DREAM ANGEL သို့ လာရောက်လည်ပတ်ကြသူအားလုံးကို DREAM ANGEL မှ ကျေးဇူးအထူးတင်ရှိပါတယ်.........

Thursday, February 10, 2011

မသာလုခြင်း

ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ (ကြံ့ဖွံ့ပါတီ) က ဖွဲ့စည်းထားသော နာရေးကူညီမှု အသင်းက နာရေးတခုကို ကျပ် ၂၀၀၀၀ ပေးကာ အသုဘ မြေကျသည်အထိ အခမဲ့ လိုက်လံ ၀န်ဆောင်မှုပေးရန် ပါတီခေါင်းဆောင်များက ညွှန်ကြား ထားသည်ဟု သတင်းရရှိသည်။

Members-of-the-Union-Solidarity-and-Development-Party-USDP

ကြံ့ဖွံ့ပါတီဝင်များကို ၎င်းတို့ အစည်းအဝေးပွဲအပြီး စုဝေးနေစဉ် ဤသို့ မြင်တွေ့ရသည် (ဓာတ်ပုံ - AP)

ရန်ကုန်တိုင်း အတွင်းရှိ မြို့နယ် ကြံ့ဖွံ့ပါတီဝင်များက အခမဲ့ နာရေးကူညီမှုများ ဆောင်ရွက် လာသည့်အပြင် တခြားသော ပြည်သူ့ အကျိုးပြု လုပ်ငန်းများကို ဆောင်ရွက်ရန် ညွှန်ကြား ထားကြောင်း မြို့နယ်ကြံ့ဖွံ့ပါတီ ဥက္ကဋ္ဌတဦး ပြောသည်။

“မြို့နယ်တိုင်းမှာတော့ မဟုတ်ဘူး။ တချို့မြို့နယ်တွေမှာ နာရေးကူညီမှု အသင်းဆိုပြီး စလုပ်နေတယ်။ ဒါကလည်း ညွှန်ကြားချက် ကြောင့်ပါ” ဟု သူက ဆိုသည်။

တောင်ဥက္ကလာပ မြို့နယ်တွင် ရန်ကုန်တိုင်းဒေသကြီး လွှတ်တော်အမတ်အဖြစ် ရွေးကောက်ခံ ထားရသော ကြံ့ဖွံ့ပါတီမှ ဦးအောင်မိုးကျော်က ရပ်ကွက်အတွင်း နာရေးဖြစ်ပေါ်လာလျှင် ကြံ့ဖွံ့ပါတီက ဖွဲ့စည်းထားသော နာရေးကူညီမှုအသင်းကိုသာ အကြောင်းကြားစေလိုကြောင်း ပြောဆိုနေသည်ဟု တောင်ဥက္ကလာပ ဒေသခံများက ဆိုသည်။

ထိုသို့ ကြံ့ဖွံ့ပါတီက နာရေးကိစ္စ လိုက်လံ ဆောင်ရွက်လာခြင်းမှာ ဦးကျော်သူ ဦးဆောင်သော နာရေး ကူညီမှုအသင်း (ရန်ကုန်) ကို ယှဉ်ပြိုင်လာခြင်းသာဖြစ်ကြောင်း၊ နာရေးကူညီခြင်းများကို ကြံ့ဖွံ့ အသင်းဘဝကလည်း ဆောင်ရွက်ဖူးကြောင်း၊ သို့ရာတွင် စေတနာမပါသဖြင့် အောင်မြင်မှု မရရှိကြောင်း ရန်ကုန် ဒေသခံများက ပြောကြသည်။

“နာရေးဖြစ်လာတိုင်း ကျော်သူကို အကြောင်းကြားစရာမလိုဘူး၊ ကြံ့ခိုင်ရေးကို အကြောင်းကြားရင် ငွေလည်းပေးမယ်၊ နာရေးကိစ္စလည်း လုပ်ပေးမယ်ဆိုပြီးလိုက်ပြောတာ။ ကြံ့ခိုင်ရေးက ဦးကျော်သူကို လိုက်ပြီး ပြိုင်တဲ့ပုံစံရှိတယ်။ မသာ လုတာပေါ့” ဟု တောင်ဥက္ကလာပ ၇ ရပ်ကွက်မှ ဆွမ်းလောင်းအသင်းတာဝန်ခံ တဦးကဆိုသည်။

တောင်ဥက္ကလာပမြို့နယ်တွင် အများစုသော နာရေးရှင်များက ကြံ့ဖွံ့ပါတီ၏ နာရေး အသင်းကို ဆက်သွယ်ခြင်း မရှိဘဲ ဦးကျော်သူ၏ နာရေးကူညီမှုအသင်းကိုသာ ဆက်သွယ်ပြီး ဈာပန ကိစ္စများကို ဆောင်ရွက်ကြကြောင်း သိရှိရသည်။

ကြံ့ဖွံ့ပါတီက အခမဲ့လိုက်ပါပို့ဆောင်သော နာရေးကိစ္စများကို ဗီဒီယို ကင်မရာများဖြင့် သေချာစွာ မှတ်တမ်းတင်၍ ပါတီခေါင်းဆောင်များဆီသို့ တင်ပြရကြောင်း သိရသည်။

“ကြံ့ခိုင်ရေးကို အကြောင်းကြားတဲ့ နာရေးကိစ္စဆိုရင် ဦးအောင်မိုးကျော်က ဗီဒီယို ကင်မရာကြီး တကားကားနဲ့ အသုဘ လိုက်ပို့တယ်။ အသုဘရှင်တွေက သာငိုနေတာ၊ ကြံ့ခိုင်ရေးတွေက ပျော်နေတဲ့ပုံပဲ။ အလောင်းကိုလည်း သေသေချာချာ ဗီဒီယို မှတ်တမ်းတင်တာ။ စေတနာ ပါလို့ လုပ်တဲ့ပုံစံမဟုတ်ဘဲ နာမည်ကောင်းလိုချင်လို့ လုပ်တဲ့ပုံစံမှန်း သိသာတယ်”
ဟု တောင်ဥက္ကလာ ၁၆ ရပ်ကွက် ရယက တဦးက ဆိုသည်။

နိုင်ငံရေးပါတီတခုမှ အလုပ်အမှုဆောင် တဦးက အာဏာရပါတီဖြစ်သော ကြံ့ဖွံ့ပါတီ၏ လူမှုရေးလုပ်ငန်းများ လုပ်ဆောင်ခြင်းကို ကြိုဆိုကြောင်း၊ သို့ရာတွင် လူမှုရေးလုပ်ငန်းဆောင်ရွက်ခြင်းဖြင့် မဲဝယ်ခြင်း၊ ပါတီဝင် အင်အား စုဆောင်းခြင်းများမှာမူ ရွေးကောက်ပွဲ ဥပဒေကို ချိုးဖောက်ခြင်းသာ ဖြစ်ကြောင်း ပြောဆိုသည်။

“လူမှုရေးလုပ်တဲ့ နေရာမှာ တကယ် စေတနာပါဖို့ လိုပါတယ်။ စေတနာမပါဘဲ ၀တ်ကျေတန်းကျေ သူများလုပ်လို့ လိုက်လုပ်တာမျိုး၊ မဲဝယ်ဖို့၊ ပါတီဝင်ရဖို့ လုပ်တာမျိုးကတော့ ဘယ်တော့မှလည်း မအောင်မြင်ဘူး။ နာမည်ကောင်းလည်း ရမှာ မဟုတ်ဘူး” ဟု ၎င်းက ဆိုသည်။

မရမ်းကုန်းမြို့နယ် ကြံ့ဖွံ့ပါတီက ဆောင်ရွက်လျက်ရှိသော နာရေးကူညီမှုအသင်းတွင် ရန်ပုံငွေများကို အလွဲသုံးစားမှု ဖြစ်ခဲ့ခြင်းကြောင့် ပါတီဝင်များအကြား ပြသနာတက်ခဲ့ကြောင်း သိရသည်။

၂၀၁၀ ရွေးကောက်ပွဲတွင် ကြံ့ဖွံ့ပါတီက လမ်းခင်းခြင်း၊ အသေးစားငွေချေးခြင်း၊ အခမဲ့ဆေးရုံ၊ ဆေးပေးခန်းများ ဖွင့်လှစ်ပေးခြင်း အပါအ၀င် လူမှုရေး လုပ်ငန်းများကို ပြည်သူပိုင် ဘဏ္ဍာများ အသုံးပြု၍ လုပ်ဆောင်ခြင်းဖြင့် ကြိုတင်မဲ စုဆောင်းခြင်း၊ ပါတီဝင် အမာခံအင်အား စုဆောင်းခြင်းများ ပြုလုပ်ခဲ့သည်။

No comments: