DREAM ANGEL သို့ လာရောက်လည်ပတ်ကြသူအားလုံးကို DREAM ANGEL မှ ကျေးဇူးအထူးတင်ရှိပါတယ်.........

Monday, November 14, 2011

Dr.KYAW THU


မြန်မာနိုင်ငံတစ်ခွင် ဘုရားသခင်၏ သာသနာတော်အလင်းတွင် လူမျိုးမရွေး၊ ဂိုဏ်းကဏမရွေး တပည့်တော်အချင်းချင်းကူညီထောက်ပံ့အားပေးရန်၊ သာယာရွှင်လန်းစွာ ၀တ်ပြုနိုင်ရေးကိုရည်ရွယ်လျက် မြန်မာအစီအစဉ်ကိုဧမာနွေလနှစ်ခြင်းအသင်းတော်၌ စတင်ခဲ့ရာယနေ့ ၁၃.၁၁.၂၀၁၁ ရက်နေ့တွင် (၂၁) နှစ်မြောက် နေ့ကောင်းနေ့မြတ် တစ်ရက်ဖြစ်သည်။ ထို (၂၁)နှစ်မြောက် မဟာဓမ္မသဘင်ပွဲကိုအမှတ် (၄၁၁)၊ မဟာဗန္ဓုလလမ်း၊ ရန်ကုန်မြို့တွင် ကျင်းပခဲ့ရာဧည့်ပရိသတ်ပေါင်းများစွာဖြင့် ဧမာနွေလနှစ်ခြင်းအသင်းတော် အဆောက်အဦးတစ်ခုလုံး ပြည့်လျှံသွားတော့သည်။



ယင်းအခမ်းအနားတွင် Doctor of Divinity (D.D) ဘွဲ့အားSayamagyiDaw May MayKhin, Doctor of Humane Social Services (D.H.S.S) ဘွဲ့အားU Kyaw Thu @ Kyaw Win (Free Funeral Service Society – Yangon), Master of Humane Social Services (M.H.S.S) ဘွဲ့အားDaw Peggy Gyaw၊ Daw Maw Maw @ La Min Aein (ဆရာချစ်စံဝင်း၏ ဇနီး),Daw Rowena Hein, DawMyintMyintKhinPe @ Shwe Zee Kwet တို့အားသိက္ခာတော်ရသင်းအုပ်ဆရာတော်ကြီးRev.Dr.Paul F. Johns မှ ချီးမြှင့်ပေးအပ်ခဲ့သည်။ ဧမာနွေလနှစ်ခြင်းအသင်းတော်ကြီး၏ သိက္ခာတော်ရဆရာတော်ကြီးဦးပေါလ်အက်(ဖ်)ဂျွန်(စ်)သည် ဦးကျော်သူအားဒေါက်တာဘွဲ့ (D.H.S.S – Doctor of Humane Social Services)ဘွဲ့ချီးမြှင့်ရခြင်းအကြောင်းရင်းအား “ဦးကျော်သူကိုဖာသာတို့ကဂုဏ်ထူးဆောင်ဘွဲ့ပေးအပ် ရတဲ့ အကြောင်းရင်းကဘာလဲဆိုရင် ဦးကျော်သူကလူမှုရေးလည်းလုပ်တယ်။ လူမျိုးမရွေး၊ ဘာသာမရွေး ကူညီမစတတ်တဲ့လူပုဂ္ဂိုလ်ဖြစ်တဲ့အတွက်ကြောင့် ဦးကျော်သူကိုပေးအပ်ရတာ ဖြစ်ပါတယ်။ သမ္မာကျမ်းစာထဲမှာဘုရားသခင်ကလူတွေရဲ့ မျက်ရည်သုတ်ပေးတယ်တဲ့။ အဲဒီတော့ လူတွေရဲ့ မျက်ရည်ကိုသုတ်ပေးတဲ့လူတွေ အကုန်လုံးကဘုရားသခင်ရဲ့ အလုပ်ကိုလုပ်တာနဲ့ အတူတူပါပဲ။ သေခြင်းတရားတွေ့မှဘဲလူတွေကမျက်ရည်ကျတာများတယ်လေ။ ဦးကျော်သူကအဲဒီလိုလူတွေကိုမျက်ရည်သုတ်ပေးတာကတစ်ကြောင်း၊ ဆင်းရဲချမ်းသာမရွေး မှန်အခေါင်းလေးနဲ့ အသုဘပို့ပေးတယ်လေ။ ဘုရားသခင် လုပ်တဲ့ အလုပ်ကိုကျော်သူကလုပ်တယ်။ ဒါကြောင့် ဘုရားသခင်အလိုတော်ရဒီဘွဲ့ကိုချီးမြှင့်ပေးခြင်း ဖြစ်တယ်။” ဟူ၍၄င်း၊ ဒေါ်မြင့်မြင့်ခင်ဖေ (ခ) ရွှေဇီးကွက်အား (M.H.S.S – Master of Humane Social Services)ဘွဲ့ ချီးမြှင့်ခြင်းနှင့် ပတ်သက်၍ “ခင်ပွန်းဖြစ်သူနှင့်အတူလူမှုရေးလုပ်ငန်းများကိုမောင်တစ်ထမ်းမယ်တစ်ရွက် တက်တက်ကြွကြွ ဆောင်ရွက်ပေးသည့်အတွက် ချီးမြှင့်ရခြင်းဖြစ်တယ်။” ဟူ၍ ပြောကြားခဲ့ပြီးနောက် ဘွဲ့များအားအသီးသီးချီးမြှင့်ပေးခဲ့သည်။



ဦးကျော်သူမှ ဘွဲ့ချီးမြှင့်ခံရပြီးသည့်နောက် ကျေးဇူးတင်စကား ပြန်လည်ပြောကြားရာတွင် “ယခုကဲ့သို့ ချီးမြှင့်ခံရခြင်းအတွက် အံ့သြ၀မ်းသာမိပါကြောင်း၊ အံ့သြရခြင်းမှာမိမိတို့ ဗုဒ္ဓဘာသာမှ ယခုကဲ့သို့ ချီးမြှင့်ခံရခြင်းမရှိဘဲမိမိတို့နှင့် ဘာသာမတူသောခရစ်ယာန်အဖွဲ့မှချီးမြှင့်ပေးသည့်အတွက် အံသြရခြင်းဖြစ်ကြောင်း၊ ယခုကဲ့သို့ မိမိဤဘွဲ့အားရရှိခြင်းမှာမိမိတို့ နာရေးကူညီမှုအသင်း(ရန်ကုန်) အသင်းသူ/ သားများ၏ ပေးဆပ်မှုများ၊ အလှူရှင်များ၏ လှူဒါန်းမှုများနှင့် ပါဝင်ပတ်သက်မှုကြောင်း၊ နိုင်ငံတော်အစိုးရအားမိမိတို့ တစ်ဖက်တစ်လမ်းလူမှုရေးကူညီမှုများဖြင့် ပံ့ပိုးပေးခဲ့သလို၊ တိုင်းရင်းသားဒေသ၊ နယ်စပ် ဒေသများရှိ စစ်ပွဲများကိုလည်းအမြန်ဆုံးရပ်ဆိုင်းခွင့်ရရှိကာယုံကြည်ချက်ကြောင့် အကျဉ်းကျနေသော နိုင်ငံရေးသမားများအားလုံးလွတ်ငြိမ်းခွင့်ရရှိစေရန် ဘုရားသခင်မှ ကောင်းချီးပေးပါစေ” ဟူ၍ ပြောကြားသွားခဲ့သည်။ ထိုအတူဒေါ်မြင့်မြင့်ခင်ဖေ (ခ) ရွှေဇီးကွက်မှလည်း “ယခုကဲ့သို့ ဘွဲ့ချီးမြှင့်ခံရသည့်အတွက် များစွာ ၀မ်းမြောက်မိပါကြောင်း၊ မိမိတို့လိုဘာသာခြားကိုမုဒိတာထားနိုင်တဲ့ ဆရာတော်ကြီးတွေကို ကျွန်မကျေးဇူးအများကြီးတင်ပါတယ်။ ယခုကဲ့သို့ အသိအမှတ်ပြု ဂုဏ်ပြုချီးမြှင့်ခြင်းသည် နိုင်ငံတော်တွင် အထူးလိုအပ်နေသောတိုင်းရင်းသားစည်းလုံးညီညွတ်ရေးမှာဘာသာတွေကွဲပြားနေခြင်း၊ လူမျိုးများကွဲပြားနေခြင်းကိုအမြန်ဆုံးစည်းလုံးညီညွတ်မှုကိုရနိုင်မယ့် ပြယုဂ်လေးတစ်ခုဖြစ်ပါစေလို့ ကျွန်မဆုတောင်းပေးပါတယ်။” ဟူ၍ ပြောကြားခဲ့သည်။ ထို့နောက် ဧမာနွေလဘုရားကျောင်းရှိ ဆရာတော်ကြီးများမှ ကောင်းချီးပေးခြင်း၊ ငြိမ်းချမ်းရေးဖယောင်းတိုင်နှင့် မွေးနေ့အထူးဖယောင်းတိုင်များထွန်းငြိ၍ ဆုတောင်းခြင်း၊ ပရိသတ်များမှ ဓမ္မသီချင်းများသီဆိုခြင်း၊ တေးသံရှင် ဖြူဖြူကျော်သိန်းနှင့် UBS အဖွဲ့မှ ဓမ္မတေးများသီဆိုဖျော်ဖြေခဲ့ကြကာအခမ်းအနားအားအောင်မြင်စွာဖြင့် ပြီးဆုံးသွားခဲ့သည်။



အထက်ဖော်ပြပါ ဘွဲ့များကို IMMANUEL THEOLOGICAL INSTITUTE (ပင်မကျောင်းတော်ကြီး)၊ UNION BIBLICAL SEMINARY (ရန်ကုန်)၊ INTERNATIONAL SCHOOL OF THEOLOGY (ဘန်ကောက်)၊ ONLINE BIBLE COLLEGE INTERNATIONAL (သြစတြေးလျ)တို့မှ ပေးအပ်ချီးမြှင့် ဂုဏ်ပြုခြင်းဖြစ်သည်။

နာရေးကူညီမှုအသင်း(ရန်ကုန်)၏ ပေးဆပ်မှုဆောင်ပုဒ်အတိုင်းလူမျိုးဘာသာမခြားဆင်းရဲချမ်းသာမရွေးတို့အားပေးဆပ်မှုများ ပြုလုပ်ပေးခဲ့သည်နှင့်အညီဗုဒ္ဓမြတ်စွာဘုရားဟောကြားခဲ့တော် မူသော “ကိုယ်ပြုသောကံပဲ့တင်သံကိုယ့်ထံပြန်လာမည်” ဟူသောစကားအတိုင်းယခုကဲ့သို့လူမျိုးဘာသာကွဲတို့၏ အသိအမှတ်ပြု ဂုဏ်ပြုချီးမြှင့်ခြင်းကိုခံရခြင်းဖြစ်သည်ဟုယုံကြည်မိပါတော့သည်။ ယင်းကဲ့သို့ တိုင်းရင်းသားလူမျိုးဘာသာကွဲများ၏ လူသားချင်းစာနာထောက်ထားမှု၊ ပေးဆပ်မှု၊ ဂုဏ်ပြုမှု၊ ချီးမြှင့်မှုများသည် ကျွန်တော်တို့ မြန်မာနိုင်ငံအတွက် ငြိမ်းချမ်းရေးကို ရှေးရှုသော ပြယုဒ်တစ်ခုပင် ဖြစ်တော့သည်။

No comments: