်ကျယ်ပါတယ်။ လိုက်လို့ မကုန်ဆုံးနိုင်ပါဘူး။ လူသေ လူဖြစ် ၀ါဒတွေ ၊ ဗိုက်ကို ဓားနဲ့ ဘယ်လိုခွဲရင် လူပြန်ဖြစ်တယ်ဆိုတဲ့ ဆာမူရိုင်းဝါဒတွေ ၊ မွေးလာထဲက မသန်မစွမ်းဖြစ်လာရင် သတ်သင့်တယ်ဆိုတဲ့ ၀ါဒတွေ ၊ သေခါနီး ဝေဒနာ မခံစားရအောင် သတ်သင့်တယ်ဆိုတဲ့ ၀ါဒတွေ အများကြီးတောင် အငြင်းပွားလို့ မပြီးသေးပါဘူး။ ငြိမ်းချမ်းရေးနဲ့ အကြမ်းဖက်ဝါဒဆိုတာ အဲဒါတွေထက် အများကြီး ပိုကျယ်ပြန့်ပါတယ်။


ငါ့ညီမှာ ၀ါဒမှား တခု စွဲကပ်နေပြီ။ လူငယ်တယောက်မှာ ဒီလို ၀ါဒစွဲမျိုး စွဲကပ်သွားမယ်လို့ ဘယ်တုန်းကမှ မတွေးခဲ့ဖူးဘူး။ အမှန်ဆို လူငယ်ဆိုတာ လွတ်လပ်စွာတွေးပြီး လွတ်လပ်စွာ ဖွံ့ဖြိုးရမှာ မဟုတ်လား။ ခေါင်းဆောင်မရှိဘူးလား။ ငါ့ညီလဲ ခေါင်းဆောင် ဖြစ်နိုင်တယ်။ အကိုလဲ ဖြစ်နိုင်တယ်။ စဉ်းစားဆင်ခြင်ဥာဏ် ရှိတဲ့ ဘယ်သူမဆို ခေါင်းဆောင်ဖြစ်နိုင်တယ်။ အနှစ် ၂၀ မနိုင်လို့ အဂှုံးပေးလိုက်တော့မှာလား။ ရှေ့ကလူတွေ မလုပ်နိုင်လို့ ငါတို့မျိုးဆက်ကပါ မလုပ်နိုင်ပါဘူးဆိုပြီး အညံ့ခံမှာလား။ ငါ့ညီ ကိုယ်ကိုကော ဒီလိုပဲ သတ်မှတ်ထားသလား။ ဒီလိုသာဆို နှစ်ပေါင်း ၆၀ကျော် နယ်ချဲ့ကို အသက်ပေးပြီး ခံတိုက်ခဲ့တဲ့ သူရဲကောင်းတွေ ရူးနေလို့ နေမှာ။ ဒါက ခုမှ အနှစ် ၂၀ပဲ ရှိသေးတာ မဟုတ်လား။


ဒေါ်လာရတယ်တွေ ၊ သွေးထိုးပေးတယ်တွေ ၊ ကိုယ်ကျိုးရှာတယ်တွေ ငါ့ညီ သိပ်မပြောပါနဲ့။ ငါ့ညီ သိတာ သိပ်နည်းသေးတယ်လို့ အကိုထင်တယ်။ ငါ့ညီ refugee camp မှာ ၊ တောထဲမှာ ၁ လလောက် နေဘူးတယ် ရှိအောင် နေကြည့်ပါလား။ နီးနီးစပ်စပ်ပြောမယ်ကွာ။ လူသူ အရောက်အပေါက် အရမ်းနည်းတဲ့ တောရွာတခုမှာ ငါ့ညီသွားနေကြည့်လိုက်ပါ။ သိပ်အဆင်မပြေရင်လဲ ခြံထဲမှာပဲ ခြုံထိုင်ကြည့်ပါ။ သူတို့ အကုန်လုံး အဲဒီမှာ အချိန်အကြာကြီး ဒုက္ခခံပြီးမှ တခြားကို သွားလို့ရတာပါ။ ကိုမိုးသီးဇွန်ဆို တောထဲမှာ သေနတ်နဲ့ ဖက်ပြီး နေလာရတာပါ။ ABSDF တွေ လူမဆန်တဲ့ တိုက်ပွဲမှာ ဗုံးနဲ့ပါ ကျဲခံရတယ်။ အဲတုန်းက သူတို့လဲ မင်းလို လူငယ်တွေပါ။ စာမတတ်တဲ့ ကောင်တွေလဲ မဟုတ်ဘူး။ အေးဆေးနေရင် သူတို့ ခုချိန် ငြိမ်ငြိမ်းချမ်းချမ်း နေလို့ရပါတယ်။ သူတို့ တိုင်းပြည်အပေါ်မှာ ထားခဲ့တဲ့ စေတနာနဲ့ စွန့်ခဲ့တာတွေကို ငါ့ညီ သေချာ မသိပဲ မစော်ကားပါနဲ့။ ငါ့ညီတောင် နာဂစ်ခံလိုက်ရတဲ့ လူတွေကို လှူမယ်ဆိုပြီး တပတ်လောက် အငတ်ငတ် အပြတ်ပြတ်နေဖူးလို့လား။


အကိုက သူတို့ကို ရေးတယ်ဆိုတာ သူတို့ လုပ်ဟန်တွေ အချိုးမကျတာတွေကို ရေးတာပါ။ သူတို့ စွန့်ခဲ့တဲ့ ဘ၀ကို မရေးပါဘူး။ ငါ့ညီ လေက နအဖလေနဲ့ တထပ်ထဲ ထွက်နေတယ်။ ရှင်းရှင်းပြောရရင် သာမာန်လူ တယောက်မှာ ဒီလို အတွေးအခေါ် ရှိတယ်ဆိုတာ တော်တော်အံ့သြမိတယ်။ စေတန်ဂေါ့ လို လူမျိုးထင်ရဲ့။ ကိုယ်ထမင်းဝလို့ သူများကို မကြည့်ရတော့ဘူးဆိုရင် အကိုတို့လဲ ဒါတွေ ရေးမနေတော့ပါဘူး။ အကို့သူငယ်ချင်း ဗိုလ်ချုပ်သားတွေနဲ့ ပေါင်းပြီးပဲ မြန်မာပြည်မှာ မတရားစီးပွားရှာစားတော့မယ်။ ငါ့ညီ အကို့ရှေ့က ဖြတ်လျှောက်မိလို့ အချိုးမပြေရင် ဘောဒီဂတ် တကောင်လွှတ်ပြီး နားရင်းရိုက်ခိုင်းမယ်။ ငါ့ညီက ဘာကောင်မှ မဟုတ်ဘူး မဟုတ်လား။ ဒါဆို အကိုတို့က ဟုတ်နေရင် အကိုတို့လုပ်တာ ငါ့ညီခံရမယ်။ ဒီလိုဆိုရင်ကော ငါ့ညီ ဘာပြောဦးမလဲ။


သူတို့ဟာ ယုံကြည်မှု တခုအတွက် ပေးဆပ်ခဲ့ကြတယ်။ လမ်းခုလတ်မှာ အကြောင်းတစုံတရာကြောင့် သွေဖယ်ချင် သွေဖယ်သွားမယ်။ သောက်သုံးမကျတာတွေ ဖြစ်ရင် ဖြစ်လာမယ်။ သို့သော် ခုထိ ယုံကြည်မှုအတွက် အသက်နဲ့ ဘ၀ကို စွန့်မဲ့လူတွေ ရှိနေတုန်းပဲ။ သူတို့ကို စော်ကားတာကို အကိုနဲ့တကွ တခြား မြန်မာပြည်ကို ချစ်ကြတဲ့လူတွေ လက်ခံမှာ မဟုတ်ဘူး။


ငါ့ညီ Blogမှာ ရေးထားတဲ့ စာလေးကို တော်တော် သဘောကျတယ်။ အရေးအသား ပြေပြစ်ပြီး ရသမြောက်တယ်။ အဆင်ပြေရင် စာအကြောင်း ၊ ပေအကြောင်း ဆွေးနွေးချင်ပါသေးသည်။ ကောင်းကောင်းမွန်မွန်လူတိုင်းမှာ စွမ်းရည်ရှိတယ်။ အကိုတို့က အထင်ကြီးတယ်။ တယောက်မှာ မရှိတာတွေ တယောက်မှာ ရှိကြတယ်။ သို့သော် ဘယ်တော့မှ လူမိုက်နဲ့တော့ Deal မလုပ်ဘူး။ လုပ်ဖြစ်ခဲ့ရင်လဲ တလမ်းပဲ ရွေးမယ်။ :)


ငါ့ညီ ကိုယ့်ခံစားချက်ကို သစ္စာမဖောက်ပဲ ကလေးဆိုးတယောက်ကိုပဲ ယှဉ်နိုင်အောင် ကြိုးစားပါဦး။ :) မနိုင်လို့ ဘာမှ မလုပ်ပဲ နေတာ ငြိမ်းချမ်းရေး လမ်းစဉ် မဟုတ်ဘူး။ ငြိမ်းချမ်းရေး လမ်းစဉ်ဆိုတာဟာ လက်နက်ကိုင်တာထက်ကို သတ္တိကောင်းမှ ဖြစ်နိုင်တဲ့ အရာမျိုး။ ငါ့ညီရဲ့ ကလေးဆိုးကို ကျိုးအောင် ကန်းအောင် လုပ်ဖို့က သိပ်မခက်ဘူး။ ငါ့ညီ လိုချင်တဲ့ ငြိမ်းချမ်းရေး လမ်းစဉ်ဆိုတာက သူ့ကို သွားပြောမယ်။ ပါးရိုက်လွှတ်မယ်။ ထပ်သွားပြောမယ်။ ဆောင့်ကန်လွှတ်မယ်။ ထပ်သွားပြောမယ်။ တုတ်နဲ့ ရိုက်မယ်။ ဆေးခန်း သွားရမယ်။ ထပ်သွားပြောမယ်။ ဓားနဲ့ ထိုးလွှတ်လို့ ဆေးရုံရောက်မယ်။ ထပ်သွားပြောလို့ ဟိုက လက်လျှော့ပြီး “မင်းလိုကောင် မတွေ့ဖူးဘူး။ ငါလက်လျှော့လိုက်ပါပြီ”ဆိုပြီး အဂှုံးပေးသွားမှ ငါ့ညီနိုင်မှာ။ သူက မလျှော့ပေးပဲ ငါ့ညီကို သတ်လိုက်ရင် ငါ့ညီသေသွားမယ်။ ခြေကျိုး ၊ လက်ကျိုးဖြစ်အောင် လုပ်လိုက်ရင် ငါ့ညီ တဘ၀လုံး ဒုက္ခိတ ဖြစ်သွားမယ်။ ဘာမှ ရမှာတော့ မဟုတ်ဘူး။ ငါ့ညီအနေနဲ့ လူငယ်ပီပီ စမ်းကြည့်ပေါ့ကွာ။ ဘယ်ဟာ အဆင်ပြေမလဲလို့။ မနိုင်သော သည်းခံခြင်းနဲ့ ပါးစပ်ပိတ်နေတာ ငြိမ်းချမ်းရေး လမ်းစဉ် မဟုတ်ဘူး။ ကြောက်ရွံ့ပျော့ညံ့တာလို့ ခေါ်တယ် ငါ့ညီ။


ဘာမဟုတ်တဲ့ ကလေးဆိုး တယောက်ကို အနိုင်ယူနိုင်ပြီဆိုတော့မှ တိုင်းပြည်ကို ဘယ်လိုနည်းနဲ့ အနိုင်တိုက်ယူသင့်လဲ စဉ်းစားတာပေါ့။ ငါ့ညီ ခုစော်ကားမော်ကား ရေးသွားတဲ့ လူအကုန်လုံးက ဒီကလေးဆိုးလို သတ္တ၀ါမျိုးကို အချိန်မရွေး စုတ်ဖြဲပစ်နိုင်လောက်အောင် အဖက်ဖက်က အင်အားပြည့်စုံတဲ့ လူတွေချည်းပဲ။ (တကယ်တော့ ငါ့ညီရေးတာ အကုန်မှားနေတယ် မပြောဘူး။ သေချာမသိပဲ ဒီလူတွေကို လျှောက်ရေးလို့ စော်ကားတယ်လို့ ပြောတာ။ ဘယ်သူက သူပုန်အစစ်လဲဆိုတာတောင် ငါ့ညီ မသိဘူး မဟုတ်လား။ ) အင်အားပြည့်စုံတဲ့ လူချင်းမို့လဲ မာနတွေနဲ့ မညီညွတ်ကြလို့ နအဖကို နိုင်အောင် မလုပ်နိုင်တာပဲ။ တဦးချင်း တယောက်ချင်း သူ့စွမ်းရည်နဲ့ သူရှိတဲ့ လူတွေချည်းပဲ။ စွမ်းရည်မရှိပဲ ပျော့ညံ့တဲ့ လူတယောက်မှ မပါဘူး။ ငါ့ညီ သူတို့ကို စော်ကားချင်ရင် အဲဒီ ကလေးတယောက်ကိုပဲ နိုင်အောင် ရင်ဆိုင်ကြည့်ပါဦး။ လူတယောက်ကို အနိုင်ရအောင် တိုက်ခိုက်ဖူးမှ လူအများကို အနိုင်ရအောင် တိုက်နိုင်မှာပေါ့။ ဘယ်လမ်းစဉ်ပဲ သုံးသုံး ငါ့ညီ သုံးမဲ့ လမ်းစဉ်နဲ့ အဲဒီကလေးကို အနိုင်ရအောင် အရင်လုပ်ကြည့်ပါ။


တခုပြောပြမယ်။ သေချာစဉ်းစား။ ငါ့ညီရဲ့ မီးပုံးက သူနဲ့ ၅ ပေလောက် အကွားအဝေးမှာ ရှိနေတယ်။ ကလေးဆိုးကတော့ ဓားလေးကိုင်ပြီး မီးပုံးလေးဆီ သွားနေတယ်။ ငါ့ညီက သူ့နောက်ခပ်လှမ်းလှမ်းမှာ။ သူ့ကို ကျော်တက်ဖို့လဲ မမှီနိုင်ဘူး။ လုဖို့ မဖြစ်နိုင်ဘူး။ သွားတောင်းလဲ ကလေးဆိုးဆိုတော့ စိတ်အခန့် မသင့်ရင် ဓားနဲ့ ထိုးမယ်။ ဒီတိုင်းထားရင်လဲ ငါ့ညီ တန်ဖိုးထားတဲ့ မီးပုံးကို ဖျက်ဆီးဖို့ ဟိုက သွားနေပြီ။ ငါ့ညီ ဘာလုပ်မလဲ။ ငါ့ညီ တန်ဖိုးထားတဲ့ အရာတခု မပျက်မစီးအောင် ကာကွယ်နိုင်လျှက် မကာကွယ်တာဟာ တန်ဖိုးထားတယ် မမည်ဘူး။ ဖြစ်ချင်ရာဖြစ်လို့ သဘောထားတာ သက်သက်ပဲ။ ငါ့ညီ လက်အုပ်ချီပြီး သံဗုဒ္ဓေ ရွတ်နေမှာလား။ အလ္လာရှင်မြတ်ဆီမှာ အသနားခံနေမှာလား။ ထာဝရ ဘုရားသခင်ကိုပဲ အပြစ်တင်မှာလား။ ကာလီမယ်တော်ကို တောင့်တနေမှာလား။ ဘာလုပ်လုပ် ငါ့ညီ သဘောပဲ။


!!!!! ဟိုကလေးဆိုးကတော့ ငါ့ညီ သိပ်တန်ဖိုးထားတဲ့ မီးပုံးလေးကို ဖျက်ဆီးဖို့ သွားနေပြီ !!!!!
October 12, 2008 3:22 PM

No comments: