DREAM ANGEL သို့ လာရောက်လည်ပတ်ကြသူအားလုံးကို DREAM ANGEL မှ ကျေးဇူးအထူးတင်ရှိပါတယ်.........

Thursday, November 13, 2008

ငွေကြာယံ သံဃာတော်များ ထောင်ဒဏ် ၆ နှစ်ခွဲစီ ပြစ်ဒဏ်ကျခံရ ဇာနည်

ဗုဒ္ဓဟူးနေ့၊ နိုဝင်ဘာလ 12 2008 17:56 - မြန်မာစံတော်ချိန်

ချင်းမိုင်။ ။ ရွှေဝါရောင်တော်လှန်ရေးအပြီး ဖမ်းဆီး
ထိန်းသိမ်းခံခဲ့ရသော ငွေကြာယံကျောင်းတိုက် သံဃာတော်များ အနက်မှ သံဃာတော်၅ ပါးကို ယမန်နေ့က ထောင်ဒဏ် ၆ နှစ်ခွဲစီ ချမှတ်လိုက်သည်။

ငွေကြာယံ ကျောင်းတိုက်မှ ဦးနန္ဒ၊ ဦးဝိလာသက္က၊ ဦးအဂ္ဂဓမ္မ၊ ဦးဣဿရိယနှင့်ဦးဇာနေယျတို့ ဖြစ်ကြပြီး၊ သံဃာတော်များကို ပြင်ပရုံးထုတ်ခြင်း မရှိဘဲအင်းစိန်ထောင်တွင်း အထူးတရားရုံးတွင်သာ စီရင်ချက် ချခဲ့ခြင်း ဖြစ်သည်။

"အရင်ကတော့ အပြင်ရုံးထုတ်တာ။ အမိန့်ချတော့ အထဲက အထူးရုံးမှာပဲချလိုက်တယ်။ လောလောဆယ်တော့ အင်းစိန်ထောင်မှာပဲ။ ထောင်ပြောင်းတာ ဘာတွေမကြားမိသေးဘူး" ဟု တရားရုံးအတွင်း ၀င်ရောက်ခွင့်ရခဲ့သော ရှေ့နေတဦးကမဇ္ဈိမကို ပြောသည်။

တနှစ်နီးပါး ဖမ်းဆီး ထိန်းသိမ်းခံခဲ့ရပြီး သံဃာတော်များအား တရားမ၀င်လူစုလူဝေး ပြုလုပ်မှု ၊ တရားမ၀င်အဖွဲ့များတွင် ပါဝင်မှု ၊ ဆူပူအောင်သွေးထိုးလှုံ့ဆော်မှု ၊ အစိုးရကို အကြည်ညိုပျက်စေမှုတို့ဖြင့်ပြစ်ဒဏ်ချလိုက်ခြင်း ဖြစ်သည်။

သံဃာတော်များသည် ၂၀၀၇ ခုနှစ် နိုဝင်ဘာလ ၂၄ ရက်နေ့ညက တောင်ဥက္ကလာပမြို့နယ်
ငွေကြာယံ ကျောင်းတိုက်အတွင်း ၀င်ရောက် ဖမ်းဆီး ခေါ်ဆောင်သွားခဲ့သောသံဃာတော် ၁၅ ပါးထဲတွင် ပါဝင်သူများ ဖြစ်သည်။

၂၀၀၇ ခုနှစ် စက်တင်ဘာ ၂၆ ရက်နေ့ ညသန်းခေါင်ယံတွင် လက်နက်ကိုင်တပ်များကငွေကြာယံ ကျောင်းတိုက်အတွင်း ၀င်ရောက်စီး နင်းကာ သံဃာအပါး ၁၀၀ နီးပါးအားရိုက်နှက်ကန်ကျောက်ကာ ဖမ်းဆီးခဲ့သည်။

၃ လခန့်အကြာတွင် ကျောင်းထိုင်ဆရာတော် ဦးရေ၀တနှင့်အတူ သံဃာတော် ၉၆ ပါးကိုပြန်လွှတ်ပေးခဲ့သည်။ သို့သော်လည်း ၅၁ ပါးကိုသာ ကျောင်းတိုက်တွင် ပြန်လည်သီတင်းသုံးခွင့်ပေးပြီး အချို့ကို နေရပ်ဒေသများသို့ ပြန်လည်စေလွှတ်ခဲ့သည်။


နိုင်ငံရေး အကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း (AAPP) ၏ မှတ်တမ်းအရရွှေဝါရောင် တော်လှန်ရေး ကာလနောက်ပိုင်းတွင် ရန်ကုန်၊ မန္တလေးနှင့် အခြားနယ်မြို့များမှ ကျောင်းတိုက်ပေါင်း ၅၂ တိုက်ကို ၀င်ရောက် စစ်ဆေးမှုများ၊သံဃာတော်များအား ဖမ်းဆီးမှုများ ပြုလုပ်ခဲ့သည်ဟု သိရသည်။ ထို့အပြင်ထိုစဉ်က ထိန်းသိမ်းခဲ့သော သံဃာတော် အပါးပေါင်းမှာ ၆၀၀ နီးပါး ရှိခဲ့သည်ဟု
ဆိုသည်။

ထို့အတူ ရွှေဝါရောင် လှုပ်ရှားမှု၏ အထင်ကရ ဦးဆောင် သံဃာတပါးဖြစ်သောဦးဂမ္ဘီရကိုလည်း ယခုတိုင် ဖမ်းဆီး ချုပ်နှောင်ထားပြီး ပြစ်မှုပေါင်း ၁၆မှုဖြင့် အမှုရင်ဆိုင်နေရာကာ မကြာမီ အမိန့် ချမှတ်တော့မည်ဟု ရှေ့နေထံမှသိရသည်။

No comments: