DREAM ANGEL သို့ လာရောက်လည်ပတ်ကြသူအားလုံးကို DREAM ANGEL မှ ကျေးဇူးအထူးတင်ရှိပါတယ်.........

Wednesday, December 10, 2008

လူသစ်၊ စိတ်သစ်၊ သီအိုသီသစ်၊ တော်လှန်ရေးနည်းစနစ်သစ်တွေလိုအပ်လာပြီ

မြန်မာနိုင်ငံရေးနဲ့ပတ်သက်ပြီး ကျွန်တော်တို့အတွက် စဉ်းစားစရာတွေရှိလာတဲ့အချိန်ကို ရောက်ရှိလို့လာပါပြီ။ ဘာကြောင့်လဲဆိုတော့ နအဖဟာ သူတို့ရေးဆွဲထားတဲ့ အခြေခံဥပဒေကို နိုင်ငံတကာနဲ့ ကုလသမဂ္ဂက ဘယ်လောက်ပဲ တရားမျှတမှုရှိအောင် ဆောင်ရွက်ရမယ်လို့ ပြောနေစေကာမူ ၂၀၁၀ မှာ အတည်ပြုပြီး နိုင်ငံတကာအလယ်မှာ တရားဝင်စစ်အစိုးရဖြစ်အောင် နည်းမျိုးစုံနဲ့ ပြုလုပ်တော့မှာဖြစ်ပါတယ်။ ဒီလိုဖွဲ့စည်းပုံအခြေခံဥပဒေ အတည်ပြုပြီးချိန်တွေမှာ နအဖအလိုတော်ကျ အဖွဲ့အစည်းတော်တော် များများဟာလည်း မြန်မာနိုင်ငံရဲ့ နိုင်ငံရေးစင်မြင့်တွေပေါ်ကို ရောက်ရှိနေရာယူလာကြတော့မှာဖြစ်ပါတယ်။ ဒါကြောင့် မြန်မာ့ဒီမိုကရေစီရေးအတွက် လှုပ်ရှားဆောင်ရွက်နေ ကြတဲ့ အတိုက်အခံအင်အားစုတွေအနေနဲ့ ဒီအကြောင်းအရာအပေါ်မှာ ပေါ့ပေါ့တန်တန် မစဉ်းစားစေလိုပါဘူး။

မြန်မာနိုင်ငံရေးမှာ အတိုက်အခံတွေနဲ့ နအဖဟာ ၁၉၈၈ ခုနှစ် နောက်ပိုင်းကတည်းက ဒီမိုကရေစီအရေးနဲ့ စစ်အာဏာရှင်စနစ်တည်မြဲရေးတို့ကို အားပြိုင် လုပ်ဆောင်လာကြတာ အနှစ်နှစ်ဆယ်ပြည့်ခဲ့ပါပြီ။ ဒီလိုအခြေအနေမှာ နအဖကပဲ အတိုက်အခံအင်အားစုတွေထက် တော်နေတာလား။ ဒါမှမဟုတ် အတိုက်အခံအင်အားစုတွေကပဲ နအဖထက်တော်နေတာလားဆိုတာ မေးစရာမေးခွန်းတွေရှိလာပါပြီ။ ဘာကြောင့်လဲဆိုတော့ ဒီမိုကရေစီစနစ် ထွန်းကာဖို့အတွက် အနှစ်နှစ်ဆယ်ကျော် တောင်းဆိုယူနေရ တယ်ဆိုတာ သမိုင်းအမြင်အရကြည့်မယ်ဆိုရင် ဆယ်စုနှစ် နှစ်ခုရှိခဲ့ပြီ ဖြစ်အတွက် သိပ်တော့အကောင်းကြီး မဟုတ်လှတော့ပါဘူး။ ဒီအချိန်တွေမှာ နအဖဟာ အတိုက်အခံ အင်အားစုတွေနဲ့ စေစပ်ညှိုနိုင်းဖို့ မစဉ်းစားခဲ့ပါဘူး။ ဒီလိုမစဉ်းစားတာဟာ အတိုက်အခံတွေအနေနဲ့ နအဖအနေနဲ့စေစပ်ဆွေနွေးမှုတွေ မလုပ်ရင်မဖြစ်တော့အောင် တွန်းအားတွေ ထိထိရောက်ရောက် မပေးနိုင်ကြတာလို့ဆိုရင် အတိုက်အခံအင်အားစုတွေကို အမြင်စောင်းနေတယ်လို့တော့ မထင်လိုက်ကြပါနဲ့။

နအဖဟာ အမျိုးသားအကျိုးစီးပွားလို့ ကြွေးကျော်နေပေမယ့် အမှန်တကယ်တမ်းးမှာတော့ ဆွေမျိုးနဲ့သားသမီးတွေရဲ့ အကျိုးစီးပွားတွေအတွက် လုပ်ဆောင်နေ ကြတယ်ဆိုတာ ဘယ်မြန်မာမဆို သိပြီးသားပါကိစ္စပါ။ ဒါကို အထူးတလည်လုပ်ပြီးတော့ ပြောပြနေစရာ မလိုလောက်တော့ပါဘူး။ ဒီလိုပါပဲ မီဒီယာလုပ်ငန်းမှာပဲကြည့်ကြည့် စီးပွားရေးလုပ်ငန်းတွေမှာပဲကြည့်ကြည့် နအဖအာဏာပိုင်တွေနဲ့နီးစပ်သူတွေ၊ မိသားစုဝင်တွေ၊ ဆွေမျိုးသားချင်းတွေလောက်ပဲ နအဖကြိုက်လုံးတွေပြောဆိုပြီး အကျိုးစီးပွား အတွက် လုပ်ပိုင်ခွင့်တွေရရှိနေကြပါတယ်။ သူတိုဟာ သူတို့အကျိုးစီးပွားတစ်ခုတည်းကို ရှေ့ရှုပြီး နအဖရဲ့ဖွံ့ဖြိုးတိုက်တက်မှုဇယားကွက်မှာ အမြင်ပန်းအရ ကိန်းဂဏာန်းတွေ တက်လာအောင် စီမံကိန်အမျိုးမျိုးကိုချပြပြီး စီးပွားရေးလုပ်ကွက်ရှာဖွေနေကြပါတယ်။ သူတို့က နအဖကို တင်ပြပြီး ခွင့်ပြုချက်နဲ့ လုပ်ဆောင်တဲ့ စီမံကိန်းတော်တော်များများဟာ ဒေသခံပြည်သူတွေအပါအ၀င် မြန်မာလူမျိုးအားလုံးအတွက် ဘာအကျိုးကျေးဇူးမှ မဖြစ်ထွန်းပဲ အကျိုးယုတ်စေတဲ့ စီမံကိန်းတွေကသာ ပိုများပြားနေစေပါတယ်။ ရေကာတာ စီမံကိန်းတွေ၊ ဆည်မြောင်းစီမံကိန်းတွေ၊ လမ်းတံတားဆောက်လုပ်ရေးစီမံကိန်းတွေ၊ လေယာဉ်ကွင်းစီမံကိန်းတွေစတဲ့ ဆောက်လုပ်ရေး စီမံကိန်းမျိုးစုံဟာ သူတို့ရဲ့ စီးပွားရေး လုပ်ငန်းတွေ လည်ပတ်နိုင်ဖို့အတွက် ငွေလှည့်လည်သုံးဆွဲနိုင်အောင် တမင်ဖန်တီးတင်ပြပြီး လုပ်ဆောင်နေကြတဲ့အရာတွေပဲဖြစ်ပါတယ်။ ဒီလိုစီမံကိန်းတွေကြောင့် ဒေသခံပြည်သူအများအပြား အိုးမဲ့အိမ်မဲ့ဖြစ်ရတာတွေ၊ ရွာလုံးကျွတ်ပြောင်းရွှေ့ပေးရတာတွေရှိသလို စီမံကိန်းတွေမှာ ခန့်မှန်းချိန်ထက်စောပြီးအောင် အမြန်ဆောက်လုပ်တာ။ စံချိန်မီအောင်မပြုလုပ်တာတွေကြောင့် ရေကာတာတွေကျိုးပြီး ရွာလုံးကျွတ် ရေလွှမ်းမိုးခံရတာ စတဲ့ဘေးထွက်ဆိုးကျိုး အမျိုးမျိုးကိုသာ ပြည်သူတွေအနေနဲ့ ရင်စည်းပြီး ခံစားနေ ကြရတဲ့ အခြေအနေမျိုးတွေပါ။

