DREAM ANGEL သို့ လာရောက်လည်ပတ်ကြသူအားလုံးကို DREAM ANGEL မှ ကျေးဇူးအထူးတင်ရှိပါတယ်.........

Thursday, November 6, 2008

စစ်အစိုးရ၊ DKBA ပူးပေါင်းတပ်များနှင့် KNU တိုက်ပွဲများကြောင့် ကရင်ရွာသားများ ထွက်ပြေး တိမ်းရှောင်ကြရ

ဧရာဝတီ | နိုဝင်ဘာ ၄၊ ၂၀၀၈

မြန်မာစစ်အစိုးရနှင့် တိုးတက်သော ဗုဒ္ဓဘာသာ ကရင်အမျိုးသား တပ်ဖွဲ့(DKBA)ပူးပေါင်းတပ်များနှင့် ကရင် အမျိုးသားအစည်း အရုံး(KNU)တို့ အကြား တိုက်ပွဲများ ဖြစ်ပွားမှုကြောင့် ထိုင်း-မြန်မာ နယ်စပ်တလျှောက်ရှိ ရာနှင့်ချီသော ကရင် ရွာသားများ ထွက်ပြေး တိမ်းရှောင်ကြရကြောင်း သိရသည်။

လွန်ခဲ့သည့် စနေ၊ တနင်္ဂနွေရက်များက တိုက်ပွဲများ ပြင်းပြင်းထန်ထန်ဖြစ်ပွားပြီး ကရင်ပြည်နယ် ကော့ကရိတ်မြို့ နယ်ရှိ KNU လက်အောက်ခံကရင်အမျိုးသား လွတ်မြောက်ရေး တပ်မတော်(KNLA) တပ်ရင်း ၂၀၁ စခန်းကို DKBAတပ်ဖွဲ့များက သိမ်းယူခဲ့သည်ဟု KNLA ပြောရေးဆိုခွင့်ရှိသူ တဦးက ပြောသည်။

KNLA ပြောရေးဆိုခွင့်ရှိသူ တပ်ရင်း ၂၀၁ ၏ ဒု တပ်ရင်းမှူး ဗိုလ်ကြီးဘူးဖော က ယခု တိုက်ခိုက်မှုသည် မြန်မာ စစ်အစိုးရ က ၎င်းတို့ ပြုလုပ်မည့်၂၀၁၀ ရွေးကောက်ပွဲ မတိုင်မီ ထိုင်း-မြန်မာနယ်စပ် တလျှောက်ရှိ KNLA တပ်
စခန်းများကို သိမ်းယူ ရေး မဟာဗျူဟာ၏ အစိတ်အပိုင်းတခုဖြစ်သည်ဟုပြောဆိုသည်။

DKBA တပ်ဖွဲ့ဝင်တဦးကမူ DKBA အနေနှင့် လက်နက်ချ၍ ရွေးကောက်ပွဲဝင်မည်ကိုသံသယရှိကြောင်း၊ DKBA သည် ထိုင်း မြန်မာနယ်စပ်ဒေသကို ထိန်းချုပ်၍စီးပွားရေး လုပ်ငန်းလုပ်ဆောင်လိုခြင်းဖြစ်ကြောင်း ပြောသည်။


DKBA သည် လွန်ခဲ့သော သြဂုတ်လလယ်ကပင် ကရင်ပြည်နယ် တောင်ပိုင်းဘားအံခရိုင်အတွင်းတွင် တပ်သား သစ်များ စုဆောင်းပြီး ရွာသားများကိုအဓမ္မဖိအားပေး၍ စစ်သင်တန်းများ တက်ရောက်ခိုင်းကာ KNLA ကို ထိုးစစ် ဆင်ရန်ပြင်ဆင် ခဲ့ခြင်းဖြစ်ကြောင်း ဒေသခံကရင်တိုင်းရင်းသားများ၏ ပြောဆိုချက်အရသိရသည်။


