DREAM ANGEL သို့ လာရောက်လည်ပတ်ကြသူအားလုံးကို DREAM ANGEL မှ ကျေးဇူးအထူးတင်ရှိပါတယ်.........

Friday, December 5, 2008

အဇ္ဇျတ္တ ပြောင်းလည်းရေး

မိတ်ဆွေ

လာမဲ့ ဒီဇင်ဘာလ(၃၁)ရက်နေ့ည(၁၂)နာရီမှာပြောင်းလည်းရွေ့ ရှားခြင်းရဲ့ သမ္မဇဉ်အတိုင်း(၂၀၀၈)ခုနှစ် ကုန်ဆုံး လို့(၂၀၀၉)ခုနှစ်ကို ကူးပြောင်းတော့မှာဖြစ်ပါတယ်။ ဒီလိုနဲ့ပဲ ရှစ်လေးလုံးကအနှစ်-နှစ်ဆယ်၊ ရွှေဝါရောင် ကလည်း နှစ်ပတ်လည်ခဲ့ပြီဖြစ်ပါတယ်။

ဖြတ်သန်းခဲ့တဲ့ နှစ်ပေါင်းများစွာကို ပြန်ပြီးလှည့်ကြည့်လိုက်တဲ့အခါမှာ ကျေနပ်လောက်အောင် အကျိုးရှိစွာ နေခဲ့ရတဲ့နှစ်တွေတော့ မဟုတ်ခဲ့ပါဘူး၊ အောင်မြင်မှုထက် ဆုံးရှုံးမှုတွေကသာ ပိုခဲ့ပါတယ်။ ဘ၀အမော တွေကြားမှာ ခိုတစ်ကောင်လိုညည်းညူရင်း၊ ၀ံပုလွေတစ်ကောင်လိုရုန်းကန်ရင်း၊ ပုဇဉ်းရင်ကွဲတစ်ကောင်လို ဟစ်အော်ရင်းနဲ့ ပဲ တန်ဘိုးရှိတဲ့အချိန်တွေကို ပေးဆပ်ခဲ့ရပါတယ်။ တကယ်တော့ ဘာတစ်ခုမှ မရေရာ မသေချာတဲ့ နှစ်ပေါင်းများစွာဟာ မနေ့တနေ့ကလိုပါပဲလေ။

သို့သော်လည်း အောင်မြင်တာတွေ ဆုံးရှုံးရတာတွေထက် လူဆိုတာမိမိနဲ့တကွ လူ့အဖွဲ့အစည်းတစ်ခုလုံးရဲ့ တိုးတက်ကြီးပွားရေးအတွက် အမြဲလှုပ်ရှားရုန်းကန်နေရမယ်လို့ ယုံကြည်ချက်ရှိတဲ့အတိုင်း အမှန်တရားအတွက်၊ လူ့အခွင့်အရေးနဲ့ ဒီမိုကရေစီအတွက် လှုပ်ရှားရုန်းကန်လို့တော့ နေခဲ့တာပါပဲ။

မကြာခင်ရောက်ရှိလာတော့မဲ့ နှစ်သစ်ကူးကာလနဲ့အတူ ကမ္ဘာမှာအင်အားအကြီးဆုံး နိုင်ငံတစ်ခုဖြစ်တဲ့ အမေရိကန်မှာလည်း သမ္မတသစ် ဘားရက်အိုဘားမား ဦးဆောင်ပြီး အပြောင်းအလည်းတွေလုပ်ဖို့ ပြင်ဆင်နေပါ
တယ်။ မပြောင်းလည်းနိုင်သေးတဲ့ မြန်မာနိုင်ငံမှာတော့ စစ်အာဏာရှင်တွေရဲ့  ရက်စက်ကြမ်းကြုတ်တဲ့ ဖိနှိပ်မှုတွေ၊ လှည့်စားချက်တွေ၊ ပြဌာန်းချက်တွေ တစ်ခုပြီးတစ်ခုအောက်မှာ မြန်မာတစ်မျိုးသားလုံး လူရုပ်ပျောက်ခဲ့ကြရသလို အားလုံးကိုပျော်စေချင်တဲ့ဆန္ဒနဲ့ အပြောင်းအလည်းဖြစ်ဖို့ ကြိုးစားခဲ့ကြတဲ့ သူတွေလည်း နှစ်ရှည်ထောင်ဒဏ်တွေနဲ့အတူ အဓိပ္ပါယ်မဲ့တဲ့ နေ့ရက်တွေကို ဖြတ်သန်းနေကြရပါတယ်။

ဒါတွေအပြင် နာဂစ် မုန်တိုင်းကြောင့်ပျက်စီးခဲ့ရတဲ့ ဒေသတွေမှာ ပြန်လည်ထူထောင်ရေးလုပ်ငန်းတွေ မလုပ်နှိုင်သေး တာတွေ၊ အေအိုင်ဒီအက်စ် ရောဂါသည်တွေကို ဆေးဝါးလုံလောက်အောင် မပေးနှိုင်တဲ့အတွက် လာမဲ့နှစ်မှာ ဝေဒနာရှင်(၂၅၀၀၀)လောက် သေဆုံးရမဲ့ကိစ္စတွေ ၊ကျမ္မာရေးနဲ့ပညာရေးနိမ့်ကျနေတာတွေ၊ ပြည်တွင်းစီးပွားရေး အကျပ်အတည်းနဲ့အတူ နက်ရှိုင်းလာတဲ့ ဆင်းရဲမွဲတေမှုတွေ၊ စသဖြင့် အဆင်မပြေမှုတွေက ဒုနဲ့ဒေးပါ။

အမှန်တော့ ဒီလိုအဖြစ်ဆိုးတွေကို ဘယ်နိုင်ငံသားတွေကမှ မကြုံတွေ့ချင်ကြပါဘူး ဒါကြောင့်လည်း နိုင်ငံရေး နိုးကြား သူတွေက အုပ်ချုပ်သူအစိုးရတွေကို ပြောင်းလည်းဖို့ကြိုးစားလာကြတာပါ။ မြန်မာနိုင်ငံမှာ စစ်အာဏာရှင်စံနစ် အမြစ်တွယ်ခဲ့တာ နှစ်ပေါင်း(၅၀)ခန့်ရှိပါပြီ၊ ဒါကိုပြောင်းလည်းဖို့ အတိုက်အခံအင်အားစုတွေ
ကြိုးစားလာခဲ့တာ နှစ်အတော်ကြာခဲ့ပေမဲ့ ခုထက်ထိ အဖြစ်ရှိအောင် မလုပ်နိုင်သေးပါဘူး။

အရေးပါတဲ့ နိုင်ငံရေးခေါင်းဆောင်တွေကို မတရားဖမ်းဆီးထောင်ချတဲ့အပြင် ကမ္ဘာ့နိုင်ငံအသီးသီးက ကန့်ကွက်နေတဲ့ ကြားထဲကနေတရားဥပဒေမဲ့ လုပ်ရပ်တွေကို ပြောင်ပြောင်တင်းတင်း လုပ်လာတဲ့အထိ စစ်ခေါင်းဆောင်တွေက အတင့်ရဲလာခဲ့ပါတယ်။ ဒီမင်း ဒီစိုး ဒီအာဏာရှင်မျိုးနဲ့ ဒီမိုးဒီလေ ဒီလိုအခြေခံဥပဒေနဲ့ ကတော့ အနာဂတ်မှာ မတွေးရဲစရာပါပဲ။

နိုင်ငံရေးအကျဉ်းသားတွေကို ရာသီဥတုကြမ်းတမ်းပြီး သွားလာရခက်ခဲတဲ့ အစွန်အဖျားဒေသမှာရှိတဲ့ အကျဉ်း
ထောင်တွေဆီကိုပြောင်းရွှေ့ နေတာတွေ၊ တည်ဆဲဥပဒေများကိုမလေးစားပဲ ထင်ရာစိုင်းနေတဲ့ တရားရုံးများရဲ့ 
တဖက်သတ်ဆုံးဖြတ်ချက်တွေ၊ တိုင်းပြည်ရဲ့ သယံဇာတတွေကို အထိမ်းအကွတ်မရှိထုတ်ရောင်းနေတာတွေစတဲ့
နအဖ-ရဲ့ လုပ်ရပ်တွေဟာ အနာဂတ်ကိုထင်ဟတ်ပြနေတာပါ။

ဒီတော့ ကျွန်တော်တို့အနေနဲ့ အပြောင်းအလည်းကိုလိုချင်ရင် အစဦးဆုံးလုပ်ရမဲ့အလုပ်က ပြဿနာရဲ့ အ၀န်းအ၀ိုင်း အတွင်းမှာရှိတဲ့သူတွေ ဆက်နွယ်ပတ်သက်နေတဲ့ သူတွေဟာ မိမိတို့ရဲ့ အတွင်းစိတ်နဲ့အမူအကျင့်
ိုတွေကို အမှန်အတိုင်းမြင်အောင်ကြည့်ရပါမယ်။ ကိုယ့်မှာဘယ်လိုစိတ်ဆိုးစိတ်ဆာတွေ ရှိနေသလဲ၊ ဘာတွေကိုပြောင်းလည်းဖို့လိုသလဲ၊ အပြောင်းအလည်းကို လက်ခံတဲ့စိတ်ရှိရဲ့ လား စတာတွေကို မြင်အောင်ကြည့် ရပါလိမ့်မယ်။

အဓိကနဲ့အခြေခံအကျဆုံး ပြောင်းလည်းရမယ့် အရာတွေကတော့ တစ်ကိုယ်ကောင်းဆန်တဲ့စိတ်၊ အနာဂါတ်ကို ကြိုတင်ပြင်ဆင်ရကောင်းမှန်း မသိတဲ့စိတ်၊မသိလိုက်မသိဖါသာ အမိန့်တွေကို နာခံနေတတ်တဲ့စိတ်၊အမှားအ
မှန်မခွဲခြားပဲ လွယ်လွယ်နဲ့လက်ခံတတ်တဲ့ ကျွန်စိတ်၊ မတရားမှုတွေကိုရင်ဆိုင်ရမှာငြင်းဆန်ရမှာကြောက်တဲ့စိတ် ၊စတဲ့အရာတွေပါပဲ။ မတရားတဲ့ လူမဆန်တဲ့အရာတွေကို ရင်ဆိုင်ရမှာကြောက်နေရင် နောက်ထပ်မတရားမှုတွေက ဆက်တိုက်ဆိုသလို ရောက်လာမှာပါ။ အသိညဏ်နဲ့ မယှဉ်တဲ့လုပ်ရပ်တွေကို ကိုယ်နဲ့မဆိုင်သလို ငုတ်တုတ်ထိုင်ပြီး ကြည့်နေရင် မကြာခင် ကိုယ့်အလှည့် ရောက်လာလိမ့်မယ်ဆိုတာကိုတော့ သတိပြုမိစေချင်ပါတယ်။

မိတ်ဆွေ----အကယ်၍ သင့်မှာအပြောင်းအလည်းဖြစ်ဖို့ကြိုးစားအားထုတ်ချင်တဲ့စိတ်ရှိခဲ့ရင်၊ ကျွန်တော်တို့ နိုင်ငံမှာ အပြောင်းအလည်းတစ်ခုဖြစ်ဖို့ တကယ်ကို လိုအပ်နေပြီဆိုတာကို လက်ခံတဲ့စိတ်ရှိခဲ့ရင်-------- မကြာမီရောက်လာတော့မယ့် နှစ်သစ်ကူးအခါသမယမှာ ကျွန်တော်တို့ရဲ့ အ၀တ်အစားဟောင်းတွေကို ပျော်ပျော်ပါးပါး ချွတ်ပစ်ကြရအောင် ဖိတ်ခေါ်လိုက်ပါတယ်။

အားလုံးကိုလေးစားပါတယ်။

ခင်မောင်ခန့်

No comments: