ဒီလမ်းလိုက်မှတော့
ဒီစခန်းရောက်ရမှာပေါ့
အမှောင်တွေကိုလည်း
မတမ်းတချင်တော့ဘူးဆိုတဲ့သူငယ်ချင်းရေ။
အမှောင်တွေထဲ မင်းကြေကွဲနေမလား
သမာဓီစခန်းမှာ
နေ့ရက်တွေရဲ့ ကန်ချက်များနဲ့
မင့်နံချောင်တွေကျိုးကြေကုန်ပြီလား
ဒါပေါ့ကွာ
ရှေ့ကလူတွေရဲ့ အရှုံးကို
ဒို့ပခုံးနဲ့ထမ်းရမှာပေါ့
ရှေ့ကလူတွေရဲ့ အကြွေးကို
ဒို့နှလုံးသွေးနဲ့ ဆပ်ရမှာပေါ့
မင်းနဲ့ငါ
တစ်ယောက်နဲ့တစ်ယောက် သရော်ခဲ့ကြတယ်
နေ့ရက်တွေကို အော်ဆဲခဲ့ကြတယ်
ချေးထုပ်တွေကိုရွံခဲ့ကြတယ်
ကဗျာနဲ့နေရောင်ခြည်ကိုတော့ ချစ်ခဲ့တယ်။
အခုတော့
မင်းရဲ့အထေ့အငေါ့ကို လွမ်းမိပေါ့
သန့်စင်တဲ့မင်းမျက်ရည်တစ်စက်
ကျခဲ့တဲ့ အရက်ခွက်ကို လွမ်းမိပေါ့။
ခေတ်ကြီးကတော့
စိတ်ကူးယဉ်လို့မရဘူး သူငယ်ချင်း
အပြင်မှာလည်း
အမှောင်နဲ့
ဖုန်နဲ့ခြင်နဲ့
အဆင်မပြေမှုတွေနဲ့ပါဘဲ။
အားမငယ်ပါနဲ့ သူငယ်ချင်း
အလင်းကို
ပုလင်းထဲလှောင်ထားလို့မရပါဘူးကွာ။
လွတ်လပ်ငြိမ်း
(၂၀၀၇ သြဂုတ်လက ကျသွားသော သူငယ်ချင်း ကဗျာဆရာ မင်းဆက် အတွက်)
Saturday, October 11, 2008
သ၀ဏ်လွှာ
Labels:
Poem
Subscribe to:
Post Comments (Atom)
No comments:
Post a Comment