ထိုင်း အာဏာပိုင်များကမူ တိုက်ပွဲဖြစ်ပွားရာဒေသရှိ ထိုင်းရွာသားမျာကိုDKBA က လာရောက် တိုက်ခိုက်မည်ကို စိုးရိမ်ရ သည့်အတွက် KNLA အနေနှင့် DKBAကို ပြန်လည် မတိုက်ရန် ပြောဆိုသည်ဟုလည်း ဗိုလ်ကြီး ဘူးဖော က ပြောပြသည်။
အောက်တိုဘာလ အစောပိုင်းက DKBA တပ်ရင်း ၉၀၇ မှ ဒါဇင်ပေါင်းများစွာရှိသောတပ်သားများသည် ထိုင်း နိုင်ငံ တာ့ခ် ခရိုင် အုန်းဖန်နယ်အတွင်းရှိမယ့်ခလောင်ခီး ရွာသို့ ၀င်ရောက် တိုက်ခိုက်မှုကြောင့် ရာနှင့်ချီသောထိုင်းရွာသားများ ၎င်းတို့၏ နေအိမ်များမှ ထွက်ပြေးကြရကြောင်းနှင့်ပြောင်းခင်း တချို့ကိုလည်း မီးရှို့ဖျက်ဆီးခဲ့ ကြောင်း အထက်ပါ ဗိုလ်ကြီးဘူးဖော က ပြောသည်။

ကရင်တိုင်းရင်းသား ပြည်တွင်း ရွှေ့ပြောင်းဒုက္ခသည်များ ကူညီကယ်ဆယ်ရေးကော်မတီမှ နော်အိုင်းရစ် က လည်း မကြာသေးခင်က တိုက်ပွဲများကြောင့်ထိုင်း-မြန်မာနယ်စပ်သို့ ကရင်ဒုက္ခသည် ၅၀၀ ခန့် ထွက်ပြေးရောက်ရှိလာကြောင်း ပြောဆိုသည်။

တခြားသော ကရင်ဒုက္ခသည်ကူညီကယ်ဆယ်ရေး အဖွဲ့တဖွဲ့ဖြစ်သည့် Free Burma Rangers (FBR) အဖွဲ့က ထုတ်ပြန် သည့်အစီရင်ခံစာတွင် ပြည်တွင်းရွှေ့ပြောင်းဒုက္ခသည်အများစုသည် ဆေးဝါး၊ သောက်သုံးရေသန့်နှင့် စားနပ်ရိက္ခာအခက် အခဲများ ကြုံတွေ့နေရကြောင်း၊ ယင်းဒုက္ခသည်များ နယ်စပ်သို့ထပ်မံရောက်ရှိလာမည်ကို ထိုင်း ရွာသားများကလည်းအလွန်စိုးရိမ်မှုများဖြစ်နေကြကြောင်း ဖော်ပြထားသည်။

မြန်မာစစ်တပ်နှင့် DKBA တပ်သားများက ရွာသားများထံမှ စားရေရိက္ခာများကိုအဓမ္မသိမ်းယူကြသည်ဟု ကရင် ရွှေ့ပြောင်း ဒုက္ခသည် တဦးက ပြောကြောင်းလည်း FBRအစီရင်ခံစာတွင် ပါရှိသည်။
FBR အစီရင်ခံစာ၌ မြန်မာစစ်တပ်နှင့် DKBA တပ်ဖွဲ့များသည် ရွာပေါင်း ၄ရွာရှိ အခြေခံပညာ စာသင်ကျောင်း ၄ ကျောင်း၊ စိုက်ခင်းပေါင်း ၂၆ ခင်း နှင့်အနည်းဆုံး အိမ်ခြေ ၁၄ လုံးကို မီးရှို့ဖျက်ဆီးခဲ့ပြီးမြေမြုပ်မိုင်းများကို လည်း ထောင်ခဲ့ကြောင်း ဖော်ပြထားသည်။

No comments: