DREAM ANGEL သို့ လာရောက်လည်ပတ်ကြသူအားလုံးကို DREAM ANGEL မှ ကျေးဇူးအထူးတင်ရှိပါတယ်.........

Friday, November 28, 2008

မြေသြဇာ၏ သတိပေးထုတ်ပြန်ကြေငြာချက်


နေ့စွဲ။ ၂၇-၁၁-၀၈။
အကြောင်းအရာ။ သတိပေး ထုတ်ပြန်ကြေငြာချက်

၂၅-၁၁-၀၈ ရက်နေ့တွင် ကျွန်ုပ်တို့ လူထုတရပ်လုံးအတွက် စတေးခံ အကောင်းဆုံးမြေသြဇာ အဖွဲ့မှ ရဲဘော်(၃) ဦး ဖြစ်သည့် ကိုဇင်မင်းရှိန်(၂၅)နှစ်၊ကိုတေဇာစိုး(၂၂)နှစ်၊ကိုထွန်းလင်းအောင် (၂၀)နှစ် လှိုင်သာယာမြို့နယ် (၉) ရပ်ကွက် တွင်နေထိုင်သူများကို မတရာဲး့ ပုဒ်မတွေတပ်ပြီး ထောင်ဒါဏ်(၁၃)နှစ် ချမှတ်လိုက်ခြင်းအား ကျွန်ုပ်တို့အဖွဲ့မှ သန်းရွှေဦးဆောင်သော နအဖ စစ်အုပ်စုအား ပြင်းထန်စွာ ပြစ်တင်ရှုတ်ချသည်။

ကျွန်ုပ်တို့အဖွဲ့ဝင်များအား ၂၀၀၆ (မတ်)လတွင်တကြိမ် နှစ်ရှည်ထောင်ဒါဏ်များ ချမှတ်ခြင်း၊ယခု ၂၀၀၈ (နိုဝင်ဘာ)တွင်တကြိမ် နှစ်ရှည်ထောင်ဒါဏ်များ ချမှတ်ခြင်းနှင့် စပ်လျှင်းပြီး အဖွဲ့ဝင် လူငယ်များသည် မိမိတို့ ၏ မွေးရာပါအခွင့်အရေးများကို အကြောက်တရားများဘေးဖယ်ထားပြီး ပြည်သူလူထုတရပ်လုံး ပါဝင်လာရန် စတေးခံ စည်းရုံးခြင်း၊နအဖ စစ်အာဏာရှင်အစိုးရအား မကြိုက်တာခြင်း၊ရွံမုန်းခြင်း၊မနှစ်မြို့ခြင်းများအား၊ ကဗျာများ၊စာရွက်စာတမ်းများ၊နှင့်ကျန် လှုတ်ရှားမှု့အမျိုးမျိုးတို့ဖြင့် ထုတ်ဖေါ်ပြသခြင်းများအား ယခုကဲ့သို့ ထောင်ဒါဏ်နှစ်ရှည်များ ချမှတ်ရန်မလိုအပ်ပါ။ ဒီလူငယ်တွေကို ထောင်ဒါဏ် နှစ်ရှည်ချမည့်အတူတူ မိမိတို့လုပ်ဆောင်နေသော လုပ်ရပ်များသည် မှန်သည်/မှားသည် စဉ်းစားပြီး အရှက်ရှိ၊လူကြီးလူကောင်းပီသစွာ ဖြင့် ဖြေရှင်းသင့်သည်။

ထို့ကြောင့် နအဖ စစ်အာဏာရှင် လူတစုအား ကျွန်ုပ်တို့အဖွဲ့မှ စိမ်ခေါ်သတိပေးလိုက်သည်။ ဒေါ်အောင်ဆန်းစုကြည် အပါအ၀င် နိုင်ငံရေးအကျဉ်းသားများအား ချွင်းချက်မရှိ အမြန်ဆုံး ပြန်လွှတ်ပေးပါ။ ယခုကဲ့သို့ ဖမ်းဆီးထောင်ချ နှိပ်စက်နေယုံနှင့် ကျွန်ုပ်တို့မြန်မာပြည်လွတ်မြောက်အောင် ၊ တိုးတက်အောင် နအဖ စစ်အာဏာရှင်အား ဖယ်ရှားနေသူ လူငယ်များသည် ရပ်မသွားပါ၊ကုန်မသွားပါ။ နအဖ စစ်အာဏာရှင် တစုအနေနှင့် တကမ္ဘာလုံးက လေးစားတန်ဖိုးထားသည့် သံဃာတော်များအား ပစ်သတ်ခြင်း၊ မိဘတွေရဲ့ရင်နှင့် သည်းချာ ကျောင်းသား/သူများအား ပစ်သတ် နှိပ်စက် ရိုက်နှက်၊ဖမ်းဆီး ၊ထောင်ချခြင်းများ နှင့်စာလျှင် ကျွန်ုပ်တို့အဖွဲ့မှ မည်သည့်နည်းနာနှင့်မဆို တော်လှန်တိုက်ခိုက် ဖယ်ရှားသည်မှာ မှန်ကန်တယ်လို့ ယူဆသည့်အတွက် ယနေ့အချိန်မှ စတင်ပြီးနအဖ စစ်အာဏာရှင်အား နည်းလမ်းပေါင်းစုံဖြင့် ရသလို အရှိန်မြှင့်သထက်မြှင့်ပြီး တော်လှန်ဖယ်ရှားသွားမှာဖြစ်ကြောင်း အသိပေး သည်။

မည်သည့်စစ်အာဏာရှင်မှ လူထုကို မအုပ်ချုပ်စေရ။

Read More...

ကိုဇာဂနာ ထောင်ဒဏ်တိုးလို့ ၅၉ နှစ်ရှိသွားပြီ

သန်းထိုက်ဦး
ကြာသပတေးနေ့၊ နိုဝင်ဘာလ 27 2008 23:20 - မြန်မာစံတော်ချိန်


ချင်းမိုင်။ ။ နာမည်ကျော် ဟာသ သရုပ်ဆောင်နှင့် ဒါရိုက်တာ ဇာဂနာ ခေါ် ကိုသူရအား အင်းစိန်ထောင်တွင်း တရားရုံးက ယနေ့တွင် ထောင်ဒဏ် ၁၄ နှစ် ထပ်မံ ချမှတ်လိုက်သဖြင့် သူ့ထောင်ဒဏ်မှာ စုစုပေါင်း ၅၉ နှစ် ရှိသွားပြီ ဖြစ်သည်။

အနောက်ပိုင်း ခရိုင်တရားရုံး တရားသူကြီး ဦးကျော်ဆွေက နိုင်ငံတော် လုံခြုံရေးကို ထိခိုက်ရန် လှုံ့ဆော်မှုနှင့် ဗီဒီယိုအက်ဥပဒေ အပါအ၀င် ပုဒ်မ ၅ ခုဖြင့် ထောင်ဒဏ် ၁၄ နှစ် ချမှတ်ပြန်ရာ တပတ်အတွင်း ထောင်ဒဏ် ၅၉ နှစ် ချမှတ်ခံလိုက်ရခြင်း ဖြစ်သည်။

''ဒီနေ့ ထပ်ချတာကတော့ ၁၄ နှစ်။ ဗီဒီယို ဖြန့်ဝေမှု ပုဒ်မက ၆ လ။ အဲဒီ ၆ လကိုတော့ အရမ်း သဘောကောင်းပြီးတော့ လျှော့ပေးလိုက်တယ်ပေါ့နော်။ အဲဒီတော့ ၁၄ နှစ် ထပ်တိုးတာပေါ့'' ဟု ကိုဇာဂနာ၏ ခယ်မ မငြိမ်းက မဇ္ဈိမကို ပြောသည်။

ယခုလ ၂၁ ရက်နေ့ကလည်း အင်းစိန်ထောင်တွင်း တရားရုံးကပင် ကိုဇာဂနာအား အင်တာနက်ကို အသုံးပြုပြီး အစိုးရကို အကြည်ညိုပျက်အောင် လုပ်သည်ဟုဆိုကာ အီလက်ထရောနစ် အက်ဥပဒေ ပုဒ်မ ၃ ခုဖြင့် ထောင် ၄၅ နှစ် ချမှတ်ခဲ့ပြီးနောက် ၆ ရက်အကြာတွင် အခြားစွဲဆိုထားသည့် ပုဒ်မများဖြင့် ယခုလို ထပ်မံ၍ ပြစ်ဒဏ်ချလိုက်ခြင်း ဖြစ်သည်။


ကိုဇာဂနာ၏ အမှုအား လိုက်လံဆောင်ရွက်ပေးနေသည့် ရှေ့နေ ဦးဇော်လင်းက အယူခံတက်မည်ဟု ဆိုသည်။

"ကျနော်တို့ အယူခံဝင်ဖို့အတွက် အခု အမိန့်ချလိုက်တဲ့ အမိန့်ကို ကူးရမယ်။ ရှေ့နေ ကိုယ်စားလှယ်လွှဲစာတွေ ဘာတွေ ကျနော်တို့ ယူရမယ်။ ယူပြီးရင်တော့ အယူခံတက်ဖို့ အစီအစဉ် ရှိပါတယ်" ဟု သူက ပြောသည်။


သူက ဆက်ပြီး ''ဇာဂနာပြောတဲ့ စကားလေးပဲ ကျနော် ပြောချင်တယ်။ ဒီနေ့က သူက ရယ်စရာပါ။ ပြောတာကတော့ 'လက်ရှိမှာတဲ့၊ ကမ္ဘာမှာတဲ့၊ နိုင်ငံတကာမှာပေါ့၊ ဂျပန်တို့၊ တရုတ်တို့ စီးပွားရေး ကျနေတာပေါ့။ စီးပွားရေး ကျနေတယ်ဆိုတော့ သူတို့ကလည်း ၀န်ခံတယ်။ အဲဒီတော့ မြန်မာပြည်မှာတော့ မကျဘူးတဲ့။ တက်နေတယ်တဲ့။ ဘာတက်တာလဲဆိုတော့ ထောင်ဒဏ်တွေ တက်နေတယ်' လို့ နောက်ပြောင် ပြောဆိုလိုက်တယ်'' ဟု ပြောသည်။

ပြီးခဲ့သည့်နှစ် ဇွန်လတွင် ဧရာဝတီတိုင်း နာဂစ်လေဘေးသင့် ဒုက္ခသည်များအတွက် ကူညီကယ်ဆယ်ရေး လုပ်ငန်းများ လုပ်ဆောင်နေသည့် ကိုဇာဂနာအား အာဏာပိုင်များက နေအိမ်မှ ဖမ်းဆီးခဲ့သည်။

မြန်မာ့ဒီမိုကရေစီရေး လှုပ်ရှားမှုတွင် တက်ကြွစွာ ပါဝင်ခဲ့သူ ကိုဇာဂနာသည် အာဏာပိုင်များအပေါ် ဟာသပြက်လုံးများ ထုတ်ကာ ပြောဆိုဝေဖန်တတ်သဖြင့် အကြိမ်ကြိမ် ခေါ်ယူစစ်ဆေးခံရ၊ ဖမ်းဆီးထိန်းသိမ်းခံရသူ ဖြစ်သည်။


ယနေ့တွင်ပင် အင်းစိန်ထောင်တွင်း တရားရုံးက နာဂစ် လေဘေးဒုက္ခသည်များအား ကူညီပေးခဲ့သူနှင့် ဘောလုံးသတင်း ဆောင်းပါးရေးသူ ကိုဇော်သက်ထွေးအား ၄ နှစ် ထပ်မံ၍ ထောင်ဒဏ် တိုးချခဲ့ပြီး၊ ကိုသန့်ဇင်အောင်ကိုလည်း ၃ နှစ် ထပ်တိုးလိုက်သည်။ ယခုလ ၂၁ ရက်နေ့က သူတို့နှစ်ဦးကိုလည်း ထောင်ဒဏ် ၁၅ နှစ်စီ အမိန့်ချမှတ်ခဲ့သည်။

Read More...

ထိုင်းနေ မြန်မာများ လုံခြုံရေး သတိပြု

ဇာနည်
ကြာသပတေးနေ့၊ နိုဝင်ဘာလ 27 2008 18:19 - မြန်မာစံတော်ချိန်


ချင်းမိုင်။ ။ ထိုင်းနိုင်ငံတွင်း လက်ရှိဖြစ်ပေါ်နေသော အခြေအနေများကြောင့် ထိုင်းနိုင်ငံနေ မြန်မာများ၏ လုံခြုံရေးအတွက်လည်း သတိပိုမို ထားရှိသင့်ကြောင်းနှင့် ဆောင်ရန် ရှောင်ရန်များကို လေ့လာသူများက အကြံပြုထားသည်။

ဖြစ်ပေါ်နေသည့် အခြေအနေများသည် ထိုင်းနိုင်ငံရောက် မြန်မာများနှင့် တိုက်ရိုက် မသက်ဆိုင်သော်လည်း အစိုးရ ဆန့်ကျင်သူများနှင့် ထောက်ခံသူများ အကြား ဖြစ်ပွားနေသော ပဋိပက္ခများ တိုးမြင့်လာနေခြင်းကြောင့် လုံခြုံရေးများ တင်းကြပ်နေသောကြောင့် ဖြစ်သည်။

"လုံခြုံရေးနဲ့ ပတ်သက်ပြီးတော့ ဖြစ်လာနိုင်တာက အခုက နိုင်ငံရေးအခြေနေက သိပ်ရှုပ်နေတော့ တိုင်းပြည်ကလဲ မင်းမဲ့ပုံစံ နီးနီးဖြစ်သွားတယ်။ အရင်တုန်းက အစိုးရက ကောင်းကောင်း အုပ်ချုပ်နိုင်တုန်းကတောင် ကိုယ့်ကို ပြဿနာရှာတာတွေ ရှိနေတာဆိုတော့ သွားလာတာတွေ စည်းစည်းရုံးရုံးနဲ့ သွားလာကြပေါ့" ဟု ထိုင်းအခြေစိုက် သျှမ်းသံတော်ဆင့် သတင်းဌာနမှ အယ်ဒီတာ ဦးခွန်စိုင်းက မဇ္ဈိမကို ပြောသည်။

ထိုင်းနိုင်ငံတွင် အလုပ်လုပ်ကိုင်နေသူ အနည်းဆုံး မြန်မာ ၂ သန်းခန့်ရှိပြီး လေးပုံတပုံခန့်သာလျှင် အလုပ်လုပ်ခွင့် မှတ်ပုံတင်ထားပြီး ဖြစ်သည်။

တရားမ၀င် မြန်မာလုပ်သားများကို ဖမ်းဆီးမှုများ ပိုလာဖွယ်ရှိသည်ဟု ဦးခွန်စိုင်းက ပြောသည်။

"အခုက မြန်မာတွေ အနေနဲ့က ကိုယ့်မှာ ပြဿနာ ရှိရှိ မရှိရှိ သူတို့ဖက်က ကိုယ့်ကို အချိန်ပေးနိုင်တဲ့ အခြေနေ မရှိတော့ဘူး။ အဲဒီတော့ ဒေသခံမှာ ရှိတဲ့ လူမိုက်တို့ ဘာတို့က ကိုယ့်ကို ပြဿာနာ ရှာလာနိုင်တယ်။ သိပ်ပြီးတော့ တယောက်ထဲ နှစ်ယောက်ထဲ မသွားနဲ့ပေါ့နော်။ သူများတွေနဲ့လည်း အဆင်ပြေအောင် ဆက်ဆံပေါ့" ဟု ဦးခွန်စိုင်းက ပြောသည်။

ထို့အတူ ထိုင်းနိုင်ငံရှိ မြန်မာ အများစု အနေဖြင့် အ၀ါရောင်နှင့် အနီရောင် အင်္ကျီများကို ၀တ်ဆင်ရာတွင် သတိထားသင့်သည့် အခြေအနေများ ဖြစ်နေသည်။


ထိုင်းအစိုးရကို ဆန့်ကျင်သူ ပီအေဒီ များက အ၀ါရောင်ကို ၀တ်ဆင်ကြပြီး အစိုးရ ထောက်ခံသူ ပီပီပီ အဖွဲ့များက အနီရောင်ကို ၀တ်ဆင်ကြသောကြောင့် အဖွဲ့နှစ်ဖွဲ့၏ ပဋိပက္ခကြားတွင် အထင်လွဲမှားမှုများ၏ သားကောင်များ ဖြစ်လာနိုင်သောကြောင့် ဖြစ်သည်။


"ထိုင်းနိုင်ငံထဲမှာ နေတဲ့ ဗမာတို့၊ သျှမ်းတို့၊ ကရင်တို့ က အ၀ါရောင်ကို တော်တော်ဝတ်ကြတာ ရှိတယ်။ အဲဒီတော့ တချို့တတွေက သြော် ဒီဥစ္စာကတော့ဖြင့် ပီအေဒီ အဖွဲ့ဆိုပြီး အထင်မှားတာတွေ ဖြစ်လာနိုင်တယ်ပေါ့။ အင်္ကျီနီလည်း ဒီလိုပဲပေါ့ ကျနော်တို့က ဒေါ်အောင်ဆန်းစုကြည်ကို ထောက်ခံတယ်ဆိုပြီးတော့ ၀တ်ကြတာကိုး။ အဲဒီမှာ အနီရောင်ဝတ်တဲ့ ပီပီပီ ကို ထောက်ခံတယ်ဆိုပြီး ဖြစ်သွားနိုင်တာပေါ့" ဟု ဦးခွန်စိုင်းက ဆက်ပြောသည်။

ထို့အတူ မြန်မာများ အနေဖြင့်လည်း ဖြစ်ပွားနေသော ပဋိပက္ခများအကြား ၀င်ရောက် မပါသင့်ကြောင်းကို ဦးခွန်စိုင်းက "တချို့ကျတော့ အလုပ်ထိခိုက်တယ်ဆိုပြီးတော့ စိတ်ဆိုးပြီးတော့ အင်္ကျီဝါတွေဖက်ပါတာ အင်္ကျီနီဖက်တွေ ပါတာတွေ ရှိတာပေါ့နော်။ ကျနော့်အမြင်ကတော့ ဒါတွေ မလုပ်သင့်ဘူး။ ကျနော်တို့က ကျနော်တို့ တိုင်းပြည်မတည်ငြိမ်လို့ သူများ တိုင်းပြည်မှာ လာနေနေရတာ။ သူများ တိုင်းပြည်ပိုပြီး မငြိမ်းချမ်းအောင် လုပ်ပေးသလို ဖြစ်မယ်လေ။ ဒါကြောင့် ဒီကိစ္စနဲ့ ပတ်သက်ရင် သူတို့ ၂ ဖက်လုံး ကောင်းရာကောင်းကြောင်း ဖြစ်ဖို့ပဲ လုပ်ဖို့ ကောင်းတာပေါ့နော်" ဟု ပြောပြသည်။

ထို့အတူ ထိုင်းဝန်ကြီးချုပ် အပါအ၀င် ထိုင်းအစိုးရ အဖွဲ့အနေဖြင့် လုံခြုံရေးအရ ဘန်ကောက်မှ ချင်းမိုင်သို့ ရောက်ရှိလာပြီးနောက် ချင်းမိုင်မြို့တွင် လုံခြုံရေးများ ပိုမို ချထားလာခြင်းများကြောင့် ချင်းမိုင်မြို့နေ မြန်မာများအတွက် တိုက်ရိုက် သက်ဆိုင်သည် မဟုတ်သော်လည်း အခက်အခဲများ ပိုမို ရှိလာမည် ဖြစ်သည်။

ချင်းမိုင်မြို့နေ မြန်မာသတင်းထောက် တဦးဖြစ်သည့် ကိုအောင်နိုင်က "ချက်ပွိုင့်တွေ ပိုများလာမယ်၊ စစ်တာဆေးတာတွေ များလာမယ် ဆိုရင် တရားမ၀င် နေထိုင်နေတဲ့ မြန်မာတွေ အတွက် အခက်အခဲတွေ ဖြစ်လာနိုင်ပါတယ်။ တိုက်ရိုက်ကြီးကတော့ ဗမာတွေကို ဦးတည်ပြီးတော့ အန္တရာယ်ဖြစ်စေမှာတော့ မဟုတ်ဖူးပေါ့" ဟု ပြောသည်။

Read More...

အင်တာနက် အသုံးပြုသူများ လုံခြုံမှုအတွက် စိုးရိမ်

နန်းဒေ၀ီ
ကြာသပတေးနေ့၊ နိုဝင်ဘာလ 27 2008 15:24 - မြန်မာစံတော်ချိန်


နယူးဒေလီ(မဇ္ဈိမ)။ ။ အတိုက်အခံများကို အီလက်ထရောနစ် အက်ဥပဒေအရ နှစ်ရှည် ထောင်ဒဏ်များ ချမှတ်လာခြင်းကြောင့် မြန်မာပြည်တွင်းရှိ အင်တာနက် သုံးသူများအတွင်း မလုံခြုံမှု ပိုမို ခံစားလာနေရသည်။

ဘလော့ဂ်ဂါ ကိုနေဘုန်းလတ် အပါအ၀င် ဟာသ သရုပ်ဆောင် ကိုဇာဂနာ၊ ကိုဇော်သက်ထွေးတို့အား အီလက်ထရောနစ် အက်ဥပဒေ ပုဒ်မများတပ်ကာ အမြင့်ဆုံး ထောင်ဒဏ် ၄၅ နှစ်အထိ နှစ်ရှည်ထောင်ဒဏ် အသီးသီး ချမှတ်ခဲ့သည့် နောက်ပိုင်း စိုးရိမ်မှု ပိုလာခဲ့ခြင်း ဖြစ်သည်။

"မလုံခြုံဘူး။ စိတ်လည်း ညစ်ရပါတယ်။ အခုဆို စာပို့ပြီးတာနဲ့ အကုန်ဖျက်ချရမလို ဖြစ်နေပြီ။ အင်တာနက် သုံးရုံနဲ့ ထောင်ချ အပြစ်ပေးတာတော့ မဖြစ်သင့်ပါဘူး။ သူတို့ (အာဏာပိုင်) တွေလည်း အင်တာနက် သုံးနေတာပဲ" ဟု အမည်မဖော်လိုသူ ပြည်တွင်း ဘလော့ဂ်ဂါတဦးက ပြောသည်။

ဟာသ သရုပ်ဆောင် ကိုဇာဂနာက သူ့အား အမှုစီရင်ချက် ချသည့်နေ့တွင် တရားခွင်၌ "ကျနော့်ကို (အိုင်) သုံးလုံးနဲ့ ထောင် ၄၅ နှစ်ချလိုက်တာ။ အိုင်တီကို လေ့လာချင်လို့ အင်တာနက် သုံးလိုက်တာ အင်းစိန်ထောင် ရောက်သွားတယ်" ဟု ဟာသနှောပြီးပြော ဆိုခဲ့ကြောင်း သူ၏ ခယ်မဖြစ်သူ မငြိမ်းက ပြန်လည် ပြောပြသည်။

လွန်ခဲ့သည့် အောက်တိုဘာလအတွင်း စစ်တပ်မှ မကွေးတိုင်း၊ နတ်မောက်မြို့နယ်အတွင်းရှိ လယ်ယာမြေများအား သိမ်းယူခဲ့ရာ ကမ္ဘာ့အလုပ်သမားအဖွဲ့ချုပ် (ILO) တိုင်ကြားခဲ့သည့် လယ်သမား ၃ ဦးအား အီလက်ထရောနစ် အက်ဥပဒေဖြင့် ပုဒ်မတပ် တရားစွဲဆိုခဲ့သည်။

အပတ်စဉ်ထုတ် ဂျာနယ်အယ်ဒီတာ တဦးကလည်း အင်တာနက်ကို နေ့စဉ်အားကိုး အသုံးပြုနေရသည့် မီဒီယာသမားများ အနေဖြင့် စိုးရိမ်စရာ ရှိနေသည်ဟု ဆိုသည်။


"အကြမ်းဖျင်းတော့ စိုးရိမ်စရာ ကောင်းတယ်။ မီဒီယာသမားတွေဆိုတာကတော့ သတင်းနဲ့ပတ်သက်တာ အကုန်လိုက်ဖတ်ရတာလေ။ ဒါပေမဲ့ သုံးစွဲတဲ့လူ ကြည့်တဲ့ဆိုဒ်ကို ဘယ်သူက လိုက်ကြည့်နေလဲ ဆိုတာလဲ ရှိသေးတယ်။ တရားဝင် သုံးစွဲခွင့် ရတဲ့ဆိုဒ်တွေ ကြည့်ပြီးတော့ ကိုယ့်အလုပ် ကိုယ်လုပ်နေရင် ဘာမှမဖြစ်ပါဘူး" ဟု အပတ်စဉ်ထုတ် ဂျာနယ်အယ်ဒီတာ တဦးကပြောသည်။
"

ကျနော်တို့ ကြည့်နေတဲ့ ဟာတွေက တရားဝင်ဆိုဒ်တွေ ခွင့်ပြုဆိုဒ်တွေ ကြည့်တာလေ။"


အီလက်ထရောနစ် အက်ဥပဒေသည် စစ်အစိုးရက သူနှင့် သဘောကွဲလွဲသူများအပေါ် စွဲဆိုလေ့ရှိသော လက်နက်တခုဖြစ်ပြီး အင်တာနက်ကို အသုံးပြု၍ အာဏာပိုင်များကို ထိခိုက်နစ်နာစေရန် သတင်း အချက်အလက်များ ဖြန့်ဝေသည်ဟု ဆိုသည်။


ယခုလို အီလက်ထရောနစ် အက်ဥပဒေဖြင့် နှစ်ရှည်ထောင်ဒဏ် ချခံရသူ အများစုသည် အာဏာပိုင်များ သတ်မှတ်ထားသည့် ဥပဒေနှင့် ငြိစွန်းခြင်း မရှိသည့်အပြင် လက်ရှိ သုံးစွဲနေသူများကို ခြိမ်းခြောက်သည့် မတရားသည့် ဥပဒေ တခုသာဖြစ်ကြောင်း ထိုင်းအခြေစိုက် မြန်မာ့သတင်းသမဂ္ဂ (BMA) ၏ အတွင်းရေးမှူးဖြစ်သူ ဦးစံမိုးဝေက ပြောသည်။


"ဒီဟာက အတိုက်အခံတွေ၊ စာနယ်ဇင်း သမားတွေ၊ နိုင်ငံရေး ပြုပြင် ပြောင်းလဲချင်သူတွေကို နှိပ်ကွပ်ဖို့ လုပ်ထားတဲ့ ဥပဒေ။ မလုပ်ရဲအောင်၊ မသုံးရဲအောင် ခြိမ်းခြောက်နေတဲ့ မတရားတဲ့ ဥပဒေ၊ ဖိနိပ်မှုတခုပဲ ဖြစ်တယ်" ဟု သူက ပြောသည်။
သို့သော်လည်း လက်တွန့်သွားမှာ မဟုတ်ကြောင်း ထုတ်ဖော် ပြောဆိုသူများလည်း ရှိနေသေးသည်။"

ပုဒ်မ အမျိုးမျိုးတပ်ပြီး ထောင်ဒဏ်ချမှာပဲ။ သူတို့တွေ ဘယ်လိုပဲလုပ်လုပ်၊ ဘယ်လိုပဲ ကြောက်အောင် ခြောက်ခြောက် ကျနော်တို့ လုပ်စရာတွေကို ဆက်လုပ်သွားမှာပဲ" ဟု ပြည်တွင်း ဘလော့ဂ်ဂါ တဦးက ပြောသည်။

Read More...

Thursday, November 27, 2008

မြန်မာ့ အလုပ်သမားရေး လှုပ်ရှားနေသူများ အခြေအနေ စိုးရိမ်စရာဖြစ်နေဆဲ ILO ဝေဖန်

26 November 2008

မကြာသေးခင် ရက်တွေအတွင်း နိုင်ငံရေးတက်ကြွလှုပ်ရှားသူတွေကို ထောင်ဒဏ်ပြစ်ဒဏ်တွေ ချမှတ်ခံခဲ့ရသူတွေထဲမှာ အလုပ်သမားအခွင့်အရေး လှုပ်ရှားသူ မစုစုနွေး တယောက်လည်း ပါဝင်နေတာမို့ ဒါဟာ မြန်မာနိုင်ငံမှာ အလုပ်သမား အရေး လှုပ်ရှားနေသူတွေ၊ အလုပ်သမား အခွင့်အရေး အခြေအနေတွေဟာ စိုးရိမ်စရာ ဖြစ်နေဆဲဆိုတာကို ပြသလိုက်တာ ပဲလို့ ကမ္ဘာ့အလုပ်သမားအဖွဲ့ ILO က ပြောဆိုလိုက်ပါတယ်။ မကြာသေးခင်က ဆွစ်ဇာလန်နိုင်ငံ ဂျနီဗာမြို့က ILO အုပ်ချုပ်ရေးအဖွဲ့ရဲ့ ဆွေးနွေးမှုတွေမှာ ဒီအကြောင်းတွေကိုလည်း အလေးထားပြောခဲ့ကြတယ်ဆို။ အကြောင်းစုံကို ကိုအောင်လွင်ဦး က ပြောပြပေးပါဦးရှင်။

ILO အုပ်ချုပ်ရေးအဖွဲ့ အနေနဲ့ မြန်မာနိုင်ငံနဲ့ ပတ်သက်လို့ ဒီတပတ်ထဲမှာ ဆွေးနွေးခဲ့ကြတဲ့ နေရာမှာ အဓမ္မလုပ်အားပေး စေခိုင်းတဲ့ကိစ္စနဲ့ ပတ်သက်လို့ အများပြည်သူ တိုင်ကြားနိုင်တဲ့ လုပ်ငန်းစဉ်နဲ့ ပတ်သက်လို့ ပြောကြဆိုကြသလို အလုပ်သမား အရေး ဆောင်ရွက်ကြသူတွေကို အရေးယူ အပြစ်ပေးနေတဲ့ ကိစ္စတွေကိုလည်း ထည့်သွင်း ပြောဆိုခဲ့ကြတာပါ။ မကြာသေး ခင်ကပဲ နှစ်ရှည်ထောင်ဒဏ် ၁၂ နှစ်နဲ့ ၆ လ ချမှတ်ပြီး နယ်ထောင်ကို ပို့ခံလိုက်ရတဲ့ အလုပ်သမား အခွင့်အရေး လှုပ်ရှားသူ မစုစုနွေး၊ နောက် ဦးသက်ဝေ စတဲ့ သူတွေ အပြစ်ပေးခံရတဲ့ အခြေအနေတွေနဲ့ ပတ်သက်လို့ ထည့်သွင်း ဆွေးနွေးခဲ့ကြပြီး ဒီလူတွေကို ချက်ခြင်းပြန်လွှတ်ပေးဖို့ တောင်းဆိုတာတွေလည်း ရှိခဲ့တယ်လို့ ILO အုပ်ချုပ်ရေးအဖွဲ့ အမှုဆောင် ညွှန်ကြားရေးမှူး မစ္စတာ ကာရီ တာပီအိုလာ (Kari Tapiola) က ပြောပါတယ်။

ဒီနေရာမှာ နာမည်တပ် ထည့်သွင်းပြောခဲ့ကြသူ ၂ ယောက်ကတော့ အစောပိုင်းမှာ ILO နဲ့ ဆက်နွယ်ပတ်သက် ခဲ့တဲ့ တက်ကြွလှုပ်ရှားသူ တဦးဖြစ်ပြီး မကြာသေးခင်ကပဲ နှစ်ရှည်ထောင်ဒဏ် အပြစ်ပေးခံရတဲ့ မစုစုနွေးနဲ့ နောက်တယောက် ကတော့ ဦးသက်ဝေ တို့ ပါ။ သူဟာ ဆိုရင်လည်း အစောပိုင်းမှာ ILO ကို လုပ်အားပေး စေခိုင်းမှုတွေနဲ့ ပတ်သက်လို့ တိုင်ကြားမှုတွေမှာ အထောက်အကူပေးခဲ့သူ တဦးဖြစ်သလို အလုပ်ကြမ်းနဲ့ ထောင်ဒဏ် ၂ နှစ် အပြစ်ပေးခံထားရတဲ့ သူလည်း ဖြစ်ပါတယ်။ ဒီလို ILO ရဲ့ လုပ်ငန်းစဉ်မှာ ပတ်သက်ကြသူတွေကို နှစ်ရှည် ထောင်ဒဏ်တွေ ပေးနေတဲ့အပေါ် အုပ်ချုပ်ရေးအဖွဲ့အနေနဲ့ စိုးရိမ်ပူပမ်ပါတယ်။ ဘာကြောင့်လည်းဆိုတော့ ဒါဟာ လုပ်အားပေး စေခိုင်းမှု တိုင်ကြားတဲ့ လုပ်ငန်းစဉ်မှာ တခြား တိုင်တန်းလိုသူတွေ အနေနဲ့ မတိုင်ရဲအောင် လုပ်သလို ဖြစ်လာနိုင်လို့ပါ။ ဒါကြောင့်လည်း အလုပ်သမားရေးရာ အခွင့်အရေးကိစ္စတွေမှာ ဆောင်ရွက်ကြလို့ ဖမ်းဆီးထားသူတွေကို ချက်ခြင်း ပြန်လွှတ်ပေးဖို့ တောင်းဆိုရတာပါ။”


မြန်မာစစ်အစိုးရနဲ့ ILO တို့အကြား အဓမ္မလုပ်အားပေး စေခိုင်းမှုနဲ့ ပတ်သက်လို့ ထပ်ဆင့်နားလည်မှု စာချွန်လွှာ လက်မှတ် ရေးထိုးထားတယ် ဆိုပေမယ့် လက်ရှိ အခြေအနေမျိုးမှာ မြန်မာနိုင်ငံရဲ့ အလုပ်သမား အခွင့်အရေး အခြေအနေတွေ၊ အဓမ္မ လုပ်အားပေး စေခိုင်းမှု အခြေအနေတွေဟာ စိုးရိမ်စရာ အခြေအနေမှာ ရှိနေဆဲလို့လည်း သူက ဆိုပါတယ်။


“အခြေအနေတွေဟာ စိုးရိမ်စရာ ဖြစ်နေဆဲပါ။ ကျနော်တို့ အနေနဲ့ စံထားရမယ့် လုပ်ငန်းစဉ်တရပ်ကို ဖန်တီးနေတာပါ။ ဒါပေမယ့်လည်း မြန်မာနိုင်ငံမှာတော့ ဒါတွေက သိပ်ခရီးမပေါက်သေးပါဘူး။ ပူးပေါင်းဆောင်ရွက်မှုတွေ အများကြီး လိုနေပါသေးတယ်။ အဓမ္မလုပ်အားပေးခိုင်းစေမှုတွေ မလုပ်ရဘူးဆိုတဲ့ သတင်းအချက်အလက်တွေ ဖြန့်ဖြူးပေးဘို့၊ နိုင်ငံတ၀န်းမှာ ဒါတွေကို ရှောင်ရှားနိုင်ဖို့စတာတွေ အပါအ၀င် ဆောင်ရွက်စရာတွေ ရှိနေပါတယ်။”

ILO အုပ်ချုပ်ရေးအဖွဲ့က မြန်မာနိုင်ငံမှာ အဓမ္မလုပ်အားပေး စေခိုင်းမှုနဲ့ ပတ်သက်လို့ အဓိကထား ဆွေးနွေးတဲ့ နေရာမှာ တိုင်ကြားတဲ့ ကိစ္စတွေထဲက အများအပြားကို ဖြေရှင်းပေးနိုင်ခဲ့တာတွေရှိတယ်၊ ဒီအထဲက အသက်အရွယ် ငယ်ရွယ်သူတွေ ကို စစ်တပ်ထဲသွင်းနေတဲ့ ကိစ္စတွေလည်း ပါဝင်တယ်လို့ ဆိုပါတယ်။ ဒါပေမယ့်လို့ ဒီလို အရွယ်မရောက်သေးသူတွေကို စစ်ထဲထည့်နေတဲ့ ကိစ္စကို အများပြည်သူအနေနဲ့ ကျယ်ကျယ်ပြန့်ပြန့် သိနိုင်အောင် အစိုးရက အချက်အလက်တွေ ဖြန့်ဖြူး ပေးတာ၊ လူတွေအနေန့ ကိုယ့်မှာ ငြင်းပယ်ပိုင်ခွင့် ရှိတယ်ဆိုတာ သိအောင် အသိပေးတာမျိုး မရှိတာကိုလည်း အုပ်ချုပ်ရေး အဖွဲ့အနေနဲ့ တွေ့ခဲ့ရတယ်လို့လည်း မစ္စတာ တာပီအိုလာ က ပြောပါတယ်။ အဓမ္မလုပ်အားပေး စေခိုင်းမှုတွေကို တိုင်ကြားတဲ့ လုပ်ငန်းစဉ် ဆောင်ရွက်တဲ့ ကိစ္စကို မြန်မာစစ်အစိုးရနဲ့ ILO တို့အကြား သဘောတူထားတာ လာမယ့်နှစ် ဖေဖော်ဝါရီလထဲမှာ ကုန်ဆုံးတော့မှာလည်း ဖြစ်ပါတယ်။ ဒါပေမယ့်လည်း မြန်မာနိုင်ငံမှာ အဓမ္မလုပ်အားပေး အခြေအနေတွေရှိနေသေးတာမို့ ဒီလုပ်ငန်းစဉ်ဆက်လက်ဆောင်ရွက်သွားနိုင်ဖို့ အုပ်ချုပ်ရေးအဖွဲ့က မြန်မာ စစ်အစိုးရဖက် ကို ပြောဆိုထားတယ်လို့လည်း ILO အုပ်ချုပ်ရေးအဖွဲ့ အမှုဆောင်ညွှန်ကြားရေးမှူး မစ္စတာ ကာရီ တာပီအိုလာ က ပြောပါတယ်ခင်ဗျာ။

Read More...

နောက်ထပ် နိုင်ငံရေးအကျဉ်းသားနှစ်ဦး နယ်ထောင် အပို့ခံရ

နိုင်ငံရေး တက်ကြွ လှုပ်ရှားသူတွေကို ဒီရက်ပိုင်းအတွင်း ထောင်ဒဏ် ပြစ်ဒဏ်တွေ စီရင်ပြီး ဝေးလံခေါင်ဖျားတဲ့ နယ်ထောင်တွေကို ပို့ဆောင်နေရာမှာ ဒီအထဲက မိသားစုဝင်တွေဟာ ဆိုရင်လည်း တကွဲတပြားနဲ့ နယ်ထောင်တွေကို ပို့ဆောင်ခံနေကြရပါတယ်။ ဒီနေ့ ဆိုရင်လည်း မိသားစုနဲ့ အလှမ်းဝေးရာ နယ်ထောင်တွေကို ထပ်မံပို့ဆောင်လိုက်တဲ့ အထဲမှာ ဒီလို အခြေအနေမျိုးနဲ့ ကြုံခဲ့ကြရပါတယ်။ အကြောင်းစုံကို ကိုအောင်လွင်ဦး က တင်ပြထားပါတယ်။

နိုင်ငံရေး တက်ကြွလှုပ်ရှားသူတွေကို ထောင်ဒဏ်ပြစ်ဒဏ်တွေ ချမှတ်ပြီး မိသားစုနဲ့ အလှမ်းဝေးရာ နယ်ထောင်တွေကို ပို့ဆောင်နေတဲ့ အထဲမှာ ဒီနေ့ ဆိုရင်လည်း နှစ်ရှည်ထောင်ဒဏ်တွေ ချမှတ်ခံထားရသူ အနည်းဆုံး ၂ ဦး ပါဝင်ခဲ့တာပါ။ ထောင်ဒဏ် ၁၂ နှစ် နဲ့ ၆ လ ချမှတ်ခံထားရတဲ့ လူငယ် တက်ကြွလှုပ်ရှားသူ ကိုစည်သူမောင်၊ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် (အန်အယ်လ်ဒီ) လူငယ် အဖွဲ့ဝင်တဦးဖြစ်ပြီး ထောင်ဒဏ် ၆ နှစ် ခွဲ ချမှတ်ခံထားရတဲ့ ကိုသိန်းဆွေကို ရခိုင်ပြည်နယ် စစ်တွေ အကျဉ်းထောင်ကို ပို့ဆောင်လိုက်တာပါ။ ဒီနေ့ အစောပိုင်းမှာ ထောင်ပြောင်းလိုက်တာနဲ့ ပတ်သက်လို့ အန်အယ်လ်ဒီ လူငယ် ကိုသိန်းဆွေရဲ့ ဖခင် ဦးမင်းဆွေ ပြောပြတာကတော့ -

“စစ်တွေကို မနက် ၆နာရီမှာ ပို့လိုက်တယ်လို့ သတင်းရပါတယ်။ ကျွန်တော် အင်းစိန် အကျဉ်းထောင်ကို သွားမေးတော့လည်း စစ်တွေကို ပို့လိုက်ပါတယ်တဲ့။ ကျွန်တော်ကတော့ အပြစ် ၂ခါ ပေးတယ်လို့ပဲ ယူဆတယ်။ ရန်ကုန်မှာ ထားလဲ ရတာပဲ။ ရန်ကုန်မှာဆို ကျွန်တော်တို့ မိဘတွေ သွားရလာရ လွယ်ကူတာပေါ့။ စစ်တွေဆိုတော့ သွားလာစရိတ်ကုန်ကျမယ်။ ကျွန်တော်တို့ ပင်ပန်းမယ်။ သူ့ရဲ့ ကျန်းမာရေး အခြေအနေကို မိဘတွေ အနေနဲ့ စိုးရိမ် ကြောင့်ကြရတာပေါ့။”

ဒီလို ထောင်တွေချ၊ ဝေးလံခေါင်ဖျားတဲ့ ထောင်တွေကို ပို့နေလို့ မိသားစုတွေ စိတ်သောက ရောက်နေရတဲ့အပြင်၊ ဖမ်းဆီး ခံနေရသူတွေထဲက မိဘတွေနဲ့ သားသမီးတွေ၊ ဇနီး နဲ့ ခင်ပွန်းသည်တွေ၊ ညီအကို မောင်နှမတွေဟာ ဆိုရင်လည်း တကွဲတပြား ထောင်တွေဆီကို ပို့ဆောင်ခံနေကြရတာပါ။ အခုနောက်ဆုံး စစ်တွေထောင်ကို ပို့ဆောင်ခံခဲ့ရတဲ့ ကိုစည်သူမောင် ဟာ ဆိုရင်လည်း သူ့ကို ဖမ်းဆီးတုန်းက ချက်ခြင်း တံခါး ဖွင့်မပေးလို့ ဖမ်းဆီးခံခဲ့ရပြီး နောက်ပိုင်း ထောင်ဒဏ် ၆ နှစ် စီ ချမှတ်ခံခဲ့ရသူ မိဘတွေနဲ့ တကွဲတပြား ပို့ဆောင်ခံခဲ့ရတာပါ။ အခုဆိုရင် ကိုစည်သူမောင် က စစ်တွေထောင်၊ ဖခင်ဖြစ်သူ ဦးပီတာ က ကယားပြည်နယ် လွိုင်ကော်ထောင် နဲ့ မိခင်ဖြစ်သူ ဒေါ်နုနုဆွေ ဟာ ဆိုရင် ဧရာဝတီတိုင်း မြောင်းမြ အကျဉ်းထောင်တွေကို ပို့ဆောင်ခံနေရတာပါ။ နောက်ပိုင်းမှာ ညီမငယ် ၂ ဦး နဲ့ အသက် (၇၀) ကျော် အဖွားသာ ကျန်ရစ်တဲ့ ကိုစည်သူမောင်ရဲ့ မိသားစု အနေနဲ့ အခုလို အခြေအနေမှာ ထောင်ဝင်စာတောင်တွေ့ဖို့ အခက်ကြုံနေရတယ်လို့ နိုင်ငံရေး အကျဉ်းသား မိသားစုဝင်တွေက ပြောပါတယ်။ ကိုစည်သူမောင် ရဲ့ ရင်းနှီးသူ မိသားစု မိတ်ဆွေ တဦးလည်းဖြစ်တဲ့ ဦးမင်းဆွေ ကတော့ အခုလို ဆိုပါတယ်။

“သူတို့ မိသားစုတွေကို တကွဲတပြားထား ထားတယ်။ ရုံးထုတ်တဲ့အချိန်မှာတော့ သူ့အဘွားလာတယ်လေ။ အဘွားနဲ့ပဲ တွေ့ရတာပေါ့။ အဘွားကြီးဆို အသက် ၇၀ကျော်လောက် ရှိပါပြီ။ ဒုက္ခရောက်ပါတယ်။ ရုံးထုတ်တုန်းက လာရင် မောမောနေတယ်။ နောက်ပိုင်း မ၀င်ရတဲ့အခါကျတော့ အဲဒီ အဘွားနဲ့လဲ မတွေ့ရပါဘူး။”
ဒါကတော့ နိုင်ငံရေး တက်ကြွလှုပ်ရှားသူတွေကို ထောင်တွေချ၊ နယ်ထောင်တွေကို ပို့နေလို့ ဖမ်းဆီးခံရသူ မိသားစုဝင်တွေကြား တကွဲတပြား ဖြစ်နေရတဲ့ အခြေအနေတွေကို ပြောပြသွားတာ ဖြစ်ပါတယ်။

Read More...

ဒေါ်အောင်ဆန်းစုကြည် နေအိမ်အနီး လုံခြုံရေး တိုးမြှင့်

မြင့်မောင်
ဗုဒ္ဓဟူးနေ့၊ နိုဝင်ဘာလ 26 2008 17:00 - မြန်မာစံတော်ချိန်


နယူးဒေလီ။ ။ လူငယ်များက နအဖအကြီးအကဲ ဗိုလ်ချုပ်မှူးကြီး သန်းရွှေထံ နေအိမ် အကျယ်ချုပ် ကျခံနေရသော ဒေါ်အောင်ဆန်းစုကြည်ကို သွားရောက်ဂါရ၀ပြုခွင့် ပေးပါရန် တောင်းဆိုခဲ့ပြီးနောက် အာဏာပိုင်များက လုံခြုံရေး ပိုမိုတိုးမြှင့်ကာ တုံ့ပြန်လိုက်သည်။

နိုဘယ်လ် ငြိမ်းချမ်းရေးဆုရှင်၏ နေအိမ်ပတ်ဝန်းကျင်နှင့် ဗဟန်းမြို့နယ် ရွှေဂုံတိုင်ရှိ အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ်ရုံး ရှေ့တွင် လုံခြုံရေးတပ်ဖွဲ့များ သိသိသာသာ များပြားလာနေသည်ဟု အတိုက်အခံ ပါတီဝင်များက ပြောကြားကြသည်။

"ကျနော်တို့က ဥပဒေ ဘောင်အတွင်းကနေပြီးတော့ ငြိမ်းချမ်းစွာ အခုလို ဂါရ၀တရားနဲ့ တောင်းဆိုတာပါ။ မနေ့က ၂၅ ရက်နေ့အထိ ကျနော်တို့ လူငယ်တွေ ခွင့်ပြုအမိန့်ကို စောင့်နေဆဲပါ။ ဒါပေမဲ့ ခွင့်ပြုချက် မပေးဘဲ ရုံးနဲ့ အနီးတ၀ိုက်မှာ လုံခြုံရေးတွေ၊ ကြံ့ခိုင်ဖွံ့ဖြိုးရေးတွေနဲ့ စွမ်းအားရှင်တွေ အပြည့်ရောက်နေတယ်" ဟု ဒဂုံမြို့နယ် အဖွဲ့ချုပ်လူငယ်က မဇ္ဈိမကို ပြောသည်။

ဒေါ်အောင်ဆန်းစုကြည် နေအိမ်ရှိရာ တက္ကသိုလ်ရိပ်သာ လမ်းတလျှောက်နှင့် ရွှေဂုံတိုင်လမ်း၊ အဖွဲ့ချုပ်ရုံးရှေ့ရှိ ကျောက်ဆည်ဓမ္မာရုံတို့တွင် ရဲများအပြင် အစိုးရ ခါးပိုက်ဆောင်တပ်များပါ တွေ့ကြရသည်။

အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ်ဝင် အများစုပါဝင်သော လူငယ် ၅၀ ခန့်က ဗိုလ်ချုပ်မှူးကြီး သန်းရွှေထံ မြန်မာလူမျိုးတို့၏ ဓလေ့ထုံးစံအတိုင်း အသက် ၆၃ နှစ်အရွယ် အတိုက်အခံခေါင်းဆောင်ကို ဂါရ၀ပြုခွင့်ရရေး ခွင့်ပြုပါရန် မေတ္တာရပ်ခံထားသည်မှာ သီတင်းပတ် တပတ်ကြာမြင့်ပြီ ဖြစ်သော်လည်း အာဏာပိုင်များဘက်က ထုံးစံအတိုင်း မသိကျိုးကျွန်ပြုထားသည်။

လူထုခေါင်းဆောင်အား ဂါရ၀ပြုရန် လိုက်ပါလိုသူများ အဖွဲ့ချုပ်လူငယ် ခေါင်းဆောင်များဖြစ်သည့် မထက်ထက်အိုးဝေ (ရွှေပြည်သာမြို့နယ်)၊ ကိုဝင်းမြင့်မောင် (ခရမ်းမြို့)၊ ကိုအောင်မျိုးလွင် (ရွှေပြည်သာမြို့နယ်) တို့ထံ ဆက်သွယ်နိုင်ကြောင်း ကြေညာထားသည်ဟု ပါတီဝင်များနှင့် နီးစပ်သူ ရန်ကုန်မြို့ခံ ကိုပေါက်က မဇ္ဈိမကို ပြောပြသည်။

"သွားမယ်ဆိုရင် သူ့တို့နောက်မှာ လိုက်ပါမယ့် လူ ၄၀ နီးပါး ရှိတယ်။ သူတို့အနေနဲ့ ဥပဒေဘောင်အတွင်းက လုပ်သွားမှာဖြစ်တယ်" ဟု ကိုပေါက်က ပြောသည်။

ဒီပဲယင်း တိုက်ခိုက်မှုဖြစ်ပွားခဲ့ပြီးနောက် စစ်အစိုးရက နိုဘယ်ငြိမ်းချမ်းရေးဆုရှင် ဒေါ်အောင်ဆန်းစုကြည်အား တရားစွဲဆိုခြင်းမပြုဘဲ နေအိမ်အကျယ်ချုပ် ချုပ်နှောင်ထားခဲ့သည်မှာ ပြီးခဲ့သည့် မေလ ၂၇ ရက်နေ့တွင် ၅ နှစ်ပြည့်မြောက်ခဲ့သော်လည်း လွှတ်မပေးဘဲ ဆက်လက် ချုပ်နှောင်ထားခဲ့သည်။ မနက်ဖြန် နိုဝင်ဘာလ ၂၇ နေ့တွင် ထပ်တိုးချုပ်နှောင်ထားမှု ၆ လ တင်းတင်း ပြည့်မြောက်ပြီ ဖြစ်သည်။


ဒေါ်အောင်ဆန်းစုကြည်သည် ကုန်လွန်ခဲ့သည့် ၁၉ နှစ်တာကာလအတွင်း ၁၃ နှစ်ကျော်ကာလကို ရန်ကုန်မြို့ရှိ သူမနေအိမ်တွင် အကျယ်ချုပ်ဖြင့် နေထိုင်ဖြတ်သန်းခဲ့ရသည်။

Read More...

ချင်းပြည်နယ်တွင် ဘုရားကျောင်း မီးလောင်

ဆလိုင်းပီပီ
ဗုဒ္ဓဟူးနေ့၊ နိုဝင်ဘာလ 26 2008 16:59 - မြန်မာစံတော်ချိန်


နယူးဒေလီ။ ။ လျှပ်စစ်ဝါယာရှော့ဖြစ်၍ ဟားခါးမြို့နယ်အတွင်းရှိ ခရစ်ယာန် ဘုရားကျောင်းတခု မီးလောင် ပျက်စီးသွားမှုတရပ် တနင်္လာနေ့က ဖြစ်ပွားခဲ့ကြောင်း ဒေသခံများ အပြောအရ သိရသည်။

နှစ်ထပ် အဆောက်အဦဖြစ်သော ဟားခါး ခွာလုမ်း နှစ်ခြင်းဘုရားကျောင်းသည် ယခုလ ၂၄ ၇က်နေ့ မွန်းလွဲ ၁၂ နာရီခွဲခန့်က ၀ါယာရှော့ဖြစ်ကာ လောင်ကျွမ်းပြာကျသွားခဲ့သည်ဟု ဆိုသည်။

"၀န်ထမ်းတွေက နေ့လယ်စာ ထမင်းစားဖို့ ထွက်နေကြတုန်း ဘုရားကျောင်း နောက်ခန်းကနေ မီးစလောင်တာပဲ။ မီးတောက်ကကြီးလာပြီး အဆောက်အဦတခုလုံး ကုန်သွားတာ" ဟု မြန်မာ့စီးပွားရေးဘဏ် ဟာခါးမြို့နယ်ခွဲရုံးမှ ဘဏ်မန်နေဂျာဖြစ်သူ ဒေသခံတဦးက ပြောသည်။

Burning Churchသူက ဆုံးရှုံးမှုတန်ဖိုးသည် ကျပ်သိန်း ၅၀၀ အထိ ရှိနိုင်ကြောင်း ပြောကြားလိုက်ပြီး "အဆောက်အဦကနေ ခွေးခြေသုံးလုံးကလွဲရင် ဘာမှ မရလိုက်ဘူးလေ" ဟု ပြောသည်။

ဒေသခံ ရဲဌာနနှင့် မီးသတ်အဖွဲ့တို့ကို ဆက်သွယ်မေးမြန်း မရနိုင်သည့် အနေအထား၌ မဇ္ဈိမကို ဒေသခံများက ပြောပြရာတွင် အာဏာပိုင်များက တစုံတရာ တုံ့ပြန်လုပ်ဆောင်ပေးမှု မရှိသေးကြောင်း သိရသည်။

"ဒေသခံအာဏာပိုင်တွေ ထုံးစံအတိုင်း လာပြီး ကြည့်သွားတယ်။ ဒါပေမဲ့ ကယ်ဆယ်ရေးလုပ်ငန်း ဘာမှ မလုပ်သေးပါဘူး" ဟု ဒေသခံတဦးက ပြောသည်။

ဘုရားကျောင်းသို့ ပုံမှန်ဝတ်ပြုနေသူ အသင်းသား ဦးရေ ၅၀၀ ခန့်မှာ ပလတ်စတစ်မိုး ယာယီတဲတခုတွင် ဘုရားဝတ်ပြုရန် စီစဉ်လျက်ရှိသည်ဟု သူက ဖြည့်စွက်ပြောသည်။

မီးလောင်ကျွမ်းသွားသော ဘုရားကျောင်း အဆောက်အဦမှာ အလျားအားဖြင့် ပေ ၉၀၊ အနံအားဖြင့် ပေ ၅၀ ရှိသည်ဟု ဒေသခံက ပြောသည်။

Read More...

ခွဲထွက်ရေးသူပုန်များ ထိုးစစ်ကြောင့် စစ်သား ၂ ဦးသေဆုံး

သန်းထိုက်ဦး
ဗုဒ္ဓဟူးနေ့၊ နိုဝင်ဘာလ 26 2008 15:11 - မြန်မာစံတော်ချိန်


ချင်းမိုင်။ ။ ချင်းပြည်နယ်အတွင်း တပ်စွဲထားသော စစ်တပ် တပ်စခန်းတခုကို ခွဲထွက်ရေး ရခိုင်သူပုန်အဖွဲ့တခုက ၀င်ရောက်တိုက်ခိုက်ရာ စစ်သား ၂ ဦး သေဆုံးပြီး၊ ၃ ဦး ဒဏ်ရာ ရရှိသွားကြောင်း စီးနင်းတိုက်ခိုက်ခဲ့သူများ အပြောအရ သိရသည်။

ပလက်ဝမြို့နယ် အတွင်းရှိ ဒိုချောင်းဝ ဒေသတွင် ခြေမြန်တပ်ရင်း ၅၅၀ တပ်ဖွဲ့ဝင်များ၏ တပ်စခန်းတခုကို ရခိုင်လွတ်မြောက်ရေး တပ်မတော် (အေအယ်လ်အေ) မှ တပ်ကြပ်ကြီး ခိုင်လင်း ဦးဆောင်သော ၁၅ ဦးပါ အဖွဲ့က ယခုလ ၁၈ ရက်နေ့ မွန်းလွဲ ၃ နာရီက လျှပ်တပြက် ၀င်ရောက် တိုက်ခိုက်ခဲ့ခြင်း ဖြစ်သည်။

အခင်းဖြစ်ပွားရာ ဒေသသည် ပလက်ဝမြို့နယ်မှ ခြေလျင်ခရီးဖြင့် ၃ ရက်ကြာ သွားရသည်။

နှစ်ဖက် အင်အားတူမျှရှိသည့် တိုက်ပွဲနှင့် ပတ်သက်၍ သူတို့ဘက်မှ ထိခိုက်ဆုံးရှုံးမှု မရှိကြောင်းနှင့် တိုက်ပွဲအပေါ် ကျေနပ်အားရမိသည်ဟု ယမန်နေ့က ထုတ်ပြန်သော အေအယ်လ်အေ၏ တိုက်ပွဲသတင်း ထုတ်ပြန်ချက်တွင် ပါရှိသည်။

မဇ္ဈိမအနေဖြင့် တိုက်ပွဲနှင့်ပတ်သက်သော သီးခြားအတည်ပြုချက် ရယူနိုင်ခြင်း မရှိပါ။

"နအဖ စစ်တပ်တွေဘက်က ၂ ယောက် သေပြီးတော့၊ ၃ ယောက်ကတော့ ပြင်းပြင်းထန်ထန် ဒဏ်ရာ ရသွားတယ်" ဟု ရခိုင်လွတ်မြောက်ရေးပါတီ (ALP) ဒု-ပြန်ကြားရေး တာဝန်ခံ ခိုင်ထွန်းလင်းက မဇ္ဈိမကို ပြောသည်။

ရခိုင်လွတ်မြောက်ရေး တပ်မတော်သည် ရခိုင်လွတ်မြောက်ရေးပါတီ၏ လက်အောက်ခံတပ် ဖြစ်သည်။

"ကျနော်တို့ဆီက အဲဒီမှာ လူလွှတ်ပြီးတော့ စုံစမ်းတယ်။ နောက်ပြီးတော့ တိုက်ပွဲဖြစ်ပြီး ထွက်ပြေးလာတဲ့ လူတွေရှိတယ်၊ အဲဒီအနီးနားက ရွာတွေက။ အဲဒီလူတွေဆီက အတိအကျ သတင်းကောက်ယူခဲ့လို့ သိရတာ" ဟု ခိုင်ထွန်းလင်းက ပြောပြသည်။

အေအယ်လ်ပီကို ၁၉၆၇ ခုနှစ်ကတည်းက ဖွဲ့စည်းခဲ့ပြီး သီးခြားလွတ်လပ်ရေးအတွက် လက်နက်ကိုင်တပ် ထူထောင်ပြီး တိုက်ပွဲဝင်လျက်ရှိသည်။

Read More...

အစိုးရဖြုတ်ချရေးအဖွဲ့ သုဝဏ္ဏဘူမိလေဆိပ်ကို ဝိုင်းရံပိတ်ဆို့၊ ဝန်ကြီးချုပ် နှုတ်ထွက်ရန် တောင်းဆို

မဇ္ဈိမသတင်းဌာန
ဗုဒ္ဓဟူးနေ့၊ နိုဝင်ဘာလ 26 2008 13:39 - မြန်မာစံတော်ချိန်


ချင်းမိုင်။ ။ ဒီမိုကရေစီအတွက် ပြည်သူ့မဟာမိတ် (People Allience for Democracy - PAD) အဖွဲ့က ထိုင်းနိုင်ငံ၏ ပင်မ နိုင်ငံတကာ လေဆိပ်ကြီးဖြစ်သော သုဝဏ္ဏဘူမိ လေဆိပ်ကို ၀င်ရောက်စီးနင်းလိုက်ပြီး ဆန္ဒပြနေခဲ့သည့်အတွက် လေဆိပ်လုပ်ငန်းများ ရပ်ဆိုင်းသွားသည်။

ပီရူးနိုင်ငံသို့ အစည်းအဝေး သွားတက်နေသော ဝန်ကြီးချုပ် ဆွမ်ချိုင်း ဝုန်းဆဝတ် ရာထူးမှ မနှုတ်ထွက်မချင်း လမ်းပေါ်ဆန္ဒပြပွဲများ ပြုလုပ်သွားမည်ဆိုသော ပီအေဒီ၏ "နောက်ဆုံးတိုက်ပွဲ" မဟာဗျူဟာအရ အစိုးရအဖွဲ့ ယန္တရား ရပ်ဆိုင်းသွားရန် လုပ်ဆောင်ခြင်းဖြစ်သည်ဟု ဆိုသည်။

ဝန်ကြီးချုပ်ဟာင်း တပ်ဆင် ရှင်နဝတ်၏ ရုပ်သေးအစိုးရဟု PAD အဖွဲ့၏ စွပ်စွဲခြင်း ခံရသော ဝန်ကြီးချုပ် ဆွမ်ချိုင်းနှင့် ဝန်ကြီးအဖွဲ့ တဖွဲ့လုံး နှုတ်ထွက်ရန် (သို့) လွှတ်တော် ဖျက်သိမ်းရန် တောင်းဆို ဆန္ဒပြသည့် နောက်ဆုံး လှုပ်ရှားမှု ဖြစ်သည်။

ယမန်နေ့ မနက်ကလည်း လက်ရှိ ထိုင်းအစိုးရ၏ ယာယီ အိမ်ဖြူတော်အဖြစ် အသုံးပြုထားသော ဒွန်မောင်းလေဆိပ်ကို သွားရောက် ပိတ်ဆို့ သိမ်းပိုက်ခဲ့သေးသည်။ ထို့အပြင် ထိုင်းတပ်မတော် ဗဟိုဌာနချုပ်ရှေ့သို့လည်း သွားရောက် ဆန္ဒပြခဲ့သေးသည်။


PAD အဖွဲ့သည် ယမန်နေ့ ညနေပိုင်းမှစ၍ ဒွန်မောင်းလေဆိပ်မှာ သုဝဏ္ဏဘူမိလေဆိပ်သို့ သွားရောက်ကာ အဝင်လမ်းများကို ပိတ်ဆို့လိုက်သဖြင့် လေဆိပ်မှာ ဝင်ထွက်သွားလာရန် ခက်ခဲသွားခဲ့ရသည်။ သုဝဏ္ဏလေဆိပ် ထိပ်ပိုင်း တာဝန်ရှိသူများ အဆိုအရ PAD အဖွဲ့ခေါင်းဆောင်များနှင့် ဆွေးနွေးငြိနှိုင်းရာတွင် မအောင်မြင်ပဲ ယမန်နေ့ည ၁၀ နာရီ မတိုင်မီအထိ check-in လုပ်ပြီးသော ခရီးသည်များနှင့် လေယာဉ်ကိုသာ ပျံသန်းထွက်ခွင့်သာ ဆွေးနွေးနိုင်ခဲ့သော်လည်း လေယာဉ်နှင့် ခရီးသည်များ လုံခြုံရေးအတွက် လေဆိပ်၏ ဝန်ဆောင်မှုအားလုံး ပိတ်ပစ်လိုက်ရကြောင်း ည ၁၀ နာရီကျော်တွင် ကြေညာသည်။

ခရီးသည် အများအပြားမှာ လေဆိပ်တွင် ၃၀၀၀ ဦးခန့် သောင်တင်နေကြောင်း မည်သည့်လေယာဉ်မျှ ပျံသန်း သက်ဆင်းခြင်း မပြုတော့ကြောင်း၊ နိုင်ငံတကာမှ လေယာဉ်ခရီးစဉ်များလည်း သုဝဏ္ဏဘူမိလေဆိပ်သို့ ခရီးစဉ်များကို ဆိုင်းငံ့ထားလိုက်ကြရသည်။


ပီရူးနိုင်ငံတွင် အစည်းအဝေး သွားရောက်တက်ရောက်နေသော ဝန်ကြီးချုပ် ဆွမ်ချိုင်းသည် မူလ လျာထားချက်အရ ယနေ့ နေ့လည် ၁ နာရီခန့်တွင် သုဝဏ္ဏဘူမိလေဆိပ်သို့ ပြန်လည် ရောက်ရှိဆင်းသက်ရမည် ဖြစ်သော်လည်း ပီရူးနိုင်ငံမှအထွက် နှောင့်နှေးကြန့်ကြာမှုကြောင့် ယနေ့ညနေ ၇ နာရီခန့်မှ ရောက်ရှိလိမ့်မည်ဟု အစိုးရ ပြောရေးဆိုခွင့်ရှိသူက ဆိုသည်။


သို့သော် သုဝဏ္ဏဘူမိ လေဆိပ်သို့ ဆင်းသက်လိမ့်မည် မဟုတ်ဘဲ ချင်းမိုင်လေဆိပ်၊ ဖူးခက်လေဆိပ် နှင့် အူတာပေါင်းလေဆိပ် တခုခုသို့ သွားရောက်ဆင်းသက်လိမ့်မည်ဟု ထိုင်းမီဒီယာများက ခန့်မှန်းထားသည်။


PAD အဖွဲ့အနေဖြင့် ဝန်ကြီးချုပ် ဆွမ်ချိုင်းက ချွင်းချက်မရှိ နှုတ်ထွက်ရန်နှင့် ဝန်ကြီးချုပ်ကိုယ်တိုင် လေဆိပ်သို့ PAD ခေါင်းဆောင်များနှင့် သွားရောက် ဆွေးနွေးရန် တောင်းဆိုထားသည်။ သတင်းရေးသားနေချိန်အထိ နောက်ဆုံးရရှိသော သတင်းများအရ PAD အဖွဲ့များသည် သုဝဏ္ဏဘူမိ လေဆိပ်၏ လေကြောင်းထိမ်းချုပ်ရာ ဌာနကို ဝင်ရောက်သိမ်းပိုက်လိုက်ပြီ ဖြစ်ကြောင်း သိရသည်။


ယခုကဲ့သို့ ထိုင်းနိုင်ငံ၏ အဓိက ဝင်ထွက်ပေါက်ဖြစ်သော သုဝဏ္ဏဘူမိ လေဆိပ်ကို ပိတ်ဆို့ သိမ်းပိုက်လိုက်သည့်အတွက် ဘဏ္ဍာရေးထိခိုက်မှုများနှင့် နိုင်ငံ၏ အဓိက ဝင်ငွေပေါက်ဖြစ်သော ခရီးသွားလုပ်ငန်းကို အကြီးအကျယ် ထိခိုက်စေသည်သာမက နိုင်ငံအတွင်း ရင်းနှီးမြုပ်နှံမှုများကိုပါ ရေရှည် ထိခိုက်စေသည်ဟု စီးပွားရေး ပညာရှင်များက ဆိုသည်။ ယခုကဲ့သို့ ဖြစ်ပျက်မှုကြောင့် ဝင်ငွေ တနေ့လျှင် ဘတ် သန်း ၁၀၀၀ ဖိုး ဆုံးရှုံးမှု ရှိကြောင်း ခန့်မှန်းကြသည်။

ယမန်နေ့ညနေတွင် အစိုးရထောက်ခံသူများနှင့် PAD အဖွဲ့သားများအကြား တိုက်ခိုက်မှုများ ရှိခဲ့ရာ PAD အဖွဲ့သားများမှ သေနတ်ဖြင့် ပစ်ခတ်မှုကြောင့် လူအများအပြား ဒါဏ်ရာရရှိသွားကြသည်။ ယမန်နေ့ညတွင် မြို့တော်ဘန်ကောက်အတွင်း အကြိမ်ကြိမ် ဗုံးပေါက်ကွဲမှုများ ရှိခဲ့သည်။ ဤပဋိပက္ခကြောင့် ထိုင်းစစ်တပ်မှ အာဏာ တဖန်သိမ်းလိမ့်မည်ဖြစ်ကြောင်း ကောလာဟလများလည်း ပို၍ စိပ်စိပ် ကြားလာရသည်။ သို့သော် ထိုင်းတပ်မတော် အကြီးအကဲ ဗိုလ်ချုပ်ကြီး အနုဖုန်း ဖောင်ဝ်ဂျင်းဒါးက အာဏာသိမ်းမှုသည် လက်ရှိ ပဋိပက္ခကို ဖြေရှင်းနိုင်လိမ့်မည် မဟုတ်ကြောင်း နိုင်ငံရေးကို နိုင်ငံရေးဖြင့်သာ ဖြေရှင်းရမည်ဖြစ်ကြောင်း၊ စစ်တပ်မှ အာဏာသိမ်းမှု ရှိလိမ့်မည် မဟုတ်ကြောင်း ယမန်နေ့က မီဒီယာများကို ရှင်းလင်း ပြောကြားသည်။

Read More...

Wednesday, November 26, 2008

Tuesday, November 25, 2008

“ အ ရှက် ဖြေ လင်္ကာ ”

ခြောက်တီးခြောက်ချက် စားကျက်မြေဟာ

ဖုန်းဆိုးငွေ့တသင်းသင်းနဲ့

သွေးညှီနံ့တွေမရှင်းသေးဘူးအမေ…

ကျွန်တော့်သူငယ်ချင်းတွေလည်းလေ…

နံရံနောက်မှာ ခွေလို့ ခေါက်လို့

ကျွန်တော့်သူငယ်ချင်းတွေလေ…

မ၀ရေစာ ညစာကြမ်းကြမ်းတွေနဲ့

ကျွန်တော့်သူငယ်ချင်းတွေ

ကျွန်တော်တို့ကိုလွမ်းနေတော့မှာပဲအမေ

အမေကကျွန်တော့ကိုလွမ်းသလို

သူတို့လည်းကျွန်တော့်ကို လွမ်းနေကြတော့မှာပဲအမေ

ကျွန်တော်တို့ကိုယုံကြည်တာလေးတခုနဲ့

သူတို့ဘ၀ကို စိတ်ချလက်ချအပ်ထားခဲ့တဲ့သူတွေ

အိပ်ကပ်အစုတ်ထဲက အိပ်မက်အရုပ်လေးကို

တယုတယ ထုတ်ထုတ်ကြည့်လို့

အလွမ်းပေါ်အလွမ်းဆင့် အလွမ်းနင့်နေကြမှာပဲအမေ

သံခြေချင်းတန်းလန်းကြီးနဲ့တောင်

နိုင်ငံကြီးကောင်းစားတာမြင်ချင်သေးသတဲ့

လူပီသလိုက်ကြပုံများ တပြားသားမှစိတ်ကိုမလျော့ဘူးအမေ

သူငယ်ချင်းတွေလေ ကျွန်တော့်သူငယ်ချင်းတွေပေါ့

ဒီကောင်တွေကို ဒီထောင်တွေထဲ

ကျွန်တော်ဘယ်အချိန်ထိ နေခွင့်ပြုရဦးမလဲအမေ

နရသိန်တံခါးကို ရိုက်ချိုးမဖွင့်နိုင်သေးသရွေ့

လက်ဖ၀ါးတွေလည်း လူမြင်မခံဝံ့ဘူးလေ

စိတ်အနာ အစာမကြေသမျှ

(ခဏလေးဖြစ်ဖြစ်ပေါ့)

ကျွန်တော့်ပါးနှစ်ဖက်ကိုပဲကျွန်တော်

အားရပါးရ ပြန်ရိုက်လိုက်ပါရစေဦးအမေ

အရှက်လေးများပြေလိုပြေငြား…


မတရားအမိန့်များဖြင့် နှစ်ရှည်ထောင်ဒဏ် ချမှတ်ခံထားရတဲ့ သူငယ်ချင်းများအတွက်ရေးဖွဲ့သည်။

မိုဃ်းသွေး

Generation Wave

Read More...

Monday, November 24, 2008

အမိန့်မချခင် 10 မိနစ်အလို၌ ရေးသားထားသော ဇေယျာသော်၏ နှိုးဆော်ချက်


Read More...

မြန်မာပြည်ကြီး ဘယ်လိုစခန်းသွားမလဲ



မန်မာပြည် ပညာရေးခါးပြတ်နေတာနဲ့ ပတ်သတ်ပြီးကျတော်နဲနဲလောက် ပြောကြည့်ချင်ပါတယ်။ ကျတော် academic လည်းမဟုတ်ပါဘူး။ ကျတော်စဉ်းစားနေတာလေးကို ၀ိုင်းပြီးစဉ်းစားပေးကြပါ။

မြန်မာပြည်မှာ လူ ၁၀၀% ကျောင်းတက်ရင် မူလတန်းရောက်ရင် ဘယ်နှရာခိုင်နှုန်းလောက် ကျန်မယ်လို့ထင်ပါသလဲခင်ဗျ။ လေးတန်းလောက်ထိကတော့ အခက်အခဲမရှိ ရောက်သွားကြမှာပါ။ ငါးတန်းတက်တော့မယ်။ အဲဒီမှာ ပြသနာကစပြီ ။ရွာတိုင်းမှာ မူလတန်းကျောင်း ရှိတယ်ပဲထားအုံး။ ရွာတိုင်းမှာ အလယ်တန်းကျောင်း မရှိပါဘူး ။ အဲဒါကို လက်ခံပါသလား။ ဒါဆိုရင် ၁၀နှစ်အရွယ်ကလေးလေးကို အလည်တန်းကျောင်ရှိတဲ့ တခြားရွာကိုလွတ်ရတော့မယ်။ ချောင်းတွေဖြတ်တန်ရင်လည်း ဖြတ်ရမယ်။ ဒါမှမဟုတ် အဝေးကြီးလမ်းလျောက်သွားရမယ်။ ဒီ၁၀ နှစ်အရွယ်ကလေးကို ဒီလိုလမ်းတွေဖြတ်ပြီး ကျောင်းသွားတက်ဖို့ မိဘတွေက စိတ်ချပါ့မလား ။

ဒီတော့ တခြားနည်းလမ်း စဉ်းစားကြည့်မယ် ။ ဟုတ်ပြီ အလယ်တန်းကျောင်းရှိတဲ့ ရွာမှာ ကလေးကို ကျောင်းတက်ဖို့ကလေးကို တယောက်ယောက်အိမ်မှာထားမယ် ။ တနှစ်စာကျောင်းစရိတ် ပေးရတော့မယ် ။နေစရိတ်ပေးရတော့မယ်။ ဒါကိုတတ်နိုင်တဲ့မိဘတွေလည်းရှိမယ်။ မတတ်နိုင်တဲ့မိဘတွေလည်းရှိမယ် ။ ဒါဆို 100% ရဲ့ ဘယ်လောက်ဟာ အလယ်တန်းကျောင်းကို ဆက်တက်နိုင်မယ်လို့ထင်ပါသလဲခင်ဗျ။

ရာခိုင်နှုန်း တ၀က်ပဲထားပါအုံး ။ ဟုတ်ပြီ အဲဒီရာခိုင်နှုန်းတ၀က် ကကျောင်းဆက်တက်ကြမယ်။ ၁၀တန်းကို ဘယ်နှစ်ယောက်ရောက်နိုင်မလဲ ။ အကုန်လုံး၁၀တန်းထိမရောက်နိုင်ဘူး ။ ၁၀ တန်းေ၇ာက်တဲ့အချိန်မှာ 33% ပဲကျန်တယ်။ တက္ကသိုလ် တက်ရတော့မယ် အဲဒီကလေးတွေ။ ကျူရှင်စားရိတ်၊ ကျောင်းစရိတ်တွေကို မိဘတွေထပ်ရှာရတော့မှာပေါ့ ။ ကိုယ့်သားသမီးပဲ ကျောင်းမှမပြီးသေးတာ။ တတ်နိုင်တဲ့မိဘတွေရှိမယ် ။ မတတ်နိုင်တဲ့မိဘတွေရှိမယ်။ အဲဒီ 33% မှာ ကျောင်းပြီးသွားလို့ ကျန်တဲ့သူတွေကို စစ်တမ်းကောက်လိုက်ရင် 6% ပဲကျန်မယ်လို့ ကျတော်ပြောရင် လက်ခံနိုင်ပါသလားခင်ဗျား။

ဒီအထဲမှာ ရာခိုင်နှုန်အများဆုံးလူကတော့ စောစောက 50% ရှိတဲ့ မူလတန်းအောင်ထားတဲ့လူတွေပေါ့။ 50 %ဆိုတာကလည်း အကြမ်းဖျင်းပါ၊ ရှိချင်မှလည်းရှိမယ်။ အဲဒီ လေးတန်းအောင်တဲ့ လူ50% ဟာ နောင်နှစ်၂၀ မှာတိုင်းပြည်ဟာသူတို့လက်ထဲရောက်လာပြီ။ ကဲ ဘယ်လိုအုပ်ချုပ်ကြမလဲ။ ဘယ်မှာလဲ စမ်းသပ်တီထွင်မှု ။ ဘယ်မှာလဲ နည်းပညာ။ သူတို့ကလေးတွေထဲကရော ဘယ်နှစ်ယောက်လောက် ပညာတတ်ဖြစ်လာမလဲ။ ဒါဆို တို့မြန်မာပြည်ကြီး ဘယ်လိုစခန်းသွားကြမလဲ။ ၀ိုင်းစဉ်းစားပေးကြပါဗျာ။ ကျတော်တယောက်ထဲ စဉ်းစားလို့မရလို့ပါ။

Dream Angel


Read More...

Sunday, November 23, 2008

ဒီမိုကရေစီ

၁။ ဒီမိုကရေစီဆိုတာ လူထုအုပ်ချုပ်ရေးစနစ်ဖြစ်သည်။
၂။ ဒီမိုကရေစီဆိုတာ လူတစ်ဦးတစ်ယောက် အုပ်ချုပ်ရေးစနစ်မဟုတ်။
၃။ ဒီမိုကရေစီဆိုတာ စစ်ဗိုလ်တစ်စုရဲ့ အုပ်ချုပ်ရေးစနစ် မဟုတ်ဘူး။
၎။ ဒီမိုကရေစီဆိုတာ လူထုအားလုံး ပါဝင်အုပ်ချုပ်တာ ဖြစ်တယ်။

ဒီမိုကရေစီ အင်္ဂါရပ်သုံးခု

ဒီမိုကရေစီကို သိရှိသဘောပေါက် သိပ်လွယ်ကူပါတယ်။ ဒီမိုကရေစီမှာ အင်္ဂါရပ်သုံးခု အမြဲတမ်းပါဝင်နေတယ်။ အဲဒါတွေကတော့
၁။ လူ့အခွင့်အရေးအပေါ် လေးစားလိုက်နာမှု့
၂။ လွတ်လပ်သော ရွေးကောက်ပွဲများ
၃။ ဥပဒေစိုးမိုးရေး


၁။ လူ့အခွင့်အရေးပေါ်လေးစားလိုက်နာမှု့
လူတိုင်းလူတိုင်းကို လူ့အခွင့်အရေးအရာမှာ တူညီမှု့အရ မွေးဖွားခဲ့တာဖြစ်တယ်။ တိုင်းရင်းသားလူမျိုး ကိုးကွယ်ရာဘာသာ နိုင်ငံသားဖြစ်မှု့ လိင်၊ နိုင်ငံရေးယုံကြည်မှု့ (သို့) စီးပွားရေးအခြေနေ မခွဲခြားပဲ လူတိုင်းဟာညီမျှတဲ့ လူ့အခွင့်အရေးကို ပိုင်ဆိုင်တာဖြစ်ပါတယ်။ ဘယ်အစိုးရမဆို အရေးကြီးဆုံးဟာ လူ့အခွင့်အရေးကို ကာကွယ်စောင့်ရှောက်ဖို့ ဖြစ်ပါတယ်။ အရေးကြီးတဲ့ လူ့အခွင့်အရေးထဲမှာ ဒါတွေပါဝင်နေတယ်။
- နိုင်ငံရေးယုံကြည်ချက်နဲ့ အမြင်သဘောထားတွေကို လွတ်လပ်စွာတင်ပြခွင့်
- နိုင်ငံရေးအဖွဲ့စည်းတွေမှာ ပူပေါင်းခွင့်နှင့် ပါဝင်ဆောင်ရွက်ခွင့်
- ဘာသာတရား လွတ်လပ်စွာကိုးကွယ် ယုံကြည်ဝတ်ပြုခွင့်
- အစိုးရကိုငြိမ်းချမ်းစွာ ဆန့်ကျင်ဆန္ဒပြခွင့်
- လွတ်လပ်တဲ့တရားသူကြီးတွေရဲ့ ရှေ့မှောက်မှာ မျှတသောတရားစီရင်မှု့မရှိပဲ ထောင်ချခြင်းမခံထိုက်သော အခွင့်အရေး ဥစ္စာပိုင်ဆိုင်မှု့ကို သိမ်းပိုက်ခြင်းမခံထိုက်သော အခွင့်အရေး
- ရဲနှင့်စစ်တပ်တို့၏ နှိပ်စက်ညှုင်းပန်းမှု့ကို ဘယ်တော့မှမခံစားစေရ ဆိုသောအခွင့်အရေး
အထက်ကပြောသောအခွင့်အရေးတွေကို လေးစားလိုက်နာမှု့မရှိသော ဘယ်အစိုးရမဆို ဒီမိုကရေစီအစိုးရမဟုတ်ဘူးဆိုတာ ရှင်းနေပါတယ်။

၂။ လွတ်လပ်သောရွေးကောက်ပွဲများ
လူထုအုပ်ချုပ်ရေးဆိုတဲ့ ဒီမိုကရေစီ အုပ်ချုပ်ရေးစနစ်မှာ အစိုးရခေါင်းဆောင်တွေနဲ့ ကိုယ်စားလှယ်တွေကို ရွေးချယ်တဲ့ ရွေးကောက်ပွဲတွေမှာ လူတိုင်းမဲပေးခွင့်ရှိပါတယ်။ ထို့အပြင် အစိုးရ ဒါမှမဟုတ် တစုံတယောက်ရဲ့ ဖိအားပေးမှု့ကို မခံစေရပဲ မိမိရဲ့ဆန္ဒကို လွတ်လပ်စွာ ဖော်ပြနိုင်စေဖို့ လျှို့ဝှက်ဆန္ဒမဲစနစ်နဲ့ မဲပေးပိုင်ခွင့်ရှိတယ်။
ဒီမိုကရေစီစနစ်မှာ အစိုးရဟာ လူထုဆန္ဒမဲကို လေးစားလိုက်နာရမှာဖြစ်ပါတယ်။ ရွေးကောက်ပွဲမှာ အစိုးရ ရှုံးနိမ့်ခဲ့ရင် ငြိမ်းငြိမ်းချမ်းချမ်းနဲ့ အသစ်ရွေးချယ်ခံရတဲ့ လူထုကိုယ်စားလှယ်တွေထံ အာဏာလွဲပေးရမှာ ဖြစ်ပါတယ်။
ဒီမိုကရေစီစနစ်မှာ ရွေးကောက်ပွဲတွေကို အချိန်မှန်မှန်ကျင်းပပေးဖို့ လိုအပ်ပါတယ်။ ဒါမှ ပြည်သူလူထုဟာ လက်ရှိအစိုးရကို ဆက်လက်ထောက်ခံပေးသလား ဒါမှမဟုတ် အစိုးရ အပြောင်းအလဲ လုပ်ချင်သေးသလားဆိုတာကို ဆန္ဒထုတ်ဖော်ပြနိုင်မှာဖြစ်ပါတယ်။
ဒါကြောင့် ဒီမိုကရေစီနိုင်ငံတွေမှာ ဘယ်သူတွေ အစိုးရလုပ်သင့်သလဲဆိုတာကို လူထုဟာ လွတ်လပ်တဲ့ ရွေးကောက်ပွဲတွေမှာ အဆုံးအဖြတ်ပေးမှာ ဖြစ်ပါတယ်။

၃။ ဥပဒေစိုးမိုးရေး
ဥပဒေစိုးမိုးရေးဆိုတာ လူတွေဟာ ဥပဒေရဲ့ လွမ်းမိုးမှု့အောက်မှာ ရှိရမယ်လို့ဆိုလိုတယ်။ ဒီမိုကရေစီစနစ်မှာ လူမျိုး၊ ဘာသာနှင့် နိုင်ငံရေးယုံကြည်မှု့ စီးပွားရေးအခြေအနေ မခွဲခြားပဲ ဥပဒေဟာ လူတိုင်းအပေါ် အကျိုးသက်ရောက်ရမည် ဖြစ်ပါသည်။ ဥပမာအနေနှင့်ပြောရရင် တပ်က ဗိုလ်ချုပ်ကြီးတစ်ယောက်နှင့် လယ်သမားကြီးတစ်ယောက်တို့ဟာ ဥပဒေရှေ့မှောက်မှာ အခွင့်အရေး တူညီမှု့ရှိသည်ပြီး ဥပဒေကို တန်းတူညီမျှ လေးစားလိုက်နာရမှာ ဖြစ်တယ်။
ဒီမိုကရေစီစနစ်မှာ ဥပဒေစိုးမိုးရေးကို ထူထောင်နိုင်ဖို့ တရားသူကြီးတွေက အခြားအစိုးရ ဌာနတွေနှင့် ကင်းလွတ်ဖို့လိုအပ်ပါတယ်။ ဒါမှသာ တရားသူကြီးတွေက စီရင်ဆုံးဖြတ်မှု့ပြုတဲ့အခါ နိုင်ငံရေးဖိအားမှ ကင်းလွတ်နိုင်ပြီး ဥပဒေအရသာ စီရင်ဆုံးဖြတ်မှု့ ပြုနိုင်မှာသာဖြစ်တယ်။

Read More...

Saturday, November 22, 2008

ဦးဇာဂနာပြောသွားတာပါ.....



အခု နောက်ထပ် ဥပဒေအသစ်ပေါ်နေပါတယ်ခင်ဗျာ......(အိုင်)သုံးလုံး ဥပဒေဖြစ်ပါတယ်....
၁။ ပထမ (I)က ....Information technology နားလည်ချင်လို့
၂။ ဒုတိယ(I)က.. Internet ကိုသုံးမိတဲ့အတွက်
၃။ တတိယ(I)က... Insein jail အင်းစိန်ထောင်ကို ရောက်သွားပါတယ်လို့ ကျွန်တော်တို့ရဲ့ ညီအစ်ကိုတော်ကြီး
ကိုဇာဂနာပြောသွားတာပါ.....

Read More...

အသျှင်ဂမ္ဘီရကို စုစုပေါင်း ထောင်ဒဏ် (၆၈) နှစ် စွယ်စုံအနုပညာရှင် ကိုဇာဂနာကို (၄၅) နှစ်

ကိုဝိုင်း/ ၂၁ နိုဝင်ဘာ ၂၀၀၈

မြန်မာနိုင်ငံလုံးဆိုင်ရာ သံဃာ့တပ်ပေါင်းစုမှ ဆရာတော် အသျှင်ဂမ္ဘီရကို ပုဒ်မ (၄) ခုဖြင့် အင်းစိန်အထူးတရားရုံးက ထောင်ဒဏ် (၁၂) နှစ် ယနေ့ ထပ်မံချလိုက်သဖြင့် စုစုပေါင်း ထောင်ဒဏ် (၆၈) နှစ်ဖြစ်သွားကြောင်း အင်းစိန်တရားရုံးနှင့် နီးစပ်သူများထံမှ သိရသည်။

အသျှင်ဂမ္ဘီရကို အနောက်ပိုင်းခရိုင်တရားရုံး၊ ကမာရွတ်မြို့နယ်တရားရုံးနှင့် အလုံမြို့နယ်တရားရုံးတို့မှ စွဲချက်များတင်ပြီး အင်းစိန်ထောင်တွင်းအထူးတရားရုံးက ထောင်ဒဏ်များချမှတ်ခြင်းဖြစ်သည်။

ယမန်နေ့ကလည်း အနောက်ပိုင်းခရိုင်တရားရုံးမှ (၁၅) နှစ်၊ ကမာရွတ်မြို့နယ်က အမှု (၉) မှုအတွက် (၂၉) နှစ် စုစုပေါင်း (၄၄) နှစ် ချမှတ်ခဲ့သည်။ ယခုလ (၁၉) ရက်နေ့တွင်လည်း ထောင်ဒဏ် (၁၂) နှစ် ချမှတ်ခံခဲ့ရပြီး (၃) ရက်စာ စီရင်ချက် စုစုပေါင်း (၆၈) နှစ်ဖြစ်သွားပြီး တပေါင်းတည်းကျခံရမည်ဟု သိရသည်။

ထို့အပြင် အသျှင်ဂမ္ဘီရ၏ နောင်တော်ဖြစ်သူ ကိုအောင်ကျော်ကျော်ကို (၁၄) နှစ်၊ ကိုကျော်ကျော်နိုင် (၁၄) နှစ်၊ ဦးရွှေမောင်၊ ၀ဏ္ဏအောင်နှင့် ကိုဇော်ဝင်းတို့ကို (၄) နှစ်စီ၊ ကိုသန်းနိုင်ကို (၆) နှစ်၊ မဂ္ဂင်ဆရာတော်ဦးဣန္ဒကနှင့် ဦးကေလာသကို (၄) နှစ်စီ၊ ဦးဣဿရိယကို (၁၄) နှစ်၊ ဦးသုမန (လူအမည် ကိုမင်းဆက်) ကို (၆) နှစ် စသည်ဖြင့် အင်းစိန်ထောင်အထူးတရားရုံးက ယနေ့ ထောင်ဒဏ်များ အသီးသီးချမှတ်လိုက်ကြောင်း သိရသည်။

စွယ်စုံအနုပညာရှင် ကိုဇာဂနာခေါ် ကိုသူရကို အမှု (၃) ခုအတွက် (၄၅) နှစ်ချလိုက်ပြီး လာမည့် တနင်္လာနေ့တွင် နောက်ထပ် အမှု (၄) ခု ရင်ဆိုင်ရဦးမည်ဖြစ်ကြောင်း ကိုဇာဂနာ၏ မိသားစုဝင်များက ပြောသည်။ ကိုဇာဂနာ၏ အမှုတွဲများဖြစ်သည့် ကိုဇော်သက်ထွေး (၁၅) နှစ်၊ ကိုသန့်ဇင်အောင် (၁၅) နှစ်၊ ကိုတင်မောင်အေးခေါ် ကတုံး (၂၉) နှစ် အသီးသီးချလိုက် ကြောင်းလည်း သိရသည်။

Read More...

နိုင်ငံရေးဆိုတာ ဘာလဲလို့ ညီငယ်တယောက်က စီဘောက်ထဲမှာ လာမေးထားလို့ ပြန်လည်ဖြေကြားပေးလိုက်ပါတယ်

နိုင်ငံရေးဆိုတာဘာလဲ?

နိုင်ငံရေးမည်သည် ယုတ်မာညစ်ထေးသည်ဟု ဆိုရမည်လော။စင်စစ်မှာ နိုင်ငံရေးသည် ယုတ်မာ ညစ်ထေးသည်မဟုတ်။ နိုင်ငံရေုးကို ညစ်ထေးအောင် လုပ်သူတို့သာလျှင် ယုတ်မာခြင်းဖြစ်သာဖြစ်ပေ၏။ နိုင်ငံရေးဆိုတာ ဘာလဲဟု မေးဖွယ်ရာရှိပြန်သည်။ ကျွန်ုပ်တို့သည် သာမာန်ပုထုဇဉ်များဖြစ်သောကြောင့် နိုင်ငံရေးကို မလုပ်သင့်၊ နိုင်ငံရေးသည် အလွန်မြင့်မြတ်သည့်အတွက် ကျွန်ုပ်တို့နှင့် မတန်မရာ ၊ လေးမြတ်စွာ မျှော်ရှု့ရန်သာရှိသည်ဟူရ်ျ ဆိုရမည်လော။ သို့တည်းမဟုတ် နိုင်ငံရေးဆိုသည်မှာ အချို့သော လူလိမ်လူညာတို့က တောအုံကမ်းနား ကျေးတောသား လူရိုးလူအတို့အား အတိတ် ၊ တဘောင်၊ စနည်း၊ ဘဝေါတို့ကို တွင်တွင်ကြီးဟောပြောရ်ျ ထိုသူတို့၏ မနောအကြိုက်ကိုလိုက်ရ်ျ အငိုက်ကိုဖမ်းပြီးနောက် စားပေါက်ထွင်ကြသည့် ကိစ္စဟု ဆိုရမည်လော။ သို့တည်းမဟုတ် နိုင်ငံရေးသည် အန္တရာယ်များစွာရှိသော အရေးကိစ္စဖြစ်သောကြောင့် ကျွန်ုပ်တို့သည် တတ်နိုင်ရင် ရှောင်ရှားသင့်သည်ဟု ဆိုရမည်လော။ သို့တည်းမဟုတ် နိုင်ငံရေးသည် ကျွန်ုပ်တို့ ပြောလေ့ပြောထရှိသည့်အတိုင်း လူမျိုး၊ ဘာသာ၊ သာသနာဟု ဆိုရဦးမည်လော။

နိုင်ငံရေး သဘောအမှန်မှာ အကျွန်ုပ်တို့လူသားတို့နှင့် မတန်မရာ မြင့်မြတ်လွန်းသည်လဲမဟုတ် နိမ့်လွန်းသည်လဲ မဟုတ် မျက်လှည့်ဗေဒင်လဲမဟုတ်၊ အဂရိတ်လဲမဟုတ် ၊ ကြောက်မက်ဖွယ်ကောင်းသော ကန္တရခရီးလဲမဟုတ်၊ ဘယ်သူသေသေငတေမာရင် ပြီးရောစိတ်ဇောနှင့်လုပ်သော အရေးကိစ္စလဲမဟုတ်၊ ကျွန်ုပ်တို့၏ပတ်ဝန်းကျင်တွင် ပေါ်ပေါက်ဖြစ်ပွားလျှက်ရှိသော အခြေပေါ်တွင် မျှော်ခေါ်ရ်ျ ဆောင်ရွက်ရမည်ဖြစ်သော အရေးကိစ္စသာဖြစ်ပေ၏ ။ အတိုချူပ်ဆိုရလျှင် နိုင်ငံရေးဆိုသည်မှာ ကျွန်ုပ်တို့နေ့စဉ်နှင့်အမျှ လူ့လောကတွင် တွေ့ကြုံနေကြသော ကိစ္စပင်ဖြစ်ပေသည်။ ကျွန်ုပ်တို့ စားမှု့၊သောက်မှု့၊ နေမှု့၊ ထိုင်မှု့၊ သွားမှု့၊ လာမှု့ အစုစုသည် နိုင်ငံရေးပင်ဖြစ်သည်။ ကျွန်ုပ်တို့သည် နိုင်ငံရေးကို မဆင်မခြင်မတွေးတောမိစေကာမူ၊ နိုင်ငံရေးသည် ကျွနုပ်တို့၏အိမ်၊ ရုံး၊ အလုပ်ရုံစသည်တို့တွင် ပေါ်ပေါက်လျှက်ရှိသည်။ ထိုနေရာများတွင် ကျွန်ုပ်တို့သည်နေ့စဉ်နှင့်အမျှ နိုင်ငံရေးကိုပင် လုပ်နေကြရပေသည်။ အလုပ်သမားသည် အခကြေးငွေအတွက် အလုပ်လုပ်ရ၏။ တောင်သူလယ်သမားသည် ၀မ်းစာအတွက် လယ်လုပ်ရ၏။ စာရေးစာချည် အမှု့ထမ်းသည်လဲ လစာငွေအတွက် အလုပ်လုပ်ရ၏။ ကုန်သည်ပွဲစား စသည်တို့သည် အသီးသီးဝင်ငွေရအောင် လုပ်ကြသည်။ အချူပ်မှာ စားသောက်နေထိုင်ရေးအတွက်ပင် ဖြစ်သည်။ အလုပ်သမားသည် အခကြေးငွေကို တိုးတက်ရ်ျရပီးလျှင် စားသာသောက်သာသော အခြေနေကိုရလို၏။ စာရေးစာချည် အမှု့ထမ်းသည်လဲ ရုံးတွင်တကုတ်ကုတ်လုပ်ရသော ဘ၀ထက်လွတ်လွတ်လပ်လပ် ချောင်ချောင်လည်လည်ရှိသော အခြေနေကို ရောက်လိုကြ၏။ ကုန်သည်ပွဲစားတို့သည်လဲ လွယ်လွယ်ကူကူတိုးချဲ့ရ်ျ် ကူသန်းရောင်းဝယ်လိုကြ၏။ ထိုကဲ့သို့ လူတိုင်းလူတိုင်း မိမိအခွင့်အရေးကို ရယူလိုခြင်းသည် နိုင်ငံရေးပင်ဖြစ်သည်။

သို့ရာတွင် ကျွန်ုပ်တို့နေ့စဉ်နှင့်အမျှ ကြုံတွေ့နေရသော နေထိုင်စားသောက်မှု့သည် ပြောင်းလဲလျှက်ရှိသည့် အာလျှော်စွာ ကျွန်ုပ်တို့ နိုင်ငံရေးသည်လဲ ပြောင်းလဲလျှက်ရှိသည်။


ကျွန်ုပ်တို့အားလုံး သက်သက်သာသာ ချောင်ချောင်ချိချိ လူတန်းစေ့ နေထိုင်ရန်အတွက် အခွင့်ရေးပိုမိုရရှိအောင် ကျွန်ုပ်တို့သည် လွတ်လပ်ရေးကို တောင့်တကြသည်။ လွတ်လပ်ရေးဆိုရာတွင် နေရေးထိုင်ရေး လွတ်လပ်မှု့ လူတစ်ဦးတစ်ယောက်အနေနှင့် လည်းကောင်း တစ်မျိုးလုံးအနေနှင့် လည်းကောင်း တိုးတက်ကြီးပွားအောင်၊ စီမံဆောင်ရွက်နိုင်အောင် လွတ်လပ်မှု့၊ ကျွန်ုပ်တို့၏ ကာယ၊ ဥာဏ၊ စိတ်တ္တ၊ အဆင့်တန်း တိုးမြင့်အောင် ဆောင်ရွက်နိုင်ရန် လွတ်လပ်မှု့တို့ စသည်တို့ကို ဆိုလိုပေသည်။ ထိုလွတ်လပ်မှု့ ရယူလိုမှု့သည်ပင်လျှင် နိုင်ငံရေးဖြစ်၏။ သို့ဖြစ်ရာကား နိုင်ငံရေးကို ကျွန်ုပ်တို့ နားမလည်စရာ အကြောင်းမရှိချေ။ သို့ပါလျှက်နှင့် အချို့သောသူများသည် နိုင်ငံရေးအလုပ်ကို ယုတ်မာညစ်ထေးသည်ဟု ဆိုကြ၏။ အချို့ကလဲ နိုင်ငံရေးသည် ကိုးကွယ်ရာ ဘာသာတရားပင်ဖြစ်သကဲ့သို့ ဆိုကြပြန်၏။ ထိုသူတို့၏ အယူဆတို့မှာ အလွဲလွဲအမှားမှား ကွဲကွဲပြားပြား ရှိကြပေ၏။

(ဗိုလ်ချုပ်အောင်ဆန်း)


(၁၉၄၆ခုနှစ် ၊ဇန်န၀ါရီလ ၊၁၇ရက်မှ ၂၀ရက်ထိ ရွှေတိဂုံအလယ်ပစ္စယံတွင် ကျင်းပသောမြန်မာနိုင်ငံလုံးဆိုင်ရာ ညီလာခံကြီးမှ ကောက်နုတ်ချက်)

Read More...

Friday, November 21, 2008

ဒေါ်အောင်ဆန်းစုကြည်အား တွေ့ဆုံခွင့်ပြုရန် လူငယ်များက စစ်အစိုးရထံ တင်ပြ

သန်းထိုက်ဦး
ကြာသပတေးနေ့၊ နိုဝင်ဘာလ 20 2008 16:52 - မြန်မာစံတော်ချိန်


ချင်းမိုင်။ ။ နေအိမ်အကျယ်ချုပ် ကျခံနေရသည့် နိုဘယ်လ် ငြိမ်းချမ်းရေးဆုရှင် ဒေါ်အောင်ဆန်းစုကြည်ကို သူမ၏ ပါတီဝင် လူငယ်များက သွားရောက် ဂါရဝပြုလိုပါသဖြင့် ခွင့်ပြုပေးပါရန် စစ်အစိုးရကို စာဖြင့် တင်ပြ တောင်းဆိုလိုက်သည်။

အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ်ဝင် အများစုပါဝင်သော လူငယ် ၅၀ ခန့်က စစ်အစိုးရခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး သန်းရွှေထံ ယမန်နေ့က စာတိုက်မှတဆင့် ပေးပို့သောစာတွင် မြန်မာလူမျိုးတို့၏ ဓလေ့ထုံးစံအတိုင်း အသက် ၆၃ နှစ်အရွယ် အတိုက်အခံခေါင်းဆောင်ကို ဂါရ၀ပြုခွင့်ရရေး ခွင့်ပြုပါရန် မေတ္တာရပ်ခံထားသည်။

စာကို ပြည်ထဲရေးဝန်ကြီး ဗိုလ်ချုပ်မောင်ဦးနှင့် ဗဟန်းမြို့နယ် မြို့နယ် အေးချမ်းသာယာရေးနှင့် ဖွံ့ဖြိုးရေး ကောင်စီ ဥက္ကဌ တို့အားလည်း မိတ္တူပေးပို့ထားသည်။

အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် ဒဂုံမြို့သစ် မြို့နယ်စည်းအဖွဲ့ဝင် ဦးအေးသွင်က "ဥပဒေ ဘောင်အတွင်းက နေပြီးတော့ ငြိမ်းချမ်းစွာ အခုလို ဂါရ၀တရားနဲ့ မြန်မာလူမျိုးတို့ရဲ့ ဓလေ့ထုံစံအတိုင်း ပြုမှု ဆောင်ရွက်ချက်ကို တဖက် နအဖ က နေပြီးတော့ ခွင့်ပြုလိမ့်မယ်လို့ သူတို့က ယုံကြည်ပြီးတော့ အခုလို ပြုလုပ်လိုက်တာပါ'' ဟု မဇ္ဈိမကို ပြောသည်။

"အခုလို ပို့လိုက်တဲ့ အကြောင်းကြားစာတွေကို တဖက် အာဏာပိုင်တွေကနေပြီးတော့ ပြန်လည်တုံ့ပြန်မှု မရှိဘူးဆိုရင် သူတို့ကိုယ်တိုင်က ဒါကို ခွင့်ပြုတယ်လို့ သတ်မှတ်ပြီးတော့ ခြံရှေ့ကို သွားပြီးတော့ ဂါရ၀ပြုမှာပါ။ တကယ်လို့ အဲဒါကို ခွင့်ပြုတယ်ဆိုရင်လည်း မိခင် ဒေါ်အောင်ဆန်းစုကြည်ကြီးကို ပြန်လွှတ်ပေးပြီးတော့ အန်အယ်လ်ဒီ ပါတီရုံးချုပ်ကို လာပြီး ဂါရ၀ ပြုမှုကို ခံယူခွင့် ပေးဖို့ အဲဒီလိုတောင်းဆိုလိုက်တာပါ" ဟု ပြောသည်။


မြန်မာ့လွတ်လပ်ရေးခေါင်းဆောင် ဗိုလ်ချုပ်အောင်ဆန်း၏ သမီးဖြစ်သူကို တွေ့ဆုံမည့်အစီအစဉ်ကို ပါတီ ထိပ်တန်းခေါင်းဆောင်များနှင့် သဘောကွဲထွက်လာသည့် လူငယ်အချို့က ဦးစီးဆောင်ရွက်ခဲ့ကြသည်ဟု အတိုက်အခံလှုပ်ရှားသူများက ပြောသည်။


ထိုင်းနိုင်ငံ အခြေစိုက် မြန်မာ့အရေး လေ့လာသူ ဦးအောင်နိုင်ဦးက မြန်မာ့ဓလေ့ဖြစ်နေသော်လည်း စစ်အစိုးရက ခွင့်ပြုမည့်လမ်းမမြင်ဟု ပြောသည်။

"အဲဒီလို အနေအထားမျိုးမှာ ခုနက လူငယ်တွေ လှုပ်ရှားမှုမျိုးကို စစ်အစိုးရက နိုင်ငံရေး လှုပ်ရှားမှုမျိုးအနေနဲ့ ယူဆပြီးတော့ မြင်ပြီးတော့ ခွင့်ပြုမှာ မဟုတ်သလို တကယ်လို့ ခွင့်မပြုတဲ့အတွက် လူငယ်တွေက တုံ့ပြန်လာတယ်ဆိုရင်လည်း စစ်အစိုးရက ပြတ်ပြတ်သားသား အရေးယူဖို့ သဘောရှိတယ် ကျနော် အဲဒီလိုပဲ မြင်တယ်" ဟု ဦးအောင်နိုင်ဦးက ပြောသည်။

မေတ္တာရပ်ခံသည့်စာထဲတွင် ဒေါ်အောင်ဆန်းစုကြည်၏ အိမ်ရှေ့မှ အရံအတားတွေကို ဖယ်ရှားပေးကာ ခြံဝန်းအတွင်းမှ အမှိုက်သရိုက်များကို စည်ပင်သာယာက ရှင်းထားပေးခြင်းအပေါ် ၀မ်းသာလျက်ရှိကြောင်း ပါရှိသည်ဟု မဇ္ဈိမက စုံစမ်းသိရှိရသည်။

ဗဟန်းမြို့နယ် တက္ကသိုလ်ရိပ်သာလမ်းရှိ ဒေါ်အောင်ဆန်းစုကြည် နေအိမ်အနီးမှ သံဆူးကြိုး အတားအဆီးများကို ပြီးခဲ့သည့်လ ၂၆ ရက်နေ့က ဖယ်ရှားခဲ့သည်။

Read More...

ဟစ်ဟော့ပ်အဆိုတော် ဇေယျာသော်နဲ့ လူငယ်များ ထောင်ဒဏ်ချမှတ်ခံရ

20 November 2008

နိုင်ငံရေး တက်ကြွလှုပ်ရှားသူတွေကို ဆက်လက်ပြီး ထောင်ဒဏ်ချမှတ်နေသလိုပြစ်ဒဏ်ချပြီးသူတွေကိုလည်း ဆင့်ကဲပြစ်ဒဏ်တွေ ချမှတ်နေပါတယ်။ ဒီကနေ့ဆိုရင်လည်း တက်ကြွလှုပ်ရှားသူ လူငယ်တွေကို ပြစ်ဒဏ်တွေ ချမှတ်နေတဲ့အထဲမှာတော့လူငယ် ဟစ်ဟော့ပ် (Hip-Hop) အဆိုတော် ဇေယျာသော် အပါအ၀င် GenerationWave လို့ သိကြတဲ့ မျိုးဆက်သစ်လူငယ်များ အစည်းအရုံးက လူငယ် တချို့လည်းပါဝင်ခဲ့ကြသလို ထင်ရှားတဲ့ သံဃာတော်တပါးဖြစ်တဲ့ အရှင်ဂမ္ဘီရကို နောက်ထပ်ထောင်ဒဏ်တွေ ချမှတ်လိုက်ပါတယ်။ အကြောင်းစုံကို ကိုအောင်လွင်ဦးက တင်ပြပေးထားပါတယ်။

အခုနောက်ဆုံး ထောင်ဒဏ်ပြစ်ဒဏ်တွေ ချမှတ်နေတဲ့အထဲမှာ ပြီးခဲ့တဲ့နှစ် စက်တင်ဘာသံဃာတော်တွေရဲ့ လှုပ်ရှားမှုတွေနောက်ပိုင်း ဖမ်းဆီးခံထားရတဲ့ တက်ကြွလှုပ်ရှားသူလူငယ်တွေလည်း ပါဝင်ခဲ့ကြတာပါ။ ဒီအထဲမှာ နာမည်ကျော် အက်ဆစ်တေးဂီတအဖွဲ့က ဟစ်ဟော့ပ်အဆိုတော် ဇေယျာသော်လည်း တဦးအပါအ၀င် ဖြစ်ပါတယ်။ တက်ကြွလှုပ်ရှားသူ လူငယ်အဖွဲ့တခုဖြစ်တဲ့ Generation Wave မျိုးဆက်သစ်လူငယ်များအစည်းအရုံးအဖွဲ့ဝင်တွေအဖြစ် ဇေယျာသော်၊ သီဟ၀င်းတင်၊ အာကာဘို၊အောင်ဇေဖြိုး၊ ရန်နိုင်သူ၊ ဝေလွင်မျိုးတို့ ၆ ဦးကို အသင်းအဖွဲ့ပုဒ်မ ၆ နဲ့ ထောင်ဒဏ်၅ နှစ်၊ ဒီအထဲက ဇေယျာသော်ကိုတော့ ဖမ်းဆီးချိန်မှာ နိုင်ငံခြားငွေ လက်ဝယ်တွေ့ရှိမှုနဲ့ နောက်ထပ်တနှစ်တိုး ချမှတ်ခဲ့တာ ဖြစ်ပါတယ်။ အခုလို ပြစ်ဒဏ်တွေစီရင်ခဲ့တဲ့ရန်ကုန်တိုင်း လမ်းမတော်မြို့နယ် တရားခွင်ကို သွားရောက်ကြားနာခဲ့တဲ့ ဇေယျာသော်ရဲ့ အဒေါ်ဖြစ်သူ ဒေါ်ခင်သန်းဋ္ဌေး ပြောပြတာကတော့ …

"ဒီနေ့ စီရင်ချက်ချပါတယ်။ လမ်းမတော်မြို့နယ် တရားရုံးကပါ။ ပုဒ်မ ၂၄/၁ နဲ့ တနှစ်၊၆/၈၈ နဲ့က ငါးနှစ်ချလိုက်တယ်။ အားလုံး ခြောက်နှစ်ချလိုက်တယ်။ ပုဒ်မ ၆/၈၈ နဲ့ငါးနှစ်ချလိုက်ပေမယ့် သူ့ရဲ့လက်ဝယ်မှာလည်း ဘာမှမိတာမဟုတ်ဘူး။ သူတို့ကိုခေါ်ဆောင်သွားတဲ့ စရဖရဲ့ ထွက်ဆိုချက်၊ သူတို့ကိုခေါ်ဆောင်သွားတဲ့အချိန်မှာ စစ်ဆေးတဲ့အပေါ် မူတည်ပြီးတော့ ချလိုက်တာပါ။ အန်တီတို့ဘက်က ဘယ်လောက်ပဲ တင်သွင်းပေမယ့် မရခဲ့ပါဘူး။ သူတို့က ၆/၈၈ မြောက်တယ်ဆိုပြီး ချလိုက်တာပဲ။"

သူကတော့ နဂိုကတည်းက ပြင်ဆင်ထားတော့ ဘာမှတော့ သိပ်မပြောပါဘူး။ အန်တီတို့ကိုမှာတာတော့ ကျန်းမာရေးဂရုစိုက်ဖို့ပေါ့။ သူ့အတွက်ကိုလည်း ဂုဏ်ယူပါဆိုတဲ့အကြောင်းပဲ ပြောတယ်။ သူက ဘယ်တော့မှ အမှားကိုမလုပ်ခဲ့ဘူးတဲ့၊ အမှန်ကိုလုပ်ဖို့
ကြိုးစားနေတဲ့ လူတယောက်ဖြစ်တယ်ပေါ့၊ ဒါကြောင့် သူ့ကို ဂုဏ်ယူပါဆိုပြီး အန်တီတို့ကို မှာခဲ့တယ်။

"
သံဃာတော်တွေရဲ့ မေတ္တာပို့ကြွချီလှုပ်ရှားမှုတွေအတွင်း ထင်ရှားသူ ရဟန်းတော်တပါးဖြစ်တဲ့ အရှင်ဂမ္ဘီရကို ဒီကနေ့အင်းစိန်ထောင်တွင်း အထူးတရားခွင်ကနေ နောက်ထပ်ထောင်ဒဏ် ၁၅ နှစ် ချမှတ်လိုက်တယ်လို့ မိသားစုနဲ့ နီးစပ်သူတွေက ပြောပါတယ်။ သာသနာညှိုးနွမ်း စေမှု၊ နိုင်ငံတော်ငြိမ်ဝပ်ပိပြားရေးကို ထိခိုက်စေမှု၊ ဥပဒေမဲ့ လူစုလူဝေးတွေမှာ ပါဝင်မှု စတာတွေ အပါအ၀င် စွပ်စွဲချက် အများအပြားနဲ့ ရင်ဆိုင်နေရတဲ့အရှင်ဂမ္ဘီရကို အင်္ဂါနေ့တုန်းကပဲ ထောင်ဒဏ် ၁၂ နှစ် ချမှတ်ထားတာဖြစ်ပြီးတော့ အခုဆိုရင် စုစုပေါင်း ထောင်ဒဏ် ၂၇ နှစ်အထိ ပြစ်ဒဏ်တွေ ချမှတ်ခံခဲ့ရတာ ဖြစ်ပါတယ်။

ဒီလို နိုင်ငံရေးတက်ကြွလှုပ်ရှားသူတွေကို ထောင်ဒဏ်ချမှတ်တာတွေ လုပ်ဆောင်နေရုံသာမက ပြစ်ဒဏ်ချမှတ်ခံခဲ့ရပြီးသူတွေကိုလည်း မိသားစုနဲ့ဝေးရာ နယ်ထောင်တွေကိုပို့ဆောင်နေတာတွေရှိလို့ မိသားစုတွေအနေနဲ့ သောကရောက်စရာတွေကလည်းဖြစ်နေရတာပါ။ အခုနောက်ဆုံး ပြစ်ဒဏ်ချမှတ်ခံခဲ့ရတဲ့ ဇေယျာသော်လို လူငယ်တွေကိုလည်း စီရင်ချက်ချခံရပြီး မိသားစုနဲ့ အလှမ်းဝေးရာ နယ်မြို့တွေ ဆီ ပို့ဆောင်မှာကိုလည်း စိုးရိမ်နေတာပါ။


"သူက ရန်ကုန်မှာမွေး၊ ရန်ကုန်မှာကြီးတော့ နယ်တွေကိုရောက်သွားရင် သူ ဘယ်လိုတွေ့ဆုံရမလဲ၊ အခက်အခဲတွေ ဘယ်လိုကြုံရမလဲ ဆိုတာ အန်တီတို့ကတော့ စဉ်းစားပြီးစိတ်ပူနေတာပေါ့။ သူက ကောင်းတာလုပ်သွားတော့ ဘုရားကတော့ သူ့ကို အမြဲတမ်း ကြည့်နေမှာ ပေါ့။ အဲဒီလိုပဲ အန်တီကတော့ ခံယူထားပါတယ်။ ကြည့်တော့မနေပါဘူး၊သူက အမှားကိုလုပ်တဲ့သူ မဟုတ်တော့။"


အခုနောက်ဆုံး ထောင်ဒဏ် ၆ နှစ် အပြစ်ပေးခံခဲ့ရတဲ့ အက်ဆစ် တေးဂီတအဖွဲ့ကဟစ်ဟော့ပ်အဆိုတော် ဇေယျာသော်ရဲ့ အဒေါ်ဖြစ်သူ ဒေါ်ခင်သန်းဋ္ဌေး ပြောပြသွားတာဖြစ်ပါတယ်။ပြီးခဲ့တဲ့နှစ် သြဂုတ်လ ကုန်ဈေးနှုန်းကျဆင်းရေး လှုပ်ရှားမှုတွေ၊ စက်တင်ဘာ သံဃာတော်တွေရဲ့ မေတ္တာပို့ကြွချီလှုပ်ရှားမှုတွေ နောက်ဆက်တွဲ ဖမ်းဆီးခံထားရသူတွေကိုဒီလဆန်းပိုင်းကစလို့ နေ့စဉ်ရက်ဆက် ဆိုသလို ထောင်ဒဏ်ပြစ်ဒဏ်တွေ ချမှတ်နေတာအခုဆိုရင် ၁၀၀ လောက်ရှိနေပြီ ဖြစ်ပါတယ်။ ဒီအထဲမှာ ၈၈ မျိုးဆက်ကျောင်းသား
တွေလို၊ သံဃာတော် အရှင်ဂမ္ဘီရလို ပုဂ္ဂိုလ်တွေဟာဆိုရင်လည်း နောက်ထပ်စွပ်စွဲချက်တွေ ရှိနေဆဲဖြစ်ပြီး ပြစ်ဒဏ်တွေ ဆက်လက် ချမှတ်ခံရမယ့် အခြေအနေမျိုးနဲ့ ရင်ဆိုင်နေရဆဲလည်း ဖြစ်ပါတယ်။

Read More...

ထောင်ဒဏ်ချမှတ်ခံလိုက်ရတဲ့ GW သူရဲကောင်းတွေ



Read More...

Thursday, November 20, 2008

အကြွေစောသော ကြယ်တပွင့် အတွက်

အကိုရေ..........

တကယ်ကိုမယုံနိုင်စရာပဲဗျာ

မနေ့တနေ့ကမှ အကို့ကိုတွေ့လိုက်တာပါ

အမြဲတမ်းကွမ်းလေးတမြုံမြုံနဲ့ ခေါင်းတငြိမ့်ငြိမ့်နဲ့

စကားပြောတဲ့တတ်အကို့ရဲ့ ပုံရိပ်တွေကို ခုချိန်ထိ မြင်ယောင်နေတုန်းပါပဲ

မတည်မြဲတဲ့ လောကတရားကို နားလည်ပေမယ့်

အကိုဒီလောက ကထွက်သွားတာ မစောလွန်းဘူးလားဗျာ

ကျတော်တို့လည်း ဒီလမ်းကို တနေ့မှာ မလွဲမသွေလိုက်ရမှာပဲ

ကောင်းကင်ဘုံမှာ ကျတော်တို့ တနေ့ ပြန်ဆုံကြမယ်အကိုရာ.........

ဝမ်းနည်းစွာဖြင့်
Dream Angel

Read More...

အိုင်အယ်လ်အိုအဖွဲ့ ၏ ကူညီမှုဖြင့် ကလေးစစ်သားတဦး မိဘများထံပြန်ရောက်



မြန်မာစစ်အစိုးရ၏ ဘားအံမြို့ အမှတ် (၉) အခြေခံစစ်လေ့ကျင့်ရေးတပ်မှ ကလေးစစ်သား တဦးကို ရန်ကုန်နိုင်ငံတကာအလုပ်သမားအဖွဲ့ချုပ်ရုံး (အိုင်အယ်လ်အို) ၏ အကူအညီဖြင့် မကြာခင်က မိဘများထံသို့ ပြန်လည်အပ်နှံနိုင်ခဲ့ပြီး တပ်မှနုတ်ထွက်ခွင့်ရခဲ့သည်။

တပ်မှနုတ်ထွက်ခွင့် ရခဲ့သည့် ကလေးစစ်သားမှာ မောင်ရဲလင်းထက်ဖြစ်သည်။ ၎င်းသည် (၂၉-၇-၀၈) ရက်တွင် ကျောင်းတက်သည့်ကိစ္စနှင့်ပတ်သက်ပြီး ဖခင်ဖြစ်သူနှင့် စိတ်ဆိုးကာ နေအိမ်မှဆင်း၍ သူငယ်ချင်း (၃) ယောက်နှင့်အတူ ထွက်ခွာသွားခဲ့ ခြင်းဖြစ်သည်ဟု မိခင်ဖြစ်သူ ဒေါ်မြင့်ကြွေမှ ခေတ်ပြိုင်သို့ ပြောပြသည်။

ထိုသို့ နေအိမ်မှထွက်သွားပြီး ရက်ပေါင်း (၂၀) ခန့် ကြာမှ မောင်ရဲလင်းထက်နှင့်အတူ လိုက်ပါသွားသော သူငယ်ချင်းနှစ်ယောက် ၎င်းတို့၏နေအိမ်များသို့ ပြန်လည်ရောက်ရှိလာပြီး မောင်ရဲလင်းထက်နှင့် သူငယ်ချင်းဖြစ်သူ သီဟဦးတို့ကို ရန်ကုန်ဘူတာကြီးမှာ စစ်သားတဦး ကခေါ်ဆောင်သွားကြောင်း လာရောက်ပြောကြားခဲ့သဖြင့် မောင်ရဲလင်းထက်အား စစ်တပ်သို့ အဓမ္မခေါ်ဆောင်သွားသည်ကို သိရှိခဲ့ရသည်ဟုလည်း ဒေါ်မြင့်ကြွေမှ ရှင်းပြခဲ့သည်။

မိခင် ဒေါ်မြင့်ကြွေသည် ယင်းသတင်းကို သိသိချင်း နောက်နေ့၌ပင် ရန်ကုန်ဘူတာကြီးသို့ လိုက်သွားပြီး မောင်ရဲလင်းထက်အား ခေါ်ဆောင်သွားသော စစ်သားကိုမေးမြန်းခဲ့ရာ ပထမတွင် သူမသိကြောင်း ငြင်းဆိုခဲ့သည်။ နောက်ပိုင်း ရဲလင်းထက်နှင့်အတူ လိုက်ပါသွားသူ ကလေးငယ်တဦးက သက်သေ အထောက်အထားများဖြင့် ပြောဆိုမှ မောင်ရဲလင်းထက်တို့ (၂) ယောက်လုံးကို ည (၂) နာရီ ရထားဖြင့် ဘားအံသို့ တပ်ကြပ်ကြီး ခင်မောင်ဆင့် ဆိုသူနှင့် ထည့်ပေးလိုက်ကြောင်းကို ပြောပြခဲ့သည်ဟု ဆိုသည်။

မောင်ရဲလင်းထက်မှာ လှိုင်သာယာမြို့ နယ်၊ ရွှေလင်ပန်းကျေးရွာ၊ အမှတ် (၆) အခြေခံပညာ မူလတန်းလွန်ကျောင်း၌ သတ္တမတန်းကို တက်ရောက် သင်ကြားနေသူဖြစ်ပြီး ယခုကဲ့သို့ စစ်တပ်ထဲ ခေါ်ဆောင်သွားချိန်တွင် အသက် (၁၅) နှစ်သာရှိသေးသည်။

မိခင်ဖြစ်သူဒေါ်မြင့်ကြွေသည် သားရှိသည်ဆိုသော ဘားအံအမှတ် (၉) အခြေခံစစ်လေ့ကျင့် ရေးကျောင်းသို့လိုက်သွားပြီး သားဖြစ်သူကို ပြန်ခေါ်ရန်ကြိုးစားသော်လည်း အဆင်မပြေခဲ့ပေ။


၎င်းနောက် ရန်ကုန်မြို့ ကုန်သည်ကြီးများ Traders ဟိုတယ်တွင် ဖွင့်လှစ်ထားသည့် အိုင်အယ်လ်အိုရုံးသို့ အဖွဲ့ချုပ်ဝင် ကိုသန်းဇင်ဦး၏အကူအညီဖြင့် သွားရောက်တိုင်ကြားရာမှ အိုင်အယ်လ်အိုအဖွဲ့က လိုက်လံဆောင်ရွက်ပေးခဲ့သဖြင့် မောင်ရဲလင်းထက်အား အာဏာပိုင်များက တပ်မှနုတ်ထွက်ခွင့်ပေးခဲ့ပြီး မိဘများထံသို့ ပြန်လည်အပ်နှံခဲ့ခြင်း ဖြစ်သည်ဟု စုံစမ်းသိရှိရသည်။

ယခုအခါ မောင်ရဲလင်းထက်မှာ နေအိမ်သို့ ပြန်လည်ရောက်ရှိပြီး ဖြစ်သော်လည်း ၎င်းနှင့်အတူပါသွားသူ မောင်သီဟဦးမှာ ဘားအံရှိအမှတ် (၉) အခြေခံစစ်လေ့ကျင့်ရေး ကျောင်းတွင် ကျန်ရစ်ခဲ့သည်ဟု စစ်တပ်မှပြန်လည်ရောက်ရှိလာသူ မောင်ရဲလင်းထက်က ပြောကြားခဲ့သည်။

နအဖစစ်အစိုးရသည့် အိုင်အယ်လ်အိုအဖွဲ့နှင့်ပူးပေါင်းကာ ကလေးစစ်သားများ
ပပျောက်ရေးကို ဆောင်ရွက်နေသည်ဟုဆိုသော်လည်း ယနေ့တိုင်အောင်ပင် အဆိုပါမောင်ရဲ လင်းထက်ကဲ့သို့ ကလေးငယ်များ စစ်တပ်ထဲတွင် ဆက်လက်ရှိနေဆဲဖြစ်သည်။

Read More...

မတရား ထောင်ဒဏ်ချမှတ်သူတွေ လူသားမျိုးနွယ်အပေါ် ပြစ်မှုကျူးလွန်ရာရောက်

20 November 2008


မြန်မာနိုင်ငံမှာ ပြီးခဲ့တဲ့ ရက်ပိုင်းတွေက နိုင်ငံရေး တက်ကြွလှုပ်ရှားသူတွေကို နှစ်ရှည်ထောင်ဒဏ်တွေ ချမှတ်နေတာတွေနဲ့ ပတ်သက်လို့ ဒါဟာ လူသားမျိုးနွယ်တွေအပေါ်မှာ ရာဇ၀တ်မှုကျူးလွန်တာ ဖြစ်တဲ့အတွက် ကုလသမဂ္ဂ လုံခြုံရေး ကောင်စီ အနေနဲ့ မြန်မာ အစိုးရကို နိုင်ငံတကာ ရာဇ၀တ်တရားရုံးကို တင်သင့်တယ်လို့ နိုင်ငံတကာ တရားစီရင်ရေး အဖွဲ့က ပြောကြား လိုက်ပါတယ်။ မြန်မာ နအဖအစိုးရ အဖွဲ့ဝင်တွေနဲ့ အတူ တရားသူကြီးချုပ် ဦးအောင်တိုး၊ လှိုင်သာယာ တရားသူကြီး ဒေါ်အေးမြိုင်၊ တာမွေတရားသူကြီး ဒေါ်သန်းသန်း၊ ကျောက်တံတားတရားသူကြီးဒေါ်ညွန့်ညွန့်၊ ခရိုင် တရားသူကြီးတွေ ဖြစ်တဲ့ ဦးသောင်းညွန့်၊ ဦးတင်ထွတ် နဲ့ ဒေါ်စိုးဥာဏ် တို့ကို နိုင်ငံတကာ ရာဇ၀တ် တရားရုံးက တရား စွဲဆိုနိုင်ပါတယ်။ အခုကိစ္စနဲ့ ပတ်သက်ပြီး နိုင်ငံတကာ တရားစီရင်ရေးအဖွဲ့က ဒု-ဥက္ကဌ အန်ဒရီရာက ဗွီအိုအေကို အခုလိုပြောပါတယ်။

“ရောမမြို့မှာ ပြဌာန်းခဲ့တဲ့ နိုင်ငံတကာ ရာဇ၀တ်တရားရုံးရဲ့ ဥပဒေ ပုဒ်မ(ရ) ကိုကြည့်မယ်ဆိုရင် လူတစ်ဦး တစ်ယောက် ချင်းစီကို မတရား ထောက်ဒဏ်ချမှတ်တာတွေ ၊ မတရားဖမ်းဆီးချုပ်နှောင်ပိတ်ပင် ထားတာတွေဟာ လူမျိုးစုတခုကို ဒါမှမဟုတ် လူ့အဖွဲ့အစည်းတခုကို ကျူးလွန်တာမဟုတ်ပေမယ့် အဲဒီပုဒ်မအရ နိုင်ငံတကာဥပဒေကိုချိုးဖောက်တဲ့အတွက် ဒါဟာ လူသားမျိုးနွယ်တွေအပေါ်မှာ ရာဇ၀တ်မှုကျူးလွန်တာမြောက်ပါတယ်။”တရားသူကြီးတွေဟာ ၀န်ထမ်းတွေ ဖြစ်ပေမယ့်လည်း အခုလို စစ်အစိုးရရဲ့ မတရားတဲ့အမိန့်အာဏာတွေကိုအသုံးချပြီး အခုလိုမျိုး အပြစ်မဲ့တဲ့ နိုင်ငံရေး တက်ကြွ လှုပ်ရှားသူတွေကို ပြင်းထန်တဲ့ ပြစ်ဒဏ်တွေ ချမှတ်နေတဲ့အပေါ် တာဝန် မကင်းဘူး လို့ဆိုပါတယ်။

“နုရင်းဘတ်နဲ့ အီရတ်မှာ ဖြစ်ခဲ့တဲ့ တရားစီရင်မှုတွေကို ကြည့်မယ်ဆိုရင်လည်း တရားစီရင်တဲ့တရားသူကြီးတွေဟာ တရားစီရင်ရေး တာဝန်ကို ထမ်းဆောင်ရင်း မတရားတဲ့ အမိန့်အာဏာကို လိုက်နာပြီး ပြစ်ဒဏ်တွေ ချမှတ် နေခဲ့ပါတယ်။ အခုလဲ ဒီတရားသူကြီးတွေက တရားစီရင်ရေး စနစ်ကို ဖန်တီးနေသူတွေ မဟုတ်ပေမယ့် ရာဇ၀တ်မှု ကျူးလွန်နေတာ ဖြစ်တဲ့အတွက် နအဖအစိုးရက ခိုင်းတာကြောင့်လုပ်ရတာ ဖြစ်တယ်လို့ ပြောလို့မရနိုင်ပါဘူး။ တရားသူကြီးများလည်း ဒီနိုင်ငံတကာဥပဒေနဲ့ ငြိစွန်းနေပါတယ်။”

အခုလို လူသားမျိုးနွယ်တွေအပေါ်မှာ ရာဇ၀တ်မှုတွေကျူးလွန်နေတာနဲ့ ပတ်သက်လို့ နိုင်ငံတကာရာဇ၀တ်ခုံရုံးက မြန်မာ အစိုးရအာဏာပိုင်တွေနဲ့ တရားသူကြီးတွေကို လက်ရှိအာဏာရှိနေတဲ့အချိန်မှာ နိုင်ငံတကာရာဇ၀တ်တရားရုံး တရားစွဲ ဆိုလို့ရ၊ မရဆိုတာနဲ့ ပတ်သက်လို့ သူက အခုလိုဆက်ပြီးပြောပါတယ်။

“ရောမမြို့မှာ ပြဌာန်းတဲ့ နိုင်ငံတကာ ရာဇ၀တ် တရားဥပဒေအရ အခုလို လူသားမျိုးနွယ်တွေအပေါ်မှာ ရာဇ၀တ်မှုတွေ ကျူးလွန်နေတာနဲ့ ပတ်သက်လို့ နိုင်ငံတကာရာဇ၀တ်ခုံရုံးက မြန်မာနအဖအစိုးရ လက်ရှိအာဏာရှိနေတဲ့အချိန်မှာပဲ တရားစွဲဆို အပြစ်ပေးနိုင်ကြောင်း၊ ဒီဥပဒေအရပဲ ဆူဒန်နိုင်ငံသမ္မတကိုလည်း အာဏာရှိနေစဉ်မှာပဲ နိုင်ငံတကာတရားရုံးက တရားစွဲဆိုခဲ့ပါတယ်။”

မြန်မာနိုင်ငံမှာ ပြီးခဲ့တဲ့ရက်ပိုင်းတွေက နိုင်ငံရေး လှုပ်ရှားတက်ကြွသူတွေကို မြန်မာ နအဖအစိုးရက ထောင်ဒဏ် ၂ နှစ် ကနေ ၆၅ နှစ် အထိ ချမှတ်နေတဲ့အတွက် နိုင်ငံတကာရဲ့ ပြင်းထန်တဲ့ ဝေဖန်မှုတွေကို ခံနေရပါတယ်။ ၈၈ မျိုးဆက် ကျောင်းသားတွေဖြစ်တဲ့ ကိုမင်းကိုနိုင်၊ ကိုကိုကြီး၊ ကိုဌေးကြွယ် စတဲ့ ကျောင်းသားခေါင်းဆောင်တွေ အပါအ၀င် အခြား နိုင်ငံရေး လှုပ်ရှား တက်ကြွသူတွေကိုလည်း မြန်မာစစ်အစိုးရက ပြင်းထန်တဲ့ ပြစ်ဒဏ်တွေ ချမှတ်ခဲ့ပါတယ်ခင်ဗျာ။

Read More...

မြန်မာအရေးအပေါ် အာဆီယံ နှုတ်ဆိတ်နေမှု အတိုက်အခံ ဝေဖန်

20 November 2008

မြန်မာနိုင်ငံတွင်းမှာ နိုင်ငံရေး တက်ကြွလှုပ်ရှားသူတွေ လူ့အခွင့်ရေးလှုပ်ရှားသူတွေကို နှစ်ရှည်ထောင်ဒဏ်တွေချမှတ် အပြစ်ပေးနေသလို မိသားစုတွေနဲ့ ဝေးလန်လွန်းလှတဲ့ နယ်ထောင်တွေကို ပို့နေတဲ့ ကိစ္စတွေပေါ် ကုလသမဂ္ဂ အပါအ၀င် နိုင်ငံတကာ အဖွဲအစည်းတွေ က ဒီလို အခြေအနေတွေပေါ် စိုးရိမ်မိတဲ့အကြောင်း အတော်လေး ဝေဖန် ပြောဆို နေကြပါတယ်။

ဒါပေမယ့် အာစီယံအဖွဲ့ ကြီးအနေနဲ့ အခုကိစ္စတွေနဲ့ ပတ်သက်ပြီး ခုချိန်ထိ ဘာမှ ပြောဆို ထုတ်ပြန်ခြင်း မရှိသေးတဲ့အတွက် ပြည်ပအခြေစိုက် NCGUB ခေါ်တဲ့ အမျိုးသား ညွှန်ပေါင်းအစိုးရက အာစီယံအသင်းကြီးအနေနဲ့ လက်ရှိအခြေအနေပေါ် သုံးသပ်ရင်း မြန်မာစစ်အစိုးရပေါ် အရေးယူမှုတွေ လုပ်သင့်တယ်လို့ ကြေငြာချက်တစ်စောင် ထုတ်ပြန်ပါတယ်။

အာစီယံရဲ့ ပဋိညာဉ်ထဲမှာ အဖွဲ့ဝင် နိုင်ငံတွေမှာ ဒေသတွင်း ပြည်သူတွေရဲ့ လူ့ခွင့်ရေးဆိုင်ရာ ကိစ္စတွေ တိုးတက်ဖို့ တိုးတက်တဲ့ လူ့အခွင့်ရေး ယန္တယားတရပ် တည်ဆောက်ပေးဖို့ဆိုတဲ့ အချက်တွေပါဝင်ပါလျက်နဲ့ အခုလို မြန်မာနိုင်ငံတွင်း လူအခွင့်ရေး ချိုးဖောက်မှုတွေနဲ့ တရားစီရင်ရေး ယန္တယားပျက်နေတဲ့အပေါ် အရေ.းယူဆောင်ရွက်ပေးသင့်တယ်လို့ NCGUB အဖွဲ့က ကုလသမဂ္ဂရေးရာ တာဝန်ခံ ဒေါက်တာ သောင်းထွန်းက ပြောပါတယ်။

“ဒီနေ့ ဗမာနိုင်ငံမှာ အခုလို လူ့အခွင့်အရေး ချိုးဖောက်မှုတွေဟာ အာစီယံရဲ့ စံနှုန်းနဲ့ ယှဉ်ရင်တောင်မှ ဘယ်လိုမှ လက်ခံနိုင်စရာမရှိတဲ့ အခြေအနေမှာ အာစီယံက အခုလို ရေငုံ နုတ်ပိတ်နေခြင်းဟာ အဖွဲ့အတွက် ဂုဏ်သိက္ခာကျတယ်။ အာစီယံ ခေါင်းဆောင်တွေကလည်း လူ့အခွင့်အရေးနဲ့ ပတ်သက်လို့ အခုလိုမျိုး လူသိရှင်ကြား ပြောထားတာတွေ ရှိပေမယ့် လက်တွေ့အကောင်အထည် ဖော်ရာမှာ အားနည်းနေတယ်လို့ ပြနေတယ်။ အခုလို အစိုးတရပ်ဟာ ဥပဒေရဲ့ အထက်မှာ ရှိနေတာတွေ၊ ရှေ့နေကိုတောင်မှ ထောင်ချနိုင်တာတွေဟာ တခြား အာစီယံနိုင်ငံတွေမှာ ဒီနေ့ကာလမှာ ရှာကြည့်ရင် မတွေ့ရပါဘူး။ ဒါကြောင့်မို့ ကျွန်တော်တို့အနေနဲ့ လာမယ့် ထိုင်းနိုင်ငံမှာ ကျင်းပမယ့် အာစီယံ ထိပ်သီး အစည်းအဝေးမှာ ဒီကိစ္စကို အရေးယူမှုလုပ်ချင်တယ်လို့ တင်ပြထားပါတယ်။”


မြန်မာစစ်အစိုးရဟာ ကုန်သွယ်ရေးဆိုင်ရာကိစ္စတွေနဲ့ အာစီယံအဖွဲ့ဝင် နိုင်ငံတွေနဲ့ အားကိုးအားထားပြုဆက်ဆံနေရတာ ဖြစ်ပြီး မြန်မာ့အရေးပေါ် ပြောင်းလဲတိုးတက်လာအောင် အာစီယံအဖွဲ့ကြီးက လုပ်ဆောင်ပေးနိုင်တဲ့ အချက်တွေ ရှိပါတယ်လို့ ဒေါက်တာ သောင်းထွန်းက ဆက်ပြောပါတယ်။


“ဘာကြောင့်လဲဆိုတော့ အာစီယံ အဖွဲ့ဝင်တွေဟာ ဗမာနိုင်ငံရဲ့ ကုန်သွယ်ဘက်တွေပါ။ နအဖစစ်အစိုးရအနေနဲ့ အာစီယံနိုင်ငံတွေနဲ့ လုပ်နေတဲ့ ကုန်သွယ်မှုတွေက ငွေမရဘဲနဲ့ မရပ်တည်နိုင်ပါဘူး။ ကိုယ့်ရဲ့ ယုံကြည်မှုကြောင့် ထောင်ချခံရတာဟာ ဒေသတွင်းမှာ ရှိတဲ့ နအဖကို ငွေကြေးအရ ပံ့ပိုးနေတဲ့ ကုမ္ပဏီတွေနဲ့ အစိုးရတွေမှာ တစိတ်တပိုင်း တာဝန်ရှိပါတယ်။”

ကုလသမဂအဖွဲ့ကြီး အပါအ၀င် မြန်မာ့အရေး အားပေးတိုက်တွန်းနေတဲ့ နိုင်ငံတကာအဖွဲ့တွေရဲ့ တောင်းဆိုချက်တွေကို မြန်မာ စစ်အစိုးရဘက်က အလေးအနက်ထား ဆောင်ရွက်တာ မရှိပါဘူး။ ဒါပေမယ့် နိုင်ငံတကာ အဖွဲ့အစည်းတွေ ဟာ ဟန်ချက်ညီညီနဲ့ တွန်းအားပေးရင်ဖြင့် တိုးတက်မယ့် ပြောင်းလဲမှုတရပ်ကို မြင်နိုင်ပါတယ်လို့ ပြောပါတယ်။

“နိုင်ငံတကာ အင်အားစုတွေဟာ တကယ့်ကို ဟန်ချက်ညီညီနဲ့ ဆောင်ရွက်မယ်ဆိုရင် တွန်းအားပေနိုင်တဲ့ အနေအထားတွေ ရှိပါတယ်။ ရေငုံနုတ်ပိတ်ပြီးတော့ မနေသင့်ပါဘူး။ ဗမာနိုင်ငံမှာ တကယ့် အမျိုးသား ပြန်လည် သင့်မြတ်ရေး မရခဲ့ဘူးဆိုရင် ၂၀၁၀ ရွေးကောက်ပွဲမှာ ဗမာနိုင်ငံမှာ ပိုပြီးတော့ ထိပ်တိုက်တွေ့မှုတွေနဲ့ အုံကြွမှုတွေကို ဖန်တီးပေမယ့် လမ်းကြောင်းပဲ ဖြစ်ပါတယ်။ အဲဒီ ပြဿနာတွေဟာ ဗမာနိုင်ငံတွင်းမှာ ရပ်သွားမှာ မဟုတ်ဘဲ နယ်စပ်ကို ဖြတ်ကျော်ပြီး သက်ရောက်မှုတွေ အများကြီးရှိမှာပါ။ အိမ်နီးချင်းနိုင်ငံတွေက ဒါတွေကို စဉ်းစားသင့်တယ်။ ကြောက်မယ်ထင်လို့ ခြောက်တာပါ။ ကျွန်တော်တို့ မကြောက်ဖို့လိုပါတယ်။ ဇွဲရှိဖို့ လိုပါတယ်။ အဲဒီလို လုပ်ကြမယ်ဆိုရင် အပြောင်းအလဲကို မျှော်လင့်လို့ရမယ်။ ကျွန်တော်တို့ရဲ့ မျိုးဆက်သစ်တွေ လွတ်လပ်တဲ့ လူသားအနေနဲ့ ဂုဏ်သိက္ခာရှိတဲ့ လူသားအနေနဲ့ ရှင်သန်နိုင်မယ်။”


ဒါကတော့ လက်ရှိမြန်မာနိုင်ငံတွင်းက အခြေအနေတွေပေါ် အာစီယံအဖွဲ့ကြီးအနေနဲ့ အမြန်ဆုံး အရေးယူဆောင်ရွက်ဖို့ ကိစ္စကို NCGUB အဖွဲ့က ကုလသမဂရေးရာတာဝန်ခံ ဒေါက်တာသောင်းထွန်းက ပြောပြခဲ့တာ ဖြစ်ပါတယ်၊

Read More...

အိုဘားမားကို အယ်လ်ကိုင်းဒါး ပုတ်ခတ်မှု သိက္ခာမဲ့ရာကျ

20 November 2008

ရွေးကောက်ခံ သမ္မတ ဘရက် အိုးဘားမားကို လူမျိုးရေးအရ စော်ကား တိုက်ခိုက်ထားတဲ့ အယ်လ်ကိုင်းဒါး (Al-Qaida) အဖွဲ့ရဲ့ ကြေညာချက်ဟာ ဂုဏ်သိက္ခာမဲ့၊ အသုံးမကျ နုံချာတဲ့ စကားတွေလို့ ခေါ်ဆိုပြီး သမ္မတ အိမ်ဖြူတော်က ပြစ်တင် ရှုတ်ချလိုက်ပါတယ်။

မစ္စတာ အိုဘားမား ရွေးကောက်ခံရတဲ့အပေါ် အကြမ်းဖက်အုပ်စုရဲ့ ပထမဆုံးတုန့်ပြန်ချက်က အမေရိကန်ပြည်ထောင်စုဟာ ဘယ်လို လူမျိုးတွေနဲ့ ရင်ဆိုင်နေရတယ်ဆိုတာ သတိပေးချက် တခုဖြစ်တယ်လို့ အိမ်ဖြူတော် ပြောရေးဆိုခွင့်ရှိသူ ဒေးနာ ပရီနိုး (Dana Perino) က ပြောပါတယ်။

အယ်လ်ကိုင်းဒါး အဖွဲ့ရဲ့ အင်တာနက် စာမျက်နှာမှာ အယ်လ်ကိုင်းဒါး အဖွဲ့ရဲ့ ဒုတိယ ခေါင်းဆောင် အိုင်မန် အယ်လ်-ဇာဝါရီ (Ayman al-Zawahri) ရဲ့အသံ ဖြစ်တယ်လို့ ဆိုထားတဲ့ အသံနဲ့ ကြေညာချက်ကို တင်ထားပြီး မစ္စတာ အိုဘားမားကို အာရေဘစ် ဘာသာစကားနဲ့ အိမ်ကျွန်လို့ ခေါ်ဆိုထားပါတယ်။ အင်္ဂလိပ်လို စာတမ်းထိုး ဘာသာပြန်ထားတာမှာတော့ အိမ် နီဂရိုးလို့ ဖော်ပြထားပါတယ်။ ဒီအသုံးအနှုန်းဟာ တချိန်က လူဖြူတွေကနေ လူမည်းတွေကို နှိမ့်ချခေါ်ဝေါ်ခဲ့တဲ့ အသုံးအနှုန်း ဖြစ်ပါတယ်။

ဇာဝါရီဟာ နိုင်ငံခြားရေး ၀န်ကြီး ကွန်ဒိုလီဇာ ရိုက်စ် (Condoleeza Rice) နဲ့ နိုင်ငံခြားရေး ၀န်ကြီးဟောင်း ကောလင်း ပေါင်ဝဲလ် (Colin Powell) တို့လို ထင်ရှားတဲ့ တခြား အာဖရိကန်-အမေရိကန်တွေကိုလည်း စော်ကား တိုက်ခိုက်ခဲ့ပါတယ်။

Read More...

Wednesday, November 19, 2008

ကလေးအခွင့်အရေး ချိုးဖောက်မှု အစီရင်ခံစာသစ် ထွက်ရှိ

Wednesday, 19 November 2008 19:02 အေးလဲ့

စစ်အစိုးရ၏ ဆိုးရွားစွာ ပြုကျင့်နေသည့် ကလေး အခွင့် အရေး ချိုးဖောက်မှုများနှင့် ပတ်သက်ပြီး လူ့အခွင့် အရေး ပညာပေးရေးဌာန(မြန်မာနိုင်ငံ) HREIB က “မေ့လျော့ခံ အနာဂတ်များ” အမည်ရှိ အစီရင်ခံစာ တစောင်ကို ယနေ့တွင် ထုတ်ပြန် ဖြန့်ဝေလိုက်သည်။

စစ်အစိုးရ စစ်တပ်များက အပြစ်မဲ့အရပ်သားပြည်သူများနှင့် ကျေးရွာများကို တိုက်ခိုက်ဖျက်ဆီးမှုကြောင့် သေဆုံး ရသူ၊ ဒုက္ခိတဘ၀ ရောက်ရသူ ကလေးငယ်များ ရှိကြောင်း HREIB၏ ညွန်ကြားရေးမှူး ကိုအောင်မျိုးမင်း က ပြောဆိုသည်။

ကိုအောင်မျိုးမင်းက “ လက်နက်ကိုင်ပဋိပက္ခအတွင်းမှာ စစ်တပ်ရဲ့ အပြစ်မဲ့ပြည်သူနဲ့ ရွာတွေကို တိုက်ခိုက်မှု၊ မြေမြှပ်ဗုံး အသုံးပြုမှုတွေကြောင့် ကလေးတွေ သေဆုံးခဲ့တာရှိသလို တိုင်းရင်းသားလက်နက်ကိုင် တွေနဲ့ အဆက်အသွယ်လုပ်တယ်လို့ သံသယရှိတဲ့ ကလေးငယ်များကို သက်ဖြတ်နေတာရှိတယ်၊ အသက် ၇ နှစ် ၈နှစ် အရွယ်ကလေးများဆိုရင် မြေမြှပ်ဗုံးနင်းပြီး ဆုံးသွားရသလို၊ ဒုက္ခိတ ဘ၀ရောက်သွားရတဲ့ ကလေးငယ် များလည်း ရှိပါတယ်” ဟု ဧရာဝတီသို့ ပြောသည်။

ကုလသမဂ္ဂလုံခြုံရေးကောင်စီ ဆုံးဖြတ်ချက်အရ အခြေခံကလေးအခွင့်အရေးနှင့်ပတ်သက်ပြီး အဓိက အချက်(၆)ကို မပြုလုပ်ရန် သက်ဆိုင်ရာ အစိုးရများအား တားဆီးပိတ်ပင်ထားသော်လည်း မြန်မာစစ် အစိုးရ က တိုင်းရင်းသားနယ်မြေများတွင် ထောင်ပေါင်းများစွာသော ကလေးသူငယ်များကို စစ်သားအဖြစ် အတင်း အကျပ် စုဆောင်းခြင်း၊ အကြောင်းပြချက်အမျိုးမျိုးဖြင့် သတ်ဖြတ်ခြင်းများကိုကျူးလွန်နေကြောင်း လည်း ကိုအောင်မျိုးမင်းက ပြောသည်။

ယင်း အချက် ၆ ချက်တွင် ကလေးများကို သတ်ဖြတ်ခြင်း၊ ဖမ်းဆီးခြင်းနှင့်ပြန်ပေးဆွဲခြင်း၊ လက်နက်ကိုင် ပဋိပက္ခအတွင်း စစ်သားအဖြစ်အသုံးပြုခြင်း၊ အရွယ်မရောက်သေးသော ကလေးများကို လိင်ပိုင်းဆိုင်ရာ စော်ကားခြင်း၊ လူသားခြင်းစာနာမှုအကူအညီတွေကို ပိတ်ပင်တားဆီးခြင်း၊ ကလေးများရှိသော ကျောင်းနှင့် ဆေးရုံများကို တိုက်ရိုက်တိုက်ခိုက်ခြင်းများစသည့် အချက်များကို မကျူးလွန်မိရန် လုံခြုံရေးကောင်စီ ဆုံး ဖြတ်ချက်အရ ပိတ်ပင်တားဆီးထားကြောင်းသိရသည်။

အဆိုပါ “မေ့လျော့ခံ အနာဂတ်များ” Forgotten Future: Children Affected By Armed Conflict in Burma ကလေးအခွင့်အရေးချိုးဖောက်မှု အစီရင်ခံစာအား ပြီးခဲ့သည့် ၂၀၀၇ အောက်တိုဘာနှင့် ၂၀၀၈ ခုနှစ်မတ်လပိုင်းက စစ်အစိုးရနှင့် တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့များကြား ဖြစ်ပွားသည့် လက်နက်ကိုင် ပဋိပက္ခများကြောင့် ထွက်ပြေး တိမ်းရှောင်ခဲ့ရသော ထိုင်း-မြန်မာနယ်စပ်၊ အန္ဒိယနယ်စပ်၊ တရုတ်နယ်စပ် တလျောက် ဒုက္ခသည်စခန်းများအတွင်းရှိ ဒုက္ခသည် ၁၀၀ကျော်ကိုမေးမြန်း၍ ပြုစုထားခြင်း ဖြစ်သည်ဟု ကိုအောင်မျိုးမင်းကပြောသည်။

၎င်းအစီရင်ခံစာကိုပြီးခဲ့သည့်လအတွင်း အနီးစပ်ဆုံးဖြစ်ပွားမှုအား အမြန်ဆုံးအရေးယူဆောင်ရွက်ပေးရန် အတွက် ကုလသမဂ္ဂအထွေထွေညီလာခံနှင့် လုံခြုံရေးကောင်စီ၊ ကလေးအခွင့်အရေးဆိုင်ရာ အေဂျင်စီများ သို့ တင်ပြခဲ့ပြီးကြောင်းလည်းသိရသည်။

“မြန်မာနိုင်မှာရှိတဲ့ လက်နက်ကိုင်ပဋိပက္ခအတွင်းမှာ ကလေးများရဲ့ ဘဝဟာ ကျေနပ်အားရစရာ မရှိပါဘူး၊ ကလေးများသဘာဝ တက်ကြွလန်းဆန်းပျော်ရွှင်နေရမယ့်အစား ကြေကွဲဝမ်းနည်းဖွယ်ဖြစ်ပြီးတော့ အနာဂတ်မဲ့နေတဲ့ကလေးများ အနေအထားမျိုးကို တွေ့ရတာဟာ ကလေးများအတွက် စိုးရိမ်စရာ ဖြစ်ပါတယ်” ကိုအောင်မျိုးမင်းကပြောသည်။

စစ်အစိုးရက ၂၀၀၄ ခု ဇန်နဝါရီလအတွင်း က ကလေးစစ်သားပပျောက်ရေးကော်မတီတခုကို ဖွဲ့စည်း ထားခဲ့သည်။၂၀၀၂ ခုနှစ်နှင့် ၂၀၀၇ခုနှစ်အတွင်း အသက်မပြည့်သေးသည့်ကလေးစစ်သားပေါင်း ၇၉၂ ဦးနှင့် ကလေး စစ်သားစုဆောင်းမှုနှင့်ပတ်သက်သော တာဝန်ရှိသူ ၄၀ ခန့်ကို အရေးယူခဲ့ကြောင်းလည်း အစိုးရက ထုတ်ပြန်ထားသည်။အမေရိကန် အခြေစိုက် လူ့အခွင့်အရေးစောင့်ကြည့် လေ့လာရေးအဖွဲ့၏၂၀၀၂ခုနှစ် စာရင်းကောက်ယူချက် အရ မြန်မာနိုင်ငံတွင် မြန်မာစစ်တပ်နှင့် တိုင်းရင်းသားလက်နက်ကိုင်တပ်ဖွဲ့များတွင် ကလေးစစ်သားပေါင်း အနည်းဆုံး ခုနှစ်သောင်းရှိသည်ဟု ဖော်ပြထားသည်။

Read More...

စာရေးဆရာမ နှင်းပန်းအိမ် ထိုင်းနယ်စပ်သို့ တိမ်းရှောင်

ဇာနည်
ဗုဒ္ဓဟူးနေ့၊ နိုဝင်ဘာလ 19 2008 17:35 - မြန်မာစံတော်ချိန်


ချင်းမိုင်။ ။ အာဏာပိုင်များက မကြာခဏ ခြိမ်းခြောက် ပြောဆိုသဖြင့် နိုင်ငံရေး အကျဉ်းသားဟောင်း ခင်ပွန်းသည်ရှိရာ ထိုင်း-မြန်မာ နယ်စပ်သို့ စာရေးဆရာမ နှင်းပန်းအိမ်သည် သားငယ်နှင့်အတူ ပြီးခဲ့သည့် သောကြာနေ့က ရောက်ရှိလာသည်။

တောင်ဒဂုံမြို့နယ် အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် လူငယ် စည်းရုံးရေးမှူးနှင့် နိုင်ငံရေး အကျဉ်းသားဟောင်း ဦးနေဦးသည် ပြီးခဲ့သည့်လအတွင်းက ထိုင်း-မြန်မာနယ်စပ်သို့ ထွက်ခွာလာပြီးနောက် ဒေသအာဏာပိုင်များမှ ကျန်ရစ်သည့် မိသားစုထံ စုံစမ်း စောင့်ကြည့်မှုနှင့် ခြိမ်းခြောက်မှု ပြုလုပ်သဖြင့် ယခုလို ထွက်ခွာလာခြင်း ဖြစ်သည်။

"ကျမ ယောက်ျား ထွက်လာပေမယ့် ကျမကတော့ ပြည်တွင်းမှာပဲ နေလို့ရတဲ့အထိ နေမယ်၊ မသွားဘူးလို့ဆိုပြီး နေနေတာ။ အခုက ဖမ်းမယ်ဆီးမယ်ဆိုတာတွေ ရိပ်ဖမ်းသံဖမ်း ပြောတာတွေ လုပ်လာပြီး လိုက်ကြည့်တာတွေ လုပ်လာတော့ နေလို့ မရတော့ဘူး။ ကျမ သားလေး ရှိသေးတယ်။ သူ့ဘ၀ လုံခြုံဖို့ဆိုတာတွေက အများကြီး ရှိသေးတယ်လေ" ဟု ဆရာမ နှင်းပန်းအိမ်က မဇ္ဈိမကို ပြောပြသည်။

သူက ဆက်ပြီး "အမျိုးသားက ထွက်လာပြီးနောက်ပိုင်း အိမ်ကို စရဖတွေ၊ အက်စ်ဘီ တွေ လာလာပြီးတော့ တာဝန်အရ မေးတာပါ ဘာညာဆိုပြီး ခဏခဏ လာတယ်။ ကျမတို့မှာ ကားသံကြားရင်၊ တံခါးခေါက်သံကြားရင်၊ 'အိမ်ရှင်တို့' ဆိုတဲ့ အသံကြားရင် ကြောက်လန့်နေရတယ်" ဟု ပြောသည်။

စရဖဆိုသည်မှာ စစ်ဖက် ထောက်လှမ်းရေးဖြစ်ပြီး အက်စ်ဘီဆိုသည်မှာ အထူးသတင်း ရဲတပ်ဖွဲ့တို့ ဖြစ်သည်။ ပြီးခဲ့သည့်လက သူနှင့်နီးစပ်သူအချို့ ဖမ်းဆီးခံရချိန်တွင် ဦးနေဦးမှာ ထိုင်းနယ်စပ်သို့ တိမ်းရှောင်ခဲ့သည်ဟု ဆရာမက ဆိုသည်။


သူသည် တရားမ၀င် စာရွက်စာတမ်းဖြန့်မှု အပါအ၀င် အခြားစွပ်စွဲချက်များဖြင့် ၁၉၈၉ ခုနှစ် ဖေဖော်ဝါရီလ ၁၉ ရက်နေ့က ထောင်ဒဏ် ၁၄ နှစ် ကျခံခဲ့ရသည်။

စစ်ကိုင်းတိုင်း ကလေးမြို့ထောင်သို့ ခင်ပွန်းသည်ထံ ထောင်ဝင်စာသွားတွေ့ရင်း တွေ့ကြုံရသည်များကို ဆရာမက ခရီးသွားဆောင်းပါး၊ အက်ဆေးနှင့် ၀တ္တုတိုများအဖြစ် ရေးသားကာ နွယ်နီ၊ မဟေသီ မဂ္ဂဇင်းများတွင် ရေးသားခဲ့သည်။ ၂၀၀၅ ခုနှစ် ဇူလိုင်လ ၆ ရက်နေ့က ခင်ပွန်းသည် ပြန်လွတ်လာသော်လည်း ဝေးလံခေါင်ဖျား ဒေသရှိ ထောင်များသို့ အခြားသော နိုင်ငံရေးအကျဉ်းသား မိသားစုဝင်များမှ ထောင်ဝင်စာ သွားတွေ့သည်ကို ကူညီရင်း ခရီးသွားဆောင်းပါးများ ဆက်ရေးခဲ့သည်။

ရေးသားခဲ့သည့် ဆောင်းပါးနှင့် ၀တ္တုတို ပုဒ်ရေ ၂၀၀ ကျော်အနက် စာပေစိစစ်ရေးက တပုဒ်လုံး ပယ်ခြင်း၊ စာကြောင်းများ ဖြုတ်ချခြင်းများ ရှိခဲ့သည်။

၂၀၀၀ ပြည့်နှစ်မှ စတင်ကာ စာပေလောကအတွင်း ၀င်ရောက်ခဲ့သော ဆရာမ နှင်းပန်းအိမ်၏ "တမာပန်းနှင့် ဘ၀လမ်း" ခရီးသွားဆောင်းပါးကို လူကြိုက်များခဲ့ပြီး၊ "ပတ်ဝန်းကျင် ကျေးဇူးတရားနဲ့ ကြယ်ပွင့်လေး" ဆောင်းပါးဖြင့် ဂျပန်စာဖတ်ပရိသတ်တဦး၏ ကျနော်အနှစ်သက်ဆုံးဆောင်ပါးဆု၊ "ခေတ်သစ် မန်မိုရီနှင့် ၀တ္တုတိုပေါင်းချုပ်" တော်ဘုရားလေး စာပေဆု၊ "ရိုးချောင်းဘေးက ကြာ" ၀တ္တုတိုဖြင့် နေမင်းအားမာန်အဖွဲ့မှ ချီးမြှင့်သည့် အကောင်းဆုံး ၀တ္တုတိုဆုတို့ကို ရရှိခဲ့သည်။

ဆရာမက "ကျမ ဒီရောက်လာပေမယ့်လည်း ဒီစနစ်ဆိုးကို ထင်ဟပ်မယ့် အကြောင်းတွေ၊ ကျမတို့အားလုံး ကြုံတွေ့နေရတဲ့ အခြေအနေတွေကို ဆက်ရေးသွားအုံးမှာပါ" ဟု ပြောသည်။

Read More...

အရှင် ဂမ္ဘီရနှင့် တိုင်းရင်းသားလူငယ်များအား နှစ်ရှည်ထောင်ဒဏ်များ ချမှတ်


ရွှေဝါရောင် သံဃာ့လှုပ်ရှားမှု၏ ဦးဆောင်သံဃာ တပါးဖြစ်သည့် အရှင်ဂမ္ဘီရကို ရန်ကုန် အင်းစိန်ထောင်ရှိ အထူးတရားရုံးက ထောင်ဒဏ် ၁၂ နှစ် ချမှတ် လိုက်ကြောင်း သိရသည် ။

အရှင်ဂမ္ဘီရ မိသားစုနှင့် နီးစပ်သူတဦးက “လောလောဆယ် ၁၂ နှစ်ချထားတယ်၊ အခုချထားတဲ့ ပုဒ်မတွေက ၅၀၅ (ခ)၊ ၂၉၅ (က) ၂နှစ်စီ သုံးနေရာကစွဲတယ်၊ အားလုံးပေါင်း ၁၂နှစ်ချထားတယ်။ အရှင်ဂမ္ဘီရ အပါအဝင် ၁၁ ဦးကိုဖမ်းဆီးထားပြီး စွဲထားတဲ့အမှုပေါင်းကတော့ မနည်းဘူး။ နောက်ရက်တွေ ဆက်ပြီး အမိန့်ချဖို့ ရှိတယ်” ဟု ပြောသည်။

အသက်၂၉ နှစ်ရှိ မြန်မာနိုင်ငံလုံးဆိုင်ရာ သံဃာ့တပ်ပေါင်းစု၏ ဦးဆောင်ကိုယ်တော်တပါးဖြစ်သည့် အရှင်ဂမ္ဘီရအား စစ်အစိုးရက ဖမ်းဆီးထားပြီးတနှစ်အကြာတွင် ထောင်ဒဏ်ချမှတ်လိုက်ခြင်း ဖြစ်သည်။

အရှင်ဂမ္ဘီရကိုလွန်ခဲ့သည့်နှစ် စက်တင်ဘာလကပေါ်ပေါက်ခဲ့သော ရွှေဝါရောင်တော်လှန်ရေးနှင့်ပတ်သက်ပြီး ၂၀၀၇ ခုနှစ် နိုဝင်ဘာလ ၄ ရက်နေ့တွင် မန္တလေးတိုင်း စဥ့်ကိုင်မြို့၌ စစ်အာဏာပိုင်များက ဖမ်းဆီးခဲ့ခြင်း ဖြစ်သည်။

ထို့အတူ မန္တလေးတိုင်း သံဃာ့တပ်ပေါင်းစုမှ အရှင်ဦးကေလာသ ကိုလည်း ပုဒ်မ ၁၇ (၂၀) ၊ ၁၇ (၁) ၊ မတရားအသင်းပုဒ်မ တို့ဖြင့် ထောင်ဒဏ် ၃၅ နှစ် ယနေ့ချမှတ်လိုက်ကြောင်း သိရသည်။


အရှင်ဂမ္ဘီရကို တရားမဝင်အဖွဲ့အစည်းနှင့်ဆက်သွယ်မှု၊ အီလက်ထရွန်းနစ်ပုဒ်မ၊ အများပြည်သူ အထိတ်တလန့်ဖြစ်စေမှု၊ သာသာနာညှိုးနွမ်းစေမှု ၊ အရေးပေါ် စီမံချက်အက်ဥပဒေပုဒ်မ ၅ (ည)၊ မတရားအသင်းပုဒ်မ ၊ တရားမဝင်နယ်စပ်ဖြတ်ကျော်သည့်ပုဒ်မ၊ နိုင်ငံတော်ငြိမ်ဝပ်ပိပြားမှုကို ထိခိုက်ပျက်ပြားစေမှု၊ လူငါးဦးထက်ပိုမိုစုဝေးမှု၊ တရားမဝင်ပုံနှိပ်ထုတ်ဝေမှုစသည့် ဥပဒေပုဒ်မများဖြင့် တရားစွဲဆိုထားကြောင်း ၎င်းအမှုလိုက်ရှေ့ နေကပြောသည်။


အလားတူ လှုပ်ရှားတက်ကြွသူ တိုင်းရင်းသားလူငယ်သုံးဦးကိုလည်း ရန်ကုန်အင်းစိန်ထောင် အထူးတရားရုံးက နှစ်ရှည်ထောင်ဒဏ် ချမှတ်လိုက်ကြောင်း အင်းစိန်ထောင် ဝန်ထမ်းအသိုင်းအဝန်းနှင့် နီးစပ်သူတဦးက ပြောသည်။


ချင်းတိုင်းရင်းသား ကပ်လှမ်ခုတ် (ခ) ကိုကျော်စိုးနှင့် ရခိုင်တိုင်းရင်းသား ကိုတင်ထူးအောင်တို့ကို တိုင်းရင်းသားလူငယ်များအား စည်းရုံးလှုပ်ရှားမှုဖြင့် ထောင်ဒဏ် ၃၃ နှစ်စီ ချမှတ်လိုက်ကြောင်း အဆိုပ်နီးစပ်သူက ပြောသည်။


ချင်းတိုင်းရင်းသား အန်ထော်နီ (ခ) ကက်ခွမ်ကွာကိုလည်း ထောင်ဒဏ် ၈ နှစ်ချမှတ်လိုက်သည်ဟု အဆိုပါ နီးစပ်သူကဆက်ပြောသည်။

ကပ်လှမ်ခုတ်သည့် တိုင်းရင်သားခေါင်းဆောင်တဦးဖြစ်သည့် ဦးကျင်ရှင်းထန်၏ သားဖြစ်ပြီး အန်ထော်နီမှာ တူုဖြစ်သည်။“သူတို့ဟာ အမှုတွေဒီလောက်ကျူးလွန်ထားတာမဟုတ်ဘဲနဲ့ အခုလို နှစ်ရှည်အမိန့်ချမှတ်တာဟာ တရားမျှတမှုမရှိပါဘူး” ဟု ဦးကျင်ရှင်းထန်က ဧရာဝတီကို ပြောသည်။

အဆိုပါတိုင်းရင်းသားလူငယ် ၃ ဦးကို လွန်ခဲ့သည့်နှစ် စက်တင်ဘာလ သံဃာ့လှုပ်ရှားမှုနှင့်ပတ်သက်၍ ၂၀၀၇ ခုနှစ် အောက်တိုဘာလကုန်ပိုင်းကတည်းက အာဏာပိုင်များက ဖမ်းဆီးခဲ့သည်။

Read More...

အမျိုးသမီးများအပေါ် အကြမ်းဖက်မှုဆိုင်ရာ ကုလအစီရင်ခံစာ ကြိုဆို

19 November 2008

မြန်မာစစ်တပ်အနေနဲ့ အမျိုးသမီးတွေ အထူးသဖြင့် လူနည်းစု တိုင်းရင်းသား အမျိုးသမီးတွေအပေါ် လိင်ပိုင်းဆိုင်ရာ အကြမ်းဖက်မှုတွေ ကို စနစ်တကျ ကျင့်သုံးလုပ်ဆောင်နေတယ်ဆိုပြီး အလေးပေးဖော်ပြလိုက်တဲ့ ကုလသမဂ္ဂရဲ့ အစီရင်ခံစာကို လူ့အခွင့်အရေး လှုပ်ရှားမှုအဖွဲ့က ထောက်ခံကြိုဆိုလိုက်ပါတယ်။

ကုလသမဂ္ဂက အခုလိုထုတ်ပြန်တဲ့ အစီရင်ခံစာနဲ့ပတ်သက်ပြီး အမေရိကန်အခြေစိုက်မြန်မာ့အရေးလှုပ်ရှားမှုအဖွဲ့ US Campaign for Burma က ထောက်ခံတဲ့အကြောင်းအင်္ဂါနေ့က ပြောဆိုလိုက်တာပါ။ ဒါ့အပြင် မြန်မာစစ်အစိုးရအပေါ် ကုလသမဂ္ဂ လုံခြုံရေး
ကောင်စီအနေနဲ့ ပိုပြီးပြင်းထန်တဲ့ အရေးယူမှုတွေ လုပ်ဆောင်သွားဖို့လည်း တိုက်တွန်းလိုက်ပါတယ်။

ကုလသမဂ္ဂရဲ့ အမျိုးသမီးများအား ခွဲခြားဆက်ဆံမှုပပျောက်ရေး ကော်မတီ (CEDAW)က နိုဝင်ဘာ ၇ ရက်နေ့စွဲနဲ့ ပထမအစီရင်ခံစာကို ထုတ်ပြန်ခဲ့ပါတယ်။ ဒီအစီရင်ခံစာမှာ မြန်မာနိုင်ငံက တိုင်းရင်းသူ အမျိုးသမီးတွေအပေါ် လိင်ပိုင်းဆိုင်ရာ အဓမ္မကျူးလွန်မှုတွေ ကျယ်ကျယ်ပြန့်ပြန့် လုပ်ဆောင်နေတာနဲ့ ဒီလိုရာဇ၀တ်မှု ကျူးလွန်နေသူတွေကိုတရားဥပဒေအရ အရေးယူဖို့ ပျက်ကွက်နေတာ တွေအပေါ် အထူးစိုးရိမ်မှုရှိတယ်ဆိုတဲ့အကြောင်း ဖော်ပြထားပါတယ်။

လိင်ပိုင်းဆိုင်ရာ အဓမ္မကျူးလွန်မှုတွေကို မြန်မာစစ်တပ်အနေနဲ့ လက်နက်သဖွယ်အသုံးချနေတယ်ဆိုပြီး စွပ်စွဲခဲ့တဲ့အပေါ်မှာ မြန်မာစစ် အစိုးရက အရင်က ငြင်းဆိုခဲ့ဖူးပါတယ်။

ပြီးခဲ့တဲ့နှစ်ကတော့ မြန်မာနိုင်ငံမှာ အမျိုးသမီးတွေအပေါ် လိင်ပိုင်းဆိုင်ရာ အဓမ္မပြုကျင့်မှုတွေကို စနစ်တကျ အသုံးပြုနေတာ အပါအ၀င် လူ့အခွင့်အရေး ချိုးဖောက်မှုတွေအားလုံးကို အဆုံးသတ်ဖို့ ကုလသမဂ္ဂ လုံခြုံရေးကောင်စီက ပြောဆိုခဲ့ပြီး အရေးယူလုပ်ဆောင်မှုတွေ ပြုလုပ်ဖို့ အကြံပြုခဲ့ကြပါတယ်။

ဒါပေမယ့် လုံခြုံရေးကောင်စီအဖွဲ့ဝင် နိုင်ငံနှစ်ခုဖြစ်တဲ့၊ မြန်မာစစ်အစိုးရနဲ့ နီးစပ်တဲ့တရုတ်နဲ့ရုရှားတို့က ဗီတိုအာဏာသုံးပြီး ပိတ်ဆို့ခဲ့တာကြောင့် အရေးယူလုပ်ဆောင်ဖို့ အဖြေထွက်မလာခဲ့ပါဘူး။

အမေရိကန်ပြည်ထောင်စုနဲ့ ဥရောပနိုင်ငံတွေ အပါအ၀င် နိုင်ငံတော်တော်များများကတော့ အခုလို လူ့အခွင့်အရေး ချိုးဖောက်မှုတွေကြောင့် မြန်မာစစ်အစိုးရအပေါ်စီးပွားရေးအရ အရေးယူပိတ်ဆို့မှုတွေ ပြုလုပ်ခဲ့ပါတယ်။

Read More...

ဥပဒေအသုံးချ နှိပ်ကွပ်နေတာတွေကို ကုလအထူးကိုယ်စားလှယ် စိုးရိမ်

19 November 2008

မြန်မာနိုင်ငံမှာ ဖမ်းဆီးခံထားရတဲ့ အစိုးရနဲ့ သဘောထားကွဲလွဲသူတွေကို အခုရက်ပိုင်းနှစ်ရှည်ထောင်ဒဏ်တွေ ချနေတဲ့အပေါ် အထူးစိုးရိမ်တဲ့အကြောင်း ကုလသမဂ္ဂရဲ့လူ့အခွင့်အရေးဆိုင်ရာ အထူးစုံစမ်းစစ်ဆေးသူ ၅ ဦးက ထုတ်ဖော်ပြောဆိုလိုက်ကြပါ
တယ်။ ဒီလို နှောင့်ယှက်ဖမ်းဆီး ထောင်ချနေတာတွေကို ရပ်ဆိုင်းဖို့လည်း တောင်းဆိုလိုက်ကြပါတယ်။ လူ့အခွင့်အရေးဆိုင်ရာ ကုလသမဂ္ဂ အထူးစုံစမ်းစစ်ဆေးရေးမှူးတဦးကို ကိုကျော်ကျော်သိန်းက ဆက်သွယ်မေးမြန်းပြီး အပြည့်အစုံ တင်ပြထားပါတယ်။

အာဏာရှင်အစိုးရ အုပ်ချုပ်နေတဲ့ မြန်မာနိုင်ငံက အခြေအနေအရပ်ရပ်အပေါ် အထူးစိုးရိမ်မိတဲ့အကြောင်း ဗွီအိုအေကို ပြောခဲ့သူကတော့ လွတ်လပ်စွာ သဘောထားအမြင်ရှိခွင့်နဲ့ ထုတ်ဖော်ပြောဆိုခွင့်တွေကို မြှင့်တင်ကာကွယ်ရေးဆိုင်ရာ ကုလသမဂ္ဂရဲ့ အထူးစုံစမ်းစစ်ဆေးရေးမှူး မစ္စတာ ဖရန့်ခ် လာ ရူး (Frank La Rue) ဖြစ်ပါတယ်။

"အာဏာရှင်အစိုးရတရပ်က တရားဥပဒေကို ဒီလို ရက်ရက်စက်စက်လုပ်ရပ်မျိုးမှာအသုံးပြုတဲ့အခါတိုင်း စိုးရိမ်ဖွယ်ရာ ဖြစ်တာပါပဲ။ တရားဥပဒေဟာ လူ့အခွင့်အရေးနဲ့လူ့အခွင့်အရေးဆိုင်ရာ ကိစ္စရပ်တွေပေါ်မှာ အခြေခံသင့်တယ်လို့ ကျနော်တို့ ယုံကြည်ပါတယ်။ အတိုက်အခံဘက်ကလူတွေကို ဖမ်းဆီးထိန်းသိမ်းတာ၊ နှစ်ရှည်ထောင်ဒဏ်တွေ ချပစ်တာတွေအပေါ် ကျနော်တို့ အရမ်းကို စိုးရိမ်ပါတယ်။ တရားရေးစနစ်ရဲ့လွတ်လပ်မှုနဲ့ အမြင်တွေအပေါ် ကျနော်တို့ မေးခွန်းထုတ်စရာ ဖြစ်လာပါတယ်။ဒါ့ကြောင့်လည်း အထူး စုံစမ်းစစ်ဆေး သူတွေအနေနဲ့ ကျနော်တို့ရဲ့စိုးရိမ်မှုကို အစိုးရသိအောင်ဖော်ပြပြီး ထိန်းသိမ်းထားသူတွေရဲ့ အခြေအနေနဲ့ပတ်သက်လို့ နောက်ထပ်သတင်းအချက်အလက်တွေ တောင်းခံထားတာပါ။"

မစ္စတာ ဖရန့်ခ် လာ ရူးဟာ ကုလသမဂ္ဂရဲ့ မြန်မာနိုင်ငံ လူ့အခွင့်အရေးအခြေအနေဆိုင်ရာ အထူးစုံစမ်းစစ်ဆေးရေးမှူး မစ္စတာ တောမတ်စ် အိုဟေးယား ကင်တားနား(Tomás Ojea Quintana) အပါအ၀င် တခြား လူ့အခွင့်အရေး အထူးစုံစမ်းစစ်ဆေးရေးမှူး ၄ ဦးနဲ့အတူ မြန်မာနိုင်ငံက လက်ရှိ ထောင်ချပစ်နေတာတွေနဲ့ပတ်သက်ပြီးနိုဝင်ဘာလ ၁၈ ရက်နေ့စွဲနဲ့ ကြေညာချက်ထုတ်ပြန်ရာမှာ ပါဝင်ခဲ့သူပါ။

သူတို့ရဲ့ထုတ်ပြန်ချက်ထဲမှာ အခြေခံဥပဒေမှာ ပုံဖော်ထားတဲ့အတိုင်း ပါတီစုံဒီမိုကရေစီအရပ်သားအစိုးရတရပ်ဆီ အသွင်ကူး ပြောင်းရေးအတွက် ပြုပြင်ပြောင်းလဲရေးတွေစပြီးလုပ်ဆောင်ဖို့၊ ၂၀၁၀ ပြည့်နှစ်မှာကျင်းပမယ့် လွတ်လပ်ပြီး တရားမျှတတဲ့ အထွေထွေရွေးကောက်ပွဲတွေအတွက် အရေးကြီးတဲ့ ကြိုတင်သတ်မှတ်ချက်တွေပြည့်ဝစေရေး လုပ်ငန်းတွေကို ချက်ချင်း စပြီးလုပ်ဆောင်ဖို့ အာဏာပိုင်တွေကို အပြင်းအထန် တိုက်တွန်းထားပါတယ်။


အခြေခံဥပဒေနဲ့ ၂၀၁၀ ပြည့်နှစ် ရွေးကောက်ပွဲတွေကိစ္စကို မြန်မာ့ဒီမိုကရေစီရေးလှုပ်ရှားသူတွေကရော၊ မြန်မာ့အရေး စိတ်ပါဝင်စားတဲ့ တခြားကမ္ဘာ့နိုင်ငံတွေကရောလက်မခံနိုင်ဘူးလို့ ပြောထားတာတွေကလည်း ရှိတော့ ကုလသမဂ္ဂ အထူးစုံစမ်းစစ်ဆေးသူတွေ အပါအ၀င် ကုလသမဂ္ဂရဲ့ သဘောထားက အခြေခံဥပဒေကို လက်ခံတယ်၊ ၂၀၁၀ ရွေးကောက်ပွဲနည်းလမ်းအတိုင်းပဲ သွားမယ်ဆိုတဲ့ အဓိပ္ပာယ် သက်ရောက်သလို ဖြစ်နေပါတယ်။


ဒီအပေါ်မှာ မစ္စတာ ဖရန့်ခ် လာ ရူးက ကုလသမဂ္ဂဟာ အပြုသဘောဆောင်တဲ့နည်းလမ်းနဲ့ ချဉ်းကပ်ဖို့ ကြိုးစားပါတယ်လို့ ဆိုပါတယ်။

"အခြေခံဥပဒေကို လက်ခံဖို့ လက်မခံဖို့ဆိုတာ ကျနော်တို့ရဲ့ အခန်းကဏ္ဍ မဟုတ်ပါဘူး။ကျနော်တို့ရဲ့ အခန်းကဏ္ဍက အခြေခံဥပဒေ တွေဟာ ယေဘုယျအားဖြင့် နိုင်ငံတကာလူ့အခွင့်အရေး စံနှုန်းစံထားဘောင်ထဲမှာ ရှိရဲ့လား၊ နိုင်ငံတွင်းမှာ နိုင်ငံတကာလူ့အခွင့်အရေး တွေကို လေးစားသမှုရှိရဲ့လား ဆိုတာကို ကြည့်ဖို့ဖြစ်ပါတယ်။

"
ဒါ့အပြင် သူတို့ရဲ့ထုတ်ပြန်ချက်ထဲမှာ လက်နက်ကိုင်တပ်ဖွဲ့တွေနဲ့ တရားရေးစနစ်ကိုပြုပြင်ပြောင်းလဲရေးလုပ်ဖို့ တိုက်တွန်းထားတဲ့အချက် ပါပါတယ်။ လက်နက်ကိုင်တပ်ဖွဲ့တွေ ပြုပြင်ပြောင်းလဲရေးလုပ်ဖို့ တိုက်တွန်းရတဲ့ အဓိကအကြောင်းရင်းက ဘာပါလဲဆိုတဲ့ မေးခွန်းအပေါ်မှာ မစ္စတာ ဖရန့်ခ် လာ ရူးက ကုလသမဂ္ဂရဲ့ မြန်မာနိုင်ငံ လူ့အခွင့်အရေးအခြေအနေဆိုင်ရာ အထူးစုံစမ်းစစ်ဆေးရေးမှူး မစ္စတာ တောမတ်စ်အိုဟေးယား ကင်တားနားဟာ မြန်မာနိုင်ငံက အခြေအနေ အဖြစ်အပျက်တွေကို အနီးကပ်စောင့်ကြည့်လေ့လာနေသူ ဆိုပြီး ပြန်ညွှန်းပါတယ်။ သူ့အနေနဲ့ကတော့ လွတ်လပ်စွာ ထုတ်ဖော်ပြောဆိုခွင့် ပေးဖို့ကိုပဲ အဓိက ပြောဆိုခဲ့ပါတယ်။"

လွတ်လပ်စွာ ထုတ်ဖော်ပြောဆိုခွင့်ဆိုင်ရာ အထူးစုံစမ်းစစ်ဆေးသူအနေနဲ့ ကျနော့်ရဲ့အဓိကစိုးရိမ်ချက်ကတော့ အတိုက်အခံ တွေရဲ့အမြင်ကို ထင်ဟပ်ပြောဆိုကြတယ်ဆိုပြီးလူတွေကို ဖိနှိပ်နေတာ၊ လွတ်လပ်စွာ ထုတ်ဖော်ပြောဆိုခွင့် မပေးတာပါပဲ။ ဘယ်လိုဒီမိုက ရေစီ လူ့အဖွဲ့အစည်းမျိုးမှာမဆို သူတို့ရဲ့ ကိုယ်ပိုင်ထင်မြင်ယူဆချက်တွေကိုထုတ်ဖော်ပြောဆိုခွင့်ရှိတဲ့၊ လေးစားသမှုနဲ့ နားထောင်ခွင့် ရသင့်တဲ့ အတိုက်အခံအမျိုးမျိုးကို ခွင့်ပြုဖို့ အရေးကြီးတယ်လို့ ကျနော်ထင်ပါတယ်။

"
လွတ်လပ်စွာ သဘောထားအမြင်ရှိခွင့်နဲ့ ထုတ်ဖော်ပြောဆိုခွင့်တွေကို မြှင့်တင်ကာကွယ်ရေးဆိုင်ရာ ကုလသမဂ္ဂရဲ့ အထူးစုံစမ်းစစ် ဆေးရေးမှူး မစ္စတာ ဖရန့်ခ်လာ ရူး ပြောပြသွားတာ ဖြစ်ပါတယ်။

အခုလို ကုလသမဂ္ဂနဲ့ နိုင်ငံတကာက စိုးရိမ်တဲ့အကြောင်း ဆက်တိုက်ဆိုသလို ပြောဆိုလာတဲ့ကြားကပဲ မြန်မာအာဏာပိုင်တွေကတော့ ဖမ်းဆီးထားတဲ့ထဲက ထောင်မချရသေးတဲ့သူတွေကို နှစ်ရှည်ထောင်ဒဏ်တွေ ဆက်ပြီးချလိုက်၊ ထောင်ချပြီးတဲ့ထဲကတချို့ကို ဝေးလံခေါင်သီတဲ့ထောင်တွေဆီ ပြောင်းပို့လိုက် လုပ်နေဆဲပါ။

ဖမ်းဆီးခံထားရသူအများစုဟာ ပြီးခဲ့တဲ့နှစ် စက်တင်ဘာလ မတိုင်ခင်လေးနဲ့ ရွှေဝါရောင်လှုပ်ရှားမှုအပြီး ဖမ်းဆီးခံရသူတွေဖြစ်ပြီး တရားရုံးတင် မစစ်ဆေးဘဲ ချုပ်ထားတာကိုက နှစ်နဲ့ချီကြာမြင့်နေပါပြီ။ ဒီလူတွေကို အခုအချိန်ကျမှ ဆက်တိုက် မြန်မြန်ဆန်ဆန် ထောင်ချပစ်နေတာဟာ ဘာ့ကြောင့်လဲ၊ နောက်ကွယ်မှာ ဘာအကြောင်းတွေ ရှိသလဲဆိုပြီး မြန်မာ့အရေး စောင့်ကြည့်လေ့လာသူတွေကြား ဆန်းစစ် အဖြေရှာနေကြပါတယ်။

Read More...

Tuesday, November 18, 2008

မတရားဖိနှိပ်တဲ့ စစ်အစိုးရကို အိမ်ဖြူတော် အပြင်းအထန်ရှုတ်ချ

18 November 2008


အခုရက်ပိုင်းအတွင်း မြန်မာစစ်အစိုးရခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီးသန်းရွှေဟာ တရားဥပဒေနဲ့ ညီညွတ်ခြင်းမရှိတဲ့ စွပ်စွဲချက်တွေနဲ့ ဒီမိုကရေစီအရေး တက်ကြွလှုပ်ရှားသူတွေကို ထောင်ဒဏ်နှစ်ရှည်တွေ အပြစ်ပေးနေတဲ့အကြောင်း ဒေသစံတော်ချိန်တနင်္လာနေ့ ညနေပိုင်းက အမေရိကန်သမ္မတ အိမ်ဖြူတော်က ကြေညာချက် ထုတ်ပြန်ပါတယ်။

နိုဝင်ဘာလ ၇ ရက်နေ့ကတည်းက စတင်ခဲ့တဲ့ ဒီပြစ်ဒဏ်ချမှုတွေဟာ အခုဆိုရင် စုစုပေါင်း ၈၆ ယောက်ရှိသွားပြီလို့ ဆိုပါတယ်။

ဖမ်းဆီးခံခဲ့ကြရတဲ့ မြန်မာမျိုးချစ်သူရဲကောင်းတွေဖြစ်ကြတဲ့ ကိုမင်းကိုနိုင်၊ ကိုကိုကြီးနဲ့ကိုဌေးကြွယ်တို့လည်း ထောင်ဒဏ် ၆၅ နှစ် ပြစ်ဒဏ်ချမှတ်ခံရတဲ့အထဲမှာ ပါဝင်တဲ့အကြောင်း အိမ်ဖြူတော် ကြေညာချက်ထဲမှာ ဖော်ပြထားပါတယ်။ သူတို့တွေဟာ ပြီးခဲ့
တဲ့ ၂၀၀၇ ခုနှစ် သြဂုတ်လအတွင်း ငြိမ်းချမ်းစွာ ချီတက်ဆန္ဒပြခဲ့ကြသူတွေ၊ လူထုရဲ့အခြေခံလိုအပ်ချက်တွေကို စစ်အစိုးရအနေနဲ့ ဖြေရှင်းပေးဖို့ တောင်းဆို ဆန္ဒပြခဲ့ကြသူတွေဖြစ်တယ်လို့ ဆိုပါတယ်။

လူ့အခွင့်အရေး ကြေညာစာတမ်းမှာ ဖော်ပြထားတဲ့ အချက်တွေနဲ့အညီ ပြည်သူလူထုအနေနဲ့ သူတို့ရဲ့ အခြေခံအခွင့်အရေးတွေကို အခုလို တောင်းဆို ဆန္ဒပြတဲ့အပေါ်စစ်အစိုးရက ရက်ရက်စက်စက် အပြစ်ပေး အရေးယူခဲ့တဲ့အပေါ် အမေရိကန်ပြည်ထောင်စုအနေနဲ့ ပြင်းပြင်းထန်ထန် ကန့်ကွက်ရှုတ်ချကြောင်းလည်း ကြေညာချက်မှာ ဖော်ပြထားပါတယ်။သူတို့ကို ဖမ်းဆီးထိန်းသိမ်းပြီး တရားဥပဒေနဲ့အညီ ရုံးတင်စစ်ဆေးခြင်း မရှိသလိုသူတို့ကို ရှေ့နေအကျိုးဆောင်တွေ လိုက်ပါဆောင်ရွက်ခွင့် မပြုခဲ့တဲ့အပေါ်မှာလည်း
အမေရိကန်ပြည်ထောင်စုအနေနဲ့ စိတ်မကောင်းဖြစ်မိတယ်လို့ သမ္မတအိမ်ဖြူတော်ကထုတ်ပြန်တဲ့ ကြေညာချက်မှာ ဖော်ပြထားပါတယ်။

Read More...

နိုင်ငံရေးလှုပ်ရှားသူများကို ဆက်လက်ထောင်ချနေဆဲ

Monday, 17 November 2008 17:58 ကိုသက်

စစ်အစိုးရက လွန်ခဲ့သည့် အပတ်ကစ၍ ထင်ရှားသည့် ၈၈ မျိုးဆက် ကျောင်းသားများ၊ အန်အယ်လ်ဒီ ပါတီဝင်များနှင့် သံဃာတော်များ အပါအဝင် နိုင်ငံရေး တက်ကြွလှုပ်ရှား သူများကို နှစ်ရှည်ထောင်ချမှုများ ပြုလုပ်နေသကဲ့သို့ အမိန့်ချပြီးသူများကို မိသားစုဝင်များနှင့်ဝေးရာ နယ်ထောင်များသို့ ပို့ဆောင်လျက် ရှိသည်။

ကုန်ဈေးနှုန်းကျဆင်းရေးဆန္ဒပြပွဲများကိုဦးဆောင်ခဲ့သူတဦးဖြစ်သည့် ကိုထင်ကျော်အပါအဝင် ဗကသ ကျောင်းသားများဖြစ်ကြသည့် ကိုစည်သူမောင်၊ ကိုရဲမြတ်ဟိန်း၊ ကိုရဲမင်းဦးနှင့် ကိုနေလင်းအောင်၊ အန်အယ်လ်ဒီပါတီဝင် ကိုသိန်းဆွေနှင့် ကိုကြည်ဖြူ၊ လူ့အခွင့်အရေးကာကွယ်မြှင့်တင်သူများအဖွဲ့ဝင် ကိုမျိုးသန့်နှင့် စက်တင်ဘာလှုပ်ရှားမှုကြောင့် အဖမ်းခံရသည့် မြောက်ဥက္ကလာ သီရိဇေယျာကျောင်းတိုက်မှ အရှင်စန္ဒာဝါရ တို့ကို ယနေ့ထောင်အသီးသီးချလိုက်သည်ဟု အင်းစိန်ထောင် ဝန်ထမ်းအသိုင်းအဝန်းနှင့် နီးစပ်သူတဦးက ဧရာဝတီကို ပြောဆိုသည်။

လွန်ခဲ့သည့်နှစ် သြဂုတ်လကုန်ပိုင်းကတည်းက ဖမ်းဆီးခြင်းခံထားရသည့် ကိုထင်ကျော်အား ထောင်ဒဏ် ၁၂ နှစ်ခွဲ ချမှတ်လိုက်ပြီး ကိုစည်သူမောင်၊ ကိုရဲမြတ်ဟိန်း၊ ကိုရဲမင်းဦး၊ ကိုနေလင်းအောင်၊ ကိုသိန်းဆွေ၊ ကိုကြည်ဖြူနှင့် ကိုမျိုးသန့်တို့ကို ထောင်ဒဏ် ၆ နှစ်ခွဲစီ ချမှတ်လိုက်ကြောင်း သိရသည်။

ကိုစည်သူမောင်သည် လွန်ခဲ့သည့်နှစ် အောက်တိုဘာလကတည်းက ဖမ်းဆီးခြင်းခံရသည့် ဗကသ များအဖွဲ့ချုပ်၏ ခေါင်းဆောင်တဦးဖြစ်ပြီး ရွှေဝါရောင်တော်လှန်ရေးတွင် တက်ကြွစွာပါဝင်ခဲ့သူလည်း ဖြစ်သည်။ ကိုစည်သူမောင်၏ မိဘများဖြစ်ကြသည့် ဦးပီတာနှင့် ဒေါ်နုနုဆွေတို့ကိုလည်း ၎င်းတို့၏နေအိမ်သို့ အာဏာပိုင်တို့ ဝင်ရောက်ရှာဖွေစဉ် အိမ်တံခါးချက်ချင်းမဖွင့်သဖြင့် ဝတ္တရားနှောင့်ယှက်မှုဖြင့် ယခုနှစ် သြဂုတ်လ ၈ ရက်နေ့တွင် ထောင်ဒဏ် ၆ နှစ်စီ ချမှတ်ခဲ့သေးသည်။

ယခုလ ၁၀ ရက်နေ့က ထောင်ဒဏ် အနှစ် ၂၀ ချမှတ်ခံခဲ့ရသည့် ရန်ကုန်တိုင်း သင်္ကန်းကျွန်းမြို့နယ် အန်အယ်လ်ဒီလူငယ်တဦးဖြစ်ပြီး ထင်ရှားသည့် ဘလော့ဂါတဦးလည်းဖြစ်သည့် ကိုနေဘုန်လတ်အား ယနေ့နံနက်ပိုင်းက ကရင်ပြည်နယ်ရှိ ဘားအံထောင်သို့ ပြောင်းရွှေ့လိုက်သည်ဟု ၎င်း၏မိခင်ဖြစ်သူ ဒေါ်အေးသန်းက ဧရာဝတီကို ပြောဆိုသည်။


“ဒီမှာတောင် အခက်အခဲတွေအများကြီးရှိတာ အခုလိုနယ်ပြောင်းလိုက်ပြီဆိုတော့ သွားရလာရတာနဲ့ စရိတ်စက ကအစ တာဝန်ပိုကြီးလာတာပေါ့ … သူ့ရဲ့ (နေဘုန်းလတ်) ကျန်းမာရေးကတော့ ကောင်းပါတယ်” ဟု ဒေါ်အေးသန်းက ပြောသည်။


ယခုလဆန်းပိုင်းကစ၍ စစ်အစိုးရက နိုင်ငံရေးအမှုလိုက် ရှေ့နေ ၃ ဦး အပါအဝင် ထင်ရှားသည့် ကျောင်းသားခေါင်းဆောင်များ၊ သံဃာတော်များနှင့် နိုင်ငံရေးလှုပ်ရှားတက်ကြွသူ ၈၀ ခန့်ကို အနည်းဆုံး ၄ လမှ ၆၅ နှစ်ခွဲအထိ ထောင်ဒဏ်များ အသီးသီးချမှတ်ခဲ့သည်။

Read More...

Monday, November 17, 2008

အငြင်းပွားရေပိုင်နက်အတွင်း ရေနံ သဘာဝဓာတ်ငွေ့ ရှာဖွေတူးဖော်မှု ရပ်ဆိုင်းရန် ဘင်္ဂလားဒေ့ရှ်မှ တောင်းဆို

17 November 2008


အငြင်းပွားနေတဲ့ မြန်မာ-ဘင်္ဂလားဒေ့်ရှ် ရေပိုင်နက်ကိစ္စကို နှစ်ဖက်စလုံးက သဘောတူဖြေရှင်းနိုင်ခြင်း မရှိခင်မှာ မြန်မာဘက်ကနေ အဲဒီ ဘင်္ဂလားပင်လယ်အော် ကမ်းလွန်ဒေသမှာ ရေနံနဲ့ သဘာဝဓာတ်ငွေ့ ရှာဖွေတူးဖော်တာတွေကို ရပ်တန့်ထားဖို့ ဘင်္ဂလားဒေ့ရှ်ဘက်က တောင်းဆိုထားပါတယ်။

အဲဒီဒေသမှာ ရေနံနဲ့ သဘာဝဓာတ်ငွေ့အတွက် ရှာဖွေတိုင်းတာတာတွေနဲ့ တူးဖော်တာတွေကို မြန်မာနိုင်ငံဘက် က ရပ်ဆိုင်းထားသင့်တယ်လို့ ဘင်္ဂလားဒေ့်ရှ် ဒုတိယ နိုင်ငံခြားရေးဝန်ကြီး အမ်အေကေ မာမွတ်က ပြောသွားပါတယ်။ အဲဒီနယ်မြေကို သူတို့ပိုင်ဆိုင်တယ်လို့ ဘင်္ဂလားဒေ့ရှ်ဘက်ကလည်း ဆိုထားတာပါ။အခုလအစောပိုင်းက နှစ်ဖက် အပြန်အလှန်တင်းမာမှုတွေ ရှိခဲ့တဲ့နောက် ဘင်္ဂလားဒေ့ရှ်နိုင်ငံ ဒါကာမြို့မှာ နှစ်ဖက်တာဝန်ရှိသူတွေ တွေ့ဆုံဆွေးနွေးနေကြတာ အခုဆိုရင်နှစ်ရက်မြောက်သွားပါပြီ။ မြန်မာဘက်ကနေ ငှားရမ်းထားတဲ့ ဒေ၀ူးပိုင် ရေနံတူးဖော်ရေးသင်္ဘောတွေနဲ့ မြန်မာရေတပ်သင်္ဘောတွေကို ဘင်္ဂလားဒေ့ရှ်ရေတပ်ကနေ သတိပေးတာတွေ လုပ်ခဲ့ပြီး နှစ်ဖက် အပြန်အလှန် တင်းမာခဲ့ကြတာပါ။

မြန်မာအစိုးရဘက်ကတော့ ဒီပိုင်နက်ဟာ မြန်မာပိုင်နက်ဖြစ်တယ်လို့ အစိုးရထုတ်သတင်းစာတွေမှာ ကြေညာခဲ့ပြီး ရေနံရှာဖွေတူးဖော်မှု လုပ်ငန်း ပြီးဆုံးသွားလို့ သင်္ဘောတွေ ပြန်ရုပ်ခဲ့တယ်လို့ ကြေညာခဲ့ပါတယ်။ ဒါပေမယ့် ဘင်္ဂလားဒေ့ရှ်ဘက်ကတော့ အဲဒီဒေသမှာ သူတို့ရဲ့ စစ်သင်္ဘောတွေကို ဖြန့်ကြက်ချထားလိုက်သလို ကုန်းလမ်းနယ်စပ်မှာလည်း နှစ်ဖက်တပ်တွေ လုံခြုံရေး တိုးမြှင့်ခဲ့ပါတယ်။

Read More...

နိုင်ငံစီးပွားရေး ကျဆင်းနေဟု ဂျပန်အစိုးရ တရားဝင်ထုတ်ပြန်

17 November 2008


ဂျပန်နိုင်ငံဟာ စီးပွားရေးကျဆင်းနေတယ်လို့ တရားဝင်ကြေညာလိုက်ပါတယ်။ ဒီကနေ့အစိုးရရဲ့ တရားဝင်ထုတ်ပြန်ချက်အရ အခုနှစ် တတိယလေးလပတ်အတွင်းမှာ ဂျပန်စီးပွားရေးဟာ ၀.၁% လျော့ကျသွားတယ်လို့ ဖော်ပြပါတယ်။ ဂျပန်နိုင်ငံဟာ ကမ္ဘာပေါ်
မှာ စီးပွားအင်အားအကြီးဆုံး ဒုတိယမြောက်နိုင်ငံ ဖြစ်ပါတယ်။

အခုနှစ် ဒုတိယလေးလပတ် ကာလမှာကတည်းက စီးပွားရေးကျဆင်းတာ ကြုံခဲ့ရတာလို့လည်း သိရပါတယ်။

ကမ္ဘာ့ငွေကြေး အကျပ်အတည်း အခြေအနေနဲ့ အတူပဲ အခုလို ဂျပန်အပါအ၀င် ကမ္ဘာပေါ်က စီးပွားရေးအင်အားကြီးနိုင်ငံတွေအပေါ် အကြီးအကျယ် ရိုက်ခတ်မှုတွေ ဖြစ်ခဲ့ပါတယ်။ ဂျပန်နိုင်ငံဟာ ၂၀၀၁ ခုနှစ်ကတည်းကဆိုရင် ဒါ ပထမဆုံးအကြိမ် စီးပွားရေး
ကျဆင်းတာပါ။

နှစ်တနှစ်ရဲ့ လေးလပတ်ကာလ နှစ်ကြိမ်ဆက်တိုက်မှာ စီးပွားရေးဖွံ့ဖြိုးမှု အနုတ်လက္ခဏာပြလာပြီဆိုရင် အခုလို စီးပွားရေး ကျဆင်းတယ်လို့ သတ်မှတ်လေ့ရှိပါတယ်။

ပြီးခဲ့တဲ့ရက် သီတင်းပတ်အတွင်းကတော့ ဥရောပ ယူရိုငွေသုံးတဲ့ နိုင်ငံ ၁၅ နိုင်ငံစီးပွားရေးဆုတ်ယုတ်ကျဆင်းမှု ဖြစ်နေတယ်ဆိုတာကို ဥရောပသမဂ္ဂက တရားဝင်ကြေညာခဲ့ပါတယ်။ အလားတူပဲ အမေရိကန်စီးပွားရေးဟာ အကျဘက်ကို ဦးတည်နေတယ်လို့ ကျွမ်းကျင်သူအတော်များများက ခန့်မှန်းထားပါတယ်။

ဂျပန်နိုင်ငံမှာတော့ အစိုးရရဲ့ စီးပွားရေးကျားကန်မှု အစီအစဉ် မအောင်မမြင် ဖြစ်တယ်လို့ ဂျပန်လူထုက ယူဆတာကြောင့် ဂျပန်ဝန်ကြီးချုပ် တာရို အာဆို အစိုးရအဖွဲ့အပေါ်လူထုထောက်ခံမှုဟာ ၃၀% အောက်အထိကို ကျဆင်းသွားပါတယ်။

Read More...

ဦးဝင်းတင်၏ သဝဏ်လွှာ

ဆောင်းပါး
SEAPA
တနင်္ဂနွေနေ့၊ နိုဝင်ဘာလ 16 2008 18:21 - မြန်မာစံတော်ချိန်


အောက်ပါသဝဏ်လွှာသည် မကြာခင်က ထောင်မှ လွတ်မြောက်လာသော မြန်မာ သတင်းစာဆရာကြီး ဦးဝင်းတင်၏ ကြိုတင် အသံသွင်းယူ ရိုက်ကူးထားသော သဝဏ်လွှာကို ပြန်လည် ရေးကူးထားခြင်း ဖြစ်ပါသည်။ ဤဗွီဒီယိုခွေကို ထိုင်း နိုင်ငံ ဘန်ကောက်မြို့ တွင် ၂ဝဝ၈ ခုနှစ် နိုဝင်ဘာလ ၈ ရက်နေ့က ကျင်းပခဲ့သော SEAPA ၏ ၁ဝ နှစ်မြောက် နှစ်ပတ်လည် အစည်းအဝေးတွင် စတင်ပြသခဲ့ပါသည်။

ဦးဝင်းတင်၏ မိန့်ခွန်း
အရှေ့တောင်အာရှမှ ရောင်းရင်း သတင်းစာဆရာများ ခင်ဗျား ...

ကျနော့်ရဲ့ စာနယ်ဇင်း လွတ်လပ်ခွင့်၊ ဒီမိုကရေစီန့ လူ့အခွင့်အရေး တိုက်ပွဲဝင်မှုများကြောင့် စစ်အစိုးရက ကျနော့်ကို အကျဉ်းချထားခဲ့တာကြောင့် ကျနော့်ရဲ့ သတင်းစာလုပ်ငန်းကို မလုပ်နိုင်ခဲ့တာ အတော်ကြာခဲ့ပါပြီ။ ကျနော်ဆယ်စုနှစ် ၂ ခုစာမျှ ထောင်ထဲမှာ နေခဲ့ရပါတယ်။ ကျနော့်ရဲ့ ရှည်ကြာလှတဲ့ သတင်းစာဆရာဘဝမှာ ဒီကာလဟာ စိတ်ပျက်စရာ အကောင်းဆုံး ကာလတွေပါဘဲ။

ရှည်ကြာလှတဲ့ ကျနော်တို့ရဲ့ တိုက်ပွဲအတွင်းမှာ အခြားနိုင်ငံတဝှမ်းက နိုင်ငံရေး အတိုက်အခံများနဲ့အတူ ကျနော့်ရဲ့ သတင်းစာဆရာ ရဲဘော် အများအပြားလည်း စစ်အစိုးရရဲ့ ညှဉ်းပန်းနှိပ်စက်ခြင်းကို ခံခဲ့ရပါတယ်။ နာမည်ကျော်သတင်း စာဆရာ စာရေးဆရာ မောင်သော်က အပါအဝင် ကျနော့်ရဲ့ ရင်းနှီးတဲ့ သတင်းစာဆရာမိတ်ဆွေ ဆယ်ဂဏန်းအချို့ ဟာ ထောင်တွင်း လူမဆန်တဲ့ ညှဉ်းပန်းမှုဒဏ်ကြောင့် ကွယ်လွန်ခဲ့ကြရပါတယ်။ ကျနော့်လို တချို့သော ပုဂ္ဂိုလ်များကတော့ ငရဲခန်းလို တိုက်ခန်းကျဉ်းလေးတွေထဲမှာ နှစ်ရှည်လများ အကျဥိးချခံရပြီးမှ ပြန်လည် လွတ်မြောက်ခဲ့ကြပါတယ်။ ခုချိန် ထိသတင်းစာဆရာ အများအပြားနဲ့ စာရေးဆရာ အများအပြား ထောင်တွေထဲမှာ လူမသိသေးတဲ့ ဆင်းရဲဒုက္ခမျိုးစုံကို ခံစားနေကြရဆဲ ဖြစ်ပါတယ်။ သူတို့ထဲက တချို့ကတော့ ရုပ်ပိုင်းဆိုင်ရာအရ၎င်း၊ စိတ်ပိုင်းဆိုင်ရာအရ၎င်း မစွမ်းမသန် ဖြစ်သွားခဲ့ကြရပါတယ်၊ တချို့ကတော့ သေဆုံးသွားခဲ့ကြရပါတယ်။ တနိုင်ငံလုံးအနှံ့ ပြန့်ကြဲနေတဲ့ အကျဉ်းထောင်တွေက ရဲဘော် သတင်းစာဆရာတွေရဲ့ သတင်းတွေကို ကျနော်တို့ တိုရေရှားရေသာ ရရှိခဲ့ပါတယ်။

အကျဉ်းထောင်ထဲမှာ ကျနော်တို့စာရေး၊ စာဖတ်ခွင့် မရခဲ့ကြပါဘူး၊ အခြားအကျဉ်းသားတွေနဲ့ စကားပြောခွင့်လေး တောင်မရခဲ့ပါ။

ကျနော်တို့ကို ထောင်ထဲထည့် ဒုက္ခပေးခဲ့ကြပါတယ်၊ ဒါပေမဲ့ ကျနော်တို့ မကန်းသေးပါဘူး။ ဘယ်လောက်ဘဲ မှိန်ဖျော့နေပါစေ၊ ဘယ်လောက်ဘဲ သေးငယ်ပါစေ၊ လှိုဏ်ဂူအဝက အလင်းရောင်ကို ကျနော်တို့ အမြဲမြင်နေခဲ့ပါတယ်။ ဒီအလင်းရောင်ဆိုတာကို သတင်းတွေ၊ သတင်းစကားတွေ အဖြစ်နဲ့ ကျနော်တို့ မြင်တွေ့ခဲ့ကြတာပါ။ ဒီသတင်းတွေ အကုန်လုံးကိုစုပြီး ကျနော်တို့ သတင်းစဉ်လေးတခု ဖြစ်အောင်လုပ်ပါတယ်။ ဒီသတင်းစဉ်လေးနဲ့ နိုင်ငံရေးအကျဉ်းသားတွေ၊ ဘဝတူ သာမန်ရာဇဝတ် အကျဉ်းသားတွေကို သတင်းတွေ ပြန်ကြားအသိပေးပါတယ်၊ အားပေးပါတယ်၊ အသိအမြင် တိုးပွါးစေပါတယ်။ ဒီအကျိုးကြောင့် မတည်ငြိမ်တဲ့ နိုင်ငံရေး လှုပ်ရှားမှုတွေ၊ ဆန္ဒပြဘို့ ဆွေးနွေးတိုင်ပင် နိုင်တာတွေကို လုပ်နိုင်ခဲ့ပါတယ်။

ကျနော် ထောင်ကလွတ်လာတော့ နိုင်ငံရေးအရ ညှဉ်းပန်းနှိပ်စက်တာတွေ၊ စီးပွါးရေးအရ အမြတ်ထုတ်တာတွေ၊ လူမှုရေးအရ ခွဲခြား ဆက်ဆံတာတွေ၊ ယဉ်ကျေးမှု ပြိုကွဲနေတာတွေ၊ လူ့အခွင့်အရေး ချိုးဖောက်တာတွေကို နိုင်ငံတွင်းမှာ နေရာအနှံ့အပြား တွေ့နေရပါတယ်။

အခုကာလဟာ စာနယ်ဇင်းလုပ်ငန်းရဲ့ ဂုဏ်သိက္ခာနဲ့သြဇာ ကမ္ဘာတဝှမ်းမှာ အကြီးအကျယ် တက်နေတဲ့အချိန်ပါ။ ဒါပေမဲ့ဒါဟာ တလောကလုံး လက်တွေ့ဘဝတော့ မဟုတ်ပါဘူး။ မြန်မာပြည် စာနယ်ဇင်းလုပ်ငန်းက သတင်းစာဆရာ အများအပြားဟာ ခုထိ ခွဲခြားဆက်ဆံ ခံနေရတုံးဘဲ၊ ညှဉ်းပန်းနှိပ်စက်ခံနေရတုံး၊ အကျဉ်းချခံနေရတုံးဘဲ ဆိုတဲ့ခါးသီးတဲ့ အချက်အလက်တွေကို ကျနော် သိလာပါတယ်။ သူတို့ဟာ အရှေ့တောင်အာရှက နိုင်ငံအများအပြား၊ အာရှ၊ အာဖရိကနဲ့ တကမ္ဘာလုံးမှာ တရားစွဲခံနေရတုံး၊ နှိမ်နင်းခံနေရတုံး၊ တချို့ဆိုရင် သတ်ဖြတ်တာ တောင်ခံနေကြရတုံးပါ ဘဲ။ တခြားနိုင်ငံတွေနဲ့ မတူဘဲ၊ မြန်မာနိုင်ငံက သတင်းသမားတွေကတော့ ဖိနှိပ်ရေး ဥပဒေတွေရဲ့ ဖိအားပေးမှုကို ခံနေကြရပါတယ်။ အမျိုးသား လုံခြုံရေး ကိစ္စတွေ၊ အစိုးရ လျှို့ဝှက်ချက် ပေါက်ကြားမှုတွေ၊ အကြမ်းဘက်သမားတွေဆိုတဲ့ စွပ်စွဲချက်တွေနဲ့ ခြိမ်းခြောက်ခံနေကြရပါတယ်။

ဒါတွေဟာ ကနေ့ မြန်မာနိုင်ငံမှာ ရင်ဆိုင်နေရဆဲ အခြေအနေတွေပါ။ ဒီမိုကရေစီရေးနဲ့ သတင်းစာ လွတ်လပ်ခွင့်အတွက် ပြင်းပြင်းထန်ထန် ဆက်လက် တိုက်ပွဲဝင်ရပါဦးမယ်။ ဒီတိုက်ပွဲဟာ အရှေ့တောင်အာရှက စာနယ်ဇင်းသမားတွေ အားလုံး အဆုံးတိုင် ဆက်လက်ကြိုးပန်းရမဲ့ တိုက်ပွဲဖြစ်ပါတယ်။

အရှေ့တောင်အာရှ သတင်းစာသမဂ္ဂ (SEAPA) ရဲ့ ၁ဝ နှစ်မြောက် အထိမ်းအမှတ် အခမ်းအနားကို ကျနော် ကြိုဆို နှုတ်ခွန်းဆက်လိုက်ပါတယ်။ ဒါဟာ အချုပ်အချယ်ကင်းပြီး လွတ်လပ်တဲ့ သတင်းစာဆရာအားလုံး၊ အထူးသဖြင့် ယနေ့မြန်မာနိုင်ငံက ဖိနှိပ်ခံ၊ ထူးခတ်ခံ စာနယ်ဇင်းသမားတွေ အားလုံးအတွက် ပျော်ရွှင်ဘွယ် အချိန်ကာတရပ်လဲ ဖြစ်ပါတယ်။

ကျနော်တို့ရဲ့ သတင်းစာ လွတ်လပ်ခွင့်ဆိုတဲ့ တခုတည်းသော ဘုံတိုက်ပွဲကို ဘယ်တော့မှ မမေ့ကြပါနဲ။အရှေ့တောင်အာရှ သတင်းသမဂ္ဂ အဓ္ဓန့်ရှည်ပါစေ။

Read More...

မင်းကိုနိုင်နှင့် ကျောင်းသား ခေါင်းဆောင်များကို နိုင်ငံ အစွန်အဖျား ထောင်များသို့ ပြောင်းရွှေ့

16 November 2008

၈၈ မျိုးဆက် ကျောင်းသား ခေါင်းဆောင်တွေ အပါအ၀င် နိုင်ငံရေး အကျဉ်းသားတွေကို သွားရခက်ခဲလှတဲ့ အကျဉ်းထောင်တွေဆီကို ပို့နေပါတယ်။ မကြာခင်တုန်းကမှ ထောင်ဒဏ် ၆၅နှစ်ဆီ ချခံထား ကိုမင်းကိုနိုင်၊ ကိုကိုကြီး၊ ကိုဌေးကြွယ် စတဲ့ ၈၈မျိုးဆက် ကျောင်းသား ခေါင်းဆောင်တွေ အပါအ၀င် အခုချိန်အထိ သိရသလောက် အယောက် ၂၀ကျော်ကို နိုင်ငံ အစွန်အဖျားမှာ ရှိတဲ့ ကျိုင်းတုံ၊ ကော့သောင်း၊ ဗူးသီးထောင်စတဲ့ နယ်အကျဉ်းထောင်တွေဆီကို ပြောင်းရွှေ့ ပို့နေတာပါ။ ကော့သောင်း အကျဉ်းထောင်ကို အပို့ခံနေရတဲ့ ကျောင်းသားခေါင်းဆောင် ကိုပြုံးချိုရဲ့ ဖခင် ဦးဝင်မောင်က အခုလို ပြောင်းနေတာနဲ့ ပတ်သက်ပြီး အခုလို ပြောပြပါတယ်။

“မင်းကိုနိုင်နဲ့ ကိုကိုကြီးက ကျိုင်းတုံ၊ ကိုဌေးကြွယ်က ဗူးသီးထောင်၊ ကိုလှမျိုးနောင်က မြစ်ကြီးနား၊ ကိုမြအေးတို့က လွိုင်ကော်။ အားလုံးပေါင်း ၂၁ယောက်လို့ ပြောတယ်။ ဒီမှာ ကိုသစ်ဆန်းတို့လည်း ပါတယ်ကြားတယ်။ နေရာအနှံ့ပို့တာပဲ။ သူတို့ကို ထပ်ပြီး ခွဲမခွဲတော့ မသိဘူး။ အမျိုးသမီးတွေထဲမှာ စုစုနွေး တယောက်ပဲ ပါတယ် ကြားတယ်။”

အခုလို မိသားစုတွေ လက်လှမ်း မမှီနိုင်တဲ့ နယ်စွန်နယ်ဖျားက အကျဉ်းထောင်တွေကို ပို့လိုက်တဲ့အတွက် မိသားစုတွေ ထောင်ဝင်စာတွေ့နိုင်ဖို့ ခက်ခဲသွားပြီး ထောင်ကျနေသူတွေရဲ့ ကျန်းမာရေး အတွက် စိုးရိမ်ပူပန်တယ်လို့ ဦးဝင်မောင်က ပြောပါတယ်။

“ကျွန်တော်တို့ကတော့ ပိုပြီးတော့ အခက်အခဲ ဖြစ်လိမ့်မယ်လို့ ထင်တယ်။ အခုချိန်မှာ သွားရလာရတာက ရာသီဥတု အနေအထားအရ၊ အသက်အရွယ်အရ တော်တော်လေး ပင်ပန်းဆင်းရဲရမယ့် သဘောရှိတယ်။ မိသားစုအနေနဲ့က ပို ဒုက္ခ များသွားရတာပေါ့။ အလုပ်ပျက် သွားတာပေါ့။ သူတို့ကို ကျန်းမာရေးအတွက်ပဲ စိုးရိမ်တာပါ။ အခုဟာက ရာသီဥတု မမှန်ရင် ကျန်းမာရေး ထိခိုက်မှာ စိုးရတယ်။ ဆေးဝါး ကုသမှုလည်း မလွယ်တဲ့ နေရာတွေ ဖြစ်ဖို့များတယ်။ အဲဒါကြောင့် ကျွန်တော်တို့ စိုးရိမ်ပါတယ်။ စိတ်လည်း ပူပါတယ်။ သွားရတဲ့သူတွေအတွက်လည်း လမ်းပန်း ဆက်သွယ်ရေးက မလွယ်ကူတော့ ကျွန်တော်တို့ ကျန်းမာရေးပါ ထိခိုက်လာတယ်။

ပြီးခဲ့တဲ့ ၂၀၀၇ သြဂုတ်လထဲက ဖမ်းခံထားရပြီးတော့ မကြာခင် ရက်ပိုင်းတွေကမှ နှစ်ရှည် ထောင်ဒဏ်တွေ အချခံလိုက်ရတဲ့ ၈၈မျိုးဆက် ကျောင်းသား ခေါင်းဆောင်တွေကို အခုလို ထပ်ပြီးတော့ နိုင်ငံ အစွန်အဖျားမှာ ရှိတဲ့ ထောင်တွေ ပြောင်းနေတဲ့ အပေါ်မှာ ဖခင် တယောက်ရဲ့ ခံစားချက်ကိုလည်း ဦးဝင်မောင် က အခုလို ပြောပါတယ်။

“မတရား အမိန့်တွေ ချမှတ်ပြီး ထင်သလို လုပ်နေတာကို ကျွန်တော်တို့က ဘယ်လိုမှ လက်မခံနိုင်ပါဘူး။ ပြီးတော့ သူတို့မှာ ပြောရလောက်မယ့် အပြစ်လည်း ဘာမှ မရှိဘဲနဲ့ ဒီလို မညှာမတာ လုပ်တာတွေက သားသမီးချင်း ကိုယ်ချင်းစာဖို့ ကောင်းပါပြီလို့ ပြောချင်ပါတယ်။ ”

အခုလို ရန်ကုန် အင်းစိန် အကျဉ်းထောင်မှာ ဖမ်းခံထားရတဲ့ နိုင်ငံရေး အကျဉ်းသားတွေကို ဝေးလှတဲ့ နယ်ထောင်တွေဆီကို ပိုနေသလိုပဲ သူတို့ အမှုတွေကို လိုက်ပေးနေတဲ့ တရားရုံးကို မထီမဲ့မြင် လုပ်တယ်ဆိုပြီး ထောင်ဒဏ်လေးလ ချခံထားရတဲ့ တရားရုံးချုပ် ရှေ့နေကြီး ဦးအောင်သိန်းနဲ့ ဦးခင်မောင်ရှိန်တို့ကိုလည်း ပုသိမ်နဲ့ မြောင်းမြထောင်တွေဆီကို ပို့လိုက်ပါတယ်။ သူတို့ ထောင်ပြောင်းတာကိုတော့ ကိုယ်တိုင် တွေ့လိုက်ရတဲ့ နိုင်ငံရေး အကျဉ်းသား တယောက်ရဲ့ မိခင်က အခုလို ပြောပြပါတယ်။

“ရှေ့နေကြီး ဦးအောင်သိန်းကို ပုသိမ်၊ ဦးခင်မောင်ရှိန်ကို မြောင်းမြကို ပို့လိုက်တာကို အန်တီမျက်စိနဲ့ မြင်လိုက်ရတယ်။ ညနေ သုံးနာရီမှာ တီအီး ၁၁လို ကားမျိုး၊ အစိမ်းရောင်၊ လုံခြုံရေးတွေ၊ ရဲတွေရောပါတဲ့ ကားပေါ်မှာ ဆရာတို့က ကားထဲကနေ ပုသိမ်ကို မြောင်းမြကို ဆိုပြီး အသံပြုသွားတယ်။”


အခုလို မိသားစုတွေနဲ့ ဝေးတဲ့ ထောင်တွေဆီကို ပို့နေတဲ့အတွက် မိသားစုတွေ ကြုံတွေ့ရတဲ့ အခက်အခဲတွေနဲ့ ထောင်အကူးအပြောင်းမှာ အကျဉ်းသားတွေအတွက် ဘယ်လောက် အခက်အခဲ ဒုက္ခတွေ များသလဲဆိုတာကို အကျဉ်းသား မိခင်က ဆက်ပြီး ပြောပြပါတယ်။


ကိုလှမျိုးနောင်နဲ့ ကိုအောင်သူက မအူပင်ကနေပြီး အင်းစိန်ထောင်ကို ရောက်ရောက်ချင်း ထောင်တွင်းဆေးရုံ တင်လိုက်ရတယ်။ အခုတခါ မနက်အစောကြီး၊ ကိုအောင်သူက ပူတာအို၊ ကိုလှမျိုးနောင်က မြစ်ကြီးနားဆိုပြီး ပို့တယ်။ အခက်အခဲက အများကြီးပေါ့၊ လမ်းပန်းဆက်သွယ်ရေး အဆင်မပြေတာ၊ သွားရတဲ့ အခါ တည်းခိုစရာ၊ သွားရတာ အချိန်ကြာတာ၊ လေယာဉ်ဆိပ် မရှိတဲ့နေရာတွေဆို ကားလမ်းခရီးကလည်း မပေါက်တော့ သွားရတာ ခက်ခဲပါတယ်။ မစဉ်းစားရဲလောက်အောင် ခက်ခဲ့ပါတယ်။

အခုလို နိုင်ငံရေး အကျဉ်းသားတွေကို နယ်ထောင်တွေ ပြောင်းရွေ့နေတာကို မိသားစုတွေကို သက်ဆိုင်ရာက ကြိုတင် အကြောင်းကြားချင်း မရှိတဲ့အတွက်ကြောင့် မိသားစုတွေမှာ ဘယ်ကို လိုက်လို့ လိုက်ရမှန်းမသိဖြစ်နေကြပါတယ်။ဒါနဲ့ပတ်သက်ပြီး မန္တလေးထောင်ကို အပြောင်းခံလိုက်ရတဲ့ ကဗျာဆရာ ကိုစောဝေရဲ့ ဇနီး မနန်းစန်းစန်းအေးက ပြောပြပါတယ်။

“သူဘယ်ထောင်ကို ပြောင်းလို့ ပြောင်းရမှန်း မသိ၊ သူနဲ့ အတူတူ ဘယ်နှစ်ယောက်ပါသွားမှန်း သေသေချာချာကို သတင်းမရသေးဘူး။ သူထွက်သွားပြီ၊ သူနဲ့ အတူ ၁၃ယောက်ပါသွားတယ်လို့တော့ ပြောတယ်။ ကြာသာပတေးနေ့က နောက်ဆုံးတွေ့လိုက်ရတော့ သူက ထောင်ပြောင်းရမယ်ဆိုရင် ဘာမှ မသိရဘူး။ သိမ်းတော့ သိမ်းတော့ ဆိုပြီး ချက်ခြင်းထွက်ရတာတဲ့ အဲဒီတော့ ကျမကို ထောင်ပြောင်းတယ်ဆိုပြီး သွေးရူး သွေးတန်း မလိုက်လာဖို့၊ အကြောင်း ကြားမယ်ဆိုတာမျိုးဆိုတဲ့ စကား အခံလေးရှိတော့ တော်သေးတယ်။ သူတို့လည်း ဒုက္ခရောက်တယ်။ ကျမတို့လည်း ဒုက္ခရောက်တယ်။ ဒီနေ့ဆို တနေ့လုံး သူဘယ်ကို ရောက်မှာလည်း သူဘယ်ကို ရောက်နေတာလဲဆိုပြီး ပူရတာပေါ့။ ခက်ဝေးဝေးပဲ ရောက်မလား၊ ခက်နီးနီးပဲ ရောက်မလား။ ဘယ်လိုလိုက်သွားရမလဲဆိုတာကို ပဲ စဉ်းစားနေရတယ်။ ကျမလိုပဲ သူများတွေ ဒီလိုပဲ ထင်တယ်။”


အခုလို ၈၈မျိုးဆက် ကျောင်းသား ခေါင်းဆောင်တွေ နိုင်ငံရေးပုဒ်မနဲ့ ထောင်အချခံနေရသူတွေကို မိသားစုနဲ့ ဝေးလှတဲ့ ထောင်တွေဆီကို ပို့နေတာ အစိုးရက တမင်အကွက်ချ စီစဉ်နေတာ ဖြစ်နိုင်တယ်လို့ နိုင်ငံရေး အကဲခတ်တွေက သုံးသပ်နေကြပါတယ်။

Read More...

Sunday, November 16, 2008

ကိုမင်းကိုနိုင် အပါအ၀င် ၈၈ မျိုးဆက် ကျောင်းသားခေါင်းဆောင် ၉ ယောက်ကိုလည်း ထောင်ဒဏ် ၆၅ နှစ်ချမှတ်

ဖနိဒါ
စနေနေ့၊ နိုဝင်ဘာလ 15 2008 18:52 - မြန်မာစံတော်ချိန်


ချင်းမိုင်။ ။ လောင်စာဆီဈေးနှုန်း ကျဆင်းရေး လမ်းလျှောက် ဆန္ဒပြခဲ့သူ ကိုမင်းကိုနိုင်အပါအ၀င် ၈၈ မျိုးဆက် ကျောင်းသားခေါင်းဆောင် ၉ ယောက်ကိုလည်း အခြားသော လုပ်ဖော်ကိုင်ဖက်များ ကဲ့သို့ပင် ဧရာဝတီတိုင်း မအူပင်ထောင်တွင်း အထူးတရားရုံးက ထောင်ဒဏ် ၆၅ နှစ်ချမှတ်ခဲ့ကြောင်း မိသားစုဝင်များနှင့် မိတ်ဆွေများ အပြောအရ သိရသည်။

ကိုမင်းကိုနိုင်၊ ကိုကိုကြီး၊ ကိုလှမျိုးနောင်၊ ကိုဌေးကြွယ်၊ ကိုမြအေး၊ ကိုညဏ်လင်း၊ ကိုပြုံးချို (ခ)ကိုဌေးဝင်းအောင်နှင့် ကိုအောင်နိုင်တို့ကို နိုဝင်ဘာလ ၁၁ ရက်နေ့က မအူပင်ထောင်တွင်း တံခါးပိတ်ခုံရုံးတွင် ရုံးထုတ်ကာ ထောင်ဒဏ် ချမှတ်လိုက်ခြင်း ဖြစ်သည်။

စစ်အစိုးရက တရားဆိုင်များအတွက် ခုခံလျောက်လှဲပေးမည့် ရှေ့နေများ ထားခွင့်မပြုတော့ဘဲ မတရားအသင်း ဖွဲ့ခြင်းနှင့် အီလက်ထရောနစ် အက်ဥပဒေ ချိုးဖောက်ခြင်းတို့ဖြင့် အရေးယူခဲ့ခြင်းဖြစ်ပြီး ကျန်ရှိနေသေးသော အမှု ၂၀ ခန့်အတွက် ဆက်လက် ရင်ဆိုင်ရဦးမည် ဖြစ်သည်။

ယနေ့တွင် သူတို့ကို ရန်ကုန် အင်းစိန်ထောင်သို့ ပြန်လည် ခေါ်ဆောင်လာရာ နံနက် ၈ နာရီခန့်တွင် အင်းစိန်ထောင်သို့ ပြန်လည် ရောက်ရှိလာခဲ့ပြီ ဖြစ်သည်ဟု မိသားစုဝင်များက မဇ္ဈိမသို့ ပြောပြသည်။

"ဒီနေ့ စနေနေ့ ခေါ်တာ မိသားစုဝင်များ မနက်အစောကြီး သွားကြတာ။ လမ်းမှာ ကားချင်း တွေ့ကြတယ်၊ ရဲကား၂စီး ညှပ်ထားတယ်။ ထောင်ကား လှမ်းအော်သွားတာတော့ တွေ့လိုက်တော့ ကိုယ့်လူမှန်း မသိလိုက်ဘူး။… အင်းစိန်ထောင်ကို ပို့လိုက်ပြီ ဆိုတာနဲ့ အင်းစိန်ကို ပြန်လိုက်လာတယ်"ဟု မိသားစုဝင်များနှင့် နီးစပ်သူ တဦးက ပြောသည်။

မိသားစုဝင်များနှင့် နာရီဝက်ခန့်ကြာ အင်းစိန်ထောင်တွင်းတွင် တွေ့ဆုံ စကားပြောခွင့် ရခဲ့ကြသည်။

ယမန်နှစ် သြဂုတ်လအတွင်းက စစ်အစိုးရက ခွဲတမ်းဖြင့် ပေးနေသော ဓာတ်ဆီ၊ ဒီဇယ်ဆီ၊ သဘာဝဓာတ်ငွေ့များကို ရုတ်တရက် ငါးဆအထိ မြင့်တင်လိုက်ရာ ပြန်လည်လျော့ချရန် ၈၈ မျိုးဆက်ကျောင်းသား အဖွဲ့ဝင်များက ရန်ကုန်မြို့တွင် စီတန်းလှည့်လည် ဆန္ဒပြ လမ်းလျှောက်မှု ပြုခဲ့ပြီးနောက် အဖမ်းခံခဲ့ရသည်။


ထို့နောက် ဆက်လက်၍ သံဃာတော်များ ဦးဆောင်သော "ရွှေဝါရောင် တော်လှန်ရေး" ဟု ခေါ်တွင်လာသည့် အနှစ် ၂၀ အတွင်း အကြီးမားဆုံးသော အစိုးရဆန့်ကျင့်သည့် လူထုအုံကြွမှု ပေါ်ပေါက်လာခဲ့ရာ စစ်တပ်က ပစ်ခတ်နှိမ်နင်းရာ အနည်းဆုံး လူ ၃၀ သေဆုံးခဲ့သည်။


ထောင်ဒဏ်ချခံ ကျောင်းသားခေါင်းဆောင်များအား နောက်ရက်များတွင် ထောင်ပြောင်းရန် အစီအစဉ်များ ရှိသည်ဟု ထောင်အာဏာပိုင်များမှတဆင့် မဇ္ဈိမက စုံစမ်း သိရှိရသည်။


အောက်တိုဘာလ ၂၉ ရက်နေ့က အင်းစိန်ထောင်တွင်းရှိ မြောက်ပိုင်းခရိုင် တရားရုံးတွင် အမှုကြားနာနေစဉ် ကိုမင်းကိုနိုင် အပါအ၀င် ကျောင်းသားခေါင်း ၉ဦးမှာ တရားရုံးကို မထီမဲ့မြင် ပြုသည်ဟုဆိုကာ ထောင်ဒဏ် ၆လစီ ချမှတ်လိုက်ပြီး နောက် မအူပင်ထောင်သို့ ပြောင်းရွှေ့ခဲ့သည်။

မအူပင်ထောင်တွင်းတွင် နေ့စဉ်ပင် တရားရုံးသို့ ခြေချင်းများ၊ လက်ထိပ်များဖြင့် ရုံးထုတ်ခဲ့သည်။

ထို့နောက်တွင်တော့ တက်ကြွလှုပ်ရှားသူများကို ထောင်ဒဏ်ချမှတ်သည့် လျို့ဝှက်ခုံရုံးများ ဆက်တိုက် ထွက်ပေါ်လာခဲ့သည်။


အခြားသော ၈၈ မျိုးဆက် ကျောင်းသားခေါင်းဆောင်များ ဖြစ်သည့် ကိုဂျင်မီ (ခ) ကိုကျော်မင်းယု၊ ကိုမင်းဇေယျ၊ ကိုအံ့ဘွယ်ကျော်၊ ကိုဇေယျ၊ ကိုသက်ဇော်၊ ကိုအေးသန်း (ခ) ကိုသန့်တင်၊ ကိုကျော်ကျော်ထွေး၊ ကိုဇော်ဇော်မင်း၊ မနီလာသိန်း၊ မမာမာဦး၊ မစန္ဒာမင်း၊ မမီးမီး (ခ) မသင်းသင်းအေး၊ မသက်သက်အောင်တို့လည်း ထောင်ဒဏ် ၆၅ နှစ် ကျခံရန် အင်းစိန်ထောင်တွင်း ချမှတ်ခဲ့သည်။


၁၉၈၈ လူထုအုံကြွမှုကြီး ဖြစ်ပွားစဉ်က ကျောင်းသားခေါင်းဆောင်များ ဖြစ်ခဲ့ကြပြီး သြဇာရှိ ဦးဆောင်မှုပေးခဲ့သော ယခု ၈၈ မျိုးဆက် ကျောင်းသားအဖွဲ့ဝင်များမှာ ယခင်ကလည်း ထောင်ဒဏ် ၇နှစ်မှ ၂၀နှစ် ထိ ချုပ်နှောင်ခံခဲ့ရသူများ ဖြစ်သည်။

Read More...