ဒီလိုအခြေအနေမျိုးတွေမှာ ယခင်က နအဖကို အတိုက်အခံလုပ်ခဲ့ဘူးပေမယ့် အမြင်မှန်ရသလိုလို၊ ပူးသတ်မလိုလိုစကားလုံးတွေနဲ့ ၁၉၈၈ ခုနှစ်မှာ တောခိုခဲ့တဲ့ ကျောင်းသားအချို့ အလင်းပြန်ဝင်လာပြီး နအဖအာဏာပိုင်တွေနဲ့ အကျိုးတူ စီးပွားရေးလုပ်ငန်းတွေ လုပ်ဆောင်လာကြတာမျိုးတွေရှိပါတယ်။ ဒီလိုအကြောင်းအရာမျိုးတွေဟာ ၂၀၀၀ ပြည့်နှစ်အလွန် နှစ်တွေအထိရှိခဲ့သလို အခုအချိန်ထိလဲ ရှိနေဆဲဖြစ်ပါတယ်။ ဥပမာအနေနဲ့ပြောရင် ၈၈ မျိုးဆက်အတုလို့ လူသိများတဲ့ အေးလွင်အုပ်စုဖြစ်ပါတယ်။ ဒီအုပ်စုမှာပါဝင်တဲ့ နိုင်ငံရေးသမားအမည်တပ် စီးပွားရေးသမားတွေဟာ နိုင်ငံရေးသမားခေါင်းစဉ်အောက်မှာ နိုင်ငံထူထောင်ရေးသမားလိုလို အမျိုးသားအကျိုးစီးပွားသမားလိုလို စကားလုံးအလှအပတွေသုံးပြီး နအဖအာဏာပိုင်တွေရဲ့ မျက်လုံးထဲမ၀င်ဝင်အောင် နိုင်ငံရေးပွဲတွေလုပ်ပြီး ပထမအဆင့်အနေနဲ့ အစိုးရနဲ့ အတိုက်အခံကြား တတိယလမ်းကြောင်း အဖြစ် နိုင်ငံရေးသြဇာရရှိအောင် စတင်ဆောင်ရွက်ခဲ့ကြပါတယ်။ ဒီနောက်ပိုင်းမှာတော့ နအဖအာဏာပိုင်တွေချပေးတဲ့ စက်ရုံတည်ဆောက်ရေးစီမံကိန်းတွေမှာ ကန်ထရိုက်ရပြီး နိုင်ငံရေးစကားတစ်လုံးမှ မပြောကြတော့တာတွေ့ရပါတယ်။ ဒါဟာ တတိယလမ်းစဉ်ပါလို့ ကြွေးကြော်ခဲ့ကြသူတွေရဲ့ ယုံကြည်ချက်မခိုင်မှုနဲ့ တိုင်းပြည်နဲ့လူမျိုးအတွက် သစ္စာမရှိမှုတွေကြောင့်ဖြစ်ပါတယ်။ လာမယ့် ၂၀၁၀ ရွေးကောက်ပွဲရောက်ရင်းလည်း ဒီလိုနအဖအလိုတော်ကျ လူပုဂ္ဂိုလ်တွေနဲ့ အဖွဲ့အစည်းတွေဟာ နိုင်ငံရေးစင်မြင့်တွေပေါ်ကို တက်လာပြီး တရားဝင်စစ်အာရှင်စနစ်နဲ့ ဒီမိုကရေစီနိုင်ငံတော် အမည်ခံဖြစ်ဖို့အတွက် နိုင်ငံရေးဇာတ်ခုံပေါ်မှာ အရှက်မရှိတဲ့ မျက်နှာတွေနဲ့ တက်ပြီးကပြ အသုံးတော်ခံကြဦးမှာဖြစ်ပြီး နအဖနောက်လိုက်တွေ ဖြစ်ကြရဦးမှာပါ။

ဒါကြောင့် အတိုက်အခံအင်အားစုတွေအနေနဲ့လည်း မကြာခင်မှာရောက်ရှိလာတော့မယ့် ၂၀၁၀ ရွေးကောက်ပွဲရဲ့ နိုင်ငံရေးစင်မြင့်ပေါ်မှာပါ မျောက်ပြဆန်တောင်း လုပ်ကြမယ့် သာပေါင်းညာစား နိုင်ငံရေးသမားတွေရဲ့လက်ထဲ စစ်အစိုးရရဲ့ ဒီမိုကရေစီအမည်ခံ စစ်အုပ်ချုပ်ရေးကို ဆက်လက်ဆန့်ကျင်နိုင်ကြဖို့အတွက် တော်လှန်ရေးမျိုးဆက် သစ်တွေမွေဖွားပေးကြဖို့ လိုအပ်လာပြီဖြစ်ပါတယ်။ ဒီလိုတော်လှန်ရေးမျိုးဆက်သစ်တွေအတွက် နိုင်ငံရေးဆင်မြင့်တွေကို အခုအချိန်ကတည်းက စတင်တည်ဆောက်ပေးထားကြဖို့ လိုနေပါပြီ။

၈၈ မျိုးဆက် ကျောင်းသားခေါင်းဆောင်တွေနဲ့ ရွယ်တူဖြစ်တဲ့ အိုဘားမားဟာ အမေရိကန်သမ္မတဖြစ်နေတဲ့အချိန် ကျွန်တော်တို့တိုင်းပြည်မှာတော့ သူနဲ့အရွယ်တူတွေဟာ NLD မှာဆိုရင် လူငယ်တာဝန်ခံသာ ဖြစ်နေတဲ့ အခြေအနေမျိုးဖြစ်နေပါတယ်။ တစ်ဖက်ကကြည့်လိုက်မယ်ဆိုရင်လည်း တော်လှန်ရေးမျိုးဆက် ပြတ်နေသလိုဖြစ်နေပါပြီ။ ဗိုလ်ချုပ် အောင်ဆန်းတို့ မြန်မာပြည်လွတ်လပ်ရေးအတွက် တိုက်ခိုက်ခဲ့ကြစဉ်က အသက်နှစ်ဆယ့်ငါး သုံးဆယ်တွေဖြစ်ပါတယ်။ အခုတော့ နိုင်ငံရေးလောကမှာ အသက်နှစ်ဆယ့်ငါး သုံးဆယ်ကို မွေးကာစကလေးသာသာ သဘောထားနေကြတာက လူကြီးတွေအနေနဲ့ နိုင်ငံရေးမင်းသားကြီးတွေဖြစ်လိုတဲ့ အခြေခံစိတ်နေသဘောထားကို မပြောင်းလဲနိုင်ပဲ ရှိနေကြတာကြောင့်လို့ မြင်မိပါတယ်။ အမှန်ဆိုရင် ရှေ့မှီနောက်မှီဖြစ်တဲ့ ဒီလိုပုဂ္ဂိုလ်ကြီးတွေဟာ အကြံပေးအဖြစ် ကန့်လန့်ကာနောက်ကွယ်ကနေ ပြောနိုင် ဆိုနိုင် လုပ်နိုင် ကိုင်နိုင် ရှိကြတဲ့ ထက်ထက်မြတ်မြတ်လူငယ်တွေကို နေရာပေး ကြဖို့အချိန်တန်နေပါပြီ။ ကြိုးနီစနစ်ကိုဖြတ်သန်းခဲ့ဘူးကြတဲ့ အခြေခံစိတ်နေသဘောထားတွေနဲ့ နှစ်ဆယ့်တစ်ရာစု မြန်မာနိုင်ငံရဲ့နိုင်ငံရေးဇာတ်ခုံပေါ် တက်မလာသင့်ကြတော့ပါဘူး။ တကယ်လို့ တက်လာခဲ့ကြမယ်ဆိုရင်လည်း မျိုးဆက်သစ်လူငယ်တွေရဲ့ အားပေးမှုရရှိတော့မှာ မဟုတ်ဘူး ဆိုတာကို သတိရှိကြဖို့လိုပါတယ်။ မြန်မာ့ဒီမိုကရေစီအရေး လှုပ်ရှားအတွက် သွေးသစ်လောင်းကြဖို့ အချိန်ပြီလိုဆိုချင်ပါတယ်။

အခုလို မြန်မာ့ဒီမိုကရေစီအရေးတိုက်ပွဲ မကြာသင့်ပဲကြာနေကြရတာဟာ အကောင်ကြီးကြီး အထနှေးနှေး ဆီစားများတဲ့ စက်အင်ဂျင်ကြီးတွေကြောင့်ဖြစ်တယ်လို့ ယူဆရင်လည်း ယူဆလို့ရမှာဖြစ်ပါတယ်။ ဘာကြောင့်လဲဆိုရင် ပို့စ်မော်ဒန်ခေတ်အလွန် ကမ္ဘာကြီးတစ်ခုလုံးရဲ့ရုပ်ဝတ္ထုတွေမှာ စွမ်းအင်ရှားပါးမှုကြောင့် အကောင်သေးသေး အထသွက်သွက်နဲ့ စွမ်းအင်နည်းနည်းနဲ့ မောင်းနှင်နိုင်မယ့်စက်တွေကို ပြောင်းလဲအသုံးပြုနေကြတဲ့ အချိန်ဖြစ်လာပါပြီ။


တော်လှန်ရေးတိုင်းမှာ အရင့်အရင်ရှိခဲ့ဘူးပြီးသား ဘယ်သီအိုရီတွေကိုအသုံးပြုလိုက်တာနဲ့ အောင်မြင်ခြင်းမရှိခဲ့ပါဘူး။ အခု နအဖတော်လှန်ရေးမှာဆိုရင်လည်း အရင့်အရင်ရှိခဲ့ဘူးတဲ့ ဘယ်သီအိုရီတွေနဲ့မှ အောင်မြင်အောင်တိုက်ယူနိုင်မှာ မဟုတ်ပါဘူး။ ဒါကြောင့် လူသစ်၊ စိတ်သစ်၊ သီအိုသီသစ်တွေ၊ တော်လှန်ရေးနည်းစနစ်သစ်တွေနဲ့ နအဖအစိုးရပြုတ်ကျအောင် တိုက်ခိုက်ယူနိုင်ဖို့အတွက် မျိုးဆက်သစ်တွေရဲ့စွမ်းအားကို ထည့်သွင်းစဉ်းစားကြပါလို့ပြောရင်း ကျွန်တော့်ရဲ့ တောင်စဉ်ရေမရ ဆောင်းပါးကို အဆုံး သတ်လိုက်ရပါတယ်။ ဒီလို အချိန်ပေးပြီး အဆုံးအထိဖတ်ပေးတဲ့အတွက် ကျေးဇူးတင်လှပါတယ်။


မင်းထက်ဘုန်းမြတ်

2008.DEC.(9)

No comments: