DREAM ANGEL သို့ လာရောက်လည်ပတ်ကြသူအားလုံးကို DREAM ANGEL မှ ကျေးဇူးအထူးတင်ရှိပါတယ်.........

Tuesday, December 9, 2008

ဆိုက်ဘာအတိုက်အခံ မြန်မာဘလော့ဂါများသို့

ယနေ့အချိန်အခါဟာ မြန်မာလူမျိုးများအနေဖြင့် မိမိတို့၏လူ့အခွင့်အရေးများအပြည့်အ၀ရရှိရေးနှင့် ဒီမိုကရေစီအနှစ်သာရများ ပြည့်ပြည့်၀၀ရရှိအောင် စွမ်းဆောင်နေရသော အချိန်ကာလပင်ဖြစ်ပါတယ်။ ဒီလိုအချိန်မှာ ပြည်သူပြည်သားအားလုံးအတွက် လူ့အခွင့်အရေးနှင့် ဒီမိုကရေစီရေးတို့အတွက် မိမိတို့၏ အသိစိတ်ဓာတ်များနှင့်အတူ အများကောင်းကျိုး သယ်ပိုးဆောင်ရွက်ကြတဲ့ ဆိုက်ဘာအတိုက်အခံ ဘလော့ဂါများဟာလည်း မြန်မာ့အွန်လိုင်းမီဒီယာ လောကမှာ ပေါ်ထွန်းလာခဲ့ကြရပါတယ်။

ဒါပေမယ့် အခြားတစ်ဖက်မှာတော့ စစ်အစိုးရဟာ "သတင်းပိတ်ဆို့တားဆီးမှုများ"နှင့် "ဘလော့ဂါကို ဘလော့ဂါနှင့်တိုက်" စတဲ့ ဆောင်ပုဒ်များနှင့်အတူ အိုင်စီတီနည်းပညာကြွမ်းကျင်ပိုင်နိုင်ကြတဲ့ ခေတ်လူငယ်များကို ငွေ ကြေးအမြောက်အများနှင့် အခွင့်အရေးများပေးပြီး သတင်းပိတ်ဆို့တားဆီးမှုအတွက် နည်းပညာများကို ရယူဆောင် ရွက်နေကြသလို ဘလော့ခ်များကိုရေးသားပြီး စစ်အစိုးရကောင်းကြောင်းများနှင့် မြန်မာ့နိုင်ငံရေးနှင့်ပတ်သက်တဲ့ နိုင်ငံ ရေးသမားများ၏ အကြောင်းအရာများကို အပုတ်ချရေးသားပြီး အင်တာနက်အတွင်း လွှတ်တင်လျှက်ရှိနေကြတယ်ဆို တာကို အင်တာနက်ကို အမြဲမပျက်အသုံးပြုနေကြတဲ့ ကျွန်တော်တို့ရဲ့ Blog Community တစ်ခုလုံး သိရှိကြပြီးဖြစ်ပါတယ်။

ဒီအကြောင်းအရာတွေဟာ အိုင်တီနည်းပညာနယ်ပယ်တွင်သာမကပါဘူး။ အပြင်လောကပတ်ဝန်းကျင် မှာလဲ စစ်အစိုးရ ဒီမိုကရေစီအရေးလှုပ်ရှားသူတွေအားလုံးကို ငွေကြေး၊ အာဏာ၊ လက်နက်စတဲ့အရာတွေကိုအသုံးပြု ပြီးအနိုင်ကျင့် ဗိုလ်ကျ ဖန်းဆီးထောင်ချနေတာတွေကို နေ့စဉ်နှင့်အမျှ ကျွန်တော်တို့အားထားရတဲ့ Blog တွေ ဒါမှ မဟုတ် Online Media တွေက တစ်ဆင့် မကြားချင်မှအဆုံး ကျွန်တော်တို့ ကြားနေကြရပါတယ်။ ဒါဟာ ကျွန်တော်တို့ ရဲ့ နိုင်ငံရေးအသိစိတ်ဓာတ်တွေနဲ့ အမျိုးသားရေးစိတ်ဓာတ်တွေကို နိုးကြားစေပါတော့တယ်။ ပြီးခဲ့တဲ့ စက်တင်ဘာအရေးအခင်းလို့ နာမည်ကျော်ကြားတဲ့ ရဟန်းသံဃာတော်များ ဦးဆောင်တဲ့ မြန်မာ့ဒီမိုကရေစီအရေးလှုပ်ရှားမှုကို စစ်အစိုးရ လက်နက်အင်အားသုံးပြီး အကြမ်းဖက်ဖြိုခွင်းခဲ့ပြီး ကျွန်တော်တို့တိုင်း ပြည်ရဲ့ ဒီမိုကရေစီအရေးဟာ ကမ်းမမြင်လမ်းမမြင်ရှိနေကြရတဲ့အချိန်အခါမှာ ကျွန်တော်တို့လူငယ်တွေအနေနဲ့ ဘာ လုပ်ကြမလဲဆိုတဲ့ မေးခွန်းဟာ ကျွန်တော်တို့ ဥနှောက်တွေကို များစွာ အလုပ်လုပ်စေခဲ့ပါတယ်။

ကျွန်တော်တို့တွေ လမ်းမပေါ်ထွက်ပြီး ကျွန်တော်တို့ လိုချင်တာကို တောင်းဆိုခဲ့ကြပြီးပြီ…ဒါပေမယ့် လူငယ်တွေရဲ့ အသက်သွေးချွေးတွေသာ ဆုံးရှုံးခဲ့ရပေမယ့် ကျွန်တော်တို့ ဘာဆို ဘာကိုမှ ပြန်မရခဲ့ကြပါဘူး။ ဒီတော့ ကျွန်တော်တို့ ဘာလုပ်ကြမလဲ…ခေတ်ကလည်း လက်နက်ကိုင်ပြီး ကိုယ်လိုချင်တာ တိုက်ယူလို့ရမယ့် အခြေအနေ မဟုတ်တော့ဘူး…ဒီလိုလုပ်ကြဖို့ဆိုတဲ့အခါမှာလည်း ကျွန်တော်တို့ဟာ ကိုယ်ကာယခွန်အားကောင်းကြတဲ့ သူတွေက မဟုတ်ပြန်ဘူး… ကျွန်တော်တို့မှာ ကိုယ်လိုချင်တာကို တောင်းဆိုဖို့…ကိုယ်မကြေနပ်တာကို ပြောဆိုဖို့… ကိုယ်လိုချင် တာကို ရယူဖို့…. နည်းပညာရယ်…အတွေးအခေါ်ရယ်ပဲရှိတယ်လေ…ဒီလိုနဲ့ ကျွန်တော်တို့ဟာ အမှန်တရားကို ထုတ် ဖော်ဖို့…လူ့အခွင့်အရေးတွေရရှိဖို့….ဒီမိုကရေစီရရှိဖို့အတွက် ကျွန်တော်တို့ဟာ ဘလော့ဂါတွေဖြစ်ခဲ့ကြရပါတော့တယ်။

ကျွန်တော်တို့မှာ စွမ်းအားမြင့်မားတဲ့ နည်းပညာရပ်တွေကို မထုတ်လုပ်နိုင်တာသေခြာပါတယ်။ ဒါပေမယ့် ကျွန်တော်တို့အတွက် ဒီလိုစွမ်းအားမြင့်မားတဲ့ နည်းပညာရပ်တွေကို ဘုရားသခင်က ဖန်ဆင်းပေးနိုင်ထားခဲ့ ပါတယ်။ ဒါကတော့ ဘလော့ခ်ပလက်ဖောင်းတွေပါပဲ။ ကျွန်တော်ဟာ Google ရဲ့ www.blogspot.com မှာ စက်တင် ဘာလှုပ်ရှားများ မစတင်မှီအချိန်ကစပြီး ကိုယ်ပိုင်ဘလော့ခ်တစ်ခုကို စမ်းသက်ရေးသားနေခဲ့ပေမယ့် အားရကြေနပ်မှု မရှိခဲ့ပါဘူး။ ဒီလိုနဲ့ ကျွန်တော်တို့ဆီမှာ စက်တင်ဘာ လူထုလှုပ်ရှားမှုကြီးဖြစ်ပွားခဲ့ပြီး ရဟန်းသံဃာတော်အများအပြားနဲ့ ကျောင်းသားပြည်သူအများအပြား သေကြေ ဖမ်းဆီးခံရကြတယ်။ ဒီသတင်းတွေကို ကျွန်တော်ရဲ့ အစမ်းလွှတ်တင်ထား တဲ့ ဘလော့ခ်လေးထဲမှာ တက်နိုင်သမျှ နိုင်ငံရေးကို ထမ်းဆောင်တဲ့အနေနဲ့ ရေးသားခဲ့ပါတယ်။ ဒီလိုရေးသားနေတဲ့ အချိန်မှာပဲ ကျွန်တော်လို မြန်မာ့အရေးကို အားပေးရေးသားနေကြတဲ့ နိုင်ငံတကာကလွှတ်တင်ထားတဲ့ Blog တွေထဲကို ၀င်ကြည့်မိတယ်။ ဒီထဲမှာတော့ မြန်မာဘလော့ဂါတွေရဲ့ ဘလော့တွေပါဝင်သလို နိုင်ငံခြားသားတွေ ရေးသား ထားတဲ့ ဘလော့ခ်တွေလဲ ပါဝင်ကြပါတယ်။ ဒါတွေကိုကြည့်ရင်း ကျွန်တော် ဘလော့ခ်ကို ဘယ်လိုဘယ်ပုံ အ ကောင်းဆုံးဖြစ်အောင် လူကြည့်များအောင် လုပ်ရမယ်ဆိုတာ အကြံဥာဏ်တွေရခဲ့တယ်လို့ ၀န်ခံအပ်ပါတယ်။ ဒီလိုနဲ့ ကျွန်တော် မြန်မာပြည်အတွက် အားအထားရဆုံး ဘလော့ခ်တစ်ခုဖြစ်အောင် လုပ်ဆောင်မယ်ဆိုတဲ့ ခံယူချက်တွေဖြစ် ပေါ်ခဲ့မိပါတယ်။ ဒီလိုနှင့် ကျွန်တော် "Myanmar Herald Tribune" ဘလော့ကို ၂၀၀၇ ခုနှစ်၊ ဒီဇင်ဘာလ (၃၁) ရက်နေ့ မှာ စတင်လွှတ်တင်ခဲ့ပါတယ်။ ဒီမှာတော့ ကျွန်တော့်ရဲ့ Biography ကို ထည့်သွင်းဖော်ပြထားခြင်းမရှိပါဘူး။ ဒါဟာ ထမိန်ခြုံထဲက လက်သီးပုန်းထုတ်ပြတာမဟုတ်ပါဘူး။ ပြောင်လိန်ပြောင်စား စစ်အစိုးရကို ပြန်လည်တုန့်ပြန်ဖို့အတွက် ကျွန်တော်တို့ဟာ လျှို့ ၀ှက်လှုပ်ရှားနေကြရတာသာဖြစ်ပါတယ်။

ဒီနေရာမှာ ကျွန်တော့်အနေနဲ့ မတောက်တခေါက်လေ့လာခဲ့ဘူးတဲ့ စာနယ်ဇင်းကျင့်ဝတ်၊ စာနယ်ဇင်း ကိုယ်ကျင့်တရားလေးတွေကို အခြေခံပြီး ကျွန်တော်ဘလော့ဟာ အစိုးရရဲ့ အတိုက်အခံဘလော့တစ်ခုဖြစ်ပေမယ့် ကြည့်ရှု့သူတွေရဲ့ ယုံကြည်မှုရယူဖို့ များစွာ ပုံဖော်ခဲ့ပါတယ်။ ဒါပေမယ့်လည်း ကျွန်တော်ရဲ့ အသက်မွေးဝမ်းကြောင်းမှု အလုပ်တွေကို လုပ်ကိုင်နေရတဲ့ သူတစ်ယောက်လည်းဖြစ်ပြန်တော့ မိမိဘလော့ရဲ့ စာဖတ်ပရိသတ်များအတွက် တာဝန်မကြေမှုတွေ များစွာဖြစ်ပေါ်ခဲ့ရပါတယ်။ တခြားသတင်းမီဒီယာများမှာ ဖော်ပြပြီး သတင်းတွေကို ပြန်လည်ကူယူ ဖော်ပြပေးခဲ့ရတဲ့ အခြေအနေများတောင် ရှိခဲ့ပါတယ်။ ဒီအချိန်မှာပဲ ကျွန်တော် "နယ်စီးမခြားသတင်းထောက်များအဖွဲ့" က ထုတ်ဝေတဲ့ "ဘလော့ဂါလက်စွဲ- ဆိုက်ဘာအတိုက်အခံသမားအများအတွက်" Ebook ကို ဖတ်ရှု့ ခွင့်ရခဲ့ပါတယ်။ ဒီ စာအုပ်ရဲ့ကောင်းကျိုးကြောင့် ကျွန်တော်ရဲ့ အတွေးအခေါ်နှင့် လုပ်သင့်လုပ်ထိုက်သည့်အရာများကို တိတိကျကျသိရှိခွင့် ရခဲ့ပါတယ်။ ဒါကြောင့် ဒီစာကို ရေးသားပြီး ထုတ်ဝေပေးခဲ့တဲ့ "နယ်စီးမခြားသတင်းထောက်များအဖွဲ့ " က တာဝန်ရှိသူ တွေကို ကျေးဇူးတင်ရှိတဲ့အကြောင်း ကျွန်တော့် ဘလော့မှ ဖော်ပြပေးလိုက်ရပါတယ်။

ယခုအချိန်မှာတော့ စစ်အစိုးရဟာ သူတို့ရရှိပြီးဖြစ်တဲ့ အာဏာကို အသုံးပြုပြီး ပြည်တွင်းဘလော့ဂါတွေ နဲ့ အင်တာနက်အသုံးပြီး ပြည်ပမီဒီယာတွေကို ကြည့်ရှုသူများကို စောင့်ကြပ်ကြည့်ရှုပြီး အရေးယူဆောင်ရွက်မှုတွေ စတင်ပြုလုပ်နေပြီပဲဖြစ်ပါတယ်။ အစိုးရနဲ့ ပတ်သက်ဆက်နွယ်လျှက်ရှိတဲ့ "ပုဂံဆိုက်ဘာတက်စ်" တဆင့် လိုင်စင်နဲ့ လုပ် ကိုင်ခွင့်ချပေးထားတဲ့ ဆိုက်ဘာကဖေးတွေရဲ့ ပိုင်ရှင်တွေကို ပြည်ထဲရေးဝန်ကြီးဌာနလက်အောက်ခံ ရဲ၊ မရက၊ တရက၊ ကြံဖွတ်စတဲ့ ပူးပေါင်းအဖွဲ့တွေက ခေါ်ယူတွေ့ဆုံပြီး ဆိုက်ဘာကဖေးတွေမှာ နိုင်ငံရေးနဲ့ပတ်သက်ပြီး ပြည်ပမီဒီယာတွေ ကိုကြည့်ရှုသူများကို မှတ်သားထားပြီး ရယကမှဆင့် သတင်းပေးပို့ကြရန်နှင့် သတင်းပေးပို့ခြင်းမရှိပါက ရှောင်တခင်ဝင် ရောက်စစ်ဆေးတွေ့ရှိပါက ထိရောက်စွာအရေးယူမယ့်အကြောင်းတွေကို သိရှိပါကြေင်း လက်မှတ်တွေထိုးခိုင်းနေပါ တယ်။ ဒါဟာ ဘာမှမဆိုင်တဲ့ဟာပါ။ နှစ်ဆယ့်တစ်ရာစုမှာ နည်းပညာဆိုတာ အစိုးရရော ပြည်သူရော အတွက် တရားမျှ တစွာ ပေါ်ပေါက်လာတဲ့ ပဒေသာပင်တစ်ခုပါ။ ပြည်သူလည်း ပြည်သူအလျှောက် ပြုလုပ်ဆောင်ရွက်ခွင့်ရှိသလို အစိုးရ ဆိုတာကလည်း ဒီနည်းပညာတွေကို ပြည်သူတွေနဲ့ နီးနီးစပ်စပ်ရှိအောင် မြေထောင်မြှောက်ပေးကြရမှာပါ။ ဒီလို အာဏာတည်မြဲဖို့အတွက် အာဏာအသုံးပြုပြီး မပိတ်ပင်သင့်ပါဘူး။ မပိတ်ပင်ကောင်းပါဘူး။ တကယ်ဆိုရင် ကျွန်တော် တို့ဟာ အစိုးရမကောင်းသောကြောင့်သာ အစိုးရမကောင်းကြောင်း နိုင်ငံရေးဆိုတာ…ဒီမိုကရေစီအရေးဆိုတာကို ပြောဆိုနေကြရတာပဲဖြစ်ပါတယ်။ အစိုးရသာ ကောင်းနေမယ်ဆိုပါက ကျွန်တော်တို့ ဘာအစိုးရမကောင်းကြောင်းမှ ရေးနေစရာမလိုပါဘူး။ ဒီလိုမဟုတ်လို့သာ ကျွန်တော်တို့က သန်းငါးဆယ်ကျော်သော ပြည်သူလူထုတို့အတွက် အစိုးရကို အံတုနေကြတာဖြစ်ပါတယ်။ လက်တစ်စုတ်စာ အာဏာပိုင်တို့ရဲ့ အသက်စည်းစိမ်ကို ဆောင့်ရှောက်နေကြသော အသိစိတ်ဓာတ်အောက်တန်းနောက်တန်းကျသည့် စစ်ပလိတ်နောက်လိုက်များထက် ပိုပြီး မြင့်မြတ်ပါတယ်။ ဒီလိုမြင့် မြတ်တယ်ဆိုတာ ကိုယ့်ကိုယ်ပြောတာမဟုတ်ပါဘူး။ ကျွန်တော်တို့ မြင့်မြတ်တယ်ဆိုတာ တစ်လောကလုံးသိပါတယ်။

ဒါကြောင့် ကျွန်တော်တို့ ပြည်သူပြည်သားတွေရဲ့ လူ့အခွင့်အရေး…ဒီမိုကရေစီအရေးတို့အတွက် စွမ်းစွမ်းတမံ မြင့်မြင့် မြတ်မြတ် ကြိုးပမ်းဆောင်ရွက်လျှက်ရှိကြတဲ့ ဘလော့ဂါများကို ဂုဏ်ပြုတဲ့အကြောင်းပြောကြားရင်….စစ်ဗိုလ်နောက် လိုက်တိရစ္ဆာန်များကိုလည်း တာဝန်တွေ သိပ်မကြေပြကြပါနဲ့…အလှည့်ဆိုတာ ရှိမှာပါ…မိုးကောင်းတုန်း သိပ်မရွာကြ ပါနဲ့…ထင်ခွေမကြုံ..ရေခပ်တော့ကြုံမှာပါ…အလှည့်ကျရင်တော့ မနွဲ့စတမ်းဆိုတာ ပြောလိုက်ရပါတယ်။ ခင်ဗျားတို့က ပိုစွမ်းမလား…ကျွန်တော်တို့ဟာ ပိုစွမ်းမလားဆိုတာ ကြည့်ကြတာပေါ့ဗျာ... မြန်မာ့ဘလော့ဂါအားလုံးကိုလည်း သတိရှိကြဖို့ ကျွန်တော်ပြောကြားလိုက်ရပါတယ်။


မင်းထက်ဘုန်းမြတ်

1 comment:

Welcome said...

)))) :P

http://winzaw-mdy.blogspot.com